← Chapters

ဆေးလုံးတာအို၌ ဟာကွက်

Vol. 40 Ch. 551

ဆေးလုံးတာအို၌ ဟာကွက်

Vol. 40 Ch. 551

ဟန်ကျွင်းက  ကုန်းယန်ရွမ်ထက် ပြိုင်ဖက်ကင်း ဆေးလုံးများ များသည်ကိုသာ မကြည့်ပါနှင့်။ တကယ်တမ်းတွင်  ထိပ်ဆုံး ဆေးလေးမျိုး၌   ဟန်ကျွင်း၏ ဟွမ်းကျောက်စိမ်း ဆေးလုံးမှာ ဖော်စပ်ဖို့ရာ အလွယ်ကူဆုံးဟု ယူဆ၍ ရပေသည်။ တခြားသော ဆေးလုံးများ၏ ခက်ခဲမှုမှာ  ဟွမ်းကျောက်စိမ်း ဆေးလုံးထက် ပိုသာ၏။ ထို့ကြောင့် အစီအရင်က  အမှတ်ပေးရာ၌ အတော်လေး မျှတလေသည်။

ဒုတိယ စစ်ဆေးမှု၏ ထိပ်ဆုံး ၅၀ ကို ကြေညာနေသည့်အချိန်  ဟူကျန်းယွီထံ မိုဝူကျီ၏ ဇာစ်မြစ်အကြောင်း သတင်းရောက်ရှိ လာလေ၏။

ယုံရင် အင်မော်တယ် နယ်မြေ၏ ကျင့်ကြံသူ   မိုဝူကျီ သည်   မုရုန်ရှန်းယွီနှင့်အတူ စူးခရာ အင်မော်တယ် မြို့ဟောင်းဆီ လိုက်ပါလာခဲ့သည်။ စူးခရာ အင်မော်တယ်မြို့၏ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ခွဲ၌  ဆေးလုံးဘုံ စစ်ဆေးမှုကို ခံယူပြီး ရက်ပိုင်လေး အတွင်း  အမည်မသိ ဆေးလုံးဆရာမှ ဂုဏ်ထူးဆောင် အဆင့် ၄ ဆေးလုံးဘုရင် အဖြစ် ရောက်ရှိလာခြင်း ဖြစ်၏။

ဆေးလုံး ဧကရာဇ် နွန်ယုံ၏ အလေးထားမှုကြောင့် သူက ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ချုပ်၏ ဂုဏ်ထူးဆောင် အကြီးအကဲ ရာထူးကို ရရှိလာလေသည်။ တစ်ချိန်တည်း၌ မိုဝူကျီက  ဆေးလုံးတာအို အင်မော်တယ် မဟာမိတ် စူးခရာအဖွဲ့ခွဲ၌ အကြီးအကဲ တစ်ယောက်အဖြစ် ခန့်အပ်ထားခြင်း ခံလိုက်ရသည်။

မိုရှင်းဟယ်က သေချာပေါက် မိုဝူကျီသာ ဖြစ်ရမည်။

ဟူကျန်းယွီက ထိုသတင်း ရလာသည့်အခါ အားရပါးရ ရယ်မောမတတ် ဖြစ်သွားလေ၏။ သူက စူးခရာအဖွဲ့ခွဲမှ  ထိုသို့ ထူးချွန်လှသည့် ဆေးလုံးဆရာကို  ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ဆီ ခေါ်ဆောင် လာပေးနိုင်သည့် အတွက်  ဆုလာဘ်တချို့ ပေးသင့်သည်ဟု ခံစားမိလိုက်သည်။

ဆေးလုံး ဧကရာဇ် နွန်ယုံက အသက်အရွယ် ကြီးလာသည်နှင့် ပို၍ အမြင်စူးရှလာလေလေ ဖြစ်ကာ မိုဝူကျီ၏ အလားအလာကို မြင်ထားသည်။ သို့သော် မျှော်လင့်ထားသည့် အတိုင်း  မိုဝူကျီက ငယ်ငယ်ရွယ်ရွယ်ဖြင့်  ဂုဏ်ထူးဆောင် အဆင့် ၄ ဆေးလုံးဘုရင် ဖြစ်နေသောကြောင့်  သူ့အနေဖြင့် ရိုးရှင်းနေမှသာ ထူးဆန်း နေပေလိမ့်မည်။ ဆေးလုံး ဧကရာဇ်နွန်ယုံပင် မိုဝူကျီက ဤနှစ်ပိုင်လေး အတွင်း ဂုဏ်ထူးဆောင် အဆင့် ၅ ဆေးလုံးဘုရင်တင် မကတော့ဘဲ အဆင့် ၆ ဆေးလုံးဘုရင် အဆင့်ထိ ရောက်ရှိနေကြောင်း မသိပေ။

