နောက်ဆုံးတပည့်
Vol. 12 Ch. 159
ယဲ့ချန်မှာ သူ့နာမည်ကို ကြားသည်နှင့် ငေါက်ခနဲ ထထိုင်လိုက်၏။
အရန်တပည့်အုပ်ကြီးက တဟားဟား ရယ်မောကြလေသည်။
ဆရာရွှမ်းယီက လက်ဝှေ့ရမ်းကာ ပြုံး၏။ “မင်း ထစရာမလိုပါဘူး။ ထိုင်ပြီး ပြောလို့အဆင်ပြေပါတယ်ကွာ”
ယဲ့ချန် ယခု နားလည်သွားလေပြီ။ ဆရာရွှမ်းယီမှာ သဘောကောင်းသည့် လူတစ်ယောက် ဖြစ်သည်။ သူ့မေးခွန်းကို ဖြေရန်အတွက်နှင့် တပည့်များကို မထခိုင်းချေ။ ထို့ကြောင့် ယဲ့ချန်က ပြန်ထိုင်၍ ပြော၏။ “မီးသဘာ၀ထျန်းချီကို သုံးပြီးတော့ မီးလျှံကို ဖိနှိပ်ထိန်းချုပ်တာက မသင့်တော်ဘူးထင်ပါတယ်။ ကျွန်တော့်ရဲ့ သာမညအမြင်မှာတော့ မီးလျှံရဲ့လမ်းကြောင်းကို ပိတ်ပြီး ထိန်းချုပ်တာထက်စာရင် အလိုရှိတဲ့လမ်းကြောင်းကို စီးဆင်းဖို့ လမ်းပြပေးတာက ပိုပြီးအရေးကြီးတယ်လို့ထင်ပါတယ်။ မီးလျှံကို ဖိနှိပ်တာက ကျွန်တော်တို့ရဲ့ မီးသဘာ၀ထျန်းချီကျင့်ကြံခြင်းအခြေခံကို တိုးမြှင့်ပေးနိုင်ပေမယ့် မီးလျှံနဲ့တစ်သားတည်းဖြစ်သွားမှသာ ကျွန်တော်တို့ စိတ်တိုင်းကျ ထိန်းချုပ်နိုင်ပါလိမ့်မယ်”
ယဲ့ချန်၏စကားများက အရန်တပည့်များကို ကြောင်အသွားစေသည်။ သူတို့ ထိုသို့ မစဉ်းစားမိချေ။ တစ်စုံတစ်ခုကို စိတ်တိုင်းကျ ထိန်းချုပ်သည်ဟူသော သဘောကို နားမလည်နိုင်ကြချေ။
ဆရာရွှမ်းယီ၏စိတ်ထဲတွင် တစ်စုံတစ်ခု ပေါက်ပွားလာ၏။ ယဲ့ချန်၏စကားက သူ၏စိတ်ကို အတော်လေး မတင်မကျဖြစ်သွားစေသည်။ သူက မေးစေ့ပွတ်ကာ ပြုံးလိုက်၏။ “တစ်စုံတစ်ခုကို စိတ်တိုင်းကျ ထိန်းချုပ်တာ....အံ့မခန်းကောက်ချက်ပဲ။ အဆင့်မြင့်ဆေးဝါးပညာရှင်အဆင့်အောက်က ဆေးဝါးပညာရှင်တွေက ထျန်းချီကို သုံးပြီးတော့ မီးလျှံတွေကို ဖိနှိပ်တတ်ကြတယ်။ အဆင့်မြင့်ဆေးဝါးပညာရှင်အဆင့် ရောက်သွားမှသာ မင်းပြောသလို မီးလျှံတွေကို လမ်းညွှန်နိုင်ကြတာ။ မင်းတို့အားလုံးက အခြေတည်အဆင့်မှာပဲ ရှိသေးဝာာဆိုတော့ အဲ့ဒီအဆင့်ကိုရောက်ဖို့ အင်မတန်ခက်ခဲလိမ့်မယ်။ ဒ့ါကြောင့် မလောဖို့ အကြံပေးချင်တယ်။ မင်း