← Chapters

တစ်ခါတည်းနဲ့ ထိပ်ရောက်သွားတဲ့ ရေသဘာဝ ယင်အင်မော်တယ်မြို့

Vol. 40 Ch. 550

တစ်ခါတည်းနဲ့ ထိပ်ရောက်သွားတဲ့ ရေသဘာဝ ယင်အင်မော်တယ်မြို့

Vol. 40 Ch. 550

ဟူကျန်းယွီက ပြိုင်ပွဲကို ဦးစီးပေးနေသော်လည်း သူက မိုဝူကျီ၏ သတင်း အချက်အလက် များကို ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ချုပ်ဆီ ပို့ကာ  ထိုလူ၏ ဇစ်မြစ်အကြောင်း စုံစမ်းပေးရန် တောင်းဆိုပြီးပြီ ဖြစ်၏။

ဟူကျန်းယွီ၏ မြော်မြင်မှုဖြင့် မိုဝူကျီသည် မသေဆုံးသရွေ့ ဆေးလုံး ဧကရာဇ် တစ်ယောက် ဖြစ်လာမည်ကို မည်သို့ မသိဘဲ နေမည်နည်း။ ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့၌ လူငယ်လူရွယ်များ လစ်ဟာနေပြီး ယခုအခါ ဟူကျန်းယွီက  အနာဂတ်၏ ဆေးလုံး ဧကရာဇ် အလောင်းအလျာကို မြင်တွေ့လိုက်ရပြီ ဖြစ်ရာ မည်သို့ လက်လွတ်ပေးနိုင်မည်နည်း။

နောက်ထပ် နာမည် ၂၀၊ ၃၀ ပေါ်လာပြီးနောက် မိုဝူကျီ၏ နှလုံးသားလေးမှာ အနည်ထိုင် သွားပြီ ဖြစ်၏။ နာမည်ပေါ်လာသော ဆေးလုံးဆရာများကြား အားလုံးနီးပါးမှာ အဆင့် ၆ အင်မော်တယ် ဆေးလုံးများ ဖော်စပ်ခဲ့ကြပြီး သူတို့၏ ဆေးလုံး အောင်မြင်မှုနှုန်းမှာ အလွန်နိမ့်ကျ နေကြောင်း သတိထားမိသွားသည်။

မျှခြေအားဖြင့် သူတို့က အလယ်အလတ် အဆင့် သို့မဟုတ် အဆင့်နိမ့် ဆေးလုံးမျှသာ ဖြစ်ကြသည်။ တစ်သုတ်လုံး အပြည့် ဖော်စပ်နိုင်သည့်အကြောင်းကို ပြောနေဖို့ရာ မလိုအပ်ပေ။ သူတို့အတွက် ဆေးလုံး တစ်သုတ်စာ၏ သုံးပုံတစ်ပုံစာ ရသည့် ကိစ္စမှာ ရှားပါးလွန်းနေပြီ ဖြစ်၏။ အဆင့် ၆ ဆေးလုံးကို ခက်ခက်ခဲခဲ ဖော်စပ်ကြသော ဆေးလုံးဆရာများသည် အဆင့်နိမ့် ဆေးလုံး ၂ လုံးမှ  ၃ လုံးအထိသာ ရအောင် လုပ်ဆောင်နိုင်ခဲ့ကြသည်။

မကြာခင်  မိုဝူကျီက  ဖုံးကွယ်နေသော အကြောင်းအရင်းကို နားလည် သွားပေ၏။ ထိုဆေးလုံး ဆရာများ၏ စွမ်းဆောင်နိုင်စွမ်းကြောင့်  မဟုတ်ဘဲ မီးတောက်ကြောင့် ဖြစ်နေသည်။

