နက်ရွှေရောင် နာမည်တံဆိပ်ပြား
Vol. 10 Ch. 141
“ထျန်းတုကုန်သည် အသင်းရဲ့ တံဆိပ်ပြားတွေကို ကြက်သွေးရောင်၊ ငွေဖြူရောင်၊ နက်ရွှေရောင်ဆိုပြီး အရောင်သုံးမျိုးနဲ့ ခွဲခြားထားတယ်။ ထျန်းတုကုန်သည် အသင်းနဲ့ သတ်မှတ်ထားတဲ့ ပမာဏအထိ ပစ္စည်းတွေ လဲလှယ်ပြီးမှ ဒီတံဆိပ်ပြားတွေကို ရတာ။ နက်ရွှေရောင် တံဆိပ်ပြားကတော့ အမြင့်ဆုံးပဲ။ ချီစုဆောင်းဆေးလုံး ၁၀ သန်းကျော် တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို လဲလှယ်ထားတဲ့ ဖောက်သည်တွေကိုပဲ ထျန်းတုကုန်သည် အသင်းက နက်ရွှေရောင် တံဆိပ်ပြားကို ထုတ်ပေးတာ။ နန်းမြို့တော်မှာလည်း ထျန်းတုကုန်သည် အသင်းရဲ့ ဆိုင်ခွဲတွေရှိနေတော့ ဒီတံဆိပ်ပြားနဲ့ဆိုရင် လျှော့ဈေးတွေ ဘာတွေ ရနိုင်တာပေါ့။ ပိုက်ဆံ မလုံလောက်ရင်လည်း ချီစုဆောင်းဆေးလုံး ၂၀၀၀၀၀ စာလောက်တော့ အကြွေးယူလို့ ရနိုင်တယ်။ အဓိကအချက်ကတော့ ထျန်းတုကုန်သည် အသင်းရဲ့ နန်းမြို့တော်ဆိုင်ခွဲမှာ ကောင်းကင်ရန်အဆင့် ကျင့်ကြံသူက စောင့်ကြပ်နေတယ်။ အကူအညီလိုရင် ဒီတံဆိပ်ပြားကို ပြပြီး အကူအညီတောင်းလို့ ရတယ်”
ယဲ့ချိန်ရွှမ်းက ရှင်းပြသည်။ အရှေ့ဘက် ကုန်းမြေတိုက်ကြီးအတွင်း များပြားလှသော နိုင်ငံများအကြား လူအယောက် ၅၀ ခန့်သည်သာ ထျန်းတုကုန်သည် အသင်း၏ နက်ရွှေရောင် တံဆိပ်ပြားအား လက်ဝယ် ကိုင်ဆောင်နိုင်ကြသည်။ တော်ဝင် မိသားစုဝင်များ၌ပင် မရှိပေ။
“ဘိုးဘိုးကြီး ... တတိယဦးလေးက ဒီတံဆိပ်ပြားကို ဘယ်လိုရခဲ့တာလဲ။ လဲလှယ်မှုက အောင်မြင်သွားပြီဆိုတဲ့ သဘောလား”
ယဲ့ချန်သည် အံ့ဩစွာဖြင့် မေး၏။ သံသယ အတွေးတို့က ရုတ်တရက် ဝင်လာသောကြောင့် ယဲ့ချန်သည် တံဆိပ်ပြားအား ဝိညာဉ် အသိအမြင်ဖြင့် စစ်ဆေးကြည့်လိုက်သည်။ တံဆိပ်ပြား၌ ခြေရာကောက်နိုင်သော စွမ်းအင် တစ်စုံတစ်ရာ ရှိမနေပေ။ ကြည့်ရသည်မှာ ထျန်းတုကုန်သည် အသင်း၏ ဂုဏ်သတင်းကား အလကား ဟုတ်ပုံမရ။ သူကသာ သက်သက်မဲ့ သံသယ လွန်နေမိခြင်း ဖြစ်သည်။
