← Chapters

အဆင့် ၉ အထက်

Vol. 12 Ch. 168

အဆင့် ၉ အထက်

Vol. 12 Ch. 168

ဆရာရွှမ်းယီနှင့် လီရှုတို့ နှစ်ယောက်လုံးမှာ အစပိုင်းတွင် ဣန္ဒြေဆည်ထားကြ‌သော်လည်း ရှောင်ရိတစ်ယောက် အားရပါးရစားနေသည်ကို တွေ့သောအခါ စားချင်စိတ်ကို ထိန်းချုပ်မထားကြတော့ချေ။ ငါးအသားတုံးအနည်းငယ်စားပြီးသောအခါ စွပ်ပြုတ်တစ်ပန်းကန်လုံးကို တဂွပ်ဂွပ် သောက်ချလိုက်၏။ ထျန်းချီက ခန္ဓာကိုယ်တစ်လျှောက် သွေးကြောများ၊ ခြေ၊ လက်များထံ စီးဆင်းသွားသဖြင့် နွေးထွေးသွားချေသည်။

ခရမ်းရွှေနတ်ငါးစွပ်ပြုတ်တစ်ပန်းကန်က လူတစ်ယောက်ကို ပြန်လည်အားပြည့်သွားစေရန် လုံလောက်၏။

ယဲ့ချန်လည်း စွပ်ပြုတ်တစ်ပန်းကန် သောက်ပြီးသောအခါ သူ့ခန္ဓာကိုယ်ထဲရှိ နွေးထွေးမှုနှင့် ခွန်အားကို အာရုံခံမိလိုက်သည်။ သူ၏ထျန်းချီမှာ အရှိန်အဟုန်ပြင်းစွာ လည်ပတ်နေပြီး ဒျာန်တန်အတွင်းရှိ ကြယ်တာရာဘုံကိုးလွှာချီစက်၀န်းများမှာလည်း အားကောင်းစွာ လှည့်ပတ်နေကာ ခရမ်းရွှေနတ်ငါးအတွင်းရှိ ဆေးဝါးအာနိသင်အားလုံးကို စုပ်ယူနေ၏။ ထျန်းချီပမာဏမှာ အလျင်အမြန် မြင့်တက်လာပြီး ကြယ်တာရာဘုံကိုးလွှာချီစက်၀န်းများတွင် ပြောင်းလဲမှုဖြစ်ပေါ်လာသည်။ သစ်သားထျန်းချီ၏ ချီ၀ဲ‌ဗွေတွင် ဆန်စေ့အရွယ်ရှိ ပုတီးလုံးလေးတစ်ခုက သိပ်သည်းလာ၏။ မကြာမီ အခြားချီဝဲဗွေကိုးခုတွင်လည်း ယင်းအတိုင်း ‌ဖြစ်ပေါ်လာကြသည်။

သတ္တု၊ သစ်သား၊ ရေ၊ မြေ၊ လေ၊ မိုးကြိုး၊ လျှပ်စီး... ယင်း ထျန်းချီအမျိုးအစား ၇ ခုလုံးသည် ပုတီးစေ့များ ဖြစ်သွားကြ၏။ မီးနှင့်ရေခဲအမျိုးအစား ထျန်းချီများကတော့ အရွယ်အစားတစ်ခုစာ ပိုကြီးလာကြသည်။

ယဲ့ချန်၏ထျန်းချီမှာ အဆင့် ‌၁၀ အလယ်အလတ်မှ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားလေပြီ။ ယခုတွင် သူနှင့် မြေဝိဇ္ဇာအဆင့်များကြား မျဉ်းကြောင်းခပ်ရေးရေးသာ ခြားတော့သည်။‌ မြေဝိဇ္ဇာစဦးပိုင်းအဆင့်များကိုပင် ယဲ့ချန် တိုက်ခိုက်‌နိုင်လေပြီ။

မကြာမီအချိန်က ယဲ့ချန်သည် အဆင့် ၁၀ အလယ်အလတ်အဆင့်သို့ ရောက်ရှိခဲ့သည်။ ယခု‌တော့ အထွတ်အထိပ်အဆင့်သို့ ရောက်သွား၏။ ဤခရမ်းရွှေနတ်ငါးက အမှန်တကယ် အံ့ဩဖွယ်ပင်။

အဆင့် ၁၀ အထွတ်အထိပ်အဆင့်နှင့် မြေဝိဇ္ဇာတိုက်ခိုက်သူများကြား၌ ခပ်မှုန်မှုန် မျဉ်းကြောင်းတစ်ကြောင်းသာ ရှိချေသည်။ သို့သော် ၎င်းအတားအဆီးကို ဖြတ်ရန် အချိန်အတော်ယူရပေမည်။

ခရမ်းရွှေနတ်ငါး၏ဆေးအာနိသင်များသည် ယဲ့ချန်ကိုယ်ထဲ၌ စုစည်းနေမည်ဖြစ်သည်။ လာမည့်နှစ်အနည်းငယ်အတွင်း ၎င်းအာနိသင်များက အမြဲတစေ အားဖြည့်ပေး၍ ယဲ့ချန်အား အဆင့် ၁၀ ကို ကျော်ကာ မြေဝိဇ္ဇာကျင့်ကြံသူတစ်ယောက် ဖြစ်လာစေလိမ့်မည်။ သို့သော် အာနိသင်များက ညတွင်းချင် မြေဝိဇ္ဇာအဆင့်သို့ မြှင့်တင်ပေးနိုင်သည်အထိ အားမကောင်းလှချေ။

ဆရာရွှမ်းယီနှင့် လီရှုက ခရမ်းရွှေနတ်ငါးအနည်းငယ်ကို စားပြီးနောက် အခြားငါးများကို အရသာခံကြည့်ကြ၏။ ထို့နောက် ရှေ့ဆင့်နောက်ဆင့် တူများကို ချလိုက်ကြသည်။

ယဲ့ချန်က ဆရာရွှမ်းယီနှင့်လီရှုကို ပဟေဠိဖြစ်စွာ ကြည့်၏။ “ဆရာ၊ အစ်ကိုလီ ဘာလို့ ရပ်လိုက်တာလဲဗျ”

