← Chapters

ဆေးပညာပြိုင်ပွဲ၏ နေရာ

Vol. 39 Ch. 542

ဆေးပညာပြိုင်ပွဲ၏ နေရာ

Vol. 39 Ch. 542

“ခင်ဗျားက စီနီယာအစ်မဝမ် မလား” မိုဝူကျီက အံ့အားသင့်သွားပြီး ပျော်ရွှင်သွားကာ တစ်ဖက်မှ ခုံကို  ပြလိုက်ရင်း …

“စီနီယာအစ်မဝမ်ရော  ဒီယုံရင် အင်မော်တယ်မြို့ ရောက်လာလားဆိုပြီး မေးနေတာ”

ဝမ်လျန်ရှီး၏ စိတ်လှုပ်ရှားမှုမှာ အနည်မထိုင် သေးသော်လည်း မိုဝူကျီအပေါ်  သူမ ပြုမူဆက်ဆံခဲ့သည့် အကြောင်းကို အမှတ်ရ လိုက်သည့်အခါ မျက်နှာမှာ နီရဲကာ ရှက်သွေး ဖြာလာမိသည်။ သူမက မြန်မြန် နှုတ်ဆက်ကာ …

“ဆေးလုံးဆရာမို … ကျွန်မကို စီနီယာအစ်မလို့ မခေါ်ပါနဲ့။ တကယ်လို့ ကျွန်မကို လေးစားတယ်ဆိုရင် လျန်ရှီးလို့ပဲ တိုက်ရိုက်ခေါ်လို့ ရပါတယ် ”

“ဟုတ်ပါပြီ …  လျန်ရှီး ထိုင်ပါဦး ”

မိုဝူကျီက ကျင့်ကြံခြင်း ဝါစဉ် အခေါ်အဝေါ်များကို စိတ်ထဲ မထားပေ။ သူက ဝမ်လျန်ရှီးထက်ပင်  အဆင့်အတန်း မြင့်နေသေး၏။ အခေါ်အဝေါ်အရ သူက သူမကို လျန်ရှီးဟု ခေါ်၍ သင့်တော်ပေသည်။

ထိုအရာကို ကြားပြီးမှ ဝမ်လျန်ရှီးကထိုင်ကာ …

“ဆေးလုံးဆရာမို ... အဲဒီအချိန်တုန်းက ရှင့်ကို  လူလိမ်တစ်ယောက်လို ထင်ခဲ့မိတာ ကျွန်မ ကန်းနေခဲ့လို့ပါ”

မိုဝူကျီက ခဏတာ တွေဝေနေပြီးနောက် …

“တကယ်တော့ ခင်ဗျား မမှားပါဘူး။ ကျုပ်ကလည်း လိမ်ညာမိခဲ့တာကိုး”

“အာ ...” ဝမ်လျန်ရှီးက မိုဝူကျီကို တအံ့တဩ ကြည့်လိုက်သည်။

မိုဝူကျီက ရှင်းပြလိုက်သည်။

“အရင်တုန်းက ကျုပ်က ထိပ်ဆုံး အဆင့် ၃ ဆေးလုံးအကြီးအမှူး ဖြစ်နေလို့  အဆင့်နိမ့် ဆေးလုံး ဘုရင်လို့တောင် ယူဆလို့ရတယ်။  ဒါပေမဲ့လည်း ကျုပ်က အဆင့်၉ ကောင်းကင် ဆေးလုံး ဆရာဆိုပြီး ညာခဲ့မိတယ်”

မိုဝူကျီက ယခု သူ့စကားမှာ အလိမ်အညာဖြစ်ပြီး ယခင်ပြောခဲ့သည့် စကားမှာ အမှန်တရားနှင့် ပိုနီးစပ်ကြောင်း ကောင်းကောင်း သိထားသော်လည်း လိမ်ညာရုံမှအပ တခြား ရွေးချယ်စရာ မရှိတော့ပေ။ အကယ်၍ သူမလိမ်ညာလျှင် ယုံရင်အင်မော်တယ် နယ်မြေ၏ ဆေးပညာပြိုင်ပွဲ၌ အရည်အချင်း ထုတ်ပြသည့်အခါ ပြဿနာ ဖြစ်လာလိမ့်မည်။