“မင်းရဲ့ ဒုတိယဦးလေးနဲ့ တတိယဦးလေးက ပေ့အန်းပြည်နယ်မှာ ရှိတဲ့ ထျန်းတုကုန်သည် အသင်းရဲ့ ဆိုင်ခွဲနဲ့ ချိတ်ဆက်ပြီး လင်ကျစ်ပင်တွေကို လဲလှယ်ခဲ့တယ်လေ။ အစပိုင်းတော့ ပေ့အန်းပြည်နယ်က ဆိုင်ခွဲက ချီစုဆောင်းဆေးလုံး ၅၀၀,၀၀၀ နဲ့ ချီအဆီအနှစ် ဆေးလုံး ၅,၀၀၀ ကိုပဲ ပေးချေနိုင်ပေမဲ့ ထျန်းတုကုန်သည်အသင်း၊ ဌာနချုပ်က ကိုယ်စားလှယ် ရောက်လာတာနဲ့ တစ်ပြိုင်နက် ကျန်တဲ့ ပေးချေမှုကို အပြီးသတ် ပေးချေမယ်တဲ့လေ။ ဒီနက်ရွှေရောင် တံဆိပ်ပြား သုံးခုကတော့ ထပ်ဆောင်း လက်ဆောင်အနေနဲ့ ရခဲ့တာပဲ။ မင်းရဲ့ တတိယဦးလေးက ဒီတံဆိပ်ပြားတွေကို ပြန်လာပို့ဖို့အရေး ရက်ပိုင်းများစွာ ခရီးနှင် လာခဲ့ရတယ်။ မင်းရဲ့ ဒုတိယ ဦးလေးကတော့ ရဖို့ကျန်နေသေးတဲ့ ပေးချေမှုအတွက် ပေ့အန်းပြည်နယ်မှာ ကျန်နေရစ်ခဲ့တယ်”
ယဲ့ချိန်ရွှမ်းသည် အားတက်သရောဖြင့် ရှည်လျားစွာ ရှင်းပြသည်။
ယဲ့မိသားစုသည် လင်ကျစ်ပင်သုံးမျိုးပေါင်း ရွက်ညှာ ၁၀,၀၀၀ ခန့်ကို လဲလှယ်ခဲ့ခြင်း ဖြစ်သည်။ ထိုပမာဏသည် တော်ဝင်မိသားစု၏ နှစ်စဉ် ဝင်ငွေထက်ပင် ကျော်လွန်နေသည်။ ထျန်းတုကုန်သည် အသင်းသည်လည်း ဤလဲလှယ်မှုမှ တစ်ဆင့် အကျိုးအမြတ်များစွာ ရရှိနိုင်သည်။ ထိုသို့သော ဖောက်သည်မျိုးကို ထျန်းတုကုန်သည် အသင်းသည် လွယ်လင့်တကူ လွှတ်ပေးလိုက်ပါမည်လော။
“ထျန်းတုကုန်သည် အသင်းက ယုံကြည်ရရဲ့လား”
ယဲ့ချန်သည် သတိကြီးကြီး ထားနေဆဲဖြစ်ကာ မေးသည်။ မည်သို့ပင်ဆိုစေ မိသားစု၏ လုံခြုရေးက အရေးအကြီးဆုံး ဖြစ်သည်။
“စိတ်အေးအေးထားပါ။ လဲလှယ်မှု လုပ်နေတုန်း မင်းရဲ့ ဒုတိယဦးလေးနဲ့ တတိယဦးလေးက အများကြီး သတိထား ခဲ့ပါတယ်။ ထျန်းတုကုန်သည် အသင်းက မင်းဦးလေးတွေရဲ့ နောက်ခံကို လုံးဝမစပ်စုဘဲ စာအုပ်ကြီးအတိုင်းပဲ တိတိကျကျ ဆောင်ရွက်တယ်တဲ့လေ”
ယဲ့ချိန်ရွှမ်းသည် ပြောရင်းဆိုရင်းဖြင့် ကောင်းကင်ပထဝီအိတ် အနည်းငယ်အား ယဲ့ချန်ထံ လှမ်းပေးသည်။
“လိုရမယ်ရ ဒါတွေလည်း ယူသွားဦး”