ဒီသဘောတရားကို နားလည်နိုင်တယ်ဆိုတော့ မင်းမှာထူးကဲတဲ့ပါရမီရှိပြီးသားပဲ။ ဒါပေမဲ့ မဖြုန်းတီးပစ်နဲ့။ ကြိုးစားအားထုတ်မှ အောင်မြင်နိုင်မှာ။ ဆေးဝါးပညာက နက်နဲရှုပ်ထွေးပြီး ကျယ်ပြန့်တယ်။ အမှားလေးတစ်ခုက ဟွာဟချက်ကြီးတွေကို ဖြစ်သွားစေနိုင်တယ်။ ဒါကြောင့် အမြင့်ကိုရောက်ဖို့ဆိုရင် အမြဲစေ့စပ်တိကျပြီး သတိရှိနေရမယ်။ တခဏ အပျင်းတက်သွားတာကြောင့် မင်းရဲ့ အောင်ပွဲတွေကို မရပ်တန့်သွားစေနဲ့”
ဆရာရွှမ်းယီသည် စောစောက ယဲ့ချန်၏အချိန်မတိကျမှုကို ဆိုလိုခြင်းဖြစ်သည်။ ယဲ့ချန်၏ပါးများနီရဲသွားပြီး သူက ပြန်ဖြေ၏။ “ကျွန်တော့်နှလုံးသားထဲအထိ မှတ်သားထားပါ့မယ်ဆရာ”
ယဲ့ချန်၏စောစောက စကားက ဆရာရွှမ်းယီကို အထင်ကြီးသွားစေသည်သာမက တပည့်များစွာမှာလည်း အသည်းအသန် ဆွေးနွေးနေကြလေသည်။ သူတို့သည် ယခုထက်ထိ တစ်စုံတစ်ခုကို စိတ်အလိုရှိသည့်အတိုင်း မည်သို့ထိန်းချုပ်ရမည်လဲ နားမလည်နိုင်ကြသေးချေ။ အံ့ဩဖွယ်ကောင်းစွာနှင့် အဆင့်မြင့်ဆေးဝါးပညာရှင်တစ်ယောက်ဖြစ်လာမှသာ နားလည်နိုင်မည်ဟု ဆရာရွှမ်းယီက ပြောခဲ့သည်။ ဤလူသစ်လေးသည် စွမ်းအားအစစ်အမှန်ကို ထုတ်မပြသေးသော ရွက်ပုန်းသီးများ ဖြစ်နေမည်လားဟု တွေးနေကြလေသည်။
ရွှမ်းယုမှာ မျက်စိမျက်နှာပျက်နေ၏။ ဆရာရွှမ်းယီ ယဲ့ချန်ကို ချီးကျူးလိုက်ခြင်းက သူ့ကို ထိတ်ထိတ်ပျာပျာ ဖြစ်သွားစေသည်။ အလယ်အလတ်ဆေးဝါးပညာရှင်အဆင့်သို့ ရောက်ရှိပြီးတည်းက ရွှမ်းယုသည်သာ တပည့်များထဲတွင် အာရုံစိုက်စရာဖြစ်လာခဲ့သည်။ ယဲ့ချန်ပေါ်လာမှုက သူ၏စိတ်အစဉ်ကို ဒုက္ခများသွားစေ၏။
မှန်ပါသည်။ စကားတစ်ခွန်း၊နှစ်ခွန်းဖြင့် ယဲ့ချန်၏လုပ်နိုင်စွမ်းကို ဆုံးဖြတ်ရန်မဖြစ်နိုင်ချေ။ အရန်တပည့်အများစုက ယဲ့ချန်သည် အပြောကောင်းသူဟုသာ မလိုတမာစိတ်များဖြင့် ကောက်ချက်ချလိုက်ကြသည်။
ဆရာရွှမ်းယီက သဘောကျစွာ ခေါင်းညိတ်၏။ ထို့နောက် သူက ဆေးဝါးပညာအကြောင်း ပို၍ နက်နက်နဲနဲ ရှင်းပြချေသည်။
