မဟာဆေးဝါးပညာရှင်များ၏ အဆင့်များ
Vol. 12 Ch. 170
ယဲ့ချန်သည် အလယ်အလတ်ဆေးဝါးပညာရှင်အဖြစ်သို့ တက်ရောက်နိုင်ခဲ့သော်လည်း စိတ်မကျေနပ်သေးချေ။ လောလောဆယ်တွင် သူ၏ကျင့်ကြံခြင်းအခြေခံမှာ ဝိဇ္ဇာအဆင့်သို့ မရောက်လျှင် မဟာဆေးဝါးပညာရှင်တစ်ဦးအား တိုက်ခိုက်နိုင်မည်မဟုတ်ချေ။ သို့သော် ထိုကိစ္စများမတိုင်ခင် ဦးစွာ အဆင့်မြင့်ဆေးဝါးပညာရှင်တစ်ဦး ဖြစ်လာရန် လိုအပ်သည်။
[T/N - စဦးပိုင်းအဆင့် > အလယ်အလတ်အဆင့် >အဆင့်မြင့် > မဟာဆေးဝါးပညာရှင်ဆိုပြီး အဆင့်ဆင့်ပါ]
လီရှုသည် အဆင့်မြင့်ဆေးဝါးပညာရှင်ဖြစ်သော်လည်း ယဲ့ချန်အား အဆင့်မြင့်ဆေးဝါးပညာရပ်များ သင်ပေးနိုင်စွမ်းမရှိချေ။ ဆရာရွှမ်းယီတစ်ဦးတည်းသာ သင်ပေးနိုင်၏။ ယဲ့ချန်သည် ဆေးလုံးဖော်စပ်နေရင်း အဆင့်မြင့်ဆေးဝါးပညာရှင်တစ်ဦး နားလည်မည့် အဓိကအချက်များကို ရှင်းပြပေးနေသော ဆရာရွှမ်းယီ၏ရှေ့၌ ထိုင်နေသည်။ ထိုသို့ရှင်းပြသည်ကား နှစ်ရက်ကြာသွား၏။ ၎င်းအချက်များကား မည်သည့်စာအုပ်တွင်မှ ရေးသားထားခြင်းမရှိချေ။ ဆရာရွှမ်းယီတစ်ယောက် ကိုယ်တိုင်ကိုယ်ကျ ဆေးလုံးဖော်စပ်ခြင်းမှ နားလည်ခဲ့သော အရာများဖြစ်၏။
“စဦးပိုင်းနဲ့ အလယ်အလတ်ဆေးဝါးပညာရှင်တွေက အခြေခံသာသာပဲ။ ဆေးဝါးပညာအစစ်အမှန်က အဆင့်မြင့်ဆေးဝါးပညာရှင်အဆင့်မှာ စတာ။ လီရှုနဲ့ငါ အဆင့်မြင့်ဆေးဝါးပညာရှင်ဖြစ်လာဖို့ ဆယ်စုနှစ်တစ်ခုကြာခဲ့တယ်။ စဦးပိုင်းနဲ့အလယ်အလတ် ဆေးဝါးပညာရှင်တွေက ဆေးလုံးဖော်စပ်ကြပေမယ့် ချမှတ်ထားတဲ့ စည်းကမ်းတွေကိုအတိုင်း လုပ်ရင်ရပြီ။ အဆင့်မြင့်ဆေးဝါးပညာရှင်တစ်ယောက်ကတော့ ဆေးပင်ထောင်သောင်းများစွာရဲ့ ဆေးအာနိသင်တွေကို နားလည်သဘောပေါက်ပြီးတော့ ပါးပါးနပ်နပ် အသုံးချနိုင်ရမယ်။ ဘယ်လို အကူပစ္စည်းတွေ သုံးသင့်လဲဆိုတာလည်း သိထားရမယ်။ မင်းကို ငါ အကြမ်းဖြင်းပဲ ပြောပြလို့ရတယ်။ မင်းကိုယ်တိုင် လေ့လာရမယ့်အရာတွေ အများကြီးပဲ။ ဒီဆေးဖော်ခန်းထဲမှာ စာအုပ်တွေ၊ စာတမ်းတွေ အများကြီးရှိတယ်။ မင်းစိတ်ကြိုက် အသုံးချ။ နည်းနည်းပါးပါး နားလည်သွားပြီဆိုရင် ချီအဆီအနှစ်ဆေးလုံး