← Chapters

သူက ဘယ်သူလဲ

Vol. 40 Ch. 547

သူက ဘယ်သူလဲ

Vol. 40 Ch. 547

မိုဝူကျီက ပထမ စစ်ဆေးမှု၌ အမှတ်များများ ရရန် လိုကြောင်း ကောင်းကောင်း သိထားသည်။ ဒုတိယ စစ်ဆေးမှုမှာ  ဆေးလုံးဖော်စပ်ခြင်း ဖြစ်လောက်ပြီး သူ့အနေဖြင့်   အဆင့် ၆ အလယ်အလတ် ဆေးလုံးကိုပင် မဖော်စပ်နိုင်သေးပေ။ ထို့ကြောင့် သူ့အမှတ်များက အောက်ကျ သွားလိမ့်မည်။ အကယ်၍ ပထမ စစ်ဆေးမှု၌ အမှတ်များများ မရရှိထားပါက  ဒုတိယစစ်ဆေးမှု အပြီး၌ ကန်ထုတ် ခံရနိုင်လေသည်။

မိုဝူကျီက ပိတ်ကားချပ်၌ အမှတ်စဉ်  ၃၀၀ ရောက်ရှိသွားကြောင်း မြင်လိုက်ရသည်။

အမှတ်စဉ်  ၃၀၀၊ ကိုယ်စားပြု မြို့ - အလယ်အလတ်အဆင့်  လေလွင်ပြင် အင်မော်တယ်မြို့ ၊ ဆေးလုံးဆရာ - မာထျန်း၊ ရမှတ် - ၉၀.၁၁၂ ၊ ဒုတိယ စစ်ဆေးမှု  တက်လှမ်းနိုင်

မိုဝူကျီက စိတ်ထဲ၌ သူ့ကိုယ်ပိုင် ဆေးပင် သန့်စင်နိုင်သည့် နည်းလမ်းရှိခြင်းကို ပျော်ရွှင်မိသွားသည်။ မဟုတ်လျှင်  သူက ပထမ စစ်ဆေးမှု၌ပင် အဖြုတ်ခံရလောက်၏။

ဆေးလုံးဆရာ တစ်ယောက်အနေနှင့် မိုဝူကျီက ကျောက်စိမ်းတလည်း မြက်ပင်ကို ၉၀ ရာခိုင်နှုန်းအထိ သန့်စင်နိုင်ခြင်းမှာ အတော်လေး အံ့ဩဖို့ကောင်းကြောင်း သိထား၏။ ကျောက်စိမ်းတလည်း မြက်ပင်ကို သန့်စင်ရာ ခက်ခဲသော်လည်း  အဆင့် ၇ ဆေးပင်အောက် ဆေးပင်များ၌ သန့်စင်ရန် ခက်ခဲလှသော   အထီးကျန်မြက်နှင့် ယှဉ်၍ မရသေးပေ။ အဆင့် ၆ ဆေးပင်များမှာ ကျောက်စိမ်းတလည်း မြက်ပင်လောက် သန့်စင်ရန် မခက်ခဲပေ။

သို့သော်လည်း  လူတစ်ယောက်က ၉၀ ရာခိုင်နှုန်း ကျော်နေသော်လည်း အဖြတ်ခံရလုနီးပါး ဖြစ်သွားခဲ့သည်။ သူက အဖြုတ်မခံရသော်လည်း  ၃၀၀ မြောက်တွင် ဖြစ်ကာ အဖြုတ်ခံရမည့် လက်တစ်ကမ်း အလိုတွင် ဖြစ်၏။

“ ဖေဖေ ... အစ်ကိုမိုရဲ့ နာမည်က အခုထိ ပေါ်မလာသေးဘူး။ အဲလိုဆိုရင် သမီးတို့ ရေသဘာဝ ယင်အင်မော်တယ်မြို့က ပထမစစ်ဆေးမှုမှာ ထိပ်ဆုံး ၃၀၀ ထဲ ဝင်တာပေါ့။ သူက တကယ်လို့ ဒုတိယစစ်ဆေးမှုမှာ မပါရင်တောင်  သမီးတို့တွေ အဆင့်နိမ့် အင်မော်တယ်မြို့ အနေအထားကို ပြန်ထိန်းထားလို့ ရပြီ ” ၃၀၀ မြောက် နေရာ ထွက်လာသည်ကို မြင်ပြီး ဝမ်လျန်ရှီးက စိတ်လှုပ်ရှားစွာ ထရပ်လုနီးပါး ဖြစ်သွားလေ၏။

