← Chapters

အခန်း (၅၄၃)

Vol. 40 Ch. 543

အခန်း (၅၄၃)

Vol. 40 Ch. 543

“ ဘာတွေ ဖြစ်နေတာလဲ ” မိုဝူကျီက သတိထားကာ မေးလိုက်သည်။

ဝမ်လျန်ရှီးက အဆင့်နိမ့် အင်မော်တယ်မြို့စား၏ သမီးဖြစ်ပြီး  ယခု သူက သူတို့ကိုယ်စားပြု ပါဝင် ယှဉ်ပြိုင်ပေးမည် ဖြစ်သောကြောင့် ဘာများ စိုးရိမ်စရာ ရှိနေမည်နည်း။

“ ယုံရင် ဆေးပညာပြိုင်ပွဲမှာ တစ်ခုခု ဖြစ်လို့ ....”

ဝမ်လျန်ရှီးက ထိုစကားများကို ပြောဖို့ရာ အခက်တွေ့နေဟန်ဖြင့် သူမစကား၌  ယုံကြည်ချက် ပျောက်ဆုံး နေလေ၏။

မိုဝူကျီက တခြားသူထက် ဤပြိုင်ပွဲကို အာရုံစိုက်ထား၍  စိတ်ထဲ  အေးစက်သွားသည်။ သူက ဆေးပညာပြိုင်ပွဲအပြီး  ယွင်ရှန့်တောင်ကြား ဖွင့်ပွဲအကြောင်းကို အာရုံစိုက်ထားခြင်း ဖြစ်သည်။ အကယ်၍ ဆေးပညာပြိုင်ပွဲ၌ တစ်ခုခု ဖြစ်ခဲ့ပြီး သူတို့က ယွင်ရှန့်တောင်ကြားကို မဖွင့်ရန် ဆုံးဖြတ် လိုက်ပါက  သူ့အနေဖြင့် မြေအောက်ကမ္ဘာ နှလုံးသား ပန်းပွင့်ကို မည်သည့် နေရာ၌ သွားရှာရမည်နည်း။

“ ဘာတွေ ဖြစ်လို့လဲ ” မိုဝူကျီက စိတ်ကို ထိန်းကာ မေးလိုက်သည်။

“ကောင်းကင် ဧကရာဇ်ကို   ပါရမီရှင်တွေက   ဒီပြိုင်ပွဲရဲ့ အခြေအနေတွေ ပြောင်းဖို့ ဖိအားပေးခဲ့တယ်တဲ့  ....   ကျမ အဖေက လှမ်းအကြောင်းကြားတာ .....  အင်မော်တယ် နယ်မြေ အပိုင်းအခြားနဲ့ အသက်အရွယ် ကွာခြားချက်တွေကို ဖယ်ရှားလိုက်ပြီတဲ့  ....  ”

ဝမ်လျန်ရှီး၏ အသံ၌ စိတ်ပျက်မှုများ ကြီးစိုးနေသည်။

မိုဝူကျီက ပြိုင်ပွဲ ဖျက်သိမ်းသွားခြင်း မဟုတ်သည့်အတွက် သက်ပြင်း ချမိလိုက်၏။ တစ်ခုတည်းသော ပြောင်းလဲမှုမှာ ပြိုင်ပွဲဝင် ဆေးလုံးဆရာများ၏ အနေအထား ဖြစ်၏။

ဒါပေမဲ့ သူက ဆေးပညာပြိုင်ပွဲ ဝင်ပြိုင်လို့ ရသေးတယ်မလား .... အဲဆို ဝမ်လျန်ရှီက ဘာကို စိတ်ပျက်နေတာလဲ .....

