← Chapters

ငါ အများကြီး စားနိုင်တယ်

Vol. 11 Ch. 150

ငါ အများကြီး စားနိုင်တယ်

Vol. 11 Ch. 150

ထျန်းချီသည် ထိုအအေးဓာတ်အား ကာကွယ်မပေးနိုင်ရာ ယဲ့ချန်၏ ခန္ဓာကိုယ်သည် ခဏချင်းအတွင်း နှင်းခဲများဖြင့် ဖုံးလွှမ်းသွားရသည်။ 

“ဒီနေရာမှာ ဘာလို့ အရမ်းအေးနေရတာလဲ”

ယဲ့ချန်သည် ရေရွတ်ရင်း လိုဏ်ဂူအတွင်းဘက်သို့ လှမ်းကြည့်မိသည်။ လိုဏ်ဂူ၏ အနက်အား အမြင်အာရုံသက်သက်ဖြင့် မခန့်မှန်းနိုင်ပေ။ အပြင်ဘက်၌ပင် အလွန်အေးနေပုံထောက်လျှင် အတွင်းဘက်တွင် ပို၍ အေးရပေမည်။ 

ယဲ့ချန် အမွေးပွလေးအား ကြည့်လိုက်တော့ ၎င်းသည် အအေးဓာတ်များအား ခန္ဓာကိုယ်ထဲသို့ ဖြည်းဖြည်းချင်းစီ စုပ်ယူနေကြောင်း တွေ့လိုက်ရ၏။ အမွေးပွလေးအား ကြည့်ရသည်မှာ စိတ်လှုပ်ရှားပျော်ရွှင်နေပုံပင် ပေါ်သေးသည်။ “မှော်သားရဲများကျင့်ကြံနည်း ကောင်းကင်လမ်းညွှန်” စာအုပ်ထဲရှိ ကျင့်ကြံနည်းစနစ်သည် ရေခဲသဘာဝကျင့်စဉ် ဖြစ်သည်။ ထပ်ပေါင်းဆိုရလျှင် အမွေးပွလေးသည် ယဲ့ချန် ကျင့်ကြံနေချိန်များတွင် ပိုလျှံထွက်လာသော ပီရှို့ထံမှ ထျန်းချီများကို ဘေးမှနေ၍ စုပ်ယူခဲ့သေးသည်။ ထို့ကြောင့် အမွေးပွလေး၏ ကျင့်ကြံခြင်းက အဆင့်တစ်ခုသို့ တက်လှမ်းနိုင်ခဲ့ကာ ရှုပ်ထွေးဆန်းကြယ်လာသည်။ အမွေးပွလေးသည် လိုဏ်ဂူထဲမှ အအေးဓာတ်များအား စုပ်ယူကာ ကိုယ်တိုင် အသုံးပြုနိုင်နေလေပြီ။ 

လေရဲ့ အအေးဓာတ်ကိုလည်း စုပ်ယူလို့ရတယ်လား .. ။

ယဲ့ချန် အတွေးနက်သွားသည်။ ထို့နောက် ချက်ချင်းဆိုသလို သူ့ခန္ဓာကိုယ်ထဲရှိ ထျန်းချီများအား “ဆန်းကြယ်ရေခဲ” ကျင့်စဉ်ဖြင့် လှည့်ပတ်လိုက်သည်။ ခဏချင်းအတွင်း ယဲ့ချန်သည် အေးစက်မှုကို လုံးဝမခံစားရတော့ပေ။ လိုဏ်ဂူဝတွင် ရူးသွပ်ဖွယ် တိုက်ခတ်နေသည့် လေအေးများသည် ဒလဟောစီးဆင်းနေသော ရေအလျဉ်ကဲ့သို့ ယဲ့ချန်ထံ စီးဆင်းလာကြသည်။ 

