← Chapters

၅ နှစ်

Vol. 11 Ch. 148

၅ နှစ်

Vol. 11 Ch. 148

ပြင်းထန်လှသောဝေဒနာကို သည်းခံနေရရင်းကပင် ယဲ့ချန်သည် ထန်ထိုက်လင်အား မဆုတ်မနစ် ပြန်ကြည့်နေဆဲ။ လုံးဝ အကြည့်မလွှဲခဲ့။ 

ယဲ့ချန်၏ မချိမဆန့်ခံစားနေရသော်လည်း အလျှော့မပေးသည့် အမူအရာက ထန်ထိုက်လင်၏ ကျောက်ဆောင်ကျောက်ခဲပမာ နှလုံးသားအား အနည်းငယ် လှုပ်ရှားသွားစေသည်။ 

“တာအိုက စကြဝဠာထဲမှာ ရှိသမျှ အရာအားလုံးရဲ့ စတင်မှု။ တာအိုကို နားလည်သဘောပေါက်ခြင်းက လောကီရေးရာကနေ ဖြစ်ပေါ်လာပြီး တာအိုနဲ့ပတ်သက်တဲ့ ဉာဏ်အလင်းက ချစ်ကြင်နာခြင်းကနေ ဖြစ်ပေါ်လာတယ် တဲ့လား”

ထန်ထိုက်လင်သည် တစ်စုံတစ်ရာကို နားလည်သွားသကဲ့သို့ ထိုစာကြောင်းအား ရေရွတ်နေခဲ့သည်။ အတိတ်တုန်းက သူမ နားလည်ခဲ့သော ပကတိသိုင်းအသိသည် ထိုစာကြောင်း၏ နောက်ကွယ်ရှိ စစ်မှန်သောအဓိပ္ပာယ်နှင့် လုံးဝ မယှဉ်သာပေ။ သေးနုပ်လွန်းလှသည်။ 

ယဲ့ချန်သည် တာအိုဒေသနာ၏ ကျယ်ပြန့်သော သဘောတရားများအနက် အနည်းငယ်မျှကိုသာ နားလည်နိုင်ခဲ့ခြင်း ဖြစ်ပြီး သူ့သိမြင်မှုသည် သမုဒ္ဒရာထဲမှ ရေတစ်စက် ပမာဏသာ ရှိသည်။ သို့သော်လည်း ထန်ထိုက်လင်အတွက်တော့ ထိုအနည်းငယ်မျှသော သိမြင်မှုသည် ကြီးမားသော ဉာဏ်အလင်းတစ်ခု ရသွားစေဖို့ လုံလောက်သည်။ 

ထန်ထိုက်လင်၏ ခက်ရင်းခွ ကိုင်ထားသည့် လက်မှာ တုန်ယင်သွားရကာ သူမ၏ မျက်လုံးများထဲ၌ အနည်းငယ်မျှသော တွေဝေမှုလေး ဖြစ်ပေါ်လာခဲ့သည်။ သူမ တစ်ချိန်လုံး ယုံကြည်ထားခဲ့သော တာအိုလမ်းစဉ်သည် တကယ်ပဲ မှားယွင်းနေခဲ့ခြင်းလား။ 

“တကယ်လို့ မင်းသာ ငါ့ကို အချိန် ၅ နှစ် ပေးမယ်ဆိုရင် မင်းရဲ့ တာအိုလမ်းစဉ်က မှားယွင်းနေတယ်ဆိုတာကို သက်သေပြပေးနိုင်တယ်”

ယဲ့ချန်သည် ထန်ထိုက်လင်၏ မျက်လုံးများထဲ တည့်တည့်စိုက်ကြည့်ကာ ပြောလိုက်သည်။ 

ထန်ထိုက်လင်သာ ဆန္ဒရှိပါက သူ့အား ချက်ချင်း သတ်ပစ်နိုင်ကြောင်း ယဲ့ချန်သိထားသည်။ ယဲ့ချန်သည် လက်ရှိတွင် ထန်ထိုက်လင်နှင့် ယှဉ်နိုင်ရန် အားနည်းလွန်းနေသေးသည်။ ထို့ကြောင့် ယဲ့ချန်က အခွင့်အရေးတစ်ခု ရရန် အရဲစွန့်လိုက်ခြင်း ဖြစ်သည်။ 

