← Chapters

ယောက္ခမကြီးက သားမက်လေးအား လာကြည့်ခြင်း

Vol. 40 Ch. 546

ယောက္ခမကြီးက သားမက်လေးအား လာကြည့်ခြင်း

Vol. 40 Ch. 546

ဆေးလုံး ဆရာထောင်ချီ ကြားထဲ၌ မိုဝူကျီက မထင်မရှား ဖြစ်နေလေ၏။ သူက ဆေးမီးဖိုမှ သင်္ကတများကို ပြင်ဆင် ပြီးသွားသောကြောင့်  အဆင့် ၆ အင်မော်တယ် ပစ္စည်းတစ်ခု ဖြစ်လာသော်လည်း ဆေးလုံး ဆရာများစွာ ကြား၌ သာမန်မျှသာ ဖြစ်နေသည်။  ဤနေရာရှိ ဆေးလုံးဆရာ သုံးထောင်နီးပါးမှာ ဆေးလုံးဘုရင်များ ဖြစ်ကြသည်။

အင်မော်တယ်နယ်မြေ ခုနစ်ခုလုံးနှင့် ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၌ ဆေးလုံး ဧကရာဇ် အနည်းငယ်သာ ရှိသည့်အတွက် နှမြောတသ ဖြစ်နေစရာ မလိုအပ်ပေ။ အင်မော်တယ် မြို့များ၌  အဆင့်  ၄ နှင့် အဆင့် ၅ ဆေးလုံးဘုရင်များမှာ  အထောက်အပံ့ကြီးများ ဖြစ်၏။ ဤတစ်ကြိမ် ယုံရင်အင်မော်တယ် နယ်မြေ၏ ဆေးပညာပြိုင်ပွဲ၌ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ ဝင်ရောက် နှောင့်ယှက်မှုကြောင့် ပါဝင်ကြသော ဆေးလုံးဘုရင်များ အဆင့်အတန်းမှာ ပိုမို မြင့်မားလာခဲ့ပြီး အဆင့် ၆ ဆေးလုံးဘုရင်များပါ ပါရှိလေသည်။

နောက်အမွှေးတိုင် တစ်တိုင်စာ ကြာချိန်နောက်၌  ဟူကျန်းယွီက စင်မြင့်ရှေ့ ပြန်ထွက်လာကာ ကျယ်လောင်စွာ ကြေညာလိုက်သည်

“ပထမစစ်ဆေးမှု ပြီးဆုံးသွားပါပြီ။ ဆေးလုံး ဆရာအားလုံး ရှေ့မှာ ရှိနေတဲ့  ရွေ့ပြောင်း အစီအရင်ထဲ ကျောက်စိမ်းပုလင်း ထားပေးကြပါ။ ရွှေ့ပြောင်း အစီအရင်က ခင်ဗျားတို့ရဲ့ ဆေးအဆီအနှစ်တွေကို  အဆင့်ခွဲပေးတဲ့ အစီအရင်ထဲ ပို့ပေးလိုက်တာနဲ့ ရလဒ်က ပြသရေး ပိတ်ကားချပ်မှာ ထွက်ပေါ် လာပါလိမ့်မယ်။

တကယ်လို့  အရင်တုန်းက လုပ်ထားတဲ့  ဆေးအဆီအနှစ်ကို သုံးထားတယ်ဆိုရင် အမှတ် အပေးခံရမှာ မဟုတ်ဘဲနဲ့ ချက်ချင်း အဖြုတ်ခံရမှာပါ

နာမည်တွေက ညာဘက် အောက်ခြေကနေ စပေါ်လာလိမ့်မယ်။ နာမည်တွေ ပေါ်လာတာနဲ့ ထိပ်ဆုံး ၃၀၀ ထဲ မဝင်တဲ့သူတွေနဲ့ နေရာ တစ်နေရာ မရတဲ့ သူတွေက ဒီပြိုင်ပွဲ နေရာကနေ ထွက်သွားကြရမယ်”

