ခိုးတာမဟုတ်ဘူး၊ ခဏငှါးတာ
Vol. 11 Ch. 155
“ကျုပ်ရဲ့ ဆေးလုံးနှစ်လုံးကို ငွေစ ၂ သန်းနဲ့ ဝယ်ချင်တာ သေချာရဲ့လား”
အဘိုးအိုသည် ယဲ့ချန်အား ကြည့်သည်။ ထို့နောက် သူ့လက်ထဲရှိ ရွှံ့နွံများ ပေကျံနေသည့် ပန်းအိုးလေးကို ပြန်ကြည့်သည်။ ဤပန်းအိုးသည် တကယ်ပဲ ရတနာပစ္စည်း ဖြစ်နေသည်လော။
“ငွေစ ၂ သန်းအပြင် ပန်းအိုးအတွက် ငွေစ ၂ ရာနဲ့ ချီအဆီအနှစ်ဆေးလုံး ၅၀ ထပ်ပေးမယ်။ ဘယ်လိုသဘောရလဲ အဘိုး”
ယဲ့ချန် အဘိုးအိုအား အကြုံပြုလိုက်သည်။ သူသည် အားနည်းနေသော အဘိုးအိုအား မလှည့်စားလိုပေ။ ထို့ပြင် ငွေစများ အလွန်ပိုလျှံနေသော သူ့အတွက် ငွေစ ၂ သန်းမျှသော ပမာဏသည် မပြောပလောက်သော ပမာဏဖြစ်သည်။ ပန်းအိုးကလည်း အဆင့် ၃ ဝိညာဉ်လက်နက် ဖြစ်သောကြောင့် သူ့အတွက်လည်း အရှုံးမရှိပါချေ။
“တကယ်ပဲလား။ ပန်းအိုးအတွက်ပါ ပေးမှာလား”
အဘိုးအိုသည် မျက်လုံးများ ပြူးကျယ်သွားကာ ယဲ့ချန်အား မယုံကြည်နိုင်သလို ကြည့်၍ ပြန်မေးလာသည်။ အဘိုးအိုက ပညာမတတ်သူ ဖြစ်သောကြောင့် ပန်းအိုး၏ တန်ဖိုးအား ဈေးမဖြတ်တတ်ပေ။ ယဲ့ချန် အကြံပြုသော ပမာဏမှာ များလွန်းနေလေရာ အဘိုးအိုက ချက်ချင်းပဲ သဘောတူလိုက်သည်။
“သဘောတူတယ် သဘောတူတယ်”
ချီအဆီအနှစ်ဆေးလုံး နှစ်လုံးမျှကပင် အဘိုးအို၏ မိသားစုအတွက် တန်ဖိုးရှိလွန်းနေပြီ ဖြစ်ရာ အလုံး ၅၀ ဆိုပါက ပြောနေစရာကို မလိုတော့တာ ဖြစ်သည်။
ယဲ့ချန်သည် ချီအဆီအနှစ်ဆေးလုံး ၅၀၊ ငွေစ ၂ သန်းနှင့် ၂၀၀ ကို တစ်ခါတည်း ထုတ်ယူကာ ကောင်းကင်ပထဝီအိတ် အသေးလေးတစ်လုံးထဲသို့ ထည့်၍ အဘိုးအိုလက်ထဲ သေချာ ထည့်ပေးလိုက်သည်။
“အကုန်လုံး ဒီထဲမှာရှိတယ်။ ဒီအိတ်ကိုတော့ သေချာထိန်းသိမ်းထားနော်”
ယဲ့ချန်တွင် ကောင်းကင်ပထဝီအိတ် အပိုများ ရှိနေပြီး ထိုအိတ်များထဲရှိ နေရာလပ်သည် အရမ်းကြီး မကျယ်သောကြောင့် သိပ်တန်ဖိုးမကြီးပေ။