ဖော်စပ်ဖို့ လီရှုကို ကူညီခိုင်းချေ” ဆရာရွှမ်းယီက ပြော၏။ အလယ်အလတ်အဆင့် ဆေးဝါးပညာရှင်များသည် နှောင်းပိုင်းအဆင့်များတွင် ချီအဆီအနှစ်ဆေးလုံးများ ဖော်စပ်နိုင်ကြသည်။ အောင်မြင်နှုန်း ၆၀ ရာခိုင်နှုန်းကျော်မှသာ အခြားဆေးလုံးများကို ဖော်စပ်နိုင်၏။
“ဟုတ်ကဲ့ပါ ဆရာ” ရက်ပေါင်းများစွာ အတူတကွ နေခဲ့ပြီးနောက် ဤနွေးထွေးကြင်နာသော အဘိုးအိုကြီးအား ယဲ့ချန် မလေးစားမိဘဲ မနေနိုင်ချေ။ ဆရာရွှမ်းယီသာ ကိုယ်ကျိုးမငဲ့ဘဲ သင်ကြားမပေးခဲ့ပါက ဤအရာအားလုံးကို ယဲ့ချန် သိမည်မဟုတ်။ ယခုတွင် ယဲ့ချန်သည် ဆေးဝါးပညာအကြောင်း များစွာ သင်ယူနိုင်ခဲ့၏။ သာမန်ဆေးဝါးပညာသော်လည်းကောင်း ရှေးဟောင်းဆေးဝါးသော်လည်းကောင်း နှစ်ခုလုံးကို နားလည်မှုက ယခင်နှင့်မတူတော့ချေ။
ယဲ့ချန်သည် စာအုပ်ပုံကြီးအလယ်တွင် ထိုင်ရင်း ရေများအားလုံးကို စုပ်ယူနေသည့် ဖော့တုံးတစ်တုံးအလား အသိပညာများ စုစည်းနေ၏။ အဆင့်မြင့်ဆေးဝါးပညာရှင်တစ်ဦးအတွက် လိုအပ်များကို ငါးရက်အတွင်း ဖတ်ပြီးသွားလေပြီ။ သူ၏ဝိညာဉ်အသိအမြင်ကြောင့် ဖတ်ခဲ့သမျှအရာအားလုံးနီးပါးကို မှတ်မိနိုင်လေသည်။
အဆင့်မြင့်ဆေးဝါးပညာတစ်ဦး ဖော်စပ်နိုင်သည့် ဆေးလုံးများကို မဖော်စပ်ရသေးသော်လည်း လုပ်နိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိနေ၏။ သူ၏အောင်မြင်နှုန်းကလည်း နိမ့်ကျနေမည်မဟုတ်ပေ။
လောလောဆယ်တွင် ယဲ့ချန်၏အခြေအနေမှာ အဆင့်မြင့်ဆေးဝါးပညာရှင်တစ်ဦးအတွက် စံအခြေအနေဖြစ်လေသည်။
ယဲ့ချန်သည် မဟာဆေးဝါးပညာရှင်များ၏ အသိပညာများအကြောင်းကို ဖတ်ရှုကြည့်လိုက်၏။ ယခုတွင် သူ၏ကျင့်ကြံခြင်းအခြေခံမှာ မလုံလောက်သေးသဖြင့် မဟာဆေးဝါးပညာရှင်အဆင့်သို့ မတက်လှမ်းနိုင်သေးချေ။ သို့ထိတိုင် ၎င်းက ယဲ့ချန်၏လေ့လာလိုစိတ်ကို မတားနိုင်။
မဟာဆေးဝါးပညာရှင်များကိုလည်း အဆင့်များ ခွဲနိုင်ပေသည်။
