← Chapters

ငါးဟင်းပွဲတော်

Vol. 12 Ch. 167

ငါးဟင်းပွဲတော်

Vol. 12 Ch. 167

“ဟုတ်ကဲ့ပါ ဆရာ” လီရှုက ပြင်ဆင်ရန် ဆေးဖော်ခန်းထဲမှ ထွက်ခွာသွားသည်။

ယဲ့ချန်ကလည်း အိုး၊ ခွက်များ အစရှိသဖြင့် ထုတ်လိုက်၏။ သူ တစ်ခါမှ ဆေး‌ဖော်ခန်းထဲတွင် ငါးဟင်းမချက်ဖူးချေ။ ခရမ်းရွှေနတ်ငါးကို ငါးစွပ်ပြုတ်ချက်လိုက်ခြင်းက ဖြုန်းတီးရာ‌ရောက်သော်လည်း အရေးမကြီး။ သူ၏ခွန်အားကို အမြန်ဆုံးမြှင့်တင်ဖို့က အဓိကပင်။ ခွန်အားကြီးလာပါက ခရမ်းရွှေနတ်ငါးထက် သာလွန်ကောင်းမွန်သော မှော်ပစ္စည်းများ ရှာဖွေတွေ့ရှိနိုင်ပေလိမ့်မည်။

တခဏကြာသော် အခန်းအပြင်၌ လူခုနစ်ယောက် ရောက်ရှိလာကြောင့် ဝိညာဉ်အသိအမြင်မှတစ်ဆင့် ယဲ့ချန် သိလိုက်ရ၏။ သူတို့ကား မြေဝိဇ္ဇာအဆင့် တိုက်ခိုက်သူခုနစ်ယောက်ဖြစ်ချေသည်။ သုံးယောက်က ဆရာရွှမ်းယီနှင့်တန်းတူ မြေဝိဇ္ဇာအထွတ်အထိပ်အဆင့်များ ဖြစ်ကြ၏။

မြေဝိဇ္ဇာအထွတ်အထိပ်အဆင့် တိုက်ခိုက်သူသုံးယောက်မှာ ကောင်းကင်ဝိဇ္ဇာစဦးပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်အတွက်ပင်လျှင် လျှော့မတွက်သင့်သော အားတစ်ရပ် ဖြစ်ချေသည်။

ဆရာရွှမ်းယီနှင့်လီရှုမှာ ခရမ်းရွှေနတ်ငါးနှင့် ပက်သက်သမျှ အချက်အလက်များကို စာအုပ်ပုံကြီးထဲတွင် လှန်လှောရှာရင်း အလုပ်များနေကြ၏။ ဆေးလုံးဖော်စပ်မသန့်စင်မီ ပထမဆုံးအနေဖြင့် အကြောင်းအရာများကို နှံ့နှံ့စပ်စပ် ရှာဖွေကာ ဆေးပင်များ စုဆောင်းရပေမည်။

ဆရာရွှမ်းယီနှင့်လီရှု အလုပ်ကြိုးစားနေသည်ကို မြင်သောအခါ ယဲ့ချန်ကလည်း အားကျမခံပေ။ သူက ကြက်သွန်မြိတ်၊ သစ်ကြမ်းပိုးခေါက်၊ စမုန်နက် အစရှိသည့် ဟင်းခတ်များကို ရှာဖွေစုဆောင်း၏။ သူဖမ်းမိသော ငါးများအားလုံးဖြင့်ဆိုလျှင် စားပွဲတော်ကြီးတည်နိုင်သည်။ အိုး၊ ခွက်၊ ပန်းကန်များကလည်း အဆင့်သင့်ဖြစ်ချေပြီ။ အခြားအရာအားလုံးထက် ဆေးဖော်ခန်းထဲတွင် မီးမွှေးရသည်မှာ အလွယ်ကူဆုံးပင်။

ယဲ့ချန်တစ်ယောက် အိုး၊ ခွက်များကို ဘေးတွင်ချလျက် မီးမွှေးရန်ပြင်ဆင်နေသည်ကို မြင်သောအခါ ဆရာရွှမ်းယီက မေး၏။ “ယဲ့ချန် မင်း ခရမ်းရွှေနတ်ငါးရဲ့ ကျန်တဲ့အတုံးနှစ်တုံးကို ချက်စားမလို့လား”