ဟူကျန်းယွီက ကြေညာပြီးသည်နှင့် တည်နေရာ ရွေ့ပြောင်း အစီအရင်တစ်ခုက မိုဝူကျီရှေ့ ပေါ်လာလေ၏။ မိုဝူကျီက ကျောက်စိမ်းပုလင်းကို ရွေ့ပြောင်း အစီအရင်ထဲ ထည့်လိုက်ပြီး သက်ပြင်း ချမိလိုက်သည်။ တစ်ယောက်ချင်းစီ၏ ဆေးအဆီအနှစ်ကို စစ်ဆေးရန်  ထိုသို့နည်းလမ်းမျိုး အသုံးပြုခြင်းမှာ  လိမ်လှည့်ဖို့ရာ အမှန်ခက်ခဲပေသည်။

သို့သော်လည်း မိုဝူကျီက ထိုသို့မျိုး အစီအရင်၌ ကန့်သတ်ချက် ရှိကြောင်း သိထားသည်။ သန့်စင်နှုန်းမှာ ရာခိုင်နှုန်းတစ်ခုအထိ ရောက်သွားသည့်အခါ သာမာန် အစီအရင်က အတိအကျ ရလဒ် ထုတ်ပေး နိုင်တော့မည် မဟုတ်ပေ။

ကျောက်စိမ်းပုလင်းများ ရွေ့ပြောင်းအစီအရင်ထဲ ရောက်သွားပြီးသည့် နောက်တွင် စင်မြင့် ထောင့်တစ်နေရာ၌  ဧရာမ  ပိတ်ကားချပ်ကြီးတစ်ခု ပေါ်လာလေ၏။

ဤပြသရေး အစီအရင်၌ ပိတ်ကားချပ် လေးမျက်နှာ ရှိသည့်အတွက် မည်သည့် နေရာ၌ ထိုင်နေထိုင်နေ ပိတ်ကားချပ်ပေါ်မှ အရာများကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ကြသည်။

ဤအခိုက်အတန့်၌ ယုံရင် အင်မော်တယ် မြို့တွင်း၌ တိတ်ဆိတ် သွားတော့သည်။ အားလုံးက ဧရာမ ပြသရေး ပိတ်ကားချပ်ကြီးကို မျက်လုံးကော်နှင့် ကပ်ထားသလို ကြည့်ကာ ပေါ်လာမည့် နာမည်များကို စောင့်ဆိုင်းနေကြသည်။

နောက်ထပ် အမွှေးတိုင် တစ်ဝက်ခန့် ကြာချိန်၌ ပိတ်ကားချပ်မှာ ဖျတ်ခနဲ ဖြစ်သွားလေ၏။ ဤနေရာရှိ ကျင့်ကြံသူ အားလုံးက နာမည်များ ပေါ်ထွက် လာတော့မည် ဖြစ်ကြောင်း သိလိုက်ကြသည်။

ပြိုင်ပွဲဝင်များအားလုံးက ပိတ်ကားချပ်ကို စိုးရိမ်တကြီး ကြည့်လိုက်ကြသည်။ မကြာခင်၌ သူတို့သည် ယွင်ရှန့်တောင်ကြား ဝင်ခွင့် ရ၊ မရ ရလဒ်အား ပြသတော့မည် ဖြစ်၏။ ဤနေရာသို့ လာရောက်ကြသော ဆေးလုံးဘုရင်များအားလုံးမှာ ယွင်ရှန့်တောင်ကြားကြောင့် ရောက်လာခြင်း ဖြစ်ကြသည်။ သူတို့က ကိုယ်တိုင် မဝင်ရောက် နိုင်လျှင်ပင် ယွင်ရှန့်တောင်ကြားမှ အဆင့်မြင့် အင်မော်တယ် ဆေးပင်များကို ရနိုင်ရန် နေရာတစ်နေရာစာ ရနိုင်သေး၏။