အဘိုးအိုသည် ဘဝတစ်သက်လုံး၌ ကောင်းကင်ပထဝီအိတ်ကဲ့သို့ သိုလှောင်အိတ်မျိုးကို တစ်ခါမျှ မမြင်ဖူးပေ။ သူသည် မယုံမရဲနှင့် အိတ်ရှုံ့လေးကို အသာဟကာ ကြည့်လိုက်တော့ အထဲ၌ အမှန်ပင် ငွေစများနှင့် ဆေးလုံးများ ရှိနေသည်။ အဘိုးအိုခမျာ ထိတ်လန့်သွားရပြီး ဘေးပတ်ဝန်းကျင်သို့ပင် မလုံမလဲ ကြည့်လိုက်မိသည်။ ဤအိတ်ကား အလွန် တန်ဖိုးကြီးလှချေသည်။ ပန်းအိုးလေးတစ်အိုးအတွက်နှင့် တန်ဖိုးကြီးပစ္စည်းများစွာကို လဲလှယ်နိုင်ခဲ့ခြင်းမှာ အဘိုးအိုအတွက် အိမ်မက်ဆန်နေသည်။
အဘိုးအိုသည် စိတ်လှုပ်ရှားမှု မပြေသေးဘဲ ပန်းအိုးလေးအား ယဲ့ချန်ထံ လှမ်းပေးလိုက်သည်။
“ဒီမှာ .. ပန်းအိုးကို ယူလိုက်လို့ရပြီ”
အဘိုးအိုက ယဲ့ချန်လက်ထဲသို့ ပန်းအိုးလေးအား ထည့်ပေးနေစဉ် ကျယ်လောင်သောအသံတစ်သံက ဘေးဘက်မှ ထွက်ပေါ်လာသည်။
“ရပ်စမ်း”
အော်လိုက်သူကား ဟောင်ရွှီ ဖြစ်သည်။ အစကတော့ သူသည် အဘိုးအို၏ ပန်းအိုးအား တန်ဖိုးကြီးပစ္စည်း ဖြစ်လိမ့်မည်ဟု မမျှော်မှန်းသော်လည်း ယခုမူ ထိုပန်းအိုးကို လိုချင်စိတ် ဖြစ်ပေါ်လာရသည်။ သူက ယဲ့ချန်အား မျက်နှာထားတင်းတင်းဖြင့် ပြောလာသည်။
“ကျုပ်တို့ဆိုင်ရဲ့ ဧည့်သည်ကို ကျုပ်မျက်စိရှေ့တင် အခုလို လုယူသွားတာက ရိုင်းပျလွန်းတယ်လို့ မထင်မိဘူးလား သခင်လေး”
ဟောင်ဆေးဆိုင်မှ အလုပ်သမားများသည် အနောက်ဘက်မှ ထွက်ပေါ်လာကြကာ ယဲ့ချန်အား ခြိမ်းခြောက်လိုဟန်ဖြင့် ကြည့်နေကြသည်။
“ဝယ်သူနဲ့ ရောင်းသူ နှစ်ဦးနှစ်ဖက် အပေးအယူမျှမှ ရောင်းဝယ်မှု အောင်မြင်တယ်လို့ သတ်မှတ်နိုင်တယ်။ အဘိုးက ခင်ဗျားတို့ဆိုင်ကို ရောင်းမယ်လို့ မပြောရသေးဘူး။ ကျွန်တော်က ပိုမြင့်တဲ့ဈေးနဲ့ ကမ်းလှမ်းခဲ့လို့ ရောင်းဝယ်မှု အောင်မြင်သွားတယ်။ ဒီတော့ ဘာက ပြဿနာများလဲ”
ယဲ့ချန်က တည်ငြိမ်စွာဖြင့်သာ ခွန်းတုံ့ပြန်ပြီး အဘိုးအိုထံမှ ပန်းအိုးကို လက်ခံယူလိုက်သည်။ ပန်းအိုးအား ထိလိုက်သည်နှင့် ယဲ့ချန်၏ လက်ဖဝါးတစ်ဖက်သည် နွေးထွေးသွားရသည်။
ထို့နောက်တွင် ယဲ့ချန်သည် အဘိုးအိုအား သတိပေးစကား ဆိုသည်။
“အဘိုးရဲ့ ပစ္စည်းတွေကို ဂရုစိုက်ပြီး သွားတော့နော်။ နယ်နိမိတ်အလွန်ကို ကျော်တာနဲ့ ဒီနေရာကို နောက်တစ်ကြိမ် ပြန်မလာနဲ့တော့”
ဆိုးရွားသော တစ်စုံတစ်ရာ ဖြစ်ပျက်တော့မည်ကို အာရုံခံမိသဖြင့် အဘိုးအိုသည် ကြောက်လန့်ကာ ဆေးဆိုင်၏ ထွက်ပေါက်ဆီသို့ ဦးတည်တော့သည်။
