ရန်ပွဲ
Vol. 12 Ch. 160
“ငါ ဘယ်လောက်ကြာအောင် နေခဲ့ရပြီလဲဆိုတာ မင်း သိလား ယဲ့ချန်” ဆရာရွှမ်းယီက ရယ်သည်။
ယဲ့ချန်မှာ တခဏ တိတ်ဆိတ်သွား၏။ ဆရာရွှမ်းယီ၏မျက်နှာမှာ သွေးရောင်လွှမ်း၍ ကျန်းမာနေဆဲဖြစ်သည်။ ဖြတ်ခနဲ ကြည့်ရုံလေးနှင့် ဆရာရွှမ်းယီ၏အသက်ကို ယဲ့ချန်မမှန်းနိုင်ချေ။
“ငါ နှစ်ပေါင်းတစ်ရာနဲ့ ခုနစ်ဆယ်ကျော် နေခဲ့ပြီးပြီ။ ငါ့မျိုးဆက်ကလူတွေက ဆေးလုံးတွေသုံးပြီး သက်တမ်းကို ဆွဲဆန့်ထားနိုင်ပေမယ့် မြင့်မားတဲ့အဆင့်တွေကို မရောက်ကြသေးဘူး။ နှစ် ၂၀၀ က ငါ့ရဲ့အကန့်အသတ်ပဲ။ အဲ့ထက်တိုးပြီး ဆန့်ထားဖို့ မဖြစ်နိုင်တော့ဘူး။ ဒါကြောင့် ငါ့မှာ နှစ် ၂၀ ကျော်ပဲ ကျန်တော့တယ်။ ပြီးရင်တော့ ဒီကမ္ဘာပေါ်ကနေ ပျောက်ကွယ်သွားတော့မှာပေါ့” ဆရာရွှမ်းယီက ပြုံးလျက် ပြော၏။
နှစ်ပေါင်း ၁၇၀ ကျော် အသက်ရှင်နေထိုင်ခဲ့သူတစ်ယောက်အဖို့ နှစ် ၂၀ မှာ အင်မတန် တိုတောင်းချေသည်။ သို့သော် ယဲ့ချန်အတွက်တော့ ရှည်လျားလှသော ပမာဏ ဖြစ်၏။ ဆရာရွှမ်းယီ သူ့သက်တမ်းကို မည်သို့သိနေသည်လည်း မှန်းဆမိလေသည်။
“ဘယ်သူမှ နှစ် ၂၀၀ ထက်ပိုပြီး မနေနိုင်ကြဘူးလား ” ယဲ့ချန်က စူးစမ်းလိုက်၏။
“ဟင့်အင်း ဝိဇ္ဇာအဆင့်အထက်က အင်အားကြီးသူတွေအတွက်တော့ ဖြစ်နိုင်တယ်။ ဆိုလိုတာက မြေ၀ိဇ္ဇာအဆင့်၊ ကောင်းကင်၀ိဇ္ဇာအဆင့်၊ တန်ခိုးဝိဇ္ဇာအဆင့်၊ နတ်ဝိဇ္ဇာအဆင့်နဲ့ တုနှိုင်းမဲ့စွမ်းအားတို့ပေါ့။ ဒါပေမဲ့ ထူးခြားတဲ့ကျင့်ကြံစနစ် ဒါမှမဟုတ် ထိပ်တန်း၀ိညာဥ်ဆေးလုံးကို ပိုင်ဆိုင်ထားမှသာ ဖြစ်နိုင်တယ်။ သာမန်လူတွေကတော့ သက်တမ်းကို နှစ် ၂၀၀ ကျော်အထိ ဆန့်နိုင်ဖို့ဆိုရင် တုနှိုင်းမဲ့စွမ်းအားအဆင့်အထိ ရောက်အောင့်ကျင့်ရလိမ့်မယ်။ ငါက ဆေးဝါးပညာကိုပဲ စွဲမက်တာ ကျင့်ကြံခြင်းမှာလည်း ပါရမီထူးကဲလှတယ်ရယ် မဟုတ်ဘူးလေ။ ကျင့်ကြံအဆင့်ဆိုရင် နောက်တစ်ဆင့်တက်ဖို့ ခက်ခဲနေတာ နှစ် ၁၀၀ နီးပါးရှိပြီ။ ငါ့မှာကျန်တဲ့အချိန်နဲ့ အဲ့ဒီအဆင့်တွေကို တက်ဖို့ မဖြစ်နိုင်တော့ဘူး” ဆရာရွှမ်းယီကရယ်သည်။