အကယ်၍ သူသာ ယခင်က အဆင့်၃  ဆေးလုံး အကြီးအမှူး ဖြစ်ကြောင်း ပြောထားလိုက်လျှင် ဆေးလုံးဘုရင် ဖြစ်လာသည် ဆိုပါက များများစားစား အံ့ဩမည် မဟုတ်တော့ပေ။

“ကျွန်မသိပြီ ... ဆေးလုံးဆရာမိုကို တကယ် စိတ်ပျက်စေမိခဲ့ပြီ။ အရင်တုန်းက ကျွန်မ  …” ဝမ်လျန်ရှီးက ပြောကာ ထရပ်လုနီးပါး ဖြစ်နေလေ၏။

မိုဝူကျီက ဝမ်လျန်ရှီးကို ပြန်ထိုင်ခိုင်းလိုက်ပြီး ပြုံးကာ …

“ အတိတ်ကို အတိတ်မှာပဲ ထားခဲ့ကြတာပေါ့။ တကယ်လို့ ခင်ဗျားရဲ့ အကူအညီကြောင့်သာ မဟုတ်ရင်  ကျုပ်ဒီနေ့လို ခင်ဗျားရှေ့ ထိုင်နေနိုင်မှာ မဟုတ်ဘူး။  အဲဒါက အဲဒီအဖြစ်အပျက်ကို ကျုပ်စိတ်ထဲမထားတဲ့ အဓိက အကြောင်းအရင်းပဲ။  အဲဒါကြောင့် စိတ်ပူနေဖို့ မလိုဘူး”

ဝမ်လျန်ရှီး၏ အမူအယာကို တစ်ချက် ကြည့်လိုက်ကာ ဝမ်လျန်ရှီးက ယခင် အဆိပ်ခတ်မိသည့် အကြောင်းကို တောင်းပန်ချင်နေမှန်း သိလိုက်သည်။ သို့သော်လည်း မိုဝူကျီက  သူမ အဆိပ်ခတ်သည့် အချက်ကို စိတ်ထဲမထားပေ။ အကြောင်းမှာ သူမက သူ့အား ဒုက္ခပေးလို၍ မဟုတ်ဘဲ သူ့ကို မသိသည့် အတွက်ကြောင့်သာ ဖြစ်ပေ၏။ သူအပါအဝင် တခြား သူဆိုလျှင်လည်း  တူညီစွာ လုပ်မိပေလိမ့်မည်။ ဝမ်လျန်ရှီးက သူ့အား အဆိပ်ပြန်ဖြေ ပေးခဲ့သေးသည် မဟုတ်ပါလော။ သူ့သာ ဖြေဆေးမရလျှင် သူမရှေ့ ထိုင်နေဖို့ရာ စိတ်ထဲ ထည့်နေမည်ကို မဟုတ်ပေ။

ဖြေဆေးကြောင့်  မိုဝူကျီက  ဝမ်လျန်ရှီးကို ကျေးဇူးတင် မိသွားခြင်းလည်း ပါဝင်သည်။ ထိုစဉ်အချိန်အခါက  သူက သဘာဝစွမ်းအား သိုလှောင်ရေး လမ်းကြောင်းများ၏ အသုံးဝင်မှုကို ကောင်းကောင်း မသိသေးသောကြောင့် ဝမ်လျန်ရှီး၏ အကူအညီသာ မပါရှိလျှင် သူ့ကျင့်ကြံဆင့် ပြန်လည် ရရှိနိုင်မည် မဟုတ်လောက်ပေ။ ယုံရင်အစွန်းအဖျား နေရာမျိုး၌ အင်အားမရှိလျှင် တခြားသူ၏ သတ်ဖြတ်ခြင်းကို အလွယ်တကူ ခံရလိမ့်မည်။

