← Chapters

အခန်း (၅၅၂)

Vol. 40 Ch. 552

အခန်း (၅၅၂)

Vol. 40 Ch. 552

ထို့နောက် အင်မော်တယ် မြို့များ၏ အဆင့်အတန်း တိုးမြင့်ခြင်း အခမ်းအနား ကျင်းပပြီး မိုဝူကျီက ထိုကိစ္စကို တစ်ခုမှ စိတ်မဝင်စားပေ။ သူက ရေသဘာဝ ယင်အင်မော်တယ် မြို့ကို ကိုယ်စားပြု ယှဉ်ပြိုင် ပေးနေသော်လည်း လက်တွေ့၌ သူက မြို့စား ဝမ်ဟို့ကိုပင် မသိပေ။ သူက ဝမ်လျန်ရှီး၏ ရေသဘာဝ ယင်အင်မော်တယ်မြို့ကို အဆင့်တက်အောင် ကူညီလိုက်ခြင်းမှာ ကိစ္စ အသေးလေးသာ ဖြစ်၏။

မိုဝူကျီအတွက် ထိုကိစ္စမှာ သူမကို ကျေးဇူးကြွေး ပြန်ဆပ်ခြင်းသာ ဖြစ်ပြီး တခြားဘာမှ မဟုတ်ပေ။

ဤအခမ်းအနားမှာ အခမ်းအနား အမြောက်များ၊ လက်ခုပ်သံများဖြင့် အဆုံးသတ် သွားလေ၏။ ထို့နောက် မိုဝူကျီက ပြိုင်ပွဲနေရာမှ ချက်ချင်း ထွက်လာလိုက်သည်။ အဝေးမှ လင်းဂူကို လက်ဝေ့ပြလိုက်ပြီး သူမအား  တည်းခိုဆောင် အရင်ပြန်ရန် အမူအရာ ပြလိုက်သည်။

သူနှင့် စကားပြောလိုသော   မြို့စားများ၊ ဆေးလုံးဆရာများ သတိမပြုမိခင်  မိုဝူကျီက နေရာမှ ထွက်သွားလိုက်သည်။

ယွင်ရှန့်တောင်ကြားသို့ ဝင်ရန် သုံးရက် လိုသေးပေသည်။ ဤရက်ပိုင်းလေးအတွင်း  သူက လင်းဂူနှင့် ယုံရင်အင်မော်တယ်နယ်မြေမှ မည်သို့ ထွက်သွားရမည်ကို ဆွေးနွေးကြည့်ရမည်။

သူက ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ ဂုဏ်ထူးဆောင် အကြီးအကဲ ဖြစ်သော်လည်း ယုံရင်အင်မော်တယ် နယ်မြေမှ ထွက်သွားပြီး အာကာပြင်ထဲ ရောက်သွားသည်နှင့် မည်သူက သူ့ကို သိမည်နည်း။

ထိုစဉ် လူတွေက  သူ့ပိုင်ဆိုင်သော ထိပ်တန်းဆေးပင်များ ဒါမှမဟုတ် ဆေးလုံးဆရာ ဟူ‌သော လုပ်ဆောင်ချက်ကိုသာ ဂရုစိုက်ကြလိမ့်မည်။

ယွဲ့ကွေ့တည်းခိုဆောင်

မိုဝူကျီက  အပေါ်သို့  မတက်ခင်  လူနှစ်ယောက်၏ တားဆီးခြင်းကို ခံလိုက်ရသည်။

တစ်ယောက်မှာ မျက်လုံးမှေးမှေး ရှိပြီး ကြည့်ရသည်မှာ ကမ္ဘာကြီးကို ဂရုမစိုက်သည့် အလား ဖြစ်၏။ နောက်တစ်ယောက်တွင် အေးစက်စက် မျက်ဝန်းများ ရှိကာ  မာနကြီးသည့်ရုပ် ဖြစ်၏။

မိုဝူကျီ၏ ဆေးလုံးတာအို နားလည်စွမ်းအရ သူက တစ်ချက်တည်း ကြည့်ရုံဖြင့် ထိုသူနှစ်ယောက်မှာ ဆေးလုံးဆရာများ ဖြစ်ကြောင်း သိလိုက်သည်။ သူတို့က ဆေးလုံးဆရာများ ဖြစ်ရုံတင်မက  ပြောင်မြောက်သော သူများလည်း ဖြစ်ပေသည်။