“ငါတို့ အများကြီးစားပြီးသွားပြီ။ ထပ်စားရင် ဆေးအာနိသင်တွေကို မချေဖျက်နိုင်ပဲနေမယ်။ အဲ့ဒီလိုဆို အကုန်လုံး အလဟာသဖြစ်သွားလိမ့်မယ်” ဆရာရွှမ်းယီက ခြောက်ကပ်ကပ် ပြုံးသည်။ သူ ထပ်စားပါက အာနိသင်များကို စုပ်ယူနိုင်တော့မည်မဟုတ်ကြောင်း ကောင်းကောင်းသိလေသည်။ တူကို မည်သို့နည်းနှင့်မှ ဆက်မကိုင်နိုင်တော့ချေ။ ယဲ့ချန်၏ငါးဟင်းများကို စားသုံးခဲ့ခြင်းကြောင့် သူနှင့်လီရှုသည် ယဲ့ချန်အပေါ် အကြွေးတင်သွားလေပြီ။

ဆရာရွှမ်းယီနှင့်လီရှုမှာ စိတ်မလျှော့နိုင်ကြသေးချေ။ သို့သော် ဆေးအာနိသင်အလုံအလောက်ကို စုပ်ယူပြီးဖြစ်သဖြင့် ယဲ့ချန်လည်း ဖိအားမပေးတော့။ ယဲ့ချန်သည် အမွှေးပွလေးနှင့်အတူ နောက်ထပ်အနည်းငယ်ကြာ စားသောက်ပြီးနောက် ရပ်လိုက်၏။ သူတို့လည်း ဗိုက်ပြည့်သွားလေပြီ။ ရှောင်ရိကသာ စိတ်ကျေနပ်နေဟန်ဖြင့် နှုတ်ခမ်းသပ်ကာ ဆက်လက်စားသောက်နေသေးသည်။

“အစ်ကိုယဲ့ချန်၊ မမအမွှေးပွလေး ဘာလို့ မစားတော့တာလဲ” ရှောင်ရိက ငါးအသားတုံးတစ်ခုကို ပလုပ်ပလောင်းဝါးရင်း မေး၏။

“‌ဗိုက်တင်းသွားပြီကွ။ မင်း ကျန်တာအကုန်စားလိုက်တော့” ယဲ့ချန်က ပြုံးသည်။ သူသည် ငါးအသားများစွာနှင့် စွပ်ပြုတ်ပန်းကန်ကြီးနှစ်ပန်းကန် သောက်ခဲ့၏။ ယခုတွင် သူ့ဗိုက်မှာ ပူထွက်နေလေပြီ။ ထို့အပြင် ငါးများနှင့်‌စွပ်ပြုတ်၏ ဆေးအာနိသင်က နှစ်လတိတိ အစာချေဖျက်ရန် လုံလောက်သည်။ ထို့အပြင် လက်မောင်းကာထဲ၌လည်း ငါးများ ကျန်သေး၏။

“ဒါဆို ပြောင်နေအောင် စားပေးမယ်” ရှောင်ရိက အငမ်းမရစားတော့သည်။ စားပွဲအလယ်ရှိ ခရမ်းရွှေနတ်ငါးစွပ်ပြုတ်ပန်းကန်ကြီးကို မကာ သူ့ပါးစပ်တွင် တေ့၍ မော့ချ၏။ ဂလု...ဂလု...ဂလု။ ပန်းကန်မှာ သစ်သားရေပုံးတစ်ပုံးအရွယ်အစားရှိပြီး စွပ်ပြုတ်များက အိုးတစ်ခွက်ခန့် ကျန်သေးလေသည်။ ယင်းစွပ်ပြုတ်အားလုံးမှာ ရှောင်ရိဗိုက်ထဲရောက်သွားပြီး တစ်စက်တစ်လေပင် မကျန်ခဲ့ချေ။

ဆရာရွှမ်းယီနှင့်လီရှုမှာ အာစေးမိနေကြ၏။ ရှောင်ရိလေးက ရေမြင်းတစ်ကောင်များလား။

မကြာမီ စားပွဲပေါ်ရှိ ငါးဟင်းအားလုံးမှာ ရှောင်ရိပါးစပ်အတွင်း ရောက်သွားကြသည်။ ပန်းကန်တွင် ကပ်ကျန်ခဲ့သော ဟင်းအစအနများကိုပင် ရှောင်ရိက တောက်ပြောင်နေအောင် ယှက်၏။

“အရသာရှိလိုက်တာ။ ၀တောင် မ၀ဘူး” ရှောင်ရိက ဗိုက်မပြည့်ပေးဟန်ဖြင့် ပြောသည်။

အားလုံးမှာ ကြက်သေသေနေကြ၏။ ရှောင်ရိသည် အစားကြီးပုံကြောင့် ယဲ့ချန်တစ်ယောက် မွဲသွားနိုင်သည်။  ဆရာရွှမ်းယီနှင့်လီရှုမှာ ဆေးပင်များအား ယဲ့ချန် တစ်ပင်ပြီးတစ်ပင် ထုတ်ပေးခဲ့ပုံကို အမှတ်ရသွားသောအခါမှ စိတ်အေးနိုင်တော့၏။

အတိတ်တုန်းက ဆရာရွှမ်းယီသည် မိမိကိုယ်ကို အင်မတန် ကြွယ်၀ချမ်းသာသည်ဟု ထင်ခဲ့မိ၏။  သုံးနှစ်တာမျှ ‌ဆေးလုံးဖော်စပ်သန့်စင်ပါက ချီစုဆောင်းဆေးလုံး သန်းနှင့်ချီလျက် ရပေသည်။ ရှီဝူအင်ပါယာ၏နယ်မြေအစိတ်အပိုင်းတစ်ခုကိုပင် အလွယ်ကတူ ၀ယ်ယူနိုင်၏။ သို့သော် ခရမ်းရွှေနတ်ငါးကို စွပ်ပြုတ်ချက်သောက်ပစ်သော ယဲ့ချန်နှင့်ယှဉ်လိုက်သည့်အခါ သူ၏ကြယ်၀မှုမှာ မှေးမှိန်သွားချေသည်။ ယဲ့ချန်၏ပိုင်ဆိုင်မှု မည်မျှ ရှိသည်ကို သူ မသိသော်လည်း သူ၏ပိုင်ဆိုင်မှုအားလုံးကို စုပေါင်းလိုက်လျှင်တောင်မှ ယဲ့ချန်၏ကြွယ်၀မှု ဆယ်ပုံတစ်ပုံပင် ရှိမည်မဟုတ်ချေ။

