အရာအားလုံး၏အစ __ တာအို
Vol. 11 Ch. 147
တစ်လောကလုံးတွင် အသန်မာဆုံး ဖြစ်လာပြီးနောက်တွင် ဘာဆက်လုပ်မည်ကို ယဲ့ချန် ရေးရေးမျှပင် မတွေးရသေးပေ။ သူသိသည်မှာ မကြာသေးခင်က ခံစားခဲ့ရသည့် အကူအညီမဲ့မှုနှင့် မျှော်လင့်ချက်ပျက်သုဉ်းမှုမျိုးကို နောက်တစ်ကြိမ် မခံစားလိုတော့ခြင်းပင်။ သူကိုယ်တိုင်၏ ကံကြမ္မာကို သူကိုယ်တိုင်သာ ဆုံးဖြတ်လိုသည်။
ထူးဆန်းသော စွမ်းအင်တစ်မျိုးသည် ယဲ့ချန်ကိုယ်တွင်း၌ လှည့်ပတ်လာသည်။ တန့်ထျန်ထဲရှိ ကြယ်တာရာဘုံကိုးလွှာ၏ စွမ်းအင်ကိုးမျိုးသည် သေးငယ်သော ပြောင်းလဲမှုများ စတင် ဖြစ်ပေါ်လာသည်။ လိပ်ပြာငယ်လေး ပိုးအိမ်ထဲမှ ဖောက်ထွက်သွားသကဲ့သို့သော အသံသေးသေးလေးကို ယဲ့ချန် ကြားလိုက်ရသယောင်၊ ထိုအသံသည် စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံး နေရာမှ ထွက်ပေါ်လာသည်နှင့် တူသည်။
ယဲ့ချန် မျက်လုံးများ ပိတ်လိုက်သောအခါ အဆုံးမရှိ ကျယ်ပြောလှသည့် စိမ်းလန်းစိုပြည်သော မြက်ခင်းပြင်ကြီးကို မြင်လိုက်ရသည်။ လိပ်ပြာငယ်လေး တစ်ကောင်သည် နေရောင်ခြည်အောက်တွင် လူးလွန့်လျက် ကောင်းကင်ယံသို့ ပျံတက်သွားသည်။
အပြင်ဘက်တွင်တော့ လုံးထွေးသတ်ပုတ်နေကြသည့် တိုက်ပွဲကား ဆက်လက်ဖြစ်ပွါးနေဆဲ။ သို့သော်လည်း ထန်ထိုက်လင်သည် တစ်စုံတစ်ရာကို အာရုံခံမိသွားဟန်ဖြင့် တည်းခိုခန်းဘက်သို့ ငုံ့ကြည့်လာသည်။
ထန်ထိုက်လင်သည် ကျင့်ကြံခြင်းလမ်းစဉ်တွင် စွဲလမ်းရူးသွပ်နေသူ ဖြစ်သည်။ သူမသည် ငယ်စဉ်တည်းက ကျင့်ကြံခြင်းကိုသာ တစိုက်မတ်မတ် လေ့လာလိုက်စားခဲ့ပြီး ပြိုင်ဘက်များ တစ်ယောက်ပြီးတစ်ယောက်ကို အနိုင်ယူခဲ့သည်။ ပြီးခဲ့သောနှစ်များအတွင်း သူမသည် အဆင့်သစ်သို့ ချိုးဖျက်ဝင်ရောက်ရန် သင့်လျော်သော ပြိုင်ဘက်ကောင်းအား ရှာဖွေနေခဲ့သော်လည်း စိတ်တိုင်းကျသည့် ပြိုင်ဘက်ကို မတွေ့နိုင်ခဲ့ဘဲ ရှိသည်။ ယနေ့တွင်တော့ ထင်မှတ်မထားပါဘဲ ၁၇ နှစ်၊ ၁၈ နှစ်အရွယ် လူသားကောင်လေးတစ်ယောက်ထံတွင် အလွန်အားကောင်းသော စွမ်းအားများကို တွေ့ရှိခဲ့ရသည်။
