← Chapters

တောင်ပံလေး ရှောင်ရိ

Vol. 11 Ch. 151

တောင်ပံလေး ရှောင်ရိ

Vol. 11 Ch. 151

“မြေခွေးကလေးမ .. သူက ငါ့ဒဏ်ရာတွေကို ကုနိုင်တယ်လား”

တောင်ပံပါမြွေနဂါးကြီးသည် ယဲ့ချန်အား မျက်လုံးများကိုပြူး၍ ကြည့်ရင်း မေးသည်။ 

ဘာကြီး .. ။

မြေခွေးကလေးမ .. ။

ယဲ့ချန်သည် အံ့အားသင့်စွာဖြင့် တိုက်ခိုက်ရန်ပြင်နေသည်ကိုပင် မေ့လျော့ကာ ရပ်တန့်သွားရသည်။ ဖြစ်ပျက်နေသည်တို့ကို သူ တကယ်ပဲ မတွေးတတ်တော့။ 

“ကွိ ကွိ ..”

အမွေးပွလေးသည် ခေါင်းတဆတ်ဆတ်ညိတ်ရင်း မှန်ကန်ကြောင်း တစ်စုံတစ်ရာကို သွယ်ဝိုက်ညွှန်းဆိုနေပုံ ပေါ်သည်။ 

တောင်ပံပါမြွေနဂါးကြီးသည် ယဲ့ချန်အား မယုံသင်္ကာကြည့်ကာ ထပ်ပြောလာသည်။ 

“ဒီတော့ ငါက သူနဲ့ လိုက်ခဲ့ရင် ဟိုမိန်းမကို အနိုင်ယူနိုင်မဲ့ အခွင့်အရေး ရှိလာမယ်ပေါ့။ ငါ့အထင်တော့ သူက ဟိုမိန်းမကို တစ်သက်လုံး လက်ဖျားနဲ့ ထိနိုင်မဲ့ပုံတောင် မပေါ်ပါဘူး”

ယဲ့ချန် ပို၍ အံ့ဩသွားရသည်။ 

သောက်ကျိုးနည်း အမွေးပွလေးက တောင်ပံပါမြွေနဂါးကြီးကို ဘာတွေ သွားပြောနေတာတုန်း .. ။

ကြားရသလောက်ဆိုလျှင် သူနှင့် အမွေးပွလေးသည် တောင်ပံပါသားရဲကြီးအား ချော့မော့နှူးနှပ်နေကြသည်နှင့် တူသည်။ သို့သော် ယဲ့ချန် ကိစ္စတစ်ခုကို မေ့နေခဲ့သည်။ တောင်ပံပါမြွေနဂါးကြီး၏ အသက်အရွယ် ဖြစ်သည်။ နှစ် ၁၀၀ ၊ သို့တည်းမဟုတ် ထို့ထက် ပိုများသော သက်တမ်း ရှိတာလည်း ဖြစ်နိုင်သည်။ မည်သို့ပင်ဆိုစေ တောင်ပံပါမြွေနဂါးကြီး၏ တရှူးရှူး စကားသံ ထွက်လာတိုင်း ယဲ့ချန်သည် ကလေးတစ်ယောက်၏ အသံနှင့် တူသည်ဟု ခံစားနေရသည်။ 

“ကွိ ကွိ”

