← Chapters

ဟောင်ဆေးဆိုင်

Vol. 11 Ch. 153

ဟောင်ဆေးဆိုင်

Vol. 11 Ch. 153

ကံမကောင်းစွာဖြင့် ညဉ့်လေသည် အစားခံလိုက်ရပြီးဖြစ်ရာ သူတို့အဖို့ လမ်းလျှောက်သွားကြရုံသာ ရှိတော့သည်။ ရှောင်ရိသည် ယဲ့ချန်အနောက်ဘက် နီးနီးကပ်ကပ်မှ လိုက်ပါလာကာ ပတ်ဝန်းကျင်အနှံ့အား စူးစမ်းလိုစိတ်အပြည့်နှင့် လေ့လာနေတော့သည်။ တစ်ခါတစ်ခါ သူက မှော်သားရဲများ၊ ကောင်းကင်သားရဲများနှင့် ပတ်သက်သည့် အကြောင်းအရာတို့ကို မေးမြန်းလေ့ရှိသည်။ အမွေးပွလေးကလည်း စိတ်ရှည်လက်ရှည်ဖြင့် ပြန်လည်ဖြေကြားပေးသည်။

ရှောင်ရိအနားတွင်ရှိပါက ယဲ့ချန်သည် စကားပြန်တစ်ယောက်ရှိသလို ခံစားရသည်။ အမွှေးပွလေး ဘာဆိုလိုသည်ကို ခန့်မှန်းစရာမလိုဘဲ ရှောင်ရိအား မေးလိုက်ရုံဖြင့် သိနိုင်သည်။

ရှောင်ရိနှင့် အမွေးပွလေးကြားရှိ မှော်သားရဲများ၊ ကောင်းကင်သားရဲများအကြောင်း စကားဝိုင်းကို နားထောင်ရသည်မှာ စိတ်ဝင်စားဖွယ် ကောင်းလှသည်။ ယဲ့ချန်လည်းပဲ တချို့သော အကြောင်းအရာများကို မှတ်သားနိုင်ခဲ့သည်။ သင်ယူတတ်မြောက်လွယ်သူတစ်ယောက် အနေနှင့် ယဲ့ချန်သည် သားရဲနှစ်ကောင်ကြားရှိ စကားဝိုင်းကို တဖြည်းဖြည်း လိုက်မီလာသည်။

သို့နှင့် သုံးယောက်သားသည် မြို့လေးတစ်မြို့သို့ ရောက်သောအခါ ဆာလောင်မှုကို ဖြည့်တင်းရန် စားသောက်ဆိုင်သို့ အရင်ဆုံး ဦးတည်ကြသည်။ ယဲ့ချန်သည် သွားရေးလာရေး အဆင်ပြေစေရန် မြင်းနှစ်ကောင် ဝယ်ယူခဲ့သည်။ အမဲသားနှင့် သိုးသား ၁၀ ကောင်စာခန့်ကိုလည်း စားဖိုမှူးအား ကင်စေကာ လက်မောင်းကာထဲ၌ သိုလှောင်ထားရန် ဝယ်ယူခဲ့သည်။ ရှောင်ရိ၏ စားသောက်နိုင်စွမ်းကို ယခုမှ ယဲ့ချန် မျက်မြင်တွေ့ရတော့သည်။ ကောင်ငယ်လေးသည် အစားအသောက်အား လုံးဝ ကိုက်မစားဘဲ တစ်ခါတည်း ပါးစပ်ထဲထည့်ပြီး မျိုချကာ စားလေသည်။ မျက်တောင်တစ်ခတ်စာ အချိန်အတွင်း သိုးသားကင် တစ်ကောင်လုံးမှာ သူ့ပါးစပ်ထဲ ရောက်သွားရ၏။

ထိုမျှ စားသောက်နိုင်စွမ်းရှိသော ကလေးတစ်ယောက်သည် ဘယ်နေရာရောက်ရောက် အာရုံစိုက်ခံရမည်မှာ မလွဲမသွေပင်။ ယဲ့ချန်သည် မြို့လေးထဲရှိ လူများအတွက် မျက်စိနောက်စရာဖြစ်မည်စိုး၍ အလျင်အမြန် ခရီးဆက်လိုခဲ့သည်။ လိုအပ်သော ပစ္စည်းများအားလုံး ရသည်နှင့် ယဲ့ချန်တို့သည် ထိုမြို့လေးထဲမှ ချက်ချင်း ထွက်ခွါလာခဲ့ကြသည်။