ခဏတာ စဉ်းစားနေပြီးနောက် မိုဝူကျီက  ဝမ်လျန်ရှီး စိတ်ပျက် သွားရသည့် အကြောင်းအရင်းကို နားလည် သွားပေသည်။ ထိုတားမြစ်ချက်များ ဖယ်ရှားလိုက်ခြင်းမှာ မည်သည့် နယ်မြေမှ ဆေးလုံးဆရာ မဆို ပါဝင်ယှဉ်ပြိုင်နိုင်ပြီ ဖြစ်ရာ ဆေးလုံး ဧကရာဇ်များပင် ပါဝင်၍ ရပေသည်။ ဤသို့သော အခြေအနေမျိုး၌  ဝမ်လျန်ရှီး အနေနှင့်  မိုဝူကျီသည် ပြိုင်ပွဲ၌ ထိပ်ဆုံး အယောက် ၅၀ ထဲ မပါနိုင်တော့လောက်ကြောင်း ယုံကြည်မိသွားသည်။

တွေးကြည့်စမ်းပါ ....  မည်သူကများ ယွင်ရှန့်တောင်ကြားကို မသွားချင်ဘဲ နေမှာလဲ .....

တခြားဂိုဏ်းကြီးများနှင့် ဂိုဏ်းသားများကို ထည့်မတွက်နှင့်ဦး ....   ဆေးလုံး ဧကရာဇ်တချို့ပင်   စိတ်ဝင်စားကြသည် မဟုတ်ပါလော။

“လျန်ရှီး ... အဲဒါက ကိစ္စ သိပ်မရှိတော့ စိုးရိမ်စရာ မလိုပါဘူး ” မိုဝူကျီက သူမကို ထိုစကားဖြင့် နှစ်သိမ့် ပေးလိုက်သည်။

မိုဝူကျီက အဆင့်နိမ့် အဆင့် ၆ ဆေးလုံးကိုပင် ဖော်စပ်နိုင်သည့် ဂုဏ်ထူးဆောင် အဆင့် ၅ ဆေးလုံးဘုရင်အဆင့် ရောက်နေပြီ ဖြစ်၍ လုံးလုံး စိတ်မပူပေ။ ဆိုလိုသည်မှာ သူ့ကို  အဆင့် ၆ ဆေးလုံးဘုရင် အဖြစ်ဟု ယူဆ၍ ရနေလေပြီ။ သူ့လက်ရှိ အင်အားဖြင့် အင်မော်တယ် နယ်မြေ အတွင်းမှ ဆေးလုံးဆရာ ပါရမီရှင်အားလုံး ပါဝင်လျှင်ပင် သူ့အနေဖြင့် ထိပ်တန်း အယောက် ၅၀ ထဲ ဝင်ဖို့ရာ ကိစ္စအကြီးအကြီး မဟုတ်ပေ။

လက်တွေ့တွင် အင်မော်တယ် နယ်မြေ ခုနှစ်ခုလုံး၌ မွေနှောက် ရှာဖွေမည် ဆိုလျှင်ပင်  ဆေးလုံးဧကရာဇ် များများစားစား မရှိကြောင်း မိုဝူကျီက ကောင်းကောင်း သိထား၏။ ထို့အပြင် ဆေးလုံး ဧကရာဇ်များက ပြိုင်ပွဲကို ဝင်ပြိုင်မည် မဟုတ်သလို  သူတို့၏ မာနကို လျော့ချ၍ ဝင်ပြိုင်မည်ဆိုလည်း ဘာအရေးလဲ။ သူက ထိပ်ဆုံး အယောက်  ၅၀ ထဲ ဝင်ရုံသာ လိုအပ်ပြီး ထိပ်ဆုံး ငါးယောက်ထဲ မဟုတ်ပေ။

မိုဝူကျီက ကောင်းကင်ဧကရာဇ် ဖိအားပေးခံရသည့် အကြောင်းအရင်းကို မှန်းဆမိ သွားသည်။ တခြားအင်မော်တယ်နယ်မြေမှ ပါရမီရှင်များက ယုံရင် အင်မော်တယ် နယ်မြေ၏ ယွင်ရှန့်တောင်ကြားကို အားကျကာ သူတို့လည်း ဝင်ခွင်ရနိုင်ရန်အတွက်  ယုံရင်အင်မော်တယ်နယ်မြေ၏ အရှင်သခင်ကို ဖိအားပေးခဲ့ခြင်း ဖြစ်ရမည်။