မျက်လုံးမှေးမှေးနှင့် အမျိုးသားက မိုဝူကျီကို လက်နှစ်ဖက် ယှက်၍

“ ဆေးလုံးဆရာမိုက တကယ်ထူးချွန်တာပဲ။ အရင်ဆုံး ကိုယ့်ဘာသာ မိတ်ဆက်ပါရစေ။ ကျုပ်က ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ရဲ့ အဆင့် ၅ ဆေးလုံးဘုရင် ကန်ကျီပါ၊

သူလည်း ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ရဲ့  အဆင့် ၅ ဆေးလုံးဘုရင် တိပိုင်ရှန်းပါ  ”

ကန်ကျီက စကားအဆုံးတွင် မိုဝူကျီကို တည်တည်ငြိမ်ငြိမ် ကြည့်လိုက်သည်။ သူက မိုဝူကျီကို အရင်ဆုံး လာရှာသည့် အကြောင်းအရင်းမှာ  မိုဝူကျီ၌  ထူးခြာသည့် နောက်ခံ မရှိကြောင်း သေချာနေ၍ ဖြစ်သည်။ သူတို့နှစ်ယောက်လုံးက ရေသဘာဝ ယင်အင်မော်တယ် မြို့စား ဝမ်ဟို့နှင့် တွေ့ခဲ့ဖူးသည့် အတွက် ဝမ်ဟို့တွင် အားကောင်းသည့် နောက်ခံ မရှိကြောင်း သိထားသည်။ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ အဆင့် ၅ ဆေးလုံးဘုရင်များ ဖြစ်သည့် သူတို့နှင့် တွေ့စဉ်ကပင် သူက မဟုတ်တာ မပြောရဲပေ။ ထို့ကြောင့်  ရေသဘာဝ ယင်အင်မော်တယ်မြို့ အနေနှင့် နောက်ခံကြီးသည့် ဆေးလုံးဆရာကို မည်သို့ ရှာတွေ့နိုင်မည်နည်း။

မိုဝူကျီက ဆေးပညာပြိုင်ပွဲ၌ တတိယနေရာ ရထားသောကြောင့် ယွင်ရှန့်တောင်ကြား အတွက်  နေရာ နှစ်နေရာစာ ရရှိပေလိမ့်မည်။ လူများစွာက ထိုနေရာ နှစ်နေရာစာကို ပစ်မှတ် ထားနေကြသော်လည်း ထိုလူများက ဘာမှ မလုပ်ခင် မိုဝူကျီ၏ ဇာစ်မြစ်ကို အရင်ဆုံး စုံစမ်း ကြည့်ကြလိမ့်မည်။

သို့သော် ထူးချွန်လှသည့် ဆေးလုံးဆရာများက  မိုဝူကျီတွင် ထူးခြားသည့် နောက်ခံ ရှိမနေကြောင်း ရှာတွေ့ သွားသည့်အခါ သူ ကန်ကျီနှင့် တိပိုင်ရှန်းတို့၌ အခွင့်အရေး ရတော့မည် မဟုတ်ပေ။

ယခု ဝမ်ဟို့က အဆင့်မြင့် မြို့စားအဖြစ် တိုးမြှင့် သွားသောကြောင့် အလုပ်များဖြင့် ရှုပ်ယှက်ခတ် နေဆဲ ဖြစ်သည်။ သူတို့က  ထိုအခွင့်အရေးကို အသုံးချ၍ မိုဝူကျီ၏ ယွင်ရှန့်တောင်ကြား ဝင်ခွင့် နေရာကို ယူမည် ဖြစ်သည်။

ကန်ကျီ၏ အတွေ့အကြုံအရ  သူ့နောက်ခံကို ပြောပြပြီးသည်နှင့် မိုဝူကျီက သူတို့အား စီနီယာကန်နှင့် စီနီယာတိဟု ခေါ်ရင်း ချက်ချင်း ဦးညွတ် လိမ့်မည်ဟု ထင်မှတ်ခဲ့သည်။

သူတို့ မျှော်လင့် မထားသည်မှာ  မိုဝူကျီက အေးအေးဆေးဆေး ပြန်ကြည့် လိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်ခြင်း ဖြစ်၏။