နန်းမြို့တော်သို့ ဦးတည်ကာ ဆက်လက် ခရီးနှင်ခဲ့ကြ၏။

လမ်းတစ်လျှောက်တွင် မြင်းများ၊ လားများဖြင့် သွားလာနေကြသော အရပ်သူ၊ အရပ်သားများစွာကို တွေ့ရသည်။ ကုန်စည်များကို အသွားအပြန် ပို့ဆောင်နေသူများလည်း ရှိသည်။ သွားလာနေသူအများစုကတော့ ယဲ့ချန်ကဲ့သို့ နန်းမြို့တော်သို့ ဦးတည်နေကြသည်။ ယဲ့ချန် ရွေးချယ်ထားသော လမ်းကြောင်းသည် နန်းမြို့တော်သို့ သွားသည့် အဓိကလမ်းကြောင်း မဟုတ်သည့်တိုင် နေရာအနှံ့မှ လာရောက်ကြသူများနှင့် စည်ကားနေသည်။ နန်းမြို့တော်၌ဆိုလျှင် လူအများ ပျားပန်းခပ်မျှ လှုပ်ရှားသက်ဝင်နေမည့် မြင်ကွင်းကို မြင်ယောင်ကြည့်ရုံနှင့် သိနိုင်ပေသည်။

“အစ်ကိုချန် .. မြေခွေးကလေးမကပြောတယ်၊ မြေခွေးတွေက တခြားမှော်သားရဲတွေ၊ ကောင်းကင်သားရဲတွေနဲ့ မတူဘူးတဲ့။ အများစုက အမြီးသုံးချောင်း ပေါက်တာနဲ့ စပြီး အသွင်ပြောင်းနိုင်ပြီတဲ့။ နောက်ပိုင်းမှာလည်း စွမ်းအားပိုမြင့်လာလေလေ အသွင်ပြောင်းတဲ့စွမ်းရည်ကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သင်ယူနိုင်လေလေ ဆိုပဲ။ ဒါပေမဲ့ မြေခွေးကလေးမက အမြီးခြောက်ချောင်းတောင် ပေါက်နေပြီကို အခုထိ ဘာလို့ အသွင်ပြောင်းလို့မရသေးတာလဲ မသိဘူး”

ရှောင်ရိသည် ပါးစပ်ထဲတွင် သိုးသားကင်အား ပလုပ်ပလောင်း ဝါးနေရင်း ပြောလာသည်။

“အမှန်ပဲ”

ယဲ့ချန်လည်း ခေါင်းညိတ်မိသည်။ ပြောရလျှင် အမွေးပွလေး၏ စွမ်းရည်များသည် သားရဲများအကြား မနိမ့်ကျလှသော်လည်း သူမသည် ယခုထိတိုင် အသွင်မပြောင်းနိုင်သေးပေ။

“မြေခွေးကလေးမက သူ မကြာခင်မှာ အသွင်ပြောင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ထားတယ်တဲ့”

ရှောင်ရိက ထပ်ပြောလာသည်။

“ဟုတ်လား ငါတွေးတာတော့ အသွင်ပြောင်းနိုင်ဖို့ ကြာလေကောင်းလေပါပဲ။ ဒါမှ သူ့စွမ်းအင်တွေ ပိုပြီး သန်မာလာမှာ မဟုတ်လား”

ယဲ့ချန်သည် မရေမရာဖြင့် မေးခွန်းထုတ်လိုက်ပြီး အမွေးပွလေးအား ကြည့်မိသည်။ အမွေးပွလေး၏ မျက်နှာတစ်ပြင်လုံးသည် ရဲတွတ်နေပြီး တစ်မျိုးတစ်မည် ဆွဲဆောင်မှု ရှိနေသည်။ နောက်ဆုံးတော့ ယဲ့ချန်သည် အမွေးပွလေး ဆိုလိုသည်ကို နားလည်သွားခဲ့၏။

ရှောင်ရိသည် မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် ယဲ့ချန်နှင့် အမွေးပွလေးအား တစ်လှည့်စီကြည့်ကာ စူးစမ်းနေသည်။ အစ်ကိုချန်သည် ရုတ်တရက် တိတ်ဆိတ်သွားပြီး မြေခွေးကလေးမကလည်း အရမ်းကို ရှက်သွေးဖြာနေပုံ ပေါ်လေသည်။

