အခန်း (၅၅၉)
Vol. 41 Ch. 559
“ကျွန်မတို့တွေ ဘေးကင်းလောက်ပါပြီ။ ကျွန်မတို့တွေ ယုံရင်အင်မော်တယ် နယ်မြေက ထွက်လာပြီးတော့ အာကာပြင်ထဲ ရောက်ပြီလေ”
လင်းဂူက လွန်းပျံယာဉ်ပေါ်တွင် သက်ပြင်းချရင်း ပြောလိုက်သည်။
သူမနှင့် မိုဝူကျီတို့က ခရီးတစ်လျှောက်လုံး အနားမယူခဲ့ရပေ။ သူတို့ ပိုင်ကျီ အင်မော်တယ် ကူးသန်းရေး အစီအရင်မှ ထွက်လာသည်နှင့် လွန်းပျံယာဉ်ကို ချက်ချင်း ထုတ်ကာ ပိုင်ကျီမြို့မှ ချက်ချင်း ထွက်ခွာ လာကြသည်။ ထို့နောက် ပိုင်ကျီမြို့၏ အစွန်းအဖျားဆီ ရောက်လာပြီးမှ အာကာပြင်ထဲ ဝင်လိုက်ကြခြင်း ဖြစ်သည်။
မိုဝူကျီ၏ အမူအရာမှာ လေးနက်နေဆဲ ဖြစ်ပြီး ပြောလိုက်သည်။
“မဟုတ်သေးဘူး ... ကျုပ်တို့တွေ အခုထိ အန္တရာယ် မကင်းသေးဘူး။ ကျုပ်အကြောက်တရားကို ခံစားမိသေးတယ်။ လင်းဂူ ... အဆောင်ကို မြန်မြန် ထုတ်သုံးလိုက်တော့”
သူက ပြောလိုက်ရင်း လွန်းပျံယာဉ်ကို သိမ်းလိုက်သည်။
လင်းဂူက မိုဝူကျီ၏ မှန်းဆချက်ကို လုံးဝဥဿှံ ယုံကြည်ပေသည်။ မိုဝူကျီ ထုတ်ပြော လိုက်သည်နှင့် သူမက ချက်ချင်း အဆောင်ကို အသက်သွင်း လိုက်သည်။ ဤအဆောင်၏ အဆင့်က ပိုမြင့်နေလျှင်ပင် သူမက ထုတ်သုံးဖို့ရာ တွေဝေနေမည် မဟုတ်ပေ။
လွတ်မြောက်ရေး အဆောင်မှ အလင်းများ ထွက်လာပြီး အာကာပြင်ထဲ၌ မှိန်ဖျော့ဖျော့ အက်ကွဲကြောင်း စတင် ပေါ်လာသည်။ ထို့နောက် အလင်းက မိုဝူကျီနှင်း လင်းဂူကို လွှမ်းခြုံသွားပြီး အစအနမရှိ ပျောက်ကွယ် သွားတော့သည်။
မိုဝူကျီ၏ မှန်းဆချက်မှာ တိကျလွန်းကြောင်း ပြောနေဖို့ရာ မလိုတော့ပေ။ မိုဝူကျီနှင့် လင်းဂူတို့ ထွက်သွားပြီး နောက်ထပ် အမွေးတိုင်ဝက်စာ ကြာချိန်ခန့်တွင် မျက်နှာဖုံး ဝတ်ဆင်ထားပြီး ခေါင်းဆောင်ရှည်နှင့် အမျိုးသားက သူတို့ ထွက်သွားသည့်နေရာသို့ ရောက်ရှိလာသည်။
