← Chapters

လီရှု၏မှတ်စုများ

Vol. 12 Ch. 157

လီရှု၏မှတ်စုများ

Vol. 12 Ch. 157

ဆရာရွှမ်းယီမှာ သူတို့ ထွက်ခွာသွားသည်ကို ကြည့်ရင်း သက်ပြင်းချမိသည်။ သူ့ဘ၀တွင် မဟာ‌ဆေးဝါးပညာရှင်အဆင့်သို့ ရောက်ရှိခဲ့ပြီး ရှီဝူအင်ပါယာ၌လည်း အံ့မခမ်း လေးစားကြည်ညိုမှုများကို ရရှိခဲ့၏။ သူ၏တပည့်နှစ်ဦးဖြစ်သည့် လေ့ရီနှင့် လီရှုတို့ကို ဂုဏ်ယူရသော်လည်း ထိုသူနှစ်ဦး၏မသင့်မြတ်မှုက န‌မြောတသဖြစ်စရာပင်။ သို့ကြောင့် ထိုနှစ်ယောက်ကြား မည်သို့ဖြစ်လာမည်ကို အမြဲတမ်း တွေး‌ပူနေရပေသည်။ လွန်ခဲ့သည့်နှစ်ပေါင်းများစွာက မျိုးနွယ်စုမှ နှင်ထုတ်ခံခဲ့ရသည့်အဖြစ်ကို ပြန်လည်သတိရမိသည့်အခါ ဆရာရွှမ်းယီ၏စိတ်အစဉ်တွင် အထီးကျန်မှုများ ကြီးစိုးလာရ၏။

ယဲ့ချန့်တို့အုပ်စု ခန်းမမှ ထွက်လာပြီးနောက် လီရှုသည် လေ့ရီနှင့်အခြားသူများကို ‌စကားစမြည်ပြောဆိုရန် စိတ်ဝင်စားခြင်းမရှိသဖြင့် ယဲ့ချန်အား သူနေထိုင်ရာ နေရာသို့ ခေါ်ဆောင်သွားသည်။ အခန်းခြောက်ခန်းရှိသဖြင့် ယဲ့ချန်၊ အမွေးပွလေးနှင့် ရှောင်ရိတို့အတွက် တစ်ယောက်လျှင် နှစ်ခန်း‌ပေးနေလျှင်ပင် လုံလောက်ပေသည်။

လီရှုနှင့် ယဲ့ချန် ထွက်သွားသည်ကို မြင်သည်နှင့် လေ့ရီက အလိုမကျသည့်မျက်နှာဖြင့် ပြော၏။ “ဒီအသစ်လေးရဲ့ ‌ကျင့်ကြံအဆင့်က ဘယ်လောက်ရှိပြီလဲ။ မင်းသိလား”

“ကျွန်‌တော့်မျိုးနွယ်စုကို စုံစမ်းခိုင်းထားတယ်။ လီယု ယွင်ရဲတိုက်မှာ ပြိုင်ပွဲ၀င်ခဲ့တုန်းက အဲ့ကောင်လေးက အဆင့် ၈ မှာ။ အဲ့အချိန်ကနေ အခုဆို သုံး၊ လေးလပဲ ရှိသေးတော့ အများဆုံး အဆင့် ၉ လောက် ရောက်ရောပေါ့” ဟောင်ဖုန်းက ပြောသည်။ “ဒုတိယမင်းသားလျိုရွှင်းနဲ့ စစ်မှုရေးရာဝန်ကြီး လျိုခန်းတို့ကို ယဲ့မိသားစုသတ်ခဲ့တဲ့ နောက်ကွယ်ကလူက သူလို့လဲ ပြောကြတယ်။ ဒါပေမဲ့ ကောလဟာလတွေပဲဖြစ်မှာပါ။ လျိုရွှင်းနဲ့ လျိုခန်းတို့က အဆင့် ၁၀ ရှိတဲ့ကျင့်ကြံသူတွေလေ။ သုံး၊ လေးလအတွင်း အဆင့် ၈ ကနေ အဆင့် ၁၀ အထိ တက်သွားဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

