← Chapters

ဘယ်ဆေးလုံး ရွေးချယ်မှာလဲ

Vol. 40 Ch. 548

ဘယ်ဆေးလုံး ရွေးချယ်မှာလဲ

Vol. 40 Ch. 548

ဤအခိုက်အတန့်လေး၌  ပိတ်ကားချပ်၌  ဒုတိယမြောက် နေရာ ပေါ်လာလေ၏။

အမှတ်စဉ်  ၂ ၊ ကိုယ်စားပြု မြို့ - အဆင့်မြင့်  လုံလိုက် အင်မော်တယ်မြို့ ၊ ဆေးလုံးဆရာ - ကုန်းယန်ရွမ် ၊ ရမှတ် - ၉၇.၇၁၁ ၊ ဒုတိယ စစ်ဆေးမှု  တက်လှမ်းနိုင်

ကုန်းယန်ရွမ်က  ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၌ ထိပ်ဆုံး ဆေးလုံး ဧကရာဇ် အဆင့်ထဲမှ တစ်ယောက် ဖြစ်ပေသည်။ သူ့ကို ကျော်လွန်နိုင်သော ဆေးလုံး ဧကရာဇ် အရေအတွက်ကို လက်တစ်ဖက်တည်းဖြင့် ရေတွက်လို့ ရ၏။

သို့သော်လည်း ဤဆေးလုံး ဧကရာဇ်က ဒုတိယမြောက် နေရာသာ ရရှိလေရာ နာမည် တစ်ခုသာ ကျန်ရှိတော့သည်။ ထိုနေရာမှာ အမည်မသိ လူငယ်လေး ဖြစ်ကြောင်း အရူး ပင် သိ၏။ အကယ်၍ အစီအရင်၌ တစ်ခုခု အမှားအယွင်း မရှိဘူးဆိုလျှင်  ဤဆေးလုံးဆရာက လိမ်ညာထားခြင်းသာ ဖြစ်ရမည်။

ဤဆေးပညာပြိုင်ပွဲမှာ  အကြီးမားဆုံး ကျင်းပသည့်ပွဲ မဟုတ်သော်လည်း အရေးပါမှုက ထိပ်ဆုံးထဲမှ တစ်ခု ဖြစ်ပေသည်။ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ပင် ဤသို့သော ဆေးပညာပြိုင်ပွဲ၌ လိမ်ညာရဲမည် မဟုတ်ပေ။ ဆေးလုံး တာအို အင်မော်တယ် မဟာမိတ်အဖွဲ့က အားကောင်းသော်လည်း  ဤသို့မျိုး ပြိုင်ပွဲ၌ လိမ်ညာရဲခြင်းမှာ  ကိုယ့်သေတွင်းကို တူးနေသလိုသာ ဖြစ်လိမ့်မည်။

ကုန်းယန်ရွမ်၊ ဟန်ကျွင်းနှင့် အခြားသော ဆေးလုံး ဧကရာဇ်များက မိုဝူကျီကို ကြည့်နေကြပြီး မည်သို့ ဖြစ်သွားသည်ကို သိချင်နေကြသည်။

မိုဝူကျီက နည်းနည်းမျှ  ပျာယာခတ် သွားသည့်ပုံ မပေါ်ပေ။ သူ   ကုန်းယန်ရွှမ်၏ အမှတ်မှာ ၉၇.၇၁၁ ဟု မြင်လိုက်ကတည်းက ပထမနေရာ ရမည် ဖြစ်ကြောင်း သိလိုက်သည်။ သာမန် အခြေအနေ အောက်၌ သူက အဆင့် ၅ နှင့် အဆင့်  ၆ အင်မော်တယ် ဆေးပင်များကို ၉၉ ရာခိုင်နှုန်းကျော် သန့်စင် နိုင်လေသည်။ ဤတစ်ကြိမ် ကျောက်စိမ်းတလည်း မြက်ပင်မှာ ခက်ခဲသော်လည်း ၉၉ ရာခိုင်နှုန်းအောက် ကျမည် မဟုတ်ပေ။