ထို့အပြင်  ဝမ်လျန်ရှီးကြောင့်သာ မဟုတ်လျှင် သူက ချောင်မူရှစ်လည်း ရရှိလာမည် မဟုတ်ပေ။ ချောင်မူရှစ် စာအုပ်မှာ မိုဝူကျီအတွက် အထောက်အကူ အကြီးကြီး ဖြစ်ပြီး သူဆေးလုံး ဘုရင်အဖြစ် မြန်မြန်ဆန်ဆန် တက်လှမ်းနိုင်ခဲ့သည့် အဓိက  အကြောင်းအရင်းထဲမှ တစ်ခုလည်း ဖြစ်ပေသည်။ နောက်ထပ် အကြောင်းအရင်းမှာ  သူ့ကိုယ်ပိုင် ထူးခြားနေသော ဆေးလုံးတာအိုကြောင့် ဖြစ်ပေ၏။

ကမ္ဘာကြီးထဲ၌  လူဆိုးများကိုသာ မှတ်မိသည့် လူများစွာ ရှိကြသည်။ အကယ်၍ တစ်စုံတစ်ယောက်ကို ကောင်းကောင်း ဆက်ဆံလာလျှင်ပင်  တစ်ခုခု မကျေမနပ် လုပ်လိုက်မိသည်နှင့် ထိုကိစ္စကိုသာ တစ်ဘဝလုံး အမှတ်ရ နေလိမ့်မည်။ ကောင်းကျိုး ကိစ္စရပ်များကိုမူ ချက်ချင်း  မေ့ပစ်လိမ့်မည်။

ကမ္ဘာပေါ်တွင် ရှိစဉ်က မိုဝူကျီက အမေးအဖြေ ကဏ္ဍတစ်ခု ကြည့်ခဲ့ဖူးသည်။ ထိုအရာမှာ မိခင်၏ ဆူပူမှုကို ခံရပြီး အိမ်မှ ထွက်လာသည့် မိန်းကလေး တစ်ယောက် အကြောင်း ဖြစ်၏။ သူမက အပြင်၌ ငတ်ပြတ်ပြီး အေးခဲလုမတတ် ဖြစ်နေစဉ် ကြင်နာတတ်သည့် ဦးလေးကြီး တစ်ယောက်က သူမအား ခေါက်ဆွဲတစ်ပွဲ ကျွေးခဲ့သည်။ ထို့နောက် သူမက အရမ်း ကျေးဇူးတင်ကာ  ထိုဦးလေးကြီးမှာ သူမ မိဘများထက် ကောင်းကောင်း ဆက်ဆံသည်ဟု ယုံကြည်လာကာ  ထိုဦးလေးကြီးကို သူမ၏ ဖခင်အဖြစ်အထိ သတ်မှတ်ခဲ့ချင်မိသည်။

ထိုစဉ် သူမက ဤကမ္ဘာကြီး မည်သို့ ရောက်လာပြီး ကြီးထွား လာသည့်အထိ မည်သူ ကျွေးမွေး စောင့်ရှောက်ပေးခဲ့သည်ကို မေ့လျော့ သွားလေသည်။

ထိုအရာမှာ လူသားများ၏ စိတ်နှလုံး၌ အမြစ်တွယ်နေသည့် အကျင့်ဆိုး တစ်ခု ဖြစ်သော်လည်း မိုဝူကျီက ထိုသို့မျိုး လူစားမျိုး မဟုတ်ပေ။ သူက ဝမ်လျန်ရှီး၏ ကြင်နာမှုများကို အရေးမပါသည့် အရာများကြောင့် မမေ့ပစ်ရက်ပေ။ ထိုကျေးဇူးတရားကြောင့်  သူက အရေးမပါသည့် အရာများ အားလုံးကို မေ့ပစ်နိုင်ခဲ့၍ တခြားသူများနှင့် ကွဲပြားနေစေခြင်း ဖြစ်ပေသည်။