မဟာဆေးဝါးပညာရှင်များအား ဂျူနီယာ၊ စီနီယာ၊ ကျွမ်းကျင်သူ၊ အကြီးအကဲ၊ မဟာအကြီးအကဲနှင့် နတ်မဟာအဆင့်ဟူ၍ ၆ ဆင့် ခွဲခြားထား၏။ ထိုအဆင့်များသို့ တက်ရောက်နိုင်ရန် မြေဝိဇ္ဇာအဆင့်တွင် ရှိရပေမည်။ သို့သော် မဟာဆေးဝါးပညာရှင်များပင် ဖြစ်သော်လည်း တစ်ဆင့်နှင့်တစ်ဆင့်ကား မိုးနှင့်မြေပမာ ကွာခြား၏။ ဆရာရွှမ်းယီသည် အကြီးအကဲအဆင့်တွင်ဖြစ်ပြီး အရှေ့ကုန်းမြေ၏ ထိပ်တန်းဆယ်ယောက်ထဲတွင် ပါ၀င်လေသည်။ မဟာအကြီးအကဲအဆင့် ဆေးဝါးပညာရှင်များမှာ အင်မတန် ရှားပါး၏။ တစ်ဆင့်တက်ရန်မှာ ပြောမပြနိုင်လောက်အောင် ခက်ခဲပေသည်။ နတ်မဟာအဆင့်ဆေးဝါးပညာရှင်များကတော့ ဒဏ္ဍာရီများတွင်သာ ရှိကြ၏။
ဆရာရွှမ်းယီမှာ ရာစုနှစ်တစ်ခုစာ သက်တမ်းရှိပြီး လက်တွေ့ဆေးဝါးပညာအတွေ့အကြုံ ဆယ်စုနှစ်များစွာ ရှိပေသည်။ ထို့ကြောင့် သူ၏အသိပညာမှာ ယဲ့ချန်နှင့်ယှဉ်လျှင် မှန်းဆ၍မရအောင်ပင် နက်နဲကျယ်ပြန့်၏။
ကြည့်ရသရွေ့ လျှောက်ရမည့် ခရီးလမ်းကား ရှည်လျားလှပေသည်။ ကံကောင်းစွာဖြင့် မဟာဆေးဝါးပညာရှင်တစ်ဦးဖြစ်လာခဲ့ပါ ဂျူနီယာအဆင့်၌ပင်လျှင် နေ့စဉ်နေ့တိုင်း ဆေးလုံးများ ဖော်စပ်နိုင်လိမ့်မည်။
သင်ယူပြီးသမျှကို မှတ်သားပြီးနောက် ယဲ့ချန်သည် လက်မောင်းကာနေရာလွတ်ထဲရှိ ရှေးဟောင်းဆေးဝါးပညာရပ်များကို စတင်လေ့လာ၏။ ပို၍အဆင့်မြင့်သော ဆေးလုံးများကို ဖော်စပ်သန့်စင်လိုပေသည်။
ဆရာရွှမ်းယီနှင့်ယဲ့ချန်တို့ ဆေးဝါးပညာတွင် နစ်မြုပ်နေကြစဉ် မြို့တော်၌ကား လျှို့ဝှက်လှုပ်ရှားမှုများ ဖြစ်ပေါ်နေ၏။ ခရမ်းရွှေနတ်ငါးအကြောင်း သိရှိသွားသူ လူအတော်များများမှာ မြို့တော်၌ စုဝေးနေလေသည်။
ဧကရာဇ်မင်ဝူ ခြံ၀န်းထဲတွင် လက်ဖက်ရည်ကြမ်းသောက်နေစဉ် ရွှေသံချပ်ကာနှင့် အစောင့်တပ်သားတစ်ဦးက အလောတကြီး ပြေးလာကာ ဒူးထောက်ချလိုက်၏။ “အစီရင်ခံပါတယ် ဧကရာဇ်။ ထိုက်ယီဓားဂိုဏ်းက ခေါင်းဆောင်တွေနဲ့ ထျန်းရှင်းတောင်ဂိုဏ်းက ခေါင်းဆောင်တွေ နောက်လိုက်တွေနဲ့အတူ ရောက်ရှိနေပါတယ်။ အခု မြိုတော့်ထဲက ယွင်လိုင်တည်းခိုဆောင်မှာ တည်းနေကြပါတယ်”
“မြစိမ်းတိမ်ဂိုဏ်းက လူတွေကိုရော သတိထားမိလား” ဧကရာဇ်မင်ဝူသည် ထိုသတင်းများကို ကြားသော်လည်း မျက်တောင်တစ်ချက်မခတ်ချေ။