နဂိုက ဆူညံပွက်လောရိုက်နေသော  လူအုပ်ကြီးမှာ ယခုအခါ တိတ်ဆိတ် သွားလေ၏။ အားလုံးက ပထမနေရာ ထွက်လာမည်ကို စောင့်ဆိုင်းနေကြပြီး တာဝန်ရှိသူများ၏ ဖြေရှင်းချက်ကို စောင့်နေကြသည်။

လူအုပ်ကြီး၏ အာရုံစူးစိုက်မှု အလယ်၌ ပထမ နေရာမှာ ပေါ်လာလေ၏။ အားလုံး ထင်ထားသည့်အတိုင်း မရင်းနှီးသည့် နာမည် ဖြစ်နေ၏။

အမှတ်စဉ်  ၁ ၊ ကိုယ်စားပြု မြို့ - အဆင့်နိမ့်  ရေသဘာဝ ယင် အင်မော်တယ်မြို့ ၊ ဆေးလုံးဆရာ - မိုရှင်းဟယ် ၊ ရမှတ် - ၉၉.၃၆၁ ၊ ဒုတိယ စစ်ဆေးမှု  တက်လှမ်းနိုင်

“ ဝိုး ....”  တစ်ချိန်တည်း၌  အားလုံးက ဆူညံပွက်လော ရိုက်ကုန်လေ၏။ အားလုံးက ဆွေးနွေး နေကြပြီး ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ ဒုခေါင်းဆောင် ဟူကျန်းယွီနှင့် အတူ  ယုံရင်အင်မော်တယ် နယ်မြေ၏ ကောင်းကင်ဧကရာဇ် ကွေ့ဖုန်းယွင်ကို ကြည့်လိုက်ကြသည်။ သူတို့က ရလဒ်နှင့် ပတ်သက်၍  အကျိုးအကြောင်းသင့်သည့်  ဖြေရှင်းချက် လိုချင်နေကြသည်။

ဝမ်မိသားစုမှာ ပျော်ရွှင်ကြရမည် ဖြစ်သော်လည်း ယခုအခါ သူတို့မျက်နှာ၌  ဖြူဖျော့နေသည့် အမူအရာများ ထွက်ပေါ်နေသည်။ မိုဝူကျီက နေရာကောင်းရသည့်အတွက် ပျော်ရွှင်ကြသော်လည်း မိုဝူကျီ၏ နေရာမှာ ကောင်းလွန်းနေသည့် အတွက် သူတို့ကို လက်မခံနိုင်မည်ကို စိူးရိမ်နေကြ၏။

နေရာနှင့် ပတ်သက်ပြီး ပြဿနာ ဖြစ်လာလျှင် ပထမဆုံး အသတ်ခံရမည့် သူမှာ မိုဝူကျီသာ ဖြစ်၏။ မိုဝူကျီ အသတ်ခံ ရပြီးနောက် အပြစ်ကို တာဝန် ယူရမည့်သူမှာ   ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ  မဟုတ်သလို ယုံရင် အင်မော်တယ် နယ်မြေ၏ ကောင်းကင် ဧကရာဇ်လည်း မဟုတ်ဘဲ    သူတို့၏ ရေသဘာဝ ယင်အင်မော်တယ်မြို့သာ ဖြစ်၏။

တခြားစကားနှင့် ဆိုရလျှင် ရေသဘာဝ ယင်အင်မော်တယ် မြို့စားအနေနှင့် ဝမ်ဟို့က ဒုတိယမြောက် အသတ်ခံ ရလိမ့်မည်။ သူ့ကို သတ်ပြီးသည်နှင့် သူ့မိသားစုမှာ  အနင်းခြေခံရမည့် ပုရွက်ဆိတ်သဖွယ် ဖြစ်သွားလိမ့်မည်။

ဟူကျန်းယွီက စင်မြင့်ရှေ့ လျှောက်လှမ်း လာသည့်အခါ လူအုပ်ကြီးက တိတ်ဆိတ်သွားပြီး ဟူကျန်းယွီကို ကြည့်လိုက်ကြသည်။

ဟူကျန်းယွီက မိုဝူကျီဆီမှ အကြည့်ခွာကာ လူအုပ်ကြီးကို ကြည့်လိုက်ရင်း ကျယ်လောင်စွာ ကြေညာလိုက်သည်။

