အဆင့် ၃ ဝိညာဉ်လက်နက်
Vol. 11 Ch. 154
“ဝယ်ချင်တာ။ ဗီရိုထဲမှာရှိတဲ့ တန်ဖိုးကြီးဆေးပင်တွေ အကုန်လုံးကို ထုတ်ယူလာပေးပါ။ ကျွန်တော့်အတွက် အသုံးဝင်တဲ့ ဆေးပင်ကို တွေ့ပြီး ဈေးနှုန်းကလည်း သင့်တင့်တယ်ဆိုရင် ဝယ်မယ်”
ယဲ့ချန်က ဆိုသည်။ သူသည် ဆရာရွှမ်းယီထံတွင် ဆေးဝါးဖော်စပ်ခြင်းကို သင်ယူတော့မည်ဖြစ်ရာ ဆေးပင်များသည် တစ်နည်းမဟုတ်တစ်နည်း အသုံးဝင်လာမည်သာ။ ထို့ပြင် ယဲ့ချန်တွင် အပေါဆုံးက ပိုက်ဆံ ဖြစ်နေသောကြောင့် ဆေးပင်အနည်းငယ် ဝယ်ယူရန် ဖြုန်းတီးခြင်းက ပြဿနာမရှိပါချေ။ ယဲ့ချန်သည် နန်းမြို့တော်ရှိ ဆေးဆိုင်များအကြားရှိ ဈေးနှုန်းကွာဟမှုကိုလည်း လေ့လာချင်သေးသည်။
ယဲ့ချန်၏ စကားများကြောင့် ဟောင်ရွှီ အလွန် ထိတ်လန့်သွားရသည်။ ထိုလူငယ်လေးကား သူတို့ဆိုင်တွင် ရှိသမျှသော တန်ဖိုးကြီးဆေးပင်များကို ကြည့်လိုသည်ဟု ဆိုသည်။ ထိုဆေးပင်များ၏ တန်ဖိုးကို ထိုလူငယ်လေး သိမှသိပါလေစ။ ဟောင်ဆေးဆိုင်အား ပြည်နယ်လေးများတွင်ရှိသော သာမန်ဆေးဆိုင်လေးများနှင့် တန်းတူ သတ်မှတ်နေခြင်းပေလော။ ဟောင်ရွှီသည် စိတ်တည်ငြိမ်စေရန် ကြိုးစားလိုက်ပြီး စားပွဲနောက်ရှိ ဗီရိုအနည်းငယ်ကို ဖွင့်ပြလိုက်သည်။
“ကျုပ်တို့ဆိုင်မှာ အမြဲစိမ်းဆောင်းဦးပင် ( သုံချန်းလွီ) ၊ လင်းယုန်ရေငုပ်ပင် ( ရင်းချန်းရွှေ) နဲ့ အဖြူရောင်မြင့်မြတ်တော်ဝင်ပင် ( ပိုင်ကောင်းကွေ့) တွေ ရှိပါတယ်”
ဟောင်ရွှီသည် နောက်ထပ် ဗီရိုအချို့အား ထပ်ဖွင့်ပြလိုက်သေးသည်။
“ပြီးတော့ ဒီမှာ မိုးကြိုးအလင်းဖြာပင် ( ကျိုးရန်လေ့) နဲ့ နေဝင်ဆည်းဆာပင် ( ဟွမ်ဟွင်း) တွေလည်း ရှိပါသေးတယ်။ သူတို့ကတော့ အကျိုးရှိရှိ သုံးလို့ရတဲ့ ဆေးပင်အမျိုးအစားတွေပါ။ သခင်လေးက ဆေးဝါးပညာကို လေ့ကျင့်ဖို့အတွက် ဝယ်ချင်တာလား ဒါမှမဟုတ် တိုက်ရိုက် ဆေးကျိုပြီး သောက်သုံးဖို့အတွက် ဝယ်ချင်တာလား ခင်ဗျာ”
အမွေးပွလေးနှင့် ရှောင်ရိတို့သည် စိတ်မပါလက်မပါ ဖြစ်နေကြ၏။ ယဲ့ချန်သည် ဆေးဆိုင်အတွင်း ဝင်ရောက်ကြည့်ရှုရန် ဆုံးဖြတ်လိုက်ခြင်းကို ၎င်းတို့နှစ်ကောင်သားသည် နားမလည်နိုင်ကြပေ။ သူတို့အတွက်တော့ ဆေးဖက်ဆိုင်ရာ ပစ္စည်းများသည် ပျင်းရိငြီးငွေ့ဖွယ် ကောင်းလှသည်။