“ ဘာကိစ္စများ ရှိလို့လဲ ”

မိုဝူကျီ၏ မထင်မှတ်ထားသည့် အပြုအမူကြောင့် ကန်ကျီကို သီးလုနီးပါး ဖြစ်သွားစေ၏။ သို့သော်လည်း သူက မြန်မြန် စိတ်ထိန်းကာ ခြိမ်းခြောက်သည့် အငွေ့အသက်ဖြင့် ပြောလိုက်သည်။

“ ဆေးလုံးဆရာမို ... ကျုပ်က လေပေါဖို့ ရောက်လာတာ မဟုတ်ဘူး။ ယွင်ရှန့်တောင်ကြား အတွက် ခင်ဗျားရဲ့နေရာတွေက ကျုပ်တို့အတွက် အသုံးဝင်တယ်။  ဈေးကို ပြောလိုက် .... ကျုပ်တို့တွေ ဝယ်မယ်။

ဒီဆေးလုံးတာအို အင်မော်တယ်မဟာမိတ်အဖွဲ့က ခင်ဗျားကို ကျေးဇူးကြွေး ရှိသွားတယ် ယူဆလိုက်ပေါ့။ နောင်ကျ  တစ်ခုခု လိုရင် ကျုပ် ကန်ကျီကို လာရှာလှည့် ”

“ ဒါပဲလား ” မိုဝူကျီ၏ မျက်နှာမှာ အေးစက်လာလေ၏။

တကယ်တမ်း  ကန်ကျီအတွက် မိုဝူကျီဆီမှ ကျောက်စိမ်းပြား နှစ်ခုလုံး မလိုအပ်ပေ။ မိုဝူကျီက ကျောက်စိမ်းပြား တစ်ခု ပေးသရွေ့ သူတို့အတွက် အောင်မြင်ပြီ ဖြစ်၏။

ယခု သူက မိုဝူကျီ၏ စကားနှင့် အမူအရာ ပြောင်းလဲသွားသည်ကို မြင်သောအခါ ကိစ္စများက လွယ်လွယ်ပြီးမည် မဟုတ်ကြောင်း သိလိုက်သည်။ သူ့လေသံမှာ အေးစက်သွားပြီး

“ ဟုတ်တယ် အဲဒါပဲ။ ဈေးစိတ်ကြိုက် ပြောလိုက် ကျုပ်ရဲ့ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ် အဖွဲ့က အကုန်တတ်  ... ”

“ ထွက်သွားစမ်း  ” မိုဝူကျီက ကန်ကျီ၏ စကားအဆုံးကိုပင် မစောင့်ဘဲ ဒေါသတကြီး အော်ပြောလိုက်သည်။

ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ အဆင့် ၅ ဆေးလုံးဘုရင်မျှဖြင့် သူ့ကဲ့သို့ ဂုဏ်ထူးဆောင် အကြီးအကဲရှေ့ လာမောက်မာပြရဲသည်မှာ ဤလူက သေချင်နေ၍သာ ဖြစ်ရမည်။

တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည့် တိပိုင်ရှန်းလည်း အေးစက်လာပြီး

“ မိုရှင်းဟယ်  ကျုပ်တို့ကို ထွက်သွားစမ်းလို့ ပြောလိုက်တာလား။ အဲဒါရဲ့ အကျိုးဆက်ကိုရော သိရဲ့လား ”

လက်ရှိ မိုဝူကျီ၏ ဂုဏ်သတင်း အနေအထားကြောင့်သာ မဟုတ်လျှင် တိပိုင်ရှန်းက တိုက်ပြီး လောက်လေပြီ။

ဤတစ်ကြိမ် မိုဝူကျီက လက်စွပ်မှ ဓားမော့ကို ထုတ်ကာ  တိပိုင်ရှန်းဆီ ဝှေ့ယမ်းလိုက်သည်။

