အခန်း (၅၄၅)
Vol. 40 Ch. 545
ထိုစဉ် ယုံရင် အင်မော်တယ် မြို့တွင်းနေရာ၌ လူတစ်သန်းနီးပါး ရောက်ရှိနေလေပြီ။ လူအရမ်း များလွန်းသည့် အတွက် မြို့ကွင်းပြင် ပတ်လည်မှ အတားအဆီး များစွာကို ဖွင့်လှစ် ပေးထားသောကြောင့် ကျင့်ကြံသူများအတွက် ဆေးပညာပြိုင်ပွဲကို လာရောက် ကြည့်ရှုရန် ပိုမို အဆင်ပြေစေ၏။
မိုဝူကျီနှင့်လင်းဂူတို့ ရောက်ရှိလာသည့်အခါ ဤနေရာတွင် လူအပြည့် ဖြစ်နေလေ၏။ အကယ်၍ ပြိုင်ပွဲဝင် ဆေးလုံးဆရာများ အတွက် လမ်းသပ်သပ် လုပ်မပေးထားလျှင် နှစ်ယောက်သား လူအများကြား တိုးဝှေ့၍ သွားနေရလိမ့်မည်။
ပြိုင်ပွဲဝင် တစ်ယောက်ချင်းစီ အတွက် ရှေ့၌ လူနှစ်ဦးစာ ထိုင်ခုံ ပေးထားသော အမှတ်အသားပြား ပါကြလေသည်။ ထို့ကြောင့် မိုဝူကျီနှင့် လင်းဂူတို့က အနည်းငယ် နောက်ကျသော်လည်း အမှတ်အသားပြားဖြင့် နေရာရှာတွေ့သေး၏။
နှစ်ယောက်သား နေရာယူပြီးသည့်နောက်တွင်ပင် ဆေးပညာပြိုင်ပွဲက စတင်မလာသေးပေ။
လူများက ဆက်တိုက်ဝင်လာနေကြပြီး မကြာခင်၌ မိုဝူကျီဘေးပတ်လည်မှ နေရာများမှာ လူအပြည့် ဖြစ်သွားသည်။ လူများစွာက လေးလံသော ဆေးမီးဖိုများ သယ်ဆောင် လာကြသည်။ သူတို့မှာ ပြိုင်ပွဲတွင် ပါဝင်မည့် ဆေးလုံးဆရာ ဖြစ်ကြောင်း ပြောနေစရာ မလိုပေ။
နှစ်ယောက်သား နေရာယူပြီး သိပ်မကြာခင်တွင် လူတစ်ယောက်က မိုဝူကျီဘေး ရောက်ရှိလာကာ အမှတ်အသားပြားကို အင်မော်တယ် ကျောက်များဖြင့် လာဝယ်လေသည်။ မိုဝူကျီက ငြင်းပယ်ဖို့ရာ တုံ့ဆိုင်းမနေပေ။ သူတို့က မြင်ကွင်း ရှင်းရှင်းလင်းလင်း၌ ရှိနေသောကြောင့်သာ မဟုတ်လျှင် သူ့အမှတ်အသားပြား လုယူခံရနိုင်လေ၏။
ဆေးလုံးဆရာများ ထိုင်နေသည့်ရှေ့တွင် နှစ်ပိုင်း ပိုင်းခြမ်း ထားလေ၏။ တစ်ဖက်မှာ ကွင်းပြင်ထက် တစ်မီတာ၊ နှစ်မီတာမျှ မြင့်သော စင်မြင့်ရှိနေပြီး နေရာအတော်ကျယ်ကာ မြေကမ္ဘာအဆင့် မီးတောက်များ အတန်းလိုက် စီထားသည်။ မိုဝူကျီက တစ်ချက်တည်း ကြည့်ရုံဖြင့် ထိုနေရာမှာ ပြိုင်ရမည့် နေရာ ဖြစ်ကြောင်း သိလိုက်သည်။
အရှေ့ဆုံး၌ ပိုမြင့်မားသော စင်မြင့်တစ်ခု ရှိပေသည်။ မိုဝူကျီက ထိုအရာမှာ အကဲဖြတ် ဒိုင်များနှင့် ပုဂ္ဂိုလ်ကြီးအတွက် ဖြစ်ကြောင်း မှန်းဆမိလိုက်သည်။