ထန်ထိုက်လင်၏ မျက်နှာထက်ရှိ အမူအရာကို အကဲခတ်ကာ ယဲ့ချန်သည် ထန်ထိုက်လင်အား အောင်မြင်စွာ အရူးလုပ်နိုင်လိုက်ကြောင်း နားလည်လိုက်သည်။ ဤကမ္ဘာ၌ ကျော်ကြားသော ရှေးအဆိုအမိန့်များဟူ၍ မရှိ။ သဘောတရားအားလုံးကို ကိုယ်တိုင်ကိုယ်ကျ နားလည်စေရန် ကြိုးစားဖို့သာ ရှိသည်။ ထန်ထိုက်လင်၏ ပကတိသိုင်းအသိကလည်း အရမ်းကြီး ထူးခြားနက်နဲနေတာမျိုး မဟုတ်ပေ။ သူမသည် ကျင့်ကြံခြင်းအား ရူးသွပ်စွဲလမ်းနေသူသာ ဖြစ်ပြီး တစ်ဘဝလုံး၌ ပတိသိုင်းအသိကို နားလည်နိုင်ရန် ကြိုးစားနေခဲ့သည်။ သူမသည် စွမ်းအားကြီးသူများနှင့် သဲကြီးမဲကြီး တိုက်ခိုက်ယှဉ်ပြိုင်နေခြင်းမှာ ထိုလူများကို သတ်ဖြတ်လို၍ မဟုတ်ဘဲ သူမ၏ ကျင့်ကြံခြင်းကို တိုးမြှင့်ရန်သာ ဖြစ်သည်။ ယဲ့ချန်သည် သူမ၏ ကျင့်ကြံခြင်းအလားအလာကို နှိုးဆွပေးခဲ့သောကြောင့် ထန်ထိုက်လင်သည် ယဲ့ချန်အား ကျိန်းသေပေါက် သတ်လိမ့်မည် မဟုတ်ပေ။ 

“ရယ်စရာပဲ။ ၅ နှစ်တဲ့လား .. ၅ နှစ်အတွင်း ရှင်က ကျွန်မကို အနိုင်ယူနိုင်လိမ့်မယ်လို့ ထင်နေတာလား”

ထန်ထိုက်လင်သည် ယဲ့ချန်အား ကြည့်သည်။ သူမနှလုံးသားထဲတွင် အထင်အမြင်သေးမှုနှင့် မယုံကြည်နိုင်မှုတို့ ရှိနေသော်လည်း ထိုလူသားကမူ ထူးထူးခြားခြားကို သေချာနေပုံ ပေါ်သည်။ သာမန်မဟုတ်သော လွှမ်းမိုးနိုင်စွမ်းရှိသည့် စွမ်းအင်တစ်မျိုးသည် ထိုလူသား၏ ကိုယ်ထဲတွင် ကိန်းအောင်းနေကြောင်း သူမ ခံစားမိသည်။ အထူးသဖြင့် တာအိုဒေသနာအကြောင်း ရှင်းပြနေသည့် အချိန်တွင် ဖြစ်သည်။ ထိုစွမ်းအင်သည် ထန်ထိုက်လင်၏ သက်တမ်းတစ်လျှောက် ရှိလာခဲ့သော ယုံကြည်မှုများကိုပင် ယိုင်နဲ့သွားစေလောက်အောင် အားကောင်းသည်။ 

“ငါ မင်းကို အနိုင်ယူမယ်လို့ မပြောပါဘူး။ ငါ ပြောခဲ့တာက မင်းရဲ့ တာအိုလမ်းစဉ်က မှားယွင်းနေတယ်ဆိုတာကို သက်သေပြပေးနိုင်တယ် လို့ပါ”

“ဘာများ ကွာနေလိုလဲ”

ထန်ထိုက်လင်သည် ထိုစာကြောင်းနှစ်ခုကြားရှိ ကွာခြားမှုကို ရှာဖွေရန် ပျင်းလွန်းဟန်ဖြင့် နှာခေါင်းရှုံ့ကာ ဆိုသည်။ 