ယဲ့ချန် တစ်ချက်ကြည့်လိုက်တော့ ထိုကောင်းကင် ပထဝီအိတ်များအတွင်း ဆေးပုလင်းများဖြင့် ပြည့်နှက်နေသည်။ အများစုကတော့ ချီစုဆောင်းဆေးလုံးနှင့် ချီအဆီအနှစ် ဆေးလုံးများ ဖြစ်ကြသည်။ အကြမ်းဖျင်း ရေတွက်ကြည့်ပြီးသော် ချီစုဆောင်းဆေးလုံး ၃၀၀,၀၀၀ ခန့်နှင့် ချီအဆီအနှစ် ဆေးလုံး ၅,၀၀၀ ခန့် ရှိကြောင်း ယဲ့ချန် ခန့်မှန်းရသည်။
“ဘာလို့ ထျန်းတုကုန်သည် အသင်းလို အင်အားစုကြီး တစ်ခုရဲ့ ဆိုင်ခွဲက ပေးချေမှုကို တစ်ခါတည်း မလုပ်နိုင်ရတာလဲ”
ယဲ့ချန်သည် တွေးဆဆဖြင့် ထပ်မေး၏။
ထိုအခါ ယဲ့ချိန်ရွှမ်းက ရယ်သည်။
“အစကတော့ သူတို့ဘက်က ချီစုဆောင်းဆေးလုံးနဲ့ ချီအဆီအနှစ် ဆေးလုံးတွေကို ဘယ်လိုကုန်သွယ်ရေး ဌာနမျိုးမှာမဆို လဲလှယ်နိုင်တဲ့ လက်မှတ်မျိုး ပေးဖို့ပဲ။ ဒါပေမဲ့ မင်းဦးလေးတွေက အဲဒီလက်မှတ်တွေက တစ်ဆင့် ယဲ့မိသားစုကို ခြေရာခံမိသွားမှာ စိုးတာနဲ့ ဆေးလုံးတွေကိုပဲ လက်ငင်းယူဖို့ ညှိနှိုင်းခဲ့တယ်လေ။ ထျန်းတုကုန်သည် အသင်းမှာက အဲဒီလက်မှတ်တွေကို အသုံးများတော့ လက်ငင်းပေးဖို့ ဆေးလုံးက အလုံအလောက် ရှိမနေဘူး ဖြစ်သွားတာ။ အဲဒါကြောင့်ပါ ... ”
“ဘိုးဘိုးကြီး ကျွန်တော့်ကို ဒီဆေးလုံးတွေ ပေးလိုက်တော့ မိသားစုဝင်တွေက ဘာနဲ့ သုံးတော့မှာလဲ”
"ငါတို့သုံးဖို့ ချီစုဆောင်းဆေးလုံး ၂၀၀,၀၀၀ ယူထားပါတယ်၊ ဒီလောက်ဆို လုံလောက်ပြီ။ မင်းရဲ့ ဦးလေးနှစ်ယောက် ပြန်လာတဲ့အခါ ပါလာမဲ့ ဆေးလုံးတွေက ရေတွက်လို့တောင် ကုန်မှာမဟုတ်ဘူး”
ယဲ့ချိန်ရွှမ်းက ပြောသည်။ သူ့တူနှစ်ယောက် ပြန်လာလျှင် ဆေးလုံး အရေအတွက် မည်မျှပါလာမည်ကို အတိအကျ မခန့်မှန်းနိုင်သော်လည်း ချမ်းသာ ကြွယ်ဝမှုကြီးတစ်ခု ဖြစ်နေမည်ကတော့ ကျိန်းသေသည်။ ထိုပိုင်ဆိုင်မှုသည် ဘုရင့်ဘဏ္ဍာတိုက်နှင့်ပင် ယှဉ်နိုင်သည်ဟု ဆိုခြင်းက ချဲ့ကားပြောခြင်း မဟုတ်ပါချေ။ ထိုအချိန်သို့ ရောက်လျှင် ယဲ့မိသားစုဝင်များသည် ဆေးလုံးအား မည်ကဲ့သို့ ကုန်အောင် သုံးရမည်ကိုသာ စိတ်ပူရန် ရှိတော့သည်။