သူက သူတို့နှစ်ယောက် ပျောက်ကွယ် သွားသည့် နေရာကို ကြည့်ရင်း မျက်နှာဖုံးမှ မျက်လုံးပေါက် နေရာ၌ မကောင်းသည့် အကြည့်များ ဖြတ်ပြေးသွားလေ၏။ အမွှေးတိုင် တစ်တိုင်စာ ကြာမြင့်ပြီးနောက် ထိုအကြည့်မှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး ထိုလူလည်း လှည့်ထွက်သွားတော့သည်။ သူက မည်သို့ပင် ကြိုးစားစေကာမူ မိုဝူကျီနှင့် လင်းဂူတို့ ထွက်သွားသည့် နေရာနောက် လိုက်နိုင်မည် မဟုတ်ကြောင်း သေချာသိနေ၏။
***
ထိုစဉ် လင်းဂူနှင့် မိုဝူကျီတို့က မိုဝူကျိ၏ လွန်းပျံယာဉ်ဆီ ပြန်ရောက်နေကြပြီး လမ်းစဉ် ခြောက်သွယ် အင်မော်တယ်နယ်မြေဆီ ဦးတည်လျက် ရှိသည်။
ဤအချိန်တွင် မိုဝူကျီက လုံးဝ တည်ငြိမ်နေလေပြီ။ လင်းဂူက သိုလှောင်လက်စွပ် တစ်ကွင်း ထုတ်ယူကာ မိုဝူကျီဆီ ပေးလိုက်ပြီး …
“အစ်ကိုမို .... ဒီထဲမှာ ကျွန်မ ယွင်ရှန့်တောင်ကြားကနေ ခူးလာခဲ့တဲ့ အင်မော်တယ် ဆေးပင်တွေ ပါတယ်။ အစ်ကိုမို ယူလို့ ရပါတယ်”
မိုဝူကျီက စိတ်စွမ်းအား ပို့လွှတ်ကာ စစ်ဆေး ကြည့်လိုက်သည့်အခါ လင်းဂူက သူ့လောက် မများပြားသော်လည်း သူမအနေဖြင့် အဆင့် ၇ အင်မော်တယ်ဆေးပင် ရာပေါင်းများစွာနှင့်အတူ အဆင့် ၈ ဆေးပင် တစ်ရာကျော်၊ အဆင့် ၉ ဆေးပင် အမျိုးမျိုးကို စုဆောင်းနိုင်ခဲ့သည်။
မိုဝူကျီက ပြောလိုက်သည်။
“လင်းဂူ မင်းလိုတဲ့ ဆေးပင်တွေကို သိမ်းထားလေ။ ပြီးတော့ မင်း လိုအပ်တဲ့ ဆေးလုံးကို ပြော ... မင်းအတွက် ဘယ်ဟာဖြစ်ဖြစ် တစ်သုတ် ဖော်စပ်ပေးမယ်”
လက်စွပ်ထဲတွင် အဖိုးတန် အင်မော်တယ် ဆေးပင်အချို့ ရှိသော်လည်း မိုဝူကျီက သိပ်ဂရုမစိုက်ပေ။ သူ လိုအပ်နေသည်က အဆင့်မြင့် အင်မော်တယ် ဆေးပင်များ ဖြစ်ပေသည်။ ထိုအခါမှ ဆေးလုံး ဧကရာဇ်အဆင့်ကို တက်လှမ်းနိုင်လိမ့်မည်။
လင်းဂူက ခေါင်းခါကာ …
“ကျွန်မက အင်မော်တယ် ဆေးပင်ရော ဆေးလုံးရော မလိုပါဘူး။ အမေကို ကုသနိုင်သရွေ့ ကျွန်မ ကျေနပ်ပါတယ် ....”
