← Chapters

အခန်း (၅၅၅)

Vol. 40 Ch. 555

အခန်း (၅၅၅)

Vol. 40 Ch. 555

ယွင်ရှန့်တောင်ကြားက ယုံရင် အင်မော်တယ်မြို့နှင့် သိပ်မကွာဝေးပေ။ တစ်ယောက်တည်း ပျံသန်းသွားလျှင်  မိုဝူကျီအနေနှင့် အများဆုံးနေ့ဝက်ခန့်သာ ကြာမြင့်လေ၏။

မိုဝူကျီနှင့် လင်းဂူတို့က ယွင်ရှန့်တောင်ကြားဆီ ရောက်လာသည့်အခါ ဤနေရာ၌ ကျင့်ကြံသူ မျိုးစုံနှင့် ပြည့်နှက် နေလေပြီ။ မိုဝူကျီက ဤသို့သော အခြေအနေမျိုးနှင့် ကြုံတွေ့ပါ များနေသည့် အတွက် အင်မော်တယ်ဆေးပင်များ ပေါများကြွယ်ဝသည့် နေရာ ဖွင့်သည့်အချိန်တိုင်း အပြင်ဘက်၌ ဤသို့  လူပြုံကျနေတတ်သည်ကို နေသားကျလေပြီ ဖြစ်၏။

ထို့အပြင် ယွင်ရှန့်တောင်ကြားက အဆင့်မြင့် ဆေးပင်များနှင့် ပြည့်နေပြီး ရှားရှားပါးပါး ဖွင့်ခြင်း ဖြစ်၏။ လူတစ်ရာထက် နည်းသည့် အရေအတွက် လက်ခံထားသည် ဖြစ်သော်လည်း ဤနေရာရှိ စီးပွားရေး သမားများ အရေအတွက်မှာ ဩချရလောက်သည်။ အင်မော်တယ်လောက တစ်ခုလုံး၌  ထိပ်တန်း ကုန်သည် အိမ်တော်နီးပါးတိုင်း ဤနေရာသို့ ရောက်ရှိနေလေပြီ။

အကြောင်းမှာ ယွင်ရှန့်တောင်ကြား ပွင့်လာမည့် အချိန်ဖြစ်ပြီး အချိန်ကျလာသည်နှင့် ယွင်ရှန့်တောင်ကြားက အလိုလို ပွင့်လာလိမ့်မည် ဖြစ်၏။ အကယ်၍ ယုံရင်အင်မော်တယ် နယ်မြေက အချိန်မဟုတ်ဘဲ ဖွင့်လိုပါက  သတ်မှတ်သည့် အချိန်ကာလနှင့် သုံးနှစ် ကာလအတွင်း ဖြစ်ရမည်။

စောစီးစွာ ဖွင့်ဖို့ရာ  အင်မော်တယ် ဝိညာဉ် သွေးကြောများစွာ လိုအပ်ပြီး ယုံရင်အင်မော်တယ် နယ်မြေ၏ ကောင်းကင် ဧကရာဇ်က သတ်မှတ်ချိန်ထက် စောဖွင့်ဖို့ရာ အင်မော်တယ် ဝိညာဉ် သွေးကြော ဆယ်ခု သုံးထားရလေ၏။ ထိုသည်မှာ ကောင်းကင် ဧကရာဇ်အနေနှင့် မည်မျှ အလျှင်လိုနေကြောင်း သိသာနိုင်ပေသည်။

ယွင်ရှန့်တောင်ကြား  ပတ်လည်၌ ချထားသော အတားအဆီးများမှ အပြင်ဘက်ရှိ ကျင့်ကြံသူ လူအုပ်ကြီးက  သိပ်သည်းမှု တိုးမြင့်လာသော အင်မော်တယ် စွမ်းအားများကို ခံစားမိလာကြသည်။