“မြစိမ်းတိမ်ဂိုဏ်းက တပည့်နည်းနည်းကိုပဲ တွေ့ခဲ့ရပါတယ်။ မြစိမ်းတိမ်ဂိုဏ်းချုပ်က တံခါးပိတ်ကျင့်ကြံနေတယ်လို့ သိရပါတယ်။ ပြီးတော့ သူကျင့်ကြံနေတဲ့အတောအတွင်း ဂိုဏ်းသားတွေကို ပြဿနာမရှာဖို့ သတိပေးထားတယ်လို့လည်း သိရပါတယ်” ရွှေသံချပ်ကာနှင့် အစောင့်တပ်သားက ဒူးတစ်ချောင်းထောက်လျက် ရိုကျိုးစွာ ပြောသည်။
“အင်း မြစိမ်းတိမ်ဂိုဏ်းရဲ့ နျင်ချင်းယွင်မလာဘူးဆိုတော့ ငါတို့အတွက် ဒုက္ခနည်းနည်းပေါ့သွားလိမ့်မယ်။ ထိုက်ယီဓားဂိုဏ်းနဲ့ ထျန်းရှင်းတောင်ဂိုဏ်းကို စောင့်ကြည့်ထား။ သူတို့က မြို့တော်ထဲမှာဆိုတော့ ငါ သွားလည်ပေးရမှာပေါ့”
“ဟောင်မျိုးနွယ်စု၊ ကျန့်မျိုးနွယ်စုနဲ့ ရှီဝူအင်ပါယာထဲက တခြားမျိုးနွယ်စုတွေကလည်း မြို့တော်ထဲကို တပ်ဖွဲ့တွေ ခေါ်ထားပါတယ်”
“သူတို့ကို ဂရုစိုက်မနေနဲ့။ ရှီဝူအင်ပါယာထဲမှာ ပြဿနာရှာရဲကြမှာမဟုတ်ဘူး” ဧကရာဇ်မင်ဝူက လက်ဖက်ရည်ကြမ်းသောက်ရင်း အေးဆေးစွာ ပြော၏။
ထိုက်ယီဓားဂိုဏ်းနှင့် ထျန်းရှင်းထောင်ဂိုဏ်းများကို ကောင်းကင်ဝိဇ္ဇာများက ဦးဆောင်ကြပြီး ကျန်မျိုးနွယ်စုများမှာတော့ ခွန်အားအရာ၌ သိသိသာသာ လျော့နည်းကြပေသည်။ ဝှက်ဖဲများကို ထုတ်ပြလျှင်တောင်မှ မြေဝိဇ္ဇာအဆင့်ကျင့်ကြံသူများသာ ဖြစ်လိမ့်မည်။
“ဧကရာဇ်ခင်ဗျ။ နန်မန်နိုင်ငံကလည်း လူတွေလွှတ်ထားတယ်လို့ သိရပါတယ်။ အခုလောလောဆယ်တော့ လမ်းမှာပဲ ရှိပါသေးတယ်”
နန်မန်နိုင်ငံမှ လူလွှတ်လိုက်သည်ဆိုသော စကားကိုကြားသည်နှင့် အသက်အဖြတ်စိတ်ဆန္ဒများက ဧကရာဇ်မင်ဝူ၏မျက်၀န်းများတွင် ပြည့်နှက်သွား၏။ “သူတို့ ဘယ်နေရာမှာလဲ၊ ဘာစွမ်းရည်တွေရှိသလဲ ဆိုတာကို စုံစမ်းလိုက်။ အဆင့် ၁၀ အောက်ဆိုရင် ခြွင်းချက်မရှိ သတ်ပစ်လိုက်။ ဝိဇ္ဇာအဆင့် တိုက်ခိုက်သူတွေပါရင် ချက်ချင်း အစီအရင်ခံ”
“မှန်လှပါ”
ထိုလူအားလုံးသည် ခရမ်းရွှေနတ်ငါးကြောင့် လာရောက်ကြခြင်းဖြစ်သည်။ ခရမ်းရွှေနတ်ငါးကဲ့သို့ ရတနာမျိုး၏ဆွဲဆောင်မှုကို မည်သူမှ တောင့်မခံနိုင်ချေ။ ခရမ်းရွှေနတ်ငါးမှ ဖော်စပ်သန့်စင်ထားသော လူသားအဆင့် ဝိညာဉ်ဆေးလုံးတစ်လုံးသည် အဆင့် ၁၀ ကျင့်ကြံသူတစ်ယောက်အား မြေဝိဇ္ဇာအဆင့်သို့ မြှင့်တင်ပေးနိုင်၏။ မြေဝိဇ္ဇာအထွတ်အထိပ်အဆင့်ကိုတော့ ကောင်းကင်ဝိဇ္ဇာအဆင့်အထိ မြှင့်တင်ပေးနိုင်သည်။ ကောင်းကင်ဝိဇ္ဇာတစ်ဦး စားလိုက်လျှင် ကျင့်ကြံခြင်းအခြေခံမှာ များစွာ တိုးတက်သွားလိမ့်မည်။
