ရွှေသံချပ်ငါး
Vol. 12 Ch. 163
“၂ နှစ်ပဲရှိသေးတာပေါ့” ယဲ့ချန်မှာ အနည်းငယ်စိတ်ပျက်သွားသည်။ လီရှု ငါးနာမည်ကို ပြောပြသည့်အခါတွင် ယဲ့ချန်သည် ၎င်း၏တန်ဖိုးနှင့် မည်သည့်ဆေးလုံးများအဖြစ် သန့်စင်ရနိုင်ကြောင်း သိနိုင်၏။
ယဲ့ချန်၏စကားကြောင့် လီရှုမှာ သွေးအန်လုမတတ် ဖြစ်သွားသည်။ ဤသည်ကား ငါးကြင်းနက်ဖြစ်၏။ ၂ နှစ်မျှသာ သက်တမ်းရှိသော်လည်း ချီစုဆောင်းဆေးလုံး ထောင်ပေါင်းများစွာ တန်ဖိုးရှိလေသည်။ ချီစုဆောင်းဆေးလုံး ဖော်စပ်ရာတွင် ရက်အနည်းငယ် အချိန်ယူရ၏။ ထို့အပြင် ငါးကြင်းနက်၏တန်ဖိုးကို ချီစုဆောင်းဆေးလုံးတစ်ခုတည်းနှင့် တိုင်းတာ၍မရပေ။ ဆရာများသည် အဆင့်မြင့်ဆေးလုံးများအား ချီစုဆောင်းဆေးလုံးများနှင့် မလဲလှယ်ကြချေ။
ယဲ့ချန်သည် ရှားပါးလှသော ငါးကြင်းနက်အပါအ၀င် ငါးလေးကောင် ဖမ်းမိပြီးဖြစ်သည်။ ဆရာရွှမ်းယီပင်လျှင် ဆွံ့အနေမိ၏။ ယဲ့ချန်သည် ငါးမျှားရာ၌ အမှန်တကယ် ပါရမီပါနေသည်လော။ သို့မဟုတ် ကမ္ဘာမြေကြီးလှုပ်ခတ်လောက်သည်အထိ ယဲ့ချန်က ကံကောင်းနေ၍လော။
ရှောင်ရိ ငါးမျှားပစ္စည်းများမရခင် ယဲ့ချန်သည် နောက်ထပ် ငါး ၅ ကောင်၊ ၆ ကောင် ဖမ်းမိခဲ့၏။ ၎င်းတို့ကား တောင်ပံနီဖားလောင်းငါး သို့မဟုတ် သက်တံ့ငါးများ ဖြစ်ကြသည်။ အကြီးဆုံးကောင်မှာ လက်ညှိုးတစ်ချောင်းနှင့်တစ်၀က်စာ အရွယ်အစားရှိ၏။
ယဲ့ချန်သည် ငါးများ ဟိုဟိုသည်သည် ကူးခတ်နေသော အနက်ရောင်စည်ပိုင်းထဲသို့ ငုံ့ကြည့်လိုက်သည်။ အတွင်း၌ အတော်လေး ပြည့်ကြပ်နေလေပြီ။ ရေကန်၏တိုက်စားနိုင်သော ရေများအား စည်ထဲရှိ ကောင်းကင်ရေကြည်နှင့် ဆေးပြီးမှသာ ကောင်းကင်ပထဝီအိတ်ထဲတွင် သိမ်းဆည်းနိုင်၏။ ၎င်းတို့သည် ဤစည်ထဲတွင် နောက်ထပ် နာရီ၀က် နေကြရဦးမည်။
‘ဟီးဟီး ဘယ်ဆိုးလို့လဲ'
ထိုအချိန်တွင် ရှောင်ရိသည်လည်း ဦးထုပ်လေးဆောင်း၍ ယဲ့ချန်ကို လိုက်တုကာ ကန်စပ်တွင် ထိုင်နေ၏။ ငါးမျှားချိတ်ကို ပစ်လွှတ်ပြီး အတော်ကြာသည်အထိ ငါးမျှားတံမှာ လှုပ်မလာသေးချေ။