အမွေးပွလေးက စကားအချို့ ဆက်ပြောနေသည်။ 

ထိုစကားတို့က တောင်ပံပါမြွေနဂါးကြီး၏ အာရုံကို ဆွဲဆောင်နိုင်သွားပုံပေါ်ကာ ၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးသည် လှုပ်ခါလာပြီး ၅ နှစ်၊ ၆ နှစ်အရွယ် ကလေးတစ်ဦးအဖြစ် ပြောင်းလဲသွားလေသည်။ ထိုကလေးလေးသည် အတန်ငယ် ပိန်လှီပြီး ဆံပင်များကို ကျစ်ဆံမြီးလေးများအဖြစ် ထုံးကျစ်ထားကာ အပြာရောင် ဝတ်ရုံပွပွကြီးအား ဝတ်ဆင်ထားသည်။ ကလေးလေး၏ ပါးနှစ်ဖက်သည် ဖောင်းဖောင်းလေးနှင့် ပန်းရောင်သန်းနေသည်မှာ ရင့်မှည့်နေသည့် မက်မွန်သီးများနှင့်ပင် တူနေသေးသည်။ တောင်ပံပါမြွေနဂါးကြီး၏ ကလေးပုံစံသည် အိမ်နီးနားချင်း၊ ဘေးအိမ်မှ ချစ်စဖွယ် ကလေးလေးကဲ့သို့ နှစ်လိုဖွယ်ကောင်းလှသည်။ 

ဒါက တောင်ပံပါမြွေနဂါးကြီးတဲ့လား .. ။

ယဲ့ချန်သည် တောင်ပံပါမြွေနဂါးကြီးမှ ကလေးလေးအသွင် ပြောင်းသွားသည်ကို ကြည့်ရင်း ဘာပြောရမှန်းမသိစွာ ဆွံ့အနေခဲ့သည်။ 

“မြေခွေးကလေးမက ပြောတယ်၊ မင်းကို အစ်ကိုချန်လို့ ခေါ်ရမယ်တဲ့။ တကယ်လို့ ငါ မင်းနဲ့လိုက်ခဲ့ရင် ဘယ်တော့မှ ဗိုက်မဆာရတော့ဘူးတဲ့”

ကြွပ်ဆတ်ဆတ်နှင့် အတန်ငယ် ကလေးဆန်သော အသံကြောင့် ယဲ့ချန်သည် တောင်ပံပါမြွေနဂါးကြီး၏ အသက်အား သိလိုလာရသည်။ 

ယဲ့ချန် အလျင်အမြန် ခေါင်းညိတ်ပြလိုက်၏။ 

“သေချာတာပေါ့”

အမွေးပွလေးသည် တောင်ပံပါမြွေနဂါးကြီးအား အောင်အောင်မြင်မြင် မဲဆွယ်လိုက်နိုင်ဟန် ရသည်။ သားရဲများ၏ သက်တမ်းအရ တောင်ပံပါမြွေနဂါးကြီးသည် သိပ်မကြီးလောက်သေး။ သို့ဖြစ်၍ ၅ နှစ်၊ ၆ နှစ်အရွယ် ကလေးတစ်ယောက်၏ အသိဉာဏ်မျှသာ ရှိသည်။ 

“မင်းနာမည်က ဘာလဲ”

“ရှောင်ရိ (တောင်ပံလေး)။ မင်းက ငါ့ရဲ့ ဒဏ်ရာတွေကို ကုပေးနိုင်တယ်လို့ မြေခွေးကလေးမက ပြောတယ်။ နောက်ပိုင်းကျရင် သူကလည်း ငါ့ကို ကျင့်ကြံနည်းစနစ်တွေ သင်ပေးဦးမှာတဲ့”

ယဲ့ချန်သည် အမွေးပွလေးဘက်သို့ လှည့်ကြည့်မိသော် မျက်လုံးလေးများ လခြမ်းသဏ္ဌာန် ကွေးညွှတ်သည်အထိ ပြုံးပြနေသော အမွေးပွလေးကို မြင်ရသည်။ ထိုမျက်လုံးလေးများထဲတွင် စကားလုံးများနှင့် ဖော်ပြ၍မရသော ဆွဲဆောင်မှုတစ်မျိုး ရှိနေသည်။ 

ယခုတော့ အမွေးပွလေးက ယဲ့ချန်အား လိုဏ်ဂူထဲသို့ ခေါ်လာရသည့် အကြောင်းအရင်းမှာ ရှင်းလင်းသွားလေပြီ။ သူမသည် တောင်ပံပါမြွေနဂါးကြီး၏ အသက်အရွယ်ကို သိနေပြီး ထိုသားရဲကြီးက လူသားများကို တစ်ခါမျှ မစားဖူးသည့်အပြင် စိတ်သဘောထားမဆိုးသော သားရဲဖြစ်ကြောင်း သိနေသောကြောင့်ပင်။ 