နောက်ထပ် လေးနာရီထပ် စောင့်ပြီးနောက် လူဆယ်ယောက်က အဓိက စင်မြင့်ဆီ တက်လာသည်။
သူတို့ လျှောက်လှမ်း လာသည့်အခါ နဂိုက ဆူညံ့ပွက်လောရိုက်နေသည့် နေရာတစ်ခုလုံး ငြိမ်ကျ သွားလေ၏။ လူ တစ်သန်းကျော် ရှိနေသော်လည်း အသက်ရှူပင် မကြားရလောက်သည့် အထိ တိတ်ဆိတ် သွားသည်။
အားကောင်းသည့် အရှိန်အဝါရှိပြီး ဖြောင့်မတ် တည်ကြည်သည့် သွင်ပြင်နှင့် လူလတ် အမျိုးသားက အဓိကစင်မြင့်ရှေ့ ထွက်လာသည်။ သူက လက်နှစ်ဖက် ဆုပ်ကာ လူအုပ်ဆီ နှုတ်ဆက်လိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်
“ ယုံရင် အင်မော်တယ်နယ်မြေရဲ့ အုပ်ချုပ်သူ ကောင်းကင်ဧကရာဇ် တစ်ယောက်အနေနဲ့ ကျုပ် ကွေ့ဖုန်းယွင်က ယုံရင် အင်မော်တယ် နယ်မြေကို ကိုယ်စားပြုပြီးတော့ အင်မော်တယ် ရောင်းရင်းတို့ကို ကြိုဆိုပါတယ်။
ကျုပ်က ယုံရင် အင်မော်တယ် နယ်မြေရဲ့ ကောင်းကင်ဧကရာဇ် ဆိုပေမဲ့ ဒီနေ့တော့ အများသူဌာလို အင်မော်တယ် နယ်မြေအနှံ့က သူတို့ စွမ်းရည် ထုတ်ပြကြမဲ့ ထူးချွန်တဲ့ ဆေးလုံး ဆရာတွေကို လာရောက်ကြည့်ရှုတဲ့ ပွဲကြည့် ပရိတ်သတ် လိုပါပဲ။
ဒါက ကျုပ်ရဲ ဂုဏ်ယူမှု တစ်ခု ဖြစ်သလို ကျုပ်တို့ ယုံရင် အင်မော်တယ် နယ်မြေ အတွက်လည်း ဝမ်းမြောက်စရာ တစ်ခုပါ .... ”
မိုဝူကျီက ဧကရာဇ် တပိုင်းအဆင့် ထိပ်တန်းကျင့်ကြံသူကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်၏။ ဤကွေ့ဖုန်းယွင်က ရဲစွမ်းသတ္တိနှင့် ပြည့်စုံသည့် သူရဲကောင်းနှင့် တူသော်လည်း သူက လင်းဂူပြောသလို အယောင်ဆောင်နေသည့် သူလားတော့ မသိနိုင်ချေ။
ကွေ့ဖုန်းယွင်က ထိုအထိ ပြောပြီးနောက် သူက အနည်းငယ် နောက်ဆုတ် လိုက်သည်။ သူက သူ့နောက်မှ လူများ ရှေ့တက်လာသည့်အထိ စောင့်လိုက်ပြီး ဆက်ပြောလေ၏
“ တစ်ချိန်တည်းမှာ ကျုပ်က ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ရဲ့ ဒုခေါင်းဆောင် အင်မော်တယ် ရောင်းရင်း ဟူကျန်းယွီ၊ လော့လင်း အင်မော်တယ် နယ်မြေရဲ့ ဧကရာဇ်တစ်ပိုင်းအဆင့် မိုဟယ်၊ မဟာဗောဓိ အင်မော်တယ် နယ်မြေရဲ့ ဧကရာဇ် တစ်ပိုင်းအဆင့် ဆောင်ယန်နဲ့ ကျယ်ပြောပင်လယ် အင်မော်တယ် ကျောင်းတော်ရဲ့ ကျောင်းအုပ် ဝမ်ဖန် တို့ကိုလည်း ကြိုဆိုပါတယ် ”