“ ကျမ အဖေက ကျောက်စိမ်းပြာကို ပြန်တောင်းနေတာ  ” ဝမ်လျန်ရှီးက မိုဝူကျီကို ပြောပြဖို့ရာ အခက်တွေ့နေခြင်း ဖြစ်သည်။

အစပိုင်းတွင် ရေသဘာဝ ယင်အင်မော်တယ်မြို့တော်ကို ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ခိုင်းရန် အားကောင်းသည့် ဆေးလုံးဆရာ ရှာတွေ့ရန် ခက်ခဲခဲ့သော်လည်း ယခုအခါ  သူတို့ဖက်မှ ရှာနေစရာ မလိုတော့ဘဲ ဆေးလုံးဆရာများကိုယ်တိုင် ရောက်လာကြလေ၏။

မိုဝူကျီက သူကိုယ်တိုင်လည်း မဟာမိတ်အဖွဲ့မှ ဖြစ်သောကြောင့်  ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့မှ ဆေးလုံး ဆရာများစွာလည်း ရောက်နေ ပေလိမ့်မည်။ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့မှ ဆေးလုံး ဆရာများလည်း သူ့ကဲ့သို့  ပါဝင် ယှဉ်ပြိုင်ရန် နေရာကို ရှာဖွေ နေကြလိမ့်မည်။

မိုဝူကျီက ဝမ်လျန်ရှီးကို ဆက်လက်၍ ကတိစကား မဆိုတော့ပေ။ အကြောင်းမှာ အနီးအနား၌ ပါရမီရှင်များစွာ ဖြစ်နေသည့်အတွက် သူက ထိပ်ဆုံး အယောက် ၅၀ ထဲ ဝင်ဖို့ရာ ယုံကြည်ချက် ရှိနေလျှင်ပင် ရာနှုန်းပြည့် သေချာနေခြင်းတော့ မဟုတ်ချေ။ ထို့အပြင်  သူက ဝမ်လျန်ရှီးကို ထိပ်ဆုံး အယောက် ၅၀ ထဲ ဝင်ဖို့ရာ သူတို့အပေါ် သက်ရောက်မှု မရှိကြောင်း ပြောထားသော်လည်း အကယ်၍ ဝမ်လျန်ရှီးက  ကျောက်စိမ်းပြားကို ပြန်ယူလိုလျှင်ပင် သူ့အနေဖြင့်   လုပ်စရာ မရှိပေ။

သို့သော်လည်း  သူက ဝမ်လျန်ရှီး၏ ကျောက်စိမ်းပြား မပါရှိလျှင်ပင် သူ့အနေဖြင့် နေရာ ရယူနိုင်မ့ည့် နည်းလမ်း ရှိကြောင်း ယုံကြည်ထား၏။ အများဆုံး သူက ဆေးလုံးတာအို အင်မော်တယ် အဖွဲ့၏  ဂုဏ်ထူးဆောင် အကြီးအကဲ အမှတ်အသားပြား ထုတ်ပြလိုက်ရုံသာ ဖြစ်၏။

ဝမ်လျန်ရှီး၏ ဖြူဖျော့နေသည့် မျက်နှာကို သတိပြုမိပြီး မိုဝူကျီက ဆက်ပြောလိုက်သည်

“ ကျုပ် ရေသဘာဝ ယင်အင်မော်တယ်မြို့အတွက်  ထိပ်ဆုံး အယောက်  ၅၀ ထဲ ပါဖို့  ၇၀ ရာခိုင်နှုန်း သေချာတယ်။  ပြီးတော့  ကြားရတာ  အဆင်မပြေ လောက်ဘူး ဆိုပေမဲ့လည်း ကျုပ် တစ်ခုတော့ ပြောချင်တယ်။

တကယ်လို့ အဲဒီနေရာကို တခြားတစ်ယောက် ပေးလိုက်ရင်တောင် ရလဒ်က ပိုကောင်းလာမှာ မဟုတ်ဘူး ”

