← Chapters

အဆင့်မြင့်ဆေးဝါးပညာရှင်၏ သင်ပြမှု

Vol. 11 Ch. 156

အဆင့်မြင့်ဆေးဝါးပညာရှင်၏ သင်ပြမှု

Vol. 11 Ch. 156

“ကျွန်တော့်ပစ္စည်းတွေအားလုံးက ကောင်းကင်ပထဝီအိတ်ထဲမှာ .. အဲဒါကြောင့် ကျွန်တော်တို့ ချက်ချင်း သွားလို့ရပါတယ်”

ထို့နောက် ယဲ့ချန်က မေးလိုက်သည်။

“ကျွန်တော် ရှောင်ရိကိုရော အတူခေါ်ခဲ့လို့ရလား”

“သူက ..”

လီရှု၏ အကြည့်တို့သည် ယဲ့ချန်အနောက်တွင် ကပ်ရပ်နေသည့် ၅ နှစ်၊ ၆ နှစ်အရွယ် ပါးဖောင်းဖောင်းနှင့် ချစ်စဖွယ် ကလေးလေးထံ ရောက်ရှိသွားသည်။ ထိုကလေးလေး၏ အသွင်က မြင်ရသူတိုင်းကို နှစ်လိုဖွယ်ခံစားချက်မျိုး ပေးစွမ်းနိုင်သည်။

“ကျွန်တော့်ရဲ့ မိသားစုဝင် ကလေးလေးပါ”

ယဲ့ချန်က ပြုံးကာ ပြန်ဖြေလိုက်သည်။

ယဲ့ချန်၏ စကားကြောင့် ရှောင်ရိသည် မျက်ရည်လေးများပင် ဝဲလာရကာ အနောက်မှနေ၍ ယဲ့ချန်၏ ဝတ်ရုံစအဖျားအား ကျစ်နေအောင် ဆုပ်ကိုင်ထားမိသည်။ သူ့အဘိုးပြီးလျှင် ယဲ့ချန်သည် သူ့အား မိသားစုဝင်အဖြစ် သတ်မှတ်ပေးသည့် ဒုတိယမြောက်လူ ဖြစ်သည်။ ယဲ့ချန်၊ အမွေးပွလေးတို့နှင့်အတူ ရှိနေရခြင်းကို ရှောင်ရိသည် ပိုမို ပျော်ရွှင်လာရသည်။

“ဒီလိုဆိုမှတော့ .. သူ့ကိုပါ ခေါ်ခဲ့လေ။ ရပါတယ်”

လီရှုကလည်း ပြဿနာမရှိဟန်ဖြင့် ခေါင်းညိတ်သည်။ ပုံမှန်အားဖြင့် “ရွှမ်းအဆောင်တော်” သို့ အပြင်လူများ ဝင်ခွင့်မရှိသော်လည်း တစ်ခါတစ်ရံ ခြွင်းချက်ထားပေးခြင်းက အဆင်ပြေပါသည်။ ထို့ပြင် ရှောင်ရိသည် ငယ်ရွယ်လွန်းသေးသည့် ကလေးတစ်ယောက်သာ ဖြစ်ရာ ထိုကလေးလေး၏ တည်ရှိမှုက အခြေအနေအား များစွာ မသက်ရောက်စေပေ။

“ကျေးဇူးပါ ဆရာလီ”

ယဲ့ချန်သည် ဆရာရွှမ်းယီ၏ တပည့်တစ်ယောက် ဖြစ်လာရမည့်အပေါ် အတန်ငယ် စိတ်လှုပ်ရှားပူပန်လာရသည်။ အကြောင်းမှာ ပြီးခဲ့သောလပိုင်းအတွင်း ယဲ့ချန်၏ ဆေးလုံးဖော်စပ်မှု အောင်မြင်နှုန်းသည် အလွန်ကို ဆိုးရွားနိမ့်ကျခဲ့ခြင်းကြောင့် ဖြစ်သည်။ မသကာ ဆေးလုံးဖော်စပ်ခြင်းတွင် ယဲ့ချန်၏ ပါရမီက ထင်သလောက် ကောင်းမွန်မနေကြောင်း ထွက်ပေါ်လာပြီးနောက် ဆရာရွှမ်းယီသည် ယဲ့ချန်အား တပည့်အဖြစ် လက်မခံဘဲ ပြန်လွှတ်လိုက်ပါလျှင်မူ တော်တော်လေး စိတ်ကသိကအောက် ဖြစ်ရပေမည်။

မည်သို့ပင်ဆိုစေ ယဲ့ချန်သည် တုန်းလင်ပြည်နယ်မှသည် ခရီးတစ်လျှောက် နှင်လာခဲ့ပြီးမှတော့ ပြန်လှည့်ရန် စိတ်ကူးမရှိပါချေ။ ဆရာလီနှင့်အတူ နန်းမြို့တော်၏ အတွင်းနန်းတော်သို့ ဝင်ရောက်ခဲ့တော့သည်။