“ဒီကိစ္စကို ဖြေရှင်းပြီးတဲ့အထိ ဘယ်သူမှ ထွက်သွားခွင့်မရှိဘူး”
ကြွက်တစ်ကောင်ကို ဖမ်းမိထားသည့် ကြောင်ကဲ့သို့ ဟောင်ရွှီသည် ယဲ့ချန်အား ကြည့်ကာ လေသံမာမာဖြင့် ပြောသည်။
အလုပ်သမားနှစ်ယောက်သည် အဘိုးအို၏ ရှေ့တွင် ပိတ်ရပ်လာကြသည်။ ယဲ့ချန်က နှာခေါင်းရှုံ့ရုံမျှသာ တုံ့ပြန်၏။ တစ်ဆက်တည်းတွင် ထိုအလုပ်သမားနှစ်ယောက်သည် ရင်ဘတ်နေရာသို့ တစ်စုံတစ်ရာဖြင့် အညှာအတာမဲ့စွာ ထိုးစိုက်ခံရသလို နာကျင်မှုမျိုးကို ခံစားလိုက်ရကာ မျက်နှာများဖြူဖျော့လျက် လဲကျသွားကြသည်။ အဘိုးအိုလည်း အခွင့်အရေးကို လက်လွတ်မခံဘဲ အလျင်အမြန် ထွက်ပြေးသွားပြီး လမ်းမထက်ရှိ လူအုပ်ထဲတွင် တိုးဝင်ပျောက်ကွယ်သွားသည်။
“ဒီတော့ ဆိုင်ရှင်က ကျွန်တော်နဲ့ ဘာအကြောင်းတွေများ ဆွေးနွေးချင်လို့လဲ။ ဟောင်ဆေးဆိုင်ရဲ့ ဂုဏ်ပုဒ်နဲ့ ကိုက်ညီတဲ့ ချင့်ချိန်စဉ်းစားနိုင်စွမ်းမျိုး ရှိရင်တော့ ကောင်းပါလိမ့်မယ်”
ယဲ့ချန်သည် တုန်လှုပ်ခြင်းအလျဉ်းမရှိဘဲ ဟောင်ရွှီအား မမှိတ်မသုန် ကြည့်လျက်ရှိသည်။ သူသည် ဟောင်ရွှီအား အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်းမရှိသည်မှာ ထင်ရှားသည်။
“တိုက်ခိုက်တော့မှာလား အစ်ကိုချန်။ မိုက်တယ်ဗျာ .. နောက်ဆုံးတော့ ပျော်စရာကောင်းတာလေးတွေ လာပြီ”
တစ်ချိန်လုံး ပျင်းရိနေခဲ့သော ရှောင်ရိသည် ယဲ့ချန်၏ ဝတ်ရုံလက်ကြားထဲမှနေ၍ ပျော်ရွှင်စွာ မှတ်ချက်ပြုလာသည်။
ယဲ့ချန်သည် ရှောင်ရိအား သတိပေးသည့်နှယ် တစ်ချက်ငုံ့ကြည့်သည်။ အစားကြူးခြင်းကလွှဲလျှင် ထိုကောင်ငယ်လေးသည် အကြမ်းဖက်ရန်သာ စိတ်ဝင်စားဟန် ရသည်။
လဲကျသွားသော အလုပ်သမားနှစ်ယောက်ကို ကြည့်ကာ ဟောင်ရွှီ မျက်မှောင်ကြုတ်သွား၏။ ထိုအလုပ်သမားများသည် ဟောင်မိသားစုဝင်များ ဖြစ်ကြပြီး ထျန်းချီအဆင့် ၅ ကျင့်ကြံဆင့် ရှိကြသည်။ ယဲ့ချန်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ရုံနှင့် ၎င်းတို့သည် ဒဏ်ရာပြင်းထန်စွာ ရသွားသည့်နှယ် လဲကျသွားကြသည်။ ထိုကောင်လေးသည် ထျန်းချီအဆင့် ၉ ထိပ်ဆုံးဆင့် သို့မဟုတ် ထျန်းချီအဆင့် ၁၀ ဖြစ်ရပေမည်။