အလင်းတန်းများ ပေါ်လာပြီးနောက် ပြသရေး ပိတ်ကားချပ်မှာ အပြည့်အဝ လင်းလက် လာသည်။ ပိတ်ကားချပ်၏ ညာဘက် အောက်ခြေမှ နာမည်တစ်ခု စတင် ပေါ်လာသည်။ နာမည်ရှေ့တွင်  အမှတ်စဉ်  မပါသည့်အတွက် ဤလူမှာ ဘာရလဒ်မှ မရကြောင်း သိသာ လှသည်။  နာမည်နောက်၌ “ ကျရှုံး” ဟူသော စာလုံး ပါရှိနေသည်။

ထိုနာမည် ပေါ်လာသည်နှင့်  ပြိုင်ပွဲနေရာရှိ ဆေးလုံး ဆရာများထဲက တစ်ယောက်မှာ စိတ်ဓာတ် ကျသွားတော့သည်။

ပြိုင်ပွဲဝင်အနေနှင့် အမှတ်စဉ် မရရှိသည့် အကြောင်းအရင်း နှစ်ချက်သာ ရှိလေ၏။ ပထမ တစ်ချက်မှာ သန့်စင်မှု ကျရှုံး၍ ဖြစ်ပြီး နောက်တစ်ချက်မှာ လိမ်လည်၍  ဖြစ်သည်။ အကယ်၍ ဆေးလုံး ဆရာက နေရာ၌ ဆေးပင်ကို မသန့်စင်ဘဲ  ပြင်ဆင်လာခဲ့သည့် ဆေးအဆီအနှစ်ကို အသုံးပြုခဲ့လျှင် လိမ်လည်သည်ဟု သတ်မှတ်သည်။

အမှတ်စဉ်  မရရှိသည့် သူမှာ တစ်ဦးတည်း မကပေ။ ပြိုင်ပွဲဝင် နှစ်ရာကျော်က နေရာတစ်ခုမှ မရရှိဘဲ ကျရှုံးသွားလေသည်။ ထိုနာမည်နှစ်ရာကျော် အပြီးတွင် ပထမ အမှတ်စဉ် စတင် ပေါ်လာသည်။

အမှတ်စဉ်  ၃၄၁၇ ၊ ကိုယ်စားပြု မြို့ - အဆင့်နိမ့်  သစ်ခွပင်လယ်အင်မော်တယ်မြို့ ၊ ဆေးလုံးဆရာ - ယုကျင်းဆောင် ၊ ရမှတ် - ၃၂.၁၀၂ ၊ ကျရှုံး

ထိုနာမည်  ပေါ်လာသည်နှင့် မိုဝူကျီက သူ့အနီးအနားမှ ဆေးလုံးဆရာ၏ သက်ပြင်းချသံနှင့် အတူ ပြိုင်ပွဲကွင်းမှ ထွက်သွားသည်ကို မြင်လိုက်ရသည်။

မိုဝူကျီက ထိုအမှတ်များမှာ သာမာန် ရမှတ် မဟုတ်ကြောင်း သိလိုက်သည်။ သန့်စင်မှု တစ်နေရာရာ၌ ကျရှုံးမှုကြောင့်  ၃၂.၁၀၂ ရမှတ်မှာ သန့်စင်နှုန်း ၃၂.၁၀၂ ရာခိုင်နှုန်းဟု ဆိုလိုခြင်း ဖြစ်၏။

မိုဝူကျီက သန့်စင်ပြီး သွားသည်နှင့် ဘေးပတ်လည်ကို လေ့လာ ကြည့်လိုက်သည်။ ယုကျင်းဆောင်ကို သတိမပြုမိသော်လည်း ထိုယုကျင်းဆောင်မှာ  အဆင့် ၄ ဆေးလုံးဘုရင်မှန်း သိလိုက်သည်။

သို့သော်လည်း အဆိုးရွားဆုံး အဆင့် ၄ ဆေးလုံးဘုရင်ပင် ကျောက်စိမ်း တလည်း မြက်ပင်အတွက် ၃၂.၁၀၂ အမှတ်သာ မရသင့်ပေ။ ဤယုကျင်းဆောင်က စိတ်တည်ငြိမ်မှု ပျောက်ဆုံး သွားသောကြောင့်  သန့်စင်နှုန်း ကျရှုံးသွားခြင်းသာ ဖြစ်ရမည်။