“ အားလုံး ပြောချင်နေကြတာကို ကျုပ် သိပါတယ်။ အခု အားလုံးကို ပြောချင်တာက ပထမစစ်ဆေးမှုက တိကျမှန်ကန်ပြီးတော့ ရလဒ်မှာလည်း  အမှားအယွင်း မရှိပါဘူး။ အဆင့်ခွဲ အစီအရင်မှာလည်း ပြဿနာ မရှိသလို ရလဒ် ထုတ်ဖော် ပြသရာမှာလည်း ပြဿနာ မရှိပါဘူး။  တကယ်လို့ ရမှတ်ကို မကျေနပ်တဲ့ ဆေးလုံးဆရာ ရှိတယ်ဆိုရင် ရှေ့ကို ထွက်လာခဲ့ပါ။

ကျုပ်တို့တွေ ခင်ဗျားတို့ ဆေးအဆီအနှစ်ကို လူအများကြား အဆင့်ပြန်စစ်ဆေးမယ် ... ”

သူက ပြောလိုက်ရင်း ဟူကျန်းယွီက ကျရှုံးပြီးသွားသော ဆေးလုံးဆရာတချို့ကို ကြည့်လိုက် ပြီးနောက် လေးလေးနက်နက် ပြောလိုက်သည်

“ တကယ်လို့ ရမှတ်က ပြဿနာ ရှိနေတယ်ဆိုရင် ဒုတိယစစ်ဆေးမှုကို ဝင်ပြိုင်စရာ မလိုဘဲနဲ့  ယွင်ရှန့်တောင်ကြားကို တန်းဝင်ခွင့် ပေးမှာပါ။ တကယ်လို့ ရမှတ်က မှန်ကန်နေတယ် ဆိုရင်တော့  အသတ်ခံရမယ်။

အခု ကိုယ့်ရမှတ်ကို  သံသယရှိတဲ့သူများ ရှေ့ထွက်လာလို့ ရပါပြီ။  ကျုပ်တို့တွေ ချက်ချင်း စစ်ဆေးပေးပါ့မယ်  ”

အားလုံးက ဆေးလုံးဆရာများ ထိုင်နေသည့် နေရာများကို လှည့်ကြည့် လိုက်ကြသည်။ အမွှေးတိုင် တစ်ဝက်စာ ကြာသွားသော်လည်း မည်သူကမှ သူတို့ရမှတ် မှားယွင်းနေသည်ဟု မထင်ကြပေ။

ဆေးလုံးဆရာတိုင်းက သူတို့စွမ်းဆောင်ရည်ကို ကောင်းကောင်း နားလည်ထားကြသည်။ ရလဒ်များမှာ မှန်ကန်တိကျကြောင်း သေချာသိထားလေ၏။ သူတို့ကိုယ်တိုင် တွက်ချက်မှုထက် ပို၍ တိကျနိုင်သေးသည်။

အမွှေးတိုင် တစ်ဝက်စာကြာချိန်နောက်၌ မည်သူမှ ရှေ့မထွက်လာကြ၍ ဟူကျန်းယွီက ခေါင်းညိတ်ကာ

“ ကြည့်ရတာ ဆေးလုံး ဆရာတွေအနေနဲ့  အစီအရင် မှန်တယ်ဆိုတာ သိတဲ့ပုံပါပဲ။ ဒီတစ်ခါ ရလဒ်ကို ထုတ်ပြီးပြီဆိုတော့ အချိန်ထပ် မဖြုန်းဘဲ ဒုတိယ စစ်ဆေးမှု စလိုက်ကြတာပေါ့ ”

ဒုတိယ စစ်ဆေးမှု စတင်လာသည်။ ဆိုလိုသည်မှာ မိုဝူကျီ သို့မဟုတ် အစီအရင်၌  ပြဿနာ မရှိကြောင်း ပြသနေခြင်း ဖြစ်၏။ လူတော်တော် များများက မိုဝူကျီကို အားကျတကြီး ကြည့်လိုက်ကြသည်။ မိုဝူကျီက ပထမစစ်ဆေးမှုကို အမှတ်ပြည့်နီးပါးဖြင့် အောင်မြင်ခဲ့လေသည်။ သူသာ ဒုတိယစစ်ဆေးမှု၌ အောင်မြင်သည့် ရမှတ် ရရှိပါက  ထိပ်ဆုံး အယောက် ၅၀ ထဲ ဝင်ဖို့ရာ သေချာလုနီးပါး ဖြစ်နေ၏။