စားသောက်ပြီးသွားအခါ ဆရာရွှမ်းယီမှာ ဆက်လက် အလုပ်ကြိုးစား၏။ ယဲ့ချန်ကတော့ လီရှု၏သင်ယူမှုအောက်တွင် ဆေးလုံးများကို ပထမဆုံးအကြိမ် ဖော်စပ်သန့်စင်နေလေသည်။

ယဲ့ချန်သည် ချီစုဆောင်းဆေးလုံးများကို ‌သာမန်ဆေးဝါးပညာရပ်များကို သုံး၍ ဖော်စပ်နေ၏။

“ဆေးဝါးပညာက ရှုပ်ထွေးလွန်းတယ်။ တစ်ဖက်မှာ မီးကိုထိုးဆွပေးဖို့ လက်ထောက်လိုသေးတယ်။ မင်းအတွက် ငါ လက်ထောက်တစ်ယောက် ရှာပေးမယ်”

“အမွှေးပွလေးနဲ့ရှောင်ရိကို ခိုင်းကြည့်မယ်လေ” ယဲ့ချန်က ခပ်ဟဟရယ်ကာ ပြော၏။

“သူတို့ လုပ်နိုင်ပါ့မလား” ဆေးဝါးပညာလက်ထောက်များမှာ ၂ နှစ်၊ ၃ နှစ် လေ့ကျင့်ပေးထားသော အတွေ့အကြုံရှိသူများ ဖြစ်သည်။ မည်သည့်အဆင့်အတွက် မည်သို့မီးလျှံမျိုး လိုအပ်သည်ကို ကောင်းကောင်းသိကြလေသည်။ မည်သို့စေ ဤသည်ကား ယဲ့ချန်အတွက် ပထမဆုံးဆေးဖော်စပ်ခြင်းဖြစ်သဖြင့် ကျရှုံးပါက အရေးမကြီးချေ။ အကြိမ်အနည်းငယ် ကျရှုံးပြီးနောက် ဆေးဝါးလက်ထောက်တစ်ဦး၏ အရေးပါမှုကို ယဲ့ချန် သဘောပေါက်လာလိမ့်မည်။ ထို့ကြောင့် လီရှုက တခဏ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်၏။ “ကဲ ဒါဆိုလည်း ရှောင်ရိနဲ့ အမွှေးပွလေးကို စမ်းခိုင်းကြည့်တာပေါ့”

ရှောင်ရိနှင့်အမွှေးပွလေးမှာ စိတ်လှုပ်ရှားနေကြသည်။ သူတို့ကို မီးမွှေးခြင်းနှင့် မီးစာထည့်ရာတွင် တာ၀န်ပေးထား၏။ သူတို့အတွက် ၎င်းမှာ အတော်လေး စိတ်၀င်စားဖွယ်ကောင်းသော အလုပ်တစ်ခု ဖြစ်ချေသည်။ မီးပြင်းဖိုအောက်တွင် ဧရာမထင်းပုံကြီးကို ထည့်ကာ မီးမွှေးလိုက်ကြ၏။ မီးတောက်များက တဟုန်းဟုန်း တောက်လောင်လာသည်။

လီရှုက ယဲ့ချန်အား ဆေးပင်‌ရောနှောနည်းကို သင်ပေး၏။ ဤသည်ကား ယဲ့ချန်၏ပထမဆုံးအကြိမ်ဖြစ်လေသည်။ ထို့ကြောင့် ဆေးပင်အရောအနှော အများအပြားမဟုတ်ဘဲ တစ်ရာခန့်သာ သင်ပေး၏။ ရှောင်ရိနှင့် အမွှေးပွလေး မီးတောက်များကို ဆော့ကစားနေသည်ကို မြင်သောအခါ သူက အလောတကြီး အော်ပြောလေသည်။ “ရှောင်ရိ၊ အမွှေးပွလေး အစောကြီး မီးထိုးထားတာ မကောင်းဘူး”

လီရှုမှာ မအီမသာ ပြုံးမိ၏။ ရှောင်ရိနှင့်အမွှေးပွလေးကား ဆေးဝါးပညာကို အတည်တကျ မသင်ယူချေ။

“ရပါတယ် အစ်ကိုလီ။ သူတို့ ဆော့ပါစေ” ဆန့်ကျင်ဘက်အနေဖြင့် ယဲ့ချန်က ပြုံးကာ ခေါင်းခါရမ်းလိုက်သည်။

“ယေဘုယျအားဖြင့် ချီစုဆောင်းဆေးလုံးတွေက အသက် ၁၂၀ ရှိုက်စာ ကြိုတင်မီးအပူပေးထားဖို့ လိုအပ်တယ်။ အဲ့ဒါက အကောင်းဆုံးပဲ။ အရမ်းစောစော အပူပေးထားမိရင် မီးပြင်းဖိုက တအားပူလာပြီးတော့ ဆေးပင်အရောအနှောထည့်ရင် လောင်သွားလိမ့်မယ်။ ဆေးလုံးဖော်စပ်တဲ့ တစ်ဆင့်ချင်းစီတိုင်းမှာ လိုအပ်ချက်တွေက တိကျနေမှရမယ်။ ပထမဆုံးအကြိမ်မို့ နည်းနည်းပါးပါး မအောင်မြင်တာက ကိစ္စမရှိဘူး။ မင်း ဘာမှားတာလဲသိမှ နောင်ဆေးဝါးပညာအတွက် အတွေ့အကြုံရမှာ” လီရှုက ဆုံးမ၏။ ‌ဆေးလုံးဖော်စပ်ခြင်းကား လွယ်ကူရိုးရှင်းသောအရာ မဟုတ်ချေ။

ယဲ့ချန်မှာ ကြောင်အသွားပြီး မေးသည်။ “အသက် ၁၂၀ ရှိုက်စာတောင်လား” စာအုပ်ထဲတွင် ဤအကြောင်းအရာကို ဖော်ပြမထားပေ။

