← Chapters

ထန်ထိုက်လင်၏ သရုပ်မှန်

Vol. 11 Ch. 145

ထန်ထိုက်လင်၏ သရုပ်မှန်

Vol. 11 Ch. 145

ထန်ထိုက်လင်နှင့် မှော်သားရဲကြီး သတိမထားမိစေရန် ယဲ့ချန်သည် ဝိညာဉ်အသိအမြင်အား အတတ်နိုင်ဆုံး ကျုံ့ထားခဲ့သည်။ အဆုံးတွင်တော့ သူသည် စူးစမ်းလိုစိတ်ကို မချုပ်ထိန်းနိုင်ဘဲ အပြင်ဘက်သို့ ကြည့်မိသည်။ မြို့လေး၏ အထက်ကောင်းကင်သည် တိမ်မည်းများဖြင့် ဖုံးလွှမ်းနေသည်။ မီတာရာပေါင်းများစွာရှည်သော မြွေနဂါးကြီးတစ်ကောင် တိမ်မည်းများကြားထဲ လူးလွန့်နေသောပုံရိပ်က ယဲ့ချန်ဝိညာဉ်အသိအမြင်၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်။ မြွေနဂါးကြီး၏ ကျောဘက်တွင် ရေခဲပွင့်ချပ်များကဲ့သို့ ဖောက်ထွင်းမြင်နေရသော တောင်ပံသုံးစုံ ရှိသည်။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အပြာရောင်အကြေးခွံများဖြင့် တလက်လက်ထနေသည်။ ထို့ပြင် လက်သည်းအစုံလိုက်သည် မြွေနဂါးကြီး၏ ခန္ဓာကိုယ်အလယ်ပိုင်းတွင် ရှိနေပါ၏။ 

တောင်ပံပါမြွေနဂါးကြီးသည် လေထဲတွင် ခဏမျှ လူးလွန့်နေပြီးနောက် လျှပ်လက်သည့်နှယ် လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ တည်းခိုခန်း၏ မြင်းဇောင်းသည် အသံကျယ်ကြီးနှင့်အတူ အပိုင်းပိုင်းအစစ ဖြစ်သွားပြီး ငယ်သံပါအောင် အော်ဟစ်နေသည့် ညဉ့်လေသည် တစ်ခါတည်း မျိုချခံလိုက်ရသည်။ 

“သွေးစုပ်ခြင်ပဲ”

“သေစမ်း .. မှော်သားရဲကြီး”

ကျိုးရန်၊ ဝမ်ယွဲ့နှင့် လင်းထောင်တို့သည် ဓားများကို ဆွဲထုတ်လျက် မှော်သားရဲကြီးထံ ပြေးဝင်သွားကြသည်။ 

ကောင်းကင်ယံသည် ပိန်းပိန်းမှောင်နေသောကြောင့် ကျိုးရန်တို့သုံးဦးသည် တောင်ပံပါမြွေနဂါးကြီးအား အဆင့် ၁၀ မှော်သားရဲ၊ သွေးစုပ်ခြင် ဟူ၍ မှားယွင်းထင်မှတ်သွားကြသည်။ ထို့ကြောင့် သူတို့သည် များများစားစား စဉ်းစားမနေဘဲ ပြေးဝင်သွားခြင်း ဖြစ်၏။ 

“မိန်းကလေးထန်ထိုက် အထဲကိုပြန်ဝင်နေလိုက်ပါ။ ဒီကကိစ္စတွေကို ကျွန်တော်တို့ ကိုင်တွယ်လိုက်ပါ့မယ်”

ကျိုးရန်သည် လှမ်းအော်၏။ ယခုအချိန်သည် မိန်းမလှလေးထံမှ ထင်မြင်ချက်ကောင်းကို ရယူရမည့်အချိန် ဖြစ်သည်။ 