ယဲ့ချန် ငါးတစ်ကောင်ပြီးတစ်ကောင် ဖမ်းမိနေသည်ကို ရှောင်ရိသည် အားကျစွာ ကြည့်နေရှာသည်။ သူက ယဲ့ချန်ကို မှိုင်တွေစွာကြည့်ရင်း ပြော၏။ “အစ်ကိုယဲ့ချန်က အတော်ဆုံး ဖြစ်နေတုန်းပဲ”
“ငါးမျှားရင် စိတ်ရှည်ရတယ်။ စိတ်အေးအေးထား” ယဲ့ချန်က ရှောင်ရိ၏ခေါင်းလေးကို ပုတ်ကာ စိတ်ရင်းဖြင့် အကြံပေးလိုက်သည်။
ယဲ့ချန်၏စကားကြောင့် လီရှုသည် ရေကန်ထဲသို့ ခုန်ချချင်စိတ်များ တဖွားဖွား ပေါ်လာ၏။ ယဲ့ချန်အတွက်ရော စိတ်ရှည်ရန် လိုအပ်ပါရဲ့လား။ ငါးစာချသည်နှင့်ချက်ချင်း ငါးများ ဖမ်းမိနေသည်မဟုတ်ပါလော။
သူတို့စကားပြောနေစဉ် ရှောင်ရိက ရုတ်တရက် စိတ်လှုပ်တရှား ထအော်၏။ “အစ်ကိုယဲ့ချန် လှုပ်နေပြီဗျို့”
ရှောင်ရိက ငါးမျှားတံကို အားရ၀မ်းသာ ဆွဲယူလိုက်သည်။ လီရှုသည် အနည်းငယ် ထပ်စောင့်စေလိုသော်လည်း ရှောင်ရိသည် ငါမျှားတံကို ဆွဲနေလေပြီ။ လီရှုက ရေကန်ကို လှမ်းကြည့်လိုက်ရာ ငါးမျှားချိတ်သည် ရေအောက်၌သာ ရှိသေးသော်လည်း အရိပ်မီးလျှံမဟူရာရွှေငါးမျှားတံမှာတော့ အလယ်တွင် ကွေးညွှတ်နေလေပြီ။
“ရှောင်ရိ သတိထား။ ယဲ့ချန် ရှောင်ရှိကို ဆွဲထားစမ်း” လီရှု၏မျက်နှာမှာ သွေးဆုတ်ဖြူဖျော့သွားပြီး သူက အလောတကြီး အော်ပြော၏။ ငါးမျှားတံ ဤမျှ ကွေးသွားစေရန် အားပမာဏ ဂျင်ထောင်ပေါင်းများစွာ လိုအပ်လေသည်။ ရှောင်ရိသည် ကလေးလေးတစ်ယောက်သာဖြစ်သဖြင့် ရေကန်ထဲ ဆွဲယူခံရနိုင်၏။ ရေကန်သည် သတ္တဝါများစွာကို တိုက်စားသွားနိုင်လေသည်။
သို့သော် ငါးမျှားတံ၏အဆုံးကို မြင်လိုက်ရသည့်အခါ လီရှုခမျာ စကားမပြောနိုင်တော့ချေ။ သူ၏မျက်လုံးများမှာ မှိုင်တွေသွားပြန်၏။ ရှောင်ရိက ငါးမျှားတံကို အလွယ်တကူပင် ကိုင်၍ ပင့်တင်လိုက်သည်။ သူက ၀မ်းသာအားရ ခုန်ပေါက်လျက် ပြော၏။ “အစ်ကိုယဲ့ချန်ရေ အကြီးကြီးပဲဗျ”
ယဲ့ချန် သူ့ကို လာမကူပေးခင် သူက ကလေးဆန်စွာ အော်လိုက်သည်။ “ဟေ့ရောင် ငါး လာခဲ့စမ်း”