“အမြဲတမ်း ၁၂၀ ရှိုက်တော့မဟုတ်ဘူး။ လက်ထောက် မီးထိုးတဲ့အပေါ်လည်း မူတည်တယ်။ မီးပြင်အားများရင် ကြိုတင်အပူပေးရတဲ့အချိန် လျော့လိမ့်မယ်။ မီးပြင်းအားနည်းရင်တော့ အချိန်များမှာပေါ့။ ဒါတွေအကုန်လုံးက အတွေ့အကြုံကိုပဲ အခြေခံထားတာ။ ပြီးတော့ လက်ထောက်ရဲ့ ထျန်းချီကျွမ်းကျင်မှု၊ သူတို့ရဲ့ မီးသဘာ၀ထျန်းချီကို နားလည်မှုအပေါ်မှာလည်း မူတည်တယ်။ ဒါတွေအကုန်လုံးက မင်းကိုယ်တိုင် တွေ့ကြုံဖူးမှ သိရမှာ” လီရှုက ပြောသည်။ “ပထမဆုံးအကြိမ် ဆေးလုံးဖော်စပ်တဲ့အခါမှာ ကျရှုံးတတ်တာက သဘာ၀ပဲ။ ဒါပေမဲ့ အဲ့ဒီကျရှုံးမှုကနေ သင်ယူရမယ်”

လီရှုသည် ချီ‌စုဆောင်းဆေးလုံးများကို အကြိမ်ထောင်နှင့်ချီ၍ ဖော်စပ်ဖူးလေသည်။ အတွေ့အကြုံကသာ အကောင်းဆုံးဆရာတစ်ဦးဖြစ်သည်။ ထို့ကြောင့် အသက် ၁၂၀ ရှိုက်စာ ဆိုသည်မှာ အခြေအမြစ်မရှိဘဲ ပြောခဲ့ခြင်းမဟုတ်။

စာတွေသင်ယူမှုက အရေးကြီးသော်လည်း အမှန်တကယ် တတ်မြောက်လိုပါက လက်တွေ့လေ့လာသင်ယူရန်က မဖြစ်မနေ လိုအပ်ချေသည်။

ဆေးဝါးပညာရပ်မှာ စာအုပ်များထဲတွင် ဖော်ပြထားသည်ထက် များစွာ ခက်ခဲနက်နဲ၏။

“ဟုတ်ကဲ့ပါ အစ်ကိုလီ” ယဲ့ချန်က တည်ကြည်လေးနက်စွာ ခေါင်းညိတ်သည်။

လီရှုက ချီစုဆောင်းဆေးလုံးဖော်ရာ၌ အချိန်အပိုင်းကြားတစ်ခုချင်းစီတွင် လုပ်ဆောင်ရမည့် အဆင့်များ၊ ဖြစ်စဉ်များကို ရေးချပြီး ယဲ့ချန်ကို အားလုံး ရှင်းပြ၏။ ယဲ့ချန်က ယင်းအားလုံးကို စိတ်၀င်တစား နားထောင်သည်။ ဆေးဝါးပညာရပ်မှာ ထင်ထားသလို လွယ်ကူမနေချေ။

ဆေးပင်အရောအနှောကို မီးပြင်းဖိုထဲ ထည့်ပြီးနောက် ယဲ့ချန်သည် မီးပြင်းဖို၏ အရှေ့တွင် ထိုင်လိုက်၏။ သူသည် မီးတောက်များနှင့်အလွန်နီးကပ်နေပြီး မျက်နှာ၌ ပူလောင်မှုကို ခံစားနေရသည်။

“မင်းရဲ့ မီးသဘာ၀ထျန်းချီကို လှည့်ပတ်ပြီးတော့ မီးတောက်တွေနဲ့ မီးပြင်းဖိုရဲ့အတွင်းအပူချိန်ကို ထိန်းချုပ်။ မင်းရဲ့ မီးသဘာ၀ထျန်းချီကိုလည်း ကျင့်ကြံပြီး တိုးတက်လာအောင်လုပ်။ ဆေးပင်အရောအနှော လောင်ကျွမ်းမသွားစေနဲ့” လီရှုက ဘေး၌ရပ်ရင်း ယဲ့ချန်အား အကြံပေး၏။

ယဲ့ချန်သည် သူ၏မီးသဘာ၀ထျန်းချီအား အပြင်သို့ ထွက်၍ တဟုန်းဟုန်းတောက်နေသော မီးတောက်များနှင့် ပေါင်းစည်းစေလိုက်သည်။ သူသည် ဖြည်းဖြည်းချင်း စိတ်ငြိမ်စူးစိုက်ခြင်း အခြေအနေသို့ ရောက်ရှိသွား၏။ ထိုအခိုက်အတန့်တွင် ယဲ့ချန်သည် ကောင်းကင်နှင့်မြေကြီးကြားတွင် တောက်လောင်နေသည့် မီးတောက်များအလား ခံစားနေရသည်။

ယဲ့ချန်သည် မီးပြင်းဖိုထဲရှိ မီးအပူချိန်ကို ထိန်းညှိနေရင်း အတွင်းရှိ ဆေးပင်အရောအနှောအခြေအနေကို သိချင်လာမိ၏။

ဆရာရွှမ်းယီဖြစ်စေ၊ လီရှုဖြစ်စေ ဆေးလုံးဖော်စပ်နေစဉ်တွင် မီးပြင်းဖို၏အပူချိန်ကို ထိန်းချုပ်ရန် မီးသဘာ၀ထျန်းချီကို သုံးကြစမြဲပင်။ မီးသဘာထျန်းချီအား မီးပြင်းဖိုထဲ ၀င်ရောက်စေပြီး ဆေးပင်အရောအနှောအား ပြောင်းလဲစေခြင်းဖြင့် ဆေးလုံးအား သန့်စင်ပြီးဖြစ်သည်။ မီးသဘာ၀ထျန်းချီကို ထုတ်လွှတ်နေသည့်အချိန်တွင် မီးပြင်းဖိုထဲတွင် ဖြစ်ပျက်နေသည့်အရာများအား မသိရချေ။ ထိုအခိုက်အတန့်တွင် အတွေ့အကြုံကား အရေးပါလာ၏။

