← Chapters

လိုဏ်ဂူ

Vol. 11 Ch. 149

လိုဏ်ဂူ

Vol. 11 Ch. 149

ဝိညာဉ်စစ်သည်တော်အား သာမန်မျက်စိဖြင့်ပင် မြင်နိုင်သည်ဟူသော အချက်က ယဲ့ချန်၏ ဝိညာဉ်ပုံဖော်ခြင်းသည် ပြီးမြောက်အောင်မြင်လုနီးနီး အနေအထားသို့ ရောက်နေပြီဟု ဆိုလိုပေသည်။ 

“အဲဒါတွေကို ထားလိုက်စမ်းပါ။ ငါ့အမြင်တော့ ထန်ထိုက်လင်ရဲ့ နောက်ဆုံး ထိုးနှက်ချက်က တောင်ပံပါမြွေနဂါးကြီးကို အပြတ်အသတ် အနိုင်ယူနိုင်လိုက်တာပဲ။ သူက အလောင်းကိုတောင် ယူမသွားဘူး။ ဆိုလိုတာက တောင်ပံပါမြွေနဂါးကြီးရဲ့ အလောင်းက အခု ငါတို့အပိုင်ဖြစ်ပြီပေါ့”

လောဘအရိပ်အယောင်များက ကျိုးရန်၏ မျက်လုံးထဲတွင် ဖြတ်ပြေးသွားသည်။ တောင်ပံပါမြွေနဂါးကြီးသည် မည်သည့်အမျိုးအစား မှော်သားရဲဖြစ်ကြောင်း မသေချာသော်လည်း ထန်ထိုက်လင်နှင့် ယှဉ်တိုက်နိုင်ပုံထောက်လျှင် အစွမ်းထက်သော သားရဲကြီး ဖြစ်သည်။ 

တောင်ပံပါမြွေနဂါးကြီး မြေပြင်ပေါ်သို့ လဲကျသွားချိန်တွင် ပြိုလဲနေသော အဆောက်အဦးပျက်များနှင့် မှိန်ပျပျ ညအလင်းရောင်ကြောင့် ကျိုးရန်တို့လူစုသည် ဖြစ်ပျက်သွားသည်တို့ကို သေချာမမြင်ခဲ့ပေ။ တောင်ပံပါမြွေနဂါးကြီး၏ အလောင်းက မြို့ထဲတွင် ရှိနေဆဲဟု ထင်မှတ်နေကြသည်။ 

လောဘအမိုက်မှောင်ဖုံးကာ ၎င်းတို့သုံးယောက်သည် မြို့ထဲသို့ ခိုးဝင်လာကြ၏။ 

ထိုအချိန်တွင် ယဲ့ချန်သည် ဒဏ်ရာများအား ပြန်လည်ကုစားနေဆဲ။ ဝိညာဉ်အသိအမြင်၏ ထိခိုက်သွားမှုက အတန်ငယ် ပြင်းထန်သောကြောင့် ပြန်သက်သာလာရန် အချိန် တစ်ရက်၊ နှစ်ရက် လိုသည်။ သို့သော် အရေးပေါ်လိုအပ်လာလျှင်တော့ ဝိညာဉ်အသိအမြင်အား အနည်းငယ် အသုံးပြုနိုင်လောက်သည်။ နှိုင်းယှဉ်ရသော် ထျန်းချီများ၏ ကုစားနိုင်စွမ်းက ပိုမြန်သောကြောင့် ၃၀ ရာခိုင်နှုန်း၊ ၄၀ ရာခိုင်နှုန်းမျှသော စွမ်းအားတို့ ပြန်ပြည့်နေပြီ ဖြစ်သည်။ 

“ကွိ ..”