“ဒီဆေးပင်တွေက တခြားဆိုင်တွေမှာလည်း ဝယ်လို့ရပါတယ်။ ကျွန်တော်က ဒီဟောင်ဆေးဆိုင်က လွဲပြီး တခြားနေရာမှာ ရှာလို့မလွယ်တဲ့ ဆေးပင်မျိုးကို လိုချင်တာ .. ရှိမယ်ဆိုရင်ပေါ့”
ယဲ့ချန်သည် ဟောင်ဆေးဆိုင်ထဲ၌ ရှားပါးသော ဆေးပင်တစ်စုံ ရှိနေသည်ကို အာရုံခံမိသည်။ သို့သော် ထိုဆေးပင်များက အနက်ရောင်ရွှမ်သတ္တုဖြင့် ပြုလုပ်ထားသော ဗီရိုထဲတွင် ရှိနေခြင်း ဖြစ်သည်။ ထိုဆေးပင်များ၏ အမျိုးအစားကို ယဲ့ချန် အတိအကျ မသိရသော်လည်း ၎င်းတို့ထံမှ ဖြာထွက်လာသည့် ထျန်းချီများကို အာရုံခံမိရုံနှင့် ယဲ့ချန် စိတ်လှုပ်ရှားလာရသည်။
“ဘယ်ဘက်က ဗီရိုထဲမှာ ဘာဆေးပင်တွေရှိသလဲဆိုတာ ကြည့်လို့ရမလား”
ဟောင်ရွှီသည် ယဲ့ချန်အား အထိတ်အလန့် ပြန်ကြည့်မိသည်။ ထိုလူငယ်လေးသည် ဘယ်ဘက်ရှိ အနက်ရောင် ရွှမ်သတ္တုဗီရိုထဲရှိ ဆေးပင်များအတွက် ရောက်ရှိလာခြင်း ဖြစိလိမ့်မည်ဟု သူ မျှော်လင့်မထားပေ။ မည်သို့ပင်ဆိုစေ ထိုလူငယ်လေးသည် ဟောင်ဆေးဆိုင်၏ ဝယ်သူဖြစ်နေသောကြောင့် ဟောင်ရွှီက ကူညီဆောင်ရွက်ပေးရမည် ဖြစ်သည်။
“အဲဒီ့ဗီရိုထဲမှာရှိတဲ့ ဆေးပင်တွေက နေရာအနှံ့ကနေ ဟောင်မိသားစု စုဆောင်းထားတဲ့ ဆေးပင်တွေပါ။ တချို့ဆေးပင်တွေဆိုရင် ကျုပ်ကိုယ်တိုင်တောင် အမျိုးအမည်ကို မသိဘူး။ ဒါပေမဲ့ အဲဒီ့ဆေးပင်တွေက အနည်းဆုံး ချီအဆီအနှစ်ဆေးလုံး ၅၀ ကျော်နဲ့အထက် တန်ကြေးရှိတယ်။ သခင်လေး အဲဒီ့ဆေးပင်တွေကို ကြည့်ချင်တာ သေချာပါတယ်နော်”
ဟောင်ရွှီသည် မျက်လုံးများကို မှေးကျဉ်း၍ နောက်ဆုံးစာကြောင်းအား ဂရုတစိုက်ဖြင့် မေးလာသည်။
“ထုတ်သာ ထုတ်လာခဲ့ပါ”
ယဲ့ချန်က အမိန့်ပေးလိုက်သည်။
ချီအဆီအနှစ်ဆေးလုံး ၅၀ ဟူသော ပမာဏအား ယဲ့ချန် တွန့်ဆုတ်မသွားသည်ကို မြင်သော် ဟောင်ရွှီ ကျေနပ်သွား၏။ ခေါင်းတစ်ချက်ညိတ်လိုက်ပြီး အနက်ရောင် ရွှမ်သတ္တုဗီရိုထဲရှိ ဆေးပင်များကို ထုတ်ယူပြလာသည်။ ဆေးပင် ၁၀ ခုကျော်ပြီး အမျိုးအစားစုံလင်ကာ ထျန်းချီစွမ်းအင်များကို ထုတ်လွှင့်နေသည်။
