← Chapters

ငါက မိန်းကလေးတစ်ယောက် ဖြစ်လာတာလား

Vol. 1 Ch. 3

ငါက မိန်းကလေးတစ်ယောက် ဖြစ်လာတာလား

Vol. 1 Ch. 3

မင်းလွင်နိုးလာတော့ သူ့တစ်ကိုယ်လုံးက ထူးခြားနေတယ်။ စွမ်းအားတွေနဲ့ ပြည့်နက်နေသလိုမျိုး

စွမ်းအားပြည့်နေတာ။ အရင်ကဆိုရင် မနက်စော

စောကျောင်းသွား၊ နေ့လယ် အလုပ်တက်၊ ညဖက်

ကျောင်းစာနဲ့အလုပ်ပေါင်းလုပ်နဲ့ ညနက်မှအိပ်ရ

တယ်။ ပြောရရင် တစ်နေ့မှာ ၂၄နာရီရှိရင် ၁၆နာရီ

လောက်ကို သူပင်ပင်ပန်းပန်းဖြတ်ကျော်နေရတယ်။

ဒီတော့ မနက်နိုးလာတိုင်း တစ်ကိုယ်လုံးကိုက်ခဲပြီး ခေါင်းလည်းမကြည်ဘူး။ အခုတော့ ကြည်နေတာမှ ကော်ဖီခါးခါးဆယ်ခွက်လောက် ဆင့်သောက်ထားသလိုပဲ။

"အင်း...." မင်းလွင် လုပ်နေကျအတိုင်း အကျောဆန့်လိုက်တယ်။ ဒါပေမဲ့...

'ခုဏက မိန်းကလေးတစ်ယောက် ညည်းသံကြားသလိုပဲ။' အဲဒီအတွေးကြောင့် သူအိပ်ရာကို လှည့်

ပတ်ကြည့်တယ်။ သူတစ်ယောက်တည်းရယ်။ အခန်းနံရံမှာကပ်ထားတဲ့ အထက်တန်းကျောင်းတုန်းက စုပေါင်းဓာတ်ပုံရယ်၊ မည်းတူးအောင်

လောင်ထားတဲ့ စမ်းသပ်ဝတ်စုံနဲ့ သူ့ပလက်စတစ်အဝတ်သေတ္တာလေးရယ်ပဲရှိတယ်။

စုပေါင်းဓာတ်ပုံထဲက မင်းလွင်က မျက်နှာကိုကွယ်ထားတယ်။ ကျောင်းရဲ့အစ်မကြီးမယ်လီကတော့ ဗလတွေညှစ်ပြရင်း တောက်တောက်ပပြုံးပြနေတယ်။ သူပြီးရင် အထင်ရှားဆုံးကတော့ တင်မီ။ နှုတ်ခမ်းမှာ နှမ်းဆီပန်းကိုက်ထားပြီးတော့ မဂ္ဂဇင်းတိုက်မှာ ဓာတ်ပုံအရိုက်ခံသလိုမျိုး လုပ်နေတာ။ ဆိုဖီယာကတော့ သူ့အနားမှာရှိနေပြီးသူ့မျက်လုံးတွေက ကြောင်တစ်ကောင်ရဲ့မျက်လုံးကနေ အလင်းပြန်သလိုမျိုး အစိမ်းရောင်တောက်နေတယ်။ အနိုင်ခဏခဏကျင့်ခံရတဲ့ လူမည်းကောင်လေး ဖရက်ကတော့ ခေါင်းကိုငုံပြီး ဖိနပ်တွေကို ငုံကြည့်နေတယ်။

မင်းလွင် သက်ပြင်းချလိုက်တယ်။ ဘာလိုလိုနဲ့ ကျောင်းပြီးသွားတာတောင် လေးနှစ်ပြည့်တော့မယ်။ သူ့အသက်လည်း ၂၂နှစ်ပြည့်ပြီ။ စွမ်းအားလည်းနိုးထမလာသလို နည်းပညာတက္ကသိုလ်က ဘွဲ့ရဖို့အတွက် ရုန်းကန်နေရဆဲပဲ။

'နေပါဦး...စွမ်းအားဆိုခါမှ။' မင်းလွင် မည်းတူးနေတဲ့ စမ်းသပ်ဝတ်စုံကို လှည့်ကြည့်တယ်။

"ငါမနေ့က ကလေးဆေးရုံမီးလောင်တုန်း သွားကူညီမိသေးတယ်မလား။ ပြီးတော့ သေတော့မလိုဖြစ်နေတာလေ...ပြီးတော့ သေခါနီးဆိုဖီယာ... "

တစ်ကိုယ်လုံးလူသေလို ပြာနှမ်းနေတဲ့ဆိုဖီယာက သူ့ကိုသလင်းကျောက်ကလေးတစ်ခုပေးခဲ့တယ်။ သေချာတာက မြူတန့်လောကကြီးကို ဖွင့်လှစ်ပေးခဲ့တဲ့ စွမ်းအင်ကျောက်တုံးတွေထဲက တစ်ခုပဲ။ သူအဲဒါကို ဘာလုပ်ခဲ့မိတာလဲ။ မင်းလွင် သူ့တစ်ကိုယ်လုံးကို စမ်းပြီးရှာကြည့်တယ်။ ဘာမှမတွေ့ဘူး။ ဒါပေမဲ့....

'ငါ့ကိုယ်နံက ထူးဆန်းနေသလိုပဲ။' အာရှကောင်လေးဖြစ်တဲ့ မင်းလွင်မှာ အနောက်တိုင်းသားတွေလို တအားပြင်းတဲ့ ကိုယ်နံမျိုးတော့မရှိဘူး။ ဒါပေမဲ့ ညဖက်ရေမချိုးဘဲနိုးလာရင် အော့အန်ချင်အောင်ကို နံတဲ့ကိုယ်နံရှိတယ်။ ဒါပေမဲ့ အခုတော့သူ့ကိုယ်နံက ရုရှားကလျာဏီပင်လိုမျိုး သင်းသင်းလေးဖြစ်နေတယ်။ ပြီးတော့ ယောက်ျားလေးတွေမှာ ရှိရမယ့်အနံမျိုးမှမဟုတ်တာ။

နောက်တစ်ခုက သူခုဏက အသံထွက်ပြီး ကလေးဆေးရုံ မီးလောင်တဲ့ကိစ္စ ပြောလိုက်မိသေးတယ်မလား။ သူ့အသံက အများပြီးနူးညံ့နေပြီး နဂိုခပ်ဩဩအသံမဟုတ်ဘူး။

"ဘုရားသခင်..." မိန်းကလေးတစ်ယောက်ရဲ့ချိုလွင်တဲ့ ဆည်းလည်းသံကလေးက ကွန်တိန်နာအခန်းထဲမှာ ပဲ့တင်သံထွက်သွားတယ်။ သူ့လည်တိုင်ကိုစမ်းမိတော့ အေဒင်ရဲ့ပန်းသီးလေးက ပျောက်ကွယ်နေပြီ။

"မဟုတ်တာ...." မင်းလွင် ရင်တထိတ်ထိတ်နဲ့ စောင်ကိုမပြီးတော့ သူ့အောက်ပိုင်းကို ကြည့်လိုက်တယ်။

သွားပါပြီ... ဟုတ်ပါတယ်၊ သူ့အမွှာညီလေး တာ့တာပြပြီး ဆူဗာနာကိုခရီးထွက်သွားပြီ။ အဲဒီအစား

ဆူဖြိုးဖြိုး ပန်းသီးလေးနှစ်လုံးက သူ့ရင်ဘတ်ပေါ်မှာ။

"အား......" နောက်တစ်ခါ အော်သံက တစ်ခန်းလုံး

ပြန့်သွားပြန်ရော။ ဒီတစ်ခါတော့ ဘေးအခန်းက နိုက်ကလပ်မမ မခံနိုင်တော့ဘူးထင်ပါရဲ့။ သူ့အသံပြဲကြီးနဲ့ လှမ်းအော်ပါရောလား။

"မာလင်... နင်မနေ့ညက ခေါ်လာတဲ့နင့်ရည်စားကို ပါးစပ်ပိတ်ခိုင်းထားလို့ မရဘူးလား။ ဒီအန်တီလေး နားမခံနိုင်တော့ဘူး။"

နိုက်ကလပ်မမဆိုတာက သူ့ခေါင်းရင်းခန်းက မစ်အိုလီဗာရဲ့နာမည်ပြောင်။ သူက နယူးယောက်ရဲ့ အထက်တန်းစားကလပ်တစ်ခုမှာ ဘားတိန်တာလုပ်တယ်။ အသက်ကတော့ သုံးဆယ့်ငါးနားကပ်နေပြီ။ သူက သူ့ကိုယ်သူ ဒီအန်တီလေးလို့ပြောပြီး တခြားသူတွေထက် အသက်အများကြီးကြီးသူလို လူတွေကိုဆက်ဆံတတ်တယ်။ ငါးနှစ်ကလေးနဲ့တွေ့လည်း အန်တီ၊ အသက်ရှစ်ဆယ်ဘိုးတော်ကြီးနဲ့တွေ့လည်း အန်တီပါ။ သူ့ကိုယ်သူ အန်တီလေးအဖြစ် မွေးဖွားလာတယ်လို့ ထင်နေရှာတာ။ အိမ်နီးချင်းပင့်ကူတူလေးမရှိတာတော့ ဝမ်းနည်းစရာပဲ။

ငယ်ငယ်က Death Metal အဆိုတော်ဖြစ်ချင်တာ။ သူ့စွမ်းအားကလည်း အသံအမျိုးအစားဖြစ်ပြီး စတီဗင်ချောင်ကားထဲက ခြင်္သေ့ဟိန်းသံလိုမျိုး အစွမ်းထက်တယ်။ ဟီးရိုးလုပ်မယ်ဆိုရင်တော့ C+ သေချာပေါက်ဖြစ်မှာပဲ။ ပြဿနာက အဆိုတော်လုပ်ဖို့ပဲစိတ်စွဲနေပြီး အသက်ကြီးလာတဲ့အထိ လက်မလျှော့သေးဘူး။ ရှိသမျှ စတူဒီရိုတွေလည်း ရောက်ပြီးနေပြီ။ အကုန်လုံးက သူစသီချင်းဆိုတာနဲ့ ငြင်းကြတာပါပဲ။ နောက်ဆုံး သူ့အိမ်က အမေအိုကြီးလည်း နားမခံနိုင်တော့တာနဲ့ မောင်းချခံရပြီး ဒီကွန်တိန်နာတိုက်ခန်းငယ်လေးတွေဆီ လေလွင့်လာတာ။

နားမလည်နိုင်တဲ့ ကိစ္စတစ်ခုကြောင့် မိန်းကလေးဖြစ်သွားတဲ့အပြင် ရုတ်တရက်အအော်ခံလိုက်ရတာကြောင့် မင်းလွင်စိတ်ညစ်သွားရော။ ဒီလိုနဲ့ သူအိတ်ဆောင်မှန်လေးကို စားပွဲခုံပေါ်ကနေယူပြီး ကြည့်လိုက်တယ်။

ငွေရောင်ဆံပင်အသားဖြူဖြူနဲ့ငွေရောင်မျက်လုံးတွေရှိတဲ့ မိန်းမလှလေးရဲ့မျက်နှာက မှန်ထဲမှာထင်းလို့ရယ်။

သေချာသွားပြီ၊ သူလိင်ပြောင်းသွားတာ။

စင်္ကာပူတို့ တောင်ကိုရီးယားတို့တောင် သွားခွဲစိတ်စရာမလိုဘူး။ ပြဿနာက ဒီလိုဖြစ်လာဖို့ သူမတောင့်တခဲ့တာပါပဲ။

"ဟူး... အယ်ဘီနိုကောင်မလေးအဖြစ် ပြောင်းသွားတာလား။ ဒီကောင်မလေးမျိုးက ငါလိုချင်တဲ့ရည်းစားမျိုးနဲ့ တစ်ထပ်တည်းဆိုပေမဲ့ ငါကိုယ်တိုင်က ငါလိုချင်တဲ့ရည်စားပုံစံမျိုး ဖြစ်သွားတာတော့ မကောင်းဘူးလေ။"

ငွေရောင်ဆံပင်နဲ့ကောင်မလေးက ကုတင်ပေါ်မှာ

မတ်တပ်ရပ်လိုက်ရင်း သူ့မျက်နှာနဲ့ထိလုနီးပါးဖြစ်နေတဲ့ မျက်နှာကျက်ကို မော့ကြည့်လိုက်တယ်။ မိန်းကလေးဖြစ်ပြီးနောက် အရပ်ပုသွားလို့လားတော့မသိ။ အရင်ကဆိုရင် တဒုန်းဒုန်းနဲ့ဆောင့်မိနေကျ။ ခုတော့ နည်းနည်းလေးလွတ်နေတယ်။

"ဟဲ့...ဘုရားသခင်... ငါ့ရှေ့ကိုမြန်မြန်လာစမ်းပါ။

နုပ်နုပ်စင်းပြီး ခွေးစာကျွေးပစ်မလို့။ ငါအမြဲဆုတောင်းနေတာ ရုပ်ချောတဲ့ ရည်းစားလိုချင်တယ်လို့လေ။ ရုပ်ချောတဲ့ ကောင်မလေးဖြစ်သွားဖို့မဟုတ်ဘူး။"

နောက်ပြီး ပိုဆိုးတာက သူ့အမေကို ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုပြောမလဲ။

'အမေ၊ သားတောင်ကိုရီးယားသွားပြီး ညီလေးကိုဖြုတ်ထားခဲ့တယ်။ အခု သားက သမီးလေးဖြစ်သွားပြီ။'လို့လား။ သေချာပေါက် သူ့အမေသူ့ကိုဓားနဲ့လိုက်ခုတ်မှာပဲ။

အလုပ်ကလူတွေကိုရော ဘယ်လိုရှင်းပြမလဲ။

'မန်နေဂျာကြီးရှင့်၊ ကျွန်တော်က မင်းလွင်ပါ။ ခုတော့ ကျွန်မဖြစ်သွားပြီ။ နာမ်စားမှားမသုံးနဲ့ဦးနော်။' သေချာတယ်။ လူလိမ်ဆိုပြီးတော့ ဖလေရာကိုယ်တိုင် ရဲကိုဖုန်းဆက်လိမ့်မယ်။

ကျောင်းတက်ရင်လည်း အဆင်ပြေမှာမဟုတ်ဘူး။ 'ဟိုင်း၊ ငါက နင်တို့ရဲ့အတန်းဖော် မင်းလွင်ပါ။ အခုတော့ မက်ဒါနာလို့ ပြောင်းခေါ်ကြ။"

ဟုတ်တယ်လေ၊ မင်းလွင်က မာလင်ဆိုတဲ့နာမည်နဲ့တူတယ်။ မာလင်ရဲ့Feminizedနာမည်က မက်ဒါနာလေ။ ဒီတော့ သူ့မိန်းကလေးနာမည်က မက်ဒါနာ။ ဒါပေမဲ့....

"ဟယ်လို၊ စိတ္တဇဆေးရုံကလား။ ဒီမှာရူးနေတဲ့ကောင်မလေးတစ်ယောက် ကျောင်းသားဟန်ဆောင်နေတယ်။"ဆိုပြီး ပါမောက္ခကိုယ်တိုင် အရူးထောင်ကို ဖုန်းဆက်လိမ့်မယ်။

"အား....ငါ့ရဲ့မရှိမဲ့ရှိမဲ့ ဘဝလေးတော့ ပျက်ပါပြီ။" မင်းလွင်(ဝါ)မက်ဒါနာလည်း တစ်နေ့တာရဲ့တတိယအကြိမ်မြောက်အဖြစ် အကျယ်ကြီးအော်မိပါလေရော။

ဘုန်း....။

"မင်းလွင်... ဘာဖြစ်တာလဲ။ မနက်အစောကြီး

မင်းအခန်းထဲကနေ ကောင်မလေးအော်သံထွက်

လာလို့။ မင်းမိန်းမခိုးပြေးလာတာလား။"

"ဟဲ့မင်းလွင်... ငါညဖက်အလုပ်ရှိလို့ အိပ်နေတာလေ။ နင့်ရည်းစားကို နည်းနည်းတိတ်တိတ်နေခိုင်းပါလား။"

"ကိုကိုမာလင် မှော်ဆရာလေးမာလင် မိန်းမခိုးပြေးလာတယ်တဲ့။ သားသားမီးမီးတို့လည်း တွေ့ချင်တယ်။"

ဆရာဝန်လိုဝတ်ထားတဲ့ လူကြီးတစ်ယောက်၊

တုတ်ကောက်တစ်ချောင်းကိုင်ထား အဖိုးကြီး၊

မျက်နှာကပျာကယာသစ်ပြီး ပြေးထွက်လာပုံရတဲ့

သတ်လတ်ပိုင်းဝင်စ အမျိုးသမီးတစ်ဦးနဲ့ပုံစုံတူကလေးခြောက်ယောက် မင်းလွင်အခန်းထဲကို

ပြေးဝင်လာကြတယ်။ မင်းလွင်အခန်းက သော့ခတ်ထားတာဆိုပေမဲ့....

ဒီအုပ်စုလေးထဲမှာ အိမ်ရှင်အဖိုးကြီးလည်း ပါလာတာကိုး။ အခုလက်ထဲမှာ သော့ကြီးတကားကားနဲ့ ဝင်လာတဲ့ တုတ်ကောက်နဲ့အဖိုးကြီးက မင်းလွင်ကိုလည်းတွေ့ရော ပါးစပ်ကြီးဟထားတာ ပြန်ကိုမပိတ်တော့ဘူး။ ဆရာဝန်လိုဝတ်ထားတဲ့ လူကြီးကတော့ ပါးစပ်ကနေ ခရားရေလွှတ်ပြောနေပြီ။

"ပုလဲလိုဖြူဖွေးတဲ့သွားလေးတွေ၊ ပိုးသားဖြူလို ဆံပင်လေးတွေ၊ ငွေရောင်မျက်လုံးလေးနဲ့အရောင်ဖြော့ဖြော့နှုတ်ခမ်း။ ကိုယ့်ကိုသတ်နေသလိုပါပဲကွာ။"

အား.... ဆရာဝန်ဝတ်စုံနှင့်လူ နှလုံးနေရာကိုကိုင်ထားရင်း နောက်ကိုပစ်လဲကျသွားသည်။ ကလေးခြောက်ယောက်ကတော့ ဆရာဝန်ကိုဝိုင်းပတ်ထားပြီး တစ်ယောက်တစ်ပေါက်အော်ဟစ်နေကြ၏။

"ဖေဖေ...ဖေဖေ... မူးလဲသွားပြီ...."

"သူနှာတအားထသွားလို့ထင်တယ်...နှာခေါင်းသွေးလျှံနေတယ်။"

"ဘယ်တတ်နိုင်မလဲ စုန်းဖြူမလေးက တအားလှတာကိုး..."

ကလေးခြောက်ယောက်လုံးက ပုံတူများဖြစ်ပြီး

အမြွှာများဖြစ်ပုံပေ။ ကောင်လေးသုံးယောက်နှင့်

နည်းနည်းပိုငယ်သည့် ကောင်မလေးသုံးယောက်အမြွှာဖြစ်သည်။ မင်းလွင်သိသလောက် သူတို့အဖေဆရာဝန်က သောက်ကျိုးနည်းမြူတန့်အစွမ်းရှိသူဖြစ်ကာ အမြွှာမျိုးရိုးဗီဇအားကောင်းသူဖြစ်၏။ သူ့ဇရီးမှာ သူ၏စွမ်းအားကြောင့် အမြဲသုံးမွှာပူးမွေးပြီး သုံးခါမြောက်မွေးအပြီးတွင် ကလေးများကို မကျွေးနိုင်တော့ဟုဆိုကာ အကြီးဆုံးအမြွှာသုံးယောက်ကိုခေါ်ပြီး ဆရာဝန်ကိုထားခဲ့သည်။ သို့နှင့် ဆရာဝန်မှာ ကလေးခြောက်ယောက်ကိုစောင့်ရှောက်ရင်း ယခုလိုကွန်တိန်နာအိမ်ရာထဲ ရောက်လာလေသည်။ နယူးယောက်မှာ ကလေးတစ်ယောက်ကို ကျွေးဖို့တောင် လွယ်မှမလွယ်တာကိုး။

လောလောဆယ်တော့ မင်းလွင် အဲဒီကိစ္စတွေ မတွေးနိုင်သေးဘူး။ ရုတ်တရက်ဝင်လာတဲ့လူတွေကြောင့် သူ့ကိုယ်ကိုကျုံထားပြီး ဖက်ထားတယ်။ ညကဝတ်အိပ်ထားပုံရတဲ့ တီရှပ်က သူ့တင်ပါးနားလေးပဲဖုံးတယ်။ မိန်းကလေးပြောင်းသွားပြီးနောက် အရပ်နည်းနည်းပုသွားတာ ကျေးဇူးတင်ရမယ်။ မဟုတ်ရင် အရှက်မဲ့စုန်းဖြူမလေးဖြစ်နေမှာ။ ခုတော့ အရှက်မဲ့တစ်ပိုင်းစုန်းဖြူမလေးပေါ့။

အိမ်ရှင်အဖိုးကြီးလည်း စကားပြောမထွက်ဘူး။ ငိုတော့မယ့်ဆဲဆဲ စုန်းဖြူမလေးရဲ့မျက်တောင်ဖြူလေးတွေ။ နီမြန်းနေတဲ့ကြွေသားလိုပါးကလေးတွေက သူတော်စင်တွေကိုတောင် စျာန်လျောသွားစေနိုင်တယ်လေ။ မကြာပါဘူး သူလည်းနှလုံးနေရာကိုဖိထားရင်း လဲကျသွားရော။

'ဟောတော့၊ နောက်တစ်ယောက် သတိမေ့သွားပြန်ပြီ။ ငါက အဲဒီလောက် လှနေတာလားဟင်။'

ခုတော့ ခုန်ပေါက်ပြေးလွှားနေတဲ့ ကလေးတွေနဲ့ အန်တီလေးပဲကျန်တော့တယ်။ အန်တီလေးကတော့ သူ့ကိုအသေစိုးရိမ်နေပုံပဲ။

"မင်းလွင်ဘယ်မှာလဲ... မစိုးရိမ်နဲ့ညီမလေး။ ယောက်ျားတွေက အဲဒီလိုပဲ။ စားပြီးနားမလည်တဲ့ဟာမျိုးတွေ။ ညီမလေးကို ထားခဲ့ပြီး ဘယ်ထွက်သွားတာလဲ။ အစ်မလိုက်ရှာပေးမယ်။ စိတ်ဓာတ်မကျနဲ့နော် ညီမလေး..."