ယဲ့ချန်၏ ခန္ဓာကိုယ်သည် အရှိန်အဟုန်ပြင်းပြင်းနှင့် လည်ပတ်နေသော ဝဲကတော့ကြီးကဲ့သို့ လေအေးများကို အငမ်းမရ စုပ်ယူနေခဲ့သည်။ ရေခဲစွမ်းအင်ထျန်းချီများမှ ဖြစ်ပေါ်လာသော ရေခဲစွမ်းအင်ဝဲကတော့သည် တန့်ထျန်ထဲရှိ ကြယ်တာရာဘုံကိုးလွှာ၏ စွမ်းအင်ကိုးမျိုးထဲတွင် ဖြစ်ပေါ်လာသည်။ ထို့နောက် ဆန်စေ့အရွယ်ခန့်ရှိသည့် ပုတီးစေ့လေး ဖြစ်ပေါ်လာ၏။ မီးစွမ်းအင်ထျန်းချီများမှ ဖြစ်ပေါ်လာသည့် ပုတီးစေ့လေးကဲ့သို့ ထပ်တူညီစွာပင်။ အခြားသော စွမ်းအင် ၇ မျိုး၏ ချီဝဲကတော့များတွင်တော့ ပြောင်းလဲမှုတစ်စုံတစ်ရာ မရှိသေးပေ။ 

ယဲ့ချန်၏ ခန္ဓာကိုယ်ထဲရှိ ထျန်းချီများသည် သိသိသာသာကို မြင့်တက်လာသည်။ လေအေးများကို စုပ်ယူပြီးနောက် မတည်ငြိမ်သေးသည့် ထျန်းချီများသည် ရုတ်ခြည်း တည်ငြိမ်သွားခဲ့ရုံမက ထုထည်ကြီးမားစွာ တိုးတက်ခဲ့သေးသည်။ လေအေးများကို ဆက်လက်စုပ်ယူနေပါက ထျန်းချီအဆင့် ၁၀ ထိပ်ဆုံးဆင့်သို့ပင် တိုက်ရိုက် တက်လှမ်းသွားနိုင်လောက်သည်။ 

လိုဏ်ဂူအတွင်းဘက်၌ မည်သည့်အရာ ရှိနေ၍ အအေးဓာတ်များက အလွန်ပြင်းထန်နေရသည်ကို ယဲ့ချန် တွေးမရပေ။ သို့သော် တောင်ပံပါမြွေနဂါးကြီးက အထဲ၌ ပုန်းအောင်းနေသည်ကတော့ သေချာသည်။ သူသာ လက်လွတ်စပယ် ဝင်သွားပါက ဒုက္ခရောက်သွားနိုင်သည်။ 

“ကွိ”

ယဲ့ချန် တွေးနေတုန်းရှိသေးသည်၊ အမွေးပွလေးကား ထိန်းမရသိမ်းမရဖြင့် လိုဏ်ဂူထဲသို့ ပြေးဝင်သွားလေသည်။ 

အမွေးပွလေး ဝင်သွားမှတော့ ယဲ့ချန်လည်း နောက်မှ လိုက်ရုံသာ ရှိတော့သည်။ 

လိုဏ်ဂူတစ်ခုလုံးသည် နှင်းခဲများဖြင့် ပြည့်နှက်နေသည်။ လိုဏ်ဂူမျက်နှာကျက်မှ တွဲလောင်းကျနေသော ရေခဲပန်းဆွဲများကိုလည်း တွေ့ရသည်။ ဤနေရာတွင် လူတစ်ယောက်ကသာ လေရှူထုတ်လိုက်ပါက ထိုပူနွေးသည့်လေသည် ချက်ချင်းလက်ငင်း ရေခဲအဖြစ် ပြောင်းလဲသွားလောက်သည်။ ယဲ့ချန်သာ ရေခဲစွမ်းအင်ထျန်းချီများကို ခန္ဓာကိုယ်ထဲတွင် လှည့်လည်မထားပါက ယခုလောက်ဆိုလျှင် အေးခဲပြီး သေသွားလောက်ချေပြီ။ လိုဏ်ဂူ၏ အကွေ့တစ်ခုသို့ ရောက်သောအခါ ယဲ့ချန်သည် အကောင်လိုက် ခဲနေသော ကြွက်များနှင့် ပိုးတောင်မာများကို တွေ့လိုက်ရသည်။ ၎င်းအကောင်လေးများသည် လိုဏ်ဂူထဲသို့ လမ်းမှားကာ ဝင်ရောက်လာခဲ့ပြီးနောက် အေးခဲသွားရခြင်း ဖြစ်နိုင်သည်။ 