ပုံပန်းသွင်ပြင်အရ တောင်ပံပါမြွေနဂါးကြီးသည် သွေးစုပ်ခြင်နှင့် တော်တော်လေး ဆင်တူသည်။ သို့သော် တောင်ပံပါမြွေနဂါးကြီး၏ အရွယ်အစားက ပိုကြီးသည်။ ထို့ပြင် အဆင့် ၁၀ မှော်သားရဲ၊ သွေးစုပ်ခြင်၏ စွမ်းအားသည် တောင်ပံပါမြွေနဂါးကြီးနှင့် လုံးဝ မယှဉ်သာပေ။ 

ကျိုးရန်တို့သည် ဓားများကို ဝှေ့ယမ်းလျက် တောင်ပံပါမြွေနဂါးကြီးအား ခုတ်ပိုင်းလိုက်သည်။ သတ္တုချင်း ထိခတ်မိသကဲ့သို့ တချွင်ချွင်မြည်သံများ ထွက်ပေါ်လာသည်။ ရွှေရောင်ဓားများသည် သံမဏိပိုင်းကြီးကို ခုတ်မိလိုက်သည့်နှယ်။ ကျိုးရန်တို့ မျှော်လင့်ထားသကဲ့သို့ သွေးထွက်သံယိုမြင်ကွင်းများ ဖြစ်မလာသည့်အပြင် မှော်သားရဲကြီး၏ ခန္ဓာကိုယ်တွင် ဒဏ်ရာတစ်ခုပင် မထင်ခဲ့ပေ။ 

တောင်ပံပါသားရဲကြီးသည် ကျိုးရန်တို့လူစု၏ ရန်စခြင်းကို ခံလိုက်ရပြီး ဧရာမဦးခေါင်းကြီးအား ဆတ်ခနဲခါလိုက်သည်။ 

ဘန်း .. ဘန်း .. ဘန်း ..

ကျိုးရန်တို့လူစုသည် တုံ့ပြန်ချိန်ပင် မရလိုက်။ ချက်ချင်းဆိုသလို အနောက်ဘက်သို့ လွင့်ပျံထွက်သွားကြကာ လမ်းဘေးရှိ ဆိုင်ခန်းတံခါးများနှင့် တိုက်မိကြသည်။ နံရံများ ပြိုကျကုန်လျက် ဖုန်တထောင်းထောင်း ထကုန်၏။ ထိုသုံးယောက်သည် အပျက်အစီးပုံထဲမှ ကုပ်တွယ်တက်လာပြီး ၎င်းတို့၏ မျက်နှာများသည် ညစ်ပတ်ပေရေနေသည်။ 

“ဒါက သွေးစုပ်ခြင်မဟုတ်ဘူး”

ကျိုးရန်တို့လူစုသည် ကြောက်ရွံ့နေကြ၏။ တောင်ပံပါမြွေနဂါးကြီး၏ ညအမှောင်ထဲ၌ တောက်ပနေသော မျက်လုံးများကို မြင်သော် သူတို့သုံးယောက်သည် ခြေထောက်များပင် တုန်ယင်လာကြတော့သည်။ 

တောင်ပံပါမြွေနဂါးကြီးသည် တောင်ပံများကို တဖျပ်ဖျပ်ခတ်လျက် ကောင်းကင်သို့ ထိုးတက်သွားလျှင် အမှောင်ထုထဲတွင် အပြာရောင်အလင်းများ ဖြာထွက်သွားသည်။ ထိုအခါမှ ကျိုးရန်တို့လူစုသည် တောင်ပံပါမြွေနဂါးကြီး၏ ခန္ဓာကိုယ်အား သေသေချာချာ မြင်လိုက်ကြရသည်။ ၎င်းသည် မီတာ ၃၀၀ ကျော် ရှည်လျားပြီး ရှေးဟောင်းခေတ်ဦးမှ မှော်သားရဲကြီးသဖွယ် ထင်မှတ်ရသည်။ အဆင့် ၁၀ မှော်သားရဲ လုံးဝဟုတ်မနေပေ။ အနည်းဆုံး ကမ္ဘာမြေအဆင့် သားရဲကြီး ဖြစ်ရပေမည်။ အတိတ်တုန်းက ကျိုးရန်တို့သည် ထိုက်ယီဓားဂိုဏ်းမှ အကြီးအကဲများနှင့်အတူ ကမ္ဘာမြေအဆင့် မှော်သားရဲများကို တိုက်ခိုက်ခဲ့ဖူးသည်။ သို့သော်လည်း ထိုကမ္ဘာမြေအဆင့် မှော်သားရဲများသည်ပင် တောင်ပံပါမြွေနဂါးကြီးလောက် မစွမ်းပေ။ 

