လူသားတို့ဆင့်ကဲပြောင်းလဲလာခြင်းပေလော
Vol. 1 Ch. 0
ရှေးဟောင်းခန်းမဆောင်ကြီးတစ်ခု။
ကြမ်းပြင်ကို အနက်ရောင်ကျောက်သားများဖြင့် ခင်းကျင်းထားသည်။ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သော အထိမ်းအမှတ်အဖြစ် ထိုကြမ်းပြင်တွင် အက်ကွဲကြောင်းများကို တွေ့ရပေသည်။
ခန်းမဆောင်ကြီး၏ မျက်နှာကျက်တစ်ဝက်မှာ ပြိုကျပျက်စီးနေပြီးဖြစ်သဖြင့် ပြန့်ကျဲနေသော ကျောက်တုံးအပိုင်းအစများကို နေရာအနှံတွင်တွေ့နေရ၏။
ကြောက်မက်ဖွယ်ရာကောင်းသည့် ပုံစံအသီးသီးရှိသော စကျင်သားနတ်ဆိုးရုပ်ထုကြီးများကလည်း နေရာတိုင်းတွင်ရှိနေသည်။
အချို့သော ရုပ်ထုများမှာ ဆိုးဆိုးဝါးဝါးပျက်စီးနေပြီး နတ်ဆိုးများ၏ရုပ်ထုခေါင်းက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျနေ၏။ ထူးဆန်းပြီး ကျက်သီးထစရာကောင်းသည့် အနီရောင်အမြစ်များနှင့်ခရမ်းရောင်သစ်ရွက်များရှိသော နွယ်ပင်များက ကြမ်းပြင်နှင့်ကပ်ကာ ပေါက်ရောက်နေသည်။ ထိုနွယ်ပင်များထဲမှာအချို့မှာ ကြွက်နှင့်အခြားနို့တိုက်သတ္တဝါငယ်ကလေးများ၏
အသေကောင်ကို ရစ်ပတ်ထားလျက်ရှိပြီး အရိုးအများအပြားမှာလည်း ခန်းမအတွင်းပြန့်ကျဲလျက်ရှိပေ၏။
ခန်းမကြီး၏အလယ်တွင်တော့ ကြိုးများဖြင့် တွဲလောင်းချချုပ်နှောင်ခံထားရဟန်ရှိသည့် နတ်ဘုရားတစ်ပါး၏ရုပ်ထုရှိနေသည်။ ထိုနတ်ဘုရား၏မျက်နှာအမူအရာမှာ ရယ်မောနေဟန်
ရှိသည့်တိုင် တစ်မျိုးကျက်သီးထစရာကောင်းနေ၏။ နတ်ဘုရား၏ကျောတွင် အတောင်တစ်စုံရှိကာ သူ၏လက်နက်ဖြစ်ပုံရသောလှံမှာတော့အသွားမရှိတော့ပေ။ နဂိုထုဆစ်စဥ်ကတည်းကမပါသည်လား၊ နောက်မှရာသီဥတုဒဏ်ကြောင့်
ပျက်စီးသွားသည်လားတော့ မည်သူမှမသိပါ။
ထိုနတ်ရုပ်ထုကြီးကို ဆိုင်းကြိုးလေးကြိုးဖြင့်ဆိုင်းထားပြီး ဆိုင်းကြိုးတစ်ခုချင်းစီကို နံရံတွင်ကပ်ကာထုထားသည့် နတ်ရုပ်လေးရုပ်၏လက်ထဲတွင်ချိတ်ထားသည်။ နတ်လေးပါးက နတ်
တစ်ပါးကို ဝိုင်းဝန်းချုပ်နှောင်ထားကြဟန်ပင်။