သတိအပြည့်နှင့် ယဲ့ချန် ရှေ့သို့ ဆက်လျှောက်လာခဲ့သည်။ ကျဉ်းမြောင်းသော နေရာများ၊ မှောင်မည်းနေသော နေရာများကို ကျော်ဖြတ်လာပြီးနောက် ရုတ်တရက် ကြီးမားသော ရေခဲဂူကြီးတစ်ခုကို မြင်လိုက်ရလေသည်။ ရေခဲဂူကြီးသည် မီတာရာကျော် ကျယ်ဝန်းပြီး မီတာ ၂၀ ကျော် မြင့်သည်။ အလင်းရောင်သည် မည်သည့်နေရာမှ ဖြာကျနေသည်ကို ယဲ့ချန် မသေချာသော်လည်း နေရာတစ်ခုလုံးသည် သလင်းရောင် ကြည်လင်နေသော အလင်းရောင်လေးဖြင့် လွှမ်းခြုံနေသည်။ သလင်းပုံဆောင်ခဲ၏ အတွင်းဘက်တွင်ရှိသော လျှို့ဝှက်နေရာလေးနှယ်ပင်။ လွင့်မျောနေသော ရေခဲမြူမှုန်လေးများကို ပေါင်းစပ်လိုက်သော် စိတ်ကူးယဉ်အိမ််မက်ဆန်သော နေရာတစ်ခုသို့ ရောက်နေသည့်အလား ယဲ့ချန် ခံစားနေရသည်။ 

ယဲ့ချန် အရှေ့ဘက်သို့ မျှော်ကြည့်လိုက်သောအခါ လိုဏ်ဂူနံရံများမှတစ်ဆင့် ဆက်သွယ်ထားသော တွင်းပေါက်များကို တွေ့ရသည်။ ဤလိုဏ်ဂူထဲတွင် ပို၍ ကျယ်ဝန်း၊ ပို၍ နက်ရှိုင်းသော နေရာများ ထပ်ရှိနေသေးပုံ ပေါ်သည်။ 

မြေပြင်ပေါ်တွင် သွေးစက်တချို့ကိုလည်း ယဲ့ချန် တွေ့ရသည်။ တောင်ပံပါမြွေနဂါးကြီး၏ သွေးစက်များ ဖြစ်ဟန်ရသည်။ 

“ကွိ”

အမွေးပွလေးသည် ယဲ့ချန်ဘက်သို့ လှမ်းကြည့်ကာ အဖြူရောင် လက်တုတ်တုတ်လေးများကို ဝှေ့ယမ်း၍ ခေါ်လေသည်။ ၎င်းက ရေခဲဂူ၏ အလယ်ရှိ ရေကန်နားတွင် ဆောင့်ကြောင့်လေး ထိုင်နေသည်။ 

ယဲ့ချန်သည် အမွေးပွလေးထံ လျှောက်သွားလိုက်တော့ နှင်းရိုက်နေသော ရေကန်ကို တွေ့ရသည်။ ရေကန်သည် ၃ မီတာခန့် ကျယ်ပြီး ၅ မီတာ၊ ၆ မီတာခန့် နက်မည်ဟု ခန့်မှန်းရသည်။ ရေကန်မျက်နှာပြင်တွင် လှိုင်းတွန့်လေးများ ထနေပြီး ရေ၏ ကြည်လင်မှုကြောင့် ရေကန်အောက်ခြေသို့တိုင် အကြည့်တစ်ချက်မျှနှင့် မြင်နိုင်သည်။ 

အမွေးပွလေး စူးစိုက်ကြည့်နေရာသို့ လိုက်ကြည့်မိရာဝယ် ရေကန်အောက်ခြေ၌ ပြည့်နှက်နေသော ကျောက်တုံးများကို မြင်ရ၏။ ထိုကျောက်တုံးများသည် မြစိမ်းရောင် အဆင်းရှိပြီး အညစ်အကြေးဟူ၍ အလျဉ်းမရှိဘဲ အလွန်တရာ သန့်စင်ပုံ ပေါ်သည်။ 

အမွေးပွလေး၏ အပျော်လွန်နေပုံကိုကြည့်ကာ ယဲ့ချန် တွေးမိသည်။ 

'ဒီကျောက်တုံးတွေက ရတနာအမျိုးအစား တစ်ခုခုများလား'