[ကမ္ဘာမြေရန်အဆင့်ကို မြေဝိဇ္ဇာအဆင့်လို့ ပြောင်းလဲထားပါတယ်]
သေခြင်းမှာ သူ့အတွက် မင်္ဂလာမဲ့သည့်အရာ ဟုတ်ဟန်မတူတော့ချေ။ “ငါ့ဘ၀မှာ သူမတူအောင် ထူးချွန်လွန်းတဲ့ ဉာဏ်ကြီးရှင်တွေကို တွေ့ဖူးတယ်။ သူတို့တွေတောင် ဒီသက်တမ်းထက်ပိုပြီး မနေနိုင်ကြဘူး။ အသက်ရှည်တာကလည်း လူတစ်ယောက်ရဲ့ ကံတရားအပေါ် မူတည်တာပါကွာ။ ကံတရားကို ဘယ်သူမှ ပြောင်းလဲအောင် ထိန်းချုပ်လို့မရဘူး။ ကျင်ကြံခြင်းမှာတော့ မကူညီနိုင်ပေမယ့် ဆေးဝါးပညာနဲ့ပက်သက်လာရင်တော့ အရှေ့ကုန်းမြေမှာ ငါ့ထက်သာအောင် စွမ်းဆောင်နိုင်တဲ့လူ မရှိဘူးလို့ ယုံကြည်ချက်ရှိတယ်။ ငါ့ကို ဆရာတင်လိုတဲ့ဆန္ဒရှိရင် ငါ သိသမျှအားလုံး ဆရာစားမချန် ပြောပြပေးမယ်လို့ အာမခံနိုင်တယ်”
ယဲ့ချန်မှာ ဆရာရွှမ်းယီ၏စကားများကြောင့် စိတ်လှုပ်ရှားသွားရ၏။ ဆရာသည် ထူးခြားသောဘ၀ကို နေထိုင်ခဲ့ဖူးသူဖြစ်ပေသည်။ ဆေးဝါးပညာမှလွဲ၍ ဆရာရွှမ်းယီရှာဖွေခဲ့သည့်အရာမှာ သူ၏အမွေအနှစ်ကို ဆက်ခံ၍ စာသင်ဆောင်ကို အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်မည့် တပည့်တစ်ဦးသာဖြစ်၏။ ဆရာရွှမ်းယီသည် တခြားမည်သည့်အရာကိုမှ တပ်မက်စိတ်မရှိချေ။ ရဟန်းမထေရ်များထက်ပင် လိုအင်ဆန္ဒနည်းပါးပေသည်။
“ဆရာ ကျွန်တော် ဂါ၀ရပြုတာကို လက်ခံပေးပါ” ယဲ့ချန်က ဒူးထောက်ကာ ဦးညွှတ်အရိုအသေပေးလိုက်၏။
ဆရာရွှမ်းယီက ယဲ့ချန်အား လက်နှစ်ဖက်ဖြင့် ဆွဲထူလိုက်သည်။ သူ့ပုံစံမှာ အလွန်အမင်း ပျော်ရွှင်နေပုံပင်။ သူက ခပ်ဟဟရယ်ကာ ပြော၏။ “ငါ့ဘ၀မှာ အပျော်ဆုံးအရာနှစ်ခုက တပည့်နှစ်ယောပ် လက်ခံခဲ့တာပဲ။ တစ်ယောက်က လီရှုပေါ့။ သူ့ရဲ့ပါရမီက အကန့်အသတ်ရှိပြီး ရွှမ်းယီစာသင်ဆောင်ကို ပိုပြီးမြင့်မားအောင် မြှင့်တင်မပေးနိုင်ပေမယ့် ရိုးသားဖြောင့်မတ်ပြီးတော့ သူရဲ့စီနီယာတွေကို လေးစားတယ်။ ငါနဲ့သဘောထားချင်းအတိုက်ဆိုင်ဆုံးသူပေါ့။ နောက်တစ်ယောက်ကတော့ မင်းပဲ။ ငါ့ရဲ့ကျန်နေတဲ့ နှစ် ၂၀ မှာ မင်းကြောင့် မျှော်လင့်ချက်တွေ၊ ယုံကြည်ချက်တွေ တဖန် ပြည့်နှက်လာခဲ့ပြီ”