ဧကရာဇ်မင်ဝူသည် ယဲ့ချန် ဖမ်းမိခဲ့သော ငါးတစ်ကောင်ကြောင့် ဤသို့ စုဝေးနေမှုကို တွေးတောနေ၏။ နောက်ဆုံးအောင်သူ မည်သူဖြစ်လာမလဲ သိချင်မိသည်။ ယဲ့ချန်ထံ သွားရောက် လည်ပတ်ပါက ရင်းမုန့်ထျန်း၏စကားအတိုင်း ပါရမီရှင် ဟုတ်၊ မဟုတ် အကဲခတ်ရပေမည်။ ခရမ်းရွှေနတ်ငါးကို ဖမ်းမိခဲ့ခြင်းကပင် အတော်လေး အထင်ကြီးစရာပင်။
ဆရာရွှမ်းယီနှင့် တွေ့ပါကလည်း ပေးရမည့်အရာများစွာ ရှိပေသည်။ ဧကရာဇ်မင်ဝူသည် သူ၏ကောင်းကင်ပထဝီအိတ်အတွင်းရှိ စာလုံးများကို တစ်ချက် ဝေ့ကြည့်လိုက်၏။
ဆေးဖော်ခန်းထဲတွင် ယဲ့ချန်သည် ချီအဆီအနှစ်ဆေးလုံးအတွက် ပါ၀င်ပစ္စည်းများကို စုဆောင်းပြီး လက်မောင်းကာနေရာလွတ်ထဲတွင် သန့်စင်နေ၏။ မကြာခဏဆိုသလို စာအုပ်များကို လှန်လှောကြည့်တတ်သည်။ ရှောင်ရိနှင့်အမွှေးပွကလေးက လုပ်စရာမရှိ၍ ပျင်းသောကြောင့် ဆော့ကစားရန် ထွက်သွား၏။
အမွှေးပွလေးနှင့် ရှောင်ရိ၏ကျင့်ကြံခြင်းအခြေခံအရ ဤကျွန်းငယ်မှ ထွက်မသွားသရွေ့ ပြဿနာမရှိချေ။ လေ့ရီနှင့်အခြားသူများမှာ အမြင့်ဆုံးဆိုလျှင် အဆင့် ၉ ကျင့်ကြံခြင်းအခြေခံသာ ရှိကြ၏။ ရှောင်ရိနှင့်အမွှေးပွကလေးကို တိုက်ခိုက်ပါက သေရွာလားသွားကြပေမည်။ ထို့ကြောင့် ယဲ့ချန် စိတ်အေးလက်အေး နေနိုင်၏။ လွန်ခဲ့သည့်ရက်အနည်းအတွင်း ရှောင်ရိသည် ဆေးလုံးအမျိုးအစား ထောင်ချီ၍ စားခဲ့သည်။ သို့သော် အဆုံးမရှိသော ချိုင့်ဝှမ်းထဲသို့ ကျသွားသည့်အလား မည်သည့်သက်ရောက်မှုမှမရှိချေ။ ၎င်းတို့က ရှောင်ရိအတွက် အကျိုးသက်ရောက်မှုမရှိသည်လော။ လုံလုံလောက်လောက် မစား၍လော။
မည်သို့ဆိုစေ ရှောင်ရိ၏ဒဏ်ရာမှာ ဖြည်းဖြည်းချင်း ကောင်းမွန်လာနေ၏။ ၎င်းက လုံလောက်ပေသည်။