တိပိုင်ရှန်းနှင့် ကန်ကျီတို့က ကျင့်ကြံဆင့် မမြင့်ကြသေး၍ နှစ်ယောက်လုံးမှာ မဟာယီရှန်း အဆင့်သာ ရှိသေး၏။ သူတို့က တစ်ဘဝလုံး ဆေးဖော်စပ်ခြင်းနှင့်သာ အချိန်ကုန်နေခြင်း ဖြစ်ရမည်။ မိုဝူကျီက  ယုံရင် အင်မော်တယ် မြို့ကဲ့သို့သော နေရာမျိုး၌ သာမာန် မဟာယီရှန်းအဆင့် ကျင့်ကြံသူ နှစ်ယောက်ကို ကြောက်ရွံ့နေမည် မဟုတ်ပေ။

တစ်ဖက်လူက သူ့အား ချက်ချင်း မသတ်နိုင်သရွေ့ သူက ကြောက်နေဖို့ မလိုအပ်ပေ။

“ ဂျွတ် ” ဓားမော့က တည်းခိုဆောင် အတွင်းမှ ကာကွယ်ရေး အစီအရင်ကို ချက်ချင်းဆိုသလို အက်ကွဲသံများ ထွက်ပေါ်လာစေ၏။ တည်းခိုဆောင် အတွင်း ကာကွယ်ရေး အတားအဆီး ရှိသော်လည်း  မိုဝူကျီ၏ ဓားမော့မှာ  တိပိုင်ရှန်း၏ နဖူးထိပ်ထိ ရောက်နိုင်သေး၏။

တိပိုင်ရှန်းအနေဖြင့် မိုဝူကျီက သူ့အား ဤနေရာတွင် တိုက်ခိုက်ရန် သတ္တိရှိလိမ့်မည်ဟု မည်သို့ တွေးမိမည်နည်း။  သူက မယုံကြည်နိုင်စွာ  ဖြစ်နေကာ   မရှောင်လိုက်နိုင်ဘဲ နဖူးထိပ်မှ သွေးများ စီးကျလာသည်။

တိုက်ခိုက် စွမ်းအားအရ မိုဝူကျီက တိပိုင်ရှန်းကဲ့သို့သော  သာမာန် မဟာယီရှန်းအဆင့် ကျင့်ကြံသူလောက် အားမနည်းပေ။ ထို့အပြင် မိုဝူကျီက ရုတ်ခြည်း တိုက်ခိုက်လိုက်သည့် အတွက်  တိပိုင်ရှန်းက ထိုဓားချက်ကြောင့် ဒဏ်ရာရသွားသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။

“ မင်းက လုပ်ရဲ  ” တိပိုင်ရှန်းက တတိယမြောက် စကားမထွက်လာခင် မိုဝူကျီက ရှေ့တစ်လှမ်း တိုးကာ  အောက်ပိုင်းကို လှမ်းပိုင်းလိုက်သည်။

ကန်ကျီက မိုဝူကျီသည် သတိပင် မပေးဘဲ တိုက်ခိုက်ပြီး   ထိုမျှ ရက်စက် လိမ့်မည်ဟု မထင်ထားပေ။ သူက စွမ်းအားစက်ကွင်းကို ထုတ်သုံးလိုက်သည့် တစ်ချိန်တည်း တိပိုင်ရှန်းကို ဘေးသို့ ဆွဲခေါ် လိုက်ရသည်။

“ ဖူး  ” တိပိုင်ရှန်း၏ လက်မောင်းမှာ မိုဝူကျီ၏ ဓားမော့လက်ချက်ဖြင့်  တိုဖူးကဲ့သို့  တိခနဲ ပြတ်တောက် သွားရသည်။ ပြတ်သွားသည့် လက်မောင်းမှာ လေထဲ ရောက်သွားပြီး သွေးမြူများ ပန်းထွက်လာသည်။

မိုဝူကျီက ထိုဓားနှစ်ချက်ဖြင့် တိပိုင်ရှန်းကို မသတ်လိုက်ပေ။ သူက ဆက်၍ နောက်ထပ် မလှုပ်ရှားသေးပေ။ အကယ်၍ သူသာ ဆက်လှုပ်ရှားလိုက်ပါက  ကိစ္စများက ဖြေရှင်းဖို့ရာ ခက်ခဲ သွားပေလိမ့်မည်။ သူက ဓားမော့ကို နောက်ကျောဆီ ပို့လိုက်သည်။