တောင်ပံပါမြွေနဂါးကြီးသည် ၎င်း၏ ကြီးမားလှသော စွမ်းအားများကို အပြည့်အဝ ထုတ်ဖော်လာသည်။ မြို့တစ်မြို့လုံးအား ကြောက်မက်ဖွယ်လေထုက ဖုံးလွှမ်းထားသည်။ 

“ပြေး”

“မြန်မြန်ပြေး”

ကျိုးရန်တို့လူစုသည် ထွက်ပြေးဖို့ရန် အလျင်အမြန် ဆုံးဖြတ်လိုက်ကြသည်။ အနောက်ဘက်သို့ တစ်ချက်မျှပင် လှည့်မကြည့်ရဲတော့။ သူတို့၏ နုံချာလှသော အသက်နှင့် ယှဉ်လာသောအချိန်တွင် ထန်ထိုက်လင်ကိုပင် ဂရုမစိုက်အားတော့ပေ။ 

ထန်ထိုက်လင်သည် လမ်းမအလယ်တွင် ရပ်လျက် ဧရာမ တောင်ပံပါမြွေနဂါးကြီးအား ဣန္ဒြေမပျက် ကြည့်နေသည်။ 

တောင်ပံပါမြွေနဂါးကြီးသည် ကျိုးရန်တို့လူစုအား ခြောက်လှန့်လိုက်ရုံသာ ဖြစ်ပြီး နောက်မှ လိုက်မသွားပေ။ ၎င်း၏ ရွှေရောင်ခေါင်းလောင်းများသဖွယ် မျက်လုံးတို့သည် ထန်ထိုက်လင်ထံ၌ ကျောက်ချထားသည်။ 

“ပင်လယ်မိစ္ဆာလား”

တောင်ပံပါမြွေနဂါးကြီးသည် ထန်ထိုက်လင်အား မမှိတ်မသုန်ကြည့်ကာ မေးသည်။ ၎င်း၏ အသံက ရှေးဆန်ကာ အက်ကွဲနေသည်။ 

“အမှန်ပဲ”

ထန်ထိုက်သည် ညင်သာစွာပြုံးလျက် ပြန်ဖြေ၏။ သူမက လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်တွင် အသွားသုံးချောင်းပါသည့် ခက်ရင်းခွတစ်ခုသည် သူမလက်ထဲ၌ ထွက်ပေါ်လာပြီး စူးရှတောက်ပသော အပြာရောင်အလင်းနှင့်အတူ တောင်ပံပါမြွေနဂါးကြီးအား ချိန်ရွယ်ထားသည်။ ယဲ့ချန်သည် ထိုခက်ရင်းခွကား မည်သည့်အဆင့်ရှိ ဝိညာဉ်လက်နက် ဖြစ်မည်ကို သိလိုသွားရသည်။ 