ယဲ့ချန်၏ဝိညာဉ်အသိအမြင်မှာ ဆတ်ခနဲ တုန်တက်သွား၏။ သိမ်းငှက်နက်သည် မြို့တော်ထက်တွင် ပေါ်လာချေသည်။ ယဲ့ချန်က ဝိညာဥ်အသိအမြင်ကိုသုံး၍ သိမ်းငှက်နက်ထံ အချက်ပြလိုက်၏။ ထို့နောက် သိမ်းငှက်နက်သည် မင်ရေကန်ကို စောင့်ကြပ်နေသာ တပ်ဖွဲ့များကို ဖြတ်၍ သူ့ထံသို့ တန်းတန်းမတ်မတ် ပျံသန်းလာကာ ကျွန်း၏တောအုပ်တွင် ဆင်းသက်လိုက်သည်။ ကျောပေါ်တွင် မည်သည့်ခရီးသည်မှမပါ။ ခြေသည်းများတွင်သာ အထုပ်တစ်ထုပ် ချည်ထား၏။ ယဲ့ချန်က အမွှေးပွလေးအား ထိုအထုပ်ကို သွားယူစေသည်။
အမွှေးပွလေးသည် အထုပ်ကို ပါးစပ်တွင်ကိုက်ရင်း ဆေးဖော်ခန်းထဲသို့ ပြန်ရောက်လာ၏။ ယဲ့ချန်က သူမထံမှယူကာ ဖွင့်ဖောက်လိုက်သည်။ စာလွှာအနည်းငယ်နှင့် ကောင်းကင်ပထဝီအိတ် ၁၀ အိတ်ကျော် ပါရှိ၏။
ယဲ့ချန်က ကောင်းကင်ပထဝီအိတ်များကို ဖွင့်ကြည့်လိုက်သည်။ ချီစုဆောင်းဆေးလုံးများနှင့် ချီအဆီအနှစ်ဆေးလုံးများစွာကို တွေ့လိုက်ရ၏။ အတိအကျဆိုရလျှင် ချီစုဆောင်းဆေးလုံး ၅၀၀,၀၀၀ နှင့် ချီအဆီအနှစ်ဆေးလုံး ၅၀,၀၀၀ ရှိလေသည်။ ယဲ့ချန်မှာ အံ့အားသင့်သွားကြ၏။ အဘယ်ကြောင့် ဘိုးဘိုးကြီးက ဤမျှပမာဏကို ပို့လိုက်ရပါသနည်း။
ယဲ့ချန်သည် စာလွှာကို ဖောက်ကာ ဖတ်လိုက်သည်။ ဘိုးဘိုးကြီး၏လက်ရေးပင်။ ထျန်းတုကုန်သည်အသင်းနှင့် ပထမအကြိမ် ရောင်းချမှုမှ ငွေပေးချေမှုရရှိခဲ့ပြီး ယခုတွင် ဒုတိယအကြိမ် ရောင်းချရန် ပြင်ဆင်နေလေပြီ။ ထိုဆေးလုံးများကား ယဲ့ချန်အသုံးချရန် ပေးခြင်းဖြစ်၏။
ယဲ့ချိန်ရွှမ်း၏စာကို ဖတ်ပြီးနောက် ယဲ့ချန်က ခြောက်ကပ်ကပ် ရယ်လိုက်သည်။ ဤသို့ ဆေးလုံးမြောက်များစွာကို မည်သို့ကုန်အောင် သုံးနိုင်ပါမည်နည်း။ မည်သို့ဆိုစေ ပထမဆုံးငွေပေးချေမှုကို ရရှိခဲ့သည် ယဲ့မျိုးနွယ်စု၏ ဘဏ္ဍာရေးအခြေအနေ ချောင်လည်သွားပေလိမ့်မည်။ လင်ကျစ်ပင်စိုက်ခြင်းတစ်ခုတည်းက ယဲ့မျိုးနွယ်စုကို လအနည်းငယ်တိုင်း ငွေအမြောက်အများ ၀င်စေမည်ဖြစ်သည်။
ငွေလက်ခံရပြီးနောက် ယဲ့ချိန်ရွှမ်းနှင့်အခြားလူများသည် လေလံအိမ်များစွာ၌ အဆင့် ၁ စိတ်ဝိညာဉ်ပစ္စည်းများကို ၀ယ်ယူခဲ့သည်။
ထို့အပြင် ကွမ်းရှီဆေးလုံးနှင့် ခြင်ဆီသန့်စင်ဆေးလုံးများကဲ့သို့ အဆင့်မြင့်ဆေးလုံးများကိုလည်း ၀ယ်ယူကာ မျိုးနွယ်စုအတွင်း မျှဝေပေး၏။ သက်ကြီးရွယ်အိုများ၊ နာမကျန်သူများမှလွဲ၍ ခြင်ဆီသန့်စင်ဆေးလုံး စားပြီးသူတိုင်းသည် စတင်ကျင့်ကြံနေကြလေပြီ။