“ကျွန်မ ရှင့်ကို ၅ နှစ် အချိန်ပေးမယ်။ အဲ့အချိန်ကို ရောက်တဲ့အခါ ရှင် ဘယ်လိုသက်သေပြမလဲဆိုတာ ကျွန်မ စောင့်နေမယ်။ တကယ်လို့ ရှင် သက်သေမပြနိုင်ခဲ့ရင်တော့ ဒီမြေခွေးလေးကိုပါ ရှင်နဲ့အတူ တစ်ခါတည်း အဆုံးသတ်ပေးလိုက်မယ်”

ထန်ထိုက်လင်သည် ယဲ့ချန် ပွေ့ဖက်ထားသော အမွေးပွလေးကို လှမ်းကြည့်ကာ ယတိပြတ် ပြော၏။ 

“ထွက်ပြေးဖို့ကိုတော့ စဉ်းတောင်မစဉ်းစားနဲ့။ ရှင်တို့နှစ်ယောက် ကမ္ဘာအဆုံးထိ ထွက်ပြေးရင်တောင် ကျွန်မ ရှင်တို့ကို ရှာနိုင်တယ်”

“၅ နှစ်ကြာတဲ့အခါ ငါ သေချာပေါက် သက်သေပြမှာပါ။ မင်း ငါ့ကို ထိခိုက်စေလို့ရတယ်။ ဒါပေမဲ့ အမွေးပွလေးကိုတော့ တစ်ချက်လေးထိဖို့တောင် စိတ်မကူးနဲ့။ ပြာမှုန်တွေအဖြစ် ပြောင်းလဲသွားရမယ်ဆိုရင်တောင် ငါက မင်းကို မတွေ့တွေ့အောင်ရှာပြီး ဖမ်းမှာမလို့ ..”

ယဲ့ချန်သည် ထန်ထိုက်လင်အား အေးစက်စွာ ကြည့်ကာ ပြောသည်။ ထန်ထိုက်လင်က အမွေးပွလေးကို အသုံးချကာ ခြိမ်းခြောက်လာခြင်းသည် ယဲ့ချန်အား အလွန်ဒေါသထွက်စေသည်။ 

“ကျွန်မကို မတွေ့တွေ့အောင်ရှာပြီး ဖမ်းမယ်ပေါ့။ ရှင်လုပ်နိုင်တာ သေချာလို့လား”

ထန်ထိုက်လင်က မျက်ခုံးပင့်ကာ အရေးမစိုက်ဟန်ဖြင့် ဆို၏။ သူမ၏ အဖြူရောင်ဝတ်ရုံရှည်ကမူ လေထဲတွင် တဖျပ်ဖျပ်လွင့်မျောလျက်။ 

“ရှင့်အနေနဲ့ လုပ်နိုင်ပါ့မလား မသေချာတဲ့ အရာတွေကို လက်လွတ်စပယ် လျှောက်မပြောတာ ကောင်းလိမ့်မယ်။ ကျွန်မ ရှင့်ကို အခုချက်ချင်း မသတ်ရဲဘူး မထင်နဲ့”

ထန်ထိုက်လင်သည် ယဲ့ချန်အား မနှစ်မြို့စွာ ကြည့်ကာ ပြောသည်။ ထိုလူသားသည် သူကိုယ်တိုင်က ပြင်းထန်စွာ ဒဏ်ရာရထားလျက်က မြေခွေးလေးအား ကာကွယ်လိုနေသေးသည်။ ထိုသို့ အရေးမပါသော ခံစားချက်များကို မျက်မြင်ကိုယ်တွေ့ ကြုံနေရခြင်းက ထန်ထိုက်လင်အား စိတ်အနှောင့်အယှက် ဖြစ်လာစေသည်။ 

ထန်ထိုက်လင်၏ လက်ထဲရှိ ခက်ရင်းခွသည် သက်တံရောင် အလင်းများ ဖြာထွက်နေသည်။ သူမသည်ကား ကောင်းကင်ထက်တွင် အဆုံးစွန်သော ယုံကြည်ချက်မြင့်မားမှုတို့ဖြင့် ရပ်နေခဲ့ပြီး လေထဲတွင် မျောလွင့်နေသည့် အဖြူရောင် ဝတ်ရုံရှည်နှင့် ပေါင်းစပ်လိုက်သော် လတိုင်းပြည်မှ ဆင်းသက်လာသော နတ်ဘုရားမ တစ်ပါးနှယ်ပင်။ စူးရှတောက်ပလှသော ကျက်သရေအဖြာဖြာသည် ထန်ထိုက်လင်အား ဝန်းရံထားသကဲ့သို့ ရှိသည်။ 