မိုဝူကျီ၏ ငယ်ငယ်ရွယ်ရွယ်ဖြင့် ထူးချွန်နေသည့် အရည်အချင်းများကို ကြည့်ကာ မသက်မသာ ခံစားခဲ့ရသည့်  ဟူကျန်းယွီက  ယခုအခါ မိုဝူကျီသည် ပါရမီနှင့်အတူ ထူးချွန် ပြောင်မြောက်ကြောင်း ခံစားမိလာသည်။

မိုဝူကျီနှင့် ရေသဘာဝ ယင်အင်မော်တယ် မြို့တို့ကြားမှ ဆက်ဆံရေးမှာ အပေါ်ယံ မဟုတ်သောကြောင့်  ကွေ့ဖုန်းယွင်ကို ရေသဘာဝ ယင်အင်မော်တယ်မြို့ကို ဆုလာဘ်ပေးရန် သူ့အနေဖြင့်   အနည်းငယ် အရိပ်အယောင် ပေးသင့်သည်။

လူတစ်ယောက်၏ သဘောထားမှာ အရာအားလုံး ဖြစ်၏။ အကယ်၍ မိုဝူကျီက ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့မှ မဟုတ်ခဲ့လျှင် ဟူကျန်းယွီအတွက် မိုဝူကျီ၏ ပြောင်မြောက် လှသော ရလဒ်များအတွက် ဝမ်းသာပေးနေမှသာ  ထူးဆန်းနေလိမ့်မည်။

မည်သို့ပင် ဆိုစေကာမူ  ပြိုင်ပွဲတစ်ခုချင်းစီ အတွက် ဖြစ်စေ၊ အကုန်အားလုံး ခြုံငုံကြည့်၍ ဖြစ်စေ  ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့က  ပထမ ရရမည်။

ဟူကျန်းယွီက စင်မြင့်ရှေ့ စိတ်ပေါ့ပါးစွာ လျှောက်လှမ်းလာကာ တောက်ပသော အပြုံးများဖြင့် လူအုပ်ကြီးကို ကြည့်ကာ  ကျယ်လောင်စွာ ပြောလိုက်သည်

“ အားလုံးပေါင်း ရမှတ်က မထွက်လာသေးပေမဲ့  အားလုံးက ထိပ်ဆုံး အယောက် ငါးဆယ်ကို သေချာသိနေပြီလို့ ကျုပ် ထင်တယ်။ ထိပ်ဆုံး ၅၀ ထဲ မပါတဲ့ ဆေးလုံးဆရာတွေက ထွက်သွား ပေးပြီးတော့  ထိပ်ဆုံး  ၅၀ ပဲ ချန်နေပေးပါ ”

ဟူကျန်းယွီ စကားနောက်တွင် ပိတ်ကားချပ်ကြီးက အားလုံးပေါင်း ရမှတ်ကို စတင်၍ ပြသလာသည်။

ဤတစ်ကြိမ်၌ ညာဘက်အောက်ခြေမှ မဟုတ်ဘဲ  ထိပ်ဆုံးမှ ပေါ်လာခြင်း ဖြစ်၏။

အမှတ်စဉ်  ၁ ၊ ကိုယ်စားပြု မြို့ - အဆင့်မြင့် လုံလိုက် အင်မော်တယ်မြို့ ၊ ဆေးလုံးဆရာ - ကုန်းယန်ရွမ်၊  အားလုံးပေါင်း ရမှတ် - ၁၉၅.၃၅၀

အမှတ်စဉ် ၂ ၊ ကိုယ်စားပြု မြို့ - အဆင့်မြင့် လုကျယ်  အင်မော်တယ်မြို့၊ ဆေးလုံးဆရာ - ဟန်ကျွင်း၊ အားလုံးပေါင်း ရမှတ် - ၁၉၁.၅၇၆