ကွေ့ဖုန်းယွင် နှုတ်ဆက်ပေးသည့် လူအားလုံးမှာ ဧကရာဇ်တပိုင်းအဆင့် သို့မဟုတ် အရေးပါ ပုဂ္ဂိုလ်များသာ ဖြစ်ကြသည်။ မိုဝူကျီက ဝမ်ဖန်ကို အာရုံစိုက် ထားလိုက်လေ၏။ ဤလူမှာ ကျယ်ပြောပင်လယ် အင်မော်တယ် ကျောင်းတော်မှ ဖြစ်ပြီး မိုဝူကျီနှင့် ထိုကျောင်းတော်၏ ရန်ကြွေးမှာ နည်းနည်းနောနော မဟုတ်ပေ။ ပိုင်ချီထျန်းကို သတ်လိုက်သည့် အကြောင်းအရင်းကို မဆိုထားနှင့် ဖူပေးကို လွင့်စဉ်သွားအောင် ထိုးလွတ်လိုက်သည် မဟုတ်ပါလော။
သူက ထိုလူကို အာရုံစိုက်ထားရန် လိုအပ်ပေသည်။ အကယ်၍ ထိုလူက သူ လုပ်ခဲ့သည့် ကိစ္စများ ရှာတွေ့သွားလျှင် ပြဿနာ ရှိလာနိုင်လေ၏။
“ ကျုပ်တို့ ယုံရင်အင်မော်တယ် နယ်မြေက မျှတဲ့ ပြိုင်ပွဲကို တန်ဖိုးထားတယ်။ ဒီလက်ရှိ ဆေးပညာပြိုင်ပွဲမှာ စည်းမျည်းတွေကို ပြောင်းလဲထားပြီးတော့ အင်မော်တယ် နယ်မြေ အမျိုးမျိုးက ဆေးလုံးဆရာတွေကို ဝင်ခွင့်ပြုခဲ့တယ်။
ဒါပေမဲ့လည်း နေရာကန့်သတ်ချက်ကြောင့် မပါဝင်လိုက်ရတဲ့ ဆေးလုံးဆရာတွေ ရှိနေမှာပဲ .... ကျုပ် ကွေ့ဖုန်းယွင်က အဲဒီကိစ္စအတွက် လေးလေးနက်နက် တောင်းပန်ချင်ပါတယ် ... ”
သူ့စကားအဆုံးတွင် ကွေ့ဖုန်းယွင်က ဦးညွတ် လိုက်လေ၏။
မိုဝူကျီက ဤကိစ္စမှာ အမှန်တကယ် ရယ်မောဖွယ် ကောင်းကြောင်း တွေးမိလိုက်သည်။ ဤလူက သေချာပေါက် ဒေါသ ထွက်နေသည်မှာ ဖြစ်ရမည်။ အင်မော်တယ် နယ်မြေ အမျိုးမျိုးမှ ဆေးလုံးဆရာများကို ပါဝင်ခွင့် ပြုလိုက်ခြင်းမှာ ကွေ့ဖုန်းယွင်၏ အကြံ မဟုတ်ဘဲ တခြား အင်မော်တယ် နယ်မြေများ၏ ဖိအားများကြောင့်သာ ဖြစ်ပေသည်။ သူက ကြီးကြီးကျယ်ကျယ် ပြောချင်သည်မှာ နားလည်နိုင်ပေသည်။
“ ကျုပ် ကွေ့ဖုန်းယွင်က ပွင့်လင်းပြီးတော့ တည့်တိုး လုပ်တတ်တဲ့ သူဆိုတော့ ပြိုင်ပွဲမျှတဖို့ စိတ်ချနေကြပါ။ ဒီပြိုင်ပွဲကို အမြန်ဆုံးနည်းလမ်းနဲ့ စပြီးတော့ အမြန်ဆုံးနည်းနဲ့ အဆုံးသတ်ပါ့မယ် ”