သူမက  ရေသဘာဝ ယင်အင်မော်တယ်များ ထွက်လာမည်ကို တွေးကာ အတော်လေး စိတ်ပူနေမိသည်။

ဝမ်ဟို့က လက်သီး ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ပြီး သူ့စိတ်လှုပ်ရှားမှုမှာ သူ့သမီးဖြစ်သူထက် ပို၍ သာလွန်နေသေး၏။

အကယ်၍ အောင်မြင်သွားသည့်သူများသာ စင်ပေါ် ကျန်နေခဲ့ရသည့် အချက်ကြောင့်သာ မဟုတ်လျှင်  သူက ထိုအရာမှာ အတုအယောင်များလားဟု ထင်မှတ်မိလိမ့်မည်။

“ တော်လိုက်တာ ... တကယ်ကို တော်တယ်။ ကျုပ် သူ့ကို အကဲဖြတ် မမှားခဲ့ဘူးပဲ။ ဒီလူရဲ့ အလားအလာက တိုင်းတာလို့ကို မရတော့ဘူး  ...” တန်လျန့်က မိုဝူကျီကို ကြည့်ရင်း  သူ့ကိုယ်သူ ရေရွတ် လိုက်သည်။

“ဦးလေးတန် .... အစ်ကိုမို က ထိပ်ဆုံး ငါးဆယ်ထဲ ဝင်မယ် ထင်လား ”

ဝမ်လျန်ရှီးလည်း လက်နှစ်ဖက်ကို ဆုပ်ထားမိလိုက်သည်။ သူမက သူမဘာသာ တည်ငြိမ် စေချင်သော်လည်း သူမ အသံမှ စိတ်လှုပ်ရှားမှုများမှာ ဖုံးကွယ်ထား၍ မရပေ။

တန်လျန့်က အသက်ပြင်းပြင်းရှူကာ

“ ထိပ်ဆုံး ၅၀ ထဲ ဝင်ဖို့က အတော်လေး ခက်လိမ့်မယ်။ တကယ်လို့ အခု ထိပ်ဆုံး ၅၀ ထဲ ဝင်ခဲ့မယ် ဆိုရင်တောင်  သူ့အတွက် အဆုံးသတ်ကျ အဲလိုရဖို့ ခက်ဦးမှာပဲ ...  ဒုတိယစစ်ဆေးမှုက ဆေးလုံးဖော်စပ်တာကို စစ်မှာဆိုတော့  သန့်စင်မှုနဲ့ တူမှာ မဟုတ်ဘူး။

အဆင့်နိမ့် ဆေးလုံးဆရာ တစ်ယောက်က  အင်မော်တယ် ဆေးပင်တွေကို  အမြင့်ဆုံး သန့်စင်နိုင်ပေမဲ့ ကံအရမ်း ကောင်းနေရင်တောင်  အဆင့်နိမ့် ဆေးလုံးဆရာ တစ်ယောက် အနေနဲ့  အဆင့်မြင့် ဆေးလုံးကို ဖော်စပ်နိုင်မှာ မဟုတ်ဘူး။ ရလဒ်ကို လိမ်လို့ မရတော့ ကံကောင်းမှု တစ်ခုတည်းနဲ့  အကူအညီ သိပ်ရမှာ မဟုတ်ဘူး

လျန်ရှီးရဲ့ မိတ်ဆွေက  ကျောက်စိမ်း တလည်းမြက်ပင်ကို ၉၀ ရာခိုင်နှုန်းကျော် သန့်စင် နိုင်တာကိုက အတော်လေး အံ့ဩဖို့ ကောင်းနေပြီ။ ကျုပ်တောင် မလုပ်နိုင်တဲ့ အရာပဲ ....