ယဲ့ချန်က အနည်းငယ်ပြုံး၏။ ဆရာ့ပုံစံမှာ အမှန်ပင် ယုံကြည်ချက်ပြည့်၀နေပုံပင်။ ဆရာရွှမ်းယီသည် လီရှုကို အသေးစိတ် လေ့လာအကဲခတ်ထားပုံရသည်။ သူ၏စိတ်ထဲတွင် လီရှုကို ပို၍သဘောကျသော်လည်း အခြားတပည့်များအရှေ့တွင် မျက်နှာလိုက်ခြင်း မပြုခဲ့ပေ။
နေ့လည်စာစားပြီးနောက် တပည့်များသည် တဖန် လူစု၍ ဆရာလီ၏ပို့ချမှုကို နားထောင်ကြ၏။ တစ်နေ့တာမှာ လျင်မြန်စွာပင် ကုန်ဆုံးသွားသည်။
ယဲ့ချန်သည် ဆရာရွှမ်းယီ၏တရား၀င်တပည့်တစ်ဦးဟု အသိပေးကြေညာခြင်းမရှိသဖြင့် အရန်တပည့်များမှာ မသိကြသေးချေ။
ကောင်းကင်မှာ မှောင်ရီပျိုးနေချေပြီ။ ယဲ့ချန်သည် ကျွန်းပေါ်ရှိ တောအုပ်လမ်းကြားများအတိုင်းလျှောက်ရင်း လီရှု၏ခြံဝန်းသို့ ပြန်လာခဲ့၏။
ယဲ့ချန်သည် ဝိညာဉ်အသိအမြင်ဖြင့် ပတ်၀န်းကျင်ကို အကဲခတ်ကြည့်လိုက်ရာ သူသွားရာလမ်းအရှေ့၌ လူအချို့ပိတ်ရပ်ထားသည်ကို တွေ့လိုက်ရသည်။ ရွမ်းယုနှင့်အခြားသူများပင်။
ယဲ့ချန်၏နှုတ်ခမ်းထောင့်တွင် အေးစက်စက်အပြုံးတစ်ခု ဖြစ်ထွန်းလာ၏။ ထိုလူများသည် မောက်မာထောင်လွှားနေသူများဖြစ်သဖြင့် သူတို့အား ပညာပြရန် ယဲ့ချန် ၀န်လေးနေမည်မဟုတ်ပေ။
“မှတ်ထားကြ။ ဒဏ်ရာမကျန်စေနဲ့” ရွှမ်းယုက ခပ်တိုးတိုး ပြော၏။ “ဆရာသာ ဒဏ်ရာကိုမြင်သွားရင် ငါတို့လုပ်တယ်ဆိုတာ သိသွားလိမ့်မယ်”
“သိပါတယ်ဗျာ။ ဒါ ကျွန်တော်တို့အတွက် ပထမဆုံးအကြိမ်လည်း မဟုတ်ပါဘူး” ချန်ရှန်းက ပြုံး၍ ပြော၏။ အတွင်းဒဏ်ရာများမှလွဲ၍ ပြင်ပဒဏ်ရာများမကျန်စေဘဲ ရိုက်နှက်ဖို့က အဓိကလိုအပ်ချက်တစ်ခုဖြစ်ချေသည်။ လီရှုခေါ်လာခဲ့သော တပည့်များကိုလည်း ထိုနည်းအတိုင်း ဆက်ဆံခဲ့ကြ၏။
ယဲ့ချန် လျှောက်လာသည်ကို မြင်သည်နှင့် ရွှမ်းယုတို့က ရယ်လိုက်ကြသည်။ “ဂျူနီယာညီလေး ယဲ့ချန် ပြန်တော့မလို့လား”