'သေစမ်း...သေစေနိုင်လောက်တဲ့ အထင်လွဲမှားမှုကြီးဖြစ်နေပြီ။' အခုနေ ကာမလိမ်လည်လှည့်ဖျားမှုနဲ့ ဒီအိမ်ကလူတွေ သူ့ကိုအမှုသွားဖွင့်လို့ကတော့ မရှိတော့တဲ့မင်းလွင် ဝရမ်းပြေးလုံးလုံးဖြစ်ပြီ။ သူလုံးဝအဖြစ်ခံလို့မရဘူး။

"မ...မဟုတ်ဘူးနော်...ရှင်တို့မှားနေပြီ။ ကျွန်မက မက်ဒါနာပါ။ ကျွန်မက မင်းလွင်ရဲ့အမေတူအဖေကွဲညီမလေးပါ။ မိထွေးအိမ်ကထွက်ပြေးပြီး နယ်ကတက်လာတာ။ အစ်ကိုကတော့ အမေလှမ်းခေါ်လို့ နယ်ခဏပြန်သွားတယ်လေ။ သူမရှိတုန်း ကျွန်မက နယူးယောက်မှာ ခဏနေချင်လို့ပါ။"

"တကတည်းတော်... နယူးယောက်ကို ဘာမှတ်လို့လဲအေ့။ ညည်းအစ်ကိုက ညည်းကိုစောင့်ရှောက်မယ်မရှိဘူး။ နယ်ပြန်သွားတယ်...သေလိုက်ပါတော့။ နင်ကလည်း မပြောမဆို ဒီမြို့ကိုတစ်ယောက်တည်းတက်လာရလား။ ရောင်းစားခံရလိမ့်မယ်။ နင့်ကိုအမဲဖျက်မယ့် လူမိုက်ဂိုဏ်းတွေလည်း အများကြီးနော်။ ဘာလဲ..နင့်မိထွေးက တအားနှိပ်စက်လို့လား။"

'ဟယ်... အမေတူဖအေကွဲလို့ ပြောလိုက်တာနဲ့ တန်းယုံသွားတယ်ကြည့်စမ်း။ လှည့်စားရလွယ်လိုက်တာ။' မက်ဒါနာလေး မှန်ကိုမသိမသာထုတ်ပြီး သူ့မျက်နှာသူ ပြန်ကြည့်လိုက်တယ်။ တခြားတစ်ယောက်လို ဖြစ်သွားပေမဲ့ မျက်နှာကနည်းနည်းဆင်နေသေးတာကိုး။ 'တော်ပါသေးရဲ့။'

နောက်တော့ စုန်းဖြူမလေး မက်ဒါနာလည်း အော်စကာရအောင် အိမ်တွင်းအရှုပ်တော်ပုံ ဒရမ်မာဇာတ်လမ်းတစ်ပုဒ်ကို သရုပ်ဆောင်ပြတော့တာပါပဲ။

"ကျွန်မတို့က အမေတူပေမဲ့ အဖေမတူတဲ့မောင်နှမတွေပေါ့ရှင်။ ကျွန်မအမေက တရားရှုံးသွားပြီး ကျွန်မကို အုပ်ထိန်းခွင့်မရခဲ့ဘူး။ ဒီလိုနဲ့ အဖေနဲ့နေရတယ်။ အဖေက ချမ်းသာပေမဲ့ တအားရှုပ်ပွေတာ။ တစ်နေ့တော့ ဘယ်ကမှန်းမသိတဲ့ မိန်းမကြီးတစ်ယောက်ကို အိမ်ပေါ်ခေါ်တင်လာတယ်။ အသက်ကကြီးကြီး အပေါက်ကဆိုးဆိုးရှင့်။ သူက ကျွန်မအဖေအမွေတွေကိုပဲ ကျားချောင်းချောင်းနေတာလေ။ အဖေ့ရှေ့တော့ ကောင်းချင်ယောင်ဆောင်ပေမဲ့ ကွယ်ရာရောက်တာနဲ့ နှိပ်စက်တော့တာပဲ။ အိမ်အလုပ်တွေကို အိမ်ဖော်လိုလုပ်ရတယ်။ ကျောင်းလည်းထားမပေးဘူးရှင့်။ အလိုမကျရင် ကျွန်မကိုရိုက်တယ်နှက်တယ်။ သူကံမကောင်းတာ ကျွန်မလိုစုန်းဖြူမအိမ်မှာရှိနေလို့တဲ့။ ကျွန်မက အမေမွေးကတည်းက အယ်ဘီနိုဖြစ်နေတာ အပြစ်လား။

အဟင့်..."

မက်ဒါနာတောင် သူပြောတဲ့ဇာတ်လမ်းထဲက ကောင်မလေးကို တကယ်သနားလာတယ်။ ခေတ်သစ်စင်ဒရဲလားလေးလိုမျိုး သူ့ကိုယ်သူခံစားလာရလို့ပါ။ စျာန်ဝင်သွားပြီး မျက်ရည်ကျလာကာ လက်ကလေးကိုမြှောက်ပြီး မျက်ရည်စတွေကို သုတ်ပစ်လိုက်တယ်။ မျက်ရည်ပေါက်ကလေးတစ်ပေါက်က လွင့်စင်သွားပြီး နေရောင်အောက်မှာ တောက်ပနေတယ်။ အန်တီလေးတော့ ဟက်ထိသွားလေပြီ။ အပြစ်ကင်းစင်သည့် အမြွာလေးတွေတောင် ပါးစပ်ကလေးတွေဟပြီး 'ဝိုး...'ကတည်း အသံပြုလိုက်ကြတယ်။ ကမ္ဘာသစ်တစ်ခုကို သူတို့ရှေ့မှာ မြင်လိုက်ရသူတွေလိုမျိုး။

ဟက်ထိသွားတဲ့ အန်တီလေးကတော့ သူ့ကိုနှစ်သိမ့်ပေးဖို့ အစွမ်းကုန်ကြိုးစားနေတယ်။

"ဘာမှမပူနဲ့၊ ဟောဒီက တီတီလေးရှိတယ်။ အလုပ်လိုချင်လည်း တီတီလေးရှာပေးမယ်။ သန့်သန့်ပြန့်ပြန့် အလုပ်ကိုပြောတာနော်။ ဘားမှာလဲမလုပ်ရဘူး၊ ပန်းကန်လည်း မဆေးရဘူး၊ ဟော်တယ်ရှေ့ ဒီအတိုင်းလေးရပ်ပေးနေရုံပဲ။

ပြီးတော့ အချိန်ပိုင်းပဲလုပ်ရမှာ။ အစောင့်တွေလည်းရှိတော့ လုံခြုံမှုလည်းရှိတယ်။ အကူအညီလိုရင်လည်းပြောနော်။ ဟောဒီမှာ တီလေးစုထားတဲ့ ငွေတွေယူထားလိုက်။ အဝတ်အစားရောရှိရဲ့လား။ နင့်အစ်ကိုအဝတ်တွေ အမြဲဝတ်ထားလို့ ဘယ်ဖြစ်မလဲ။ မဖြစ်သေးပါဘူးအေ၊ ငါလိုက်ဝယ်ပေးဦးမှပါ။ နင့်အစ်ကိုကလည်းအေ၊ ဒုက္ခရောက်နေတဲ့ ညီမလေးကိုပစ်ထားပြီး နယ်ပြန်ရတယ်လို့။ တွေ့ရင်ကောင်းကောင်းသမဦးမှပါ။"

မက်ဒါနာ ကျက်သီးထလာတယ်။ မင်းလွင်လည်း မက်ဒါနာ။ မက်ဒါနာလည်း မင်းလွင်လေ။ ဒီအစ်မကြီး သမတာခံရရင် သူနားကွဲသေမှာ။ ဘုရားဘုရား....

မနက်စာစားဖို့ အိမ်ရှင်အဖိုးကြီးရဲ့ဇနီး အိမ်ရှင်အဖွားကြီးက မက်ဒါနာထံ မက်ဒေါ်နယ်မှစားစရာများပို့ပေးပြီးတော့ ကျန်သူများပြန်သွားကြတယ်။ ကလေးတွေကတော့ စိတ်အနှောင့်အယှက်ဖြစ်စရာပါ။ အသားအရေလှအောင် ဘယ်လိုထိန်းလဲ၊ လုံးလုံးလေးတွေ ကိုင်လို့ရမလား။ ပေါင်ပေါ်ထိုင်လို့ရလား ဆိုတဲ့မေးခွန်းတွေ ဆက်တိုက်တွက်ထိုးမေးကြတယ်။ ကလေးတွေရဲ့အပြုံးက အပြစ်ကင်းပေမဲ့ တောက်ပနေတဲ့ မျက်လုံးဝိုင်းဝိုင်းတွေကတော့ တကယ်လန့်စရာ။ အဖေတူပြီး နှာဘူးလေးတွေဖြစ်နေလားတော့မသိ။

'ခြောက်နှစ်နဲ့ရှစ်နှစ်ကြားကလေးတွေက ကြောက်ဖို့ကောင်းလိုက်တာ။'လို့တောင် မက်ဒါနာအတွေးဝင်လာတယ်။ ဒါပေမဲ့ မက်ဒါနာကတော့ စိတ်ပူနေဆဲ။ ဘာပဲပြောပြော ခုလောလောဆယ် လိမ်လို့ရပေမဲ့ ကြာရင်သူတို့သိကုန်မှာပဲလေ။ မင်းလွင်က မက်ဒါနာဖြစ်သွားတာ မသိရင်တောင် မင်းလွင်အကြာကြီးပြန်မလာရင် သံသယဝင်လာတော့မှာ။ ပြီးတော့ စားဝတ်နေရေးကလည်း အရေးကြီးသေးတယ်။ ပြဿနာတွေက အများကြီးရယ်။

နောက်ဆုံးတော့ သူ့ကိုသလင်းကျောက်ပေးခဲ့တဲ့ ဆိုဖီယာဆီ သွားပြီးအဖြေရှာဖို့သာ သူဆုံးဖြတ်လိုက်တော့တယ်။ ပြောရရင် သဲလွန်စရမရပါပဲ။

မနေ့က သွေးမရှိသလို ပြာနှမ်းနေတဲ့ပုံစံနဲ့ဆိုရင်

ဆိုဖီယာက သေတောင်သေနေလောက်ပြီ။ ဒါပေမဲ့ သူ့အိမ်မှာ သဲလွန်စတစ်ခုခုတော့ ရှိချင်ရှိမှာပေါ့။

ပြဿနာက ဆိုဖီယာ့အိမ်က တင်မီဘေးမှာဖြစ်နေတာပဲ။ အဲဒီကောင် သူ့အခြေအနေကို မြင်လို့မဖြစ်ဘူး။ မဟုတ်ရင် သူ့ကိုလိုက်ကြောင်နေလို့ တစ်ဘဝလုံး အကောင်းနေရမှာမဟုတ်ဘူး။ မင်းလွင်ဖြစ်ကြောင်း သူပြောပြရင်တောင် 'ငါ့သူငယ်ချင်းစော်ဖြစ်သွားလည်း မချန်ဘူးနော်'လို့ ပြောမယ့်ကောင်စားမျိုး။

၂။

ငွေရောင်ဆံနွယ်လေးတွေရဲ့ မက်ဒါနာတစ်ယောက် ချည်သားဂါဝန်အဖြူ ပါးပါးလေးကိုဝတ်ထားရင်း ဆိုင်အဝတ််လဲခန်းထဲကနေ ရှက်ရှက်နဲ့ထွက်လာတယ်။ ကောင်မလေးပါးတွေဆို နီရဲနေတာပဲ။

ဒီနေ့က တနင်္ဂနွေနေ့ပါ။ တခြားသူတွေအတွက် ရုံးပိတ်ရက်ပေမဲ့ မင်းလွင်အတွက်ကတော့ အချိန်ပိုင်းရုံးတက်ရက်ပါ။ ပြဿနာက သူရုံးကို ဘယ်လိုသွားရမှန်း မသိသေးတာပဲ။ ဖလေရာသူ့ကိုလူလိမ်လို့ ထင်သွားနိုင်တာကိုး။ ဒီတော့ ဘေးအိမ်ကအန်တီလေး အကြံပေးတဲ့အတိုင်း အဝတ်ဝယ်ဖို့ဖြစ်လာတယ်။ သိပ်လှတဲ့ကောင်မလေး မက်ဒါနာဖြစ်နေပြီဆိုတော့ မိန်းကလေးဆန်အောင်နေကြည့်ဖို့ ကြိုးစားရမယ်မဟုတ်လား။ ဒီလိုနဲ့တီတီလေးအိုလီဗာနောက်လိုက်လာတာ။

"အောင်မလေး လှလိုက်တာ၊ ဘာဝတ်ဝတ်လှနေတော့တာပဲ။" အိုလီဗာကတော့ ပါးဝပ်ကိုလက်ဝါးနဲ့ကာရင်း မက်ဒါနာကို အသည်းအသန်ချီးကျူးနေတယ်။ သူတို့အဝတ်ရွေးနေတာ သုံးနာရီလောက်ရှိပြီ။ မက်ဒါနာလည်း ပင်ပန်းလှပြီ။ ဒါပေမဲ့ဆိုင်က အစ်မကြီးတွေနဲ့တီတီလေးအိုလီဗာကတော့ နည်းနည်းလေးမှ ပင်ပန်းပုံမရဘူး။ ဝတ်စုံလှလှလေးတွေထုတ်ပြပြီး အတင်းဝတ်ခိုင်းတော့တာ။ မဝယ်နိုင်ပါဘူးဆိုတာတောင် မရဘူး။

"မ...မစ်အိုလီဗာ.. ဒီအဝတ်တွေက တအားပါးသလိုပဲ ကျွန်မ မနေတတ်တော့ဘူး။" တကယ်ပြောရရင် ရုတ်တရက်ကြီး ကောင်မလေးဖြစ်သွားတာမလို့ မက်ဒါနာမှာ မိန်းမဝတ်အတွင်းခံတွေမရှိသေးဘူး။ ဒီတော့ ချယ်ရီသီးနီနီလေးတွေကိုလည်း ဝိုးတဝါစလေးမြင်နေရတယ်။ အစ်မကြီးတွေကတော့ နှာခေါင်းသွေးလျှံကျမလာအောင်လို့ နှာခေါင်းကိုလက်နဲ့ညှစ်ထားကြရလေရဲ့။

"အောင်မလေး ချစ်စရာကောင်းလိုက်တာ၊ ရော့ရော့ ဒီအင်္ကျီလေးဝတ်ကြည့်ဦး။"

"အာ...ဒါပေမဲ့ ကျွန်မက ဝယ်မှာမှမဟုတ်တာ။

စျေးဒီလောက်ကြီးတာကို။" ဆိုင်မန်နေဂျာမမကတော့ နည်းနည်းလေးမှ စိတ်ရှိတဲ့ပုံမပေါ်ဘူး။ ပန်းပွားအကမယ်ဝတ်စုံကို မက်ဒါနာလေးလက်ထဲထိုးထည့်ပေးလိုက်ပြီး အတောက်ပဆုံးပြုံးပြလိုက်တယ်။

"မပူနဲ့...မပေရင်ဘာမှမဖြစ်ဘူး။ မမတို့က လက်ဆောင်ပါထည့်ပေးလိုက်ဦးမှာ။"

"ဟယ်...ဖြစ်ပါ့မလား။"

"ဖြစ်တာပေါ့.... ညီမလေးဝတ်ထားတဲ့ပုံတွေကို Instragramမှာတင်ပြီး အစ်မတို့ဆိုင်အတွက် ကြော်ငြာလုပ်လိုက်တာလေ။"

"....."

မက်ဒါနာ: 'ရုတ်တရက်ကြီး အသုံးချခံလိုက်ရသလို ခံစားရတယ်။'

မကြာပါဘူး။ အနီရောင်ပန်းပွားမယ်ဝတ်စုံလေးဝတ်ထားတဲ့ မက်ဒါနာတစ်ယောက် လက်ထဲမှာပန်းပွားလှလှလေးတွေကိုကိုင်ပြီး ထွက်လာပါလေရော။ ဗိုက်သားဖြူဖြူချပ်ချပ်ကလေးကတော့ အားလုံးထဲမှာ အထင်ရှားဆုံးပေါ့။ ရင်ဘတ်ကလေးက ပန်းသီးဆိုဒ်ဆိုတော့ မကြီးလွန်းမသေးလွန်းလေ။ ဒီတော့ ပန်းပွားမယ်တစ်ယောက်အနေနဲ့ ပထမတန်းစားခန္ဓာကိုယ်ပိုင်ရှင်လေးပေါ့။

"အား...ဒီလိုသမီးလေးတစ်ယောက်လောက် လိုချင်လိုက်တာနော်။" ဆိုင်မန်နေဂျာအစ်မကြီးကတော့ ပြောပြောဆိုဆိုနဲ့ ဖုန်းကိုထုတ်ပြီး ဓာတ်ပုံတွေတဖြတ်ဖြတ်ရိုက်နေပြီ။ ဘာeffectမှမပါဘဲ တအားလှနေတဲ့ကောင်မလေးမျိုးရှာဖို့က အခုခေတ်မှာ သိပ်ခက်သွားပြီလေ။ မော်ဒယ်တွေတောင် မဂ္ဂဇင်းထဲမှာလှပြီး အပြင်မှာကြောက်စရာရုတ်ကြီးတွေဖြစ်နေတာ တစ်ပုံတပင်ကြီးမဟုတ်လား။

မကြာဘူး။ မက်ဒါနာလက်ထဲကို နောက်ထပ်အဝတ်အစားတွေရောက်လာတယ်။ အိမ်စေဝတ်စုံ၊ သူနာပြုဝတ်စုံ၊ အားကစားဝတ်စုံ၊ ခရာတေးဝတ်စုံနဲ့ရဲမေဝတ်စုံတောင်ပါသေးတယ်။ မက်ဒါနာကတော့ အဝတ်တွေလဲရလွန်းလို့ ချာချာလည်နေပြီ။

နောက်ဆုံးဝတ်စုံကတော့ နတ်သမီးဝတ်စုံလေး။ ပေါင်သားလေးကိုလှစ်ပြထားတဲ့ ရွှေရောင်တောက်တောက် ဂါဝန်နဲ့အဖြူရောင်တောင်ပံတစ်စုံ။ နဖူးပေါ်မှာ ရွှေကွင်းလေးတောင် ပါလိုက်သေးတယ်။ တအားလှလွန်းလို့ ဓာတ်ပုံရိုက်နေတဲ့ အစ်မကြီးတောင်မှ လက်ထဲက ဖုန်းလွတ်ကျသွားရော။ အတော်ကြာအောင် ကြောင်နေပြီးတဲ့နောက်မှ သတိပြန်ဝင်လာပြီး ဖုန်းကိုပြန်ကောက်တယ်။

နောက်တော့ မက်ဒါနာဝတ်ထားခဲ့သမျှ အဝတ်တွေအကုန်လုံးကို လက်ဆောင်ဆိုပြီး အထုပ်တွေထဲထည့်ပေးလိုက်ပါလေရော။ ပြဿနာက တစ်ခုမှ နေ့စဥ်ဘဝမှာ ဝတ်လို့ရတဲ့ဝတ်စုံမျိုးမပါတာပဲ။ အကုန်လုံးက Cosplayဝတ်စုံတွေ။ အဲဒါတွေဝတ်ပြီးလျှောက်သွားနေရင် စုန်းဖြူမလေး နယူးယောက်တစ်မြို့လုံးကို ရူးအောင်ပြုစားမိသွားလိမ့်မယ်။

အန်တီလေးအိုလီဗာကတော့ ကောင်မလေးလက်ကို တွဲထားပြီးပြီ။ နောက်တစ်နေရာသွားဖို့ အသင့်ဖြစ်နေပုံပဲ။

"ကဲ... နောက်တစ်နေရာ သွားကြစို့။"

"ဟိုလေ... အဝတ်တွေဝယ်ထားပြီးပြီမဟုတ်လား... ထပ်သွားဖို့ လိုသေးလို့လားဟင်။"

အိုလီဗာက စုန်းဖြူမလေးဗိုက်ကို လိမ်ဆွဲလိုက်တယ်။ အဆီပိုမရှိတော့ အသားကျစ်ကျစ်လေးလေ။ မက်ဒါနာလည်း နာလို့ထအော်ပါလေရော။

"ကောင်မစုတ်လေး၊ နင်က ဘရာမပါဘဲ မြို့အနှံလျှောက်သွားမလို့လား။ နင့်ကိုယ်နင် ဘရာလက် တက်ကြွလှုပ်ရှားသူလို့ ထင်နေတာလား။ ဟင်း..ဒီကောင်မလေးကတော့ ဘရာတွေရဲ့အနုပညာကို နားလည်ပုံမပေါ်ဘူး။"

ဒီလိုနဲ့နောက်တစ်ဆိုင်ရောက်လာပြီး အဝတ်တွေအမျိုးမျိုးဝတ်ကြည့်ရတော့တာပဲ။ အဲဒီကမန်နေဂျာမမကိုယ်တိုင်ကလည်း မဝယ်နိုင်ရင်တောင် လက်ဆောင်ပေးမယ်ဆိုပြီး တစ်ခုခုပြီးတစ်ခုဝတ်ခိုင်းပြီး ပို့စ်အမျိုးမျိုးပေးခိုင်းနေတော့တာ။

အခုတော့ ကြိုးမပါတဲ့ရေကူးဝတ်စုံအပြာလေးကို ဝတ်ထားပြီး ပို့စ်ပေးနေရတယ်။ မန်နေဂျာခပ်ဝဝ အမေရိကန်-အာဖရိကန် အမျိုးသမီးကတော့ ပို့စ်ဘယ်လိုပေးရမယ်ဆိုတာကို သင်ပြပေးနေတယ်။ စုန်းဖြူမလေးကတော့ ရှက်လွန်းလို့ သေသာသေလိုက်ချင်တော့တယ်။

"ဟုတ်ပြီ... သဲသောင်ပြင်ပေါ်မှာ လျှောက်ပြေးနေတဲ့ ပုံစံလေးလုပ်ပါဦး။ လက်ကလေးကို မြှောက်ထား၊ ကင်မရာကိုကြည့်ပြီးပြုံးပြ။ ခြေနှစ်ဖက်ကိုပြေးနေသလိုမျိုးကားထား။"

ချလက်...ချလက်...