မိုဝူကျီက ဆေးပညာပြိုင်ပွဲ၌ တတိယမြောက် ဖြစ်သည့်အပြင် ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏  ဂုဏ်ထူးဆောင် အကြီးအကဲလည်း ဖြစ်သောကြောင့် ကျင့်ကြံသူ အများစုက သူ ရောက်လာသည်နှင့် နှုတ်ဆက်ရန် ရောက်လာကြလေ၏။

“ ဒါက ငယ်ငယ်ရွယ်ရွယ်နဲ့ အလားအလာကောင်းတယ်ဆိုတဲ့ ဆေးလုံးဆရာမို မလား ” ကြည်လင် ပြတ်သားသည့် အသံတစ်သံ ထွက်ပေါ်လာပြီး အင်မတန် သပ်ရပ်သည့် အမျိုးသားက အပြုံးချိတ်ဆွဲရင်း ထွက်ပေါ်လာသည်။

ထိုသူမှာ မျက်လုံးမှေးမှေးနှင့်  အရပ်ရှည်ရှည် ကျင့်ကြံသူ ဖြစ်ပေသည်။

သူက အင်မတန် သေသပ်ကာ ရှင်းသန့်နေသော်လည်း ထိုလူကို ကြည့်ရုံဖြင့်  မိုဝူကျီက မသက်မသာ ခံစားလာမိသည်။ သူ့ခန္ဓာပေါ်  ခူကောင်များ ရွစိတက််နေသည့်အလား ခံစားနေရပြီး အော်ဂလီ ဆန်လာလေသည်။

ထို့အပြင် ဤလူ၏ ကျင့်ကြံဆင့်မှာ မယုံနိုင်လောက်ဖွယ် အခြေအနေ ရောက်ရှိနေပြီ ဖြစ်ပြီး မိုဝူကျီက  သူ့ကျင့်ကြံဆင့်မှာ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ် စူးခရာ အဖွဲ့ခွဲ၏ ဒုခေါင်းဆောင်နှင့် မုရုန်ရှန်းယွီ၏ ဆရာတို့ထက် ပိုမြင့်ကြောင်း မှန်းဆမိသည်။

ဤလူက အန္တရာယ်များသည့်ပုံ ပေါ်သောကြောင့် မိုဝူကျီက လက်နှစ်ဖက် ဆုပ်လျက် သတိထားကာ ပြောလိုက်သည်

“ ဒီက အရှင်ကို ဘယ်လိုများ ခေါ်ရမလဲဗျ ”

“ ကျုပ်နာမည်က ဝမ်ဖန် ... ဆေးလုံးဆရာမိုက အလုပ်များတဲ့သူဆိုတော့ ကျုပ်ကို မမှတ်မိတာ ပုံမှန်ပါပဲ ” ထိုကျင့်ကြံသူက ပြုံးကာ  နဂိုကြော့ရှင်း သပ်ရပ်သည့်ဟန် ထိန်းထားသေး၏။

မိုဝူကျီက မျက်မှောင်ကြုတ် စဉ်းစားလိုက်မိသည်။ သူက ဤလူကို မသိသော်လည်း ဝမ်ဖန်ဟူသော နာမည်ကိုတော့ မရင်းနှီးခြင်း မဟုတ်ပေ။ ထိုလူက ယုံရင် အင်မော်တယ် နယ်မြေ၏ ကောင်းကင်ဧကရာဇ်နှင့်ပင် အဆင့်တူဟု ယူဆ၍ ရသောသူ ဖြစ်ပေသည်။

ဗလာ ကောင်းကင် အင်မော်တယ်နယ်မြေ၏ ထိပ်သီးဂိုဏ်း ဖြစ်သည့် ကျယ်ပြောပင်လယ် အင်မော်တယ် ကျောင်းတော်၏ ကျောင်းအုပ် ဖြစ်၏။ သူက ကျယ်ပြောပင်လယ် အင်မော်တယ် ကျောင်းအုပ်နှင့် ပတ်သက်စရာ မရှိသော်လည်း အဓိကအချက်မှာ ကျယ်ပြောပင်လယ် အင်မော်တယ် ကျောင်းတော်နှင့် ရန်ငြိုးရှိထားခြင်း ဖြစ်သည်။