တပည့်အုပ်ကြီးက နားမလည်နိုင်သော မျက်နှာထားများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ ရွှမ်းယုနှင့်အချို့လူများသည် ဆရာရွှမ်းယီရှင်းပြနေသည်ကို ၅၀ ရာခိုင်နှုန်း မှ ၆၀ ရာခိုင်နှုန်းအထိသာ နားလည်ကြသည်။ ထိုစဉ် သာမန်တပည့်များမှာတော့ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိသာ နားလည်နိုင်ကြသည်။ ယဲ့ချန်သည် နားထောင်နေရင်း ပို့ချမှု၏အကြောင်းအရာများကို ‘မဟာအဂ္ဂရိတ်ပညာ’ နှင့်သာမက လက်မောင်းကာထဲရှိ မှတ်စုများနှင့်ပါ ဆက်စပ်တွေးတော၏။ ထိုအခိုက်အတန့်မှာပင် သူသည် သင်ယူလေ့လာရခြင်း၌ လွန်စွာ ပျော်မွေ့သွားလေသည်။
ဆရာရွှမ်းယီသည် အသိပညာဝေမျှရာ၌ ကိုယ်ကျိုးမငဲ့ချေ။ တပည့်များကို သူသိသမျှ အရာအားလုံး ပြောပြပေသည်။ တပည့်များ မည်မျှသင်ယူနိုင်သည်ကတော့ တစ်ဦးချင်းစီ၏ပါရမီနှင့် ကြိုးစားအားထုတ်မှုအပေါ်တွင် မူတည်သည်။
‘ငါ ဒီကိုလာတာ အများကြီး သိလိုက်ရတာပဲ'
‘ငါ ပြန်ပြီး သိလိုက်ရတာတွေကို အသုံးချလိုက်ရင် ငါ့ရဲ့အောင်မြင်နှုန်း တိုးလာလိမ့်မယ်။ အဲ့အချိန်ကျရင် ပိုပြီးအရည်အသွေးကောင်းတဲ့ ဆေးလုံးတွေ သန့်စင်ဖော်စပ်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်'
ဆေးဝါးပညာ၌ သဘောတရားများစွာရှိချေသည်။ ဤမတိုင်ခင်က ယဲ့ချန်သည် ဆေးဖော်စပ်ခြင်းဖြစ်စဉ်ကိုသာ သိရှိခဲ့၏။ ဖြစ်စဉ်၏အဆင့်တိုင်းတွင် ဖြစ်ပွားသော ပြောင်းလဲမှုများသာမက သူ၏အမှားများ မည်သို့ပြင်ဆင်၍ ရှေ့ဆက်တိုးရမည်ကို မသိခဲ့ချေ။
ယခုတွင် ယဲ့ချန်သည် မယုံနိုင်လောက်အောင် အသိပညာကြွယ်၀သော ဆရာရွှမ်းယီကို ပို၍ပင် ချစ်ကြောက်ရိုသေမိသွားသည်။ ဤအခိုက်အတန့်တွင် ဆရာရွှမ်းယီသည် လမ်းပျောက်နေသော တပည့်တစ်ဦး လမ်းပြပေးလိုစိတ်အပြည့်ရှိသည့် ဆရာအစစ်အမှန်တစ်ဦးဖြစ်ကြောင်း သဘောပေါက်သွား၏။
မကြာမီ နံနက်ခင်းအချိန်ကုန်သွားလေပြီ။