‘ဗွမ်း’ ခနဲ အသံနှင့်အတူ ရှောင်ရိသည် ရွှေငါးကြီးတစ်ကောင်အား ရေကန်ထဲမှ ဆွဲတင်လိုက်၏။ ၎င်းသည် စင်တီမီတာများစွာ ရှည်လျားပြီး ရေကန်ထဲသို့ ခုန်ထွက်ချင်သည့်အလား ရှောင်ရိနောက်ရှိ ကျောက်တုံးပေါ်တွင် ဖျပ်ဖျပ်ခါနေချေသည်။
“ဖမ်းလိုက်” ယဲ့ချန်က ငါးဆီသို့ အလောတကြီး ပြေးလာ၏။ ဤငါးကြီးသည် အနည်းဆုံး ဂျင်ခြောက်ရာခန့် အလေးချိန်ရှိရမည်။ ၎င်း တစ်ကိုယ်လုံးမှာ ရွှေများဖုံးနေပြီး ခေါင်း၌ ချပ်၀တ်အထူကြီး ရှိပုံပင်။
ရှောင်ရိ ဧရာမငါးကြီးကို ဖမ်းမိသွားသည်ကို မြင်သောအခါ ဆရာရွှမ်းယီသည် ထိုင်မနေနိုင်တော့ချေ။ သူက အလျင်အမြန် ထရပ်လိုက်သော်လည်း အရိပ်တစ်ခုက ယဲ့ချန်နှင့် ဆရာရွှမ်းယီထက်ဦး၍ ငါးအား ခုန်အုပ်လိုက်သည်။
“ငြိမ်ငြိမ်နေစမ်း။ ရိုက်လိုက်မှာနော်” ရှောင်ရိက ငါးကို ဖမ်းချုပ်ထားသော်လည်း ၎င်းက သူ့စကားနားမထောင်ဘဲ ဆက်လက်လူးလွန့်နေလေသည်။ ရှောင်ရိက လက်သီးလေးဆုပ်၍ ငါး၏ခေါင်းကိုထုလိုက်ရာ ၎င်းမှာ ချက်ချင်း အားနည်းသွားပြီး ငြိမ်ကျသွား၏။ အမြှီးကတော့ ချည့်နဲ့စွာဖြင့် လှုပ်နေသေးချေသည်။ ရှောင်ရိက ရေရွတ်၏။ “မင်းလှုပ်ရဲရင် လှုပ်ကြည့်လိုက်။ ငါ ထပ်ထုမှာ”
ဘေးတစ်ဖက်တွင် ဆရာရွှမ်းယီနှင့် လီရှုမှာ ကြက်သေသေနေလျက် ငါးကို ငေးကြောင်ကြည့်နေကြလေသည်။ အဝေးရှိ လေ့ရီ၊ ဟောင်ဖုန်းနှင့် ရန်ချန်းတို့သည် ကြောက်ရွံ့သော အရိပ်အယောင်များဖြင့် ရှောင်ရိအား စိုက်ကြည့်နေကြ၏။ စောစောက ငါးမျှားတံ ကွေးသွားသည့်အနေအထားအရ ထျန်းချီအဆင့် ၁၀ ကျင့်ကြသူတစ်ယောက်သာ အလွယ်တကူ ဆွဲတင်နိုင်လိမ့်မည်။ သို့သော် ၅ နှစ်အရွယ် ကလေးတစ်ယောက်က အသာအယာပင် ဆွဲနိုင်ခဲ့၏။
ယဲ့ချန်က လျှောက်လာ၍ ရှောင်ရိ၏ခေါင်းကို စိတ်လှုပ်တရှား ပုတ်လိုက်သည်။ သူက အားရ၀မ်းသာ ရယ်၏။ “တော်လိုက်တာ ရှောင်ရိရာ။ ဒီငါးက မင်းအစ်ကိုဖမ်းမိထားတဲ့ ငါးတစ်ဒါဇင်ထက်တောင် လေးနေသေးတယ်”
