← Chapters

ရိုးသားမှုနှင့် စေတနာကောင်း

Vol. 11 Ch. 146

ရိုးသားမှုနှင့် စေတနာကောင်း

Vol. 11 Ch. 146

ဘုန်း .. ဘုန်း .. ဘုန်း ..

မရေမတွက်နိုင်သော မြွေများသည် ထန်ထိုက်လင်၏ အဖြူရောင် ဝတ်ရုံရှည်နှင့် ထိမိသည်နှင့် တစ်စစီ ပေါက်ကွဲသွားကြသည်။ ၎င်းအဖြူရောင် ဝတ်ရုံရှည်သည်လည်း ဝိညာဉ်လက်နက်တစ်ခု ဖြစ်ကြောင်း ထင်ရှားသည်။

ထန်ထိုက်လင်သည် ညာလက်အား ဆန့်ထုတ်လိုက်၏။ သူမ၏ လက်မောင်း အသားအရည်သည် အပြစ်အနာအဆာ ကင်းသော ကျောက်စိမ်းနှယ် ကြည်လင်ချောမွေ့နေပြီး လက်တစ်ချက် ဝှေ့ယမ်းရုံနှင့် လေထဲတွင် လှည့်လည်နေသော ခက်ရင်းခွသည် သူမလက်ထဲသို့ ရောက်လာ၏။ တောင်ပံပါမြွေနဂါးကြီးထက် ပိုပြင်းထန်သော စွမ်းအားများ ပွင့်ထွက်လာသည်။

“အပျော်တမ်းလှည့်ကွက်လေးတွေ။ ရှေးကောင်းသားရဲတစ်ကောင် ဖြစ်ပြီးတော့ ဒါက ရှင်တတ်သမျှ အကုန်ပဲလို့တော့ မပြောနဲ့နော်။ ရှင်ရဲ့ အစွမ်းအစအစစ်ကို ပြစမ်းပါ”

ထန်ထိုက်လင်သည် ထူးမခြားနား၊ တည်ငြိမ်သော အမူအရာဖြင့် ဆိုသည်။ သူမ၏ နူးညံ့သော ပါးပြင်နှစ်ဖက်ထက်တွင် ပါးလျသော ဆီးနှင်းအလွှာလေး ဖုံးကွယ်ထားသကဲ့သို့ အခြားသူများအနေနှင့် သူမ၏ ခံစားချက်အစစ်အမှန်အား ထွင်းဖောက်မမြင်နိုင်ပေ။

တောင်ပံပါမြွေနဂါးကြီးသည် ထန်ထိုက်လင်၏ စကားတို့ကြောင့် ဒေါသထွက်သွားပြီး ၎င်း၏ မြွေနဂါးကိုယ်ထည်ရှိ ခြေ၊ လက် ၆ ချောင်းအား ဆန့်ထုတ်လိုက်သည်။ တစ်ခုချင်းစီ၌ ဓား၊ လှံ၊ မှိန်း၊ ပုဆိန် စသည်ဖြင့် လက်နက်မျိုးစုံကို ကိုင်ဆောင်ထား၏။ ထို့နောက်တွင် တောင်ပံပါမြွေနဂါးကြီးသည် ထန်ထိုက်လင်ထံ ပြေးဝင်လာခဲ့သည်။

ဘုန်း .. ဘုန်း .. ဘုန်း ..

ထန် .. ထန် .. ထန် ..