“ဘယ်လိုပဲဖြစ်ဖြစ်ကွာ။ သူ တရား၀င်တပည့်မဖြစ်လာခင် နှင်ထုတ်လို့ရမယ့်နည်းလမ်း စဉ်းစားထားလိုက်” လေ့ရီက ခပ်တိုးတိုး ပြော၏။ လီရှု၏ ယဲ့ချန်အပေါ် ကာကွယ်ပေးနေမှုကို မြင်လိုက်ရသည်အခါ၌ လေ့ရီမှာ ဖိအားအနည်းငယ်ကို ခံစားမိလိုက်ရသည်။ ယဲ့ချန်ကိုသာ ဆရာ သဘောကျသွားပါက သူတို့အတွက် နစ်နာမှုကြီးဖြစ်ပေလိမ့်မည်။ အသက်ငယ်ငယ်လေးနှင့် အဆင့် ၈ သို့ ရောက်ပြီးသည့်အချက်က ယဲ့ချန်သည် သူတို့အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်ပေသည်။

“အဲ့ဒီအကြံက မကောင်းဘူးထင်တယ်နော်” ရန်ချန်းက မျက်မှောင်ကြုတ်၏။

“ဘာလို့လဲ။ ဒီကျွန်းပေါ်မှာ မလုပ်သရွေ့ အဆင်ပြေတာပဲ” လေ့ရီက အေးစက်စွာ ပြောသည်။ “ငါတို့ကိုယ်တိုင် လုပ်မှာမှမဟုတ်တာ။ လူငှားလိုက်လို့ရတာပဲ။ ငါတို့ကို ဆရာမပြောနဲ့ ဘယ်သူမှ သံသယ၀င်မှာမဟုတ်ဘူး”

လေ့ရီကဲ့သို့ အဆင့်မြင့်ဆေးဝါးပညာရှင်တစ်ဦးအနေဖြင့် အဆင့် ၉ ကျင့်ကြံသူမဆိုထားနှင့် အဆင့် ၁၀ ကျင့်ကြံသူများကိုပင် နိုင်ထက်စီးနင်းပြုနိုင်ပေသည်။ သူအလိုရှိသည့်အတိုင်း မဲဆွယ်ရန် ဆေးလုံးအချို့သာ လိုအပ်၏။

“ဒီကောင်လေးက ကျွန်းပေါ်မှာ ဆက်ရှိနေရင်ရော” ရန်ချန်းက ပြောသည်။

“သူ အမြဲတမ်း ရှိနေနိုင်မယ်မထင်ပါဘူးကွာ” လေ့ရီက လှောင်ပြောင်သရော်စွာဖြင့် ရယ်၏။

“အဲ့ကောင်လေးပခုံးပေါ်က အမွှေးပွလေးက ချစ်စရာလေးပဲ။ အဆင့် ၂ ဒါမှမဟုတ် အဆင့် ၃ မှော်သားရဲဖြစ်ရမယ်။ ကျွန်တော့်ဒေါ်လေးကို လက်ဆောင်ပေးဖို့ ဘယ်အချိန် ဖမ်းကြမလဲ” ဟောင်ဖုန်းက လီရှုနှင့်ယဲ့ချန် ထွက်သွားသည်ကို ကြည့်ရင်း ညစ်ကျယ်ကျယ် ပြုံးလိုက်သည်။

ယဲ့ချန် သူ၏ဝိညာဉ်အသိအမြင်ကို ရုတ်သိမ်းလိုက်၏။ သူသည် လေ့ရီတို့အဖွဲ့ ပြောခဲ့သမျှကို အတိုင်းသား ကြားခဲ့ရသည်။ ဟောင်ဖုန်းက နောက်ဆုံးစကားတစ်ခွန်းက သူ၏နှလုံးသားကို ဆစ်ခနဲ ဖြစ်သွားစေ၏။ ဟောင်ဖုန်းသည် သူ့ကို စိတ်အနှောင့်အယှက်ပေးရုံသာမက အမွှေးပွလေးကိုပင် ပစ်မှတ်ထားလာသည်။