ယဲ့ချန်၏အတွေးကြောင့် သူ၏ဝိညာဉ်အသိအမြင်သည် မီးပြင်းဖိုထဲ ၀င်ရောက်သွား၏။ ၎င်းကား တတိယစက္ခုပွင့်သွားသည့်အလားပင်။ မီးပြင်းဖို‌ထဲတွင် ဖြစ်ပွားနေသည့် ဆေးပင်အရောအနှော ပြောင်းလဲမှုအားလုံးကို မြင်နေရလေသည်။

“မီးက အရမ်းပြင်းလွန်းတယ်” ဆေးပင်အရောအနှောမှာ တူးစပြုလာသည်ကို မြင်လိုက်ရသဖြင့် ယဲ့ချန်သည် ချက်ချင်း မီးသဘာ၀ထျန်းချီကိုသုံး၍ မီးပြင်းဖို၏အပူချိန်ကို လျော့ချလိုက်သည်။

မီးသဘာ၀ထျန်းချီမျှင်များက ဆေးပင်‌အရောအနှာအား ‌အနည်းငယ် အေးသွားစေ၏။

‌လက်မောင်းကာနေရာလွတ်ထဲတွင် ဆေးလုံးများ ဖော်စပ်သန့်စင်စဉ်က ယဲ့ချန်သည် ဝိညာဉ်အသိအမြင်ကို သုံးခဲ့သည်။ ယခုတွင် မီးသဘာ၀ထျန်းချီကို အသုံးပြုနေ၏။ ထိုနည်းလမ်းနှစ်ခုကြားတွင် ခပ်ရေးရေး ခြားနားမှုလေးများ ရှိလေသည်။

တခဏ စဉ်းစားပြီးနောက် ယဲ့ချန်သည် သာမန်ဆေးဝါးပညာရပ်ကို နားလည်သွားသည်။

စဦးပိုင်းနှင့် အလယ်အလတ်ဆေးဝါးပညာရှင်အများစုသည် ဆေးလုံးများဖော်စပ်ရာ၌ ‌စည်းကမ်းများကို စနစ်တကျ လိုက်နာကြသော်လည်း ကိုယ်တိုင်ကိုယ်ကျ နားမလည်ကြချေ။ ယဲ့ချန်မှာ သူတို့နှင့်ယှဉ်လျှင် တစ်ဆင့်သာလေသည်။

တစ်နာရီကျော် ကြာပြီးနောက် ဆရာရွှမ်းယီအား ကူညီပေးနေသော လီရှုက ယဲ့ချန်ကို တစ်ချက် လှမ်းကြည့်၏။ သူ့မျက်နှာမှာ မယုံကြည်နိုင်သော အရိပ်အယောင်များဖြင့် ပြည့်နှက်သွားချေသည်။ မီးပြင်းဖိုထဲရှိ ယဲ့ချန်၏ဆေးပင်အရောအနှောမှာ လောင်ကျွမ်းမသွားချေ။ ပဟေဠိတစ်ခုအလားပင်။ မီးထိုးပေးနေသော ရှောင်ရိနှင့် အမွှေးပွလေးနှစ်ယောက်လုံးမှာ အတွေ့အကြုံလားလားမှ မရှိသော လူသစ်များ ဖြစ်ကြသည်။ လီရှုသည် ယဲ့ချန်၏ထျန်းချီအပေါ် အံ့ဩဖွယ် ထိန်းချုပ်နိုင်စွမ်းကို အမှတ်ရသွားမိ၏။ ယဲ့ချန်သည် ပထမဆုံးအကြိမ်၌ပင် ဆေးဝါးပညာ၏ အဓိကသော့ချက်ကို သဘောပေါက်သွားပြီလော။

“အဲ့ဒီကောင်လေး ဘ၀မှာ အောင်မြင်လိမ့်မယ်” အခြားတစ်ဖက်တွင် ဆရာရွှမ်းယီက သက်ပြင်းချ၏။ သူ ပထမဆုံး ဆေးလုံးဖော်စပ်ခဲ့စဉ် ဆယ်မိနစ်အတွင်း ကျရှုံးခဲ့သည်။ အကြိမ် ၁၀၀ ခန့် ကျရှုံးပြီးမှသာ ဆေးဝါးပညာအကြောင်း အနည်းငယ် သဘောပေါက်ခဲ့ခြင်းဖြစ်လေသည်။

“ယဲ့ချန်ရဲ့ ထျန်းချီကို ထိန်းချုပ်နိုင်စွမ်းက ဒီကမ္ဘာပေါ်မှာ ရှားပါးလွန်းတယ်။ ပြီးတော့ သူ့မှာ ထိုးထွင်းသိမြင်နိုင်စွမ်းလည်း ရှိတယ်။ ဆရာ...တစ်နေ့ကျရင် ဆရာ ဂိုဏ်းကို ပြန်နိုင်တော့မယ်ထင်တယ်” လီရှုက ဆရာရွှမ်းယီအား ၀မ်းသာအားရ ကြည့်လိုက်သည်။

ဆရာရွှမ်းယီက နွမ်းလျစွာ သက်ပြင်းချ၏။ ၎င်းသက်ပြင်းချသံတွင် ကူကယ်ရာမဲ့မှုများ၊ စိတ်ပျက်အားငယ်မှုများကို ကြားရနိုင်သည်။

ယဲ့ချန်မှာ ယခုတွင် ဆေးဝါးပညာကို အပြည့်အ၀ စိတ်နှစ်ထား၏။ ချီစုဆောင်းဆေးလုံးများကို အောင်မြင်စွာ ဖော်စပ်သန့်စင်လိုလျှင် သုံးရက်တိတိ ကြာမည်ဖြစ်သည်။ ဆရာရွှမ်းယီနှင့် လီရှုတို့လည်း ဆေးလုံးများ ဖော်စပ်သန့်စင်နေကြ၏။ သူတို့သည် အဆင့် ၉ အထက် လူသားအဆင့်ဆေးလုံးများကို ဖော်စပ်နေကြခြင်းဖြစ်သည်။ ၎င်းတို့ကား အင်မတန် တန်ဖိုးကြီး၏။ ဆေးလုံးဖော်ခြင်းဖြစ်စဉ်မှာလည်း ပိုမိုရှုပ်ထွေးလေသည်။