မိုဝူကျီက အတော်လေး နေရခက်နေမိသည်။ သူက လင်းဂူကို မကူညီချင်၍ မဟုတ်ဘဲ သူက အရာအားလုံး ပေးဆပ်ကာ ကူညီဖို့ရာ ပြင်ဆင်ထားလေ၏။ သို့သော်လည်း သူက ဆေးပညာ တာအိုကို မသင်ယူဖူးသလို အင်မော်တယ် သမားတော်လည်း မဟုတ်သောကြောင့် သူ့စိတ်တစ်ခုလုံး နှစ်ကာ ကုပေးသော်လည်း ထိထိရောက်ရောက် မဖြစ်လာမည်ကို စိုးရိမ်မိသည်။ အကယ်၍ သူသာ လင်းဂူ၏ မိခင်ကို မကုသနိုင်လျှင် လင်းဂူအပေါ် အကြွေးကျေးဇူးများသွားလိမ့်မည်။
လင်းဂူပေးသည့် အဆင့်မြင့် အင်မော်တယ် ဆေးပင်များကို ပြောနေဖို့ရာ မလိုတော့ပေ။ သူမ အသုံးပြုလိုက်ရသည့် အဆင့် ၈ လွတ်မြောက်ရေး အဆောင် တစ်ခုတည်းဖြင့် အင်မော်တယ်ကျောက် မြောက်များစွာ ကျသင့်မည် ဖြစ်၏။
မိုဝူကျီက လက်စွပ်ကို သိမ်းထားလိုက်ပြီး လင်းဂူဆီ ကျောက်စိမ်းပုလင်း ခုနစ်ပုလင်း၊ ရှစ်ပုလင်း ထုတ်ပေးကာ …
“ဒါက ကျုပ် ဖော်စပ်ထားတဲ့ မဟာယီ အစစ်အမှန် ဆေးလုံးတွေနဲ့ အင်မော်တယ် သန့်စင် မဟာကျီ ဆေးလုံးတွေ၊ ကုသဆေးလုံးနဲ့ မဟာကျီရှန်းအဆင့်နဲ့ မဟာယီရှန်းအဆင့်အတွက် အသုံးဝင်မဲ့ ဆေးလုံးတွေလည်း ပါတယ်။
မင်းအတွက် အသုံးဝင် လာမှာပါ။ နောင်ကျ မဟာလော့ရှန်း အဆင့်နဲ့ အင်မော်တယ် ဘုရင်အဆင့် တက်ဖို့ ဆေးလုံးလိုတဲ့အခါကျ ကျုပ်ကို လာရှာလို့ ရတယ်။ အခုချိန် မဖော်စပ်နိုင်သေးပေမဲ့ နောင်ကျ သေချာပေါက် ဖော်စပ်နိုင်လာမှာပါ”
“ကျေးဇူးအများကြီး တင်ပါတယ် အစ်ကိုမို ... ကျွန်မ သိမ်းထားပါ့မယ်”
ဤတစ်ကြိမ် လင်းဂူက မငြင်းပယ်တော့ပေ။ မိုဝူကျီ ပေးသော ဆေးလုံးများမှာ သူမအတွက် အမှန်တကယ် အသုံးဝင်ပေသည်။ သူမက နတ်ဆိုးစန္ဒာ အင်မော်တယ်ကျောင်းတော်မှ ရရှိနိင်သော်လည်း ကျောင်းတော်မှ ဆေးလုံးများက ဂုဏ်ထူးဆောင် ဆေးလုံးဘုရင် ပေးသည့် ဆေးလုံးများထက် မည်သို့ ပိုကောင်းမည်နည်း။ ထို့အပြင် ဤဆေးလုံး တစ်လုံးချင်းစီသည် ဂိုဏ်းအတွက် အရေးပါသော အထောက်အပံ့များ ဖြစ်၏။
ကြယ်ရှစ်လုံး ပါရမီရှင်အနေနှင့် သူမက ထိုဆေးလုံးများကို အလွယ်တကူ ရရှိနိုင်သော်လည်း သာမန် တပည့်များအတွက် ထိုဆေးလုံးများမှာ ဈေးကြီးသည်ဆိုခြင်းထက် ပိုပေသည်။
မိုဝူကျီက လင်းဂူကို အင်မော်တယ် သစ်သားအဆီအနှစ် မပေးလိုက်ခြင်းမှာ ထိုတန်ဖိုးမှာ အလွန်မြင့်နေ၍ ဖြစ်သည်။ လင်းဂူက သူ့သစ်သား အဆီအနှစ်အကြောင်း သေချာပေါက် မဖော်ထုတ်မှန်း သိနေသော်လည်း နတ်ဆိုးစန္ဒာ အင်မော်တယ်ကျောင်းတော်မှ တခြားလူများအတွက် ပြောဖို့ရာ ခက်ခဲပေသည်။ အကယ်၍ လင်းဂူက သစ်သား အဆီအနှစ် တည်ရှိကြောင်း ဖော်ပြမိလိုက်လျှင် သူ့အသက်လေးမှာ နတ်ဆိုးစန္ဒာ အင်မော်တယ် ကျောင်းတော်၌ အဆုံးသတ် သွားနိုင်သည်။