ရှောင်ရိ တွေးမိသည်။

အရွယ်ရောက်ပြီးသားလူတွေများ ရှုပ်ထွေးချက်။ သိုးသားကင်လေးတွေလောက်လည်း မကောင်းပါဘူး။

ယဲ့ချန်နှင့်အတူ လိုက်ပါလာပြီးကတည်းက ရှောင်ရိသည် အသားကင်များကို ဝဝလင်လင် စားသောက်နေရရာ စကားလုံးများနှင့်ပင် ဖော်ပြ၍မရအောင် ပျော်ရွှင်နေသည်။ အစ်ကိုချန်နှင့် မြေခွေးကလေးမသာ အနားတွင်ရှိနေသ၍ နေ့စဉ်နေ့တိုင်း မကုန်ဆုံးနိုင်သော အသားကင်ထောက်ပံ့မှုကြီး ရထားသကဲ့သို့ ရှောင်ရိက မှတ်ယူထားသည်။

သုံးယောက်သားသည် ပြည်နယ်သုံးခုကို ဖြတ်ကျော်လာခဲ့ပြီးနောက်တွင်တော့ နန်းမြို့တော်အား လှမ်းမြင်နေရလေပြီ။ ခရီးစဉ်တစ်လျှောက်၌ ကိစ္စကြီးကြီးမားမား မကြုံတွေ့ခဲ့ရပေ။ ပျံကျဈေးသည်များနှင့် စကားစမြည်ပြောပြီး စိတ်ဝင်စားစရာကောင်းသည်တို့ကိုပင် မျက်မြင် တွေ့ခဲ့ရသေးသည်။ ရှီဝူအင်ပါယာနှင့် ပတ်သက်သည့် ယဲ့ချန်၏ ဗဟုသုတများလည်း တိုးပွါးလာခဲ့သည်။

ဖရိုဖရဲဖြစ်နေသော လောကကြီးတွင် လူ့အသက်များသည်ကား တောစပ်တွင် ပေါက်ရောက်နေသည့် ပေါင်းပင်များကဲ့သို့ အရေးမပါလှပေ။

ယဲ့ချန် သက်ပြင်းချမိသည်။ သူ့တစ်ကိုယ်တည်း၏ အစွမ်းအစဖြင့် ကိစ္စအများကြီးကို မပြောင်းလဲနိုင်ပေ။ မှန်မှန်ကန်ကန် နေထိုင်ပြီး ကိုယ့်ခံယူချက်အတိုင်း ကောင်းသည့်အရာများကို ဆက်၍ လုပ်ကိုင်ရုံသာ တတ်နိုင်ပေသည်။

ရံဖန်ရံခါ မြင်းစစ်သည်တပ်များသည် ဓားပြများရန်မှ ကာကွယ်ရန် ကင်းလှည့်နေသည်ကို ကြုံရသည်။ ထိုတပ်များသည် ပျံကျဈေးသည်များအား အတင်းအကျပ် ရွှေ့ပြောင်းခိုင်းခြင်း မလုပ်သကဲ့သို့ ခြိမ်းခြောက်ငွေညှစ်ခြင်းမျိုးလည်း မလုပ်ပေ။ အမိန့်အတိုင်းသာ တစ်သွေမတိမ်း လှုပ်ရှားနေကြသည်။

ရင်းမုန့်ထျန်း ပြောသည်မှာ မှန်ပေသည်။ ရှီဝူအင်ပါယာထဲတွင် ပြဿနာပေါင်းစုံ အမြစ်တွယ်နေသော်လည်း ဧကရာဇ်မင်ဝူသည် မင်းဆိုးမင်းညစ်တော့ မဟုတ်ပေ။ အတိတ်တစ်ချိန်က ရှီဝူအင်ပါယာ၏ ပြည်နယ်အသီးသီးတွင် ထူးချွန်သော ပါရမီရှင် ကျင့်ကြံသူများနှင့် သန်မာအားကောင်းခဲ့သည်။ ကံမကောင်းစွာပင် လွန်ခဲ့သော နှစ်ပေါင်း ၇၀၀၊ ၈၀၀ လောက်က နန်မန်နိုင်ငံနှင့် စစ်ပွဲပြီးသည့်နောက်တွင် ရှီဝူအင်ပါယာ၏ အခြေအနေသည်လည်း လျှောစောက်တစ်ခုနှယ် တဖြည်းဖြည်း နိမ့်ပါးလာခဲ့ရသည်။