မက်ဒါနာကတော့ သေချင်စိတ်ပေါက်နေပြီ။ မိန်းကလေးဖြစ်ရတာ ဒီလောက်ပင်ပန်းမယ်မထင်ခဲ့မိဘူး။ သူအဝတ်လဲနေတုန်း ဆိုင်မှာတပ်ထားတဲ့ တီဗီအသေးစားလေးကနေ နေ့လယ်ခင်းသတင်းတင်ဆက်နေတာ ကြားရတယ်။

"Fox 5 NY ချန်နယ်ကနေ ကြိုဆိုလိုက်ပါတယ်ခင်ဗျာ။ ဒီနေ့အတွက် နေ့လယ်ခင်းသတင်းတွေ အနေနဲ့ကတော့ Silver Knight ဗီလိန်လား ဟီးရိုးလား၊ မြူတန့်တွေက မျိုးစိတ်ကွဲတွေလားနဲ့ကမ္ဘာ့ရေးရာအဖြာဖြာကို တင်ဆက်ပေးမှာဖြစ်ပါတယ်။"

ရုပ်ရည်ချောမောတဲ့ အမျိုးသားတင်ဆက်သူက စာရွက်ကိုမကြည့်ဘဲ ခန့်ညားသောလေသံနဲ့ တီဗီမျက်နှာပြင်ကိုကြည့်ကာ ပြောလိုက်တယ်။ သူစကားဆုံးတာနဲ့ ဘေးမှာရှိနေတဲ့ အမျိုးသမီးတင်ဆက်သူက ဆက်ပြောပါတယ်။

"မနေ့က နယူးယောက်၊ ကွင်းခရိုင်မှာရှိတဲ့ သီရေတာလန်း ကလေးဆေးရုံ မီးလောင်ကျွမ်းခဲ့ပြီး နှစ်ဦးသေဆုံးကာ အများအပြားဒဏ်ရာရခဲ့ပါတယ်။ နှစ်လမ်းကျော်က ဟီးရိုးဟောမှာ ပြိုင်ပွဲအတွက် ဟီးရိုးအများအပြား စုဝေးနေခဲ့ပေမဲ့ ဘယ်သူမှရောက်မလာခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီအစား Silver Knightလို့ ကိုယ့်ကိုယ်ကိုယ်အမည်ပေးထားတဲ့ လူတစ်ယောက်က ဝင်ကယ်ခဲ့ပါတယ်။ သူဟာ ဟီးရိုးအစည်းအရုံးမှာ မှတ်ပုံတင်ထားခြင်းမရှိပါဘူး။ ဒီသတင်းနဲ့ပတ်သက်ပြီး ကျွန်မတို့ဆက်လက်တင်ပြပေးသွားမှာပါ။"

မြင်ကွင်းက ဆယ့်နှစ်နှစ်အရွယ် ကောင်လေးတစ်ယောက်ထံသို့ ပြောင်းပြသည်။ ကောင်လေးက မိဘများနှင့် မုန့်စားနေပုံရပြီး လက်ထဲတွင်ဒိုးနပ်အကွင်းကို ကိုင်ထား၏။

"သားလေး... မနေ့က သားကိုကယ်သွားတဲ့ သူရဲကောင်းကို မြင်လိုက်ရသေးလား။ သူက ဘယ်လိုပုံစံမျိုးလဲ။"

ကလေးက မျက်လုံးကို ပေကလက် ပေကလက်လုပ်ရင်း ပြန်ဖြေသည်။

"သူရဲကောင်းကြီးက ငွေရောင်ချပ်ဝတ်ကို ဝတ်ထားတာ။ မိန်းကလေးလား ယောက်ျားလေးလားတော့ သားလည်းမသိဘူး။ ဒါပေမဲ့ သူ့ဝတ်စုံကနေ ညှော်နံတွေထွက်နေတယ်။ သူအဆင်ပြေမှာပါနော် ဦးဦး...."

မြင်ကွင်းက ထပ်ပြောင်းသွားသည်။ အသက်ငါးဆယ်အရွယ် အဖွားတစ်ဦးကိုပြနေချင်းဖြစ်ပြီး လက်ထဲတွင်တုတ်ကောက်ကိုကိုင်ထားကာ ချောကလက်ကို ပလုပ်ပလောင်းစားနေသည်။

"အဖွားမနေ့က သူ့ကိုမြင်လိုက်ရသေးလား။"

"Silver Knightဆိုတဲ့ ကောင်လေးလား။ သူ့ခန္ဓာကိုယ်က ပုံပျက်နေတယ်။ နံရိုးသုံးလေးချောင်းလောက် ကျိုးထားပုံပဲ။ ပြီးတော့ဟော့ဒေါ့တူးတဲ့အနံတောင်ထွက်နေတာ။ အဲဒီကောင်လေးသေသွားရင်တောင် အဖွားအံ့ဩမှာမဟုတ်ဘူး။"

.... မျက်နှာပြင်က ထပ်ပြောင်းသွားပြီး တင်ဆက်သူနှစ်ယောက်ထံ ပြန်ပြောင်းပြသည်။

"နယူးယောက်ဟီးရိုးအစည်းအရုံးရဲ့အဆိုအရတော့ Silver Knightနာမည်နဲ့ မှတ်ပုံတင်ထားတဲ့ဟီးရိုး ဘယ်နိုင်ငံမှာမှမရှိဘဲ လိုင်စင်မဲ့ဟီးရိုးတစ်ယောက်လို့ဆိုပါတယ်။ ကျွန်တော်တို့ လေဆာအိုင်းနဲ့အင်တာဗျူးထားပါတယ်။"

နယူးယောက်ဟီးရိုးအစည်းအရုံး ပြောရေးဆိုခွင့်ရှိသူထံ ပြောင်းပြသည်။ လေဆာအိုင်းမှာ ခါတိုင်းကဲ့သို့ပင် အနက်ရောင်နေကာမျက်မှန်ကိုတပ်ထားပြီး မဲ့ရွဲ့နေ၏။

"အဲဒီလူက လိုင်စင်မရှိဘဲ ဟီးရိုးဟန်ဆောင်နေတဲ့အရူးပဲ။ ခင်ဗျားတို့က သူကလေးတွေကိုကယ်သွားတာပဲမြင်တာ။ သူက နောက်ကွယ်မှာဒုက္ခပေးမယ့်ပရောဂျက်ကြီးတစ်ခုစီစဥ်နေတဲ့ စူပါဗီလိန်တောင် ဖြစ်နေနိုင်သေးတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျုပ်တို့အစွမ်းကုန်စုံစမ်းမှာပါ။"

သတင်းထောက်က ဖြတ်မေးလိုက်သည်။

"ဆာ... မနေ့က ဟီးရိုးဟောမှာ ဆာလည်းရှိနေတယ်လို့ပြောပါတယ်။ ဘာလို့ ကလေးဆေးရုံမီးလောင်တာကို လာမကယ်တာလဲ။"

"လာမကယ်ဘူး.... လာကယ်စရာလိုလို့လားကွ။ ဟီးရိုးတွေက မီးသတ်ဖို့အလုပ်လုပ်နေတာမဟုတ်ဘူး။ အဲဒါသောက်သုံးမကျတဲ့ မီးသတ်သမားတွေရဲ့အလုပ်ကွ။"

ချက်ချင်းပင် သတင်းထောက်က ဟီးရိုးလေဆာအိုင်းကို ထထိုးမိတော့မလိုဖြစ်သွားသည်။

"ခွေးကောင်... ဟီးရိုးအစည်းအရုံးဆိုတာ လူ့အသက်ကိုကာကွယ်ဖို့ ဖွဲ့စည်းထားတာမဟုတ်ဘူးလားကွ။ မင်းတို့က ဟီးရိုးတွေမဟုတ်ဘူး၊ ခွေးမသားတွေပဲ။ လိုင်စင်ရှိရှိမရှိရှိ စေတနာနဲ့ဝင်ကူညီပေးတဲ့ Silver Knightကို မစော်ကားနဲ့ကွ။"

မြင်ကွင်းက ချက်ချင်းထပ်ပြောင်းသွားသည်။

ကဖေးဆိုင်တစ်ခုတွင် ကော်ဖီသောက်နေသည့် ကောင်မလေးတစ်ယောက်နှင့်အင်တာဗျူးနေခြင်းဖြစ်ပြီး ကောင်မလေးက အထက်တန်းကျောင်းသူလေးဖြစ်ပုံပေါ်သည်။

"Silver Knightက ဗီလိန်ဖြစ်နေနိုင်တယ်... ဘယ်သူဂရုစိုက်မှာလဲ။ ဗီလိန်ဖြစ်နေရင်တောင် သူကကြင်နာတတ်တဲ့ ဗီလိန်ပဲနေမှာပေါ့။ လိုင်စင်မရှိဘူးပြောရအောင် ကမ္ဘာ့ပထမဆုံးဟီးရိုးတွေမှာ လိုင်စင်ရှိတယ်လို့ ရှင်တို့ကြားဖူးလို့လား။ ကပ္ပတိန်စတိတ်မန်းမှာ လိုင်စင်ရှိလား...

မက်တယ်ပလာဒင်မှာရော လိုင်စင်ရှိလို့လား...

လိုင်စင်ကြောင့် ဟီးရိုးတွေဖြစ်လာတာမဟုတ်ဘူး။ အများအတွက် အနစ်နာခံပေးလို့ ဟီးရိုးတွေဖြစ်လာတာ။ ဟီးရိုးအားလုံးမှာ လိုင်စင်ရှိဖို့မလိုပါဘူး။"

မြင်ကွင်းက တင်ဆက်သူတွေထံ ပြန်ပြောင်းပြသည်။ ငွေရောင်ဆံပင်နှင့်ကောင်မလေးကတော့ သတင်းကိုကြည့်ရင်း ပြုံးမိလိုက်သည်။

"အများအတွက် အနစ်နာခံပေးမှ ဟီးရိုးဖြစ်လာတာ။ ဟုတ်တယ်... ဟီးရိုးဆိုတဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်ကို နားလည်တဲ့လူတွေ ရှိနေသေးတာပဲ။"

တင်ဆက်သူများဖက်သို့ ပြန်လှည့်ပြသည်။ အမျိုးသားတင်ဆက်သူက ခါတိုင်းလိုပင် ပရော်ဖက်ရှင်နယ်ဆန်ဆန်ပြုံးရင်း ပြောလိုက်၏။

"ဟုတ်ကဲ့... ကျွန်တော်တို့ရဲ့ကြင်နာတတ်တဲ့ ဗီလိန်ကြီးအကြောင်းကို ခဏထားလိုက်ရအောင်လား။ နောက်သတင်းတွေ တင်ဆက်ဖို့ရှိနေပါသေးတယ်။" အမျိုးသမီးတင်ဆက်သူက သူ့အလှည့်ရောက်ပြီဆိုသည့်ဟန်ဖြင့် ပြောလိုက်သည်။

"နယူးယောက်တက္ကသိုလ် မနုဿဗေဒပါမောက္ခကြီး မစ္စတာစမစ်ကတော့ မြူတန့်တွေဟာ လူသားတွေမဟုတ်ဘူးဆိုတဲ့အဆိုကို အမြဲကိုင်စွဲထားသူပါ။ ဒီတစ်ခါမှာလည်း အမေရိကန်လွှတ်တော်ကို မြူတန့်ဥပဒေတွေပိုမိုတင်းကျပ်ဖို့အတွက် တောင်းဆိုထားပါတယ်။ မြူတန့်လူဦးရေကိုထိန်းချုပ်ဖို့၊ စွမ်းအားကြီးသူတွေကို အနီးကပ်စောင့်ကြည့်ဖို့နဲ့ ဟီးရိုးအစည်းအရုံးတွေကို လွတ်လပ်တဲ့အဖွဲ့အစည်းတွေအဖြစ်ကနေ ဖျက်သိမ်းပြီး စစ်တပ်အောက်ကိုထည့်ဖို့ စတဲ့အချက်တွေပါဝင်ပါတယ်။ မစ္စတာစမစ်နဲ့အင်တာဗျူးထားပါတယ်..."

အသက်ရှစ်ဆယ်အရွယ်ခန့်ရှိ ပါမောက္ခအိုကြီးကို လှည့်ပြသည်။ ပါမောက္ခကြီးမှာ အလွန်အမင်းကြောက်ရွံနေဟန်ရှိပြီး စကားကို အထစ်ထစ်အငေါ့ငေါ့ပြောနေ၏။

"လက်ရှိလူသားမျိုးစိတ်တွေဟာ Homo sapiens မဟုတ်တဲ့ တခြားလူတူမျိုးစိတ်တွေကို မျိုးတုန်းအောင်သတ်ဖြတ်ပြီးမှ ယနေ့ယဥ်ကျေးမှုတွေကို တည်ဆောက်ခဲ့တာပါ။ ယနေ့အချိန်မှာတော့ Homo sapiens-metaဆိုတဲ့ လူနဲ့တူပေမဲ့ လူထက်စွမ်းအားကြီးတဲ့ မျိုးစိတ်တွေရှိနေပါပြီ။ သူတို့အရေအတွက်ကလည်း တဖြည်းဖြည်းသာလွန်လာနေပါတယ်။ တစ်နေ့နေ့တစ်ချိန်ချိန်မှာ ကျုပ်တို့သာမန်လူသာသတွေကို Homo sapiens-metaတွေက မျိုးသုန်းသတ်ဖြတ်လာနိုင်ပါတယ်။ ဒါကြောင့် လိုအပ်တဲ့ ကာကွယ်မှုတွေကိုပြုလုပ်ထားမှ ရှေ့ဆက်နိုင်မှာပါ။"

"ပါမောက္ခပြောချင်တာက မြူတန့်တွေက လူမဟုတ်ဘူးပေါ့။"

"သူတို့က ဘယ်လိုလုပ်ပြီး လူဖြစ်နိုင်မှာလဲ။ သာမန်လူသားတစ်ယောက်က ပီတာပန်လိုမျိုးခုန်ပျံနေပြီး Ben-tenလိုမျိုး အကောင်တွေပြောင်းနေတာ မြင်ဖူးလို့လား။ သူတို့က Homo sapiensတွေမဟုတ်ဘူး။ Homo sapiens-metaတွေ။ လူပုံစံရှိတဲ့ မကောင်းဆိုးဝါးတွေပဲ။"

ဖန်သားပြင်ပေါ်တွင် တင်ဆက်သူနှစ်ယောက် ပြန်ပေါ်လာသည်။ သူတို့မျက်နှာကတော့ အတော်လေးစိတ်ရှုပ်ထွေးနေပုံရ၏။ အတော်ကြာမှာ အမျိုးသားတင်ဆက်သူက ရေတစ်ခွက်သောက်လိုက်ရင်း ဆက်ပြောသည်။

"ဟုတ်ကဲ့ပါ၊ လောလောဆယ်မှာတော့ ဒီဥပဒေမူကြမ်းကို ရီပက်ပလစ်ကန်ပါတီကအောက်လွှတ်တော်အမတ် သီရိုစပဲ့က လွှတ်တော်ကိုတင်ပြထားပြီး နောက်တစ်ပတ်မှာ မဲခွဲဆုံးဖြတ်မှာဖြစ်ပါတယ်။ နောက်သတင်းတွေကို ဆက်ကြည့်ရအောင်။" အမျိုးသမီးတင်ဆက်သူကလည်း..

"ဟုတ်ကဲ့ရှင့်... နောက်တစ်ရက်မှာ ၁၈နှစ်ပြည့်တော့မှာဖြစ်တဲ့ ဂျပန်ရဲ့Sအဆင့်သူရဲကောင်း ဆာမူရိုင်းမိန်းကလေး ဥစာကီက စူပါဗီလိန်ဖြစ်တဲ့ ရပ်နင်ဂျာကို တားဆီးနိုင်ခဲ့ပါတယ်။"

"ဘဏ်တစ်ခုကိုဖောက်ထွင်းပြီး ငွေနဲ့အခြားရတနာပစ္စည်းတွေကို ရယူဖို့ကြိုးစားနေတဲ့ ဗီလိန်ကို ဓားတစ်ချောင်းထဲနဲ့ အနိုင်ယူခဲ့တာပါ။ ရပ်နင်ဂျာဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး ပြန်ဆုတ်သွားရပါတယ်။ ယာမာဂုချိမိသားစုကတော့ သူတို့သူရဲကောင်းလေးရဲ့မွေးနေ့ပွဲကို ခမ်းခမ်းနားနားကျင်းပမယ်လို့ဆိုပါတယ်။"

အနက်ရောင်ဆံပင်ရှည်များနှင့် မျက်နှာရှည်ရှည်လေးရှိသော မိန်းကလေးတစ်ယောက်၏ပုံကို သတင်းဌာနက ပြသထားသည်။ လက်ထဲတွင်တော့ ကာတာနာဓားတစ်လက်ကိုကိုင်ထားပြီး ဂျပန်ကျောင်းဝတ်စုံဝတ်ထားသည်။ ထိုမိန်းကလေးမှာ မူလတန်းကတည်းက ဟီးရိုးလုပ်နေခြင်းဖြစ်ပြီး ကမ္ဘာ့အသက်အငယ်ဆုံးဟီးရိုးလည်းဖြစ်၏။ မက်ဒါနာကတော့ ထိုကိစ္စနှင့်ပတ်သက်ပြီး သိပ်အမြင်မကြည်ပေ။ ကလေးတစ်ယောက်ကို စူပါဗီလိန်များနှင့်တိုက်ခိုက်ခိုင်းခြင်းက ရက်စက်ရာကျလွန်းသည်။

အဝတ်လဲခန်းထဲမှာ တော်တော်ကြာသွားပါပြီ။ မက်ဒါနာလည်း သူဝယ်မယ့် အဝတ်တွေကို ဆုံးဖြတ်ထားပြီးပြီ။ လိပ်ပြာပုံလေးပါတဲ့ခရမ်းဇာလေးနဲ့အပြာစင်းလေးပါ။ ဘာရယ်တော့မဟုတ်ပေမဲ့ မှန်ထဲကြည့်ပြီး သူ့ကိုယ်သူနှာခေါင်းသွေးလျှံထွက်တော့မလို ခံစားလိုက်ရလို့လေ။ စုန်းဖြူမလေးကျိန်စာက ကိုယ့်ကိုယ်ကိုယ်လည်း ထိတဲ့ပုံပဲ။ ဒီလိုနဲ့ မနေနိုင်ဘဲ ရွေးဖြစ်သွားတာ။

သူအပြင်ထွက်လိုက်တော့ မန်နေဂျာအစ်မကြီးနဲ့အန်တီလေးအိုလီဗာပါ နှာခေါင်းသွေးလျှံပြီးလဲကျသွားရော။

အိမ်အပြန်လမ်းမှာလည်း ဂျာနယ်လစ်တွေနဲ့ မဂ္ဂဇင်းတိုက်က ကင်းထောက်တွေကို ရှောင်ခဲ့ရသေးတယ်။ စုန်းဖြူမလေးပုံတွေက အင်တာနက်မှာအမြန်ပျံသွားပြီး လူပေါင်းသန်းကျော်ကိုချက်ချင်းရူးသွပ်သွားစေတယ်လေ။ အပျော်တမ်းမော်ဒယ်ဆိုတာသိတာနဲ့ မော်ဒယ်အေဂျင်စီတွေက ချက်ချင်းပလာဇာထဲကို ချီတက်လာကြတာပါ။ ဒါပေမဲ့ မက်ဒါနာကတော့ သူတို့ကိုကံကောင်းစွာနဲ့ ရှောင်ရှားနိုင်ခဲ့တယ်။

ဒီလိုနဲ့ စုန်းဖြူမလေးရဲ့ပထမဆုံး မိန်းကလေးဘဝတစ်နေ့တာကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

၃။

"ဒီကောင်တွေက ကျွန်မကားကို မီးလောင်အောင်လုပ်တယ်။ ရှင်တို့တွေ ဘယ်လိုရဲဖြစ်လာကြတာလဲမသိဘူး။ ရှင်တို့အလျော်ပေးရမယ်။"

ကွင်းခရိုင်ရဲစခန်းတွင်ဖြစ်သည်။ အဖွားကြီးတစ်ယောက်က လက်ညိုးငေါက်ငေါက်ထိုးပြီး စခန်းမှူးရှေ့တွင်ရပ်နေသော ရဲအသစ်လေးနှစ်ယောက်ကို အော်ငေါက်နေ၏။ သတ်လတ်ပိုင်း စခန်းမှူးကတော့ သင်တန်းဆင်းခါစ လူငယ်လေးနှစ်ယောက်ကို မော့ကြည့်လိုက်ရင်း မေးလိုက်သည်။

"ကယ်ဗင်နဲ့ကလောက်... ဘယ်လိုဖြစ်တာလဲဆိုတာ ငါ့ကိုရှင်းပြလို့ရနိုင်မလား။"

လူငယ်လေးနှစ်ယောက်က စခန်းမှူးကြီးကို တလေးတစားဖြင့် အလေးပြုလိုက်ပါသည်။ ကယ်ဗင်ဆိုသည့် ရွှေရောင်ဆံပင် မျက်လုံးပြာပြာနှင့်လူငယ်လေးက အရင်စပြောလိုက်၏။

"ဟုတ်ကဲ့ကပ္ပတိန်၊ ကျွန်တော်တို့က လူတစ်ယောက် ကားထဲမှာ သော့ကျန်ခဲ့တယ်ဆိုပြီး ပြတင်းပေါက်ထဲကို လက်နှိုက်နေတာတွေ့လို့ သွားကူညီတာပါ။ ဒါပေမဲ့ အဲဒါက ကားသူခိုးဖြစ်နေတယ်။"

မီးခိုးရောင်ဆံပင်များနှင့်ကလောက်ကတော့ သူ့အဖော်စကားကို ဝင်ဖြည့်ပေးလိုက်သည်။

"ကျွန်တော်တို့ သူ့ကိုကားနံပါတ်ပြောပြခိုင်းသေးပါတယ်။ ကားနံပါတ်မှန်နေတာနဲ့ ပိုင်ရှင်လို့ထင်တာပါ။ သူကားကိုမောင်းထွက်သွားပြီးမကြာခင်မှာပဲ မစ်နိုက်ရှိုက်ရောက်လာပါတယ်။ ကျွန်တော်တို့လည်း ကားသူခိုးကိုတားဖို့သေနတ်နဲ့ပစ်ရင်း ဆီတိုင်ကီကို ပစ်မိပါတယ်။ သူခိုးကတော့ ကားပေါ်ကဆင်းပြေးလို့လွှတ်သွားပြီး ကားကတော့ ပျက်စီးသွားပါတယ်။"

