← Chapters

နောက်ကျမှ ရောက်လာသူ

Vol. 12 Ch. 158

နောက်ကျမှ ရောက်လာသူ

Vol. 12 Ch. 158

ချီစုဆောင်းဆေးလုံးများနှင့်ယှဉ်လျှင် ချီပေါင်းစည်းဆေးလုံးများကို ဖော်စပ်သန့်စင်ရသည်မှာ သိသိသာသာ ခက်ခဲပြီး အချိန်ယူရပေသည်။

ယဲ့ချန်သည် တစ်ညလုံး ဆေးလုံးများ ဖော်စပ်သန့်စင်နေခဲ့၏။

ငါးနာရီကြာပြီးနောက် မိုးသောက်လင်းလာသည်။ ဆရာရွှမ်းယီ၏စာပို့ချချိန် ရောက်ခါနီးပြီဖြစ်သော်လည်း ယဲ့ချန်သည် ချီပေါင်းစည်းဆေးလုံးကို အောင်အောင်မြင်မြင် မသန့်စင်ရသေးချေ။ မကြာမီ သူ့မှာ စိတ်ရှုပ်ထွေးလာ၏။ သူသည် ငါးနာရီကျော်သည်အထိ မရပ်မနား သန့်စင်နေခဲ့သော်လည်း ယခုလို ပြီးဆုံးခါနီးအချိန်တွင် လက်လျှော့လိုက်ပါက သူ၏အားထုတ်ကြိုးပမ်းမှုများ အလဟဿ ဖြစ်သွားပေလိမ့်မည်။

ယဲ့ချန်က အံကြိတ်၍ ‌တွေးလိုက်၏။ ‘ထားလိုက်တော့ကွာ။ ဒီချီပေါင်းစည်းဆေးလုံးကို ‌ဖော်ပြီးမှပဲ နောက်ကိစ္စ‌တွေကို ဂရုစိုက်တော့မယ်'

စာသင်ခန်းမမှာ ရွှမ်းအဆောင်တော်၏ အရှေ့မြောက်ထောင့်တွင် တည်ရှိသည်။ ထောင့်၌ ဆေးပင်များစွာ စုပုံထား၏။ ဆရာရွှမ်းယီက ထိပ်ဆုံးထိုင်ခုံတွင် ထိုင်ပြီး ကျန်တပည့်များက ကြမ်းပြင်ပေါ်တွင် ထိုင်ကြသည်။

ပို့ချမှုကို သင်ယူသူများမှာ အရန်တပည့်များဖြစ်၍ ဆရာရွှမ်းယီ၏ပို့ချမှုမှာ ပေါ့ပါ့ပါးပါးသာ ဖြစ်၏။ တရား၀င်တပည့်လေးယောက်ဖြစ်သည့် လီရှု၊ လေ့ရီ၊ ဟောင်ဖုန်းနှင့် ရန်ချန်း တို့ကတော့ မရှိချေ။

“လူတိုင်း စုံပြီလား” ဆရာရွှမ်းယီက လူအုပ်ကို ဝေ့ကြည့်ရင်း မေး၏။

“အရန်တပည့် ၃၃ ယောက်လုံး ရောက်နေပါပြီဆရာ” အရှေ့တွင်ထိုင်နေသော တပည့်တစ်ဦးက ပြောသည်။

ဆရာရွှမ်းယီက လူအုပ်ကို ကြည့်လိုက်ရာ ယဲ့ချန်ကို မတွေ့ရချေ။ ပထမဦးဆုံးပို့ချမှု၌ပင် ယဲ့ချန်သည် နောက်ကျနေလေရာ ဆရာရွှမ်းယီ၏မျက်ခုံးများ တွန့်ချိုးသွား၏။

“ယဲ့ချန် မလာဘူးလား။ သူ လမ်းများ ပျောက်နေသလား။ ရွှမ်းယု တစ်ယောက်ယောက်ကို သွားကြည့်ခိုင်းချေစမ်း” ဆရာရွှမ်းယီက ခပ်မာမာ ပြောသည်။

တပည့်တစ်ဦးက “ဟုတ်ကဲ့” ဟုဖြေကာ ချက်ချင်း ပြေးထွက်သွား၏။

တပည့်အုပ်ကြီးတစ်ခုလုံးက တီးတိုးတီးတိုး ပြောလာကြလေသည်။

“ယဲ့ချန်ဆိုတာ ဘယ်သူလဲ”