သူက နောင်ကျ  သာမာန်ဆေးလုံး ဧကရာဇ်ကို  ကျော်သွားနိုင်တယ်။  ၃၀၀ မြောက် နေရာက ဆေးလုံးဆရာ မာထျန်းကို သိလား။ သူက အဆင့် ၆ ဆေးလုံးဘုရင်လေ။ အဆင့်  ၆ ဆေးလုံး ဘုရင်ထဲမှာ သူက ထိပ်ဆုံးလို့ ယူဆလို့ ရတယ်  ”

ဝမ်ဟို့က စကားပြောနေသည်ကို နားထောင်ရင်း သူ့မိန်းမနှင့် အတွေးတူ  တစ်ခု ပေါ်လာလေ၏။

အကယ်၍ မိုဝူကျီသာ သူ့သားမက် ဖြစ်လာလျှင် ဘယ်လောက် ကောင်းလိုက်မလဲ ......

ပိတ်ကားချပ်၍ အမှတ်စဉ်  ၂၉၄ အထိ ပြသပြီးပြီ ဖြစ်၏။

အမှတ်စဉ်  ၂၉၄ ၊ ကိုယ်စားပြု မြို့ - အဆင့်နိမ့်  လျှပ်စီးမြစ်ကြောင်း အင်မော်တယ်မြို့ ၊ ဆေးလုံးဆရာ - ဖေးယွမ်၊ ရမှတ် - ၉၀.၂၁၆ ၊ ဒုတိယ စစ်ဆေးမှု  တက်လှမ်းနိုင်

အမှတ်စဉ်  ၂၉၃၊ ကိုယ်စားပြု မြို့ - အဆင့်မြင့်  လုယွင် အင်မော်တယ်မြို့ ၊ ဆေးလုံးဆရာ -  ကုန်းခယ် ၊ ရမှတ် - ၉၀.၂၁၉၊ ဒုတိယ စစ်ဆေးမှု  တက်လှမ်းနိုင်

နေရာ  ၂၀၀၀ အတွင်းမှ စ၍ ပြိုင်ပွဲဝင်ကြားမှ  အမှတ်ခြားနားချက်မှာ အလွန်သေးငယ် လှပေသည်။ အင်မော်တယ် ဆေးပင်များကို သန့်စင်ရာ၌  ဆေးလုံး ဆရာတိုင်းသည် အမှတ်လေး နည်းနည်း တက်လာဖို့ရာ သန့်စင်မှု မည်မျှ ခက်ခဲကြောင်း သိကြသည်။ ဆေးလုံးဆရာတချို့က  သူတို့ ဘဝတစ်လျှောက်လုံး သန့်စင်နှုန်း  ၉၀ ရာခိုင်နှုန်းမှ  ၉၁ ရာခိုင်နှုန်းအထိသာ တိုးတက်နိုင်ကြသည်။ တစ်ခါတစ်ရံ၌မူ  ဤသို့သော သန့်စင်မှုနှုန်းမျိုးမှာ  လေ့ကျင့်ရုံဖြင့် တိုးတက်မလာနိုင်ပေ။

ပြိုင်ပွဲနေရာ၌ လူ ၃၀၀ သာ ကျန်ရှိတော့သည်။ သူတို့က ဒုတိယ စစ်ဆေးမှုဆီ တက်လှမ်း သွားသည်ကို သိပြီး ဆေးလုံးဆရာတချို့က  သက်ပြင်းချကာ  သူတို့ဘေးပတ်လည်မှ လူများကို လိုက်လံ ကြည့်ရှုကြလေ၏။

နောက်ဆုံး ၃၀၀ ထဲ ကျန်ရှိခဲ့ကြသည့် ဆေးလုံးဆရာများက ထိပ်ဆုံးမှ ထိပ်ဆုံးများသာ ဖြစ်၍ သူတို့အချင်းချင်း  မှတ်မိကြသည်။

မိုဝူကျီ၏ ငယ်ရွယ်ပြီး မရင်းနှီးသေးသည့် ပုံစံကြောင့် ဆေးလုံးဆရာတချို့၏ အာရုံကို ဖမ်းစား သွားလေ၏။

သူက ဘယ်သူလဲ  ..... ဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့ ထိပ်ဆုံး  ၃၀၀ ထဲ ရောက်လာတယ်လား ....

