မင်ဝူ လာရောက်လည်ပတ်ခြင်း
Vol. 12 Ch. 166
“စွပ်ပြုတ်လုပ်ပစ်တာက....နှမြောဖို့ကောင်းလွန်းတယ်။ ဒါပေမဲ့ အကြံက မဆိုးပါဘူး။ ခရမ်းရွှေနတ်ငါးရဲ့အသားကို ငါတို့နဲ့ သိမ်းထားရင် ပိုကြီးတဲ့အန္တရာယ်တွေ ရှိလာနိုင်တယ်” ဆရာရွှမ်းယီသည် လေ့ရီနှင့်ကျန်သူများ၏တုံ့ပြန်မှုများကို သတိထားမိသဖြင့် သက်ပြင်းချလိုက်၏။ ကိုယ်ကျင့်တရားချင်းယှဉ်လျှင် လေ့ရီနှင့်ကျန်သူများသည် လီရှုကို မမှီချေ။ ဆေးလုံးများ ဖော်စပ်ပြီးပါက သူ၏ ၂၀ ရာခိုင်နှုန်းထဲမှ အချို့ကို လေ့ရီနှင့်ကျန်လူများအား ဝေပေးရန် စဉ်းစားထားခဲ့သည်။ သို့သော် ယခုတွင် ၎င်းက မှန်ကန်သည့်လုပ်ရပ် ဟုတ်၊မဟုတ် မသိတော့ပါချေ။ ယခုလောလောဆယ်တွင် ဆရာရွှမ်းယီမှာ စိတ်ရှုပ်ထွေးနေ၏။ သူ့တွင် ဇနီးမရှိသော်လည်း သူ၏တပည့်များကိုတော့ သွေးသားရင်းချာအလား သဘောထားပေသည်။
မြောက်များသော အကျိုးတရားများရှေ့မှောက်တွင် အချို့သူများ၏ လောဘတရားများမှာ ကွက်ကွက်ကွင်းကွင်း ပေါ်လာခဲ့လေပြီ။
ယဲ့ချန်သည် ကြိုတင်၍ အစီအစဉ်ချထားရမည်ဖြစ်ကြောင်း ကောင်းကောင်းသဘောပေါက်၏။ မိမိ၏ကြွယ်ဝချမ်းသာမှုကို မည်သို့သောအခါတွင်မှ မကြွားဝါသင့်ပေ။ သူသည် ခရမ်းရွှေနတ်ငါးကို မထင်မှတ်ဘဲ ဖမ်းမိခဲ့သဖြင့် အရှုပ်အထွေးများ၏ အလယ်တည့်တည့်သို့ ရောက်နေလေပြီ။ ယဲ့ချန်သည် ဆရာရွှမ်းယီနောက်၌သာ တစ်သက်လုံး ပုန်းနေ၍ မရပါချေ။
ဆရာရွှမ်းယီကြောင့် အင်အားစုအများစုသည် သူ့အား တိုက်ခိုက်ရဲမည်မဟုတ်သော်လည်း စိတ်အေးလက်အေးနေ၍ မရနိုင်ပါ။ လေ့ရီနှင့်ရန်ချန်းတို့၏ နောက်ခံအင်အားများက ထင်သလောက် ရိုးရှင်းမနေ၍ ဖြစ်ပေသည်။ ရှီဝူအင်ပါယာ၏ နံပါတ် ၁ မျိုးနွယ်စုမှလာသူဟုဆိုသည့် ဟောင်ဖုန်းကတော့ ယဲ့ချန်အတွက် အရေးမပါချေ။
မိုးကောင်းကင်မှာ မည်းမှောင်လာပြီး အားလုံးလည်း ရွှမ်းအဆောင်တော်သို့ ပြန်လာခဲ့ကြ၏။
“အားလုံး သွားလို့ရပြီ။ ယဲ့ချန်၊ လီရှု ငါနဲ့ လိုက်ခဲ့။ ရှောင်ရိ မင်းရော လိုက်ခဲ့ချေ”