“ယဲ့ချန်ရောက်လာပြီဆိုတော့ ငါ့စာသင်ဆောင်ရဲ့ စည်းမျဉ်းတွေကို ပြန်ပြောတာပေါ့။ ရွှမ်းယီစာသင်ဆောင်က တပည့်အသစ်ဖြစ်ဖြစ်၊ အဟောင်းဖြစ်ဖြစ် လက်ခံပြီး ကြိုက်သလို ၀င်ထွက်သွားလာခွင့်ရှိတယ်။ ဒ့ါပေမဲ့ ငါ့ရဲ့တပည့်ဖြစ်နေသရွေ့ တစ်ယောက်ကိုတစ်ယောက် ကူညီပြီး ဖော်ဖော်ရွေရွေ ဆက်ဆံရမယ်။ အနိုင်ကျင့်တဲ့လုပ်ရပ်မျိုးကို ငါ သည်းခံနေမှာမဟုတ်သလို ဖမ်းမိခဲ့ရင် စာသင်ဆောင်က နှင်ထုတ်ခံရလိမ့်မယ်။ ပြင်ပရန်သူတွေနဲ့ တွေ့ကြုံရရင်တော့ ပူးပေါင်းဆောင်ရွက်ကြရမယ်။ စာသင်ဆောင်ရဲ့အပြင်ရောက်သွားရင် ဘယ်သူ့ကိုမှ အနှောင့်အယှက်မဖြစ်စေပါနဲ့။ နှိမ့်နှိမ့်ချချနေပြီးတော့ စကားနဲ့ဖြစ်စေ၊ ကိုယ်ထိလက်ရောက်ဖြစ်စေ ဘယ်သူ့ကိုမှ ရန်စခွင့်မရှိဘူး။ အဲ့ဒါကလွဲပြီး တခြားလိုအပ်ချက်တော့မရှိဘူး။ မှတ်ထားကြ။ ရွှမ်းယီစာသင်ဆောင်ရဲ့ တပည့်တွေဟာ ဘယ်သူ့ကိုမှ အန္တရာယ်ပေးခွင့်မရှိဘူး။ ဒါပေမဲ့ တစ်ယောက်ယောက်က ငါတို့ကို ရန်ပြုလာခဲ့ရင် ငါ့ဆီကို တိုက်ရိုက်အကြောင်းကြားရမယ်။ တစ်ဖက်က မှားကြောင်း တွေ့ရရင်တော့ မင်းတို့အတွက် တရားမျှတမှုရအောင် ကူညီပေးမယ်” ဆရာရွှမ်းယီက လေးနက်စွာ ပြောသည်။
ဆရာရွှမ်းယီသည် ရှီဝူအင်ပါယာ၌ အဆင့်အတန်းမြင့်ပြီး သူ၏တပည့်များသည် စာသင်ဆောင်အပြင်၌ ပြဿနာရှာသည်မှာ ရှားပါး၏။ ထို့ကြောင့် ဖြစ်ပွားခဲ့ပါကလည်း မူမမှန်မှုများသာ ဖြစ်နိုင်ချေရှိသည်။ ရွှမ်းယီစာသင်ဆောင်သည် ကန့်သတ်ချက်အနည်းငယ်သာရှိပြီး သူ၏အေးဆေးပေါ့ပါးသော အကျင့်စရိုက်နှင့်ကိုက်ညီကြောင်း ယဲ့ချန် သိလိုက်ရ၏။
“မှတ်သားထားပါ့မယ်” ယဲ့ချန်အပါအ၀င် တပည့်အုပ်ကြီးက တညီတညွတ်တည်း ဖြေကြသည်။
“မင်းတို့ သွားလို့ရပြီ။ ယဲ့ချန် မင်းကတော့ နေခဲ့ဦး။ ငါ ပြောစရာရှိသေးတယ်” ဆရာရွှမ်းယီက လက်ဝှေ့ရမ်းကာ ပြော၏။
တပည့်အုပ်ကြီးက တန်းစီလျက် ထွက်ခွာသွားကြသည်။ ရွှမ်းယုက ငြိမ်သက်စွာ ထိုင်နေခဲ့သော ယဲ့ချန်ကို လှည့်ကြည့်၏။ ရွှမ်းယု၏မျက်နှာမှာ မည်းမှောင်နေသော်လည်း ခန်းမထဲမှ ထွက်သွားရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိချေ။
“စီနီယာအစ်ကိုရွှမ်း ယဲ့ချန် ဘယ်ကလာတာလဲ သိလားဗျ” အသက် ၂၃၊ ၂၄ နှစ်ခန့်ရှိသည့် အရန်တပည့်တစ်ဦးက ရွှမ်းယုကိုကြည့်၍ မေး၏။