“ဒီကိုလာခဲ့ ရှောင်ရိ”

ယဲ့ချန်သည် တောင်ပံပါမြွေနဂါးကြီးအပေါ် ကြောက်ရွံ့မှုကို ဖိနှိပ်ကာ ကလေးလေးအား လက်ယပ်ခေါ်လိုက်သည်။ 

ရှောင်ရိသည် နာနာခံခံဖြင့် ယဲ့ချန်နံဘေးသို့ လျှောက်လာကာ မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် ယဲ့ချန်အား စူးစမ်းနေသည်။ တောင်ပံပါမြွေနဂါးကြီး၏ လူအသွင်က ပို၍ ရင်းနှီးလွယ်သည်ဟု တွေးနေရင်းဖြင့် ယဲ့ချန်သည် ရှောင်ရိ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ ထျန်းချီများ လွှဲပြောင်းပေးလိုက်သည်။ လူအသွင်ပြောင်းလိုက်ခြင်းကြောင့် ရှောင်ရိ၏ အတွင်းပိုင်း ခန္ဓာကိုယ်ဖွဲ့စည်းပုံသည် လူသားများနှင့် ဆင်တူသွား၍ ယဲ့ချန်အတွက် စစ်ဆေးကြည့်ဖို့ ပိုလွယ်သွားသည်။ ရှောင်ရိ၏ အဓိကသွေးကြောမများ ပြင်းပြင်းထန်ထန် ထိခိုက်သွားခဲ့ခြင်း ဖြစ်သည်။ ရှေးဟောင်းသားရဲ အမျိုးအစား ဖြစ်ခြင်းကြောင့် ကုစားနိုင်သည့်စွမ်းရည် မြင့်မားနေ၍သာ မဟုတ်လျှင် ပြင်းထန်သော ဒဏ်ရာများကြောင့် သေသွားလောက်ချေပြီ။ 

ထိုသို့ မြင့်မားလှသော ကုစားနိုင်စွမ်းနှင့်ပင် ထန်ထိုက်လင်၏ ခက်ရင်းခွကြောင့်ရသော ဒဏ်ရာကို တောင့်မခံနိုင်လောက်ပေ။ မကုသဘဲ ထားပါက သုံးရက်လောက်ကြာလျှင် ရှောင်ရိသည် သေချာပေါက် သေသွားလောက်၏။ ရှောင်ရိ ထွက်ပြေးသွားစဉ်က ထန်ထိုက်လင် လိုက်မဖမ်းသည်မှာ မထူးဆန်းတော့ပေ။ 

ထန်ထိုက်လင်၏ ခက်ရင်းခွသည်ကား အလွန်အစွမ်းထက်လှသည်။ 

ယဲ့ချန်သည် ထျန်းချီများကို လှည့်ပတ်ကာ ရှောင်ရိခန္ဓာကိုယ်ထဲသို့ ထပ်မံ လွှဲပြောင်းပေးလိုက်၏။ ယဲ့ချန်ပိုင်ဆိုင်သော ထျန်းချီများ၏ ကုသနိုင်စွမ်းကြောင့် ရှောင်ရိခန္ဓာကိုယ်ထဲတွင် ကြွင်းကျန်ရစ်သော ထန်ထိုက်လင်၏ စွမ်းအင်များကို ဖယ်ရှားလိုက်နိုင်သည်။ ထိုနည်းဖြင့် ရှောင်ရိ၏ ဒဏ်ရာများကို အခြေအနေ ပိုဆိုးမလာစေရန် ထိန်းထားနိုင်လိုက်သည်။ 

“အစ်ကိုချန်က ငါ့ကို တကယ်ကုပေးနိုင်တာပဲ”