ပိတ်ကားချပ်ကို တစ်ခေါက် ပြန်ကြည့်ပြီး မိုဝူကျီ၏ နာမည်ကို ရှာဖွေ လိုက်သော်လည်း သူတို့ ကြည့်လိုက်သည့်အခါ ရင်းနှီးပြီးသား နာမည်များသာ ပြန်တွေ့လိုက်ရသည်။

ပိတ်ကားချပ်၍ အမှတ်စဉ် ၁၂၀ မြောက် ရောက်ရှိလာလေပြီ။

အမှတ်စဉ်  ၁၂၀၊ ကိုယ်စားပြု မြို့ - အလယ်အလတ်အဆင့်  အင်မော်တယ် ကမ်းပါးမြို့ ၊ ဆေးလုံးဆရာ - အောင်းရှီလွန်၊ ရမှတ် - ၉၁.၀၅၁၊ ဒုတိယ စစ်ဆေးမှု  တက်လှမ်းနိုင်

အမှတ်စဉ်  ၁၂၀ အထိ မရင်းနှီးသည့် နာမည် ပေါ်မလာသေးပေ။ ဆေးလုံးဆရာများက သူတို့အချင်းချင်းကြား ဆွေးနွေးကုန်ကြသည်။

ထိုသူက ဘယ်သူလဲ .... သူက ထိပ်ဆုံး  ၁၂၀ ထိ ဝင်လာတယ်လား ....

မိုဝူကျီက အမှတ်စဉ် ၁၂၀ မြောက်မှာ အင်မော်တယ် ကမ်းပါးမြို့မှ ဖြစ်မှန်း မြင်သောအခါ  ထိုအင်မော်တယ်မြို့ကို သိနေကြောင်း ရုတ်ခြည်း အမှတ် ရလိုက်သည်။ အသက်မဲ့ မြစ်အတွင်း တွေ့ဆုံခဲ့သည့် သခင်လေး ကျုံးကျန်း ရှိနေသည် မဟုတ်ပါလော။ အင်မော်တယ် ကမ်းပါးမြို့  အမှတ်စဉ် ၁၂၀ အထိ ဝင်သည်ကို တွေ့ပြီး မိုဝူကျီက ကျုံးကျန်းအတွက် ဝမ်းသာမိသည်။

နာမည်များက ပိတ်ကားချပ်၌ ဆက်တိုက် ပေါ်နေသည်။

အမှတ်စဉ် ၅၁ ၊ ကိုယ်စားပြု မြို့ - အဆင့်မြင့် လုကျယ် အင်မော်တယ်မြို့ ၊ ဆေးလုံးဆရာ - ယွမ်ဖုန်း၊ ရမှတ် - ၉၁.၆၇၁ ၊ ဒုတိယ စစ်ဆေးမှု  တက်လှမ်းနိုင်

အမှတ်စဉ်  ၁၀၊ ကိုယ်စားပြု မြို့ - အဆင့်မြင့်  ပင်လယ်ပိတာန် အင်မော်တယ်မြို့ ၊ ဆေးလုံးဆရာ - ချိုက်ရှောင်၊ ရမှတ် - ၉၁.၈၉၉၊ ဒုတိယ စစ်ဆေးမှု  တက်လှမ်းနိုင်

ပင်လယ်ပိတာန် အင်မော်တယ်မြို့ဟု မြင်လိုက်သောအခါ  မိုဝူကျီက ထိုမြို့စားငယ်လေး ကျိုးယီရှန်းကို အမှတ်ရမိ လိုက်သည်။ ထိုကျိုးယီရှန်းက မဆိုးလှပေ။ သူပင်လယ်ပိတာန် အင်မော်တယ်မြို့မှာ ပထမ စစ်ဆေးမှု၌ ၁၁ မြောက် နေရာ ဝင်လေသည်။ ကျိုးယီရှန်းသာ ကျိုးပျက်ကမ္ဘာက ပြန်လာနိုင်သရွေ့ သေချာပေါက် ပင်လယ်ပိတာန် အင်မော်တယ် မြို့၌သာ ရှိလိမ့်မည်။ ဤပြိုင်ပွဲ ပြီးဆုံးသွားသည့်အခါ ကျိုးယီရှန်းဆီ တစ်ခေါက်လောက် သွားရောက် လည်ပတ် သင့်ပေသည်။