မြင့်မားသော ကျင့်ကြံဆင့် ရှိနေခြင်းကြောင့် ထိုကောင်လေး၏ အမူအရာက အလွန်တည်ငြိမ်နေခြင်းပင်။
“သခင်လေးက ဘယ်မိသားစုကလဲ။ အဓိကဂိုဏ်းကြီးသုံးဂိုဏ်းက တပည့်များလား။ ဟောင်မိသားစုနဲ့ ဂိုဏ်းခေါင်းဆောင် သုံးယောက်နဲ့က မကြာခဏ အဆက်အသွယ်ရှိကြတယ်။ ဒီလိုဆိုရင် သခင်လေးရဲ့ ရိုင်းပျတဲ့ အပြုအမူအတွက် ဂိုဏ်းခေါင်းဆောင်တွေဆီကို သေချာပေါက် အကြောင်းကြားရပါလိမ့်မယ်”
ဟောင်ရွှီသည် မာန်တက်နေသော လေသံဖြင့် ဆို၏။ သူ့အတွေးထဲတွင် ယဲ့ချန်သည် ဟောင်မိသားစုအား အပြစ်ပြုရဲလိမ့်မည်ဟု လုံးဝ မထင်ပေ။
အဓိကဂိုဏ်းကြီးသုံးဂိုဏ်းကိုပင် မမှုဟန်နှင့် စကားထဲ ထည့်ပြောနိုင်ပုံထောက်လျှင် ဟောင်ရွှီသည် ထင်သလောက် ရိုးရှင်းဟန်မရ။ သို့သော် ယဲ့ချန်ကလည်း ပြောပြီးသားစကားကို ပြန်ပြင်ရိုးထုံးစံ မရှိပေ။ ထို့ပြင် ပန်းအိုးသည် အဆင့် ၃ ဝိညာဉ်လက်နက်ဖြစ်ပြီး ဆေးလုံးများကို အကောင်းမွန်ဆုံး သိုလှောင်၍ ရသည်။ ထိုသို့ အဖိုးတန်ရတနာပစ္စည်းကို သူ့ထံမှ လုယူရန် ဟောင်ရွှီ၌ မည်သို့သော အခွင့်ထူးမျိုး ရှိနေ၍နည်း။
“ကျွန်တော်က ဒီပန်းအိုးကို ဝယ်ခဲ့ပြီးပြီ။ တကယ်လို့ ဆိုင်ရှင်က သိပ်ကိုလိုချင်နေရင် ကျွန်တော့်ဆီက လုယူဖို့ ကြိုးစားကြည့်လေ။ လအနည်းငယ်လောက်တော့ ကျွန်တော် နန်းမြို့တော်ထဲမှာပဲ ရှိနေမှာပါ။ ဆိုင်ရှင် ကြိုးစားကြည့်ချင်ရင် ကျွန်တော့်ဘက်က အချိန်မရွေး ကြိုဆိုပါတယ်”
ယဲ့ချန်သည် စကားဆုံးသော် ဘေးပတ်လည်၌ ဝိုင်းရံထားသော အလုပ်သမားများအား ကြည့်လိုက်သည်။ ၎င်းတို့ထဲ၌ အဆင့်အမြင့်ဆုံးသူသည်ပင် ထျန်းချီအဆင့် ၆ သာ ရှိသည်။ ယဲ့ချန်က ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူတစ်ယောက်၏ ဖိအားကို ထုတ်ဖော်လိုက်သည်နှင့် ထိုအလုပ်သမားများသည် မျက်နှာများဖြူဖျော့ကာ လဲကျမသွားစေရန် ကိုယ်ဟန်အနေအထားအား မနည်း ထိန်းလိုက်ကြရသည်။
“ခင်ဗျားတို့မှာ လူအင်အား ဘယ်လောက်များများ အဆုံးသတ်ကတော့ အတူတူပါပဲ။ သေခြင်းတရားက စောင့်ကြိုနေတယ်”
“ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူ ..”