“ဟုတ်တယ် ဆရာ။ ဒီငါးက အရသာရှိမယ့်ပုံပဲ။ ခဏနေရင် အတူစားဖို့ ဆရာနဲ့အစ်ကိုလီကို ကျွန်‌တော်လှမ်းခေါ်ပါ့မယ်” ယဲ့ချန်က ယောက်ချိုတစ်ခုကိုကိုင်ကာ ပြုံးပြသည်။

ခရမ်းရွှေနတ်ငါးကို ချက်စားခြင်းက ကမ္ဘာမြေကြီး၏ အဖိုးတန်သယံဇာတများကို ဖြုန်းတီးနေ‌ခြင်းပင်။ ဆေးလုံးအဖြစ်သာ သန့်စင်လိုက်ပါက ၎င်း၏အကျိုးသက်ရောက်မှုသည် အဆပေါင်းများစွာ ခုန်တက်သွားပေလိမ့်မည်။ ဆရာရွှမ်းယီက ခေါင်းခါရမ်းကာ သက်ပြင်းချလိုက်၏။

“ဆရာက နှမြောနေတာလားဗျ” ယဲ့ချန်က ခပ်ဟဟ ရယ်သည်။

“အေးကွာ။ ဒီငါးက ဆေးဝါးပညာအတွက် အဖိုးတန်ရတနာတစ်ခုပဲ။ သူ့အသားကို ဆေးလုံးအဖြစ် သန့်စင်လိုက်ရင် ဆေးဝါးပညာရှင်တစ်ယောက် အဆင့်တက်သွားလိမ့်မယ်” ဆရာရွှမ်းယီမှာ အပေါ်ယံပကာသနကြွယ်ဝမှုများကို စိတ်မ၀င်စားသော်လည်း ဆေးဝါးပညာကိုတော့ အင်မတန် စွဲမက်ချေသည်။

“ဆရာက ရိုးရိုးလေးကို ကျော်ကြည့်နေတာကို။ ဒီငါးက ဆေးဝါးပညာရဲ့ရတနာတစ်ပါးဆိုပေမယ့် လူတစ်ယောက်ရဲ့၀မ်းစာကို ဖြည့်ပေးမယ့် ငါးတစ်ကောင်ပဲလေ။ သေချာကြည့်ရင် ငါးတစ်‌ကောင်အပြင် မပိုပါဘူး။ သဘာ၀တရားကြီးအတိုင်း သူ့ရဲ့အသုံး၀င်ပုံကို ကြည့်လိုက်မယ်ဆိုရင် ဆရာ ဆေးဝါးပညာကိုတောင် စဉ်းစားနေမိမှာမဟုတ်ဘူး” ယဲ့ချန်က ရယ်သည်။ သူ၏တာအိုအောင်မြင်မှုအဆင့်ကြောင့် ဤသို့ နားလည်သဘောပေါက်ခဲ့ခြင်း ဖြစ်သည်။

ဆရာရွှမ်းယီမှာ ယဲ့ချန်ကို ကြောင်အစွာ ကြည့်နေမိ၏။ အချိန်‌အတော်ကြာပြီးနောက် သူက ခေါင်းညိတ်လိုက်သည်။ “ငါ နားလည်ပြီ” ယဲ့ချန်မှာ ငယ်ရွယ်သော်လည်း ဆရာရွှမ်းယီထက်ပင် ထိုးဖောက်သိမြင်နိုင်စွမ်း မြင့်မား၏။

ယဲ့ချန်က ယောက်ချိုနှင့်ယောက်မကိုကိုင်ကာ စတင် ချက်ပြုတ်တော့၏။ ရှောင်ရိက သွား‌ရည်တမြားမြားကျရင်း ဘေးမှ စိတ်မရှည်စွာ စောင့်နေချေသည်။

ဆရာရွှမ်းယီသည် ယဲ့ချန်ဆီမှ အကြည့်လွှဲကာ ဘေးရှိ လီရှုကို ကြည့်၏။ ထို့နောက် သူက ခပ်ဖွဖွ ပြုံးကာ ပြောလေသည်။ “ငါ အစွဲကြီးနေမိတာပဲ။ ဒီကောင်လေးက အသိအမြင်စူးရှပြီး ပေါ့ပါးအေးဆေးတယ်။ သိုင်းပညာခရီးလမ်းမှာ ထွန်းလင်းတောက်ပပြီး မင်ဝူကို ကျော်တက်နိုင်တဲ့လူတစ်ယောက် ဖြစ်လာမှာ သေချာတယ်”