သာမန်ဆေးလုံးများကို အဆင့် ၉ ဆင့် ခွဲခြားထား၏။ အဆင့် ၉ အထက် မည်သည့်ဆေးလုံးကိုမဆို ဝိညာဉ်ဆေးလုံးဟု သတ်မှတ်ပြီး ၎င်းကို ထပ်မံ၍ လူသားအဆင့်၊ မြေအဆင့်နှင့် ကောင်းကင်အဆင့်ဟူ၍ သုံးဆင့် ခွဲခြား‌ထားသည်။ အနိမ့်ဆုံးလူသားအဆင့်ဖြစ်သည့် ဝိညာဉ်ဆေးလုံးတစ်လုံးကပင်လျှင် ရှားပါးသော ရတနာဖြစ်ချေသည်။

ဆေးလုံး၏ အစွမ်းထက်မှုမှာ သာမန်ချီစုဆောင်းဆေးလုံးများထက် ၂၀ ရာခိုင်နှုန်းပိုနေသည်။ သက်ရောက်မှုများကား သိသာလှ၏။

လီရှုသည် ယဲ့ချန်ကို ရူးကြောင်ကြောင် ကြည့်နေမိသည်။ သူ့မှာ မမေးဘဲ မနေနိုင်တော့ချေ။ “ယဲ့ချန် ဒါက မင်းရဲ့ ပထမဆုံး ‌ဆေးလုံးဖော်စပ်တာ ဟုတ်ရဲ့လား”

“ဟုတ်ပါတယ် အစ်ကိုလီ” ယဲ့ချန်သည် လျှို့ဝှက်ချက်များ ရှိသော်လည်း ယုံကြည်ချက်အပြည့်ဖြင့် ဖြေ၏။ ‌ရှေးဟောင်းဆေးဝါးပညာရပ်များကို သုံး၍ လက်မောင်းကာနေရာလွတ်တွင် ဆေးလုံးဖော်စပ်ခြင်းကား သာမန်ဆေးဝါးပညာရပ်များကိုသုံးခြင်းနှင့် လုံးလုံးလျားလျား မတူချေ။ ဤသည်ကား ယဲ့ချန် သာမန်ဆေးဝါးပညာရပ်များကိုသုံး၍ ပထမဆုံးအကြိမ် ဆေးလုံးဖော်စပ်ဖူးခြင်းဖြစ်သည်။ အောင်မြင်နှုန်းက သူထင်ထားသည်ထက် အင်မတန် မြင့်မားနေ၏။

ယဲ့ချန်၏အဖြေကြောင့် လီရှုမှာ သူ၏နှလုံးသားတွင် အားကျမှုများ အမြစ်‌တွယ်သွားသည်ကို ခံစားလိုက်ကသည်။ အတိတ်တုန်းက သူသည် အကြိမ်ရာပေါင်းများစွာ ကျရှုံးပြီးမှ ချီစု‌ဆောင်းဆေးလုံးများကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့သည်။ လီရှု၏‌ဆေးလုံးပထမအသုတ် အောင်မြင်နှုန်းမှာ ၂ ရာခိုင်နှုန်းထက် မပိုခဲ့ချေ။ သူ့မှာ စိတ်ဓာတ်ကျသွားမိ၏။ ဤကား သာမန်လူနှင့် ဉာဏ်ကြီးရှင်များကြား ကွာခြားချက်ပင်လော။

လီရှုသည် သူ့ခေတ်အခါတုန်းက ထိပ်တန်းတပည့်များကြားတွင် အထူးချွန်ဆုံးလူဖြစ်ခဲ့သဖြင့် ဆရာရွှမ်းယီက ရွေးချယ်ခဲ့၏။ သူ့ကိုလည်း ဉာဏ်ကြီးရှင်ဟု နာမည်တပ်ခဲ့ကြသည်။ သို့သော် ယဲ့ချန်နှင့်ယှဉ်သည့်အခါ လီရှုမှာ ရှက်လွန်းသဖြင့် မျက်နှာပင်မပြရဲချေ။

“ငါ ဒါကို ဆရာ့ဆီ ယူသွားလိုက်မယ်” လီရှုက ‌ချီစုဆောင်းဆေးလုံးတချို့ကို ယူ၍ ဆရာရွှမ်းယီထံ အလောတကြီး သွားသည်။ လူသားအဆင့်ဆေးလုံးများမှာ အဖိုးတန်လွန်းသဖြင့် ဆရာရွှမ်းယီသည် မီးပြင်းဖိုဘေးတွင် တစ်နေကုန် စောင့်ကြည့်နေရ၏။ ကံကောင်းစွာဖြင့် ဆေးဝါးပညာရပ်သည် အမြဲတစေ အာရုံစူးစိုက်နေစရာ မလိုချေ။ အရေးကြီးအခြေအနေများတွင် တခဏ စကားပြော၍ ရပေသည်။

ယဲ့ချန်၏ချီစုဆောင်းဆေးလုံးများကို ရရှိသောအခါ ဆရာရွှမ်းယီမှာလည်း မယုံနိုင်ချေ။ ယဲ့ချန်သည် ပထမဆုံးအကြိမ်၌ အောင်မြင်သွားခဲ့သည်။ ထို့အပြင် အံ့မခန်း အောင်မြန်နှုန်း ၉၂ ရာခိုင်နှုန်းကိုလည်း ရရှိခဲ့၏။ ကြာချိန်ကား လူအများစုထက် လျော့နည်းပြီး သူ၏ဆေးလုံးများကလည်း သာမန်ချီစုဆောင်းဆေးလုံးများထက် သိသိသာသာ ကောင်းမွန်ပေသည်။ ယဲ့ချန်ကား....လူထူးဆန်းတစ်ဦးပင်။

သူ၏သက်တမ်း ၁၇၀ ကျော်တွင် ဤသို့ဖြစ်ရပ်မျိုးကို တစ်ကြိမ်မှ ဆရာရွှမ်းယီ မကြုံခဲ့ဖူးချေ။ မနေ့က ယဲ့ချန်သည် သူမတူသော ငါးဖမ်းစွမ်းရည်များကို ပြသခဲ့၏။ သည်နေ့တွင် ‌ယဲ့ချန်၏ဆေးလုံးဖော်စပ်မှုကား အံ့ဩဖွယ်ကောင်းလွန်းသဖြင့် ဆရာရွှမ်းယီ၏မျက်လုံးများမှာ ကျွတ်ထွက်တော့မည့်အလား ပြူးကျယ်နေလေသည်။