ဤသို့မျိုး အရာမှာ သူ့စွမ်းရည် ပိုတိုးတက်လာသည့် အခါမှ လင်းဂူကို ပေးနိုင်လိမ့်မည်။ ယခု လုပ်ဖို့ရာ မလိုအပ်သေးပေ။
***
လွန်းပျံယာဉ်က အမြန်ဆုံးနှုန်းနှင့် ခရီးနှင်လာကြသည်။ နှစ်ဝက်အတွင်း လွန်းပျံယာဉ်က လမ်းစဉ် ခြောက်သွယ် အင်မော်တယ် နယ်မြေဆီ ရောက်ရှိလာပြီး နယ်မြေ၏ အစွန်းအဖျားမြို့ ဖြစ်သည့် သူတို့က ကြယ်တာရာတည်ချက် အင်မော်တယ်မြို့ထဲ ဝင်ရောက်လာကြသည်။
လင်းဂူက ကြယ်တာရာတည်ချက် အင်မော်တယ်မြို့ကို ညွှန်ပြကာ …
“ကြယ်တာရာတည်ချက် အင်မော်တယ်မြို့က လမ်းစဉ်ခြောက်သွယ် အင်မော်တယ်နယ်မြေရဲ့ ကောင်းကင် ဧကရာဇ်မြို့ မဟုတ်ပေမဲ့ နတ်ဆိုးနယ်မြေရဲ့ ထိပ်တန်း မြို့ဆယ်မြို့ထဲမှာ တစ်ခုအပါအဝင်ပဲ ... နောင် မြေအောက် ကမ္ဘာနှလုံးသား ပန်းပွင့် ရလာပြီး ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ဆီ သွားချင်ရင် ဒီကြယ်တာရာတည်ချက် အင်မော်တယ် မြို့ကို ဖြတ်ဖို့ လိုအပ်တယ်။ ကြယ်တာရာ တည်ချက် အင်မော်တယ် မြို့မှာ လမ်းစဉ်ခြောက်သွယ် နယ်မြေအစွန်းနဲ့ ဆက်သွယ်ထားတဲ့ ကူးသန်းရေး အစီအရင် ရှိတယ်။ ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်က လမ်းစဉ်ခြောက်သွယ် အင်မော်တယ်နယ်မြေနဲ့ မြေအောက်ကမ္ဘာကြားက လမ်းစဉ် ခြောက်သွယ် မြို့ဟောင်းမှာ တည်ရှိတာလေ”
“တကယ်တော့ ကျုပ် ယွင်ရှန့်တောင်ကြားကနေ လက်ဗလာနဲ့ ထွက်လာတာ မဟုတ်ဘူး။ ကျုပ်မြေအောက်ကမ္ဘာ နှလုံးသားပန်းပွင့် နည်းနည်း ရှာနိုင်ခဲ့တယ်။ ယုံရင်အင်မော်တယ် ဧကရာဇ်က ကျုပ် ဒီဟာ ယူသွားတာကို သိမှာ စိုးရိမ်ပြီးတော့ ယုံရင်အင်မော်တယ် နယ်မြေကနေ စိုးရိမ်တကြီး ထွက်လာလိုက်တာ” မိုဝူကျီက ရှင်းပြလိုက်သည်။
ယခု သူတို့တွေ ဤနေရာ ရောက်လာပြီ ဖြစ်သည့်အတွက် ဆက်လက် ဖုံးကွယ်ထားရန် မလိုတော့ပေ။
“အာ ...” လင်းဂူက တအံ့တဩ ရေရွတ်လိုက်ပြီးနောက် ချက်ချင်း ပြောလိုက်သည်။
“အစ်ကိုမို ... ကျွန်မ အမေကို ကယ်နိုင်နိုင်၊ မကယ်နိုင်နိုင် ကျွန်မ အစ်ကိုမိုနဲ့အတူ ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ဆီ လိုက်ခဲ့ပေးပါ့မယ်”
“ကျေးဇူးပါ ....”