လေ့ရီ၊ ရန်ချန်းနှင့် ကျန်လူများသည် သူတို့လေးယောက် ထွက်ခွာသွားသည်ကို ရွှမ်းအဆောင်တော်၏စင်္ကြံတွင် ရပ်လျက် ကြည့်နေကြ၏။ သူတို့မျက်နှာများမှာ ကောင်းကင်ထက်ပင်မည်းမှောင်နေချေသည်။
ယဲ့ချန်နှင့်ရှောင်ရိသည် ဆရာရွှမ်းယီနောက်မှ လိုက်လာခဲ့၏။ ခန်းမတစ်ခုအတွင်းသို့ ရောက်သည်နှင့် ကောင်လေးတစ်ယောက်က ဆရာရွှမ်းယီအနား အလောတကြီး ပြေးလာသည်။
“ဆရာ ဧကရာဇ်မင်ဝူက ပန်းချီခန်းထဲမှာ စောင့်နေတာ တော်တော်ကြာနေပါပြီ” ကောင်လေးက ဆရာရွှမ်းယီအား ဦးညွှတ်အရိုအသေပေးပြီးနောက် အကြောင်းကြား၏။
“မင်ဝူလား” ဆရာရွှမ်းယီ၏မျက်နှာကား အတန်ငယ် တည်သွားသည်။
ယဲ့ချန်၏ရင်မှာ ဒိန်းခနဲ ခုန်သွား၏။ ဧကရာဇ်မင်ဝူမှာ အလျင်အမြန်ပင်ရောက်လာခဲ့လေပြီ။ မဖြစ်တော့ပေ။ ခရမ်းရွှေနတ်ငါး၏အသားကို ယဲ့ချန် မြန်နိုင်သမျှမြန်မြန် အပြတ်ရှင်းရတော့မည်။ ထိုသို့မဟုတ်ဘဲ ဆက်လက်သိမ်းဆည်းထားပါက အင်မတန် အန္တရာယ်များပေသည်။
“ယဲ့ချန်၊ ရှောင်ရိ ဆေးဖော်ခန်းထဲကိုသွား။ လီရှု သိမ်းငှက်တစ်ကောင်လွှတ်ပြီးတော့ ဟုန်ယီ၊ ကွမ်လေ့၊ ပိုင်ဖန်နဲ့ ကျန်တဲ့လေးယောက်ကို လာခိုင်းချေ။ ငါ မီးပြင်းဖိုကို မီးထည့်ပြီး ချက်ချင်း ဆေးလုံးဖော်မယ်။ သူတို့ကို စောင့်ကြည့်ခိုင်းထား” ဆရာရွှမ်းယီက လေးနက်စွာ ပြောသည်။
“ဟုတ်ကဲ့ပါ ဆရာ” လီရှုက လေးပင်စွာဖြင့် ဖြေ၏။ ဤတစ်ကြိမ်သည် ဆရာရွှမ်းယီသည် ဆေးဖော်နေစဉ် စောင့်ကြပ်ရန် လူ ၇ ယောက်ပင် လိုအပ်လေသည်။
မည်သူမှ မဟာဆေးဝါးပညာရှင်တစ်ဦး၏ အင်အားကို လျှော့မတွက်ရဲချေ။ ဆရာရွှမ်းယီသည် ထိပ်တန်းမြေဝိဇ္ဇာအဆင့် အင်အားကြီးသူတစ်ယောက်ဖြစ်၏။ သူ၏အမိန့်အောက်တွင် မြေဝိဇ္ဇာ ၇ ယောက်လည်း ရှိချေသည်။ ထိုမြေဝိဇ္ဇာများသည် တိုင်းပြည်အသီးသီးမှ လာရောက်ကြသူများဖြစ်ကြပြီး ဆရာရွှမ်းယီ၏နောက်မှ ဆယ်စုနှစ်များစွာ လိုကိပါခဲ့ကြသူများဖြစ်သည်။ သူတို့သည် ဆရာရွှမ်းယီအား လွန်စွာ သစ္စာရှိပြီး ဆရာမှလွဲ၍ မည်သူ့၏အမိန့်ကိုမှ မနာခံချေ။ အတိတ်တုန်းက ဆရာရွှမ်းယီ ဆေးဖော်စပ်ချိန်တွင် သူတို့ထဲမှ တစ်ယောက်သာ စောင့်ကြပ်ပေးရန်လိုခဲ့သည်။ သို့သော် ယခုတွင်တော့ ၇ ယောက် လိုအပ်နေလေပြီ။