အသက် ၄၀ ကျော်တွင် ကောင်းကင်ဝိဇ္ဇာအဆင့်သို့ တက်ရောက်နိုင်ခဲ့သည့် ဧကရာဇ်မင်ဝူသည် ဆရာရွှမ်းယီ၏အမြင်တွင် အတော်အသင့်အရည်အချင်းရှိသော ဉာဏ်ကြီးရှင်တစ်ဦး ဖြစ်ချေသည်။ အရှေ့ကုန်းမြေတစ်လုံးကိုပင် ထည့်တွက်နိုင်၏။ သို့သော် ယဲ့ချန်သည် ဧကရာဇ်မင်ဝူကို အခြေခံ၍ ရည်မှန်းချက်မထားချေ။  သူ၏ပန်းတိုင်ကား ထန်ထိုက်လင်ကဲ့သို့ အင်အားကြီးသူတစ်ယောက် ဖြစ်လာရန်ပင်။

လီရှုက နားထောင်၍ ပြုံး၏။ ယဲ့ချန်ကို စမ်းသပ်ချိန် စားပွဲပေါ်ရှိ အသက်၀င်လှသော နဂါးပုံတူများကို မြင်ပြီးကတည်းက မှန်းဆပြီးဖြစ်ချေသည်။

“ရှောင်ရိ မင်းက အစားကြီးလွန်းတယ်။ ဒီငါးက မင်းတစ်ယောက်တည်းအတွက် မလောက်,လောက်ဘူး။ အ၀စားမပစ်နဲ့နော်။ တခြားသူတွေလည်း စားချင်မှာပေါ့” ရှောင်ရိမှာ အတန်ငယ် တိတ်ဆိတ်နေသဖြင့် ယဲ့ချန်က ပြောသည်။

“အင်း...အင်း နားလည်ပါတယ်” ရှောင်ရိက လိမ္မာသည့်ပုံလေးဖြင့် ချက်ချင်း ခေါင်း တဆတ်ဆတ် ညိတ်၏။

“အရင်ဆုံး ‌သိုးခြေထောက်ကို အဆာပြေ စားထားလိုက်” ဤငနဲလေး သူ့ကိုယ်သူ မထိန်းချုပ်နိုင်မည်ကို ယဲ့ချန် စိုးရိမ်နေမိသည်။ သို့သော် ရှောင်ရိသည် သိုးခြေထောက် ဘယ်လောက်များများ စားထားစေကာမူ ‌ငါးစွပ်ပြုတ် ဆယ်အိုးခန့် အသာလေး သောက်နိုင်ကြောင်း ယဲ့ချန် ကောင်းကောင်းသိ၏။

ရှောင်ရိက ခေါင်းညိတ်ပြီး ဘေးတစ်ဖက်သို့လျှောက်သွားကာ သိုးခြေထောက်ကို ဝါးနေသည်။ တခဏအတွင်း သိုးခြေထောက် ဆယ်ချောင်းကုန်သွားလေပြီ။

ရှောင်ရိ၏စားသောက်ပုံက ဆရာရွှမ်းယီနှင့်လီရှုကို အံ့အားသင့်သွားစေသည်။ ရှောင်ရိတစ်ယောက် သဘာ၀အတိုင်း အင်အားကြီးနေရသည့်အကြောင်းအရင်းကို ‌သဘောပေါက်သွားလေပြီ။ သူကား တော်တော်လေး စားနိုင်ပေသည်မဟုတ်ပါလော။

ဆရာရွှမ်းယီနှင့်လီရှုက ဆေးပင်အမျိုးအစားအချို့ကို ‌ဗီဒိုများထဲတွင် လှန်လှောရှာဖွေနေကြသည်။

“ငါတို့ ဘာတွေလိုနေတာလဲ လီရှု” ဆရာရွှမ်းယီက ‌‌ဆေးဝါးပညာစာအုပ်မှ အကြည့်လွှဲကာ လီရှုကို မေးမြန်း၏။

