← Chapters

ငွေရောင် သူရဲကောင်း

Vol. 1 Ch. 4

ငွေရောင် သူရဲကောင်း

Vol. 1 Ch. 4

ဒီရက်တွေမှာ မက်ဒါနာဟာ သူ့ရဲ့ဝတ်စုံကို ပြန်လည်ပြုပြင်မွမ်းမံဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လေဟာနယ်ဓာတ်ငွေ့ပိုက်လိုင်းတွေကို ပိုကောင်းအောင်လုပ်ခဲ့ပြီး အပူကာစနစ်ကိုလည်း ထည့်သွင်းခဲ့တယ်။ ပြီးတော့ ခိုင်ခံမှုအရာမှာ အကျော်ကြားဆုံးဖြစ်တဲ့ ဇက်သတ္တုစပ်ရည်လည်း စိမ်ခဲ့ပါသေးတယ်။ တစ်လက်စတည်း ဇက်သတ္တုစပ်ရည်စိမ်ထားတဲ့ နှစ်ဖက်သွားဓားပြားကြီးတစ်လက်ကိုပါ ပြုလုပ်ခဲ့တယ်။

Silver Knightလို့ သူကိုယ်တိုင်နာမည်ပေးထားတဲ့ဝတ်စုံမှာ C- အဆင့်တစ်ယောက်ရဲ့ စွမ်းအားမျိုးရှိပေမဲ့ ဘာလက်နက်မှမပါသေးဘူး။ အားအနည်းဆုံး C- မြူတန့်တစ်ယောက်တောင် အဲဒီဝတ်စုံကို အနိုင်ယူနိုင်တယ်။ ဒါကြောင့်လက်နက်တစ်ခုလိုပါတယ်။ ပြဿနာက မက်ဒါနာမှာ သေနတ်ဝယ်ဆင်ဖို့အတွက် ပိုက်ဆံမရှိဘူး။ ဒီတော့ ရှေးခေတ်ဟောင်းလက်နက်တစ်ခုကိုပဲ သွန်းလုပ်ဖို့ဖြစ်လာတယ်။

တနင်္လါနေ့ညက ဇက်သတ္ထုရည်စိမ်ထားတဲ့ ပစ္စည်းတွေကို အမှိုက်ပုံကနေ သွားကောက်လာတာပါ။ ဇက်သတ္ထုဟာ အင်မတန်ရှားပါးပြီး ပြုလုပ်ဖို့နည်းပညာလည်း ရှုပ်ထွေးပါတယ်။ လကမ္ဘာပေါ်မှာသာထွက်တဲ့ သတ္ထုအသစ်တစ်မျိုးဖြစ်ပြီး သာမန်စတီးတွေထက် အဆနှစ်ဆယ်လောက်ခိုင်ခံကာ သံနဲ့ကြေးနီထက်လည်း ပုံသွင်းရကောင်းတယ်။ မက်တယ်ပလာဒင်ရဲ့ဝတ်စုံဟာ ဇက်သတ္ထုအပြည့်ဝတ်စုံပါ။ မက်ဒါနာကတော့ ကုပ်လောင်းရုံပဲတတ်နိုင်တယ်။ စွန့်ပစ်မြေတစ်ခုလုံးကို လိုက်ရှာပြီးတာတောင်မှ သတ္တုရည်စိမ်ထားတဲ့ပစ္စည်းအနည်းငယ်ကိုပဲ ရှာတွေ့တာပါ။ ဒါတောင်ကံကောင်းလို့ပါ။ ပုံမှန်အားဖြင့် သတ္ထုရည်စိမ်ထားပြီးသား ဇက်သတ္ထုတွေကို ပြန်ခွာယူဖို့က လွယ်လှတာမဟုတ်ဘူး။ ဒါပေမဲ့ အသစ်ရလာတဲ့ Techno-Telekinessနဲ့ Superhuman IQတို့က အများကြီးကူညီနိုင်ခဲ့တယ်။ မက်ဒါနာဟာ ဘယ်သူမှမသိသေးတဲ့ ဇက်သတ္ထုခွာယူနည်းကို ဖော်ထုတ်နိုင်ခဲ့သူဖြစ်လာလို့ပါ။

ဒါပေမဲ့ ဓားကိုသွန်းလုပ်ပြီး ဇက်သတ္ထုရေစိမ်ပြီးတဲ့နောက် ဝတ်စုံအတွက်အပြည့်အဝသတ္ထုရေစိမ်လို့မရခဲ့ဘူး။ ဒါကြောင့် ဇက်သတ္ထုစပ်ကို နောက် ထပ်သတ္ထုတွေထပ်ရောပြီး ပြင်းအားလျှော့သုံးခဲ့ရတယ်။ နဂိုကတည်းက လူတွေသုံးနေတဲ့ ဇက်သတ္ထုစပ်မှာ ဇက်သတ္ထုစစ်စစ်ပမာဏ နည်းနည်းလေးပဲပါတာပါ။ ခဲမဖြူ၊ အဖြိုနက်လို တခြားသတ္ထုတွေကို ရောစပ်ပြီးတော့မှ အသုံးပြုကြတာပါ။

ရှားပါးလွန်းလို့ဖြစ်တယ်။

အားလုံးပြင်ဆင်ပြီးသွားတဲ့နောက်တော့ သူ့ရဲ့ဝတ်စုံဟာ B- အဆင့်မြူတန့်တွေရဲ့တိုက်ကွက်ကိုခံနိုင်ပြီး ဓားကလည်း B- အဆင့်တွေရဲ့မြူတန့်စွမ်းအားအကာအကွယ်တွေကို ချိုးဖောက်နိုင်တဲ့အထိ ဖြစ်လာပါပြီ။ အဆင့်တစ်ဆင့်လုံး ကျော်တက်သွားခဲ့တာပါ။ ဒါကလည်း သူအသစ်ရလာတဲ့စွမ်းအားကိုပဲ ချီးကျူးရမှာပါ။ ခွန်အားနဲ့မြန်နှုန်းအပိုင်းမှာတော့ တိုးတက်မလာပေမဲ့ မက်ဒါနာဟာ ဝတ်စုံစနစ်ရဲ့ဉာဏ်ရည်တုကို အဆင့်မြှင့်ခဲ့တယ်။

အခုဆိုရင် သူ့ရဲ့ဝတ်စုံဟာ အလယ်ခေတ်သူရဲကောင်းတွေရဲ့ဓားနည်းစနစ်၊ တိုက်ကွမ်ဒို၊ ခရာတေး၊ ဂျူဒို၊ ဂျူဂျစ်စုတွေကို မှတ်သားထားပြီး အလိုက်သင့်ထုတ်ဖော်နိုင်ပါတယ်။ လှုပ်ရှားနည်းစနစ်အနေနဲ့ Parkour(တိုက်တွေပေါ်ခုန်ကျော်ပြေးတဲ့ အားကစားနည်း)ကိုပါ ထည့်သွင်းထားပါသေးတယ်။

B- ဟာမမြင့်ဘူးဆိုပေမဲ့ နိမ့်တယ်လို့မဆိုနိုင်တော့ပါ။ နယူးယောက်သူရဲကောင်းအစည်းအရုံးမှာတောင် B အဆင့်စုစုပေါင်း လေးဆယ်ကျော်သာရှိပါတယ်။ အမေရိကန်တစ်နိုင်ငံလုံးမှာဆိုရင်တော့ Bအဆင့် သုံးရာသာရှိတာပါ။ ဒါတောင်အမေရိကန်က ရုရှားဖက်ဒရေးရှင်းပြီးရင် မြူတန့်အများဆုံးပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်တယ်။ C အဆင့်တွေကတော့ သုံးသောင်းနားကပ်နေတဲ့အတွက် ပေါများတယ်လို့ ယူဆလို့ရနိုင်တယ်။ အချိုးအနေနဲ့တွက်မယ်ဆိုရင် Cနဲ့Bအချိုးက ၉၈:၁ ပါ။ အမေရိကန်ပြည်ထောင်စုရဲ့ စာရင်းရှိA တွေအားလုံးပေါင်း ၈ ယောက်ပဲရှိပြီး Sဆိုရင်တော့ အနားမယူသေးတဲ့ ကပ္ပတိန်စတိတ်မန်းနဲ့ဩဂရေးကူးလပ် နှစ်ယောက်ပဲရှိတာပါ။

စွမ်းအားကွာခြားချက်အနေနဲ့ပြောရရင် D အဆင့်ဆယ်ယောက်ကို Cအဆင့်တစ်ယောက်က အနိုင်ယူနိုင်ပါတယ်။ ဒါပေမဲ့ Bအဆင့်တစ်ယောက်ကတော့ C အဆင့်နှစ်ဆယ်လောက်ကိုအနိုင်ယူဖို့ သိပ်မခက်ခဲပါဘူး။ Aအဆင့်တွေဆိုရင် B အဆင့်တွေကို မျက်စိထဲတောင် ထည့်မတွက်တော့ပါဘူး။ A- တစ်ယောက်တောင် B+ ငါးယောက်ကို အသာလေးထိန်းနိုင်ပါတယ်။ သာမန်B တွေဆိုရင်တော့ နှစ်ဆယ်သုံးဆယ်လောက်ကို အသာလေးသိပ်နိုင်ကြတယ်။ A+ တွေကတော့ ရူးခါနေလောက်အောင် စွမ်းအားကြီးသွားပါပြီ။ S အဆင့်တွေရဲ့စွမ်းအားကတော့ တိုင်းတာလို့မရနိုင်လောက်အောင်ပါပဲ။ အဆင့်မြင့်လာလေလေ အဆင့်တစ်ခုနဲ့တစ်ခုကြားက ကွာခြားချက်တွေဟာ ပိုမိုကြီးမားလာတယ်။ C- C C+ တို့ဟာ သိပ်မကွာပါဘူး။ ဒါပေမဲ့ A- A A+ တို့သာ သိသိသာသာစွမ်းအားကွာခြားပါတယ်။

မက်ဒါနာလေးဟာ သူ့ရဲ့ဝတ်စုံကို အဆင့်မြှင့်ပြီးတဲ့နောက် ပလာဒင်လုပ်ငန်းစုကိုပေးဖို့ စိတ်မဝင်စားတော့ဘူး။

"ဟွန်း... သူတို့အတွက် လုပ်ပေးရတာမတန်ဘူး။" ပထမဆုံးအနေနဲ့ သူအဲဒီစကားကိုပြောမိတာပါပဲ။ အရင်ကတော့ သူမသိနားမလည်လို့ ငြိမ်ခံခဲ့ပေမဲ့ ရလာတဲ့စွမ်းအားတွေကြောင့် သူ့တီထွင်မှုတွေရဲ့တန်ဖိုးကို ပိုသိလာပါတယ်။ အချက်ပေးရေဒါနည်းပညာဟာ စျေးကွက်အတွင်းမှာ အလားတူနည်းပညာတွေရှိတယ်ဆိုပေမဲ့ သူ့နည်းပညာဟာ A အဆင့်တွေအတွက်တောင် အကူညီပေးနိုင်တဲ့အတွက် ရောင်းအားအင်မတန်ကောင်းပါတယ်။ တစ်နှစ်အတွင်းမှာကို ၃ဘီလီယံစာလောက်အမြတ်ရထားတာပါ။ ဟုတ်ပါတယ်၊ သန်းသုံးထောင်ဖြစ်ပါတယ်။ အနည်းဆုံးတော့ သူ့နည်းပညာအတွက် သန်းငါးဆယ်လောက်ရသင့်ပြီး ရှယ်ယာဝင်ဖြစ်လာဖို့ပါ တောင်းဆိုလို့ရသင့်ပါတယ်။ ဒါပေမဲ့သူ့ကိုဒေါ်လာရှစ်သောင်းပဲပေးခဲ့ပြီး... နယူးယောက်နည်းပညာတက္ကသိုလ်မှာတက်ဖို့ ဒေါ်လာ ခြောက်သောင်းသုံးလိုက်ရပါတယ်။ ခုတော့ အဲဒီငွေတွေလည်းမရှိတော့ပါဘူး။ မက်ဒါနာလေး အော်ဆဲလုနီးပါးပဲ။

ပြီးတော့ သူတွက်ချက်ရသလောက်ဆိုရင် အခုရဲဖက်သုံးချပ်ဝတ်က ထုတ်လုပ်မှုစရိတ်စကကြီးမားမှုအပြင် အများအပြားရောင်းရဖို့မဖြစ်နိုင်တာကြောင့် ရေဒါထက်အမြတ်နည်းနိုင်ပေမဲ့ အနည်းဆုံးဒေါ်လာသန်းရာချီမြတ်နိုင်ပြီး ရေရှည်အကျိုးအမြတ်လည်းရနိုင်ပါတယ်။ ဒီတော့သူသန်းနှစ်ဆယ်မှမရရင် မရောင်းဘူးလို့ဆုံးဖြတ်ထားတယ်။ မန်နေဂျာဖလေရာအပေါ်မှာလည်း သိပ်အကောင်းမမြင်တော့ပါဘူး။ အသုံးချခံတစ်ယောက်လို ခံစားနေရတာကြာပါပြီ။ အခုကဖွင့်ထုတ်ဖို့အချိန်တန်ပါပြီ။

ဒါပေါ့၊ သူကိုလိုချင်တဲ့ပမာဏပေးခဲ့ရင် တစ်ဆင့်နိမ့်တဲ့ သာမန်ရဲဖက်သုံးချပ်ဝတ်နည်းပညာကိုပဲရောင်းမှာဖြစ်ပြီး Silverknight ဝတ်စုံအတွက်နည်းပညာတော့ပါမှာမဟုတ်ပါ။

... ဝတ်စုံပြီးသွားတဲ့နောက်တော့ မက်ဒါနာဟာ ပထမဆုံးအကြိမ်အဖြစ် ကွင်းမြို့ကြီးကို ကင်းလှည့်ပါတော့တယ်။

တစ်တိုက်ခုန်တစ်တိုက်ကူးနဲ့ မြို့ထဲက ရာဇဝတ်မှုအငယ်စားလေးတွေကို လိုက်ဖြေရှင်းလေ့ရှိတဲ့မက်ဒါနာရဲ့ပုံရိပ်ဟာ ရက်အနည်းငယ်အတွင်းမှာပဲ နာမည်ကြီးလာပါတယ်။ တခြားဟီးရိုးတွေက ခါးပိုက်နိုက်ကိစ္စတို့၊ ဓားထောက်လုတဲ့ကိစ္စတို့ စိတ်မဝင်စားပါဘူး။ ဒီတော့ သူကတစ်မူကွဲထွက်နေစေတယ်။

ကွင်းမြို့သားတွေဟာ တိုက်ခေါင်မိုးစွန်းကနေတစ်ဆင့် မြို့လမ်းကြားတွေကို ငုံကြည့်နေတတ်တဲ့ ငွေရောင်စစ်သည်ရဲ့ပုံရိပ်ကို ကျင့်သားရနေကြပါပြီ။ အင်တာနက်ပေါ်မှာလည်း သူ့ပုံတွေပလူပျံနေတာပါပဲ။

'နယူးယောက်ရဲ့အစစ်အမှန်သူရဲကောင်း။'ဆိုတဲ့ ဆောင်းပါးတောင် ဂျာနယ်ထဲပါလာပါသေးတယ်။ ဘယ်အဆင့်နိမ့်ဟီးရိုးမှ ဒီလိုဂုဏ်ပြုဖော်ပြမှုမျိုးကို မရခဲ့ပါဘူး။

ဒီနေ့က ကြာဿပတေးနေ့လေးပါ။ ဖလေရာနဲ့ချိန်းထားတဲ့နေ့ရောက်ပါတော့မယ်။ ငွေရောင်ချပ်ဝတ်ကိုဝတ်ထားတဲ့ မက်ဒါနာဟာ တိုက်ပေါ်ကနေ တွယ်ဆင်းလာတယ်။ လမ်းပေါ်မှာရှိနေတဲ့ စျေးသည်တွေကတော့ သူ့ကိုတွေ့တာနဲ့ လက်ပြနှုတ်ဆက်ကြပါတယ်။ ငွေရောင်ချပ်ဝတ်သူရဲကောင်းကလည်း သူတို့ကိုလက်ပြနှုတ်ဆက်တယ်။

"အားလုံးပဲ၊ မင်္ဂလာညနေခင်းပါ။ မြို့တော်ကြီးလုံခြုံဖို့ ကျွန်တော့်တာဝန်ထားလိုက်ပါ။" မက်ဒါနာက ဝတ်စုံဝတ်ထားချိန်မှာတော့ ယောက်ျားလေးတစ်ယောက်လိုနေပါတယ်။ သူလမ်းဆင်းလျှောက်နေတုန်း ကျောင်းသူကောင်မလေးတွေ တစ်အုပ်တစ်မကြီးပြေးလာပြီး သူ့ကိုဝိုင်းလိုက်တယ်။

"ဆာဆေးဗားနိုက်၊ ကျွန်မတို့ကို လက်မှတ်ထိုးပေးပါဦး။"

"အား...ရာဇဝင်ထဲက သူရဲကောင်းကြီးရယ်၊ ကျွန်မတို့ကို မျက်နှာအစစ်လေးပြပါ့လား။"

ကောင်မလေးတွေက မှတ်စုစာအုပ်လေးတွေထုတ်ပြီး သူ့ကိုကမ်းပေးကြတယ်။ တချို့ဆိုရင် သူတို့အင်္ကျီရင်ဘတ်ပေါ်မှာတောင် လက်မှတ်ထိုးပေးဖို့ တောင်းဆိုကြတယ်။ ဝတ်စုံထဲက မက်ဒါနာကတော့ မဲ့ရွဲ့လို့ရယ်။ 'နင်တို့တွေက ငါ့ကိုနှာဘူးနိုက်မှတ်နေတာလား။' ဒါပေမဲ့ သဘောကောင်းတဲ့မက်ဒါနာလေးက အကုန်လုံးအတွက် အော်တိုထိုးပေးရှာပါတယ်။ ရှက်သွေးလေးတွေဖြာနေတဲ့ ကောင်မလေးတွေကတော့ ဝမ်းသာအားရသူ့ကိုနှုတ်ဆက်ပြီး ပြေးထွက်သွားကြတယ်။

မက်ဒါနာကောင်လေးဖြစ်နေတုန်းကဆိုရင်တော့ ဒီလိုကိစ္စမျိုးကို ဝမ်းသာမိမှာပါ။ အရင်ကဆိုရင် တင်မီလက်မှတ်ထိုးပေးနေတာကိုကြည့်ပြီး အမြဲအားကျနေတာပါ။ အခုတော့ တင်မီထက်တောင် ပိုများတဲ့လက်မှတ်တွေကို ထိုးပေးရတဲ့သူဖြစ်နေပါပြီ။ ပြီးတော့ တကယ့်အလယ်ခေတ်သူရဲကောင်းတစ်ယောက်လို ဆာလို့အခေါ်ခံရတာကို ဘဝင်ခိုက်နေတယ်။ ပြဿနာတစ်ခုရှိတာက မိန်းကလေးခန္ဓာကိုယ်ရှိတဲ့ ကောင်မလေးတစ်ယောက်အနေနဲ့ တခြားကောင်မလေးတွေက သူ့ကိုသည်းသည်းလှုပ်နေတာမြင်တော့ သူ့ကိုယ်သူကွေးနေသူလိုမျိုးခံစားရတယ်။ ဒါပေမဲ့ယောက်ျားလေးတွေကိုလည်း သူသဘောကျလို့မရပြန်ဘူး။ သူ့စိတ်က ယောက်ျားကြီးဆိုတော့ အဲဒီလိုလုပ်မိရင်လည်း ကွေးနေတာဖြစ်သွားဦးမှာ။ မက်ဒါနာဒုက္ခက သေးတော့မသေးဘူး။

သူထွက်သွားမလို့လုပ်တုန်း အဖွားအိုတစ်ယောက် သူ့အနားကပ်လာပြီး သတင်းစာလေးလာပေးပါတယ်။ သတင်းစာတွေက အခုခေတ်မှာမရှိသလောက်ရှားနေပါပြီ။ စာအုပ်တွေလည်းအလားတူပါပဲ။ သေချာကြည့်မိတော့ အဖွားက သူဆေးရုံမီးလောင်လို့ ကလေးတွေသွားကယ်တုန်း လူအုပ်ကြီးထဲမှာ ရှိနေခဲ့တဲ့တစ်ယောက်ဖြစ်နေတယ်။

"ဒီနေ့ခေတ်လူငယ်သူရဲကောင်းတွေက သတင်းစာစုရတာ ကြိုက်မကြိုက်တော့ အဖွားမသိတော့ပေမဲ့ အဖွားသိတဲ့ဖူးတဲ့ သူရဲကောင်းတစ်ယောက်ကတော့ သတင်းစာတွေမှာ သူ့သတင်းတွေပါလာတိုင်း အဖွားဆီသတင်းစာလာဝယ်ပြီး စုလေ့ရှိတယ်လေ။ မင်းလည်းစုချင်မလားလို့ပါ။"