ပိတ်ကားချပ်၍ အမှတ်စဉ်  ၇ ခုမြောက် ရောက်ရှိသွားလေပြီ။

အမှတ်စဉ်  ၇၊ ကိုယ်စားပြု မြို့ - အဆင့်မြင့်  ပင်းယီ အင်မော်တယ်မြို့ ၊ ဆေးလုံးဆရာ - လျူထောင်၊ ရမှတ် - ၉၂.၂၃၂ ၊ ဒုတိယ စစ်ဆေးမှု  တက်လှမ်းနိုင်

အမှတ်စဉ်  ၆၊ ကိုယ်စားပြု မြို့ - အလယ်အလတ်အဆင့်  အနီရောင် အင်ပါယာ အင်မော်တယ်မြို့ ၊ ဆေးလုံးဆရာ - ဖေးကောင်း၊ ရမှတ် - ၉၂.၃၀၁ ၊ ဒုတိယ စစ်ဆေးမှု  တက်လှမ်းနိုင်

အမှတ်စဉ်  ၅၊ ကိုယ်စားပြု မြို့ - အဆင့်မြင့်  ပိုင်တင်း အင်မော်တယ်မြို့ ၊ ဆေးလုံးဆရာ - ခွမ်းကျစ်ယောင်၊ ရမှတ် - ၉၂.၄၁၁၊ ဒုတိယ စစ်ဆေးမှု  တက်လှမ်းနိုင်

ထိုစဉ် စင်အောက်တွင် ရှိသော ဆေးလုံးဆရာများ ဖြစ်စေ၊ စင်ပေါ်တွင် ကျန်ရှိနေသော ဆေးလုံးဆရာများ ဖြစ်စေ သို့မဟုတ် အခြေအနေကို နားလည်ကြသူများ ဖြစ်စေ  စကားမပြောဘဲ မနေနိုင်ကြတော့ပေ။

အားလုံးက မိုဝူကျီကို ကြည့်နေကြသည်။ အကြောင်းမှာ  သူတို့က ငါးနေရာမြောက်မှ ခွမ်းကျစ်ယောင်သည် ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့မှ ဆေးလုံး ဧကရာဇ် တစ်ပိုင်းအဆင့် ရောက်ရှိနေသူ ဖြစ်၏။ ဤနေရာမှာ အဆင့်မြင့် ပြိုင်ပွဲ ဖြစ်သောကြောင့်  ဆေးလုံး ဧကရာဇ် တစ်ပိုင်းအနေနှင့် ငါးနေရာမြောက် ရရှိခြင်းကို မအံ့ဩကြသော်လည်း  အားလုံး သတိမပြုမိသည့် မိုဝူကျီ၏ နာမည် မပေါ်လာသေးသောကြောင့်  တအံ့တဩ ဖြစ်နေကြခြင်း ဖြစ်ပေသည်။

ထိုလူငယ်လေးက ထိပ်ဆုံး အဆင့် ၄ ထဲ ဝင်နေတာလား  .....

“ သူက ဘယ်သူလဲ။ သူက စီနီယာခွမ်းကို ကျော်ပြီးတော့လေ  ထိပ်ဆုံး လေးယောက်ထဲတောင် ဝင်တယ်ပေါ့။..... ”

“ ပိတ်ကားချပ်က တစ်ခုခုများ မှားနေတာလား.။ ဒါမှမဟုတ်  အဆင့်ခွဲတဲ့ အစီအရင်မှာ ပြဿနာ တက်နေတာများလား  ”

ကျရှုံးသွားပြီးသော ဆေးလုံးဆရာများက ပြန်လည် စိတ်အား တက်ကြွ လာကြသည်။ အကယ်၍ အဆင့်ခွဲသည့် အစီအရင်၌ ပြဿနာ ရှိနေလျှင် သူတို့အားလုံး ပြန်လည် ပြိုင်ရမည် မဟုတ်ပါလော။