ဆရာရွှမ်းယီတစ်ယောက် အင်မတန် သတိထားနေကြောင်း သိသာလှပေသည်။
ဆရာရွှမ်းယီက ပန်းချီခန်းသို့ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွား၏။
တခဏကြသော် စာပို့သိမ်းငှက်တစ်ကောင်က အတောင်ပံများကို တဖျပ်ဖျပ်ခါရင်း ပျံထွက်သွားသည်။
ယဲ့ချန်က ထွက်သွားသော ဆရာရွှမ်းယီ၏နောက်ကျောကို စိုက်ကြည့်ပြီးနောက် ရှောင်ရိကိုခေါ်ကာ ဘေးရှိ ဆေးဖော်ခန်းသို့ ၀င်သွား၏။ ရွှမ်းအဆောင်တော်၌ ဆေးဖော်ခန်း ၁၀ ခန်းကျော် ရှိလေသည်။ ဤသည်ကား အကြီးဆုံးအခန်းဖြစ်ပြီး သုံးမီတာကျော်မြင့်မားသော မီးပြင်းဖိုကြီးများ ငါးခုထက်မနည်းရှိ၏။ အမျိုးမျိုးသော မှော်သားရဲပုံရိပ်များကို မီးပြင်းဖိုများပေါ်တွင် ထွင်းထုထားပြီး တစ်ခန်းလုံးမှာ ခမ်းနားတည်တံ့နေလေသည်။
“အစ်ကိုယဲ့ချန် အဲ့ဒီ မင်ဝူဆိုတဲ့လူ ခရမ်းရွှေနတ်ငါးကို ခိုးလို့ကတော့ ငါ သူ့ကို အသေရိုက်သတ်ပစ်မယ်” ရှောင်ရိက လက်သီးကလေးကို ဆုပ်ကာလွှဲရမ်းရင်း ဒေါကန်စွာ ပြော၏။ သူသည် သူသည် မွေးရာပါ ဉာဏ်ရည်ထက်မြတ်သူဖြစ်ရာ လူတိုင်းက ခရမ်းရွှေနတ်ငါးကို လုယူလိုကြောင်း သဘောပေါက်နေပြီဖြစ်သည်။
ယဲ့ချန်က ပြုံး၍ ရှောင်ရိကို ခေါင်းပုတ်လိုက်၏။ ရှောင်ရိသာ အထွတ်အထိပ်အခြေအနေ၌ဆိုလျှင် သူတို့ မည်သည်ကိုမှ ကြောက်နေစရာမလိုချေ။ သို့သော် လောလောဆယ်တွင် ရှောင်ရိ၏ဒဏ်ရာများမှာ မသက်သာသေး။ သူသည် မြေဝိဇ္ဇာအဆင့်၏ အထွတ်အထိပ်ပင် မရောက်သေးသော်လည်း မင်ဝူကတော့ ကောင်းကင်ဝိဇ္ဇာအဆင့် အင်အားကြီးသူတစ်ယောက်ဖြစ်ချေသည်။
ယဲ့ချန်က ဆရာရွှမ်းရီနှင့် ဧကရာဇ်မင်ဝူတို့၏ပြောစကားများကို ကြားရလိုကြားရငြား ဝိညာဉ်အသိအမြင်ကို ပန်းချီခန်းအနီးသို့ ဖြန့်ကျက်လိုက်သည်။