အမွေးပွလေးသည် စိုးရိမ်စွာဖြင့် အော်လာသည်။ 

ချက်ချင်းဆိုသလို ယဲ့ချန် မျက်လုံးများပွင့်လာသည်။ ကျိုးရန်တို့သုံးယောက် ပြန်ရောက်လာပုံ ပေါ်သည်။ ပုံမှန်အခြေအနေတွင် ယဲ့ချန်အတွက် ထိုသုံးယောက်အား သတ်ရန်မှာ ခက်ခက်ခဲခဲ မဟုတ်သော်လည်း ယခုတွင်မူ ယဲ့ချန်သည် ဒဏ်ရာပြင်းပြင်းထန်ထန် ရထားသည်။ ထျန်းချီအဆင့် ၁၀ စဦးဆင့် တစ်ယောက်နှင့် ယှဉ်ပြိုင်ရန်ပင် မလွယ်ပေ။ အမွေးပွလေးတွင် တိုက်ပွဲစွမ်းရည်တချို့ ရှိသော်လည်း ပုံရိပ်ယောင်များ ဖန်တီးပြီး တိုက်ခိုက်ရုံသာ တတ်နိုင်မှာ ဖြစ်သည်။ ပုံရိပ်ယောင်များ ကျိုးပျက်သွားသည်နှင့် အမွေးပွလေးသည် ထိုသုံးယောက်၏ ပြိုင်ဘက် မဟုတ်တော့ချေ။ 

ယဲ့ချန် ဘာလုပ်ရမည်မသိ ဖြစ်သွားသည်။ 

ထွက်ပြေးဖို့ရန်ကလည်း ယဲ့ချန်၏ ဒဏ်ရာအနေအထားအရ ဝေးဝေးသို့ ပြေးနိုင်မည် မဟုတ်ရာ သိပ်မကြာခင် ပြန်ဖမ်းမိသွားမည်သာ။ ကျိုးရန်တို့လူစု လက်ထဲသို့ ရောက်သွားသည်နှင့် ယဲ့ချန်တွင် အသက်ရှင်ရန် အခွင့်အလမ်း မရှိတော့ပေ။ တည်းခိုခန်းထဲတွင် ပုန်းခိုနေခြင်းကလည်း အကြံကောင်း မဟုတ်ပါချေ။ ထိုသုံးယောက်သည် အနှေးနှင့်အမြန် ဤနေရာသို့ ရောက်လာကြမှာ ဖြစ်သည်။ 

တစ်ခဏမျှ တွေးတောကြည့်ပြီးနောက် ယဲ့ချန် အကြံတခု ရသွား၏။ 

ညဉ့်သန်းခေါင်အချိန် ဖြစ်သောကြောင့် အပြင်ဘက်တွင် နေရာတိုင်းသည် ပိန်းပိတ်မှောင်မည်းနေသည်။ မြို့ခံလူအိုကြီးများသည် အိမ်ထဲတွင် ပုန်းအောင်းနေကြပြီး ဘယ်သူမှ အပြင်မထွက်ရဲကြ။ လမ်းမများပေါ်တွင် ဝိညာဉ်တစ်စပင် မမြင်ရအောင် တိတ်ဆိတ်နေခြင်းက ချောက်ချားဖွယ်ကောင်းနေသည်။ 

ကျိုးရန်တို့သုံးယောက်သည် သတိအပြည့်နှင့် မြို့ထဲသို့ ဖြည်းဖြည်းချင်း ဝင်လာကြသည်။ မြို့လယ်ခေါင်နှင့် နီးလာသည်နှင့် ပြိုလဲနေသော အဆောက်အဦးများကို ခပ်လှမ်းလှမ်းမှပင် လှမ်းမြင်ရသည်။ အနေအထားကို ကြည့်ရုံနှင့် မကြာသေးခင်က ဖြစ်ပွါးခဲ့သော တိုက်ပွဲ၏ ပြင်းထန်မှုကို မှန်းဆနိုင်သည်။ အပျက်အစီးပုံများကြားတွင် ကြီးမားသော တွင်းနက်ကြီးကို သူတို့သုံးယောက် မြင်လိုက်ကြရ၏။ ထိုတွင်းနက်ကြီးသည် တောင်ပံပါမြွေနဂါးကြီး လဲကျခဲ့သော နေရာ ဖြစ်သည်။ သို့သော် မြင်ကွင်းက မှန်းဆထားသည်နှင့် အနည်းငယ်တော့ ကွာခြားနေသည်။ တောင်ပံပါမြွေနဂါးကြီး၏ အလောင်းကား ဘယ်နေရာမှာမှ ရှိမနေပေ။ 