ဝမ်လျန်ရှီးက မိုဝူကျီ၏ နောက်ဆုံးစကားမှာ မည်မျှမှန်ကန်နေကြောင်း အဘယ်ကြောင့် မသိဘဲ နေမည်နည်း။ တားမြစ်ချက် ထားထားလျှင်ပင် ရေသဘာဝ ယင်အင်မော်တယ်မြို့ အနေနှင့် ယှဉ်ပြိုင်နိုင်စွမ်းမှာ သိပ်မမြင့်မားပေ။ အတော်သင့် ကောင်းသော ဆေးလုံးဘုရင်များကို တခြားမြို့များမှ ခေါ်ဆောင်သွားပြီ ဖြစ်ရာ သူတို့အနေဖြင့် သာမန်ထက် အောက်ကျသည့် ဆေးလုံးဘုရင်များကိုသာ ရွေးချယ် ရလိမ့်မည်။

ပုံမှန်အားဖြင့်  အဆင့်  ၄ သို့မဟုတ် အဆင့် ၅ ဆေးလုံးဘုရင်မှာ အံ့ဩဖွယ် ကောင်းသည်ဟု ယူဆ၍ ရသော်လည်း ဤပြိုင်ပွဲ၌  သူတို့က တခြား‌သော ဆေးလုံး ဆရာများကြား အားအနည်းဆုံး ဖြစ်နေပေသည်။

“ အစ်ကိုကြီးမိုကို ကျမ ယုံပါတယ်။  ဒီမှာ နေနေပါ့လား  ....  ကျမ အဖေနဲ့ စကား သွားပြောကြည့် လိုက်ဦးမယ်။ အချိန်ကျလာရင် အစ်ကိုကြီးမိုက ရေသဘာဝ ယင်အင်မော်တယ်မြိုကို ကိုယ်စားပြုပြီးတော့ ဝင်ပြိုင်ပေးပါ ”

ဝမ်လျန်ရှီးက နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချလိုက်တော့သည်။ သူမက အမှားတစ်ခါ ကျုးလွန်ပြီးသွားပြီ ဖြစ်၍ အကယ်၍ ကျောက်စိမ်းပြား ပြန်တောင်း၍ နောက်တစ်ကြိမ် အမှားကျူးလွန်မည်ဆိုလျှင်  နားလည်မှု လွဲမှားခြင်း မဟုတ်တော့ဘဲ သူမ၏ စရိုက်တွင် ပြဿနာ ရှိနေခြင်းသာ ဖြစ်ပေလိမ့်မည်။

သူမ ပြောချင်တာ ပြောလိုက်ပြီးနောက်  ဝမ်လျန်ရှီးက မိုဝူကျီကို ဦးညွတ်ကာ  ထွက်သွားလေ၏။

မိုဝူကျီက ဝမ်လျန်ရှီးကို တားကာ  “ ခဏ ... ကျုပ်တို့တွေ ဆက်သွယ်လို့ ရအောင် ...  ”

ဝမ်လျန်ရှီးက ‌ခေါင်းခါကာ  “

ကျမ အဖေက အတင်းကျပ် ပြောခိုင်းမှာ စိုးလို့ ဆက်သွယ်ဖို့ မယူတော့ဘူး .... အစ်ကိုကြီး မိုကို ကျေးဇူးတင်ပါတယ် ကျမ သွားလိုက်ပါဦးမယ် .... ”

ဝမ်လျန်ရှီး စိုးရိမ်မိသည်မှာ သူမ ဖခင်က  အတင်းကျပ် ဖိအားမပေးလျှင်ပင် သူမ၏ မိခင်က  သူမအား မိုဝူကျီအကြောင်း ပြောရန် ဘေးနားမှ တတွတ်တွတ် ပြောနေလိမ့်မည်။

ဝမ်လျန်ရှီး ထွက်သွားသည်ကို ကြည့်ပြီး မိုဝူကျီက သက်ပြင်း ချလိုက်တော့သည်။

သူက သူများတကာကို အသုံးချနေသော ကျီယွဲ့ကို အမှတ်ရမိလိုက်သည်။ ကျီယွဲ့ ဖြစ်ဖြစ် မုရုန်ရှန်းယွီ ဖြစ်ဖြစ် သူတို့စရိုက်မှာ ဝမ်လျန်ရှီးနှင့်  ယှဉ်နိုင်ဖွယ် မရှိပေ။