အမှတ်စဉ် ၃ ၊ ကိုယ်စားပြု မြို့ - အဆင့်နိမ့် ရေသဘာဝ ယင် အင်မော်တယ်မြို့ ၊ ဆေးလုံးဆရာ - မိုရှင်းဟယ် ၊  အားလုံးပေါင်း ရမှတ် - ၁၈၉.၃၆၁

အမှတ်စဉ်  ၄ ၊ ကိုယ်စားပြု မြို့ - အလယ်အလတ် အဆင့်  သူတော်စင်မြက် အင်မော်တယ်မြို့ ၊ ဆေးလုံးဆရာ - ဝူယွင်ရှန်း၊  အားလုံးပေါင်း ရမှတ် - ၁၈၉.၃၃၁

အမှတ်စဉ်  ၅ ၊ ကိုယ်စားပြု မြို့ - အဆင့်မြင့် ပိုင်တင်း အင်မော်တယ်မြို့ ၊ ဆေးလုံးဆရာ - ခွမ်းကျစ်ယောင်၊  အားလုံးပေါင်း ရမှတ် - ၁၈၉.၉၆၀

ထိပ်ဆုံး ငါးဆယ် ပေါ်လာလေ၏။ အလွန်နည်းပါးသော အလယ်အလတ် အဆင့် အင်မော်တယ်မြို့ တချို့မှ လွဲ၍ ထိပ်ဆုံး  ၅၀ ၌ အများစုမှာ အဆင့်မြင့်မြို့များ ဖြစ်ကြသည်။ မိုဝူကျီ၏ အဆင့်နိမ့် ရေသဘာဝ ယင်အင်မော်တယ်မြို့မှာ တစ်ခုတည်းသော အဆင့်နိမ့် အင်မော်တယ်မြို့  ဖြစ်၏။

မိုဝူကျီလည်း အလွန်ကျေနပ် သွားလေ၏။ သူက ထိပ်ဆုံး  ၅၀ ထဲ ဝင်နိုင်ရန် ရည်ရွယ် ထားသော်လည်း  ထိပ်ဆုံးသုံးယောက်ထဲ ဝင်လိမ့်မည်ဟု မထင်ထားပေ။ သူက ဆေးလုံး ဧကရာဇ်ကိုကို ကျော်လွန်သွားပြီး  အမှတ်  ကွာခြားချက်မှာ ၀.၀၃ မျှသာ ဖြစ်သော်လည်း အောင်နိုင်မှု အဖြစ် ယူဆ၍ ရပေသည်။

သို့သော်လည်း  မိုဝူကျီက ထိုရမှတ်များမှာ သူ့တကယ့် စွမ်းဆောင်ရည်ကို ကိုယ်စားမပြုမှန်း ကောင်းကောင်း သိထား၏။ သန့်စင်မှုနှင့် ပတ်သက်လာလျှင် သူက ထိပ်တန်းထဲ ပါသော်လည်း အားလုံးကို ခြုံငုံကြည့်ပါက  သူက သေချာပေါက် ထိပ်ဆုံး သုံးယောက်ထဲ ပါမည် မဟုတ်ချေ။

ဤပြိုင်ပွဲ၌  ဆေးလုံး ဧကရာဇ်များနှင့် အဆင့် ၆ ဆေးလုံးဘုရင်တချို့က သူတို့ စွမ်းဆောင်ရည် အပြည့် မပြသနိုင်ကြပေ။ မီးတောက်အဆင့် တစ်ခုတည်းဖြင့် သူတို့၏ စွမ်းဆောင်ရည် အဓိကကို ကန့်သတ်ထားသလို ဖြစ်သွားလေ၏။ တစ်ဖက်တွင် သူက စွမ်းအား အပြည့်နှင့် အတားအဆီး အခက်အခဲမရှိ လုပ်ဆောင်နိုင်ခဲ့သည်။

အားလုံးပေါင်း ရမှတ် ထွက်လာသည့်အခါ ပွက်ပွက်ညံနေကြသည့် လူအုပ်ကြီးက တိတ်ဆိတ်သွားကာ  အားလုံးက ထိပ်ဆုံး ၅၀ ၌ မည်သူပါမလဲဟု အာရုံစိုက်နေကြသည်။ အားလုံးက ယွင်ရှန့် တောင်ကြားအတွက် နေရာ ၅၅ ခုကို အာရုံစိုက်နေခြင်း ဖြစ်သည်။