ယဲ့ချန်သည် ထိုဆေးပင်များအားလုံးကို အသေအချာ ကြည့်ရှုသည်။ ဆေးပင်များနှင့် ပတ်သက်သည့် စာအုပ်တို့ကို ဖတ်ရှုလေ့လာပြီးနောက် ယဲ့ချန်သည် ထိုဆေးပင်များ၏ အမျိုးအမည်ကို ခွဲခြားနိုင်နေပြီ ဖြစ်သည်။ ဟောင်ရွှီပင် ထိုဆေးပင်များ၏ အမျိုးအမည်ကို မခွဲခြားနိုင်ပေ။ သို့သော် ထိုဆေးပင်များနှင့် အာနိသင်တူညီသည့် ဆေးပင်များသည် လက်မောင်းကာထဲတွင် အရေအတွက် များပြားစွာ ရှိနေသည်။ ဟောင်ရွှီ ထုတ်ပြလာသည့် ဆေးပင်များ၏ အရည်အသွေးကပင် နိမ့်ကျနေသေး၏။ ကူကယ်ရာမဲ့စွာဖြင့် ယဲ့ချန် စိတ်ပျက်လာရတော့သည်။
“ဒါတွေအားလုံးက ကျွန်တော့်အတွက် အသုံးမဝင်ဘူး။ ဆိုင်ရှင် .. ဒီဆိုင်မှာရှိတဲ့ အကောင်းဆုံးပစ္စည်းကိုပဲ ပြပေးပါ”
ယဲ့ချန်သည် ဟောင်ရွှီက သူ့အား အရေးတယူ သဘောမထားဟု ယူဆသောကြောင့် အနည်းငယ် စိတ်မရှည် ဖြစ်လာရသည်။
“ဒီဆေးပင်တွေရဲ့ အာနိသင်ကို မသိဘူးလား သခင်လေး။ ဒါတွေက အကောင်းဆုံးထဲက အကောင်းဆုံးတွေပါ။ ဒီထဲက ဈေးအမြင့်ဆုံး ဆေးပင်ဆိုရင် ချီအဆီအနှစ်ဆေးလုံး ၆၀၀ ကျော်တောင် တန်တယ်လေ”
ဟောင်ရွှီသည် အတန်ငယ် ဂုဏ်ယူဝံ့ကြွားစွာဖြင့် မှတ်ချက်ပြု ပြောကြားလာသည်။
“ကျန်တဲ့ဆေးပင်တွေကတော့ ပိုက်ဆံနဲ့ဝယ်လို့မရဘူး။ ကျေးဇူးပြုပြီး သခင်လေးက ဘယ်မိသားစုကလဲဆိုတာ သိခွင့်ရှိမလား”
“ရင်းပေ့ပြည်နယ်က မိသားစုလေးတစ်ခုကပါ”
ယဲ့ချန်သည် ပြန်ဖြေခဲ့သော်လည်း တစ်စထက်တစ်စ မျက်မှောင်ကြုတ်မိလာ၏။
“ဆိုင်ရှင်ဆိုလိုတာက ဟောင်ဆေးဆိုင်ကနေ ပစ္စည်းတချို့ ဝယ်ဖို့အရေး စာရင်းပေးသွင်းထားပြီးသား မိသားစုက ဝယ်သူ ဖြစ်ရမယ်လို့လား”
“တန်ဖိုးအကြီးဆုံး ဆေးပင်တွေကို ကျုပ်တို့ဆိုင်ရဲ့ ဖောက်သည်တွေနဲ့ ရှီဝူအင်ပါယာထဲက အင်အားကြီးမိသားစုတွေကိုပဲ ရောင်းချတာမလို့ပါ”
ဟောင်ရွှီသည် ယဲ့ချန်နှင့်လည်း မျက်နှာမပျက်လိုသောကြောင့် ကူကယ်ရာမဲ့စွာနှင့် ရှင်းပြနေရ၏။
“အဲဒီ့ဆေးပင်တွေက တကယ်ကို တန်ဖိုးကြီးလွန်းလို့ပါ။ သခင်လေးမှာသာ ဟောင်မိသားစုရဲ့ တံဆိပ်ပြားရှိနေရင် ကျုပ် ချက်ချင်း ထုတ်ရောင်းပေးပါတယ်ဗျာ တကယ်ပါ”