“အများကြီးလိုနေသေးတယ် ဆရာ။ ဒါ‌ဇင်ကျော်လောက် ရှိတယ်။ ဥပမာ -‌ ဝေဟင်မီးပွားဆေးပင်တို့ ဝိညာဉ်ရပ်ဆိုင်းဆေးပင်တို့ပေါ့။ အဲ့ဒီဆေးပင်အမျိုးအစားတွေက မတရားရှားလွန်းတယ်။ အကုန်စုံဖို့ဆိုရင် ရက်နည်းနည်းလောက် ကြာဦးမယ်ထင်တယ်” လီရှုက စိတ်ဖိစီးစွာ ပြောသည်။

ဆရာရွှမ်းယီ၏မျက်ခုံးများ အနည်းငယ်တွန့်ချိုးသွား၏။ “ငါတို့မှာ အချိန်မရှိဘူး။ အစားထိုးလို့ရတဲ့ ဆေးပင်များ ရှိမလား ရှာကြည့်စမ်း”

ဆရာရွှမ်းယီနှင့်လီရှု စကားပြောနေစဉ် ယဲ့ချန်က ဓားမတစ်‌ချောင်းကို ကိုင်၍ လျှောက်လာကာ မေး၏။ “ဆရာ၊ စီနီယာအစ်ကိုလီ ဘာဖြစ်လို့လဲဗျ။ ပြဿနာများ ရှိလို့လား’

“တချို့ ဆေးပင်အမျိုးအစားတွေက ငါတို့ဆီမှာ မရှိတော့ အပြင်မှာ ထွက်ရှာရလိမ့်မယ်။ အခု အစားထိုးလို့ရတာများရှိမလား ကြည့်နေတာ” လီရှုက စာရွက်များကို လှန်လိုက်သည်။ “ဒီအမျိုးအစားတွေက အတော်လေး ရှားတယ်။ ဗဟိုအင်ပါယာရဲ့ လေလံအိမ်တွေအထိတောင် သွားရှာရမယ်ထင်တယ်”

“ဘာဆေးပင်တွေလဲ ကျွန်တော့်ကို ပြောပြပါလား” ယဲ့ချန်က ပြောသည်။

“ဥပမာပြောရရင် ဝေဟင်မီးပွားဆေးပင်ပေါ့။ ရှီဝူအင်ပါယာထဲမှာ ဒီဆေးပင် မရှိလောက်ဘူး” ဆရာရွှမ်းယီက တစ်ဖက်သို့ မျက်နှာလွှဲ၍ သက်ပြင်းချလိုက်သည်။ “အစားထိုးဆေးပင်များရှိမလားလို့ ဆေးပင်ဂုဏ်သတ္တိတွေကို အခု စဉ်းစားနေတာ”

“ဝေဟင်မီးပွားဆေးပင်လား” ယဲ့ချန်၏အသိစိတ်သည် လက်မောင်းကာနေရာလွတ်အတွင်း ရောက်ရှိသွား၏။ မကြာမီ အနီရောင်ရိုးတံနှင့်ဆေးပင်အချို့က သူ့လက်ထဲတွင် ပေါ်လာသည်။ သူက ဆရာရွှမ်းယီကို ကြည့်လိုက်၏။ “ဒီဟာလား ဆရာ”

ယဲ့ချန်၏လက်ဝါးကို ကြည့်လိုက်သော ဆရာရွှမ်းယီ၏မျက်လုံးများမှာ တောက်ပလာ၏။ သူက အံ့ဩစွာဖြင့် မေးချေသည်။ “မင်း ဘယ်လိုလုပ်ရတာလဲ”

“ကျွန်တော့်ရဲ့ ကောင်းကင်ပထဝီအိတ်ထဲ ရှာကြည့်လိုက်တာလေ” ယဲ့ချန်က ရယ်ရင်း အနီရောင်ဝေဟင်မီးပွားဆေးပင်အချို့ကို ဆရာရွှမ်းယီအား ပေးလိုက်၏။

“နှစ်ပင်ဆို လုံလောက်ပြီ။ ကျန်တာကို သိမ်းထားလိုက်” ဆရာရွှမ်းယီက ပြောရင်း ဆေးပင်နှစ်ပင်ကို ယူလိုက်သည်။ ဤဝေဟင်‌မီးပွားဆေးပင်မှာ အတော်အသင့် တန်ဖိုးကြီး၏။ မှန်ပါသည်။ ခရမ်းရွှေနတ်ငါးနှင့်တော့ မယှဉ်နိုင်ချေ။