ယဲ့ချန်သာ ထိုကျောက်တုံးများကို ဆယ်ယူလိုပါက ရေကန်ထဲသို့ ဆင်းယူရန်သာ ရှိသည်။ ကျောက်တုံးများအား မည်သို့မည်ပုံ ဆယ်ယူရမည်နည်းဟု ယဲ့ချန် အတွေးများနေစဉ် ရေခဲဂူတစ်ခုလုံးသည် ငလျင်လှုပ်သကဲ့သို့ တုန်ခါလာလေသည်။ ဧရာမ သတ္တဝါကြီးတစ်ကောင်က သူတို့ရှိနေသော ရေခဲဂူထံသို့ ချဉ်းကပ်လာကြောင်း ယဲ့ချန် ခံစားမိလိုက်သည်။ 

တောင်ပံပါမြွေနဂါးကြီးများလား .. ။

ယဲ့ချန် လန့်ဖျပ်ကာ နှလုံးခုန်သံများပင် မြန်သွားရသည်။ သူ၏ ထျန်းချီများသည် အပြည့်အဝ ပြန်လည် ပြည့်တင်းနေပြီ ဖြစ်သော်ငြား ဝိညာဉ်အသိအမြင်ကတော့ အပြည့်အဝ မသက်သာသေးပေ။ တောင်ပံပါမြွေနဂါးကြီးနှင့် ရင်ဆိုင်ရပါက သူ ခုခံနိုင်ပါ့မလား ယဲ့ချန် မသေချာလှ။ ထန်ထိုက်လင်နှင့် တိုက်ပွဲ၌ တောင်ပံပါမြွေနဂါးကြီး ထုတ်လွှတ်ခဲ့သော ကြောက်မက်ဖွယ် စွမ်းအားများကို ပြန်တွေးမိသော် ယဲ့ချန်၏ မျက်လုံးများထဲ စိုးရိမ်ပူပန်မှုတို့ ဖြစ်ပေါ်လာရသည်။ ထိုအချိန်တွင် သူ၏ ဝိညာဉ်အသိအမြင်သည် အသံထွက်ပေါ်လာရာဘက်သို့ သတိမပြတ် စောင့်ကြည့်နေခဲ့သည်။ 

“ကွိ ..”

အမွေးပွလေးသည် အသံပြုကာ ၎င်း၏ စိတ်ဝိညာဉ်အား ထုတ်လွှင့်လိုက်လေသည်။ 

ရောက်ရှိလာသူကား အမှန်ပင် တောင်ပံပါမြွေနဂါးကြီး ဖြစ်သည်။ တောင်ပံပါမြွေနဂါးကြီး၏ မီတာရာကျော်ရှည်သော ခန္ဓာကိုယ်ကြီးသည် လှုပ်လီလှုပ်လဲ့ဖြင့် လျှောက်လှမ်းလာပြီး နံရံထက်ရှိ ရေခဲပန်းဆွဲများသည် ၎င်း၏ ခန္ဓာကိုယ်ကြီးနှင့် တိုက်မိကာ ရေခဲအပိုင်းအစများအဖြစ် ကျိုးကြေကုန်ကြသည်။ 

အတန်ကြာပြီးနောက် တောင်ပံပါမြွေနဂါးကြီးသည် ယဲ့ချန်နှင့် အမွေးပွလေးတို့ ရှိနေသော ရေခဲဂူအဝသို့ ရောက်လာသည်။ ၎င်းသည် ရေခဲဂူထဲတွင် ရှိနေသည့် ယဲ့ချန်နှင့် အမွေးပွလေးတို့အား စိုက်ကြည့်ကာ ကြက်သွေးရောင်လျှာကြီးအား ထုတ်၍ တရှူးရှူးအသံမြည်အောင် အော်လာသည်။ 

တောင်ပံပါမြွေနဂါးကြီး၏ လက်ရှိပုံစံသည် မြို့လေးထဲတွင် ယဲ့ချန် တွေ့ခဲ့ရသော ပုံစံထက် ပိုအားနည်းနေသည်။ ၎င်း၏ ခန္ဓာကိုယ်ထက်ရှိ အပြာရောင် အကြေးခွံများသည်ပင် မှေးမှိန်နေကြသည်။ လတ်ဆတ်သော သွေးစက်လက်နှင့် ဒဏ်ရာအချို့လည်း ရှိနေသေး၏။ 