“စီနီယာအစ်ကိုလီ ထောက်ခံပေးထားတဲ့ အရန်တပည့်တစ်ယောက်လို့ ကြားတာပဲ”

“စီနီယာအစ်ကိုလီက ထောက်ခံပေးထားတာလား” တပည့်များစွာ၏မျက်နှာထက်တွင် ထူးဆန်းသော အပြုံးများ နေရာယူထားကြသည်။ စီနီယာအစ်ကိုလီ ထောက်ခံပေးသည့် အရန်တပည့်အချို့သည် သူတို့၏အနိုင်ကျင့်နှိပ်စက်ခြင်း ခံခဲ့ရ၏။ ၇ ယောက်အနက် ၆ ယောက်ထွက်ခွာသွားပြီး နောက်ဆုံးကျန်သောတစ်ယောက်မှာ အရှုံးမပေးမချင်း အနိုင်ကျင့်ခံခဲ့ရချေသည်။

“ရာရာစစ ပထမဆုံးသင်ခန်းစာကို နောက်ကျရဲတယ်လို့။ ဆရာတော့ သူ့ကို အထင်သေးသွားမှာ အသေအချာပဲ”

“သူ့ကိုယ်သူ ဘယ်သူများ ထင်နေတာလဲ”

တခဏကြာသော် ပြေးထွက်သွားခဲ့သော တပည့်သည် ပြန်ရောက်ရှိလာ၏။ “ဆရာ ကျွန်တော် ဂျူနီယာညီလေး ယဲ့ချန် ဘယ်မှာလဲ မသိခဲ့ရပါဘူးဗျ။ ကျွန်တော် စီနီယာအစ်ကိုလီရဲ့ ခြံ၀န်းကို သွားပြီး တံခါးရှေ့ကနေ အော်ခေါ်ပေမယ့် ဘယ်သူမှ ပြန်မဖြေကြပါဘူး”

ဆရာရွှမ်းယီမှာ သိသိသာသာ မကျေမချမ်းဖြစ်နေ၏။ ယဲ့ချန်မှာ ပါရမီထူးသော်လည်း ကံမကောင်းစွာနှင့် အပျင်းထူလွန်းပေသည်။ သူ၏အောင်မြင်မှုသည် အကန့်အသတ်ရှိသွားမည်ကို စိုးရိမ်မိ၏။ ဆရာရွှမ်းယီသည် သူ့ဘ၀သက်တမ်းတစ်လျှောက်တွင် ဉာဏ်ကြီးရှင်များစွာကို ‌ကြုံတွေ့ခဲ့ဖူးသည်။ အချို့မှာ သူ့ထက်များစွာ ထူးချွန်သော်လည်း လွန်စွာအပျင်းကြီးလွန်း၍ သာမန်လူဘ၀သာ ရောက်ခဲ့ရ၏။ ယဲ့ချန်သည် ငယ်ရွယ်သေးသဖြင့် သူ့ကို ပညာသင်ပေးရန် အချိန်‌ပေးရလိမ့်မည်။ ဆရာရွှမ်းယီက ခေါင်းခါရမ်း၍ ပြော၏။ “ထားလိုက်တော့။ သူ့ကို မစောင့်တော့ဘူး။ စကြစို့”

ခန်းမတစ်ခုလုံးရှိ တပည့်များအားလုံး တိတ်ဆိတ်သွားလေသည်။

“မင်းတို့အားလုံးကို ဆေးဝါးပညာ လေ့ကျင့်ခိုင်းထားတယ်မလား။ ပြဿနာတစ်ခုခုရှိရင် အခု ငါ့ကို မေးလို့ရတယ်။ ငါ မင်းတို့ကို ကူပြီး ဖြေရှင်းပေးမယ်” ဆရာရွှမ်းယီ၏မျက်နှာအမူအရာမှာ ဆေးဝါးပညာအကြောင်း ပြောပြီးသည်နှင့် တည်ငြိမ်သွား၏။ “ရွှမ်းယု မင်းနဲ့ စကြစို့”