သူတို့နှစ်ယောက်က ငါးကို အတူတကွ မြှောက်လိုက်ကြသည်။ ၎င်းသည် ဂျင် ၇၀၀၊ ၈၀၀ ခန့်လေးပြီး ရွှေရောင်အဆင်းရှိ၏။ ၎င်းသည် ကွိုင်ငါးနှင့်ဆင်တူသော်လည်း ထူးဆန်းစွာဖြင့် ခေါင်းကို ထူထဲလှသောသံချပ်၀တ်က ဖုံးအုပ်ထားလေသည်။ ရှောင်ရိထုလိုက်သောကြောင့် ငါးမှာ အသက်မရှိတော့ချေ။ အမြီးကသာ အလိုအလျောက်တုံ့ပြန်မှုကြောင့် လှုပ်နေ၏။
“အစ်ကိုလီ ဆရာ ဒါ ဘာငါးကြီးလဲဗျ” ယဲ့ချန်က လီရှုနှင့်ဆရာရွှမ်းယီတို့အား ပြုံးပြလိုက်သည်။ ငါးမှာ ဧရာမကြီးဖြစ်၏။ ရာစုနှစ်များစွာ သက်တမ်းရှိနေသည်လော။
“ဒါက ရွှေသံချပ်ငါးပဲ။ ဟာကျူလီငါးလို့လည်း သိကြတယ်။ ဒီတစ်ကောင်က နှစ်ဆယ်ချီနေပုံပဲ” လီရှုက ရွှေသံချပ်ငါးကို ငေးကြည့်ရင်း စာရွတ်နေသည့်အလားဖြေ၏။ ၎င်းငါးခေါင်းပေါ်ရှိ သံချပ်ကာလိုအလွှာမှာ ၎င်း၏ဦးခေါင်းခွံဖြစ်ချေသည်။ အဆင့် ၁၀ ကျင့်ကြံသူများပင်လျှင် တစ်ချက်တည်းနှင့် မထိုးဖောက်နိုင်ချေ။ အနည်းဆုံးမြေဝိဇ္ဇာအဆင့်ရှိမှသာ လုပ်နိုင်ပေမည်။ သို့သော် ယခုတွင် ငါးနှစ်ကလေး၏လက်သီးတစ်ချက်ကြောင့် ဤငါး၏သံချပ်ကာမှာ ကျိုးကြေသွားလေပြီ။
လီရှုက ဆရာရွမ်ယီကို လှမ်းကြည့်လိုက်၏။ ဆရာ့၏မျက်၀န်းများတွင်လည်း အံ့ဩမှုများ ပြည့်နှက်နေလေသည်။
“ဆယ်စုနှစ်နည်းနည်းပဲ သက်တမ်းရှိတာပေါ့” ယဲ့ချန်မှာ အနည်းငယ်စိတ်ပျက်သွားမိ၏။ ၎င်း၏ကြီးမားသော အရွယ်အစားကြောင့် အနည်းဆုံး နှစ်ရာချီသက်တမ်းရှိလိမ့်မည်ဟု ထင်ထားခဲ့လေသည်။ ‘နေဦး။ ရွှေသံချပ်ငါး...ဟာကျူလီငါးတဲ့’ ယဲ့ချန်သည် ရုတ်တရက် ရွှေသံချပ်ငါး၏သမိုင်းကြောင်းကို သတိရသွား၏။ ဤငါးသည် ဝိညာဉ်အသိအမြင်နှင့် ထျန်းချီကို များစွာ အားဖြည့်ပေးနိုင်သော အရာတစ်ခုဖြစ်ချေသည်။ ၂ နှစ်၊ ၃ နှစ်မျှ သက်တမ်းရှိလျှင်ပင် နှစ်တစ်သန်းသန္ဓေဂျင်ဆင်းနီးပါး အစွမ်းထက်ပေသည်။ ဤသို့ငါးကြီးမျိုးကို ဖမ်းမိလိုက်ခြင်းက အမှန်တကယ် ရတနာတစ်ပါးပင်။ ရွှေသံချပ်ငါးသည် ခက်ထန်၍ ရေကူးနှုန်းမှာ မြန်ဆန်လွန်းပေသည်။ တံငါလှေများ၊ ပိုက်ကွက်များဖြင့်ပင် ဖမ်းဆီးမရနိုင်ချေ။ လှေများ တိမ်းမှောက်သွားနိုင်၏။ ထို့အပြင် ဤငါးသည် ပင်လယ်အတွင်းပိုင်းတွင် ကျက်စားပြီး နှစ်တစ်သန်းသန္ဓေဂျင်ဆင်းထက် များစွာ အဖိုးထိုက်လေသည်။ ဤနေရာ၌ တစ်ကောင်ရှိနေလိမ့်မည်ဟု ထင်မထားခဲ့ချေ။ ရှေးက ဤနေရာ၌ အမှန်တကယ် ပင်လယ်ရှိခဲ့ပေသည်။
“ဒီရွှေသံချပ်က ဆယ်စုနှစ်နည်းနည်းပဲ သက်တမ်းရှိတာ လုံလောက်နေပြီ။ ရာစုနှစ်သက်တမ်းသာရှိလို့ကတော့ ဒီရေကန်လောက် ကြီးနေမှာကွ” လီရှုမှာ ပြောစရာစကားမရှိတော့ချေ။ ယဲ့ချန်သည် လောဘကြီးလွန်း၏။
“ဟီးဟီး” ယဲ့ချန်က ရှက်ကိုးရှက်ကန်း ရယ်လိုက်သည်။ သူ စိတ်လှုပ်ရှားနေ၏။ ရှောင်ရိ ဤသို့ရတနာကြီးကို ဖမ်းမိလိမ့်မည်ဟု ထင်မထားခဲ့ချေ။
“ကွိ....ကွိ” အမွှေးပွလေး ပြောလိုက်သည်က ရှောင်ရိမျက်နှာကို ၀င်းပသွားစေ၏။ ချီးကျူးလိုက်ပုံပင်။
“ယဲ့ချန် ကောင်းကင်ရေကြည်နဲ့ ငါးကိုဆေးပြီးရင် သေချာသိမ်းထားလိုက်။ တခြားသူတွေသိသွားရင် လိုချင်လာကြလိမ့်မယ်” ဆရာရွှမ်းယီက ယဲ့ချန်ကို အမိန့်ပေးလိုက်သည်။ ဤသို့ရတနာမျိုးနှင့် ကြုံတွေ့ရသည့်အခါ ဆရာရွှမ်းယီသည် စိတ်ငြိမ်တည်သော်လည်း အခြားသူများကတော့ ထိုသို့မဖြစ်နိုင်ချေ။
“ဟုတ်ကဲ့ ဆရာ” ယဲ့ချန်နှင့်ရှောင်ရိက ရွှေသံချပ်ငါးကို ဆေးကြောပြီးနောက် လက်မောင်းကာထဲ ထည့်ထားလိုက်၏။ ရွှေသံချပ်ငါးသည် ဆေးဖော်စပ်ရာတွင် ပါ၀င်ပစ္စည်းကောင်းတစ်မျိုးဖြစ်ပြီး သင့်တင့်သော ဂုဏ်သတ္တိများရှိလေသည်။ မည်သည့်ဆေးလုံးကို သန့်စင်သည်ဖြစ်စေ၊ ရွှေသံချပ်ငါး၏ အသားစကို ပေါင်းထည့်လိုက်ပါက အဆင့် ၈ သို့မဟုတ် အဆင့် ၉ ထိပ်တန်းဆေးလုံးဖြစ်သွားလိမ့်မည်။