“ဟုတ်ကဲ့” ယဲ့ချန်က အေးစက်စက် ဖြေ၏။
“လာပါဦး။ အစ်ကိုတို့နဲ့ လာသောက်ပါဦး” ရွှမ်းယုက ယဲ့ချန်ကို ပုခုံးဖက်၍ ဘေးရှိ တောအုပ်အတွင်းသို့ ခေါ်သွားလေသဘ်။
“ရပါတယ် မသောက်တော့ဘူး” ယဲ့ချန်က ဟန်ဆောင်ကာ မျက်နှာရှုံ့လိုက်၏။
“ကွာ စိတ်မပူပါနဲ့။ ငါတို့အားလုံးက ညီအစ်ကိုတွေပဲလေ။ ကြည့်ဦး မင်းအစ်ကိုတွေ စောင့်နေကြတယ်” ရွှမ်းယုက ရယ်သည်။ ယဲ့ချန်၏ ကြောက်ရွံ့နေသော မျက်နှာကြောင့် အောင်နိုင်သူတစ်ယောက်အလား ခံစားနေရချေသည်။
ယဲ့ချန်ခေါင်းငုံ့လိုက်သည့်အခါ သူ၏မျက်လုံးများက ဖြတ်ခနဲ တောက်ပသွား၏။ သူ၏ဝိညာဉ်အသိအမြင်က တဖျပ်ဖျပ် လက်လာသည်။ အခြားတစ်ဖက်တွင် ခြံ၀န်းထဲရှိ အမွေးပွလေးသည် တစ်စုံတစ်ခုကို အာရုံခံမိသည့်အလား ယဲ့ချန်ဆီသို့ ပြေးလာ၏။
လူ ၂၀ နီးပါးက ယဲ့ချန်အား ဝိုင်းထားရင်း တောအုပ်၏လူသူကင်းမဲ့သော နေရာသို့ ခေါ်သွားလေသည်။
ရွှမ်းယု၊ ချန်ရှန်းနှင့် ကျန်လူများက တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း ကောက်ကျစ်စဉ်းလဲစွာ ရယ်မောနေကြ၏။
လူ ၂၀ ၏အများစုမှာ အဆင့် ၇ သို့မဟုတ် အဆင့် ၈ များသာ ဖြစ်ကြလေရာ ယဲ့ချန်အနေဖြင့် မည်မျှခုခံနိုင်မည်နည်း။
သူ့ကို ဝိုင်းထားသူများကို မြင်သည်နှင့် ဖြစ်လာတော့မည့်အရာကို ယဲ့ချန် ချက်ချင်း သိလိုက်သည်။ အမွှေးပွလေးသည် သူ့ဘေးမှ သစ်ပင်ကြီး၏သစ်ကိုင်းပေါ်တွင် ရောက်နေချေပြီ။ အမွှေးပွလေး၏မျက်လုံးများက ထူးဆန်းသောအလင်းရောင်ဖြင့် တောက်ပနေ၏။
ချန်ရှန်းက နှာတစ်ချက်မှုတ်၍ ယဲ့ချန်၏ဗိုက်အား ရုတ်တရက် ထိုးချလိုက်သည်။ ရွှမ်းယုက သူ့အား ဘေးမှချုပ်ထား၏။
ယဲ့ချန်သည် တည်ငြိမ်စွာ ရပ်နေပြီး တုတ်တုတ်မလှုပ်ချေ။ ချန်ရှန်း၏လက်သီး သူ့အပေါ် ကျရောက်သွားသည့်အတွက် အော်သံတစ်ချက် ကြားလိုက်ရလေသည်။
“အား..” ရွှမ်းယုက နာကျင်စွာ အော်လိုက်၏။
“ဘာလို့ ငါ့ကို ထိုးတာလဲ။ ငါက ရွှမ်းယုကွ” ရွှမ်းယုက အော်သည်။
