← Chapters

အခန်း (၅၅၃)

Vol. 40 Ch. 553

အခန်း (၅၅၃)

Vol. 40 Ch. 553

“လျန်ရှီး .... ” ယန်ချင်လင်က  သမီးဖြစ်သူကို တအံ့တဩ ကြည့်လိုက်မိသည်။

သူမ၏ သမီးက သေချင်နေတာများလား ....

ရေသဘာဝ ယင်အင်မော်တယ်မြို့က  အဆင့်မြင့်မြို့အဖြစ် တိုးမြှင့်ခံရတော့လည်း ဘာအရေးလဲ ..... ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့လိုမျိုး ကြီးမားသည့် အဖွဲ့နှင့် ထိပ်တိုက် တွေ့သည့်အခါ ဘာဆို ဘာမှ မဟုတ်တော့ပေ။

“ မေမေ ...  ဉာဏ်ရှိတဲ့သူက ကိုယ်ပိုင် အန္တရာယ်ကိုလည်း ကြည့်ရတယ် ဆိုပေမဲ့  ကျေးဇူးတရား မေ့လျော့လို့လည်း မဖြစ်ဘူးဆိုတာ အမေပဲ ပြောပြ ဖူးတယ်လေ။ အစ်ကိုမိုသာ မရှိရင် သမီးတို့ ရေသဘာဝ  ယင်အင်မော်တယ် မြို့က လက်အောက်ခံမြို့ ဖြစ်လာလောက်ပြီ။ အဲလိုဆို အမေနဲ့ သမီး ဘာဖြစ်သွားမှာလဲ ” ဝမ်လျန်ရှီးက ယန်ချင်လင်ကို တည်ငြိမ်စွာ ကြည့်လိုက်ရင်း သူမအသံ၌ ဆုံးဖြတ်ချက် ပြတ်သားမှုများ ပါဝင်နေသည်။

ယန်ချင်လင်က  တုန်လှုပ်သွားသော်လည်း ရှေ့တိုးလာကာ သမီးဖြစ်သူကို ဖက်ထားရင်း ပြောလိုက်သည်။

“ လျန်ရှီး  ... သမီးပြောတာ မှန်တယ် ”

သူမ၌ ဤသို့သမီးမျိုး ရှိသည့်အတွက်  ဂုဏ်ယူရ၏။ သူမက အင်မော်တယ် လောက၌ စိတ်ပျက်စရာများ၊ မသတီစရာများ မြင်တွေ့ခဲ့ရသည်။ ရတနာများ သို့မဟုတ် သူတို့၏ တာအိုကြောင့် လူများစွာက  သူတို့၏ မိတ်ဆွေများနှင့် ဆက်ဆံရေးများကို ကျောခိုင်း စွန့်ပစ် ကြကုန်သည်။ တစ်ဖက်တွင် ကျေးဇူးတရားအတွက်  သမီးဖြစ်သူက ရေသဘာဝ ယင်အင်မော်တယ် မြို့ကိုပင် ထိုဝဲဂယက်ထဲ ဆွဲသွင်းဖို့ရာ ဆန္ဒရှိနေသည်။

တန်လျန့်က ဘေးမှ သက်ပြင်းချကာ

“ လျန်ရှီး ... သမီးက ဦးလေး သိသမျှထဲ  အကြင်နာတတ်ဆုံး မိန်းကလေးပဲ။ သမီး ပြောတာ မှန်တယ်။ လူတစ်ယောက်က ကျေးဇူးတရားကိုမှ မသိရင်  ဘယ်လိုလုပ် ကြီးမြတ်တဲ့ တာအိုကို ဆုပ်ကိုင်နိုင်မှာလဲ။ တကယ်လို့ ဆေးလုံးဆရာမိုက  ယွင်ရှန့်တောင်ကြား နေရာကိစ္စကြောင့် ခြိမ်းခြောက် ခံရတယ်ဆိုရင်  ကျုပ် တန်လျန့်လည်း သူ့ဖက်ကနေ ဝင်ပြောဖို့ လိုလားပါတယ် ”