ထန်ထိုက်လင်သည် ပင်လယ်မိစ္ဆာ ဖြစ်သည်ဟု ဆို၏။ သို့သော် ဤနေရာသည် ပင်လယ်နှင့် အလွန်ဝေးလံလေရာ ထန်ထိုက်လင်က မည်သည့်အကြောင်းကြောင့် ရောက်လာခဲ့ပါသနည်း။ ယဲ့ချန် ဝိညာဉ်အသိအမြင်ဖြင့် ခက်ရင်းခွအား စစ်ဆေးကြည့်လိုက်လျှင် ပီရှို့သည် ဖြည်းညှင်းစွာ တုန်ခါလာ၏။ အဆင့်မြင့်သည့် ဝိညာဉ်လက်နက်များကို အာရုံခံမိတိုင်း ပီရှို့သည် ထိုသို့ တုံ့ပြန်တတ်သည်။ ခက်ရင်းခွ၏ အဆင့်အား တိတိကျကျမသိရသော်လည်း ပီရှို့၏ တုံ့ပြန်ချက်မှတစ်ဆင့် ကောက်ချက်ချရလျှင် ခက်ရင်းခွသည် ကျောက်စိမ်းမျှော်စင်အောက် အနည်းငယ်သာ အဆင့်နိမ့်သည်။ 

တောင်ပံပါမြွေနဂါးကြီးသည် တည်းခိုခန်းထဲ၌ တစ်စုံတစ်ယောက် ရှိနေသေးကြောင်း အာရုံခံမိသွားဟန်ဖြင့် အေးစက်စက် ပြောလာသည်။ 

“ပင်လယ်မိစ္ဆာကများ အတင့်ရဲပြီး ကုန်းပေါ်ကို တက်လာရဲတယ်။ သေချင်နေတာပဲ ဖြစ်ရမယ်။ အကူအညီ ဘယ်နှစ်ယောက်ပဲခေါ်လာလာ ဒီနေ့ ဒီနေရာမှာ မင်း သေရမှာပဲ”

ယဲ့ချန်သည် ဝိညာဉ်အသိအမြင်ဖြင့် ထိုစကားများကို ကြားရသည့်အခါ အံ့ဩသွားရသည်။ စိတ်ထဲတွင်လည်း တန်ပြန်ရေးအစီအစဉ်များကို ချက်ချင်း ရေးဆွဲလိုက်သည်။ အကယ်၍ ထန်ထိုက်လင်သာ ရှုံးမည့်အရိပ်အယောင် အနည်းငယ် ပြလာပါက သူ ချက်ချင်း ထွက်ပြေးသွားမှ ရမည်။ တောင်ပံပါမြွေနဂါးကြီး၏ အဆင့်အား တိတိကျကျ မသိရသေးရာ အရဲစွန့်ဖို့ မသင့်ချေ။ 

သို့သော်လည်း ထန်ထိုက်လင်သည် တောင်ပံပါမြွေနဂါးကြီး၏ စကားအား အရေးမစိုက်ဟန်ဖြင့် ထူးမခြားနားပြုံးကာ ဆိုသည်။ 

“လွန်ခဲ့တဲ့ရက်ပိုင်းက ပင်လယ်ထဲမှာ ရှိနေရင်း ရှင့်ရဲ့ တည်ရှိမှုကို အာရုံခံမိခဲ့တယ်။ ထူးခြားတဲ့ ရှေးဟောင်းသားရဲ တောင်ပံပါမြွေနဂါးဆိုတော့ ကျွန်မထင်ခဲ့တာက ပြိုင်ဘက်ကောင်းကို ရှာတွေ့ပြီလို့ပေါ့။ ဒါပေမဲ့ ရှင်က ငယ်လွန်းနေသေးတယ်။ နောက်ထပ် ၁၀ နှစ်လောက် ကြာရင်တော့ ရှင်ရဲ့ခွန်အားက တိုးတက်လာပြီး ကျွန်မ အဆင့်တက်ဖို့ လေ့ကျင့်တဲ့နေရာမှာ ကူညီပေးနိုင်လောက်ပေမဲ့ ကျွန်မက အဲ့လောက်မစောင့်နိုင်တာ နှမြောစရာပဲ”