ရှောင်ရိသည် ပျော်ရွှင်သွားဟန်ဖြင့် ခုန်ပေါက်နေလျက် ယဲ့ချန်အား အထင်တကြီးကြည့်ကာ ဆိုလေသည်။ ထန်ထိုက်လင်နှင့် တိုက်ပွဲမှ ထွက်ပြေးခဲ့စဉ်တည်းက ရှောင်ရိသည် သူ့ဒဏ်ရာအခြေအနေအရ အနှေးနှင့်အမြန် သေရမည်ကို သိထားသည်။ ယခုတွင်မူ ယဲ့ချန်ကြောင့် သူ့မျှော်လင့်ချက်လေးများ တစ်ဖန် ရှင်သန်လာလေပြီ။ 

“ဒဏ်ရာက ပြင်းလွန်းတယ်။ ငါတို့ ဖြည်းဖြည်းချင်းပဲ ကုသလို့ရမယ်”

ယဲ့ချန်သည် ကောင်ငယ်လေးအား ကြည့်ကာ ဂရုတစိုက်ဖြင့် ပြောလိုက်သည်။ ယဲ့ချန် စိတ်ထဲတွင် မရှင်းလင်းသေးသော သံသယတချို့ ရှိနေသေးသည်။ တောင်ပံပါမြွေနဂါးကြီးက နှစ်ထောင်ချီသက်တမ်းရှိသော သားရဲကြီး ဖြစ်နေခဲ့ပြီး ကလေးငယ်လေး အသွင်နှင့် လှည့်စားနေခြင်း ဆိုပါက အခြေအနေမှာ အဆိုးဘက်သို့ ဦးတည်သွားနိုင်သည်။ ထို့ပြင် လောလောဆယ်တွင် ယဲ့ချန်၏ အစွမ်းအစကလည်း အကန့်အသတ်ရှိနေရာ ရှောင်ရိ၏ ဒဏ်ရာများကို ဆိုးရွားမလာစေရန် ထိန်းထားရုံသာ တတ်နိုင်သည်။ အချိန်တိုအတွင်း အပြီးအပြတ် ကုသရန် ဖြစ်နိုင်ခြေမရှိပေ။ 

“ကိစ္စမရှိဘူး”

ရှောင်ရိက ခေါင်းညိတ်သည်။ ယဲ့ချန်သည် သူ့ဒဏ်ရာအား ပိုဆိုးမလာစေရန် ထိန်းထားပေးနိုင်ရုံနှင့် ရှောင်ရိသည် ယဲ့ချန်အား ယုံကြည်စပြုနေလေပြီ။ 

“မင်းက ဘယ်နှနှစ်လဲ”

ယဲ့ချန် မနေနိုင်တော့ဘဲ မေးကြည့်မိသည်။ ရှောင်ရိ၏ အပြုအမူတို့သည် ယဲ့ချန်မျက်လုံးထဲတွင် ကလေးတစ်ယောက်နှင့် အလွန် တူညီနေသည်။ 

“ ၅ နှစ်”

“ ၅ နှစ် ဟုတ်လား။ မင်း မွေးပြီးကတည်းက အခုထိကိုလေ”

ယဲ့ချန်သည် အံ့အားသင့်မှုကို မထိန်းထားနိုင်တော့ဘဲ မယုံကြည်နိုင်စွာ ပြန်မေးမိသည်။ ဘယ်လို ၅ နှစ်သား သားရဲကများ ဒီလောက်ထိ အစွမ်းထက်နိုင်မှာတဲ့လဲ။ မဟုတ်မှလွဲရော သားရဲများ၏ နှစ်စဉ်ရေတွက်ပုံက လူသားများနှင့် မတူညီခြင်းကြောင့်များလား။ 

“ငါ ခန့်မှန်းကြည့်တာပါ။ နှစ်တိုင်းနှစ်တိုင်း၊ နှစ်သစ်ကူးပွဲတော်ကို ရောက်ရင် မြို့လေးထဲက လူတွေက မီးရှူးမီးပန်းတွေ ပစ်လွှတ်တယ်လို့ ငါ့အဘိုးက ပြောတယ်။ ဒီနှစ်နဲ့ဆိုရင် အဲဒီ့ကလူတွေ မီးရှူးမီးပန်း ပစ်လွှတ်တာကို ၅ ကြိမ်မြောက် ငါ မြင်ဖူးတာပဲ။ အဲ့တော့ ငါ့အသက်လည်း ၅ နှစ်လို့ ထင်တာပဲ”