“တုန်းလင်ပြည်နယ် ယဲ့ရဲတိုက်ကလို့ ကြားတာပဲ” ရွှမ်းယုက ခပ်ဩဩ ဖြေသည်။
“တုန်းလင်ပြည်နယ် ယဲ့ရဲတိုက် ..... ကျွန်တော် မကြားဖူးဘူး”
ထိုအရန်တပည့်များသည် ပြင်ပကိစ္စများအကြောင်း မမေးမြန်းကြချေ။ သူတို့အများစုသည် ရှီဝူအင်ပါယာအတွင်းရှိ မျိုးနွယ်စုများမှ လာရောက်ကြခြင်းဖြစ်၏။ သူတို့မိသားစုများက ထိုအရေးကိစ္စများကို ဖြေရှင်းကြရာ သိပ်အရေးမထားကြချေ။
“ငါ ဒီတစ်ခါအိမ်ပြန်တဲ့အခါကျ ဒီအသစ်ကောင်လေးရဲ့ ဇစ်မြစ်ကို ငါ့အဖေကို မေးကြည့်လိုက်မယ်”
“စီနီယာအစ်ကိုရွှမ်း ဆရာက အဲ့ကောင်လေးကို သဘောကျတဲ့ပုံပဲနော်” အရန်တပည့်အချို့က ရွှမ်းယုအနားတွင်စုရင်း ရယ်မောနေကြ၏။ သူတို့သည် လေ့ရီ၏ အသင့်အတင့် ထူးချွန်သောလူများ ဖြစ်ကြသည်။ သုံးယောက်သည် အလယ်အလတ်ဆေးဝါးပညာရှင်အဆင့်သို့ လောလောလတ်လတ် ရောက်ရှိထားသူများဖြစ်ပြီး ရွှမ်းယုထက် အနည်းငယ်မျှသာ အဆင့်နိမ့်၏။
“စီနီယာအစ်ကိုလေ့က သူ့ကို ပညာပြဖို့ ခွင့်ပြုထားတယ်” အညိုရောင်အသားအရည်ဖြင့် လူငယ်တစ်ယောက်က ပြုံးဖြီးနေသည်။ သူသည် လေ့ရီ၏လူယုံတစ်ယောက်ဖြစ်သည့် အလယ်အလတ်ဆေးဝါးပညာရှင် ချန်ရှန်းဖြစ်၏။
“နာမည်ကြီးလဲ ခဏပေါ့။ အခုမှ ရောက်တာကို။ ဘယ်လောက်ပဲ ထူးချွန်နေပါစေ အနည်းဆုံး ၂ နှစ်၊ ၃ နှစ် ကြာမှ အလယ်အလတ်ဆေးဝါးပညာရှင်ဖြစ်လာမှာ။ သူ့ကို ဖြည်းဖြည်းချင်း နှိပ်စက်ဖို့ အချိန်တွေအများကြီးရတယ်” ရွှမ်းယုက ကောက်ကျစ်စဉ်းလဲစွာ ပြောသည်။ “ငါ့ကို အပြစ်မတင်နဲ့ ကောင်လေး။ လီရှု မင်းကို ခေါ်လာတာ ငါ့အပြစ်မဟုတ်ဘူး”
အရန်တပည့်အတော်များများသည် ပူးပေါင်း၍ ယဲ့ချန်အား စာသင်ဆောင်မှ နှင်ထုတ်နိုင်ရန် ကြံစည်နေကြ၏။ ယဲ့ချန်သည် လီရှု၏ခြံ၀န်းတွင် နေထိုင်နေခြင်းက သူတို့အတွက် ပြဿနာဖြစ်နေပြီး ပေါ်ပေါ်တင်တင် မလုပ်ရဲကြချေ။
စာသင်ခန်းမအတွင်း၌ ဆရာရွှမ်းယီနှင့်ယဲ့ချန်သည် မျက်နှာချင်းဆိုင်ထိုင်နေကြ၏။