မက်ဒါနာလည်း အပန်းမကြီးတာကြောင့် သတင်းစာလေးကိုယူထားလိုက်တယ်။ အဖွားအိုက အတော်လေးသဘောကောင်းတယ်။ မက်ဒါနာရဲ့လက်ကိုကိုင်ပြီး ဆိုင်ခန်းငယ်လေးထဲကို ဆွဲခေါ်သွားလေရဲ့။ အဲဒီနောက်ခုံတစ်ခုံမှာထိုင်ခိုင်းပြီး ကော်ဖီနဲ့မုန့်တောင်ချပေးပါတယ်။ ပြဿနာက မျက်နှာဖုံးမချွတ်ဘဲ ဘယ်လိုသောက်မှာလဲ။

အဖွားအိုရဲ့ဆိုင်လေးထဲကို မက်ဒါနာဝေ့ဝိုက်ကြည့်တယ်။ ယနေ့အခါမှာ ရှားပါးနေပြီဖြစ်တဲ့ စာအုပ်နဲ့ဂျာနယ်တွေရောင်းတဲ့ဆိုင်လေးပါ။ ဆိုင်စဖွင့်တဲ့သက္ကရာဇ်နဲ့စဖွင့်တုန်းကပုံကိုမြင်တော့ မက်ဒါနာအတော်လေးအံ့ဩသွားတယ်။ ဒီဆိုင်လေးက ၁၉၂၅ ခုနစ်ကတည်းက ဖွင့်လှစ်ခဲ့ အာဂိုစီစာအုပ်ဆိုင်ပါ။ အရင်က စာအုပ်ဆိုင်အကြီးကြီးဆိုပေမဲ့ အချိန်ကာလကြောင့် အခုလိုမျိုး ဆိုင်ငယ်လေးအဖြစ် တဖြည်းဖြည်းနိမ့်ကျသွားခဲ့ပုံပါပဲ။

"သူရဲကောင်းလေးကယ်ပေးခဲ့တဲ့ ကလေးတွေထဲမှာ အဖွားရဲ့မြေးမလေးလည်းပါတယ်။ သူ့နာမည်က ဂူစီတဲ့။ အဖွားရဲ့တစ်ဦးတည်းသောသားက မွေးတာပေါ့။" အဖွားက ဓာတ်ပုံအယ်ဘမ်ကြီးတစ်ခုကိုထုတ်လာပြီး မက်ဒါနာကိုပြတယ်။ မက်ဒါနာကလည်း မြို့ကိုကင်းလှည့်ပြီး ပြန်ဖို့စဥ်းစားထားပေမဲ့ တခြားလုပ်စရာမရှိတာကြောင့် အဖွားအိုနဲ့စကားပြောဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အဖွားရယ်၊အသက်လေးဆယ်ကျော်အရွယ် လူတစ်ယောက်နဲ့ချစ်စရာကောင်းတဲ့ ကလေးမလေးတို့တွဲရိုက်ထားတဲ့ ဓာတ်ပုံကိုမက်ဒါနာမြင်လိုက်ရတယ်။

"သိပ်ချစ်ဖို့ကောင်းတဲ့ကလေး၊ ဒါပေမဲ့ကံမကောင်းရှာဘူး။ ကလေးအရိုးပွရောဂါကြောင့် ဆေးရုံတက်နေရတာလေ။ သူရဲကောင်းလေးသာမကယ်ရင် အဖွားမြေးမလေးလည်းရှိတော့မှာမဟုတ်ဘူး။"

အဖွားအိုက သူ့ဆိုင်ကိုလာဖူးတဲ့ သူရဲကောင်းအကြောင်းကိုလည်း ပြောပြဖူးပါတယ်။ ကီလိုမန်းဆိုတဲ့ A အဆင့်တစ်ယောက်ဖြစ်ပြီး တိုက်ဆိုင်စွာနဲ့ မက်ဒါနာရဲ့သေသွားတဲ့ဦးလေးဖြစ်နေပြန်တယ်။

ဦးလေးကီလိုမန်းဟာ သတင်းစာဖတ်ရတာ သဘောကျသူတစ်ယောက်ပါ။ သူမမွေးခင်ကတည်းက ညီမဖြစ်တဲ့ မေမေသီတာကိုကြည့်ဖို့ နှစ်တိုင်းလာလေ့ရှိတယ်။ တစ်နည်းနည်းနဲ့ဒီဆိုင်လေးကိုရှာတွေ့သွားပြီး ဖောက်သည်ဖြစ်လာခဲ့ပုံပါပဲ။ အဖွားက သတင်းစာတွေအလကားပေးပေမဲ့ ဦးလေးကီလိုမန်းကတော့ လက်မခံခဲ့ဘဲ ဆုဗာနာကျပ်ငွေနဲ့ပေးချေခဲ့ပါတယ်။ ဆုဗာနာကျပ်ငွေက ဒေါ်လာအောက်တန်ဖိုးနိမ့်ပေမဲ့ နိုင်ငံတိုင်းမှာသုံးလို့ရနေဆဲပါ။ အဖွားကတော့ အဲဒီပိုက်ဆံတွေကို အမှတ်တရအဖြစ်သိမ်းထားခဲ့တယ်။ အယ်ဘမ်ထဲက ကီလိုမန်းကိုယ်တစ်ပိုင်းပုံပါတဲ့ ၅၀၀ကျပ်တန်ကိုမြင်တော့ မက်ဒါနာပြုံးစိစိဖြစ်သွားမိတယ်။ နယူးယောက်မှာ သတင်းစာတစ်စောင် နှစ်ဒေါ်လာခွဲပေမဲ့ ဆုဗာနာကျပ်ငွေနဲ့ဆိုရင် ငါးရာလောက်ရှိတာကိုး။ ဆုဗာနာနိုင်ငံရဲ့ကျပ်ငွေက ပြည်မမြန်မာပြည်ရဲ့ကျပ်ငွေတန်ဖိုးထက် နည်းနည်းလေးတန်ဖိုးပိုမြင့်ပါတယ်။

နောက်ဆုံးတော့ သူ့ဦးလေးလိုပဲ သတင်းစာတွေစုဖို့ဆုံးဖြတ်လိုက်ပြီး သတင်းစာဖိုးပေးကာ အဖွားကိုနှုတ်ဆက်ပြီး ပြန်ထွက်လာခဲ့တယ်။ အိမ်ရောက်တော့ သတင်းစာကို သေချာဖတ်မိပါတယ်။

Silver Kinghtသတင်းဟာ သူထင်ထားတာထက် ပိုပြီးနာမည်ကြီးနေခဲ့တယ်။ ယခုအခါမှာ ဟီးရိုးတွေရဲ့မာနကြောင့် ပြည်သူလူထုဟာ ဟီးရိုးတွေကို သိပ်မယုံကြတော့ပေမဲ့ Silver Knightကိုတော့ တကယ့်သူရဲကောင်းအစစ်အဖြစ် လက်ခံလာကြတယ်။ တချို့ဆိုရင် ငိုတောင်ငိုကြပါသေးတယ်။ ဆေးရုံမီးလောင်မှုအပြီးမှာ သူတို့ရဲ့သူရဲကောင်းအစစ် သေဆုံးသွားပြီလို့ထင်ခဲ့ပေမဲ့ ပြန်ပေါ်ထွက်လာခဲ့လို့ပါ။

လေဆာအိုင်းကတော့ လိုင်စင်မဲ့ဟီးရိုးတွေကိစ္စကို အလေးအနက်ဖြေရှင်းပြီး အရေးယူမယ်ပြောနေပေမဲ့ ဘယ်ကောင်ကမှ သူ့ကိုဂရုမစိုက်ပါ။ ဘယ်သူဖြေရှင်းပေးပါလို့ ပြောမိလို့လဲ။ မကြာပါဘူး ဘော့စတွန်မှာနေတဲ့ ကပ္ပတိန်စတိတ်မန်း နယူးယောက်ကို ရောက်လာပြီး သတင်းစာရှင်းလင်းပွဲလုပ်နေတဲ့ လေဆာအိုင်းကို လူလယ်ခေါင်မှာ ပါးရိုက်ခဲ့ပါတယ်။ သူပြောခဲ့တာကတော့

"မင်းက ငါ့ကိုပါအရေးယူပြီး မြူတန့်ထောင်ထဲထည့်မလို့လား။"တဲ့။

ကပ္ပိတိန်စတိတ်မန်းဟာလည်း တိုင်းသိပြည်သိ Sအဆင့်ဖြစ်ပေမဲ့ ခုထိလိုင်စစ်မရှိဘူး။ မက်ဒါနာလည်း အမေရိကန်အလံပါတဲ့ဦးထုပ်ကိုစောင်းပြီး အပြာနဲ့အနီရောင်ရောစပ်ထားတဲ့ အနောက်တိုင်းဝတ်စုံဝတ်ထားတဲ့ အသက်ခုနစ်ဆယ်အရွယ် ဝါရင့်ဟီးရိုးကြီးကို အလွန်လေးစားမိသွားတယ်။ ဒီလူက ပထမမျိုးဆက်ဟီးရိုးဖြစ်ပြီး အခုထိနိုင်ငံကိုကာကွယ်နေဆဲပါ။ ဘာပဲဖြစ်ဖြစ် အခုလောလော ဆယ်တော့ ဟီးရိုးအစည်းအရုံးက မက်ဒါနာကိုပြဿနာမရှာနိုင်လောက်တော့ဘူး။ မက်ဒါနာကလည်း လိုင်စင်လုပ်ဖို့ စိတ်ကူးလုံးဝမရှိလို့ပါ။

တခြားသတင်းတွေကတော့ သိပ်အရေးမကြီးလှဘူး။ ယာမာဂုချိမိသားစုပိုင် ဆာကူရာဆောက်လုပ်ရေးလုပ်ငန်းစုက သူတို့ဆောက်ခဲ့တဲ့ ကွင်းမြို့ကလေးဆေးရုံမီးလောင်မှုအတွက် နစ်နာသူတွေကို လျော်ကြေးပေးခဲ့ပြီး အနာဂတ်မှာဒဏ်ပိုခံနိုင်တဲ့တိုက်တာအဆောက်အဦးတွေ ဆောက်မယ်လို့ ကတိပေးခဲ့ပါတယ်။ ပြီးတော့လူအသေအပျောက်နည်းတာကိုလည်း သူတို့ရဲ့မီးသတ်စနစ်ကြောင့်ဆိုပြီး အသားပေးပြောသွားသေးတယ်။ တကယ်တော့ မက်ဒါနာသာရောက်မသွားရင် ဆေးရုံထဲကလူတွေအကုန် သေနေလောက်ပြီ။ သူကိုယ်တိုင်တောင် အရည်ပျော်ကျနေတဲ့ မီးသတ်စနစ်ကိုမြင်ခဲ့ရသေးတယ်။

နောက်တစ်ခုကတော့ ရဲအရာရှိတစ်ဦးကိုသတ်ခဲ့တဲ့ ဒိုင်းမွန်းဘရားသားဂိုဏ်းကို ဖြိုခွင်းပြီးတဲ့အကြောင်းနဲ့ စူပါဗီလိန်ဖရက်လွတ်မြောက်နေတဲ့အကြောင်းပါ။

"သေစမ်း... ငါ့အတန်းဖော်က တကယ်ကြီးစူပါဗီလိန်ဟ။" မက်ဒါနာ ကျိန်ဆဲလိုက်မိတယ်။ အမြဲအနိုင်ကျင့်ခံနေရတဲ့အတန်းဖော်က သူ့ထက်တောင်အားကောင်းတဲ့ စူပါဗီလိန်ဖြစ်နေပြီး အခုသူ့နောက်ကို ဟီးရိုးတွေလိုက်နေပါတယ်။

ဒါပေမဲ့အဲဲဒီအမှုက တစ်ခုခုလွဲနေမှန်း မက်ဒါနာစသတိထားမိခဲ့တယ်။ အသတ်ခံခဲ့ရတဲ့ ရဲအရာရှိရဲ့သတင်းစာရှင်းလင်းပွဲကို လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက သူနားထောင်ခဲ့ဖူးပါတယ်။

လွန်ခဲ့တဲ့၃နှစ် ဆာကူရာဆောက်လုပ်ရေးလုပ်ငန်းက တာဝန်ယူခဲ့တဲ့ ပလာဇာတစ်ခုငလျင်ဒဏ်မခံနိုင်ဘဲ ပြိုကျသွားတဲ့ကိစ္စအတွက် ဆူကူရာကော်ပိုရေးရှင်းကို စုံစမ်းစစ်ဆေးဖို့တောင်းဆိုခဲ့သူပါ။ မက်ဒါနာဟာ ချက်ချင်းဆိုသလိုပဲ တစ်ခုခုထူးခြားနေမှန်း သတိထားမိသွားခဲ့ပါပြီ။

၂။

ဟောင်ကောင်။

ရွှေရောင်ဆံပင်နှင့်အပြာရောင်မျက်လုံးများရှိသည့် လူငယ်လေးတစ်ယောက်မှာ လေးလမ်းဆုံတစ်ခုကို ဖြတ်ကူးနေသည်။ သူက အဖြူရောင်ရိုးရိုးရှပ်အင်္ကျီကို အောက်တွင်ခံဝတ်ကာ အနက်ရောင် လည်သာကုတ်အင်္ကျီကိုတော့ ကြယ်သီးမတပ်ဘဲ အပေါ်တွင်ခြုံဝတ်ထား၏။ နက်ပြာရောင်ဂျင်းဘောင်းဘီကိုဝတ်ထားကာ ပြောင်လက်နေသော ရှုးဖိနပ်ကိုလည်း ဝတ်ဆင်ထားသည်။ သူ၏ခါးတွင်တော့ စစ်သည်ကိုင်ဓားတစ်လက်ရှိနေ၏။

လူငယ်လေးမှာ အသက်နှစ်ဆယ်ပင်မပြည့်သေးသည့်ပုံပေါ်ပြီး သူက တည်ငြိမ်သောမျက်နှာထားနှင့် သူ၏ရှေ့မှအဆောက်အဦးကြီးကို ကြည့်လိုက်သည်။

လူကန် အာ့ခ်၊ ပြင်သစ်နိုင်ငံ၏ ထိပ်သီး A အဆင့်ဟီးရိုး။ နာမည်ပြောင် ဓားကိုးလက်အရှင်သခင်၊ စွမ်းအား ရာဇဝင်ဓားကိုးလက်။

သူ၏ဘေးတွင်တော့ တခြားလူငယ်လေးတစ်ယောက် လိုက်ပါလာ၏။ ချောမောသည့် လူကန်နှင့်မတူဘဲ ရှေ့သို့စူထွက်နေသောဗိုက်၊ ချွေးများစိုရွဲနေသော တီရှပ်အင်္ကျီနှင့်အညိုရောင်ဖျော့ဖျော့ဆံပင်တို့က သူ၏အမှတ်အသားဖြစ်နေသည်။ ဟမ်းအိုဗာထဲမှာ ခပ်ဝဝသူဌေးသားလေးနှင့်ခပ်ဆင်ဆင်။ အသက်ငယ်သော်လည်း မုတ်ဆိတ်မွှေးပသိုင်းမွှေးများရှိနေပြီး လက်ထဲတွင်တော့ ရေခဲမုန့်ကတော့ကြီးကြီးတစ်ခုကိုကိုင်ကာ အဆက်မပြတ်စားနေ၏။

ဖရန့် ဘန် ဗျူးရိုး၊ ဂျာမဏီနိုင်ငံ၏ ထိပ်သီးA အဆင့်ဟီးရိုး။ နာမည်ပြောင် ဖက်တီးဘုရင်၊စွမ်းအား တုနှိုင်းမဲ့ခွန်အားနှင့်ဆင့်ခေါ်ခြင်း။

ဖရန့်က သူ့ရှေ့မှမိုးထိတိုက်ကြီးကိုကြည့်ရင်း 'ဝိုး'ခနဲ့အသံပြုလိုက်သည်။ ဆာကူရာလုပ်ငန်းစုပိုင် ဟောင်ကောင်လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး ဇီဝစမ်းသပ်ခန်းတစ်ခုလည်းဖြစ်၏။ အရေးကြီးနေရာတစ်ခုဖြစ်သဖြင့် လုံခြုံရေးစက်ရုပ်အများအပြားက အဆောက်အဦးအတွင်းရှိနေသည်။

"ငါတို့ဒီထဲကို တကယ်ကြီးဝင်ရမှာလား။"ဖရန့်က မယုံနိုင်စွာဖြင့် မေးလိုက်သည်။

"အင်း...သဲလွန်စအားလုံးက ဒီနေရာကိုပဲ ညွန်ပြနေတယ်။ ငါတို့ပြင်သစ်က အခိုးခံလိုက်ရတဲ့ ဇီဝဓာတ်ပြုဆေးဖော်မြူလာက ဒီနေရာမှာပဲ။"

လွန်ခဲ့သည့်လအနည်းငယ်က ပြင်သစ်နိုင်ငံပိုင် ဓာတ်ခွဲခန်းတစ်ခုမှ ဖာရာဒေးအမည်ရှိ ဆေးဖော်မြူလာတစ်မျိုး အခိုးခံခဲ့ရသည်။ ထိုဆေးက မြူတန့်တစ်ယောက်၏စွမ်းအားကို တစ်ခဏတာတိုးမြင့်လာစေသော်လည်း ဆိုးကျိုးအနေဖြင့် စိတ်နှင့်ခန္ဓာကိုယ်အပေါ် များစွာဝင်ပိစေ၏။ ထို့အပြင်မူးယစ်ဆေးကဲ့သို့ စွဲသွားစေနိုင်ပြီး နောက်ဆုံးတွင်ထိုဆေးစွဲသွားသည့် မြူတန့်များမှာ စိတ်ရူးဖောက်ပြီး လူသတ်မိခြင်းဖြင့်သာ အဆုံးသတ်သွားကြသည်။

"ငါတို့ဘာလုပ်မှာလဲ၊ ဟောင်ကောင်ဟီးရိုးအစည်းအရုံးကို အကြောင်းကြားသင့်တယ်မဟုတ်လား။ ဒါမှမဟုတ် ဘေဂျင်းအစည်းအရုံးဖြစ်ဖြစ်လေ။ ယာမာဂုချီမိသားစုရဲ့ဌာနခွဲတိုင်းမှာ Aအဆင့်တစ်ယောက်လောက်တော့ အနည်းဆုံးရှိကြတာပဲ။ ငါတို့ဝင်သွားရင် ဝိုင်းသိပ်မယ့် လုံခြုံရေးစက် ရုပ်တွေလည်းရှိသေးတယ်။"

"အဲဒီစက်ရုပ်တွေက D rankတွေလေကွာ။ A rankအတွက်လည်းမပူနဲ့ ငါတို့နှစ်ယောက်ပေါင်းရင် S- တစ်ယောက်ကိုတောင် ယှဥ်နိုင်တယ်။ ယာမာဂုချီမိသားစုရဲ့A rank သုံးယောက်ထဲကတစ်ယောက်ကို မျိုးဖြုတ်ဖို့တောင်ဖြစ်နိုင်သေးတယ်။"

ဖရန့်က တကယ်ကြီးလားဆိုသည့်မျက်နှာဖြင့် လူကန်ကို လှည့်ကြည့်လိုက်၏။ လူကန်ကတော့ နောက်နေပုံမရပေ။ နောက်ဆုံးတွင်တော့ ဖရန့်က ခေါင်းခါလိုက်သည်။

"ဘာလို့ဆေးကိစ္စနဲ့ပတ်သက်လာရင် ဒီယာမာဂုချီတွေပဲ ဖြစ်နေရတယ်မသိဘူး။"

"သူတို့က ဆာမူရိုင်းမျိုးတွေဆိုပေမဲ့ မေဂျီခေတ်ကတည်းက ယာကူဇာတွေဖြစ်ကုန်တာ။ ဒီအလုပ်က သူတို့အတွက်သာမန်ပဲ။"

"ဆိုလိုတာက ဂျပန်ရဲ့S rank ဥစာကီက ယာကူဇာဘုရင်မလေးပေါ့။"

"မဟုတ်ဘူး၊ သူက အသုံးချခံပဲ။ သူက ငယ်လွန်းသေးတယ်။ ငါ့လိုပဲဖြစ်မှာ။ သူဘာမှမသိလောက်သေးဘူး။"

လူကန်က သူ၏ဓားကိုတင်းတင်းဆုပ်ကိုင်ထားလိုက်ရင်း ဒေါသထွက်နေသောလေသံဖြင့် ပြောလိုက်၏။ လူကန်၏မိသားစု အာ့ခ်မှာ ပြင်သစ်၏ ကယ်တင်ရှင်သူရဲကောင်းဂျုံန်း၏ဝမ်းကွဲမျိုးဆက်ဖြစ်သော်လည်း ဥရောပ၏အကြီးဆုံးလက်နက်မှောင်ခိုလုပ်ငန်းကို လုပ်ကိုင်နေခဲ့သည်။ လူကန်က လက်နက်မှောင်ခိုမှုများနောက်လိုက်ရင်း သူ့မိသားစုကိုသူ မြူတန့်အကျဥ်းထောင်ထဲသို့ပို့ပေးခဲ့ရ၏။ ထို့နောက်ပိုင်းတွင်တော့ လူကန်မှာဥရောပ၏ဟမ်မူရာဘီအဖြစ် ကျော်ကြားလာခဲ့သော်လည်း သူ့စိတ်တွင်းမှနာကျင်မှုများက များပြားလွန်းသည်။