ကုန်သည်အုပ်စုများနှင့်အတူ လိုက်လာခဲ့ရင်း ယဲ့ချန်တို့သည် မီတာရာကျော် မြင့်မားသော နံရံကြီးများ ပတ်ရံထားသည့် မြို့ကြီးသို့ ရောက်ရှိလာခဲ့သည်။

“အစွန်းအဖျားနားကိုတော့ ရောက်ပြီ။ ဒီနေရာကို ဖြတ်ပြီးတာနဲ့ အထဲဘက်မှာက နန်းမြို့တော်ပဲ”

ကုန်သည်များသည် အားရဝမ်းသာစွာ အော်ဟစ်နေကြသည်။ သူတို့အားလုံးသည် မတူညီသော နေရာအသီးသီးမှ လာရောက်ကြသူများဖြစ်ကာ အချို့က ရက်အနည်းငယ် အချိန်ယူရသော်လည်း အချို့ကတော့ လနှင့်ချီကာ အချိန်ယူခဲ့ရသည်။ လမ်းတစ်လျှောက်တွင် ကံဆိုးမှုများ၊ အမျိုးမျိုးသော စိန်ခေါ်မှုများကို ကျော်ဖြတ်ခဲ့ရပြီးနောက် ဦးတည်ရာဖြစ်သော နန်းမြို့တော်သို့ ရောက်ရှိနိုင်ခဲ့ပြီ ဖြစ်ရာ သူတို့အားလုံး ပျော်ရွှင်နေကြလေသည်။

ယဲ့ချန်သည် ကုန်သည်အုပ်စုနောက်မှ လိုက်ပါလာခဲ့သည်။ မြို့ဝင်ကြေး ငွေ ၂ စ ပေးချေပြီးသော် နန်းမြို့တော်၏ ဂိတ်ဝအား ဖြတ်ကျော်လာနိုင်ခဲ့သည်။

ကြီးမားသော စစ်တပ်တစ်တပ်က မြို့အဝင်ဝကို စောင့်ကြပ်နေကြသည်။ စစ်သည်တော် တစ်ယောက်ချင်းစီက ငွေရောင်ချပ်ဝတ်များကို ဝတ်ဆင်ထားကြပြီး အရပ်ရှည်ရှည်၊ တုတ်တုတ်ခိုင်ခိုင်ဟန်ပန်နှင့် နိုးနိုးကြားကြား စောင့်ကြပ်နေကြသည်။

ဤနယ်နိမိတ်အား စောင့်ကြပ်ရန် မည်သည့်စစ်သူကြီးက တာဝန်ယူထားသည်ကို ယဲ့ချန် သိလိုမိသည်။ စစ်သည်တော်များ၏ ပုံပန်းသွင်ပြင်က စနစ်တကျနှင့် စိတ်ဝင်စားဖွယ် ကောင်းလှသည်။

ယဲ့ချန် မြို့အဝင်ဝအား ဖြတ်ကျော်လိုက်သည်နှင့် တန်းစီနေသော အိမ်တန်းရှည်ကြီးကို မြင်လိုက်ရသည်။ အချို့အိမ်များကတော့ အတန်ငယ်အိုဟောင်းကာ ချုံးချုံးကျနေကြသည်။ လူအများသည် လမ်းမထက်တွင် ဟိုမှသည်မှ သွားလာနေကြပြီး ကုန်သည်အုပ်စုသည် ဤနေရာတွင် ခဏနားရန် ရပ်တန့်လိုက်ကြသည်။ များပြားသော စားသောက်ဆိုင်များ၊ တည်းခိုခန်းများအပြင် ဆောင်ကြာမြိုင်များလည်း ရှိနေသည်။ အလွန်အကျူး ပြင်ဆင်ထားကြသော မိန်းကလေးများသည် ဆောင်ကြာမြိုင်များ၏ အဝင်ဝတွင် ရပ်လျက် ဖြတ်သွားဖြတ်လာ ဧည့်သည်များကို ဆွဲဆောင်ခေါ်ယူနေကြ၏။

ဤနေရာသည် တုန်းလင်ပြည်နယ်ထက် အဆပေါင်းများစွာ ပို၍ စည်ကားသက်ဝင်နေသည်။

“အစ်ကိုချန် .. ဒီနေရာက နန်းမြို့တော်လား။ လူတွေအများကြီးပဲနော်”