နန်းမြို့တော်၏ လမ်းမကြီးများသည် အနက်ရောင်အုတ်ချပ်တို့ဖြင့် ပြုလုပ်ထားသည်။ ရထားလုံးသည် လမ်းမတစ်လျှောက် ဖြတ်သန်းကာ အတွင်းနန်းတော်ထဲသို့ ဝင်ရောက်သွားသည်နှင့် မြင်ကွင်းက လုံးလုံးလျားလျား ပြောင်းလဲသွားသည်။ ဘေးပတ်လည်ရှိ အပြောက်အမွမ်း တန်ဆာဆင်ထားသော အဆောက်အဦးများ၊ ဘုရားကျောင်းဆောင်များသည် တော်ဝင်မိသားစု၏ ဂုဏ်သရေကို ထင်ဟပ်ပြသနေပြီး တစ်ချိန်တည်းတွင်ပဲ ရှုမျှော်ခင်းများနှင့် လှပသောရေကန်များ၊ တောင်တန်းများသည် ချီးကျူးဂုဏ်တင်သင့်သည့် သဘာဝအလှအပများအဖြစ် ထည်ဝါနေပြန်သည်။ ခပ်လှမ်းလှမ်းတွင် ရွှေရောင်အုတ်ချပ်များဖြင့် ဆောက်လုပ်ထားသည့် ဘုံအလွှာအဆင့်ဆင့်ဖြင့် နန်းဆောင်များ၊ မိုးထိမတတ် မြင့်မားသော ကျောက်စိမ်းတိုင်လုံးကြီးများသည် ရင်သပ်ရှုမောဖွယ် ကြီးကျယ်ခမ်းနားမှုနှင့် အင်ပါယာအရှင်၏ ဘုန်းတန်ခိုးကျက်သရေကို ထုတ်ဖော်ပြသနေသည်။

“ဆရာက အတွင်းနန်းတော်ရဲ့ မြောက်ဘက်မှာရှိတဲ့ ရွှမ်းအဆောင်တော်မှာ နေတယ်။ တောင်ဘက်ခြမ်းမှာကတော့ အစောင့်အကြပ်တွေ အများကြီးနဲ့ တော်ဝင်နန်းတော်ရှိတယ်။ ဆရာ့ရဲ့ ခွင့်ပြုချက်မပါဘဲ တောင်ဘက်ခြမ်းကို သွားခွင့်မရှိဘူး။ တော်ဝင်မိသားစုဖြစ်တဲ့ ရင်းမိသားစုမှာက စည်းမျဉ်းစည်းကမ်း၊ ကန့်သတ်ချက်တွေက တော်တော်လေး များတယ်လေ”

လီရှုသည် ယဲ့ချန်အား ရှင်းပြရင်း တစ်ပါတည်း သတိပေးသည်။

ရှောင်ရိသည် ရထားလုံးထဲမှ ခေါင်းပြူကာ တော်ဝင်နန်းတော်ဘက်ခြမ်းသို့ ငေးမောနေလေသည်။ သူ့အတွက် ထိုမျှ ထည်ဝါခမ်းနားသော အဆောက်အဦးကြီးများကို မြင်ဖူးခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်၍ အကြည့်မလွှဲနိုင်ရှာပေ။

“ဆရာရွှမ်းယီက ဘယ်လိုကြောင့် အတွင်းနန်းတော်ထဲမှာ နေထိုင်ရတာလဲ”

ယဲ့ချန်သည် ရှုပ်ထွေးနေဟန်ဖြင့် ပြန်မေး၏။

“ဒါက ပြောရရင်အရှည်ကြီးပဲ။ ဆရာက တကယ်တော့ ကျော်ကြားတဲ့ ဂိုဏ်းကြီးတစ်ဂိုဏ်းက မျိုးဆက်ပဲ။ နောက်ပိုင်းမှာ ကိစ္စတချို့ကြောင့် ဂိုဏ်းကနေ နှင်လွှတ်ခံရပြီး အရှေ့ဘက်ကုန်းမြေတိုက်ကြီးအနှံ့ လှည့်လည်သွားလာနေခဲ့တယ်။ ဒီလိုနဲ့ ရှီဝူအင်ပါယာကို ရောက်တော့ ဧကရာဇ်မင်ဝူရဲ့ ဖိတ်ကြားမှုကြောင့် ဒီမှာပဲ ဆက်နေဖြစ်သွားတယ်။ ဆရာက ဘာလို့ ဧကရာဇ်မင်ဝူရဲ့ ဖိတ်ကြားမှုကို လက်ခံဖြစ်ခဲ့လဲ ဆိုတာကတော့ ဆရာရဲ့တရားဝင်တပည့် ဖြစ်ပြီးရင် မင်း သိလာပါလိမ့်မယ်။ ငါက ဆရာရဲ့ အကြီးဆုံးတပည့်ပဲ။ နောက်ထပ် တပည့်သုံးယောက်ကိုတော့ တစ်ရက်၊ နှစ်ရက်အတွင်း မင်း တွေ့ရပါလိမ့်မယ်။ သူတို့ထဲက တစ်ယောက်က အဆင့်မြင့်ဆေးဝါးပညာရှင်၊ ကျန်တဲ့နှစ်ယောက်ကတော့ အလယ်အလတ်ဆင့် ဆေးဝါးပညာရှင်တွေပဲ။ သုံးယောက်ထဲမှာ နှစ်ယောက်က ဗဟိုအင်ပါယာက လာတယ်။ တစ်ယောက်ကတော့ ရှီဝူအင်ပါယာရဲ့ ဟောင်မိသားစုကပဲ”