ဤနေရာရှိ မီးတောက်မှာ သူတို့စွမ်းဆောင်ရည်ကို ကန့်သတ်ထားပြီး နဂိုမူလက  ခြောက်လုံး ဖော်စပ်နိုင်လျှင်ပင် ယခုအခါ မီးတောက်ကြောင့်  ၁ လုံး၊ ၂ လုံးမျှသာ ဖော်စပ်နိုင်ပြီး ဆေးလုံး၏ အရည်အသွေးမှာလည်း အမှန်တကယ် လိုအပ်နေသေး၏။

ဤပြိုင်ပွဲ၌  မိုဝူကျီက သူ့ကိုယ်သူ  အားသာချက်အကြီးကြီး ရှိထားကြောင်း တွေးမိသွား၏။ သူက မီးတောက်အကြောင်း ဇီဇာကြောင်မနေပေ။ မီးတောက် ကောင်းကောင်းက သူ့ဆေးလုံး ဖော်စပ်ခြင်းကို ပိုမို မြန်ဆန်စေပြီး အရည်အသွေးကို ပို၍ ကောင်းစေသည်။ သို့သော် အဆင့်နိမ့် မီးတောက်နှင့်ပင် သူက ဆေးလုံးကို အောင်အောင်မြင်မြင် ဖော်စပ်နိုင်လေသည်။ အကျိုး သက်ရောက်မှု ရှိသော်လည်း  တခြားဆေးလုံးများကဲ့သို့ ဆေးလုံးဖော်စပ်မှု ကျရှုံး သွားရလောက်သည့် အထိ မဟုတ်ချေ။

မိုဝူကျီက ပိတ်ကားချပ်မှ နာမည်တစ်ခုကိုမှ မမှတ်မိပေ။ သူက  ထိုလူများကို သိရန် စိတ်လည်း မဝင်စားပေ။  သူ မျှော်လင့်ထားသည့် တစ်ခုတည်းသော အရာမှာ  ထိပ်ဆုံး ၅၀ ထဲ ပါဖို့ရာသာ ဖြစ်ပြီး သူ့နာမည်သာ ထိပ်ဆုံး ၅၀ ထဲ ပါသရွေ့ သူ့အနေနှင့် အောင်မြင်ပြီ မဟုတ်ပါလော။

ပိတ်ကားချပ်၌  ၅၁ ယောက်မြောက်ကို ရောက်ရှိလာသည်။

အမှတ်စဉ်  ၅၁၊ ကိုယ်စားပြု မြို့ - အလယ်အလတ်အဆင့်   အနီရောင် အင်ပါယာ အင်မော်တယ်မြို့ ၊ ဆေးလုံးဆရာ - ဖေးကောင်း၊ ဆေးလုံး - အဆင့် ၆ အင်မော်တယ် ပေါများ ဆေးလုံး၊ ၈  လုံး - အလယ်အလတ် အဆင့် ၄ လုံး၊ အဆင့်မြင့်  ၄ လုံး၊  အမှတ် - ၇၁.၃၁၅

မိုဝူကျီက  ၅၁ ယောက်မြောက်မှာ သူ မဟုတ်ကြောင်း တွေ့သောအခါ လုံးဝ တည်ငြိမ် သွားတော့သည်။ သူက သေချာပေါက် ထိပ်ဆုံး ၅၀ ထဲ ဝင်လေပြီ။

သူက ပထမစစ်ဆေးမှုနှင့် ဒုတိယစစ်ဆေးမှု နှစ်ခုလုံး၌  ၅၀ အတွင်း ရှိသောကြောင့် အကုန်ပေါင်းလိုက်လျှင် ထိပ်ဆုံး ၅၀ ထဲ သေချာပေါက် ရှိပေလိမ့်မည်။

မိုဝူကျီက ဤဖေးကောင်းကို သိ၏။ သူက ပထမ စစ်ဆေးမှု၌  ခြောက်နေရာမြောက် ရရှိခဲ့ခြင်း ဖြစ်သည်။ ဤလူက  သန့်စင်မှု ကောင်းပြီး ဆေးလုံး ဖော်စပ်ခြင်း၌ လိုအပ်နေလိမ့်မည်ဟု မထင်ထားပေ။ ပထမ စစ်ဆေးမှု၌  ခြောက်နေရာမြောက် ဖြစ်သော်လည်း ဒုတိယစစ်ဆေးမှု၌  ၅၀ထဲ မဝင်၍  ထိပ်ဆုံး  ၅၀ ထဲ ဝင်ဖို့ရာ မသေချာသေးပေ။