ထိုခန်းမဆောင်ကြီး၏ရှေ့ဖက်ရင်ပြင်တွင်တော့ လူဆယ့်နှစ်ယောက်ခန့်က မီးပုံတစ်ပုံကို ဝိုင်းပတ်ကာကနေကြသည်။ မီးပုံ၏နံဘေးတွင်တော့ တစ်ကိုယ်လုံးဆေးခြယ်သခံထားရ
သည့် မိန်းကလေးတစ်ယောက်ရှိနေသော်လည်း ထိုမိန်းကလေးမှာ ကြိုးများဖြင့်ချည်နှောင်ခံထားရသဖြင့် လှုပ်ရှားနိုင်ခြင်းမရှိပါ။
နတ်ဆရာဖြစ်ဟန်တူသူတစ်ယောက်ကတော့ ထိုမိန်းကလေး၏လည်ပင်းကို ဓားမြှောင်ဖြင့် တုန်လှုပ်ခြင်းကင်းစွာဖြတ်တောက်လိုက်ပြီး တိရိစ္ဆာန်ဦးချိုတစ်မျိုးဖြင့် ထုဆစ်ထားသည့်ခွက်ဖြင့် သွေးများကိုခံလိုက်၏။ ထို့နောက်
သူက ဂါထာမန္တန်သဖွယ်ထင်ရသော စကားကို
အကြိမ်ကြိမ်အခါခါရွတ်ဆိုနေသည်။
ဝတ်ရုံနက်တို့ကလည်း ပိုမိုမြူးထူးစွာ ကခုန်ကြ၏။ မိန်းကလေး၏လည်ပင်းမှ သွေးများကတော့ ခန်းမဆောင်၏ရေနှုတ်မြောင်းများအတိုင်း စီးဆင်းသွားကာ ကြမ်းပြင်တွင်ထွင်း
ထားသော စာလုံးများကို ပိုမိုထင်ရှားလာစေသည်။
[Κύριος της αμαρτίας]
[အပြစ်သားတို့၏အရှင်သခင်] ဟုအဓိပ္ပါယ်ရ
သော ရှေးဟောင်းစာကြောင်းတစ်ကြောင်းပင်။
"မကောင်းဆိုးဝါးဝိညာဥ်တို့ ငါတို့ထံသို့ လာကြလော့။
မကောင်းဆိုးဝါးဝိညာဥ်တို့ ငါတို့ထံသို့ လာကြလော့။
အပြစ်သားသခင်ကြီးဆင့်ခေါ်နေပြီ။
ဒီလောကကို ဖျက်ဆီးစို့။"
"သခင်...သခင်... ငါတို့အားလုံးရဲ့သခင်ကြီး။"
"သခင်...သခင်... ငါတို့အားလုံးရဲ့သခင်ကြီး။"
"မပြည့်စုံတဲ့ကမ္ဘာကြီးမှာ ဘာကြောင့်နေမလဲ။ ဖျက်ဆီးပြီးပြန်တည်ဆောက်မယ်။"
"မကောင်းဆိုးဝါးတို့ စုဝေးကြလော့။ စုဝေးကြလော့။"
နတ်ဆိုးကိုးကွယ်သူများက သူတို့၏လက်များကိုလှုပ်ခါကာ လေထဲသို့မြှောက်လိုက်ကြ၏။ သူတို့က တစ်မျိုးကြီးထူးဆန်းနေသည့်လေသံဖြင့် ရယ်မောနေကြပြီး။ ဂါထာမန္တန်များကို ဆက်လက်ရွတ်ဆိုနေကြသည်။
ရုတ်တရက်၊ ယဇ်ကောင်ဖြစ်သောမိန်းကလေး၏ခန္ဓာကိုယ်မှလည်ပင်းပြတ်ရှဒဏ်ရာမှာ ပြန်စေ့သွားပြီး ကြိုးများအလိုလိုပြေသွားသည်။ ထို့နောက်တော့ မိန်းကလေးက ငုပ်တုတ်ထ
ထိုင်လိုက်လေ၏။ ထိုမိန်းကလေး၏မျက်လုံးများက အစိမ်းရောင်တောက်နေပြီး နတ်ဆိုးကိုးကွယ်သူများကို တစ်ချက်ဝေ့ကြည့်လိုက်သည်။