ပြင်းထန်သော တိုက်ခိုက်သံများသည် မြို့တစ်မြို့လုံးကို ဖုံးလွှမ်းသွားသည်။

တောင်ပံပါမြွေနဂါးကြီးနှင့် ထန်ထိုက်လင်တို့သည် တိုက်ပွဲအတွင်း နစ်မြုပ်နေကြပြီး ထိုတစ်ချိန်လုံး၌ နေရာအနှံ့ မှောင်မိုက်မှုက ဖုံးအုပ်ထားကာ မရေမတွက်နိုင်သော မိစ္ဆာမြွေများသည် ကောင်းကင်ယံတွင် ပျံဝဲနေကြသည်။ ၎င်းကြောက်မက်ဖွယ်မြွေများက ငရဲ၏ အနက်ရှိုင်းဆုံးအလွှာမှ တက်လာကြသယောင် ထင်ရသည်။

အနက်ရောင်မြူများသည် ထန်ထိုက်လင်အား ဝါးမျိုရန် ကြိုးစားနေကြပုံဖြင့် ပို၍ ဖိအားပေးလာကြသည်။ သို့သော် ထန်ထိုက်လင်၏ ခန္ဓာကိုယ်ရှိ အလင်းရောင်သည် တောက်လောင်နေသော နေမင်းကဲ့သို့ တောက်ပလျက်ရှိပြီး မည်သည့် မိစ္ဆာမြွေကမှ သူမအား မထိနိုင်ပေ။ မီတာအနည်းငယ် အကွာသို့ ရောက်သည်နှင့် အပိုင်းပိုင်းအစစ ပြတ်သွားကြသည်။

“သေလိုက်တော့”

ဧရာမ လေးကြီးတစ်လက်သည် တောင်ပံပါမြွေနဂါးကြီး၏ လက်များထဲတွင် ထွက်ပေါ်လာပြီး မီးမြားသုံးချောင်းသည် ထန်ထိုက်လင်ထံ ပြေးထွက်သွားကြသည်။

ဝှစ် .. ဝှစ် .. ဝှစ် ..

မီးမြားသုံးချောင်းသည် ထန်ထိုက်လင်၏ အဖြူရောင်ဝတ်ရုံရှည်အား ထိမှန်သွားကြသည်။

ဘုန်း .. ဘုန်း .. ဘုန်း ..

မြားသုံးချောင်းလုံး ဆင့်ကာဆင့်ကာ ပေါက်ကွဲသွား၏။ ထန်ထိုက်လင်သည်ကား မထိမရှ ကျန်ရစ်နေဆဲ ဖြစ်ပြီး အမူအရာပင် မပျက်မယွင်း။

“ကလေးကွက်တွေ”

ထန်ထိုက်လင်သည် ခက်ရင်းခွအား ကိုင်ဆောင်ထားလျက် ဆိုသည်။

ယဲ့ချန် ဝိညာဉ်အသိအမြင်ဖြင့် တစ်မြို့လုံးအား စစ်ဆေးကြည့်လိုက်သည်။ မြို့ထဲရှိ လူအိုကြီးများသည် အပြင်ဘက်တွင် ဘာဖြစ်နေသည်ကို မသိကြသော်လည်း ကြောက်ရွံ့စွာဖြင့် အိမ်ထဲ၌ ပုန်းအောင်းနေကြသည်။

သာမန်လူများအတွက်တော့ ဤတိုက်ပွဲကား ကမ္ဘာပျက်သည်နှင့်ပင် တူနေပေလိမ့်မည်။

ယဲ့ချန် တိုက်ပွဲအား ပြန်လည်အာရုံစိုက်လိုက်သည်။ အနက်ရောင်မြူများနှင့် သက်တံရောင်အလင်းတို့သည် ထိပ်တိုက်ပေါင်းဆုံသွားကြသည်။ ပေါက်ကွဲထွက်လာသော ကြောက်မက်ဖွယ်စွမ်းအားများသည် ယဲ့ချန်အား လှိုင်းတံပိုးပြင်းစွာ ရိုက်ခတ်နေသည့် ပင်လယ်ထဲသို့ ရောက်ရှိနေသလို ခံစားသွားရစေသည်။ ယဲ့ချန်သည် အစွမ်းအစမဲ့ခြင်း ဟူသော ခံစားချက်ကို စတင်၍ နားလည်လာရ၏။