ရှောင်ရိသည် တွေးဆဆဖြင့် ဆိုလာလျှင် သူ့ပါးပြင်ထက်ရှိ ပါးချိုင့်လေးက ခပ်ယောင်ယောင်မျှ ပေါ်လာတတ်သည်။ 

“မင်းအဘိုးရော။ ဘယ်သွားလို့လဲ”

ယဲ့ချန် ထပ်မေးကြည့်မိသည်။ ရှောင်ရိ၏ အဘိုးသည် သေချာပေါက် သာမန်မဟုတ်နိုင်ပေ။ 

“အဘိုးက ဆုံးသွားပြီ”

ရှောင်ရိက ဝမ်းနည်းနေဟန်ဖြင့် ပြန်ဖြေလာသည်။ 

“ဒါဖြင့် မင်းမိဘတွေရော”

“အဘိုးပြောတာတော့ ငါက မိဘမဲ့တဲ့။ ဥတစ်လုံးကနေ မွေးလာတာလို့လည်း ပြောတယ်။ လိုဏ်ဂူထဲမှာ အချိန်အကြာကြီး ရှိနေပြီးတဲ့နောက် တစ်နေ့တော့ ဥကပေါက်သွားပြီး ငါ ထွက်လာတာတဲ့။ နောက်တော့ အဘိုးက ငါ့ကို သူနဲ့အတူ ခေါ်သွားတယ်။ အဘိုးဆုံးသွားတော့ ငါလည်း ဒီနေရာကို ပြန်လာခဲ့တယ်။ အဘိုးရဲ့ နောက်ဆုံးစကားက မြို့လေးထဲက လူတွေကို အန္တရာယ်မပေးရဘူးတဲ့။ အဲဒါကြောင့် ငါ သူတို့ကို မစားပါဘူး။ ဒါပေမဲ့ ဗိုက်အရမ်းဆာလာတာကိုတော့ ငါလည်း သည်းမခံနိုင်ဘူးလေ။ ဒီလိုနဲ့ မြို့လေးထဲက တိရစ္ဆာန်တွေကိုပဲ စားဖို့ ဆုံးဖြတ်ခဲ့ရတယ်”

အနည်းငယ် နောင်တရနေဟန်က ရှောင်ရိ၏ မျက်နှာထက်တွင် ရှိနေသည်။ 

ရှောင်ရိသည် ၅ နှစ်၊ ၆ နှစ်မျှသာ ရှိသေးပြီး လူသားအဘိုးအိုနှင့်အတူ ကြီးပြင်းခဲ့သောကြောင့် လူသားကလေးတစ်ယောက်၏ အသိဉာဏ်မျိုး ရှိသည်။ သို့တိုင်အောင် အရမ်းကြီးတော့ ဉာဏ်ရည် မဖွံ့ဖြိုးသေး။ တောင်ပံပါမြွေနဂါး အမျိုးအစားသည် သားရဲများထဲတွင် ရှားပါးသည်ဟု ထန်ထိုက်လင်က ပြောခဲ့သည်။ နောက်ထပ် ရှားပါးသော သားရဲမျိုးစိတ်များ အကြောင်းကိုလည်း ယဲ့ချန် သိချင်စိတ် ဖြစ်မိသည်။ ၅ နှစ်၊ ၆ နှစ်မျှနှင့် ထိုမျှကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံဆင့်မျိုးကို ပိုင်ဆိုင်နိုင်ပုံအရ ရှောင်ရိသည် အလွန်ရှားပါးသော သားရဲမျိုးစိတ်မှ ဆင်းသက်သူ ဖြစ်ရပေမည်။ 

