← Chapters

နှင်းခဲကျောက်

Vol. 11 Ch. 152

နှင်းခဲကျောက်

Vol. 11 Ch. 152

“အစ်ကိုချန် .. နောက်တစ်ကြိမ် အဲဒီ့ရက်စက်တဲ့မိန်းမနဲ့ ပြန်ဆုံရင် ငါ သူ့ကို ယှဉ်နိုင်မှာလားဟင်”

ရှောင်ရိ၏ အသံသေးသေးလေးက ယဲ့ချန်၏ ဝတ်ရုံလက်ကြားမှ ထွက်ပေါ်လာသည်။ 

ယဲ့ချန်သည် ရှောင်ရိ ရည်ညွှန်းသည်ကား ထန်ထိုက်လင်ဖြစ်ကြောင်း သိရှိနေ၍ ပြန်ဖြေလိုက်၏။ 

“သေချာတာပေါ့”

“ကောင်းပြီ။ ငါ အစ်ကိုချန့်ကို ယုံတယ်”

ရှောင်ရိက တုံ့ပြန်လာသည်။ 

“ရှောင်ရိ .. ဟိုရေကန်ထဲက ကျောက်တုံးတွေက ဘာတွေလဲ”

ယဲ့ချန် မေးလိုက်သည်။ အကြည့်တစ်ချက်နှင့်တင် ရေကန်အောက်ခြေရှိ ထိုမြစိမ်းရောင်ကျောက်များသည် ထူးခြားဆန်းကြယ်နေ၏။ 

“ကွိ ကွိ ..”

အမွေးပွလေးက စကားလုံးအနည်းငယ် ပြောလာသည်။ 

“မြေခွေးကလေးမက ပြောတယ်။ အဲဒါ နှင်းခဲကျောက်တွေတဲ့”

ရှောင်ရိသည် ယဲ့ချန်၏ ဝတ်ရုံလက်ကြားမှ ခုန်ထွက်ကာ ကလေးလေးအသွင်သို့ ပြောင်းလိုက်ပြန်သည်။ 

“နှင်းခဲကျောက်။ ငါတို့ အဲဒါတွေကို ရေထဲကနေ ဆယ်ယူလို့ရလား”

ယဲ့ချန်က မေးသည်။ ထိုကျောက်များထဲတွင် သိပ်သည်းသော အအေးဓာတ်စွမ်းအင်များ ပါဝင်နေ၍ ရေခဲစွမ်းအင်ထျန်းချီအား ကျင့်ကြံရာတွင် အသုံးဝင်လာနိုင်သည်။ 

“အဲဒီ့ကျောက်တွေက ဒီနေရာမှာ ငါ မွေးကတည်းက ရှိနေတာ။ ငါ့အဘိုးပြောတာတော့ ငါ့မိဘတွေ ချန်ထားခဲ့တာ ဖြစ်နိုင်တယ်တဲ့။ အဲဒီ့ကျောက်တွေက အရမ်းအေးတယ်။ တစ်ခါက ငါ ရေကန်ထဲကို လက်ထည့်ပြီး ကိုင်ကြည့်ဖူးပေမဲ့ ငါ့လက်တစ်ခုလုံး အေးခဲသွားတော့တာပဲ။ ရေကန်အပြင်ကို မထုတ်နိုင်ခဲ့ဘူး”

ရှောင်ရိသည် ရေကန်ဘေးနားတွင် ဆောင့်ကြောင့်လေးထိုင်ရင်း ပြောပြနေသည်။ 

ယဲ့ချန်လည်း ကြားရသည်ကြောင့် အံ့ဩသွားရသည်။ ရေကန်ထဲရှိ ရေက အလွနိအေးနေ၍များလား။ 

ယဲ့ချန်သည် လက်တစ်ဖက်အား ရေကန်မျက်နှာပြင်အပေါ်ယံတွင် ထားကြည့်လိုက်သည်။ အအေးဓာတ်စွမ်းအင်လှိုင်း တစ်ခုသည် ရေကန်ဗဟိုမှ ဖောက်ထွက်လာသည်။ သာမန်လူများသာဆိုလျှင် ထိုအအေးဓာတ်နှင့်တင် ချက်ချင်းကို အေးခဲသွားလောက်သည်။ ရေကန်၏ အအေးဓာတ်အား စမ်းသပ်ကြည့်ရန် ယဲ့ချန် “ဆန်းကြယ်ရေခဲ” ကျင့်စဉ်ကို လှည့်ပတ်လိုက်၏။ 