ဘယ်ဘယ်ဗီရို၏ အောက်ဘက်အကန့်၌ ရှားပါးဆေးပင်တစ်စုံ ရှိနေသည်ကို ယဲ့ချန် အာရုံခံမိနေသည်။ ထိုအထဲမှ တစ်ခုဆိုလျှင် ထူးထူးခြားခြားကို တန်ဖိုးရှိလောက်သည်။ သို့သော် ဟောင်ရွှီက ထုတ်မပြမှတော့ ယဲ့ချန်တွင်လည်း ရွေးချယ်စရာမရှိတော့။
ယဲ့ချန်နှင့် ဟောင်ရွှီတို့ စကားပြောနေကြစဉ် ဆေးဆိုင်အတွင်းသို့ စုတ်ပြဲနေသော အဝတ်အစားများနှင့် အသက်ကြီးကြီး အဘိုးအိုတစ်ယောက် ဝင်ရောက်လာသည်။
“ကျုပ် .. ကျုပ် ပစ္စည်းတစ်ခု ပေါင်နှံချင်လို့ပါ”
အဘိုးအိုသည် ဝတ်ရုံလက်ကြားရှိ အိတ်ထဲသို့ ဟိုစမ်းသည်စမ်းဖြင့် ကြွေပန်းအိုးလေးတစ်လုံးကို ထုတ်ယူလာသည်။ ကြွေပန်းအိုးလေးသည် ရွှံနွံများ ဖုံးလွှမ်းကာ အတန်ငယ် ညစ်ပတ်ပေရေနေ၏။
ဟောင်ဆေးဆိုင်မှ အလုပ်သမားသည် စိတ်ရှုပ်သွားဟန်နှင့် ဆို၏။
“ခင်ဗျားက ဘာကိုပေါင်နှံမှာလဲ”
“ဆေးလုံးနှစ်လုံးပါ။ ကျုပ်သားကပြောတယ် ဒီပန်းအိုးထဲမှာ ချီအဆီအနှစ်ဆေးလုံး နှစ်လုံး ရှိတယ်တဲ့”
ယဲ့ချန် အသံလာရာသို့ လှည့်ကြည့်မိသည်။ သူ့အကြည့်တို့က အဘိုးအို၏ လက်ထဲရှိ ကြွေပန်းအိုးထံတွင် စူးစိုက်သွားသည်။ ပန်းအိုးလေးထဲတွင် ချီအဆီအနှစ်ဆေးလုံး နှစ်လုံး ရှိနေသည်ကို ယဲ့ချန် ဝိညာဉ်အသိအမြင်ဖြင့် အာရုံခံမိသည်။ သို့သော် ထိုဆေးနှစ်လုံးက ယဲ့ချန်အတွက် မပြောပလောက်ပေ။ ရွှံ့နွံများ ပေကျံနေသော ပန်းအိုးသည်သာ ပစ္စည်းကောင်းတစ်ခု ဖြစ်ပုံရသည်။ ပန်းအိုးပေါ်တွင် စာသားတချို့ကို ကြော့ကြော့မော့မော့ ရေးထွင်းထားပြီး ထိုစာသားများ၏ လက်ရာသည် ပြည့်စုံကောင်းမွန်လှသည်။ ပန်းအိုးလေးက တစ်လက်မခန့်သာ မြင့်ပြီး ကျောက်စိမ်းကြွေထည်မှ ပြုလုပ်ထားပုံပေါ်သည်။ သေတော့မသေချာပေ။ ယဲ့ချန်သည် ဝိညာဉ်အသိအမြင်ဖြင့် ပန်းအိုးထဲရှိ စွမ်းအင်လှိုင်းများကို သတိထားမိသွားသည်။ ပန်းအိုးထဲရှိ ဆေးလုံးနှစ်လုံးသည်ပင် ထိုစွမ်းအင်လှိုင်းကြောင့် နွေးထွေးနေဟန် ရသည်။ ပန်းအိုးသည် အဆင့် ၁ မှ အဆင့် ၃ အတွင်းရှိသော ဝိညာဉ်လက်နက် ဖြစ်နိုင်ပေသည်။
အလုပ်သမားလူငယ်သည် ပန်းအိုးထဲရှိ ဆေးနှစ်လုံးကို ယူကြည့်ပြီးနောက် ထူးမခြားနားစွာ ပြောလာသည်။