“ဘာဖြစ်သွားတာလဲ။ တောင်ပံပါမြွေနဂါးကြီးက မသေသေးဘူးလား”

ကျိုးရန်သည် ဇဝေဇဝါဖြင့် မေးခွန်းထုတ်သည်။ 

“ထန်ထိုက်လင်က တောင်ပံပါမြေနဂါးကြီးကို အသေ မသတ်ခဲ့ဘူးလို့တော့ မပြောနဲ့နော်”

လင်းထောင်ကလည်း ကြောက်ရွံ့မှုတစ်ဝက်ဖြင့် ပြောလာသည်။ 

“ကျွန်တော်တို့ အခု ဘာလုပ်ကြမလဲ။ တောင်ပံပါမြွေနဂါးကြီးက ဒဏ်ရာရသွားပြီး တစ်နေရာရာမှာ ပုန်းနေတာများလား”

“တကယ်လို့ တောင်ပံပါမြွေနဂါးကြီးက ပြင်းပြင်းထန်ထန် ဒဏ်ရာရနေရင်တောင် ငါတို့အနေနဲ့ မယှဉ်နိုင်သေးဘူး”

ကျိုးရန်သည် မျက်မှောင်ကြုတ်နေရင်း ရေရွတ်၏။ 

“ဒါက ပြောရရင် မသေချာဘူးလေ။ သူ့ရဲ့ဒဏ်ရာက ဘယ်လောက်ထိပြင်းလဲ ဆိုတဲ့အပေါ်မှာ မူတည်သေးတယ်။ တကယ်လို့ သေလုမျောပါး ဒဏ်ရာရထားတာဆိုရင် ကျွန်တော်တို့အတွက် လွယ်ကူမသွားဘူးလား”

ဝမ်ယွဲ့သည် ကျိုးရန်၏စကားအား ငြင်းပယ်ကာ ပြောလာသည်။ သူသည် ထိုက်ယီဓားဂိုဏ်းမှ အကြီးအကဲများနှင့်အတူ ပြင်ပလောက၌ ခရီးသွားလာဖူးသည့်အပြင် သေအံ့ဆဲဆဲ အခြေအနေများစွာကို ကြုံတွေ့ဖူးသောကြောင့် ကျိုးရန်နှင့် လင်းထောင်တို့လောက် တွန့်ဆုတ်မနေပေ။ 

“မြို့ထဲမှာ မြန်မြန်လေး ရှာကြည့်ရအောင်။ အခြေအနေမဟန်တော့လည်း ဒီနေရာကနေ ထွက်သွားရုံပဲပေါ့”

၎င်းတို့သုံးယောက် ဆွေးနွေးတိုင်ပင်နေကြစဉ် ခပ်လှမ်းလှမ်းမှ လူရိပ်တစ်ရိပ် ထွက်ပေါ်လာလေသည်။ ထိုလူရိပ်၏ ပခုံးထက်ရှိ အဖြူရောင်အရိပ်လေးမှာ အမှောင်ထဲ၌ပင် သတိမပြုမိရန် ခက်ခဲလှသည်။ ထိုသည်မှာ ယဲ့ချန်နှင့် အမွေးပွလေးတို့ ဖြစ်ကြသည်။ 

ယဲ့ချန်၏ မျက်နှာသည် ဖြူဖျော့နေသော်လည်း ညအမှောင်ထဲတွင် သတိမထားမိနိုင်ပေ။ 

“အဲဒါ ဟိုကောင်လေးပဲ”