“၅ နှစ်ကြာပြီးတဲ့နောက် ငါ မင်းကို လာရှာမယ်”

ယဲ့ချန်သည် ဆုံးဖြတ်ချက်ခိုင်မာစွာဖြင့် ပြော၏။ 

ထန်ထိုက်လင်က သူ့အပေါ် အထင်သေးနေသည်ကို ယဲ့ချန် သိသည်။ လက်ရှိတွင် သူက အမှန်ပင် နုံချာနေသေးသောကြောင့်။ သူသည် အလွန်ငယ်ရွယ်သော အသက်အရွယ်တွင် ထျန်းချီအဆင့် ၁၀ သို့ ရောက်ရှိနိုင်ခဲ့သော်လည်း ထန်ထိုက်လင်နှင့် ယှဉ်နိုင်ဖို့ရန် မိုးနှင့်မြေပမာ ကွာခြားနေသေးသည်။ ဝိညာဉ်အသိအမြင်၏ အစွမ်းအစနှင့် ယဲ့ချန် မတိုင်မီက ပြောခဲ့သော တာအိုဒေသနာကြောင့်သာ မဟုတ်ပါက ထန်ထိုက်လင်သည် သူ၏ ၅ နှစ် အပေးအယူကို လက်ခံမည်မဟုတ်ဘဲ တိုက်ရိုက် သတ်ဖြတ်ပစ်လောက်သည်။ 

“ရှင်ရဲ့ စွမ်းအားက လုံလောက်အောင် တိုးတက်ခဲ့ပြီလို့ ကိုယ့်ကိုကိုယ် ယူဆထားရင် ကျွန်မကလည်း ရှင်နဲ့ အဖော်လုပ်ပြီး ကစားပေးမှာပါ။ မြောက်ဘက်ပင်လယ်မှာ ကျွန်မကို အချိန်မရွေး လာရှာနိုင်တယ်”

ထန်ထိုက်လင်က အထင်သေးစွာ ပြောသည်။ 

မည်သို့ပင်ဆိုစေ သူမသည် ထန်ထိုက်လင် ဖြစ်သည်။ အခြားသူများ၏ စိန်ခေါ်မှုများကို ဘယ်တုန်းကမှ မကြောက်ဖူးခဲ့သူပင်။ သူမသည် အမြင့်ဆုံးနေရာ၌ အထီးကျန်နေခဲ့ရသည်မှာ တော်တော်လေး ကြာခဲ့ပြီဖြစ်ကာ သူမအတွက် သင့်လျော်သော ပြိုင်ဘက်ကောင်းကိုလည်း ရှာမတွေ့နိုင်ခဲ့ပေ။ 

“ရှင်ကတော့ ကျွန်မကို စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်”

ထန်ထိုက်လင်၏ ခံစားချက်ကင်းမဲ့သော စကားသံက အနောက်ဘက်တွင် ကျန်ရစ်ခဲ့ပြီး သူမ၏ ပုံရိပ်သည်ကား လေထုထဲ၌ ခုန်ပျံ၍ အမှောင်ထုအတွင်း ပျောက်ကွယ်သွားခဲ့သည်။ 

“ကွိ .. ကွိ ..”

အမွေးပွလေးသည် မျက်ရည်များ ရစ်ဝိုင်းလျက် ယဲ့ချန်အား ကြည့်သည်။ 

“အမွေးပွလေး .. ငါ့ကို စိတ်ပူနေတာလား။ ငါ အဆင်ပြေပါတယ်။ အသေးအမွှား ဒဏ်ရာလေးတွေပဲကို .. သိပ်မကြာခင် သက်သာသွားမှာပါ”