မိုဝူကျီက လင်းဂူ မျက်ဝန်း၌ မကျေနပ်မှုကို မြင်လိုက်ရသည်။ သူမက ထိုလူ လိမ်ညာနေမှန်း သေချာ သိနေလေ၏။
မိုဝူကျီလည်း ကွေ့ဖုန်းယွင်က လိမ်ညာပြောနေမှန်း သိ၏။ လင်းဂူ ပြောစကားအရ ကွေ့ဖုန်းယွင်က သူ့အင်မော်တယ် ဧကရာဇ် တာအိုကို သတိပြုမိတော့မည့် ဆဲဆဲ အခြေအနေ ရောက်နေလေပြီ။ သူက ဤဆေးပညာပြိုင်ပွဲ ဦးစီးသည့် အကြောင်းအရင်းမှာ ဆေးပညာ ပြိုင်ပွဲကြောင့် မဟုတ်ဘဲ ဆေးပညာရပ်၍ ထူးချွန်သည့် ပညာရှင်များကို ရှာဖွေလို၍ ဖြစ်သည်။ ကွေ့ဖုန်းယွင်၏ အဓိက ရည်ရွယ်ချက်မှာ ယွင်ရှန့်တောင်ကြားမှ ဆေးပင်များ ရရှိပြီး သူ့အင်မော်တယ် ဧကရာဇ် ဖြစ်လာဖို့ လမ်းကြောင်းကို ဖောက်လုပ်ချင်ရုံ ဖြစ်၏။
ကွေ့ဖုန်းယွင်က သူ့တာအိုကို အသိဉာဏ်ပွင့်ရန် အလောတကြီး လိုအပ်နေသောကြောင့် ဤဆေးပညာ ပြိုင်ပွဲကို ရှည်ကြာပြီး ရှုပ်ထွေးဖို့ရာ မလိုချင်ပေ။ ထို့ကြောင့် စောစောစီးစီး မြန်မြန်ဆန်ဆန် အဆုံးသတ်နိုင်မည့် နည်းလမ်းကို အလိုရှိသည်မှာ သိသာလှသည်။
“ ဆေးပညာပြိုင်ပွဲမှာ ပြိုင်ပွဲဝင်ပေါင်း ၃၆၃၀ ရှိပါတယ်။ ကျုပ်တို့က ထိပ်ဆုံး အယောက် ၅၀ကိုပဲ ရွေးချယ်မှာဆိုတော့ ပြိုင်ပွဲကို စစ်ဆေးမှု နှစ်ခု ခွဲထားပါတယ်။ ပထမတစ်ခေါက်မှာ ထိပ်ဆုံး လူ ၃၀၀ ရွေးချယ်ပြီးတော့ အဲဒီလူ ၃၀၀ က ဒုတိယ စစ်ဆေးမှုဆီ သွားရမယ်။ အဲဒီကမှ ထိပ်ဆုံး အယောက် ၅၀ ကို ရွေးချယ်ပါ့မယ်
ယွင်ရှန့်တောင်ကြားကို လူအယောက်ခြောက်ဆယ် ဝင်ခွင့် ပေးမယ်။ ထိပ်ဆုံး ငါးယောက်က နှစ်နေရာစီ ရမယ်။ အယောက်ငါးဆယ်ထဲက ကျန်တဲ့ လူတွေ တစ်နေရာစီ ရမယ်။
ကျုပ်တို့ ယုံရင် အင်မော်တယ် နယ်မြေရဲ့ ကောင်းကင် ဧကရာဇ် အိမ်တော်က ငါးနေရာ ရတယ်။
နောက်ခံက ဘာဖြစ်ဖြစ် နေရာရတဲ့ အမှတ်အသားပြားနဲ့ပဲ ယွင်ရှန့်တောင်ကြားကို ဝင်ခွင့် ရှိတယ်။”
ကွေ့ဖုန်းယွင် စကားများကို နားထောင်ပြီးနောက် မိုဝူကျီက ယွင်ရှန့်တောင်ကြားသို့ ဝင်ရန် မည်မျှ ခက်ခဲကြောင်း နားလည်သွားလေ၏။
ဤနေရာတွင် လူများစွာ ရှိပေသည်။ ဤနေရာရှိ လူအများစုမှာ ယွင်ရှန့်တောင်ကြားကြောင့် ရောက်လာခြင်း ဖြစ်လိမ့်မည်။ အနည်းဆုံးတော့ ယွင်ရှန့်တောင်ကြားမှ အဆင့်မြင့် အင်မော်တယ် ဆေးပင်များကြောင့် ဖြစ်ပေလိမ့်မည်။