ယဲ့ချန်လည်း ခဏမျှ တွေးကြည့်ပြီးသော် မငြင်းတော့ပေ။ နန်းမြို့တော်သို့ ခရီးတစ်လျှောက်တွင် ကုန်ကျစရိတ်များစွာ ရှိမည် ဖြစ်သည်။ ထို့ကြောင့် ယဲ့ချိန်ရွှမ်း ပေးသော ကောင်းကင် ပထဝီအိတ်များအား လက်မောင်းကာအတွင်း ထည့်သိမ်းထားလိုက်၏။
“ချန်အာ အနာဂတ်မှာ ငါတို့ ဘယ်လို ဆက်သွယ်ကြမလဲ”
ယဲ့ချိန်ရွှမ်းက မေးသည်။ နန်းမြို့တော်သည်ကား အလွန်ကြီးမားသော မြို့တော်ကြီး ဖြစ်သည့်အပြင် ဝင်ထွက်ရန် မလွယ်ကူသည့် ကန့်သတ်ထားသော နေရာများက ရှိသေးသည်။ ယဲ့ချန် ရှိနေသော နေရာအား သိထားလျှင်ပင် ဆက်သွယ်မှု ရဖို့တော့ မလွယ်ကူပေ။
ယဲ့ချန်သည် အနည်းငယ် တွေးတောပြီးနောက် ပြန်ဖြေသည်။
“တကယ်လို့ မိသားစုဝင် တစ်ယောက်ယောက်က နန်းမြို့တော်မှာ ကျွန်တော့်ကို လာရှာချင်ရင် လင်းတနီကိုသာ စီးလာလိုက်။ ကျွန်တော့်မှာ သူတို့နဲ့ ဆက်သွယ်နိုင်တဲ့ နည်းလမ်းရှိတယ်”
မှော်သားရဲများနှင့် သခင်အကြားရှိ ဆက်သွယ်မှု အနေနှင့် ယဲ့ချန်သည် လင်းတနီနှင့် မိုင် ၁၀၀၀ ခန့် အကွာကပင် အချိန်မရွေး ဆက်သွယ်နိုင်ပေသည်။
“ကောင်းပြီ”
ယဲ့ချိန်ရွှမ်းက ခေါင်းညိတ်သည်။ ထိုသို့ဆိုလျှင်တော့ ပြဿနာ အထူးတလည် မရှိတော့ချေ။
ချီစုဆောင်း ဆေးလုံးနှင့် ချီအဆီအနှစ် ဆေးလုံးများအပြင် ယဲ့ချန်သည် လင်ကျစ်ပင် သုံးမျိုးကိုလည်း ရွက်ညှာ ၁,၀၀၀ ခန့်စီ လက်မောင်းကာထဲသို့ လိုရမယ်ရ ထည့်ထားလိုက်သည်။
အစစအရာရာ အသင့် ပြင်ဆင်ပြီးသောအခါ ယဲ့ချန်သည် နန်းမြို့တော်သို့ ထွက်ခွာရန် အသင့် ဖြစ်နေလေပြီ။
သည်တစ်ကြိမ်ခရီး၌ ယဲ့ချန်သည် အမွေးပွလေးကိုသာ အတူတကွ ခေါ်ဆောင်သွားမည် ဖြစ်သည်။ လူဝံဖြူနှင့် အခြား မှော်သားရဲများအား ချိုင့်ဝှမ်းဝင်ပေါက်၌ စောင့်ကြပ်နေစေခဲ့သည်။ သူသည် ဝိညာဉ် အသိအမြင်၏ အပိုင်းအစ တစ်ခုကိုလည်း ချိုင့်ဝှမ်းထဲ၌ ချန်ရစ်ခဲ့သည်။ သို့ဖြစ်၍ နတ်သူငယ်အဆင့် အောက်ရှိ ကောင်းကင်သားရဲများနှင့် မှော်သားရဲများသည် ပြဿနာ ရှာရဲတော့မည် မဟုတ်။ အကယ်၍ နတ်သူငယ်အဆင့် ကောင်းကင်သားရဲ အရှင်သခင် တစ်ပါး ရောက်လာခဲ့လျှင်ပင် ဝိညာဉ် အသိအမြင်အား အာရုံခံမိပြီးနောက် အကြောင်းမဲ့သက်သက် ချိုင့်ဝှမ်းထဲသို့ ကျူးကျော်လိမ့်မည် မဟုတ်ပေ။