‘ကျုပ်တို့ကြားမှာ ရန်ညှိုးမရှိတာ ခင်ဗျားတို့ ကံကောင်းတယ်မှတ်ပါ။ ခင်ဗျားတို့နဲ့ ထိပ်တိုက်တွေ့ဖို့ အခွင့်အရေးရှိရခဲ့ရင် ခင်ဗျားတို့ စိတ်ကြိုက်အနိုင်ကျင့်လို့မရတဲ့လူတွေရှိတယ်ဆိုတာ သိစေရမယ်’ ယဲ့ချန်က တွေးလိုက်သည်။

ယဲ့ချန်သည် လီရှုနောက်မှနေ၍ သီးသန့်ခြံ၀န်းတစ်ခုသို့ ‌လိုက်လာခဲ့၏။ လမ်း၌ မုခ်ခုံးတစ်ခုအောက်မှဖြတ်၍ ဥယျာဉ်အတွင်းသို့ ရောက်လာခဲ့သည်။ မြေပြင်၏နေရာအတော်များများတွင် ‌ဆေးဝါးပင်များစိုက်ထားပြီး ရနံ့များက အင်မတန် မွှေးပျံ့နေချေသည်။ ‌ထိုဆေးဝါးပင်များမှာ နုနယ်နေဆဲဖြစ်၍ ယခုလောလောဆယ်တွင် အလှဆင်ထားရုံသက်သက်သာ အသုံး၀င်ချေသည်။ ဥယျာဉ်၏အလယ်တွင် ကျောက်တုံးစားပွဲနှင့် ကျောက်တုံးခုံတန်းတစ်ခုရှိပြီး ၎င်းတို့ကို အခန်းခြောက်ခန်းက ၀န်းရံထား၏။

“ငါ့နေရာက နည်းနည်းတော့ ရှုပ်နေတယ်။ မင်းတို့ ဒီမှာ စောင့်နေဦး။ ငါ့အစေခံတွေကို မင်းတို့အတွက် အခန်း ၂ ခန်း ရှင်းခိုင်းလိုက်မယ်။ မင်းတို့က အရှေ့ခြံမှာ နေကြ‌ပေါ့” လီရှုက ထိုသို့ပြောပြီးနောက် လှည့်ကာ အခန်းတွင်း ၀င်ရောက်သွား၏။ လီရှု၏အစေခံများအား အမိန့်ပေးသံကို ကြားရနိုင်လေသည်။

“အစ်ကိုချန် အမွေးပွလေးပြောတာ ဆရာလီက တော်တော်သဘောကောင်းတာပဲတဲ့” ရှောင်ရိက တိုးတိုးလေး ပြောသည်။

“အင်း” ယဲ့ချန်က ခေါင်းညိတ်၏။ သူကိုယ်တိုင်လည်း လီရှုကို ‌လေးစားပေသည်။

“အစ်ကိုယဲ့ချန်....” ရှောင်ရိက မျက်ရည်များဝိုင်းလျက် ယဲ့ချန်အား ကြည့်‌နေရှာသည်။

“ဘာဖြစ်လို့လဲ” ယဲ့ချန်က မေး၏။

“ဗိုက်ဆာလို့” ရှောင်ရိလေးက သနားစဖွယ် ဖြေရှာသည်။

ယဲ့ချန်က တဟားဟားရယ်၍ ပြော၏။ “‌မင်းရဲ့ကောင်းကင်ပထဝီအိတ်ထဲ သိုးခြေထောက်တွေ ထည့်ပေးထားတယ်မဟုတ်လားကွ”