လေ့ရီ၊ ဟောင်ဖုန်းနှင့် အခြားသူများသည် ယဲ့ချန် ရွှေသံချပ်ငါးအား သိမ်းလိုက်သည်ကို မနာလို၀န်တိုစိတ်အပြည့်ဖြင့် ကြည့်နေကြ၏။ ရွှေသံချပ်ငါး မည်မျှအဖိုးတန်သည်ကို သူတို့ကောင်းကောင်းသိပေသည်။ ၎င်းငါး၏အသားအနည်းငယ်ကို စားလိုက်ပါက သူတို့လိုပါရမီရှိသူများအဖို့ ဆယ်နှစ်အတွင်း မြေဝိဇ္ဇာအဆင့်သို့ ရောက်ရှိနိုင်သည်။ သို့သော် ယဲ့ချန်ထံမှ လုယူလိုသော်လည်း ရှောင်ရိ၏စောစောက ခွန်အားကြောင့် လောဘများကို မြိုသိပ်ထားကြရသည်။ ရှောင်ရိသည် ရွှေသံချပ်ငါး၏ဦးခေါင်းခွံကို တစ်ချက်တည်းနှင့် ထုချေပစ်ခဲ့၏။ ထိုခွန်အားကား ကြောက်ခမန်းလိလိပင်။ ထို့အပြင် ယခုတွင် ဆရာရွှမ်းယီသည် ယဲ့ချန်ကို ကာကွယ်ပေးထားသဖြင့် မလှုပ်ရှားရဲကြချေ။
ရွှေသံချပ်ငါးကို သိမ်းဆည်းပြီးနောက် သူတို့သည် ဆက်လက်ငါးမျှားနေကြ၏။
ဆရာရွှမ်းယီနှင့် လီရှုသည် သူတို့၏တုတ်တုတ်မလှုပ်သော ငါးမျှားတံများကို တစ်လှည့် ယဲ့ချန်နှင့်ရှောင်ရိကိုတစ်လှည့် ကြည့်ရင်း ခါးသီးစွာ ပြုံးမိကြသည်။ သူတို့သည် ငါးနှစ်သားလေးနှင့်ပင် မယှဉ်နိုင်ချေ။
ယဲ့ချန်က သူ၏စည်ကို ကြည့်လိုက်၏။ ငါအသေးလေးများသာ ဖမ်းမိထားပြီး ရွှေသံချပ်ငါးနှင့် မယှဉ်နိုင်ပေ။ သူ နောက်ကောက်ကျမကျန်နိုင်ချေ။
ယဲ့ချန်က ခေါင်းငုံ့လျက် တွေးနေ၏။ လူတိုင်း ငါးစာတစ်ခုတည်းသာ သုံးသော်လည်း အဘယ်ကြောင့် ရှောင်ရိနှင့်သူက ငါးများအလွယ်တကူ ဖမ်းမိနေသနည်း။ မှန်ပါသည်။ ငါးစာအပြင် ထျန်းချီပေါင်းထည့်ခြင်းကလည်း အရေးကြီး၏။ သူ့ကိုယ်ထဲရှိ ထျန်းချီမှာ သာမန်လူများနှင့် များစွာကွဲပြားလေသည်။ ထိုထျန်းချီက ရေကန်ထဲရှိ ငါးများကို ဆွဲဆောင်နိုင်စွမ်းပိုကောင်းသဖြင့် တစ်ကောင်ပြီးတစ်ကောင် ဖမ်းမိနေခြင်းလော။ ထို့အပြင် ရှောင်ရိမှာ ရှေးဟောင်းမျိုးစိတ်ဖြစ်သည်။ သူ့ကိုယ်ထဲတွင် ထျန်းချီမရှိသော်လည်း ငါးများ၏အာရုံကို ဖမ်းစားနိုင်သည့် တမူထူးသော နည်းလမ်းတစ်ခု ရှိရလိမ့်မည်။ ၎င်းကြောင့် ရွှေသံချပ်ငါးကို ဖမ်းမိခဲ့ခြင်း ဖြစ်ပေမည်။
“ယဲ့ချန် ရှောင်ရိလေးက မြေဝိဇ္ဇာလား။ သူ့ကိုယ်ထဲက ထျန်းချီစီးဆင်းမှုကို ဘာလို့အာရုံခံမရတာလဲ” ဘေးရှိ လီရှုမှာ မနေနိုင်တော့ဘဲ မေးမြန်းမိ၏။