မိုဝူကျီက စိတ်ထဲ၌ တွေးမိသွားသည်

“ လျန်ရှီးနဲ့ သူမ အမေက မဆိုးဘူးပဲ။ ပြီးတော့ ဒီဆေးလုံးဆရာ တန်လျန့်က  ကန်ကျီထက် အကျင့်ပိုကောင်းတယ်၊ အနည်းဆုံးတော့ သူ့အကျင့်စရိုက်  ဖော်ပြားစေမဲ့ စကားမျိုး မပြောဘူး ”

တန်လျန့် စကား ပြောလိုက်သည့်အချိန် ပုံရိပ်နှစ်ခုက  ယွဲ့ကွေ့ တည်းခိုဆောင်အတွင်း ရောက်ရှိ လာလေ၏။

ပတ်ဝန်းကျင်မှ လူများလည်း တိတ်ဆိတ်သွားကာ တစ်ချက်ကြည့်ရုံဖြင့်  သူတို့ဝတ်ရုံပေါ်မှ အမှတ်အသားမှာ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့က ဖြစ်ကြောင်း သိသာစေ၏။

သူတို့က ယုံရင်အင်မော်တယ် နယ်မြေ၌ ဖြစ်သော်လည်း ယုံရင်နယ်မြေ၏ အရှင် ကောင်းကင် ဧကရာဇ် ကွေ့ဖုန်းယွင်ပင်  ဆေးလုံးတာအို အင်မော်တယ် မဟာမိတ် အဖွဲ့ရှေ့၌ အဓိပ္ပာယ်မရှိတာ မပြောရဲပေ။

“ ငါတို့ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ရဲ့ အဆင့်  ၅ ဆေးလုံး ဘုရင်တွေက ဘယ်သူက  ရိုင်းပျပြီးတော့ ဒဏ်ရာရစေတာလဲ ” ဝင်လာသည့် လူနှစ်ယောက်ထဲအနက် မျက်နှာ၌ မုတ်ဆိတ်မွေးထူထူ ရှိသည့်  တစ်ယောက်က  ဒေါသတကြီး အော်ပြောလိုက်သည်။

နောက်တစ်ယောက်၌ ဖြူဖျော့ဖျော့ အသားအရည် ရှိပေသည်။ သူ ရောက်လာစဉ်က မိုဝူကျီကို ကြည့်လိုက်သော်လည်း တစ်ခွန်းမှ မပြောသေးပေ။

ကန်ကျီက သူတို့နှစ်ယောက်ကို မြင်သောအခါ မြန်မြန် ဝင်ပြောလိုက်သည်

“ မိုရှင်းဟယ်လို့ ခေါ်တဲ့ ဆေးလုံးဆရာပါ။ သူက ဆေးပညာ ပြိုင်ပွဲမှာ တတိယ ရလာပြီးတော့  ကျုပ်တို့ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ရဲ့ ဆေးလုံးဘုရင် တိပိုင်ရှန်းကို တိုက်ခိုက်ခဲ့ပါတယ်။ သူက တိပိုင်ရှန်းရဲ့ လက်တစ်ဖက်ကိုတောင် ဖြတ်ပစ် ခဲ့ပါသေးတယ်   ”

မိုဝူကျီ အဘယ်ကြောင့် တိုက်ခိုက်ရသည့် အကြောင်းအရင်းကိုတော့ တစ်လုံးမှ မပြောပေ။

မိုဝူကျီက နှာခေါင်းရှံ့ကာ  “ လက်တစ်ဖက် ပြတ်တာက အဆုံးသတ် ထင်နေလား။ ဒါက အစပဲ ရှိသေးတယ် ”