ကျိုးရန်က ပြောသည်။ ယဲ့ချန် သူတို့ဘက်သို့ လျှောက်လာနေသည်ကို မြင်သောအခါ ကျိုးရန်၏ နှလုံးသားက အောင့်မျက်လာသလိုပင် ခံစားလိုက်ရသည်။ 

တည်းခိုခန်းထဲရှိ ဖြစ်ရပ်ကြောင့် ကျိုးရန်သည် ယဲ့ချန်အား ကြောက်ရွံ့နေဆဲ ဖြစ်သည်။ ယဲ့ချန်၏ ကျင့်ကြံဆင့်အား သေချာမသိသည့်တိုင် ကျိုးရန်သည် ယဲ့ချန်ထံမှ လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်မျိုး ရနေသည်။ 

“သူလည်း ဒီမှာရှိနေတုန်းလား”

ဝမ်ယွဲ့သည် အံ့ဩစွာဖြင့် မေးသည်။ ယဲ့ချန်၏ အနောက်ဘက်သို့ ကြည့်လိုက်သောအခါ မီးစွဲလောင်နေသော အိမ်များ၊ အပျက်အစီးပုံများနှင့် သူတို့သုံးယောက် မကြာသေးခင်က မြင်ခဲ့သော တွင်းနက်ကြီးကို တွေ့ရသည်။ မဟုတ်မှလွဲ .. ထိုကောင်လေးသည် တွင်းနက်ကြီးထဲမှ တက်လာခဲ့ခြင်းပေလော။ 

ကျိုးရန်တို့သုံးယောက်သည် တိုက်ပွဲမဖြစ်ပွါးခင်က အဖြစ်အပျက်များကို ပြိုင်တူ ပြန်စဉ်းစားမိသွားကြသည်။ တောင်ပံပါမြွေနဂါးကြီး ထွက်ပေါ်လာချိန်တည်းက ယဲ့ချန်အား သူတို့ လုံးဝ မမြင်မိ။ ဖြစ်နိုင်တာက .. ။

ရုတ်တရက် ကြောက်မက်ဖွယ်အတွေးတစ်ခုက သူတို့သုံးယောက်လုံး၏ အတွေးထဲ ထွက်ပေါ်လာသည်။ ထိုကောင်လေးသည် တောင်ပံပါမြွေနဂါးကြီး၏ လူအသွင်များလော။ 

ထန်ထိုက်လင်နှင့် ယဲ့ချန်တို့၏ ပဟေဠိဆန်စွာ ထွက်ပေါ်လာမှုများကို ပြန်တွေးမိသော် ကျိုးရန်တို့သည် ထိုကြောက်မက်ဖွယ်အတွေးအား ပို၍ ယုံကြည်လာကြတော့သည်။ 

အဓိကအချက်မှာ ထိုကောင်လေး၏ ပုံစံက မည်သည့်ဒဏ်ရာမျှ ရရှိထားပုံမပေါ်ခြင်းပင်။ 

“တောင်ပံပါမြွေနဂါးကြီးနဲ့ ပင်လယ်မိစ္ဆာက လက်ရည်စမ်းရုံ တိုက်ခိုက်ကြတာများလား။ မဟုတ်ရင် သူတို့တွေ တည်းခိုခန်းထဲမှာ တွေ့ကတည်းက ထသတ်နေကြမှာပေါ့ မဟုတ်ဘူးလား”

လင်းထောင်၏ အသံက တုန်ယင်နေသည်။ သူသည် မြို့ထဲသို့ အရဲစွန့်ကာ ပြန်လာမိသည့်အတွက် မယုံနိုင်လောက်အောင် ကိုယ့်ကိုကိုယ် ဒေါသထွက်နေမိတော့သည်။ သူတို့အဖြစ်က တစ်ကြိမ် မြားမှန်ဖူးသောကြောင့် လေးညှို့သံကို ကြားသည်နှင့် အလွန်ကြောက်လန့်နေကြသော ငှက်များကဲ့သို့ပင်။ 

