← Chapters

အခန်း (၅၅၄)

Vol. 40 Ch. 554

အခန်း (၅၅၄)

Vol. 40 Ch. 554

“ ဆေးလုံး ဧကရာဇ်တွေ ကိုယ်တိုင် ကျုပ်နေရာအထိ လာတွေ့ရတာ ကျုပ် အမှားပါ။ တကယ်လို့ ကျုပ်လိုမျိုး သေးနုပ်တဲ့သူရဲ့ အကူအညီလိုအပ်ရင်  လူလွှတ်ပြီး ခေါ်ခိုင်း လိုက်ရောပေါ့။  ခင်ဗျားတို့လို အရေးကြီး ပုဂ္ဂိုလ် ကိုယ်တိုင် ဘာကြောင့်များ အလုပ်ရှုပ် စေရမှာလဲ ” မိုဝူကျီက အပြင်ပန်းတွင် စိတ်အား တက်ကြွသည့်ပုံ ပေါ်နေပြီး နှုတ်ဆက်လိုက်သည်။

မိုဝူကျီက ထိုသို့သာ ပြောလိုက်သော်လည်း အကယ်၍ ဤဆေးလုံး ဧကရာဇ်များက  သူ့ကို စာတစ်စောင် ပို့၍ ဖိတ်ကြားမည်ဆိုလျှင် ထိုအရာကို မရှိသည့်အရာကဲ့သို့ သဘောထားမည် ဖြစ်၏။

သူက လက်ရှိ ဂုဏ်ထူးဆောင် အဆင့်  ၅ ဆေးလုံးဘုရင် ဖြစ်နေသော်လည်း အချိန် ကျလာသည့်အခါ သေချာပေါက် သူတို့ကဲ့သို့ ဆေးလုံး ဧကရာဇ် ဖြစ်လာလိမ့်မည်။ ထို့အပြင် ဤဆေးလုံး ဧကရာဇ်များက သူ့လမ်းညွှန်မှု တောင်းခံရန် ရောက်လာသည့် အတွက် သူတို့ အဆင့်အတန်းမှာ  ယန်ချင်လင်ထက် ပိုမြင့်မားသည်ဟု မတွေးထားပေ။

ယန်ချင်လင်က ဝမ်လျန်ရှီး၏ မိခင် ဖြစ်ပြီး ဝမ်လျန်ရှီးက သူ့အသက်ကို တစ်ကြိမ် ကယ်တင် ခဲ့ဖူးသည်။ ထို့အပြင်  မိုဝူကျီက ဝမ်လျန်ရှီး၏ အကျင့်စရိုက်ကို အမှန်တကယ် လေးစား၍ ယန်ချင်လင်ကို  စီနီယာဟုပင် ခေါ်ဆိုဖို့ရာ ဆန္ဒရှိပေသည်။

သို့သော်လည်း ဤဆေးလုံး ဧကရာဇ်များက သူ့ဆီမှ သင်ယူရန် ရောက်လာကြသည့် အတွက်  သူ့အနေဖြင့် သူတို့ကို သူ့အား ဆရာဟု ပြန်ခေါ်ဆိုရန် မတောင်းဆိုခြင်းကပင် အတော်လေး ကြင်နာလွန်းနေပြီ ဖြစ်၏။ သူတို့အား စီနီယာဟု ခေါ်ဝေါ်ရန် မိုဝူကျီက အလိုမရှိသေးပေ။

“ဟားဟား .... အစ်ကိုမို .... ကျုပ်တို့လည်း ခင်ဗျားကို  အကြီးအကဲလို့ မခေါ်တော့ဘူးလေ။ ခင်ဗျားလည်း ကျုပ်တို့ကို အရေးကြီး ပုဂ္ဂိုလ်တွေဆိုပြီး တွေးမနေပါနဲ့။ အဲဒါက ကျုပ်တို့ကို အလှမ်းဝေး သွားစေတယ်ဗျာ။  အားလုံး ညီအစ်ကိုလို့ပဲ ခေါ်ကြတာပေါ့။  အဲလိုဆိုရင် ဘယ်လိုလဲ  ”