“ အဲဆို ကျွန်မ ရှင့်ကိုယ်ထဲ အဆိပ်ထည့်ထားတာရော သိနေတာလား” ဝမ်လျန်ရှီးက အဖြေကို သိနေသော်လည်း ထုတ်မေးလိုက်သည်။

မိုဝူကျီက ရယ်မောကာ  …

“အရင်တုန်းက ကျုပ်က ဆေးလုံးဘုရင် ဖြစ်တော့မဲ့ ဆေးလုံး ဆရာလေ။ ဒါပေမဲ့  နောက်ပိုင်း ခင်ဗျား ကျုပ်ကို အဆိပ်ပြန်ဖြေ ပေးလိုက်တာကို ကျေးဇူးတင်မိပါတယ်”

ထိုစဉ် မြေကြီး၌ တွင်းပေါက် ရှိနေလျှင် ဝမ်လျန်ရှီးက  ခေါင်းတိုး၍သာ ပုန်းနေလိုက် ချင်တော့သည်။ သူမက  မိုဝူကျီ၏ အပြုအမူကြောင့်  မထိန်းချုပ်နိုင်တော့ဘဲ ထရပ်ကာ ဦးညွှတ်လိုက်ရင်း  …

“အစ်ကိုကြီးမိုက ကျွန်မလို သေးနုပ်တဲ့လူကို ခွင့်လွှတ်ပေးတာ ကျေးဇူးတင်ပါတယ်”

ဝမ်လျန်ရှီးက မိုဝူကျီ’၏ စကားကို နားလည်ပေသည်။ ဆိုလိုသည်မှာ သူမက ဖြေဆေး မပေးလျှင်ပင် ထိုအဆိပ်မှာ မိုဝူကျီအပေါ် သက်ရောက်မှု မရှိပေ။ မိုဝူကျီက သူမ ဘက်မှ  ဖြေဆေး ပေးလိုက်ခြင်းအပေါ် ကျေးဇူးတင်ကြောင်း ပြောလိုက်သည်မှာ ကျေးဇူးအစစ်အမှန် မဟုတ်ဘဲ  သူမ စရိုက်ကြောင့် ဖြစ်သည်။ မဟုတ်လျှင် သူမက ယခုကဲ့သို့စကားပြောနေရန် အရည်အချင်း ပြည့်မှီမည် မဟုတ်ပေ။

သူမ စကားအဆုံးတွင် ဝမ်လျန်ရှီးက ဆက်ပြောလိုက်သည်။

“ဒီနေ့ ရောက်လာတဲ့ အကြောင်းအရင်းက အစ်ကိုကြီးမိုကို အကူအညီတစ်ခုလောက် တောင်းဆိုချင်လို့ပါ”

မိုဝူကျီက ခေါင်းညိတ်ကာ   “ကျုပ်လုပ်နိုင်တာဆိုရင် ကူညီပေးပါ့မယ်”

ဝမ်လျန်ရှီးက ထိုင်ချ လိုက်ပြီးနောက် တောင်းဆိုဖို့ရာ ရှက်ရွံ့နေသော်လည်း သူမ ဖခင်နှင့်ရေ ယင်အင်မော်တယ် မြို့အတွက် သူမ၌ တခြားရွေးချယ်စရာ မရှိတော့ပေ။

“အစ်ကိုကြီးမို … အခု ယုံရင်အင်မော်တယ် နယ်မြေက ကျင်းပမဲ့ ဆေးပညာပြိုင်ပွဲဆိုတာ ကြားမိလား မသိဘူး”