သာမန်လူသုံးယောက်အား ကိုယ်ကျိုးမငဲ့ဘဲ ကယ်တင်ရန် ကြိုးစားခဲ့သည် ယဲ့ချန်၏ အပြုအမူသည် ထန်ထိုက်လင်အား စိတ်ရှုပ်ထွေးသွားစေသည်။ ပူဆွေးမှုနှင့် စွမ်းအားများ ရောနှောနေသည့် ယဲ့ချန်၏ ဝိညာဉ်စစ်သည်တော်ထံမှ ဟိန်းဟောက်သံသည် ထန်ထိုက်လင်၏ ဝိညာဉ်ကိုပင် တုန်လှုပ်သွားစေသည်။ ဝိညာဉ်ပုံဖော်ခြင်းပင် မပြည့်စုံသေးသော ထိုဝိညာဉ်စစ်သည်တော်ထံမှ ထိုမျှကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားများ ပွင့်ထွက်လာရခြင်းကို ထန်ထိုက်လင်ပင် နားလည်ရန် ခက်ခဲနေသည်။
တောင်ပံပါမြွေနဂါးကြီးသည်လည်း ဝိညာဉ်စစ်သည်တော်၏ ဟိန်းဟောက်သံကြောင့် အံ့အားသင့်ကာ ခဏမျှ ရပ်တန့်သွားခဲ့သည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် သွေးစက်လက်ဖြင့် ဒဏ်ရာများစွာ ရှိနေပြီးဖြစ်ကာ ရှေးဟောင်းသားရဲများ၏ လျင်မြန်သော ကုသနိုင်စွမ်းကြောင့်သာ မဟုတ်ပါက တောင်ပံပါမြွေနဂါးကြီးသည် ထန်ထိုက်လင်၏ လက်ချက်ဖြင့် သေသွားသည်မှာ ကြာလေပြီ။
အစပိုင်း၌ တောင်ပံပါမြွေနဂါးကြီးသည် ဝိညာဉ်စစ်သည်တော်အား ထန်ထိုက်လင်ဘက်မှ စစ်ကူဟု ထင်ခဲ့သော်လည်း ထန်ထိုက်လင်၏ အမူအရာကို မြင်ရပြီးနောက် ထိုသို့မဟုတ်မှန်း သိလိုက်သည်။
တောင်ပံပါမြွေနဂါးကြီး၏ ဘေးပတ်လည်ရှိ အဆိပ်ရှိသော မြူများသည် သဏ္ဌာန်မျိုးစုံဖြင့် မြွေများအဖြစ် အသွင်ပြောင်းကာ ပါးစပ်များအား ကျောချမ်းဖွယ်ဖွင့်ဟလျက် ထန်ထိုက်လင်ထံ တိုးဝင်သွားကြ၏။
“သေစမ်း”
တောင်ပံပါမြွေနဂါးကြီးသည် အော်ဟစ်လိုက်လျှင် အနက်ရောင်မြူများသည် အရိပ်နတ်ဆိုးများ၏ အသွင်သို့ ပေါင်းစပ်စုဆုံသွားကြသည်။
“ကျွန်မမှာတော့ မိုင်ပေါင်းထောင်ချီကို ဖြတ်ပြီး လာခဲ့ရပေမဲ့ ရှင် တတ်နိုင်တာက ဒီလောက်ပဲလား။ ပျင်းစရာကောင်းလွန်းတယ်။ အဆုံးသတ်လိုက်ရအောင်”
ထန်ထိုက်လင်သည် ကောင်းကင်အနှံ့ ဖုံးလွှမ်းထားသော မြွေများကို မော့ကြည့်ကာ ဆိုသည်။ ထို့နောက်တွင် သူမ၏ အကြည့်များမှာ အေးခဲသွားပြီး မျက်စိတစ်မှိတ်စာ အချိန်အတွင်း တောင်ပံပါမြွေနဂါးကြီးရှေ့သို့ ရောက်ရှိသွား၏။
“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