“အဆင့်နိမ့် ချီအဆီအနှစ် ဆေးလုံးနှစ်လုံး။ ငွေစ ၅၀ ရမယ်”
“ကျုပ်သားလေး ပြောတာကတော့ ချီစုဆောင်းဆေးလုံးတစ်လုံးကို ငွေစ ၅၀ တန်ပြီး ချီအဆီအနှစ်ဆေးလုံးတစ်လုံးကို ချီစုဆောင်းဆေးလုံး ရာနဲ့ချီပြီး တန်တယ်တဲ့။ ဒီလိုဆိုရင် ဒီဆေးနှစ်လုံးက ငွေစ ၂ သန်းလောက် တန်တာ မဟုတ်ဘူးလား”
အဘိုးအိုသည် အလုပ်သမားလူငယ် ဈေးဖြတ်ပေးသော ငွေစအရေအတွက်ကြောင့် မပျော်မရွှင် ဖြစ်သွားရကာ မေးခွန်းထုတ်လာသည်။ ဒေါသထွက်သွားဟန်လည်း ရ၏။
အလုပ်သမားလူငယ်သည် အဘိုးအိုထံမှ ချက်ကျလက်ကျ တုံ့ပြန်မှုမျိုးကို မျှော်လင့်မထားပေ။ သူသည် ဟောင်ရွှီထံသို့ ဖျတ်ခနဲ လှမ်းကြည့်ပြီးနောက် ထောက်ထားစာနာခြင်းမရှိစွာ ယတိပြတ် ထပ်ပြောလိုက်သည်။
“ငွေစ ၃၀၀ ယူရင်ယူ၊ မယူရင်လည်း ထွက်သွားတော့”
ယဲ့ချန်သည် ဟောင်ရွှီ လုပ်ပြလိုက်သော လက်အမူအရာကို မြင်ဖြစ်အောင် မြင်လိုက်သည်။ အလုပ်သမားလူငယ်အား ထိုသို့ဈေးဖြတ်ရန် ညွှန်ကြားသူမှာ ဟောင်ရွှီ ဖြစ်သည်။ ချီအဆီအနှစ်ဆေးလုံး နှစ်လုံးအတွက် ငွေစ ၃၀၀ ဆိုပဲ။ ဟောင်မိသားစု စီးပွါးဖြစ်နေသည်မှာ မထူးဆန်းတော့ပေ။ ဆေးဆိုင်များ၏ အမြတ်ကြီးစားကာ လည်ပတ်နေပုံကို ယဲ့ချန် နားလည်သွားသည်။
“နေတော့ .. ကျုပ် မပေါင်နှံတော့ဘူး”
အဘိုးအိုသည် နှုတ်ခမ်းမွှေးများ ယမ်းခါသည်အထိ ဒေါသထွက်သွားရပြီး ပန်းအိုးအား ပြန်သိမ်းလိုက်၏။
“သေချာစဉ်းစားနော် အဘိုးကြီး။ ကျွန်တော်တို့ဘက်က ငွေစ ၃၀၀ တောင် ပေးထားတာ။ အခုတစ်ကြိမ် မယူရင် နောက်တစ်ကြိမ် ပြန်လာတဲ့အခါ ဈေးနှုန်းက ငွေစ ၂၀၀ အထိ ကျသွားနိုင်တယ်။ ကျွန်တော်တို့ ဟောင်ဆေးဆိုင်ကမှ ခင်ဗျားဆေးလုံးကို လက်မခံရင် ကျန်တဲ့ဆေးဆိုင်တွေကလည်း လက်ခံရဲမှာ မဟုတ်ဘူး”
အလုပ်သမားလူငယ်သည် အဘိုးအိုအား ဒေါသစွက်စွာ ကြည့်လျက် ခြိမ်းခြောက်ပြောဆိုသည်။