ခမ်းခမ်းနားနား ၀တ်ရုံကို ၀တ်ဆင်ထားပြီး ထိုင်ခုံတွင်ထိုင်ကာ လက်ဖက်ရည်သောက်နေသည့် သက်လတ်ပိုင်းလူကား ဧကရာဇ်မင်ဝူပင်။ ဧကရာဇ်မင်ဝူသည် အရပ်ထောင်ထောင်မောင်းမောင်း လူတစ်ယောက်ဖြစ်ပြီး လွှမ်းမိုးအုပ်စိုး၍ အာဏာရှိသော အရှိန်အဝါကို ပိုင်ဆိုင်ထား၏။ သူသည် ပေါ့ပေါ့ပါးပါး ချည်ထိုးပန်းထိုး၀တ်ရုံကို ၀တ်ထားသော်လည်း သူ့ခန္ဓာကိုယ်အတွင်းရှိ ဟုန်းဟုန်းတောက်စွမ်းအားများကို ခံစားရနိုင်သေးသည်။ သူ၏ အပြုအမူများကပင် သာလွန်မြင့်မြတ်သူတစ်ယောက်၏ ဟန်ပန်များ ပါဝင်နေ၏။ ဤသို့ စွမ်းအားကား တုန့်လင်ဒုတိယမင်းသား၏ မာန်မာနနှင့် လားလားမှမတူချေ။ သူ၏စွမ်းအားက ဖော်ပြမရနိုင်သော ဖိအားများ ပါ၀င်နေချေသည်။
“ဆရာရွှမ်းယီ” ဧကရာဇ်မင်ဝူက ဆရာရွှမ်းယီကို မြင်သည်နှင့် ပြုံး၍ တည်ကြည်စွာ နှုတ်ဆက်သည်။
ဆရာရွှမ်းယီက ခပ်ယဲ့ယဲ့ ခေါင်းညိတ်၏။ သူ ရှီဝူအင်ပါယာ၌ နေထိုင်လာသည်မှာ နှစ် ၂၀ ကြာလေပြီ။ ဧကရာဇ်မင်ဝူ၏ မိတ်ဆွေဟောင်းတစ်ယောက်ဟုပင် ဆိုနိုင်၏။ ရှီဝူအင်ပါယာ၏ဧကရာဇ်ရာထူးမှာ ဆရာရွှမ်းယီအတွက် အရေးမပါချေ။ သူက ပြောသည်။ “ငါ ချက်ချင်း ဆေးဖော်ဖို့ မီးပြင်းဖိုကို ပြင်ဆင်ထားပြီးပြီ။ နှစ်လလောက် အပြင်လောကနဲ့ အဆက်အသွယ်ဖြတ်ထားရလိမ့်မယ်။ မင်း လာတာ အချိန်ကောင်းဟုတ်မနေဘူး”
ဆရာရွှမ်းယီ၏မျက်နှာအမူအရာကား သာယာမနေ။ ဧကရာဇ်မင်ဝူသည် ခရမ်းရွှေနတ်ငါးကြောင့် ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သူကောင်းကောင်းသိပေသည်။ ဧကရာဇ်မင်ဝူသာ စည်းကျော်လာပါက ဆရာရွှမ်းယီ ကြမ်းတမ်းလာမည်မှာ အသေအချာပင်။
“နှစ်လတောင်လား” ဧကရာဇ်မင်ဝူက လက်ဖက်ရည်တစ်ငုံပြီးနောက် ရယ်လိုက်သည်။ “နိတ်ခရို့ရေကန်မှာ ငါးဖမ်းနေတုန်း ခရမ်းရွှေနတ်ငါးတစ်ကောင် ဖမ်းမိသွားတယ်ဆို”