မိုဝူကျီက လင်းဂူဆီ လှမ်းအကြောင်းကြား ခါနီးတွင် လင်းဂူဆီမှ  သူ့အမှတ်အသားပြားကို မသုံးလိုက်ရဘဲ  ယွဲ့ကွေ့ တည်းခိုဆောင်၌  နေရာတွေ့လာကြောင်း သတင်း ရောက်လာသည်။ သူမက  သူ့အတွက် အခန်းတစ်ခန်း  ကြိုတင် မှာပေးထားသေး၏။

ရင်တောင်ကြား တည်းခိုဆောင်မှာ ယုံရင် အင်မော်တယ် နယ်မြေရှိ နံပါတ် တစ် တည်းခိုဆောင် ဖြစ်ပေသည်။ ယုံရင် အင်မော်တယ် နယ်မြေ၌ တည်နေရာအရ ဖြစ်စေ၊ အဆောက်အဦ၏ ခမ်းနားကြီးကျယ်မှု အရ ဖြစ်စေ ယုံရင် အင်မော်တယ် နယ်မြေတွင် နောက်ကောက် မကျပေ။

ရေ သဘာဝ ယင်အင်မော်တယ်မြို့မှာ အဆင့်နိမ့် အင်မော်တယ် မြို့လေးသာ ဖြစ်သော်လည်း မြိုစား ဝမ်ဟို့မှာ ရင်တောင်ကြား တည်းခိုဆောင်၌  နေရန် အရည်အချင်း ပြည့်မီသေး၏။

လတ်တလောတွင် ရင်တောင်ကြား တည်းခိုဆောင်၌  လေးလွှာရှိ အခန်းတစ်ခန်း အတွင်း ဝမ်လျန်ရှီးက ခေါင်းငိုက်စိုက် ချလျက်  ရပ်နေသည်။ ထိပ်ဆုံးတွင်  လူလေးယောက် ထိုင်နေကြပြီး  ရေသဘာဝ ယင်အင်မော်တယ် မြို့စား  ဝမ်ဟို့အပြင်  ရေသဘာဝ ယင်အင်မော်တယ် မြို့ကို  ကိုယ်စားပြု ယှဉ်ပြိုင်ပေးမည့်  အဆင့်  ၄ ဆေးလုံးဘုရင် တန်လျန့်လည်း ရောက်ရှိနေသည်။

တန်လျန့်မှာ အဆင့် ၄ ဆေးလုံး ဘုရင်မျှသာ ဖြစ်သော်လည်း သူက ရေသဘာဝယင် အင်မော်တယ် မြို့အတွက် ဆေးပညာ  အဆင့်မြင့်ဆုံး ကိုယ်စားပြု ဖြစ်ပေသည်။

အခြားနှစ်ယောက်ထဲ အနက် တစ်ယောက်မှာ အမူအယာ ကင်းမဲ့နေကာ  ဘာကိုမှ ဂရုစိုက်ဟန် မပေါ်ပေ။ နောက်ဆုံး တစ်ယောက်မှာ  သူ့ဘေးပတ်လည်၌  အထက်စီးဆန်သည့် အငွေ့အသက်များ ရှိနေပြီး ဝမ်လျန်ရှီးကို  မောက်မောက်မာမာ ကြည့်နေသည်။ ဝမ်လျန်ရှီး၏ မိခင်ပင် သူတို့နှင့် အဝေးတစ်နေရာ၌ ထိုင်နေရသည်။

“ လျန်ရှီး .... ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့က ဆေးလုံး ဘုရင်နှစ်ယောက်ကို နှုတ်ဆက်လိုက်ဦး ... ဆေးလုံးဘုရင် ကန်ကျီနဲ့  ဆေးလုံးဘုရင် တိပိုင်ရှန်းတို့ပဲ .... ” ဝမ်လျန်ရှီး အခန်းထဲ ဝင်လာသည်နှင့် ဝမ်ဟို့က  မြန်မြန် သတိပေးလိုက်သည်။