“လာလိမ်မနေနဲ့။ ညီလေးတို့ သူ့ကို ရိုက်ကြစမ်း။ အမာရွတ်မကျန်စေနဲ့နော်” ချန်ရှန်းက အေးစက်စွာ ပြော၏။ သူ့အမြင်တွင် ‘ယဲ့ချန်’ သည် အထိုးခံရပြီးနောက် နာကျင်လွန်းသဖြင့် ပုစွန်တစ်ကောင်အလား ကွေးနေ၏။ ရွှမ်းယုဟု လိမ်သည်မှာ ရယ်စရာပင်။ မည်သူက သူ့ကို ယုံမည်နည်း။
လူတိုင်းက 'ယဲ့ချန်’ ကို ဝိုင်း၍ ထုရိုက်ကြတော့သည်။ ထိုစဉ် ယဲ့ချန်အစစ်ကတော့ ဘေးတွင်ရပ်ကာ အဖြစ်အပျက်ကို ကြည့်ရှုနေချေသည်။
“ငါတို့မှားသွားပြီ။ ဒါက အစ်ကိုရွှမ်းယုဟ။ ယဲ့ချန်က ဟိုမှာ”
“အား” ချန်ရှန်းက နာကျင်မှုကြောင့် အော်ဟစ်လိုက်၏။
“ယဲ့ချန်က ဒီမှာ”
“လီးပဲ။ ဘာလို့ ငါ့ကို ရိုက်တာလဲကွ”
“ဖြောင်း၊ ဖြောင်း၊ ဖြောင်း” အားလုံးက ယဲ့ချန်ကို ဝိုင်းရိုက်နေကြသဖြင့် သူ့မှာ မချိတင်ကဲ အော်နေရလေသည်။
“အား ငါ့ကျော”
“အား” ချန်ရှန်းမှာ ပေါင်ခွသို့အကန်ခံလိုက်ရသဖြင့် မြေပေါ် လဲကျသွားတော့သည်။
လူ ၂၀ ကျော်မှာ ရုင်းရန်ဆန်ခတ်ရန်ပွဲကြားတွင် သူတစ်ပြန်ကိုယ်တစ်ပြန် သတ်ပုတ်နေကြ၏။ အမွှေးပွလေးနှင့် ယဲ့ချန်က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြသည်။ ထိုလူများအလိုရှိသည်က ဤသည်ပင် မဟုတ်ပါလော။ သတ်ပုတ်ကြစမ်းပါစေ။
အမွှေးပွှလေးမျက်နှာအမူအရာပြောင်းလဲသွားပြီး ယဲ့ချန်အား သတိပေးလိုက်၏။
ယဲ့ချန်က ပတ်၀န်းကျင်ကို ဝိညာဉ်အသိအမြင်ဖြင့် ကြည့်လိုက်ရာ ခပ်သုတ်သုတ်လာနေသော ဆရာရွှမ်းယီကို တွေ့လိုက်ရသည်။ ရန်ပွဲက ဆူညံလွန်းသဖြင့် ဖြတ်သွားသော ဆရာရွှမ်းယီ သတိထားမိသွားခြင်း ဖြစ်ပေလိမ့်မည်။ ယဲ့ချန်က အမွှေးပွလေးကို ကြည့်၍ ပြော၏။ “အမွှေးပွလေး သွားစို့။ ဆရာရွှမ်းယီ လာနေပြီ။ သူတို့အတွက် မဟန်တော့ဘူး”
ယဲ့ချန်နှင့်အမွှေးပွလေးက ခြံ၀န်းဆီသို့ ပြန်သွားသော်လည်း ယဲ့ချန်၏ဝိညာဉ်အသိအမြင်က အခြေအနေကို စောင့်ကြည့်နေခဲ့၏။