ကပ္ပတိန်ကြီးကတော့ မနေနိုင်တော့ဘဲ ရယ်မောလိုက်တော့သည်။ ဒီကောင်လေးနှစ်ယောက်က အတွေ့အကြုံနုသေးတယ်မဟုတ်လား။ လုံခြုံရေးတပ်ဖွဲ့ကနေ ရဲဌာနကိုရောက်လာတာ သိပ်မှမကြာသေးတာကိုး။

"ထားတော့ထားတော့... အစ်မကြီး၊ ကျွန်တော်လက်မှတ်ထိုးပေးလိုက်မယ်။ မြို့တော်ဝန်ရုံးက အစ်မကြီးကားအတွက် တစ်ခုခုပြန်လုပ်ပေးပါလိမ့်မယ်။ ဟိုနှစ်ကောင်... မင်းတို့ကတော့ ပြီးရင်ကွင်းပန်းခြံထဲမှာ နှစ်ပတ်အချိန်ပိုသွားစောင့်ရမယ်။ လခလည်း နည်းနည်းဖြတ်လိုက်မယ်။ ရမလား။"

ကြီးကြီးလေးလေး မည်သည့်အပြစ်မှမပေးသဖြင့် ရဲတပ်သားအသစ်လေးနှစ်ယောက် ပျော်ရွှင်သွားကြသည်။ ကပ္ပတိန်ကြီးလူးဝစ်မှာ ရဲလုပ်သက် ၂၅နှစ်ရှိပြီဖြစ်ပြီး အသက်ငါးဆယ်ထဲဝင်နေပြီဖြစ်သည်။ သူက အမြဲတမ်းလက်အောက်ငယ်သားများကိုညှာတာပြီး သဘောကောင်းသည်။ တရားမျှတမှုလည်းရှိသောကြောင့် ဂုဏ်သတင်းကျော်ဇော်ပေ၏။ သို့သော် အထက်လူကြီးများကို အရှိအရှိအတိုင်းပြောတတ်သောကြောင့် မျက်မုန်းကျိုးခြင်းခံရပြီး ရာထူးမတက်ပေ။ NYPD ဌာနချုပ်၌ပင် မနေရဘဲ သေးငယ်သော နယ်မြေရဲစခန်းလေးတွင် စခန်းမှူးလာလုပ်နေရသည်။ ထို့ကြောင့် ရဲတပ်သားလေးများက သူ့ကိုလေးစားကြခြင်းဖြစ်၏။

အဖွားကြီးကလည်း ထိုကိစ္စနှင့်ပတ်သက်၍ ထပ်ပြဿနာမရှာတော့ဘဲ ထွက်သွားသည်။ မြို့တော်ဝန်ရုံးက အနည်းဆုံးတော့ အာမခံကြေးထုတ်လို့ရအောင် ကူညီပေးလိမ့်မည်ဖြစ်၏။ ကံကောင်းရင်တော့ ကားအသစ်တစ်စီးရနိုင်သည်။ လူငယ်လေးနှစ်ယောက်ကတော့ သူ့ကိုအလေးပြုပြီး ထွက်သွားကြ၏။ ရဲစခန်းမှူးကြီးကတော့ ပြုံးပြုံးနှင့်ပင် သူ၏အလုပ်များကို ဆက်လုပ်နေလိုက်သည်။

များမကြာမီ အခြားအရာရှိတစ်ယောက်ဖြစ်သော အင်စပတ်တာလီဝင်လာသည်။ လီက အမေရိကန်တရုတ်လူမျိုးဖြစ်ကာ အရည်အချင်းရှိသည်ဟု ဆိုရမည်ဖြစ်သည်။ အသက်သုံးဆယ့်ငါးလောက်ရှိမည်ဖြစ်ကာ ပိန်ပိန်ပါးပါးနှင့်ကြည့်ကောင်း၏။ သူက စခန်းမှူးကြီးကို ပြောလိုက်သည်။

"ဆာ၊ ၂၉၅ လမ်းမကြီးပေါ်မှာဖြစ်တဲ့ လူသတ်မှုနဲ့ပတ်သက်ပြီး သဲလွန်စရပါပြီ။ လူသတ်သမားတွေရဲ့ကားကို နှစ်လမ်းကျော်မှာရှာတွေ့တယ်။"

"ဟမ်... အရင်အပတ်ကဖြစ်တဲ့အမှုကို အခုမှကားရှာတွေ့တာလား။"

"ဗန်ကားကို ထရပ်ကားထဲထည့်ထားတာပါဆာ။

သန့်ရှင်းရေးသမားတစ်ယောက်က ထရပ်ကားတံခါးကိုဖွင့်မိပြီး ကျည်ရာအပြည့်နဲ့ဗန်ကားတွေ့လို့ စခန်းကိုအသိပေးလာတာပါ။"

"ဪ....ဟောင်းပေမဲ့ ကောင်းနေဆဲ အကွက်လေးပါလား။"

ရဲစခန်းမှူးကြီးက ထိုင်ရာမှထလိုက်သည်။ အသက်ကြီးလာပြီဖြစ်သောကြောင့် အရင်လိုသိပ်မပေါ့ပါးတော့ပေ။ သူက ခါးမှသေနတ်ကိုစမ်းလိုက်ပြီး အင်စပတ်တာလီကို မေးလိုက်သည်။

"NYPD ဌာနချုပ်ကိုရော ဖုန်းဆက်ပြီးပြီလား။ FBIကရော ဘာပြောလဲ။"

"NYPDကတော့ အခင်းဖြစ်ရာကို သွားနှင့်ပြီလို့ပြောပါတယ်ဆာ။ ကျွန်တော်တို့က နယ်မြေခံတွေမလို့ လိုက်ကြည့်ရမှာပါ။ FBIကတော့ သာမန်အမှုလို့ယူဆတဲ့အတွက် ရောက်မလာပါဘူး။"

"ကောင်းပြီ... ဟီးရိုးတွေဖက်ကရော..."

"သူတို့စိတ်မဝင်စားဘူး...."

စခန်းမှူးကြီးက ခေါင်းကိုခါယမ်းလိုက်သည်။ ယခုအမှုက အမှုသေးသေးလေးမဟုတ်ပေ။ လွန်ခဲ့သည့်လအနည်းငယ်က ပြိုကျသွားသောတိုက်တစ်လုံးကို စစ်ဆေးခဲ့သော အရည်အသွေးစစ်ဆေးရေးမှူးတစ်ယောက် အသတ်ခံရသည့်အမှုဖြစ်ပြီး ယင်းအမှုတွင် မြေအမျိုးအစားမြူတန့်တစ်ယောက်ပါဝင်ပတ်သက်နေသည်ဟု သဲလွန်စများက ဖော်ပြနေသည်။ စခန်းမှူးကြီးက ယခုအမှုကို နှုတ်ပိတ်မှုအဖြစ်ယူဆနေပြီး FBIသို့သတင်းပို့ခဲ့သည့်တိုင်အောင် သာမန်လူသတ်မှုအဖြစ်သာ တစ်ဖက်က ယူဆနေသည်။ ဟီးရိုးတွေကတော့လား။ သူတို့ကတော့ စူပါဗီလိန်တွေဖမ်းဖို့နှင့်နာမည်ကြီးဖို့သာ အာရုံစိုက်နေကြရာ တော်ရုံတရားဥပဒေစိုးမိုးရေးအမှုများတွင် ဝင်မပါတတ်ကြတော့ပေ။

"သွားကြတာပေါ့။"

၂။

၂၉၅လမ်းပေါ်မှာ သိုလှောင်ရုံအကြီးစားတစ်ခုထံ သူတို့ရောက်လာခဲ့ကြသည်။ ရဲကားနှစ်စီးက အရေးပေါ်မီးကိုဖွင့်ပြီး အသည်းအသန်မောင်းနေသဖြင့် စခန်းမှူးကြီးမှာ နားမလည်နိုင်အောင်ဖြစ်နေ၏။ ထို့ကြောင့်သူက ကားမောင်းနေသောတပ်သားအား မေးလိုက်သည်။

"ဟေးတပ်သား... ဘာလို့အမြန်မောင်းနေတာလဲ။ ငါတို့က သဲလွန်စနောက်လိုက်ရုံပဲလေ။ အလျင်မလိုဘူးမဟုတ်လား။"

သို့သော် တပ်သားက တစ်ချက်သာလှည့်ကြည့်ပြီး ပြန်မဖြေပေ။ ဘေးမှာထိုင်နေသည့် အင်စပတ်တာလီကတော့ စပကလင်ဘူးကိုဖွင့်ရင်း စခန်းမှူးကြီးကို ကမ်းပေးလိုက်၏။

"ကျုပ်တို့အမြန်ရောက်လေကောင်းလေမဟုတ်လား။ ရော့...သောက်ပါဦး... နေ့လယ်နေ့ခင်းပူတယ်လေ။"

စခန်းမှူးကြီးက ဘူးကိုယူလိုက်ပြီး အင်စပတ်တာလီကို နားမလည်နိုင်စွာကြည့်လိုက်၏။ 'ဒီလူဒီနေ့မှ ဘာတွေသဘောကောင်းနေတာလဲ။'ဆိုသည့်အကြည့်မျိုး။ အင်စပတ်တာလီက နောက်တစ်ဘူးကိုဖွင့်ပြီး သူကိုယ်တိုင်လည်း သောက်လိုက်သည်။

"ခင်ဗျားတို့အမေရိကန်တွေက ကိုလာပဲသောက်နေသလိုပဲ။ စပါကလင်ကို သိပ်မကြိုက်ကြသလိုပဲနော်။"

"သံပုရာဖျော်ရည်ကို ဘယ်သူက ပိုက်ဆံပေးပြီးသောက်မှာလဲဟ။"

"ဟဲဟဲ..." အင်စပတ်တာလီက ခပ်ဟဟသာပြုံးလိုက်ပြီး သူ့ဖျော်ရည်သူ သောက်လိုက်၏။ မကြာခင်မှာပင် သူတို့က သိုလှောင်ရုံအတွင်းရောက်နေကြပြီဖြစ်သည်။

"ဟေး...အင်စပတ်တာလီ၊ ဗန်ကားကရော ဘယ်မှာလဲ။ ထရပ်ကားလည်းမတွေ့ပါလား။"

"သိုလှောင်ရုံထဲမှာပါဆာ။" ရဲတပ်သားနှစ်ယောက်က သိုလှောင်ရုံတံခါးကြီးကို ဆွဲဖွင့်လိုက်သည်။ အတွင်းပိုင်းက ပိန်းပိန်းပိတ်မှောင်နေသောကြောင့် ဘာကိုမှမမြင်ရပေ။ သို့သော် အနံကတော့အောက်သိုးသိုးဖြစ်နေသည်။ သွေးနံတချို့ကိုပင်ရနေသည်ဟု စခန်းမှူးကြီးထင်လိုက်မိ၏။

ရဲတပ်သားနှစ်ယောက်က မီးဖွင့်လိုက်သောအခါတွင် စခန်းမှူးကြီး အံအားသင့်လွန်းပြီး မျက်လုံးပြူးသွားသည်။ လက်နက်ကိုင်ထားသည့် လူမည်းဂိုဏ်းစတားတစ်ဒါဇင်ခန့်မှာ ပြူးကျယ်နေသောမျက်လုံးများဖြင့် သေဆုံးနေကြပြီး သွေးများက အိုင်ထွန်းနေ၏။ ဗန်ကားနှင့်ထရပ်ကားဆိုသည်မှာလည်းမရှိပေ။ ထို့အပြင် မည်သည့်NYPDမှရှိမနေဘဲ။ သူတို့ချည်းသာရှိနေခြင်းဖြစ်သည်။

"ဒါ....ဒါက...."

"ဒိုင်းမွန်းဘရားသားဂိုဏ်းက လူမည်းတွေလေ။ အော်ဘန်ဒါလေးအဖွဲ့ခွဲပေါ့။"

"မင်း...မင်းတို့...."

ရဲတပ်သားများက စခန်းမှူးကြီးကို သေနတ်နှင့်ချိန်လိုက်သည်။ စခန်းမှူးကြီးက ချက်ချင်းနောက်ကိုဆုတ်လိုက်ပြီး သူ၏သေနတ်ကိုဆွဲထုတ်ရန်ကြိုးစားသော်လည်း သေနတ်က သူ၏ခါးတွင်ရှိမနေတော့ပေ။ အင်ပတ်တာလီက သူ၏သေနတ်မဟုတ်သော သေနတ်ကို ထုတ်ပြလိုက်သည်။ စခန်းမှူးကြီး၏သေနတ်ပင်။

"အာ...အာ....တစ်ခုခုရှာနေတာလား။"

"အင်စပတ်တာလီ၊ မင်းဒါဘာလုပ်တာလဲ ငါ့ကိုရှင်းပြစမ်း။"

အင်စပတ်တာလီကတော့ ခပ်ဟဟပြုံးလိုက်ရင်း စခန်းမှူးကြီးနားသို့ ဖြည်းဖြည်းချင်းတိုးကပ်သွားသည်။ သူက အေးစက်စက်လေသံဖြင့် ပြောလိုက်၏။

"ငါတို့ရဲ့အလုပ်ရှင်က မင်းကြောင့်စိုးရိမ်နေတယ်။ မင်းက အနံခံကောင်းတဲ့ ခွေးတစ်ကောင်လိုပဲလေ။ မင်းသာ ဒီအမှုကိုဆက်စုံစမ်းနေတယ်ဆိုရင် ငါတို့အလုပ်ရှင်ကောင်းကောင်းအိပ်ရမှာမဟုတ်ဘူး။"

"ရူးနေလား... စုံထောက်တွေက မင်းငါ့ကိုသတ်တယ်ဆိုတာ မသိဘဲနေမလားကွ။"

စခန်းမှူးကြီးက မြေပြင်ပေါ်တွင် လဲကျနေသည့်ထိုင်ခုံတစ်လုံးဖြင့် အင်စပတ်တာလီကို ပစ်ပေါက်ပြီးထွက်ပြေးသည်။ နောက်မှရဲတပ်သားများက သေနတ်ဖြင့်ပစ်သော်လည်း စခန်းမှူးကြီးမှာ အရည်အချင်းအတော်မြင့်မားသောကြောင့် အချိန်တိုအတွင်း ထိအောင်မပစ်နိုင်ဘဲ ဖြစ်နေ၏။

သူက ကုန်ပစ္စည်းများစီထားသည့် နေရာနောက်သို့ပြေးဝင်ပြီး ပုန်းလိုက်သည်။ သေနေသောလူမည်းတစ်ယောက်၏သေနတ်အားကောက်ယူကာ ပြန်ခုခံရန်လုပ်သော်လည်း သေနတ်တွင်ကျည်အိမ်မရှိပေ။

"ဖာ့ခ်... ဒီနေရာတစ်ခုလုံးက သူတို့ကြိုစီစဥ်ထားတာပဲ။"

"အံ့ဩသွားလား၊ ဒီနေရာက ခင်ဗျားရဲ့သင်္ချိုင်းဖြစ်လာတော့မှာလေ။"

သေနတ်တစ်လက်က စခန်းမှူးကြီး၏နားထင်ကို လာချိန်ထားသဖြင့် စခန်းမှူးကြီး မျက်လုံးပြူးသွားသည်။ သူလှည့်ကြည့်လိုက်တော့ အမှောင်ထုအတွင်းမှ ထိုးထွက်လာသော အင်စပတ်တာလီကိုတွေ့လိုက်ရ၏။

"ကျုပ်ရဲ့မြူတန့်အစွမ်း အရိပ်ခရီးသွားခြင်းက သိပ်စွမ်းအားမမြင့်ပေမဲ့ D+ စွမ်းအားတစ်ခုပဲ။ အမှောင်ထုထဲမှာဆိုရင် မီတာတစ်ရာအကွာအဝေးအတွင်း အတားအဆီးမရှိကြိုက်သလိုသွားလို့ရတယ်။ အား... ခင်ဗျားကို ဘာလို့ဒါတွေရှင်းပြနေရတာလဲ။ ခင်ဗျားက ဒီအတိုင်းသေတော့မယ့် လူအိုကြီးပဲဥစ္စာ။"

"ခွေးမသား...သစ္စာဖောက်... မင်းဥပဒေရဲ့လက်တံတွေကနေ လွတ်မယ်ထင်နေတာလား။"

စခန်းမှူးကြီးက အော်ဟစ်ရင်း အင်စပတ်တာလီကို တွန်းဖယ်ပစ်ကာ ဆက်ပြေးသည်။ အင်စပတ်တာလီကတော့ ပျင်းရိပျင်းတွဲခြေလှမ်းများဖြင့် နောက်ကလိုက်လာ၏။

"ဟားဟား...ကြောက်လှပါပြီရဲ့။ FBIက ဘာလို့ဒီအမှုကို စိတ်မဝင်စားလဲသိလား။ ကျုပ်တို့အလုပ်ရှင်က သူတို့ရန်စလို့မရတဲ့ တည်ရှိမှုမျိုးဖြစ်နေလို့လေ။ ခင်ဗျားကရော ကျုပ်လက်ကနေပြေးလွတ်မယ်ထင်နေတာလား...."

တဖြည်းဖြည်းနှင့် စခန်းမှူးကြီးမှာ သူ၏အားအင်များကုန်ခမ်းလာသလို ခံစားနေရသောကြောင့် ကားပေါ်မှာ သူတစ်ငုံခန့်သောက်မိခဲ့သော အချိုရည်ကို ပြန်သတိရလာသည်။

"မင်း...ငါ့ကိုအဆိပ်ခတ်ထားတာလား။"

"တော်ပါပေတယ်...နောက်ကျသွားတာ ခက်တာပဲ။ ခင်ဗျားရဲ့အရည်အချင်းတွေကို သေမင်းဆီပြလိုက်။ ငရဲပြည်မှာ ရဲလုပ်ရင်လုပ်ရဦးမှာပေါ့။" အင်စပတ်တာလီက ပြောင်ပြသည့်အနေဖြင့် ကိုယ့်နားထင်ကိုယ် သေနတ်ဖြင့်ချိန်လိုက်ပြီးမှ စခန်းမှူးကြီးကိုချိန်ကာ ပစ်ခတ်လိုက်သည်။ သေနတ်ကျည်က ပြေးရန်အားမရှိတော့သော စခန်းမှူးကြီး၏နှလုံးကို တည့်တည့်ထိမှန်သွားကာ ချက်ချင်းပစ်လဲသွား၏။ အင်စပတ်တာလီကတော့ လူသတ်ပြီးသည်နှင့် ခြေကားယားလက်ကားယားကရင်း ရယ်မောနေသည်။ သူကအချက်ပြလိုက်သောအခါ ရဲတပ်သားများက ခေါင်မိုးပေါ်သို့ သေနတ်ချိန်ကာ ဆက်တိုက်ပစ်ကြသည်။

အင်စပတ်တာလီကတော့ သူ၏ပိတ်ထားခဲ့သောရဲရေဒီယိုကိုဖွင့်ကာ ဌာနသို့လှမ်းဆက်သွယ်လိုက်၏။

"၂၉၅လမ်း အမှတ် ၃၆၉၀ ကို အကူလွှတ်ပေးပါ။

အရာရှိတစ်ယောက်ကျသွားပြီ။ ကျုပ်တို့ဒိုင်းမွန်းဘရားသားဂိုဏ်းနဲ့ရင်ဆိုင်နေရတယ်။"

"အား...." ရဲတပ်သားတစ်ယောက်က သေနတ်မှန်သူလိုမျိုး ဟန်ဆောင်အော်ဟစ်လိုက်သည်။ ထို့နောက်တွင်တော့ အင်စပတ်တာလီက ရေဒီယိုကိုပိတ်လိုက်ပြီး ကောက်ကျစ်စွာရယ်မောလိုက်၏။ ထို့နောက် သူ၏လက်မောင်းကို ကျည်ဆန်ဖြင့်ရှပ်ထိအောင် ပစ်ခတ်လိုက်သည်။

သူပါဒဏ်ရာရတယ်ဆိုပြီးလုပ်မှ ဟန်ဆောင်တာ ပိုပီပြင်မယ်မဟုတ်လား။

.....

ဆာကူရာ ဆောက်လုပ်ရေးလုပ်ငန်းစု။

နယူးယောက်မြို့ပေါ်တွင် မသိသူမရှိသော ဆောက်လုပ်ရေးလုပ်ငန်းစုဖြစ်သည်။ ဂျပန်နိုင်ငံ အဓိကသူရဲကောင်းမိသားစုတစ်ခုဖြစ်သော ယာမာဂုချိမိသားစု၏ဂျပန်နိုင်ငံဌာနခွဲဖြစ်ကာ သူတို့၏ဒုတိယသခင်လေး မစ္စတာအိုင်ဇာဝါက စီမံခန့်ခွဲ၏။ နယူးယောက်ရှိ ဆေးရုံများ၊လူနေတိုက်ခန်းများနှင့် အခြားအဆောက်အရုံများစွာကို ဆောက်လုပ်ပေးခဲ့ပြီး အရည်အသွေးကောင်းမွန်မှုကြောင့် ကျော်ကြားပေသည်။

ယခုတော့ လူငယ်လေးအိုင်ဇာဝါမှာ ကွန်ပျူတာပေါ်မှ ဒေတာအချက်အလက်များကို ကြည့်ရှုနေသည်။ အနက်ရောင်ဆံပင်၊ ရှည်မျောမျောမျက်နှာနှင့်နှုတ်ခမ်းမွှေးစစတို့မှာ ထိုလူငယ်ကို ချောမော သည့်အထက်တန်းလွှာတစ်ယောက်လို ခံစားရစေ၏။ မစ္စတာအိုင်ဇာဝါမှာ Sအဆင့်ဟီးရိုးဥစာကီ၏အစ်ကိုဖြစ်ပြီး အသက်၂၃နှစ်သာရှိသေးသည်။ သူက ဟီးရိုးမဟုတ်သော်လည်း မြူတန့်စွမ်းအားမှာ Aအဆင့်ထက်မနိမ့်ပေ။ သူ၏ဘေးတွင်တော့ အလွန်လှပသော အာရှသူ အတွင်းရေးမှူးမိန်းကလေးတစ်ယောက် ရှိနေသည်။ ထိုမိန်းကလေးက သူ့ကိုဦးညွှတ်လိုက်ပြီး ပြောလိုက်၏။

"အိုင်ဇာဝါ-ဆမ။ ရဲဖက်က အန္တရာယ်ကိုရှင်းထုတ်ပြီးပါပြီ။ ဒိုင်းမွန်းဘရားသားရဲ့ဌာနခွဲတစ်ခုကိုလည်း သုတ်သင်ပြီးပါပြီ။"

"ကောင်းတယ်... ခဲတစ်လုံးထဲနဲ့ ငှက်နှစ်ကောင်ပစ်လိုက်နိုင်တာပဲ။" လူငယ်လေးက ခေါင်းညိတ်လိုက်ရင်း ဆက်ပြောလိုက်သည်။

"ဒါဆိုရင် ငါ့ရဲ့အရည်အသွေးမမီတဲ့ အဆောက်အဦးတွေအကြောင်း ဘယ်သူမှမသိတော့သလို၊ မူးယစ်လမ်းကြောင်းမှာ ပြိုင်ဖက်ရဲ့အင်အားကိုလည်း လျော့နည်းအောင်လုပ်ပြီးသားဖြစ်သွားပြီ။"

....