ယဲ့ချန်သည် နန်းမြို့တော်၏ မြင်ကွင်းအား ပုံဖော်ကြည့်မိသည်။ မိသားစုဝင်များထံမှ ကြားရသလောက် နန်းမြို့တော်ကား ကြီးကျယ် ခမ်းနားလှသည်ဟု ဆိုသည်။ ထို့ကြောင့် သူသည် တစ်နည်းနည်းဖြင့် စူးစမ်းလိုစိတ် ဖြစ်ပေါ်နေရ၏။
ထို့ပြင် ယဲ့ချန်သည် လက်တလော၌ ဆေးဖော်စပ်ခြင်းအား အထူးစိတ်ဝင်စားနေရာ ဆရာရွှမ်းယီ၏ လက်အောက်တွင် တပည့်ခံရင်း သင်ယူစရာများ အလွန် များပြားနေမည်မှာ သေချာပေသည်။
ယဲ့ချန်သည် ချိုင့်ဝှမ်းထဲ၌ သုံးရက်နေကာ မိသားစုဝင် တစ်ယောက်ချင်းစီအား သေချာနှုတ်ဆက်ပြီးမှ တုန်းလင်မြို့သို့ ဦးစွာ သွားခဲ့သည်။ တုန်းလင်မြို့၌ အရာအားလုံး အစီအစဉ်တကျ ရှိနေပြီး ယဲ့ကျန့်ထျန်းသည် ရွှီမိသားစု ဦးဆောင်သည့် သိုင်းပညာ မိသားစုကြီးများ၏ ကူညီထောက်ပံ့မှုကို ရရှိထားသည်။ ယဲ့ကျန့်ထျန်း ကိုယ်တိုင်က ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူ ဖြစ်သည့်အပြင် အဆင့် ၁၀ သားရဲများကို အမိန့် ပေးနိုင်နေသေးရာ ဘယ်သူကမှ သူ့အား မဆန့်ကျင်ရဲပေ။ ယဲ့မိသားစု၏ ဂုဏ်အရှိန်က ပို၍ ထွန်းတောက်လာနေသည်။ ထပ်ပေါင်းပြောရသော် ယဲ့ချန်သည် တုန်းလင်မြို့ခံများထဲ၌ ယဲ့မိသားစုမှ သူလျှိုတချို့ ထည့်ထားခဲ့သေးရာ ယဲ့ကျန့်ထျန်းသည် မြို့ခံများ၏ ထောက်ခံ အားပေးမှုကိုလည်း ရရှိနေပြီး ပြဿနာများကို ချောချောမွေ့မွေ့ ဖြေရှင်းနိုင်ခဲ့သည်။ သို့သော်လည်း ကိစ္စတို့က ယခုမှ အခြေကျစသာ ရှိနေသေးသောကြောင့် ဖြေရှင်းရမည့် ပြဿနာများကတော့ တစ်ခုပြီးတစ်ခု လက်မလည်အောင် ရှိနေသည်။
တုန်းလင်မြို့တွင် အခြေအနေများ ငြိမ်သက် အေးချမ်းကြောင်း အတည်ပြုပြီးမှ ယဲ့ချန်သည် ဖခင်ဖြစ်သူအား နှုတ်ဆက်ကာ ထွက်ခွာလာခဲ့သည်။ အမွေးပွလေးအား ပခုံးထက်တွင် တင်လျက် ပထမတန်းစား ညဉ့်လေမြင်းတစ်ကောင်ဖြင့် ယဲ့ချန်၏ ခရီးကား စတင်ခဲ့သည်။