ကျယ်ပြောပင်လယ် အင်မော်တယ် ကျောင်းတော်၏ ကြယ်အဆင့် ပါရမီရှင် ပိုင်ချီထျန်းကို သူက သတ်လိုက်ပြီး ဖူပေးမှာ  သူ့ကြောင့် လွှင့်စင်သွားခဲ့ဖူးသည်။ ယခု ဝမ်ဖန်က ဤနေရာသို့ ရောက်နေပြီ ဖြစ်၍  ရလဒ်ကောင်းများ ထွက်လာမည် မဟုတ်ပေ။ မိုဝူကျီက ဤလူကို အန္တရာယ် များလှသည်ဟု ခံစားမိသည်မှာ  အံ့ဩစရာတော့ မဟုတ်ပေ။ ဤလူက သူ့အား သတ်ရန် ရောက်လာခြင်း ဖြစ်၏။

“ ဪ .... နာမည်ကျော်ကြားနေတဲ့ ကျောင်းအုပ်ဝမ်ကိုး ...” မိုဝူကျီက လက်နှစ်ဖက် ဆုပ်လျက် ပြောလိုက်သည်။ သူတို့နှစ်ဦးမှာ ရန်သူဖြစ်ရန် ကံကြမ္မာ ဖန်ပြီးသားဖြစ်၍ ဟန်ဆောင် နေစရာ မလိုတော့ပေ။

ဝမ်ဖန်က မိုဝူကျီကို စိုက်ကြည့်ပြီးနောက် ပြုံးကာ

“ ဆေးလုံးဆရာမိုက မကြာသေးခင်က ကျိုးပျက်ကမ္ဘာကို သွားခဲ့တယ်လို့ ကြားလိုက်တယ်။ ဆေးလုံးဆရာမိုများ ကျုပ်ရဲ့ တပည့် ပိုင်ချီထျန်းနဲ့ ဖူပေးတို့နဲ့များ တွေ့မိလားလို့ မေးကြည့်ချင်နေတာ ... ”

မိုဝူကျီက အသာ ပြန်ပြောလိုက်သည်

“ ကျုပ်က ကျိုးပျက်ကမ္ဘာထဲမှာ တွေ့လာတဲ့ လူတွေ အများကြီးပဲကို ..  နာမည်မှတ်မိတဲ့ ကျင့်ကြံသူတွေက လွဲပြီးတော့ ကျန်တဲ့သူတွေကိုတော့ မမှတ်မိပါဘူး ”

“ ဟားဟား ... ” ဝမ်ဖန်က ကျယ်လောင်စွာ ရယ်မောလိုက်လေသည်

“ ဆေးလုံးဆရာမိုက  ပါရမီရှင် တစ်ယောက်ဆိုတော့ ဒီလိုလူမျိုးတွေကို ဘယ်လိုလုပ် မှတ်မိပါ့မလဲ။ တကယ်တော့ ကျုပ် ဒီနေ့ ရောက်လာတာက  ဆေးလုံးဆရာမိုနဲ့ ဖြေရှင်းစရာလေးတွေ ရှိလို့ပါ။

ဆေးလုံးဆရာမိုဆီမှာ ယွင်ရှန့်တောင်ကြား ဝင်ခွင့် နေရာ နှစ် နေရာစာ ရထားတယ်ဆိုတာ ကျုပ် သိတယ်။  ဆေးလုံးဆရာမိုဆီကနေ  နေရာတစ်နေရာစာ လဲလှယ်ချင်ပါတယ်။

အဲဒီအတွက် ဈေးကို ဆေးလုံးဆရာမိုပဲ ဆုံးဖြတ်ပါ ...  ဈေးက ဘယ်လိုဖြစ်ဖြစ် ဆေးလုံးဆရာမိုကို နောင်ကျ ကျယ်ပြောပင်လယ် အင်မော်တယ် ကျောင်းတော်ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော် အဖြစ် မှတ်ယူပါ့မယ်။   အရင်ကိစ္စတွေကိုတော့ ကျုပ် ဝမ်ဖန်က အားလုံးကို မေ့ပစ်ပေးနိုင်ပါတယ် .... ”