လီရှု၏ ရှင်းပြမှုကို နားထောင်နေရင်း “ဟောင်မိသားစု” ဟူသော စကားရပ်ကြောင့် ယဲ့ချန် အတန်ငယ် စိုးရိမ်သွားရသည်။

“သူတို့သုံးယောက်က ငါနဲ့ သိပ်အဆင်မပြေလှဘူး။ မင်းက ငါ ထောက်ခံပေးထားတဲ့သူ ဆိုတော့ သူတို့ မင်းကို ခက်ခဲအောင် လုပ်လာနိုင်တယ်။ ဘာပဲဖြစ်ဖြစ် သူတို့ဘာပဲလုပ်လုပ် မင်းက သည်းခံပေးလိုက်ပါ။ ငါတို့အားလုံးက ဆရာဆီမှာ ပညာသင်ယူဖို့ ရောက်လာကြတာ မဟုတ်လား။ တစ်ယောက်နဲ့တစ်ယောက် ကြံစည် တိုက်ခိုက်နေဖို့ မသင့်ဘူးလေ”

လီရှုက အကြံပေးစကား ဆိုသည်။

ဆရာရွှမ်းယီသည် တပည့်များထဲတွင် လီရှုအား အမြင့်မားဆုံး မျှော်မှန်းထားသည်။ ထိုအချက်ကြောင့်ပင် ဆရာတူညီ သုံးယောက်သည် လီရှုအား ဖယ်ကျဉ်ရှောင်ရှားလာကြသည်။ မည်သို့ပင်ဆိုစေ လီရှုသည် လောကီရေးရာကိစ္စများမှ ဝေးဝေးနေပြီး သူ့ကိုယ်သူ ဆေးဖော်စပ်မှုများထဲ၌ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားရာ ဆရာတူညီ သုံးယောက်နှင့် အဆက်အဆံ လုပ်ဖြစ်သည်က ရှားပါးလှသည်။

“ဟုတ်ကဲ့”

ယဲ့ချန်လည်း ခေါင်းညိတ်ကာ တုံ့ပြန်ခဲ့သည်။ လီရှုသည် တစ်ကိုယ်တည်း စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ဖော်သင်ဖက်များအပေါ် ဆန့်ကျင်နှောင့်ယှက်ခြင်း မပြုလိုသူဖြစ်ကြောင်း ယဲ့ချန် အတပ်ပြောနိုင်သည်။ လီရှုသည်ကား အမှန်ပင် ကြင်နာသနားတတ်ကာ အထူးစိတ်ရှည်သည်းခံတတ်သည့် လူစားမျိုးဟု ဆိုရပေမည်။

စိတ်ထဲတွင်မူ ယဲ့ချန် တွေးလိုက်မိသည်။

'ဘယ်သူကမှ ငါ့ကို လာရန်မစရင်တော့ အဆင်ပြေပါတယ်။ တကယ်လို့ အဲဒီ့သုံးယောက်က အရင် ပြဿနာရှာလာခဲ့ရင်တော့ ငါကလည်း ယဉ်ကျေးနေတော့မှာ မဟုတ်ဘူး။ အစတည်းက ငါက ဆရာလီလို သည်းခံတတ်တဲ့ သဘောမနောကောင်းသူ မဟုတ်နေဘူး'

“တရားဝင်တပည့်တွေအပြင် ရွှမ်းအဆောင်တော်မှာ စာရင်းပေးသွင်းထားတဲ့ အရန်တပည့် ၃၀ ကျော်လည်း ရှိသေးတယ်။ ကံမကောင်းစွာနဲ့ သူတို့ထဲက တစ်ယောက်ကမှ ဆရာ့ဆီက အသိအမှတ်ပြုခြင်း ခံရလောက်အောင် ပါရမီမပါတော့ တရားဝင်တပည့်တွေ ဖြစ်မလာနိုင်ကြသေးဘူး။ လောလောဆယ်မှာတော့ မင်းကလည်း အရန်တပည့်ပဲ။ ဆေးဖော်စပ်ခြင်းပညာမှာ ပါရမီ ပါ၊ မပါ ဆရာ့ဆီက အကဲဖြတ်မှုကို အောင်မြင်တော့မှ တရားဝင်တပည့် ဖြစ်လာနိုင်မယ်။ အဲဒီ့အချိန်ရောက်ရင် မင်းအနေနဲ့ ငါ့ကို ဆရာတူအစ်ကိုလို့ နာမည်တပ်ပြီး ခေါ်နိုင်ပြီ။ ငါထင်ပါတယ်၊ မင်းရဲ့ ပါရမီနဲ့ တရားဝင်တပည့်ဖြစ်လာဖို့ မခက်ခဲလောက်ပါဘူး”