“ကုန်သွားပြီ” ရှောင်ရိက ရှက်ကိုးရှက်ကန်းဖြင့် ဖြေလေသည်။

အမွှေးပွလေးမှာ ယဲ့ချန်၏ပခုံးပေါ်တွင် လူးလိမ့်ကာ ရယ်မောနေ၏။ ယဲ့ချန်မှာလည်း ကူကယ်ရာမဲ့စွာ ရယ်လိုက်ရင်း လက်‌‌မောင်းကာနေရာလွတ်ထဲမှ သိုးခြေထောက်များထုတ်ကာ ရှောင်ရိ၏ကောင်းကင်ပထဝီအိတ်ထဲ အပြည့်ထည့်ပေးလိုက်သည်။ ရှောင်ရိအစားကြီးပုံမှာ အံ့အားသင့်ဖွယ်ပင်။ သာမန်လူတစ်ယောက်အနေဖြင့် ရှောင်ရိကို ကျွေးမွေးထားနိုင်မည်မဟုတ်ပေ။ နောက်တစ်ကြိမ်တွင် အမဲသား သို့မဟုတ် သိုးသား များများပြင်ဆင်ထားရမည်ဟု ယဲ့ချန်စိတ်ထဲတွင် မှတ်ထားလိုက်သည်။

မကြာမီ အခန်းနှစ်ခန်းအား ရှင်းလင်းပြီးသွား၏။ ယဲ့ချန်နှင့်အမွှေးပွလေးကတစ်ခန်း၊ ရှောင်ရိက တစ်ခန်းနေသည်။ နောက်ဆုံးတွင် အတော်လေး နေသားကျသွားကြ၏။

အခြွေအရံများက အခန်းသို့ ဟင်းလျာများပို့ဆောင်ပေးသဖြင့် အစားအစာအတွက် မပူရချေ။ မကြာခင် ဆရာရွှမ်းယီထံမှ ဆေးဝါးပညာအကြောင်း သင်ယူခွင့်ရတော့မည်ဖြစ်သဖြင့် ယဲ့ချန်မှာ စိတ်လှုပ်ရှား တက်ကြွနေချေသည်။

ဆရာလီ၏ခြံ၀န်းထဲတွင် ‌‌ဆေးဝါးပညာအတွက် သီးသန့်ထားသည့် နောက်ထပ်အခန်းနှစ်ခန်းရှိချေသည်။ လီရှုထံမှ ခွင့်ပြုချက်ရပြီးနောက် ယဲ့ချန်ဆန္ဒရှိသည့် မည်သည့်အချိန်မဆို ထိုအခန်းများသို့ သွားနိုင်၏။

ကျွီ....

ယဲ့ချန်က အခန်းတစ်ခန်း၏တံခါးကို ဖွင့်ကာ အတွင်းသို့ ကြည့်လိုက်သည်။ အခန်းကား အင်မတန် ကျယ်၀န်း၏။ ၃ မီတာခန့်မြင့်မားသည့် မီးပြင်းဖိုကြီးတစ်ခုက အခန်း၏အလယ်တွင် နေရာယူထားသည်။ ၎င်းကို ထောင့်သုံးခုက မြှင့်ပေးထားပြီး အတော်လေး ခံ့ညား၏။ ဆေးဗီဒိုတွင်တော့ ဆေးပင်အမျိုးမျိုးဖြင့် ပြည့်နေချေသည်။ ပြင်ဆင်ပြီးသား ဆေးပင်များကို ‌၎င်းဘေးရှိ စားပွဲခုံပေါ်တွင် တင်ထားကာ အနည်းငယ် ရှုပ်ထွေးပေပွနေချေ၏။ ဤအခန်းတွင်းသို့ သာမန်အခြွေအရံများ ၀င်ခွင့်မရှိလေရာ မည်သူမှ ယင်းအခန်းကို အချိန်အတော်ကြာ မရှင်းလင်းခဲ့ကြချေ။