တစ်ဖက်တွင် မည်သူကမှ ယုံရင် အင်မော်တယ် နယ်မြေ၏ ကောင်းကင် ဧကရာဇ် အိမ်တော်မှ မပြိုင်ဘဲ နေရာချခြင်း အကြောင်းကို စိတ်ထဲ မထားကြပေ။ ယွင်ရှန့်တောင်ကြားမှာ ယုံရင် အင်မော်တယ် နယ်မြေ အတွင်း ရှိသောကြောင့် ယုံရင် အင်မော်တယ် နယ်မြေ၏ ကောင်းကင် ဧကရာဇ်အနေနှင့် နေရာတချို့ ရရှိခြင်းမှာ ပုံမှန်ကိစ္စ ဖြစ်၏။
“ ဆေးပညာပြိုင်ပွဲက ယုံရင် အင်မော်တယ် နယ်မြေထဲက မြို့တွေရဲ့ အခြေခံ အုတ်မြစ်ဆိုတော့ ဒီပြိုင်ပွဲပြီးသွားရင် ထိပ်ဆုံး ငါးနေရာရတဲ့ အဆင့်နိမ့်နဲ့ အလယ်အလတ် အဆင့် အင်မော်တယ် မြို့တွေက အဆင့်မြင့်အဖြစ် တိုးပေးခြင်း ခံရမယ်။ ထိပ်ဆုံး ၅၀ ထဲ ပါတဲ့ အဆင့်နိမ့် မြို့တွေက အလယ်အလတ်အဆင့် တိုးပေးပြီးတော့ အလယ်အလတ် အဆင့် မြို့ဆိုရင် အဆင့်မြင့်အဖြစ် တိုးပေးမယ်။
ထိပ်ဆုံး ၁၀၀ ထဲမှာ ဝင်တဲ့ အဆင့်မြင့်မြို့တွေက အရင်အတိုင်း အဆင့်မြင့်မြို့ အဖြစ် ကျန်ရှိနေပြီးတော့ ၁၀၁ ကနေ ၂၀၀ ကြား ရရင် အလယ်အလတ်အဆင့် မြို့အဖြစ် လျော့ချခြင်း ခံရမယ်။ ၂၀၀ အောက်ကျတဲ့ မြို့တွေကကို အဆင့်နိမ့်အဖြစ် လျော့ချခြင်း ခံရမယ် ..... ”
ကွေ့ဖုန်းယွင်၏ နောက်ဆုံးကြေညာချက်မှာ ယုံရင် အင်မော်တယ် နယ်မြေ၏ အတွင်းရေး ကိစ္စများ ဖြစ်ပေ၏။ ယုံရင် အင်မော်တယ် နယ်မြေက ဤဆေးပညာပြိုင်ပွဲကို အသုံးချပြီး မြို့တွေကြားမှ အဆင့်ကို သတ်မှတ်ပေးလေ့ ရှိသည်။ ယုံရင် အင်မော်တယ် နယ်မြေမှ ကျင့်ကြံသူ တချို့မှ လွဲ၍ အများစုမှာ ဂရုမစိုက်ကြပေ။
မိုဝူကျီက အာရုံစိုက်ထားသည့် လူထဲမှ တစ်ယောက် ဖြစ်၏။ သူက ထိပ်ဆုံး ၅၀၀ ထဲ မဝင်သည့် အဆင့်နိမ့် အင်မော်တယ် မြို့များသည် လက်အောက်ခံမြို့ အဖြစ် အဆင့်လျှော့ခံရမည့် အကြောင်း ကြားလိုက်ရသည့်အခါ အကယ်၍ သူက နေရာ မရရှိလျှင်ပင် ရေသဘာဝ ယင်အင်မော်တယ်မြို့ အတွက် လက်အောက်ခံမြို့ မဖြစ်လာနိုင်ကြောင်း သိလိုက်ရသည်။