မိုဝူကျီက ထိုသို့မျိုး လူမျိုးကို အမုန်းတီးဆုံး ဖြစ်ပေသည်။ သူတို့က ထင်တိုင်း မောက်မာပြီး တခြားသူများကို ဖိနှိပ်ဖို့ရာ  ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ နောက်ခံကို အသုံးချနေကြခြင်း ဖြစ်၏။ သူက ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ကို ဝင်ထားပြီး ဂုဏ်ထူးဆောင် အကြီးအကဲ ဖြစ်နေ၍သာ ကံကောင်းသွားပေသည်။ မဟုတ်လျှင်  ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ ဆေးလုံးဘုရင်နှင့် ရင်ဆိုင်တွေ့သည့်အခါ ဘာများ တတ်နိုင်မည်နည်း။ လိုက်လျောရုံအပြင်  ထွက်ပြေးရုံသာ ရှိ၏။

သူ ထွက်ပြေးသွားလျှင်  မြေအောက်ကမ္ဘာ နှလုံးသားပန်းပွင့်ကို လက်လျှော့သလို ဖြစ်မနေဘူးလား။ မိုဝူကျီက ထိုအတွေးဖြင့် စိတ်ထဲမှ ဒေါသတရားက အုံ့ကြွလာလေသည်။

ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့မှ တာဝန်ရှိသူ နှစ်ယောက်သည် မိုဝူကျီကို အတင်းကျပ် ခေါ်ဆောင် သွားချင်သော်လည်း သူတို့က ထိုစကားများကို ကြားသောအခါ အတွေး ပြောင်းသွားလေ၏။ မုတ်ဆိတ်ထူထူနှင့် အမျိုးသားက လက်နှစ်ဖက် ဆုပ်ကာ

“ဆေးလုံးဆရာမိုက ဆေးပညာပြိုင်ပွဲမှာ အောင်မြင်မှု အကြီးကြီး ရထားတာ ဆိုပေမဲ့  ကျုပ်တို့  ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ရဲ့ ဆေးလုံးဘုရင်ကို အများရှေ့မှာ လက်တစ်ဖက် ဖြတ်ပစ်ခဲ့တာက  ကျုပ်တို့  ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ကို စိမ်ခေါ်နေတယ်လို့ ယူဆလို့ ရပါတယ်။

ဆေးလုံးဆရာမိုက ဒီကိစ္စကို ဖြေရှင်းချက်ပေးဖို့ ယုံရင်အဖွဲ့ခွဲဆီ လိုက်ခဲ့ပေးဖို့ တောင်းဆိုပါတယ်  ”

အားလုံးက  မိုဝူကျီသာ  ဆေးလုံးတာအို အင်မော်တယ် မဟာမိတ် ယုံရင်အဖွဲ့ခွဲဆီ လိုက်သွား လိုက်သည်နှင့် ဖြေရှင်းချက် ပေးဖို့ မလိုတော့ကြောင်း သိထားကြသည်။ မိုဝူကျီက ပြိုင်ပွဲ၌ တတိယနေရာ ရထားသော်လည်း သူက ထွက်သွားနိုင်မည် မဟုတ်ပေ။  သူ ရရှိထားသော နေရာ နှစ်နေရာစာမှာလည်း  ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ လက်ထဲသို့ ကျရောက် သွားလိမ့်မည်။

“မင်းတို့ နှစ်ယောက်ရဲ့ နာမည်က ဘာတွေလဲ  ” မိုဝူကျီက သူတို့ နှစ်ယောက်ကို ဝေ့ကြည့်ကာ မေးလိုက်သည်။ သူတို့က အင်မော်တယ်ဘုရင်အဆင့် မရောက်ကြ သေးသော်လည်း မဟာလော့ရှန်း အဆင့်ထိတော့ ရောက်နေကြလေပြီ။

မိုဝူကျီ၏ စကားများကို ကြားပြီး မုတ်ဆိတ်ထူထူ အမျိုးသား မျက်နှာမှာ ပြောင်းလဲသွားပြီး လက်နှစ်ဖက် ဆုပ်ကာ