ထိုအအေးဓာတ်စွမ်းအင်သည် ယဲ့ချန်၏ “ဆန်းကြယ်ရေခဲ” ကျင့်စဉ်အတွက် အသုံးဝင်ကောင်း ဝင်နေနိုင်သည်။ ညာဘက်လက်အား ရေကန်ထဲသို့ နှစ်လိုက်သည်တွင် အေးလွန်းသောကြောင့် ယဲ့ချန် မထိန်းနိုင်ဘဲ တုန်တက်သွားရသည်။ လက်တစ်ဖက်လုံး အေးခဲမသွားခင် “ဆန်းကြယ်ရေခဲ” ကျင့်စဉ်ကို လှည့်ပတ်လိုက်ခြင်းကြောင့်သာ ရေခဲနှင်းမှုန်များသည် လေထဲတွင် အငွေ့ပျံသွားကြ၏။ 

ယဲ့ချန်သည် “ဆန်းကြယ်ရေခဲ” ကျင့်စဉ်၏ တစ်စထက်တစ်စ တိုးတက်လာမှုကို ခံစားနေရသည်။ ညာဘက်လက်တစ်ဖက်လုံး ရေကန်ထဲသို့ ရောက်သွားချိန်တွင် အေးခဲမသွားသောကြောင့် ယဲ့ချန် အပျော်လွန်သွားသည်။ ထို့နောက် သူကိုယ်တိုင်ပင် ရေကန်ထဲသို့ ဆင်းနိုင်သည်ဟု ယဲ့ချန် တွေးမိသွားသည်။ သူ ခြေထောက်နှစ်ဖက်အား ရေကန်ထဲသို့ ဦးစွာ ချကြည့်လိုက်သည်။ ထို့နောက် ခန္ဓာကိုယ်ပါ ရေကန်ထဲသို့ ဆင်းလိုက်ပြီး ယဲ့ချန်တစ်ကိုယ်လုံးသည် ရေကန်အောက်သို့ အောင်အောင်မြင်မြင် ရောက်ရှိသွား၏။ 

အမွေးပွလေးသည်ကား ရေကန်ထဲသို့ ဆင်းရန် မဝံ့ရဲသောကြောင့် ရေကန်ဘေးနား၌သာ ရပ်လျက် ယဲ့ချန်အား မမှိတ်မသုန် ကြည့်နေခဲ့သည်။ 

ရှောင်ရိ၏ မျက်လုံးလေးများသည် အတောက်ပဆုံး ကြယ်များကဲ့သို့ လင်းလက်သွားသည်။ သူပင် တစ်ခါမှ ဆင်းမကြည့်ရဲသော ရေကန်ထဲသို့ ယဲ့ချန် အောင်မြင်စွာနှင့် ဆင်းသက်သွားသည်ကို ကြည့်ကာ ရှောင်ရိသည် ယဲ့ချန်အား မနားတမ်း ချီးကျူးနေတော့သည်။ 

“မြေခွေးကလေးမက အစ်ကိုချန့်ကို အရမ်းအထင်ကြီးနေတာ မထူးဆန်းတော့ဘူး”

ယဲ့ချန်အားကြည့်နေရင်း အမွေးပွလေး၏ အမြီးလေးများသည် စိတ်ပူပန်စွာ လှုပ်ယမ်းနေလေသည်။ ရေကန်ထဲသို့ လူတစ်ကိုယ်လုံး ဆင်းသွားသည်မှာ အလွန်အန္တရာယ်များပြီး သတိမထားမိလျှင် ရေခဲရုပ်တုသဖွယ် ဖြစ်သွားနိုင်သည်။ 

ယဲ့ချန်သည် ရေကန်အောက်ခြေသို့ ဆက်လက် ကူးခတ်သွားခဲ့သည်။ နှင်းခဲကျောက်များ၏ အပေါ်ယံတွင် ဖြစ်ပေါ်နေသည့် ရေခဲပန်းဆွဲများကြောင့် ယဲ့ချန်သည် နှင်းခဲကျောက်များကို ထိရန် တစ်ခဏတော့ တုံ့ဆိုင်းသွားသည်။ 