ယဲ့ချန်၏ပခုံးပေါ်ရှိ အမွှေးပွလေးကလည်း ဟိုဟိုသည်သည် လှည့်ပတ်ကြည့်ရင်း စပ်စုနေ၏။

ထို့နောက် ယဲ့ချန်က စားပွဲတစ်ခုဆီ‌ လျှောက်သွားသည်။ ၎င်းအပေါ်၌ ဆေးဝါးစာအုပ်များနှင့် လီရှု၏မှတ်စုများရှိ၏။ ယဲ့ချန်၏မျက်ခုံးများ တွန့်ချိုးသွားသည်။ ထိုစာအုပ်များထဲရှိ ဆေးဝါးပညာရပ်များမှာ 'မဟာအဂ္ဂိရတ်ပညာ' စာအုပ်နှင့် လုံး၀မနှိုင်းယှဉ်နိုင်ချေ။

ထို‌ဆေးဝါးစာအုပ်များထဲရှိ အကြောင်းအရာများမှာ ‘မဟာအဂ္ဂိရတ်ပညာ’ စာအုပ်၏ပထမတစ်၀က်တွင် ပါရှိ၏။ ‌ဒုတိယတစ်၀က်၏အကြောင်းအရာများကမူ ပို၍ ပြည့်စုံချေသည်။

မကြာမီ ထိုစာအုပ်များအပေါ် ယဲ့ချန်၏အာရုံ၀င်စားမှုမှာ ပျောက်ကွယ်သွားသည်။ ထို့နောက် သူက လီရှု၏မှတ်စုများကို စတင်ဖတ်၏။ ၎င်း၌ အဂ္ဂိရတ်နည်းလမ်းများ၊ ပုံသေနည်းများသာမက တစ်ဆင့်ချင်းစီတွင် ဖြစ်ပေါ်မည့် ပြောင်းလဲမှုများ ပါ၀င်သည်။ အလွယ်တကူ ကျော်သွားသည့်နိုင်သည့် အမှားများကို ရှင်းလင်းပြတ်သားစွာ မှတ်တမ်းတင်ထား၏။

ဆေးဖော်စပ်ရာ၌ နည်းလမ်းများစွာ ရှိချေသည်။ ယဲ့ချန်၏ဆေးဖော်စပ်ရာ၌ အောင်မြင်နှုန်းက အင်မတန်နိမ့်ကျနေသည်မှာ အံ့ဩစရာမရှိချေ။ ထိုနည်းလမ်းများကို မည်သူမဆို အသုံးပြုနိုင်ပြီး ၎င်းတို့က သူ၏ရှေးဟောင်းဆေးဖော်ပညာရပ်များကို သိသိသာသာ တိုးတက်လာစေမည်ဟု ယုံကြည်၏။ ယဲ့ချန်မှာ အခန်းသို့ပြန်၍ စမ်းသပ်ကြည့်ရန် အသင့်‌ဖြစ်နေချေသည်။ သူသည် ဝိညာဉ်စုဆောင်းဆေးလုံးများကို ထပ်မံဖော်စပ်ချင်၏။ ထိုနည်းလမ်းများကို အသုံးပြုလျှင် သူ၏အောင်မြင်နှုန်းမှာ အနည်းငယ် တိုးတက်လာသင့်ပေသည်။

သာမန်ဆေးဖော်စပ်သည့်နည်းလမ်းများမှာ ရှေးဟောင်းဆေး‌ဖော်ပညာရပ်ထက် အချိန်ပေးရ၏။ သာမန် ချီစုဆောင်းဆေးလုံးတစ်လုံးကိုပင် သုံးရက်နီးပါး ကြာပေသည်။ ထို့အပြင် မီးကိုထိန်းချုပ်ရန် တပည့်တစ်ဦး၏အကူအညီကို လိုအပ်၏။ ယခုသည် ယဲ့ချန်အတွက် ၎င်းကို စမ်းသပ်ကြည့်ရမည့် အချိန်မဟုတ်‌ပေ။