လီရှုသည် ရယ်ရယ်မောမောနှင့် ပြောလာသည်။

“ကျွန်တော် အကောင်းဆုံး ကြိုးစားမှာပါ”

ယဲ့ချန်က ပြန်ဖြေသည်။ ဆေးဖော်စပ်ခြင်းလမ်းစဉ်ကို စတင်လျှောက်လှမ်းရတော့မည် ဖြစ်ရာ ယဲ့ချန်လည်းပဲ ဤအခြေအနေတွင် အနည်းငယ်တော့ စိတ်လှုပ်ရှားမိလေသည်။

ရထားလုံးသည် ကျဉ်းမြောင်း၍ လေဝှေ့သော တောင်ဆင်းလမ်းတစ်လျှောက် မောင်းနှင်လာခဲ့ပြီးနောက် ရေကန်နံဘေးသို့ ရောက်ရှိလာသည်။ ယဲ့ချန်နှင့် လီရှုတို့သည် ရထားလုံးပေါ်မှ ဆင်းကာ လှေတစ်စင်းနှင့်အတူ ရေကန်အလယ်ရှိ ကျွန်းငယ်လေးထံသို့ ဦးတည်ခဲ့ကြသည်။

မကြာမီ၌ လှေသည် ၂ မိုင်၊ ၃ မိုင်ပတ်လည်ခန့် ကျယ်ဝန်းသော ကျွန်းလေးသို့ ရောက်ရှိလာ၏။ ကျွန်းအလယ်တွင် ထင်သာမြင်သာရှိသော အဆောက်အဦးများ ရှိပြီး ဘေးပတ်လည်တွင် တောအုပ်ထူထူနှင့် တောင်ကုန်းလေးအချို့က နေရာယူထားသည်။

ရွှမ်းအဆောင်တော်၏ ဧည့်ခန်းမဆောင်တွင် ဖြစ်သည်။

”လီရှု .. သူက မင်းပြောနေတဲ့ ယဲ့ချန်ဆိုတာလား”

ဆရာရွှမ်းယီသည် ရှည်လျားသော မုတ်ဆိတ်ဖြူများကို လက်တစ်ဖက်ဖြင့် သပ်နေရင်းဖြင့် ယဲ့ချန်အား ခေါင်းစခြေအဆုံး အကဲခတ်လျက် ရှိသည်။ တဖြည်းဖြည်းနှင့် စိတ်ကျေနပ်သွားသော အမူအရာက ဆရာရွှမ်းယီ၏ မျက်နှာထက်တွင် ဖြစ်ပေါ်လာသည်။ ဆရာရွှမ်းယီ၏ ထိုးထွင်းသိမြင်နိုင်စွမ်းနှင့်ပင် ယဲ့ချန်၏ ကျင့်ကြံဆင့်အား အတိအကျ မမြင်နိုင်ပေ။ ထိုသည်က ယဲ့ချန်၏ ကျင့်ကြံခြင်းစွမ်းရည်သည် အတော်လေး ထူးခြားကောင်းမွန်သည်ဟု သဘောသက်ရောက်သည်။

ယဲ့ချန်သည် ခေါင်းမော့ကာ သူ့အရှေ့ရှိ အသက်ကြီးကြီး အမျိုးသားကြီးကို ကြည့်မိသည်။ ထိုအမျိုးသားကြီးသည်ကား ကျော်ကြားလှသော ဆရာရွှမ်းယီ ဖြစ်ချေသည်။ ဆရာရွှမ်းယီ၏ ဆံပင်နှင့် မုတ်ဆိတ်များသည် အဖြူရောင်သို့ ပြောင်းနေကြပြီဖြစ်သည့်တိုင် ဆရာရွှမ်းယီ၏ မျက်နှာသည်တော့ သွေးရောင်လွှမ်းကာ စိုစိုပြည်ပြည် ရှိနေသောကြောင့် ကျန်းမာရေးကောင်းမွန်သူ ဖြစ်ကြောင်း ပေါ်လွင်သည်။ ဆရာရွှမ်းယီသည် မီးခိုးရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး လှုပ်ရှားမှုများက ပေါ့ပေါ့ပါးပါးနှင့် အားထုတ်မှုကင်းမဲ့စွာ သဘာဝနှင့် တစ်သားတည်းရှိနေသယောင် ထင်မှတ်ရသည်။

“နှုတ်ဆက်ပါတယ် ဆရာရွှမ်းယီ”

ယဲ့ချန်သည် ဦးညွှတ်၍ နှုတ်ဆက်လိုက်၏။

“အင်း .. လောလောဆယ်တော့ ငါ မင်းကို အရန်တပည့်အဖြစ် သတ်မှတ်ပြီး ဆေးဖော်စပ်ခြင်းပညာမှာ မင်းရဲ့ တကယ့်ပါရမီကို ကြည့်ရဦးမယ်။ ငါ့ရဲ့ စမ်းသပ်မှုကို ဖြတ်ကျော်နိုင်ရင်တော့ မင်းအနေနဲ့ တရားဝင်တပည့် ဖြစ်လာနိုင်ပြီ”