“ငါ့တပည့်တစ်ယောက် ဖမ်းမိတာ။ ရှီဝူရဲ့တံတိုင်းထဲမှာ ငါရှိနေသရွေ့ ငါ့တပည့်တွေ ဖမ်းမိတဲ့ နိတ်ခရို့ရေကန်က ငါးတွေကိစ္စမှာ မင်း ၀င်ရောက်မစွက်ဖက်ဘူးလို့ သဘောတူထားတယ်မလား” ဆရာရွှမ်းယီမှာ အတော်လေး စိတ်ပျက်သွားမိ၏။ ဧကရာဇ်မင်ဝူသည်လည်း လေ့ရီနှင့်ကျန်လူများအတိုင်းပင်။ ခရမ်းရွှေနတ်ငါးတစ်ကောင်ကြောင့် ထိုလူတို့၏သရုပ်မှန်များ ပွင့်ဟလာခဲ့လေပြီ။ “ဒီခရမ်းရွှေနတ်ငါးက ငါ့တပည့် ဖမ်းမိတာ။ ငါ ရွှမ်းယီက ဘယ်တော့မှ ကိုယ်ကျိုးအတွက် လက်ဝါးကြီးအုပ်လိုက်မှာမဟုတ်ဘူး။ ဒါပေမဲ့ ငါ့စာသင်ဆောင်က ငါ့တပည့်ပိုင်တဲ့ပစ္စည်းကို လုယူဖို့ကြိုးစားရင်တော့ ငြိမ်ခံတတ်တဲ့လူမဟုတ်ကြောင်း သိသွားစေရမယ်”
ဆရာရွှမ်းယီသည် ရင်အုပ်မကွာ ကာကွယ်ပေးတတ်မှုကြောင့် ကျော်ကြား၏။ သူ့လက်အောက်ရှိ တပည့်များ စာသင်ဆောင်အပြင်၌ ဆိုးဆိုးရွားရွား ဆက်ဆံခံရပါက သူ၏အင်အားကိုသုံးကာ ပညာပေးတတ်သည်။ ထို့ကြောင့် တိုင်းပြည်အတွင်းရှိ ဂိုဏ်းများမှာ အရန်တပည့်များပင် ဖြစ်လင့်ကစား ဆရာရွှမ်းယီ၏တပည့်များနှင့် ရန်ငြိုးမရှိအောင် အတတ်နိုင်ဆုံး ရှောင်ရှားကြ၏။
“ဆရာရွှမ်းယီ အထင်လွဲနေပြီနော်။ ကျုပ် စကားတည်ပါတယ်ဗျ။ ဒီခရမ်းရွှေနတ်ငါးက ခင်ဗျားတပည့်အပိုင်ပါ” ဧကရာဇ်မင်ဝူက ခပ်ဟဟ ရယ်၏။ ဆရာရွှမ်းယီမှာ ဆေးဝါးပညာကိုသာ ရူးသွပ်ပြီး လောက၀တ်တရားများကို မသိချေ။ ထို့ကြောင့် သူ၏အပြုအမူများက ပွင့်လင်းဖြောင့်မတ်ချေသည်။ ဆရာရွှမ်းယီနှင့်နှစ်ပေါင်းများစွာ ရင်းနှီးခဲ့သဖြင့် ဧကရာဇ်မင်ဝူသည် သူ၏ဒေါသကို နေသားကျနေပြီဖြစ်၍ စိတ်ထဲမထားချေ။
၎င်းကို ကြားသောအခါ ဆရာရွှမ်းယီ၏မျက်နှာမှာ အတန်ငယ် ပျော့ပြောင်းသွားပြီး မေး၏။ “ဒါဆို မင်း ဒီမှာ ဘာလုပ်နေတာလဲ”
“အကူအညီ လိုအပ်နေမလားလို့ လာမေးတာပါ။ ခင်ဗျားရဲ့စာသင်ဆောင်မှာ တပည့်တွေအများကြီးရှိတော့ လျှို့ဝှက်ချက်တွေကို ထိန်းသိမ်းထားဖို့ ခက်တယ်လေ။ ဒီသတင်းသာ ဂိုဏ်းကြီးသုံးဂိုဏ်းဆီ ပေါက်ကြားသွားခဲ့ရင် ခင်ဗျားကို ဒုက္ခပေးလာမှာ စိုးရိမ်မိတယ်။ ပြောရရင် ခရမ်းရွှေနတ်ငါးကို လောဘမတက်မိတဲ့လူဆိုတာ မရှိဘူး။ ပြီးတော့ အဲ့ဒီအဘိုးကြီးသုံးယောက်က မြေခွေးအိုကြီးတွေလေ” ဧကရာဇ်မင်ဝူက တည်ငြိမ်စွာ ပြောသည်။