ဆရာရွှမ်းယီနှင့်လီရှု၏ ပြောစကားများအရ ယဲ့ချန် သင်ယူရမည့်အရာများစွာ ရှိသေးပေသည်။ သူ၏အစွမ်းအစသည် အခြေခံကိုပိုင်နိုင်အောင် လေ့လာပြီးမှသာ တိုးတက်လာပေလိမ့်မည်။

ကျင့်ကြံသူများ အဆင့်မြင့်ဆေးလုံးများကို ကိုယ်တိုင်ကိုယ်ကျ ဖော်စပ်နိုင်သဖြင့် ဆေးဝါးပညာသည် ကျင့်ကြံခြင်းတွင် အင်မတန် အရေးပါ၏။ အဆင့်မြင့်ဆေးလုံးများက ‌နှစ်ပေါင်းများစွာ သို့မဟုတ် ဆယ်စုနှစ်များစွာနှင့် ညီမျှသည့် ကျင့်ကြံခြင်းများကို ပေးစွမ်းနိုင်ချေသည်။ ‌ဆေး၀ါးပညာလေ့လာခြင်းနှင့် ကျင့်ကြံခြင်းမှာ မတူကွဲပြားသည့် လမ်းနှစ်သွယ်ဖြစ်သော်လည်း တူညီသောရလဒ်ကို ပေးစွမ်းလေသည်။ မှန်ပါသည်။ ကျင့်ကြံခြင်းနှင့် အတိုက်အခိုက်စွမ်းရည်ကို အာရုံမစိုက်ဘဲ ဆေးလုံးများကိုသာ အားကိုးရန်ကား မဖြစ်နိုင်ချေ။

ယဲ့ချန်မှာ လီရှု၏မှတ်စုများတွင် အတော်လေး ဈာန်၀င်နေချေသည်။

တံခါးပေါက်မှ ဖြတ်သွားသော လီရှုသည် ယဲ့ချန်၏အာရုံစူးစိုက်ပုံကို မြင်သွား၏။ သူက ခပ်ဖွဖွ ပြုံး၍ ယဲ့ချန်အား အနှောင့်အယှက်မပေးဘဲ တိတ်တဆိတ် ထွက်သွားလေသည်။

နေ၀င်သည့်အချိန်အထိ ယဲ့ချန်သည် သူ့အခန်းသို့ မပြန်သေး။ သူ့တစ်နေ့တာကို အကျိုးရှိရှိ ကုန်ဆုံးခဲ့ရသည်ဟု ခံစားမိ၏။ လီရှု၏အိမ်တွင်လည်း သက်တောင့်သက်သာ နေရ‌‌ပေသည်။ သူ့ကို အနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်စေသည်က လေ့ရီပင်။

အခန်းတွင်းသို့ ပြန်ရောက်လျှင် ယဲ့ချန်က သူ၏အိမ်ရာပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်၏။ သူ၏ပုံစံကို မြင်သူများက ကျင့်ကြံနေသည်ဟု ထင်ကြလိမ့်မည်။ သို့သော် သူ၏ဝိညာဉ်အသိအမြင်သည် လက်မောင်းကာနေရာလွတ်ထဲတွင် ဆေးဖော်နေခြင်းဖြစ်သည်။ ရတနာဝိညာဉ်၏မီးလျှံကို ထိန်းချုပ်ရင်း မီးပြင်းဖိုထဲသို့ ထောင်ချီသော ဆေးဝါးပင်များကို ထည့်၏။

ရတနာဝိညာဉ်၏မီးလျှံ - စစ်မှန်သော ယန်ချီမီးလျှံသည် သာမန်မီးလျှံများထက် များစွာ အားကောင်းပေသည်။ ဆေးဖော်စပ်နှုန်းမှာ မြန်ဆန်သော်လည်း တစ်ချိန်တည်းမှာပင် ကျရှုံးနိုင်ချေမှာ ပိုမို မြင့်မား၏။