ပထမ စစ်ဆေးမှု၌  အားလုံး၏ အမှတ်ကွာခြားချက်မှာ အလွန်သေးငယ်ရာ  ပထမ နေရာနှင့် အယောက် တစ်ရာမြောက် နေရာကြားရှိ ကွာခြားချက်မှာ  ခုဂဏန်းတစ်လုံး ကျော်ကျော်လေးမျှ ဖြစ်၏။

ကွာခြားချက် သေးသေးလေးကြောင့် မိုဝူကျီက ပထမစစ်ဆေးမှု၌  ပထမနေရာ ရထား သော်လည်း  ထိပ်ဆုံး ၅၀ ထဲ ပါလိမ့်မည်ဟု သူ့ကိုယ်သူ အတည်မပြုရဲခြင်း ဖြစ်သည်။

လက်တွေ့၌  ဤသို့မျိုး ပြိုင်ပွဲပုံစံအရ ဒုတိယ စစ်ဆေးမှုထဲရှိ ထိပ်ဆုံး အယောက် ၅၀ ကား ယေဘုယျ ထိပ်ဆုံးအယောက် ၅၀ ထဲ ပါပေလိမ့်မည်။

ထိုစဉ် ၅၀ မြောက် နေရာ ပေါ်လာလေ၏။

အမှတ်စဉ်  ၅၀၊ ကိုယ်စားပြု မြို့ - အဆင့်မြင့်  ပုလော့ အင်မော်တယ်မြို့ ၊ ဆေးလုံးဆရာ - ဝမ်ချန်းပု၊ ဆေးလုံး - အဆင့် ၆ ဓားစွမ်းအားနယ်ပယ်  ဖြိုခွင်း ဆေးလုံး၊  ၆  လုံး - အလယ်အလတ် အဆင့် ၁ လုံး၊ အဆင့်မြင့်  ၅ လုံး၊  အမှတ် - ၇၃.၅၂၁

ထိုရမှတ် ပေါ်လာသည်နှင့် ပထမ စစ်ဆေးမှု၌ ခြောက်နေရာမြောက် ရထားသော ဖေးကောင်းမှာ ပြုတ်သွားကြောင်း သိလိုက်သည်။ ဤဝမ်ချန်ပု၏ ပထမ ရမှတ်မှာ နောက်ထပ် ပိတ်ကားချပ်၌ ရှိနေဆဲ ဖြစ်ကာ  ၉၁.၄၆၁ ဖြစ်၏။ သူက အရင်စစ်ဆေးမှု၌ ထိပ်ဆုံး အယောက် ၅၀ ထဲ မပါသော်လည်း သူ့စုစုပေါင်း ရမှတ်မှာ  ဖေးကောင်းထက် ကျော်လွန်သွားလေပြီ။

အကယ်၍ ဝမ်ချန်ပုပင် ၇၃ မှတ်ကျော် ရရှိထားသောကြောင့် ဖေးကောင်းအတွက် ထိပ်ဆုံး  ၅၀ ထဲ ပါဖို့ရာ အတော်လေး ခက်သွားပေလိမ့်မည်။

၄၉ မြောက် နေရာမှာ ၇၅ မှတ် ကျော် ဖြစ်နေသည်။ ဖေးကောင်းက ထိုအမှတ်များကို မြင်သည့်အခါ စိတ်ဓာတ်ကျသွားကာ  စိတ်ပျက်လက်ပျက် ထိုင်ချလိုက်တော့သည်။ သူက ထိပ်ဆုံး ၅၀ ထဲ ဝင်ဖို့ရာ  အမှတ် နည်းနည်းလေးမျှသာ နောက်ကျနေခြင်း ဖြစ်၏။ သို့သော်လည်း ထိုအမှတ် နည်းနည်းလေးမှာ ရရှိဖို့ရာ အင်မတန် ခက်ခဲလှသည်။