ဆရာရွှမ်းယီ၏စိတ်နှလုံးမှာ လေးပင်သွား၏။ ထိုဂိုဏ်းကြီးသုံးဂိုဏ်းသာ လာရောက်ခဲ့ပါက ဆရာရွှမ်းယီ၏လက်ရှိအင်အားဖြင့် မခုခံနိုင်သည်မှာ အမှန်ပင်။ ဆေးဝါးပညာကိုသာ ရူးသွပ်နေခဲ့ပြီး ကျင့်ကြံခြင်းကို လျစ်လျူရှုမိခဲ့ခြင်းက သူ့ဘ၀၏တစ်ခုတည်းသော အမှားဖြစ်ချေသည်။ မဟုတ်လျှင် သူ့လို မဟာဆေးဝါးပညာရှင်တစ်ယောက်အနေဖြင့် ကောင်းကင်ဝိဇ္ဇာ သို့မဟုတ် ထို့ထက်မြင့်မားသော အဆင့်သို့ ရောက်ခဲ့သည်မှာ ကြာလေပြီ။ ဤသို့ အနုနည်းဖြင့်သာ ခုခံနေစရာ လိုမည်မဟုတ်။
ယဲ့ချန်တစ်ယောက် ခရမ်းရွှေနတ်ငါးကို ဖမ်းမိသွားလိမ့်မည်ဟုလည်း မည်သူမှ ထင်မထားခဲ့ချေ။
“ဆရာရွှမ်းယီ။ ခင်ဗျားက ကျုပ်ရဲ့ ရှီဝူအင်ပါယာမှာ နေလာခဲ့တာ နှစ်အတော်ကြာပါပြီ။ ကျူပ်ကတော့ မိသားစုလိုပဲ သဘောထားပါတယ်။ အဲ့ဒီဂိုဏ်းကြီးသုံးဂိုဏ်း ရောက်လာခဲ့ရင် ခင်ဗျားရဲ့ ဆေးဖော်စပ်တာ ပြီးဆုံးတဲ့အထိ ကျုပ် တာ၀န်ယူဖြေရှင်းပေးပါ့မယ်” ဧကရာဇင်မင်ဝူက ဆရာရွှမ်းယီကို ကြည့်ကာ ပြောသည်။
ဆရာရွှမ်းယီက ဧကရာဇ်မင်ဝူကို တစ်ချက်မျှ ကြည့်၏။ အချို့လူများသည် နိမ့်ကျသော နည်းလမ်းပေါင်းစုံသုံး၍ ခရမ်းရွှေနတ်ငါးကို လူယုရန် ကြိုးစားကြမည်ဖြစ်သော်လည်း ဇကရာဇ်မင်ဝူကတော့ သူ၏ရည်ရွယ်ချက်ကို ပွင့်လင်းမြင်သာစွာ ချပြခဲ့သည်။ ၎င်းက ဆရာရွှမ်းယီအမြင်၌ သံသယ၀င်စရာမဟုတ်ချေ။ တခဏ တိတ်ဆိတ်သွားပြီးနောက် သူက ပြော၏။ “ခရမ်းရွှေနတ်ငါးက ဖမ်းမိတဲ့ တပည့်လေးပိုင်တာ။ ငါ့မှာ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ ငါ့တာ၀န်ကို ဆေးလုံးတွေ ဖော်စပ်သန့်စင်ပေးဖို့ပဲ။ ငါ့ရဲ့ ၂၀ ရာခိုင်နှုန်းထဲကနေ မင်းကို ၁၀ ရာခိုင်နှုန်း ဖယ်ပေးထားမယ်။ ဂိုဏ်းကြီးသုံးဂိုဏ်း ရောက်လာခဲ့ရင် မင်း ဖြေရှင်းပေးပါ”