ဝမ်လျန်ရှီးက နာနာခံခံ ဦးညွတ်ကာ

“ ဝမ်လျန်ရှီးက ဆေးလုံးဘုရင်  ကန်ကျီနဲ့ ဆေးလုံးဘုရင် တိပိုင်ရှန်းတို့ကို နှုတ်ဆက် ပါတယ်ရှင့် ”

ကန်ကျီက  ဝမ်လျန်ရှီး၏ နှုတ်ဆက်စကားကို မကြားသဟန် ပြုမူနေပြီး တိပိုင်ရှန်းမှာ သူ့၏ မောက်မာသည့် ပုံစံကို ဆက်လက်ထိန်းသိမ်းထားပြီး  ခေါင်းတစ်ချက်သာ ညိတ်ပြလေ၏။

ဝမ်ဟို့က မြန်မြန် ပြောလိုက်၏

“ လျန်ရှီး  ဆေးပညာ ပြိုင်ပွဲအတွက် ကျောက်စိမ်းပြားကို မြန်မြန် ထုတ်ပေးလိုက်လေ ... ဆေးလုံးဘုရင် ကန်ကျီနဲ့ ဆေးလုံးဘုရင် တိပိုင်ရှန်းတို့က ဆေးလုံးတာအို အင်မော်တယ် မဟာမိတ် အဖွဲ့ရဲ့ အဆင့် ၅ ဆေးလုံးဘုရင်တွေပဲ။  အဖေတို့  ရေသဘာဝ ယင်အင်မော်တယ်မြို့က ကောင်းချီး ပေးခံရလို့   ဒီတစ်ခါ ပြိုင်ပွဲမှာ  အဖေတို့ကို ကိုယ်စားပြုပြီးတော့ ပါဝင် ယှဉ်ပြိုင်ပေးကြမှာ  ”

“ အဲဆို ဦးလေးတန်ကရော  ” ဝမ်လျန်ရှီးက  ကျောက်စိမ်းပြား ထုတ်မပေးနိုင်သည့် အကြောင်း မေ့လျော့သွားပြီး အရင်ဦးစွာ တန်လျန့်အကြောင်း စိုးရိမ်စွာ မေးလိုက်သည်။

တန်လျန့်က ရေသဘာဝ ယင်အင်မော်တယ် မြို့ကို အားလုံး ပေးအပ်ထားရာ   ဦးလေးတန်ထက်  ပိုစွမ်းဆောင်ရည် ကောင်းတဲ့သူကို တွေ့တာနဲ့ ဘေးဖယ် လိုက်ခြင်းက အတော်လေး ရက်စက်လွန်းရာ မကျရောက်နေဘူးလား .....

တန်လျန့်က  ဝမ်လျန်ရှီးက သူ့အကြောင်း စိုးရိမ်ပေးနေသည်ကို တွေ့သောအခါ ရယ်မောလိုက်ရင်း

“ လျန်ရှီး  .... ငါ့ကို  စိတ်ပူမနေနဲ့ ... ငါတို့ ရေသဘာဝ ယင်အင်မော်တယ် မြို့အတွက် ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့က ဆေးလုံးဘုရင် နှစ်ယောက် ရလာတာကိုပဲ  ဝမ်းသာမိတယ် ”

ဝမ်ဟို့က ခေါင်းညိတ်ကာ   “ လျန်ရှီး  ... သမီး အဲဒါတွေကို စိတ်မပူနေနဲ့  ... ကျောက်စိမ်းပြားပဲ   ထုတ်ပေးလိုက်ပါ ”

“ ဖေဖေ  သမီး တောင်းပန်ပါတယ်  ... ကျောက်စိမ်းပြားကို ပြန်ယူလို့ မရတော့ဘူး  ”