ယဲ့ချန်သည် အမွေးပွလေး၏ သေးငယ်သောခေါင်းလေးအား ပွတ်သပ်ရင်း နှစ်သိမ့်ပေးနေခဲ့သည်။ 

“ထန်ထိုက်လင်က ကျင့်ကြံခြင်းကို ရူးသွပ်စွဲလမ်းနေတဲ့သူမျိုး။ သူ့တစ်ဘဝလုံးကို ကျင့်ကြံခြင်းမှာပဲ မြှုပ်နှံထားပုံပဲ။ ငါသာ သူ့ရဲ့ အားနည်းချက်ကို ကောင်းကောင်း ဆုပ်ကိုင်ထားနိုင်သ၍ နောက် ၅ နှစ် ကြာရင်လည်း သူ ငါ့ကို မသတ်နိုင်ပါဘူး။ ဒီနေ့ သူ ငါ့ကို မသတ်နိုင်ခဲ့သလိုပေါ့။ ပြီးတော့လည်း ပြောရရင် ၅ နှစ်တည်းနဲ့ သူ့လိုအဆင့်ထိ ကျင့်ကြံနိုင်ဖို့က ငါ့အတွက် သေချာပေါက် မဖြစ်နိုင်ဘူးလေ”

ယဲ့ချန်သည် အမှန်တရားကို မငြင်းဆန်နိုင်သော်လည်း အားမလိုအားမရ ဖြစ်မိသည်။ နောက်ထပ်တစ်ကြိမ် သေးနုပ်သော ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဆက်ဆံခြင်းကို မခံချင်တော့ပေ။ 

ယဲ့ချန်သာ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်စွမ်းမရှိပါက လူအိုစုံတွဲနှင့် ကလေးမလေးကဲ့သို့ ထပ်တူညီစွာ အဆုံးသတ်ရမည် ဖြစ်သည်။ ကံမကောင်းစွာပင် ယဲ့ချန်သည် ထိုသုံးယောက်အား မကယ်တင်လိုက်နိုင်ခြင်းအပေါ် အပြစ်ရှိစိတ်ကို ယခုထက်ထိ ဖျောက်ဖျက် မရနိုင်ပေ။ 

ယဲ့ချန်၏ တာအိုလမ်းစဉ်အား နားလည်သဘောပေါက်မှုသည် ထန်ထိုက်လင်လောက် မနက်ရှိုင်းသေး။ သို့သော်လည်း ယဲ့ချန်၏ ဗဟုသုတအသိအမြင်က ထိုတစ်ယူသန်မိန်းကလေးထက် သာသည်။ တာအိုဒေသနာနှင့် ပတ်သက်သော စာတစ်ကြောင်းမျှနှင့်တင် ထန်ထိုက်လင်အား အပြတ်အသတ် ရိုက်ချနိုင်သည်။ ယဲ့ချန်၏ လက်ရှိခွန်အားသည် ထန်ထိုက်လင်နှင့် မယှဉ်သာသေးသော်ငြား အနာဂတ် တစ်ချိန်ချိန်၌ သူမထက် သာကိုသာရမည် ဟူသော ယုံကြည်ချက်မျိုး ယဲ့ချန်တွင် ရှိသည်။ 

ယဲ့ချန်သည် ဤကျင့်ကြံခြင်းလောကကြီးအကြောင်း သူ သိထားသမျှမှာ နည်းပါးလှသေးကြောင်း နားလည်လိုက်ရသည်။ လူသားများ၊ မှော်သားရဲများ၊ နတ်ဆိုးဝိညာဉ်များ၊ ကောင်းကင်သားရဲများအပြင် ထန်ထိုက်လင်ကဲ့သို့ ပင်လယ်မိစ္ဆာများလည်း ရှိသေးသည်။ ထို့ပြင် တောင်ပံပါမြွေနဂါးကြီးသည် မှော်သားရဲရော၊ ကောင်းကင်သားရဲပါ မဟုတ်ဟန် ရသည်။ ထန်ထိုက်လင်၏ စကားအရ တောင်ပံပါမြွေနဂါးကြီးသည် ရှေးဟောင်းသားရဲ အမျိုးအစား ဖြစ်သည်ဟု သိရ၏။ 