မိုဝူကျီက လင်းဂူကို လက်နှစ်ဖက် ဆုပ်ကာ ပြောလိုက်သည်။ အကယ်၍ တခြားသော အရာ ဖြစ်ပါက လင်းဂူအား ယဉ်ယဉ်ကျေးကျေး ငြင်းပယ်နိုင်သော်လည်း ဤကိစ္စမှာ ချိန်စုယင်၏ ပျောက်ဆုံးနေသော ဝိညာဉ်ကို ရှာရန် ဖြစ်နေသည့်အတွက် သူ့အောင်မြင်နိုင်ချေ များမည့်အရာ မှန်သမျှကို လက်မလွတ်နိုင်ပေ။
လင်းဂူမှာ နတ်ဆိုးနယ်မြေမှ ဖြစ်သောကြောင့် ဝိညာဉ်ဖွဲ့ခြင်း စည်းရေကန်ကို သူထက် စာလျှင် ပိုမို ရင်းနှီးပေလိမ့်မည်။
ကြယ်တာရာတည်ချက် အင်မော်တယ်မြို့မှာ နတ်ဆိုးစန္ဒာ အင်မော်တယ် ကျောင်းတော်နှင့် သိပ်မကွာဝေးပေ။ ရက်အနည်းငယ် အကြာတွင် မိုဝူကျီနှင့် လင်းဂူတို့က နတ်ဆိုးစန္ဒာ အင်မော်တယ် ကျောင်းတော် အပြင်ဘက်သို့ ရောက်ရှိလာကြသည်။
မိုဝူကျီ အင်မော်တယ် လောကထဲ ရောက်ရှိလာစဉ်မှ စ၍ အင်မော်တယ် မြို့များစွာကို ရောက်ဖူးပြီး ယုံရင်အင်မော်တယ် နယ်မြေ၏ ကောင်းကင် ဧကရာဇ်မြို့အထိ ရောက်ခဲ့သေးသော်လည်း ဂိုဏ်းကြီးများဆီ တစ်ခါမျှ မရောက်ဖူးသေးပေ။ နတ်ဆိုးစန္ဒာ အင်မော်တယ် ကျောင်းတော်မှာ လမ်းစဉ်ခြောက်သွယ် အင်မော်တယ် နယ်မြေတွင် ဖြစ်စေ၊ အင်မော်တယ်လောက တစ်ခုလုံးတွင် ဖြစ်စေ ဂုဏ်သရေရှိ အမည်နာမကို ပိုင်ဆိုင်ထားလေ၏။
နတ်ဆိုးစန္ဒာ အင်မော်တယ် ကျောင်းတော်၏ ဂိတ်တံခါးကြီးကို ငေးကြည့်ရင်း မိုဝူကျီက ဂိုဏ်း၏ ခံ့ညားထည်ဝါလှသည့် အရှိန်အဝါများကို ခံစားမိလိုက်သည်။ တစ်ချိန်တည်းတွင် ဤဂိုဏ်းကို အဘယ်ကြောင့် နတ်ဆိုးစန္ဒာဟု ခေါ်ဆိုကြောင်း နားလည်သွားလေ၏။
ဂိုဏ်း၏ ဂိတ်တံခါးရှိ ကာကွယ်ရေး အစီအရင်မှာ မြူနက်များ ဖြစ်ပေါ်နေသည်။ မြူနက်များအပေါ်၌ မျောလွှင့်နေသော စာလုံးနှစ်လုံး ရှိနေသည်။
“နတ်ဆိုး စန္ဒာ”
ထိုစာလုံး နှစ်လုံးအပေါ်၌ လခြမ်းကွေး သဏ္ဌာန် မှိန်ဖျော့ဖျော့ ကောက်ကြောင်း ရှိနေသေး၏။
“အစ်ကိုမို ကျွန်မ နောက်က လိုက်ခဲ့ပါ”
မိုဝူကျီ၏ လွန်းပျံယာဉ်ကို သိမ်းပြီးသည့်အထိ စောင့်ဆိုင်းပြီးနောက် လင်းဂူက ခေါ်လိုက်သည်။ ထို့နောက် သူမက ကျောက်စိမ်းပြား ကိုင်ကာ နတ်ဆိုးမြူများ ဖုံးလွှမ်းနေသည့် ဂိတ်တံခါးဆီ ဝင်ရောက်လိုက်သည်။
လင်းဂူ အနီးရောက် သွားသည့်အခါ ကြည်လင်ရှင်းလင်းသော အပြာရောင် ကျောက်တုံးလမ်း တစ်ခုက မြူများကြားမှ ပေါ်လာလေ၏။
