ခရမ်းရွှေနတ်ငါး
Vol. 12 Ch. 165
ယဲ့ချန်၏ခေါင်းမာမှုကြောင့် လီရှုက ခေါင်းညိတ်ကာ ဆို၏။ “ကောင်းပြီလေ။ ငါ အခွင့်ကောင်းယူရတာပေါ့” ဆေးလုံး ၁၀ ရာခိုင်နှုန်းကပင် တန်ဖိုးမဖြတ်နိုင်ချေ။
ယဲ့ချန်က ငါးကို ကိုင်ရင်း မေး၏။ “ဆရာ၊ အစ်ကိုလီ ဒါက ဘာငါးလဲဗျ”
“ခရမ်းရွှေနတ်ငါးလို့ခေါ်တယ်။ ပုံမှန်ဆို ပင်လယ်နက်ထဲမှာပဲ နေကြတာ။ ဒီမှာ ပေါ်လာမယ်လို့ ထင်မထားဘူး။ ခရမ်းရွှေငါးက ငယ်သေးရင် သူ့ရဲ့ခန္ဓာကိုယ်က သွေးနီရောင်ရှိတယ်။ ဒါပေမဲ့ အသက် ၅၀၀ လောက်ရောက်ရင်တော့ အကြေးခွံတွေက ခရမ်းရောင်ပြောင်းပြီး မှုတ်ဆိတ်မွှေးတွေလည်း ရှည်လာလိမ့်မယ်။ နှစ် ၁၀၀၀ သက်တမ်းရောက်မှ ရွှေရောင်ပြောင်းတာ။ အဲ့ဒီအချိန်ကျရင် အရမ်းအဖိုးတန်တယ်။ တစ်ကိုက်စားလိုက်တာနဲ့ ကျင့်ကြံသူတစ်ယောက်ကို သေမျိုးခန္ဓာကိုယ်ကနေ ဖယ်ခွာပေးပြီး အရိုးတွေကို ပြောင်းလဲပေးနိုင်တယ်။ နှစ်ပေါင်းဒါဇင်နဲ့ချီ ကျင့်ကြံထားသလား မှတ်ရအောင် ထျန်းချီအဆင့်ကိုလည်း အများကြီး မြှင့်တင်ပေးတယ်။ ထျန်းချီအဆင့်နိမ့်ကျင့်ကြံသူတစ်ယောက်ကို မြေဝိဇ္ဇာအဆင့်အထိ ပို့ပေးနိုင်တယ်။ ကျင့်ကြံသူမဟုတ်ရင်တော့ တစ်ကိုက်စာက သူတို့သက်တမ်းကို ဆွဲဆန့်ပေးပြီး ဘယ်ရောဂါကိုမဆို ပျောက်ကင်းစေလိမ့်မယ်” ဆရာရွှမ်းယီက ရှင်းပြ၏။
“ဒီ ခရမ်းရွှေငါးက သက်တမ်းဘယ်လောက်ရှိပြီလဲဗျ” ယဲချန်က မေးသည်။ ငါးသည် နှစ် ၅၀၀ ကြာပြီးမှ ခရမ်းရောင်သို့ပြောင်းလဲရာ ဤငါးမှာ အနည်းဆုံး နှစ် ၅၀၀ သက်တမ်းတော့ ရှိရလိမ့်မည်။
“ခရမ်းရွှေနတ်ငါးတွေရဲ့မုတ်ဆိတ်က နှစ် ၅၀၀ ကြာတိုင်း မီတာ၀က်ရှည်တယ်။ ဒီငါးက နှစ် ၂၀၀၀ လောက် အသက်ရှိရမယ်။ ယေဘုယျပြောရရင် ရေပြင်တစ်ခုမှာ ခရမ်းရွှေငါးတစ်ကောင်ပဲရှိတတ်တယ်။ ခရမ်းရွှေနတ်ငါးတွေအကုန်လုံးက ငယ်တုန်းကတော့ အထီးတွေ။ ဒါပေမဲ့ ကြီးလာတော့ အမတွေဖြစ်သွားကြပြီး အရွယ်ရောက်ရင် ဥတွေ လိုက်ဥကြတယ်။ ရေပြင်တစ်ခုတည်းမှာ ခရမ်းရွှေနတ်ငါးတွေ အများကြီးစုနေရင် အစာမလုံလောက်တဲ့အခါကျ အချင်းချင်း သတ်ပစ်ကြလိမ့်မယ်” ဆရာရွှမ်းယီက သက်ပြင်းချ၏။ “ငါ ဒီနေရာမှာ နှစ်ပေါင်းများစွာ ငါးမျှားခဲ့ပေမယ့် ခရမ်းရွှေနတ်ငါးရဲ့ အရိပ်ကိုတောင် မမြင်ခဲ့ဖူးဘူး။ ယဲ့ချန်က ရောက်ရောက်ချင်း တစ်ကောင်ဖမ်းမိလိမ့်မယ်လိုဘ ဘယ်သူ ထင်ထားမှာလဲ”
“တခြားနည်းနဲ့ပြောရရင် ဒါက ဒီရေကန်ရဲ့ တစ်ကောင်တည်းသော ခရမ်းရွှေနတ်ငါးပေါ့ ဟုတ်လား ဆရာ” ယဲ့ချန်က ခေါင်းကုတ်လိုက်သည်။ သူသည် တစ်ကောင်တည်းရှိသော ခရမ်းရွှေနတ်ငါးကို ဖမ်းမိခဲ့၏။ ဝိညာဉ်စုဆောင်းဆေးလုံးက ခရမ်းရွှေနတ်ငါး၏ အကြိုက်ဆုံးအစာ ဖြစ်ကောင်းဖြစ်နိုင်သည်။ ခရမ်းရွှေနတ်ငါးသည် အခြားငါးများအတွက် ကြောက်စရာကောင်းသော သားရဲတစ်ကောင်ဖြစ်၏။ အခြားငါးလေးများ ကြောက်လန့်၍ ထွက်ပြေးသွားသည်မှာ မဆန်းချေ။
“ဟုတ်တယ်။ ဒါပေမဲ့ အတည်ပြုဖို့တော့ မလွယ်ဘူး။ ဒီငါးကို ဗဟိုအင်ပါယာရဲ့ မင်ယွဲ့လေလံအိမ်ကို ယူသွားရင် တစ်လျန်အလေးချိန်ကို ချီစုဆောင်းဆေးလုံး ထောင်သောင်းနဲ့ချီပြီးတော့ ရောင်းရနိုင်တယ်။ အဆင့် ၅ ဝိညာဉ်ပစ္စည်းတောင်မှ ချီစုဆောင်းဆေးလုံး တစ်ထောင်၊ နှစ်ထောင်ပဲ တန်တာ” ဆရာရွှမ်းယီက စိတ်မောစွာ သက်ပြင်းချလိုက်၏။
[လျန် - ရှေးခေတ်က တိုင်းတာရာမှာသုံးတဲ့ ပမာဏပါ။ ၁ လျန်ကို ပျမ်းမျှ ၅၀ ဂရမ်ခန့်ရှိပါတယ်]
ဤငါးသည် ဂျင် ၃၀ ကျော်လေး၏။ ရှီဝူအင်ပါယာအတွင်းရှိ ရတနာများအားလုံးကို ရောင်းချလျှင်တောင်မှ လုံလောက်မည်မဟုတ်ချေ။ သို့သော် ယဲ့ချန်၌လည်း ရတနာပစ္စည်းအချို့ရှိပုံပင်။ စောစောက ဓားသည့် အဆင့် ၅ အထက် စိတ်ဝိညာဉ်ပစ္စည်းတစ်ခု ဖြစ်လိမ့်မည်။ မဟုတ်လျှင် ခရမ်းရွှေနဂါး၏ဦးခေါင်းကို ထိုးဖောက်နိုင်မည်မဟုတ်ချေ။ လူတစ်ယောက်သည် ငွေအရေးတကြီးမလိုသရွေ့ ခရမ်းရွှေငါးကဲ့သို့သော ရတနာမျိုးကို ရောင်းချမည်မဟုတ်ချေ။
ငါးအလေးချန်တစ်လျန်က ချီစုဆောင်းဆေးလုံး ထောင်သောင်းများစွာ တန်ဖိုးရှိသည်လော။ လူတိုင်းမှာ ၎င်းကို ကြားသည်နှင့် ချာချာလည် မူးဝေသွားကြလေသည်။