ကုန်းယန်ရွမ်က  အတွေ့အကြုံအများဆုံး ဖြစ်၍  မိုဝူကျီက သူတို့ကို ယဉ်ကျေးစွာ ပြုမူနေသော်လည်း သူ့လေသံ၌ လေးစားမှုများ လစ်ဟာနေသည်ကို မည်သို့ သတိမပြုမိဘဲ နေမည်နည်း။

ထိုအရာမှာ ဤအကြီးအကဲမိုက သူတို့ကို  စီနီယာအဖြစ် မသတ်မှတ်ဘဲ အဆင့်တူ အဖြစ် ယူဆထားခြင်း သက်သေပင် ဖြစ်၏။

“ ဒီလိုဆိုမှတော့ ဒီအတိုင်း ခေါ်ကြတာပေါ့။ အစ်ကိုကြီးတို့က ဒီနေရာ ရောက်လာကြတာ ဆိုတော့ ကျုပ်နဲ့အတူတူ အထဲ လိုက်ခဲ့ပါ့လား ” မိုဝူကျီက လက်ကို ဝေ့ကာ  ကြိုဆိုသည့်  အမူအရာ ပြလိုက်သည်။

ဆေးလုံး ဧကရာဇ် သုံးယောက် ရောက်လာသည်ကို မြင်၍ ယန်ချင်လင်က  သူတို့ကြား၌ အဆင့်အတန်း ကွာခြားမှုကြီးကို သတိထားမိပြီး မြန်မြန် ပြောလိုက်သည်။

“အကြီးအကဲမိုလည်း အခု အလုပ်ရှုပ်နေတာဆိုတော့ ကျမတို့လည်း ကျေးဇူးစကားပြောဖို့ တစ်ရက်ရက်မှ ပြန်လာခဲ့ပါ့မယ် .... ”

မိုဝူကျီက အားရပါးရ ရယ်မောလိုက်ရင်း

“ လျန်ရှီးနဲ့ ကျုပ်နဲ့လည်း မိတ်ဆွေတွေပါ။  သူမက ကျုပ်အသက်ကို တစ်ခါ ကယ်ခဲ့ဖူးတယ်။ အားလုံး အတူတူ ရောက်နေမှတော့ အတူတူ ဝင်ကြတာပေါ့ ”

မိုဝူကျီက ဆေးလုံး ဧကရာဇ်များနှင့် စကားပြောဆိုချင်နေသော  တန်လျန့်၏  အလိုဆန္ဒကို သတိပြုမိလိုက်သည်။ မိုဝူကျီ၏ စကားတစ်ခွန်းမှာ တန်လျန့် တစ်ဘဝလုံး၌ လုံးဝ အိပ်မက် မမက်ဖူးသည့် ကိစ္စကြီးတစ်ခု ဖြစ်မြောက် သွားစေနိုင်သောကြောင့် ဤမိတ်ဆွေလေးကို အဘယ်ကြောင့် ပစ်ထားရမည်နည်း။

မိုဝူကျီက သူတို့ကို  ဖိတ်ကြား လိုက်သောကြောင့် ယန်ချင်လင်လည်း မငြင်းဆန် နေတော့ပေ။ မည်သို့ပင် ဆိုစေကာမူ  ဆေးလုံး ဧကရာဇ်များနှင့် စကားပြောနိုင်ခြင်းမှာ သူတို့အတွက် မျက်စိပွင့်၊ နားပွင့် စေမည့် အတွေ့အကြုံကောင်း တစ်ခု ဖြစ်လာစေလိမ့်မည်။

မိုဝူကျီက ဆေးလုံး ဧကရာဇ်များကို ခေါ်ဆောင်သွားသည်ကို ကြည့်ပြီး တည်းခိုဆောင်ထဲမှ လူအားလုံးက  အားကျစွာ ကြည့်လိုက်ကြသည်။ ဆေးလုံး ဧကရာဇ် တစ်ယောက် မည်သည့်နေရာ ရောက်နေစေကာမူ  သူ့အနီးအနားမှ လူအားလုံးက လေးလေးစားစား ဆက်ဆံကြရသည်။