ထိုဆေးလုံးဆရာများကို မဆိုထားနှင့်  ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ ဒုခေါင်းဆောင်  ဟူကျန်းယွီပင် မိုဝူကျီအား တအံ့တဩ လှမ်းကြည့်နေမိသည်။ သူက မိုဝူကျီကို မသိသော်လည်း မိုဝူကျီ၏ နာမည် မပေါ်လာသေးသည်ကိုတော့ သိပေသည်။

ပိတ်ကားချပ်အတွက် သေချာပေါက် အမှားအယွင်း မရှိကြောင်း သိနေသည်။

“ ဖေဖေ  ... တစ်ခုခုများ မှားနေတာလား။ အစ်ကိုမိုရဲ့ နာမည် အခုထိ ပေါ်မလာသေးပါ့လား ” ဝမ်လျန်ရှီးက အစပိုင်းတွင် တအံ့တဩ ဖြစ်နေမိသော်လည်း ယခုအခါ ကြောက်ရွံ့လာမိသည်။

ဝမ်ဟို့လည်း စိတ်ရှုပ်ထွေး မိသွားသည်။ သူ ကိုယ်တိုင်ပင် မိုဝူကျီက ဆေးလုံး ဧကရာဇ် တပိုင်းထက် သာလွန်နေလိမ့်မည်ဟု မယုံကြည်နိုင်ပေ။

တန်လျန့်က ဧရာမ ပိတ်ကားချပ်ကြီးကို ကြည့်ကာ တုံ့ဆိုင်းစွာ ပြောလိုက်သည်  “ အဲလို မဟုတ်ဘူး။ ဆရာမိုက အရင် အဆင့်  ၈ ဝိညာဉ်ဆေးပင်ကို ရာနှုန်းပြည့် သန့်စင်ဖူးတယ်လေ  ”

တန်လျန့်က မိုဝူကျီကို ဆရာမိုဟုသာ ခေါ်ဝေါ်လိုက်တော့သည်။

“ ဒါပေမဲ့ အဲဒါက ကျင့်ကြံခြင်း လောက က  အဆင့်  ၈ ဝိညာဉ်ဆေးပင်လေ။ အခုက အင်မော်တယ် လောကမှာ သန့်စင်ဖို့ အခက်ခဲဆုံးထဲ က တစ်ခု ဖြစ်တဲ့ ကျောက်စိမ်းတလည်း မြက်ပင် ဖြစ်နေတာလေ  ”

ဝမ်ဟို့က  လေးနေရာမြောက် ထွက်လာသည်ကို မြင်၍    စကားပြောရပ်လိုက်သည်။

အမှတ်စဉ်  ၄၊ ကိုယ်စားပြု မြို့ - အလယ်အလတ်အဆင့်  သူတော်စင်မြက် အင်မော်တယ်မြို့ ၊ ဆေးလုံးဆရာ - ဝူယွင်ရှန်း၊ ရမှတ် - ၉၆.၀၀၉ ၊ ဒုတိယ စစ်ဆေးမှု  တက်လှမ်းနိုင်

ထိုနာမည် ပေါ်လာသည်နှင့် နေရာတစ်နေရာလုံး၌   ဆူဆူညံညံ  ဖြစ်ကုန်ကြသည်။

လေးနေရာနှင့် ငါးနေရာ ကွာခြားချက်ကား ကြီးမားလွန်းပေသည်။ ငါးနေရာမြောက် ခွမ်းကျစ်ယောင်က  ရမှတ်  ၉၂ မှတ်ကျော်သာ ရရှိခဲ့သော်လည်း လေးနေရာမြောက် ဝူယွင်ရှန်းက  ၉၆ မှတ်ကျော် ရရှိခဲ့သည်။

ဆေးပင် သန့်စင်ခြင်း၌  ဒဿမ အမှတ်လေး တိုးလာလျှင် တိုးတက်မှုအကြီးကြီး ဖြစ်ကြောင်း သိသင့်ပေသည်။ လေးမှတ် လုံးလုံး ခုန်ပျံ တိုးသွာသည့် အကြောင်းကို ပြောဖို့ရာပင် မလိုတော့ပေ။ ထို့အပြင် သန့်စင်နှုန်း မြင့်လေလေ  တိုးတက်ဖို့ရာ ပို၍ ခက်လေလေ ဖြစ်၏။