ဟောင်ရွှီ၏ အမူအရာ ပြောင်းလဲသွားကာ ခြေလှမ်းအနည်းငယ် နောက်သို့ဆုတ်သွားသည်။ သူသည် ဟောင်မိသားစုအနွယ်ဝင်ဖြစ်ပြီး ဘဝတစ်လျှောက် မျိုးစုံသော ဖြစ်ရပ်တို့ကို တွေ့ကြုံခဲ့ဖူးသည်။ ယဲ့ချန်သည် ထျန်းချီအဆင့် ၁၀ သို့ ရောက်ကာစ ကျင့်ကြံသူပင် မဟုတ်ဘဲ ထျန်းချီအဆင့် ၁၀ ထိပ်ဆုံးဆင့်ဖြစ်ကြောင်း သူ ခံစားမိနေသည်။ ထိုမျှ အသက်ငယ်ငယ်နှင့် ထျန်းချီအဆင့် ၁၀ ထိပ်ဆုံးဆင့် ကျင့်ကြံဆင့်ရှိနေခြင်း။ ဟောင်ရွှီ ထိုကောင်လေးအား အပြစ်မပြုရဲတော့ပေ။ ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူ၏ ဖိအားအောက်၌ သူသည် စကားပြောဖို့ဝေးစွ၊ အသက်ရှူရန်ပင် ခက်ခဲလာသည်။
နန်းမြို့တော်ထဲရှိ ထျန်းချီအဆင့် ၁၀ ကျင့်ကြံသူအားလုံးကို ဟောင်ရွှီ သိသည်။ ထိုကောင်လေးသည်သာ သူပင် မသိလိုက်ဘဲ ဘယ်ချောင်ကမှန်းမသိ ထွက်ပေါ်လာ၏။ ဝေးလံခေါင်ဖျားသော ပြည်နယ်များက ရောက်ရှိလာခြင်းလည်း ဖြစ်နိုင်သည်။ မည်သို့ပင်ဆိုစေ အသက်ငယ်ငယ်တွင် မြင့်မားသောကျင့်ကြံဆင့်သို့ ရောက်ရှိနိုင်ပုံအရ ထိုကောင်လေး၏ နောက်ခံက သာမန်မဟုတ်လောက်ပေ။
ယဲ့ချန်သည် ထပ်မံ၍ စိတ်ရှုပ်ခံမနေတော့ပေ။ အမွေးပွလေး၊ ရှောင်ရိတို့နှင့်အတူ ဟောင်ဆေးဆိုင်မှ ထွက်ခွါလာခဲ့၏။
ဟောင်ရွှီနှင့် အလုပ်သမားတစ်သိုက်သည် ထွက်ခွါသွားသော ယဲ့ချန်အား ကူကယ်ရာမဲ့စွာသာ ကြည့်နေနိုင်ကြသည်။ ယဲ့ချန်၏ ဖိအားကြောင့် ဖြစ်ပေါ်လာသော ရင်ဘတ်ထဲရှိ တင်းကျပ်မှု ကွယ်ပျောက်သွားသောအခါတွင်မှ သူတို့အားလုံး ဟောဟဲလိုက်ကာ အသက်ရှူနိုင်တော့သည်။ အလုပ်သမားများသည် ကြောက်ရွံ့မှုကြောင့် မျက်လုံးများ ပြူးကျယ်နေကြဆဲဖြစ်ကာ ဝတ်ရုံတွင်လည်း ချွေးအေးတို့ဖြင့် စွတ်စိုနေကြသည်။
အတန်ကြာသော် ဟောင်ရွှီ ဦးစွာ သတိပြန်ဝင်လာသည်။ အလုပ်သမားများအား ကြည့်ကာ အမိန့်ပေး၏။