ရှောင်ရိသည် စိတ်လှုပ်ရှားစွာဖြင့် အာမေဍိတ်သံ ပြုလေသည်။ ခရီးတစ်လျှောက် စားသောက်ခဲ့သည်တို့ကြောင့် ကောင်ငယ်လေးသည် ယခုတော့ဖြင့် ပိန်လှီမနေတော့ဘဲ ဝဖြိုးနေလေပြီ။ ယခင်ကထက် ပို၍ပင် ချစ်စဖွယ် ကောင်းနေတော့သည်။ အတန်ငယ်ရဲနေသော ပါးပြင်ဖောင်းဖောင်းလေးများကြောင့် အရုပ်လေးကဲ့သို့အသွင် ဖြစ်နေသည်။

“ဒါက အစွန်အဖျားပဲ ရှိသေးတယ်။ နန်းမြို့တော်ထဲကို ရောက်ဖို့ နေ့တစ်ဝက်လောက် မြင်းစီးသွားရဦးမယ်။ နန်းမြို့တော်ထဲမှာဆိုရင် ဒီနေရာထက် ပိုပြီး စည်ကားသက်ဝင်နေလောက်တယ်”

ယဲ့ချန်လည်း ပြုံးကာ ရှင်းပြလိုက်သည်။

“အိုး .. ဒါကတောင် နန်းမြို့တော် မဟုတ်သေးဘူးလား”

ရှောင်ရိသည် အံ့အားသင့်သွားဟန် အထင်းသားဖြင့် မျက်လုံးလေးများ ပြူးကျယ်သွားသည်။ သူ့အတွက်တော့ ယခု မြင်နေရသော နေရာကပင် စည်ကားလွန်းနေပြီ ဖြစ်သည်။

စိတ်ဝင်စားဖွယ် အရုပ်များ၊ တန်ဖိုးကြီးပစ္စည်းများ၊ စသည်ဖြင့် တစ်စုံတစ်ယောက်သည် လမ်းမများထက်တွင် အလိုရှိသည့် အရာမှန်သမျှကို ဝယ်ယူနိုင်သည်။ တချို့ပစ္စည်းများဆိုလျှင် ယဲ့ချန်ပင် တစ်ခါမှ မမြင်ဖူးသော ပစ္စည်းများ ဖြစ်သည်။ လမ်းဘေးတစ်ဖက်တစ်ချက်တွင် ဆေးဖက်ဝင်ပစ္စည်းများ ရောင်းချသည့် ဆိုင်များလည်း ရှိသည်။ ယဲ့ချန်၏ ဝိညာဉ်အသိအမြင်ဖြင့် စစ်ဆေးမှုအရ အများစုမှာ လူသုံးများသော ဆေးပင်များသာ ဖြစ်ပြီး သက်တမ်းလည်း နုကြသေးသည်။ အချို့သော ဆေးပင်များသည် အရည်အသွေးအားဖြင့် မဆိုးကြသော်လည်း ယဲ့ချန်အတွက်တော့ အသုံးမဝင်ပေ။ ထိုဆေးပင်များသည် အိမ်သုံးဆေးပင်များသာ ဖြစ်ပြီး ဆေးဖော်စပ်ရာတွင် အသုံးပြုရန် မလုံလောက်ကြ။

ယဲ့ချန်သည် ဝိညာဉ်အသိအမြင်ဖြင့် ဆေးပင်များကို စစ်ဆေးကြည့်နေရင်း ဆိုင်တစ်ဆိုင်တွင် ရောင်းချနေသော ပစ္စည်းတစ်ခုကို မျက်စိကျသွားသည်။

“အမွေးပွလေး .. ရှောင်ရိ .. အဲဒီ့ဆေးဆိုင်ကို သွားကြည့်ရအောင်”

ထိုဆေးဆိုင်သည် အသွင်အပြင်အားဖြင့် အဆင့်အတန်းမြင့်ပုံ ပေါ်ပြီး ဆိုင်ရှေ့တွင် လှပစွာ လေနှင့်အတူ ယိမ်းနွဲ့နေသည့် အလံထက်၌ စာလုံးလေးလုံးကို ရေးသားထားသည်။