“ ... ဒီဆေးပညာပြိုင်ပွဲမှာ ကျုပ်တို့ ယုံရင် အင်မော်တယ် နယ်မြေက ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ရဲ့ ဒုခေါင်းဆောင်ကို သီးခြား ဖိတ်ကြား ထားခဲ့တာပါ။ အခု ကျုပ်တို့ရဲ့ ဆေးပညာပြိုင်ပွဲ ကြီးမှူးပေးဖို့ ဒုခေါင်းဆောင်ဟူကို ဖိတ်ကြားချင်ပါတယ် ..... ”
ကွေ့ဖုန်းယွင်က ပြိုင်ပွဲစည်းမျည်းများ အကြောင်း ကြေညာပြီးသည်နှင့် နောက်ဆုတ် လိုက်သည်။
ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ ဒုခေါင်းဆောင် ဟူကျန်းယွီက စင်မြင့်ရှေ့သို့ လျှောက်လှမ်း လာလေ၏။ မိုဝူကျီက ထိုလူ၏ အသက်အရွယ်ကို မခန့်မှန်းတတ်ပေ။ သူ့မြင့်မားသည့် အဆင့်အတန်းကြောင့်လေလား သို့မဟုတ် ဆေးလုံးတာအို၌ သူ့အောင်မြင်မှုများကြောင့်လေလား ဒုခေါင်းဆောင် ဟူကျန်းယွီမှာ တိမ်များကြား ရပ်နေသည့် မသေမျိုး တစ်ယောက်နှင့် တူပေသည်။
ဟူကျန်းယွီက အဓိပ္ပာယ်မရှိသည့် စကားများကို တစ်လုံးမှ မဟပေ။ သူက လောကဝတ်လည်း ပြောမနေတော့ဘဲ တည့်တိုးသာ ပြောလိုက်သည်
“ ဒီပြိုင်ပွဲမှာ အကဲဖြတ်ဒိုင်တွေ မပါဘူး။ ကျုပ်တို့တွေ အမှတ်တွေကို စစ်ဖို့ မှော်အစီအရင်ကို အသုံးပြုမယ်။ ဒီဆေးပြိုင်ပွဲ ပထမ စစ်ဆေးမှုက အခုစတင်ပါ့မယ်။ ပြိုင်ပွဲဝင်များ အားလုံး နေရာယူပေးကြပါ ”
မိုဝူကျီက ထရပ်ကာ ပြိုင်ပွဲကွင်းဆီ သွားလိုက်သည်။ လင်းဂူက ကွေ့ဖုန်းယွင်သည် ဖြောင့်မတ်သူ မဟုတ်ဘဲ ကောက်ကျစ်ကာ လှည့်ဖျား တတ်သည်ဟု ပြောထားသော်လည်း မိုဝူကျီအနေဖြင့် ကောင်းကင်ဧကရာဇ်၏ ဒုက္ခကို နားလည်လေ၏။ အကယ်၍ သူသာ ယုံရင် အင်မော်တယ် နယ်မြေ၏ ကောင်းကင်ဧကရာဇ် ဖြစ်ပြီး အခြားသော အင်မော်တယ် နယ်မြေများက ကျေးဇူးစကား တစ်ခွန်းမဆိုဘဲ ကိုယ့်ပစ္စည်းများ လာအပိုင်သိမ်းလိုသည် ဆိုလျှင် သူ့အတွက် သက်တောင့်သက်သာ ခံစားနေရမှသာ ထူးဆန်းပေလိမ့်မည်။
ဆေးလုံးဆရာ အယောက်ထောင်ချီက ကိုယ်ပိုင်နေရာများကို အလျင်အမြန် ရှာတွေ့ သွားလေ၏။
ထို့နောက် ဟူကျန်းယွီက ဆက်ပြောလိုက်သည်
“ဆေးလုံးဆရာတွေက ဒီပြိုင်ပွဲအတွက် ကိုယ်ပိုင် ဆေးမီးဖိုကို အသုံးပြုရပါ့မယ်။ ဆေးလုံး မီးတောက်က ပြိုင်ပွဲနေရာမှာ ထားပေးထားတဲ့ မြေကမ္ဘာအဆင့် မီးတောက်ကို အသုံးပြုကြရမယ် ...