“ဟုတ်ကဲ့ပါ ဆရာ” ရွှမ်းယုက ချက်ချင်း ခါးကို မတ်လိုက်သည်။ အရန်တပည့်များအားလုံးထဲတွင် ရွှမ်းယုသည် ဆရာရွှမ်းယီအားရမိသူတစ်ယောက် ဖြစ်၏။ သူသည် ယခုတွင် အလယ်အလတ်ဆေးဝါးပညာရှင်တစ်ယောက် ဖြစ်နေလေပြီ။ သူ၏မီးလျှံထိန်းချုပ်မှုမှာ လိုအပ်နေသေးသော်လည်း တရား၀င်တပည့်ဖြစ်လာနိုင်ချေအရှိဆုံးသူတစ်ယောက် ဖြစ်ချေသည်။

“ကျွန်တော် ချီစုဆောင်းဆေးလုံး မီးပြင်းဖိုသုံးခုနဲ့ ချီပေါင်းစည်းဆေးလုံး မီးပြင်းဖိုတစ်ခု ဖော်စပ်ခဲ့ပါတယ်။ ချီစုဆောင်းဆေးလုံးသန့်စင်မှု အောင်မြင်နှုန်းက ၃၀ ရာခိုင်နှုန်း ကနေ ၄၀ ရာခိုင်နှုန်းရှိပေမယ့် ပြဿနာလေးတွေ နည်းနည်းတော့ တွေ့ခဲ့ရပါတယ်။ ပထမနေ့မှာ သိပ်မထူးခြားပေမယ့် ဒုတိယနေ့မှာတော့ ဆေးပင်အရောအနှောက မီးခိုးရောင်ပြောင်းသွားခဲ့ပါတယ်။ ကျွန်တော် အဖတ်ဆယ်ဖို့ ကြိုးစားပေမယ့် ကံဆိုးစွာနဲ့ပဲ မအောင်မြင်ခဲ့ပါဘူး။ ဘာကြောင့် အဲ့ဒီလိုဖြစ်သွားရသလဲ သိပ်မရှင်းဘူးဖြစ်နေပါတယ်ဗျ”

“မင်းရဲ့မီးလျှံထိန်းချုပ်မှုက မကျွမ်းကျင်သေးဘူး။ ဆေးဝါးပညာဆိုတာ စွမ်းရည်တစ်မျိုးဖြစ်ပြီးတော့  ခရေစေ့တွင်းကျ ဆောင်ရွက်ရမယ်ဆိုတာ သိတယ်မလား။ အထူးသဖြင့် မီးသဘာ၀ထျန်းချီကို ထိန်းချုပ်တာပေါ့....” ဆရာရွှမ်းယီက ရှင်းပြ၏။ သူက ချီပေါင်းစည်းဆေးလုံး ဖော်စပ်နည်း၏ အသေးစိတ်အချက်အလက်များ၊ ဆေးပင်များအကြား ဓါတ်ပြောင်းလဲမှုများ အစရှိသဖြင့် ပြောပြသည်။ “ဆေးပင်တွေမှာ အခြေခံသတ္တိငါးမျိုးရှိတယ်။ သတ္တု၊ သစ်သား၊ ရေ၊ မီး နဲ့ မြေပဲ။ ပေါက်ရောက်တဲ့ပတ်၀န်းကျင်အပေါ် မူတည်ပြီး ကွဲပြားတာတွေလည်း ရှိတယ်။ ချီပေါင်းစည်းဆေးလုံးမှာ စုစုပေါင်း ပေါင်းစည်းခြင်း ၆ မျိုးရှိတယ်။ ချီစုဆောင်းဆေးလုံးထက် အဆဒါဇင်ပေါင်းများစွာ ခက်ခဲတဲ့အတွက် ကျရှုံးဖို့ အရမ်းလွယ်ကူတယ်။ ဒုတိယနေ့က ပထဆုံးပေါင်းစည်းခြင်းရဲ့ အပြီးသတ်အဆင့်ပဲ။ မီးလျှံရဲ့‌ဓာတ်ပြောင်းလဲမှုအောက်မှာ စိတ်ဝိညာဉ်အားဖြည့်ဆေးပင်နဲ့ ယင်စွမ်းအင်ပို့စုဆေးပင်ရဲ့ ဆေးစွမ်းအားက ပေါင်းစည်းသွားလိမ့်မယ်။ ဒီအဆင့်မှာ မီးလျှံထိန်းချုပ်မှု တစ်ချက်ကလေး အတိမ်းအစောင်းဖြစ်သွားရင် ပေါင်းစည်းမှုမအောင်မြင်ဘဲ ဆေးဖော်စပ်မှုတစ်ခုလုံး ကျရှုံးရလိမ့်မယ်.....”