ယဲ့မျိုးနွယ်စုမှာ ပြောင်းလဲလာနေကြောင်း ယဲ့ချန်ခံစားမိ၏။ ဖြည်းဖြည်းချင်း အထွတ်အထိပ်မျိုးနွယ်တစ်စု ဖြစ်လာပေလိမ့်မည်။
စာကိုဆက်ဖတ်နေသည့် ယဲ့ချန်၏မျက်နှာအမူအရာမှာ တဖြည်းဖြည်း မကျေမချမ်းဖြစ်လာ၏။ ယဲ့ကျန့်ထျန်းသည် ထိုအချိန်က တုန့်လင်မြို့၌ ဖြစ်သည်။ အစပိုင်းတွင် ကိစ္စများကား အဆင်ပြေချောမွေ့နေခဲ့၏။ တုန့်လင်မြို့၏သိုင်းပညာမိသားစုများမှာ ယဲ့ကျန့်ထျန်း၏ဦးဆောင်မှုအောက်သို့ ခို၀င်လာခဲ့ကြသည်။ ထို့အပြင် ယဲ့ကျန့်ထျန်းသည် ဒုတိယမင်းသား လျိုရွှင်းကဲ့သို့ အခွန်ရူးသွပ်သူမဟုတ်ချေ။ ယဲ့ကျန့်ထျန်းသည် စားသောက်ရိက္ခာများ ၀ယ်ယူ၍ ဆင်းရဲနွမ်းပါးသူများအား မကြာခဏ မျှဝေပေးတတသည်။ သူသည် လူများကို အဓိကထားသူဖြစ်၏။ မကြာမီ နန်မန်နိုင်ငံမှ လူအချို့သည် ယဲ့ကျန့်ထျန်းကို နန်မန်နိုင်ငံဆီ အညံ့ခံရန် အကြောင်းကြားလာခဲ့သည်။ သို့သော် ယဲ့ကျန့်ထျန်းက ငြင်းဆိုခဲ့၏။ ထို့ကြောင့် နန်မန်နိုင်ငံသည် ယဲ့ကျန့်ထျန်းကို သတ်ရန် အဆင့် ၁၀ တိုက်ခိုက်သူ ၉ ယောက်ကို စေလွှတ်ခဲ့၏။ ထို ၉ ယောက်၌ ၈ ယောက် သေသွားခဲ့ပြီး တစ်ယောက်ကတော့ ဒဏ်ရာအပြင်းအထန်ဖြင့် ထွက်ပြေးသွားခဲ့သည်။
ယဲ့ကျန့်ထျန်းမှာ တိုက်ပွဲတွင် ထိခိုက်မှုမရှိခဲ့သော်လည်း မှော်သားရဲသုံးကောင်ကတော့ အနည်းငယ် ဒဏ်ရာရသွားခဲ့၏။ ယဲ့ချိန်ရွှမ်းမှာ ယဲ့ကျန့်ထျန်းကို တုန့်လင်မြို့တွင် မထားရဲတော့ချေ။ ထို့ကြောင့် ယဲ့ကျန့်ထျန်းက တောင်ကြားသို့သွားရောက်ကာ ရွှီကျန်းကို တုန့်လင်မြို့အား အုပ်ချုပ်ရာတွင် အဝေးမှ ကွပ်ကဲပေးနေ၏။
နန်မန်နိုင်ငံက သူ၏ဖခင်ကို သတ်ရန် တိုက်ခိုက်သူများ စေလွှတ်လိုက်မည်ဟု ယဲ့ချန် ထင်မထားခဲ့ချေ။ သူ၏ဖခင်သာ တစ်ခုခု အန္တရာယ်ဖြစ်သွားခဲ့ပါက ယဲ့ချန်အတွက် ကမ္ဘာမကြေသော အမုန်းတရားကြီး ပေါက်ဖွားလာပေလိမ့်မည်။