“ဟောင်မိသားစု၊ ဟောင်ဆေးဆိုင်”《ဟောင်ကျားဟောင်တျန်း》

ဟောင်မိသားစု .. ။

ရှီကျင်းက ဟောင်မိသားစုလား .. ။

ယဲ့ချန်သည် အဖေနှင့်ဘိုးဘိုးကြီးတို့ ပြောဖူးသည်ကို ပြန်မှတ်မိသွား၏။ ဟောင်မိသားစုသည် ရှီဝူအင်ပါယာထဲတွင် တော်ဝင်မိသားစုပြီးလျှင် ဒုတိယ အင်အားအကြီးဆုံး မိသားစု ဖြစ်သည်။ ဟောင်မိသားစုသည် များပြားသော ပါရမီရှင်များနှင့် ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူများ ရှိခြင်းကြောင့် ကျော်ကြားသည်။ ဟောင်မိသားစု၌ အလယ်အလတ်ဆင့် ဆေးဝါးပညာရှင်များလည်း ရှိကာ ထိုအထဲမှ တစ်ယောက်သည် ဆရာရွှမ်းယီ၏ တပည့်ဖြစ်သည်။

မည်သို့ပင်ဆိုစေ ယဲ့ချန်သည် ဆေးပင်ဝယ်ယူရန် လာခြင်းဖြစ်ရာ ဟောင်မိသားစု၏ နောက်ခံအင်အားနှင့် ဘာမျှမပတ်သက်ပေ။ ယဲ့ချန်တွင် လက်မောင်းကာထဲ၌ ချီစုဆောင်းဆေးလုံး သန်း ၃၀ နှင့် ချီအဆီအနှစ်ဆေးလုံး သန်း ၅၀ ရှိသည်။ ပြည်နယ်တစ်ခု၏ အုပ်ချုပ်သူများသည်ပင် ချီစုဆောင်းဆေးလုံး ၁၀ သန်းခန့်သာ ပိုင်ဆိုင်နိုင်ကြသည်။ ယဲ့ချန်၏ လက်ရှိပိုင်ဆိုင်မှုသည် ပြည်နယ်အုပ်ချုပ်သူ ၁၀ ယောက်၏ စုပေါင်းပိုင်ဆိုင်မှုထက်ပင် များပြားသည်။ ထိုပမာဏက ဟောင်မိသားစုတစ်ခုလုံးကို ဝယ်ယူရန်ပင် လုံလောက်သည်။

ကောင်းမွန်ထူးခြားသော ဆေးပင်များကို တွေ့သည်နှင့် ယဲ့ချန်သည် လက်မောင်းကာထဲသို့ ဝယ်ထည့်ထားမည် ဖြစ်သည်။ တစ်နေ့နေ့တွင် ထိုဆေးပင်များကို လိုအပ်လာသော အခြေအနေတစ်ခုနှင့် ကြုံလာမလား မပြောနိုင်ပေ။ ထိုသို့အတွေးနှင့် ယဲ့ချန်သည် ဟောင်ဆေးဆိုင်ထဲသို့ ဝင်သွားလိုက်သည်။

ဆေးဆိုင်၏ ငွေပေးချေရသော စားပွဲတွင် သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က ကွပ်ကဲနေသည်။ ထိုလူကြီးကား အသက် ၄၀ ခန့် ရှိမည်ဟု ခန့်မှန်းရသည်။ အကြည့်တစ်ချက်နှင့်တင် ကျင့်ကြံသူဖြစ်ကြောင်း သိသာနေသည်။ ယဲ့ချန် ခန့်မှန်းရသလောက် ထိုလူကြီးသည် အနည်းဆုံး ထျန်းချီအဆင့် ၈ ၌ ရှိရပေမည်။ လူကြီးသည် လက်ဖက်ရည်တစ်ခွက်အား ဖြည်းဖြည်းချင်းသောက်လျက် လက်ထောက် အလုပ်သမား ၁၀ ယောက် အလုပ်လုပ်နေသည်ကို ကြည့်ရှူနေလေသည်။

ဟောင်မိသားစုတွင် ကျင့်ကြံခြင်း၌ ပါရမီမပါသူများကိုသာ ဆေးဆိုင်ကဲ့သို့ စီးပွါးရေးလုပ်ငန်းများ ပြုလုပ်ရာ၌ တာဝန်ပေးထားခြင်း ဖြစ်သည်။ ဤသည်ကိုပင် ဆေးဆိုင်၌ ထျန်းချီအဆင့် ၈ ကျင့်ကြံသူတစ်ယောက်ကို တွေ့ရပုံအရ ဟောင်မိသားစု၏ အင်အားနှင့် စည်းစနစ်ကျပုံကို မြင်တွေ့နိုင်သည်။