အမှတ်စဉ်  ၃၄၁၆ ၊ ကိုယ်စားပြု မြို့ - အလယ်အလတ် အဆင့်  နဂါးကကြိုး အင်မော်တယ်မြို့ ၊ ဆေးလုံးဆရာ - လင်းအူ ၊ ရမှတ် - ၃၆.၉၁၅ ၊ ကျရှုံး

ထိုနာမည် ပေါ်လာသည့်အခါ မိုဝူကျီက ဘေးနားမှ ကောလာဟလ တချို့ကို စတင် ကြားလိုက်ရသည်။ စကားများက ကွဲပြားနေသောကြောင့် မိုဝူကျိက အဓိက အချက်ကိုသာ ဖမ်းဆုပ်မိ လိုက်သည်။ လင်းအူက ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့မှ  အဆင့် ၆ ဆေးလုံးဘုရင် ဖြစ်ပေသည်။ အဆင့် ၆ ဆေးလုံးဘုရင် တစ်ယောက် အတွက် ကျောက်စိမ်း တလည်းမြက်ပင်ကို သန့်စင်ရမှတ် ၃၆.၉၁၅ သာ ရပေသည်။ အမြင်နှင့်တင် ဤလင်းအူလည်း ယုကျင်းဆောင်ကဲ့သို့  သူတို့သန့်စင်မှု ကျရှုံးသွားကြသည်။

ထို့နောက် မိုဝူကျီက စိတ်ပျက်လက်ပျက် ဖြစ်နေသည့် လူလတ်အရွယ် အမျိုးသား တစ်ယောက် ထွက်သွားသည်ကို မြင်လိုက်ရသည်။ ထိုလူမှာ လင်းအူ ဖြစ်ကြောင််း မှန်းဆမိလိုက်၏။

ထိုဆေးလုံးဆရာက စိတ်နှင့်ကိုယ်နှင့် မကပ် ဖြစ်နေသည်ကို တွေ့ကာ မိုဝူကျီက ဤဆေးပညာ ပြိုင်ပွဲမှာ ထိုလူ၏ ဆေးလုံး တာအိုအပေါ် ကြီးမားစွာ သက်ရောက်မှု ရှိသွားကြောင်း သိလိုက်သည်။ ထိုဆေးလုံးဆရာမှာ အဆင့် ၆ ကို ကျော်လွန်နိုင်တော့မည် မဟုတ်တော့ပေ။ အကယ်၍ သူသာ ကံကောင်းခဲ့လျှင် အဆင့် ၆ ဆေးလုံးကို ဆက်လက် ဖော်စပ်နိုင်မည် ဖြစ်ပြီး ကံမကောင်းပါက အဆင့် ၅ ဆေးလုံးဘုရင်အဖြစ် နိမ့်ကျသွားနိုင်သည်။

ဆေးလုံး ဧကရာဇ်အဆင့်အတွက် သူ့ဘဝ တစ်သက်လုံး မေ့ထားလိုက်လျှင် အကောင်းဆုံး ဖြစ်လိမ့်မည်။ သူက စိတ်နှလုံးသားကို ပွင့်ပွင့်လင်းလင်း မထားနိုင်လျှင် ဤအရိပ်မည်းကြီး အောက်မှ လွတ်မြောက်နိုင်မည် မဟုတ်တော့ပေ။

ထို့နောက် အမှတ်များက တဖြည်းဖြည်းချင်း မြင့်တက်လာ၏။ မိုဝူကျီက ရမှတ် ၆၀  ရသူများသည်လည်း ကျရှုံးကြောင်း နားလည်သွားပေ၏။