ထို့နောက် ယဲ့ချန်သည် ရေကန်အောက်ခြေတွင် ထိုင်ချလျက် “ဆန်းကြယ်ရေခဲ” ကျင့်စဉ်အား စတင် လေ့ကျင့်လိုက်သည်။ ရေကန်ထဲရှိ အအေးဓာတ်များမှာ ပို၍ ပြင်းထန်လာနေသည်။ 

“ဆန်းကြယ်ရေခဲ” ကျင့်စဉ် စတင် အသက်ဝင်သွားသည်နှင့် ယဲ့ချန်ကိုယ်ထဲရှိ ရေခဲစွမ်းအင်များသည် ပိုမိုအားကောင်းကြံ့ခိုင်လာသည်။ 

ယဲ့ချန်သည် ခန္ဓာကိုယ်ထဲရှိ ရေခဲစွမ်းအင်ထျန်းချီများကို ထိန်းချုပ်လှည့်လည်နေစဉ် ယဲ့ချန်၏ ဘယ်ဘက်လက်မောင်းပေါ်ရှိ ကောင်းကင်မီးလျှံ လက်မောင်းကာသည် အရောင်ဖျော့ဖျော့လေး လင်းလက်လာ၏။ လက်မောင်းကာထဲရှိ ရတနာဝိညာဉ်သည် ရေကန်ထဲရှိ ကြောက်မက်ဖွယ် အအေးဓာတ်စွမ်းအင်များနှင့် တွန်းထိုးရုန်းကန်နေရသည်။ အချိန်များကုန်လွန်လာသည်နှင့် ရတနာဝိညာဉ်၏ စွမ်းအင်သည် လျော့နည်းလာခဲ့ပြီး အားနည်းဆုတ်ယုတ်လာသည်။ 

လက်မောင်းကာထဲရှိ အပြောင်းအလဲများကို သတိထားမိသောကြောင့် ယဲ့ချန် လန့်ဖျပ်ကာ စိုးရိမ်သွားရသည်။ အကယ်၍ ယခုအချိန်တွင် လက်မောင်းကာသာ ထပေါက်လျှင် သူပါ သေရမည်ဖြစ်သည်။ 

ယဲ့ချန် လျင်မြန်စွာဖြင့် မီးစွမ်းအင်ထျန်းချီများကို လက်မောင်းကာထဲသို့ ထည့်သွင်းပေးလိုက်ရသည်။ ထိုအခါမှ ရတနာဝိညာဉ်သည် အတန်ငယ် အားပြန်ပြည့်လာပုံ ရကာ မီးရောင်လွင်လွင်လေး ပြန်တောက်လာသည်။ 

ထိုအခိုက်အတန့်၌ ယဲ့ချန်သည် စွမ်းအင်နှစ်ခု၏ ထိပ်တိုက်ဆန့်ကျင်မှု အလယ်သို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရကာ အတွင်းစိတ်ထဲတွင် အတန်ငယ်လည်း ရှုပ်ထွေးသွားရသည်။ တစ်ခဏတွင် သူသည် ခဲလုနီးနီး အေးစက်နေပြီး နောက်တစ်ခဏတွင်တော့ ပူပြင်းတောက်လောင်နေရသည့် ခံစားချက်မျိုး ဖြစ်သည်။ ရေခဲနှင့်မီးလျှံတို့ စုပေါင်း ကခုန်နေသည်နှင့်လည်း တူ၏။ 

ရေခဲစွမ်းအင်နှင့် မီးစွမ်းအင်သည် သဘာဝအင်အားစုကြီး ၇ ခုထဲတွင် အားအကောင်းဆုံး စွမ်းအင်များ ဖြစ်ကြသည်။ ထိုစွမ်းအင်နှစ်ခုမှ ဖြစ်ပေါ်လာသော ဆန်စေ့အရွယ် ပုတီးစေ့နှစ်ခုသည် တန့်ထျန်ထဲတွင် ရှေ့သွားနောက်လိုက်ညီညီဖြင့် လှည့်ပတ်နေကြလေသည်။ ကောင်းကင်ယံတွင် ဖြန့်ကျက်တည်ရှိသော ကြယ်တာရာများကဲ့သို့ အကြိမ်တိုင်းတွင် လှည့်ပတ်နေသည့် အရှိန်သည် ပိုမြန်လာခဲ့သည်။ 

“ဘာဖြစ်လို့လဲ အစ်ကိုချန်”