လူအများသည် ဆေးဆိုင်ထဲသို့ ဝင်သွားလိုက်၊ ထွက်လာလိုက်ဖြင့် မပြတ်စည်ကားနေ၏။ ဝယ်သူအများစုသည် အိမ်သုံးဆေးပင်များကိုသာ ဝယ်လေ့ရှိကြရာ ထိုလူသိများသော အိမ်သုံးဆေးပင်များက အရောင်းအသွက်ဆုံး ဖြစ်နေသည်။ တန်ဖိုးကြီးမားသော ရှားပါးဆေးပင်များကိုမူ ငွေပေးချေရသော စားပွဲ၏ နောက်ဘက်ရှိ သတ္တုဗီရိုများထဲ၌ သိမ်းဆည်းထားသည်။ ယဲ့ချန်သည် ဝိညာဉ်အသိအမြင်ဖြင့် တစ်ချက် ဝေ့ဝဲကြည့်ရုံနှင့် ထိုဗီရိုများအတွင်း၌ ပစ္စည်းကောင်း အများအပြား ရှိနေကြောင်း အာရုံခံမိသည်။

သတ္တုဗီရိုများသည် အလွန်ခိုင်ခံ့ဟန်ရပြီး ကြီးမားသော သော့ခလောက်တစ်ခုဖြင့်လည်း ခတ်ထားသေးသည်။ ဟောင်မိသားစုသည် ထိုဆေးပင်များ၏ တန်ဖိုးကြီးမားပုံကို ကောင်းကောင်းသိရှိပုံ ရသည်။

ဟောင်မိသားစုသည် ဆေးပင်များကို ဝယ်ယူရောင်းချသည့် ဆေးဆိုင်များအား ရှီဝူအင်ပါယာအနှံ့တွင် ဖြန့်ကျက်ထားသည်။ သူတို့က နှစ်စဉ်နှစ်တိုင်း ရှားပါးသော ဆေးပင်များကို ရှာဖွေစုဆောင်းထားကြသည်။ မိသားစုအတွက် အသုံးဝင်မည့် ဆေးပင်များကို ဖယ်ထုတ်ထားပြီး ကျန်ဆေးပင်များကို ဆိုင်တွင်တင်ကာ ရောင်းချကြသည်။ ရှီဝူအင်ပါယာအတွင်းရှိ ဆေးဝါးပညာရှင် အများစုသည် ဟောင်မိသားစုဆေးဆိုင်၏ ဖောက်သည်များ ဖြစ်ကြသည်။

လက်ရှိတွင် ဝယ်သူ ၁၀ ယောက်သည် ဟောင်ဆေးဆိုင်ထဲတွင် ရှိနေပြီး တစ်ယောက်ကမှ တန်ဖိုးကြီးသည့် ဆေးပင်များကို မဝယ်ကြရသေးပေ။

ဟောင်ဆေးဆိုင်ကဲ့သို့ ကြီးမားသောဆေးဆိုင်ကြီး အတွက်ပင် တန်ဖိုးကြီးဆေးပင်များကို ဝယ်ယူသည့် ဈေးဝယ်သူသည် ကြုံတောင့်ကြုံခဲ ရှားပါးပေသည်။ သို့သော် တစ်ယောက်မျှ ပေါ်လာပြီဆိုလျှင်လည်း ထိုဝယ်သူထံမှရသည့် အမြတ်သည် ပုံမှန်ဝယ်သူများထံမှ လစဉ်ရရှိသည့် အမြတ်ငွေစုစုပေါင်းထက် ပိုများ၏။