မိုဝူကျီက ထိပ်ဆုံး  ၅၀ ထဲ ပါမည်ကို သေချာသိနေ၍  အာရုံမထားတော့ပေ။ သူလည်း ထိုင်ကာ မျက်လုံးများ မှိတ်ထားလိုက်သည်။ တစ်ချိန်တည်းတွင် သူက ယွင်ရှန့်တောင်ကြားမှ မြေအောက်ကမ္ဘာ နှလုံးသားပန်းပွင့်ကို ရပြီးသည်နှင့် ယုံရင် အင်မော်တယ်နယ်မြေမှ မည်သို့ ထွက်သွားရမည်ကို စဉ်းစားနေမိသည်။

၅၀ မြောက်နေရာမှာ မိုဝူကျီ မဟုတ်ကြောင်း မြင်သည့်အခါ ရေသဘာဝ ယင်အင်မော်တယ် မြို့စား ဝမ်ဟို့က  စိတ်လှုပ်ရှားစွာ ထရပ်လိုက်တော့သည်။

သူ ရေသဘာဝ ယင်အင်မော်တယ် မြို့စား ဖြစ်လာကတည်းမှ  ရေသဘာဝ ယင်အင်မော်တယ် မြို့အနေနှင့် အလယ်အလတ် အဆင့် အင်မော်တယ်မြို့ ဖြစ်လာလိမ့်မည်ဟု မထင်ထားမိပေ။ ထိုစဉ် ရေသဘာဝ ယင်အင်မော်တယ်မြို့၏ အဆင့်တိုးမြင့်မှုမှာ ကျောက်ချ ထားသလို သေချာသွားပြီ ဖြစ်၍ သူတို့က ရလဒ် ထွက်ပေါ်လာဖို့ စောင့်နေရုံသာ ကျန်တော့၏။

“ သခင်ကြီး  ....” ယန်ချင်လင်က  ဝမ်ဟို့လက်ကို ဆွဲကာ ပြန်ထိုင်ခိုင်းလိုက်ရသည်။

သူမသာ သူမ ခင်ပွန်းဖြစ်သူ၏ စိတ်နှလုံးသားကို  အကောင်းဆုံး နားလည် ပေးနိုင်ခြင်း ဖြစ်သည်။ ယုံရင် ဆေးပညာပြိုင်ပွဲ စတင်လာသည်နှင့် ဝမ်ဟို့၏ စိတ်နှလုံးသားမှာ  ရင်တမမ ဖြစ်နေရသည် မဟုတ်ပါလော။ အကယ်၍ ရေသဘာဝ ယင်အင်မော်တယ်မြို့ အနေနှင့် ‌ ပြိုင်ပွဲ၌ ရှုံးနိမ့်သွားပြီး လက်အောက်ခံမြို့ ဖြစ်လာလျှင်  သူတို့ဘဝများလည်း ဆိုးဆိုးရွားရွား ဖြစ်လာမည်မှန်း အားလုံးထက် ရှင်းရှင်းလင်းလင်း သိနေသည်။

ထို့ကြောင့်  ပြိုင်ပွဲအကြောင်း ကြေညာပြီးသည်မှ စ၍ သူ့အတွက် ကိုယ်စားပြု ပြိုင်ပေးရန် ဆေးလုံး ဆရာများကို နေရာအနှံ့ လိုက်ရှာခဲ့ရသည်။ သူမ ဖခင်၏ စိုးရိမ်မှုကို ပြေပျောက်စေရန် အလို့ဌာ ဝမ်လျန်ရှီးလည်း ယုံရင်အစွန်းအဖျားထိ ဆေးလုံးဆရာ လာရှာခြင်း ဖြစ်ပေသည်။ ကံဆိုးသည်က သူ့မိတ်ဆွေ တန်လျန့်အပြင်  ရေသဘာဝ ယင်အင်မော်တယ်မြို့၌  သင့်တော်သည့် ဆေးလုံးဆရာ ရှာမတွေ့ခဲ့ပေ။