“လူသား ဒီနေရာက ငါ့ပိုင်နက်။ မြန်မြန်ထွက်သွား .. မဟုတ်ရင် ငါ မင်းတို့ကို စားပစ်လိုက်မယ်”

တောင်ပံပါမြွေနဂါးကြီးသည် ခြိမ်းခြောက်လာ၏။ ဒဏ်ရာရထား၍ အားနည်းနေခြင်းကြောင့်လားတော့ မသိ၊ ၎င်း၏ မူလက အက်ကွဲသော အသံသည် တစ်မျိုးတစ်မည် ထူးဆန်းကာ အတန်ငယ် ကလေးဆန်သော ရယ်ရွှင်ဖွယ်အသံမျိုး ဖြစ်နေသည်။ 

ယဲ့ချန် မျက်မှောင်ကြုတ်မိသည်။ ဤသားရဲကြီးသည် သူ မြို့ထဲတွင် ကြုံခဲ့ရသော ဘဝင်မြင့်နေသည့် သားရဲကြီးနှင့် ကွဲပြားနေသယောင် ခံစားရသည်။ သို့သော် လက်တလောတွင် ယဲ့ချန်သည် ထိုကွဲပြားမှုကို အဖြေမရှာအားသေး။ 

“ကွိ”

အမွေးပွလေးက တောင်ပံပါမြွေနဂါးကြီးအား တစ်စုံတစ်ရာ လှမ်းပြောလိုက်သည်။ သို့သော် ထိုတစ်စုံတစ်ရာကို ယဲ့ချန် နားမလည်ပေ။ 

“ရှူး”

တောင်ပံပါမြွေနဂါးကြီးကလည်း ၎င်း၏ ကြက်သွေးရောင်လျှာကြီးကို လှုပ်ယမ်း၍ တစ်စုံတစ်ရာ ပြန်ပြောသည်။ 

ယဲ့ချန်သည် အမွေးပွလေးနှင့် တောင်ပံပါမြွေနဂါးကြီးတို့ ပြောနေကြသော စကားများကို နားမလည်သောကြောင့် စိတ်ပူပန်နေရဆဲ။ ဖြည်းညှင်းစွာနှင့် ဝိညာဉ်အသိအမြင်ကို ထုတ်လွှင့်ထားသောကြောင့် ရွှေရောင်ချပ်ဝတ်ဖြင့် ဝိညာဉ်စစ်သည်တော်သည် ယဲ့ချန်နောက်ဘက်ရှိ လေဟာနယ်ထဲတွင် ထွက်ပေါ်လာသည်။ ဝိညာဉ်အသိအမြင်က ကြောက်မက်ဖွယ် တောင်ပံပါမြွေနဂါးကြီးအပေါ် သက်ရောက်မှု မရှိလျှင်ပင် ယဲ့ချန်သည် ဘာမှမလုပ်ဘဲတော့ ထိုင်မနေနိုင်။ ထန်ထိုက်လင်နှင့် တိုက်ခိုက်ပြီးနောက် တောင်ပံပါမြွေနဂါးကြီး၏ စွမ်းအားက အရမ်းကြီး မြင့်မားမနေတော့ဖို့ မျှော်လင့်ရမည်။ မဟုတ်ပါက ယဲ့ချန်နှင့် အမွေးပွလေးတို့ အစွမ်းကုန်ကြိုးစားလျှင်ပင် တောင်ပံပါမြွေနဂါးကြီးအား ယှဉ်နိုင်ခြေမရှိဘဲ အချည်းနှီး ဖြစ်ရပေလိမ့်မည်။ 

သေရေးရှင်ရေး အခြေအနေတွင် ယဲ့ချန်၏ စိတ်အစဉ်သည် တာအိုဒေသနာထဲ၌ နစ်မျောသွားပြီး တောင်ပံပါမြွေနဂါးကြီး၏ လှုပ်ရှားမှုတိုင်းအား အသေးစိတ် စောင့်ကြည့်နေခဲ့သည်။ 

“တိုက်ခိုက်ချင်တယ်ဆိုလည်း လာခဲ့”

ယဲ့ချန်သည် လက်မောင်းကာထဲမှ ငရဲအက်ကွဲဓားအား ထုတ်ယူလိုက်ကာ တောင်ပံပါမြွေနဂါးကြီးထံ စူးစိုက်ကြည့်ရင်း ပြောလိုက်၏။  