လူငယ်လေးက ဓားကိုဓားအိမ်မှ ဆွဲထုတ်လိုက်သည်။ သူ၏ကျောနောက်တွင်တော့ ဓားကိုးလက်၏ပုံရိပ်များထွက်ပေါ်လာကာ အသွားနှစ်ဖက်ပါသည့် ဆာမူရိုင်းကိုင်ဓားပုံရိပ်က တဖြည်းဖြည်းကြီးမားလာပြီး သူ့လက်ထဲမှာ သာမန်ရိုးရိုးဓားနှင့် ပေါင်းစပ်သွားသည်။

"Kogarasu Maru... မင်းရဲ့ထက်ရှမှုနဲ့လောကတစ်ခွင်ကို ပိုင်းဖြတ်လိုက်စမ်း။"

Kogarasu maruကို AD ၈ရာစုတွင် ဂျပန်ဒဏ္ဍာရီလာပန်းပဲသမား Amakuniမှ ဖန်တီးခဲ့ခြင်းဖြစ်ပြီး အသွားနှစ်ဖက်ပါသည့် တစ်ခုတည်းသော ဆာမူရိုင်းဓားဖြစ်ကာ မိမိဒဏ်ရာရသည်နှင့်ရန်သူကိုပါ ဒဏ်ရာရစေနိုင်သော ထူးခြားစွမ်းအားရှိနေသည်။ လူကန်ရရှိထားသော ရာဇဝင်ဓားကိုးလက်အနက် တစ်ခုလည်းဖြစ်၏။

"ဟေး... ဟီးရိုးအစည်းအရုံးကို အကြောင်းမကြားတော့ဘူးလား။"

"မလိုဘူး... ဒီကောင်တွေ ဒီနေရာမှာ ဌာနခွဲဖွင့်နိုင်တယ်ဆိုကတည်းက ဒီကဟီးရိုးအစည်းအရုံးတွေနဲ့သူတို့က တကျိတ်တည်းတစ်ဉာဏ်တည်းတွေပဲ။"

ဟီးရိုးလူငယ်လေးနှစ်ယောက်က မိုးထိတိုက်အတွင်းသို့ အတွဲညီညီခြေလှမ်းများဖြင့် ဝင်သွားကြသည်။ သိပ်မကြာခင်မှာပင် မိုးမျှော်တိုက်ကြီးရှိ မှန်ချပ်များအားလုံး ပေါက်ကွဲထွက်သွားပြီးကာ ဓားအလင်းတန်းများစွာက အဆောက်အဦးတစ်ခုလုံးကို လွှမ်းခြုံသွား၏။ ထိုဖြစ်စဥ်က ဖြတ်သွားဖြတ်လာ ဟောင်ကောင်သူဟောင်ကောင်သားများကို လန့်ဖြန့်သွားစေပြီး အနားရှိနေသူမှန်သမျှ ဘေးလွတ်ရာသို့ ထွက်ပြေးကြလေ၏။

နောက်ဆုံးတွင်တော့ အနောက်တိုင်းဝတ်စုံကိုဝတ်ဆင်ထားသည့် ယာကူဇာကြီးတစ်ယောက် ကျိုးနေသည့်ကာတာနာဓားကိုကိုင်ကာ ထွက်ပြေးလာသည်။ သူ၏အဝတ်အစားများက စုတ်ပြတ်နေပြီး သူရူးတစ်ယောက်နှင့်ပင်တူနေသေး၏။ ပါးစပ်မှလည်း....

"ဆာမူရိုင်း....ခေါင်းဝါဆာမူရိုင်းကြီးရောက်လာတယ်...."

ယာမာဂုချီမိသားစုမှာ A အဆင့်မြူတန့်ဖြစ်သည့်ပုံပင်။ ခဏကြာတော့ လူငယ်လေးနှစ်ယောက်က လုံလုံခြုံခြုံထုပ်ပိုးထားသည့် နည်းပညာမြင့်ဖန်ပြွန်လေးတစ်ခုကို လက်ထဲကိုင်ပြီးထွက်လာသည်။ လူကန်က...

"ဖော်မြူလာလည်း ပြန်ရလာပြီ။ သူတို့စမ်းသပ်ထားတဲ့ဟာတွေလည်း ဖျက်ဆီးပစ်လိုက်ပြီ။ သူတို့မှာ ထုတ်လုပ်မှုဖြစ်စဥ်တစ်ခုလုံးကို မှတ်သားနိုင်တဲ့ဉာဏ်ကြီးရှင်မျိုးမရှိရင် ပြန်ထုတ်လုပ်ဖို့မဖြစ်နိုင်တော့ဘူး။"

သို့သော် သူတို့နှစ်ယောက်ကို ပြင်ပတွင်တစ်စုံတစ်ယောက်က ကြိုတင်စောင့်နေပြီးဖြစ်၏။

"ရပ်ဝေးမြေခြားက ရောင်းရင်းတို့၊ ရှင်တို့အနေနဲ့ တရုတ်ပြည်ကိုလာမယ်ဆိုရင် လက်နက်ကိုင်ဆောင်ခွင့်မရှိတာကို သတိထားရလိမ့်မယ်။"

လူကန်နှင့်ဖရန့်တို့က အသံလာရာကိုကြည့်လိုက်သည်။ ကုချင်းကိုကျောပိုးထားသည့် အသက်နှစ်ဆယ်ကျော်အရွယ် မိန်းကလေးတစ်ယောက်က သူတို့ရှေ့တွင်ရပ်နေ၏။ ဖရန့်က ထိုမိန်းကလေးကို ပထမဆုံးမှတ်မိသွားသူပင်။

"ဝှက်သည်ဟဲ... ငါတို့ဆီကိုရောက်လာတဲ့ဟီးရိုးက တကယ်ကြီးရှားပိုင်ဝေဟ။"

ရှားပိုင်ဝေ၊ ဟောင်ကောင်ဟီးရိုးအစည်းအရုံး ဌာနမှူး။ S- အဆင့်။ တရုတ်S အဆင့်နှစ်ယောက်အနက်မှတစ်ယောက်။ စွမ်းအား- အသံလှိုင်းထိန်းချုပ်ခြင်း။ နာမည်ပြောင်- ကုချင်းနတ်သမီး။

လုကန်ကတော့ S အဆင့်တစ်ယောက်ရှေ့တွင် ရပ်နေရသော်လည်း နည်းနည်းလေးမှ ဂရုမစိုက်ပေ။ သူက ဟီးရိုးအမှတ်အသားလိုင်စင်ကို ထုတ်ပြလိုက်၏။

"ငါက ပဲရစ်ဟီးရိုးအစည်းအရုံးအထူးအဖွဲ့ဝင် လူကန် အာ့ခ်၊ သူက ဘာလင်ဟီးရိုးအစည်းအရုံးအထူးအဖွဲ့ဝင် ဖရန့် ဗန် ဗျူးရိုး။ ငါတို့က ဌာနနှစ်ခုပူးပေါင်းပြီး အထူးစစ်ဆင်ရေးလုပ်နေတာ။"

"ကျွန်မက ကြီးမြတ်တဲ့ ဓားအရှင်သခင်နဲ့ ကြီးမြတ်တဲ့ ဖက်တီးဘုရင်တို့ရဲ့ ဂုဏ်သရေကိုသိပါတယ်။ ဒါပေမဲ့ ရှင်တို့ရောက်နေတာက လွတ်လပ်တဲ့ဟောင်ကောင်မြေပါ။ ရှင်တို့မစ်ရှင်အတွက် ဟောင်ကောင်အစည်းအရုံးကို သတင်းပို့ပြီးပြီလား။"

လူကန်က ရှေ့ထွက်ပြီးပြောလိုက်သည်။

"မပို့ဘူး၊ မင်းတို့နဲ့ယာမာဂုချီတွေက တစ်ဖက်တည်းသားတွေဖြစ်နေနိုင်လို့ပဲ။ ပြီးတော့ပုံမှန်ဆိုရင် အစည်းအရုံးခေါင်းဆောင်တစ်ယောက်က ဒီကိုရောက်လာစရာအကြောင်းမရှိဘူး။ A အဆင့်တစ်ယောက်ယောက်ကိုပဲ လွှတ်လိုက်မှာပေါ့။ သံသယဖြစ်စရာသိပ်ကောင်းနေပြီ။"

"မပို့ရသေးဘူးဆိုရင်တော့ နိုင်ငံတကာသဘောတူညီမှုစာချုပ်ကို ချိုးဖောက်တာပဲ။ ရှင်တို့ကိုဖမ်းပြီးတော့ မူရင်းနိုင်ငံကို ပြန်ပို့ပေးရမယ်။"

ကုချင်းနတ်သမီးက နေရာမှာပင် ကျက်သရေရှိစွာဖြင့် တပလ္လင်ခွေထိုင်ချလိုက်ပြီး ကုချင်းကိုပေါင်ပေါ်တင်လိုက်သည်။ သူ၏လက်များကတော့ တီးခတ်ဖို့အဆင်သင့်ဖြစ်နေပေပြီ။

"ငါတို့က A rankတွေဆိုပေမဲ့ Sအဆင့်ရောက်ခါစလေးကို အထင်မကြီးဘူး။ ငါတို့ကိုနှိမ်နင်းဖို့ဆိုရင် နန်းကုန်းဟွာကိုယ်တိုင် ဒီကိုရောက်လာဖို့လိုလိမ့်မယ်။" ဖရန့်က ရှေ့သို့ထွက်လာပြီး သူ၏လက်နှစ်ဖက်ကို အချင်းချင်းဆုပ်ကိုင်ထားလိုက်၏။ သူ၏ခန္ဓာကိုယ်ရှိအဆီပြင်များက ချက်ချင်းကြွက်သားများအဖြစ်ပြောင်းလဲသွားသည်။

"အနှိုင်းမဲ့ခွန်အား....." ဖရန့်မှာ ချက်ချင်းပင် ကျစ်လစ်သည့်ခန္ဓာကိုယ်နှင့် ချောမောသည့်လူငယ်လေးတစ်ယောက်ဖြစ်သွား၏။

လူကန်ကတော့ သူ၏အသွားနှစ်ဖက်ဆာမူရိုင်းဓားကို အသင့်ပြင်ထားပြီးဖြစ်သည်။ သူက ဖရန့်ကို သတိပေးလိုက်၏။

"သူက Sအဆင့်ရောက်ခါစဆိုပေမဲ့ အထင်မသေးလိုက်နဲ့။ သူ့ရဲ့အသံလှိုင်းတွေနဲ့ Sအဆင့်ဗီလိန်ကျန်းဖေးကို ရူးအောင်လုပ်ဖူးတယ်။"

တိုက်ပွဲက ချက်ချင်းစတင်လာသည်။ အသံလှိုင်းစွမ်းအား၏အောက်တွင် မည်သည့်စွမ်းအင်ကမှ ပြိုင်ဖက်မဟုတ်တော့ပေ။ ဖရန့်မှာ သူ၏ခွန်အားကိုထုတ်သုံးဖို့နေနေသာသာ အသံလှိုင်းဓားများ၏ ဝန်းရံတိုက်ခိုက်မှုကိုခံနေရသည်။ သို့သော်လူကန်ကတော့ သတိရှိရှိနှင့်ရှောင်ရှားနေနိုင်သေး၏။

သို့သော်မိနစ်အနည်းငယ်ကြာသည်အထိ လူကန်မှာ သူ၏ဓားဖြင့်ရန်သူကို မခုတ်ပိုင်းမိသေးပါ။ ကုချင်းနတ်သမီးကတော့ သာယာညင်သာသောတေးသွားကိုသာ တီးခတ်နေသေးသည်။ သူကတီးခတ်နေရင်းမှ လူငယ်လေးနှစ်ယောက်ကို မေးလိုက်သည်။

"ရှင်တို့အရှုံးပေးပြီလား။"

"မင်းက ငါတို့ကိုအနိုင်မယူရသေးဘူး...." လူကန်က သူ၏အသွားနှစ်ဖက်ဆာမူရိုင်းဓားကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး အသံလှိုင်းဓားသွားများကို မရှောင်ရှားတော့ပေ။ လူကန်၏ရင်ဘတ်နှင့်ပုခုံးမှ သွေးများပန်းထွက်လာသည်။

တစ်ပြိုင်နက်တည်းမှာပင် ရှားပိုင်ဝေ၏ရင်ဘတ်နှင့်ပုခုံးမှလည်း သွေးများပန်းထွက်လာ၏။ ပြင်းထန်သောဒဏ်ရာကြောင့် ရှားပိုင်ဝေမှာတီးခတ်ခြင်းကိုရပ်လိုက်ပြီး လူကန်ကိုချက်ချင်းမော့ကြည့်လိုက်သည်။

'ဒီကောင်လေး ပြတ်သားလိုက်တာ။ သူ့ကိုယ်သူဒဏ်ရာအရခံပြီး ရန်သူကိုတိုက်လိုက်တာလား။'

လူကန်ကတော့ ပြတ်သားသည့်မျက်နှာဖြင့်နေရာမှာရပ်နေပြီး နောက်ဓားတစ်လက်ကိုပြောင်းလိုက်၏။ ရာဇဝင်ဓားကိုးလက်က သူ့နောက်တွင်ပေါ်လာပြီး အသွားနှစ်ဖက်ပါသည့် ရွှေရောင်လက်ကိုင်စစ်သည်တော်ဓားအဖြစ် ပြောင်းသွားသည်။

"Ascalon... နဂါးနဲ့မိစ္ဆာတွေကို ငိုကြွေးစေမည့် သူတော်စင်ဓား။"

Ascalonမှာ အနောက်တိုင်း၏မွန်မြတ်ဓားလေးလက်အနက်မှ တစ်ခုဖြစ်ပြီး သူတော်စင်ဂျော့ခ်က နဂါးတစ်ကောင်ကိုနှိမ်နင်းရာတွင်သုံးခဲ့သည်။ နဂါးနှင့်မိစ္ဆာများအကြောက်ဆုံးလက်နက်ဖြစ်သည့်အပြင် မွန်မြတ်ဓားတစ်လက်အနေဖြင့် သခင်ကိုကုသပေးနိုင်သည့် စွမ်းအားကိုလည်းပိုင်ဆိုင်ထား၏။

လူကန်၏ကိုယ်ပေါ်မှဒဏ်ရာများမှာ တဖြည်းဖြည်းကျက်သွားပြီး ဓားကလည်း ဆာမူရိုင်းအသွားနှစ်ဖက်ဓားအဖြစ်ပြန်ပြောင်းသွားသည်။

"မကောင်းတော့ဘူး၊ ဒီအတိုင်းဆိုရင် ဒီကောင်လေးက ဘာမှမဖြစ်ဘဲ ငါကသွေးထွက်လွန်ပြီး သေသွားနိုင်တယ်။"

ကုချင်းနတ်သမီးက ထိုင်ပြီးတိုက်မနေတော့ပေ။ ကြောင်မှကြွက်ကိုကစားသကဲ့သို့ မောက်မာသည့်ပုံစံမှ ခြင်္သေ့မင်းမှယုန်ဖမ်းသလို အားကုန်ထုတ်သုံးတော့မည့်ပုံစံသို့ ပြောင်းလဲလိုက်သည်။

ထိုင်နေရင်းကုချင်းမတီးတော့ပေ။ ကုချင်းက အလိုလိုလေပေါ်မြောက်လာကာ တေးသံများကိုထုတ်ဖော်ရန် လက်နှစ်ချောင်းသာလိုတော့သည်။ အသံလှိုင်းများက ပိိုမိုပြင်းထန်လာသော်လည်း လူကန်ကိုရှောင်ရှားသွားပြီး ကူရာမဲ့နေသည့်ဖရန့်ကိုသာ ပစ်မှတ်ထားတိုက်၏။

"လူကန်ရေ... ငါသေတော့မယ်ဟ။" ဖရန့်တစ်ကိုယ်လုံး သွေးများဖြင့်စိုရွဲနေပြီး သူ၏ခန္ဓာကိုယ်ကသာ ထောက်ပံမထားပါက ကြမ်းပြင်ပေါ်မှောက်နေလောက်ပေပြီ။ အသံလှိုင်းများက ပြင်းထန်လွန်းသောကြောင့် ပတ်ဝန်းကျင်မှရပ်ထားသောကားများပင် လေပေါ်သို့အလိုလိုမြောက်တက်ကာ ပေါက်ကွဲကုန်၏။ နဂိုကမှ လူကန်၏ဓားချက်များကြောင့် ပျက်စီးနေသည့် ဆာကူရာတိုက်ကြီးမှာလည်း တအိအိနှင့်ပြိုကျသွားတော့သည်။

သို့သော် ရှားပိုင်ဝေ၊ လူကန်နှင့်ဖရန့်တို့မှာ ဟီးရိုးများဖြစ်သည့်အတွက် ထိုအဆောက်အဦးကြောင့် သာမန်လူများထိခိုက်မည်ကိုမလိုလားပါ။ လူကန်၏ဓားတစ်ချက်က ကြီးမားသောတိုက်ကြီးကို အန္တရာယ်နည်းပါးသွားစေရန် သေးငယ်သော အပိုင်းအစများအဖြစ် အစိတ်စိတ်အမြွှာမြွှာခွဲပစ်လိုက်ပြီး ရှားပိုင်ဝေ၏အစွမ်းကုန်ကူချင်းအသံလှိုင်းတစ်ချက်က ထိုအပိုင်းအစများအားလုံးကို လူသူကင်းမဲ့နေသည့် တောင်တရုတ်ပင်လယ်ထဲသို့ တစ်ခါတည်းပို့ပေးလိုက်၏။

"ဓားကိုးလက်သခင်လေးရဲ့ဓားစွမ်းက တကယ်ကြောက်ဖို့ကောင်းပါပေတယ်။ ရှင်က ဥစာကီပြီးရင် အတော်ဆုံးဓားသမားလို့ လူတွေပြောကြတာမမှားဘူးပဲ။"

"ကုချင်းနတ်သမီး၊ ခင်ဗျားတော့ ကျွန်တော့်ကိုဆက်ပြီးလစ်လျူရှုနေရင်တော့ သေရလိမ့်မယ်။" လူကန်က ဖရန့်ကိုယ်မှဒဏ်ရာများကိုကြည့်ရင်း သူ့ကိုယ်သူ ဓားအလင်းတန်းအဖြစ်ပြောင်းလိုက်သည်။

အသံလှိုင်းပင်လယ်ကြီးကြားတွင် ဓားအလင်းက လှေငယ်လေးတစ်ခုလိုထင်ရသည်။ တန်ပြန်ဒဏ် ရာရစေသည့်ဓားကြောင့် ရှားပိုင်ဝေက လူကန်ကိုမတိုက်ခိုက်ရဲလေရာ တစ်နေရာမှတစ်နေရာသို့ သိုင်းပညာဖြင့်ခုန်ကူးနေရုံသာ တတ်နိုင်ပေသည်။ နှစ်ယောက်လုံးက မြူတန့်များဖြစ်သည့်တိုင်အောင် ကိုယ်ခံပညာကျွမ်းကျင်သူများလည်းဖြစ်နေပြီး သူတို့၏တိုက်ကွက်များမှာ လွန်စွာရင်သက်ရှုမောဖွယ်ကောင်းနေ၏။ ဖရန့်မှာတော့ အပယ်ခံတစ်ယောက်လို။

ရှားပိုင်ဝေက Sအဆင့်ဖြစ်ပြီး သူ၏စွမ်းအားက ဟောင်ကောင်တစ်မြို့လုံးကို ဖျက်ဆီးပစ်နိုင်သော်လည်း လူကန်၏မြူတန့်စွမ်းအားမှာထူးခြားလွန်းသဖြင့် ထိုသို့လုပ်ပြီးလူကန်ကိုသတ်မည်ဆိုပါက ရှားပိုင်ဝေပါ လိုက်သေပေးရတော့မည်ဖြစ်၏။ ထို့အပြင် သူတို့က ဟီးရိုးများဖြစ်ပြီး ဗီလိန်များမဟုတ်ပါ။ လူထုကိုမထိခိုက်စေရန်အတွက် သူတို့၏စွမ်းအားများကို အတတ်နိုင်ဆုံးထိန်းကြောင်းပြီး တိုက်ခိုက်နေကြခြင်းဖြစ်သည်။

ရှားပိုင်ဝေတွင် ဝှက်ဖဲများကျန်နေသေးသလို လူကန်တွင်လည်း ထုတ်မသုံးရသေးသည့် ဓားခုနစ်လက်ရှိနေသေးသည်။ ထိုဓားများထဲတွင် Sအဆင့်တစ်ယောက်ကို လွှမ်းမိုးနိုင်သည့်ဓားတစ်ချောင်းတော့ သေချာပေါက်ရှိပေလိမ့်မည်။

ဖရန့်ကတော့ အဝေးမှပြေးလာနေကြသော ဟီးရိုးများနှင့်ဟောင်ကောင်ရဲတပ်ဖွဲ့ကိုမြင်သောအခါ လူကန်ကို လှမ်းအော်ပြောလိုက်သည်။