အကယ်၍ မိုဝူကျီက ဒုတိယ စစ်ဆေးမှု၌ အမှတ်ကောင်းကောင်း မရရှိခဲ့လျှင်  သူ့ပထမ ရလဒ်မှာ အလိမ်အညာ ဖြစ်ကြောင်း ဆိုလိုနေခြင်း ဖြစ်သည်။

“ဖေဖေ  .... အစ်ကိုမိုရဲ့ ရလဒ်က အမှန်ဖြစ်နေတာပဲ။ သူက ပထမနေရာကို  ၉၉.၃၆၁ အမှတ်နဲ့တောင် ရခဲ့တာ ... အခု သမီးတို့ ရေသဘာဝ ယင်အင်မော်တယ် မြို့က  တခြားမြို့ရဲ့ လက်အောက်ခံ ဖြစ်စရာ မလိုတော့ဘူး။ တကယ်လို့ အစ်ကိုမိုရဲ့ ဒုတိယ စစ်ဆေးမှုသာ ရလဒ် ကောင်းခဲ့မယ်ဆိုရင်  သမီးတို့တွေ အလယ်အလတ်အဆင့်ထိ တက်သွားနိုင်သေးတယ်  ... ”

သူမက ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ ဒုခေါင်းဆောင် ဟူကျန်းယွီ စကားများကို ကြားသောအခါ ဝမ်လျန်ရှီးက စိတ်လှုပ်ရှားစွာ ထရပ်လိုက်သည်။

ယန်ချင်လင်နှင့် ဝမ်ဟို့တို့လည်း စိတ်လှုပ်ရှား နေကြသည်။ ယန်ချင်လင်က သူမ၏ သမီးဖြစ်သူ လက်ကို ဆွဲကာ ဝမ်လျန်ရှီးကို ထိုင်ခိုင်းလိုက်၏။

ရေသဘာဝ ယင်အင်မော်တယ်မြို့က ပထမစစ်ဆေးမှု၌  ပထမနေရာ ရလာသော်လည်း သူတို့အတွက် ရိုးရိုးကုပ်ကုပ် နေခြင်းက အကောင်းဆုံး ဖြစ်၏။

“ အထင်ကြီးလောက်စရာပဲ .....”

တန်လျန့်က သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ သူက မိုဝူကျီ၏ ရလဒ်များမှာ  အလိမ်အညာ ဟု မထင်ပေ။ ရာနှုန်းပြည့် သန့်စင်နေသော ဆေးအဆီအနှစ်ကို မြင်လိုက်စဉ် သူကိုယ်တိုင်လည်း မယုံနိုင်ဖွယ် ဖြစ်ခဲ့သည် မဟုတ်ပါလော။ တကယ်၍ သူက မယုံနိုင်ဖွယ် တစ်ခါ လုပ်ဖူးပါ နောက်တစ်ခါလည်း လုပ်နိုင်ပေလိမ့်မည်။

မြို့စားအချို့က ဝမ်ဟို့ကို လာရောက် နှုတ်ဆက်ကြလေ၏။ ရေသဘာဝ ယင်အင်မော်တယ် မြို့က အလယ်အလတ်အဆင့် မတိုးမြင့်ခံရလျှင်ပင် ရေသဘာဝ ယင်အင်မော်တယ် မြို့အနေနှင့် ဤသို့သော အံ့ဩစရာ ကောင်းသည့် ဆေးလုံးဆရာအား သိထားသည့် အတွက် မိတ်ဆွေဖွဲ့ထားရန် ထိုက်တန်ပေသည်။

သို့သော်လည်း ဝမ်ဟို့က သူ့သမီးကို ကြည့်ကာ  ပြောလိုက်၏

“ လျန်ရှီး  ... ဒါက သမီးကျေးဇူးကြောင့်ပဲ ... မဟုတ်ရင် အဖေတို့ တစ်မိသားစုလုံး တခြားသူရဲ့ လက်အောက်ခံ ဖြစ်တော့မှာ ”