“ယဲ့ချန် မင်း စောစောက ပြောခဲ့တာက ကျင့်ကြံနေရင်းနဲ့ ဉာဏ်အလင်းရခဲ့တာလား တစ်နေရာရာမှာ ဖတ်ခဲ့ဖူးတာလား” ဆရာရွှမ်းယီက လက်ဖက်ရည်ကြမ်းတစ်ငုံသောက်၍ ယဲ့ချန်အား မော့ကြည့်သည်။
“ကျွန်တော် ကျင့်ကြံနေရင်းနဲ့ ဉာဏ်အလင်းရခဲ့တာပါ ဆရာ” ယဲ့ချန်က ရိုရိုကျိုးကျိုး ဖြေ၏။
“မင်းရဲ့ကျင့်ကြံခြင်းအခြေခံက အခု ဘယ်လောက်ရှိပြီလဲ” ဆရာရွှမ်းယီက ခပ်ဖွဖွ ပြုံးသည်။
“အဆင့် ၁၀ မှာပါ ဆရာ”
“အဆင့် ၁၀ လား” ဆရာရွှမ်းယီမှာ အံ့ဩမှုကို ဖုံးကွယ်မထားနိုင်ချေ။ ယဲ့ချန်၏အသက်အရွယ်နှင့် အဆင့် ၁၀ သို့ ရောက်နေသည့်အချက်မှာ ဩချဖွယ်ပင်။ အစက ယဲ့ချန်တစ်ယောက် စီနီယာ၊ ဂျူနီယာ ညီအစ်ကိုများ၏အနိုင်ကျင့်ခံရမည်ကို စိုးရိမ်နေခဲ့မိသည်။ ယခုတွင်ကား သက်သက်မဲ့ အတွေးလွန်မိခဲ့ပုံပင်။ သူ၏တပည့်များထဲတွင် မည်သူမှ အဆင့် ၁၀ သို့ မရောက်ကြသေး။ ယဲ့ချန်၏မျက်နှာထက်တွင် မာနအရိပ်အယောင် တစ်စိုးတစ်စိမှ မမြင်ရသဖြင့် ဆရာရွှမ်းယီ တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။ ဤသို့အသက်ငယ်ငယ်လေးနှင့် ရင့်ကျက်သော လူငယ်မျိုးတွေ့ရှိရသည်မှာ တန်ဖိုးမဖြတ်နိုင်ပေ။ “မင်းရဲ့ မီးသဘာ၀ထျန်းချီကို ပြလို့ရမလား။ ငါ မင်းရဲ့ မီးသဘာ၀ကျင့်ကြံစနစ်က ဘယ်လောက်ကောင်းသလဲ ကြည့်ချင်တယ်”
“ဟုတ်ကဲ့” ယဲ့ချန်က ခေါင်းညိတ်၏။ သူက သူ၏မီးသဘာထျန်းချီကို လှည့်ပတ်၍ မီးလျှံများ ဖန်တီးလိုက်သည်။ အပှုလှိုင်းတစ်လှိုင်း ထွက်ပေါ်လာသည်။ ယဲ့ချန်မှာ မီးသဘာ၀ထျန်းချီကိုသာ ထုတ်လွှတ်ရသေးသည်။ သူ၏သစ်သားသဘာ၀ကျင့်ကြံစနစ်ကို ပေါင်းထည့်၍ မီးလျှံအားကောင်းစေရန် သစ်သားအား အသုံးပြုခဲ့လျှင် ဤမီးသဘာ၀ထျန်းချီသည် အဆပေါင်းများစွာပို၍ အစွမ်းထက်ပေလိမ့်မည်။
“အင်မတန် သန့်စင်တဲ့ မီးသဘာ၀ထျန်းချီပဲ” ဤမီးသဘာ၀ထျန်းချီ၏စွမ်းအား သူ့မျက်နှာအား ရိုက်ခတ်နေသည်ကို ခံစားရသဖြင့် ဆရာရွှမ်းယီ၏တည်ငြိမ်အေးချမ်းသောနှလုံးသားပင်လျှင် တဒိတ်ဒိတ် ခုန်လာ၏။ မီးသဘာ၀ကျင့်ကြံစနစ်တွင် ယဲ့ချန်သည် သူမြင်ဖူးသမျှထဲ အတော်ဆုံးဖြစ်ချေသည်။ ဆရာရွှမ်းယီတွေ့ကြုံဖူးသမျှ တပည့်များထဲတွင် ယဲ့ချန်သည် ပါရမီအထူးဆုံး ဖြစ်နိုင်ပေသည်။ ဆရာရွှမ်းယီသည် သူ၏စာသင်ဆောင်အကြောင်း ပြန်စဉ်းစားမိ၏။ ထူးချွန်သောတပည့်များစွာ ရှိသော်လည်း ယဲ့ချန်ကဲ့သို့ ဉာဏ်ကြီးရှင်မျိုးမှာ ရှားပါးလေသည်။