ယဲ့ချန်သည် သူဖတ်ခဲ့သော ဆေးဖော်နည်းများကို ပြန်တွေးရင်း ရတနာဝိညာဉ်၏မီးလျှံအား ဆေးမီးပြင်းဖိုအတွင်း မီးလျှံအား စိတ်ရှည်လက်ရှည် ထိန်းချုပ်နေသည်။ မီးပြင်းဖို၏မီးအပူချိန်သာမက ဆေးပင်အ‌ရောအနှော၏တုံ့ပြန်မှုများအထိ ယဲ့ချန် အပြည့်အ၀ ထိန်းချုပ်ထား၏။

မီးလျှံများမှာ တဖြည်းဖြည်း တောက်လောင်နေပြီး ဆေးပင်အရောအနှောမှာ ထူးဆန်းသော ပြောင်းလဲမှုများ ဖြစ်နေသည်။

ဤအချိန်တွင် ယဲ့ချန်သည် ဆေးလုံးဖော်စပ်ရာ၌ ယခင်ကထက် သက်တောင့်သက်သာ ရှိလာပြီး ပိုမိုကျွမ်းကျင်လာ၏။ ဤတစ်ခါတွင်တော့ ဆေးဖော်စပ်ရာတွင် အဆင့်တက်လာမည်ဟု ခံစားရလေသည်။

ယခင်က ယဲ့ချန်သည် ဆေးဖော်စပ်ခြင်းကို စမ်းတဝါးဝါးဖြင့် စမ်းသပ်နေခဲ့ခြင်းဖြစ်ပြီး မီးလျှံ၏အထိန်းအကွပ်ကို ဆုံးရှုံးခဲ့ရစမြဲပင်။ သို့သော် ယခုတွင်ကား ထိုသို့မဟုတ်တော့ပေ။

အချိန်များ ဖြည်းဖြည်းချင်း ကုန်လွန်သွားသည်။ သူ၏ဝိညာဉ်အသိအမြင်ကို အသုံးပြု၍ ရတနာဝိညာဉ်မီးလျှံကို ထိန်းချုပ်နေစဉ် သူ၏ဝိညာဉ်အသိအမြင်မှာလည်း အဆင့်မြင့်၍ သန်မာ‌လာသည်ကို ယဲ့ချန် ခံစားရ၏။ အလင်းတန်းဖြင့် ထိုးနှက်ခံရပြီးနောက် သူ၏ဝိညာဉ်အသိအမြင်မှာ အနည်းငယ် ပျက်စီးထိခိုက်သွားခဲ့သည်။ ယခုတွင် အထိအခိုက်အများစုမှာ ပြန်လည်ကောင်းမွန်သွားချေပြီ။

ယဲ့ချန်ဆေးဖော်စပ်မှု၏ ဒုတိယပိုင်းမှာ အ‌တော်လေး စိတ်ကျေနပ်ဖွယ်ရာမရှိချေ။ သူ အလိုရှိသည့်ရလဒ်ကို မရရှိခဲ့သော်လည်း ရလဒ်များက သူ့ကို အံ့အားသင့်စေခဲ့သည်။  ပါ၀င်ပစ္စည်း‌တစ်ထောင်ဖြင့် ဝိညာဉ်စုဆောင်းဆေးလုံး စုစုပေါင်း ၂၃ လုံးကို ဖော်စပ်နိုင်ခဲ့၏။ အောင်မြင်နှုန်းမှာ ၂ ရာခိုင်နှုန်းသို့ရောက်ရှိသွားပြီး ယင်းက ထူးခြားအံ့ဖွယ်ပင်။ ‌