ပထမ စစ်ဆေးမှုက အင်မော်တယ် ဆေးပင်တွေကို သန့်စင်ကြရမယ်။ စစ်ဆေးမှုက အဆင့် ၄ ကျောက်စိမ်း တလည်းမြက်ကို သန့်စင်ရမှာပါ ..... ဆေးလုံးဆရာရဲ့ သန့်စင်နှုန်းအရ ထိပ်ဆုံး အယောက် ၃၀၀ ကို ရွေးချယ်သွားမှာ ဖြစ်ပါတယ် ....
အားလုံးက သတ်မှတ်ပေးထားတဲ့ ကျောက်စိမ်းပုလင်းတွေထဲ ဆေးအဆီအနှစ် ထည့်ပေး လိုက်ရုံပါပဲ။ ပြီးသွားရင် နာမည်နဲ့ ကိုယ်စားပြု ဝင်ရောက်တဲ့ အင်မော်တယ်မြို့ကို ရေးထွင်း ပေးရမယ်။ ပြိုင်ပွဲ အခု စတင်ပါပြီ ...... ”
သူ့စကားအဆုံးတွင် ဟူကျန်းယွီက လက်တစ်ချက် ဝှေ့လိုက်သည်နှင့် ဆေးပင် တစ်ပင်ဆီက ပြန့်ကျဲသွားသည်။ မကြာခင် မိုဝူကျီရှေ့၌ ဆေးပင် တစ်ပင်နှင် ကျောက်စိမ်း ပုလင်းအလွတ် တစ်ပုလင်း ပေါ်လာသည်။
မိုဝူကျိက သူ့လက်မှ အင်မော်တယ် မြက်ကို မြင်လိုက်သည့်အခါ အဆင့် ၄ ကျောက်စိမ်း တလည်းမြက် ဖြစ်ကြောင်း သိလိုက်သည်။ မိုဝူကျီက ထိုမြက်နှင့် အတော်လေး ရင်းနှီး ကျွမ်းဝင်ပေသည်။ ထိုအရာမှာ အဆင့် ၄ ဆေးပင်များကြား တန်ဖိုးနည်းသော ဆေးပင်တမျိုး ဖြစ်ပြီး အဆိပ်ဖြေဆေးလုံး အတွက် အဓိက ပါဝင်ပစ္စည်းအနေနှင့် အသုံးပြုကြသည်။ သို့သော်လည်း ထိုဆေးပင်၏ ထူးခြားသော ဝိသေသ တစ်ခုမှာ သန့်စင်ဖို့ရာ ခက်ခဲခြင်း ဖြစ်၏။ သာမန် ဆေးလုံးဘုရင်ပင် ဆေးအဆီအနှစ်ကို ၈၅ ရာခိုင်နှုန်း ရသည်အထိ မသန့်စင်နိင်ကြပေ။
အကယ်၍ သာမန်ပြိုင်ပွဲ တစ်ခု ဖြစ်ပါက မိုဝူကျီက သူ့စွမ်းရည်ကို ဖုံးကွယ် ထားလောက်မည် ဖြစ်သော်လည်း ဤပြိုင်ပွဲမှာ သူ့အတွက် ယွင်ရှန့်တောင်ကြား ဝင်ခွင့်ရခြင်း၊ မရခြင်းနှင့် အတူ ချိန်စုယင်ကို ကယ်တင်နိုင်ခြင်းနှင့် ဆက်စပ်နေသောကြောင့် မိုဝူကျီက ဖုံးကွယ်ထားမည် မဟုတ်တော့ပေ။ သူက မြေကမ္ဘာ မီးတောက်ကို စတင်လောင်ကျွမ်း စေလိုက်သည်နှင့် အားကုန်စိုက်ထုတ်၍ ကျောက်စိမ်း တလည်းမြက်ကို သန့်စင်လိုက်သည်။