"အာရေ၊ တကယ်တိုက်ဆိုင်တာပဲ။ ငါဝိညာဥ် ကူးပြောင်းလာတဲ့သူက နတ်ဆိုးကိုးကွယ်သူတွေရဲ့ယဇ်ကောင်ဖြစ်နေရတယ်လို့။"
ဘုန်း.....။
နတ်ဆိုးခန်းမဆောင်ကြီးရှိနေခဲ့သော တောင်ကုန်းလေးပေါ်တွင် ဧရာမပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာသည်။ သစ်ပင်များအမြစ်မှလန်က လွင့်စင်ထွက်ကုန်ပြီး မြေကြီးများလည်း လေထုထဲသို့ မြောက်တက်ကုန်ကြ၏။
နတ်ဆိုးကိုးကွယ်သူများမှာ သူတို့၏ဝတ်ရုံရှည် ကြီးများကိုမကာ တောင်ကုန်းပေါ်မှာ အသည်းအသန်ပြေးဆင်းလာကြသည်။ နတ်ဆရာဆိုလျှင် ပါးစပ်မှတတွက်တွက်အော်ဟစ်နေသေးသည်။
"ဖုတ်ကောင်ကြီး...ဖုတ်ကောင်ကြီး... လူသေကြီးလမ်းလျှောက်နေတယ် ကယ်ကြပါ။"
အတော်ကြာမှ မျက်လုံးစိမ်းတစ်စုံနှင့်မိန်းကလေးက တောင်ပေါ်မှဆင်းလာသည်။ သူက ရှေ့မှဖင်စလောင်းလန်အောင်ထွက်
ပြေးနေသူများကိုကြည့်ကာ နှာမှုတ်လိုက်၏။
"ဘယ်လိုနတ်ဆိုးကိုးကွယ်သူတွေလဲ။ ဖုတ်ကောင်ကို ကြောက်တယ်လား။ ဒါလားနတ် ဆိုးကိုးကွယ်သူတွေ...အားဟားဟားဟား..."
.....
[နောက်ခံအကြောင်းအရာအချက်အလက်များ]
၁၉၉၂ ခုနှစ်၊ မတ်လတွင် ကမ္ဘာမြေပေါ်သို့ထူးဆန်းသည့်ဥက္ကာပျံကြီးငါးခု ကျဆင်းလာခဲ့ပြီး ကမ္ဘာလေထုထဲတွင် အစိတ်စိတ်
အမွှာမွှာဖြစ်သွားကာ ကမ္ဘာအနှံသို့ ပြန့်ကျဲသွားခဲ့ပါသည်။
ပထမဆုံး ဥက္ကာခဲအပိုင်းအစကို ကောက်ရသည့်သူမှာ တောင်ကိုရီးယားမှ ဂင်မျိုးရိုးအမည်ရှိ စည်ပင်ဝန်ထမ်းဦးလေးကြီးတစ်ယောက်ဖြစ်ကာ ပျံသန်းနိုင်သည့်စွမ်းအားနှင့်စိတ်စွမ်းအား
ဖြင့် အရာဝတ္ထုများကို ထိန်းချုပ်နိုင်စွမ်းကိုရရှိသွားခဲ့၏။
ဒုတိယကောက်ရသူမှာ ရုရှားမှ ဒီမီထရီဆိုသည့် ကောင်လေးတစ်ယောက်ဖြစ်ကာ သူ၏လက်များကို သံမဏိအဖြစ်ပြောင်းနိုင်စွမ်းရှိလာသည်။
ဂျပန်တွင်တော့ ယာမာဂုချိရှေးဟောင်း မိသားစုက သတင်းကြားကြားချင်း ဥက္ကာခဲကိုရှာဖွေခဲ့ပြီး ကျွန်းတစ်ခုပေါ်တွင်ရှာတွေ့ခဲ့ကာအံ့မခန်းအမြင်အာရုံကို ရရှိလာကြ၏။ နောင်နှစ်အနည်းငယ်တွင် သူတို့မိသားစုက ဆာမူရိုင်းများအဖြစ် ပြန်လည်သတ်မှတ်ခံခဲ့ရ၏။