“ယဲ့ချန်ကို မိုးကောင်းကင်က ကောင်းချီးပေးထားသလား” ဆရာရွှမ်းယီက ရေရွတ်၏။ ဤအရာအားလုံးကို ရှင်းပြရန် နည်းလမ်းမရှိချေ။ ဆေးဝါးပညာ၌ ယဲ့ချန်သည် ပါရမီထူးကဲလှသည်ဟု ပြော၍ရသော်လည်း မနေ့က ငါးမျှားခြင်းကရော...။ ငါးများမှာ ယဲ့ချန်၏ငါးစာကို ဟပ်ရန် စောင့်နေကြသည့်လား တစ်ကောင်ပြီးတစ်ကောင် ဖမ်းမိခဲ့သည်ကို ဆရာရွှမ်းယီကိုယ်တိုင် မြင်ခဲ့ရ၏။ နောက်ဆုံးတွင် ခရမ်းရွှေနတ်ငါးကိုပင် ဖမ်းမိခဲ့လေသည်။

“အတိတ်တုန်းက ကံကြမ္မာဆိုတာတွေကို ကျွန်‌တော်မယုံခဲ့ဘူး။ ဒီနေ့တော့ အဲ့ဒါတွေက အတိုင်းအတာတစ်ခုအထိ မှန်တယ်ဆိုတာကို လက်ခံရတော့မယ်” ဘေးရှိ လီရှုက လေးပင်စွာ ရေရွတ်၏။

“ယဲ့ချန်က ‌ချီစုဆောင်းဆေးလုံးကို ‌အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့တယ်ဆို‌တော့ စဦးပိုင်းအဆင့် ဆေးဝါးပညာရှင်ဖြစ်သွားပြီ။ ဗဟိုအင်ပါယာကိုသွားရင် ဆေးဝါးပညာရှင်နာမည်ပြားကို အလွယ်တကူ ထုတ်ယူနိုင်လိမ့်မယ်။ သူ့ကို ပိုပြီးအဆင့်မြင့်တဲ့ အဆိပ်ဖြေဆေးလုံး ဒါမှမဟုတ် အဖြူရောင်ယန်ဆေးလုံးကို ‌ဖော်စပ်နည်း သင်ပေးလိုက်။ အဲ့ဒါဆို အလယ်အလတ်အဆင့် ဆေးဝါးပညာရှင် ဖြစ်သွားလိမ့်မယ်”

လီရှုက ခေါင်းညိတ်၏။ သူ၏ခံစားချက်များကို မည်သို့ဖော်ပြရမလဲမသိချေ။ သူသည် ဆရာရွှမ်းယီလက်အောက်၌ ၅ နှစ်တာ သင်ယူပြီးနောက်မှ အဆိပ်ဖြေဆေးလုံး ဖော်စပ်ရန် ကြိုးစားခွင့်ရခဲ့သည်။ အလယ်အလတ်အဆင့်ဆေးဝါးပညာရှင် ဖြစ်လာရန် နောက်ထပ် ၃ နှစ် ကြာခဲ့၏။ စုစုပေါင်း ၈ နှစ်ကြာခဲ့သည်။ ယဲ့ချန်သာ အဆိပ်ဖြေဆေးလုံး သို့မဟုတ် ‌အဖြူရောင်ဆေးလုံးကို အလွယ်တကူ ဖော်စပ်နိုင်ခဲ့လျှင်......လီရှုတစ်ယောက် ‌တိုင်နှင့်ခေါင်း ပြေးဆောင့်မိလိမ့်မည်။

လီရှု ပြန်ရောက်ချိန်တွင် ရှောင်ရိသည် ချီစုဆောင်းဆေးလုံး အလုံး ၅၀၊ ၆၀ ခန့်ကို ပဲစေ့များအလား ဇိမ်ပြေနပြေ ဝါးနေ၏။ ထိုသည်သာမက နောက်ထပ်ဆေးလုံးများကိုပင် ပါးစပ်ထဲ ထည့်နေလေသည်။

“ချီစုဆောင်းဆေးလုံးအများကြီးကို တစ်ပြိုင်တည်း စားရင်  ဒုက္ခရောက်လိမ့်မယ်။ အများဆုံး ၁၀ လုံးစားပြီးမှ ဖြည်းဖြည်းချင်း ချေဖျက်ရမှာကွ” လီရှုက ထိတ်ထိတ်ပြာပြာဖြင့် အော်လိုက်သည်။

”အဆင်ပြေပါတယ် အစ်ကိုလီရဲ့။ ရှောင်ရိမှာ သူများနဲ့မတူတဲ့ စွမ်းရည်တွေရှိတယ်လေ။ ချီစုဆောင်းဆေးလုံးတွေ ထပ်စားရင်တောင် ဘာမှမဖြစ်ပါဘူး” ယဲ့ချန်က ခပ်ဟဟရယ်၏။ ရှောင်ရိသည် သာမန်ချီစုဆောင်းဆေးလုံးများကို ‌ဆေးသောက်ရသည်နှင့်တူသောကြောင့် မကြိုက်ချေ။ သို့သော် ယဲ့ချန် ဖော်စပ်သည့် ချီစုဆောင်းဆေးလုံးများကိုတော့ အင်မတန် ကြိုက်နှစ်သက်၏။

လီရှုက ရှောင်ရိကို တစ်လှည့် ယဲ့ချန်ကို တစ်လှည့် ကြည့်နေရှာသည်။ ဤနှစ်‌ကောင်ကား ရူးသွားလေပြီ။ ယဲ့ချန်ကျေးဇူးကြောင့် လီရှု၏မိမိကိုယ်ကို ယုံကြည်မှုမှာ တဖြည်းဖြည်း လျော့ကျလာ၏။