“ အချိန်မတန်ဘဲနှင့် ဖြစ်မလာဘူး ” ဆိုသည့် စကားအတိုင်း  ဝမ်ဟို့က လက်လျှော့တော့မည့် ဆဲဆဲတွင် သူ့သမီးဖြစ်သူက အင်မတန် ထူးချွန်သည့် ဆေးလုံးဆရာ တစ်ယောက် ရှာတွေ့ လာလေ၏။ ထိုဆေးလုံးဆရာမှာ ပထမစစ်ဆေးမှု၌ ပထမနေရာ ရလာရုံသာမက ဒုတိယ စစ်ဆေးမှု၌လည်း  ထိပ်ဆုံး ၅၀ ထဲ ဝင်ခဲ့သေး၏။

ထိုသို့မျိုး ရလဒ်ဖြင့်  ရေသဘာဝ ယင်အင်မော်တယ်မြို့က  လက်အောက်ခံမြို့ ဖြစ်လာမည်ကို စိုးရိမ်စရာ မလိုတော့ပေ။ ရေသဘာဝ ယင်အင်မော်တယ် မြို့စား အနေနှင့် ဝမ်ဟို့က  သူတို့မြို့ အလယ်အလတ် အဆင့် အဆင့်မြင့် သွားသည့်အခါ ဖြေရှင်းလုပ်ကိုင်ရမည့် အရေးကြီး ကိစ္စများကို တွေးတော နေမိသည်။

ဝမ်ဟို့နှင့် သူ့မိသားစုပင် စိတ်လှုပ်ရှား နေကြခြင်း မဟုတ်ပေ။ အင်မတန် စိတ်လှုပ်ရှားနေသူ နောက်တစ်ဦးမှာ လင်းဂူ ဖြစ်ပေ၏။

လင်းဂူက  မိုဝူကျီကို သူမအား ကူညီပေးရန် တောင်းဆိုသည့် အကြောင်းအရင်းမှာ  သူမ သိသမျှထဲ ဆေးလုံးဘုရင်ထဲ၌ မိုဝူကျီက ဂုဏ်ထူးဆောင် အဆင့် ၄ ဆေးလုံးဘုရင် ဖြစ်နေသောကြောင့် ဖြစ်သည်။

ဒုတိယ စစ်ဆေးမှု မပြီးဆုံးခင်  လင်းဂူက  သူမရွေးချယ်မှု မှန်ကန်ကြောင်း သိလိုက်သည်။ ပထမ စစ်ဆေးမှု၌ ဆေးလုံး ဧကရာဇ်ပင်  မိုဝူကျီနှင့် မယှဉ်နိုင်ပေ။ သူက  ကောင်းကင်ဘုံ၏ သဘောတရားများကိုပင် သွေဖယ်နေသေး၏။  သူက သူမ မိခင်ကို ကုသပေးနိုင်လောက်၏။

မိုဝူကျီက ပိတ်ကားချပ်ပေါ်မှ ရလဒ်ကို အေးဆေးတည်ငြိမ်စွာ  ကြည့်နေစဉ် တခြား‌သော ကျင့်ကြံသူများက စိတ်အားထက်သန်စွာ  စောင့်ဆိုင်း နေကြသည်။ ထိုစဉ် အားလုံးက မိုဝူကျီသည်  ဒုတိယ စစ်ဆေးမှု၌ မည်သည့်နေရာ ရကြောင်း သိချင်နေကြသည်။