မိုဝူကျီလည်း အာရုံများစွာ အစိုက်ခံရလေသည်။ မိုဝူကျီ၏ ဇာစ်မြစ်မှာ မသိသေးသော်လည်း သူက ပါရမီရှင် နယ်လှည့် ဆေးလုံးဆရာ ဖြစ်လိမ့်မည်ဟု ခန့်မှန်းနေကြသည်။

ဤနယ်လှည့် ဆေးလုံးဆရာ၌  ယွင်ရှန့်တောင်ကြား အတွက် ဝင်ခွင့်နေရာ ၂ နေရာစာ ရှိနေသည့်အတွက်  တခြားလူများက မည်သို့ စိတ်မဝင်စားဘဲ နေနိုင်မည်နည်း။

ဟူကျန်းယွီက ဆက်ပြောလိုက်လေ၏။

“ အရင်ဆုံး  ယွင်ရှန့်တောင်ကြားကို ဝင်ခွင့်ရသွားတဲ့ ထိပ်ဆုံး အယောက် ၅၀ ကို ဂုဏ်ပြုပါရစေ။ မင်းတို့တွေက နေရာကို  သူများကိုလည်း ပေးနိုင်သလို  ကိုယ်တိုင်လည်း ဝင်လို့ ရတယ်။

ယွင်ရှန့်တောင်ကြားကို ဝင်ဖို့ ကျောက်စိမ်းပြားကို မပေးခင် တစ်ခု လုပ်စရာ ရှိပါတယ်။ ဒီထိပ်ဆုံး အယောက် ၅၀ ရဲ့ ဆေးလုံးပေါ်က အတားအဆီးကို ဖယ်ပြီးပြီဆိုတော့ ဘယ်သူမဆို စိတ်စွမ်းအား သုံးပြီးတော့ လေ့လာကြည့်လို့ ရပါပြီ ”

သူက ပြောလိုက်ရင်း ဟူကျန်းယွီက လက်ဝှေ့လိုက်သည်။

ကျောက်စိမ်းပုလင်း ၅၀က လေထဲ ပေါ်လာလေ၏။ ကျောက်စိမ်း ပုလင်းအောက်ခြေ၌ စာလုံးတချို့ ပါရှိသည်။ ထိုစာလုံးများက  ဖော်စပ်ထားသော ဆေးလုံးဆရာ နာမည် ဖြစ်၏။

ကျောက်စိမ်းပုလင်း  ၅၀ ပေါ်လာသည်နှင့်  များပြားစွာသော စိတ်စွမ်းအားများက မိုဝူကျီ ဖော်စပ်ထားသည့်  ဝိညာဉ် သန့်စင် မဟာကျီ ဆေးလုံးထည့်ထားသော  ကျောက်စိမ်း ပုလင်းပေါ် ကျရောက် လာကြသည်။

တစ်ဖက်တွင် မိုဝူကျီက ဆေးလုံး ဧကရာဇ်များ ဖော်စပ်ထားသော အဆင့် ၆ ဆေးလုံးများဆီ  စိတ်စွမ်းအား ပို့လွှတ်လိုက်သည်။ သူက ထိုအဆင့် ၆ ဆေးလုံးများကို မြင်လိုက်သည့် အခါ သူက လုံးဝ မဖော်စပ်နိုင်ကြောင်း သေချာသိလိုက်သည်။

သူက အဆင့်နိမ့် အဆင့် ၆ ဆေးလုံးများကို ဖော်စပ်နိုင်သော်လည်း ထိုဆေးလုံးများ၌ ဝိညာဉ်စွမ်းအား အငွေ့အသက်များ ပါဝင်နေခြင်း မရှိပေ။ တစ်ဖက်တွင် ဆေးလုံး ဧကရာဇ်များ ဖော်စပ်ထားသော  အဆင့် ၆ ဆေးလုံးများကား ဝိညာဉ်စွမ်းအားများ တောက်ပနေသည်။ တစ်ချက် ကြည့်ရုံဖြင့်  ထိုအရာမှာ ထိပ်တန်းအဆင့် ပစ္စည်းဖြစ်ကြောင်း သိလိုက်သည်။ အထူးသဖြင့်  ပထမ နေရာ ရသည့် ဆေးလုံး ဧကရာဇ် ကုန်းယန်ရွမ်၏ ဝင်္ကပါ ဝိညာဉ်ဆေးလုံး ဖြစ်ပြီး မိုဝူကျီ၏ စိတ်စွမ်းအား ကျရောက်သွားသည်နှင့် ဝိညာဉ်စွမ်းအား လှုံ့ဆော်မှု တစ်မျိုးကို ခံစားလိုက်ရသည်။ ဤသို့သော ဆေးလုံးမျိုးမှာ ကမ္ဘာဦး စိတ်ဝိညာဉ်နှင့် ဝိညာဉ်အတွက် အလွန်ကောင်းပြီး သူက ဆေးလုံး ဧကရာဇ်အဖြစ် ထိုက်တန်ပေသည်။