အင်အားကြီးမားလွန်းသော ပုဂ္ဂိုလ်များ၏ ရှေ့မှောက်တွင် သူသည် မည်မျှ သေးသိမ်နုံချာလှသေးကြောင်း ယဲ့ချန် ခံစားမိလာသည်။ ထန်ထိုက်လင်ဖြစ်စေ၊ တောင်ပံပါမြွေနဂါးကြီးဖြစ်စေ၊ သူ့အား အလွယ်တကူ သတ်နိုင်သည်။ ယဲ့ချန်သည် အလျင်အမြန် စွမ်းအားမြင့်မားလိုစိတ်များ ထက်သန်စွာ ဖြစ်ပေါ်လာရသည်။

ဘုန်း ..

ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ သက်တံရောင် အလင်းတန်းသည် အနက်ရောင်မြူများကို ပတ်ရံကာ မြို့ထဲရှိ အိမ်တစ်အိမ်ထံသို့ ပြင်းထန်စွာ တိုးဝှေ့သွားသည်။

ယဲ့ချန်သည် ဝိညာဉ်အသိအမြင်ဖြင့် ထိုအိမ်အား စစ်ဆေးကြည့်လိုက်သော် လူအိုစုံတွဲတစ်တွဲကို မြင်ရသည်။ ထိုစုံတွဲသည် ၈ နှစ်၊ ၉ နှစ်အရွယ် ကလေးမလေး တစ်ယောက်အား ရင်ခွင်ထဲတွင် ပွေ့လျက် အိပ်ရာထောင့်တွင် ပုန်းခိုရင်း ကြောက်ရွံ့မှုဖြင့် တုန်ရီနေကြသည်။

“ဘိုးဘိုး .. ဘွားဘွား .. အပြင်ဘက်မှာ ဘာတွေဖြစ်နေတာလဲ”

ကြောက်ရွံ့နေသည့်ကြားက ကလေးမလေးသည် စူးစိတ်လိုစိတ်လေးဖြင့် ခပ်တိုးတိုးမေး၏။

“ကျင့်ကြံသူတစ်ယောက်က အဘိုးတို့ကိုကူညီပြီး မိစ္ဆာနှိမ်နှင်းပေးနေတာပါ။ မနက်ဖြန် အဘိုးတို့ နိုးလာတဲ့အခါ ကြောက်စရာကောင်းတဲ့ မြွေမိစ္ဆာကြီးကို ထပ်မြင်ရတော့မှာ မဟုတ်ဘူး”

အဘိုးကြီးသည် သူကိုယ်တိုင်ပင် ကြောက်ရွံ့နေသည့်တိုင် မြေးမလေး စိတ်သက်သာစေရန် နဖူးလေးကို ဖွဖွပုတ်လျက် နှစ်သိမ့်ဖြေကြားနေ၏။

“တကယ်လား”

ကလေးမလေးသည် စိတ်လှုပ်ရှားသွားပုံ ရသည်။

“သမီးတို့ အဲဒီ့ကျင့်ကြံသူကို ထွက်ကူဖို့လိုသေးလားဟင်”

“ကျင့်ကြံသူက အရမ်းကိုအစွမ်းထက်တော့ အဘွားတို့လို သာမန်လူတွေရဲ့ အကူအညီကို မလိုလောက်ပါဘူးကွယ်”

အဘွားကြီးကလည်း မြေးမလေးအား ချစ်မြတ်နိုးစွာ ကြည့်၍ ပြောသည်။

“သမီး ကြီးလာရင်လည်း အဲ့လိုမျိုးကျင့်ကြံသူ ဖြစ်ချင်လိုက်တာ”

ကလေးမလေးသည် မျက်လုံးတောက်တောက်လေးများဖြင့် စိတ်အားထက်သန်စွာ ဆိုသည်။ သူမ၏ ဦးနှောက်သေးသေးလေးထဲ၌ သူမကိုယ်သူမ အလွန်အစွမ်းထက်သော ကျင့်ကြံသူအဖြစ် မိစ္ဆာများအား နှိမ်နှင်းနေသည့် ပုံရိပ်ကို မြင်ယောင်ကာ သဘောကျ ကျေနပ်နေလေသည်။