လက်ဝှေ့ကလပ်တစ်ခု။

တောက်ပနေသော စိန်ကြီးတစ်လုံး၏ပုံကို နံရံတွင်တပ်ဆင်ထားသည်။

လက်ဝှေ့ကလပ်ဆိုသော်လည်း လက်ဝှေ့ထိုးလေ့ကျင့်နေသည့် လူတစ်ယောက်မှမရှိပါ။ အားလုံးက လူတစ်ယောက်၏ရှေ့တွင် ဒူးထောက်နေကြသည်။ ထိုလူက အနက်ရောင်သားရေဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားကာ ပြတ်သားထက်မြက် သောမျက်လုံးများရှိ၏။ သူ၏အသားအရေမှာ နက်မှောင်နေကာ ရဲရင့်ခြင်း၏ပြယုဂ်အဖြစ် သူ၏နဖူးပေါ်တွင် အမာရွတ်တစ်ခုရှိနေသည်။ တင်မီနှင့်မင်းလွင်သာ ထိုလူငယ်ကိုတွေ့ပါက အံ့ဩသွားပေလိမ့်မည်။ အမြဲအနိုင်ကျင့်ခံရတတ်သော ဖရက်ပင်။ သူက အေးစက်စက်လေသံဖြင့် မေးလိုက်သည်။

"ဘယ်လိုလုပ်ပြီး ညီငယ်ခုနစ်က သေသွားရတာလဲ။"

ရာချီသည့် အမေရိကန်အာဖရိကန် ဂိုဏ်းစတားများက လူငယ်လေးရှေ့တွင်ဒူးထောက်နေကြပြီး တစ်ယောက်မှစကားမဟရဲကြပေ။ ခေါင်းဆောင်များဖြစ်ပုံပေါ်သည့် အရပ်ခုနစ်ပေနီးပါးမြင့်သော ဗလကြီးများပင် တစ်ခွန်းမှမပြောရဲကြ။

"ငါမင်းတို့ကိုမေးနေတာ မင်းတို့ကို အပြစ်ပေးဖို့မဟုတ်ဘူး။ ညီငယ်ခုနစ်ကိုသတ်သွားတဲ့ ဖာသည်မသားကို သတ်မလို့ကွ။ မင်းတို့မသိဘူးလား...."

ခေါင်းဆောင်ငယ်တစ်ယောက်က မရဲတရဲဖြင့် ခေါင်းမော့ပြီးပြောလိုက်သည်။

"အစ်ကိုကြီးခင်ဗျား၊ ကျွန်တော်ညီငယ်ခုနစ်နဲ့ နောက်ဆုံးဖုန်းနဲ့အဆက်အသွယ်လုပ်ခဲ့တဲ့သူပါ။ သူတို့ဌာနခွဲကို ယာကူဇာကောင်တွေဝိုင်းထားတယ်လို့ပြောပါတယ်။ ကျွန်တော်တို့ရောက်သွားတော့ ရဲတွေရောက်လာတာနဲ့ ပြန်လစ်လာရတာပါ။"

"ယာကူဇာ....ဟမ်.... ဆာကူရာဂိုဏ်းကကောင်တွေပဲနေမယ်။ ယာကူဇာဆိုလို့ ဒီမြေမှာသူတို့ပဲရှိတာ။ ဖွီ..."

လူငယ်လေးက မြေပေါ်ကို တံထွေးထွေးချလိုက်ပြီး တင်းမာခက်ထန်သောအကြည့်ဖြင့် သူ့လူများကိုကြည့်ရင်းပြောလိုက်သည်။

"အဲဒီကောင်တွေကို သူတို့နဲ့ထိုက်တန်တဲ့တန်ဖိုး ပြန်ပေးရအောင်လုပ်မယ်။ စစ်ပွဲစဖို့ပြင်။ တစ်ယောက်ကို လက်နက်တစ်ခုတော့ပါအောင်ယူခဲ့။ သူတို့ဌာနခွဲတွေကို ဒီညလိုက်သိမ်းမယ်။ ဌာနခွဲတွေအကုန်သိမ်းပြီးရင် ဌာနချုပ်ကိုဝိုင်းမယ်။ အိုင်ဇာဝါဆိုတဲ့ မိမဆုံးမဖမဆုံးမဖက်ဆစ်ကောင်ကို တံစွပ်ထိုးပြီး မီးဖိုပေါ်မှာကင်ပစ်မယ်။"

ခေါင်းဆောင်တစ်ယောက်က ကြားဖြတ်ပြီးမေးလိုက်သည်။ "အစ်ကိုကြီး၊ ဟီးရိုးတွေနဲ့ရဲတွေကိုရောဘယ်လိုလုပ်မလဲ။"

ဖရက်က မျက်နှာကိုမဲ့ပြီး ထိုခေါင်းဆောင်ကို မျက်စောင်းထိုးကာကြည့်လိုက်သည်။ ခေါင်းဆောင်မှာ ကြောက်လွန်းလို့ခေါင်းကိုပုထား၏။

"ငါတို့လမ်းကိုပိတ်ရင် ပိတ်တဲ့ကောင်သတ်ပစ်မယ်။" ဖရက်က မြေပြင်ကိုခြေဆောင့်ပြီးပြောလိုက်သည်။ လက်ဝှေ့ကလပ်တစ်ခုလုံး မြေငလျင်လှုပ်သလိုမျိုး လှုပ်ခါသွားပြီး တိုက်ကြီးတစ်ခုလုံး ပြိုကျတော့မည့်အတိုင်းပင်။ လျှပ်စီးစွမ်းအားများက ဖရက်ကိုဝိုင်းရံထားပြီး အင်မတန်ကြောက်စရာကောင်းနေသည်။ သူ၏စွမ်းအားကလည်း နိမ့်သည့်အထဲတွင် ပါမည့်ပုံမပေါ်ပေ။

.....

စခန်းမှူးကြီးလူးဝစ်မှာ သူ၏မျက်လုံးကိုဖွင့်လိုက်သည်။ ဖြူဖွေးနေသော မျက်နှာကျက်ကို မြင်လိုက်ရသဖြင့် သူအလွန်အံ့ဩသွား၏။

"ဘာ... ငါသေပြီးပြီမဟုတ်လား...တမလွန်ရောက်နေရမှာလေ။"

သူက သူ၏နှလုံးနေရာကို စမ်းကြည့်လိုက်သည်။ ပစ္စတိုဖြင့် အနီးကပ်နှလုံးကိုအပစ်ခံရခြင်းဖြစ်ရာ သူအသက်ရှင်ဖို့ရာခိုင်နှုန်း အလွန်နည်းသည်မဟုတ်လား။ သို့သော်သူ၏နှလုံးနေရာတွင် သံမဏိများကိုသာတွေ့ရပြီး သူ၏ဘယ်ဖက်ခန္ဓာကိုယ်တစ်ခြမ်းလုံးမှာ စက်ရုပ်များကဲ့သို့သတ္ထုဖြင့်တည်ဆောက်ထားသလိုဖြစ်နေသည်။ သူ၏မျက်လုံးတစ်ဖက်ကပင် ဘာမှန်းမသိသည့်စာတန်းများပေါ်နေ၏။

"ဟယ်လိုမစ္စတာလူးဝစ်...ခင်ဗျားနိုးလာပြီလား။"

ရုတ်တရက် သတ္ထုအတိပြီးသော အခန်းတံခါးကြီးမှာ အလိုလိုပွင့်သွားပြီး ဘဏ္ဍာစိုးဝတ်စုံဝတ်ထားသူတစ်ဦးနှင့်အိမ်စေဝတ်စုံဝတ်ထားသူလေးဦးခန့် ဝင်လာသည်။ လူးဝစ်နားမလည်နိုင်တော့ပေ။

ဘဏ္ဍာစိုးဝတ်စုံနှင့်လူတွင် မျက်နှာမရှိဘဲ တီဗီဖန်သားပြင်လိုအရာတစ်ခုသာရှိနေပြီး ခပ်တည်တည်ပြုံးပြနေသည့် အီမိုဂျီပုံကိုတွေ့နေရသည်။ သူ့ပုံစံက တစ်မျိုးရယ်စရာကောင်းနေပြီး Blibili လာဘ်ကောင်နဲ့တောင် သွားတူနေသည်။ အိမ်စေများ၏ မျက်နှာမှာတော့ လူနှင့်တူသော်လည်း ဆီလီကွန်မျက်နှာများဖြစ်ပြီး သူတို့ခြေလက်များကလည်း စက်ရုပ်များအတိုင်းဖြစ်၏။

"ကျုပ်နာမည်က စတန်းဖို့ပါ၊ ပန်ဒရာဂွန်မိသားစုကြီးရဲ့ဘဏ္ဍာစိုးချုပ်ပါ။ ခင်ဗျားက ကျုပ်သခင်မလေးကျေးဇူးကြောင့် ဒုတိယအသက်ကိုရခဲ့တာလေ။"

"ဒုတိယအသက်....ဒါဆိုကျုပ်မသေသေးဘူးပေါ့။" လူးဝစ်က သူ၏စက်ရုပ်တစ်ဝက်ဖြစ်နေသည့်ခန္ဓာကိုယ်ကို ပြန်ငုံကြည့်လိုက်၏။ သူ၏နဂိုအတိုင်းရှိနေသော ခန္ဓာကိုယ်တစ်ခြမ်းမှ ထိတွေ့အာရုံကိုခံစားနေရပြီး အခြားတစ်ခြမ်းကတော့ သူနားမလည်နိုင်သည့် နည်းပညာများဖြင့် လည်ပတ်နေ၏။

"ကျုပ်တို့ခင်ဗျားကိုတွေ့တော့ ခင်ဗျားနှလုံးက ပြန်ပြင်လို့မရအောင် ပျက်စီးနေပြီ၊ ခင်ဗျားရဲ့ခန္ဓာကိုယ်ဘက်ဖက်က သွေးကြောတွေလည်းပျက်စီးသွားလို့ စက်ရုပ်ကိုယ်ထည်နဲ့အစားထိုးပေးထားတာပဲ။ ခန္ဓာကိုယ်ဖြစ်စဥ်ဟန်ချက်ညီဖို့အတွက် သုံးလလောက်တော့ ခင်ဗျားနားရလိမ့်မယ်။"

လူးဝစ်က ပန်ဒရာဂွန်၏ဘဏ္ဍာစိုးဆိုသူကို ဒေါသထွက်နေသောမျက်နှာဖြင့် ကြည့်လိုက်သည်။

"အဲဒီထက် ပိုမြန်လို့မရဘူးလား၊ ကျုပ်အခုလက်စားသိပ်ချေချင်နေတယ်။"

😶 ဘဏ္ဍာစိုး၏အီမိုဂျီမျက်နှာက အံ့အားသင့်လွန်းသည့် အီမိုဂျီသို့ပြောင်းသွား၏။ "တက်ကြွတာကောင်းပါတယ် မစ္စတာလူးဝစ်။ ဒါပေမဲ့ယောက်ျားကောင်းတစ်ယောက်အတွက် ဆယ်နှစ်ကြာမှလက်စားချေလည်း နောက်မကျပါဘူး။ လောလောဆယ် သခင်မလေးနဲ့ ခင်ဗျားကိုမိတ်ဆက်ပေးမယ်။"

တီဗီခေါင်းဘဏ္ဍာစိုးက သူ့ခေါင်းမှခလုတ်တစ်ခုကိုထိလိုက်ရာ သုံးဖက်မြင်ဟော်လိုဂရမ်ပရိုဂျက်တာတစ်ခု ထွက်ပေါ်လာပြီး ကောင်မလေးတစ်ယောက်၏ပုံရိပ်က ထွက်ပေါ်လာသည်။ ကောင်မလေးက အသက်ဆယ်နှစ်ထက် ပိုကြီးသေးပုံမရဘဲ ရွှေရောင်ဆံပင်ရှည်နှင့်အပြာရောင်မျက်လုံးများရှိ၏။ အနုစိတ်တန်ဆာဆင်ထားသော သစ်သားထိုင်ခုံပေါ်တွင် ထိုင်နေခြင်းဖြစ်ပြီး သူ၏နောက်နံရံတွင်ချိတ်ဆွဲထားသည့် ပန်ဒရာဂွန်မိသားစုတံဆိပ်ပုံကို ထင်ထင်ရှားရှားမြင်နေရသည်။ ကလေးမလေးက လူတိုင်းအတွက်နားဝင်ချိုသည့်လေသံမျိုးဖြင့် ပြောလိုက်၏။

"ဟယ်လို မစ္စတာလူးဝစ်။ တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်မက ဗစ်ကောင့်တက်စ် ဖရာလီတာ ထိုင်ရွန် ပန်ဒရာဂွန်ပါ။ ပန်ဒရာဂွန်နဲ့ထိုင်ရွန်သူကောင်းမျိုးမိသားစုနှစ်ခုရဲ့ လက်ရှိခေါင်းဆောင်ပါ။"

၄။

မက်ဒါနာတစ်ယောက် သူရင်းနှီးနေတဲ့ လမ်းကလေးအတိုင်း တက္ကစီငှားကာ ခရီးဆက်လာခဲ့တယ်။ အိမ်ရာဝင်းအထဲမှာရှိတဲ့ လုံခြုံရေးစက်ရုပ်ကတော့ အသစ်ဖြစ်သွားပြီပါပြီ။ နေ့လယ်ဖက်ဖြစ်တဲ့အတွက် ဗီလာအိမ်တွေထဲမှာ လူသူကင်းမဲ့နေတယ်။ နယူးယောက်မှာက နေ့ခင်းပိုင်းဆိုရင် အားလုံးလိုလိုက အလုပ်သွားနေတာမလို့ အိမ်မှာလူမရှိတတ်ဘူးမဟုတ်လား။

ဒီနေ့က တင်္နလာနေ့ပါ။ ဒါပေမဲ့ မက်ဒါနာကျောင်းမသွားခဲ့ဘူး။ မနေ့က အလုပ်ကိုမသွားခဲ့တဲ့ အကြောင်းအရင်းနဲ့အတူတူပါပဲ။ တနင်္ဂနွေနေ့ညကတော့ ဖလေရာဆီက ဖုန်းလာသေးတယ်။ ပြောင်းလဲနေပြီဖြစ်တဲ့အသံကြောင့် သူဖုန်းမကိုင်ဘဲ မက်ဆေ့သာပို့ခဲ့တယ်။ အိမ်မှာ ဝတ်စုံရှော့ထပ်ဖြစ်သွားလို့ ပြင်နေတယ်ဆိုပြီးတော့ပေါ့။

ဖလေရာကတော့ ဝတ်စုံပျက်စီးသွားတာနဲ့ပတ်သက်ပြီး သိပ်ဂရုစိုက်ပုံမပေါ်ဘူး။ ဒါပေမဲ့ ဒီတစ်ပတ်သောကြာနေ့ညနေ၊ ကျောင်းဆင်းရင်း သူ့ကိုကဖေးဆိုင်တစ်ဆိုင်မှာလာတွေ့ဖို့ ပြောထားတယ်။ ဘာကြောင့်မှန်းတော့မပြောထားပါ။ လောလောဆယ် မက်ဒါနာလည်း အဲဒီကိစ္စကို ဂရုမစိုက်နိုင်သေးဘူး။ သူကောင်မလေးဖြစ်သွားတဲ့ အကြောင်းအရင်းကို ဆိုဖီယာဆီက သိဖို့လိုနေတယ်။

ကံကောင်းစွာနဲ့ ကျောင်းဖွင့်ရက်ဖြစ်လို့ တင်မီအိမ်မှာမရှိဘူး။ မဟုတ်ရင် သူဘေးအိမ်ကိုသွားတာတွေ့ပြီး အကြောင်ခံရနိုင်တယ်။ ဆိုဖီယာရဲ့ဗီလာကတော့ သူများဗီလာတွေနဲ့မတူဘဲ ဆူညံနေပါတယ်။ ဆံပင်ရွှေရောင်၊ အုန်းမို့ခွက်ဆံပင်ကေနဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ကတော့ နားမှာနားကျပ်တပ်ထားရင်း သီချင်းနားထောင်ကာ ပန်းခြံထဲကအပင်တွေကို ကပ်ကြေးနဲ့လိုက်ညှိနေတယ်။

မက်ဒါနာအိမ်နားရောက်လာတော့ အဲဒီကောင်လေးက သီချင်းကိုရပ်လိုက်ပြီးတော့ ဘဏ္ဍာစိုးလိုလိုဘာလိုလိုစတိုင်နဲ့ မက်ဒါနာကိုဦးညွှတ်လိုက်တယ်။

"မင်္ဂလာနံနက်ခင်းပါလေဒီ၊ ဘာများကူညီပေးရမလဲ။"

ကောင်လေးက ရုပ်ချောချော၊ မသိရင် အိုတိုမဲဂိမ်းတွေထဲက အလန်းစားအချစ်ပစ်မှတ်လိုလို။ ပြဿနာက အခုခေတ်မှာကလေးတွေတောင်မကြိုက်တော့တဲ့ အုန်းမို့ခွက်ကေညှပ်ထားပြီး ပီကေတရစပ်ဝါးနေတာပဲ။ ဘဏ္ဍာစိုးဝတ်စုံဝတ်ထားပေမဲ့ ကြယ်သီးတလွဲတပ်ထားတယ်။ ဖိနပ်ကြိုးခြေတာကလည်း တော်တော်လေးဆိုးဝါးပြီး ကြည့်မလှဘူး။ ကိုယ့်ဟာကိုယ်တောင် စနစ်တကျမနေနိုင်တဲ့ ဘဏ္ဍာစိုးမျိုးက ဘယ်လိုလုပ်အိမ်တော်ကို စောင့်ရှောက်နိုင်မှာလဲ။ ပြီးတော့ သူညှပ်ထားတဲ့ ခြုံပင်တွေရဲ့ပုံစံက တော်တော်ဆိုးဝါးပြီး ဘာပုံမှန်းတောင် မှန်းပုံဖော်မရဘူး။ ပြီးတော့ နေ့လယ်တောင်စောင်းနေပြီဥစ္စာကို မနက်ခင်းပါတဲ့။ မက်ဒါနာရဲ့စိတ်ကူးထဲက ဘဏ္ဍာစိုးအချောလေးပုံရိပ်က ချက်ချင်းပျက်စီးသွားရော။

"အဲ...ရှင်က ဆိုဖီယာ့အိမ်က ဘဏ္ဍာစိုးလား။"

"အိုး...ခင်ဗျားက သခင်မလေးဆီကို လာလည်တာလား။ ဒီနေ့သခင်မလေးက ဆိုဖီယာမဟုတ်တော့ဘူး၊ အိလေရှာဖြစ်သွားပြီ။"

"....." တကယ်လို့ ဆိုဖီယာက သာမန်လူတစ်ယောက်မဟုတ်မှန်းသာ သိမထားရင် ဒီဘဏ္ဍာစိုးကို အရူးဆိုပြီးသူထင်မိမှာပဲ။ ဆိုဖီယာက တကယ်ကြီးတခြားတစ်ယောက်ဖြစ်သွားတာလား။ နာမည်တစ်ပတ်တစ်ခါပြောင်းတတ်တဲ့ အကျင့်ရှိနေတာလား။ သူမသိဘူး။ ဝင်တွေ့မှပဲသိလိမ့်မယ်။

"ဒါဖြင့် ကျွန်မသူ့ကိုဝင်တွေ့လို့ရလား။"

"တကယ်လို့ ကျွန်တော့်ပါးကို အနမ်းတစ်ပွင့်လောက် လက်ဆောင်ပေးမယ်ဆိုရင်တော့ အဆင်ပြေသွားမှာပါမိန်းကလေး။"

အူကြောင်ကြောင်ဘဏ္ဍာစိုးက မက်ဒါနာရဲ့လက်ကို အတင့်ရဲစွာနဲ့ဆွဲလိုက်ပြီး သူ့လက်ပေါ်တင်လိုက်တယ်။ အဲဒီနောက် သူကောင်းမျိုးတွေနှုတ်ဆက်တဲ့အတိုင်းပဲ ဒူးလေးတစ်ဖက်ကိုထောက်ပြီး လက်ဖမိုးပေါ်ကိုနမ်းလိုက်ရော။ အဲဒီနောက်တော့...

ခွက်။....

မက်ဒါနာရဲ့လက်သီးနုနုလေးက အူကြောင်ကြားဘဏ္ဍာစိုးမျက်နှာပေါ်ကို တည့်တည့်မှန်သွားတော့တာပေါ့။ ဘဏ္ဍာစိုးကတော့ လက်သီးနဲ့အထိုးခံလိုက်ရတဲ့ သူ့မျက်လုံးကို လက်ဝါးနဲ့ဖိကိုင်ထားရင်း ခွေးတစ်ကောင်လိုအော်ဟစ်နေတယ်။

"ဟေး...နိုး.... မိန်းကလေးတွေက ရုပ်ချောချောကောင်လေးတွေကို သဘောကျတယ်ဆို။ ဘာလို့ငါ့ကျတော့ အထိုးခံရတာလဲ။"

'နင်က ငါ့လက်ကို ပီကေဝါးထားတဲ့ ပါးစပ်ကြီးနဲ့လာနမ်းရလား။ တံထွေးတွေပေကုန်မှာပေါ့။' မက်ဒါနာ ရွံလွန်းလို့သေတော့မယ်။

မက်ဒါနာကတော့ အရူးကောင်နဲ့စကားပြောမနေတော့ဘူး။ သူ့လက်ဖမိုးကို တစ်ရှုးနဲ့သုတ်လိုက်ရင်း ဘဏ္ဍာစိုးအရူးကိုဖြတ်လျှောက်သွားလိုက်တယ်။ အဲဲဒီနောက် တံခါးကလူခေါ်ခေါင်းလောင်းကို နှိပ်လိုက်ရော။

'တင်းတောင်....'