မိုဝူကျီက နှာခေါင်းရှုံကာ  ထိုလူက သူ့အား ခြိမ်းခြောက်နေခြင်း ဖြစ်ပေသည်။ သူ မိုဝူကျီက  ခြိမ်းခြောက်တိုင်း ကြောက်တတ်သူ မဟုတ်ပေ။

မိုဝူကျီက ဝမ်ဖန်သည် အင်မော်တယ် အုပ်စိုးသူအဆင့် ရောက်နေမှန်း မှန်းဆမိသော်လည်း သူက အင်မော်တယ် အုပ်စိုးသူ ဖြစ်နေတော့ရော ဘာအရေးလဲ ....

“ အားနာပါတယ်။ ကျုပ်က ကျောက်စိမ်းပြား နှစ်ခုလုံးကို စီစဉ်ပြီးသားမလို့ ဒီက တာအိုရောင်းရင်းနဲ့ မလဲလှယ်နိုင်ပါဘူး ” မိုဝူကျီက အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။

ဝမ်ဖန်၏ မျက်နှာမှာ အေးစက်လာပြီး အသံမှာလည်း လေးနက်လာကာ

“ ကျုပ်တို့ ကျယ်ပြောပင်လယ် အင်မော်တယ် ကျောင်းတော်ရဲ့ ကြယ်အဆင့် ပါရမီရှင် ပိုင်ချီထျန်းက  ကျိုးပျက်ကမ္ဘာကနေ ပြန်မရောက်လာဘူး။ ကျုပ်ကြားတာတော့ ခင်ဗျားနဲ့ အထဲမှာ တွေ့ခဲ့တယ်တဲ့  ... ”

မိုဝူကျီလည်း ပြန်ဖြေလိုက်၏

“ ကျုပ် ပြောပြပြီးသားပဲ ... ကျုပ်က အထဲမှာ လူအများကြီး တွေ့ခဲ့တယ်လို့  .... ကျုပ် တွေ့သမျှ    တွန်၊ ဒစ်၊ ဟယ်ရီ တိုင်းကို လိုက် မှတ်မိနေရမှာလား ... ”

“ ဟုတ်ပြီလေ  .. မင်းမှာ သတ္တိရှိတာပဲ ...” ဝမ်ဖန်၏ လူသတ်ငွေ့က  သူ့တစ်ကိုယ်လုံး ပျံ့နှံ့လာပြီး  ဒေါသပေါက်ကွဲတော့မည့်အလား ဖြစ်၏။

မိုဝူကျီက သူ့ဂုဏ်ထူးဆောင် ဆေးလုံးဘုရင် ကျောက်စိမ်းပြားကို ကိုင်ကာ အင်မော်တယ် စွမ်းအား ပို့လွှတ် လိုက်လေ၏။ ခရမ်းရောင်အလင်းတန်းက  ထွက်သွားပြီး အသက်ရှုကြိမ် အနည်းငယ် အကြာတွင် ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ ဝတ်ရုံကို ဝတ်ဆင်ထားသော ကျင့်ကြံသူ နှစ်ဦးက သူတို့ရှေ့ ရောက်ရှိလာသည်။ ထိုလူနှစ်ဦးက  မိုဝူကျီ၏ ဇာစ်မြစ်ကို သိသည့်အလား ချက်ချင်း နှုတ်ဆက် လိုက်ကြသည်။

“ အကြီးအကဲမို ကျုပ်တို့ကို ခေါ်ထားလို့ပါ ”