မိုဝူကျီက  ဒုတိယ စစ်ဆေးမှု၌ အဆင့် ၅ ဆေးလုံးကု ဖော်စပ်ခဲ့သည်။ သူက အဆင့် ၅ ဆေးလုံးကို ဖော်စပ်ရန် ခက်ခဲပြီး တန်ဖိုးအကြီးဆုံးဖြစ်သော  ဝိညာဉ် သန့်စင် မဟာကျီဆေးလုံးကို ဖော်စပ် ခဲ့သော်လည်း အဆင့် ၅ ဆေးလုံးမှာ အဆင့် ၅ ဆေးလုံးမျှသာ ဖြစ်ရာ  အဆင့် ၆ ဆေးလုံးနှင့် သိသိသာသာ ခြားနားချက် ရှိပေသည်။  အကယ်၍ အဆင့် ၅ ဆေးလုံးက နေရာကောင်းကောင်း ရနိုင်လျှင်  လူများက မိုဝူကျီ၏ ရလဒ်မှာ အမှန်တကယ် မဟုတ်ကြောင်း သံသယ ဝင်လာ မိကြလိမ့်မည်။

ပိတ်ကားချက်ကား အလျင်အမြန် ခြောက်နေရာမြောက် ရောက်ရှိလာသည်။

အမှတ်စဉ်  ၆၊ ကိုယ်စားပြု မြို့ - အဆင့်မြင့်  ပင်းယီ အင်မော်တယ်မြို့ ၊ ဆေးလုံးဆရာ - လျူထောင်၊ ဆေးလုံး - အဆင့် ၆ ဟွမ်ကျောက်စိမ်း ဆေးလုံး၊ ၁၁  လုံး - အလယ်အလတ် အဆင့် ၁ လုံး၊ အဆင့်မြင့်  ၁၀ လုံး၊  အမှတ် - ၈၇.၇၆၂

အမှတ်စဉ်  ၅၊ ကိုယ်စားပြု မြို့ - အဆင့်နိမ့်   ရေသဘာဝ ယင် အင်မော်တယ်မြို့ ၊ ဆေးလုံးဆရာ - မိုရှင်းဟယ်၊ ဆေးလုံး - အဆင့် ၅ ဝိညာဉ်သန့်စင် မဟာကျီ ဆေးလုံး၊ တစ်သုတ်စာ  လုံးအပြည့် ၁၂  လုံး - ပြိုင်ဖက်ကင်းအဆင့် ၁၂ လုံး၊ အမှတ် - ၉၀.၀၀၀

ရလဒ်များ ထွက်ပေါ်လာသည့် အခါ လူအုပ်ကြီးက ထပ်၍ ဆွေးနွေး ပြောဆိုကြပြန်သည်။ ယခု  မည်သူကမှ ထိုရလဒ်များမှာ အတုအယောင် ဟု မတွေးဝံ့ကြတော့ပေ။ အကြောင်းမှာ ဤနေရာ၌ ဖော်စပ်ထားသော ဆေးလုံးများကို  လိမ်လည်၍ မရပေ။ ဒုတိယ စစ်ဆေးမှု ရလဒ် ထွက်လာသည်နှင့်  ထိပ်ဆုံး  ဆေးလုံး ၅၀ ပေါ်မှ အတားအဆီးများကို ဖယ်ပေးလိုက်၍ စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်၍ ရကြောင်း တချို့လူများသာ သိကြ၏။

ဒုတိယစစ်ဆေးမှု၌ အဆင့် ၅ ဆေးလုံးအတွက် အမြင့်ဆုံးအမှတ်မှာ ၉၀ ဖြစ်ပေသည်။ ဆိုလိုသည်မှာ မိုဝူကျီ၏ ဝိညာဉ် သန့်စင် မဟာကျီ ဆေးလုံးက ထိုအမှတ်များအားလုံး ရရှိခြင်း ဖြစ်ပေသည်။

ထိုအရာက ဘယ်လိုတောင် တုန်လှုပ် သွားစေတာလဲ .....