အနက်ရောင် အရိပ်နတ်ဆိုးများနှင့် မြွေများသည် ထန်ထိုက်လင်အပေါ် မည်သို့မျှ မသက်ရောက်သည်ကို ကြည့်ကာ တောင်ပံပါမြွေနဂါးကြီးသည် မယုံနိုင်ဟန်ဖြင့် ရေရွတ်သည်။ အရာအားလုံးက သူ့ထိန်းချုပ်မှုအောက်တွင် မရှိတော့သလို တောင်ပံပါမြွေနဂါးကြီး ရုတ်တရက် ခံစားလိုက်ရသည်။ နောက်ဆုံးမျှော်လင့်ချက်ဖြင့် တောင်ပံပါမြွေနဂါးကြီးသည် လက်နက် ၆ ခုအား ဝှေ့ယမ်းကာ ထန်ထိုက်လင်ထံ တိုက်ခိုက်လိုက်၏။
တောင်ပံပါမြွေနဂါးကြီး၏ ဧရာမခန္ဓာကိုယ်ကြီး နီးကပ်လာသည့်တိုင် ထန်ထိုက်လင်သည် မလှုပ်မယှက်သာ ဆက်ရှိနေဆဲ။ ရုတ်တရက် သူမက ညာဘက်လက်ရှိ ခက်ရင်းခွအား ပင့်မြှောက်ကာ ရန်သူထံသို့ လှပတင့်တယ်စွာဖြင့် ပစ်ခွင်းလိုက်ပါ၏။
တောင်ပံပါမြွေနဂါးကြီး၏ လက်နက် ၆ ခုလုံး ထက်ပိုင်းပြတ်ကာ လွင့်စင်ထွက်သွားကြသည်။
ခက်ရင်းခွသည် တောင်ပံပါမြွေနဂါးကြီး၏ ခန္ဓာကိုယ်အား ထွင်းဖောက်သွားသောကြောင့် သွေးပျစ်ပျစ်များက နေရာအနှံ့ ပြန့်ကျဲလျက်။ နောက်ဆုံးသော အသံကျယ်ကြီးနှင့်အတူ တောင်ပံပါမြွေနဂါးကြီးသည် မြေပြင်ထက်သို့ လဲကျသွားတော့သည်။ အိမ်ပေါင်းများစွာသည် ပြိုလဲပျက်စီးသွားရကာ တစ်မြို့လုံးသည်လည်း ငလျင်လှုပ်သကဲ့သို့ ရုန်းရင်းဆန်ခတ် အခြေအနေတစ်ခုသို့ ကျရောက်သွားသည်။
တောင်ပံပါမြွေနဂါးကြီးသည် မြေပြင်ထက်သို့ လဲကျသွားပြီးနောက် အနက်ရောင်မြူများအဖြစ် ပြောင်းလဲကာ လျင်မြန်စွာ ထွက်ပြေးသွားခဲ့သည်။
တောင်ပံပါမြွေနဂါးကြီး လွတ်မြောက်သွားသည်ကို မြင်သည့်တိုင် ထန်ထိုက်လင်သည် လိုက်ဖမ်းရန် စိတ်ကူးရှိပုံမရ။ ညာဘက်လက်ထဲရှိ ခက်ရင်းခွအား လက်တစ်ချက်ဝှေ့ယမ်းကာ ဖျောက်ပစ်လိုက်ရင်း တည်းခိုခန်းဘက်သို့ ငုံ့ကြည့်လာသည်။ ဘန်းခနဲအသံနှင့်အတူ တည်းခိုခန်း၏ အခန်းများအနက် အခန်းတစ်ခု၏ အမိုးမှာ ပွင့်ထွက်သွားသည်။
ထိုအခန်းသည်ကား သေချာပေါက်ကို ယဲ့ချန်ရှိနေသည့် အခန်းပါပင်။
ထန်ထိုက်လင်သည် ကောင်းကင်ထက်တွင် နတ်ဘုရားမတစ်ပါးအလား ရပ်နေရင်း အခန်းထဲရှိ ခုတင်ထက်၌ အားအင်ချိနဲ့စွာ လဲကျနေသော ယဲ့ချန်အား ကြည့်သည်။
“ကြည့်ရတာ ကျွန်မ ရှင့်ကို လျှော့တွက်ခဲ့မိပုံပဲ။ ရှင့်မှာ ဒီလောက်အစွမ်းထက်တဲ့ စိတ်ဝိညာဉ် ရှိနေလိမ့်မယ်လို့ မျှော်လင့်မထားဘူး”
ထန်ထိုက်လင်သည် ယဲ့ချန်အား တိတ်ဆိတ်စွာ အကဲခတ်နေရင်းမှ ပြောလာသည်။ သူမမျက်နှာကမူ မည်သို့သော ခံစားချက်ကိုမှ ဖမ်းဆုပ်မရအောင် တည်ငြိမ်အေးစက်နေဆဲ။
“ကွိ ..”