“စာပို့သိမ်းငှက်ကို သွားယူချေ။ ဒီသတင်းကို ခေါင်းဆောင်ဆီ အကြောင်းကြားမှဖြစ်မယ်”
ယဲ့ချန်တို့ ဟောင်ဆေးဆိုင်ထဲမှ ထွက်ခွါလာချိန်တွင် အမွေးပွလေးသည် ယဲ့ချန်ပခုံးထက်မှ လျင်မြန်စွာ ခုန်ဆင်းကာ လူအုပ်ထဲ လျှပ်စီးသဖွယ် ပျောက်ကွယ်သွား၏။ ဝိညာဉ်အသိအမြင်ဖြင့် စစ်ဆေးကြည့်တော့မှ အမွေးပွလေး ဘာကြံနေသည်ကို ယဲ့ချန် သိလိုက်သည်။
တစ်ခဏအကြာတွင် အမွေးပွလေးသည် ပါးစပ်ထဲ၌ အထုပ်တစ်ထုပ်ကို ကိုက်ချီလျက် ပြန်ရောက်လာ၏။ အထုပ်ထဲတွင် ရှိနေသည်များကား ဟောင်ဆေးဆိုင်မှ တန်ဖိုးကြီးဆေးပင်များ၊ ငွေစ၊ ရွှေစများနှင့် ဆေးလုံးအချို့ ဖြစ်သည်။ အမွေးပွလေးသည် နောက်ထပ်တစ်နေရာအား လှန်လှောမွေနှောက်၍ အပြတ်ရှင်းလာပြန်လေပြီ။
ယဲ့ချန်သည် အမွေးပွလေးအား အပြစ်တင်လိုစွာ တစ်ချက်ကြည့်၍ အထုပ်အား ဖြေကြည့်လိုက်သည်။ အထဲတွင် ငွေစ ၂ သန်း၊ ရွှေစ ၂ သန်း၊ ချီစုဆောင်းဆေးလုံး ရာဂဏန်းနှင့် ချီအဆီအနှစ်ဆေးလုံး ၇ လုံး၊ ၈ လုံးခန့်အပြင် ဘယ်ဘက်ဗီရိုထဲရှိ ယဲ့ချန် မျက်စိကျခဲ့သော ဆေးပင်လည်း ပါဝင်၏။ ထိုဆေးပင်သည် ရှားပါးမီးတောက်ဆူးနွယ် ဖြစ်ပြီး နှစ်ပေါင်း ၅၀၀၊ ၆၀၀ ကျော် သက်တမ်းရှိပုံပေါ်ကာ အရည်အသွေးလည်း ကောင်းသည်။ အဆင့် ၈၊ သို့မဟုတ် အဆင့် ၉ ဆေးပင် ဖြစ်လောက်သည်။ နောက်ပိုင်းတွင် ယဲ့ချန် ဆေးဖော်စပ်ခြင်းပညာကို တစိုက်မတ်မတ် လေ့လာသည့်အခါ အသုံးဝင်လာနိုင်သည်။
ဟောင်ရွှီသည် ထိုဆေးပင်အား အမျိုးအမည် မသိသည့်တိုင် ထျန်းချီအလွန်ကြွယ်ဝကြောင်းကိုတော့ သတိပြုမိသည်။ သူသာ ထိုဆေးပင်အား ဟောင်မိသားစုထံ ပြန်ပို့ခဲ့ပါက ဟောင်မိသားစုသည် မရောင်းချဘဲ သေချာပေါက် ထိန်းသိမ်းထားမှာ ဖြစ်သည်။
“သွားကြစို့”
ယဲ့ချန်၏ စိတ်အခြေအနေက ပြန်လည်ကောင်းမွန်လာပြီး လမ်းမကြီးဘက်သို့ ဦးတည်ကာ လျှောက်လာခဲ့သည်။
“ကွိ .. ကွိ ..”