ဆေးလုံးများကား ချီစုဆောင်းဆေးလုံးမဟုတ်ဘဲ ၎င်းဆေးလုံးထက် မရေမတွက်နိုင်လောက်အောင် တန်ဖိုးရှိသော ဝိညာဉ်စုဆောင်းဆေးလုံးများပင်။

ဤသို့ရလဒ်မျိုးကို အဘယ်နည်းဖြင့် ယဲ့ချန် မ၀မ်းမြောက်ဘဲ နေနိုင်မည်နည်း။ သူက အမွှေးပွလေးကို ဖက်ကာ စိတ်လှုပ်တရှား နမ်းလိုက်၏။ အမွှေးပွလေးက ရုန်း၍ ဘေးတစ်ဖက်သို့ ပြေးသွားလေသည်။ သူမ၏ပါးလေးများမှာ ရှက်သွေးဖြာနေ၏။ ယဲ့ချန် သူမကို စနောက်ကျီစယ်ခြင်းမှာ ဤတစ်ခေါက်သည် ပထမဆုံးအကြိမ်မဟုတ်ပေ။

ယဲ့ချန်သည် ဝိညာဉ်စု‌ဆောင်းဆေးလုံးများကို အသေအချာ သိမ်းဆည်းလိုက်၏။ တခဏစဉ်းစားပြီးနောက် သူရော၊ အမွှေးပွလေးပါ ဝိညာဉ်စုဆောင်းဆေးလုံးတစ်လုံးဆီ သောက်ပြီးဖြစ်သဖြင့် ထိုဆေးလုံး မကျေညက်သေးဘဲ နောက်တစ်လုံး သောက်ရန် မသင့်တော်ချေ။ သို့သော် ရှောင်ရိသည် ဘေးအခန်း၌ အိပ်ပျော်ပြီဖြစ်သဖြင့် နောက်တစ်နေ့မှ မေးမည်ဟုသာ ဆုံးဖြတ်လိုက်သည်။

ဝိညာဉ်စုဆောင်းဆေးလုံးမှာ ကျင့်ကြံသူများအတွက် အဖိုးတန်၏။ သာမန်ဆေးလုံးများသည် ကျင့်ကြံသူတစ်ဦး၏ထျန်းချီအဆင့်ကို တိုးမြှင့်ပေးနိုင်သော်လည်း ဝိညာဉ်စုဆောင်းဆေးလုံးသည် ကျင့်ကြံသူတစ်ဦး၏ပါရမီကို မြှင့်တင်ပေးနိုင်သည်။ ထိုနှစ်မျိုးကား လုံး၀မတူကွဲပြားသော အကျိုးရလဒ်များပင်။

ယဲ့ချန်၏နှလုံးသားမှာ လှုပ်ခတ်သွား၏။ ဝိညာဉ်စုဆောင်းဆေးလုံးအပြင် ပို၍အဆင့်မြင့်သော ဆေးလုံးများကို ဖော်စပ်နိုင်မည်လော တွေးဆမိလေသည်။

ထိုအကြံကို ရရှိပြီးနောက် ယဲ့ချန်သည် ချီပေါင်းစည်းဆေးလုံး၏ပါ၀င်ပစ္စည်းများကို တစ်ထောင်ပွားလိုက်၏။ ကံကိုယုံ၍ အခြားဆေးလုံးများ ဖော်စပ်ရ၊ မရ စမ်းသပ်ကြည့်ရမည်။ ချီပေါင်းစည်းဆေးလုံးသည် ချီစုဆောင်းဆေးလုံးထက် တန်ဖိုးကြီး၏။ သို့သော် တန်ဖိုးမှာ ယဲ့ချန်လို ကြွယ်၀သူအဖို့ မက်လောက်စရာမရှိချေ။

ပါ၀င်ပစ္စည်းများကို ပြင်ဆင်ပြီးနောက် ယဲ့ချန်သည် ဆေးဖော်စပ်ခြင်းသို့ ပြန်လည်အာရုံစိုက်လိုက်၏။

All Chapters