ယွဲ့ကွေ့ တည်းခိုဆောင်၏ တာဝန်ခံက စိတ်လှုပ်ရှားစွာ တုန်လှုပ်နေမိသည်။ သူတို့ ယွဲ့ကွေ့ တည်းခိုဆောင်မှာ ယုံရင် အင်မော်တယ် နယ်မြေ၌  အတော်လေး ကောင်းမွန်သော်လည်း  ယုံရင် အင်မော်တယ် နယ်မြေ၌  ပိုကောင်းသည့် တည်းခိုဆောင်များ ရှိနေသေးသည်။

ဤနေရာ သူတို့၏ ယွဲ့ကွေ့တည်းခိုဆောင်သို့ ဆေးလုံး ဧကရာဇ် သုံးယောက် ရောက်ရှိ လာသည်။ သူက ဘယ်လို ချီးမြောက်မှုမျိုး ခံယူနေရတာများလဲ။ ထို့အပြင် ဤဆေးပညာပြိုင်ပွဲ၌ ထိပ်ဆုံးလေးယောက်က သူတို့ ယွဲ့ကွေ့တည်းခိုဆောင်ထဲ ရောက်ရှိနေခြင်း ဖြစ်၏။

တာဝန်ခံက မိုဝူကျီတို့ကို ယွဲ့ကွေ့တည်းခိုဆောင် အနေနှင့်  အကောင်းဆုံး  အင်မော်တယ် လက်ဖက်ရည်ကြမ်းနှင့် မုန့်သရေစာများကို အလကား ဧည့်ခံပေးမည့် အကြောင်း ပြောချင်သော်လည်း သူက အလောတကြီး မပြုမူရဲပေ။

မိုဝူကျီက ဆေးလုံး ဧကရာဇ် မဖြစ်သေးသော်လည်း  သူက ဂုဏ်ထူးဆောင် ဆေးလုံးဘုရင် ဖြစ်သလို ဂုဏ်ထူးဆောင် အကြီးအကဲ တစ်ဦးလည်း ဖြစ်၏။ ဤအဆင့်အတန်းမှာ ဆေးလုံး ဧကရာဇ်ထက် နိမ့်ကျနေခြင်း မရှိပေ။ ထို့ကြောင့် မိုဝူကျီနှင့် ကျန်ဆေးလုံး ဧကရာဇ်များကို နှောင့်ယှက်မည် မဟုတ်ပေ။

မိုဝူကျီက သူ့အခန်း ပြန်ရောက်သည့်အခါ  လင်းဂူလည်း ပြန်ရောက်နေပြီ ဖြစ်ကြောင်း သတိပြုမိလိုက်သည်။ သူမက  မိုဝူကျီတွင် ဧည့်သည်ပါလာမှန်း သိ၍  ဧည့်ခံဖို့ရာ အင်မော်တယ် လက်ဖက်ရည်ကြမ်းတချို့ကိုပင်  ပြင်ဆင်ထားသေး၏။

ယန်ချင်လင်က မိုဝူကျီ၏ နေရာ၌ နှစ်လိုဖွယ် အမျိုးသမီးလေးကို မြင်လိုက်ရသည့်အခါ သူမက မမေးသင့်မှန်း သိသော်လည်း  မနေနိုင်ဘဲ မေးလိုက်သည်

“ အကြီးအကဲမိုက သူမက   ...  ”

မိုဝူကျီက ပြုံးကာ  “ ဒါက လင်းဂူ  ...   ကျုပ်ရဲ့ မိတ်ဆွေပါ။  ကျုပ်က သူမဆီကနေ အကူအညီ လိုနေတာမလို့  သူမလည်း ဒီမှာ နေနေတာ ”

ဤနေရာတွင် လူများစွာရှိနေပြီး ဆေးလုံး ဧကရာဇ်များပင် ရှိနေသောကြောင့် ယန်ချင်လင်က  မိုဝူကျီနှင့် အရမ်းမရင်းနှီးသည့် အတွက်  ဆက်မေးရန် မသင့်တော်ကြောင်း သိလိုက်သည်။

ကုန်းယန်ရွမ်က အတွေ့အကြုံအများဆုံး ဖြစ်သောကြောင့် ယန်ချင်လင်၏ စိုးရိမ်မှုများကို စိတ်ထဲ မထားဘဲ ရိုးရိုးတမ်းတမ်း နှုတ်ဆက်လိုက်လေ၏။ ထို့နောက် သူက မေးမြန်းလိုက်သည်