“စိတ်ချပါ ဆရာရွှမ်းယီ။ ကျုပ်ရှိနေရင် ဂိုဏ်ကြီးသုံးဂိုဏ်းက သိပ်ပြီး ပြဿနာရှာရဲမှာမဟုတ်ပါဘူး” ဧကရာဇ်မင်ဝူက ရယ်သည်။ ဆေးလုံးများ၏ လုပ်ဆောင်ချက်က ငါးထက်သာလွန်ပေသည်။ အကျိုးသက်ရောက်မှုတွင်လည်း ဆေးလုံး ၁၀ ရာခိုင်နှုန်းက ခရမ်းရွှေနတ်ငါးတစ်၀က်နှင့် ယှဉ်နိုင်၏။ ထို့အပြင် ဧကရာဇ်မင်ဝူကို ဆရာရွှမ်းယီ အမြင်ကြည်သွားပေမည်။ ဤသည်ကို အဘယ်ကြောင့် မရွေးဘဲနေမည်နည်း။ ဧကရာဇ်သည် လူပေါင်းများစွာနှင့် ပြောဆိုဆက်ဆံဖူးပြီး ဆရာရွှမ်းယီ၏စိတ်သဘောထားကို ကောင်းကောင်းသိချေသည်။ သူသာ ခရမ်းရွှေနတ်ငါးကို အတင်းအကြပ် လုယူရန် ကြိုးစားပါက ဆရာရွှမ်းယီသည် အသေခံတိုက်ခိုက်ပေလိမ့်မည်။ ထိုမျှသာမက ဆရာရွှမ်းယီလက်အောက်၌ အင်အားကြီးသူအချို့ရှိ၏။ ဆန့်ကျင်ဘက်အနေဖြင့် ဧကရာဇ်မင်ဝူသာ မဆိုစလောက်ကလေး ကူညီလိုက်ပါက ဆရာရွှမ်းယီသည် လက်ဗလာနှင့် ပြန်လွှတ်လိုက်မည် မဟုတ်ပေ။
“ငါ ဆေးလုံးသွားဖော်တော့မယ်။ နှစ်လအတွင်း အကြောင်းပြန်ပေးမယ်။ မင်း ကိုယ့်အိမ်ကိုယ့်ရာလို သဘောထားပြီးနေပါ” ဆရာရွှမ်းယီက ထရပ်၏။
“ကောင်းပါပြီ” ဧကရာဇ်မင်ဝူက ပြုံကား ထရပ်သည်။
ဆရာရွှမ်းယီ ထွက်သွားသည်နှင့် ဧကရာဇ်မင်ဝူသည် သူတို့အား တစ်ယောက်ယောက်က စောင့်ကြည့်နေသည့်အလား ထူးဆန်းစွာ ခံစားလိုက်ရ၏။
ဧကရာဇ်မင်ဝူ၏မျက်လုံးများ စူးရှသွားပြီး သူက ဟိုဟိုသည်သည် ကြည့်လိုက်သော်လည်း မည်သည်ကိုမှ မတွေ့ရချေ။ သူ အတွေးလွန်သွားမိခြင်းလော။ ဧကရာဇ်မင်ဝူက မျက်မှောင်ကြုတ်လျက် ခန်းမအတွင်းမှ ထွက်ခွာသွားတော့သည်။
ယဲ့ချန်သည် ဝိညာဉ်အသိအမြင်ကို ရုတ်သိမ်းကာ တစ်ယောက်တည်း ရေရွတ်နေ၏။ ဧကရာဇ်မင်ဝူ ကိစ္စများအား ဖြေရှင်းပုံက အခြားသူများနှင့် မတူချေ။ ရင်းမုန့်ထျန်း၏ ချီးကျူးစကားများအပြင် ယနေ့ ကိုယ်တိုင် မြင်တွေ့ခဲ့ရမှုကြောင့် ယဲ့ချန်၏ ဧကရာဇ်အပေါ် အမြင်မှာ မဆိုးရွားလှချေ။ ဂိုဏ်းကြီးသုံးဂိုဏ်းရန်မှ ကာကွယ်နိုင်ပါက ဆေးလုံး ၁၀ ရာခိုင်နှုန်း စတေးရသည်မှာ တန်ပေသည်။