“ပြီးတော့ ဝိညာဉ်ရပ်ဆိုင်းဆေးပင်” လီရှုက ဆေးဝါးစာအုပ်ကို ကြည့်ရင်း ပြော၏။ “ဒီဆေးပင်က ဝိညာဉ်နှလုံးသားဆေးပင်နဲ့ အစားထိုးလို့ရလောက်တယ်။ ဂုဏ်သတ္တိက သိပ်မကွာဘူး”

“ဝိညာဉ်ရပ်ဆိုင်းဆေးပင်က  ဒီဟာလားဗျ” မည်းနက်နေ‌သော ဆေးပင်အချို့က ယဲ့ချန်၏လက်ထဲတွင် ပေါ်လာ၏။

ယဲ့ချန်၏လက်ထဲရှိ ဆေးပင်များကို မြင်သောအခါ ဆရာရွှမ်းယီနှင့်လီရှုတို့က သူ့အား မယုံသင်္ကာစွာ ကြည့်လိုက်ကြသည်။ ဝေဟင်မီးပွားဆေးပင်နှင့် ဝိညာဉ်ရပ်ဆိုင်းဆေးပင်မှာ အလွန့်အလွန်ရှားပါးချေသည်။ ရွှမ်းအဆောာင်တော်၌ ဆေးပင်အမျိုးအစား ထောင်သောင်းချီလျက် ရှိသော်လည်း ၎င်းနှစ်ခုတော့ မရှိချေ။ ယဲ့ချန်‌တွင်တော့ ရှိနေသည်။ သူ့တွင် ဆေးပင်တစ်မျိုးတည်းသာ ရှိနေပါက မထူးဆန်းသော်လည်း နှစ်မျိုးလုံးရှိနေ၏။ ယဲ့ချန်တစ်ယောက် ရတနာသိုက်ကြီးဖြင့် လျှောက်သွားနေသည်လော။

ဆရာရွှမ်းယီနှင့် လီရှုတို့၏ မျက်နှာအမူအရာကြောင့် ယဲ့ချန်မှာ အနေခက်စွာဖြင့် ခေါင်းကုတ်ကာ ရယ်လိုက်၏။ “ဒီအတိုင်း ကြက်ကန်းဆန်အိုးတိုးပြီး ရှိနေတာပါ”

“ဒါလည်း နှစ်ပင်ဆိုလုံလောက်တယ်” ဆရာရွှမ်းယီက ပြော၍ ဝိညာဉ်ရပ်ဆိုင်းဆေးပင်ကို ယူလိုက်သည်။

“သိမ်းငှက်တောင်ပံဆေးပင်”

“ရှိတယ်”

“ကျောက်စိမ်းပန်းဆေးပင်”

“အဲ့ဒါလည်း ရှိတယ်”

“ယန်နီဆေးပင်”

“အဟွတ်...အဟွတ် ...အဲ့ဒါလည်း ရှိတယ်ဗျ....” ယဲ့ချန်က ရှက်ကိုးရှက်ကန်းဖြင့် ပြော၏။ ‌လက်မောင်းကာနေရာလွတ်ထဲတွင် ၎င်းဆေးပင်အားလုံး ရှိနေချေသည်။ တစ်ပင်၊နှစ်ပင်တည်းမဟုတ် အပုံလိုက်ရှိနေခြင်းပင်။ ဆန့်ကျင်ဘက်အနေဖြင့် လက်မောင်းကာ၏ပိုင်ရှင်သည် ‌တန်ဖိုးနည်းဆေးပင် တစ်ပင်တစ်လေကိုမှ မစုဆောင်းခဲ့ချေ။

ယခုလောလောဆယ်တွင် ဆရာရွှမ်းယီနှင့် လီရှုမှာ ကြက်သေသေနေ၏။ ခရမ်းရွှေနတ်ငါးကို ဆေးလုံးအဖြစ် ဖော်စပ်ရန် လိုအပ်သည့် ပါ၀င်ပစ္စည်းမှန်သမျှ ယဲ့ချန်၌ ရှိပေသည်။ ယဲ့ချန်၌ ဆေးပင်အမျိုးအစားမည်မျှ ရှိသလဲ သိချင်မိသော်လည်း မမေးဖြစ်ကြ။  အခြားသူများ၏လျှို့ဝှက်များကို စပ်စုမေးမြန်းခြင်းက ကောင်းသည့်အရာမဟုတ်ပေ။