တောင်ပံပါမြွေနဂါးကြီးသည် အမွေးပွလေးနှင့် အတန်ကြာ စကားပြောနေပြီးနောက် တွေဝေတုံ့ဆိုင်းသွားဟန် ရသည်။ ၎င်း၏ ကြီးမားသော မျက်လုံးများထဲ၌ အဝါရောင်အလင်းတစ်ချက် တောက်ပသွားသည်။ ထိုအဝါရောင်အလင်းသည် တစ်မူထူးခြားနေခဲ့ပြီး တောင်ပံပါမြွေနဂါးကြီး၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော ကြောက်စရာကောင်းသည့် ဖိအားကို လျော့ပါးသွားစေသည်။ 

“ငါ အများကြီး စားနိုင်တယ် ..”

တောင်ပံပါမြွေနဂါးကြီးသည် ၎င်း၏ ပါးစပ်ကြီးအား ဖွင့်ဟကာ ပြောလာသည်။ ထူးဆန်းစွာပင် ထိုအသံထဲ၌ အတန်ငယ် ကလေးဆန်သော လေယူလေသိမ်းမျိုး ပါဝင်နေ၏။ 

တောင်ပံပါမြွေနဂါးကြီး၏ စကားကိုကြားသော် ယဲ့ချန်၏ နှလုံးခုန်သံသည် ပိုမြန်လာရသည်။ သူ သိနေသည်။ တောင်ပံပါမြွေနဂါးကြီးသည် ကောင်းမွန်သော သားရဲကြီး ဟုတ်မနေပေ။ မဟုတ်မှလွဲ .. ၎င်းက သူနှင့် အမွေးပွလေးတို့အား စားပစ်မည်ဟု ခြိမ်းခြောက်နေခြင်းပေလော။ 

“ကွိ ..”

အမွေးပွလေးသည် လက်တစ်ဖက်အား ဝှေ့ယမ်းလျက် ခံ့ခံ့ညားညား အမူအယာနှင့် တစ်စုံတစ်ရာကို ပြန်ပြောနေသည်။ 

“ငါ နွားရိုင်းသုံးကောင်နဲ့ သိုးငါးကောင်ကို တစ်နေ့တည်းနဲ့ စားနိုင်တယ်”

တောင်ပံပါမြွေနဂါးကြီးက ထပ်ပြောလာပြန်သည်။ 

တောင်ပံပါမြွေနဂါးကြီးသည်ကား တစ်နေ့တည်းနှင့် နွားရိုင်းသုံးကောင်နှင့် သိုးငါးကောင်အား စားနိုင်သည်ဟု ဆိုသည်။ ယဲ့ချန်နှင့် အမွေးပွလေးတို့၏ ခန္ဓာကိုယ်အရွယ်အစားအရ တောင်ပံပါမြွေနဂါးကြီးအတွက် သွားကြားပင် ညပ်ပါ့မလား မသိပေ။ ယဲ့ချန်သည် အမွေးပွလေးအား ဤနေရာမှ မည်သို့ ကယ်ထုတ်သွားရမည်ကို တွေးရင်း ခေါင်းပူလာတော့သည်။ 

သို့သော်လည်း ယဲ့ချန် အမြင်တွင် အမွေးပွလေးသည် အနည်းငယ်မျှပင် စိုးရိမ်ပူပန်ဟန်မရဘဲ တောင်ပံပါမြွေနဂါးကြီးနှင့် စကားလက်ဆုံကျနေသေးသည်။ အမွေးပွလေး၏ တကွိကွိနှင့် ပြောနေသော စကားများသည် အနည်းငယ် ရှုပ်ထွေးသောကြောင့် ယဲ့ချန်လည်း နားမလည်နိုင်ပေ။ အမွေးပွလေးက အလွန် သက်တောင့်သက်သာ ဟန်ပန်နှင့် ရှိနေသည်ကိုတော့ ယဲ့ချန် နားလည်နိုင်သည်။ ထိုသားရဲနှစ်ကောင်ကြားမှ ဆက်ဆံရေးအား ယဲ့ချန် အမှန်ပင် နားမလည်နိုင်တော့သလို ခံစားရသည်။ 

***

All Chapters