အမွေးပွလေးသည် သွားစွယ်လေးများကို ထုတ်ဖော်မာန်ဖီလျက် ထန်ထိုက်လင်အား ရန်လိုစွာ ကြည့်ပြီး အော်လေသည်။
“ကမ္ဘာမြေအဆင့်ကိုတောင် မရောက်သေးတဲ့ မြေခွေးလေး .. မင်းက ငါ့ကို ထိခိုက်စေနိုင်လိမ့်မယ်လို့ ထင်နေတာလား”
ထန်ထိုက်လင်သည် အမွေးပွလေးအား ထူးမခြားနားစွာ ကြည့်၍ ပြော၏။ သူမ၏ ညာဘက်လက်ထဲ၌ ခက်ရင်းခွသည် ပြန်လည်ထွက်ပေါ်လာပြီး သက်တံရောင်အလင်းတို့ကို ထုတ်လွှတ်ကာ တဝှီးဝှီး လည်နေသည်။
အမွေးပွလေး၏ ရန်လိုနေမှုမှာ လျော့ကျမသွားဘဲ တောက်ပသော အလင်းတို့က ၎င်း၏ ပုလဲနက်သဖွယ် မျက်လုံးလေးများထဲ လင်းလက်နေသည်။ တစ်ဖက်ရန်သူသည် အလွန်အင်အားကြီးမှန်း သိနေသည့်တိုင် ၎င်းသည် သခင်ဖြစ်သူကို ကာကွယ်ရန် လက်လျှော့လိမ့်မည် မဟုတ်ပေ။
“အမွေးပွလေး .. မလုပ်နဲ့”
ယဲ့ချန်သည် ညာဘက်လက်အား ဆန့်ထုတ်ကာ အမွေးပွလေးအား လှမ်းဆွဲထားသည်။ သူသည် အလွန်အားနည်းနေသော်လည်း လက်ကျန်အင်အားဖြင့် အမွေးပွလေးအား တားဆီးဖို့ရန်တော့ လုံလောက်နေပါသေးသည်။ ထို့ပြင် အမွေးပွလေးက အစွမ်းကုန်ထုတ်သုံးခဲ့လျှင်ပင် ထန်ထိုက်လင်၏ ပြိုင်ဘက်မဖြစ်နိုင်သည်မှာ ထင်ရှားရာ ယဲ့ချန်သည် အမွေးပွလေး ထိခိုက်သွားမည်ကို ကြည့်မနေနိုင်။
“မြေခွေးလေး .. မင်း အသက်ဆက်ရှင်ချင်သေးရင် အခုနေ ထွက်ပြေးသွားတာ ကောင်းလိမ့်မယ်။ မင်းတို့လို သက်ရှိတွေကြားမှာရှိတဲ့ ခံစားချက်၊ ဆက်နွှယ်မှုဆိုတဲ့ အရာတွေကို ငါ နားမလည်ဘူး။ အဲဒါတွေအားလုံးက အဓိပ္ပာယ်မရှိလွန်းတယ်။ စစ်မှန်တဲ့ ကျင့်ကြံခြင်းလမ်းစဉ်ဆိုတာက ပြိုင်ဘက်တိုင်းကို အနိုင်ယူပြီး အားလုံးထဲမှာ အသန်မာဆုံးဖြစ်လာဖို့ပဲ။ လူသားတွေ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ထားကြတဲ့ ခံစားချက်ဆိုတာတွေက တကယ်တော့ အမှိုက်သာသာပဲ”
ထန်ထိုက်လင်၏ လေယူလေသိမ်းသည် အလွန်ပြတ်သားနေခဲ့ပြီး ခံစားချက်ကင်းမဲ့လွန်းလှသည်။
သူမသည် ယဲ့ချန်အားကြည့်ကာ ပြောလာပြန်သည်။
“သာမန်လူသုံးယောက်ကို ကယ်ဖို့ကြိုးစားခဲ့တဲ့အတွက် ရှင် နောင်တရလား။ ရှင်သာ သူတို့ကို မကယ်ခဲ့ရင် ကျွန်မလည်း ရှင့်ကို သတိထားမိမှာ မဟုတ်လို့ ရှင် အသက်ဆက်ရှင်နိုင်သေးတယ်။ အခုတော့ ရှင့်မှာ သေဖို့တစ်လမ်းပဲ ကျန်တော့တယ်”