ဝမ်ဟို့က ထိုအကြောင်း ကြားသောအခါ သူ့အမူအရာမှာ လေးနက်သွားလေ၏။ သူမကို ကျောက်စိမ်းပြား ပေးလိုက်သည့် အကြောင်းအရင်းမှာ သူ့သမီးကို အရမ်း ချစ်မြတ်နိုးပြီး တန်လျန့်ထက် ပိုကောင်းသည့် ဆေးလုံးဆရာ ရှာတွေ့ဖို့ရာ မဖြစ်နိုင်မှန်း သူ့သမီးက သိနေ၍ ဖြစ်သည်။  အကယ်၍ တန်လျန့်က ထိပ်ဆုံးအယောက်  ၅၀ ထဲ မပါလျှင်  ဝမ်လျန်ရှီး ရှာတွေ့သည့်  ကြုံရာကျပန်း ဆေးလုံးဆရာက မည်သို့များ လုပ်နိုင်မည်နည်း။

ယခု ရေသဘာဝ ယင်အင်မော်တယ် မြို့တွင် မျှော်လင့်ချက် အလင်းရောင်လေး ရှိလာပြီ ဖြစ်ရာ သူ့သမီးကို ကျောက်စိမ်းပြား အလွယ်လေး ပေးပစ်ခွင့် မည်သို့ ခွင့်ပြုနိုင်မည်နည်း။  ထို့အပြင် သူ့ဘေးမှ လူနှစ်ယောက်ကို မည်သို့များ ရန်စနိုင်မည်နည်း။

“ လျန်ရှီး ... သမီး နားလည်ရမယ်လေ .. ကျောက်စိမ်းပြားကို မြန်မြန် ပေးလိုက်ပါကွယ်  ” ဝမ်လျန်ရှီး၏ မိခင်ဖြစ်သူ  ယန်ချန်လင်က ဝင်မပြောဘဲ မနေနိုင်တော့‌ချေ။

ဝမ်လျန်ရှီးက သူမ ခေါင်းကို မော့ကာ လေးလေးနက်နက် ပြောလိုက်သည်

“ ဖေဖေ မေမေ .... သမီးက ကျောက်စိမ်းပြားကို ပြန်ယူလို့ မရတော့ဘူး။ သမီးတို့ ရေသဘာဝ ယင်အင်မော်တယ်မြို့ ကိုယ်စားပြု ဝင်ပြိုင်ပေးမဲ့ ဆေးလုံးဆရာကို ပေးလိုက်ပြီ။

သမီး ပြန်လာတုန်းက    သူ့ဆီက ဆက်သွယ်‌ရေး ပုတီးစေ့ တောင်းဖို့ မေ့လာတာဆိုတော့ အခု သူ ဘယ်မှာလဲ ဆိုတာ သမီးလည်း မသိဘူး ”

ဝမ်လျန်ရှီးက ထိုအရာကို ပြောလိုက်သည့် အခါ အခန်းအတွင်းရှိ တချို့လူများက အချင်းချင်း အကြည့် ဖလှယ် လိုက်ကြသည်။

မထုံတတ်ထေး ကန်ကျီက နောက်ဆုံးတွင် မျက်လုံးများ ဖွင့်ကာ မသာအယာ ပြောလိုက်သည်။

“ ရေသဘာဝ ယင်အင်မော်တယ်မြို့မှာ  ကိုယ်စားပြု ယှဉ်ပြိုင်ခိုင်းဖို့ လူရှိပြီ ဆိုတော့လည်း  ကျုပ်တို့ကို မလိုအပ်လောက် တော့ပါဘူး။ ကျုပ်တိုတွေ သွားလိုက်ပါဦးမယ် ”

သူက ပြောလိုက်ပြီးနောက် ကန်ကျီက မတ်တတ်ရပ်ကာ  တိပိုင်ရှန်းလည်း နောက်မှ ထိုအတိုင်း  ပြုမူလိုက်သည်။

“ ဆေးလုံးဘုရင်တို့ ခဏလောက် နေပါဦး ... ကျုပ် ကျောက်စိမ်းပြားကို သေချာ ပြန်ရှာပေးပြီးတော့  လက်ထဲအရောက် ပို့ဆောင်ပေးပါ့မယ် ” ဝမ်ဟို့က  စိုးရိမ်တကြီး ပြောလိုက်သည်။