တခဏအတွင်း ဆေးပင်အားလုံး စုံလင်သွားလေပြီ။ ဆရာရွှမ်းယီနှင့်လီရှုက ဆေးပင်များနှင့်ငါးအသားတုံးများကို စတင်ပြင်ဆင်တော့သည်။ ဆေးလုံးဖော်စပ်သန့်စင်ခြင်းမှာ ရှုပ်ထွေးနက်နဲသော လုပ်ငန်းစဉ်တစ်ခုဖြစ်၏။ ဆေးပင်အရောအနှောကို ပြင်ဆင်ရန်ပင် နာရီပေါင်းများစွာကြာ‌ပေသည်။ ထို့နောက် ဆေးလုံး‌ဖော်စပ်သန့်စင်ခြင်းကလည်း ရက်သတ္တပတ်အနည်းငယ် ကြာပေလိမ့်မည်။

ကံကောင်းထောက်မစွာဖြင့် မီးပြင်းဖိုများကို အမြဲတစေ စောင့်ကြည့်နေစရာမလိုချေ။ မီးလျှံထိန်းချုပ်ခြင်းက အသင့်အတင့်အနေအထားတွင် ရှိနေသရွေ့ အခြားကိစ္စများကို လုပ်ဆောင်နိုင်၏။

သာမန်ဆေးဝါးပညာရပ်များသည် အချိန်များစွာ ပေးရသော်လည်း ရှေးဟောင်းဆေးဝါးပညာရပ်များကတော့ အချိန်ကို သိသိသာသာ လျှော့ချပေးနိုင်သည်။ ယဲ့ချန်သည် လက်မောင်း‌နေရာလွတ်ထဲတွင် ငါးကိုသန့်စင်ရန် စိတ်ကူးရှိခဲ့သော်လည်း စိတ်ပြောင်းခဲ့၏။ ယဲ့ချန်သည် ‌စဦးဆေးဝါးပညာရှင်တစ်ယောက်နှင့်ပင် မယှဉ်နိုင်သော မတောက်တခေါက်ဆေးဝါးပညာရှင်တစ်ယောက် ဖြစ်ချေသည်။ သူ့တွင် အဆင့်မြင့်ဆေးလုံးများကို ဖော်စပ်သန့်စင်နိုင်စွမ်း မရှိနိုင်ချေ။ ထိုအစား ငါးအသားပိုင်းအချို့ကိုသာ သိမ်းထားနိုင်ချေသည်။ နောင်တစ်ချိန် ရှေးဟောင်း‌ဆေးဝါးပညာ၌ ပိုမိုကျွမ်းကျင်လာသောအခါတွင်မှ ဆေးလုံးများဖော်စပ်သန့်စင်၍ ရပေသည်။

နှစ်နာရီကြာသော် ယဲ့ချန်၏ငါးဟင်းလျာများမှာ အဆင်သင့်‌ဖြစ်နေလေပြီ။ ခရမ်းရွှေနတ်ငါးဖြင့် ချက်ထားသော ငါးခေါင်းစွပ်ပြုတ်၊ ရွှေသံချပ်ငါးနှပ်၊ တောင်ပံနီဖားလောင်းငါးကျော် အစရှိသဖြင့် စုံလင်လှ၏။ သူသည် ငါးအသားလွှာများနှင့် တို့၍စားနိုင်သော စွပ်ပြုတ်အဖြူထည်ကိုပင် ချက်ထားလေသည်။ ဟင်းပွဲများမှာ ဆယ်ပွဲထက်မနည်းချေ။

“ဆရာ၊ အစ်ကိုလီ ဟင်းတွေ ကျက်ပြီဗျ။ ခဏနားပြီး ကျွန်တော့်လက်ရာ ငါးဟင်းပွဲတော်ကို စားကြရအောင်” အစားကြီးရှောင်ရိ‌တစ်ယောက် အကုန်စားမသွားစေရန် ယဲ့ချန်က ဟင်းပွဲများကို ချက်ပြီးသည်နှင့် ‌လက်မောင်းကာနေရာလွတ်ထဲ ထည့်ထားခဲ့သည်။ အားလုံးအဆင့်သင့်ဖြစ်ပြီးမှသာ နေရာချ တည်ခင်းခဲ့၏။