‘ဘာလို့ ဗဟိုအင်ပါယာရဲ့မင်ယွဲ့လေလံအိမ်က အဆင့် ၅ ထက် စိတ်ဝိညာဉ်ပစ္စည်းတွေကို ရောင်းနေရတာလဲ။ ငါ သွားကြည့်ရမလား’ ယဲ့ချန်မှာ ဗဟိုအင်ပါယာကို ကြားသည်နှင့် လော့အာကို သတိရသွားမိ၏။ “လော့အာရော ဗဟိုအင်ပါယာမှာ ဘယ်လိုနေနေလဲမသိဘူး။ သူ့ရဲ့မိဘတွေက အဲ့ဒီကဂိုဏ်းကြီးတစ်ဂိုဏ်းရဲ့ ခေါင်းဆောင်ဆိုပဲ။ သိပ်ပြီးလည်း မဆိုးလောက်ပါဘူး။ ဘယ်အဆင့်ထိ ရောက်သွားပြီလဲမသိဘူး။ သူ့ရဲ့ပါရမီရယ်၊ ဂိုဏ်းရဲ့အထောက်အပံ့နဲ့ဆိုရင် တော်တော်လေး အဆင့်တက်နေလောက်ပြီ။ ငါ နောက်ကျကျန်ခဲ့လို့မဖြစ်ဘူး”
လေ့ရီ၊ ဟောင်ဖုန်း၊ ရန်ချန်းနှင့် အရန်တပည့်အဖွဲ့သည် ယဲ့ချန်ကို ကြည့်နေကြ၏။ ယဲ့ချန်၏ခြေသလုံးမွှေးတစ်မွှေးကပင် သူတို့ထက် သာနေသည့်အလား ခံစားနေရ၏။
“ယဲ့ချန် ခရမ်းရွှေနတ်ငါးကို ဖမ်းမိတဲ့အကြောင်း ဘယ်သူ့ကိုမှ ပြောပြခွင့်မရှိဘူး။ နှုတ်မစောင့်တဲ့လူမှန်သမျှ နှင်ထုတ်ခံရမယ်” ဆရာရွှမ်းယီက အရန်တပည့်အုပ်ကို ကြည့်ရင်း လေးနက်စွာ ပြော၏။
“ဆရာ အစောင့်တပ်သားတွေ မြင်သွားကြတယ်။ ဧကရာဇ်မင်ဝူကို လျှောက်တင်ကြမယ်ထင်တယ်” လေ့ရီ၏မျက်လုံးများတွင် ကောက်ကျစ်စဉ်းလဲသော အရိပ်အယောင်များ ဖြတ်ပြေးသွား၏။ ယဲ့ချန် ခရမ်းရွှေငါးကို ဖမ်းမိသော်လည်း သိမ်းထားခွင့်ရှိ၊မရှိ မသေချာပေ။ အင်အားကြီးသူကသာ မှန်ကန်နေသည့် လောကကြီးမဟုတ်ပါလော။
ယဲ့ချန်၏ဝိညာဥ်အသိအမြင်သည် လေ့ရီနှင့်အခြားသူများ၏တုံ့ပြန်မှုကို တွေ့လိုက်ရ၏။ သူက စိတ်ထဲမှ လှောင်လိုက်လေသည်။ ‘သူတို့ခွန်အားလေးနဲ့ ငါ့ဆီက ခရမ်းရွှေနတ်ငါးကို လုနိုင်ဖို့က အိပ်မက်ထဲမှာပဲ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဧကရာဇ်မင်ဝူ ဒါမှမဟုတ် ဂိုဏ်းကြီးသုံးဂိုဏ်းက ကောင်းကင်ဝိဇ္ဇာတွေဆိုရင်တော့ အိပ်မက်မဟုတ်တော့ဘူး’
ယဲ့ချန်သည် သူ့ခွန်အားကို တိုးမြှင့်လိုစိတ်များ ပေါ်လာ၏။ မဟုတ်လျှင် ကောင်းကင်ဝိဇ္ဇာအဆင့်ကျင့်ကြံသူနှင့် ယှဉ်နိုင်မည်မဟုတ်ချေ။