ဥက္ကာခဲနှင့်အစွမ်းများ၏သတင်းက နေရာတိုင်းလိုလိုတွင် ပြန့်နှံသွားသည်။ ကမ္ဘာပေါ်ရှိဩဇာအာဏာရှိသူများရောမရှိသူများပါ
ရှာဖွေခဲ့ကြ၏။ သို့သော် ဥက္ကာခဲရရှိသူတိုင်းမှာ လူကောင်းများမဟုတ်ခဲ့ပေ။ အချို့ကသူတို့၏စွမ်းအားဖြင့် နိုင်ငံများကိုသိမ်းပိုက်ရန်ကြံခဲ့သည်၊ တချို့ကတော့ သူတို့ကိုယ်ကျိုး
စီးပွားအတွက် အကြမ်းဖက်တတ်လာသည်။ တချို့ကတော့ စိတ်ထင်တိုင်းကျဲကုန်ကြ၏။
ထို့ကြောင့် ဆိုးယုတ်သည့်စွမ်းအားရှိသူများထံမှ ပြည်သူကိုအကာအကွယ်ပေးရန် တစ်ချိန်က ရုပ်ရှင်၊ဇာတ်လမ်းနှင့်ရုပ်ပြများထဲတွင်သာရှိသော စွမ်းအားရှိလူစွမ်းကောင်းများပေါ်ပေါက်လာခဲ့တော့သည်။
ကမ္ဘာ၏ပထမမျိုးဆက် သူရဲကောင်း၄၇ဦးတို့က သူရဲကောင်းအစည်းအရုံးကို ပူးပေါင်းတည်ထောင်ခဲ့ကြပြီး ကုလသမဂ္ဂနှင့်ငြိမ်းချမ်းရေးလိုလားသောနိုင်ငံများ၏ အသိအမှတ်ပြုမှုကို ရရှိလာသည်။ နောင်နှစ်ငါးဆယ်တွင်ကုလသမဂ္ဂထက် ပိုမိုအရေးပါလာခဲ့၏။ လူစွမ်းကောင်းများနှင့်စူပါဗီလိန်တို့၏ပုံပြင်များမှာ ကမ္ဘာမြေတွင် စတင်သက်ဝင်လာခဲ့ပြီဖြစ်သည်။
ပြည်သူများအပေါ် ချပြထားသော သတင်းအချက်အလက်များအရ လက်ရှိအချိန်ထိရှာဖွေတွေ့ရှိပြီးသော ဥက္ကာခဲအပိုင်းအစနှစ်ရာကျော်ရှိပြီး နောက်ထပ်မည်မျှရှိနေသေးသလဲဆိုတာက အဖြေမရှိသောပုစ္ဆာတစ်ပုဒ်ဖြစ်နေသည်။
ယခုအချိန်ထိ သုတေသနပညာရှင်များက သူတို့သိထားသမျှကိုအသုံးချကာ စွမ်းအားပိုင်ဆိုင်သူများကို S,A,B,C,D,E ဟူ၍ကြီးစဥ်ငယ်လိုက် အဆင့်များခွဲလိုက်သည်။
နောက်ပိုင်း ပြည်သူလူထုကို တုန်လှုပ်စေခဲ့သည်မှာ ကျောက်တုံးများကိုရှာဖွေတွေ့ရှိသူများသာမက ယင်းဖြစ်ရပ်အပြီးမွေးဖွားလာသည့် ကလေးများတွင်လည်း စွမ်းအားများပါရှိလာခြင်းပင်ဖြစ်၏။
လူသားကမ္ဘာ၏စူပါခေတ်သစ်မှာ စာမျက်နှာအသစ်တစ်ရပ်ကို ဖွင့်လှစ်ခဲ့လေပြီ။
[မေးခွန်း (၁) သင့်မှာစွမ်းအားတစ်ခုခုရှိခဲ့ရင် ဟီးရိုးလုပ်မှာလား၊ ဗီလိန်တစ်ယောက်ဖြစ်ချင်လား။]