လေး‌ထောင့်ပုံစားပွဲတွင် ဆယ်ပွဲထက်မနည်းသော ဟင်းပွဲများကို စီရီထားလေသည်။ ၎င်းတို့က မွှေးပျံ့နေပြီး စားချင်စဖွယ် ပုံစံများရှိရာ မြင်သူတိုင်းကို သွားရည်တမြားမြား ကျနိုင်စေ၏။

ဆရာရွှမ်းယီနှင့်လီရှုတို့က ခမ်းလှမ်းလှမ်းမှ အနံ့ရမိသဖြင့် တခဏ တွ့န်ဆုတ်နေကြပြီးနောက် လျှောက်လာကြသည်။

“ဆရာ၊ အစ်ကိုလီ လာပြီး စားကြည့်ပါဦး။ ဒီတစ်ခါမစားရင် နောက်တစ်ခါ ဒီလိုဟင်းပွဲမျိုး စားရဖို့ မလွယ်ဘူးနော်” ယဲ့ချန်က တဟားဟား ရယ်၏။

‌အ‌မွှေးပွလေးက ယဲ့ချန်ဘေးရှိ စားပွဲထောင့်ပေါ် လွှားခနဲ ခုန်တက်၍ တောင်ပံနီဖားလောင်းငါးတစ်ကောင်ကို စတင်စားတော့သည်။

ယဲ့ချန်က လူတိုင်းအတွက် ခရမ်းရွှေနတ်ငါးစွပ်ပြုတ် တစ်ပန်းကန်စီထည့်ပေးပြီးနောက် စတင်စားသောက်တော့၏။ ရှောင်ရိလေးမှာ ကိုယ်ကိုကိုယ် မထိန်းနိုင်ချေ။ သူက ခေါင်းပင်မဖော်ဘဲ သူဖမ်းမိခဲ့သည့် ရွှေသံချပ်ငါးကို အငမ်းမရ စားနေသည်။ ငါးများကို အရိုးမနွှင်ထားချေ။ ယင်းငါးများမှာ စိတ်ုဝိညာဉ်သတ္တဝါများ ဖြစ်ကြသဖြင့် အရိုးများက မာကျောပြီး ချွန်မြနေချေသည်။ ရှောင်ရိပင်လျှင် အရိုးမစူးအောင် သတိထား၍ စားရ၏။ ငါးဟင်းများမှာ အရသာရှိလွန်းလှသည်။ ယဲ့ချန်၏အချက်အပြုတ်စွမ်းရည်နှင့် ပေါင်းစပ်သွားသောအခါ ဆွေမျိုးမေ့ဟင်းလျာများအလားပင်။ ရှောင်ရိမှာ ကိုယ့်လျှာကိုပင် မြိုချတော့မည့်အလား အငမ်းမရ စားနေ၏။

ဆရာရွှမ်းယီနှင့် လီရှုက တစ်ယောက်ကိုတစ်ယောက်ကြည့်၍ နှမြောတသဖြစ်စွာ ပြုးလိုက်ကြ၏။ ဤသည်ကား ငါးများသာပါသော စားပွဲဖြစ်ချေသည်။ ခရမ်းရွှေနတ်ငါးတစ်ကောင်တည်းနှင့် ဟင်းပွဲတန်ဖိုးကို ဆုံးဖြတ်၍မရချေ။ ရွှေသံချပ်ငါးနှပ်ကိုချက်ပြုတ်ရန် ငါးအသားတုံး ၂ ဂျင်ကျော်ကို သုံးထားလေသည်။ သက်တံ့ငါး၊ မီးခိုးတောင်ပံဖားလောင်းငါး၊ တောင်ပံနီ‌ဖားလောင်းငါးတို့တွင်လည်း ငါးအသားတုံးများ ၃ ဂျင်မှ ၄ ဂျင်ခန့် ပါလေသည်။ ဗဟိုအင်ပါယာမှ တော်၀င်မိသားစုပင်လျှင် ဤသို့ ဟင်းပွဲများကို စားသုံးရန် နှမြောတသဖြစ်မိကြလိမ့်မည်။

All Chapters