ရှောင်ရိသည် ရေကန်အောက်ခြေသို့ လှမ်းကြည့်ကာ စိုးရိမ်စွာဖြင့် အော်မေးလာသည်။ တစ်ခါတစ်ရံ ရေကန်အောက်ခြေမှ မီးတောက်မီးလျှံများ ထွက်ပေါ်လာသည်ကို သူ မြင်နေရသည်။ 

အမွေးပွလေးသည်လည်း စိုးရိမ်နေသည်။ ရေကန်အောက်ခြေရှိ အခြေအနေအား သူမလည်းပဲ မမှန်းဆနိုင်ပေ။ 

ထိုအချိန်တွင် ပတ်ဝန်းကျင်တဝိုက်ရှိ ရေခဲစွမ်းအင်များသည် ရေကန်ဆီသို့ စုဝေးလာကြသည်ကို အမွေးပွလေးနှင့် ရှောင်ရိ၊ နှစ်ဦးလုံး ခံစားလိုက်ကြရသည်။ 

ယဲ့ချန်၏ ခန္ဓာကိုယ်သည် သက်ရှိဝဲကတော့ကဲ့သို့ ရေခဲစွမ်းအင်များအားလုံးကို စုပ်ယူကာ တန့်ထျန်ထဲသို့ ပို့ဆောင်နေသည်။ တန့်ထျန်ထဲရှိ ကြယ်တာရာဘုံကိုးလွှာ၊ စွမ်းအင်ကိုးမျိုး၏ ပုံစံသည် ပြောင်းလဲသွားသည်ကို ယဲ့ချန် ခံစားမိသည်။ မီးစွမ်းအင်နှင့် ရေခဲစွမ်းအင်သည် အလယ်ဗဟိုတွင် အတူတကွ လှည့်ပတ်နေကြပြီး ကျန်စွမ်းအင်များသည် လမင်းအား ဝိုင်းရံထားသည့် ကြယ်များသဖွယ် ဘေးဘက်မှ ပတ်ရံထားကြသည်။ ထိုသည်က ကောင်းသော ပြောင်းလဲခြင်းလား၊ ဆိုးရွားသော ပြောင်းလဲခြင်းလား ယဲ့ချန်လည်း မပြောတတ်တော့ပေ။ 

ယဲ့ချန်၏ မျက်လုံးများ ပြန်ပွင့်လာသည်။ ရေကန်ထဲရှိ အအေးဓာတ်စွမ်းအင်များသည် ယဲ့ချန်ထံသို့ အကုန်အစင် စုပ်ယူခံခဲ့ရပြီး ဖြစ်သည်။ ခြွင်းချက်အနေနှင့် နှင်းခဲကျောက်များတွင်သာ အအေးဓာတ်စွမ်းအင်များ ကျန်ရစ်တော့သည်။ နှင်းခဲကျောက်များသည် အဘယ်ကြောင့် အအေးဓာတ်စွမ်းအင်အား ထုတ်လွှတ်နိုင်ကြောင်း မသိသော်လည်း ယဲ့ချန်သည် အအေးဓာတ်စွမ်းအင်အား လုံးဝ မကြောက်တော့ပေ။ ထို့ကြောင့် နှင်းခဲကျောက်များကို ကောက်ယူကာ ကောင်းကင်ပထဝီအိတ်ထဲသို့ ထည့်လိုက်သည်။ 

နှင်းခဲကျောက်များအား လက်မောင်းကာအတွင်း ထည့်ထားခြင်းသည် ကောင်းမွန်သော ရွေးချယ်မှု မဟုတ်နိုင်ပေ။ လက်မောင်းကာ၏ ရတနာဝိညာဉ်နှင့် ပြဿနာတက်သွားနိုင်သည်။ ကောင်းကင်ပထဝီအိတ်အတွင်း ထည့်ထားခြင်းကသာ ဘေးအကင်းဆုံး ရွေးချယ်မှု ဖြစ်သည်။ 

ရေကန်ထဲတွင် နှင်းခဲကျောက် အရေအတွက် ၂၀၊ ၃၀ ခန့် ရှိနေသည်။ ဤလိုဏ်ဂူထဲသို့ နောက်တစ်ကြိမ် ပြန်လာစရာအကြောင်း မရှိသောကြောင့် ယဲ့ချန်သည် နှင်းခဲကျောက် အားလုံးကို သိမ်းယူလိုက်၏။ ရှားပါးသော ရတနာများဖြစ်၍ အခြားသောလူများ၏ လက်သို့ ကျရောက်သွားခြင်းမျိုးလည်း မဖြစ်စေလိုပေ။ 