မိုဝူကျီက ကျောက်စိမ်းပြားမှ တစ်ဆင့် မည်သို့ အကူအညီတောင်းရမည်ကို သင်ယူထားခါစ ဖြစ်ကာ ထိုမျှ အကျိုးသက်ရောက်မှု ရှိလိမ့်မည်ဟု မထင်ထားပေ။ ဤသည်မှာ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ အင်အား မည်မျှ ကြီးမားသည်ကို ပြသနေခြင်း ဖြစ်၏။  ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ အရေးကြီး ပုဂ္ဂိုလ် အနီးမှာ ရှိနေသရွေ့ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့မှ ကာကွယ်သူများလည်း ရှိနေတတ်သည်။

ထို့ကြောင့် မည်သူကမှ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ကို ရန်မစရဲခြင်း ဖြစ်နိုင်၏။

ထိုလူနှစ်ယောက်မှာ  ယခင် ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့မှ လွတ်လိုက်သော စည်းကမ်း ကြီးကြပ်ရေးမှူး နှစ်ယောက်ထက် များစွာ အားကောင်းကြောင်း သိသာကာ မိုဝူကျီက စိတ်စွမ်းအားဖြင့် အာရုံခံကြည့်လိုက်သည့် အခါ သူတို့နှစ်ဦးမှာ အင်မော်တယ် ဘုရင်အဆင့် ရောက်နေပြီ ဖြစ်ကြောင်း သိလိုက်သည်။

သူတို့ နှစ်ယောက်လုံးမှာ သူ့ရှေ့တွင် ရှိနေသော ဝမ်ဖန်ထက် အားနည်း ကြသော်လည်း  ဝမ်ဖန်မှ    ဖိနှိပ်လို့ ရမည့် လူမျိုး မဟုတ်ပေ။

မိုဝူကျီက ခေါင်းညိတ်ပြကာ ဝမ်ဖန်ကို ညွှန်ပြလိုက်ပြီး   “ ဒီလူက  ကျုပ်ကို ခြိမ်းခြောက်တယ်လေ ... အဲကိစ္စကို ခင်ဗျားတို့ လက်ထဲ လွဲပေးလိုက်မယ် ”

ဝမ်ဖန်၏ အမူအယာမှာ ချက်ချင်း ပြောင်းလဲသွားပြီး သူ့ ကျယ်ပြောပင်လယ် အင်မော်တယ် ကျောင်းတော်က အားကောင်းသော်လည်း  ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့နှင့် ယှဉ်၍ မရပေ။ မိုဝူကျီသည် အကြောက်အရွံ့မရှိ  ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ ကာကွယ်သူများကို လှမ်းခေါ်လိမ့်မည်ဟု မထင်ထားပေ။ ထို့အပြင် သူက ခြိမ်းခြောက်စကား တစ်လုံးမှ မပြောရသေးပေ။

အကယ်၍ သူ့အနေဖြင့် မိုဝူကျီ ဤသို့လုပ်မှန်း သိခဲ့လျှင် သူနှင့် သေချာပေါက် အချိန်ဖြုန်းနေမည် မဟုတ်ပေ။ သူက မိုဝူကျီကို သတ်လိုလျှင်ပင်  တိတ်တဆိတ် လုပ်ကြံမည် ဖြစ်၏။

ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့မှ ကာကွယ်သူ နှစ်ယောက်က  အညိုရောင် ဝတ်ရုံများ ဝတ်ဆင်ထားကြပြီး  အရပ်နည်းနည်း ရှည်သူက ဝမ်ဖန်ကို ကြည့်ကာ တည်တည်ငြိမ်ငြိမ် မေးလိုက်သည်

“ ကျောင်းအုပ်ဝမ် ....  ခင်ဗျားတို့ ကျယ်ပြောပင်လယ် အင်မော်တယ် ကျောင်းတော်က ဂိုဏ်းအသေးလေး မဟုတ်ဘူးဆိုပြီး ကျုပ်တို့  ဆေးလုံးတာအို အင်မော်တယ် မဟာမိတ် အဖွဲ့ကို ရန်လာစတာလား ”