ဆရာရွှမ်းယီ၏ မိနစ်အနည်းငယ်ကြာသော ရှင်းပြချက်ကို နားထောင်ပြီးနောက် ရွှမ်းယုက ရိုရိုကျိုးကျိုးဖြင့် ကျေးဇူးစကားဆိုသည်။ “ကျွန်တော် အများကြီး သင်ယူခဲ့ရပါတယ် ဆရာ”

“မင်းသာ နှိမ့်ချပြီး အတည်တကျ ကြိုးစားမယ်ဆိုရင် မင်းရဲ့ဆေးဝါးပညာမှာ တစ်ဆင့်တက်နိုင်လိမ့်မယ်။ မင်းလိုအပ်တာက မီးသဘာ၀ထျန်းချီကို ကျွမ်းကျင်ဖို့နဲ့ ဆေးလုံးဖော်စပ်တဲ့အခါမှာ ပိုပြီး အာရုံစူးစိုက်ဖို့ပဲ။ ဆေးဝါးပညာမှာ အရေးအကြီးဆုံးအရာက စကားတစ်လုံးတည်း “ငြိမ်သက်ခြင်း” ပဲ။ မင်းရဲ့စိတ်ကသာ အေးဆေးတည်ငြိမ်နေမယ်ဆိုရင် ဒီထက် ပိုကြီးကျယ်ခမ်းနားတဲ့အရာတွေကို ဆွတ်ခူးနိုင်လိမ့်မယ်” ဆရာရွှမ်းယီက ‌အဓိပ္ပာယ်လေးနက်စွာ သင်ပြ၏။

“ဟုတ်ကဲ့ပါ ဆရာ” ရွှမ်းယုမှာ မိမိကိုယ်ကို အရှက်ရမိချေသည်။ ဆရာရွှမ်းယီပြောသည့်အတိုင်း သူသည် ဆေးလုံးဖော်စပ်ရာ၌ စိတ်လေလွင့်နေခဲ့ချေသည်။

တပည့်အုပ်ကြီးသည် ရွှမ်းယုကို အားကျစွာ ကြည့်နေကြ၏။ ဆရာရွှမ်းယီ၏တင်းမာသော ‌သင်ကြားမှုအောက်၌ပင် ရွှမ်းယုအပေါ် အလေးထားမှုကို မြင်ရနိုင်ပေသည်။ မည်သူကရော ဆရာ့ကို အပြစ်တင်နိုင်မည်နည်း။ ရွှမ်းယုသည် အမှန်တကယ် ပါရမီရှိ၏။ သုံးဒါဇင်ထက်မနည်းသော အရန်တပည့်များထဲတွင် ရွှမ်းယုသည် ‌လောလောလတ်လတ် လာရောက်သင်ယူသော တပည့်များထဲမှတစ်ယောက်ဖြစ်သည်။ သို့ထိတိုင် သူသည် အလယ်အလတ်ဆေးဝါးပညာရှင်ဖြစ်‌လာခဲ့ပြီး ကျင့်ကြံအဆင့်သည်လည်း စဦး အဆင့် ၈ အထိ ရောက်ရှိနေလေပြီ။ သူ၏တိုးတက်နှုန်းက ကျန်တပည့်များထက် သိသိသာသာ မြန်၏။ လူအများကြား၌ ရွှမ်းယုသည် ဆရာရွှမ်းယီက နောက်ထပ်တရား၀င်တပည့်တစ်ဦး ဖြစ်လာမည်ဟု ယူဆထားကြသည်။ လူတိုင်းက သူ ဖြစ်လာလိမ့်မည်ဟု ယုံကြည်ကြ၏။ အချို့က ရွှမ်းယုသည် စိတ်ကြီး၀င်နေသည်ဟု ခံစားကြရပြီး မနာလိုစိတ်များရှိသော်လည်း သူ့ကို မြှောက်ပင့်ရုံသာ တတ်နိုင်ကြလေသည်။

နောက်ကွယ်တွင် တပည့်များသည် သူ့ထက်ငါသာအောင် ရန်စယှဉ်ပြိုင်နေကြသော်လည်း ဆရာရွှမ်းယီရှေ့မှောက်တွင်တော့ သင်ယူရန်မှတစ်ပါး ကျန်အရာများကို စိတ်မ၀င်စားသည့်ပုံ အသွင်ယူထားကြလေသည်။