“ကျုပ်သိထားပါတယ်” မိုဝူကျီက ကောင်းကောင်း သိထားပေ၏။ သူဤနေရာသို့ လာသည့် အကြောင်းအရင်းလည်း ဖြစ်ပေသည်။ အကယ်၍ ဝမ်လျန်ရှီး မပြောလျှင်ပင် သူက မေးမိမည် ဖြစ်၏။

ဝမ်လျန်ရှီးက မအံ့ဩမိပေ။ သူမအတွက်  မိုဝူကျီမှာ ဆေးလုံးဘုရင် ဖြစ်လာပြီးပြီ ဖြစ်ရာ  ယခုရောက်လာခြင်းမှာ ယွင်ရှန့်တောင်ကြား အတွက်သာ ဖြစ်ပေလိမ့်မည်။

“တကယ်တော့ ယွင်ရှန့်တောင်ကြားအပြင် ဆေးပညာ ပြိုင်ပွဲအတွက် နောက်ထပ် အရေးကြီးတဲ့ အကြောင်းအရင်း ရှိသေးတယ်” ဝမ်လျန်ရှီးက ဆက်ပြောလိုက်သည်။

“ဘာအကြောင်းအရင်းလဲ” မိုဝူကျီက မေးလိုက်သည်။

ဝမ်လျန်ရှီးက ညင်ညင်သာသာ ပြန်ပြောလိုက်သည်။

“ဒီပြိုင်ပွဲကြောင့် တချို့ အဆင့်နိမ့် အင်မော်တယ် မြို့တွေက တခြားမြို့ရဲ့ လက်အောက်ခံ ဖြစ်သွားပြီးတော့  အုပ်ချုပ်ခွင့် ဆုံးရှုံးသွားလိမ့်မယ်။

တကယ်လို့ ကောင်းကောင်း လုပ်နိုင်ရင်တော့ အဆင့်နိမ့် အင်မော်တယ်မြို့ကနေ အလယ်အလတ် အဆင့်ကနေပြီးတော့  အဆင့်မြင့် အင်မော်တယ်မြို့အထိ အဆင့်မြင့်နိုင် သွားနိုင်တယ်”

မိုဝူကျီက သိချင်စွာ ထပ်မေးလိုက်သည်

“ဘာကိုပြောတာလဲ။ အင်မော်တယ်မြို့ အဆင့်သုံးခုကိုတော့ ကြားဖူးပေမဲ့ လက်အောက်ခံမြို့ကိုတော့ တစ်ခါမှ မကြားဖူးဘူး”

မိုဝူကျီက အင်မော်တယ်မြို့များ၏ အဆင့်များကို လုံးဝ မသိခြင်းတော့ မဟုတ်ပေ။ ယုံရင်အင်မော်တယ်မြို့၌ ယုံရင်အင်မော်တယ်မြို့ကို ထမတန်းစား အင်မော်တယ်မြို့ တစ်ဖြစ်လဲ ကောင်းကင် ဧကရာဇ်၏ အင်မော်တယ်မြို့အဖြစ် ယူဆ၍ ရပေသည်။ ထို့နောက် အဆင့်မြင့် အင်မော်တယ်မြို့၊ အလယ်အလတ်အဆင့် အင်မော်တယ်မြို့နှင့် အဆင့်နိမ့် အင်မော်တယ်မြို့များ ရှိ၏။ အကောင်းဆုံး အဆင့်မြင့် အင်မော်တယ်မြို့မှာ ကောင်းကင် ဧကရာဇ်၏ အင်မော်တယ် မြို့လောက် အားကောင်း နိုင်ပေသည်။ နမူနာအားဖြင့်  မြို့စားငယ်လေး ကျိုးယီရှန်း ပင်လယ်ပိတာန် အင်မော်တယ်မြို့မှာ ယုံရင်အင်မော်တယ်မြိုနှင့် အဆင့်တူ ဖြစ်ပေသည်။

ဝမ်လျန်ရှီးက မိုဝူကျီသည် ယုံရင်အင်မော်တယ် အစွန်းအဖျားမှ ရောက်လာသောကြောင့် ဤနေရာမှ ကိစ္စများကို မသိသေးကြောင်း သိပေသည်။ ထို့ကြောင့် သူမက သိပ်၍ မအံ့ဩမိပေ။