ထန်ထိုက်လင်၏ တိုက်ခိုက်မှုသည် ရှောင်ရိ၏ ခန္ဓာကိုယ်တွင်ရော စိတ်ဝိညာဉ်တွင်ပါ ဒဏ်ဖြစ်စေခဲ့သည်။ သို့သော် လက်ရှိ ရှောင်ရိ၏ စွမ်းအားသည် ကမ္ဘာမြေရန်အဆင့် ကျင့်ကြံသူနှင့် တန်းတူ ရှိနေသေးသည်။ ရှောင်ရိသာ အပြည့်အဝ ပြန်လည်သက်သာသွားပါက သူ၏ စွမ်းအားသည် ဉာဏ်အမြင်အဆင့်၊ သို့မဟုတ် နတ်သူငယ်အဆင့် အရှင်သခင်များနှင့်ပင် တန်းတူ ဖြစ်သွားနိုင်သည်။ ကောင်းကင်အဆင့်ထက် မြင့်လိမ့််မည်ကတော့ သေချာသည်။ 

အမွေးပွလေးသည် ယဲ့ချန်ပခုံးထက်သို့ ခုန်တက်လာသည်။ အလွန်အစွမ်းထက်သော ရှောင်ရိကဲ့သို့ သားရဲအား အနည်းငယ်မျှ အားထုတ်ရုံနှင့် ဆွဲဆောင်နိုင်ခဲ့သော အမွေးပွလေး၏ စွမ်းဆောင်ရည်ကိုလည်း ယဲ့ချန် အသိအမှတ် ပြုမိသည်။ 

“အခုကစပြီး ငါနဲ့လိုက်ခဲ့။ နန်းမြို့တော်ကို ရောက်တဲ့အခါ မင်းနှလုံးသားတစ်ခုလုံး ကျေနပ်မှုရတဲ့အထိ စားလို့၊ သောက်လို့ရတယ်။ ဒါပေမဲ့ လူမြင်ကွင်းမှာ တောင်ပံပါမြွေနဂါးကြီး အသွင်နဲ့တော့ နေလို့မရဘူးနော်။ လူတွေကို ခြောက်လှန့်မိသလို ဖြစ်သွားလိမ့်မယ်”

ယဲ့ချန်သည် ဒူးတစ်ဖက်ထောက်ကာ ထိုင်လျက် ရှောင်ရိ၏ ကျောပြင်အား ခပ်ဖွဖွပုတ်ပေးရင်း သတိပေးထားရသည်။ 

“ကောင်းပြီ၊ ငါ နားလည်ပါတယ်။ မြို့လေးထဲက လူတွေဆိုလည်း ငါ့ကို မကောင်းဆိုးဝါးကြီးလို့ ထင်နေကြတာလေ”

ရှောင်ရိသည် အတန်ငယ် စိတ်မကောင်းဖြစ်သွားဟန်ဖြင့် ခေါင်းညိတ်ကာ ခပ်တိုးတိုးဆိုသည်။ 

“ငါ အသွင်ပြောင်းပြီးတော့ အစ်ကိုချန်ရဲ့ ဝတ်ရုံထဲမှာ ပုန်းနေပါ့မယ်”

စကားဆုံးသည်နှင့် ရှောင်ရိသည် ၂ လက်မခန့်သာ ရှိသည့် အပြာရောင်မြွေပိစိလေး အသွင်သို့ ပြောင်းလဲသွားသည်။ ကျောပြင်ထက်ရှိ အတောင်ပံသုံးစုံကြောင့် ၎င်းမှာ ပုစဉ်းလေးနှင့်ပင် တူနေတော့သည်။ အသွင်ပြောင်းထားသော ရှောင်ရိသည် တောင်ပံလေးများအား တဖျပ်ဖျပ်ခတ်ကာ ယဲ့ချန်၏ ဝတ်ရုံလက်ထဲသို့ ပျံသန်းဝင်ရောက်သွား၏။ 

ရှောင်ရိ၏ ချီးကျူးချင်စဖွယ် စွမ်းရည်အဖြာဖြာကြောင့် ယဲ့ချန်ပင် အံ့အားသင့်ခဲ့ရသည်။ 

***

All Chapters