“ အစ်ကိုမိုရဲ့ ဆေးပင်တွေအပေါ် သန့်စင်နိုင်စွမ်းက ကျုပ်တို့တွေ ဘယ်တော့မှ မရောက်နိုင်တဲ့ အရာပဲ .. ကျုပ်တို့တွေ လာတွေ့တာက အစ်ကိုမိုရဲ့ လမ်းညွှန်မှုလေး လာရောက် တောင်းတာပါ ”

မိုဝူကျီက ထိုအကြောင်းကို သိထားပြီးသား ဖြစ်၍ တုံ့ဆိုင်းခြင်း မရှိ ပြန်ဖြေလိုက်သည်

“ ကျုပ်က  သူများကို  ပြန်ညွှန်ပြနိုင်ဖို့ မထိုက်တန်သေးပါဘူးဗျာ။ ဒါပေမဲ့  ဗဟုသုတချင်း လဲလှယ်ဖို့တော့ စိတ်ဝင်စားပါတယ်။ ကျုပ်က သန့်စင်မှုနဲ့ ပတ်သက်လာရင်  သိထားပေမဲ့ ဆေးလုံး တာအိုကျ ဒီက အစ်ကိုကြီးတွေထက် နောက်ကျနေပါသေးတယ်။

ကျုပ်လည်း ခင်ဗျားတို့သုံးဦးဆီက လမ်းညွှန်မှု ပြန်ရဖို့ မျှော်လင့်မိပါတယ်  ”

ထိုအရာမှာ ဗဟုသုတနှင့် နားလည်မှုများကို လဲလှယ်ရုံနှင့် ညီမျှပြီး မိုဝူကျီ၏ စွမ်းဆောင်ရည် များမှာ တစ်ညတည်းဖြင့် ရရှိလာခြင်း မဟုတ်ပေ။

မိုဝူကျီက သူ့ကိုယ်ပိုင် ကျင့်စဉ်ကို ဖန်တီးပြီး ကျင့်ကြံဖို့ရာ ချီသွေးကြောများ ဖွင့်ခဲ့သေး၏။ ဆေးလုံးတာအိုနှင့် သန့်စင်မှုတို့၏ နားလည်နိုင်စွမ်းမှာ  တခြားသူများ၏ နားလည်နိုင်စွမ်းထက် ပိုမို ထူးခြားပေသည်။

သူ စတင်ရှင်းပြ လိုက်သည်နှင့် ဆေးလုံး ဧကရာဇ်တချို့မှာ မိုဝူကျီက သူတို့အတွက် ဆေးလုံးတာအို နားလည်နိုင်စွမ်းနှင့်အတူ အထူးသဖြင့်  သန့်စင်မှုနှင့် ပတ်သက် လာလျှင် လမ်းကြောင်း အသစ် ပြလိုက်သကဲ့သို့ ဖြစ်၏။

သူတို့က မိုဝူကျီ၏ ဗဟုသုတ ဝေမျှမှု၌ မျှောပါသွားကြပြီး ကုန်းယန်ရွမ်ပင် စိတ်လှုပ်ရှားစွာ ခေါင်းပင် ကုတ်မိသွားသေး၏။

ကုန်းယန်ရွမ်သာလျှင် မဟုတ်ပေ။ ကျန်သော ဆေးလုံး ဧကရာဇ် နှစ်ဦး ဖြစ်သည့် ဟန်ကျွင်းနှင့် ဝူယွင်ရှန်းတို့လည်း မိုဝူကျီ၏ နားလည်နိုင်စွမ်း၌ ညှို့ယူဖမ်းစား ခံလိုက်ရပြီး သူတို့စိတ်ထဲမှ မိုဝူကျီအတွက် နောက်ဆုံး သံသယအမျှင်လေးမှာ ပျောက်ကွယ်သွားလေ၏။