ယဲ့ချန် နားလည်သွားရသည်။ ထန်ထိုက်လင်သည် သူမအတွက် ပြိုင်ဘက်ကောင်းအား ရှာဖွေရင်း ဤနေရာထိ ရောက်လာရခြင်း ဖြစ်သည်။ 

ခက်ရင်းခွသည် ကောင်းကင်တွင် လှည့်ပတ်နေရာမှ ထူးကဲသာလွန်သော အလင်းရောင်အား ပေ ၁၀၀၀ အကွာအဝေးထိ ဖြန့်ကျက်လာခဲ့သည်။ 

“တိုက်ကွက် ဘယ်နှစ်ကွက်အထိ ရှင် ခုခံနိုင်မလဲ သိချင်မိတယ်”

ထန်ထိုက်လင်၏ စကားသံသည် အနိမ့်အမြင့်၊ အတက်အကျ မှန်မှန်ဖြင့် ခံစားချက်တစ်စုံတစ်ရာ မပါဝင်ဘဲ တည်ငြိမ်နေခဲ့သည်။ ခက်ရင်းခွထံမှ အလင်းရောင်အောက်တွင် ထန်ထိုက်လင်၏ အဝတ်အစားများသည် တဖျပ်ဖျပ် လှုပ်ခါနေခဲ့ပြီး ဘုံကိုးဆင့်မှ ဆင်းသက်လာသည့် နတ်ဘုရားမတစ်ပါးနှယ် ထင်မှတ်ရသည်။ 

တောင်ပံပါမြွေနဂါးကြီးသည် ခက်ရင်းခွအား ကြောက်ရွံ့ပုံပေါ်ကာ နောက်ဘက်သို့ အနည်းငယ် ဆုတ်သွားသည်။ ၎င်း၏ ရွှေရောင်ခေါင်းလောင်းသဖွယ် မျက်လုံးများက ထန်ထိုက်လင်အား ဒေါသတကြီးကြည့်ကာ ဆိုသည်။ 

“ကြီးကျယ်လိုက်တာ။ ငါ မင်းကို အခုချက်ချင်း ဝါးမျိုပစ်မယ်”

တောင်ပံပါမြွေနဂါးကြီးသည် ပါးစပ်အား ဖွင့်ဟလျက် ထူထပ်သော အနက်ရောင် မြူများကို မှုတ်ထုတ်လိုက်လေသည်။ အဆိပ်ရှိသော အနက်ရောင်မြူများသည် မရေမတွက်နိုင်သော မြွေများအဖြစ် ပြောင်းလဲကာ ထန်ထိုက်လင်အား ဘက်ပေါင်းစုံမှ တိုက်ခိုက်လာသည်။ 

ယဲ့ချန်သည် တည်းခိုခန်းအတွင်း ပုန်းအောင်းနေရင်း ဝိညာဉ်အသိအမြင်ဖြင့် တောင်ပံပါမြွေနဂါးကြီး၏ စွမ်းအင်အား အာရုံခံမိသော် ကူကယ်ရာမဲ့စွာ ပင့်သက်ရှိုက်မိသည်။ တောင်ပံပါမြွေနဂါးကြီး၏ စွမ်းအားသည် မှော်သားရဲများ၏ စွမ်းအားနှင့် တစ်နည်းတစ်ဖုံ ကွဲပြားသည်။ ၎င်း၏ စွမ်းအားက ကျောက်စိမ်းမျှော်စင်ထဲတွင် ယဲ့ချန် ကြုံခဲ့ရသော နတ်သူငယ်အဆင့် အရှင်သခင်အောက် မလျော့ကျပါချေ။ 

'သေစမ်း .. ငါကရော ဘာလို့ ဒီလို အင်အားကြီးလွန်းတဲ့ သားရဲနှစ်ကောင်နဲ့ ဒီနေရာသေးသေးလေးမှာ တည့်တည့်လာဆုံရတာလဲ'