မိုဝူကျီက လင်းဂူနောက်မှ လိုက်သွားသည့်အခါ အလှစိုက်ပျိုး ထားသော သစ်ပင်ပန်းမန်များ၊ တောင်များ၊ မြစ်ချောင်းများကို မြင်လိုက်ရသည်။
ထိုအရာက မည်သို့များ နတ်ဆိုးဆန်ရမှာလဲ။
ထိုအရာမှာ လူသားလောက၏ ကောင်းကင်ဘုံသာ ဖြစ်၏။ ယုံရင်အင်မော်တယ် နယ်မြေတွင် လစ်ဟာနေသည့် ကျယ်ပြော ခမ်းနားသော ထိပ်သီး စွမ်းအားများလည်း ရှိနေဟန် ပေါ်သည်။
ကျယ်ပြောလှသည့် ဂိုဏ်းအတွင်း မိုဝူကျီက အဆောက်အဦ များစွာကို မြင်ရုံသာမက ကောင်းကင်အတွင်း ဆက်တိုက် ရွေ့လျား သွားလာနေသော ကျင့်ကြံသူများကိုလည်း မြင်တွေ့လိုက်ရသည်။
လင်းဂူက မိုဝူကျီကို လက်ဟန်ပြကာ သူမက လေထဲ စတင် လျှောက်လှမ်း သွားလိုက်သည်။
မိုဝူကျီလည်း လင်းဂူနောက် လိုက်သွားလိုက်ပြီး နတ်ဆိုးစန္ဒာ အင်မော်တယ် ကျောင်းတော်၌ အတားအဆီး အစီအရင်များ ချမှတ်မထားကြောင်း သတိပြုမိလိုက်သည်။ နတ်ဆိုးစန္ဒာ အင်မော်တယ် ကျောင်းတော်က အမှန်ပင် သူတို့နည်းလမ်းနှင့်သူ ကွဲပြားနေပြီး အကယ်၍ တခြားဂိုဏ်းဆိုပါက ဂိုဏ်းအတွင်း လေထုထက်၌ အတားအဆီးများ ချထားလောက်၏။
တစ်နာရီအကြာတွင် လင်းဂူက တောင်မြင့်မြင့် တစ်လုံးရှေ့ ခေါ်ဆောင်လာသည်။ တောင်ကို အတားအဆီများ ချထားပြီး ထိုအတားအဆီး နယ်မြေ၏ အပြင်ဘက်တွင် “စန္ဒာဖွေရှာ တောင်ထိပ်” ဟု ရေးသွင်းထားသော ကျောက်တိုင်ကြီးတစ်ခု ရှိနေသည်။ မိုဝူကျိက လင်းဂူသည် စန္ဒာဖွေရှာ တောင်ထိပ်၌ နေကြောင်း မှန်းဆမိလိုက်သည်။
မကြာခင် အတားအဆီးများက ဖြေလျော့သွားပြီး လှပကြော့ရှင်းသည့် အမျိုးသမီး ထွက်လာကာ လင်းဂူအား ဦးညွှတ်လိုက်ပြီး …
“အောင်းစုန့်က စီနီယာအစ်မ လင်းဂူကို နှုတ်ခွန်းဆက်ပါတယ်”
လင်းဂူက ပြန်လည် နှုတ်က်လိုက်ပြီးနောက် မေးလိုက်သည်။
“အောင်းစုန့် ... မေမေရော သက်သာရဲ့လား”
အောင်းစုန့်က စိတ်အားငယ်စွာဖြင့် ခေါင်းခါကာ …
“ဆရာရဲ့ ဝိညာဉ်လမ်းကြောင်းတွေက မည်းနက်လာပြီ။ ကြည့်ရတာ ပိုမြန်လာသလိုပဲ ... လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ကျောင်းအုပ်လည်း လာကြည့်သေးပေမဲ့ သူလည်း ဘာမှ မကူပေးနိုင်ဘူး။
ပြီးတော့ ကျောင်းအုပ်က ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ဆီ ဆေးလုံး ဧကရာဇ်ရဲ အကူအညီ သွားတောင်းမယ် ဆိုပြီး ထွက်သွားတယ် ...”