"လူကန်... တပ်ကူတွေလာနေပြီ။"

"အင်း...ငါသိတယ်...." လူကန်က ဓားကိုထပ်မံပြောင်းလိုက်သည်။ ဒီတစ်ခါတော့ ဓားနှစ်လက်တွဲတစ်စုံဖြစ်၏။ ရှားပိုင်ဝေလည်း ထိုဓားလက်နက်ကိုမြင်သောအခါ အလွန်အံ့ဩသွားသည်။ ဓားနှစ်လက်မှာ အကြီးတစ်လက် အသေးတစ်လက်ဖြစ်ပြီး တရုတ်ကျန်းဓားရှည်ပုံစံမျိုးရှိ၏။

"ကန်ကျောင်းနဲ့မိုရင်... ရှင့်ဆီမှာ ဘာလို့အမြွှာဓားနှစ်လက်ကရှိနေရတာလဲ။"

ကန်ကျောင်းနှင့်မိုရင်မှာ တရုတ်ပြည်၏ထိပ်တန်းဓားဆယ်လက်အနက် နံပါတ်လေးနေရာတွင်ရှိနေသည့် အမြွှာဓားအစုံဖြစ်ကာ နွေဦးနှင့်ဆောင်းဦးခေတ်တွင် သွန်းလုပ်ခဲ့ပြီး သွန်းလုပ်သူပန်းပဲဆရာမောင်နှံနှစ်ဦး၏နာမည်အတိုင်း ပေးထားခြင်းဖြစ်သည်။

ဝူဘုရင်က ပန်းပဲဆရာကန်ကျောင်းကို ဓားသွန်းရန်အမိန့်ပေးခဲ့ပြီး ဓားမှာအချိန်မီမပြီးနိုင်ဘဲရှိသည့်အခါတွင် ဇနီးဖြစ်သူမိုရင်က ပန်းပဲဖိုထဲသို့ကိုယ်တိုင်ခုန်ချပြီး ဓားပြီးစေရန် ကူညီခဲ့သည်။ ကန်ကျောင်းကလည်း ဓားမောင်နှံအဖြစ်သွန်းခဲ့ပြီး သူ့ဇနီးနှင့်သူ့နာမည်အတိုင်း ဓားနာမည်ပေးခဲ့သည့်။ ဝူဘုရင်လက်ထဲ ဓားရောက်သည့်အခါတွင်တော့ နှစ်လက်လုံးနဂါးအဖြစ်ပြောင်းကာ ပျောက်ကွယ်သွားကြ၏။ မခွဲအတူ ထာဝရနေကြသည့် ဓားမောင်နှံပင်။

လူကန်၏လက်ထဲတွင် ကျန်းဓားရှည်နှစ်လက်ရှိနေပြီး သူ၏နောက်တွင်တော့ အပြာနုရောင်ရှေးတရုတ်ဝတ်စုံကိုဝတ်ဆင်ထားသည့် ဇနီးမောင်နှံနှစ်ယောက်၏ဝိညာဥ်ပေါ်လာ၏။ သူတို့က လူကန်ကို သားအရင်းတစ်ယောက်ကိုပြောသလိုမျိုး ပြောလိုက်ကြသည်။ သူတို့၏သခင်ဟုပင် စိတ်ထဲထည့်ထားပုံမရ။

မိုရင်က အမေတစ်ယောက်လိုလေသံဖြင့် "လူအာ... အရင်တစ်ခါခေါ်ပြီးကတည်းက အမေတို့ကိုမခေါ်တာ တော်တော်ကြာပြီနော်။"

ကန်ကျောင်းကလည်း "ရှောင်ကန်.. ဒီရှေ့က စုန်းမကြီးက မင်းကိုအနိုင်ကျင့်နေတာလား။"

စင်စစ်လူကန်၏ဓားတိုင်းက ကိုယ်ပိုင်အသိဉာဏ်ရှိပြီး သူအပြည့်အဝအသုံးပြုနိုင်သည့်ဓားတိုင်းက ဝိညာဥ်ပုံရိပ်ကို ထုတ်ဖော်နိုင်ကြသည်။ သို့သော် ဓားမောင်နှံကိုသာ သူအပြည့်အဝသုံးနိုင်သေးသည်။ ပြဿနာက ဓားဝိညာဥ်များမှာ သူ့ကိုသားအရင်းလိုဆက်ဆံနေကြခြင်းဖြစ်သည်။ ထိုဓားနှစ်လက်က ကလေးမရသည့်သက်ကြီးစုံတွဲတွေလိုပင် ပြုမူနေသေးသည်။

"ဒီကလေးမကိုင်ထားတဲ့ ကုချင်းက ကျိုးခေတ်က လျှိုယန်ကုချင်းမဟုတ်လား။ သူ့ဝိညာဥ်နိုးထမလာသေးတာ နှမျောစရာပဲ။ သူငါတို့ကိုယှဥ်နိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ မင်းကလည်း ငါတို့ကိုအကြာကြီးထုတ်သုံးနိုင်မှာမဟုတ်ဘူး။"

"ဦးလေးတို့... သူ့ကိုခဏပဲထိန်းထားပေး။ ကျွန်တော်တို့က ထွက်သွားတော့မှာ။"

"ကောင်းပြီ။"

ဓားဝိညာဥ်နှစ်ခုက မိုးပြာနဂါးနှစ်ကောင်အဖြစ်ပြောင်းသွားပြီး အသံလှိုင်းပင်လယ်အတွင်းတိုးဝင်သွားကြသည်။ ရှားပိုင်ဝေမှာတော့ ဓားဝိညာဥ်များကြောင့် ချက်ချင်းဗျာများသွား၏။ လူကန်မှာလည်းမဟန်ပေ။ သူ့အားအင်အားလုံး ခန္ဓာကိုယ်ထဲမှ ထွက်သွားသလိုခံစားလိုက်ရပြီး လဲကျတော့မလိုဖြစ်သွား၏။ ဖရန့်က သူ့ကိုတွဲထားရသည်။

"ဖရန့်...မင်းရဲ့မြင်းကိုခေါ်ထုတ်ပြီး ဒီကနေထွက်သွားစို့...."

"ထွက်သွားမယ်... ငါ့မြင်းက ငါတို့နှစ်ယောက်လုံးကိုတင်ပြီး ပျံလို့မရဘူး။ ပင်လယ်ပြင်ကနေ ဖြတ်ပြေးမှပဲရမယ်။ ဒါပေမဲ့ကမ်းမမြင်လမ်းမမြင်ကြီး။"

"အနောက်တောင်ဖက်ကို တည့်တည့်သွား... ဟိုင်နန်ကျွန်းရှိတယ်။"

ဖရန့်ကလည်း နီးကပ်လာသည့်တပ်ကူများကိုကြည့်ရင်း ခေါင်းကိုခါယမ်းလိုက်ကာ အနက်ရောင်ချပ်ဝတ်အပြည့်နှင့် တောင်ပံပါနတ်မြင်းတစ်ကောင်ကို ဆင့်ခေါ်လိုက်သည်။ သူ၏ဒုတိယစွမ်းအားဖြစ်သည့် ဆင့်ခေါ်ခြင်းပင်။

ဖရန့်က လူကာကိုမြင်းပေါ်တွဲတင်ပေးလိုက်ပြီး သူကိုယ်တိုင်လည်း မြင်းပေါ်တက်လိုက်သည်။ သူ့ပုံစံက ခပ်ဝဝပြန်ဖြစ်နေပြီမလို့ ဖက်တီးစစ်သူရဲကောင်းတစ်ကောင်ကိုမြင်နေရသလိုဖြစ်နေ၏။

"ဖေ့သားကြီး...ရုန်းလိုက်စမ်းကွာ။"

မြင်းက တစ်ချက်ဟီလိုက်ပြီး တောင်တရုတ်ပင်လယ်ထဲဆင်းကာ ရေပေါ်တွင်ရှပ်ပြေးတော့သည်။ သူတို့အတော်ဝေးဝေးကိုရောက်တော့ ဓားဝိညာဥ်နှစ်ခုလည်း ပြန်ရောက်လာပြီး လူကန်၏ကိုယ်ထဲဝင်သွား၏။ ရှားပိုင်ဝေကတော့ သူတို့ကိုဟောင်ကောင်ကမ်းစပ်မှနေ၍ မကျေမနပ်ကြည့်နေသည်။

"နင်တို့က ပင်လယ်ထဲရောက်ပြီဆိုတော့ ငါလည်းညှာနေစရာမလိုတော့ဘူး။" သူက အသက်ကိုပြင်းပြင်းတစ်ချက်ရှုလိုက်သည်။ သူ့အငွေ့အသက်က ချက်ချင်းမြင့်တက်လာကာ ဆံပင်များပင်လေထဲမြှောက်တတ်လာ၏။

"မရဏအသံတေးသွား ရှန်းယင်ပေါင်ဆန်း...."

ကုချင်းကိုစတင်တီးခတ်သည်နှင့်ပြင်းထန်လွန်းသည့် အသံလှိုင်းများဖြစ်ပေါ်လာကာ ပင်လယ်ပြင်တစ်ခုလုံးကို ကြမ်းတမ်းသည့်လေများက ဖြတ်သန်းတိုက်ခိုက်သွားသည်။ အသံလှိုင်းကြီးကြောင့် ဖြစ်လာသည့်လေနီကြမ်းများက နတ်မြင်းနှင့်ထွက်ပြေးနေသည့် လူကန်နှင့်ဖရန့်တို့ကိုတဖြည်းဖြည်းမီလာ၏။ ဖရန့်က ကြောက်ကြောက်လန့်လန့်ဖြင့် လှည့်ကြည့်ရင်းပြောလိုက်သည်။

"လူကန်ရေ.... ငါတို့တစ်ခုခုမလုပ်ရင် တစ်စစီဖြစ်တော့မယ်။" ထိုအသံလှိုင်းများက ကမ္ဘာ့အကြီးဆုံးအပျော်စီးသင်္ဘောကြီးကိုတောင် ပင်လယ်ထဲမြုပ်ပစ်နိုင်လောက်သည်။

လူကန်က သူ၏နောက်ဆုံးလက်ကျန်အင်အားများဖြင့် ရှေးဟောင်းဂရိပုံစံဓားဝိညာဥ်ကို သူ၏ရိုးရိုးဓားနှင့် ပေါင်းစပ်လိုက်သည်။

"အက်နာတောင်မီးတောက်ထဲမှာ သွန်းလုပ်ခဲ့တဲ့ဓား။ အသန်မာဆုံးသူရဲကောင်းကိုင်ဆောင်တဲ့ဓား

Riptide ငါ့ခေါ်သံကိုပြန်ထူးပါ။"

ဧရာမဆူနာမီလှိုင်းလုံးကြီးက ပင်လယ်အတွင်းမှ ချက်ချင်းမြင့်တက်လာပြီး အသံလှိုင်းများကိုတားဆီးလိုက်သည်။ အသံလှိုင်းများကလည်း လှိုင်းလုံးကြီးကို ဖောက်ခွဲဖျက်ဆီးလိုက်သည့်အတွက် ဟောင်ကောင်နှင့်မကာအိုတွင် ပြန်ကျမိုးသည်းသည်းမည်းမည်း ရွာသွန်းတော့သည်။

သို့တိုင် အသံလှိုင်းက ရေလှိုင်းလုံးကြီးကို ကျော်လွန်လာနိုင်ခဲ့၏။ ကံကောင်းစွာဖြင့် လူကန်တို့နှင့်ကပ်လွဲသွားသည်။ ဖရန့်နှင်လူကန်တို့မှ နားမှသွေးများစီးကျသည့်ဒဏ်ကိုခံရရုံအပြင် တခြားဘာမှမခံစားလိုက်ရပေ။

....

"ဖော့....နားကန်းလုနီးနီးပဲ။ နားတောင်လေးနေပြီလားမသိဘူး။" အသံလိုင်း၏ဒဏ်ကြောင့် ဖရန့်မှာမူးဝေနေဆဲဖြစ်သည်။

အခုသူတို့နှစ်ယောက်က ဟိုင်နန်ကျွန်း၏တောတောင်များထူထပ်သောနေရာတစ်ခုတွင် ရောက်နေပြီ။ လူကန်ကတော့ အားမရှိတော့သဖြင့် လမ်းပင်မလျှောက်နိုင်ပေ။

"ပေါက်ကရတွေပြောမနေနဲ့၊ အရင်ဆုံးရွာတစ်ရွာရှာပြီး မြို့ကိုသွားဖို့လမ်းမေးကြမယ်။ ခုခေတ်ဆေးပညာက တိုးတက်နေပါပြီကွာ။ နားစည်ပေါက်သွားတာမဟုတ်ရင် ပြန်ကုလို့ရတယ်။ ဆေးပညာမြူတန့်တွေကိုငှားနိုင်တဲ့အထိ ငါတို့တတ်နိုင်ပါတယ်ကွ။"

လူကန်က ပြောပြောဆိုဆိုနှင့် သူ့ရိုးရိုးဓားလေးကို ဓားအိမ်အတွင်းမှထုတ်ကြည့်လိုက်သည်။ ဓားက မုန့်ကြွပ်လိုမျိုးကျိုးကြေသွား၏။

"ချီးပဲ... ဓားအသစ်တစ်ချောင်းလုပ်ဖို့လိုလာပြန်ပြီ။"

"ဟေးဘတို၊ ဇက်စတီးအပြည့်ဓားက တစ်နာရီတောင်မခံဘဲကျိုးသွားတာလား။ မင်းအစွမ်းက တော်တော်အကုန်အကျများတာပဲ။"

"ငါ့ဓားဝိညာဥ်တွေက ဒဏ္ဍာရီလာလက်နက်တွေကွ။ ဇက်စတီးဓားနဲ့တောင် ခဏပဲခံနိုင်တာ။"

ဖက်တီးနှင့်ခပ်ချောချောလူငယ်လေးတို့က စကားတပြောပြောနှင့် သူတို့ခရီးကို ဆက်သွားနေကြသည်။ တဖြည်းဖြည်း သူတို့ရှေ့မြင်ကွင်းထဲသို့ ရွာငယ်လေးတစ်ရွာ ဝင်လာတော့သည်။

၃။

ဒီနေ့က သောကြာနေ့လေးပါ။

မက်ဒါနာတစ်ယောက် ယောက်ျားလေးလို ရုပ်ဖျက်တတ်နေပါပြီ။ ဆံပင်ကိုခပ်တိုတိုညှပ်၊ ရင်ဘတ်ကို တင်းတင်းစည်းပြီး အနောက်တိုင်းဝတ်စုံကို ယောက်ျားဆန်ဆန်ဝတ်ထားလိုက်တယ်။ ဒါပေမဲ့ခပ်ပုပုအရပ်နဲ့ဖြူဖွေးလွန်းနေတဲ့ အသားအရေကိုတော့ ဘယ်လိုမှဖုံးဖိလို့မရဘူး။ ဒါကြောင့် Tomboyလေးတစ်ယောက်လိုပုံပဲပေါ်နေတယ်။ တစ်ချိန်တည်းမှာပဲ ချမ်းသာတဲ့မိသားစုက သခင်လေးပုံပေါက်နေတော့တာပေါ့။

အနောက်တိုင်းဝတ်စုံက စျေးကြီးတယ်ဆိုပေမဲ့ ဆိုဖီယာဆီကနေ အတင်းတောင်းလာခဲ့တယ်လေ။ ဆိုဖီယာကတော့ နောက်တစ်ခါဒီဇိုင်းပြောင်းသွားပြန်ပြီ။ အဝါရောင်ဆံပင်ဂုတ်ဝဲလေးနဲ့ ဂျာမဏီသူလေးပါ။ တစ်ပတ်အတွင်း ဘယ်နှစ်ခါတွေသေနေမှန်းတောင် မက်ဒါနာမမှတ်မိတော့ဘူး။ အထူးမစ်ရှင်လုပ်ရင်း အိန္ဒိယသူခန္ဓာကိုယ်က ရထားနင်းခံပြီး ထက်ပိုင်းပြတ်သွားလို့ဆိုလား။ မျက်လုံးစိမ်းစိမ်းတွေမြင်မှ သူမှန်းသိရတော့တာ။

အနောက်တိုင်းစတိုင် ခမ်းနားလွန်းတဲ့ စားသောက်ဆိုင်ကိုမြင်တော့ မက်ဒါနာအထဲဝင်ဖို့တောင် ထိတ်လန့်နေမိတယ်။ ပုံမှန်ဆိုရင် ရိုးရိုးစားသောက်ဆိုင်ထဲတောင် သူဝင်ရဲတာမဟုတ်ဘူး။ ပိုက်ဆံတွေမီးလောင်သွားတာ ထိုင်ကြည့်နေရသလိုပဲမဟုတ်လား။ ခဏနေတော့ ဖလေရာရောက်လာတယ်။ ဖလေရာက မက်ဒါနာဆိုင်ထဲဝင်ရဲမှာမဟုတ်မှန်းသိပုံပဲ။ ဘာပဲပြောပြော ဖလေရာက လူကဲခတ်တအားတော်တာကိုး။

"မစ္စတာမာလင်... ရှင်ဆံပင်ဆေးဆိုးထားတာလား။" ဖလေရာက မက်ဒါနာရဲ့အဖြူရောင်ဆံပင်တွေကိုတွေ့တော့ မေးလိုက်တယ်။

ဖလေရာက အနီရောင်ပွဲတက်ဝတ်စုံကိုဝတ်ထားတယ်။ ညနေခင်းနေရောင်အောက်မှာ သူ့ရဲ့မိုးပြာရောက်မျက်လုံးတွေက စွဲမက်စရာသိပ်ကောင်းနေတယ်။ ဖလေရာရဲ့အရပ်က မက်ဒါနာထက် ခေါင်းတစ်ဝက်စာ ပိုမြင့်နေပြီ။ အာရှသားဖြစ်လို့ ဥရောပသားတွေထက် အရပ်ပုရတဲ့အထဲ မိန်းကလေးဖြစ်လာတော့ ဆိုက်ပါပြောင်းသွားတယ်လေ။

"တွေ့ရတာဝမ်းသာပါတယ် လေဒီမယ်ရီဂရင်း။" မက်ဒါနာက ဥရောပသားတို့ထုံးစံအတိုင်း ရင်ဘတ်ပေါ်လက်တင်ပြီး ဦးညွှတ်လိုက်တယ်။ မက်ဒါနာက ယောက်ျားလေးလိုဝတ်ထားပေမဲ့ သိပ်ကိုချောမောလှပနေတုန်းပဲ။ သံသယအဝင်မခံရအောင်တော့ မျက်လုံးကိုမျက်ကပ်မှန်တပ်ထားရတယ်။ မဟုတ်ရင် မျက်လုံးအရောင်ပြောင်းသွားတဲ့ကိစ္စကို ရှင်းပြရလွယ်မှာမဟုတ်ဘူး။

ဖလေရာက မက်ဒါနာကို သူ့လက်မောင်းကိုင်ခွင့်ပြုတယ်။ ဒီနေရာက တခြားစားသုံးသူတွေလည်း အဲဒီလိုပဲလုပ်နေကြတာလေ။ တော်ဝင်ပုံစံစားသောက်ဆိုင်တစ်ခုပါ။ ဒီနေရာမှာစားသုံးမယ်ဆိုရင် ဥရောပသူကောင်းမျိုးတွေအတိုင်းဝတ်ဆင်ပြီး သူကောင်းမျိုးနွယ်တွေလို ပြုမူဖို့လိုပါတယ်။ မက်ဒါနာက ဆုဗာနာသူကောင်းမျိုးနွယ်ဝင်ဖြစ်ပေမဲ့ ငယ်ငယ်ကတည်းက နယ်စားနန်းတော်နဲ့ဆက်စပ်မှုမရှိဘူး။ ဒါကြောင့် သူ့နိုင်ငံရဲ့သူကောင်းမျိုးယဥ်ကျေးမှုအကြောင်းတောင် ကောင်းကောင်းသိတာမဟုတ်ဘူး။ အကုန်လုံးကို Techno-Telekinesis ကိုသုံးပြီးခေါင်းထဲရိုက်သွင်းထားတာ။

လေ့ကျင့်ဖို့တော့လိုတာပေါ့။ လေ့ကျင့်သူတွေကတော့ မက်၊လယ်ရီနဲ့မိုးပါ။ ဒီသုံးကောင်က အတော်လေးနှာဘူးကျပေမဲ့ အဲဒီလိုနေရာတွေကျတော့တော်တယ်။ ပြဿနာက စပိန်နှုတ်ဆက်နည်းဆိုပြီး သူ့ကိုအတင်းဖက်ဖို့လုပ်တာပဲ။ မပြန်ခင် ခွကြားကိုလေးချက်ဆင့်ကန်ခဲ့ရသေးတယ်။