သို့သော်လည်း မည်သူကမှ ထိုပြဿနာကို မခံစားမိကြပေ။ အကြောင်းမှာ ဝူယွင်ရှန်းမှာ ဆေးလုံး ဧကရာဇ်အဆင့် ဖြစ်ပြီး  ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့မှ မဟုတ်သည့် ဆေးလုံး ဧကရာဇ်ထဲမှ တစ်ယောက်လည်း ဖြစ်ပေသည်။

ခွမ်းကျစ်ယောင်က ဆေးလုံး ဧကရာဇ် တပိုင်းအဆင့် ဖြစ်သော်လည်း ဆေးလုံး ဧကရာဇ် အစစ်အမှန်အဆင့် တက်လှမ်းနိုင်ဖို့ရာ လိုနေသေး၏။

“ သူက ဆေးလုံး ဧကရာဇ်ကိုတောင် ကျော်သွားပြီ  .... တကယ်ကြီး ကျော်သွားပြီ ”

မြောက်များစွာသော ဆွေးနွေးမှုများ၊ ပြောဆိုမှုများကြား  အခြေအနေကို မသိသူများပင် ပိတ်ကားချပ်၍ နာမည် မပေါ်လာသေးသော  လူငယ်လေးကို အာရုံစိုက်မိ ကုန်ကြသည်။ ဤသို့မျိုးအရာမှာ  ထူးခြားလွန်းနေရာ  မိုဝူကျီကို သတိမထားမိဘဲ မည်သို့ နေနိုင်မည်နည်း။

လူများစွာက သူ့အား ဝိုင်းကြည့်နေသော်လည်း မိုဝူကျီက အေးအေးဆေးဆေး ရှိနေလေ၏။ သူက လုံးဝ မစိုးရိမ်ပေ။ ကျောက်စိမ်းတလည်းမြက်ပင်မှာ သန့်စင်ရန် အင်မတန် ခက်ခဲသော်လည်း  ဤပြိုင်ပွဲ၌  သူ့စွမ်းရည်ကို အပြည့်အဝ ပြသခဲ့သည်။ အကယ်၍  ပြိုင်ပွဲ၏ မီးတောက် ကန့်သတ်ချက်ကြောင့်သာ မဟုတ်လျှင် သူက ပညာရှင်နှလုံးသားကိုပင် ထုတ်မိ လောက်၏။

အမှတ်စဉ်  ၃ ၊ ကိုယ်စားပြု မြို့ - အဆင့်မြင့်  လုကျယ် အင်မော်တယ်မြို့ ၊ ဆေးလုံးဆရာ - ဟန်ကျွင်း၊ ရမှတ် - ၉၆.၁၆၃ ၊ ဒုတိယ စစ်ဆေးမှု  တက်လှမ်းနိုင်

ဟန်ကျွင်းမှာ ဆေးလုံး ဧကရာဇ် တစ်ယောက် ဖြစ်သလို ဆေးလုံးတာအို အင်မော်တယ် မဟာမိတ် အဖွဲ့၏ ဆေးလုံး ဧကရာဇ် တစ်ယောက်လည်း ဖြစ်၏။ ထိုစဉ် အားလုံးက ကြောင်အမ်း ကုန်ကြသည်။ အမည်မသိ လူငယ်လေးက ဆေးလုံး ဧကရာဇ် နှစ်ယောက်ကို ကျော်လွန် သွားလေပြီ။ ယခုအခါ နာမည်နှစ်ခုသာ ကျန်ရစ်တော့၏။  နောက်တစ်ယောက်မှာ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့မှ ဆေးလုံး ဧကရာဇ် ကုန်းယန်ရွယ် ဖြစ်ပေသည်။

မည်သူကမှ မိုဝူကျီကို ထိပ်ဆုံး နှစ်ယောက်ထဲ ပါလိမ့်မည်ဟု   မယုံနိုင်ကြပေ။ ပြိုင်ပွဲ  လာကြည့်သူ တချို့၏ စိတ်ထဲ၌  တာဝန်ရှိသူများ အနေနှင့်   ဤအရှုပ်အထွေးကို မည်သို့ ရှင်းမည်ကို စိတ်ဝင်စား နေကြသည်။

***

All Chapters