အမွေးပွလေးက ယဲ့ချန်အား စကားအချို့ ပြောလာသည်။
“အမွေးပွလေး ဘာပြောတာလဲ ရှောင်ရိ”
ယဲ့ချန်က ရှောင်ရိအား တစ်ဆင့်ပြန်မေးသည်။ သူသည် အမွေးပွလေး၏ စကားတော်တော်များများအား မှန်းဆကာ နားလည်နိုင်သော်လည်း စာကြောင်းတစ်ကြောင်းလုံးကို နားလည်သည်ဟုတော့ မဆိုလိုပေ။ အဓိပ္ပာယ်ကောက် လွဲမသွားစေရန် ရှောင်ရိကို မေးမြန်းသည်က အကောင်းဆုံးရွေးချယ်မှု ဖြစ်သည်။
“သူ ပြောတာက အစ်ကိုချန်သာ ဆေးပင်တွေလိုချင်ရင် ဆေးဆိုင်အထိ သွားရှာစရာ မလိုဘူးတဲ့။ နန်းမြို့တော်မှာရှိတဲ့ တန်းဖိုးကြီးဆေးပင်တွေကို ရက်ပိုင်းအတွင်း သူကိုယ်တိုင် ခိုးပေးနိုင်ပါတယ်တဲ့”
ရှောင်ရိသည်လည်း အမွေးပွလေးနည်းတူ ခံစားရသည်။ သူတို့သာ ဆေးပင်တွေ လိုချင်ရင် တိတ်တိတ်လေးယူလိုက်ရုံပဲလေ။ ဝယ်နေစရာလိုလို့လား။ ဒါက သက်သက်ဖြုန်းတီးတာပဲ။
ယဲ့ချန်သည် အမွေးပွလေး၏ စကားကြောင့် ကြောင်အသွားရသည်။ အမွေးပွလေးကား ပြောလျှင်ပြောသည့်အတိုင်း လုပ်မည့်ဟန်ရသည်။ ထိုသို့သာဆိုရင် နန်းမြို့တော်တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားနိုင်သည်။ အကြံကောင်း ဟုတ်မနေပေ။
“မြေခွေးကလေးမက ပြောသေးတယ် .. ဒါက ခဏငှါးတာ၊ ခိုးတာမဟုတ်ဘူးတဲ့”
ရှောင်ရိသည် အတည်အတံ့ဟန်ပန်ဖြင့် ထပ်ပြောလာ၏။ ငြင်းပယ်၍မရသော ဖြူစင်ရိုးသားမှုတစ်ခုက သူ့မျက်လုံးများထဲ ရှိနေလျက် မသိလျှင် သူများပစ္စည်းကို ခိုးယူခြင်းက အပြစ်ကြီးမဟုတ်သည့်နှယ်။
“အဲ့အကြောင်းကို နောက်မှ ပြောကြတာပေါ့”
ယဲ့ချန် စကားစဖြတ်လိုက်ရသည်။
ခွင့်ပြုချက်မပါဘဲ သူတစ်ပါးပစ္စည်းအား ယူငင်ခြင်းသည် ခိုးယူခြင်းဖြစ်သော်လည်း ဟောင်ဆေးဆိုင်ကဲ့သို့ အမြတ်ကြီးစားနေသည့် နေရာမှ ပစ္စည်းကို ယူငင်ခြင်းကတော့ ထိုက်သည့်အားလျော်သေးသည်။ ယဲ့ချန်က အပြစ်ရှိစိတ်တော့ မခံစားရပေ။ ထိုသည်က ခိုးယူခြင်းမဟုတ်ဘဲ မျှတမှုကို ဖြည့်ဆည်းပေးခြင်းသာ ဖြစ်သည်။
“ငါတို့ နန်းမြို့တော်ထဲကို ရောက်တော့မယ်၊ ဆရာလီကို ရှာကြည့်ရအောင်။ ငါ့အတွက် ဆရာရွှမ်းယီဆီက ဆေးဝါးပညာကို သင်ယူဖို့ လိုနေသေးတယ်”