စိတ်အားငယ်စွာ ရှင်းပြပြီးနောက် အောင်းစုန့်က ခေါင်းငုံ့ထားလိုက်သည်။
ဘေးတွင် မိုဝူကျီက ဘာမှ ဝင်မပြောပေ။ ဝိညာဉ်လမ်းကြောင်းများ မည်းနက်သွားသည့် အကြောင်း ကြားသောအခါ နှလုံးခုန် မြန်လာမိသည်။ သူ့တွင် သဘာဝ သိုလှောင်ရေး လမ်းကြောင်း ရှိပြီး သဘာဝ သိုလှောင်ရေး လမ်းကြောင်းက သူ့ချီသွေးကြောများကို ပြန်လည် ကုသပေးနိုင်သည့်အတွက် ဝိညာဉ်လမ်းကြောင်း များကိုလည်း ကုသနိုင်စွမ်း ရှိလောက်ပေသည်။
အောင်းစုန့်က လင်းဂူ မိခင်၏ တပည့် ဖြစ်ပေသည်။ ထိုအမျိုးသမီးက ဉာဏ်ရည်ကောင်းသည် အလှမျိုး ဖြစ်ကာ သူမ၏ အမူအရာသွင်ပြင်နှင့် ကိုယ်နှုတ် အမူအရာက ပြီးပြည့်စုံသည့် ကြီးပြင်းလာမှုကို ထင်ဟပ်ပြသနေလေ၏။ မိုဝူကျီကို အံ့အားသင့် သွားစေသည်က ဤအောင်းစုန့်က မဟာယီရှန်းအဆင့် ဖြစ်နေပြီး လင်းဂူထင်ပင် ပိုမြင့်သေး၏။
သူမက လင်းဂူထက် ပို၍ အဆင့်မြင့်သော်လည်း လင်းဂူအား စီနီယာအစ်မဟု ခေါ်ဆိုနေရသည်။ မိုဝူကျီ၏ အမြင်အရ လင်းဂူမှာ ကျိုးပျက်ကမ္ဘာအတွင်း ဝင်ရောက်ရန် ကျင့်ကြံဆင့်ကို ချိုးနိမ့် ထားလေသည်။ ထို့ကြောင့် အောင်းစုန့်က သူမကို ဤသို့ ဆက်ဆံနေရခြင်း ဖြစ်လိမ့်မည်။
“ဆရာရော တံခါးပိတ် ကျင့်ကြံတာကနေ ထွက်လာပြီလား”
လင်းဂူက အထဲသို့ ဝင်ရင်း မေးလိုက်သည်။
အောင်းစုန့်က သက်ပြင်းချကာ …
“မထွက်လာသေးပါဘူး။ စီနီယာဦးလေးဂူက တံခါးပိတ် ကျင့်ကြံနေတာ တစ်ခါမှကို မထွက်လာသေးဘူး”
လင်းဂူက အလောတကြီး ဝင်လိုက်ကာ မိုဝူကျီကိုပင် မနှုတ်ဆက် ပေးလိုက်မိပေ။ အောင်းစုန့်က မိုဝူကျီအား ဦးညွှတ်၍ သူ့အား လမ်းပြပေးလေ၏။
စန္ဒာဖွေရှာတောင်ထိပ်၏ အနေအထားမှာ အလွန်ရိုးရှင်းပြီး တစ်ခုနှင့် တစ်ခု ဆက်စပ်နေသည့် အဆောက်အဦ ခုနစ်လုံး၊ ရှစ်လုံးသာ ပါရှိသည်။