အကြောင်းမှာ ဤပြိုင်ပွဲ၌ အချိန်ကန့်သတ်ချက် မရှိသောကြောင့် မိုဝူကျီက အချိန်တိုအတွင်း သန့်စင်နိုင်သော်လည်း ဆက်၍သာ ပြီးပြည့်စုံအောင် သန့်စင် နေလိုက်သည်။ သူက နောက်ဆုံး ဆေးအဆီအနှစ် မထုတ်ခင် အမွှေးတိုင် တစ်တိုင်စာခန့်ပင် ကြာမြင့်၏။ ထို့နောက် ကျောက်စိမ်းပုလင်းထဲ ထည့်ကာ နာမည်နှင့် ကိုယ်စားပြု ယှဉ်ပြိုင်သည့် မြို့နေရာ၌ ရေသဘာဝ ယင်အင်မော်တယ်မြို့ဟု ရေးသွင်းလိုက်သည်။
မိုဝူကျီ၏ အမြန်နှုန်းမှာ ပုံမှန်နှုန်းထက် များစွာ နှေးကွေး နေသော်လည်း သူ ပြီးဆုံးသွားသည့်အခါ ဆေးလုံးဆရာ ထက်ဝက်ကျော်က ကျန်ရှိနေကြသေး၏။
ပွဲကြည့် ပရိသတ်နေရာ ရှေ့တန်း၌ ယန်ချန်လင်က သူ့သမီးကို တီးတိုး ပြောလိုက်သည်။
“ လျန်ရှီး .... သမီးပြောတဲ့ ဆေးလုံးဆရာကို အမေကို ပြပါဦး ”
ဝမ်လျန်ရှီးက မိုဝူကျီကို နှစ်ခါမျှ တွေ့ဖူးသည်ဟု ပြောထားသော်လည်း ယန်ချန်လင်က တန်လျန့် စကားများကို အမှတ်ရနေသေး၏။
မိုဝူကျီရဲ့ အနာဂတ်က ကန့်သတ်ချက်မဲ့တဲ့ ဆေးလုံး ဧကရာဇ် တစ်ယောက် ဖြစ်နေမှာ ......
အကယ်၍ မိုဝူကျီက သိပ်မဆိုးလျှင် သူမအနေဖြင့် အနာဂတ် ဆေးလုံး ဧကရာဇ်ကို သားမက် တော်ချင်မိသည်။
ဝမ်လျန်ရှီးက သူမ မိခင်၏ စိတ်ထဲမှ အကြောင်းအရာကို သိပေ၏။ သူမက မိုဝူကျီ ရှိရာဆီသို့ ညွှန်ပြကာ “ သူ လေ ”
“အဲလောက် ငယ်တယ်လား .... သူက ပြီးသွားပြီလား ” ယန်ချင်လင်က မယုံနိုင်လောက်အောင် ငယ်ရွယ်နေသည့် မိုဝူကျီကို မြင်လိုက်ရသည့်အခါ သူမစိတ်ထဲ၌ အံ့ဩမှု အကြီးကြီး ဖြစ်သွားသည်။
***