“ငါ နောင်တမရဘူး”
ယဲ့ချန်သည် အခိုင်အမာ ပြန်ဖြေ၏။
“ဘာလို့လဲ”
ထန်ထိုက်လင်၏ လုံးဝန်းလှပသော မျက်လုံးနက်နက်များသည် ခံစားချက်ကင်းမဲ့နေလျက်ကပဲ ပြန်မေးလာသည်။
“ဒါက ငါ့ရဲ့တာအိုလမ်းစဉ်မလို့”
ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ ထန်ထိုက်လင်သည် ရယ်ပါ၏။
“ရှင့်ရဲ့ တာအိုလမ်းစဉ်တဲ့လား။ ဒီလိုဆိုတော့ ရှင်က ပကတိသိုင်းအသိကိုတောင် နားလည်ခဲ့ပြီးပြီပေါ့။ ခုခံဖို့ အင်အားတောင် မရှိဘဲ အားနည်းနေတဲ့ပုံစံနဲ့ သူများသတ်တာကို ခံဖို့က ရှင်ရဲ့တာအိုလမ်းစဉ်လား။ ထာဝရရှင်သန်မှုကို ရရှိချင်ရင် ရှင်က အကြင်နာကင်းမဲ့ဖို့ကို အရင်ဆုံး သင်ယူဖို့လိုတယ်။ ဒါမှသာ လူတိုင်းရဲ့ ထိပ်ဆုံးမှာရှိတဲ့ အထွတ်အမြတ်နေရာကို ရောက်နိုင်မယ်”
“မင်း မှားနေပြီ”
ယဲ့ချန်သည် ထန်ထိုက်လင်အား ပြန်လည်ချေပလာသည်။
“မင်းရဲ့ ကျင့်ကြံဆင့်ကို ငါ မသိပေမဲ့ အစွမ်းထက်တဲ့ ပြိုင်ဘက်တွေကို လိုက်ရှာပြီး တိုက်ခိုက်နေတာကိုကြည့်ရင် မင်းရဲ့ကျင့်ကြံခြင်းမှာ အခက်အခဲတစ်ခုခု ကြုံနေတာပဲ ဖြစ်ရမယ်။ သိုင်းပညာအပေါ် မင်းရဲ့ နားလည်မှုသဘောတရားသာ မှန်ကန်ရင် မင်းမှာရှိပြီးသား ပါရမီနှင့် ဒီအခက်အခဲကို ကျော်ဖြတ်နိုင်ဖို့ အခုလိုခက်ခဲနေမှာမဟုတ်ဘူး။ ဒါကြောင့် မင်းရဲ့ တာအိုလမ်းစဉ်က မှားယွင်းနေတယ်လို့ ငါပြောနိုင်တယ်”
ထန်ထိုက်လင်၏ ခံစားချက်ကင်းမဲ့သော မျက်နှာတွင် အနည်းငယ်မျှသော ပြောင်းလဲမှုလေး ပေါ်ထွက်လာ၏။ သူမသည် တောက်ပသော မျက်လုံးနက်နက်များအား ကျဉ်းမြောင်းကာ ယဲ့ချန်အား ကြည့်လာသည်။
“ရှင်ပြောတာ .. ကျွန်မရဲ့ တာအိုလမ်းစဉ်က မှားယွင်းနေတယ် ဟုတ်လား”
ထိုစကားအား ဆိုနေချိန်တွင် ထန်ထိုက်လင်၏ မျက်နှာထက်၌ အပြုံးရေးရေး ရှိနေပြီး ထိုအပြုံးရေးရေးကပင် ကြောက်မက်ဖွယ် အေးစက်နေ၏။ ပြင်းထန်လှသော ဖိအားတစ်ခုသည် သူမကိုယ်ထဲမှ ဖြာထွက်လာကာ ယဲ့ချန်အား တိုက်ရိုက် ဖိနှိပ်လေသည်။
ရှင်သန်လာခဲ့သည့် ကာလတစ်လျှောက်လုံး ဘယ်သူကမှ သူမ၏ တာအိုလမ်းစဉ်အား မေးခွန်းမထုတ်ရဲခဲ့။