အဘိုးအိုသည် အလုပ်သမားလူငယ်၏ ပုံစံအမှန် ထွက်ပေါ်လာမှုကြောင့် အံ့ဩထိတ်လန့်သွားရသည်။ သူသည် အလုပ်သမားလူငယ်၏ ခြိမ်းခြောက်မှုကို သေချာ မစဉ်းစားဘဲလည်း မနေနိုင်ပေ။ ငွေစ ၃၀၀ သည် သူတို့မိသားစု ပေးရန်ရှိနေသော အကြွေးများကို ပေးချေရန် လုံလောက်နေသည်။ အမှန်တော့ အဘိုးအို၏ သားသည် ဤဆေးနှစ်လုံးအား ရောင်းချရန် သဘောမတူခဲ့ပေ။ အကြောင်းမှာ ဤဆေးနှစ်လုံးအား အဘိုးအို၏ မြေးဖြစ်သူအား အမွေအဖြစ် ဆင့်ကမ်းပေးရန် ကြံရွယ်ထားသောကြောင့် ဖြစ်သည်။ သို့သော် ယခုတွင်မူ အဘိုးအို၏ သားဖြစ်သူသည် အမည်မသိလူများ၏ ဖမ်းဆီးရိုက်နှက်မှုကို ခံနေရပြီး ငွေစ ၅၀ နှင့် ပြန်ရွေးရန် လိုနေသည်။ ထို့ကြောင့် အဘိုးအိုသည် မိသားစု၏ ရတနာ၊ ဆေးလုံးနှစ်လုံးအား ရောင်းချရန် ဟောင်ဆေးဆိုင်သို့ အဆောတလျင် လာခဲ့သော်လည်း ဟောင်ဆေးဆိုင်သည် အလွန်ဈေးနှိမ်ပြီး အမြတ်ကြီးစားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ ကောလဟာလများအရ ဟောင်ဆေးဆိုင်သည် နန်းမြို့တော်တဝိုက်၌ လွှမ်းမိုးနိုင်စွမ်းရှိကြောင်း ကြားရသည်။ ဟောင်ဆေးဆိုင်က အဘိုးအို၏ ဆေးလုံးနှစ်လုံးအား လက်မခံရန် အခြားသော ဆေးဆိုင်များသို့ မှာကြားထားပါက ကျန်ဆေးဆိုင်များသည် လက်ခံရဲကြမည် မဟုတ်ပေ။
အဘိုးအို၏ စိတ်ဆင်းရဲ သောကရောက်ကာ အတွေးများနေမှုကို မြင်သော် ယဲ့ချန်သည် ထိုနေရာသို့ လျှောက်သွားခဲ့သည်။ အလုပ်သမားလူငယ်များသည် ဟောင်ရွှီအား ကြောက်ရွံ့ကြသော်လည်း ဘယ်ကမှန်းမသိသော ယဲ့ချန်ကိုတော့ အလေးမထားကြ။
“အဘိုး .. ဆေးလုံးတွေကို ကျွန်တော့်ဆီ ရောင်းရင်ရော ဘယ်လိုလဲ။ အဘိုးလိုချင်တဲ့ ဈေးကိုသာ ပြောပါ”
ယဲ့ချန်က ကမ်းလှမ်းလိုက်သည်။
“အဘိုးလက်ထဲက အဲဒီ့ပန်းအိုးလေးက တကယ့်ရတနာမလို့ ငွေစ ၃၀၀ ထက် ပိုတန်တယ်”
ယဲ့ချန်တွင် အဘိုးအိုအား လှည့်စားရန် အကြောင်းမရှိပေ။
“မင်းကရော ဒီဆေးဆိုင်က အလုပ်သမားပဲလား”
အဘိုးအိုသည် ယဲ့ချန်အား သံသယမျက်စိဖြင့် ကြည့်ကာ မေးလာသည်။
“မဟုတ်ပါဘူး၊ ကျွန်တော်က ဒီတိုင်း ဖြတ်သွားဖြတ်လာပါပဲ။ ဒါပေမဲ့ အဘိုးရဲ့ ဆေးလုံးတွေကို ဝယ်ဖို့ ဆန္ဒရှိတယ်”
ယဲ့ချန်သည် ပြုံးကာ ပြန်ဖြေလိုက်သည်။
ယဲ့ချန်၏ စကားများကြောင့် ဟောင်ရွှီ၏ အမူအရာမှာ တစ်စထက်တစ်စ ပျက်ယွင်းလာရသည်။ ထိုလူငယ်လေးကား ရာရာစစ ဟောင်မိသားစု၊ စီးပွါးရေးအား ကဖျက်ယဖျက် ဝင်လုပ်ရဲသည်။ တော်တော် သေချင်နေပုံ ပေါ်၏။
***