“မင်ဝူလာရင် ငါဖြေရှင်းမယ်။ ငါတို့ အရင်က သဘောတူထားပြီးသား။ ငါ့ကို ရှီဝူအင်ပါယာမှာ နေစေဖို့ သဘောတူညီချက်တွေထဲမှာ ဒီရေကန်က ငါနဲ့ငါ့တပည့်တွေဖမ်းမိတဲ့ ငါးတွေကို အပိုင်ပေးဖို့ အချက်လည်းပါတယ်။ အဲ့ဒါက ဒီခရမ်းရွေနတ်ငါးအပေါ်လည်း သက်ရောက်တယ်”ဆရာရွှမ်းယီက တပည့်များကို ဝေ့ကြည့်လိုက်သည်။ “ဒီနေရာမှာ နေရာချထားတဲ့ ရွှေရောင်သံချပ်ကာ၀တ် အစောင့်တပ်သားတွေက မင်ဝူရဲ့လူယုံတွေပဲ။ ဒီအကြောင်းကို မင်ဝူတစ်ယောက်တည်းကိုပဲ ပြောပြလိမ့်မယ်”
လေ့ရီနှင့်အခြားအရန်တပည့်များမှာ ဆရာရွှမ်းယီ၏အကြည့်များကို ခံစားမိကြသဖြင့် ခေါင်းများ ငုံ့ထားလိုက်ကြ၏။ တစ်ယောက်ကိုတစ်ယောက် မကြည့်ရဲကြချေ။ ဆရာရွှမ်းယီက သူတို့ကို မည်သည်မှ မကြံစည်ရန် သတိပေးနေခြင်းဖြစ်သည်။ ဤသို့ကိစ္စကြီးသာ အပြင်လူများ သိသွားကြပါက အကျိုးဆက်များကို ခါးဆီးခံရလိမ့်မည်။
ဆရာရွှမ်းယီက ကောင်းကင်ကို မော့ကြည့်၏။ အချိန်ကား အတော်နှောင်းနေလေပြီ။ သူတို့ ညအချိန်တွင် ငါးမျှား၍ရသော်လည်း ခရမ်းရွှေနတ်ငါးကို ဖမ်းမိပြီးဖြစ်ရာ မြန်မြန်ပြန်၍ ဖြေရှင်းသင့်ပေသည်။
“ယဲ့ချန်ရေ မှောင်နေပြီ။ ရွှမ်းအဆောင်တော်ကို ပြန်ကြရအောင်” ဆရာရွှမ်းယီက ယဲ့ချန်ကိုကြည့်၍ ပြော၏။
“ဟုတ်ကဲ့ ဆရာ” ယဲ့ချန်က ခေါင်းညိတ်သည်။ သူ ဆရာ့၏စိုးရိမ်ပူပန်မှုများကို ကောင်းကောင်းနားလည်၏။
“ငါး မမျှားတော့ဘူးလားဟင်” ရှောင်ရိက နှုတ်ခမ်းလေးဆူ၍ မေးလေသည်။ သူသည် ငါးမျှားရခြင်းကို စွဲမက်နေလေပြီ။ ငါးမျှားခြင်းသည် အမှန်တကယ် စိတ်၀င်စားဖွယ်ကောင်း၏။
“မမျှားတော့ဘူး ရှောင်ရိရဲ့။ အစ်ကိုယဲ့ချန် မင်းကို ဒီည ငါးစွပ်ပြုတ်လုပ်ကျွေးမယ်လေ” ယဲ့ချန်က ပြောသည်။ မည်သူက ခရမ်းရွှေနတ်ငါးကို ဂရုစိုက်သနည်း။ စားပြီးမှ ဆွေးနွေးနိုင်ပေသည်။ ရှောင်ရိ၏ဒဏ်ရာများမှာ ကုသနေဆဲဖြစ်၍ သူ၏ခွန်အားသည် အထွတ်အထိပ်အခြေအနေတုန်းကထက် များစွာအားနည်းနေ၏။ ထို့ကြောင့် အာဟာရလိုအပ်ပေသည်။ ရှောင်ရိသာ ခွန်အားပြန်လည်ပြည့်၀လာပါက သူသည် မိစ္ဆာဘုရင်အဆင့်နှင့် ညီမျှလိမ့်မည်။ ကောင်းကင်ဝိဇ္ဇာ၊ တန်ခိုးဝိဇ္ဇာမဆိုထားနှင့် နတ်ဝိဇ္ဇာအဆင့်ကိုပင် ကြောက်နေစရာမလိုတော့ချေ။