“မကောင်းတော့ဘူး”

ယဲ့ချန် မျက်မှောင်ကြုတ်လျက် မတ်တပ် ထရပ်မိသည်။ သက်တံရောင် အလင်းတန်းသည် ထိုအိမ်ဆီသို့ ပို၍နီးကပ်စွာ တိုးဝင်သွားသည်။ ထိုအလင်းတန်း၏ ဖျက်စီးနိုင်စွမ်းအား ကျန်လူများထက် ယဲ့ချန်က ပိုသိသည်။ ၎င်းဖျက်ဆီးအားသည် သာမန်လူများ တောင့်ခံနိုင်မည့်အရာမျိုး လုံးဝဟုတ်မနေပေ။

နောက်ထပ် အချိန်တစ်ခဏလေးအတွင်း လူအိုစုံတွဲနှင့် ကလေးမလေးသည် ထိုဖျက်စီးနိုင်သော စွမ်းအားအောက်တွင် သုတ်သင်ခံလိုက်ရနိုင်သည်။

ဤလောကကြီးတွင် ကျင့်ကြံခြင်းစွမ်းအားသည်သာ အရာရာဖြစ်ပြီး အားနည်းသူများသည် အချိန်တိုင်း၊ နေရာတိုင်းတွင် ပုံစံမျိုးစုံဖြင့် သေဆုံးနေရသည်။ ယဲ့ချန်၏ နှလုံးသားသည် အခြားသော ကျင့်ကြံသူများကဲ့သို့ လူ့လောကရှိ ရှုပ်ထွေးတွယ်ငြိမှုများထဲမှ ရုန်းမထွက်နိုင်သေးပေ။ အကယ်၍ သူသာ လူအိုစုံတွဲနှင့် ကလေးမလေးအား မကယ်တင်ဘဲ လက်ပိုက်ကြည့်နေခဲ့ပါက ထိုအပြစ်ရှိစိတ်က တစ်နေ့နေ့တစ်ချိန်ချိန်တွင် သူ့အား ပြန်လည် ဒဏ်ခတ်လာပေလိမ့်မည်။

ကျင့်ကြံခြင်းလောကကြီးတွင် “စေတနာကောင်း” ဟူသောအရာက “ကျင့်ကြံခြင်းစွမ်းအား” လောက် အရေးမပါတာလည်း ဖြစ်ကောင်းဖြစ်မည်။ ယဲ့ချန်အတွက်တော့ သူ၏ လုပ်ရပ်တစ်ခုချင်းစီတွင် နောင်တနှင့် အပြစ်ရှိစိတ် စိုးစိမျှ မကျန်ရစ်ဖို့ကသာ အဓိက ဖြစ်သည်။

ရိုးသားမှုနှင့် စေတနာကောင်းသည် လူတိုင်းတွင်ရှိသင့်သည့် အရာတစ်ခုဟု ယဲ့ချန် ခံယူထားသည်။

ရိုးသားမှုအရင်းခံနှင့် စေတနာကောင်း ထားခြင်းကသာလျှင် မှန်ကန်သော အသက်ရှင်သန်ရာလမ်း ဖြစ်ပေသည်။