သုံးယောက်သားသည် ကြက်သေသေနေကြ၏။ မတိုင်မီက သူတို့သည် တောင်ပံပါမြွေနဂါးကြီး၏ ကြောက်မက်ဖွယ် စွမ်းအားကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည်။ ထိုသားရဲကြီးသည် ပြင်းထန်စွာ ဒဏ်ရာရထားပြီး စွမ်းအားလျော့နေလျှင်ပင် ဘယ်လူသားထက်မဆိုတော့ သာနေသေးသည်။ ယဲ့ချန်၏ ပုံစံသည် သူတို့ထင်ထားသလောက် ဒဏ်ရာပြင်းထန်ပုံ မပေါ်သောအခါ အလွန်ကြောက်ရွံ့ထိတ်လန့်မှုကြောင့် ချွေးအေးများက ခေါင်းမှ ခြေဖျားအထိ စီးကျလာကြတော့သည်။ 

သူတို့သုံးယောက်သည် ချုံပုတ်တစ်ခုနောက်တွင် ပုန်းကာ ယဲ့ချန်အား ကြောက်ရွံ့စွာ စူးစမ်းနေကြစဉ် ယဲ့ချန်သည် သူတို့ ပုန်းအောင်းနေရာသို့ တည့်တည့်မတ်မတ် လှမ်းကြည့်လာလေသည်။ ထိုမျက်ဝန်းများထဲရှိ လျှို့ဝှက်ဆန်းကြယ်သော အလင်းသည် ညအမှောင်ထုကို ဖြတ်သန်းကာ သူတို့၏ နှလုံးသားအား ဖောက်ထွင်းသွားသလို ခံစားလိုက်ရသည်။ သားရဲကြီးသည် သူတို့အား ရှာတွေ့သွားလေပြီ။ 

သုံးယောက်သား၏ မျက်နှာများသည် ဖြူဖျော့သွားကြကာ စိတ်အစဉ်သည်လည်း ရှုပ်ထွေးသွားခဲ့၏။ မှောင်မိုက်နေသော ကောင်းကင်ယံတွင် များပြားလှသော အဆိပ်မြွေများ ပျံသန်းနေသယောင် စတင်၍ ထင်ယောင်ထင်မှား ဖြစ်လာကြတော့သည်။ 

“ပြေးကြ..”

ဝှစ် .. ဝှစ် .. ဝှစ် ..

လူရိပ်သုံးရိပ်သည် အလွန်ကို သုတ်သုတ်ပျာပျာဖြင့် သေရေးရှင်ရေး အခြေအနေသို့ ကျရောက်သွားသည်အလား ထွက်ပြေးသွားကြသည်။ ပို၍ လျင်မြန်စွာ ထွက်ပြေးနိုင်ရန် ခြေထောက်အပိုများ ရှိနေဖို့ပင် ဆန္ဒရှိနေကြဟန်နှင့် ထိုလူသုံးယောက်၏ အမူအရာသည် ကတိုက်ကရိုက် နိုင်လှ၏။ ယဲ့ချန်၏ ပုံရိပ်သည် သူတို့နှလုံးသားထဲတွင် ကြောက်မက်ဖွယ်အကောင်းဆုံးအဖြစ် စွဲထင်သွားခဲ့ပြီ ဖြစ်သည်။ 

ကျိုးရန်တို့သုံးယောက် ထိတ်လန့်တကြား ထွက်ပြေးသွားသည်ကို မြင်သော် ယဲ့ချန်ပင် အနည်းငယ် အံ့ဩသွားရ၏။ အမွေးပွလေးသည် ပုံရိပ်ယောင်ထောင်ချောက် တစ်ခုမျှကိုသာ ပြုလုပ်ရသေးသော်လည်း ထိုသုံးယောက်အား အရူးလုပ်ရန် အလွန်လွယ်ကူနေခဲ့သည်။ ထိုသုံးယောက်သည် သူ့အား တောင်ပံပါမြွေနဂါးကြီးအဖြစ် မှတ်ယူသွားခြင်းကို အတန်ကြာမှ ယဲ့ချန် ရေးတေးတေး သဘောပေါက်သွားသည်။ ယဲ့ချန်သည် ထိုသုံးယောက်က သူ့သရုပ်မှန်အား သိမထားခြင်းကို အခွင့်ကောင်းယူကာ လှည့်စားရန် စွန့်စားပြီး ကြံရွယ်ခဲ့ခြင်း ဖြစ်သည်။ ထိုမျှ လွယ်လွယ်ကူကူနှင့် အောင်မြင်သွားလိမ့်မည်ဟု ထင်မှတ်မထားပေ။ 