ဤနေရာသို့ ယန်ချင်လင်နှင့်အတူ ရောက်ရှိလာသော တန်လျန့်မှာ ပို၍ နစ်မျှောနေမိပြီး တုန်ယင်နေမိသည့် အထိ စိတ်လှုပ်ရှား နေမိသည်။ သူက ဆေးလုံး တာအိုကို စတင် လေ့လာစဉ် ကတည်းမှ အင်မော်တယ်ဆေးပင်များကို သန့်စင်ရာ၌  သဘောတရားအသစ်ကို နားမလည်ဖူးပေ။

မိုဝူကျီက  သင်ကြားနိုင်စွမ်း ကောင်းမွန်သော်လည်း သူက သင်ယူနိုင်စွမ်းကိုလည်း မေ့လျော့ မထားပေ။ ခဏတာ ရှင်းပြပြီးနောက် သူက သူက ဆေးလုံး ဖော်စပ်ခြင်းအကြောင်း ခေါင်းစဉ် ပြောင်းလိုက်သည်။

ဆေးလုံး ဧကရာဇ် သုံးယောက်လုံးက  မိုဝူကျီကို အစကတည်းက တချို့အချက်လေးတွေ ထောက်ပြပေးရန် တွေးထားကြသော်လည်း  ဆေးလုံး တာအိုအကြောင်း ဝေမျှပြောသည့်အခါ မိုဝူကျီက  သူတို့အရင် သင်ယူဖူးသည်ထက် အားမနည်းသော တချိုအချက်များကို ကောက်ချက်ချ အဖြေ ထုတ်လိုက်သည်။ ဆေးလုံး ဧကရာဇ် သုံးယောက် ရည်ရွယ်ထားသည့် အတိုင်း မဟုတ်တော့ဘဲ  ပိုမိုများပြား ကျယ်ပြန့်သည့် အတိုင်းအတာအထိ ရောက်ရှိသွားကြသည်။

ဆေးလုံးဆရာ ငါးယောက်က ဆွေးနွေးမှုကြား နစ်မျှောနေကြကာ အားလုံးက အသစ်အဆန်းများကို သင်ယူဖို့ စိတ်အားထက်သန် နေကြသည်။ စကားအပြောဆုံးသူမှာ မိုဝူကျီ ဖြစ်ပြီး တိတ်ဆိတ်နေဆုံးသူမှာ တန်လျန့် ဖြစ်၏။ သူ့ဆေးလုံးတာအိုက အားအနည်းဆုံး ဖြစ်သောကြောင့် သူက ဆက်တိုက် နားထောင်နေရ၏။

ဘေးတွင် ထိုင်နေကြသော ယန်ချင်လင်၊ ဝမ်လျန်ရှီးနှင့် လင်းဂူတို့က ဆေးလုံး ဧကရာဇ် သုံးယောက်အပေါ်   မိုဝူကျီ၏ သင်ကြားနိုင်စွမ်းကို ကြည့်၍ အံ့ဩနေကြသည်။ သူတို့က စတင်၍ ပျင်းရိလာကြ၏။ ဆေးလုံး တာအိုအကြောင်း နက်နက်နောနော ဆွေးနွေးမှုများမှာ သူတို့ကဲ့သို့ မကျွမ်းကျင် သူများအတွက် နားလည်နိုင်မည့် အရာ မဟုတ်ပေ။

စိတ်အားငယ်မှုကို ခံစားရပြီး သုံးယောက်သားက အဝေးသို့ ရွေ့သွားပြီး   အခြားအခန်းထဲ၌ စတင် စကားစမြည် ပြောကြတော့သည်။

ယန်ချင်လင်က လင်းဂူသည် မိုဝူကျီနှင့် ဘာမှ မပတ်သက်မှန်း သိရှိပြီးနောက် လင်းဂူသည် သူမ မိခင်၏ ကျန်းမာရေးအတွက် မိုဝူကျီကို ဖိတ်ကြားထားမှန်း သိလိုက်ရသည်။

ယန်ချင်လင်က မိုဝူကျီ၏ အကျင့်စရိုက်ကို ပို၍ နှစ်သက်မိသွားသည်။ အကြောင်းမှာ သူက ကူညီပေးရမည့်သူ ဖြစ်သော်လည်း လင်းဂူ၏ အကူအညီလိုအပ်နေသည်ဟုသာ ပြောခဲ့လေသည်။ ဝမ်လျန်ရှီးကို ကူညီပေးသကဲ့သို့  မိုဝူကျီသည်  သူရဲကောင်းလုပ်ဖို့ရာ စိတ်ကူးမရှိချေ။