ယဲ့ချန်၏ ဝိညာဉ်အသိအမြင်မှာ ဒဏ်ရာရသွားခဲ့သည့်အပြင် ခန္ဓာကိုယ်ထဲရှိ ထျန်းချီများမှာလည်း ကုန်စင်လုနီးနီး ခန်းခြောက်သွားသည်။ ထို့ကြောင့် ယဲ့ချန်သည် အတွေးစတို့ကို ဖြတ်တောက်ကာ ခန္ဓာကိုယ်ထဲရှိ ထျန်းချီများအား ဖြည်းညှင်းစွာနှင့် ပြန်လည် လှည့်ပတ်လိုက်၏။ 

မြို့စွန်မြို့ဖျား၌ လူရိပ်သုံးရိပ်သည် တိတ်တဆိတ် ထွက်ပေါ်လာသည်။ ကျိုးရန်တို့ သုံးယောက် ပြန်ရောက်လာကြခြင်း ဖြစ်သည်။ 

“ထန်ထိုက်လင်က ဒီလောက် အစွမ်းထက်လိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ။ တိုက်ပွဲတစ်ခုလုံးကို သူတစ်ယောက်တည်း ထိန်းချုပ်သွားပုံထောက်ရင် သူ့အဆင့်က ကောင်းကင်ရန်အောက် မနိမ့်ပုံပဲ”

ကျိုးရန်သည် မျက်နှာတစ်ပြင်လုံး၌ ကြောက်ရွံ့မှုများ ပြည့်နှက်နေကာ ရေရွတ်သည်။ သူတို့သုံးယောက်သည် မြို့ပြင်ရှိ တောင်ပေါ်တွင် ပုန်းနေကြခြင်း ဖြစ်ကာ ကောင်းကင်ထက်ရှိ ထန်ထိုက်လင်နှင့် တောင်ပံပါမြွေနဂါးကြီး၏ တိုက်ပွဲကို အစအဆုံး မြင်လိုက်ကြရသည်။ သူတို့တစ်ဘဝလုံးတွင် ထိုမျှပြင်းထန်သော တိုက်ပွဲကို ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။ 

“ထန်ထိုက်လင်က ပင်လယ်မိစ္ဆာ ဖြစ်နေခဲ့တာပဲ .. ငါတို့တွေ ကံကောင်းလို့သာပေါ့”

လင်းထောင်သည် ယခုတော့ဖြင့် ကြောက်လွန်း၍ တုန်နေလေပြီ။ ပင်လယ်မိစ္ဆာများသည် သာယာချိုမြိန်သည့် တေးသီသံတို့ဖြင့် လူသားများကို ဆွဲဆောင်ကာ ဖမ်းဆီးပြီး ရိုးတွင်းခြင်ဆီအား စုပ်ယူစားသောက်တတ်သည် ဟူသော ပုံပြင်ဒဏ္ဍာရီများ ရှိသည်။ 

ထန်ထိုက်လင်သည် ပင်လယ်မိစ္ဆာ ဖြစ်နေခြင်းကြောင့် သူမ၏ အသွင်အပြင်ကား နတ်ဘုရား၏ ထုဆစ်မှုနှယ် စွဲမက်ဖွယ် ကောင်းနေသည်မှာ လုံးဝ မထူးဆန်းတော့။ 

“ကောင်းကင်မှာ ပေါ်လာတဲ့ ရွှေရောင် မီးလျှံချပ်ဝတ်နဲ့ စစ်သည်တော်ကို ငါ မြင်လိုက်ရသေးတယ်။ အဲဒါက ထန်ထိုက်လင်တော့ ဟုတ်ပုံမရဘူး။ ဘယ်သူများ ဖြစ်နိုင်မလဲ”

ဝမ်ယွဲ့သည် တွေးဆဆဖြင့် ပြောလာသည်။ စစ်သည်တော်၏ ပုံရိပ်သည် ခပ်ဝါးဝါးသာ ပေါ်လာခဲ့ခြင်း ဖြစ်သော်လည်း ဝမ်ယွဲ့က အသေအချာ မှတ်မိနေ၏။ ထိုစစ်သည်တော်၏ ဟိန်းဟောက်သံကြောင့် ဝမ်ယွဲ့သည် နှလုံးသား၏ အောက်ခြေမှ ထိတ်လန့်ကြောက်ရွံ့မှုများ လှိုက်တက်လာသည်အထိ တုန်လှုပ်ခဲ့ရသည်။ 

***

All Chapters