တစ်ချိန်တည်းတွင် မိုဝူကျီက  သူ့ဟာကွက်ကို သေချာသိထားသည်။ ဝိညာဉ် သန့်စင် မဟာကျီဆေးလုံးမှာ ပြိုင်ဖက်ကင်း အဆင့် ဖြစ်သော်လည်း တာအိုစွမ်းအား တစ်မျိုးမျိုး လိုအပ်နေပေသည်။ ထိုသို့သော စွမ်းအားမျိုးမှာ စကားဖြင့် ဖော်ပြ၍ မရပေ။ ယခင်က ထိုစွမ်းအားမှာ ဝေဝါးနေ၍ သူက နားမလည်ခဲ့ပေ။ ကုန်းယန်ရွမ်ကဲ့သို့ ဆေးလုံး ဧကရာဇ်၏ ဆေးလုံးကို မြင်တွေ့ပြီးနောက် မိုဝူကျီအတွက် အမြင်သစ်တစ်ခု ပွင့်သွားသလို ဖြစ်၏။

ယခင်  မိုဝူကျီက သူ့ဝိညာဉ် သန့်စင် မဟာကျီဆေးလုံးကို တာဝန်ရှိသူများထံ ပေးလိုက်ကာ ဆုံးရှုံးသွားပြီဟု ထင်မှတ်ခဲ့သည်။ သို့သော် ယခုတွင်  သူက ထိုသို့အတွေးမျိုး မရှိတော့ပေ။ ဤဆေးပညာ ပြိုင်ပွဲမှ သူက ယွင်ရှန့်တောင်ကြား ဝင်ခွင့် ရရုံတင် မကဘဲ  ဆေးလုံး ဧကရာဇ်များနှင့် စကားပြောဆိုခွင့် ရပါက  သူ့ဆေးလုံးတာအို၌  အကျိုးမြတ်များစွာ ရလိမ့်မည် ဖြစ်ကြောင်း သေချာ သိနေသည်။

တစ်ချိန်တည်းတွင် မိုဝူကျီက  အစီအရင်မှ ရမှတ်တွက်ပေးခြင်း မဟုတ်လျှင် သူ့ဝိညာဉ် သန့်စင် မဟာကျီဆေးလုံးမှာ  ပြိုင်ဖက်ကင်း အဆင့် ဖြစ်သော်လည်း အမှတ် ၉၀ မရလောက်ပေ။

ဆေးလုံး ဧကရာဇ်များက ဖော်စပ်ထားသော  အဆင့် ၆ ဆေးလုံးများကို မြင်တွေ့ပြီးနောက် မိုဝူကျီက သူ့ဆေးလုံးသူ မကျေမနပ် ဖြစ်လာသည်။ သို့သော်လည်း တခြားကျင့်ကြံသူများက မိုဝူကျီ၏ ဆေးလုံးကို စိတ်ဝင်စားနေကြသည်။

သူတို့အနေဖြင့် ဝိညာဉ်သန့်စင်  မဟာကျီဆေးလုံး ပြိုင်ဖက်ကင်း အဆင့် ဆေးလုံးကို ဘယ်နေရာမှာများ ရှာတွေ့နိုင်မည်နည်း။