ရန်စဟောင်းများလည်းရှိသလို ရန်ညှိုးသစ်များလည်း ရှိ၏။ ဤမတိုင်ခင်က နန်မန်မြို့သည် ယဲ့နန်းတော်ကို ၀င်ရောက်တိုက်ခိုက်ခဲ့ဖူးသည်။ ယဲ့ချန်သည် ထိုကလဲ့စားကို မမေ့သေးချေ။ ယခုတွင် သူ၏ဖခင်ကို သတ်ရန် ကြံစည်လာ၏။ သူ့၌သာ စွမ်းအားအလုံအလောက်ရှိပါက နန်မန်နိုင်ငံ၏ဘုရင်၊ ထို့ပါးဟုန်ယဲ့ဆိုသူအား ကိုယ်တိုင်ကိုယ်ကျ သွားသတ်မိပေလိမ့်မည်။ သို့သော် နန်မန်နိုင်ငံ၏ဘုရင်ကား ဧကရာဇ်မင်ဝူထက်ပင် အစွမ်းထက်သည့် မှော်ဝိဇ္ဇာအဆင့် အင်အားကြီးသူတစ်ယောက် ဖြစ်ချေသည်။ ထို့အပြင် နန်မန်နိုင်ငံတွင် ကျွမ်းကျင်တိုက်ခိုက်ရေးသမားများစွာ ရှိ၏။ ယဲ့ချန်မှာ သူ၏အမုန်းတရားကို မြိုသိပ်ထားရုံမှတစ်ပါး ရွေးချယ်စရာမရှိချေ။
စွမ်းအား။ ဤကမ္ဘာ၌ စွမ်းအားကြီးသော လက်သီးကသာ အရေးပါပေသည်။ အားနည်းသူများကား မည်သည့်အရာကိုမှ အာမခံရဲကြချေ။
ယဲ့ချန်က နက်နက်နဲနဲ စဉ်းစားလိုက်၏။ လျိုရွှမ်းနှင့် လျိုခန်းကား နန်မန်နိုင်ငံသို့ အညံ့ခံသွားခဲ့သည်။ ချိုးယင်းလည်း သူတို့နှင့်အတူ ပူးပေါင်းသွားလောက်လေပြီ။ သူ့အဖေကို လုပ်ကြံခြင်းက ချိုးယင်း အစပျိုးသည်မှာ ဖြစ်ကောင်းဖြစ်နိုင်၏။ ယဲ့ချန် မြို့တော်သို့ လာရောက်ခဲ့သည့် အကြောင်းအရင်းတစ်ခုမှာ ချိုးယင်းကို သတ်ရန်ဖြစ်သည်။ ချိုးယင်းကဲ့သို့ ကောက်ကျစ်ပြီး စက်ဆုပ်ဖွယ်ကောင်းသော ပုဂ္ဂိုလ်တစ်ဦးမှာ ရှီဝူအင်ပါယာတွင် လွှမ်းမိုးမှုများစွာ ရှိပေသည်။ မည်သူက ပြောနိုင်မည်နည်း။ ယဲ့ချန်၏နောက်ကျောအား ဓားဖြင့်ထိုးကောင်းထိုးသွားနိုင်ပေသည်။
အစီအစဉ်တချို့ချပြီးနောက် ယဲ့ချန်က သိမ်းငှက်နက်ကို ခေါ်လိုက်သည်။ ၎င်းက အမွှေးပွလေးကိုသယ်၍ ၀န်ကြီးချုပ်များနေထိုင်သော မြို့တော်တစ်နေရာသို့ ပျံသန်းသွားလေသည်။
အိမ်သို့ နောက်ကျမှ စာပြန်ပါက အရေးမကြီးချေ။ ပထမဆုံး အမွှေးပွလေးနှင့် သိမ်းငှက်နက်ကို စေလွှတ်၍ ချိုးယင်း၏တည်နေရာကို စုံစမ်းရပေမည်။
ယဲ့ချန်မှာ အငြိုးအတေးကြီးသူတစ်ဦး ဖြစ်၏။ သူသည် ချိုးယင်းကြောင့် သေမလိုဖြစ်ခဲ့ဖူးသည်။ ယခု ချိုးယင်းနှင့် တိုက်ခိုက်ရန် သူ့တွင် ခွန်အားအလုံအလောက် ရှိနေလေပြီ။ မှန်ပါသည်။ မည်သည့်သွေးကြွေးကိုမဆို ကျေအောင်ဆပ်ပေလိမ့်မည်။