ကျန့်တပည့်အချို့က မေးခွန်းများ မေးလာကြရာ ဆရာရွှမ်းယီက ကတိအတိုင်း စိတ်ရှည်လက်ရှည် ဖြေကြားပေး၏။

နာရီ၀က်ကြာသော်.....ဘေးခြံ၀န်းတွင်။ ယဲ့ချန်သည် မီးပြင်းဖိုအောက်ရှိ မီးလျှံကို အာရုံစူးစိုက်လျက် ကြည့်နေ၏။ သူသည် အချိန်ကိုပင် မေ့လျော့နေချေသည်။ သူ့ထိန်းချုပ်မှုအောက်တွင် မီးလျှံသည် တငွေ့ငွေ့ တောက်လောင်နေ၏။ မီးလျှံ၏ပြောင်းလဲမှု အသေးစိတ်ကို ယဲ့ချန်က ထိန်းချုပ်ထားသည်။ သူသည် ရှေးဟောင်းဆေးဝါးပညာရပ်၏ပဓာနအချက်များကို နားလည်သဘောပေါက်အောင် တိတ်တဆိတ် တွေးတောနေ၏။

အကယ်၍ သင်သည် ရှေးဟောင်းဆေးဝါးပညာရပ်များကို အသိအမှတ်ပြု၍ ဂရုတစိုက်လေ့လာပါက ထို‌နည်းလမ်းများမှာ အမှန်တကယ် ထူးခြား‌ဆန်းကြယ်ကြောင်း တွေ့ရှိလိမ့်မည်။

ရှေးလူများ ထိုရှေးဟောင်းဆေးဝါးပညာရပ်များကိုသုံး၍ ဆေးဖော်စပ်ရာတွင် ထျန်းချီကိုသုံး၍ မီးလျှံကို ထိန်းချုပ်ခဲ့ကြသည်။ ထျန်းသားရဲများ၌ အသိစိတ်ရှိသော်လည်း မည်သို့ဆေးဖော်စပ်ရမည်လဲ မသိကြချေ။ ယခုတွင် ယဲ့ချန်သည် သူ၏ဝိညာဉ်အသိအမြင်ကိုသာသုံး၍ ဆေးဖော်စပ်ခြင်းဖြစ်ရာ သူရရှိခဲ့သည့်ရလဒ်က အတော်လေး ဩချဖွယ်ပင်။ သူ၏ဆေးဖော်နည်းလမ်းများကိုလည်း ပြောင်းလဲမှုများစွာလုပ်ခဲ့ရာ သာမန်ရှေးဟောင်းဆေးဝါးပညာရပ်များထက် အင်မတန်ကွဲပြားနေချေသည်။

ဆေးပင်အရောအနှောသည် အဆက်မပြတ် ပြောင်းလဲမှုများ ဖြစ်နေ၏။ နောက်ဆုံးအခိုက်အတန့်တွင် မီးခိုးစိုင်လေးတစ်ခုက ဝေ့ခနဲ ထွက်လာသည်။ ယဲ့ချန်၏မျက်လုံးများ ၀င်းလဲ့တောက်ပသွား၏။ ဆေးပင်သန့်စင်ခြင်း ပြီးမြောက်လေပြီ။

ယဲ့ချန်က သန့်စင်ပြီးသော ဆေးပင်အရောအနှောကို သူ၏လက်မောင်းကာနေရာလွတ်ထဲမှ ထုတ်ကာ ဆေးလုံးများအဖြစ် ပြုလုပ်လိုက်၏။ စုစုပေါင်း ဆေးပင် ၂၁ လုံး ရရှိသည်။ အောင်မြင်နှုန်းက ၂ ရာခိုင်နှုန်းရှိရာ မဆိုးလှချေ။

ဆေးလုံးတစ်လုံးဆီမှာ လက်သည်းခွံအရွယ်သာ ရှိ၏။ ဆေးလုံးများအပေါ်၌ ကြည်လင်သောအလွှာတစ်လွှာက ဖုံးအုပ်ထားပြီး သန့်စင်သော စွမ်းအင်ကို ထုတ်လွှတ်ထားလေသည်။ စွမ်းအင်မှာ သာမန်ဝိညာဉ်စုဆောင်းဆေးလုံးများထက် အဆဒါဇင်ပေါင်းများစွာ အားကောင်း၏။ ဆေးလုံးအမျိုးအစားကို သိရှိရန် ယဲ့ချန်သည် လက်မောင်းကာနေရာလွတ်ထဲရှိ စာအုပ်များတွင် လှန်လှောရှာဖွေတော့သည်။