အရပ်ရှည်ရှည် ကျင့်ကြံသူက ပြောလိုက်သည့်အခါ နောက်ကျင့်ကြံသူက ရွေရောင်ဖျော့ဖျော့ သတင်းပို့ မြားအဆာင်ကို ထုတ်ယူလိုက်ပြီးပြီ ဖြစ်၏။ ဝမ်ဖန်မှာ သူတို့ ကိုင်တွယ် ဖြေရှင်းနိုင်သည့်သူ မဟုတ်သောကြောင့်  တပ်ကူလိုအပ်ပေသည်။

ဝမ်ဖန်လည်း  သူက မခြိမ်းခြောက်ရသေးခင်  မိုဝူကျီက ကျောက်စိမ်းပြားကို ထုတ်ပြီး   ထိုမျှ အဓိပ္ပာယ် မဲ့လှသည့် လုပ်ရပ်ကို  လုပ်မည်  မထင်ထား၍ အံ့ဩနေမိသည်။ သူက မြန်မြန် ရှေ့တက်ကာ လက်နှစ်ဖက် ဆုပ်ထားလျက်

“ ဒီက တာအိုရောင်းရင်းတို့ စောစောက နားလည်မှု လွဲနေတာပါ။ ကျုပ်က လက်ရှိအင်အားနဲ့ ဆေးလုံး ဆရာမိုကို ထိပ်တိုက်တွေ့ရင် ဆေးလုံးဆရာမိုက ဘာလို့  ထိခိုက်ဒဏ်ရာမရှိဘဲ နေမှာလဲ။

ကျုပ် စကားပြောတာက နားလည်မှု လွဲသွားစေတယ် ထင်ပါတယ်။ ခွင့်လွတ်ပေးပါ ... ”

ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့မှ ကာကွယ်သူ နှစ်ယောက်လည်း ဤသို့ ကိစ္စ သေးသေးလေးဖြင့်  ကျယ်ပြောပင်လယ် အင်မော်တယ် ကျောင်းအုပ်ကို မဆန့်ကျင် လိုသောကြောင့် မိုဝူကျီကိုသာ ကြည့်လိုက်ကြသည်။

ဝမ်ဖန်က မိုဝူကျီသည် ဤနေရာ၌ အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း ရှိထားကြောင်း သိလိုက်သည်။ အကယ်၍ မိုဝူကျီက ဤကိစ္စကို အလေးအနက်ထား၍  မိုဝူကျီကို ချက်ချင်း သတ်လိုက်လျှင်ပင် သူ့ ကျယ်ပြောပင်လယ် အင်မော်တယ် ကျောင်းတော်မှာ  ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ ရန်သူ တစ်ယောက် ချက်ချင်း  ဖြစ်လာလိမ့်မည်။

မိုဝူကျီက ယခု ဝမ်ဖန်ကို ထိပ်တိုက် တွေ့ရလောက်အောင် အရူး မဟုတ်ပေ။ ဝမ်ဖန်က ချောင်ပိတ် ခံရသည့်ခွေးလို ပြုမူမည့် ကိစ္စကို ထည့်မတွက်လျှင်ပင် မိုဝူကျီက  ယခု ပို၍ အရေးကြီးသည့်  ဖြေရှင်းစရာ ကိစ္စများ ရှိနေသေး၏။

သူက ဝမ်ဖန်ကို အေးစက်စွာ ကြည့်လိုက်ပြီး

“ ကျောင်းအုပ်ဝမ် .... နောင် စကားပြောရင် ဂရုစိုက်ပါ။ ခင်ဗျားတို့ ကျယ်ပြောပင်လယ် အင်မော်တယ် ကျောင်းတော်က တခြားသူတွေကို ခြိမ်းခြောက်လို့ ရတယ် ဆိုပေမဲ့ ကျုပ်ကိုတော့ နောက်တစ်ခါ ထပ်မလုပ်မိစေနဲ့   ”

ထိုသို့ ပြောပြီးနောက် မိုဝူကျီက လက်နှစ်ဖက် ယှက်လိုက်ပြီး   ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ ကာကွယ်သူများဘက် လှည့်ကာ