“ ဒီလိုဆိုမှတော့  မြို့စားဝမ် ကျောက်စိမ်းပြားတွေ့မှပဲ ကျုပ်တို့ကို လာရှာလှည့်ပါ ” ကန်ကျီနှင့် တိပိုင်ရှန်းတို့က ဝမ်ဟို့ကို ဆက်၍ ဂရုမစိုက်တော့ဘဲ  အခန်းမှ ထွက်သွား ကြတော့သည်။

“လျန်ရှီး .... သမီးတော့ ပြဿနာ အကြီးကြီး ရှာမိပြီ ”

ဆေးလုံးဘုရင်နှစ်ယောက် ထွက်သွားသည်နှင့်  ယန်ချန်လင်က သက်ပြင်းချကာ ပြောလိုက်သည်။ သူမ၏ အလိမ္မာတုန်းလေး  သမီးဖြစ်သူက ဤသို့ အဘယ်ကြောင့် လုပ်မှန်း နားမလည်နိုင်ပေ။

“ ဖေဖေ မေမေ .... ယုံရင် အင်မော်တယ် နယ်မြေရဲ့ ဆေးပညာပြိုင်ပွဲက တားမြစ်ချက်တွေ ဖယ်ရှားပစ်လိုက်ပြီဆိုတော့  ဆေးလုံးဘုရင် ကန်ကျီနဲ့ ဆေးလုံးဘုရင် တိပိုင်ရှန်းတို့တောင် မလုပ် .....”

ဝမ်လျန်ရှီးက ကြင်နာတတ်သည့် သဘောသဘာဝ ရှိသူ  ဖြစ်၍  သူတို့ကို ကိုယ်စားပြု ယှဉ်ပြိုင်ပေးလျှင်ပင် နေရာရလိမ့်မည် မဟုတ်ကြောင်း မပြောလိုက်ခြင်း ဖြစ်၏။

ဝမ်ဟို့ မျက်နှာမှာ  တည်နေဆဲ ဖြစ်ကာ ဝမ်လျန်ရှီး ပြောသည်များကို အာရုံမရှိချေ။

ယန်ချန်လင်က နောက်တစ်ဖန် သက်ပြင်းချကာ

“ လျန်ရှီး  ... သမီး   ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့က ဆေးလုံး ဘုရင်နှစ်ယောက်ရဲ့ အကူအညီကို ငြင်းလိုက်တဲ့  အကျိုးဆက်က ဘယ်လောက် ပြင်းထန်လဲ ဆိုတာရော သိထားရဲ့လား ”

ဝမ်လျန်ရှီး၏ စိတ်မှာ လေးလံလာပြီး  ထိုနှစ်ယောက်မှာ  ဆေးလုံး တာအိုအင်မော်တယ် မဟာမိတ်အဖွဲ့မှ ဖြစ်ကြောင်း မေ့လျော့သွားခဲ့သည်။ ယုံရင်အင်မော်တယ် နယ်မြေ၏ အရှင်သခင်ပင် ဆေးလုံး တာအို အင်မော်တယ် မဟာမိတ်အဖွဲ့မှ ဆေးလုံးဘုရင်များကို လေးစားမှု ရှိရလေ၏။ ယခု  သူမက ကျောက်စိမ်းပြားမှာ မရှိတော့ကြောင်း ပြောလိုက်သောကြောင့် ရေ သဘာဝ ယင်အင်မော်တယ် မြို့က သူတို့ကို လာရှုပ်နေသည်ဟု တွေးမိလောက်ကြသည်။

ရေသဘာဝ ယင်အင်မော်တယ်မြို့တွင် ဒုက္ခများ၊ ပြဿနာများ ပြည့်နေသည့် အချိန် သူမက  အရေးပါသည့် ပုဂ္ဂိုလ်နှစ်ယောက်ကို စိတ်အနှောင့်ယှက်ပေးခဲ့မိသည်။

***

All Chapters