“မနက်ဖြန် ငါတို့ နိတ်ခရို့ရေကန်မှာ ငါးသွားမျှားကြမယ်။ သဘက်ခါကျရင် မင်း ငါ့ဆီလာပြီး ဆေးဝါးပညာ လေ့ကျင့်စေချင်တယ်။ ဒါမှ မင်း ဆေးဝါးပညာအကြောင်း ဘယ်လောက်နားလည်သလဲ ငါသိမှာ” ဆရာရွှမ်းယီက ပြောသည်။ သာမန်တပည့်တစ်ဦးသည် ဆရာရွှမ်းယီလက်အောက်၌ ၂ နှစ်၊ ၃ နှစ် ခန့်သင်ယူပြီးမှသာ ဆေးဝါးပညာကို စတင်လေ့ကျင့်နိုင်၏။ သို့သော် ဆရာရွှမ်းယီသည် ထပ်မံစောင့်ဆိုင်းမနေဘဲ ယဲ့ချန်၏အစွမ်းအစကို သိလိုစိတ်ပြင်းပျနေချေသည်။ ဆေးဝါးပညာကို စောလျင်စွာ လေ့ကျင့်နိုင်ခြင်းက ယဲ့ချန်ကို အခြားတပည့်များနှင့်မတူဘဲ ကွဲပြားသွားစေ၏။
နိတ်ခရို့ရေကန်၊ ငါးမျှားတာ....
ယဲ့ချန်မှာ ဇဝေဇဝါ ဖြစ်နေချေသည်။ ဆရာရွှမ်းယီသည် အဘယ်ကြောင့် ငါးမျှားခြင်းကို လွန်စွာ အရေးပေးနေရပါသနည်း။ ငါးမျှားခြင်းနောက်ကွယ်၌ အခြား ဆိုလိုရင်းများ ရှိနေသည်လော။ ထို့အပြင် နိတ်ခရို့ရေကန်က မည်သည့်နေရာ၌ ရှိပါသနည်း။ နာမည်ကြားရသည်ကပင် ထူးဆန်းနေချေသည်။
တခဏစဉ်းစားပြီးနောက် ယဲ့ချန်သည် ထပ်မံမမေးရန် ဆုံးဖြတ်လိုက်သည်။ မည်သို့ဆိုစေ သူ၏မေးခွန်းများအတွက် မနက်ဖြန်၌ အဖြေရပေလိမ့်မည်။ ယဲ့ချန်မှာ မကြာမီတွင် ဆရာရွှမ်းယီထံမှ ဆေးဝါးပညာသင်ယူခွင့်ရတော့မည်ဖြစ်သဖြင့် စိတ်လှုပ်ရှားနေမိ၏။ သူ့တွင် သန့်စင်ရန် မီးပြင်းဖိုမရှိသဖြင့် ရှေးဟောင်းဆေးဝါးပညာရပ်များကိုသာ အသုံးပြု၍ သန့်စင်နေခဲ့သည်။ သာမန်ဆေးဝါးပညာရပ်များကို သုံး၍ မသန့်စင်ဖူးချေ။ သူသည် ယခုမှ စာသင်ဆောင်သို့ ရောက်ရှိလာသူဖြစ်ရာ သူ ကျရှုံးလျှင်တောင်မှ ဆရာရွှမ်းယီက အပြစ်တင်မည်မဟုတ်ပေ။
“ယဲ့ချန် မင်း ငါ့ရဲ့ ပဉ္စမမြောက်တရား၀င်တပည့် ဖြစ်လာချင်လား” ဆရာရွှမ်းယီက တခဏ တွေးတောနေပြီးနောက် မေး၏။