“ မိုရှင်းဟယ်  မင်းက ငါတို့ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ကို စိန်ခေါ် နေတာလား။ မင်းကိုယ်မင်း  ယုံရင်ဆေးပညာပြိုင်ပွဲမှာ တတိယ ရတယ်ပြောပြော မင်း တန်ဖိုး ပြန်ပေးဆပ်ရမယ် ”

ကန်ကျီက ဒေါသတကြီး အော်ဟစ် ပြောလိုက်ပြီး သတင်းပို့  ဓားပျံ တစ်ချောင်း ပို့လိုက်သည်။

ဆေးလုံးဆရာအနေဖြင့် သူနှင့် တိပိုင်ရှန်းတို့၏ တိုက်ခိုက်စွမ်းအားမှာ အမှိုက်သရိုက်မလား ဖြစ်ကာ မဟာယီရှန်း အဆင့်များကြား၌ အဆင့်နိမ့်ဆုံးလည်း ဖြစ်ပေသည်။ မိုဝူကျီက တိပိုင်ရှန်းကို  နှစ်ချက်တည်းဖြင့် ဒဏ်ရာရအောင် လုပ်နိုင်လိုက်သည့် အတွက် သူ့အနေဖြင့် မလှုပ်ရဲပေ။

ထိုစဉ် ယွဲ့ကွေ့တည်းခိုဆောင်၌ စောင့်ကြည့်သူ ပရိတ်သတ်များဖြင့် ပြည့်နှက် နေလေပြီ။ ယွဲ့ကွေ့တည်းခိုဆောင်၏ တာဝန်ခံပင် ပထမထပ်သို့ ရောက်ရှိလာလေ၏။

ဤကိစ္စရပ်မှာ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ ပါဝင်နေသည့် အတွက်  သူ့အနေဖြင့် ပါဝင်လှုပ်ရှားဖို့ရာ အခွင့်အရေး မရှိပေ။

“ အစ်ကိုမို ....” ဝမ်လျန်ရှီး၏ အသံက ရုတ်ခြည်း လေထုကို ထိုးဖောက်သွားကာ ဝမ်လျန်ရှီးက သူမကိုယ်သူမ လူအုပ်ကြားမှ ခွဲထွက်လိုက်သည်။ သူမနောက်တွင် အမျိုးသား တစ်ယောက်နှင့် အမျိုးသမီး တစ်ယောက် ရှိနေပြီး သူတို့မှာ ရေသဘာဝ ယင်အင်မော်တယ် မြို့၏ အဆင့် ၄ ဆေးလုံးဘုရင် တန်လျန့်နှင့် ဝမ်လျန်ရှီး၏ မိခင်  ယန်ချင်လင်တို့ ဖြစ်ပေသည်။

တန်လျန့်က မိုဝူကျီ၏ လမ်းညွှန်မှုကို ခံယူရန် ရောက်လာပြီး  ယန်ချင်လင်က သူမ၏သားမက်လေးကို တွေ့ရန် ရောက်လာခြင်း ဖြစ်သည်။ ဝမ်လျန်ရှီးအတွက် မိုဝူကျီကို ကျေးဇူးစကား လာပြောခြင်း ဖြစ်၏။

ဝမ်ဟို့က  ကိစ္စများကို စီမံခန့်ခွဲနေရသည့်အတွက် သူ့ကိုယ်သူ မအားလပ်နိုင်သေးပေ။

“ မင်းတို့ ရေသဘာဝ ယင်အင်မော်တယ်မြို့က အတော်လေး အထင်ကြီးဖို့ ကောင်းတာပဲ။ ဆေးလုံးတာအို အင်မော်တယ်မဟာမိတ်အဖွဲ့ရဲ့ အဆင့်  ၅ ဆေးလုံးဘုရင်ကိုတောင် ရန်စရဲတယ်ပေါ့ ... ကောင်းတယ်  .... ကောင်းတယ် ”

ကန်ကျီက ဝမ်လျန်ရှီးတို့ကို ဝေ့ကြည့်ပြီးနောက် မိုဝူကျီကို အေးစက်စွာ ကြည့်ရင်း ပြောလိုက်သည်။ သူ အခုမှ သိလေ၏။  မိုဝူကျီသည် ငယ်ရွယ်ပြီး သူ့ပတ်လည်တွင် ဝိညာဉ် စွမ်းအားများ မရှိ၍  အထင်သေး၍ မရပေ။ ဤမိုဝူကျီ၏ စွမ်းအားမှာ  သူ့ဆေးလုံးတာအိုကဲ့သို့ မယုံနိုင်လောက်ဖွယ် အဆင့် ရောက်နေပြီ ဖြစ်၏။