'အခုနေ ထွက်သွားသင့်ပြီလား'

ယဲ့ချန် အတွေးများသွားရလျက် ထွက်ပြေးရန် ပြင်ဆင်လိုက်သည်။ ဆန့်ကျင်ဘက်အားဖြင့် အမွေးပွလေး၏ မျက်လုံးများသည် အမှောင်ထဲတွင် တလက်လက် တောက်ပနေပြီး တောင်ပံပါမြွေနဂါးကြီးအား ကြောက်ရွံ့ဟန်မရပေ။ 

ထန်ထိုက်လင်သည် ဘက်ပေါင်းစုံမှ တိုက်ခိုက်လာသော မရေမတွက်နိုင်သည့် မြွေများကို လေ့လာကြည့်ရှုနေပြီး ထိတ်ထိတ်ပျာပျာ ဖြစ်သွားခြင်းမျိုး မရှိ။ သူမသည် အေးစက်စက် နှာခေါင်းရှုံ့ကာ လျင်မြန်စွာဖြင့် အသွင်ပြောင်းလိုက်သည်။ 

ယဲ့ချန်သည် ထွက်ပြေးမည့်အတွေးအား ခဏတာ ဘေးချကာ ဝိညာဉ်အသိအမြင်ဖြင့် အနည်းငယ်မျှ လှုပ်ရှားခြင်း မရှိဘဲ ထန်ထိုက်လင်ထံ သိလိုစိတ်ဖြင့် စူးစိုက်ကြည့်နေမိသည်။ ထန်ထိုက်လင်သည် မည်သို့သော ပင်လယ်မိစ္ဆာမျိုး ဖြစ်မည်ကို ယဲ့ချန် အလွန် သိချင်နေသည်။ 

ယဲ့ချန် ကြည့်နေစဉ်တွင်ပဲ ထန်ထိုက်လင်၏ သွယ်လျသော ခြေထောက်များသည် သက်တံရောင် အဆင်းရှိသော ငါးမြီးအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။ သူမ၏ အပေါ်ပိုင်းခန္ဓာကိုယ်ကတော့ ပြောင်းလဲခြင်းမရှိ။ အဖြူရောင် ပိုးသားဝတ်ရုံရှည်ဖြင့် ဖုံးကွယ်ထားပြီး ဖြူဝင်းချောမွေ့သော အသားအရည်အား ဟိုတစ်စ သည်တစ်စ လှစ်ဟပြသနေသည့်နှယ် ရှိသည်။ ထန်ထိုက်လင်၏ ပြိုင်ဘက်ကင်း ဆွဲဆောင်မှုရှိသော မျက်နှာနှင့် ပေါင်းစပ်ထားသော ထိုမြင်ကွင်းကြောင့် ကြည့်နေမိသူတိုင်းအား နှာခေါင်းသွေး လျှံသွားစေလောက်သည်။ 

ပိုးသားဝတ်ရုံရှည်သည် ၅ မီတာ၊ ၆ မီတာခန့် ရှည်ပြီး လေထဲတွင် ယိမ်းနွဲ့နေပုံက ထန်ထိုက်လင်အား ပို၍ လှပသွားစေသည်။ 

'ထန်ထိုက်လင်က ရေသူမတဲ့လား..'

ယဲ့ချန်သည် အံ့ဩရမှုကြောင့် ပါးစပ်အဟောင်းသားဖြင့်။ ထန်ထိုက်လင်၏ သရုပ်မှန်က ထိုမျှ ဆွဲဆောင်အားကောင်းကာ လှပလိမ့်မည်ဟု ယဲ့ချန် လုံးဝ မထင်ထားမိပေ။ သူမ၏ မူရင်းသွင်ပြင်သည် လောကရှိ ယောကျ်ားသား အများစုအား ရူးသွပ်သွားအောင် ပြုစားဖို့ လုံလောက်သည်။ 

***

All Chapters