အချိန်တိုလေး အတွင်း လူအုပ်ကြီးက တိတ်ဆိတ် သွားလေ၏။ မိုဝူကျီ၏ ဆေးလုံးမှာ လိုအပ်နေသည်ဟု တွေးထင်၍ မဟုတ်ဘဲ  ကျင့်ကြံသူများစွာ အမြင်၌  မိုဝူကျီ၏ ဆေးလုံး တစ်လုံးချင်းစီက ဝိညာဉ်စွမ်းအားများ တောက်ပနေပြီး တာအိုစွမ်းအားများ  လှည့်ပတ်နေ၍ ဖြစ်သည်။  သူတို့က ထိပ်တန်း ပြိုင်ဖက်ကင်း အဆင့် ဆေးလုံးများဖြစ်ကြောင်း သိသာလှသည်။ ထိုဆေးလုံးများသာ ကုန်သည်အိမ်တော်ဆီ ရောက်သွားပါက  အုတ်အုတ်ကျက်ကျက် ဖြစ်သွား ပေလိမ့်မည်။

ဆေးလုံး ဧကရာဇ်များ ဖော်စပ်ထားသော ဝင်္ကပါ ဝိညာဉ်ဆေးလုံးနှင့် ရေခဲဝိညာဉ် ထိပ်တန်း ဆေးလုံးတို့နှင့် နှိုင်းယှဉ်ကြည့်ရလျှင် ....

ထိုဆေးလုံးများမှာ ဝိညာဉ်သန့်စင် မဟာကျီဆေးလုံးနှင့် နှိုင်းလျှင်   ပို၍ အဖိုးတန်ကာ အဆင့်ပိုမြင့်သော ဆေးလုံးများ ဖြစ်ကာ ဖော်စပ်ရန် ခက်ခဲသော်လည်း  အသုံးမများပေ။

“ ဒီဆေးလုံးတွေက ရောင်းဖို့လား ” လူအုပ်ထဲမှ တစ်ယောက်က အော်မေးလိုက်သည်။

ဟူကျန်းယွီက လက်ကာပြကာ  ဆေးလုံးများကို သိမ်းဆည်းပြီး ပြောလိုက်သည်

“ ဒီဆေးလုံးတွေကို ယုံရင် အင်မော်တယ် နယ်မြေက ပိုင်တာပါ။ ဒါပေမဲ့ ဖော်စပ်ထားတဲ့ ဆေးလုံးဆရာတွေ ရှိနေတာဆိုတော့  သူတို့မှာသာ မီးကောင်းကောင်း ရှိခဲ့ရင် ဒီထက် ပိုကောင်းတဲ့ ဆေးလုံးတွေ ဖော်စပ်နိုင်မယ်ဆိုတာ ယုံကြည်တယ်။ ပြီးတော့ ဆေးလုံး လိုချင်တဲ့ သူတွေက ဆေးလုံး ဆရာတွေကို နောက်ကျ သွားရှာကြည့်ပါ။

အခု ဆေးလုံး ဆရာတွေကို ယွင်ရှန့်တောင်ကြား ဝင်ခွင့် ကျောက်စိမ်းပြားနဲ့ ဆုချချင်တယ် ”

ဟူကျန်းယွီက ကျောက်စိမ်းပြားများ ထုတ်လိုက်သောကြောင့်  အားလုံးက အားကျတကြီး ကြည့်လိုက်ကြသည်။ မိုဝူကျီက ကျောက်စိမ်းပြား နှစ်ခု ရရှိလေ၏။ ကျောက်စိမ်းပြားမှာ ထိတွေ့ရုံဖြင့် အေးစက် နေသော်လည်း မိုဝူကျီ၏ စိတ်နှလုံးသားကား   တောက်လောင်နေမိသည်။

ဟူကျန်းယွီက ကျောက်စိမ်းပြား ၅၅ ခုကို ခွဲဝေပြီးနောက် ဆက်ပြောလိုက်သည်

“ ဒီပြိုင်ပွဲမှာ ပါရမီရှင်တွေလည်း ပေါ်လာခဲ့တယ်။ ဥပမာ တတိယနေရာကို ရသွားတဲ့ မိုရှင်း ဟယ်လိုမျိုး၊ မိုရှင်းဟယ်က ငယ်ရွယ်ပေမဲ့  ပါရမီရှင်တွေ ဝန်းရံထားတဲ့ ကြားကနေ တတိယနေရာ ရလာခဲ့တယ်။ သူက နောင်ကျ ဆေးလုံး ဧကရာဇ် သေချာပေါက် ဖြစ်လာလိမ့်မယ်။  ကျုပ်က ဆေးလုံးဆရာ မိုရှင်းဟယ်ကို ဂုဏ်ပြုချင်ပါတယ်။ ဂုဏ်ပြုပါတယ်  ....