ထန်ထိုက်လင်၏တိုက်ခိုက်မှုများ ပြင်းထန်လွန်းခဲ့သည်။ ယဲ့ချန်သည် သူ့ခန္ဓာကိုယ်ထဲရှိ ဓားပျံ၏ထျန်းချီကိုသုံး၍ မကူညီခဲ့လျှင် ရှောင်ရိတစ်ယောက် အသက်ဆုံးရှုံးသွားခဲ့လိမ့်မည်။ သို့သော် ယဲ့ချန်၏ထျန်းချီက ဖြည်းဖြည်းချင်း သက်သာလာရန်သာ ကူညီပေးနိုင်၏။ တစ်သက်လုံး သူ၏ဒဏ်ရာကို ကုသပေးရန် မစွမ်းနိုင်ချေ။
‘ခရမ်းရွှေနတ်ငါးစွပ်ပြုတ်ကို ရှောင်ရိကို တိုက်ပြီးတော့ ဘယ်လိုအလုပ်လုပ်လဲ ကြည့်ရမယ်’
အားလုံးက ပစ္စည်းပစ္စယများကို သိမ်းဆည်းပြီးနောက် ငါးမျှားပစ္စည်းများကို အင်ပါယာအစောင့်တပ်သားများထံ အပ်ကာ ပြန်လာခဲ့ကြတော့သည်။
ဆရာရွှမ်းယီ၊ ယဲ့ချန်၊ လီရှုနှင့် ရှောင်ရိတို့က ရှေ့မှဦးဆောင်ပြီး လေ့ရီ၊ ဟောင်ဖုန်း၊ ရန်ချန်းနှင့် ကျန်အရန်တပည့်များအားလုံးက နောက်မှ လိုက်ပါကြ၏။
လေ့ရီ၏မျက်နှာမှာ ယဲ့ချန်၏နောက်ကျောကိုကြည့်ရင်း မည်းမှောင်နေသော်လည်း သူက ဆိတ်ဆိတ်သာနေသည်။
“စီနီယာအစ်ကိုလေ့ ခရမ်းရွှေနတ်ငါးကို အဲ့ဒီကောင်လေးယဲ့ချန် တစ်ယောက်တည်း စားခွင့်ပေးမလို့လား” ဟောင်ဖုန်းက ယဲ့ချန်ကို စူးစူးဝါးဝါး စိုက်ကြည့်နေ၏။ သူ့နောက်တွင်ကား ရှီဝူအင်ပါယာတစ်ခုလုံးတွင် အဆင့် ၁ သိုင်းပညာရှင်မိသားစုရှိပေသည်။ ‘တုန့်လင်ရဲ့ယဲ့မျိုးနွယ်စုက ဘာများ ကြီးကျယ်နေလို့လဲ။ ယဲ့ချန် ခရမ်းရွှေနတ်ငါးကို အသာတကြည်မပေးဘူးဆိုရင် သူ့မျိုးနွယ်စုတစ်ခုလုံးကို မျိုးဖြုတ်ပစ်မယ်။ ငါ့မျိုးနွယ်စုကိုသာ ဒီခရမ်းရွှေနတ်ငါးပေးနိုင်ရင် စစ်သည်တော်တွေ ဘယ်လောက်တောင် ထွက်ပေါ်လာလိုက်မလဲ” ဟောင်ဖုန်း၏နှလုံးသားမှာ လောင်ကျွမ်းနေ၏။
“ရွှမ်းအဆောင်တော်မှာ ဆရာရဲ့စကားက အမိန့်ပဲ။ ယဲ့ချန် ရွှမ်းအဆောင်တော်မှာ ရှိနေသရွေ့ ငါတို့ လှုပ်ရှားခွင့်ရှိမှာမဟုတ်ဘူး” ရန်ချန်းက ပြောသည်။