"လာပါပြီခင်ဗျ၊ ခဏလေးစောင့်ပါ။"

တံခါးတစ်ဖက်ကနေ နောက်ကောင်လေးတစ်ယောက်ရဲ့အသံထွက်လာတယ်။ ဆွဲဆောင်မှုရှိတဲ့အသံမျိုးပေါ့။ တံခါးလည်းပွင့်သွားရော နောက်ထပ်အုန်းမို့ခွက်ကေနဲ့ ဘဏ္ဍာစိုးတစ်ယောက်ထွက်လာရော။ ဒါပေမဲ့ သူ့ဆံပင်က ငွေရောင်။

ဒီတစ်ယောက်ကတော့ သူ့ခေါင်းပေါ်မှာအိမ်စေဘီးကုတ်ကြီးဝတ်ထားပြီး ဘဏ္ဍာစိုးဝတ်စုံပေါ်မှာ အေပရွန်ကို ထပ်ဝတ်ထားတယ်။ သူ့လက်ထဲမှာတော့ ဖုန်စုပ်စက်ကိုကိုင်ထားတယ်။ ကြည့်ရတာ ဆိုဖီယာရဲ့အိမ်မှာ သန့်ရှင်းရေးစက်ရုပ်တွေအစား ခပ်ကြောင်ကြောင်ဘဏ္ဍာစိုးကို အလုပ်ခန့်ထားပုံပေါ်တယ်။

"တွေ့ရတာ ဝမ်းသာပါတယ်ခင်ဗျ၊ ဂလက်ဆီမိသားစုဗီလာကနေ ကြိုဆိုပါတယ်။ ဘယ်သူနဲ့တွေ့ချင်လို့ပါလဲ။"

"အိလေရှာလား.... ဆိုဖီယာလားတော့ငါမသိဘူး။ နင်တို့သခင်မကိုတွေ့မလို့လာတာ။ ပုံစံတော့ငါမှားမယ်မထင်ဘူး။ ရွှေရောင်ဆံပင်မျက်လုံးစိမ်းလေးတွေနဲ့တစ်ယောက်လေ။"

ငွေရောင်ဆံပင်နဲ့ကောင်လေးကတော့ စဥ်းစားခန်းဝင်နေဟန်နဲ့ ဖုန်စုပ်စက်ကြီးကိုပစ်ချပြီး ခေါင်းကုတ်နေလိုက်တယ်။ အဲဒီနောက်မှ ဆက်ပြောတယ်။

"ဆောဒီးမဒမ်... ဒီနေ့သခင်မရဲ့ပုံစံက အဲဒီလိုမဟုတ်ဘူး။ အနက်ရောင်ဆံပင်၊အစိမ်းရောင်မျက်လုံးနဲ့ နှာတံပေါ်ပေါ် ကုလားဆင်မလေး။"

"......" ချီးထဲမှ၊ နင်တို့သခင်မက နာမည်ပြောင်းရုံတင်အားမရလို့ တစ်ပတ်တစ်ခါ ပလက်စတစ်ဆာဂျရီပါလုပ်နေတာလား။ ပြီးတော့ မဒမ်တဲ့၊ ငါကအဲဒီလောက် အသက်ကြီးနေလို့လားဟဲ့။

"ငါဝင်လို့ရပြီလား...." ရုတ်တရက် မက်ဒါနာရဲ့ကိုယ်လေးက ဘဏ္ဍာစိုးအချောလေးရဲ့ရင်ခွင်ထဲရောက်သွားတယ်။ နွေးထွေးတဲ့ကိုယ်ငွေ့ကြောင့် တစ်မျိုးထူးဆန်းသလို မက်ဒါနာခံစားရတယ်။ သူသတိဝင်လာတဲ့အချိန်မှာတော့ သူ့ခါးကိုဘဏ္ဍာစိုးက လက်တစ်ဖက်နဲ့ တင်းတင်းဖက်ထားပြီး တခြားတစ်ဖက်ကတော့ မက်ဒါနာရဲ့ငွေရောင်ဆံပင်လေးတွေကို ဆုပ်ကိုင်ထားတယ်။ သူက အိုတိုမဲဂိမ်းတွေထဲက မင်းသားလေးတွေလိုမျိုး ပြောလိုက်တယ်။

"မင်းငါ့အိမ်ထဲကိုဝင်ချင်ရင် ငါအကြင်နာပေးတာက်ို နာနာခံခံနဲ့လက်ခံလိုက်။ ဒါဆိုရင် တစ်သက်လုံး ငါ့အိမ်တံခါးကိုဖွင့်ထားပေး...အောင့်..."

စကားမဆုံးသေးခင်မှာပဲ မက်ဒါနာရဲ့ဒူးက ဘဏ္ဍာစိုးရဲ့ပေါင်ကြားထဲ အရှိန်ပြင်းပြင်းနဲ့ဝင်သွားရော။ အဲဒီနောက်တော့ ဘဏ္ဍာစိုးခင်ဗျာပေါင်ခွကြားကိုဆုပ်ကိုင်ရင်း တစ်ခါတည်းပျော့ခွေကျသွားတော့တယ်။

'ချီးထဲမှ၊ ဘာလို့ဆိုဖီယာအိမ်က ဘဏ္ဍာစိုးတွေက ရူးကြောင်ကြောင်တွေဖြစ်နေတာလဲ။ ပြီးတော့ အရင်တစ်ခါငါရောက်တုန်းက သူတစ်ယောက်တည်းမဟုတ်ဘူးလား။' ဆိုဖီယာ သူ့ကိုသလင်းကျောက်ပေးသွားကတည်းက ဟိုနေ့ညက မှတ်ဉာဏ်တွေကို သူပြန်ပြီးမှတ်မိနေပါပြီ။ဆိုဖီယာက တကယ်ကြီးအစွမ်းထက်မြူတန့်ဖြစ်နေတာလေ။ ဒါကြောင့် အိမ်မှာဆိုဖီယာတစ်ယောက်တည်းနေတတ်မှန်း မှတ်မိနေတာ။ သူခြံတံခါးကိုဟက်ပြီးဝင်လိုက်မိလို့ တစ်ယောက် တည်းမနေရဲဖြစ်သွားရင်တော့ မသိဘူး။

နာကျင်စွာနဲ့ညီငယ်လေးကို အုပ်ပြီးလဲကျသွားတဲ့ ဘဏ္ဍာစိုးကိုဖြတ်ပြီးတဲ့နောက် မက်ဒါနာအိမ်ထဲကို ဝင်လာခဲ့တယ်။ သေချာကြည့်တော့မှ ဆိုဖီယာရဲ့အိမ်က အသေးစိတ်အလှဆင်ထားမှန်း သူသိခဲ့ရတယ်။ တော်တော်ချမ်းသာပုံပါပဲ။

ဧည့်ခန်းမရဲ့အလယ်မှာတော့ အသက်နှစ်ဆယ်ကျော်အရွယ် မိန်းကလေးတစ်ယောက်ထိုင်နေတယ်။ ဒုတိယဘဏ္ဍာစိုးပြောသလိုပဲ ပိန်ပိန်ပါးပါး ကြည့်ကောင်းတဲ့ အိန္ဒိယတိုင်းရင်းသူလေးပါ။ အနက်မကျအညိုမကျ ဆံပင်ကောက်ကောက်တွေနဲ့ နက်ရှိုင်းနဲ့မျက်ဝန်းတွေရှိတယ်။ ပြီးတော့ မျက်နှာက ရှည်သွယ်သွယ်။ နှာတံပေါ်ပေါ်ရှိပြီး လည်ဟိုက်အင်္ကျီဝတ်ထားတဲ့အတွက် ညှပ်ရိုးက ဆွဲဆောင်မှုရှိရှိ ငေါထွက်နေတယ်။ အာရှမျိုးနွယ်ဝင်အနေနဲ့ အနက်ဒါမှမဟုတ် အညိုရောင်မျက်လုံးမျိုးရှိသည့်ပေမဲ့ ထူးဆန်းတဲ့အစိမ်းရောင်မျက်လုံးတွေရှိနေတယ်။ ကောင်မလေးက မက်ဒါနာကိုမြင်တာနဲ့ လေသံဝဲဝဲနဲ့ လှမ်းပြောလိုက်လေရဲ့။

"ဟယ်လို မစ္စတာမာလင်... ဒါမှမဟုတ် မစ်မက်ဒါနာလို့ ပြောင်းခေါ်ရမလား။"

....

"သခင်မ၊ ဒါကပျားရည်ပန်ကိတ်ပါ။ ဟောဒါကတော့ အဆီမပါတဲ့နွားနို့။ ဒါကတော့ အလည်လာတဲ့မိန်းမလှလေးအတွက် ကျွန်တော့်ရဲ့လက်ဆောင် ပန်းသီးဖျော်ရည်ပါ။ သူက သိပ်ကိတ်ပုံမရဘူးလေ။ ပန်းသီးအရွယ်ပဲရှိတာ။ အသီးဖျော်ရည်သောက်ရင် ပိုကြီးလာစေတယ်ကြားဖူးလို့။"

ခွက်... မက်ဒါနာက နီညိုရောင်ဆံပင်ရှိတဲ့ တတိယမြောက်ဘဏ္ဍာစိုးရဲ့နှာခေါင်းကို လက်သီးနဲ့ထိုးလိုက်တယ်။ နှာခေါင်းသွေးတွေက အတိုင်းအဆမဲ့ ပန်းထွက်လာပါလေရော။

'ချီးထဲမှ၊ ဒီဘဏ္ဍာစိုးတွေက ရုပ်ချောပေမဲ့ ဘာလို့အကုန်လုံးက အူကြောင်ကြောင်နှာဘူးတွေဖြစ်နေရတာလဲ။' မက်ဒါနာက သူ့ပန်းသီးလေးကိုငုံကြည့်ပြီးနောက် ဆိုဖီယာရင်ဘတ်ကိုကြည့်လိုက်တယ်။ တကယ်ပဲ ဆိုဖီယာရင်ဘတ်က သူ့ထက်နှစ်ဆိုက်လောက်ပိုကြီးနေတယ်။

တကယ်တော့ မက်ဒါနာမိန်းကလေးဖြစ်လာတာ ၂၄နာရီကျော်ရုံပဲရှိသေးတယ်။ ဒီတော့အသေးအကြီးကို သိပ်ပြီးဂရုစိုက်တာမဟုတ်ဘူး။ 'ဒါက အရေးကြီးလို့လား။'လို့ပဲ တွေးမိတာ။ ယောက်ျားလေးဘဝတုန်းကလည်း ရည်းစားမထားဖူးသလို ဆယ့်ရှစ်ယောက်စုကြည့်ရတဲ့ကားတွေလည်း မကြည့်ဖူးသေးတဲ့ လူရိုးလေးဆိုတော့ ကောင်းကျိုးဆိုးကျိုး ဘယ်သိပါ့မလဲ။

ဆိုဖီယာပြောရမလား၊ အိလေရှာပြောရမလားမသိတဲ့ အိန္ဒိယတိုင်းရင်းသူလေးကတော့ ပန်ကိတ်ကို ဓားနဲ့ခွဲပြီး လှလှပပစားနေပြီ။ မက်ဒါနာကတော့ စဥ်းစားလို့ကိုမရဘူး။ ပန်ကိတ်သေးသေးလေးကို ဓားနဲ့ခွဲစားနေစရာလိုလို့လား။ ပါးစပ်ထဲပစ်ထည့်လိုက်ရင်ပြီးရော။

ဘဏ္ဍာစိုးသုံးယောက်လုံးကတော့ ဆိုဖီယာထိုင်နေတဲ့ ထိုင်ခုံနောက်မှာ သတိအနေအထားနဲ့ရပ်နေကြတယ်။ သူတို့သခင်မရှေ့မှာတော့ အသက်တောင်ရဲရဲရှုဖို့ သတ္တိရှိပုံမရဘူး။ တခြားမိန်းကလေးတွေကိုသာ လိုက်ကြောင်နေတာလေ။ သေချာကြည့်ရင် သူတို့သုံးယောက်လုံးက အမြွှာတွေလိုရုပ်တူကြတယ်။ ဆံပင်အရောင်လေးကွဲနေလို့သာ မတူတဲ့လူတွေလို့ သိရတာ။ နာမည်တွေကလည်း တကယ့်အဆန်းတွေ။

ရွှေရောင်ဆံပင်နဲ့တစ်ယောက်က မက်၊ ငွေရောင်က လယ်ရီ၊ နောက်ဆုံးနီညိုရောင်နဲ့တစ်ယောက်က မိုး။ ပြီးတော့ ဆိုဖီယာလိုပဲ လုံးဝသာမန်မဟုတ်သူတွေ။

"ကျွန်မရှင့်ကို ဆိုဖီယာလို့ ဆက်ခေါ်ရမှာလား၊ ဒါမှမဟုတ် သူတို့ပြောသလို အိလေရှာလား။"

မက်ဒါနာကတော့ သူ့ကိုချပေးထားသမျှ ဘာကိုမှမစားမသောက်သေးဘဲ အိန္ဒိယသူလေးကိုပဲ စိုက်ကြည့်နေတယ်။ အခြေအနေအဟန်ရင် ထပြေးဖို့လည်း ပြင်ထားပြီးသား။ ခုက မြူတန့်တွေတောင်ရှိနေတာဆိုတော့ Men in Black တို့Kings'man တို့လို စူပါလျှို့ဝှက်အဖွဲ့ကြီးတွေ ရှိနေနိုင်သေးတယ်လေ။ အဲဒီDeep stateအဖွဲ့တစ်ခုခုနဲ့သာ ပတ်သက်မိလို့ကတော့ မက်ဒါနာလေးဘဝပျက်ပြီ။ ပြောရရင် သူကဟီးရိုးဖြစ်ချင်ပေမဲ့ အသက်တော့မသေချင်ဘူးလေ။

"ဒီခန္ဓာကိုယ်ရဲ့နာမည်က အိလေရှာ၊ အင်စတာဂရမ် နာမည်ကျော်တစ်ယောက်လေ။ ငါ့အရင်ခန္ဓာကိုယ် ပျက်စီးသွားတဲ့နေ့တုန်းက ကင်ဆာနဲ့သေသွားတာ။ အဲဒါနဲ့သူ့ခန္ဓာကိုယ်ငှားသုံးလိုက်တယ်။"

"ငှားသုံးတယ်...ရှင်က ဖုတ်ကောင်လိုမျိုးလား။"

သဘာဝလွန်ဖြစ်ရပ်ကားတွေကိုတောင် မက်ဒါနာပြန်သတိရလာသေးတယ်။ ဆမ်ဆိုတဲ့ကောင်လေးဆိုရင် အဲဒီလိုမျိုးနတ်ဆိုးတစ်ကောင်ဝင်ပူးထားတဲ့ ကောင်မလေးနဲ့ကြိုက်မိပြီး ကိုယ်ကျိုးနည်းသွားဖူးတယ်လေ။

"နင်ပြောချင်တာကို ငါသိတယ်။ နတ်ဆိုးလိုဟာမျိုးလေ။ ဒါပေမဲ့ ငါက နတ်ဘုရားအသံမျိုးနွယ်က... ငါက ဆိုးဝါးတဲ့သူမဟုတ်ဘူး။"

"နတ်ဘုရားအသံ... နတ်သူငယ်တို့၊ လူပုတို့လို မျိုးနွယ်တစ်ခုလား။"

"ငါတို့က လောကမှာပထမဆုံး ပေါ်ပေါက်လာတဲ့ မျိုးနွယ်တွေ။ ဖန်ဆင်းရှင်က စကြဝဠာကြီးကိုဖန်ဆင်းဖို့ သူ့ရဲ့အသံကိုသုံးခဲ့တယ်။ ငါတို့က အဲဒီအသံကနေ ဖြစ်တည်လာတဲ့ မျိုးနွယ်တွေ။ နတ်မျိုးနွယ်တွေနဲ့တခြားမျိုးနွယ်အားလုံးထက် ငါတို့က ပိုသက်တမ်းရင့်နေပြီ။ ဒါပေမဲ့ ငါတို့ကဝိညာဥ်ပဲရှိပြီး ခန္ဓာကိုယ်မရှိဘူး။ ဒါကြောင့်သေဆုံးသွားသူတွေရဲ့ခန္ဓာကိုယ်မှာ ပူးကပ်နေရတာ။"

"ဒါဆို သူတို့သုံးယောက်ကလည်း အသေကောင်တွေလား။" မက်ဒါနာက ဘဏ္ဍာစိုးသုံးကောင်ကို လက်ညိုးညွန်လိုက်တယ်။ အခုသူတို့သုံးကောင်က သူ့ကိုလက်ပြနေပြီး တစ်ယောက်ဆိုရင် ဖလိုင်းကစ်တောင် အခါခါပေးနေသေးတယ်။

ဆိုဖီယာကတော့ ခေါင်းခါပြရင်း ပန်ကိတ်ကို တစ်ခါတည်းမျိုချလိုက်တယ်။

'ဟင်...ခုဏက ဓားနဲ့သေချာလှီးနေတာမဟုတ်ဘူးလား။ ဘာလို့ခုကျ တစ်ခါတည်းမျိုချလိုက်တာလဲ။'

"သူတို့က နတ်ဘုရားအစေခံမျိုးနွယ်တွေ။ ငါတို့မျိုးနွယ်တွေရဲ့ထာဝရနောက်လိုက်တွေပေါ့။ သူတို့က ပုံစံမျိုးစံပြောင်းနိုင်ပြီး လိုက်လျောညီထွေနေနိုင်တယ်။ သူတို့ကိုသတ်ဖို့လည်းခက်တယ်။ ဒါပေမဲ့ ဉာဏ်ရည်ကတော့....."

"စုတ်ပြတ်နေတာပဲမဟုတ်လား...." မက်ဒါနာကြားဖြတ်ပြောလိုက်တဲ့စကားကို ဆိုဖီယာက ခေါင်းညိတ်ထောက်ခံလိုက်ပါတယ်။ အဲဒီနောက်တော့ သူတို့စကားဝိုင်းက ပြောင်းသွားတယ်။ မက်ဒါနာက သူ့ကိုယ်ကိုယ်ညွန်ပြလိုက်ရင်း

"ရှင်ကျွန်မကိုပေးလိုက်တဲ့ သလင်းကျောက်က မိန်းကလေးအဖြစ်ပြောင်းသွားရုံပဲလား။ ပြောတော့ ကမ္ဘာကြီးတစ်ခုလုံးကိုတောင် ကယ်တင်နိုင်မှာတဲ့ဆို... ဘာမှထူးခြားတာလည်းရှာမတွေ့ဘူး။"

ဆိုဖီယာကတော့ နွားနို့ကိုပါ တစ်ခါတည်းမော့ချလိုက်ရင်း သက်ပြင်းချလိုက်ပါတယ်။ "ဟူး....ဒီခန္ဓာကိုယ်ကလည်း အလုပ်ရှုပ်လိုက်တာ။ အမြဲတမ်းနို့သောက်ချင်စိတ်ပဲပေါ်နေတယ်။ မူလခန္ဓာပိုင်ရှင်ချန်ထားခဲ့တဲ့ အမူအကျင့်ဟောင်းတွေပေါ့။" ဘဏ္ဍာစိုးတစ်ယောက်က ဝင်ထောက်ခံလိုက်သေးတယ်။

"ဟုတ်တယ်...ဟုတ်တယ်... အဲဒါကြောင့်ကိတ်နေတာ။"

မကြာပါဘူး ဆိုဖီယာလက်ထဲက ဖန်ခွက်လေထဲမြောက်တက်လာပြီး အဲဒီဘဏ္ဍာစိုးခေါင်းကိုတည့်တည့်မှန်တော့တာပဲ။

"အောင့်...." ဆိုဖီယာကတော့ ဘာမှဂရုမစိုက်တဲ့အလား မက်ဒါနာလေးကို စကားဆက်ပြောနေတယ်။

"မိန်းကလေးပြောင်းသွားတာက အပိုဆုလေးတစ်ခုပါ။ တကယ့်စွမ်းအားက လောကကြီးတစ်ခုလုံးကို စောင့်ကြည့်နိုင်တဲ့ မျက်လုံးတစ်စုံပဲ။"

ဆိုဖီယာက သူ့ဖုန်းကို မက်ဒါနာရှေ့မှာ ထောင်ပြလိုက်တယ်။ အဲဒီနောက် အေးဆေးတဲ့လေသံနဲ့

"နင်ဒီဖုန်းကို အာရုံစိုက်ပြီး ဖွင့်ကြည့်ဖို့ကြိုးစား..."

"အဲခုခေတ်ဖုန်းတွေက အသံနဲ့ဖွင့်လို့ရတယ်မဟုတ်ဘူးလား...ဘာထူးဆန်းလို့လဲ။"

"ဒီဖုန်းက Nokiaဖုန်းအဟောင်း။ အဲဒီစနစ်မျိုးမပါဘူး။ စနစ်က တော်တော်ခေတ်နောက်ကျနေပြီ။ လျှာမရှည်ဘဲ အာရုံစိုက်လုပ်ကြည့်။"

ဆိုဖီယာက အတင်းလုပ်ခိုင်းနေတဲ့အတွက် မက်ဒါနာလည်း သူ့စိတ်ထဲက အတွေးတွေကိုရှင်းထုတ်လိုက်ပြီး အသံနိမ့်နိမ့်နဲ့ပြောလိုက်တယ်။

"ဖွင့်...." ဖုန်းက မည်သူမှမဖွင့်ဘဲ သူ့အလိုလိုပွင့်လာပြီး Nokiaပုံပေါ်လာတယ်။ ဆိုဖီယာက ဆက်ပြီးတော့ မက်ဒါနာကို ပြောလိုက်ပါတယ်။

"Twitterကိုဒေါင်းခိုင်းပြီး နယူးယောက်ဟီးရိုးအစည်းအရုံးရဲ့တရားဝင်ပေ့ချ်ကိုရှာလိုက်။"

မက်ဒါနာလည်း သူပြောတဲ့အတိုင်း ဖုန်းကိုအမိန့်ပေးလိုက်ရာ အလိုလိုဖုန်းက သူ့ဘာသာအလုပ်လုပ်နေပြီး နယူးယောက်ဟီးရိုးအစည်းအရုံးပုံပေါ်လာပါတော့တယ်။

"မိုက်လှချေလား...."