မိုဝူကျီက လင်းဂူနောက် လိုက်သွားလိုက်ရင်း လက်ရာမြောက်သည့် အိမ်တစ်လုံးရှေ့ ရောက်လာသည်။
အိမ်အပြင်ဘက်၌ ပန်းပင်အမျိုးမျိုး ရှိနေပြီး ဤနေရာမှာ အင်မော်တယ် ဝိညာဉ်စွမ်းအားများ ပေါကြွယ်ဝရုံသာမက ထိုပန်းပင်များမှ ရနံ့များမှာလည်း လန်းဆန်းပေါ့ပါး သွားစေသည်။
အိမ်အတွင်းပိုင်း၌ သပ်ရပ်ကာ စနစ်တကျ ရှိလှသည်။ အိမ်ထဲ၌ အင်မော်တယ် အမွေးနံ့သာ အသားကုတင် တစ်ခု ရှိနေပြီး ထိုအိပ်ရာပေါ်၌ အင်မတန် ကောင်းသည့် ပိုးသားဖြင့် ခင်းကျင်း ထားလေသည်။ ဖြူဖျော့ဖျော့ အမျိုးသမီးတစ်ဦး ထိုကုတင်ပေါ် လဲလျောင်းနေသည်။ သူမ၏ ဖြူဖျော့ဖျော့ အသားရောင်မှလွဲ၍ ထိုအမျိုးသမီးမှာ လင်းဂူထက် ပို၍ လှပပေသည်။
သူမ ဘေးပတ်လည်တွင် မဖော်ပြတတ်သော ဝိညာဉ်စွမ်းအား ရနံ့များ ရှိနေ၏။
“မေမေ” ဖြူဖျော့ဖျော့ အမျိုးသမီးကို ကြည့်ရင်း လင်းဂူက မြန်မြန် ဘေးသို့သွားကာ ဒူးထောက်လိုက်ပြီး မျက်ရည်များ စီးကျ လာလေသည်။
အောင်းစုန့်လည်း စိတ်အားငယ်စွာဖြင့် ဘေးတွင် ရပ်နေပြီး မိုဝူကျီက လင်းဂူ မရှိသည့်အချိန် အောင်းစုန့်က လင်းဂူ၏ မိခင်ကို ကောင်းမွန်စွာ စောင့်ရှောက် ထားကြောင်း မြင်တွေ့ရသည်။
“လင်းဂူ ... သမီး ပြန်လာပြီပဲ”
အမွှေးရနံ့ အသားကုတင်ပေါ် မှီနေသည့် အမျိုးသမီးက မျက်လုံးများ ဖွင့်လိုက်ကာ ပြုံးပြလိုက်ရင်း ထိုစကားကို အားယူ၍ ပြောလိုက်ရသည်။
“ဟုတ် မေမေ ... သမီး ပြန်ရောက်လာပါပြီ။ ပြီးတော့ သမီး အံ့ဩစရာ ကောင်းတဲ့ ဆေးလုံးဆရာကိုလည်း ခေါ်လာတယ်။ သူက မေမေကို ကုသပေးနိုင်လိမ့်မယ်လို့ သမီး ယုံတယ်” လင်းဂူက မိုဝူကျီအား ညွှန်ပြလိုက်ရင်း ပြောလိုက်သည်။
မိုဝူကျီက လင်းဂူ၏ မိခင်ကို မကြည့်ဘဲ အမွေးနံ့သာ အသားကုတင်ကိုသာ စိုက်ကြည့်နေမိသည်။
***