၎င်းတို့ကား ဝိညာဉ်ပေါင်းစည်းဆေးလုံးများပင်။

ဝိညာဉ်ပေါင်းစည်းဆေးလုံးများသည် ဝိညာဉ်‌စုဆောင်းဆေးလုံးများနှင့် အာနိသင်တူသော်လည်း အဆပေါင်းဒါဇင်များစွာ ထိရောက်မှုအားကောင်း၏။ အဆင့် ၁၀ အောက် ကျင့်ကြံသူများ မမှီဝဲနိုင်ချေ။ မြင့်မြတ်သောအဆင့်ရှိသည့် ကျင့်ကြံသူများသာ အကျိုးရရှိနိုင်ပေသည်။

ပစ္စည်းကောင်းပဲ

ယဲ့ချန်မှာ လွန်စွာ စိတ်လှုပ်ရှားနေ၏။ သူက ဟောင်ဆေးဆိုင်၏အဘိုးထံမှ ၀ယ်ခဲ့သော အဆင့် ၃ စိတ်ဝိညာဉ်ပစ္စည်းဖြစ်သည့် ကြွေပုလင်းကို ထုတ်လိုက်သည်။ ယဲ့ချန်သည် ထိုကြွေပုလင်းကို‌ သန့်ရှင်းခဲ့ရာ ခပ်ဖျော့ဖျော့ ကြွေအလင်းရောင်ကို ထုတ်လွှတ်‌နေ၏။ ဆေးလုံးများ သိမ်းဆည်းရာတွင် အသုံး၀င်ပေလိမ့်မည်။

ယဲ့ချန်က ဝိညာဉ်ပေါင်းစည်းဆေးလုံးများကို ကြွေပုလင်းထဲတွင် ဂရုတစိုက် သိမ်းဆည်းလိုက်သည်။ ကျေနပ်ပီတိဖြစ်သွားသော အပြုံးတစ်ခုက သူ၏မျက်နှာပေါ်တွင် နေရာယူထား၏။ ယခု သူသည် ထိပ်တန်းဆေးလုံးနှစ်မျိုးကို သန့်စင်ဖော်စပ်နိုင်လေပြီ။ ထိုဆေးလုံးနှစ်မျိုးကိုသာ တခြားလူများ သိရှိသွားပါက စိတ်မထိန်းနိုင်ဘဲ ရူးသွပ်သွား‌ကြပေလိမ့်မည်။

ယဲ့ချန်၏‌ဆေးလုံးဖော်စပ်ခြင်းအောင်မြင်မှုကို လုံးလုံးလျားလျား လျှို့ဝှက်ထားရပေမည်။ သူ့မိသားစု၊ အမွှေးပွလေးနှင့် ရှောင်ရိမှလွဲ၍ မည်သူ့ကိုမျှ ထိုဆေးလုံးများကို ပေးမည်မဟုတ်ပေ။

“ဒုက္ခပဲ။ ‌ငါတော့ နောက်ကျနေပြီ” နောက်ဆုံးမှ ယဲ့ချန်သည် ဆရာရွှမ်းယီ၏ပို့ချမှုကို သတိရသွား၏။ သူသည် နာရီ၀က်ကျော် ‌နောက်ကျနေလေပြီ။

“ရှောင်ရိ ဒီခြံထဲမှာ မမအမွှေးပွလေးနဲ့အတူ လိမ်လိမ်မာမာ နေခဲ့နော်” ယဲ့ချန်က ရှောင်ရိကို ညွှန်ကြားပြီးနောက် စာသင်ခန်းမဆီသို့ အလောတကြီး ထွက်ခွာသွားတော့သည်။

စာသင်ခန်းမထဲတွင် ဆရာရွှမ်းယီသည် တပည့်များ၏မေးခွန်းများကို ဆက်လက်ဖြေကြားရင်း ကျင့်ကြံခြင်းနှင့်ဆေးဝါးပညာ၏ ‌အခြေခံသဘောတရာများကို ပြောကြားနေ၏။