“ဘာတွေဖြစ်နေကြတာလဲ” ဆရာရွှမ်းယီသည် ရောက်သည်နှင့် လုံးထွေးသတ်ပုတ်နေသော ရွှမ်းယု၊ ချန်ရှန်းနှင့် အခြားသူများကို မြင်လိုက်ရသည်။ သူ့မှာ ဒေါသထွက်လွန်းသဖြင့် မုတ်ဆိတ်များပင် တဆတ်ဆတ် တုန်နေပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။ မိုးခြိမ်းသံကဲ့သို့ အော်သံကြီးက ရွှမ်းယု၊ ချန်ရှန်းနှင့်အခြားသူများ၏ နားစည်ကို ကွဲမတတ်ဖြစ်သွားစေသည်။ ထိုမှသာ အသိစိတ်ဝင်လာကြ၏။ ဆရာရွှမ်းယီကို မြင်သောအခါ သူတို့မှာ အံ့ဩမှင်သက်သွားကြသည်။ နာကျင်နေသည့်တိုင် ထရပ်လိုက်ကြ၏။
“ဆရာ”
“ဆရာ”
ထို့နောက်တွင်မူ မိမိတို့၏ ဖူးယောင်စုတ်ပြတ်နေသောပုံစံများကို သတိထားမိသွားသည်။ သူတို့စိတ်ထဲတွင် ယဲ့ချန်ကို သေလုမြောပါးဖြစ်အောင် ရိုက်နှက်နေခဲ့၏။ အဘယ်ကြောင့် ယဲ့ချန်က ပျောက်ကွယ်သွားပြီး သူတို့သာ ထိခိုက်ဒဏ်ရာရနေပါသနည်း။ စိတ်လှည့်စားသွားခြင်းလော။
“ဆိုတော့ မင်းတို့က သိပ်ကို မြင့်မြတ်ကြီးကျယ်နေတယ်ပေါ့လေ။ ဒီနေရာမှာ ရန်ဖြစ်ရဲကြတယ်ပေါ့။ သွားကြ။ ပြန်ပြီး အပြစ်ဒဏ်ခံကြစမ်း” ဆရာရွှမ်းယီသည် စာသင်ဆောင်ရှိ ကျောင်းသားများအား တစ်ဦးကိုတစ်ဦး ချစ်ခင်ရန်၊ ကူညီရိုင်းပင်းရန် အမြဲအလေးထား ဆုံးမခဲ့သည်။ သူ တန်ဖိုးထားသော တပည့်အချို့သည် ဤနေရာ၌ လူစု၍ ခိုက်ရန်ဖြစ်ပွားနေလိမ့်မည်ဟု ထင်မထားခဲ့ချေ။ ဆရာရွှမ်းယီ မည်သို့ ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။
ရွှမ်းယု၊ ချန်ရှန်းနှင့် ကျန်လူများသည် မျက်နှာများ သုန်မှုန်လျက် ဆရာရွှမ်းယီနောက်မှ လိုက်သွားကြ၏။ သူတို့သည် ယခုတွင် ယဲ့ချန်အား ခါးခါးသီးသီး မုန်းတီးသွားကြလေပြီ။ ဖြစ်ပျက်သွားသည့်အရာများက ယဲ့ချန်၏လှည့်ကွက်ဖြစ်လိမ့်မည်။ ဆရာရွှမ်းယီသည်လည်း သူတို့ကို အထင်သေး၍ စိတ်ပျက်သွားသည်မှာ အသေအချာပင်။ ယခုတွင် အပြစ်ဒဏ်မှလွဲ၍ အခြားမည်သည့်အရာကိုမှ မတွေးနိုင်ကြတော့ချေ။