“ ဖေဖေ ... သမီးတို့တွေက အစ်ကိုမိုကို ကျေးဇူး တင်သင့်တာပါ။ အစ်ကိုမိုကြောင့်သာ မဟုတ်ရင် ဒီလို စိတ်အေးလက်အေး ထိုင်နေနိုင်ပါ့မလဲ။ ပြီးတော့ အဆင့်မြင့်နဲ့ အလယ်အလတ် အဆင့် မြို့စားတွေက သမီးတို့ကို အရင်လာပြီး မိတ်ဆက်ပါ့မလား ”

ဝမ်လျန်ရှီး၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် နီရဲနေပြီး ထိုစိတ်လှုပ်ရှားမှုက ယခုထိ ပျောက်ပျက် မသွားသေးပေ။

ဝမ်ဟို့က ခေါင်းတညိတ်ညိတ် လုပ်လိုက်ရင်း

“ ဟုတ်တယ် အဖေတို့တွေ ဆေးလုံးဆရာမိုကို ကျေးဇူးတင်ရမယ်။ ဆေးလုံးဆရာမိုသာ မရှိရင်  အဖေတို့တွေ တခြားသူရဲ့ မကျေနပ်ချက်တွေ ပုံချခံရတဲ့သူ ဖြစ်တော့မှာ  ”

အဝေးတစ်နေရာမှ  ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ အဆင့်  ၅ ဆေးလုံးဘုရင် ကန်ကျီက ရေသဘာဝ ယင်အင်မော်တယ်မြို့က ပထမစစ်ဆေးမှု၌ ပထမနေရာ ရယူ သွားနိုင်လိမ့်မည်ဟု မထင်ထားပေ။ သူက စိတ်လှုပ်ရှားနေသည့် ဝမ်ဟို့ကို ကြည့်ကာ  သရော်လိုက်၏။

အဆင့်နိမ့် အင်မော်တယ် မြို့လေးကများ ဆေးလုံးဆရာ တစ်ယောက် ရှာတွေ့ပြီးတော့   ကံကောင်းထောက်မပြီး ပထမနေရာ ရလာတာများ .....

ဘာဖြစ်လဲ  ...

သူ့လိုမျိုး ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့မှ အဆင့်  ၅ ဆေးလုံးဘုရင် မျက်လုံး၌ ဘာဆိုဘာမှ မဟုတ်ပေ။

ဝမ်မိသားစုနှင့် မနီးမဝေးနေရာ၌  လူငယ်လေးက သူ့ဘေးမှ အမျိုးသားကို စိတ်လှုပ်ရှားစွာ ပြောလိုက်၏  “ အဖေ ကျတော် အဲဒီ မိုရှင်းဟယ်ကို သိတယ် ... ”

“ အာ ....” မိုဝူကျီကို စိုက်ကြည့်နေသော ကျုံးမုချောင်က  “ အာ” တစ်လုံးသာ ပြန်ပြောနိုင်ပြီး သူ့သားဘက် စိတ်လှုပ်ရှားစွာ လှည့်လိုက်ကာ   “  ကျန်းအာ .... တကယ်ပဲလား  ”

ဤလူငယ်လေးက မိုဝူကျီကို တစ်ကြိမ် ကူညီဖူးခဲ့သည့် ကျုံးကျန်း ဖြစ်ပေသည်။ သူက ခေါင်းညိတ်ကာ

“ ဟုတ်  တကယ်ပါပဲ ... အဲဒီအချိန်တုန်းက သူနဲ့  ဓားကြီးတောင်ရဲ့ ကုန်းရှင်းဟောက်နဲ့ ပြဿနာ တက်နေလို့ တစ်ခါ ဝင်ကူညီဖူးတယ်။  သူ့ သန့်စင်နှုန်းက  ဒီလောက် အံ့ဩဖို့ ကောင်းမှန်း မသိခဲ့ဘူး။ မယုံနိုင်လောက်စရာပဲ ...  ”

“ ကောင်းတယ် ... ကောင်းတယ်  ...” ကျုံးမုချောင်က ရေရွတ်လိုက်သည်

“ မင်း ကောင်းကောင်းလုပ်ခဲ့တယ် ... ပြိုင်ပွဲ ပြီးသွားရင် သူ့ကို စကားစမြည် ပြောရအောင် ဖိတ်ရမယ်နော် ”