မကြာမီ ယဲ့ချန်သည် စာသင်ခန်းမ၏အပြင်သို့ ရောက်လာပြီး ဆရာရွှမ်းယီ၏အသံကို ကြားနေရလေသည်။ သူသည် ကျောင်းနောက်ကျသည့် ကျောင်းသားတစ်ယောက်၏ထုံးစံအတိုင်း ခေါင်းကို တဖျင်းဖျင်း ကုတ်မိ၏။

တခဏစဉ်းစားပြီးနောက် ယဲ့ချန်သည် သတ္တိမွေး၍ ခန်းမအတွင်းသို့ ၀င်ကာ အရန်တပည့်များနောက်တွင် ထိုင်လိုက်သည်။

ဆရာရွှမ်းယီသည် ယဲ့ချန် ခိုး၀င်လာသည်ကို သတိထားမိသော်လည်း စာပို့ချမှုကို မရပ်တန့်ချေ။ သူက ဆေးဝါးပညာ၏အခြေခံများမှတဆင့် မီးသဘာ၀ထျန်းချီထိန်းချုပ်မှုအကြောင်း ဆက်လက်ပို့ချသည်။

ယဲ့ချန်ကို လှမ်းကြည့်လာသည့် အရန်တပည့်အချို့၏မျက်နှာထက်တွင် သရော်ပြုံးများ နေရာယူထား၏။ ယဲ့ချန်မှာ ပထမဆုံးနေ့၌ပင် နာရီ၀က်ကျော် နောက်ကျခဲ့သဖြင့် ဆရာရွှမ်းယီ၏အထင်အမြင်သေးမှုကို ခံရပေလိမ့်မည်။

ဆရာရွှမ်းယီ၏မီးသဘာ၀ထျန်းချီအ‌ကြောင်း ပို့ချမှုကို နားထောင်ရင်း ယဲ့ချန်၏စိတ်ထဲတွင် အတွေးတစ်ခုပေါ်လာ၏။ သူသည် အရန်တပည့်များ၏မျက်နှာထားများကို ဂရုမစိုက်ဘဲ ပို့ချမှုကိုသာ အာရုံစူးစိုက်နားထောင်နေချေသည်။ ‌ဆေးဝါးပညာသည် မီးသဘာ၀ထျန်းချီထိန်းချုပ်မှုသာ ဖြစ်ပြီး ‌ဆေးလုံးများသန့်စင်ခြင်းမှာလည်း ၎င်းအပေါ်တွင်သာ မူတည်နေ၏။  မီးသဘာ၀ထျန်းချီကို အဆင့်တစ်ဆင့်အထိရောက်အောင် ကျင့်ကြံနိုင်ပါက သူ၏မီးလျှံထိန်းချုပ်မှုမှာလည်း အလိုရှိသောအဆင့်သို့ ရောက်နိုင်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် ဆေးဝါးပညာကို တဖန်အသုံးချ၍ မီးသဘာ၀ထျန်းချီကျင့်ကြံခြင်းအခြေံကို အားဖြည့်နိုင်မည်ဖြစ်သည်။

အဆင့်မြင့်ဆေးဝါးပညာရှင်ဖြစ်လိုပါက သူ၏မီးသဘာ၀ထျန်းချီသည် အဆင့် ၉ အထက်ရှိရပေမည်။ အဆင့်မြင့်ဆေးဝါးပညာရှင်ဖြစ်လိုလျှင်တော့ ကျင့်ကြံခြင်းအခြေခံသည် ကမ္ဘာမြေရန်အဆင့်ကို ကျော်လွန်နေရလိမ့်မည်။

ယဲ့ချန်က ဝိညာဉ်အသိအမြင်ဖြင့် ဆရာရွှမ်းယီကို ကြည့်လိုက်သည်။ ဆရာရွှမ်းယီ၏ကျင့်ကြံခြင်းအခြေခံသည် ကျောက်စိမ်းမျှော်စင်တွင် သူ တွေ့ခဲ့ရသော ‌ထျန်းရှင်းတောင်ဂိုဏ်း၏အကြီးအကဲသုံးယောက်ထက် မြင့်လေသည်။ ယဲ့ချန်၏ခန့်မှန်းချက်အရ ဆရာရွှမ်းယီသည် ကမ္ဘာမြေရန်၏အထွတ်အထိပ်အဆင့်သို့ ရောက်နေလေပြီ။ ကောင်းကင်ရန်အဆင့်သို့တက်ရန် အနည်းငယ်မျှသာ လိုတော့၏။