ဆရာရွှမ်းယီသည် ဖော်ရွေစွာပင် ပြုံးရင်း စကားဆက်သည်။

“မင်း နေဖို့အတွက် အဆောင်ကို လီရှု စီစဉ်ပေးလိမ့်မယ်။ အခု မင်းကလည်း ဒီနေရာရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်သွားပြီမို့ ရွှမ်းအဆောင်တော်မှာရှိတဲ့ ရှေးဟောင်းစာအုပ်တွေ၊ မှတ်တမ်းမှတ်ရာတွေအားလုံးကို ဖတ်ခွင့်ရှိတယ်။ အသိပညာတွေကို ဘယ်လောက်များများ စုဆောင်းနိုင်သလဲ ဆိုတာကတော့ မင်းအပေါ်မှာပဲ မူတည်တယ်။ လတိုင်းလတိုင်းရဲ့ ၁၅ ရက်မှာ တပည့်အားလုံးကို ငါကိုယ်တိုင် ဆေးဝါးပညာ အသိအမြင်တွေ သင်ကြားပို့ချပေးတယ်။ တပည့်တွေအတွက် ကိုယ်ပိုင်လေ့လာချိန်က တစ်လမှာ ၁၀ ရက် ရှိတယ်။ ကျန်တဲ့ ၅ ရက်ကိုတော့ ငါနဲ့အတူ ငါးမျှားတာပဲဖြစ်ဖြစ် မင်း ဆန္ဒရှိသလို ကုန်ဆုံးနိုင်တယ်။ သုံးလကြာပြီးလို့ မင်းက သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတယ်ဆိုရင် ငါ့ရဲ့ လမ်းညွှန်မှုအောက်မှာ ဆေးလုံးဖော်စပ်ဖို့ ကြိုးစားကြည့်နိုင်တယ်”

“ငါးမျှားတာလား ..”

ယဲ့ချန် စိတ်ရှုပ်ထွေးသွားရသည်။ ဆေးဖော်စပ်ခြင်းနှင့် ငါးမျှားခြင်းသည် မည်သို့မည်ပုံ ဆက်စပ်နေ၍နည်း။ ငါးမျှားခြင်းနှင့် ပတ်သက်၍ အထူးတလည် အဓိပ္ပာယ်တစ်ခုခု ရှိနေခြင်းများလား။

ခြုံငုံသုံးသပ်ရလျှင် ဆရာရွှမ်းယီသည် တပည့်များအပေါ် အသေးစိတ်စီမံကာ ဂရုစိုက်ပေးသည့် တာဝန်ကျေသော ဆရာတစ်ယောက်ဟု ဆိုနိုင်သည်။ လ တစ်လချင်းစီအတွက် အချိန်များကိုပင် ခွဲခြားသတ်မှတ်ပေးထားသေးသည်။ အချိန်ကို လေးစားလိုက်နာခြင်းသည် ဆရာရွှမ်းယီအတွက် အရေးပါသော အရာတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ ဆရာရွှမ်းယီသည် တပည့်များအပေါ် သင်ကြားပြသရာတွင် အချိန်အလုံးစုံကို မြှုပ်နှံထားရန် ဆုံးဖြတ်ထားပုံ ပေါ်လေသည်။

“ဟုတ်တယ်။ ငါးမျှားတာ”

ဆရာရွှမ်းယီက ခပ်တိုးတိုးရယ်ကာ ယဲ့ချန်၏ မေးခွန်းအား ပြန်လည်ဖြေကြားသည်။

ယဲ့ချန်သည် လီရှုဘက်သို့ ကြည့်မိတော့လည်း လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးနေသည်ကို တွေ့ရသည်။ ထိုသည်က ယဲ့ချန်အား ပို၍ စိတ်ဝင်တစား ဖြစ်လာစေသည်။

“မင်းမှာ တောင်းဆိုချင်တာ တစ်ခုခုရှိရင် ငါတို့ကို အချိန်မရွေး အသိပေးလို့ရတယ်နော်။ ရွှမ်းအဆောင်တော်မှာ အပြင်လူတွေ ရှိတာမဟုတ်ဘူး”

ဆရာရွှမ်းယီက ပြောသည်။

ဆရာရွှမ်းယီသည် အမှန်ပင် ဖော်ရွေချိုသာသော အမူအရာရှိပြီး သူ၏ မြင့်မားလှသော ဂုဏ်ပုဒ်အဆင့်အတန်းကြောင့် မောက်မာနေပုံလည်း မရပေ။ ၎င်း၏ တည်ငြိမ်၍ မယိုယွင်းသော အမူအရာကို ကြည့်ရင်းဖြင့် ယဲ့ချန်သည် ဆရာရွှမ်းယီအပေါ် စိတ်ရင်းဖြင့် လေးစားချစ်ကြည်လာမိသည်။