ဧည့်ကြိုကလည်း ဘဏ္ဍာစိုးတစ်ယောက်လိုဝတ်ဆင်ထားပြီး စားပွဲထိုးကလည်း တကယ့်သူကောင်းမျိုးအိမ်စေတွေလိုမျိုး ဝတ်ဆင်ထားကြတယ်။ ဟိုခပ်ပေါ့သွမ်းသွမ်း အိမ်စေစကပ်အတိုတွေ ဝတ်ထားတာမဟုတ်ဘူး။ တကယ့်အိမ်စေဝတ်စုံတွေပါ။

"မင်းလွင် ရှင့်အရပ်က နည်းနည်းပုသွားသလိုပဲနော်။" အရင်က မက်ဒါနာဟာ ဖလေရာထက် မဆိုစလောက်ကလေး အရပ်ရှည်တယ်။ အခုကျတော့ မဆိုစလောက်ကလေး အရပ်ပုနေတာကို သတိထားမိသွားတယ်။ စားသောက်ဆိုင်ထဲက လူတွေကတော့ သူတို့စုံတွဲကို အံ့ဩတကြီးကြည့်နေကြတယ်။ သိပ်ချောမောတဲ့ ဆယ်ကျော်သက်ကောင်လေးနဲ့ သိပ်ကျက်သရေရှိတဲ့ ဂုဏ်သရေရှိလေဒီတစ်ယောက် ဆိုင်ထဲဝင်လာတယ်မဟုတ်လား။ ဒီလိုအတွဲမျိုးက မိုးကောင်းကင်ကနေ ချီးမြှောက်ခံထားရတဲ့ စုံတွဲလိုပါပဲ။

"ခင်ဗျားစိတ်ထင်လို့နေမှာပါ လေဒီ။" မက်ဒါနာကတော့ လေ့ကျင့်ထားတဲ့အတိုင်းပဲ ပြန်ဖြေတယ်။ ဒါပေမဲ့ ယောက်ျားလေးလေသံနဲ့တူအောင် လုပ်ပြောရတာ သိပ်လွယ်တာမဟုတ်ဘူး။ မှန်ရှေ့မှာ အတော်လေ့ကျင့်ခဲ့ရတယ်။ ယောက်ျားလေးမဖြစ်ဖူးရင် သူလုပ်နိုင်မယ်မထင်ဘူး။ ဖလေရာကတော့ 'ဪ'ဆိုပြီးတော့ မျက်မှောင်ကုတ်ထားလိုက်တယ်။ သူယုံလားမယုံလားတော့ ဘုရားမှပဲ သိလိမ့်မယ်။

သူတို့စားပွဲတစ်ခုမှာထိုင်လိုက်ကြတယ်။ ဖလေရာကတော့ စောင့်စရာလူရှိလို့ဆိုပြီး ရေနှစ်ခွက်ပဲမှာတယ်။ မက်ဒါနာကတော့ ပိုပိုပြီးသံသယဖြစ်လာသလိုပဲ။ အလကားနေရင်း သူတို့မန်နေဂျာက ဒီလိုစားသောက်ဆိုင်မျိုးကို ဖိတ်စရာအကြောင်းမရှိဘူးလေ။

"လေဒီဘယ်ရီဂရင်း၊ ကျွန်တော့်ကိုညစာဖိတ်ကျွေးရုံသက်သက်ပဲလား။ တခြားကိစ္စဘာညာရှိသေးလား။"

"ငါ့ကို ဖလေရာလို့ပဲခေါ်။" ဖလေရာက မက်ဒါနာကို မျက်လုံးပြူးပြတယ်။ ဘာကြောင့်လည်းတော့ရှင်းမပြဘူး။ ဒါပေမဲ့ပြောတဲ့အတိုင်းမလုပ်ရင် အလုပ်ထုတ်တော့မယ့်အတိုင်းပဲ။

'အိုးဘုရားသခင်၊ ဒီမိန်းမလှလေးက ငါ့ကိုဘာလုပ်ချင်နေတာလဲ။' ရုတ်တရက်ကြီး သူ့ကိုမိန်းကလေးဖက်က လက်ထပ်ခွင့်တောင်းလာရင် ဘယ်လိုလုပ်မလဲဆိုပြီး စိတ်ကူးယဥ်မိသေးတယ်။ သူယောကျ်ားလေးလိုဝတ်ထားတဲ့ပုံစံကို မှန်ထဲပြန်ကြည့်မိပြီး ကိုယ့်ကိုယ်ကိုယ်တောင် ကြွေသွားလုနီးနီး ဖြစ်ခဲ့တယ်မဟုတ်လား။

ခဏနေတော့ ခပ်ချောချောလူငယ်လေးတစ်ယောက် ရောက်လာရော။ အပြာနုရောင်မျက်လုံးနဲ့ ဘိုကေညှပ်ထားတဲ့ရွှေရောင်ဆံပင်။ရွှေချည်ထိုးထားတဲ့ အနက်ရောင်မင်းညီမင်းသား လက်ရှည်ရှပ်ကတ္တီပါရှပ်ကို ဝတ်ဆင်ထားပြီး ရွှေချည်အနားပါတဲ့ ဘောင်းဘီရှည်ကိုဝတ်ထားတယ်။ ရာဇဝင်ထဲကလိုတော့ ခပ်ပွပွခြုံထည်ကြီးမပါဘူး။ ကန်ရာသီဥတုက အိုက်လို့နဲ့တူပါရဲ့။

"ဘယ်ရီဂရင်းအိမ်တော်က မစ်ဖလေရာပါလား၊ ကျွန်တော်က ဂါဂါဘိုအိမ်တော်က အလက်ဇန်းဒါး ဒီမီထရီပါ။"

"တွေ့ရတာဝမ်းသာပါတယ် မစ္စတာဒီမီထရီ။ ဒါကတော့ ကျွန်မရဲ့ရည်စားမစ္စတာမင်းလွင်ပါ။"

'ရည်း...ရည်း...ရည်းစား။' မက်ဒါနာအံ့ဩလွန်းလို့သေတော့မယ်။ 'ဟေးအစ်မကြီး၊ နင်က ရုရှားသူကောင်းမျိုးတစ်ယောက်ရဲ့ရှေ့မှ ငါ့ကိုအသေသတ်တော့မလို့လား၊ ပြီးတော့ဒီမီထရီမိသားစုကလေ။'

ဒီမီထရီတွေက ဟီးရိုးမျိုးနွယ်တွေဖြစ်သလို ဇာဘုရင်တွေခေတ်က ဂါဂါဘိုအိမ်တော်ရဲ့အိမ်တော်ခွဲကမျိုးနွယ်ဝင်တွေ ဖြစ်ခဲ့ဖူးပါတယ်။ ရုရှားရဲ့ပထမဆုံး S အဆင့်ဖြစ်လာတဲ့ လူငယ်ဒီမီထရီကြောင့် ရုရှားအစိုးရက သူတို့ရဲ့သူကောင်းမျိုးဂုဏ်ပုဒ်ကို ပြန်ပေးခဲ့တာပါ။ ဘယ်ရီဂရင်းတွေကတော့ အိုင်းရစ်သွေးပါတဲ့သာမန်မိသားစုသာဖြစ်ပြီးတော့ သူကောင်းမျိုးတွေမဟုတ်ပါဘူး။ မက်တယ်ပလာဒင်ကြောင့်သာ အမြင့်ရောက်လာတာပါ။

"တွေ့ရတာဝမ်းသာပါတယ် မစ္စတာမင်းလွင်။ ကျွန်တော်က ဂါဂါဘိုအိမ်တော်က အလက်ဇန်းဒါး ဒီမီထရီပါ။"

အလက်ဇန်းဒါးက မက်ဒါနာကို လက်ကမ်းပေးတယ်။ လက်ဆွဲနှုတ်ဆက်မလို့ထင်ပါရဲ့။ ဒါပေမဲ့ မက်ဒါနာကတော့လက်ဆွဲမနှုတ်ဆက်ဘူး။ သူစိမ်းယောက်ျားလေးတစ်ယောက်ကို သူ့ရဲ့လက်နုနုလေး ကမ်းပေးစရာလား။ လက်တွေပေကျံကုန်မှာပေါ့။ ယောက်ျားလေးတစ်ယောက်ရဲ့လက်တွေက မိန်းကလေးတွေအဖို့ တအားညစ်ပတ်တယ်လို့ ဆိုဖီယာပြောဖူးတယ်။ သူများလာကိုင်ရင် အကိုင်မခံနဲ့တဲ့။ ဘာလို့လည်းတော့ သူနားမလည်ဘူး။ အလက်ဇန်းဒါးကတော့ မျက်နှာကြီးမှောင်မဲနေပြီ။ မက်ဒါနာကတော့ လက်တစ်ဖက်နောက်ပစ်ပြီး ပြန်နှုတ်ဆက်လိုက်တယ်။

"ကျွန်တော်က ဆုဗာနာအိမ်တော်က မစ္စတာမင်းလွင်ပါ။"

အင်းလေ၊ မင်းလွင်အမေက ဆုဗာနာနံပါတ်တစ်ဟီးရိုး ကီလိုမန်းရဲ့ညီမပဲဥစ္စာ။ ပြီးတော့လည်း သူတို့က တကယ့်သူကောင်းမျိုးတွေပါ။ အမေ့ဗီရိုထဲက သူကောင်းမျိုးအဆောင်အယောင်တွေသူမြင်ဖူးတယ်။ ပြဿနာက ဘယ်အဆင့်သူကောင်းမျိုး မှန်းသူမသိတာပဲ။

"အိုး...ဆုဗာနာနယ်စားအိမ်တော်ကတစ်ယောက်ယောက်ကို တွေ့ရမယ်ထင်မထားဘူး။ ခင်ဗျားတို့နိုင်ငံအဆင်ပြေရဲ့လား။"

"မပြေဘူး....." မက်ဒါနာကလည်း ဒီမီထရီရဲ့ခနဲ့တဲ့တဲ့စကားကို ချက်ချင်းပြန်ဖဲ့တယ်။ ဘယ်လိုလုပ်ပြေမှာလဲ။ တိုင်းပြည်သုံးခုက နှစ်စဥ်လာတိုက်တာခံနေရတဲ့ သနားစရာပြည်ငယ်လေးကို။ ဖလေရာကတော့ တအားအံ့ဩနေပြီ။ ခဏနေတော့ စားစရာတွေရောက်လာတယ်။ ဖလေရာက ရည်းစားလိုသရုပ်ဆောင်တာ သဘာဝကျအောင်ဆိုပြီး သူ့ဘေးနားထိုင်ဖို့ခေါ်ထားတယ်။ မက်ဒါနာ့လက်ကိုလည်း အခုထိကိုင်ထားတုန်းပဲ။ မက်ဒါနာယောက်ျားလေးဘဝကဆိုရင် ရှက်လို့မျက်နှာတစ်ခုလုံး နီရဲနေမှာပဲ။ ခုက မိန်းကလေးအချင်းချင်းမလို့ကိစ္စမရှိဘူး။ ဖလေရာကတော့ မက်ဒါနာလေးခြေထောက်ကို တက်နင်းလိုက်တယ်။

"အောင့်...."

"နင်ဘာတွေလျှောက်ပြောနေတာလဲ။ သူကောင်းမျိုးဟန်ဆောင်တယ်။ နင်ဆုဗာနာကလာမှန်း ငါသိပေမဲ့ အဲဒီလိုဟန်ဆောင်တာ အဆင်ပြေပါ့မလား။ အဲဒါပြစ်မှုကြီးနော်...." ဖလေရာက မက်ဒါနာနားနားကိုကပ်ပြောတယ်။ ကိုယ်သင်းနံလေးကလည်း မက်ဒါနာနှာခေါင်းထဲဝင်လာရော။ 'အမကြီး၊ နည်းနည်းလောက်ဖယ်ပေးလို့ရမလား။ ကျွန်မစိတ်လွတ်ပြီး ဖရဲသီးတွေကိုင်မိလိမ့်မယ်။'

ဖလေရာရဲ့ပွဲတက်ဝတ်စုံက လယ်ဟိုက်လေးလေ။ ဒီတော့ဖရဲသီးတွေကို အနားမှာကပ်ထိုင်နေရင် အတိုင်းသားမြင်နေရတာ။ တကယ့်အိတ်စပို့ကွာလတီ။ ယောက်ျားလေးဘဝမှ အက်ဖေဖြစ်ခဲ့တဲ့ မက်ဒါနာလည်း နည်းနည်းတော့နှိုက်မြည်းချင်တာပေါ့။ ပြီးတော့ဖလေရာရဲ့ကိုယ်နံရဲ့ကိုယ်အပူချိန်က သူ့ကိုလာဆွနေသလိုပဲ။ ညီလေးမရှိတာ တော်တော်ကံကောင်းတယ်။ မဟုတ်ရင် ကစားကွင်းထဲရောက်သွားသလို သောင်းကျန်းနေမှာ။

"နိုး... ငါကတကယ်သူကောင်းမျိုးပါ။" ဒါပေမဲ့ အသေးစိတ်ရှင်းပြမနေဘူး။ လျှို့ဝှက်ချက်တွေ ဘူးပေါ်သလိုပေါ်ကုန်မှာ။

"....." ဖလေရာကတော့ ကမ္ဘာကြီးချာချာလည်သွားသလိုခံစားနေရတယ်။ ဘယ်သူကောင်းမျိုးက ကျောင်းတက်ဖို့ပိုက်ဆံမရှိဖြစ်မှာလဲ။ ဒါပေမဲ့ မင်းလွင်အတင်းခံငြင်းနေတဲ့ပုံစံက တကယ်ချစ်စရာလေး။ အရင်ကတည်းက ငယ်ရွယ်ပြီးချစ်စရာကောင်းတဲ့မောင်လေးလိုထင်ရပေမဲ့ အခုက ပိုငယ်ပြီးပိုချစ်စရာကောင်းနေသလိုပဲ။ အရပ်ကလေးကလည်း သူ့ထပ်ပုနေသေးတယ်။ အရင်ကမပုဘူးလို့ထင်ပေမဲ့ ဖိနပ်ကြောင့်လည်းဖြစ်နိုင်တာပဲလေ။

'ဟိဟိ....' ဖလေရာလည်း စိတ်မထိန်းနိုင်တော့ဘဲ မက်ဒါနာရဲ့ခေါင်းကိုပုတ်ပေးလိုက်ရော။ အလက်ဇန်းဒါးကတော့ အမဲသားစတူးကိုဓားနဲ့လှီးရင်း ကိုယ့်လက်ကိုယ်ပါ လှီးမိလုနီးနီးပဲ။

'ဒီနှစ်ယောက်က လူရှေ့သူရှေ့လာရိုပြနေတာလား။ ငါ့လည်းအားနာပါဦး။' မကြာဘူး အလက်ဇန်းဒါးလည်း အလုပ်ရှိသေးတယ်လို့ပြောပြီး စားသောက်ဆိုင်ထဲကနေ ထွက်သွားပါလေရာ။ လမ်းမှာတခြားသူတစ်ယောက်ကို ဝင်တိုက်မိသေးတယ်။ ဒါပေမဲ့ဘောင်းဘီအိတ်ထဲက အနီရောင်ဘူးလေးပြုတ်ကျလာလို့ အသည်းအသန်ကောက်ပြီး မတောင်းပန်ပဲ ထွက်ပြေးသွားတယ်။ အတိုက်ခံလိုက်ရတဲ့ လူကတော့မအေတွေနှမတွေနဲ့ကိုင်တုပ်ချင်ပေမဲ့ စားသောက်ဆိုင်ထဲဆိုတော့ ပါးစပ်ကိုပိတ်နေရုံသာ တတ်နိုင်တယ်။

မကြာဘူး၊ မက်ဒါနာမျက်နှာပေါ်က အပြုံးတွေပျောက်ကွယ်သွားတယ်။ သူက ဖလေရာကိုစိန်းစိန်းဝါးဝါးစိုက်ကြည့်လိုက်ပြီး....

"ခင်ဗျားကျွန်တော့်ကို အသုံးချနေတာ ဘယ်နှစ်ခါရှိပြီလဲ...." ဟိုလူထွက်သွားလို့ ပြုံးရွှင်နေတဲ့ဖလေရာရဲ့မျက်နှာလည်း မျက်နှာသေဖြစ်သွားပြီး ဝမ်းနည်းသလိုအမူအရာက အစားဝင်လာတယ်။

"ကျွန်တော့်ရဲ့နည်းပညာတွေ ဒေါ်လာသန်းချီပြီးတန်တယ်။ ဒါပေမဲ့ရလိုက်တာက အချိန်ပိုင်းအလုပ်နဲ့ဟန်ဆောင်ရည်းစားဘဝလား။"

ဖလေရာက အံ့ကိုတင်းတင်းကြိတ်ပြီး ဘာမှမပြောဘူး။ မက်ဒါနာထွက်သွားဖို့လုပ်တော့ ဖလေရာက သူ့လက်ကိုရုတ်တရက်ဆွဲလိုက်ပြီး မက်ဒါနာနှုတ်ခမ်းကို သူ့နှုတ်ခမ်းနဲ့ဖိကပ်လိုက်တယ်။

မက်ဒါနာ။"......"

ဆိုင်ထဲက လူအုပ်ကြီးကတော့ ဘာမှကိုမသိပေမဲ့ သူတို့လူမြင်ကွင်းထဲနမ်းနေတာမြင်တော့လိုက်ဖက်တဲ့စုံတွဲလေးဆိုပြီး လက်ခုပ်ဝိုင်းတီးပေးကြရော။

"နိုး.... ကျွန်တော်အနမ်းခံချင်တယ်လို့ ဘယ်သူပြောလို့လဲ။ ခင်ဗျားအသုံးချတာ မခံချင်ဘူးလို့ပြောတာ။ စုန်းမကြီး အား....."

မက်ဒါနာကတော့ ဆိုင်ထဲမှာခုန်ပေါက်နေပြီ။ ဆိုင်ထဲကလူတွေကတော့ သူတို့ကိုကြည့်ပြီး ရယ်မောနေကြတယ်။ လက်ရှိမက်ဒါနာရုပ်က အသက်ဆယ့်ခြောက်နှစ်အရွယ် ကောင်လေးတစ်ယောက်နဲ့သိပ်တူတယ်။ ဖလေရာကတော့ အသက်နှစ်ဆယ်ကျော်အရွယ်လေ။ ဒီတော့ မမနဲ့မောင်လေးရဲ့နားလည်ရခက်တဲ့ အချစ်ပြဇာတ်လေးလို့ထင်နေတာ။

အဲဒီနောက်တော့ ဖလေရာက မက်ဒါနာကိုဦးညွှတ်လိုက်ရော။ "ဒီနေ့အတွက် မင်းကိုအထူးကျေးဇူးတင်ပါတယ်။ မောင်လေးမင်းလွင်။ ခုဏကကောင်က အစ်မကိုလက်ထပ်ခွင့်ခဏခဏတောင်းနေတဲ့ ဒီမီထရီမိသားစုကကောင်လေ။ မိသားစုကလည်း သဘောတူထားတာဆိုတော့ အစ်မမှာကောင်လေးရှိတယ်ဆိုပြီး လိမ်လိုက်ရတာပါ။"

မက်ဒါနာကတော့ ဒေါသထွက်လွန်းလို့ ဆံပင်တွေကိုဆောင့်ဆွဲနေတယ်။ သူအလကားနေရင်း ဆံပင်ညှပ်လိုက်ရတာ ဒီဟာမကြီးအသုံးချတာခံဖို့လား။

"တော်ပြီ... ဒီနေ့ကစပြီး ခင်ဗျားနဲ့ကျုပ်နဲ့ ဘာမှမပတ်သက်တော့ဘူး။ ဟိုကိစ္စပြီးရင် ကျုပ်ထွက်သွားတော့မယ်။"

မက်ဒါနာလေး စိတ်ဆိုးမာန်ဆိုးနဲ့ စားသောက်ဆိုင်ထဲက ထွက်ပြေးသွားရော။ စိတ်ဆိုးလွန်းလို့ မျက်ရည်တောင်ကျနေသေးတယ်။ 'အား၊ ငါ့ရဲ့ပထမဆုံးအနမ်းကို ခိုးယူသွားပြီကြည့်စမ်း။ ဒီမိန်းမကြီးက ကြောက်စရာကောင်းလိုက်တာ။ မိန်းကလေးချင်းတောင်မချန်ဘူး။ သူခုထိလက်မထပ်သေးတာ ကွေးနေလို့များလား။'

ပရိသတ်တွေကတော့ ရှက်ပြီးရမ်းနေတယ်မှတ်တာ။ တချို့ဆိုရင် သည်းခံလိုက်ဖို့တောင်အကြံပေးနေသေးတယ်။ 'မမ'အမျိုးအစားဆိုတာက ရဖို့ခက်တယ်ဆိုပြီးတော့ပေါ့။ မက်ဒါနာလေးကတော့ စားသောက်ဆိုင်ထဲက ထွက်ပြေးသွားပြီ။ ဖလေရာလည်း ငွေရှင်းပြီးအပြင်ထွက်လိုက်ပေမဲ့ ဆိုင်ပြင်ရောက်တော့ ကောင်လေးကိုမတွေ့ရတော့ဘူး။

"ဟူး....ငါသူ့အပေါ် အနိုင်ကျင့်သလိုများ ဖြစ်နေပြီလား။"

......