ဆေးဝါးပညာနှင့်ပက်သက်၍ ဆရာရွှမ်းယီ၏သိရှိနားလည်မှုမှာ လေးနက်ကျယ်ပြန့်ပေသည်။ ပို့ချမှုကို နားထောင်ရင်း ယဲ့ချန်မှာ ဆရာရွှမ်းယီကို မလေးစားမိဘဲ မနေချေ။ ဆရာရွှမ်းယီပြောကြားနေသည့်အရာများမှာ နားလည်ရန်လွယ်ကူ၏။ သူသည် ဆေးဝါးပညာမှရရှိခဲ့သော သူ၏အတွေ့အကြုံများကို နားလည်လွယ်သော အသုံးအနှုန်းများဖြင့် ရှင်းပြလေသည်။

ပို့ချမှုတစ်ခန်းပြီးနောက် ဆရာရွှမ်းယီ၏အကြည့်က ယဲ့ချန်အပေါ် ကျရောက်လာ၏။ တစ်ခါတစ်ရံ မျက်မှောင်ကြုတ်လိုက်၊ တစ်ခါတစ်ရံ အညောင်းဆန့်လိုက်ဖြင့် စိတ်၀င်တစား ‌နားထောင်နေသော ယဲ့ချန်ကို တွေ့လိုက်ရသည့်အခါ သူ၏အလိုမကျမှုများမှာ‌ ပျောက်ကွယ်သွားတော့သည်။ သူက အသာအယာ ခေါင်းညိတ်၍ တွေး၏။ ’အင်း .. ဒီကလေးက သင်ယူလိုစိတ်တော့ရှိသားပဲ'

“ယဲ့ချန် ‌မင်း မီးလျှံထိန်းချုပ်မှုအကြောင်း နားမလည်တာရှိသလား။ ငါတို့ကို ပြောပြစမ်းပါဦး” ဆရာရွှမ်းယီက ယဲ့ချန်အား ပြုံး၍ ကြည့်လိုက်သည်။

ဆရာရွှမ်းယီ ယဲ့ချန်၏နာမည်ကို ခေါ်လိုက်သည့်အခါ အရန်တပည့်အားလုံးမှာ ရယ်မောကြတော့သည်။ ယဲ့ချန်မှာ လူသစ်ဖြစ်၏။ သူ၏ကျင့်ကြံခြင်းအခြေခံ မည်မျှမြင့်မားနေပါစေ မီးလျှံထိန်းချုပ်မှုအကြောင်း သိနေစရာအကြောင်း မရှိချေ။ ယဲ့ချန် အရှက်ကွဲတော့မည်ကို မျှော်လင့်တကြီး စောင့်စားနေကြ၏။

ရွှမ်းယုက ယဲ့ချန်ကို ကြည့်ကာ ‌အေးစက်စက် နှာမှုတ်လိုက်သည်။ ယခင်က သူ့ကို ဤနေရာသို့‌ခေါ်လာသူမှာ လီရှုဖြစ်၏။ လေ့ရီနှင့်နောက်လိုက်များ၏အနိုင်ကျင့်ခံရပြီး‌သဖြင့် သစ္စာ‌ဖောက်ပြီးနောက် လေ့ရီတို့အဖွဲ့သို့ ဘက်ပြောင်းခဲ့၍သာ ဤနေရာ၌ ကျန်နေခဲ့ခြင်းဖြစ်သည်။ ယဲ့ချန်ကို မြင်ရခြင်းက သူ၏အကျည်းတန်သော အမှတ်တရဟောင်းများကို သတိရစေ၏။ ယဲ့ချန်ရော တခြားလူ‌ခြောက်ယောက်ကဲ့သို့ အရှုံးပေးထွက်ခွာသွားမည်လော သို့မဟုတ် သူ့လို လေ့ရီ၏နောက်လိုက်ဖြစ်လာမည်လော။ ယဲ့ချန်သည် ‌မကြာမီတွင် နှစ်သက်ဖွယ်ရာမကောင်းသော အတွေ့အကြုံများနှင့် ရင်ဆိုင်ရလိမ့်မည်ဟု သူ ကောက်ချက်ချလိုက်သည်။

All Chapters