ယဲ့ချန်၏ စိတ်ထဲတွင် ရှင်းလင်းသော ဥာဏ်အလင်းတစ်စ ဖြစ်ပေါ်လာသည်။ ပတ်ဝန်းကျင်ရှိ ထျန်းချီများက ယဲ့ချန်အနီးတွင် စုရုံးလာကာ အသိစိတ်ထဲရှိ ပီရှို့သည် အလိုအလျောက် နိုးကြားလာပြီး ထျန်းချီလှိုင်းလုံးကြီးများ တန့်ထျန်ထဲသို့ စီးဝင်လာကြသည်။ ကြယ်တာရာဘုံကိုးလွှာသည် စတင် လည်ပတ်လာပြီး ယဲ့ချန်၏ စိတ်ထဲရှိ ဥာဏ်အလင်းအား အကုန်အစင် စုပ်ယူသွားသည်။ ထို့နောက်တွင်မူ တန့်ထျန်ထဲ၌ ကျယ်လောင်သော အသံတစ်သံနှင့်အတူ ထျန်းချီပမာဏသည် အလွန်အမင်း တိုးပွါးလာခဲ့သည်။ ချက်ချင်းပင် ယဲ့ချန်သည် ထျန်းချီအဆင့် ၁၀ စဦးဆင့်မှသည် အလယ်အလတ်ဆင့်သို့ ချိုးဖျက်ဝင်ရောက်သွားတော့၏။ ထျန်းချီအဆင့် ၁၀ ထိပ်ဆုံးဆင့်သို့ပင် ရောက်ရှိရန် အလွန်နီးကပ်နေလေပြီ။

ယဲ့ချန်၏ မျက်လုံးများသည် ထူးခြားဆန်းကြယ်သော အလင်းသွေးကြောများနှင့်အတူ ဖျတ်ခနဲ ပြန်ပွင့်လာခဲ့သည်။ မာန်အပြည့်ဖြင့် အော်ဟစ်လိုက်သံနှင့်အတူ ဝိညာဉ်အသိအမြင်သည် ယဲ့ချန်ကိုယ်ထဲမှ ခုန်ထွက်သွားခဲ့သည်။ ရုတ်တရက် တောက်လောင်နေသော မီးလျှံချပ်ဝတ်ဖြင့် ဝိညာဉ်စစ်သည်တော်သည် လျင်မြန်လှစွာ ထွက်ပေါ်လာကာ သက်တံရောင်အလင်းတန်းအား တားဆီးသည်။

“ရပ် ..”

ဝိညာဉ်စစ်သည်တော်သည် ဂုဏ်ရှိန်ခံ့ညားသော အကြည့်တစ်ချက်နှင့် သက်တံရောင်အလင်းအား စူးစိုက်ကြည့်လျက် နတ်ဘုရားတစ်ပါးနှယ် ခွန်အားမျိုးဖြင့် ပြင်းထန်လှသည့် လက်သီးချက်ကို ပစ်ခွင်းလိုက်လေသည်။ မီးလျှံမီးတောက်များက လေထုထဲသို့ ဖွာခနဲ လွင့်စင်ထွက်သွားသည်။

ဘုန်း ..

မီးလျှံမီးတောက်များနှင့် သက်တံရောင်အလင်းတန်း တိုက်မိသံကြောင့် အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာသည်။

'မဖြစ်ဘူး။ ငါ့အင်အားလေးနဲ့ သက်တံရောင်အလင်းကို မယှဉ်နိုင်ဘူး'

ယဲ့ချန်သည် အတွေးများ ယောက်ယက်ခတ်နေရရင်း နောက်ဆုံးတွင်တော့ အံကြိတ်လျက် ခန္ဓာကိုယ်ထဲရှိ အင်အားမှန်သမျှကို မခြွင်းမချန် ထုတ်ကာ ရေရွတ်လိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် ငါ လက်လျှော့လိုက်လို့ မဖြစ်ဘူး”

ကျယ်လောင်သော အသံကျယ်ကြီးနှင့်အတူ သက်တံရောင် အလင်းတန်းသည် ယဲ့ချန် ဝိညာဉ်အသိအမြင်မှတစ်ဆင့် ဝိညာဉ်ပုံဖော်ခြင်း ပြုလုပ်ထားသော ဝိညာဉ်စစ်သည်တော်ကို ထွင်းဖောက်သွားသည်။ တည်းခိုခန်းအတွင်း ရှိနေသော ယဲ့ချန် သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။ သက်တံရောင် အလင်းတန်း၏ စွမ်းအားသည် ယဲ့ချန်ထက် အပြတ်အသတ်ကို သာလွန်နေသည်။ သက်တံရောင်အလင်းတန်းထဲတွင် ပိတ်လှောင်ခံထားရသော အနက်ရောင်မြူများသည် ယဲ့ချန်၏ ဝိညာဉ်အသိအမြင်အား တိုက်စားသွားကာ မချိမဆံ့ နာကျင်မှုဝေဒနာသည် ယဲ့ချန်ကို အသိစိတ်ပျောက်စေလုနီးနီး .. ။