နှင်းခဲကျောက်များအားလုံးကို သိမ်းယူပြီးနောက် ယဲ့ချန် ရေကန် မျက်နှာပြင်ပေါ်သို့ ပြန်တက်လာခဲ့သည်။ 

“အစ်ကိုချန် နှင်းခဲကျောက်တွေကို ရခဲ့လား”

ရှောင်ရိသည် စိတ်လှုပ်ရှားစွာဖြင့် မေးလာသည်။ ယဲ့ချန်၏ ခန္ဓာကိုယ်ထဲရှိ ပြောင်းလဲသွားသော စွမ်းအင်များကိုလည်း သူ သတိထားမိသည်။ ယဲ့ချန်၏ ကျင့်ကြံဆင့်က ထျန်းချီအဆင့် ၁၀ အလယ်အလတ်ဆင့်၌သာ ရှိသေးသော်လည်း သူ့ကိုယ်ထဲရှိ ထျန်းချီများကမူ ပြောင်းလဲတိုးတက်ခဲ့ဟန် ရသည်။ 

အမှန်တော့ ယဲ့ချန်၏ ကျင့်ကြံဆင့်သည် ရှောင်ရိထက် အပုံကြီးနိမ့်သော်လည်း ထိုကောင်ငယ်လေးကတော့ ယဲ့ချန်အား အစွမ်းထက်ပုဂ္ဂိုလ်ကြီးသဖွယ် မှတ်ယူထားလေသည်။ တွေ့စကထက် ပို၍ ယဲ့ချန်အား လေးစားယုံကြည်နေတော့သည်။ 

“ငါ အကုန်လုံးယူခဲ့တယ်။ ရှောင်ရိ ဒီနှင်းခဲကျောက်တွေက တကယ့် ရတနာတွေပဲ။ မင်းမိဘတွေက မင်းအတွက် ချန်ထားခဲ့တာ ဖြစ်နိုင်တယ်။ မင်းလိုချင်ရင်ပြောနော်၊ ငါမင်းကိုပေးမယ်”

ယဲ့ချန်သည် နှင်းခဲကျောက်များကို တစ်ကိုယ်တည်း အပိုင်သိမ်းရန် စိတ်ကူးမရှိပေ။ ရှောင်ရိသည် ယခုမှစ၍ သူနှင့်အတူ လိုက်ပါမည်ဖြစ်ရာ ပိုလို့ပင် စိတ်ကူးမရှိသေးသည်။ 

“ဒါဆိုလည်း ကျေးဇူးပဲနော် အစ်ကိုချန်”

ရှောင်ရိသည်ကား ယဲ့ချန်နှင့် အမွေးပွလေးတို့သည် သူ့အပေါ် အလွန်ကြင်နာကြောင်း တွေးတောကာ ကျေးဇူးတင်နေတော့သည်။ 

ယဲ့ချန်လည်း နှင်းခဲကျောက်များ ပါဝင်သော ကောင်းကင်ပထဝီအိိတ်အား လုံလုံခြုံခြုံသိမ်းဆည်းကာ ကြီးမားသော ရေခဲဂူကြီးအား တစ်ချက် လှည့်ပတ်ကြည့်လိုက်သည်။ 

“ငါတို့ အခု ဒီကနေ ထွက်သွားရတော့မယ်။ မင်း လိုအပ်တာ တစ်ခုခုရှိသေးလား”

ယဲ့ချန်သည် ရှောင်ရိအား မေး၏။ 

“အာ .. အစ်ကိုချန်နဲ့ မြေခွေးကလေးမ ခဏလေးစောင့်နေနော်။ ချက်ချင်း ပြန်လာခဲ့မယ်”

ရှောင်ရိသည် မူလအသွင်သို့ ပြန်ပြောင်းကာ ရေခဲဂူကြီး၏ အတွင်းဘက်နက်နက်ထဲသို့ ဝင်ရောက်သွား၏။ 