“ ကျုပ်တို့ နှစ်ယောက်က  ဆေးလုံးတာအို အင်မော်တယ် မဟာမိတ် ယုံရင်အဖွဲ့ခွဲက စည်းကမ်း ကြီးကြပ်ရေးမှူးတွေပါ။ ကျုပ်က လီပင်း ... သူက ရှုအန်းကန်ပါ။ ဒီက မိတ်ဆွေကိုရော ဘယ်လိုများ ခေါ်ရမလဲ ... ”

မိုဝူကျီက ယုံရင် ဆေးပညာပြိုင်ပွဲ၌ တတိယနေရာ ရထားသောကြောင့် သူ့နာမည်ကို အားလုံးက သိနေကြလေပြီ။  ထိုလူနှစ်ယောက်က သူ့နာမည် မေးလိုက်ခြင်းမှာ  သူ့နောက်ခံ ဇစ်မြစ်ကို သိချင်၍သာ ဖြစ်ပေ၏။

မိုဝူကျီက ကျောက်စိမ်းပြားကို  ပစ်ပေးလိုက်ပြီး   “  ဒါက မင်းတို့တွေ ကျုပ်ကို ခေါ်ရမဲ့ဟာပဲ”

ထိုအရာမှာ ခရမ်းရောင် ကျောက်စိမ်းပြား ဖြစ်၏။ ဘယ်ဘက် ထိပ်ဆုံး၌  “ ဂုဏ်ထူးဆောင်” ဟု ပါရှိပြီး ဘေးဘက်တွင်  ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ အမှတ်အသား ဖြစ်သည့်  ထိပ်၌ မီးတောက်နေသော  ဆေးမီးဖို တစ်ခု ပါရှိလေသည်။

ထို့အပြင်  “ အဆင့် ၄ ဆေးလုံးဘုရင်” ဟူသော စာတန်းဘေး၌  “ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ ဂုဏ်ထူးဆောင် အကြီးအကဲ ” ဟု ပါရှိသည်။

ဘေးတွင် ကန်ကျီက မိုဝူကျီ၏ ကျောက်စိမ်းပြားကို မြင်သောအခါ သူ့မျက်နှာမှာ ဖြူဖျော့သွားလေ၏။ နဂိုကတည်းမှ ဖြူဖျော့နေသော တိပိုင်ရှန်း၏ မျက်နှာ၌မူ  သွေးအရောင်ပင် မကျန်တော့ပေ။

သူတို့တွင် ကျောက်စိမ်းပြား ရှိသော်လည်း အစိမ်းရောင် ဖြစ်၏။ သူတို့ရှေ့တွင် ရှိနေ‌သော မိုဝူကျီက ခရမ်းရောင် ကျောက်စိမ်းပြား ရှိနေ၏။

ခရမ်းရောင် ကျောက်စိမ်းပြားက ဘာကို ဆိုလိုတာလဲ ....

သူတို့က ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့မှ ဆေးလုံးဘုရင်များ ဖြစ်သောကြောင့် ထိုအရာမှာ ဂုဏ်ထူးဆောင်အဆင့် ဆေးလုံးဘုရင်ကို ရည်ညွှန်းမှန်း အားလုံးထက် ပိုသိ၏။

ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၌  ဂုဏ်ထူးဆောင် ဆေးလုံးဘုရင် ဘယ်နှယောက်များ ရှိနေလို့လဲ။

ပထမ နေရာ ရသွားသော ကုန်းယန်ရွမ်ကိုသာ ကြည့်ပါ။

လက်ရှိမှာ သူက  အဆင့် ၄ ဆေးလုံးကို ပြိုင်ဖက်ကင်းအဆင့် တစ်သုတ်လုံးရအောင် ဖော်စပ်နိုင်သော်လည်း  ဂုဏ်ထူးဆောင်အဆင့် မရရှိခဲ့ချေ။ အကယ်၍ “ ဂုဏ်ထူးဆောင်” အဆင့် ရလိုလျှင် သူ့အနေဖြင့်  အဆင့် ၈ ဆေးလုံးဧကရာဇ် စစ်ဆေးမှုကို ဖြေဆိုရန် လိုအပ်ပေသည်။