“နားလည်ပါပြီ။ ကျေးဇူးတင်ပါတယ် ဆရာ”

ယဲ့ချန်သည် ခေါင်းညိတ်ကာ ပြန်ဖြေ၏။

ထိုစဉ်တွင်ပဲ ဧည့်ခန်းမဆောင်ထဲသို့ လူသုံးယောက် ရှေ့ဆင့်နောက်ဆင့် ဝင်ရောက်လာကြသည်။

“လေ့ရီ၊ ဟောင်ဖုန်း၊ ရန်ချန်း .. မင်းတို့သုံးယောက်က ဒီကို ဘာလာလုပ်ကြတာတုန်း”

ဆရာရွှမ်းယီသည် ထိုသုံးယောက်ကို မြင်သော် မေး၏။

“ဆရာ”

ထိုသုံးယောက်က ဆရာရွှမ်းယီအား ဦးညွှတ်လျက် နှုတ်ဆက်ကြသည်။

“အစ်ကို ၁ က သူ ထောက်ခံပေးထားတဲ့ တပည့်လေးကို ခေါ်လာတယ်လို့ ကြားမိလို့ တပည့်တို့လည်း တစ်ချက်လောက် လာကြည့်ကြည့်တာပါ”

လေ့ရီ ဆိုသူက ယဲ့ချန်ဘက်သို့ တစ်ချက်လှမ်းကြည့်ရင်း ရယ်မောကာ ဆိုသည်။

“ဒီတစ်ယောက်က အစ်ကို ၁ အထူးတလည် ထောက်ခံပေးတာတဲ့ လူငယ်ပါရမီရှင်လေးပဲ ဖြစ်ရမယ်၊ ဟုတ်တယ်မလား။ ထင်တဲ့အတိုင်း .. တကယ်ကို ထူးခြားတာပဲ”

လေ့ရီသည် လီရှုနှင့် မတူညီဘဲ စိတ်ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြသတတ်သူမျိုး ဖြစ်ဟန်ရသည်။ လီရှုသည် အပြင်လူများရှေ့တွင်သာ စည်းကမ်းတင်းကျပ်၍ ချဉ်းကပ်ရမလွယ်ကူပုံ ပေါ်သော်လည်း ယဲ့ချန်ကိုတော့ နွေးနွေးထွေးထွေး ဆက်ဆံသည်။ တစ်ဖက်တွင်တော့ လေ့ရီ၏ ယဲ့ချန်အား ကြည့်လာသည့် အကြည့်တွင်ကိုက အထင်သေးမှုများ ပါဝင်နေသည်။ ထိုအချက်က ယဲ့ချန်အား အတန်ငယ် မခံမရပ်နိုင် ဖြစ်သွားစေသည်။

လီရှုကဲ့သို့ပင် လေ့ရီသည်လည်း အဆင့်မြင့် ဆေးဝါးပညာရှင်တစ်ယောက် ဖြစ်သည်။

ဟောင်ဖုန်းနှင့် ရန်ချန်းတို့သည်လည်း အပြုံးရေးရေးဖြင့် ယဲ့ချန်အား လှမ်းကြည့်လာကြသည်။ နှစ်စဉ်နှစ်တိုင်း သူတို့အားလုံးသည် လူငယ်ပါရမီရှင် တစ်ယောက်၊ နှစ်ယောက်ခန့်အား ဆရာရွှမ်းယီထံတွင် အရန်တပည့်အဖြစ် ထောက်ခံပေးကြသည်။ သို့သော်လည်း ထိုအရန်တပည့်များအနက် ဘယ်သူကမှ ဆရာရွှမ်းယီ၏ စမ်းသပ်မှုကို မကျော်ဖြတ်နိုင်ကြသောကြောင့် သူတို့လေးယောက်သည်သာ တရားဝင်တပည့်များအဖြစ် ရှိနေနိုင်ကြသည်။ ထို့ကြောင့် သူတို့က ယဲ့ချန်အား သိပ်ပြီး မြင့်မြင့်မားမား တွေးမထားကြပေ။

“အစ်ကို ၁ က စုစုပေါင်း တပည့် ၇ ယောက်ကို ထောက်ခံပေးခဲ့ဖူးပေမဲ့ သူတို့ထဲက ၆ ယောက်က ဆေးဖော်စပ်ခြင်းပညာရပ်ကို လေ့လာတဲ့နေရာမှာ ပင်ပန်းဆင်းရဲမှုဒဏ်ကို မခံနိုင်လို့ နှုတ်ထွက်သွားကြတယ်။ ဒီအသစ်လေးကရော ဒီဒဏ်တွေကို သည်းခံနိုင်မလားဆိုတာ သိချင်မိတယ်”