ယဲ့ချန်သည် နန်းမြို့တော်သို့ ခန့်မှန်းထားသောအချိန်ထက် စောရောက်ခဲ့သောကြောင့် ဆရာလီကို မရှာဖွေခင် မင်းသားရင်း၏ နေအိမ်သို့ မေးမြန်းကာ သွားခဲ့သည်။ မင်းသားရင်းအိမ်တော်မှ စစ်သည်များသည် မြေခွေးဖြူလေးအား ပခုံးပေါ်တွင် တင်လျက် လျှောက်လာနေသော ယဲ့ချန်ကို မြင်သည်နှင့် ယဉ်ကျေးသမှုရှိလှသော အမူအရာတို့ဖြင့် အပြေးအလွှား ခရီးဦးကြို ပြုလေသည်။ ပခုံးထက်တွင် မြေခွေးဖြူလေးနှင့် လူငယ်လေးတစ်ယောက်ကို တွေ့ခဲ့လျှင် အထူးတလည် ကောင်းမွန်စွာ ဆက်ဆံရမည်ဟု မင်းသားရင်းက အမိန့်ထုတ်ပြန်ထားသည်။ ထို့ကြောင့် ထိုစစ်သည်များသည် ယဲ့ချန်အား မြင်သည်နှင့် မင်းသားရင်း ရည်ညွှန်းသော လူငယ်လေးဖြစ်ကြောင်း တန်းသိကာ အမိန့်အတိုင်း ပြုမူကြခြင်း ဖြစ်သည်။
မင်းသားရင်းအိမ်တော်မှ စစ်သည်များသည် ယဲ့ချန်က ဆရာရွှမ်းယီအား ရှာဖွေနေကြောင်း သိရသည်တွင် ဆရာလီထံ အကြောင်းကြားရန် ချက်ချင်း လူလွှတ်ပေးပြီး ယဲ့ချန်ကိုမူ နားနားနေနေ နေစေသည်။ ဆရာလီသည်လည်း ယဲ့ချန် နန်းမြို့တော်သို့ ရောက်ရှိနေကြောင်း သတင်းကြားသည်နှင့် မင်းသားရင်းအိမ်တော်သို့ အလျင်အမြန် ရောက်ချလာခဲ့သည်။
မင်းသားရင်းအိမ်တော်၏ တိတ်ဆိတ်သောအခန်းတစ်ခုထဲ၌ ယဲ့ချန်သည် ကျင့်ကြံနေခဲ့၏။
“ဆရာလီ ရောက်လာပါပြီ”
အခန်းအပြင်မှ အစောင့်က သတင်းပို့သည်။
ကျင့်ကြံနေသော ယဲ့ချန်လည်း မျက်လုံးများပွင့်လာကာ အမွေးပွလေးနှင့် ရှောင်ရိတို့အား ပြောသည်။
“အမွေးပွလေး .. ရှောင်ရိ .. ဆရာလီရောက်လာပြီ”
ယဲ့ချန်သည် အတန်ငယ် ပျော်ရွှင်နေပုံ ပေါ်သည်။
ဆရာလီနှင့် တွေ့ဆုံရန် ဧည့်ခန်းမဆောင်သို့ ယဲ့ချန် ခပ်သုတ်သုတ် လျှောက်လာခဲ့သည်။
“ဆရာလီ”
ဆရာလီအား တွေ့ရသည်နှင့် ယဲ့ချန်က လျင်မြန်စွာ ဦးညွှတ်နှုတ်ဆက်သည်။
လီရှုသည် ထိုင်ခုံတွင် ထိုင်ကာ လက်ဖက်ရည်တစ်ခွက်အား အရသာခံ၍ ဖြည်းဖြည်းချင်း သောက်နေရာမှ ယဲ့ချန် ဝင်ရောက်လာသည်ကို တွေ့သောအခါ ပြုံးသွား၏။
“မင်း ဒီလောက်မြန်မြန် ရောက်လာလိမ့်မယ်လို့ မထင်ထားဘူး။ မင်းသားရင်းရဲ့ ကူညီမှုကို ကျေးဇူးတင်ရမယ်။ မဟုတ်ရင် ငါ မင်းကို ရှာလို့တွေ့မှာတောင် မဟုတ်ဘူး”
လီရှု၏ ရင်းနှီးနွေးထွေးသော ဟန်ပန်ကြောင့် ယဲ့ချန်လည်း ပို၍ စိတ်သက်သာသွားရသည်။
“အသင့်ပြင်တော့။ ငါတို့ ဆရာ့ကို သွားတွေ့ရမယ်”
လီရှုသည် အပြုံးတစ်ခုနှင့် ဆို၏။ သူက ယဲ့ချန်အား ဆရာရွှမ်းယီထံ လူတွေ့မိတ်ဆက်ပေးရန် မစောင့်နိုင်တော့ပေ။
***