သူက မိုဝူကျီကို ဘာမှ မလုပ်ရဲသေးပေ။ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့မှ အကူအညီကိုသာ စောင့်နေရလေ၏။

ဝမ်လျန်ရှီးက အရူး မဟုတ်ပေ။ ကြမ်းပြင်ပေါ်မှ သွေးစီးကြောင်းနှင့်အတူ  ဖြူဖျော့ကာ ဒေါသ ထွက်နေသော တိပိုင်ရှန်းနှင့်  မိုဝူကျီ၏ နောက်ကျောမှ ဓားမော့ကို မြင်သောအခါ  သူမက အဖြစ်အပျက်ကို မခန့်မိဘဲ မည်သို့ နေမည်နည်း။  တစ်ချိန်တည်းတွင် မိုဝူကျီက သူမနှင့် စတွေ့စဉ်ကဲ့သို့ မြေကမ္ဘာ အင်မော်တယ်အဆင့် မဟုတ်တော့ကြောင်း သေချာသွားလေ၏။

ယွဲ့ကွေ့တည်းခိုဆောင်၌ လူများ ပိုပို၍ များပြားလာကြသည်။ လူအများစုက မိုဝူကျီဆီ လာရောက် တွေ့ဆုံကြသည် ဖြစ်ပြီး ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့နှင့် မိုဝူကျီတို့၏ ထိပ်တိုက်တွေ့ဆုံမှုကို မြင်သောအခါ အခြေအနေသိရအောင် ဘေးမှ စောင့်နေကြခြင်း ဖြစ်သည်။

ဝမ်လျန်ရှီး သတိထားမိသည်ကို ယန်ချင်လင်နှင့် တန်လျန့်တို့လည်း သတိပြုမိကြသည်။ နှစ်ယောက်လုံးကား ပါးစပ်ဟောင်းလောင်း ဖြစ်နေပြီး ပြောရမည့်  စကားရှာမတွေ့ကြပေ။

အကယ်၍ သူတို့က သာမန်လူများနှင့်  ဖြေရှင်းနေရသည် ဖြစ်ပါက ယခု ရေသဘာဝ ယင်အင်မော်တယ်မြို့မှာ အဆင့်မြင့်မြို့ ဖြစ်နေပြီ ဖြစ်၍ ကူညီပြီး ပြောပေးနိုင်လိမ့်မည်။  သို့သော် တစ်ဖက်မှာ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ ဖြစ်နေပြီး  အဆင့် ၅ ဆေးလုံးဘုရင်များ ဖြစ်နေကြသေး၏။  ထိုလူများက သာမန်လူများ မဟုတ်ပေ။ အကယ်၍ သူတို့သာ ကိုင်တွယ် ဖြေရှင်းနည်း လွဲမှားပါက   ရေသဘာဝ ယင်အင်မော်တယ် မြို့အနေနှင့် ဆေးလုံးတာအို အင်မော်တယ် မဟာမိတ် အဖွဲ့၏ ဒေါသကြား ပျက်စီး သွားပေလိမ့်မည်။

“ ဆေးလုံးဘုရင်ကန်  ... ဆေးလုံးဘုရင်တိ ...” ယန်ချင်လင်က ထိုနာမည်နှစ်ခုကို ရေရွတ် လိုက်သော်လည်း ဘာဆက်ပြောရမှန်း မသိပေ။ တစ်ဖက်တွင် ကန်ကျီနှင့် တိပိုင်ရှန်းတို့က ယန်ချင်လင်နှင့် တန်လျန့်တို့ကို  လှည့်ပင် မကြည့်ဘဲ မိုဝူကျီကိုသာ အေးစက်စွာ စိုက်ကြည့် နေကြသည်။

“ လျန်ရှီး .... ဒီရောက်နေတာပဲ။ ဘာပြဿနာမှ မဖြစ်ဘူး။ အရင် ပြန်နှင့်လေ။ ဒါနဲ့  တကယ်လို့ ယွင်ရှန့်တောင်ကြား အတွက် နေရာလိုရင် တစ်နေရာစာတော့ ပေးနိုင်တယ် ” မိုဝူကျီက သိပ်ဂရုမစိုက်ဘဲ ဝမ်လျန်ရှီးအား ပြုံးကာ ပြောလိုက်သည်။