ဆေးလုံး ဧကရာဇ်သုံးယောက်၊ တန်လျန့်နှင့် မိုဝူကျီတို့က  ဆွေးနွေး လိုက်ကြသည်မှာ နှစ်ရက်တာ ကြာမြင့်သွားလေ၏။ မိုဝူကျီက ယွင်ရှန့်တောင်ကြား ဖွင့်မည့်ကိစ္စကိုသာ အာရုံမစိုက် နေရပါက  ဆွေးနွေးမှုများမှာ ရက်အတော်ကြာ ကြာမြင့်သွားနိုင်သည်။

ကုန်းယန်ရွမ်က မိုဝူကျီအနေဖြင့် ယွင်ရှန့်တောင်ကြားဆီ ဝင်ရန် စိတ်ကူးထားသည်ကို သိ၍ မိုဝူကျီ၏ ဆွေးနွေးမှု ပြီးဆုံးသွားသည့် နောက်တွင် သူက အရင်ဦးဆုံး လက်ဦးမှု ယူကာ လက်နှစ်ဖက် ယှက်လျက်

“ အသက်အရွယ်က ဘယ်လိုဖြစ်ဖြစ်  ပိုသိတဲ့သူက ဆရာသမားပါပဲ။ ဒီဆွေးနွေးမှု အတွင်းမှာ အစ်ကိုမိုရဲ့ ကျုပ်ကုန်းယန်ရွမ်ရဲ့ ဆရာသမားပါ ”

ဟန်ကျွင်းနှင့်ဝူယွင်ရှန်းတို့လည်း မိုဝူကျီကို ကျေးဇူး တင်လိုက်ကြသည်။ အကြောင်းမှာ ဤတစ်ကြိမ်၌ သူတို့ အကျိုးမြတ်မှာ သူတို့ မျှော်မှန်းထားသည်ထက် များစွာ သာလွန် နေသောကြောင့် ဖြစ်၏။

မိုဝူကျိက ရယ်မောကာ

“ ခင်ဗျားတို့ သုံးယောက်လုံးက အစကတည်းက  လုပ်နိုင်စွမ်း ရှိတဲ့သူတွေမလို့ ကျုပ်အနေနဲ့ ဘာမှ မရှင်းပြလိုက်ရပါဘူး။ အစ်ကိုတို့ဆီကလည်း  ပြန်သင်ယူ လိုက်ရပါတယ်။

ဒီတစ်ခေါက် တွေ့ဆုံမှုကနေ ကျုပ်လည်း အကျိုးမြတ် ရခဲ့ပါတယ်။ အခုတော့ ယွင်ရှန့်တောင်ကြားကို သွားရမှာမလို့ နောင် အခွင့်ကြုံရင် ပြန်တွေ့ကြတာပေါ့ ”

ဆေးလုံး ဧကရာဇ် သုံးယောက်မှာ မိုဝူကျီကို  နှုတ်ဆက်ပြီး ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ချုပ်ထံ အင်တင်တင်ဖြင့် ပြန်သွားရလေသည်။

မိုဝူကျီက သူ့အကျိုးရလဒ်မှာ သူတို့ထက် မလျော့နည်းကြောင်း ပြောစဉ်က လိမ်ညာနေခြင်း မဟုတ်ပေ။ သူ့၌ အဆင့်  ၆ အင်မော်တယ် ဆေးပင်များ လုံလုံလောက်လောက် ရှိသရွေ့ အချိန်တိုအတွင်း အဆင့် ၆ ဆေးလုံးဘုရင်အဖြစ် တက်လှမ်းနိုင်မည် ဖြစ်ကြောင်း ယုံကြည်သည်။ ထို့အပြင်  နောင် သူ ဖော်စပ်သော ပြိုင်ဖက်ကင်း အဆင့် ဆေးလုံးများမှာ နောက်တစ်ဆင့် တက်သွား ပေလိမ့်မည်။