နဂိုမူလက ကျုံးမုချောင်သည် သူ့သားအား မိုရှင်းဟယ်ကို သူတို့ကို ကိုယ်စားပြုဖို့ အဘယ်ကြောင့် မတောင်းဆိုတာလဲဟု မေးချင်သော်လည်း သူ့သား ဖြစ်သူလည်း မိုရှင်းဟယ်၏ အရည်အချင်းများကို မသိကြောင်း ကြားလိုက်သောအခါ စကားပြောင်းလိုက်လေ၏။

ကျုံးမုချောင်ဘေး၌  ထိုင်နေသော နောက်ထပ် အမျိုးသား တစ်ယောက်က ဝင်ပြောလိုက်သည်။

“ဒီပြိုင်ပွဲပြီးသွားရင် မိုရှင်းဟယ်ရဲ့ ဂုဏ်သတင်းက တစ်ဟုန်ထိုး ကျော်ဇော သွားတော့မှာပဲ။  သူ့အဆင့်အတန်းက သာမာန် ဖြစ်မှာ မဟုတ်တော့ဘူး။  အဆင့်မြင့် အင်မော်တယ် မြို့တွေတောင်  သူ့နဲ့ စကားပြောဖို့ တန်းစီ နေလောက်တယ်။  ကျုပ်တို့ အင်မော်တယ် ကမ်းပါးမြို့က အလယ်အလတ် အဆင့်လေးပဲ ... ”

ကျုံးကျန်းက မြန်မြန် ဝင်ပြောလိုက်သည်  “ ဆရာဟွေ့ .... အဲဒီမိုရှင်းဟယ်က အကျင့်ကောင်းတဲ့ သူပါ။ ကျုပ်တို့ကြားမှာ ရှိတဲ့ ဆက်ဆံမှုကို သူ မေ့မှာ မဟုတ်ပါဘူး ”

ဟူကျန်းယွီက စင်မြင့်ပေါ်၌ စကားပြောနေဆဲ ဖြစ်ကာ

“ ဒုတိယစစ်ဆေးမှုက ပြိုင်ပွဲဝင်တိုင်းအတွက် ကိုယ်ပိုင် ဆေးမီးဖိုနဲ့  ပြိုင်ပွဲနေရာမှာ ချပေးထားတဲ့ မြေကမ္ဘာမီးတောက်ကို သုံးရမယ်။ ဒီတစ်ကြိမ် စစ်ဆေးမှုက ဆေးလုံးဖော်စပ်ရမယ် .... ဆေးလုံးဆရာတွေက ကိုယ်တိုင် ဖောစပ်မဲ့ ဆေးလုံးကို ရွေးချယ်ကြပါ။

အဆင့် ၉ အင်မော်တယ်ဆေးလုံးကို ဖော်စပ်ချင်ရင်လည်း  မင်းတို့သဘောပါပဲ .... တစ်ခုပဲ မင်းတို့ရဲ့ ကိုယ်ပိုင်ဆေးပင်ကို အသုံးပြုရမယ်။ တကယ်လို့  အင်မော်တယ်ဆေးပင် မထုတ်နိုင်ရင် ဒီနေရာကနေ  ထွက်သွားကြပါ။

အဲလိုဆို ကျရှုံးပြီလို့ သတ်မှတ်ထားတယ်  .... အခု ဒီစစ်ဆေးမှု စတင်ပါပြီ ... ”

ထိုအရာမှာ တည့်တိုး ဆန်လှသည်။

ဒုတိယ စစ်ဆေးမှုမှာ ဆေးလုံးဖော်စပ်ခြင်း ဖြစ်ပြီး အသုံးပြုမည့် ဆေးပင်များကို ကိုယ်တိုင် ထုတ်ရမည် ဖြစ်၏။ သို့သော်လည်း အားလုံးက ဤတစ်ကြိမ်တွင် လိမ်လည်၍ မရကြောင်း ကောင်းကောင်း သိထားကြသည်။