ယဲ့ချန်၏ အကြည့်တို့သည် တန်ဖိုးကြီးဆေးပင်များ ထားရှိသော သတ္တုဗီရိုများထံတွင်သာ ရှိနေရာ ငွေပေးချေရသော စားပွဲတွင် ထိုင်နေသည့် သက်လတ်ပိုင်းလူကြီးသည် စိတ်လှုပ်ရှားလာရသည်။ ဖြတ်သန်းခဲ့ပြီးသော ဘဝအတွေ့အကြုံများအရ ယဲ့ချန်သည် သိုင်းပညာမိသားစုကြီး တစ်ခုမှ ကျင့်ကြံသူဖြစ်ကြောင်း ထိုလူကြီးက တပ်အပ်ပြောနိုင်သည်။ ထို့ပြင် ယဲ့ချန်ပခုံးထက်တွင် အဆင့် ၂ ၊ အဆင့် ၃ မှော်သားရဲဟု ယူဆရသည့် အမွေးပွလေးကလည်း ပါလာသေးသည်။ ပုံမှန်အားဖြင့် ထိုသို့သော ဝယ်သူမျိုး၏ ဆေးပင်များအပေါ် ငွေကြေးသုံးစွဲမှုသည် သာမန်ဝယ်သူများထက် ၁၀ ဆမှ အဆ ၁၀၀ ခန့်အထိ မြင့်မားသည်။

“ဘာများကူညီပေးရမလဲ သခင်လေး။ ဆေးလုံး ဒါမှမဟုတ် ဆေးပင်တစ်မျိုးမျိုးကို ပေါင်နှံချင်ရင်လည်း ရပါတယ်”

လူကြီးသည် စားပွဲနောက်မှ ထလာကာ ယဲ့ချန်အား ယဉ်ကျေးသမှုဖြင့် မေးမြန်း၏။

“ကျုပ်က ရှီကျင်း၊ ဟောင်မိသားစုရဲ့ တတိယမျိုးဆက်က ဟောင်ရွှီပါ”

လူကြီးသည် ထိုသို့မိတ်ဆက်ရခြင်းမှာ အကြောင်းရှိပေသည်။ သူက ယဲ့ချန်၏ နောက်ခံနှင့် အဆင့်အတန်းကို့ ခန့်မှန်းတွက်ချက်ရန် ကြံရွယ်နေခြင်း ဖြစ်သည်။

“ဆေးလုံးတွေနဲ့ ဆေးပင်တွေကို ပေါင်နှံလို့လည်း ရသေးတာလား”

ယဲ့ချန်သည် သိလိုစိတ်ဖြင့် မေးမိ၏။ ဆေးဆိုင်များတွင် ထိုသို့သောဝန်ဆောင်မှုမျိုး ရှိနေလိမ့်မည်ဟု ယဲ့ချန် မထင်ထားပေ။

“ဟုတ်ပါတယ်။ ကျုပ်တို့ ဟောင်ဆေးဆိုင်က ရှားပါးပြီး တန်ဖိုးရှိတဲ့ ဆေးပင်တွေကို သင့်တင့်လျှောက်ပတ်တဲ့ ဈေးနှုန်းနဲ့ လဲလှယ်ပေးပါတယ်”

ဟောင်ရွှီသည် ယဉ်ယဉ်ကျေးကျေး ပြန်ဖြေလာသော်လည်း မသိမသာ မျက်မှောင်ကြုတ်မိနေပြီ ဖြစ်သည်။ ယဲ့ချန်သည် ထိုသို့သော အခြေခံဝန်ဆောင်မှုကိုပင် အထူးတလည် ဖြစ်နေပုံပေါ်လေရာ ပြည်နယ်ဘက်မှ တက်လာသော သာမန်ကောင်လေးများလားဟု တွေးမိသွားသည်။

ဟောင်ဆေးဆိုင်တွင် ကြီးမားသော ရောင်းဝယ်မှုများ၊ လဲလှယ်မှုများကိုသာ ဟောင်ရွှီကိုယ်တိုင် ကိုင်တွယ်ပြီး အသေးအမွှား ရောင်းချမှုများကိုတော့ လက်ထောက်အလုပ်သမားများက ကိုင်တွယ်သည်။ သို့ရာတွင် ယခုအခြေအနေ၌ ဟောင်ရွှီဘက်မှ စတင်၍ ယဲ့ချန်ထံ ချဉ်းကပ်ခဲ့မိခြင်းဖြစ်ရာ အလုပ်သမားများထံ လက်လွှဲပေးဖို့ မသင့်လျော်တော့ပေ။

“ဘာများလိုအပ်ပါသလဲ သခင်လေး။ ရောင်းချင်တာလား ဒါမှမဟုတ် ဝယ်ချင်တာလား”

စိတ်ခံစားချက်များကို မျက်နှာတွင် မပေါ်စေရဘဲ ဟောင်ရွှီသည် တည်တည်ငြိမ်ငြိမ်ဖြင့် မေးလိုက်၏။

***

All Chapters