“ အစ်ကိုဝမ်ဟို့  ဂုဏ်ပြုပါတယ်။ နောင်ကျ  ကျုပ်တို့လို အဆင့်မြင့် အင်မော်တယ်မြို့ ဖြစ်လာတော့မှာပဲ။ တကယ်လို့ အားရင် ကျုပ်တို့ လုယွင် အင်မော်တယ်မြို့ကို  လာလည်ပါဦး ...”  မိုဝူကျီ၏ ရလဒ် ထွက်လာသည်နှင့်  လုယွင် အင်မော်တယ်မြို့၏ မြို့စားက  ဝမ်ဟို့အား အရင်ဦးစွာ လာရောက် နှုတ်ဆက်လေ၏။

ကောင်းကင်ဘုံ သွေဖယ်နေသည့် စွမ်းရည် ပိုင်ဆိုင်သည့် မိုဝူကျီက ဤရေသဘာဝ ယင်အင်မော်တယ်မြို့နှင့် ဆက်ဆံရေး ရှိပေသည်။ ရေသဘာဝ ယင်အင်မော်တယ်မြို့က မည်သို့ အဆင့်မြင့် အင်မော်တယ်မြို့ ဖြစ်လာမည်ကို ပြောနေစရာ မလိုတော့ပေ။ ရေသဘာဝ ယင်အင်မော်တယ်မြို့ အနေနှင့် အဆင့်မြင့် အင်မော်တယ်မြို့ ဖြစ်မလာလျှင်ပင် သူက ဝမ်ဟို့၊  မိုဝူကျီတို့နှင့်  ဆက်ဆံရေး တစ်ခုတည်ဆောက်ရန် ရောက်လာခြင်း ဖြစ်ပေသည်။

လုယွင်အင်မော်တယ်မြို့ အပြီးတွင် အမျိုးမျိုးသော အဆင့်မြင့် အင်မော်တယ် မြို့များနှင့် အလယ်အလတ် အဆင့် အင်မော်တယ် မြို့စားများလည်း အပြုံးပန်းများ ဝေဆာနေကာ လာရောက် နှုတ်ဆက် ကြသည်။  သူတို့၏ လေသံနှင့် သဘောထားမှာ တစ်ဖက်ကမ်း အထိ  ဖော်ရွေ နေကြလေ၏။

ယခင် စုံညီ နှုတ်ဆက်မှုများနှင့် ခြားနားလှသည်။ ယခုအခါ မိုဝူကျီက  ထိပ်ဆုံး ငါးယောက်ထဲ ဝင်ပြီ ဖြစ်၍ ဤမြို့စားများက  ဝမ်ဟို့နှင့် ငယ်ပေါင်း ကြီးဖော်များသဖွယ် နွေးနွေးထွေးထွေး လာရောက် ဆက်ဆံနေကြသည်။

ဝမ်ဟို့က တစ်ချိန်လုံး ပြုံးထားသော်လည်း  အတော်လေး မြူးထူးနေမိသည်။

သူက ရေသဘာဝ ယင်အင်မော်တယ်မြို့စားအနေနှင့် ထိုသို့ဆက်ဆံမှုမျိုးက ဘယ်အချိန်က ရဖူးလို့လဲ

ယုံရင် အင်မော်တယ် နယ်မြေအတွင်း အင်မော်တယ်မြို့စားများ  ယခင်စုဝေးပွဲမှ သူ့အနေဖြင့် နေရာ နှစ်နေရာစာ ရရှိခဲ့သည်။  သူက မြို့စား ဖြစ်သော်လည်း ထိုသို့မျိုးပွဲမျိုး၌ သူက ထောင့်တစ်နေရာ၌သာ ထိုင်နေရသည်။  တချို့လူများက လာရောက် နှုတ်ဆက်ကြသော်လည်း အချိန်အများစုမှာ လျစ်လျူရှု ခံထားရသည်။ ယခုအခါ အဆင့်မြင့် မြို့စားများက  သူ့အား လာရောက် နှုတ်ဆက်ကြပြီး အလယ်အလတ် အဆင့်နှင့် အဆင့်နိမ့် မြို့စားများက သူ့အား လာရောက် ချီးကျူး နေကြသည်။