“ ဒီက တာအိုရောင်းရင်းတို့ရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်။ နောင်ကျ ကျုပ်ဆီ တစ်ခုခု ဖြစ်ခဲ့ရင် နှစ်ယောက်လုံးက ကျုပ်ကို ကူပြီး တင်ပြပေးပါ။

ဆေးလုံ ဧကရာဇ်နွန်ယုံ၊ ဆေးလုံး ဧကရာဇ် ကုန်းယန်ရွမ်နဲ့ ဆေးလုံး ဧကရာဇ် ဟန်ကျွင်းတို့ကို ကျုပ်အတွက် တရားမျှတမှု ရှာပေးဖို့ တောင်းဆိုပေးပါ။ ဘာလို့လဲဆိုတော့ တရားခံက သေချာပေါက်  ကျယ်ပြောပင်လယ် အင်မော်တယ် ကျောင်းတော်ပဲ ဖြစ်လိမ့်မယ် ... ”

ဝမ်ဖန်က ထိုအရာကို ကြားသည့်အခါ သွေးအန်လုမတတ် ဖြစ်သွားလေ၏။ သူက ဘာဆိုဘာမှ မလုပ်ရသေးပေ။ သူ လုပ်သည့်အရာမှာ စကားလုံးနှင့်အတူ သတ်ဖြတ်လိုစိတ်လေး ချပြရုံသာ ဖြစ်ပြီး မိုဝူကျီက သူ့အား  အရှက်မရှိ အရှက်ခွဲခဲ့သည်။ ထို့အပြင် သူက ယခု ဘာမှမလုပ်နိုင်ပေ။ မိုဝူကျီ၏ အကျင့်စရိုက်အရ မိုဝူကျီနှင့် ထိပ်တိုက်တွေ့လျှင် သူ့ကိုယ်သူ ထိမည်ကို  မည်သူက သိမည်နည်း။

ကာကွယ်သူနှစ်ယောက်လည်း ဝမ်ဖန်ကို အေးစက်စွာ ကြည့်ကာ စကားတစ်ခွန်းမှ မဆိုဘဲ ထွက်သွားကြသည်။

ဝမ်ဖန်လည်း  လှည့်ထွက် သွားတော့သည်။ ဤသို့သောအခြေအနေမျိုး၌ သူ့အနေနှင့် ပြောစရာ မရှိတော့ပေ။

“ အစ်ကိုကြီးမို နည်းနည်း လွန်သွားတယ်လို့ မထင်ဘူးလား ” သုံးယောက် ထွက်သွားသည့် အခါ လင်းဂူက မိုဝူကျီအား သတိထား မေးလိုက်သည်။

မိုဝူကျီက ခေါင်းခါကာ

“ ကျုပ်က ဒူးထောက်ပြီးတော့ ယွင်ရှန့်တောင်ကြား ဝင်ခွင့်ကို ပေးရင်တောင် အဲဒီလူအိုကြီးက ကျုပ်ကို သတ်မှာပဲ။ ဒီလိုဆိုမှတော့  ဘာလို့ အောက်ကျို့နေရဦးမှာလဲ ”

မိုဝူကျီက ဝမ်ဖန်ကဲ့သို့ အရှက်မဲ့သည့် သူမျိုးကို ကောင်းကောင်း သိထား၏။ မည်သို့ပင် ကျေနပ်အောင် လုပ်ပေးစေကာမူ နောက်ပိုင်းတွင် မိုဝူကျိကို သတ်ပစ်မည် ဖြစ်၏။ ထို့ကြောင့် တစ်ဖက်လူကို ကျယ်ပြောပင်လယ် အင်မော်တယ် ကျောင်းတော်အနေနှင့်  သူ့ကို  အလွယ်တကူ ရန်စ၍  မရကြောင်း  ပြရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