မိုဝူကျီနှင့် မနီးမဝေး၌  တန်လျန့်က ပိတ်ကားချပ်ကို စိုက်ကြည့်နေသည်။ သူက သူ့အတွက် ထိပ်ဆုံး အယောက် ၁၀၀ ထဲ ပါနိုင်ရန် ခက်ခဲကြောင်း သိပေသော်လည်း မျှော်လင့်ချက် အနည်းငယ် ဆုပ်ကိုင် ထားသေး၏။ သူ့သန့်စင်မှု အတွင်း  သူက အဆင့်တစ်ခုစီ၌ ကျရှုံးမှု မရှိခဲ့ပေ။ ထို့အပြင် သူက ပုံမှန်သန့်စင်မှုထက် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်ခဲ့သည်။ သူ့ပုံမှန် လေ့ကျင့်မှုအတွင်း သူက အဆင့် ၄ ကျောက်စိမ်း တလည်းမြက်ပင်ကို ယနေ့အဆင့်အထိ မသန့်စင်ဖူးပေ။

သူ့နာမည်ကို မြင်လိုက်သည့်အခါ စိတ်နှလုံးသားမှာ အေးစက် သွားလေ၏။

ပိတ်ကားချပ်ပေါ်၌ ပေါ်လာသည်မှာ  ....

အမှတ်စဉ်  ၂၃၁၅ ၊ ကိုယ်စားပြု မြို့ - အဆင့်နိမ့်  ရေသဘာဝ ယင် အင်မော်တယ်မြို့ ၊ ဆေးလုံးဆရာ - တန်လျန့် ၊ ရမှတ် - ၇၅.၂၀၉ ၊ ကျရှုံး

ပုံမှန် အခြေအနေမျိုး၌  ကျောက်စိမ်း တလည်းမြက်ပင်ကို ၇၅ ရာခိုင်နှုန်းအထိ သန့်စင်နိုင်ခြင်းမှာ  ပုံမှန် အဆင့်ထက် သာလွန်နေပြီ ဖြစ်သော်လည်း ဤသို့သော အဆင့်မြင့် ပြိုင်ပွဲ၌မူ သူ့ရလဒ်မှာ  ညွှန်းဆိုဖို့ရာ မထိုက်တန်ပေ။

“ ဟူး  ... ညီလေးတန် ကျရှုံးသွားပြီ ”

ပြိုင်ပွဲနေရာမှ  တန်လျန့်  စိတ်ပျက်စွာ ထွက်လာသည်ကို ကြည့်ရင်း ဝမ်ဟို့ မျက်ဝန်းမှ စိတ်ပျက်မှုမှာ တန်လျန့် ကိုယ်တိုင်ထက် မလျော့ကျပေ။ သူက ရလဒ်ကို မျှော်မှန်းပြီးသား ဖြစ်သော်လည်း မျက်ဝန်းထောင့်၌  မှုန်မှိုင်းမှိုင်း အရိပ်အယောင် တချို့ ရှိနေပြီး အမှန်တကယ် ဖြစ်ပျက်လာသည့် အခါ လက်ခံဖို့ရာ ခက်ခဲလှပေ၏။

ဤအခိုက်အတန့်၌ သူ့မိသားစုကို တခြားနေရာ ခေါ်ဆောင်သွားရုံမှ အပ  တခြား မလုပ်နိုင်တော့ပေ။

လက်တွေ့၌  သူတို့ လုံးဝ မလွတ်မြောက်နိုင်ကြောင်း သိနေသည်။ သူ့ရှေ့ခြေက ယုံရင် အင်မော်တယ်မြို့ အပြင်ဘက် ခြေချလိုက်သည်နှင့် နောက်ခြေမှ ဆွဲကာ  အကျဉ်းထောင်ထဲ ထည့်လိုက်ကြလိမ့်မည်။

“ ကျုပ် တောင်းပန်ပါတယ် အစ်ကိုဝမ် ..   ကျုပ် ကျရှုံးသွားပြီ .. ”

တန်လျန့်က ဝမ်ဟို့တို့ မိသားစုဆီ လျှောက်လှမ်းလာပြီး ထိုင်ချလိုက်သည်။ သူ့အသံ၌ စိတ်ပျက်ခြင်းများနှင့် အတူ အားငယ်မှုများ ကြီးစိုးနေသည်။