“စီနီယာအစ်ကိုနှစ်ယောက်ရဲ့မျိုးနွယ်စုတွေကို ဒီသတင်း ပြောပြလိုက်ပါလား” ဟောင်ဖုန်းက အကောက်ကြံ၏။ လေ့ရီနှင့်ရန်ချန်းတို့၏ မျိုးနွယ်စုများ လှုပ်ရှားပါက ဟောင်မျိုးနွယ်စုအနေဖြင့် အကျိုးအမြတ် ကြီးကြီးမားမား ရမည်မဟုတ်ပေ။ သို့သော် ဟောင်မျိုးနွယ်စုအတွက် ဝေစုတော့ ရနိုင်ချေရှိသေး၏။
လေ့ရီနှင့်ယဲ့ချန်သည် ဗဟိုအင်ပါယာမှဖြစ်ပြီး သူတို့ကို မျိုးနွယ်စုများက ထောက်ခံပေးထားလေသည်။ သူတို့၏မျိုးနွယ်စုများသည် အင်ပါယာ၌ ထိပ်တန်းအင်အားစုများတော့ မဟုတ်ကြသဖြင့် ဆရာရွှမ်းယီလက်အောက်၌ ဆေးဝါးပညာလာရောက်သင်ယူနေကြခြင်းဖြစ်သည်။ သို့သော် ရှီ၀ူအင်ပါယာကဲ့သို့ တိုင်းပြည်လေးတွင်တော့ သူတို့၏မျိုးနွယ်စုများမှာ အင်အားစုကြီးများဖြစ်ကြ၏။
လေ့ရီက ဟောင်ဖုန်းကို စူးစူးဝါးဝါး စိုက်ကြည့်ကာ ပြောသည်။ “ဗဟိုအင်ပါယာကနေ အရှိန်အပြည့်နဲ့ လွှတ်လိုက်တဲ့ မြင်းတစ်ကောင် ဒီကိုရောက်ဖို့ တစ်နှစ်ကျော်ကြာတယ်ကွ။ အဲ့အချိန်ထိ ခရမ်းရွှေနတ်ငါးက ယဲ့ချန်နဲ့အတူ ရှိနေမယ်ထင်လို့လား။ နေရာရွှေ့ရင်ရွှေ့၊ မရွှေ့ရင် စားပြီးသားဖြစ်နေလောက်ပြီ။ ငါတို့က ယဲ့ချန်ရဲ့စားကြွင်းစားကျန်အရိုးတွေကို စားရမှာလား”
“ရှီဝူအင်ပါယာမှာ လေ့မျိုးနွယ်စုကလူ တစ်ယောက်မှ မရှိဘူးလား” ဟောင်ဖုန်းက မချင့်မရဲ မေး၏။
“အဆင့် ၁၀ တွေပဲရှိတာ။ ဆရာရှိနေတော့ ဘယ်လိုလုပ် လှုပ်ရှားမှာလဲကွ” လေ့ရီက ဒေါသတကြီး မေးခွန်းထုတ်၏။
“စီနီယာအစ်ကိုလေ့က ထိုက်ယီဓားဂိုဏ်းနဲ့ ရင်းနှီးတယ်မလား။ ထိုက်ယီဓားဂိုဏ်းချုပ်ကို ဖိတ်ခေါ်လိုက်ပါလား” ရန်ချန်းက တခဏ တွေးပြီးနောက် ပြောသည်။
“အဲ့ဒီမြေခွေးအိုကြီးက လာတာနဲ့ ယဲ့ချန်လက်ထဲကနေ ခရမ်းရွှေနတ်ငါးကို လုယူသွားလိမ့်မယ်။ ငါတို့ စွပ်ပြုတ်ပဲသောက်နေရလိမ့်မယ်” လေ့ရီက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