သူ ကျရှုံးသွားခဲ့သည်။

နောက်ထပ် အသံကျယ်ကြီးတစ်ခုနှင့်အတူ သက်တံရောင်အလင်းတန်းသည် ဝိညာဉ်စစ်သည်တော်အား ထွင်းဖောက်သွားကာ အနောက်ဘက်ရှိ အိမ်ကို ထိမှန်သွားသည်။

ဘုန်း ..

အိမ်ငယ်လေးသည် တစ်ခဏချင်းအတွင်း မီးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားရ၏။

“မလုပ်နဲ့”

ယဲ့ချန် နာကျင်မှုဖြင့် အလွန်ကျယ်လောင်စွာ အော်ဟစ်လိုက်မိသည်။ အဆုံးတွင်တော့ သူသည် လူအိုစုံတွဲနှင့် ကလေးမလေးအား ကယ်တင်ရန် မတတ်နိုင်ခဲ့။

မီးပင်လယ်ကြီးထဲတွင် လူအိုစုံတွဲနှင့် ကလေးမလေး၏ မျက်နှာအား ယဲ့ချန် ဝေဝေဝါးဝါး မြင်နေရသယောင်။ ကြောက်ရွံ့မှုနှင့် ဇဝေဇဝါ ဖြစ်နေမှုတို့က ၎င်းတို့သုံးယောက်၏ မျက်နှာထက်တွင် ပေါ်လွင်နေပြီး လူ့လောကကြီးမှ ကျောခိုင်းထွက်ခွါသွားရန် အသင့်မဖြစ်ကြသေးဟန် ရသည်။ သို့သော်လည်း နောက်ဆုံး၌မူ ကြောက်ရွံ့တုန်လှုပ်နေသော ဝိညာဉ်သုံးခုသည် တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်သွားခဲ့ရ၏။

ပျောက်ကွယ်သွားသော ဝိညာဉ်သုံးခုကို ကြည့်ကာ ယဲ့ချန်သည် နှလုံးသားထဲတွင် မခံမရပ်နိုင်အောင် နာကျင်လာရသည်။ သူသည်လည်း လူသတ်ဖူးသော အတွေ့အကြုံ ရှိသည့်တိုင် အပြစ်ကင်းသည့် သာမန်လူသုံးယောက် မျက်စိရှေ့တည့်တည့်၌ သေဆုံးသွားရခြင်းကို ကြုံတွေ့ရသည့် ခံစားချက်နှင့် လုံးလုံးလျားလျား ကွဲပြားပါ၏။ ယဲ့ချန်၏ နှလုံးသားသည် အပိုင်းပိုင်းအစစ လှီးဖြတ်ခံနေရသည့်နှယ်။ ဘာမှ မတတ်နိုင်သော်လည်း သူသည် အရှုံးသမားတစ်ယောက်ကဲ့သို့ ခံစားနေရသည်။

ထိုလူသုံးယောက်သည် အပြစ်ကင်းသော သာမန်လူများ ဖြစ်ပါရက်နှင့် မည်သည့်အကြောင်းကြောင့် ထိုသို့ အဆုံးသတ်ခဲ့ရသည်လဲ။