ယန်ချန်လင်က ရုတ်ခြည်း ဝင်ပြောလိုက်သည်

“ သခင်ကြီး .... ကျမတို့တွေ သေချာပေါက် ထွက်သွားနိုင်မှာ မဟုတ်ဘူး။ စိတ်စွမ်းအား တချို့ ကျမတို့ဆီ ရောက်လာတာကို ခံစားမိလိုက်တယ်။  ကျမတို့တွေ ထွက်သွားတာနဲ့  အကျိုးဆက်က မတွေးဝံ့စရာပဲ  ”

ဝမ်ဟို့က ခေါင်းတစ်ချက်သာ ညိမ့်ပြလိုက်ပြီး စကားတစ်ခွန်းမှ ပြန်မပြောပေ။

ဝမ်လျန်ရှီးက ရုတ်တရက် ဝင်ပြောလိုက်သည်

“ ဖေဖေ၊ မေမေ၊ ဦးလေးတန်  ... သမီးတို့တွေဆီမှာ စင်ပေါ်ကနေ   အခုထိ ဆင်းမလာသေးတဲ့ တစ်ယောက် ရှိသေးတယ်လေ။ အစ်ကိုမိုက ထိပ်ဆုံး ၅၀၀ ထဲ ဝင်ချင် ဝင်နေမှာ ”

ဝမ်လျန်ရှီးက ထိုစကားများ ဝင်ပြောလိုက်မှ အားလုံးက ရေသဘာဝ ယင်အင်မော်တယ် မြို့မှာ မျှော်လင့်ချက် ပျက်သုန်းသွားခြင်း မဟုတ်ဘဲ အနည်းဆုံးတော့ စင်ပေါ်၌ ဆေးလုံးဆရာ တစ်ယောက် ကျန်နေသေးသည် မဟုတ်ပါလော။

တန်လျန့်က စိတ်ဓာတ်ပြန်လည် တက်ကြွလာပြီး အလောတကြီး မေးလိုက်သည်

“ လျန်ရှီး  .... ဆေးလုံးဆရာမိုက ဒီထဲမှာ ရှိနေတုန်းလား။ သူက  ဘယ်မှာလဲ။ မြန်မြန် ပြပါဦး  ... ”

ဝမ်လျန်ရှီးက မိုဝူကျီ၏ တည်နေရာကို ညွှန်ပြလိုက်သည့်အခါ  တန်လျန့်က မိုဝူကျီသည် စင်ပေါ် ရှိနေသေးကြောင်း မြင်လိုက်ရသည်။ ထို့အပြင် ပိတ်ကားချပ်တွင် မိုဝူကျီ၏ နာမည်မှာ ပေါ်မလာသေးပေ။

ပိတ်ကားချပ်ပေါ်မှ နာမည်များသည် တန်းစီ ရေးထားသည့်အတွက် နောက်ကျလေလေ ရလဒ် ပိုကောင်းလေလေ ဖြစ်၏။ မိုဝူကျီ၏ နာမည်က ပေါ်မလာသေးသည့် အတွက် မိုဝူကျီက မပြုတ်သေးကြောင်း ဆိုလိုခြင်း ဖြစ်၏။

“ သူက ဆေးလုံးဘုရင်အဆင့် ရောက်နေပြီပဲ။ သူ ပြောတဲ့ ၇၀ ရာခိုင်နှုန်း သေချာတယ်ဆိုတာ အမှန်များ ဖြစ်နေမလား ”တန်လျန့်က မိုဝူကျီကို ကြည့်ရင်း ရေရွတ်လိုက်သည်။

ယန်ချန်လင်က ဝမ်လျန်ရှီး နားကပ်ကာ  တီးတိုးပြောလိုက်သည်

“ လျန်ရှီး ... မိုဝူကျီက  သမီးအပေါ် တခြားအမြင် မရှိတာ သေချာရဲ့လား။ နမူနာ အနေနဲ့ဆိုရင် သူ သမီးနဲ့ အတူတူ ရှိနေရင် သမီးအနား ကပ်မလာဘူးလား။ ဒါမှမဟုတ်  သမီးကို ပြောဖို့ စကားစ ရှာမနေဘူးလား ...  ”