ဆေးလုံး ဧကရာဇ် သုံးယောက်ကို လိုက်ပို့လိုက်ပြီးနောက် မိုဝူကျီက ယန်ချင်လင်ကို အားနာစွာ ပြောလိုက်သည်

“ စီနီယာယန် .... ကျုပ် ဒီနှစ်ရက်လုံးလုံး လျစ်လျူရှုမိသလို ဖြစ်သွားတာ အားနာပါတယ်ဗျာ ”

ထိုသို့ပြောပြီးနောက် မိုဝူကျီက ယွင်ရှန့်တောင်ကြား ဝင်ခွင့် ကျောက်စိမ်းပြား တစ်ပြားကို ထုတ်ကာ

“ ဒါက ယွင်ရှန့်တောင်ကြား ဝင်ခွင့်ပါ။ စီနီယာ လက်ခံဖို့ မျှော်လင့်ပါတယ် ”

ယန်ချင်လင်က  မြန်မြန် ငြင်းဆန်လိုက်ပြီး

“ အကြီးအကဲမို ... ကျမက ဒီကို ယွင်ရှန့်တောင်ကြား ဝင်ခွင့်ကြောင့် ရောက်လာတာ မဟုတ်ပါဘူး။  လျန်ရှီးနဲ့အတူတူ ကျေးဇူးစကား လာပြောတာပါ။ ပြီးတော့ ဆေးလုံး ဘုရင်တန်က ဒီတစ်ခေါက်ကနေ အတော်လေး ပညာရလိုက်တဲ့ပုံပဲ ”

တန်လျန့်က သက်ပြင်းချကာ

“ ဆေးလုံးဆရာမိုနဲ့ဆေးလုံး ဧကရာဇ်တွေကြားက ဆွေးနွေးမှုကို နားထောင်ပြီးတော့ ကျုပ်က ဆေးလုံးတာအိုနဲ့ ပတ်သက်လာရင် ရေအိုင်ထဲက ဖားငယ်ပမာ ဖြစ်နေတာကို သတိပြုမိ လိုက်တယ် ”

မိုဝူကျီက မြန်မြန်  ပြန်ဖြေလိုက်ရသည်။

“  စီနီယာယန် .... ကျုပ်ကို လျန်ရှီးရဲ့မိတ်ဆွေ အနေနဲ့ သဘောထားပေးပါ။ စီနီယာအနေနဲ့ ကျုပ်ကို အကြီးအကဲလို့ ခေါ်စရာ မလိုပါဘူး။ ကျုပ်နာမည်ကို ခေါ်ရင် ရပါပြီ။ စီနီယာယန်က ယွင်ရှန့်တောင်ကြား ဝင်ခွင့်ကို မယူမှတော့ ကျုပ်ပဲ သိမ်းထားလိုက်ပါ့မယ် ”

သူနှင့်အတူ ရှိနေသော ကျောက်စိမ်းပြား နှစ်ခုကို  မိုဝူကျီက အလကား ဖြစ်စေရန် မရည်ရွယ်ထားပေ။ ယွင်ရှန့်တောင်ကြား၌ သူ့အတွက် ဆေးပင်ပိုရှာပေးနိုင်မည့် လင်းဂူကို ပေးရန် ဆုံးဖြတ်လိုက်သည်။ သူမ အားထုတ်မှုအတွက် တန်ဖိုးကြီး ဆေးလုံးတချို့ ပြန်ပေးလိုက်မည်။

အင်မော်တယ်ဆေးပင်များ ရှာရာ၌  တစ်ယောက်ထက်စာလျှင်  နှစ်ယောက်က ပို၍ ကောင်းပေသည်။ ကျင့်ကြံဆင့် နိမ့်နေခြင်းမှ လွဲ၍ သူ့အနေနှင့် ထိပ်တန်း ဆေးပင်များ လစ်ဟာနေလေ၏။

“ ဟုတ်ပါပြီ ဝူကျီ ... အဲဆို ဒီအတိုင်းပဲ ခေါ်ပါ့မယ် ”  ယန်ချင်လင်က မငြင်းတော့ဘဲ မိုဝူကျီ၏ နာမည်အရင်းကိုသာ ခေါ်လိုက်တော့သည်။