ဝမ်လျန်ရှီးက အပြင်ပန်း၌ နူးညံ့သော်လည်း စိတ်အတွင်းကား မာကြောလေ၏။ ဤနေရာမှ အဖြစ်အပျက်ကို သဘောပေါက်ပြီးနောက် သူမက ဆေးလုံးဘုရင်နှစ်ယောက်ကို နှုတ်ပင် မဆက်ဘဲ မိုဝူကျီကိုသာ ဦးညွတ်လိုက်ပြီး

“ အစ်ကိုမို .... ကူညီပေးတာအတွက် ကျေးဇူးတင်ပါတယ်။ ပြီးတော့ တောင်းလည်း တောင်းပန်ချင်လို့ပါ  ”

မိုဝူကျီက ဝမ်လျန်ရှီးကို နားမလည်စွာ ကြည့်လိုက်ပြီး ....

ဘာများ တောင်းပန်ဖို့ လိုတာလဲ .....

မိုဝူကျီ နားမလည်သည်ကို သတိပြုမိပြီး ဝမ်လျန်ရှီး၏ အကြည့်တို့မှာ နူးညံ့သွားပြီး ရှင်းပြလိုက်သည်။

“ အရင် ကျမ အဖေဆီက သတင်းရတုန်းက  အစ်ကိုမိုဆီ ပေးထားတဲ့ ကျောက်စိမ်းပြားကို ပြန်တောင်း ရမလာဆိုပြီး တုံ့ဆိုင်းနေခဲ့မိတယ်။ ကျမ အဲလို မလုပ်ခဲ့တာ ကံကောင်းခဲ့တာပဲ .... ပထမ တစ်ကြိမ်တုန်းက  အစ်ကိုမိုကို မယုံလို့ လက်လျှော့မိခဲ့တယ်။

အဲဒါက ကျမရဲ့ အမှားပါ .... ဒုတိယတစ်ခါ ထပ်ဖြစ်လာရင်တော့ အဲဒါက အမှား မဟုတ်တော့ဘူး ကျမ ညံ့လွန်းလို့ ဖြစ်လိမ့်မယ်။ အစ်ကိုမိုက တကယ်ကြီး ကျမတို့ ရေသဘာဝ ယင်အင်မော်တယ်မြို့ကို အဆင့်မြင့် မြို့ဖြစ်လာအောင် ကူညီပေးခဲ့တယ် .... ”

မိုဝူကျိက ထိုစကားများကို ကြားသောအခါ ပြုံးရင်း လက်ခါကာ  “ အဲဒါက ကိစ္စသေးသေးလေးပါ။ ပြောဖို့ မလိုပါဘူး .... ”

ဝမ်လျန်ရှီးက ချိုသာစွာ ပြုံးလိုက်ပြီးနောက်   ကန်ကျီနှင့် တိပိုင်ရှန်းတို့ဘက် လှည့်ကာ

“ ရှင်တို့နှစ်ယောက်က ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ရဲ့ အဆင့် ၅ ဆေးလုံး ဘုရင်တွေမှန်း သိပါတယ်။ ပြီးတော့ အစ်ကိုမိုက ရှင်တို့ ဆေးလုံးဘုရင် နှစ်ယောက်ကို ရန်စမိကောင်း ရန်စမိခဲ့လိမ့်မယ်။

ကျမ စကားတွေက ဘာမှ မဟုတ်ပေမဲ့  ကျမတို့ ရေသဘာဝ ယင်အင်မော်တယ်မြို့က အဆင့်မြင့် မြို့ဖြစ်သွားပြီ။ အစ်ကိုမိုရဲ့ ကိစ္စက ကျမတို့ ရေသဘာဝ ယင်အင်မော်တယ်မြို့ရဲ့ ကိစ္စပဲ .... တစ်ခုခု ဖြစ်ရင် ကျမတို့ ရေသဘာဝ ယင်အင်မော်တယ်မြို့နဲ့  လာဖြေရှင်းပါ ”

***

All Chapters