သူမက ရှင်းပြလိုက်သည်။

“လက်အောက်ခံမြို့ဆိုတာက  အလယ်အလတ်နဲ့ အဆင့်မြင့် အင်မော်တယ်မြို့တွေရဲ့ လက်အောက်ခံတွေလေ။ အဲဒီလက်အောက်ခံ မြို့စားတွေက  အလယ်အလတ်နဲ့ အဆင့်မြင့် အင်မော်တယ်မြို့တွေရဲ့ အမိန့်တိုင်းကို နာခံရတယ်။

ပုံမှန်ဆိုရင်  အဲဒီလက်အောက်ခံ မြို့စားကို သတ်ပစ်ပြီးတော့ အဲကနေ ထွက်သမျှ ပစ္စည်းအားလုံးကို သိမ်းပိုက်ကြတယ်။ ကျွန်မ အဖေက ရေသဘာဝ  ယင်အင်မော်တယ်မြို့ရဲ မြို့စားလေ။ တကယ်လို့ ကျွန်မတို့ ရေသဘာဝ  ယင်အင်မော်တယ်မြို့က လက်အောက်ခံမြို့အဖြစ် ပြောင်းလဲသွားရင် ကျွန်မတို့ မိသားစုအတွက် လွတ်လမ်း မရှိတော့ဘူး။ ကျွန်မအမေနဲ့ ကျွန်မလည်း  တခြားသူဆီ တွယ်ကပ် နေရလိမ့်မယ်။ ကျွန်မ အဖေဆိုရင် သတ်တောင် အသတ်ခံရနိုင်တယ်။

အဲဒါကြောင့် အစ်ကိုကြီးမိုက  ဆေးပညာပြိုင်ပွဲမှာ  ကျွန်မတို့ရေသဘာဝ ယင်အင်မော်တယ် မြို့ကို ကိုယ်စားပြု  ဝင်ပြိုင်ပြီးတော့  ကျွန်မတို့မျိုးနွယ် တစ်ခုလုံးကို ကယ်ပေးဖို့ တောင်းဆိုတာပါ”

မိုဝူကျီက ဝမ်လျန်ရှီးသည် သူ့ကိုတွေ့တွေ့ချင်း စိုးရိမ်နသည့် အကြောင်းအရင်းကို နားလည် သွားပေ၏။ မိုဝူကျီက အင်အားစု တစ်ခုရှာကာ ဝင်ပြိုင်ရန် ကြံရွယ်ထားသောကြောင့် ဤအရာမှာ ဝမ်လျန်ရှီးကို ကူညီရန် ပြီးပြည့်စုံသော အခွင့်ကောင်း  ဖြစ်ပေသည်။

ဝမ်လျန်ရှီးက သူမဝတ်စုံအနားကို တင်းတင်းစုပ်ထားရင်း   စိတ်လှုပ်ရှား နေသည်ကို သတိပြုမိပြီး မိုဝူကျီက ပြုံးကာ …

“ကျုပ်က ဘာပါ့လိမ့်လို့ စဉ်းစားနေတာ။ ကျုပ်လည်း အဲဒီကို ဝင်ပြိုင်ဖို့ စိတ်ကူးထားတာ ... ဒီလိုဆိုမှတော့   ခင်ဗျားအဖေနဲ့ တွေ့လို့ရအောင် ခေါ်သွားပေးလို့ ရမလား”

မိုဝူကျီ၏ စကားကိုကြားကာ  ဝမ်လျန်ရှီးက စိတ်လှုပ်ရှား ကြီးစွာဖြင့် ကျောက်စိမ်းပြား တစ်ခုပေးကာ …