“ဒါပေမဲ့ ကျွန်တော် ဆေးဝါးပညာကို မစရသေးဘူး။ ကျွန်တော် ဆက်ပြီးအဆင့်တက်နိုင်ပါ့မလားဆိုတာလည်း မသေချာသေးဘူး” ယဲ့ချန်မှာ တခဏ ငေးကြောင်သွားသည်။ တရား၀င်တပည့်အဖြစ်သို့ တိုက်ရိုက်တက်ရောက်နိုင်မည့်အခွင့်အရေးရပါက လက်လွှတ်ခံမည်မဟုတ်ချေ။
“အဲ့ဒါက အရေးမကြီးပါဘူး။ မင်း ဆန္ဒရှိလားပဲပြော” ဆရာရွှမ်းယီက လက်ကို ဆတ်ခနဲ ခါကာ ပြုံးရင်း ပြော၏။
“ဟုတ်ကဲ့ဆရာ ကျွန်တော် တရား၀င်တပည့် ဖြစ်လာချင်ပါတယ်” ယဲ့ချန်က ကျိုးနွံစွာ ပြော၏။ ဆရာရွှမ်းယီသည် ဩဇာတိက္ကမနှင့်ပြည့်စုံသူဖြစ်သည်။ အထူးသဖြင့် ဆေးဝါးပညာရပ်တွင် သူမတူသော အောင်မြင်မှုများကို ဆွတ်ခူးထားနိုင်သူ ဖြစ်၏။ ဆရာရွှမ်းယီကဲ့သို့ အကြီးအကဲတစ်ဦးကို ဆရာအဖြစ်ရရှိလိုက်ခြင်းက ကောင်းချီးတစ်ရပ် ဖြစ်ချေသည်။
“ငါ့ဘ၀ရဲ့ နှစ်ပေါင်းများစွာကို ဆေးဝါးပညာနဲ့ စာသင်ကြားတာမှာ ပေးဆပ်ထားခဲ့တယ်။ ငါ့ရဲ့နေ့ရက်တွေကလည်း ကုန်တော့မယ်ဆိုတာ သိတယ်။ ဒါကြောင့် မင်းက ငါ့ရဲ့နောက်ဆုံးတပည့်ပဲ။ ငါ့ဘ၀မှာ အရာရာတိုင်းကို စဉ်းစားဆင်ခြင်ပြီးမှ လုပ်ခဲ့တာ။ နောင်တရမိတဲ့အရာနှစ်ခုပဲရှိတယ်။ တစ်ခုက ငါ့မျိုးနွယ်စုကို ပြန်ခွင့်မရတော့တာ၊ တစ်ခုခုကတော့ အမှန်တကယ် ဂုဏ်ယူရတဲ တပည့်တစ်ယောက် မရခဲ့တာပဲ။ လီရှု၊ လေ့ရီနဲ့ ကျန်တဲ့သူတွေက ဆေးဝါးပညာမှာ အထိုက်အလျောက် အောင်မြင်ကြပေမယ့် တစ်ယောက်မှ ငါ့ကို မကျော်နိုင်ကြဘူး။ မင်းလိုထူးချွန်တဲ့ တပည့်တစ်ယောက်ကို ဘ၀ရဲ့နောက်ဆုံး နှစ်အနည်းငယ်မှာ ရလိုက်တဲ့အတွက် ငါ စိတ်အေးသွားပါပြီ။ မင်း ရွှမ်းယီစာသင်ဆောင်ကို ဆေးဝါးပညာရဲ့ အထွတ်အထိပ်အထိ ခေါ်ယူပေးသွားနိုင်ဖို့က ငါ့လိုအဘိုးကြီးတစ်ယောက်ရဲ့ မျှော်လင့်ချက်အကုန်ပါပဲ။ မဟုတ်ရင် ကံတရားကို အရှုံးပေးခဲ့ရောပါ့” ဆရာရွှမ်းယီက ပြုံးလျက် ပြောလေသည်။
ဆရာရွှမ်းယီ၏စကားကြောင့် ယဲ့ချန်မှာ ကြက်သေသေသွားပြီး ပြော၏။ “ဆရာ ကျွန်တော့်အမြင်မှာတော့ ဆရာက ကျန်းမာရေးကောင်းနေတုန်းပါပဲ။ ဘာကြောင့် အချိန်ကျတော့မယ်လို့ ပြောရတာပါလဲခင်ဗျာ”