သူက အဆင့် ၈ ဆေးလုံးကို တစ်သုတ်စာလုံးအပြည့်  ပြိုင်ဖက်ကင်းအဆင့်  ဖော်စပ်နိုင်မှသာ သူက ဂုဏ်ထူးဆောင် အဆင့် ၈ ဆေးလုံး ဧကရာဇ် ဖြစ်လာမည် ဖြစ်၏။ ထိုသို့ ဖြစ်နိုင်ချေမှာ သုညနား ကပ်နေသည်။ ကုန်းယန်ရွမ်ကို မဆိုထားနှင့် ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ အထူးချွန် အပြောင်မြောက်ဆုံး ဆေးလုံးဆရာ ဧကရာဇ်ပင်  ဂုဏ်ထူးဆောင် အဆင့် မဟုတ်ချေ။

ထို့အပြင်  သူတို့ရှေ့တွင် ရှိနေသာ  ဤလူငယ်လေးက  ရိုးရိုးတမ်းတမ်း ဂုဏ်ထူးဆောင် အဆင့် ၄ ဆေးလုံးဘုရင်မျှ မဟုတ်ဘဲ  ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ ဂုဏ်ထူးဆောင် အကြီးအကဲလည်း ဖြစ်နေသေး၏။ အဆင့်အတန်းအရ ဖြစ်စေ၊ ရာထူးအရ ဖြစ်စေ မိုဝူကျီက သူတို့နှစ်ဦးထက် များစွာ ကျော်လွန်နေပေ၏။

ဤတစ်ခါ သူတို့က အကောင်ကြီးကြီးကိုမှ ပြဿနာ သွားရှာမိလေသည်။ ကန်ကျီနှင့် တိပိုင်ရှန်းတို့၏ မျက်နှာမှာ သေလုမတတ် ဖြူဖျော့နေပြီး ချွေးအေးများပင် စီးကျနေသည်။

ကန်ကျီက မြေကြီးထဲ တွင်းရှိလျှင် ခေါင်းသာ စိုက်ထားချင်လိုက်သည့် အထိ နောင်တ ရနေမိသည်။ မိုဝူကျီက  ပါရမီပါသည့် ဆေးလုံးဘုရင် ဖြစ်ရာ  ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့အနေနှင့် မည်သို့ လက်လွတ်ပေးမည်နည်း။

သူက ဘာလို့များ လောဘ အမှောင်ဖုံးလွှမ်းမိသွားတာလဲ .....

လီပင်းက  မိုဝူကျီဆီ ကျောက်စိမ်းပြားကို ရိုရိုကျိုးကျိုး ပြန်ပေးလိုက်ပြီး

“ အကြီးအကဲမို ... ဒီနှစ်ယောက်ကို ဘယ်လိုများ ဖြေရှင်းလိုက်ရမလဲဗျ ”

အကယ်၍ မိုဝူကျီသာ လုံလုံလောက်လောက် အားကောင်းနေပါက  တိပိုင်ရှန်းနှင့် ကန်ကျီတို့ကို တန်းသတ် ပစ်လောက်မိသည်။ သို့သော် သူက လုံလုံလောက်လောက် အားမကောင်း သေးသည့် အပြင် တခြားသူ၏ အင်အားကိုလည်း ယူမသုံးချင်ပေ။

မိုဝူကျိက ဘာမှ ပြန်မပြောနိုင်ခင် ကန်ကျီနှင့် တိပိုင်ရှန်းတို့က မိုဝူကျီရှေ့ လျှောက်လာကာ မြေကြီးနှင့် ထိလုမတတ် ဦးညွတ်ထားကြပြီး ပြောလိုက်သည်