ယွင်ရှန့်တောင်ကြားကို ဝင်မဲ့ သူတွေအနေနဲ့ နောက်သုံးရက်နေရင် ဝင်ရမယ်။ ဆေးပညာပြိုင်ပွဲကြီး အဆုံးသတ် သွားပါပြီ။ ယုံရင် အင်မော်တယ် နယ်မြေရဲ့ ကောင်းကင် ဧကရာဇ်က သက်ဆိုင်ရာ  အင်မော်တယ်မြို့တွေကို ဆုချပေးပါလိမ့်မယ် ”

ဟူကျန်းယွီက  လူအုပ်ကြီး၏ ဩဘာသံများကြား နောက်ပြန်ဆုတ်လိုက်ပြီး ယုံရင် အင်မော်တယ် နယ်မြေ၏ ကောင်းကင် ဧကရာဇ်က သံသယ အနည်းငယ်ဖြင့် ရှေ့တိုးလာလေ၏။ ဟူကျန်းယွီသည် သူတို့ယုံရင် အင်မော်တယ် နယ်မြေ ကိစ္စများကို စိတ်ဝင်စားလိမ့်မည်ဟု မထင်ထားပေ။

သို့သော်လည်း  ကွေ့ဖုန်းယွင်က ထိုအတွေးကို နှစ်ခါပြန် မတွေးနေတော့ပေ။

“ အင်မော်တယ်နယ်မြေ အသီးသီးကနေ ကျုပ်တို့ ယုံရင် အင်မော်တယ်နယ်မြေရဲ့ ဆေးပညာပြိုင်ပွဲကို လာရောက် ဆင်နွှဲပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီပြိုင်ပွဲ အပြီးမှာ ကျုပ်အနေနဲ့  အင်မော်တယ်မြို့ နှစ်မြို့အကြောင်း ပြောချင်ပါတယ်။ တစ်ခုက  အဆင့်နိမ့် ရေသဘာဝ ယင်အင် မော်တယ်မြို့နဲ့ နောက်တစ်ခုက  အလယ်အလတ် အဆင့်ဖြစ်တဲ့ သူတော်စင်မြက် အင်မော်တယ်မြို့ပါ။

ကျုပ်ကို အံ့အားသင့် သွားစေတာက   အဆင့်နိမ့် အင်မော်တယ်မြို့နဲ့ အလယ်အလတ် အဆင့် အင်မော်တယ်မြို့က  ထိပ်ဆုံး ငါးနေရာထဲ ပါနေတဲ့ အကြောင်းပါ .....

ဒီမြို့နှစ်မြို့ကို  အခု အဆင့်မြင့် အင်မော်တယ်မြို့အဖြစ် တိုးမြင့်ပေးပြီးတော့  သူတို့ရဲ့ စီမံအုပ်ချုပ်မှုအောက်မှာ လက်အောက်ခံမြို့ ၁၅ မြို့ ထားပေးပါမယ်။ ရေသဘာဝ ယင်အင်မော်တယ် မြို့စား ဝမ်ဟို့နဲ့ သူတော်စင်မြက် မြို့စား ကျူလီတို့ လာပြီးတော့ ဆုချီးမြင့်မှု ခံယူပါ ”

ကွေ့ဖုန်းယွင် စကားအဆုံးတွင် လက်ခုပ် ဩဘာသံများ ဆူညံသွားလေ၏။ ဝမ်လျန်ရှီး၏ အကူဖြင့် ဝမ်ဟို့က စိတ်လှုပ်ရှားစွာ မတ်တတ် ရပ်လိုက်သည်။ ထိုစဉ် သူ့ သွေးများ ဆူပွက်နေသည်ဟု ခံစားနေရ၏။

ဟူကျန်းယွီက ဝမ်ဟို့ဘေးမှ မိန်းမလှလေး ဝမ်လျန်ရှီးကို မြင်သောအခါ  မိုဝူကျီကို လှည့်ကြည့်ပြီး ခေါင်းညိတ် ပြလိုက်သည်။ သူက မိုဝူကျီကဲ့သို့ ထူးချွန်လှသော ဆေးလုံး ဆရာတစ်ယောက်က ရေသဘာဝ ယင်အင်မော်တယ်မြို့ကို အဘယ်ကြောင့် အကူအညီ ပေးသည်ကို သဘောပေါက် နားလည်သွားဟန် ပေါ်၏။

***

All Chapters