လေ့ရီသည် လီရှုအားကြည့်ကာ ထိုစကားတို့ကို ဆိုရင်း ကျယ်လောင်စွာ ရယ်မောသည်။

လေ့ရီ၏ လှောင်ပြောင်လိုဟန်စွက်သော စကားတို့ကြောင့် လီရှုသည် အတန်ငယ် စိတ်အနှောင့်အယှက် ဖြစ်လာရသည်။ ထိုတပည့်များ နှုတ်ထွက်သွားရသည့် နောက်ကွယ်မှ အကြောင်းအရင်းကို လီရှုသည် မသိတာမဟုတ်ပေ။ ထိုတပည့် ၇ ယောက်သည် လေ့ရီ၏ အမျိုးမျိုးသော နှိပ်စက်ညှဉ်းပန်းမှုတို့ကို ခံနေရသောကြောင့် ၎င်းတို့အနက် ၆ ယောက်မှာ နှုတ်ထွက်သွားကြခြင်း ဖြစ်သည်။ အရန်တပည့် ၃၀ ကျော်ထဲတွင် တစ်ဝက်ကျော်မှာ လေ့ရီ၏ လူများ ဖြစ်ရာ လေ့ရီသည် အရန်တပည့်များနှင့် ပတ်သက်သည့် ကိစ္စအဝဝကို ခြယ်လှယ်နေနိုင်ခဲ့သည်။ ဆရာရွှမ်းယီကလည်း ထိုသို့သော ကိစ္စအသေးအမွှား အလုံးစုံကို စေ့စေ့စပ်စပ် မသိရှိနိုင်ပေ။

လီရှုသည် ခပ်အေးအေးဖြင့်သာ ပြန်ပြောလိုက်ပါ၏။

“ယဲ့ချန်ရဲ့ ပါရမီက ထူးခြားတယ်။ အရှေ့က တပည့်တွေနဲ့ မတူဘူး။ ပြောရရင် သူက ငါ့ထက်တောင် ပိုပြီး ပါရမီရှိသေးတယ်။ ဒါကြောင့် ငါက ယဲ့ချန်ကို ငါ့ခြံဝန်းထဲမှာပဲ နေရာချထားဖို့ စီစဉ်ထားတယ်။ ဆေးဖော်စပ်ခြင်းပညာနဲ့ ပတ်သက်ပြီး သူ လိုအပ်တာတွေကို ညွှန်ကြားပေးရင်း ငါတို့အချင်းချင်းလည်း ဆွေးနွေးနိုင်အောင်ပေါ့”

လီရှုသည် ထိုအစီအစဉ်ကို တွေးတောထားပြီးသား ဖြစ်သည်။ ယဲ့ချန်၏ ကျင့်ကြံဆင့်က အခြားသော အရန်တပည့်များထက် များစွာ မြင့်မားသော်လည်း ၎င်းတို့သည် ယဲ့ချန်အား အနိုင်ကျင့်ရန် လှည့်ကွက်တချို့ ထုတ်သုံးလာနိုင်သေးသည်။ သို့ဖြစ်၍ ယဲ့ချန်အား ၎င်းတို့ထံမှ ကာကွယ်ရန် သူ့ခြံဝန်းထဲတွင် နေရာချပေးသည်ကသာ အကောင်းဆုံး ဖြစ်မည်ဟု လီရှုက ယုံကြည်သည်။

“သူက အစ်ကို ၁ ထက်တောင် ပါရမီရှိတယ် ဟုတ်လား။ အစ်ကို ၁ ကတော့လေ သိပ်ကို နှိမ့်ချနေတော့တာပဲ။ အစ်ကို ၁ ရဲ့ ပါရမီက ဆရာပြီးရင် ဒုတိယနေရာမှာ ရှိတယ်ဆိုတာ လူတိုင်းသိတဲ့ကိစ္စပါ။ အနာဂတ်မှာ အစ်ကို ၁ က ဆရာသခင်အဆင့် ဆေးဝါးပညာရှင်တစ်ယောက် ဖြစ်လာနိုင်ခြေ အများကြီးရှိတယ်။ ပြီးတော့လည်း အစ်ကို ၁ က အမြဲတမ်း ဆေးဖော်စပ်တဲ့နေရာမှာ စိတ်ကို နှစ်မြှုပ်ထားတဲ့သူဆိုတော့ တခြားလူတစ်ယောက်နဲ့ ခြံဝန်းတစ်ခုထဲမှာ နေရတာက အဆင်မပြေလောက်ဘူး။ အသစ်လေးကသာ အစ်ကို ၁ ရဲ့ ကျင့်ကြံခြင်းကို နှောင့်ယှက်မိသွားခဲ့ရင် ဒါ သူ့အတွက်လည်း အပြစ်ဖြစ်ရမှာဆိုတော့ မကောင်းဘူး မဟုတ်လား”

လေ့ရီသည် မရိုးရှင်းစွာ ပြုံး၍ ဆိုသည်။

တပည့်များအားလုံးထဲ၌ လီရှုနှင့် လေ့ရီတို့တွင်သာ ဆရာသခင်အဆင့် ဆေးဝါးပညာရှင် ဖြစ်လာနိုင်ရန် အလားအလာကောင်းများ ရှိကြသည်။ နှစ်ယောက်ထဲမှ တစ်ယောက်သာ ဆရာသခင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပါက ထိုတစ်ယောက်၏ အဆင့်အတန်းသည် နေ့ချင်းညချင်း မြင့်မားသွားမှာ ဖြစ်သည်။ သို့သော်လည်း ကံမကောင်းစွာပင် ထိုနှစ်ယောက်လုံးသည် အဆင့်တက်နိုင်ရန် ကိုယ်စီလိုအပ်ချက်များ ရှိနေကြသေးသည်။