"Techno-Telekinesisလေ။ နည်းပညာနဲ့ဆိုင်တဲ့အရာတိုင်းကို ထိန်းချုပ်နိုင်တယ်။ နင်တကယ် အားထုတ်ပြီးလုပ်ရင် စနစ်တိုင်းကိုဟက်လုပ်နိုင်တယ်။ နင်ကအစကတည်းက ဟက်ကာပဲမဟုတ်လား။ ဒါပေမဲ့ဒါက နင့်အစွမ်းရဲ့အစွန်းထွက်ပဲရှိသေးတာ။ နင့်ရဲ့တီထွင်ဖန်တီးနိုင်စွမ်းကလည်း ဆယ်ဆမက မြင့်လာလိမ့်မယ်။ စက်ပစ္စည်းတစ်ခုကိုထိလိုက်တာနဲ့ တည်ဆောက်ပုံကိုသိနိုင်ပြီးတော့ ပိုကောင်းအောင်ဘယ်လိုလုပ်မလဲဆိုတာပါသိနိုင်မယ်။ နည်းပညာနဲ့စိတ်စွမ်းအားကို ပေါင်းစပ်ထားတဲ့အရာပဲ။"

ဆိုဖီယာ့စကားကိုမယုံသဖြင့် မက်ဒါနာကလည်း နယူးယောက်အစည်းအရုံးပေ့ချပ်ကို ဟက်ချခိုင်းပြီး လေဆာအိုင်းသောက်ရူးဟု Tweetခိုင်းလိုက်ရာ တကယ်ကြီးTweetတက်လာတယ်။ မက်ဒါနာကတော့ သူ့အစွမ်းသူသဘောကျပြီး တခိခိအူတက်နေပါပြီ။ လေဆာအိုင်းကို သူအဲဒီလိုပြောချင်နေတာကြပြီလေ။

"ကောင်းလိုက်တာ...ဒီအစွမ်းနဲ့ဆိုရင် ဒုက္ခရောက်နေတဲ့လူတွေရှိတဲ့နေရာတိုင်းကို ငါသိနိုင်မယ်။ ငါ့ဝတ်စုံကိုလည်း ပိုကောင်းအောင်လုပ်နိုင်ဦးမယ်။ တစ်ကမ္ဘာလုံးကိုမကယ်နိုင်သေးရင်တောင် ကွင်းကိုတော့ ကာကွယ်နိုင်မှာပဲ။ ကွင်းရဲ့အိမ်နီးချင်း Silver Knightလေးအဖြစ် ထမ်းဆောင်လို့ရပြီ။"

နောက်ဆုံးတော့ မက်ဒါနာမှာ စွမ်းအားရှိလာပြီ။ သူပျော်လွန်းအားကြီးလို့ ဆိုဖီယာကိုဖက်နမ်းမိတဲ့အထိပဲ။ အဲဒီနောက် တစ်ခါတည်းအိမ်ထဲက ပြေးထွက်သွားဖို့လုပ်တယ်။ ဒါပေမဲ့ တံခါးဝနားလည်းရောက်ရော ခြေသုတ်ခုံကိုတိုက်ပြီး ပစ်လဲသွားရော။

"အားယိုး....." မက်ဒါနာက မနေ့ကဝယ်လာတဲ့ ပေါင်တစ်ဝက်စကပ်လေးဝတ်ထားတာမလို့ ခုတော့အတွင်းက ပင်တီအပြာစင်းလေးကို အိမ်ထဲကလူတွေအကုန်မြင်နေရပြီ။

ဘဏ္ဍာစိုးသုံးကောင်ကတော့ နှာခေါင်းသွေးလျှံလုမတတ်ပဲ။ ရွှေရောင်ဆံပင်နဲ့တစ်ယောက်က ကျန်တဲ့နှစ်ယောက်ကို ပြောလိုက်တယ်။

"အပြာစင်းလေးဟ... ငါအင်တာနက်မှာ ဖတ်ဖူးတာတော့ အစင်းကြားဝတ်တဲ့မိန်းကလေးတွေက အမြဲသွက်လတ်တက်ကြွနေတာတဲ့။" မကြာပါဘူး၊ ဆိုဖီယာက သူတို့သုံးကောင်လေးကို ခြေထောက်တက်နင်းပြီး မက်ဒါနာကိုသွားကူညီပေးလိုက်တယ်။

"ပြီးတော့...ငါနင့်ကို သတိပေးဖို့မေ့နေတာ။ နင်က မိန်းကလေးခန္ဓာကိုယ်နဲ့ အသားမကျသေးတဲ့အတွက် နမော်နမဲ့နိုင်တာက နင့်ရဲ့အားနည်းချက်ဖြစ်လာလိမ့်မယ်။ ဒေါက်ဖိနပ်စီးမလာလို့ တော်ပါသေးရဲ့။"

"....." မက်ဒါနာကတော့ နာကျင်နေတဲ့သူ့မေးစေ့ကို လက်နှစ်ဖက်နဲ့ဖုံးထားတယ်။ သွားကလည်း နှုတ်ခမ်းကိုကိုက်မိထားလို့ သွေးထွက်နေသေးတယ်။ မျက်လုံးထဲ မျက်ရည်တွေဝဲလို့ရယ်။

....

သိပ်မကြာခင်မှာပဲ မက်ဒါနာလေး အိမ်ပြန်သွားပြီ။ ဆိုဖီယာရဲ့ခပ်ပြုံးပြုံးပုံစံကလည်း ချက်ချင်းတည်ကြည်လေးနက်သွားတယ်။

"နောက်ဆုံးမျိုးစေ့တော့ ချပြီးသွားပြီ။ သူက ငါတို့စကြဝဠာကြီးကို ကယ်တင်နိုင်ဖို့ မျှော်လင့်ရတာပဲ။"

ရွှေရောင်ဆံပင်နှင့်ဘဏ္ဍာစိုးက သူ့ကိုမေးလိုက်ပါတယ်။ "ဘာလို့သူ့ကို အကုန်လုံးပြောမပြလိုက်တာလဲ။"

"မကြာခင်မှာ ဒီကမ္ဘာကြီးက ရှုပ်ထွေးလာတော့မှာ။ မြူတန့်တွေနဲ့သာမန်လူသားတွေ သဘောထားကွဲလွဲလာနေပြီ။ ဗီလိန်တွေနဲ့လျှို့ဝှက်အင်အားစုတွေကလည်း အင်အားကြီးမားလာဖို့ ကြိုးစားနေကြတယ်။ ဖြစ်လာမယ့်အရာတွေကို ကြံကြံခံနိုင်ဖို့ဆိုရင် ဒီကမ္ဘာရဲ့အင်အားက အခုထက်အဆပေါင်းများစွာ တိုးတက်နေဖို့လိုတယ်။ ဒီလိုမှမဟုတ်ရင် အင်ပါယာရဲ့ကိုလိုနီပြုခြင်းကို ခံရမှာပဲ။"

၅။

လျှပ်စစ်ပစ္စည်းအဟောင်းများထားသည့် အမှိုက်ပုံထဲတွင်ဖြစ်သည်။ ငွေရောင်ဆံပင်နှင့်ကောင်မလေးတစ်ယောက်က ဦးထုပ်ကိုနောက် ပြန်စောင်းထားပြီး ဂျင်းဘောင်းဘီအတိုအကျပ်ကလေးကို ဝတ်ထားကာ လျှပ်စစ်ပစ္စည်းအပျက်များထဲမှာ အကောင်းများကို ရွေးထုတ်နေ၏။

သံသယရှိစရာမလိုပေ။ စုန်းဖြူမလေး မက်ဒါနာပင်။

လန်းဆန်းတက်ကြွနေသော ကောင်မလေးတစ်ယောက် ပစ္စည်းများဖြုတ်တပ်နေသည့်မြင်ကွင်းကို စောင့်ကြည့်နေသည့် ရပ်ပါဦးထုပ်နှင့်လုံခြုံရေးအစောင့် ဝန်ထမ်းဦးလေးကြီးကတော့ ၂၀၀၀ ခုနှစ်များက ရပ်သီချင်းကိုဖွင့်ကာနားထောင်ရင်း ငယ်ရွယ်နုပျိုသွားသလိုခံစားနေရသည်။ လှပသည့်ကောင်မလေးတစ်ယောက် စွန့်ပစ်ပစ္စည်းထားသည့်နေရာသို့ရောက်လာပြီး ပစ္စည်းများဖြုတ်တပ်နေသည့်မြင်ကွင်းမှာ စိတ်ကူးရင်ဆန်လွန်းသည်မဟုတ်လား။

တစ်ကိုယ်လုံးချွေးများနှင့်စိုရွဲနေပြီး မျက်နှာတစ်ခုလုံးပေကျံနေသည့် ကောင်မလေးက သူလိုချင်သည့်ပစ္စည်းများကို လွယ်အိတ်ထဲပစ်ထည့်လိုက်ပြီးနောက် ဦးလေးကြီးကို လက်မထောင်ပြလိုက်၏။

"ဦးငယ်လေး၊ သမီးလိုချင်တာတွေအကုန်ရပြီ။ သွားလိုက်ဦးမယ်နော်။"

"အေးအေး....ဂရုစိုက်ပြီးသွားဦး၊ သမီးမိန်းကလေးတစ်ယောက်တည်း အပြင်မှာနောက်ကျတဲ့အထိ မနေနဲ့ဦး။"

ဦးလေးကြီးက ကောင်မလေးကို သတိပေးလိုက်ရင်း ယနေ့အတွက်ပစ္စည်းအဝင်အထွက်စာရင်းကို ပြန်စစ်ကြည့်လိုက်သည်။ သမီးအရွယ်ကောင်မလေးတစ်ယောက်က သူ့လိုလူတကာအဖက်မလုပ်ချင်သည့် သေမထူးနေမထူးလူတစ်ယောက်အား စကားပြောသွားသည့်အတွက် အကျေနပ်ကြီးကျေနပ်နေ၏။

"ပြောခါမှ၊ ဒီကိုလာတဲ့လူတွေထဲ ငါ့ကိုစကားပြောတာဆိုတော့ ဒီကောင်မလေးနဲ့ဟိုအာရှကောင်လေးပဲရှိတာ။ အဲဒီကောင်လေး ဒီတစ်ပတ်မလာဘူးလားမသိဘူး။"

ဦးလေးကြီးက မာလင်ဆိုသည့် နာမည်ထူးထူးဆန်းဆန်းနှင့်အာရှသားလေးကို သတိရသွားကာ သက်ပြင်းချလိုက်မိသည်။

ကောင်မလေးဖြစ်သွားသည့် မက်ဒါနာကတော့ လွယ်အိတ်ကလေးကိုလွယ်ကာ ရေဘုံပိုင်တွင်မျင်နှာသစ်လိုက်ပြီး လန်းဆန်းတက်ကြွစွာဖြင့် စွန့်ပစ်ပစ္စည်းဧရိယာမှ ထွက်သွားလေပြီ။

....

"ထောင်ချောက်... ဒါထောင်ချောက်ပဲ။"

ဖရက်မှာ သူ၏သွေးများစီးကျနေသည့် လက်မောင်းကို တင်းတင်းဆုပ်ကိုင်ထားရင်း သူ၏ရှေ့မှမြင်ကွင်းကို မယုံနိုင်စွာဖြင့်ကြည့်နေသည်။ ဟီးရိုးများနှင့်အထူးရဲတပ်ဖွဲ့ဝင်များက သူတို့ကို လမ်းပိတ်တိုက်ခိုက်နေပြီး သူတို့၏သေခြင်းရှင်ခြင်းကိုတောင် ဂရုမစိုက်တော့ပေ။

လက်ရှိဖြစ်နေသည့်အဖြစ်အပျက်ကို သူကိုယ်တိုင်လည်းနားမလည်နိုင်ပါ။ ရန်သူ့ဌာနခွဲရှိရာသို့ သူတို့အသွား နယူးယောက်အထူးရဲဌာနမှ တိုက်ပွဲဝင်စက်ရုပ်များနှင့် ဟီးရိုးအင်အားနှစ်ဆယ်ကျော်ခန့်က သူတို့ကိုဝိုင်းဝန်းတိုက်ခိုက်နေကြသည်။

စင်စစ်မြေအောက်လောက၏ကိစ္စရပ်များတွင် ဟီးရိုးများနှင့်အထူးရဲများက သိပ်ဝင်မပါတတ်ကြပါ။ နှစ်ဖက်လုံးတွင် သူတို့စည်းကမ်းနှင့်သူတို့ရှိသည်။ မြေအောက်ဂိုဏ်းများအနေဖြင့် အန္တရာယ်များသောဆေးများဖြန့်ခြင်း၊ သို့မဟုတ် အလွန်အကျူးများပြားသည့် ပမာဏကိုဖြန့်ဖြူးခြင်းမရှိသမျှ သက်ဆိုင်ရာက လစ်လျူရှုထားတတ်သည်။ နယူးယောက်မြေအောက်လောကကြီးတစ်ခုလုံးကို မြေလှန်ပစ်နိုင်သည့် အင်အားမျိုးမရှိသောကြောင့်ဖြစ်၏။

ဒိုင်းမွန်းဘရားသားဂိုဏ်းမှာ နယူးယောက်မြေအောက်ဂိုဏ်းများအနက် ထိပ်သီးသုံးဂိုဏ်းတွင်ပါဝင်ပြီး သူတို့၏ခေါင်းဆောင်ဖြစ်သောဖရက်မှာ B+ အဆင့်မြူတန့်ဖြစ်ပေသည်။ နယူးယောက်ဟီးရိုးအစည်းအရုံးခေါင်းဆောင်ပင် A- သာရှိပြီး NYPDတွင် ထိုမျှအားကောင်းသော မြူတန့်တစ်ယောက်ကို ခန့်အပ်ထားနိုင်ခြင်းမရှိပေ။ အစည်းအရုံးခေါင်းဆောင်ကိုယ်တိုင် မလှုပ်ရှားသေးသမျှ သူတို့လုံခြုံသည်ဟုဆိုနိုင်သည်။

သို့သော် သူတို့၏လုံခြုံမှုက အခုမရှိတော့ဟုဆိုနိုင်ပေသည်။

"ခေါင်းဆောင်၊ ဒီကနေ မြန်မြန်ပြေးပါတော့။ ကျွန်တော်တို့ ခုခံပေးထားမယ်။"

အရပ်ခုနစ်ပေခန့်ရှိသည့် အမေရိကန်အာဖကန်လူကြီးက Rank D အဆင့် ရဲစက်ရုပ်တစ်ဒါဇင်ခန့်ကိုလက်ထဲမှ ဓာတ်တိုင်ကြီးဖြင့် ရိုက်နှက်ဖျက်ဆီးလိုက်ရင်း အော်ဟစ်လိုက်သည်။

အများဂိုဏ်းသားများကလည်း သူတို့ထက်အရေအတွက်သာလွန်သည့် ရဲများနှင့်ဟီးရိုးများကို တန်ပြန်တိုက်ခိုက်ရင်း အလုပ်များနေကြ၏။ ဖရက်၏ရှေ့တွင်တော့ ဆေးတံကိုခဲထားသည့် လူရွယ်တစ်ယောက်ရှိနေသည်။

အသက်နှစ်ဆယ့်ငါးနှစ်ခန့် ရှိမည့်ပုံပေါ်ပြီး ရွှေရောင်ဆံပင်တောက်တောက်ကို ဂျယ်ဖြင့်သေချာပုံသွင်းထားသည်။ အနောက်တိုင်းဝတ်စုံကို သေချာသပ်သပ်ရပ်ရပ်ဝတ်ထားကာ လူကြီးလူကောင်းတစ်ယောက်လိုထင်ရ၏။ သူက လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ရင်း ဖရက်ကိုကြည့်ကာ ထီမထင်ဟန်ဖြင့် ပြောလိုက်သည်။

"ဟေး၊ ဖရက်။ မင်းကိုယ်မင်း ဒီမြို့မှာ သိပ်စွမ်းအားကြီးနေပြီလို့ ထင်နေတယ်ပေါ့။ ရဲအရာရှိတစ်ယောက်ကိုတောင် မင်းတို့ဂိုဏ်းသားတွေက သတ်ရဲတယ်ပေါ့။ စိတ်ဝင်စားစရာပဲ... မင်းတို့ရဲ့စွမ်းအားကို စမ်းသပ်ကြည့်ရသေးတာပေါ့။"

"မင်းဘာတွေပြောနေတာလဲ ငါမသိဘူးဟယ်ရီ၊ ငါ့လူတွေ ရဲတစ်ယောက်ကိုသတ်မိတယ်လို့ ငါမသိထားဘူး။"

"ဒါကအရေးမကြီးပါဘူး၊ မင်းအခုနေဝင်ချိန်ရောက်ပြီ။"

အနောက်တိုင်းဝတ်စုံနှင့်လူက ရှေ့ကိုတစ်လှမ်းချင်းတိုးလာသည်။ ဖရက်ကလည်း သူ၏လက်နှစ်ဖက်ကို တင်းတင်းဆုပ်ကာ လျှပ်စီးများကိုစုစည်းထားလိုက်၏။ ကွင်းမြို့ငယ်လေး၏ ညကောင်းကင်ရံတွင် မိုးကြိုးလျှပ်စီးတိမ်တိုက်များပင် စုဝေးလာသည်။ သူ့ရှေ့မှပြိုင်ဖက်ကို သူနည်းနည်းလေးမှ အထင်မသေးရဲပါ။

သူ့လိုပင် B+ အဆင့်ရှိသည့် မြူတန့်တစ်ယောက်ဖြစ်သည့် နယူးယောက်ဟီးရိုးအစည်းအရုံး ဒုခေါင်းဆောင် ဟယ်ရီ ကောလင်းပင်။ သူ့စွမ်းအားက Atom- Kinesisပါ။ လေထုထဲကအမှုန်တွေကို စုဝေးပြီးတော့ ပုံသွင်းနိုင်တယ်။ ဖရက်ရဲ့လက်မောင်းကဒဏ်ရာကလည်း သူ့ကြောင့်ဖြစ်လာတာပါ။ အက်တမ်တချို့ကို ကျည်ဆန်အဖြစ်ပုံသွင်းပြီးတော့ ချောင်းမြောင်းတိုက်ခိုက်ခဲ့တာလေ။

"လက်သီးကြည့်ထား။" ဖရက်က ရှေ့ကိုပြေးတက်သွားပြီး ဟယ်ရီကို လျှပ်စီးအပြည့်ပါသည့် လက်သီးချက်ဖြင့် ထိုးနှက်လိုက်သည်။ ဟယ်ရီကလည်း သူ၏လက်ကိုမြှောက်လိုက်ပြီး ခုခံလိုက်၏။ နားလည်ရခက်သော အက်တမ်တချို့က လျှပ်မလိုက်ဒိုင်းတစ်ခုအဖြစ်ပြောင်းသွားပြီး ဖရက်၏လျှပ်စီးများ သူ့ဆီစီးဆင်းမလာရန် တားဆီးလိုက်သည်။

"အနှိုင်းမဲ့ခံစစ်ရဲ့ရှေ့မှာ အစွမ်းအားလုံးက အလကားပဲ။"

အက်တမ်ထိန်းချုပ်နိုင်စွမ်းက အားနည်းချက်ကင်းမဲ့လုနီးပါး စွမ်းအားတစ်ခုဖြစ်သည်။ သူထိန်းချုပ်နိုင်သည့် အက်တမ်အရေအတွက် အကန့်အသတ်ရှိနေရုံမှအပ အခြားအားနည်းချက်မရှိပေ။ သို့သော် ထိုအက်တမ်အရေအတွက် သူ့ကိုယ်သူကာကွယ်ရန် ကောင်းကောင်းလုံလောက်နေသည်။

"လျှပ်စီးခန္ဓာ။" ဖရက်၏ခန္ဓာကိုယ်တစ်ခုလုံးက ထွင်းဖောက်မြင်နိုင်လောက်သည်အထိ ကြည်လင်လာပြီး လျှပ်စီးတန်းများက သူ့တစ်ကိုယ်လုံးပြည့်နေ၏။ ထို့နောက် သူ့ခန္ဓာကိုယ်က အရင်ကထက်လေးဆလောက်မြန်သွားပြီး ဟယ်ရီကိုဘက်ပေါင်းစုံမှာ လှည့်ပတ်တိုက်ခိုက်သည်။

အက်တမ်ဒိုင်းကတော့ လျှပ်စီးကြောင်းရန်မှကာကွယ်ထားပေးနိုင်ဆဲဖြစ်ကာ ဟယ်ရီကတော့ ဆေးတံသောက်မပျက်ပေ။

"ငါမင်းကိုမိပြီ။" ဟယ်ရီက သူ့ညာလက်ရှိလက်ချောင်းများကို သေနတ်ပုံစံပြောင်းလိုက်ပြီး ဖရက်ကိုပစ်ဟန်ပြုလိုက်သည်။ သံလိုက်မှုန်များက အချင်းချင်းစုဝေးသွားပြီး ကျည်ဆန်အလုံးဖြစ်သွားကာ အလျင်အမြန်ပင် ဖရက်ထံသို့ပြေးသွား၏။

"သေစမ်း...." ဖရက်က သူ၏လျှပ်စီးသံလိုက်စက်ကွင်းဖြင့် ထိုကျည်ဆန်ကို တားဆီးလိုက်သည်။ သို့သော် နောက်ထပ်ကျည်ဆန်များက သူ့ထံဝင်ရောက်လာနေဆဲဖြစ်၏။ တိုက်စစ်မှ ခံစစ်အဖြစ်သို့ ပြောင်းသွားပြီဖြစ်သည်။

"မစ္စတာဖရက်၊ ခင်ဗျားကိုဖမ်းလိုက်ပြီ။ နှုတ်ဆိတ်နေပိုင်ခွင့်ရှိတယ်။ ရှေ့နေခေါ်ခွင့်ရှိမယ်။"

"မရဘူး...ငါက ငါ့ညီအစ်ကိုတွေအတွက် လက်စားချေရဦးမယ်။" ဖရက်က ကောင်းကင်ပေါ်မှ လျှပ်စီးကြောင်းများကို ဆွဲယူလိုက်သည်။ ကောင်းကင်ပေါ်မှ မိုးကြိုးတန်းကြီးက ဟယ်ရီထံ ပြေးဝင်သွား၏။

"အိုး...သေစမ်း။" ဟယ်ရီက သူ၏အက်တမ်ဒိုင်းကို အစွမ်းကုန်ဖွင့်ထုတ်လိုက်သည်။ သို့သော် ဗို့်အားသန်းသုံးရာနီးနီးရှိသည့် မိုးကြိုးကို သူလမ်းလွှဲရုံသာ လုပ်လိုက်နိုင်၏။