“ရှောင်ရိက မြေဝိဇ္ဇာမဟုတ်ပါဘူး။ သူက အံ့မခန်းခွန်အားနဲ့ မွေးလာတာ။ ဒါကြောင့် ရွှေသံချပ်ငါးရဲ့ ဦးခေါင်းခွံက တစ်ချက်တည်းနဲ့ ကြေသွားတာပါ” ယဲ့ချန်က ခေါင်းခါသည်။ ရှောင်ရိ၏သရုပ်မှန်အား မည်သူ့ကိုမှ ပြောပြ၍မရချေ။
“ဪ” လီရှုက ခေါင်းညိတ်၏။ မွေးရာပါခွန်အားမှာ အစွမ်းထက်လွန်းပေသည်။ လီရှုက ပြောသည်။ “တခြားသူတွေကို သူ့ခွန်အားအကြောင်း မပြောပြတာကောင်းမယ်”
“ဟုတ်ကဲ့” ယဲ့ချန်က ခေါင်းညိတ်၏။ ဆရာရွှမ်းယီနှင့် လီရှုသည် သူ့အပေါ် ကောင်းစွာဆက်ဆံကြောင်း ပြောနိုင်၏။ သူ့အတွက် အမှန်တကယ် တွေးပေးကြပြီး ယုံကြည်ထိုက်သူများ ဖြစ်ချေသည်။
အဝေးတွင် ထိုင်နေသော အရန်တပည့်များမှာ ဖြစ်ပျက်နေသည့်အရာများကို မသိကြချေ။
ဟာဆေးဝါးပညာရှင်မဟုတ်တော့ ဆေးလုံးအဖြစ် သန့်စင်လို့မရဘူး” လီရှုက ပြောသည်။ သူ့ရှေ့ရှိ ရတနာကို မလိုချင်ပါဟုပြောလျှင် လိမ်ရာကျလိမ့်မည်။ သို့သော် သူ့အနေဖြင့် ပြန်လည်းပေးနိုင်သည့်အရာမရှိသဖြင့် စိတ်ကိုထိန်းထားလိုက်၏။
လီရှု ယဲ့ချန်၏စကားကို လက်မခံချေ။ အခြားတစ်ဖက်တွင် လေ့ရီတို့က သူ့ကို စိတ်ထဲမှ ကြိမ်းမောင်းနေကြ၏။ ယဲ့ချန်ပေးသည့်ရတနာကို လူမိုက်တစ်ယောက်သာ ငြင်းဆန်ပေလိမ့်မည်။ သူတို့သာ ထိုသို့ရတနာမျိုးကို ၈ ဂျင်ခန့် အပိုင်းကြီးတစ်ပိုင်းမဆိုထားနှင့် ဆံချည်မျှင်တစ်မျှင်စာမျှ ရလျှင်ပင် အိပ်ပျော်တော့မည်မဟုတ်ချေ။
၈ ဂျင်။ လေ့ရီမှာ ရူးတော့မည့်အလား ခံစားနေရသည်။ လောဘက သူ၏နှလုံးသားကို တစတစ ဝါးမြိုနေ၏။ သူတစ်ယောက်တည်းအတွက် ထိုငါးကို အပိုင်သိမ်းချင်နေလေသည်။
ယဲ့ချန်က တခဏ တွေးပြီးနောက် ပြော၏။ “ဒီလိုဆိုရင်ရော။ နှစ်ပိုင်းလုံး ဆရာ့ဆီပေးပြီး ဆေးလုံးအဖြစ် သန့်စင်လိုက်မယ်။ အစ်ကိုလီလည်း ဆရာ့ကိုကူညီလို့ရတယ်။ ကျွန်တော်က အကျိုးအမြတ်အနေနဲ့ ၇၀ ရာခိုင်နှုန်းယူမယ်။ ပြီးတော့ ဆရာက ၂၀ ရာခိုင်နှုန်းယူ။ အစ်ကိုလီကတော့ ကျန်တဲ့ ၁၀ ရာခိုင်နှုန်း ယူလိုက်ပေါ့”