အထူးသဖြင့် ကလေးမလေးတွင် မြင့်မားလှသော မျှော်လင့်ချက်များနှင့် အိမ်မက်လေးသည် ယခုမှ စတင် အသက်ဝင်လာကာစ ရှိသေးသည်။ ဘာကိုမှ နားမလည်လိုက်ရပါဘဲ သူမသည် ဤသို့နှယ် လောကကြီးမှ ထွက်ခွါသွားခဲ့ရသည်။ အစွမ်းအစမရှိသော သာမန်လူများ ဖြစ်နေလျှင်ပင် ၎င်းတို့သည်လည်း လူသားများထဲမှ လူသားများ ဖြစ်သောကြောင့် အသက်ရှင်သန်ရန် မျှတသော အခွင့်အရေးတစ်ခုကို ပိုင်ဆိုင်သင့်သည်။

ဝိညာဉ်စစ်သည်တော်သည် ကောင်းကင်သို့ မျက်နှာမူ၍ ကျယ်လောင်စွာ ဟိန်းဟောက်သည်။ ထိုအသံထဲတွင် တောင်းပန်တိုးလျှိုးမှုနှင့် ဝမ်းနည်းမှုအနည်းငယ် ပါဝင်နေခဲ့သည်။ ဝိညာဉ်စစ်သည်တော်သည် ကောင်းကင်ထက်သို့ တိုက်ရိုက် ထိုးတက်သွားပြီး တဖြည်းဖြည်းနှင့် ၎င်း၏ ပုံရိပ်သည် လေထုထဲတွင် မှေးမှိန် ပျောက်ကွယ်သွားခဲ့သည်။

တည်းခိုခန်းထဲ၌ ယဲ့ချန်၏ မျက်နှာသည် စက္ကူတစ်ရွက်ကဲ့သို့ ဖြူဖျော့နေပြီး အိပ်ရာထက်မှ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားရသည်။ ထိုအခိုက်အတန့်တွင် များပြားလွန်းသော သံသယအတွေးများ၊ မလိုလားမှုများ၊ ဝမ်းနည်းနောင်ကျဉ်မှုများသည် ယဲ့ချန်နှလုံးသားထဲ ပြည့်နှက်နေခဲ့၏။

“ကွိ .. ကွိ ..”

ယဲ့ချန် ခံစားနေရသည်တို့ကို နားလည်ပုံဖြင့် အမွေးပွလေးသည် ယဲ့ချန်၏ ပါးပြင်အား ဦးခေါင်းသေးသေးလေးဖြင့် ပွတ်သပ်ရင်း နှစ်သိမ့်ပေးလာသည်။

အားကောင်းလှသော ခံယူချက်တစ်ခုသည် ယဲ့ချန်နှလုံးသားထဲ ဖြစ်ပေါ်လာသည်။ ဤသည်ကား လောကကြီး၏ ကြမ်းတမ်းသော အမှန်တရားဖြစ်သည်။ နုံချာစုတ်ပြတ်နေသော စွမ်းအားလေးမျှနှင့် သူသည် ဤလောကကြီးအား ပြောင်းလဲရန် လုံးဝ မဖြစ်နိုင်ပေ။

“အမွေးပွလေး ငါ အဆင်ပြေတယ်”

ယဲ့ချန်သည် ရှည်လျားသော သက်ပြင်းတစ်ခုကို မှုတ်ထုတ်ကာ ပြန်ဖြေရင်း ထျန်းချီများကို လျင်မြန်စွာ လှည့်ပတ်၍ သူ့ခန္ဓာကိုယ်ထဲရှိ ဒဏ်ရာများကို ကုသလိုက်သည်။ အတွင်းဒဏ်ရာများသည် တဖြည်းဖြည်းနှင့် သက်သာစပြုလာ၏။

အချိန်အတန်ကြာသောအခါ ယဲ့ချန်သည် မဆုတ်မနစ် ခိုင်မာစွာဖြင့် ပြောလာလေသည်။

“အမွေးပွလေး .. တစ်နေ့မှာ ငါက ဒီလောကကြီးထဲ အသန််မာဆုံးလူ ဖြစ်ကိုဖြစ်လာရမယ်”

***

All Chapters