"မကောင်းဆိုးဝါးကြီး...ကယ်ကြပါ...တစ်ယောက်ယောက်ကယ်ကြပါ။"

လူပြတ်သော လမ်းမပေါ်တွင်ဖြစ်သည်။ သေနတ်ကိုင်ထားသည့် အာရှသားတစ်ယောက်က အသက်လုပြေးနေသည်။ သူ့မျက်နှာပေါ်မှာတော့ ကြောက်ရွံမှုက အထင်းသား။ သူ၏နောက်တွင်တော့ လူတစ်ယောက်လိုက်ပါလာသည်။

လူ၊ သို့သော် လူဟုပင် သတ်မှတ်၍မရ။ မျက်နှာတစ်ခြမ်းမှာ သတ္ထုဖြင့်ပြုလုပ်ထားသလိုဖြစ်နေပြီး မျက်လုံးနေရာတွင် ဟောင်းလောင်းပေါက်ဖြစ်နေကာ နည်းပညာမြင့်ကင်မရာတစ်လုံး၏မီးရောင်ကို မြင်နေရ၏။ ထိုလူ၏လမ်းလျှောက်သည့်ပုံစံက စက်ရုပ်နှင့်ပင်တူနေသေးသည်။

အာရှသား၏ခန္ဓာကိုယ်က မီးမလင်းသည့်ဓာတ်တိုင်တစ်ခုရှေ့ကိုရောက်သောအခါ အမှောင်ထဲတိုးဝင်ပျောက်ကွယ်သွား၏။ သို့သော် ထိုစက်ရုပ်တစ်ပိုင်းလူကြီးက သူ၏သေနတ်ဖြင့် အမှောင်ထုတွင်းမှ တစ်နေရာကို ပစ်ခတ်လိုက်သည်။ ထို့နောက်တွင်တော့ အော်သံကြီးထွက်ပေါ်လာပြီး သေနတ်ဒဏ်ရာနှင့်အာရှသား ပြန်ပေါ်လာ၏။

"ငါ့ကိုမသတ်ပါနဲ့...ငါတောင်းပန်ပါတယ်...ငါ့မှာသမီးလေးနဲ့ဇနီးရှိပါတယ်ကွာ။"

"မင်းငါ့ကိုသတ်တုန်းက ငါ့ကိုချမ်းသာပေးခဲ့လို့လား။"

စက်ရုပ်တစ်ပိုင်းလူတစ်ပိုင်းကြီးက ဒဏ်ရာရနေသော အာရှသား၏ခေါင်းကို သေနတ်ဖြင့်ချိန်လိုက်သည်။ အာရှသားကလည်း တစ်စုံတစ်ခုကို သတိရသွား၏။

"မင်း....မင်း...မသေဘူးလား။"

"ဟုတ်တယ်...မင်းတို့ကိုလက်စားချေဖို့ ငါငရဲကနေ တက်လာခဲ့တာ။"

"ဒိုင်း....."

ထို့နောက်တွင်တော့ သေနတ်သံထွက်ပေါ်လာပြီး လူသူကင်းမဲ့သည့်လမ်းကလေးကား နောက်တစ်ကြိမ် တိတ်ဆိတ်သွားတော့သည်။

၄။

မက်ဒါနာအတွက်တော့ သောကြာနေ့ညက အိပ်မပျော်တဲ့ညလေးတစ်ည ဖြစ်ခဲ့တယ်။ ဘယ်လိုပဲစိတ်ဆိုးတယ်ပြောပြော ဖလေရာကို သူမုန်းလို့မရဘူးရယ်။ တကယ်လို့ ဖလေရာသာ သူ့နည်းပညာကိုဝယ်ပြီး အလုပ်မခန့်ခဲ့ရင် မက်ဒါနာငတ်သေနေတာ ကြာလောက်ပြီ။

ပြီးတော့ အဲဒီနှုတ်ခမ်းတွေက နွေးထွေးပြီးတော့ ချိုမြိန်တယ်။ ဖလေရာက အသက်မငယ်တော့ပါဘူး။ သူ့ထက် ရှစ်နှစ်လောက်ပိုကြီးတယ်။ ဒါပေမဲ့ သိပ်ကိုလှတဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေတုန်းပဲ။ မက်ဒါနာရဲ့ပြောင်းလဲသွားတဲ့ခန္ဓာကိုယ်က ရုပ်ပိုင်းဆိုင်ရာသက်တမ်း အများကြီးပိုနုပျိုသွားတယ်။ ၁၆နှစ်လား... အဲဒီထက်လည်း ပိုငယ်နိုင်ပါတယ်။

ဖလေရာရဲ့ပြုစားတတ်တဲ့အနမ်းက မက်ဒါနာရဲ့ကျန်ရှိနေတဲ့ ယောက်ျားတစ်ယောက်ရဲ့စိတ်ကို မုန်တိုင်းထန်လာစေတယ်။ သူသာ ယောက်ျားလေးအဖြစ် ဆက်ရှိနေခဲ့ရင် အဲဒီအနမ်းကြောင့် အန္တရာယ်တွေအားလုံးကို ရင်ဆိုင်ပေးချင်တဲ့ သူရဲကောင်းတစ်ယောက် ဖြစ်ချင်သွားမှာပဲ။ ပြဿနာက အခုမက်ဒါနာက ကောင်မလေးဖြစ်နေပြီ။ ရုပ်ပိုင်းဆိုင်ရာအရ အတူတူဖြစ်နေတာမလို့ ကွေးနေပြီလို့ ကိုယ်ကိုယ်ကိုယ်တွေးနေမိတယ်။ စင်စစ်မှာ သူ့အနေနဲ့ ယောက်ျားလေးတွေကိုကြိုက်ရင်လည်း စိတ်ပိုင်းဆိုင်ရာအရ အတူတူဖြစ်နေမှာမလို့ ကွေးနေဦးမှာပဲ။ တစ်ချိန်တည်းမှာပဲ မက်ဒါနာဟာ သူ့ကိုယ်သူချစ်သူရဖို့ သဘာဝအတိုင်း ကံမစပ်တော့ဘူးလို့ပဲ ယူဆလိုက်တော့တယ်။ အချစ်အကြောင်း ဆက်မတွေးချင်တော့ဘူး။

မက်ဒါနာလေးက ငယ်သေးတယ်။ နောက်မှစဥ်းစားတော့မယ်။

ဒါပေမဲ့... နောက်တစ်နေ့ သူနိုးလာလာချင်းမှာပဲ အသံအကျယ်ကြီးနဲ့ အော်မိပြန်ရော။

"အား............" ဒီတစ်ခါတော့ အော်သံက အရင်ကထပ် ပိုပြီးကျယ်တယ်။

ကြီးလာပြီ။ မနေ့တုန်းက ပန်းသီးအရွယ် မက်ဒါနာရဲ့ရင်ဘတ်ကလေးက ဒီနေ့တော့ ရှောက်သီးလောက်ကိုဖြစ်နေပြီ။ ဒါတစ်ဆင့်လုံးလုံး ခုန်တက်သွားတာပါ။ အရင်အပတ်တုန်းက ဝယ်ထားတဲ့ ခရမ်းဇာလိပ်ပြာလေးတောင် ကြိုးပြုတ်ထွက်တော့မလိုမျိုးဖြစ်နေပြီ။ ဒီမနက်ကို တင်းကျပ်စွာနဲ့ သူနိုးလာတာပါ။

"မက်ဒါနာ...ဘာဖြစ်တာလဲ။ နင့်အခန်းထဲ ပင့်ကူဝင်လို့လား။" ဘေးခန်းက ဒေါ်လေးအိုလီဗာကတော့ အဝတ်တောင်မလဲနိုင်ဘဲ ဘေ့ဘောတုတ်ကြီးကိုကိုင်ရင်း ဟိုဖက်ခန်းကနေ ဒီဖက်ခန်းကို ခုန်ကူးလာတယ်။ မက်ဒါနာတံခါးဖွင့်ပေးလိုက်တာနဲ့ တစ်ခါတည်းပြေးဝင်လာတော့တာ။ ပါရဂူဘွဲဖြေဖို့ ခဏအိမ်ရောက်နေတဲ့ အိမ်ရှင်ဦးလေးကြီးသမီး တကယ့်ဆရာဝန်မမလည်းပါသေးတယ်။ အနည်းဆုံးတော့ အမြွှာပူးတွေရဲ့ဖေဖေကြီးလို တိမွေးကုမဟုတ်ဘူး။

သူတို့နှစ်ယောက်လုံးက အပေါ်ကနေပြီးတော့ ရှပ်အင်္ကျီလက်ရှည်ကို ခြုံဝတ်ထားပြီး အောက်မှာတော့ အတွင်းခံလေးတွေပဲပါတာ။ ဒေါ်လေးအိုလီဗာရဲ့ချိန်သီးပုံစံ အုန်းသီးတွေကို အချိန်မရွေးပြုတ်ထွက်သွားတော့မယ်ထင်ရတော့ အနက်ရောင်ဇာပွင့်ဘရာလေးက ထမ်းပိုးထားရတယ်။ ကောင်းကင်ကြီးကို ထမ်းပိုးနေရတဲ့ တိုက်တန်ကြီးကိုတောင် မက်ဒါနာပြေးမြင်မိတယ်။ အဲ...ဟိုတစ်ယောက်ကတော့ မက်ဒါနာခုမှတွေ့ဖူးတာ။ အိမ်ရှင်ကြီးသမီးက တစ်ခါတလေမှာ ပေါက်ချလာတတ်တော့ မင်းလွင်အနေနဲ့ရော မက်ဒါနာအနေနဲ့ပါ တွေ့ဖူးတာမဟုတ်ဘူး။ ရွှေအိုရောင်ဆံပင်ပွရောင်းရောင်းနဲ့ အချိုးကျတဲ့ခန္ဓါကိုယ်ရှိတယ်။ အိုလီဗာလောက် အလုံးအထည်မရှိပေမဲ့ တကယ့်ကိုချစ်စရာလေး။ သူများတွေပြောပြောနေတဲ့ sensei type မမဆိုတာမျိုးလား။ သူကတော့ အနီရောင်ဇာအတွင်းခံလေးကိုဝတ်ထားတယ်။

နေပါဦး... ငါတို့အဆောင်တစ်ခုလုံးက မိန်းကလေးတွေအကုန်လုံး အဲဒါပဲဝတ်ကြတာလားဟင်။

"အိုး... မက်ဒါနာလေးက ချစ်စရာလေး။" အိမ်ရှင်ကြီးသမီး အစ်မကြီးက မက်ဒါနာရဲ့လည်ပင်းကို အတင်းဖက်ပြီးတော့ အခန်းထဲဆွဲလှည့်ပစ်လိုက်တယ်။ အခုတော့ သူတို့နှစ်ယောက်လုံးအခန်းကျဥ်းကျဥ်းလေးထဲ ချာလည်လည်ပြီးတော့ ချော်လဲကျသွားပြီ။ မက်ဒါနာကတော့ ကြောက်စရာအစ်မကြီးရဲ့ကိုယ်လုံးအောက်မှာ အဖိခံထားရတယ်။ ဘာကြောင့်မှန်းမသိ ဒေါ်လေးအိုလီဗာကလည်း သူတို့နဲ့လာပူးပေါင်းတယ်။ မကြာပါဘူး သူတို့က မက်ဒါနာကို အလယ်မှာထားပြီး ဘယ်ညာနေရာယူကာ ပါးကိုဆွဲဖျစ်လိုက်၊ ပေါင်လိမ်ဆွဲလိုက်၊ ဆံပင်ကို အမျိုးမျိုးပြင်ပေးလိုက်နဲ့ ကစားနေကြတယ်။

'ငါက ဒီအစ်မကြီးနှစ်ယောက်အဖို့ အလှပြင်ဆိုင်က အရုပ်လားဘာလား။' မက်ဒါနာ ပေါက်ကွဲနေပြီ။ ဒေါသကတော့ ရေဆူမှတ်မှာ။

အိုလီဗာက မက်ဒါနာလေးရဲ့ကိုယ်ကိုမှီပြီး မေးလိုက်တယ်။ ကိုယ်နံသင်းသင်းကို မက်ဒါနာရနေတယ်။ တော်တော်စိတ်ညစ်လာပြီ။

"ဒီတော့ပြောပါဦး မက်ဒါနာလေးရဲ့။ အိပ်ရာနိုးတိုင်း အလန့်တကြားအော်နေတာ။ ဒီအစ်မကြီးတွေကို အိပ်ရေးပျက်စေတယ်နော်။ အိပ်ရေးမဝတာ အသားအရေအတွက်မကောင်းဘူး။"

မက်ဒါနာကလည်း သူစိုးရိမ်နေတဲ့ကိစ္စကို ပြောပြတယ်။ ရှောက်သီးလုံးလောက်ဖြစ်သွားတဲ့ နှစ်ခုကို ပြလိုက်ရင်း

"ကျွန်မဟာလေး ညတွင်းချည်းကြီးလာလို့ပါ။"

"စိတ်မပူနဲ့စိတ်မပူနဲ့... မက်ဒါနာလေးက ကြီးထွားဆဲကာလမှာပဲ ရှိနေသေးတာလေ။ အရွယ်ရောက်လာရင် မမတို့ထက်ကြီးလာမှာ။"

'သူတို့ထက် ကြီးလာမှာ။' ဒါက မက်ဒါနာအတွက်တော့ သတင်းကောင်းမဟုတ်ဘူး။ ကြီးလာလေလေ သူ့ကိုယ်သူ ယောက်ျားလေးလိုရုပ်ဖျက်ဖို့အတွက် ခက်ခဲလေလေပဲ။ အစ်မကြီးနှစ်ယောက်ကတော့ မက်ဒါနာလေးရဲ့ခံစားချက်တွေကို ဂရု စိုက်ဖို့ စိတ်မဝင်စားကြဘူး။ မက်ဒါနာလေးရဲ့ကိုယ်ကို အပိုင်မသိမ်းရုံတမယ် ကစားနေကြတယ်။ ခဏနေတော့ ကလေးတွေအများကြီးနဲ့အဖေရောက်လာပြီး အခြေအနေကြည့်ပေမဲ့ အလှလေးသုံးယောက်ရဲ့ခန္ဓာကိုယ်ကိုမြင်ပြီး နှာခေါင်းသွေးအထွက်လွန်သွားလေရဲ့။

ဘာပဲပြောပြော ဒီမနက်ခင်းမှာ မက်ဒါနာအတွက် လုပ်စရာအများကြီးရှိနေတယ်။ မမတွေနဲ့အတူရေချိုးပြီးတဲ့နောက် အဝတ်အစားလဲလိုက်တယ်။ ပစ္စည်းသေတ္တာလိုရုပ်ဖျက်ထားတဲ့ သေတ္တာနှစ်လုံးကို အသင့်ပြင်ထားသေးတယ်။ ငွေရောင်က သူ့ရဲ့နည်းပညာမြင့် SilverKnightဖြစ်ပြီးတော့ အနက်ရောင်က စမ်းသပ်ဗားရှင်းပါ။ ပြီးတော့ ဒီတစ်ခေါက်အလုပ်သွားတာက နည်းပညာကိုအလကားပေးဖို့မဟုတ်ဘူး။ သွားရောင်းမှာ၊ ကြိုက်စျေးမရရင် တခြားကုမ္ပဏီသွားရောင်းပစ်ဖို့စဥ်းစားပြီးသား။

အလုပ်အကြောင်းပြပြီး ထွက်လာခဲ့ပေမဲ့ တကယ်က ဟီးရိုးအလုပ်အတွက်လည်းပါတယ်။ နေ့လယ်မှ အလုပ်တက်ရမှာဖြစ်လို့ မနက်ခင်းတော့ ကင်းလှည့်လို့ရပါသေးတယ်။ ကင်းလှည့်ပြီးမှ မက်တယ်ပလာဒင်အဆောက်အဦးနားမှာ ဝတ်စုံချွတ် အလုပ်တက်ဖို့ စဥ်းစားထားပြီးပြီ။

လမ်းမှာ တကယ့်မိန်းကလေးလိုဝတ်ပြီး ဆေးခန်းဝင်စစ်ခဲ့သေးတယ်။ ဆရာဝန်ကတော့ ပိုကြီးပိုကိတ်စေတဲ့ မြူတန့်အစွမ်းကြောင့်ဖြစ်မယ်ဆိုပြီး ပြောတယ်။ 'ဆရာဝန်ကြီးရှင့်၊ ကိုယ့်စကားကိုယ်ယုံရဲ့လား။ ကျွန်မစွမ်းအားက Techno-Tekekinesisလေ။ တင်လုံးလုံးရင်လုံးလုံးစွမ်းအားမှမဟုတ်တာ။'

စူပါဟီးရိုးဝတ်စုံပြောင်းဝတ်ပြီးတဲ့နောက် ပထမဆုံးလုပ်တာက သတင်းနားထောင်တာပဲ။ သူ့ဝတ်စုံမှာ ဖောက်ထွင်းမြင်နိုင်တဲ့ ဖန်သားပြင်အသေးလေးနဲ့ အင်တာနက်၊ရေဒီယိုနဲ့တီဗွီလိုင်းတွေ ဖမ်းလို့ရအောင် လုပ်ထားပြီးပြီ။ နောက်ကျရင် မက်တယ်ပလာဒင်ရဲ့ဝတ်စုံလိုမျိုး ဉာဏ်ရည်တုပါထည့်ဖို့ စဥ်းစားထားပြီးသား။ လောလောဆယ်တော့ မနက်ပိုင်းသတင်းတွေ လွှင့်နေပြီ။ တိုက်တွေပေါ်မှာ ခုန်ကျော်ပြေးရင်း သတင်းတစ်ပုဒ်က မက်ဒါနာရဲ့စိတ်ကို ဆွဲဆောင်သွားတယ်။

"နယူးယောက်ရဲ့မြို့နယ်တွေအားလုံးလိုလိုမှာ စူပါဟီးရိုးနဲ့ရဲအဖွဲ့ဝင်တွေ အသတ်ခံရတဲ့ကိစ္စ ထူးထူးခြားခြားများပြားလာပါတယ်။ ဒီအမှုတွေက မြို့တော်ရဲ့လုံခြုံရေးကို ခြိမ်းခြောက်နေပြီးတော့။ တစ်စုံတစ်ယောက်က တမင်လုပ်နေတယ်လို့ ဟီးရိုးအစည်းအရုံးက သံသယရှိနေပါတယ်။ တရားခံဟာ စွမ်းအားမြင့်စူပါဗီလိန်တစ်ယောက်ဖြစ်နေနိုင်ပြီး ဟီးရိုးတွေနဲ့ဥပဒေဘက်တော်သားကို ပစ်မှတ်ထားတိုက်ခိုက်နေပုံပါပဲ။"

"ငါဒီကိစ္စကို လိုက်စုံစမ်းကြည့်ရင်ကောင်းမလား။" မက်ဒါနာက သူ့ကိုယ်သူ အားနည်းနေသေးမှန်း သိပါတယ်။ သူ့ဝတ်စုံက B- ဖြစ်ပေမဲ့ အားနည်းတဲ့အထဲပါပါတယ်။ B- တစ်ယောက်ရဲ့အခြေခံခွန်အား၊ အမြန်နှုန်း စတာတွေပဲရှိတာဖြစ်ပြီး မြူတန့်စွမ်းအားတွေတော့ ရှိမနေပါဘူး။ တစ်ခုတည်းသောလက်နက်အဖြစ် ဓားကြီးတစ်လက်သာရှိပြီး သူ့ရဲ့မြူတန့်အစွမ်းကလည်း တိုက်ခိုက်ရာမှာ အသုံးမဝင်သေးပါဘူး။ ရေခဲ၊ ဒါမှမဟုတ် လျှပ်စီးလိုမျိုး အီလက်ထောနစ်ပစ္စည်းတွေကို ကောင်းကောင်းကြီးဒုက္ခပေးနိုင်တဲ့ မြူတန့်အစွမ်းတွေရှိပါတယ်။ မီးကတော့ အပူခံကြောင့် အတိုင်းအတာတစ်ခုထိ အဆင်ပြေနေသေးပေမဲ့ လျှပ်စစ်နဲ့ရေခဲအတွက်တော့ မက်ဒါနာဘာမှမပြင်ဆင်ရသေးဘူး။

နောက်ဆုံးတော့ ခပ်သေးသေးမွှားမွှားအမှုတွေကိုပဲ အရင်ဖြေရှင်းဖို့ဆုံးဖြတ်လိုက်တယ်။ သူ့နည်းပညာကို ရောင်းလို့အဆင်ပြေပြီဆိုရင်တော့ ဝတ်စုံကိုအဆင့်မြှင့်ဖို့ ငွေရချင်ရလာမှာပါ။ ဒါဆိုရင်တော့ A အဆင့်ထိ ကြိုးစားမြှင့်ပြီး သောင်းကျန်းလို့ရပါပြီ။

"အာ...အာ... ဒါကတော့ သိပ်မဟုတ်တော့ဘူး။"