“သမိုင်းတစ်လျှောက်မှာ ကြီးမြတ်တဲ့ပုဂ္ဂိုလ်တွေအားလုံးက ချစ်ခင်ကြင်နာမှုကို အလေးထားကြတယ်။ သူတို့အားလုံးက သက်ရှိလောကမှာရှိတဲ့ သတ္တဝါတိုင်းကို ကရုဏာထားကြတာကြောင့်ပဲ ကြီးကျယ်ခမ်းနားတဲ့ တာအိုသဘောတရားတွေကို နားလည်နိုင်ခဲ့တယ်။ တာအိုက စကြဝဠာထဲမှာ ရှိသမျှ အရာအားလုံးရဲ့ စတင်မှုပဲ။ စကြဝဠာကနေ ယင်၊ ယန် သဘောတရားတွေ ဖြစ်တည်လာတယ်။ ယင်၊ ယန် သဘောတရားတွေကနေမှ တစ်ဆင့် ကောင်းကင်၊ မြေကြီးနဲ့ လူသားတွေ ဖြစ်တည်လာတယ်။ အဲဒီ့ကနေမှ နောက်တစ်ဆင့်အနေနဲ့ သက်ရှိသတ္တဝါတွေ ဖြစ်တည်လာတယ်။ တာအိုအပေါ် နားလည်သဘောပေါက်မှုက လောကီရေးရာကနေ ဖြစ်ပေါ်လာပြီး တာအိုနဲ့ ပတ်သက်တဲ့ ဉာဏ်အလင်းကတော့ ချစ်ကြင်နာခြင်းကနေ ဖြစ်ပေါ်လာတယ်။ တကယ်လို့ မင်းရဲ့ နှလုံးသားထဲမှာ ချစ်ကြင်နာခြင်းမရှိဘဲ သတ်ဖြတ်လိုစိတ်တွေပဲ ရှိနေမယ်ဆိုရင် တဖြည်းဖြည်းနဲ့ အဲဒီ့စိတ်က မင်းကို ဖုံးလွှမ်းသွားပြီး ယုံကြည်ချက်မရှိတဲ့ လူသတ်သမားတစ်ယောက်အဖြစ် ပြောင်းလဲပစ်လိုက်လိမ့်မယ်။ အရာအားလုံးမှာ ယုံကြည်ချက်က အရေးအကြီးဆုံးပဲ။ မင်းရဲ့ နှလုံးသားထဲမှာရှိတဲ့ ယုံကြည်ချက်အတိုင်း ဆက်သွားနေသ၍ မင်းရဲ့ တာအိုလမ်းစဉ်က စစ်မှန်ပြီး သန့်စင်နေဦးမှာပဲ။ ဒါပေမဲ့ ယုံကြည်ချက်ပါ မရှိတော့ဘူးဆိုရင်တော့ မင်းရဲ့တာအိုလမ်းစဉ်ကလည်း ဦးတည်ရာမဲ့သွားလိမ့်မယ်။ ဒါဆိုရင် မင်းအနေနဲ့ ဘယ်လိုများ ကောင်းကင်နဲ့ မြေကြီးမှာရှိတဲ့ တာအိုကို ဖမ်းဆုပ်နိုင်ပါတော့မလဲ”
ယဲ့ချန်သည် ထန်ထိုက်လင်ထံမှ ပြင်းထန်လှသည့် သတ်ဖြတ်လိုစိတ်ကို ခံစားမိသည်။ ယဲ့ချန်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် သေးငယ်သော အပ်လေးများဖြင့် ဘက်ပေါင်းစုံမှ ထိုးဆွနေသလို နာကျင်မှုကိုလည်း ခံစားနေရသည်။ သို့တိုင် ယဲ့ချန်သည် နာကျင်မှုကို တောင့်ခံကာ အံ့ကြိတ်လျက် ခေါင်းမာစွာဖြင့် စကားအား ဆုံးသည်အထိ ပြောနိုင်ခဲ့သည်။
ထိုမျှအားကောင်းသော သတ်ဖြတ်လိုစိတ်အောက်၌ပင် ယဲ့ချန်သည် စကားဆုံးသည်အထိ ပြောရဲခဲ့သည်။ ထန်ထိုက်လင်၏ သတ်ဖြတ်လိုသော အရိပ်အငွေ့များက ရုတ်တရက် တစ်ရှိန်ထိုး မြင့်တက်လာကာ ယဲ့ချန်အား စူးစူးရဲရဲ ကြည့်၏။
ထန်ထိုက်လင်သာ ဆန္ဒရှိလျှင် လက်တစ်ဖက် ဝှေ့ယမ်းရုံမျှနှင့် ယဲ့ချန်အား သတ်လိုက်နိုင်သည်။
***