“ ကျုပ်တို့က အမြင်မရှိခဲ့တာပါ။ အကြီးအကဲမိုကိုမှ စိတ်အနှောင့်ယှက် ပေးခဲ့မိပါတယ်။ အကြီးအကဲမို ကျုပ်တို့ကို အပြစ်ပေးပါ ”

ထိုအရာမှာ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ စည်းကမ်း ဖြစ်ပေသည်။ သူတို့က ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ အကြီးအကဲနှင့် အထက်ကို စိတ်အနှောင့်အယှက် ပေးမိလျှင် ခွင့်လွတ်မှု အစား ပြစ်ဒဏ်ကိုသာ တောင်းခံကြရသည်။

မိုဝူကျီက ထိုအကြောင်းကို စိတ်မဝင်စားပေ။  သူက လီပင်းနှင့် ရှုအန်းကန်တို့ကိုသာ ပြောလိုက်သည်

“ ဒီလူ နှစ်ယောက်က  ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ရဲ့ နာမည်ကို သုံးပြီးတော့  ကျုပ်ရဲ့ ယွင်ရှန့်တောင်ကြား ဝင်ခွင့်နေရာကို လက်လျှော့အောင် အတင်းကျပ် ဖိအားပေးခဲ့တယ်။

ဒီလူနှစ်ယောက်ကို ခေါ်သွားပြီးတော့ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ရဲ့ စည်းမျည်းအတိုင်း  အပြစ်ပေးလိုက်ပါ ”

“ ဟုတ်ကဲ့ ” ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ စည်းကမ်း ကြီးကြပ်ရေးမှူး နှစ်ယောက်က တုံ့ပြန်ကာ  ကန်ကျီနှင့် တိပိုင်ရှန်းတို့ကို ခေါ်ဆောင်သွားတော့သည်။

ဆေးလုံး ဘုရင်နှစ်ယောက်မှာ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၌ အဆင့်အတန်း တစ်ခု ရှိသော်လည်း  သူတို့ အဆင့်အတန်းက မည်သို့ ဖြစ်နေပါစေ  သူတို့က ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ ဂုဏ်ထူးဆောင် အကြီးအကဲကိုမှ ရန်စမိခဲ့သည်။ သူတို့က ကိုယ့်သေတွင်းကိုယ် တူးမိခြင်း ဖြစ်သည်။

ဘေးပတ်လည်မှ လူများက မိုဝူကျီသည် ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ အကြီးအကဲ ဖြစ်နေကြောင်း ကြားသည့်အခါ နားလည်သွားကြသည်။

ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့မှ လွဲ၍ ဤသို့ အံ့အားသင့်စရာ ကောင်းသည့် လူငယ် ဆေးလုံးဆရာက ထွက်ပေါ်လာနိုင်မှာလဲ

ဝမ်လျန်ရှီးက ခေါင်းကို ပို၍ ငုံ့ထားမိသည်။ မိုဝူကျီက ငယ်ငယ်ရွယ်ရွယ်ဖြင့် ထူးချွန်သော်လည်း  မောက်မာခြင်း မရှိသလို အနိုင်ထက် ပြုမူခြင်းလည်း မရှိချေ။ အကယ်၍ သူမက သူ့အပေါ် ခံစားချက် နည်းနည်းလေးမျှ မထားမိဘူးဟု ဆိုလျှင် လိမ်ညာနေခြင်းသာ ဖြစ်၏။  သူမ မိခင်၏ အကြံပြုချက်ကို ပြန်လည် ကြားယောင် လာသောအခါ သူမ စိတ်ထဲ၌ မျှော်လင့်ချက် တချို့တော့ ထားမိလေသည်။

မည်သူကများ သူတို့ရဲ့တာအို လက်တွဲဖော်ကို အင်အားကောင်းသည့်သူ မလိုချင်ရမှာလဲ .... မည်သူကများ သူတို့ရဲ့ တာအိုလက်တွဲဖော်က  လုပ်ရည်ကိုင်ရည်ရှိပြီး ထူးချွန်တာကို မလိုချင်ရမှာလဲ .....