ယဲ့ချန်သည် တောင်ပံပါမြွေနဂါးကြီး လဲကျသွားခဲ့သော တွင်းနက်ကြီး၏ ဘေးဘက်မှ ထွက်လာခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ထိုသုံးယောက် မှားယွင်း ယူဆသွားသည်ကလည်း မထူးဆန်းပါချေ။ 

ယဲ့ချန်လည်း ယခုမှ စိတ်သက်သာရာရသွားပြီး ခန္ဓာကိုယ်ထဲရှိ ဒဏ်ရာများကို အလျင်အမြန် ပြန်လည်ကုစားပြီး မြို့လေးထဲမှ ဖြည်းဖြည်းမှန်မှန် ထွက်ခွါလာခဲ့သည်။ 

“အမွေးပွလေး .. မြင်းလေး၊ ညဉ့်လေကတော့ ငါတို့ကို နှုတ်ဆက်သွားပြီ။ ကြည့်ရတာ ခြေလျင်ဆက်သွားဖို့ပဲ ရွေးချယ်ရတော့မယ် ထင်ပါရဲ့”

ယဲ့ချန်သည် ကူကယ်ရာမဲ့စွာ ပြုံးရင်း အမွေးပွလေးအား ပြော၏။ 

“ကွိ .. ကွိ ..”

အမွေးပွလေးသည် ပါးစပ်မှ အသံတချို့ ပြုရင်း ယဲ့ချန်ပခုံးထက်မှ ခုန်ဆင်းသွားသည်။ ခြေလှမ်းအနည်းငယ် သွားပြီးသောအခါ ယဲ့ချန်အား ပြန်လှည့်ကြည့်၏။ 

“ငါ့ကို ဘယ်ကိုခေါ်သွားမလို့လဲ”

ယဲ့ချန်သည် ရှူပ်ထွေးစွာ ပြန်မေးရင်း အမွေးပွလေးနောက်မှ လိုက်သွားရုံသာ တတ်နိုင်သည်။ 

မြို့ပြင်ခပ်ဝေးဝေးသို့ ရောက်သောအခါတွင်မှ ယဲ့ချန်သည် မြေပြင်ပေါ်ရှိ သွေးစက်များကို သတိထားမိသွားသည်။ သူ့နှလုံးသားသည် တစ်ချက်မျှ ဆောင့်ခုန်သွားရ၏။ 

“အမွေးပွလေး .. တောင်ပံပါမြွေနဂါးကြီးဆီကို ခေါ်သွားနေတာလား”

“ကွိ”

အမွေးပွလေးသည် ၎င်း၏ ခေါင်းသေးသေးလေးအား တဆတ်ဆတ် ညိတ်ပြလာသည်။ 

“ဒါပေမဲ့ တောင်ပံပါမြွေနဂါးကြီးက အစွမ်းထက်လွန်းတယ်လေ။ သူ့မှာ စွမ်းအားနည်းနည်းလေးပဲ ကျန်တော့တယ်ဆိုရင်တောင်၊ ငါ့ရဲ့ ဒဏ်ရာတွေအကုန် သက်သာသွားရင်တောင် ငါက သူ့ပြိုင်ဘက်မဖြစ်နိုင်သေးဘူး”

ယဲ့ချန်သည် ပူပန်စွာဖြင့် ပြော၏။ တောင်ပံပါမြွေနဂါးကြီးသည် သူ့အတွက် သန်မာလွန်းနေသည်ကို ဝန်ခံရမည်။ 

“ကွိ .. ကွိ ..”