မက်ဒါနာကင်းလှည့်ရင်း လူပြတ်တဲ့ ဆိပ်ကမ်းတွေဖက်ကို ရောက်လာတယ်။ စွန့်ပစ်စက်ပစ္စည်းတွေထားတဲ့နေရာနဲ့နီးတယ်။ ဒါကြောင့် သူရောက်နေတဲ့ ကွန်တိန်နာတွေထားတဲ့နေရာကနေပြီး အကုန်လုံးကို အပေါ်စီးကနေ လှမ်းမြင်နေရတာပါ။

စွန့်ပစ်စက်ပစ္စည်းထားတဲ့ ခြံဝန်းထဲကို အနက်ရောင်ကားနှစ်စီးဝင်လာတယ်။ အဲဒီအပေါ်ကနေပြီး အနက်ရောင်ဝတ်စုံဝတ်ထားပြီး Maskအမည်းတပ်ထားတဲ့ လူတစ်ဒါဇင်လောက်ဆင်းလာပြီး အစောင့်ဦးလေးကြီးကို ဝိုင်းထားလိုက်တယ်။

အစောင့်ဦးလေးကြီး အခက်တွေ့နေပုံပဲ။ မက်ဒါနာလည်း ကူညီဖို့အတွက် ကွန်တိန်နာဘောက်တစ်ခုကနေတစ်ခုကို ခုန်ကူးတယ်။ ဒါပေမဲ့ မီတာငါးရာလောက် ဝေးနေသေးတယ်။ သူမရောက်ခင် ဦးလေးကြီးတစ်ခုခုဖြစ်သွားနိုင်တယ်။ ရုတ်တရက်ဆိုသလို ပေါ့ပါးတဲ့ပုံရိပ်တစ်ခုက သူ့ရှေ့ကနေ ဖြတ်သန်းသွားတယ်။ မက်ဒါနာကို ကျော်တက်သွားတာပါ။ အလျင်အမျိုးအစား မြူတန့်တစ်ယောက်ဖြစ်ပုံပဲ။

မက်ဒါနာရဲ့ဝတ်စုံမှာပါတဲ့ ကင်မရာက အဲဒီပုံရိပ်ကို ဖမ်းယူထားလိုက်နိုင်ပြီး အနှေးပြန်ပြတယ်။ ဒါက မက်ဒါနာထွင်ထားတဲ့ ဟီးရိုးအချက်ပြစနစ်ပါ။ ဖလေရာကိုရောင်းခဲ့တဲ့ နည်းပညာလည်းဖြစ်တယ်။ ဒါပေမဲ့ ဒီတစ်ခုက မက်ဒါနာကိုယ်တိုင် ပြန်Updateတင်ထားတာပါ။ စျေးကွက်ထဲက ဗားရှင်းတွေထက် ပိုပြီးကောင်းတယ်။

[အမည်မသိ အလျင်အမျိုးအစားမြူတန့်။

ခန့်မှန်းခြေအဆင့်- [C+] လက်ရှိဝတ်စုံ၏အလျင်ထက် ၂.၃ ဆပိုမြန်ပါသည်။ အမီလိုက်ရန်မဖြစ်နိုင်ပါ။]

မျက်နှာပြင်မှာတော့ ခရမ်းရောင်အသားကပ်ဝတ်စုံ၊ လိပ်ပြာပုံစံမျက်နှာဖုံးကို ဝတ်ဆင်ထားတဲ့ အမျိုးသမီးမြူတန့်တစ်ယောက်ကို ပြသထားပါတယ်။ မက်ဒါနာ နယူးယောက်ဟီးရိုးအစည်းအရုံးကို ဝင်ဟက်ပြီးရထားတဲ့ ဟီးရိုးစာရင်းထဲမှာ အဲဒီလိုဟီးရိုးမျိုးမပါတဲ့အတွက် အမည်မသိမြူတန့်လို့ အချက်ပြစနစ်ကပြနေတာပါ။ တခြားနယ်ကဟီးရိုး ဒါမှမဟုတ် မြေအောက်ကမ္ဘာက ဗီလိန်ဖြစ်နေနိုင်တယ်။ ရန်သူမိတ်ဆွေမသဲကွဲပါ။

မက်ဒါနာ အံ့ကြိတ်ထားလိုက်တယ်။ သူ့ဝတ်စုံက ဘက်စုံသုံးဝတ်စုံဖြစ်တာကြောင့် တစ်ဆင့်နိမ့်တဲ့ ကဏ္ဍတစ်ခုခုမှာ အထူးပြုစွမ်းအားရှိတဲ့ ဟီးရိုးတစ်ယောက်ယောက်က သူ့ထက်ပိုသာနေနိုင်ပါတယ်။ အကြောင်းကတော့ Cအဆင့် အလျင်အထူးပြုဟီးရိုးတွေက B အဆင့်က ပျှမ်းပျဟီးရိုးတွေထက် ပိုပြီးမြန်ပါတယ်။ B အဆင့်အလျင်ဟီးရိုးတွေထက် နှေးပေမဲ့ပေါ့။ ဒါကြောင့် မက်ဒါနာက အဆင့်မြင့်ရဲ့သားနဲ့ လိုက်မမီတာပါ။

အမည်မသိမြူတန့်က ခြံစောင့်ဦးလေးကြီးရှေ့မှာပေါ်လာတယ်။ အဲဒီနောက် သူနဲ့အတူပါလာတဲ့ သုံးဆစ်ချိုးတုတ်ကိုထုတ်ယူပြီး လူမိုက်လိုလိုဘာလိုလိုအုပ်စုကို ဝင်ချတယ်။ ကြည့်ရတာ သူ့လိုပဲ ကင်းလှည့်နေတဲ့ ဟီးရိုးတစ်ယောက်ဖြစ်နိုင်ပါတယ်။

မက်ဒါနာ ခဏလောက်စိတ်ထဲသက်သာရာရသွားပေမဲ့ နှစ်ကွက်မပြည့်ခင်မှာပဲ မျက်နှာပျက်သွားတယ်။ အကြောင်းက အလျင်အမျိုးအစားမြူတန့်ဟာ အဲဒီလူတွေကို အနိုင်မယူနိုင်လို့ပါ။ အခုသူက သုံးယောက်တစ်ယောက်အချခံနေရပြီး အရှုံးပေးရလုနီးနီးဖြစ်နေပြီ။

ဒါပေမဲ့ ကိစ္စတော့မရှိဘူး မက်ဒါနာရောက်လာပြီ။ ဧရာမဓားပြားကြီးကို ကျောပိုးထားတဲ့ ငွေရောင်စစ်သည်တော်ဟာ ကွန်တိန်နာပေါ်ကနေပြီး မြေပြင်ပေါ်ကို ခုန်ချလိုက်တယ်။ လေးလံတဲ့ချပ်ဝတ်ရဲ့အလေးချိန်ကြောင့် မြေပြင်တုန်ခါသွားပြီး ဖုန်မှုန့်တချို့တောင် ထသွားသေးတယ်။ လူမိုက်တွေကတော့ မြူတန့်ကိုရိုက်နေတာကိုရပ်လိုက်ပြီး အသစ်ရောက်လာတဲ့သူကို လှည့်ကြည့်လိုက်တယ်။

"ဟေး... ကောင်မလေး မင်းက C အဆင့်ဟီးရိုးဟုတ်ပါတယ်နော်။ ဘာလို့သာမန်လူလေး တစ်ဒါဇင်လောက်ကို မထိန်းနိုင်ရတာလဲ။"

C အဆင့်တစ်ယောက်အတွက်က D အဆင့်ငါးယောက်လောက်ကို အနိုင်ယူဖို့ မခက်ခဲပါဘူး။ သာမန်လူမိုက်တွေလောက်ဆို ပိုဆိုးတာပေါ့။ ဒီလူတွေက သူ့ကိုမြူတန့်အစွမ်းတောင်မသုံးဘဲ အနိုင်ယူခဲ့တာပါ။

မြူတန့်မိန်းကလေးကတော့ အသက်ကိုပြင်းပြင်းရှုရင်း သူ့ကိုပြောလိုက်တယ်။ မျက်နှာဖုံးက နှာခေါင်းအပေါ်ပိုင်းပဲဖုံးတာမလို့ နှုတ်ခမ်းကိုတော့ မြင်နေရတယ်။

"နောက်မှစကားပြော... သူတို့ကိုအရင်ချ။" အဲဒီနောက် သုံးဆစ်ချိုးတုတ်ကိုကိုင်ပြီး လူမိုက်တစ်ယောက်ကို သွားရိုက်တယ်။ လူမိုက်က သူ့လက်ထဲက ဘေ့ဘောတုတ်နဲ့ခုခံလိုက်ပြီး မြူတန့်ရဲ့ရင်ဘတ်ကို ဆောင့်ကန်လိုက်တဲ့အတွက် ပြန်လွင့်ထွက်လာတယ်။

'ဘာရယ်... ဒီမြူတန့်က တိုက်ရောတိုက်တတ်ရဲ့လား။ ဟီးရိုးမဟုတ်တဲ့ အပျော်တမ်းတစ်ယောက်များလား။' ဖြစ်တော့ဖြစ်နိုင်တယ်၊ နယူးယောက် အစည်းအရုံးမှာ ဒီလိုဝတ်စုံမျိုးနဲ့ ဟီးရိုးမရှိဘူး။ ဒါကြောင့် ဟီးရိုးကျောင်းတစ်ခုခုက အလုပ်သင်ဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ်ရင်တော့ ဟီးရိုးမဟုတ်တဲ့မြူတန့်က ဝတ်စုံဝတ်ပြီးရူးနေတာ။ မက်ဒါနာလိုပေါ့။

နောက်ဆုံးတော့ မက်ဒါနာတစ်ယောက်တည်းပဲ ဖြေရှင်းလိုက်ရတယ်။ ငွေရောင်သူရဲကောင်းဟာ ဓားတောင်ဆွဲမထုတ်လိုက်ရဘူး။ လက်ချည်းသက်သက်နဲ့ အနိုင်ယူခဲ့တာ။ သိပ်မကြာဘူး ရဲတွေရောက်လာပြီး ယာကူဇာလိုလိုဘာလိုလိုကောင်တွေကို ဖမ်းသွားကြတယ်။ ဒါပေမဲ့ လိပ်ပြာမျက်နှာဖုံးနဲ့မြူတန့်ဟာ ရဲတွေကိုထွက်မတွေ့ခဲ့ဘူး။ ဦးလေးကြီးတစ်ယောက်သာ ဖြေရှင်းခဲ့ပါတယ်။ ပြီးတော့ မက်ဒါနာကိုယ်တိုင်လည်း နားမလည်နိုင်စရာကိစ္စတွေအများကြီးရှိနေတယ်။

ပထမတစ်ချက်အနေနဲ့ ဒီယာကူဇာတွေက ဆပ်ကြေးလာကောက်တာ မဖြစ်နိုင်ဘူး။ ခြံစောင့်ဦးလေးကြီးက ဆင်းရဲတဲ့အပြင် စွန့်ပစ်ခြံဝန်းက သူပိုင်တာမဟုတ်သလို ဝင်ငွေရတဲ့နေရာမျိုးလည်းမဟုတ်ပါဘူး။ နိုင်ငံပိုင်နေရာတစ်ခုပါ။ ဒါကြောင့် ဆပ်ကြေးကောက်ဖို့လာတာ မဖြစ်နိုင်ဘူး။

ရန်ကြွေးရှိဖို့ကတော့ ပိုလို့တောင်ဝေးသွားပါပြီ။ ဦးလေးကြီးက သူတို့ကိုရန်စဖို့ဝေးစွ၊ အင်အားတောင်မရှိဘူး။ ဒါကြောင့် သူမသိတဲ့အကြောင်းတစ်ခုကြောင့် ဖြစ်ပါလိမ့်မယ်။ လိပ်ပြာမြူတန့်ဟာ မပြန်သေးဘဲ သူ့ကိုစောင့်နေပါတယ်။

"ဒီဦးလေးကတော့ နောက်ထပ်အလုပ်ပြောင်းလုပ်ရတော့မယ်ပုံပဲ။ ဆာကူရာဂိုဏ်းသားတွေ သူ့ကိုရှာတွေ့သွားပြန်ပြီ။"

"မင်းပြောတဲ့ပုံစံအရ သူ့ကိုသူတို့လာရန်ပြုတာ ပထမဆုံးအကြိမ်မဟုတ်သလိုပဲ။" မက်ဒါနာက စူပါဟီးရိုးဝတ်စုံဝတ်ထားတဲ့အခါတိုင်း ယောက်ျားလေးလိုပြုမူတယ်။

"သုံးနှစ်ရှိပြီ၊ ဒီသုံးနှစ်လုံး သူ့ကိုငါကာကွယ်ခဲ့တာ။"

"မင်းရဲ့ဟီးရိုးကုပ်က..."

"လေဒီဘတ်တာဖလိုင်း...."

"လေဒီဘတ်တာဖလိုင်း၊ မင်းက အမှုတစ်ခုနောက်ကို လိုက်နေတာထင်တယ်။ စိတ်မရှိရင် ပြောပြလို့ရမလား။" မက်ဒါနာကလည်း ဟန်ပါပါနဲ့ မေးကြည့်တယ်။ လေဒီဘတ်တာဖလိုင်းကတော့ သက်ပြင်းချလိုက်ပြီး

"ရှင်က ကောလာဟလတွေထဲက ငွေရောင်သူရဲကောင်းဆိုတော့ ယုံကြည်ရမယ်ထင်တာပဲ။ ဒါပေမဲ့ ကျွန်မမှာအချိန်အများကြီးမရှိဘူး။ ဒီတော့ ဒီလိပ်စာကတ်ထဲကလူကို သွားတွေ့လိုက်။ သူအကြောင်းစုံရှင်းပြလိမ့်မယ်။"

လေဒီဘတ်တာဖလိုင်းက အဖြူရောင်လိပ်စာကတ်တစ်ခုကို ပစ်ပေးတယ်။ အဲဒီနောက် နေရာကနေ ထွက်ခွာသွားတယ်။ မက်ဒါနာတစ်ယောက်သာ နေရာမှာတင် နားမလည်နိုင်စွာနဲ့ ကျန်ရစ်ခဲ့ပါတယ်။ လိပ်စာကတ်မှာရေးထားတာကတော့...

[ မာဂရက် ဆောရာ။ Fox ရုပ်သံလိုင်း။ ညနေခင်းသတင်းတင်ဆက်သူ။]

"ကြည့်ရတာ ဟီးရိုးတစ်ယောက်အနေနဲ့ ကင်းလှည့်တာထက်ပိုတဲ့ တာဝန်တွေကို လုပ်ရတော့မယ်ထင်တယ်။" ကြည့်ရတာ ဒီအမှုနောက်ကွယ်ကဇာတ်လမ်းတွေက စိတ်ဝင်စားစရာကောင်းမဲ့ပုံပဲ။

၂။

ကုမ္ပဏီကိုရောက်တော့ အချိန်တောင်နည်းနည်းနောက်ကျနေပြီ။ သောမတ် ကျန်းက သူ့ဆီကို တအားပြေးလာတယ်။

"ညီအစ်ကို... မင်းနည်းပညာကို ကုမ္ပဏီကဝယ်တဲ့စျေးအတိုင်းမရောင်းဘဲ ကြိုက်စျေးရမှရောင်းတော့မယ်ကြားတယ်။ မင်းတကယ်သတ္တိရှိတာပဲ။ အဲဒီလိုဖြစ်သင့်နေတာကြာပြီ။"

သေတ္တာအနက်ကိုဆွဲလာတဲ့ မင်းလွင်ကို သောမတ်က ချီးကျူးလိုက်တယ်။ ပြောရရင် ရုံးအဖွဲ့တစ်ခုလုံးက ချီးကျူးနေကြတာ။ အရင်နည်းပညာတွေကတည်းက မင်းလွင်ဟာ နာမည်ကြီးသင့်နေပါပြီ။ အခုတော့ သူရမယ့်အကြွေးတွေကိုပြန်ယူပါတော့မယ်။

"အခုအစည်းအဝေးစနေပြီ၊ မန်နေဂျာကြီးက မင်းကိုစောင့်နေတယ်။ ဘုတ်အဖွဲ့ဝင်တွေလည်း စုံနေပြီ။"

"ကောင်းပြီ၊ ငါသွားတော့မယ်။" ရုပ်ဖျက်ထားတဲ့ မင်းလွင်က သောမတ်ကိုနှုတ်ဆက်လိုက်ပြီး အစည်းအဝေးခန်းဆီကို ထွက်လာခဲ့ပါတယ်။ သောမတ်ကတော့ တစ်ယောက်တည်းရေရွတ်ပြီးကျန်ခဲ့တယ်။

"ငါပဲစိတ်ထင်လို့လားမသိဘူး၊ ဒီနေ့မင်းလွင်က အရင်ကထက် ပိုချောပြီး မိန်းကလေးဆန်နေသလိုပဲ။ အဲ...တင်ပါးတောင်ကိတ်နေလားလို့။"

မင်းလွင်:..... 'ရင်ဘတ်ကို တင်းတင်းစည်းထားလို့ရပေမဲ့ တင်ပါးကိုမှ စည်းလို့မရတာဟဲ့။ ပြီးတော့ ဒီမနက်ကိတ်လာတာ ရင်ဘတ်တင်မဟုတ်ဘူး။ တင်ပါးရောပဲ။ ဘုရားဘုရား...အနာဂတ်မှာ ငါအကိတ်မကြီးဖြစ်လာရင် ဘယ်လိုရုပ်ဖျက်မလဲ။' မင်းလွင်တော့ စိတ်ထဲမှာ ဗလောင်ဆူနေပါပြီ။

အစည်းအဝေးခန်းထဲရောက်တော့ မင်းလွင်ကို မစ္စတာရေဂင်ရဲ့ဖခင်ဖြစ်တဲ့ ဘုတ်အဖွဲ့ဒါရိုက်တာ မစ္စတာရေဂင်စီနီယာက အချိန်နောက်ကျတာနဲ့ပတ်သက်ပြီး ကောင်းကောင်းကြီးဆူပါတော့တယ်။ မင်းလွင်ကတော့ ခပ်တည်တည်ပါပဲ။ နားကိုမထောင်ဘူး။ နည်းပညာကို ကြိုက်စျေးရမှရောင်းမယ်ပြောတော့....

"မင်းကို ငါတို့က ပြုစုပျိုးထောင်ပေးလို့ ဒီနေ့လို တီထွင်နိုင်တာကွ။ ကျေးဇူးမကန်းနဲ့။"

"မသေရုံတမယ် လုပ်ခလစာလေးနဲ့ ဒေါ်လာသန်းချီတန်တဲ့နည်းပညာကို ကျောင်းလခပဲပေးတာ ခင်ဗျားတို့ကျေးဇူးလား။ မှတ်သားလောက်ပါပေတယ်။ နယူးယောက်လေဘာရုံးကို တိုင်ရတော့မယ်ထင်ပါရဲ့။" မင်းလွင်ရဲ့ခပ်အေးအေးစကားအရ တကယ်လုပ်တော့မယ့်လေသံ ပေါ်နေပါတယ်။ ရေဂင်စီနီယာလည်း နည်းနည်းလန့်သွားတယ်။ မင်းလွင်ကတော့ ထပ်ပြီးတင်းတင်းပြောတာပေါ့။

"ခင်ဗျားတို့မဝယ်ရင်၊ ဝယ်တဲ့လူဆီသွားမယ်။ Teslaက အိမ်သုံးစက်ရုပ်တွေပဲထုတ်ပေမဲ့ ဟီးရိုးအထောက်အကူပြုလုပ်ငန်းတွေလည်း လုပ်ချင်လုပ်မှာပဲ။ သူတို့ကိုသွားရောင်းမယ်...."