ဤသည်မှာ ခရီးရှည်ကြီး ဖြစ်ပြီး နန်းမြို့တော်သို့ ရောက်ရှိရန် အချိန်မည်မျှ ကြာမည်ကို ယဲ့ချန်လည်း မသေချာပေ။
သိမ်းငှက်နက်နှင့် လင်းတနီတို့ မအားလပ်သည်က နှမြောစရာပင်။ ထိုငှက်နှစ်ကောင်နှင့်သာ ပျံသန်းသွားရပါက နန်းမြို့တော်သို့ အချိန်တိုအတွင်း ရောက်ရှိနိုင်သည်။
မည်သို့ပင်ဆိုစေ မြင့်မားသော တောင်တန်းနှင့် မတ်စောက်သော တောင်ရိုးတို့ကို အဖော်ပြု၍ သွားလာနေရင်းဖြင့် အချိန်သည် အဓိက မကျတော့ပေ။ ကျောက်စိမ်းမျှော်စင်ထဲမှ ထွက်လာပြီးတည်းက ယဲ့ချန်၏ ဝိညာဉ် အသိအမြင်သည် ပိုမိုသန်မာလာသည်။ အမွေးပွလေး၏ ၆ ချောင်းမြောက် အမြီးသည်လည်း တစ်ဝက်ကျော်ထိ ရှည်လာပြီး အဆင့် ၁၀ ထိပ်ဆုံးဆင့် ကောင်းကင်သားရဲ ဖြစ်နေပြီဖြစ်ရာ မှော်သားရဲသုံးကောင်အား ယဉ်ပါး စေနိုင်နေလေပြီ။ ခရီးတစ်လျှောက်၌ ယဉ်ပါးစေရန် သင့်လျော်သော သားရဲ ရှိ၊ မရှိကို ရှာဖွေကြည့်ရန် ယဲ့ချန် တွေးလိုက်သည်။
ယခုတွင်တော့ ယဲ့ချန်သည် အဆင့် ၁၀ ထိပ်ဆုံးဆင့် မှော်သားရဲများကို နည်းနည်းလေးတောင်မှ စိတ်မဝင်စားတော့ပေ။ ဖြစ်နိုင်လျှင် သူက ကမ္ဘာမြေအဆင့် မှော်သားရဲများကို ယဉ်ပါးနိုင်ရန် ကြိုးစားကြည့်ချင်သည်။ ကမ္ဘာမြေအဆင့် မှော်သားရဲသည် ကမ္ဘာမြေရန်အဆင့် ကျင့်ကြံသူအောက် အနည်းငယ်မျှပင် စွမ်းအားနိမ့်ကျခြင်း မရှိရာ ယဉ်ပါးစေရတာ တန်ပေသည်။
သို့သော် ဝိညာဉ် အသိအမြင်က ကမ္ဘာမြေအဆင့် မှော်သားရဲအား လွှမ်းမိုးနိုင်ပါ့မလား ယဲ့ချန်လည်း တပ်အပ်မပြောနိုင်ဘဲ ရှိသည်။ အကယ်၍ ကမ္ဘာမြေအဆင့် မှော်သားရဲ တစ်ကောင်ကောင်နှင့် ကြုံလာလျှင် ကြိုးစားကြည့်လိုက်မည်။ ရတော့လည်းရ၊ မရတော့လည်း လက်လျှော့လိုက်ရုံသာ။ ကောင်းကင်အဆင့် မှော်သားရဲနှင့် ကြုံလာရလျှင်ပင် ယဲ့ချန်သည် ထိုမှော်သားရဲအား မယဉ်ပါး စေနိုင်လျှင်တောင် အနည်းဆုံး ကြောက်လန့်သွားအောင် မောင်းထုတ်နိုင်ဖို့တော့ ယုံကြည်ချက်ရှိ၏။
***