“ကျွန်မ အဖေနဲ့တွေ့နေဖို့ မလိုပါဘူး။ ကျွန်မတို့  ရေသဘာဝ ယင်အင်မော်တယ်မြို့က ပြိုင်ပွဲအတွက် နှစ်နေရာစာ ရထားတာ ကျွန်မ အဖေက ကျွန်မ စိတ်ကြိုက်ရွေးလို့ ရအောင် တစ်ခု ပေးထားတယ်”

ဝမ်လျန်ရှီးက ယုံရင်အင်မော်တယ်မြို့၏ လူသိများသော အင်မော်တယ် အခမ်းအနားကို ရောက်နေသည်မှာ ရွေးချယ်စရာ မရှိ၍ ဖြစ်သည်။ ထိုအခမ်းအနား၌  နာမည်ကြီးသော လူငယ်များ စုစည်းတတ်ကြ၍ သူမအနေဖြင့် စွမ်းဆောင်ရည်ရှိသူကို ရှာတွေ့ရန် မျှော်လင့်ထားမိ၏။ သူမက မိုဝူကျီ၏ သတင်း ကြားလိုက်ရချင်း ထိုနေရာမှ ပြေးထွက်လာခြင်း ဖြစ်၏။

မိုဝူကျီက ကျောက်စိမ်းပြားကို လက်ခံကာ နှစ်သိမ့် ပေးလိုက်သည်။

“ခင်ဗျားရဲ့ တောင်းဆိုချက်ကို ကျုပ်လက်ခံပါတယ်။ စိတ်မပူပါနဲ့  ... ဒါနဲ့ ယုံရင်အင်မော်တယ် နယ်မြေရဲ့ ဆေးပညာ ပြိုင်ပွဲအတွက် တားမြစ်ချက်တွေ ရှိသေးလား”

“အသက်နဲ့ နယ်မြေ အပိုင်းအခြားပဲ ရှိတာ။ ပထမ အခြေအနေက ယုံရင်အင်မော်တယ် နယ်မြေသား ဖြစ်ရမယ် ဒုတိယအချက်က  အသက် ငါးရာထက် မကျော်ရဘူး။ ဒီတစ်ခေါက် ပြိုင်ပွဲမှာ  ထိပ်ဆုံး ငါးဆယ်ထဲ ပါရမှာ”

ဝမ်လျန်ရှီး၏ စိတ်ထဲမှ အစိုင်အခဲများကို ဖယ်ရှား ပစ်လိုက်သည့်အလား ပေါ့ပါး သွားလေ၏။ မိုဝူကျီက ဆေးလုံးဘုရင် တန်လျန့် လေးစားရသည့်သူ ဖြစ်သောကြောင့် လိုအပ်ချက် များမည် မဟုတ်ပေ။

မိုဝူကျီက မပြောခင် ခဏတာ စဉ်းစားနေပြီးနောက် …

“အရင်တုန်းက  ကျုပ်ယုံရင် အစွန်းအဖျားမှာ တစ်ခု လုပ်ခဲ့မိလို့  အခု ရေသဘာဝ ယင်အင်မော်တယ်မြို့ကို ကိုယ်စားပြုရင် ကျုပ်နာမည်ကို မိုရှင်းဟယ်အဖြစ် ပြောင်းချင်တယ်”

ဝမ်လျန်ရှီးက မြန်မြန် ပြောလိုက်သည်။

“ကျွန်မလည်း အဲဒီကိစ္စတွေကိုတော့ သိပါတယ်။ ဒါပေမဲ့ အဲဒါက အရေးမကြီးတော့ပါဘူး။ အဲဒီအသက်မဲ့ မြစ်အတွင်းက အဖြစ်အပျက်ပြီးတော့  ဘယ်သူကမှ ယုံရင်အစွန်းအဖျားကို ဂရုစိုက်ကြပါဘူး။ တစ်ယောက်က ကောင်းကင်ဧကရာဇ်ကို သွားပြောပေမဲ့ ကောင်းကင်ဧကရာဇ်က ဘာမှမတုံ့ပြန်ဘူး။ ပြီးတော့ ရှင်သတ်လိုက်တဲ့ သူတွေကလည်း ဘာမှအရေးမကြီးတဲ့ သူတွေဆိုတော့  ဘယ်သူကမှ အလေးမစိုက်ကြပါဘူး”