အမွေးပွလေးသည် ခေါင်းသေးသေးလေးအား ခါယမ်းလျက် တစ်စုံတစ်ရာကို ရှင်းပြလိုဟန် ရလေသည်။ 

“ဒါဆိုလည်း ငါတို့ တစ်ချက်လောက် သွားကြည့်ကြတာပေါ့”

ခဏမျှစဉ်းစားကြည့်ပြီးနောက် ယဲ့ချန် ပြန်ဖြေလိုက်သည်။ အမွေးပွလေးအား သူ ယုံသည်။ အမွေးပွလေးသည် အခန့်မသင့်လျှင် ယဲ့ချန်အတွက်ပင် အသက်အန္တရာယ် ရှိလာနိုင်သော ကိစ္စမျိုးကို မသေချာဘဲ စွန့်စားမည်မဟုတ်ပေ။ 

လမ်းတစ်လျှောက်တွင် ယဲ့ချန်၏ ဒဏ်ရာများသည် လျင်မြန်စွာ သက်သာလာခဲ့သည်။ ထျန်းချီများသည် ၈၀ ရာခိုင်နှုန်း၊ ၉၀ ရာခိုင်နှုန်းခန့် ပြန်ပြည့်နေပြီဖြစ်ကာ ဝိညာဉ်အသိအမြင်သည်လည်း ထက်ဝက်ခန့် ပြန်လည် သက်သာနေလေပြီ။ သို့သော်လည်း ကျန်နေသေးသည့်  ဝိညာဉ်အသိအမြင်၏ ဒဏ်ရာထက်ဝက်သည် အပြည့်အဝ ပြန်လည်သက်သာရန် တော်တော်လေး ခက်ခဲသည်။ ထို့ပြင် ယဲ့ချန်သည် ဝိညာဉ်အသိအမြင်နှင့် သက်တံရောင်အလင်းတန်းတို့ ထိမိသွားသောအချိန်၌ သိမ်မွေ့နက်နဲသော ပြောင်းလဲမှုတချို့ကို တွေ့ကြုံခဲ့သည်။ မည်သို့သော ပြောင်းလဲမှုမျိုး ဖြစ်လာမည်ကိုတော့ ယဲ့ချန်လည်း တပ်အပ် မပြောနိုင်ပေ။ 

အမွေးပွလေး၏ ဦးဆောင်မှုဖြင့် မြို့ပြင်တောအုပ်ထဲတွင် နာရီဝက်ခန့် လမ်းလျှောက်ပြီးသောအခါ ယဲ့ချန်သည် တောင်ကမ်းပါးတစ်ခုသို့ ရောက်ရှိလာခဲ့သည်။ တောင်ကမ်းပါး၏ အလွန်တွင် ဖုံးကွယ်ထားသော လိုဏ်ဂူတစ်ခုသည် ကျောက်တုံးကြီးနှစ်ခုအကြား၌ ရှိနေသည်။ ကျောချမ်းစရာကောင်းသော အေးစက်မှုတစ်ခုသည် လိုဏ်ဂူထံမှ တိုးထွက်လာနေသည်ကို ခံစားရသည်။ မြူဆိုင်းနေသော တိမ်ဆိုင်များသည် လိုဏ်ဂူအဝ၌ စုဝေးနေကြ၏။ 

“ဒီနေရာလား”

ယဲ့ချန် မရေမရာဖြင့် မေးမိသည်။ သူသည် လိုဏ်ဂူဝအနီးသို့ အနည်းငယ် တိုးကပ်သွားလိုက်သည်တွင် အရိုးထဲသို့ ထွင်းဖောက်လုနီးနီး အေးစက်မှုတစ်ခုကို ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး အေးခဲသွားတော့မတတ်ပင်။ 

“အရမ်းအေးတာပဲ”

***

All Chapters