အကယ်၍ တစ်ယောက်ယောက်က လိမ်ညာပြီး  ပြင်ဆင်ထားသော ဆေးလုံးကို ထုတ်ကာ အဆင့်ခွဲ အစီအရင်ထဲ ထည့်လိုက်ပါက  သူတို့က ပထမ စစ်ဆေးမှုကဲ့သို့ အဖြုတ်ခံရလိမ့်မည်။

မိုဝူကျီက စိတ်စွမ်းအားဖြင့် ဝေ့ကြည့်လိုက်သည်။ တခြားသူများ ထုတ်ယူကြသော အင်မော်တယ် ဆေးပင်များမှ တခြားဆေးလုံးဆရာများသည် အဆင့်  ၆ ဆေးလုံး ဖော်စပ်မည် ဖြစ်ကြောင်း သိလိုက်၏။ လူ ပမာဏနည်းနည်းလေးသာ  အဆင့်  ၅ ဆေးလုံးကို ရွေးချယ်ကြသည်။ ဒုတိယ စစ်ဆေးမှု၌  ဆေးလုံး ဆရာအများစုမှာ  အဆင့် ၆ ဆေးလုံးဘုရင်များ ဖြစ်ကြသည်။ ထိုဆေးလုံး ဆရာများအတွက် အဆင့် ၆ ဆေးလုံးကိုသာ ရွေးချယ်ကြလိမ့်မည်။

သူတို့ကို ဆေးလုံး ဧကရာဇ် အဖြစ် မကြည့်ကြပါနှင့်။ ဆေးလုံး ဧကရာဇ်အဆင့်ပင် အဆင့် ၇ အင်မော်တယ်ဆေးလုံးကို ပုံမှန် မဖော်စပ်နိုင်ကြပေ။ အရင်ဦးစွာ  အဆင့် ၇ အင်မော်တယ် ဆေးလုံးအတွက်  ပါဝင်ပစ္စည်းများမှာ  အလွန်ဈေးကြီးပေ၏။  ဒုတိယအချက်အနေနှင့်  အဆင့် ၇ ဆေးလုံး ဖြစ်တည် လာနိုင်ခြေမှာ အလွန်နည်းပါး၏။ သူတို့အတွက် အဆင့်  ၆ အင်မော်တယ် ဆေးလုံး ဖော်စပ်ခြင်းမှာ  သူတို့အတွက် ထိပ်ဆုံး ငါးယောက်ထဲ ပါဖို့ရာ ပို၍ သေချာစေလိမ့်မည်။  သူတို့အတွက်  စွန့်စွန့်စားစား လုပ်ဆောင်နေစရာ မလိုပေ။

မိုဝူကျီက အဆင့် ၆ အင်မော်တယ်ဆေးလုံး ဖော်စပ်နိုင်သော်လည်း  တကယ်တမ်း ဖော်စပ်သည့် အခါ  အောင်မြင်မှုနှင့် ကျရှုံးမှုကြား လိုင်းကြားလေး၌ ရှိနေလိမ့်မည်။

သူက တခြားသော ဆေးလုံး ဆရာများနှင့် မတူညီပေ။ တခြားသော ဆေးလုံး ဆရာများအတွက် သူတို့က အဆင့် ၅ အင်မော်တယ် ဆေးလုံးကို ပြိုင်ဖက်ကင်းအဆင့်ထိ ဖော်စပ်နိုင်လျှင် အနည်းဆုံးတော့  အဆင့်မြင့် အဆင့် ၆ အင်မော်တယ် ဆေးလုံးများကို တစ်သုတ်၏ တစ်ဝက်စာ ရသည်အထိ ဖော်စပ်နိုင်လိမ့်မည်။ သို့သော် သူ့အတွက်  အဆင့် ၅ အင်မော်တယ် ဆေးလုံးများကို ဖော်စပ်နိုင်သော်လည်း အဆင့် ၆ အင်မော်တယ် ဆေးလုံးကို ဖော်စပ်ရာ၌  အလယ်အလတ် အဆင့် တစ်လုံးပင် မဖော်စပ်နိုင်သေးပေ။

ထိပ်ဆုံး ၅၀ ထဲ ဝင်ဖို့ ဘယ်ဆေးလုံးကို ရွေးချယ်ရမလဲ .....

***

All Chapters