“လီရှု .. ယဲ့ချန်ကို မင်းရဲ့ခြံဝန်းထဲမှာထားဖို့ တကယ်ပဲ ဆုံးဖြတ်ပြီးပြီလား”

ဆရာရွှမ်းယီသည် အံ့ဩနေဟန်ဖြင့် မေးလာသည်။ သူသည်လည်း လီရှုနှင့် လေ့ရီတို့အကြားရှိ မကျေလည်နိုင်သေးသော အငြင်းပွါးမှုများအကြောင်း အနည်းအကျဉ်းတော့ သိထားသည်။ လီရှု ထောက်ခံပေးထားသော အရန်တပည့် ၆ ယောက် နှုတ်ထွက်သွားရသည့် အကြောင်းအရင်းကို ဆရာရွှမ်းယီက ကောင်းကောင်းကြီး သိသော်လည်း ထိုတပည့် ၆ ယောက်သည် ဆေးဖော်စပ်ခြင်းပညာ၌ ပါရမီသိပ်မရှိကြသောကြောင့် ရွှမ်းအဆောင်တော်၌ ဆက်နေလျှင်ပင် ၎င်းတပည့်များအတွက် ဘာအကျိုးမှ ရှိမလာနိုင်ပေ။ နှုတ်ထွက်သွားသည်ကသာ အကောင်းဆုံးဖြစ်ပြီး ၎င်းတို့နှင့် သင့်လျော်မည့် လမ်းစဉ်ကို ရှာဖွေနိုင်မည်ဟု ယူဆသောကြောင့် ဘာမှ ဝင်မပြောခဲ့ခြင်း ဖြစ်သည်။ ဆရာရွှမ်းယီသည် ဆေးဖော်စပ်ခြင်းပညာကို နှစ်ပေါင်းများစွာ လေ့လာလိုက်စားခဲ့ပြီး အချိန်အများစုအား တပည့်များအပေါ် ဂရုတစိုက် သင်ကြားပေးရင်းဖြင့် ကုန်ဆုံးခဲ့သည်။ တပည့်များအကြား ဆန့်ကျင်တိုက်ခိုက်မှုများ၊ အကောက်ကြံချောက်ချမှုများတွင် ဝင်ပါရန် အလွန် ငြီးငွေ့စိတ်ကုန်နေလေပြီ။ ထို့ပြင် ယဲ့ချန်ဟူသော လူငယ်လေး၏ ပါရမီစွမ်းကိုလည်း ဆရာရွှမ်းယီက စောင့်ကြည့်လိုသေးသည်။ ထို့ကြောင့် လီရှု၏ ဆုံးဖြတ်ချက်သည် လက်တလော အခြေအနေအတွက် အသင့်လျော်ဆုံးဟု ဆိုနိုင်သည်။

“ဟုတ်ကဲ့။ ဆုံးဖြတ်ပြီးပါပြီ ဆရာ”

လီရှုသည် ခေါင်းညိတ်ကာ အခိုင်အမာ ပြန်ဖြေလာသည်။

ထိုလူများအကြားရှိ စကားဝိုင်းကို နားထောင်ရင်း ယဲ့ချန်သည် ၎င်းတို့ကြားတွင်ရှိသော ဆက်ဆံရေးကို အတန်အသင့် နားလည်လာရသည်။ လီရှုသည် အပြင်လူများကြား၌ မြင့်မား၍ လေးစားခံရသော အဆင့်အတန်းမျိုး ရှိသောကြောင့် ဆရာတူညီအစ်ကိုများကြားတွင် ဤကဲ့သို့ စိတ်မနှစ်မြို့ဖွယ် အနေအထားမျိုး ရှိလိမ့်မည်ဟု ယဲ့ချန် မျှော်လင့်မထားခဲ့။ မည်သို့ပင်ဆိုစေ လီရှုသည် သူ့အား ကာကွယ်ပေးရန် အကောင်းဆုံး ကြိုးစားပေးနေသောကြောင့် ယဲ့ချန် ကျေးဇူးတင်မိသည်။

“ဒါဆိုလည်း ကောင်းပြီလေ။ မင်းတို့အားလုံး သွားလို့ရပြီ”

ဆရာရွှမ်းယီသည် လက်တစ်ဖက်အား ဝှေ့ယမ်း၍ ပြောလာသည်။

“နားလည်ပါပြီ ဆရာ”

လီရှု၊ လေ့ရီအပြင် ကျန်လူများသည်လည်း အသီးသီး နှုတ်ဆက်ကာ ထွက်ခွါသွားကြ၏။

***

All Chapters