“ဒါပြီးရင် အဆိပ်ဖြေဆေးလုံးနဲ့ အဖြူရောင်ယန်ဆေးလုံးကို ဘယ်လိုဖော်စပ်ရမလဲ သင်ပေးမယ်” လီရှုသည် ယဲ့ချန်၏ပါရမီကို အားကျမိသော်လည်း သူ၏ဆေးဝါးပညာရပ် အသိပညာများကိုတော့ ဆရာစားချန်မထားချေ။ သူ သင်ယူခဲ့ဖူးသမျှအရာအားလုံးကို ပြန်လည်သင်ကြားပေသည်။ ဆေးဝါးပညာတွင် လက်တွေ့နားလည်မှုကား အရေးကြီးဆုံး အရာတစ်ခုဖြစ်၏။

လီရှုမှာ ယဲ့ချန်၏သိမြင်နိုင်စွမ်းအပေါ် မအံ့ဩမိဘဲ မနေနိုင်ချေ။ ယဲ့ချန်သည် လီရှုပြောသည့်အရာအားလုံးကို တစ်ကြိမ်တည်းနှင့် မှတ်မိ၏။ ထို့အပြင် သူသိထားသည့်အရာများကို ထပ်မံ၍ ဆင်ခြင်ကောက်နှုတ်ချက်များလည်း ထုတ်နိုင်ပေသည်။ ရက်အနည်းငယ်အတွင်း ယဲ့ချန်၏သိရှိနားလည်မှုမှာ အလယ်အလတ်အဆင့်ဆေးဝါးပညာရှင်တစ်ယောက်နှင့် တန်းတူဖြစ်သွားလေပြီ။

တတိယမြောက်နေ့၌ ယဲ့ချန်သည် အဖြူရောင်ယန်ဆေးလုံးကို စတင်ဖော်စပ်၏။ အဖြူရောင်ယန်ဆေးလုံးသည် ချီစုဆောင်းဆေးလုံးနှင့် ချီအဆီအနှစ်ဆေးလုံးကြားရှိ ဆေးလုံးဖြစ်သည်။ ကျန်ဆေးလုံးနှစ်ခုလောက်တော့ မကျယ်ပြန့်ချေ။ မည်သို့ဆိုစေ လိုအပ်သည့်အသိပညာများအပြင် အဖြူရောင်ယန်ဆေးလုံးနှင့် အဆိပ်ဖြေဆေးလုံး ဖော်စပ်ခြင်းတို့ကား အလယ်အလတ်အဆင့်ဆေးဝါးပညာရှင်တစ်ဦး ဖြစ်လာရန် လိုအပ်ချက်များ ဖြစ်လေသည်။

၈ ရက်မြောက်နေ့တွင် ယဲ့ချန်သည် အဖြူရောင်ယန်ဆေးလုံးကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့၏။ သူသည် သာမန်အလယ်အလတ်အဆင့် ဆေးဝါးပညာရှင်ထက် ၂ ရက်စောကာ ဖော်စပ်နိုင်ခဲ့သည်။ အောင်မြင်နှုန်းကား ၈၉ ရာခိုင်နှုန်းရှိ၏။

အဖြူရောင်‌ယန်ဆေးလုံးကို ဖော်စပ်သန့်စင်ပြီးနောက် အဆိပ်ဖြေဆေးလုံးကို စတင်ဖော်စပ်တော့သည်။

၁၁ ရက်မြောက်နေ့တွင် ယဲ့ချန်သည် အောင်မြင်နှုန်း ၉၂ ရာခိုင်နှုန်းဖြင့် အဆိပ်ဖြေဆေးလုံးကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့၏။

ယဲ့ချန်သည် အလယ်အလတ်အဆင့် ဆေးဝါးပညာရှင်တစ်ဦးဖြစ်ရန် အရည်အချင်းပြည့်မှီသွားလေပြီ။

ဆရာရွှမ်းယီနှင့်လီရှုတို့မှာ ယဲ့ချန်ကို မကောင်းဆိုးဝါးတစ်ကောင်အလား ကြည့်နေကြမိ၏။ သူတို့တုန်းက အလယ်အလတ်အဆင့် ဆေးဝါးပညာဖြစ်ရန် အနည်းဆုံး ၅ နှစ်ကြာခဲ့လေသည်။ ယဲ့ချန်ကတော့ ရက်အနည်းငယ်သာ အချိန်ယူခဲ့၏။ ဤကမ္ဘာကြီး၌ ဉာဏ်ကြီးရှင်များ အမှန်တကယ် ရှိပေသည်။

ယဲ့ချန်၏ဝိညာဉ်အသိအမြင်ကား ဆေးဖော်ရာ၌ အလွန်အမင်းအသုံး၀င်သည်ကို ဆရာရွှမ်းယီနှင့်လီရှု မသိပါချေ။ ယေဘုအားဖြင့် အလယ်အလတ်အဆင့်ဆေးဝါးပညာရှင်များ‌ ဆေးဖော်စပ်ရာတွင် ထျန်းချီ၏အာရုံခံနိုင်မှုကိုသာ အားကိုးရပြီး မီးပြင်းဖိုအတွင်းရှိ ပြောင်းလဲမှုများကို သိနိုင်စွမ်းမရှိချေ။ သို့သော် ယဲ့ချန်၏ဝိညာဉ်အသိအမြင်ကား မီးပြင်းဖိုထဲရှိ အရာအားလုံးကို ထင်ထင်ရှားရှား သိမြင်နိုင်၏။ ထို့ကြောင့် သူ့အတွက် ဆေးလုံးဖော်စပ်သန့်စင်ရသည်မှာ အပျင်းပြေလမ်းလျှောက်ထွက်နေသည့်အလားပင်။ လက်မောင်းနေရာလွတ်၏ မူလပိုင်ရှင် ချန်ထားခဲ့သော ရှေးဟောင်းဆေးဝါးပညာရပ်များအပြင် ‘မဟာအဂ္ဂိရိတ်ပညာ’ စာအုပ်ကိုပါ ဖတ်ထားပြီးဖြစ်သဖြင့် ယဲ့ချန်သည် အခြေခံပိုင်နိုင်ပြီးဖြစ်သည်။ ထို့ကြောင့် အားလုံးက သူ့အတွက် ချောမွေ့အဆင်ပြေနေ၏။

All Chapters