မိုဝူကျီက ဝမ်လျန်ရှီးသည် အလွန် ရိုးရှင်းကြောင်း သိလိုက်သည်။ ကျိုးယီရှန်းနှင့် ချန်းဟန်တို့နှင့် မိတ်ဆွေ ဖြစ်နေသည့်အတွက်  သူက ယုံရင် အစွန်းအဖျားနှင့် ယုံရင် အကျဉ်းထောင်တို့တွင် ဖြစ်ပျက်ခဲ့သော ကိစ္စမှာ  ထိုမျှမရိုးရှင်းကြောင်း သိထား၏။ အင်မော်တယ် တစ်ပိုင်းနယ်ပယ်က ပျက်စီးသွားပြီး  ယုံရင်အစွန်းအဖျားကို ယခင်ကဲ့သို့ အာရုံမစိုက်ကြလျှင်ပင် သူမှန်း သိသွားသည်နှင့် မလိုလားအပ်သည့် အဖြစ်အပျက်များကို ဖိတ်ခေါ်မိသလို  ဖြစ်သွားလိမ့်မည်။

သို့သော်လည်း  မိုဝူကျီက မကြောက်ရွံ့သောကြောင့် ဆေးပညာပြိုင်ပွဲကို လာရောက် ယှဉ်ပြိုင်ခြင်း ဖြစ်၏။ သူ့ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ ဂုဏ်ထူးဆောင် အကြီးအကဲ အဆင့်အတန်းအရ  သူက အင်မော်တယ် တစ်ပိုင်းမှ ရောက်လာမှန်း သိနေကြလျှင်ပင်  မည်သူမှ သူ့အား ထိရဲကြမည် မဟုတ်ပေ။  သူက နာမည်ပြောင်းလဲလိုက်သည်မှာ ပြဿနာ မဖြစ်လို၍သာ ဖြစ်၏။

ဆေးပညာပြိုင်ပွဲ အတွက် နေရာ ရှာတွေ့ပြီးနောက် မိုဝူကျီက စိတ်ပေါ့ပါးသွားကာ ထရပ်ရင်း …

“ဒီလိုဆိုရင် ကျုပ်အရင်ဆုံး ပြန်လိုက်ပါဦးမယ်။  ပြိုင်ပွဲ စတဲ့အချိန်ကျ  ပြန်တွေ့ကြတာပေါ့”

မိုဝူကျီက သူ့လော့ကျွန်မ်းစာရွက် မွမ်းမံဖို့ နေရာရှာလိုရန်  စိတ်အား ထက်သန်နေသည်။  ပြိုင်ပွဲ မစခင် နှစ်ဝက်ခန့် အချိန်ရသေး၍ အချိန်ကို အကျိုးရှိစွာ မသုံးမချလျှင် အလကား ဖြစ်သွား ပေလိမ့်မည်။

ဝမ်လျန်ရှီးက မိုဝူကျီနှင့် အတူတူ ထရပ်လိုက်ပြီး  သူမ ရောက်လာစဉ်နှင့် ယှဉ်လျှင် သူမက အလွန်စိတ် ပေါ့ပါးနေသည်။ သူမက မနှုတ်ဆက်ခင်  ဆက်သွယ်ရေး လက်ပတ်က လင်းလက် လာ၏။ ဝမ်လျန်ရှီးက   စိတ်စွမ်းအားကို  လက်ပတ်ဆီ ပို့လွှတ်လိုက်သောအခါ သူမ မျက်နှာမှာ ချက်ချင်း ဆိုသလို ဖြူဖျော့သွားလေ၏။

***

All Chapters