ထိုညတွင် ရွှမ်းယု၊ ချန်ရှန်းနှင့် အခြားသူများသည် ခေါင်းပေါ်၌ ရေပုံးများရွက်ကာ ဆရာရွှမ်းယီ၏နေအိမ်ရှေ့တွင် ဒူးထောက်ခဲ့ကြရ၏။ တောင်ဝှေးဖြင့် အရိုက်ခံရသည့်အတွက် သူတို့၏လက်ဖဝါးများမှာ ယောင်ကိုင်းနေကြချေသည်။ ဆရာရွှမ်းယီရိုက်သည့်အချိန်တွင် မည်သူမှ ထျန်းချီကို သုံးကာ မခုခံရဲသဖြင့် အံကြိတ်၍သာ တောင့်ခံကြရ၏။
ယဲ့ချန်က ဝိညာဉ်အသိအမြင်ကို ရုတ်သိမ်းကာ ခြံ၀န်းထဲ၌ မည်မျှဇိမ်ကျကြောင်း တွေးနေမိသည်။
မနက်ဖြန်တွင် ငါးမျှားထွက်ကြလိမ့်မည်။ ယဲ့ချန် ထွက်ခွာမည့်အချိန်နှင့်လွဲသွားပါက ဆရာရွှမ်းယီတို့နှင့်အတူ လိုက်ပါနိုင်မည်မဟုတ်ပေ။ ဝိညာဉ်စုဆောင်းဆေးလုံးတစ်လုံးကို စားပြီးနောက် ယဲ့ချန် ထိုင်၍ ကျင်ကြံလိုက်ရာ မကြာမီ ကျင့်ကြံခြင်းတွင် နစ်မြုပ်သွားတော့သည်။
မနက်စောစောအချိန်တွင် လီရှု၊ လေ့ရီနှင့် ကျန်သူများသည် ဆရာရွှမ်းယီ၏စံအိမ်ရှေ့သို့ ရောက်လာကြ၏။ ရွှမ်းယု၊ ချန်ရှန်းနှင့်အခြားသူများ ဒူးထောက်နေသည်ကို တွေ့သောအခါ အံ့အားသင့်သွားကြလေသည်။ ဖြစ်ပျက်သွားခဲ့သည်များကို သူတို့မသိကြချေ။
ရွှမ်းယု၊ ချန်ရှန်းနှင့် အခြားသူများ၏ခန္ဓာကိုယ်များ၌ ဒဏ်ရာများ ပြည့်နှက်နေ၏။ အချို့ဆိုလျှင် လောလောလတ်လတ် အထိုးခံရသည့်အလား မျက်ကွင်းများ ညိုနေကြသည်။ သူတို့သည် ရေပုံးကြီးများကို ရွက်ရင်း မြေပြင်တွင် ဒူးထောက်နေကြ၏။ လီရှု လူစုကို ဝေ့ဝဲကြည့်လိုက်ရာ ယဲ့ချန်မပါသဖြင့် သက်မချလိုက်မိသည်။
ရွှမ်းယုနှင့်အခြားသူများ မော့ကြည့်လိုက်ရာ လီရှုနှင့်လေ့ရီကို တွေ့လိုက်ရ၏။ ချက်ချင်းဆိုသလို မျက်နှာများသာ ဇီးရွက်ခန့်သာ ရှိကြတော့သည်။ မိမိကိုယ်ကို အတော်လေး အရှက်ရနေကြမိ၏။
ဆရာရွှမ်းယီက နေအိမ်အတွင်းမှ ထွက်လာသည်။
“ဆရာ သူတို့က ဘာဖြစ်လို့လဲ” လေ့ရီ၊ ဟောင်ဖုန်းနှင့် ရန်ချန်း မေး၏။
ဆရာရွှမ်းယီက ဆေးစက်စွာ နှာမှုတ်လိုက်လေသည်။ သူ၏ဒေါသများ မပျောက်ကွယ်သေးချေ။ သူက ပြော၏။ “သူတို့တွေ စုပြီး ရန်ဖြစ်ကြတာ ယုံနိုင်ရဲ့လား။ စာသင်ဆောင်တစ်ခုလုံးကို အိုးမဲသုတ်လိုက်တာပဲ”