သူမ အနေဖြင့်  ဂိုဏ်းများ၊ ကျောင်းတော်များမှ တပည့်များနှင့် ဆုံတွေ့ပွဲများ၌  ခန့်ညားချောမောသော အမျိုးသားများကို တွေ့ဖူးလေသည်။ သို့သော်လည်း မိုဝူကျီကဲ့သို့ ငယ်ငယ်ရွယ်ရွယ်ဖြင့်  ထူးချွန်လှသည့်သူကို မမြင်တွေ့ဖူးသေးပေ။

အကယ်၍ မိုဝူကျီက ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ ဂုဏ်ထူးဆောင် အကြီးအကဲ မဟုတ်လျှင် သူမအနေဖြင့် မိုဝူကျီနှင့် အနာဂတ် ရှိနေနိုင်သော်လည်း ယခုအခါ ဖြစ်နိုင်ချေ မရှိတော့ချေ။  ငယ်ငယ်ရွယ်ရွယ် လေးဖြင့် ဂုဏ်ထူးဆောင် ဆေးလုံးဘုရင်၏ အနာဂတ်မှာ တိုင်းတာ မရလောက်အောင် တောက်ပနေမည် ဖြစ်ကြောင်း  အရူးပင် သိ၏။

“ အားလုံး သွားကြပါတော့  ....” မိုဝူကျီက လက်ဝှေ့ပြကာ ပြောလိုက်သည်။

လူအုပ်ကြီးက ထွက်သွားကြသည်။ သူတို့က ဤလူငယ်ဆေးလုံး ဆရာလေးနှင့် ရင်းနှီး ကျွမ်းဝင်လိုသော်လည်း အရူးသာ နေခဲ့ပြီး   ဤဂုဏ်ထူးဆောင် ဆေးလုံးဘုရင်ကို ရန်စရဲလိမ့်မည်။

မိုဝူကျီ၏ နေရာဝင်ခွင့်ကို ရယူရန် ကြံနေကြသော ကျင့်ကြံသူ တချို့က သူတို့အကြံကို  စွန့်လွှတ် လိုက်ကြသည်။ မိုဝူကျီ၏ စွမ်းဆောင်ရည်ဖြင့်  သူတို့က ထိုသို့ လုပ်လိုက်လျှင် သူတို့ကျောင်းတော်နှင့် ဂိုဏ်းများ ဖျက်စီးခံရပြီး သူတို့ကို ခေါ်ဆောင်သွားခြင်း ခံရလိမ့်မည်။

“ အကြီးအကဲမို ... ကျမတို့ရဲ့ ရေသဘာဝ ယင်အင်မော်တယ်မြို့ကို ကူညီပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ် ”

ယန်ချင်လင်က ကျေးဇူးစကားဆိုလိုက်ပြီး ယခင်က  မိုဝူကျီနှင့် ဝမ်လျန်ရှီးတို့မှာ လိုက်ဖက် ညီသည်ဟု တွေးမိထားသော်လည်း ယခုအခါ ထိုသို့အတွေးမျိုး မရှိတော့ချေ။ မိုဝူကျီက ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ ဂုဏ်ထူးဆောင် ဆေးလုံးဘုရင် ဖြစ်သလို ဂုဏ်ထူးဆောင် အကြီးအကဲလည်း ဖြစ်ပေသည်။ ဤသို့မျိုး အဆင့်အတန်းမှာ ရေသဘာဝ ယင်အင်မော်တယ် မြို့စားထက်ပင် မြင့်မားနေသေး၏။