“ မေမေ  ဒီလိုဟာတွေ မပြောပါ့နဲ့လား။ အစ်ကိုမိုက သမီးကို စိတ်မဝင်စားဘူးဆိုနေ .... သူက သမီးကို ကျေးဇူးတင်လို့ တစ်ခါ ပြန်ကူညီ ပေးရုံလောက်ပါပဲ ” ဝမ်လျန်ရှီးက  သူမ ဘာပြန်ပြောရမည်ကို မသိတော့ပေ။

“ လျန်ရှီး ... သမီး တခြားသူတွေကို လက်မဦးစေနဲ့လေ။ တစ်ခါတစ်လေကျ သမီး ကြိုက်တဲ့သူ တွေ့လာရင် လက်ဦးဖို့ လိုတယ်ကွဲ့  ”

ဝမ်လျန်ရှီးက အရေထူလာလျှင်ပင် ထိုသို့ လုပ်ရဲမည် မဟုတ်ပေ။ ထို့အပြင် ဝမ်လျန်ရှီးက အလွယ်တကူ စိတ်ထိခိုက်လွယ်သူ ဖြစ်၏။

သူမ၏ သမီးဖြစ်သူ ရှက်သွေးဖြာနေသည်ကို ကြည့်ကာ  ယန်ချင်လင်က ထိုခေါင်းစဉ်ကို အဆုံးသတ် လိုက်ပြီး မိုဝူကျီကိုသာ ကြည့်လိုက်တော့သည်။ ယောက္ခမကြီးက  သားမက်ကို ကြည့်လေလေ ပိုပြီး သဘောကျလေလေ  ဟူသော ဆိုရိုးမှာ မှန်ပုံပေါ်၏။ မိုဝူကျီက ယန်ချင်လင်၏ သားမက် မဖြစ်သေးသော်လည်း  သူမအနေဖြင့် သူ့ကို ပိုပို၍ သဘောကျလာမိသည်။

“ ဖေဖေ အဲဒါ ဆေးလုံး ဘုရင်ကန်ကျီမလား။ သူ့ပြိုင်ပွဲဝင်ခွင့် ဘယ်ကနေ ရလာတယ် မသိပေမဲ့  သူက ကျရှုံးသွားပြီ။ သူက အမှတ်စဉ် ၁၇၀၀ ထဲဆိုတော့ သမီးတို့တွေ သူ့ကို မဖိတ်ကြား လိုက်မိတာ  ကံကောင်းသွားတာပဲ ” ဝမ်လျန်ရှီးက အသိပြန်ကပ်လာကာ ပြောလိုက်သည်။ သူမက ကန်ကျီ ကျရှုံးသွားကြောင်း ချက်ချင်း သတိထားမိ လိုက်သည်။

ဝမ်ဟို့က ခေါင်းညိတ်ကာ   “ အဖေလည်း မြင်လိုက်တယ်။ သမီးပြောတာ မှန်တယ်။ အဖေတို့တွေ သူ့ကို မဖိတ်လိုက်မိတာ ကံကောင်းသွားတာပဲ”

အမှတ်စဉ် ၁၀၀၀ နှင့် ၂၀၀၀ မှာ ရေသဘာဝ ယင်အင်မော်တယ် မြို့အတွက် ကြီးကြီးမားမား မခြားနားပေ။

စင်မြင့်ပေါ်မှ လူများက ပိုပိုနည်းလာလေ၏။ မိုဝူကျီက သူ့ရလဒ်မှာ မဆိုးကြောင်း သိထားသော်လည်း နှလုံးခုန်နှုန်း မြန်လာမိသည်။ ဤဆေးပညာပြိုင်ပွဲမှာ သူ့အတွက် အရမ်းအရေး ပါလွန်းပေ၏။

***

All Chapters