လင်းဂူက မိုဝူကျီ၏ စကားကို နားလည်သွားပြီး သက်ပြင်း ချလိုက်သည်။  မိုဝူကျီက ဝမ်ဖန်ကို ခြိမ်းခြောက် လိုက်သော်လည်း  ယုံရင် အင်မော်တယ် နယ်မြေမှ ထွက်သွားနိုင်ဖို့ရာ အန္တရာယ်များ ပြည့်နှက် နေပေသည်။  ဝမ်ဖန်ကဲ့သို့ မြေခွေးအိုကြီးမှာ  ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ ခြိမ်းခြောက်မှုကို ကြောက်ရွံ့သော်လည်း  သူ့အနေနှင့် မိုဝူကျီကို လွှတ်ပေးမည် မဟုတ်ပေ။

ဝမ်ဖန်က မိုဝူကျီ ဖြစ်စေ၊ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့မှ အရေးကြီး ပုဂ္ဂိုလ် ဖြစ်စေ မိုဝူကျီ သေသွားသည်နှင့် ဆေးလုံးတာအို အင်မော်တယ် မဟာမိတ် အဖွဲ့အနေဖြင့် ကျယ်ပြောပင်လယ် အင်မော်တယ် ကျောင်းတော်မှန်း မှန်းဆမိလျှင်ပင်   လူသိရှင်ကြား စွပ်စွဲမည် မဟုတ်ပေ။

“ ဘုန်း  ” ဖိနှိပ်သံကြီး တစ်ခု ကြားလိုက်ရပြီး အားလုံးရှေ့မှောက်၌   လမ်းကြောင်းတစ်ခု ပေါ်လာလေ၏။  ထိုလမ်းကြောင်းမှ သိပ်သည်းသော အင်မော်တယ်စွမ်းအားများ ထုတ်လွှင့်နေပြီး လေတွင် မျှောလွှင့်နေသည့် စာလုံးလေးလုံး ပါရှိလေသည်။

“ ယွင်ရှန့်တောင်ကြား ”

ကွေ့ဖုန်းယွင်၏ အသံကို ကြားလိုက်ရလေ၏။

“ ယွင်ရှန့်တောင်ကြား ဝင်ခွင့် ပါတဲ့ ကျင့်ကြံသူ အားလုံး ယွင်ရှန့်တောင်ကြားကို ဝင်လို့ ရပါပြီ။ ဝင်ခွင့် မပါတဲ့သူများ နောက်နေခဲ့ပါ။  ယွင်ရှန့်တောင်ကြားကို ဝင်မဲ့သူက မဟာယီရှန်း အဆင့်အောက် ဖြစ်ရပါ့မယ်။

မဟုတ်ရင်တော့  ဝင်ခွင့် တားမြစ်ထားပါတယ်။  ယွင်ရှန့်တောင်ကြားကို စောစော ဖွင့်လိုက်တာမလို့  အင်မော်တယ်ဆေးပင်  ရွေးချယ်နိင်ဖို့ နှစ်ဝက်အဖြစ် လျှော့ချ လိုက်ရပါတယ် .... ”

မိုဝူကျီက ထိုစကားကို ကြားသောအခါ သက်ပြင်းချမိလိုက်သည်။ အကြောင်းမှာ လူတိုင်း ယွင်ရှန့်တောင်ကြားကို ဝင်ခွင့်ရမည်ကို စိုးရိမ်နေခဲ့မိ၏။ ကျင့်ကြံဆင့် တားမြစ်ချက် ရှိသည့်အတွက် အလွန်ကောင်းပေသည်။ သူ မသိသည့် အချက်မှာ  ယွင်ရှန့်တောင်ကြားက အင်မော်တယ် ဆေးပင်များ ခူးဆွတ်ဖို့ နေရာကောင်း တစ်ခု ဖြစ်သောကြောင့် အားကောင်းသည့် ပါရမီရှင်များကို ဝင်ခွင့်မပြုထားခြင်း ဖြစ်ပေ၏။ အားကောင်းသည့် ပါရမီရှင်များကြားမှ တိုက်ပွဲကြောင့် အင်မော်တယ် ဝိညာဉ် သွေးကြောများ ပျက်စီးမှုကို ကာကွယ်ရန် ဖြစ်ပေသည်။

***

All Chapters