ခွန်အားချင်းယှဉ်လျှင် ဧကရာဇ်မင်ဝူသည် ကျောက်စိမ်းမျှော်စင်တွင် တွေ့ခဲ့ရသော ကောင်းကင်ဝိဇ္ဇာထက် ကြောက်မက်ဖွယ်ကောင်း၏။ ဧကရာဇ်မင်ဝူသည် ကောင်းကင်ဝိဇ္ဇာအထွတ်အထိပ်အဆင့်တွင် ဖြစ်လိမ့်မည်။ ဧကရာဇ်၏စောင့်ကြည့်ပေးမှုကြောင့် ဆရာရွှမ်းယီတစ်ယောက် စိတ်အေးလက်အေးဖြင့် ဆေးလုံးဖော်စပ်နိုင်လေပြီ။
စွမ်းအား.....စွမ်းအားကြီးအောင် ဘယ်လိုလုပ်ရပါ့မလဲ။
ယဲ့ချန်သည် အနည်းဆုံး မြေဝိဇ္ဇာအဆင့်တော့ ရောက်ကိုရောက်ရလိမ့်မည်။ ထို့မှသာ ရှောင်ရိအပြင် သူ့ကိုယ်သူ ကာကွယ်နိုင်ပေလိမ့်မည်။
ယဲ့ချန်သည် အကြောများပြတ်တောက်နေခဲ့သည့် မသန်မစွမ်းသူအဖြစ်မှ ယခု အဆင့် ၁၀ အလယ်အလတ်အဆင့်ထိ အချိန်တိုလေးအတွင်း ရောက်ရှိခဲ့၏။ ၎င်းသည် တချို့သူများ ဆယ်စုနှစ်များစွာ ကျင့်ကြံသည့်တိုင် မရယူနိုင်သည့် အရာတစ်ခုပင်။ အဆင့် ၁၀ ပြီးလျှင် ကျင့်ကြံခြင်းသည် ပို၍ခက်ခဲလာမည်ဖြစ်သည်။ အမြင့်ဆုံးအဆင့်သို့ ခြေတစ်လှမ်းမျှ တိုးရန်ပင် အင်မတန် ခက်ခဲ၏။ ယဲ့ချန်တစ်ယောက် ဆရာရွှမ်းယီ ဆေးလုံးဖော်စပ်နေသည့် နှစ်လတာကို ကောင်းကောင်းအသုံးချ၍ ကျင့်ကြံခြင်းအခြေခံကို မြှင့်တင်ရလိမ့်မည်။ ခရမ်းရွှေနတ်ငါးကို ဆေးလုံးအဖြစ် ပြောင်းလဲ၍ စားသုံးပြီးလျှင်တောင် အနာဂတ်တွင် အန္တရာယ်များ ကျရောက်လာနိုင်သေးလေသည်။
ယဲ့ချန် အတွေးနွံနစ်နေချိန်တွင် ဆရာရွှမ်းယီက ဆေးဖော်ခန်းမအတွင်း ၀င်ရောက်လာ၏။
“လီရှု စာသင်ဆောင်က အရန်တပည့်တွေအားလုံး ဒီအခန်းနားကို ကပ်ခွင့်မရှိဘူးဘိူ့ အကြောင်းကြားလိုက်ချေ။ ပါ၀င်ပစ္စည်းတွေနဲ့ လိုအပ်တာတွေကို ပြင်ဆင်ပေး။ ငါ နှစ်လလောက် သီးသန့် ဆေးဖော်မယ်။ အဲ့နှစ်လက ယဲ့ချန်ကို ဆေးဝါးပညာသင်ပေးဖို့ အကောင်းဆုံးအချိန်ပဲ” ဆရာရွှမ်းယီက ပြောသည်။ သူ ဆေးလုံးဖော်စပ်နေသည့်အချိန်အတွင်း ဆေးဝါးပညာများ သင်ယူထားပါက ယဲ့ချန်၏အနာဂတ်အတွက် အကျိုးများစွာ ရှိပေလိမ့်မည်။