၁၀ မိနစ်ခန့် ကြာသောအခါ ရှောင်ရိသည် ကလေးလေးအသွင်ဖြင့် ပြန်ရောက်လာခဲ့သည်။ သူ၏ နို့နှစ်ရောင်သန်းသော လက်လေးများထဲ၌ ရွှေရောင်ပိုးသားအိတ်လေး တစ်အိတ် ပြန်ပါလာသည်။ ထိုအိတ်လေးတွင် တောင်ပံပါမြွေနဂါး၏ ရုပ်ပုံအား ချည်ထိုးထားသည်။ 

ရှောင်ရိသည် ထိုအိတ်လေးအား ယဲ့ချန်ထံ ကမ်းပေးကာ ပြောလာသည်။ 

“အစ်ကိုချန် ဒီအိတ်ကို ငါ့အတွက်သိမ်းထားပေး”

“ဒါက ဘာလဲ”

ယဲ့ချန် သိလိုစွာဖြင့် ပြန်မေးမိသည်။ 

“အဘိုးပြောတာတော့ အဖေနဲ့အမေ ငါ့အတွက် ချန်ထားပေးခဲ့တဲ့ ပစ္စည်းတဲ့။ ငါ အရွယ်ရောက်တော့မှ ဖွင့်ကြည့်ဖို့ အဘိုးက မှာခဲ့တယ်”

ရှောင်ရိသည် သူ့ဘဝအတွက် ထိုမျှအရေးပါသော ပစ္စည်းအား ယဲ့ချန်နှင့် အမွေးပွလေးကို အပြည့်အဝ ယုံကြည်ကာ အပ်နှံလာသည်။

ရှောင်ရိ၏ အဘိုးဖြစ်သူ အကြောင်းကိုလည်း ယဲ့ချန် တော်တော်လေး သိချင်သွားမိသည်။ ထိုအဘိုးအိုသည် ဆုံးပါးသွားပြီ ဖြစ်သည့်တိုင် နှယ်နှယ်ရရ ပုဂ္ဂိုလ်မျိုး မဟုတ်သည်ကတော့ သေချာပါ၏။ 

“ကောင်းပြီ”

ယဲ့ချန် ခေါင်းညိတ်ကာ ပြန်ဖြေရင်း အိတ်လေးအား လက်မောင်းကာထဲသို့ ထည့်ထားရန် ကြံလိုက်သည်။ သို့သော် ထင်မှတ်မထားပါဘဲ အိတ်လေးအား လက်မောင်းကာထဲသို့ ထည့်၍မရပေ။ အိတ်လေးထဲတွင် သီးသန့် နေရာလပ်တစ်ခု ရှိနေသောကြောင့်သာ ဖြစ်ရပေမည်။ သို့နှင့် ယဲ့ချန်လည်း အိတ်လေးအား သူ့ဝတ်ရုံထဲတွင် အသေအချာ ထည့်သိမ်းလိုက်ရ၏။ 

ထို့နောက်မှ သူ ရှောင်ရိအား ကြည့်ကာ မေးလိုက်သည်။ 

“သွားကြတော့မလား”

“သွားကြစို့”

ရှောင်ရိသည် နောက်ဆုံးအနေနှင့် ရေခဲဂူပတ်လည်အား ကြည့်လိုက်ပြီးသော် စိတ်အားထက်သန်စွာဖြင့် ပြောလာသည်။ ပြောရလျှင် ဤနေရာနှင့် ပတ်သက်၍လည်း ရှောင်ရိတွင် အမှတ်တရ များများစားစား ရှိမနေပေ။ ထို့ကြောင့် ရှောင်ရိသည် ဝမ်းနည်းရမည့်အစား ပြင်ပလောကရှိ ဆန်းသစ်သောအရာများကို စူးစမ်းရန် စိတ်အားထက်သန်နေသည်။ ပြင်ပလောကရှိ အရာများသည် သူ့စိတ်ကူးထားသည်နှင့် ထပ်တူကျ၊ မကျကိုလည်း ရှောင်ရိက တွေးတောနေမိသည်။ 

လူသားတစ်ဦးနှင့် သားရဲနှစ်ကောင်တို့သည် ရေခဲဂူထဲမှ စတင်၍ ထွက်ခွါလာခဲ့ကြသည်။ အပြင်ဘက်သို့ ရောက်သောအခါ မိုးကုတ်စက်ဝိုင်းအလွန်တွင် နွေးထွေးစွာ တောက်ပနေသော သူရိယနေမင်းက သူတို့သုံးဦးအား ဆီးကြိုနေလေသည်။ 

***

All Chapters