ရန်ပွဲ...။ အဓိပ္ပာယ်မရှိချေ။ လေ့ရီ၏မျက်နှာထက်တွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ထွန်းသွား၏။ သူက တွေးသည်။ ‘ရွှမ်းယုနဲ့ ချန်ရှန်းက ငါ့လူယုံတွေ။ ကျန်တဲ့အရန်တပည့်တွေကလည်း ငါ့အမိန့်ကို မြေ၀ယ်မကျ နာခံတဲ့လူတွေ။ သူတို့အချင်းချင်း ပြဿနာရှိရင် ဖြေရှင်းဖို့ ငါဆီလာကြမှာ။ ဘာလို့ ရန်ဖြစ်ကြတာပါလိမ့်’
“ဆရာ အထင်လွဲတာများ ဖြစ်နေနိုင်မလား” လေ့ရီက မဝံ့မရဲ မေး၏။
“အထင်လွဲတာ ဟုတ်လား။ ငါကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့ခဲ့ရတာကွ။ ဘာမှ သံသယဖြစ်စရာမရှိဘူး” ဆရာရွှမ်းယီက အမျက်ထွက်သွားဟန်ဖြင့် ဖြေသည်။
လေ့ရီနှင့်ကျန်လူများသည် ဆရာရွှမ်းယီ ဒေါသူပုန်ထသွားသည်ကို တွေ့လိုက်ရသဖြင့် ထပ်မံမမေးရဲကြတော့ချေ။ သူတို့က ရွှမ်းယုနှင့်ချန်ရှန်းကိုသာ စိုက်ကြည့်နေကြ၏။
လီရှုက ခပ်ဖွဖွ ပြုံးလိုက်သည်။ ထိုလူများသည် မကြာခဏ ပြဿနာရှာတတ်ကြ၏။ အထူးသဖြင့် ရွှမ်းယုပင်။ ရွှမ်းယုသည် သူ ခေါ်လာပေးခဲ့သူဖြစ်သော်လည်း သစ္စာဖောက်ကာ လေ့ရီဘက်သို့ ကူးပြောင်းသွားခဲ့သည်။ ထိုသည်သာမက သူ့ကို မကြာမခဏ အတိုက်အခံလုပ်တတ်သဖြင့် လီရှုသည် ရွှမ်းယုအား အရိုးစွဲအောင် မုန်းတီးမိ၏။ သို့သော် လီရှုသည်လည်း ထိုလူများအချင်းချင်း သတ်ပုတ်ရိုက်နှက်ကြသည်ကို မယုံနိုင်ချေ။ ဤသည်က ယဲ့ချန်နှင့်များ ပက်သက်နေသည်လော။
တခဏကြာသော် ယဲ့ချန်သည် ရှောင်ရိ၊ အမွှေးပွလေးတို့နှင့်အတူ ရောက်ရှိလာ၏။
“ဆရာ၊ စီနီယာအစ်ကိုလီ” ယဲ့ချန်က လေ့ရီနှင့်အခြားသူများကို လျစ်လျူရှုပြီး ဆရာရွှမ်းယီနှင့်လီရှုကိုသာ နှုတ်ဆက်သည်။
ယဲ့ချန်၏ပမာမခန့်အပြုအမူကြောင့် လေ့ရီ၊ ဟောင်ဖုန်းနှင့် ရန်ချန်းတို့မှာ အမျက်ချောင်းချောင်းထွက်သွားကြ၏။ ရွှမ်းယု၊ ချန်ရှန်းနှင့် ဒူးထောက်နေသော အရန်တပည့်များက မီး၀င်း၀င်းတောက်နေသော မျက်၀န်းများဖြင့် ယဲ့ချန်အား စိုက်ကြည့်နေကြလေသည်။ အကြည့်ဖြင့်သာ လူသေပါက ယဲ့ချန်တစ်ယောက် အကြိမ်ထောင်ပေါင်းများစွာ သေပြီးလေပြီ။