ဘုန်း.....။

ကွန်ကရစ်သားဖြင့်ပြုလုပ်ထားသော လမ်းမကြီးတစ်ခုလုံး ချိုင့်ဝင်သွားသည်။ မိုးကြိုးလွှဲများအားလုံး အရည်ပျော်ပျက်စီးသွားကာ လမ်းပေါ်မှာရှိနေသည့် ကားမှန်များအားလုံးကို ကွဲထွက်သွား၏။ တိုက်ပွဲဖြစ်နေသော ရပ်ကွက်တစ်ခုလုံး လျှပ်စစ်မီးပျက်တောက်သွားသည်။ ဖရက်မှာတော့ အသက်ကိုလုရှုနေရ၏။ ကောင်းကင်ပေါ်မှမိုးကြိုးကို ဆွဲယူခြင်းမှာ သူ့အတွက်အလွန်အင်အားကုန်ခမ်းသောအလုပ်ပင်။

အက်တမ်ဒိုင်းကြီးမှာလည်း ကြေမွသွားပေပြီ။ သို့သော် B+ ဟီးရိုးတစ်ယောက်မှာ အလွယ်တကူမသေနိုင်ပါ။ မိုးကြိုးအပစ်ခံထားရသဖြင့် ဖြစ်လာသော ချိုင့်ထဲမှ တစ်ကိုယ်လုံးမည်းတူးအောင်လောင်ကျွမ်းထားသည့် လူတစ်ယောက်တွားသွားထွက်လာ၏။ သူ၏လက်ထဲတွင်တော့ အက်တမ်အမှုန်များဖြင့်ပြုလုပ်ထားသည့် ၆ပေါင်အမြောက်

ဆန်ရှိနေပေသည်။

"ဖရက်.... ဒါကမင်းရဲ့Ultimate Skillပေါ့လေ။ ငါ့မှာလည်းတစ်ခုရှိတယ်ကွ။"

အမြောက်ဆန်က တကယ့်အမြောက်မှပစ်လိုက်သည့်အရှိန်မျိုးဖြင့် ဖရက်ထံတိုးဝင်လာ၏။ ဖရက်ကိုယ်တိုင်ကတော့ ရှောင်ရှားရန်အင်အားမရှိတော့ပါ။ ထို့ကြောင့် သူကအမြောက်ဆန်သူ့ထံသို့ တည့်တည့်ကြီးဝင်လာသည်ကို ဒီအတိုင်းကြည့်နေမိသည်။

"ခေါင်းဆောင်...." ဓာတ်တိုင်ကြီးကိုကိုင်ထားသည့် လူ့ဗလကြီးက အမြောက်ဆန်ရှေ့တွင်ဝင်ရပ်ကာ ဓာတ်တိုင်ဖြင့်ရိုက်ထုတ်လိုက်၏။ သို့သော်ဓာတ်တိုင်ကျိုးသွားပြီး သူ့ရင်ဘတ်ကိုအမြောက် ဆန်ထိမှန်သွားသည်။

"အား....." လူသန်ကြီးနောက်ပြန်လဲကျသွား၏။ အမြောက်ဆန်လည်းရပ်သွားပေပြီ။ သို့သော် ဗလကြီး၏အရိုးများကတော့ ပြန်မကောင်းနိုင်လောက်အောင် ပျက်စီးသွားပုံရ၏။

"လူပင်...မင်းဒါဘာလုပ်တာလဲ။"

"သခင်လေးပြေးပါတော့... သူတို့တပ်ကူတွေ ထပ်ရောက်လာရင် ကျွန်တော်တို့တားနိုင်မှာမဟုတ်ဘူး။"

B+ ဟီးရိုးတစ်ယောက်နှင့် ဟီးရိုးအဖွဲ့ဝင်အနည်းငယ်ကပင် သူတို့ကိုလမ်းဆုံးရောက်အောင် တွန်းပို့နိုင်ပြီးသားဖြစ်သည်။ နောက်ထပ်ရောက်လာသည့်တပ်ကူများက သူတို့ကိုသေစေနိုင်သည်အထိ ဖြစ်လာစေလိမ့်မည်။ ဆက်နေနေခြင်းက အကျိုးမရှိပါ။ ဗျူဟာကျကျ နောက်ဆုတ်ရပေမည်။

"ဒါပေမဲ့..မင်းတို့ကရော။"

"ကျွန်တော်တို့ကို စိတ်မပူပါနဲ့၊ နောက်မှ ပြန်လက်စားချေပေးပါ။"

"ခေါင်းဆောင်၊ ဒီကနေ မြန်မြန်ထွက်သွားတော့။"

"ပြေးပါတော့။"

"မင်းတို့တွေ...." ဖရက်က ဆိုးဆိုးဝါးဝါးခံထားရသည့် လူ့လူများကို ကြည့်လိုက်ရင်း ရင်ထဲစို့နင့်လာသည်။ သို့သော်သူပါအဖမ်းခံလိုက်ရပါက သူ့အဖွဲ့တစ်ခုလုံး ပြီးဆုံးသွားပေလိမ့်မည်။ သူ့အဖေတည်ထောင်ခဲ့သောအဖွဲ့ကို အပျက်စီးမခံနိုင်သေးပါ။

"တစ်နေ့ ငါမင်းတို့ကိုလာကယ်ပေးမယ်။"

"ခေါင်းဆောင်ခုဏက မိုးကြိုးကိုဆွဲယူလိုက်တာ၊ သခင်ကြီးအတိုင်းပဲ။ တစ်နေ့ကျရင် သခင်ကြီးလိုပဲ မြူတန့်ထောင်ကိုဖောက်ပြီး ကျွန်တော်တို့ကိုကယ်နိုင်မှာသေချာတယ်။ အခုတော့လွတ်အောင်သာပြေးပါ။"

အရပ်ခုနစ်ပေခန့်မြင့်သည့် လူသန်ကြီးငါးယောက်က ပြန်လည်သတိဝင်လာပြီဖြစ်သော B+ ဟီးရိုးနှင့်ဖရက်၏ကြားထဲတွင် မားမားမတ်မတ်ရပ်လိုက်ကြသည်။ သူတို့က ခန္ဓာကိုယ်ခွန်အားသာရှိပြီး B+ တစ်ယောက်ကိုရင်ဆိုင်နိုင်သည့် မြူတန့်စွမ်းအားများလည်းမရှိပါ။ သတ္တိတစ်ခုတည်းသာရှိသည်။

အဝေးမှပြေးလာနေသော တပ်ကူဟီးရိုးနှင့်ရဲများကိုလည်း သူတို့မြင်နေရသည်။

"မင်းတို့သေသွားရင်တော့ ငါ့အဆိုးမဆိုကြနဲ့။"

ဟယ်ရီက ကျည်ဆန်အမြောက်အမြားကိုလေထဲမှာတင် ဖန်တီးလိုက်၏။ ဖရက်ကတော့ ထိုမြင်ကွင်းကိုနောက်ဆုံးအနေဖြင့်ကြည့်ကာ နာကျင်စွာနှင့်ခေါင်းခါယမ်းလိုက်သည်။ ထို့နောက် သူနောက်လှည့်ပြီး ထွက်ပြေးတော့၏။

အပြာရောင်လျှပ်စီးတန်းများက သူ့ထံမှထွက်ပေါ်နေသည်။ သူ၏အမြန်နှုန်းက ကားတစ်စီးစာ လောက်ကိုမြန်၏။ သူ့အဖေထံမှအမွေရခဲ့သော ဇုစ်နတ်မင်းကြီးမိုးကြိုးစွမ်းအားပေ။ သို့သော်သူ့အင်အားက Aအဆင့်ဖြစ်သော သူ့အဖေစူပါဗီလိန် အားဂတ်ကိုမမီသေးပါ။ သူက ဆိုးဆိုးဝါးဝါးအားနည်းနေဆဲပင်။

...

"နယူးယောက်နေ ပြည်သူများရှင့်။ စူပါဗီလိန် ဒိုင်းမွန်းဘရားသား ဖရက်ဟာ ရဲတပ်ဖွဲ့စစ်ဆင်ရေးအောက်ကနေ လွတ်မြောက်သွားပါတယ်။ လက်နက်ကိုင်ဆောင်ထားပြီး B+စွမ်းအားရှိတဲ့အတွက် တွေ့ရှိခဲ့ရင် ဘေးကင်းရာမှာနေပြီး သက်ဆိုင်ရာကို အကြောင်းကြားပါ။"

လျှပ်စစ်ပစ္စည်းဆိုင်တစ်ခုရှိရှေ့တွင် ဖရက်ရပ်ရင်း တီဗီမှလာနေသည့် ကြားဖြတ်သတင်းကို ဖရက်နားထောင်ဖြစ်သည်။ သူ၏သတင်းမဟုတ်လား။ လူတချို့က စမတ်ဖုန်းမှသတင်းများကို ကြည့်ရင်း သွေးသံရဲရဲနှင့်လူငယ်လေးကိုတွေ့သောအခါ ထွက်ပြေးသွားကြသည်။ ကြားဖြတ်သတင်းက စိတ်ပညာဆရာဝန်နှင့်ဆွေးနွေးသည့် အခန်းကဏ္ဍပင်ပါသေး၏။

"ဖရက်က တစ်ခေတ်တစ်ခါက အမေရိကန်စူပါဗီလိန်ကြီးအားဂတ်ရဲ့သားပါ။ သူ့အဖေအတိုင်းပဲ ရက်စက်တယ်၊ ကောက်ကျစ်တယ်။ သူက ပိုတောင်ဆိုးနေသေးတယ်။ ငယ်ဘဝက စိတ်ရောဂါဖြစ်နေတဲ့ အမေနဲ့နေရပြီး ကျောင်းမှာအနိုင်ကျင့်ခံရတယ်။ ဒါကြောင့်သူက မေတ္တာဆိုတာကိုမခံစားနိုင်ဘဲ ရက်စက်ကြမ်းကြုတ်ဖို့တစ်ခုပဲသိတဲ့လူဖြစ်နေတာ။"

"မဟုတ်ဘူးကွ...မဟုတ်ဘူး.... ငါ့အဖေရောအမေရော ကြင်နာတတ်တယ်။ မကြင်နာတတ်တာ မင်းတို့ကွ။" ဒေါသထွက်လာသောကြောင့် လျှပ်စီးများက လျှပ်စစ်ပစ္စည်းဆိုင်ထဲစီးဝင်သွားပြီး အား လုံးပျက်စီးကုန်သည်။

သူ့အမေက ဗီလိန်ဖြစ်သူအဖေကြောင့် စိတ်ဒဏ်ရာရသွားပြီး ရူးသွားသည့်တိုင်အောင် သူ့ကိုအမြဲပြုံးပြတတ်နေသည်။ ဖရက်ငယ်စဥ်က စိတ်ဖောက်ပြန်သွားပြီး မိမိကိုယ်ကိုယ်မိမိ အမြဲနာကျင်အောင်လုပ်နေသည့် အမေဖြစ်သူနှင့်အတူနေခဲ့ရ၏။ သို့သော် သားဖြစ်သည့်သူ့ကိုတော့ နာကျင်အောင်မလုပ်ခဲ့ပေ။ ဗီလိန်အားဂတ်မှာလည်း သူ့ကိုဆိုးဆိုးဝါးဝါးမဆက်ဆံခဲ့ပေ။ ကမ္ဘာကြီးတစ်ခုလုံးကို သိမ်းပိုက်ပြီးနောက် သူ့ကိုအိမ်ရှေ့မင်းသားလေးအဖြစ် ထားပေးမည်ဟု အမြဲဆိုလေ့ရှိကာ တွေ့တိုင်းကြင်ကြင်နာနာဆက်ဆံတတ်သည်။

အားဂတ်မှာ အမြဲလိုလိုလူမျိုးရေးခွဲခြားတတ်သည့် အုပ်ချုပ်ရေးပိုင်းကို စိတ်ပျက်နေသူဖြစ်ပြီး ထိုသို့ခွဲခြားမှုများမရှိသည့် နိုင်ငံတစ်ခုကို တည်ထောင်ချင်ခဲ့သူဖြစ်သည်။ မူလက ဟီးရိုးတစ်ယောက်ဖြစ်သော်လည်း ထိုကိစ္စကြောင့်ဟီးရိုးအစည်းအရုံးနှင့် သဘောထားကွဲလွဲသွားပြီး ဗီလိန်ဖြစ်လာခြင်းပင်။ သူ့ကိုလေးစားသည့်လူများက အားဂတ်၏နောက်လိုက်များဖြစ်လာကာ မတရားမှုများကို တွန်းလှန်ခဲ့ကြသည်။ သို့သော်လည်း တရားမဝင်အဖွဲ့အစည်းတစ်ခုအနေဖြင့် ရပ်တည်ရန်တရားမဝင်သည့်အလုပ်များကို လုပ်လာရပြီး ဒိုင်းမွန်းဘရားသားမြေအောက်ဂိုဏ်းကို ထူထောင်ခဲ့ရခြင်းဖြစ်သည်။

တစ်ခါက Sအဆင့် ဟီးရိုးတစ်ယောက်တည်ထောင်ထားသည့် အမေရိကန်မြူတန့်အကျဥ်းထောင်ကို တစ်ကိုယ်တော်ဖောက်ဝင်ခဲ့ပြီး သူ၏နောက်လိုက်များကို ကယ်တင်ခဲ့ဖူးသည်။ ဗီလိန်အားဂတ်၏အထွတ်အထိပ်အောင်မြင်မှုဖြစ်ခဲ့ပြီး အခြားဗီလိန်များနှင့်ဟီးရိုးများပင်သူ့စွမ်းအားကို အသိအမှတ်ပြုခဲ့ရ၏။ ဟီးရိုးတစ်ယောက်အနေဖြင့်ဆိုပါက သူကမက်တယ်ပလာဒင်ထက် အများကြီးပိုသန်မာကာ လက်ရှိနယူးယောက်အစည်းအရုံးခေါင်းဆောင်ထက်လည်း အဆများစွာ ပိုအစွမ်းထက်သည်။ S အဆင့်များနှင့် မယှဥ်နိုင်ရုံသာရှိ၏။

ဗီလိန်အားဂတ်၏ကျော်ကြားသောမူဝါဒမှာ လူမသတ်စည်းမျဥ်းပင်ဖြစ်သည်။ ဒိုင်းမွန်းဘရားသားဂိုဏ်းဝင်များလည်း ထိုစည်းမျဥ်းကို လိုက်နာကြရ၏။ အခြားဗီလိန်အဖွဲ့အစည်းကများ သူတို့ကို အပြင်မှာမည်းပြီး အတွင်းဖြူစင်သူတွေဟုပင် ခေါ်တတ်ကြပြီး ဟီးရိုးမိသားစုများဖြစ်ပါလျက်တရားမဝင်စီးပွားရေးလုပ်ငန်းများ ထူထောင်ထားသော ယာမာဂုချိနှင့်ဒီမီထရီမိသားစုများထက် ဂုဏ်သိက္ခာကောင်းမွန်သည်။

လမ်းသွားလမ်းလာများ ထွက်ပြေးသွားပြီး ရဲများရောက်လာသောကြောင့် ဖရက်နောက်တစ်ကြိမ်ပြေးရပြန်သည်။ သွေးထွက်နေသောကြောင့် အားအင်များ တဖြည်းဖြည်းယုတ်လျော့လာသော်လည်း သူ့ဒဏ်ရာကို ဆေးမထည့်နိုင်ပါ။ လက်ရှိမည်သည့်ဆေးရုံဆေးခန်းမှာ သူ့အတွက်မလုံခြုံပေ။ မြေအောက်ဂိုဏ်းများနှင့်အဆက်အဆံရှိသော ဆေးခန်းများပင် သူ့လိုဂိုဏ်းပါပျက်နေသည့် သနားစရာဗီလိန်တစ်ယောက်ကို ရောင်းစားပစ်နိုင်သည်။

ဒီလိုနှင့်တိုက်ခန်းအဟောင်းများ၏နောက်ဖေးလမ်းကြားထဲတွင် သူဝင်ပုန်းဖို့ဖြစ်လာ၏။ သန့်ရှင်းမှုအားနည်းသော နေရာမျိုးဖြစ်သဖြင့် အနံဆိုးများက သူ့နှာခေါင်းထဲဝင်လာနေသည်။ သူအင်အားမရှိတော့သောကြောင့် နံရံကိုမှီရင်းထိုင်ချမိလိုက်၏။

အားနည်းလွန်းလို့ သူ့ခေါင်းများမူးဝေနေသည်ကိုပင် ခံစားရသည်။ သူယခုနေရာမှာပင် သွေးထွက်လွန်ပြီး သေချင်လည်းသေသွားနိုင်သည်။

ဖြူဖွေးဥနေသော ခြေတံရှည်တစ်စုံ သူ့ရှေ့ရောက်လာမှ သူ၏အတွေးစများပျက်သွားပြီး မော့ကြည့်မိသည်။ ငွေရောင်ဆံနွယ်များနှင့် အထက်တန်းကျောင်းသူလေးလိုထင်ရသည့် ကောင်မလေးတစ်ယောက်က ကိုယ်ကိုင်းကိုင်းညွှတ်ပြီး သူ့ကိုကြည့်နေ၏။

ကောင်မလေးက အားကစားဖိနပ်အဟောင်းလေးကိုဝတ်ထားပြီး ဂျင်းဘောင်းဘီအတိုအကျပ်လေးကိုဝတ်ထားသည်။ တီရှပ်အင်္ကျီခပ်ပွပွလေးနှင့်ဖြစ်ကာ တက်ကြွလန်းဆန်းသည့်ပုံစံမျိုးဖြစ်၏။

အသားအရေက လုံးဝကြွေထည်လို ဖွေးဥနေပြီး မျက်လုံးများကပင် ငွေရောင်ဖြစ်နေသည်။ ပြီးတော့ တော်တော်လေးလည်းချစ်စရာကောင်း၏။

"အာ... နင်အနိုင်ကျင့်ခံထားရတာလား။ သွေးတွေအများကြီးပဲ။"

"......" 'သူငါ့ကို မကြောက်ဘူးလား။ ငါက နေရာတိုင်းမှာ သတင်းကြေညာခံထားရတဲ့ စူပါဗီလိန်လေ။ သူဘာလုပ်နေတာလဲ။' ဖရက်နားမလည်နိုင်တော့ပေ။ ဒီကောင်မလေးက သူ့ကိုအသိတစ်ယောက်လို ရင်းရင်းနှီးနှီးဆက်ဆံနေသည်မဟုတ်လား။

ကောင်မလေးကတော့ သူ့ကိုဂရုမစိုက်ဘဲ လမ်းကြားထဲတွင် ထိုင်ချလိုက်ပြီး လွယ်အိတ်ကိုဘေးချကာ ဖွင့်လိုက်၏။

"ငါက အခုနောက်ပိုင်း နမော်နမဲ့နိုင်နေတော့ ဆေးပစ္စည်းတွေဆောင်ထားတတ်တယ်လေ။ နင်ကံကောင်းသွားတယ်မှတ်။"

ကောင်မလေးက ဆေးသေတ္တာကိုထုတ်ယူပြီး ဖွင့်လိုက်သည်။ ဒဏ်ရာချုပ်သည့် ပလာစတာနှင့်သန့်ရှင်းရေးလုပ်သည့် ဂွမ်းစများ၊အရက်ပြန်ပုလင်းများပင် စုံစုံလင်လင်ပါသေး၏။

ကောင်မလေးက အရက်ပြန်ဖြင့် သူ့ဒဏ်ရာကို သန့်ရှင်းပေးလိုက်ရင်း ပြောလိုက်သည်။

"ဖရက်...ငါ့သူငယ်ချင်းလေးကို ဘယ်သူက ဒီလောက်ဒဏ်ရာရအောင်လုပ်လိုက်တာလဲ။ နင်ဘာနဲ့အထိုးခံထားရတာလဲ။" ကောင်အလေးက အက်တမ်ကျည်မှန်ထားသောနေရာကို ထိုးပြရင်းပြောလိုက်၏။ မြူတန့်အစွမ်းမှဖြစ်သောကျည်ဖြစ်သည့်အတွက် ကျည်ဆန်က ပျောက်သွားပြီးရှိမနေတော့ပါ။ မဟုတ်ပါက ကျည်ဆန်ကိုသေချာပေါက် ခွဲထုတ်ရမည်ဖြစ်သည်။

ဆေးထည့်ပေးပြီးသည့်နောက် ကောင်မလေးက အနာချုပ်ပလာစတာဖြင့် ဒဏ်ရာကိုပြန်စေ့ပေးလိုက်ပြီး ပစ္စည်းအကုန်လုံးကိုလွယ်အိတ်ထဲ ပြန်ထည့်လိုက်၏။ ဖရက်ကတော့ လွယ်အိတ်အလေးကြီးကိုကိုကြည့်ကာ မျက်လုံးပြူးနေသည်။ ကြေးကွိုင်အဟောင်းများ၊ ဆားကစ်များ၊ အိမ်သုံးစက်ရုပ်အပျက်မှဂီယာများ၊ စုံစေ့နေ၏။ နောက်ဆုံးကောင်မလေးက လွယ်အိတ်ကိုပြန်လွယ်လိုက်ပြီး ဖရက်၏ခေါင်းကိုထိုးဖွသွားသေးသည်။

"နောက်တစ်ခါ အနိုင်ကျင့်မခံရစေနဲ့တော့၊ အနိုင်ကျင့်တဲ့ကောင်ကို ဆွဲထိုးပစ်လိုက်။ ငါသွားတော့မယ်။ တာ့တာ...." ဖရက်လည်း ကြောင်တောင်တောင်နှင့် လက်ပြနေသောကောင်မလေးကို ပြန်လက်ပြပြီးနှုတ်ဆက်လိုက်မိသည်။

"သူက နတ်သမီးလေးများလား။" ဖရက်ထိုသို့သာ တွေးမိလိုက်၏။ သူ့နာမည်ကိုသိနေခြင်းနှင့် အနိုင်ကျင့်ခံရသည်ဟု ပြောသွားသည့်ကိစ္စတို့အား သူနားမလည်နိုင်ပါ။ သို့သော်ကောင်မလေးက အန္တရာယ်မရှိမှန်းတော့ သူသိနေသည်။ ထို့အပြင် နှလုံးသားထဲမှာ နွေးထွေးသွားသလိုတောင် သူခံစားရသေးသည်။

"မိန်းကလေး၊ မင်းဘယ်သူမှန်းတော့ ငါမသိပေမဲ့ ငါကိစ္စတွေပြီးသွားတဲ့အခါ မင်းကိုသေချာပေါက် ကျေးဇူးပြန်ဆပ်ပါမယ်။"

ဖရက်က နှုတ်ခမ်းကိုတင်းတင်းစေ့ထားရင်း ညနေစောင်းနေပြီဖြစ်သော ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ ယခုကိစ္စများနောက်ကွယ်မှ လှည့်ကွက်များကို သူဖော်ထုတ်ရပေဦးမည်။

All Chapters