ဂုဏ်ထူးဆောင် အကြီးအကဲ တစ်ယောက်က အဘယ်ကြောင့်များ ဝမ်လျန်ရှီးကို ဂရုစိုက်နေမည်နည်း။  ဝမ်လျန်ရှီး၏ ရုပ်ရည်မှာ ယုံရင် အင်မော်တယ် နယ်မြေ၌ ထိပ်ဆုံးမှ တစ်ယောက် ဖြစ်သော်လည်း  အင်မော်တယ်များ အတွက် တာအိုမိတ်ဖက် ရှာသည့်အခါ ရုပ်ရည်မှာ သူတို့ ဂရုမစိုက်ဆုံး ဖြစ်ပေသည်။

ဝမ်လျန်ရှီး၏ စကားအရ  မိုဝူကျီက ထိုကြော့ရှင်းလှပသော အမျိုးသမီးမှာ ဝမ်လျန်ရှီး၏ မိခင် ဖြစ်ကြောင်း သိလိုက်သည်။ သူက မြန်မြန် နှုတ်ဆက်လိုက်လေ၏

“ စီနီယာက အားနာလွန်းနေပါပြီ။  ကျုပ်တို့တွေ အထဲသွားပြီး ပြောရအောင်လေ  ”

မိုဝူကျီက ယန်ချင်လင်က  ဝမ်လျန်ရှီးနှင့် လိုက်ပါလာခြင်းမှာ ကျေးဇူးတင်ရုံသပ်သပ် မဟုတ်ကြောင်း မှန်းဆမိလေသည်။ သူတို့က ကျောက်စိမ်းပြား တစ်နေရာစာ လိုချင်၍သာ ဖြစ်လိမ့်မည်။

မည်သို့ပင် ဖြစ်ဖြစ် သူ့တွင် နှစ်ခု ရှိသည့်အတွက် ဝမ်လျန်ရှီးကို တစ်ခုပေးလိုက်ခြင်းက ဆိုးကျိုးမရှိချေ။

“ ဟားဟား ....  အကြီးအကဲမိုက မြန်လိုက်တာဗျာ ။ ကန်ကျွင်းနဲ့ ကျုပ်က ခင်ဗျားကို လိုက်ရှာနေကြတာ။ ဒါပေမဲ့ ခင်ဗျားကို မတွေ့တော့လို့ .... အခုတော့  ကျုပ်တို့တွေ   မကြိုဆိုတဲ့ ဧည့်သည်တွေ ဖြစ်ကုန်ပါပြီ။

လမ်းမှာ အစ်ကိုဝူယွင်ရှန်းနဲ့ တွေ့လို့ အတူတူ လာလိုက်ကြတာ ” အားရပါးရ ရယ်မောသံ အဆုံးတွင် မိုဝူကျိက  ကုန်းယန်ရွမ်ကို မြင်လိုက်ရသည်။

ကုန်းယန်ရွမ် ဘေး၌ နောက်ထပ် ဆေးလုံး ဧကရာဇ် နှစ်ယောက် ပါရှိပြီး တစ်ယောက်မှာ ကန်ကျွင်း ဖြစ်ကာ နောက်တစ်ယောက်မှာ ဝူယွင်ရှန်း ဖြစ်၏။

မိုဝူကျီက ထိုလူတွေ အဘယ်ကြောင့် ရောက်လာသည်ကို ချက်ချင်း သိလိုက်၏။  သူတို့၏ ဆေးလုံးကို ကြည့်၍ မိုဝူကျီအတွက် တံခါးချပ်အသစ် ပွင့်သွားသကဲ့သို့ ဤဆေးလုံး ဧကရာဇ်များလည်း သူ့၏ ဆေးပင် သန့်စင်နှုန်းကို အံ့ဩကာ  သူ့ နည်းလမ်း  သင်ယူရန် ရောက်လာကြခြင်း ဖြစ်လိမ့်မည်။

***

All Chapters