“ဘာမှမရတာထက်စာရင် စွပ်ပြုတ်သောက်ရတာ တော်သေးတာပေါ့။ ရနိုင်သမျှ အခွင့်အရေးယူထားရမှာပေါ့” ရန်ချန်း၏နှုတ်ခမ်းများက တွန့်ကွေးသွား၏။
“မင်ဝူ ဘာပြောမလဲ အရင်ကြည့်ကြတာပေါ့” လေ့ရီက ခေါင်းခါရမ်းသည်။ ကောင်းကင်ဝိဇ္ဇာအဆင့်ကျင့်ကြံသူများကို ခေါ်လိုက်ပါက ဆရာရွှမ်းယီသည် ချက်ချင်း သူတို့၏သရုပ်မှန်ကို ချက်ချင်း သဘောပေါက်သွားလိမ့်မည်။ ထိုသို့ဆိုလျှင် ဆရာ့၏တပည့်အဖြစ် ဆက်လက်သင်ယူခွင့်ရဝောာ့မည်မဟုတ်ချေ။
“ဆရာက အမြဲတမ်း မျက်နှာလိုက်နေကြပဲ။ အရင်ကတော့ လီရှု အခုတော့ ယဲ့ချန်ဖြစ်သွားပြန်ပြီ။ လီရှုကျ ခရမ်းရွှေငါးတစ်တုံးရတယ်။ ကျွန်တော်တို့ကျ ဘာလို့မရတာလဲ” ဟောင်ဖုန်းက မကျေမချမ်းပြော၏။ ငါးဖမ်းမိသူမှာ ယဲ့ချန်ဆိုသည့်အချက်ကိုတော့ သူ ထည့်မပြောပါချေ။
လူတိုင်းသည် ကိုယ်ကျိုးရရန်သာ အင်တိုက်အားတိုက် ပြောဆိုကြသည်။ အကျိုးကျေးဇူးများသာရပါက လူ့အကျင့်စာရိတ္တများသည် ခွေးချေးသာသာပင်။
လေ့ရီနှင့်ရန်ချန်းမှာလည်း မျက်နှာများ မအီမသာဖြစ်နေကြ၏။ မည်သည့်နည်းကို သုံးရသည်ဖြစ်စေ ခရမ်းရွှေနတ်ငါး၏တစ်စိတ်တစ်ပိုင်းကို အရယူမည်ဟု ဆုံးဖြတ်ထားကြသည်။
ဆရာရွှမ်းရီက လှည့်၍ ယဲ့ချန်ကို ကြည့်၏။ “ ပြန်ရောက်ရင် ငါးပိုင်းနှစ်ပိုင်းကို ဘာလုပ်မယ် စဉ်းစားထားလဲ ယဲ့ချန်”
ယဲ့ချန်မှာ စိတ်နှင့်ကိုယ်ကပ်သွားပြီး တခဏ စဉ်းစားလိုက်သည်။ လေ့ရီနှင့် ရန်ချန်းနောက်တွင် အင်အားစုကြီးများရှိ၏။ ဤကိစ္စကို အေးအေးဆေးဆေး ဖြေရှင်း၍ရနိုင်မည်ပုံမပေါ်ပေ။ ‘ငါ ယဲ့ချန်ကို ဘယ်သူများ ထင်နေကြတာလဲ။ ကျားပါးစပ်ထဲက သွားကို လာနှုတ်ချင်ရင်တော့ ပြန်လမ်းပိတ်ပြီပဲ'
“ဆရာ ကျွန်တော် ဒီည ငါးစွပ်ပြုတ်ချက်မယ်။ ရှောင်ရိလေးက ငယ်သေးတယ်။ ထွားလာဦးမှာဆိုတော့ အားရှိအောင် ကျွေးရမယ်။ ဆရာနဲ့အစ်ကိုလီကိုလည်း ဖိတ်ပါတယ်ဗျာ” ယဲ့ချန်က တမင်တကာ လေသံကို မြှင့်လိုက်၏။ သူ့စကားကို ကြားသောအခါ လေရီနှင့်ကျန်လူများ၏ မျက်နှာများမှာ စိမ်းပုပ်သွားကြတော့သည်။