သူက အသိပြန်ဝင်လာပြီး ဤအရာများမှာ သူ့ကိုယ်တိုင်ကြောင့် မဟုတ်ဘဲ စင်ပေါ်မှ မယုံနိုင်လောက်စရာ လူငယ် ဆေးလုံးဆရာကြောင့်သာ ဖြစ်ကြောင်း ကောင်းကောင်း သိထား၏။

ပိတ်ကားချပ်၌ လေးနေရာမြောက်သို့ ရောက်ရှိလာသည်။

အမှတ်စဉ်  ၄၊ ကိုယ်စားပြု မြို့ - အဆင့်မြင့်  ပိုင်တင်း  အင်မော်တယ်မြို့ ၊ ဆေးလုံးဆရာ - ခွွမ်းကျစ်ယောင်၊ ဆေးလုံး - အဆင့် ၆  မဲနယ်အာကာပြင် ဆေးလုံး၊ တစ်သုတ်စာ လုံးအပြည့်  ၁၂  လုံး - အလယ်အလတ် အဆင့် ၂ လုံး၊ အဆင့်မြင့်  ၉ လုံး၊ ပြိုင်ဖက်ကင်းအဆင့် ၁ လုံး၊   အမှတ် - ၉၁.၅၄၉

မဲနယ်အာကာပြင် ဆေးလုံးမှာ အဆင့် ၆ ဆေးလုံးထဲ၌ ဖော်စပ်ဖို့ အခက်ဆုံးထဲမှ တစ်ခု ဖြစ်ပေသည်။  ခွမ်းကျစ်ယောင် အနေနှင့်  မဲနယ်အာကာပြင် ဆေးလုံး တစ်သုတ်လုံး အပြည့် ဖော်စပ်နိုင်သည်မှာ အတော်လေး အံ့ဩဖို့ ကောင်းလှသည်။ သူ့ရမှတ် ၉၁.၅၄၉ မှာလည်း မျှတ၏။

အမှတ်စဉ်  ၃၊ ကိုယ်စားပြု မြို့ - အလယ်အလတ်အဆင့်   သူတော်စင်မြက်  အင်မော်တယ်မြို့ ၊ ဆေးလုံးဆရာ - ဝူယွင်ရှန်း၊ ဆေးလုံး - အဆင့် ၆  ရေခဲဝိညာဉ်ထိပ်တန်း ဆေးလုံး၊ တစ်သုတ်စာ လုံးအပြည့်  ၁၂  လုံး - အဆင့်မြင့်  ၉ လုံး၊ ပြိုင်ဖက်ကင်းအဆင့် ၃ လုံး၊   အမှတ် - ၉၃.၃၂၂

အမှတ်စဉ်  ၂၊ ကိုယ်စားပြု မြို့ - အဆင့်မြင့်  လုကျယ်  အင်မော်တယ်မြို့ ၊ ဆေးလုံးဆရာ - ဟန်ကျွင်း၊ ဆေးလုံး - အဆင့် ၆  ဟွမ်းကျောက်စိမ်း ဆေးလုံး၊ တစ်သုတ်စာ လုံးအပြည့်  ၁၂  လုံး - အဆင့်မြင့်  ၃ လုံး၊ ပြိုင်ဖက်ကင်း အဆင့် ၉ လုံး၊   အမှတ် - ၉၅.၄၁၃

အမှတ်စဉ်  ၁၊ ကိုယ်စားပြု မြို့ - အဆင့်မြင့်  လုံလိုက်  အင်မော်တယ်မြို့ ၊ ဆေးလုံးဆရာ - ကုန်းယန်ရွမ်၊ ဆေးလုံး - အဆင့် ၆  ဝင်္ကပါဝိညာဉ် ဆေးလုံး၊ တစ်သုတ်စာ လုံးအပြည့်  ၁၂  လုံး - အဆင့်မြင့် ၆ လုံး၊ ပြိုင်ဖက်ကင်းအဆင့် ၆ လုံး၊   အမှတ် - ၉၇.၃၃၉

***

All Chapters