ထိုသို့ပြောပြီးနောက် သူမက တစ်ခုခု တွေးမိသွားဟန်ဖြင့်  ပြုံးကာ မေးလိုက်သည်

“ ဝူကျီ ..... မင်းက  အတော်လေး ငယ်သေးတာဆိုတော့ မင်းဆီမှာ တာအိုလက်တွဲဖော်များ ရှိနေပြီလား ”

မိုဝူကျီက လူအကဲခတ် မညံ့ပေ။  ယန်ချင်လင်၏ မေးခွန်းကို ကြားပြီးနောက်  ဝမ်လျန်ရှီး တစ်ယောက် ခေါင်းငုံ့ သွားသည်ကို တွေ့လိုက်ရသောကြောင့် ယန်ချင်လင်၏ မေးခွန်းနောက်မှ အဓိပ္ပာယ်ကို သဘောပေါက် လိုက်သည်။

အရိုးသားဆုံး ပြောရလျှင်  ဝမ်လျန်ရှီးက မိန်းမကောင်းလေး ဖြစ်သော်လည်း နှမြောစရာ ကောင်းသည်က မိုဝူကျီ၏ နှလုံးသားမှာ သူနှင့် အတူ မရှိတော့ချေ။ အခုချိန် သူ အလုပ်ချင်ဆုံး အရာမှာ ချိန်စုယင်အား အသက်ပြန်သွင်းရန် ဖြစ်၏။

မိုဝူကျီက မြန်မြန် တုံ့ပြန် လိုက်သည်။

“ ကျုပ်မှာ တာအို လက်တွဲဖော် ရှိပါတယ်။ အခုတော့ သူမနဲ့ မတွေ့နိုင်သေးပေမဲ့ တစ်ရက်ကျ သေချာပေါက် မိတ်ဆက် ပေးပါ့မယ် ”

မိုဝူကျီက ချိန်စုယင်ကို  အသက်ပြန်သွင်းနိုင်မည့် အကြောင်း သေချာ ယုံကြည် နေသောကြောင့် ယုံကြည်ချက် ရှိစွာ ပြောလိုက်သည်။ ယန်ချင်လင်လည်း မိုဝူကျီ၏ တာအို လက်တွဲဖော်မှာ  ကျင့်ကြံခြင်းကမ္ဘာမှ မရောက်လာသေးကြောင်း နားလည်သွား၏။ သူမ သမီးကို ကြည့်လိုက်ရင်း မျက်လုံး၌ စိတ်ပျက်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားလေ၏။

ဝမ်လျန်ရှီးက မိုဝူကျီကို နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးနေခြင်း မဟုတ်သော်လည်း  မိုဝူကျီ၏ စကားကို ကြားသောအခါ သူမအနေနှင့် အနည်းငယ် စိတ်ပျက်မိသွားသည်။ သို့သော်လည်း သူမက ကိုယ့်ဘာသာ ပြန်ထိန်း နိုင်လိုက်၏။ အစကတည်းမှ သူတို့နှစ်ယောက်ကြားတွင် ဘာဆိုဘာမှ မရှိခဲ့ချေ။

“ အဲဆို ဒီမှာပဲ နှုတ်ဆက် လိုက်ပါ့မယ်။ ကျမတို့ ရေသဘာဝ ယင်အင်မော်တယ်မြို့က  အကြီး ... ဝူကျီကို အမြဲတမ်း ကြိုဆိုနေမှာပါ ”

ယန်ချင်လင်က  သားမက်ရှာရန် ရောက်လာခြင်း ဖြစ်ကာ မိုဝူကျီတွင် တာအိုလက်တွဲဖော် ရှိနေပြီ ဖြစ်သည့်အတွက်  သူမအနေဖြင့် ပြောစရာ မရှိတော့ချေ။

မိုဝူကျီလည်း ထရပ်လိုက်ပြီး

“ စီနီယာယန်ကိုလည်း ကျေးဇူးတင်ပါတယ်။ ကျုပ်က စူးခရာ အင်မော်တယ် မြို့ဟောင်းမှာ ဆေးဆိုင် ဖွင့်ထားပါတယ်။ ဆေးလိုတဲ့အချိန်တိုင်း  ကျုပ်ကို လာရှာလို့ ရပါတယ်”

All Chapters