"ဟေး...မင်းက ငါတို့နည်းပညာကိုခိုးပြီး တခြားသူဆီ သွားရောင်းချင်တာလား။"

"ဟမ်...ဘယ်တုန်းက ဒီချပ်ဝတ်နည်းပညာက ခင်ဗျားတို့ဟာဖြစ်သွားပါလိမ့်မယ်။"

မင်းလွင်က အနက်ရောင်သေတ္တာကိုဖွင့်လိုက်တယ်။ တစ်ဆင့်နိမ့်တဲ့ C အဆင့် ဟီးရိုးဝတ်စုံလက်အိတ်က သူ့လက်မောင်းမှာ ဝတ်ပြီးသားဖြစ်သွားပြီ။ ဒီဝတ်စုံက မက်တယ်ပလာဒင်ဝတ်စုံကို အခြေခံထားပေမဲ့ နည်းပညာခိုးတယ်ပြောရအောင် အဝေးကြီးပါ။ မက်ဒါနာရဲ့နည်းပညာနဲ့ဆိုရင် လုံလောက်တဲ့အရင်းအမြစ်သာရှိရင် Sအဆင့်ဝတ်စုံကိုတောင် လုပ်နိုင်လောက်ပါတယ်။ A- အဆင့်ဟာ နည်းပညာအရ သိမ်နုပ်နေသေးတယ်။ အခုမက်ဒါနာက နည်းနည်းလေးမှ သေးသေးတင်ခံမှာမဟုတ်ဘူး။ နောက်ဆုံးတော့ ဘုတ်အဖွဲ့ဝင်တွေ လက်လျှော့ကုန်တယ်။

စီနီယာရေဂင်က ပြောလိုက်တယ်။

"ကောင်လေး စစချင်း ငွေလုံးငွေရင်း ဒေါ်လာတစ်သန်းပေးမယ်ကွာ။ ရောင်းအားအပေါ်မူတည်ပြီး ဝတ်စုံတိုင်းရဲ့အမြတ် 3% ကိုမင်းရမယ်။"

"ဒေါ်လာ သန်းတစ်ရာ့နှစ်ဆယ်။ အမြတ် 15% မှမရရင် မရောင်းဘူး။"

"မင်း...." ဒီဝတ်စုံက ခေတ်ကိုလုံးဝပြောင်းလဲသွားစေနိုင်မှန်း မက်ဒါနာသိပါတယ်။ ဒေါ်လာတစ်သန်းက ဖင်လှည့်ခေါင်းလှည့်နဲ့ ကုန်သွားမှာလေ။ ဒါခေါင်းပုံဖြတ်တာပဲ။ အခုစျေးက ဖလေရာကို အများကြီးထည့်စဥ်းစားပြီးမှ ပြောခဲ့တာပါ။

ခဏနေတော့ ဖလေရာက ဘုတ်အဖွဲ့ဝင်တွေကိုကြည့်ပြီး မတ်တပ်ရပ်လိုက်တယ်။ အဲဒီနောက် တည်ကြည်တဲ့လေသံနဲ့ ပြောလိုက်ပါပြီ။

"အစည်းအဝေးခဏနားမယ်။ မင်းလွင် ငါနဲ့လိုက်ခဲ့။"

မင်းလွင်ဟာ မန်နေဂျာဖလေရာရဲ့အခန်းထဲကို ရောက်တစ်ကြိမ်ရောက်လာပြန်တယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ ဖလေရာက ခုံမှာထိုင်မနေတော့ဘူး။ ပြတင်းပေါက်ကနေ အပြင်ကရှုခင်းတွေကိုသာ မွန်းကျပ်စွာကြည့်နေလေရဲ့။

"မင်းလွင်... မင်းတောင်းတာက တန်ရာတန်ကြေးဆိုတာ ငါသိပါတယ်။ မင်းနေရာမှာ ငါသာဆိုရင်လည်း ဒေါ်လာသန်းရာကျော် တောင်းမိမှာပဲ။ အဲဒီဝတ်စုံဝထုတ်ပြီဆိုတာနဲ့ ရဲနဲ့စစ်ဖက်ဆိုင်ရာလုပ်ငန်းအားလုံးက အသည်းအသန်ဝယ်ကြမှာ။ Cအဆင့်က အင်အားမကြီးပေမဲ့ Cအဆင့်အများကြီးဆိုရင်တော့ တိုင်းပြည်ရဲ့စစ်တပ်တစ်ခုအဖြစ်ပြုလုပ်ဖို့ လုံလောက်သွားပြီ။ အနာဂတ်မှာ စစ်သည်တိုင်း အဲဒီဝတ်စုံတွေနဲ့တိုက်ခိုက်နေလောက်တယ်။"

"ဒါဆို ကျွန်တော်တောင်းတဲ့စျေးကို ပေးမှာလား။"

ဖလေရာက သက်ပြင်းချလိုက်ပြန်တယ်။ သူက စားပွဲပေါ်မှာရှိတဲ့ ဘဏ္ဍာရေးစာရင်းဇယားတွေကိုကြည့်ရင်း....

"မင်းလွင် ငါတို့ကုမ္ပဏီက အကြွေးထဲနစ်နေပြီ။ ဘဏ်တွေကနေချေးထားတဲ့ အကြွေးသန်းငါးရာကျော်ကို နောက်တစ်နှစ်မှာပြန်မဆပ်ရနိုင်ရင် ငါတို့လုံးဝဒေဝါလီခံရလိမ့်မယ်။"

"ဒါဆို ဝယ်ဖို့မတတ်နိုင်ဘူးပေါ့။" မင်းလွင်က ချက်ချင်းလှည့်ထွက်သွားဖို့လုပ်တယ်။ ဖလေရာက သူ့လက်ကို လှမ်းဆွဲထားတယ်။ မင်းလွင်တကယ်ဒေါသထွက်နေပါပြီ။ ဒီအမျိုးသမီးက သူ့ကိုဆွဲဆောင်ချင်တာလား၊ မြူဆွယ်ချင်တာလား။ အသုံးချဖို့ကြိုးစားနေတာလား။ အတင်းလုပ်နေသလိုပဲ။

"ကျေးဇူးပြုပြီးတော့... ငါတောင်းပန်ပါတယ်။" သူတို့မန်နေဂျာက အခုဆိုရင် ဒူးဖက်တောင်းပန်မတတ်ဘဲ။ မင်းလွင်လည်း နည်းနည်းတော့သနားသွားတယ်။

"မန်နေဂျာ...အသက်သုံးဆယ်ပြည့်ခါနီး အမျိုးသမီးတစ်ယောက်အနေနဲ့ အကြွေးတွေပတ်လည်ဝိုင်းနေတဲ့အပြင် အမှိုက်လိုလူတွေပြည့်နေတဲ့ကုမ္ပဏီကို ပစ်ထားပြီးတော့ တခြားတစ်နေရာရာမှာ မိသားစုဘဝလေးတည်ထောင်သင့်နေပြီ။" အင်းလေ၊ ဖလေရာလည်း ငယ်တော့တာမှမဟုတ်တာ။ နောက်မျိုးဆက်သစ်လေးတွေမွေးပေးဖို့ အချိန်တန်နေပြီ။ ဒီစကားကြောင့် ဖလေရာမျက်နှာလေး ရဲတက်သွားတယ်။ ရှက်တာနဲ့စိတ်ကူးယဥ်တာပါ ရောနေတဲ့ပုံပဲ။ ခဏနေတော့ စိတ်ဆိုးသွားပြီး မက်ဒါနာရဲ့ခွကြားကိုကန်လိုက်တယ်။

"အောင့်...." ကန်တဲ့အားက တော်တော်ပြင်းတယ်။ ပြဿနာက ညီလေးမရှိတဲ့အတွက် ထင်သလောက် မပြင်းထန်ဘူး။ နည်းနည်းအောင့်တာပဲရှိတယ်။ ပြဿနာကတော့....

'သေစမ်း... အကုန်ပေါ်ပြီဟ။' မက်ဒါနာမှာ ညီလေးမရှိတော့တဲ့အကြောင်း ဖလေရာသိသွားပြီ။

"မင်း...မင်းလွင်... နင်က မိန်းကလေးလား။"

"ဟုတ်တယ်လေ... မန်နေဂျာမသိဘူးလား။" ဘယ်တတ်နိုင်မလဲ ချော်လဲရောထိုင်။ အစကတည်းက မိန်းကလေးပါဆိုပြီးလုပ်မှပဲ။ မဟုတ်ရင် ယောက်ျားလေးကနေ မိန်းကလေးဖြစ်သွားတဲ့အကြောင်း ရှင်းပြနေရလိမ့်မယ်။

"ဒါပေမဲ့ နင့်မှတ်ပုံတင်နဲ့အချက်အလက်အားလုံးက ယောက်ျားလေးလို့ရေးထားတာလေ။"

"ဆူဗာနာရဲ့သူကောင်းမျိုးတစ်ယောက်အနေနဲ့ လျှို့ဝှက်ရေးကိုထိန်းသိမ်းဖို့ဆိုပြီး အမေကယောက်ျားလေးဟန်ဆောင်ခိုင်းထားလို့။"

"......" မန်နေဂျာကတော့ လက်ပိုက်ထားပြီးတော့ မက်ဒါနာကိုကြည့်နေပြီ။ မသိရင် ထရိုက်တော့မယ့်မျက်နှာနဲ့။

"သမီးက ကိုကိုမင်းလွင်ရဲ့ညီမလေး မက်ဒါနာပါ။ သမီးကိုကို အိမ်ပြန်သွားတုန်း ဝင်ဟန်ဆောင်နေတာ။" မန်နေဂျာ သက်ပြင်းချလိုက်ပြီး သူ့ကိုဆက်စိုက်ကြည့်နေတယ်။ ယုံပုံမရဘူး။ ဘယ်ယုံမလဲ။ ဒီအကွက်မျိုးကို မြင်းဇောင်းအိမ်ရာထဲက အူကြောင်ကြားအစ်မကြီးတွေပဲယုံမှာ။

"ဟုတ်ပြီ...ဟုတ်ပြီ... ကျွန်တော်အရှုံးပေးပါတယ်။ အရင်တစ်ပတ်က ယိုးဒယားသွားပြီး ညီလေးဖြုတ်ပစ်လိုက်တာ။"

"ဒါမှယုံချင်စရာကောင်းဦးမယ်... ဒါပေမဲ့အလိမ်မှန်းအသိသာကြီး။ နင့်ညီလေးကိုဖြုတ်ပြီး ဆီလီကွန်ရင်သားတွေ ထည့်ထားလို့ရချင်ရမယ် လည်စေ့က ဘယ်ရောက်သွားတာလဲဟဲ့။ အဲဒီအသားအရေအတွက်ကရော ဘယ်တုန်းက ဖယောင်းလိုချောမွေ့အောင်လုပ်တဲ့နည်းပညာ ပေါ်လာတာလဲ။"

'သွားပြီ...အကြီးကြီးကိုသွားတာ။ မန်နေဂျာအစ်မကြီးရှေ့မှာ ဘာမှလိမ်လို့မရဘူးပဲ။ ငါကိုက သူ့ဒေါသကိုဆွမိတာ။' မက်ဒါနာကတော့ နောင်တတွေရနေပြီ။

"ယုံချင်ယုံမယုံချင်နေ အမေနေခိုင်းလို ယောက်ျားလေးလိုနေရတာဗျာ။ အစကတည်းက ညီလေးမရှိဘူး။ ကျွန်တော်ကိုက မိန်းကလေးမှန်းသတိမရတော့တာ။"

ဖလေရာကတော့ မက်ဒါနာကို ဆက်ငြင်းမနေတော့ဘူး။ သိလည်းမသိချင်တော့ပုံပဲ။ နောက်တော့ ဖလေရာက သူ့နှုတ်ခမ်းကို လက်ဖဝါးနဲ့ထိလိုက်ရင်း

"ဘုရားရေ၊ ဒါဆိုဟိုတစ်နေ့က ငါမိန်းကလေးတစ်ယောက်ကို နမ်းခဲ့မိတာပေါ့။" မက်ဒါနာကတော့

"ပြီးတော့ ကျွန်တော့်ရဲ့ပထမဆုံးအနမ်းကြီး။" 'နှမျောစရာကောင်းလိုက်တာ။ ငါ့အနမ်းကို ပြုစားတတ်တဲ့ စုန်းအိုမကြီးဆီ ပေးခဲ့ရတယ်လို့။'

ဖလေရာက ကြောင်တစ်ကောင်လိုခြေလှမ်းနဲ့ မက်နာဒါအနားကပ်လာတယ်။ မျက်နှာမှာတော့ ရက်စက်တော့မယ့်အပြုံးလေးနဲ့။

"ဒါဖြင့်ညီမလေးမင်းလွင်... တို့တွေအပေးအယူလုပ်ကြမယ်လေ..."

"ဟုတ်မမ၊ ဘာအပေးအယူလဲ။"

"တကယ်လို့ တစ်လောကလုံး နင်မိန်းကလေးဖြစ်ကြောင်း မသိစေချင်ရင် ငါ့ကိုနင့်နည်းပညာရောင်း။"

"အ...အွန်း....ဒါပေမဲ့ သန်းတစ်ရာအထိပဲစျေးလျှော့ပေးမယ်။ အမြတ်ငွေကတော့ 15%ပဲ။" 'ရက်စက်လိုက်တာ...နောက်ဆိုဒီစုန်းမကြီးရန်ကနေ ဝေးဝေးရှောင်မှ။'

"ညီမလေးကလည်း မဆိုးရဘူးလေ...."

"သန်း...သန်းရှစ်ဆယ်...ဆယ့်ငါးရာခိုင်နှုန်း။"

"ဟွန်း...."

"သန်း...သန်းခြောက်ဆယ်... ငွေမရှိရင် သုံးခါခွဲပေးနိုင်တယ်။ အမြတ်ကတော့ ဆယ်ရာခိုင်နှုန်းပဲပေး။"

"ဒီလိုမှပေါ့။" ဖလေရာက မက်ဒါနာကို သမင်လည်ပြန်ကြည့်ရင်း အခန်းထဲကထွက်သွားတယ်။ မက်ဒါနာကတော့ စိတ်ပင်ပန်းလွန်းလို့ ဒူးထောက်လျက်သားကျသွားပြီ။

"သေတာပဲကွာ...ဒါပေမဲ့ သန်းခြောက်ဆယ်လည်း မဆိုးပါဘူး။"

ဒါပေမဲ့ ခဏနေတော့ တံခါးပြန်ပွင့်သွားပြီး ဖလေရာက ခေါင်းပြူကြည့်ရင်းပြောလိုက်တယ်။

"ဒါပေမဲ့ ညီမလေးမင်းလွင်ပြောတဲ့ ကုမ္ပဏီကိုထားပြီး နှစ်ယောက်အတူနေမယ်ဆိုတဲ့ကိစ္စတော့ မမစဥ်းစားလိုက်ဦးမယ်နော်။ ကွန်ဒိုမှာအတူနေမလား၊ ဗီလာနဲ့လား။"

'ချီးထဲမှ ဘယ်သူက နင်နဲ့နေမယ်ပြောလို့လဲ။ ရည်းစားမရှိ အသက်သုံးဆယ် အပျိုကြီးရဲ့။' ဒါပေါ့၊ အသံထွက်ပြီးတော့ သူဘယ်ပြောရဲမလဲ။ ရထားတဲ့သဘောတူညီချက်လေး ပျက်စီးသွားမှာစိုးလို့။

တံခါးထပ်ပိတ်သွားတယ်။ ဒီတစ်ခါတော့ နောက်တစ်ခါ ထပ်မပွင့်တော့ဘူး။

၅။

ဖလေရာက ဒီတစ်ခေါက်တော့ ကိုယ်တိုင်ကားမောင်းပြီး ပြန်ပို့ပေးတယ်။ လမ်းတစ်လျှောက်လုံးလည်း ချပ်ဝတ်ဝတ်စုံက အလားအလာကောင်းကြောင်းတွေချည်း ပြောခဲ့တယ်။

"ဒီဝတ်စုံနဲ့ဆိုရင် ကုမ္ပဏီရဲ့အကြွေးတွေကို ဆပ်နိုင်တဲ့အပြင် အမြတ်တွေအများကြီးရဦးမှာ။"

ဒါပေမဲ့ မက်ဒါနာကတော့ အကောင်းမမြင်ဘူး။ ဟိုလူကြီးတွေရှိနေသမျှ ကာလပတ်လုံးတော့ မက်တယ်ပလာဒင်လုပ်ငန်းစုဟာ သေခါနီးဖုတ်ဝင်သလိုပဲ ဖြစ်နေဦးမှာပဲ။

"အစ်မဖလေရာ၊ အဲဒီလူကြီးတွေကို ပထုတ်မပစ်နိုင်မချင်းတော့ ပလာဒင်လုပ်ငန်းစုက နောက်တစ် ခါဒီလိုမျိုး ထပ်ကြုံနေရဦးမှာပဲ။ ကျွန်မအကြံပေးသလိုမျိုး လက်လွှတ်လိုက်ပါလား။ တစ်ခါတလေဆုပ်ကိုင်ထားတာထက် လွှတ်ချလိုက်တာက ပိုကောင်းတယ်လေ။"

ဖလေရာက အမျိုးသမီးတွေအားလုံးအတွက် စံပြလို့ဆိုထိုက်တယ်။ သိပ်လှတယ်၊ အရည်အ ချင်းလည်းကောင်းတယ်။ မျှော်လင့်ချက်မရှိတဲ့ ကုမ္ပဏီကိုဆက်လုပ်နေမယ့်အစား ဘဝကိုယ်ပဲ ဆက်သွားသင့်နေပြီ။ မိန်းကလေးတွေအတွက်က အရွယ်ဆိုတာ အရေးကြီးပါတယ်။

"အင်း...ငါသိပါတယ်။ ဒါပေမဲ့ အဲဒါကငါ့အဖိုးရဲ့ကုမ္ပဏီလေ။ ငါ့အဖိုးချန်ထားခဲ့တဲ့ အမှတ်တရတွေအများကြီးရှိတယ်။" ဖလေရာက ကားမီးပွိုင့်စိမ်းနေရာကို ရုတ်တရက်ရပ်လိုက်တဲ့အတွက် နောက်ကကားတွေ ဘရိတ်အုပ်လိုက်ရပြီး ကမောက်ကမတွေဖြစ်ကုန်တယ်။ နဂိုကတည်းက ယာဥ်ကြောကျပ်တဲ့လမ်းမလို့ အမြန်မောင်းနေတာမျိုးမရှိတဲ့အတွက် အန္တရာယ်မရှိခဲ့ဘူး။ နောက်ကားတွေကတော့ ဟွန်းရှည်တီးကုန်ပြီ။

"မက်ဒါနာ၊ နင့်မှာရော အဲဒီလိုအရာမျိုးရှိလား။"

မက်ဒါနာခေါင်းယမ်းလိုက်တယ်။ သူ့မှာအဲဒီလိုအရာမျိုးမရှိဘူးရယ်။ ဦးလေးက ဆုဗာနာနိုင်ငံကိုကာကွယ်ခဲ့လို့ မက်ဒါနာအနေနဲ့ဆုဗာနာနိုင်ငံရဲ့သူရဲကောင်း ဖြစ်လာသင့်တယ်ဆိုတာမျိုးလား။ ဒါပေမဲ့ မင်းလွင်က မွေးပြီးကတည်းက တစ်ခါမှ ဆူဗာနာကို မြင်ဖူးသေးတာမဟုတ်ဘူး။ သူသိတာက တိုင်းပြည်ကြီးသုံးခုအလယ်က ဖွံဖြိုးဆဲတိုင်းပြည်ငယ်လေးတစ်ခုအနေနဲ့ပါ။ သူကောင်းမျိုးဆိုတာကလည်း ပါးစပ်ထဲတွေ့ကရာလျှောက်ပြောနေတာ။ သူသေချာသိတာမဟုတ်ဘူးရယ်။

"ဒါပေမဲ့... နင်ပြောတာကိုတော့ ငါသေချာစဥ်းစားကြည့်ပါဦးမယ် မက်ဒါနာ။ ငါတို့နှစ်ယောက်အတူနေမယ်ဆိုရင် အိမ်ဆိုင်လေးဖွင့်ကြမယ်လေ။ ကစားစရာလေးတွေရောင်းမယ်။ မုန့်နည်းနည်းလဲပါတာပေါ့။ နေဖို့နေရာကတော့ တောဆန်တဲ့ ဖလော်ရီဒါလိုနေရာမျိုးကို ရွေးမိလိမ့်မယ်ထင်တယ်။ အတူတူနေဝင်တာကိုကြည့်ရင်း အိုမင်းကြမယ်။"

'ဟယ်... ဒီအစ်မကြီးက တကယ်ကြီး ငါနဲ့အတူနေဖို့ စဥ်းစားနေတာဟ။' မက်ဒါနာတော့ အစိုးရိမ်လွန်နေပြီ။ ဒီကွေးနေတဲ့အစ်မကြီးက သူ့ကိုကားတင်ပြေးပြီး အမှောင်ခန်းလေးထဲမှာ ဖမ်းထားရင် ဘယ်လိုလုပ်မလဲ။

"ကျွန်မပြောတာက မန်နေဂျာအနေနဲ့ ကိုယ်ပိုင်ဘဝလေးစဖို့သင့်ပြီလို့ပြောတာ။ ရှင်နဲ့အတူနေမယ်လို့ပြောတာမဟုတ်ဘူး။"

"အင်းလေ၊ ငါကလည်း ကိုယ်ပိုင်ဘဝလေးစဖို့အစီအစဥ်ကို ပြောပြနေတာ။"

"ဟား... ကျွန်မတို့က မိန်းမချင်းလေလို့။"

"ဒီခေတ်ထဲမှာ မိန်းကလေးချင်းလက်ထပ်ထားတဲ့ စုံတွဲတွေအများကြီး။ ဟီးရိုးတွေထဲမှာတောင်ရှိသေးတယ်။ MightlyWomanဆိုရင် မိန်းမယူထားတာလေ။"

"ဒါပေမဲ့ ကျွန်မက ဘာကိစ္စရှင့်ကိုယူရမှာလဲ။

ကျွန်မထက် ဆယ်နှစ်လောက်ကြီးတဲ့အပြင် ကျွန်မကိုလည်း ခဏခဏအသုံးချသေးတယ်။ မျက်စိကန်းနေရင်တောင် ရှင့်ကိုမယူဘူး။"

မက်ဒါနာက နှာမှုတ်လိုက်တယ်။ ကားကတော့ ဆက်သွားနေပြီ။ စကားနိုင်လုတာတော့ ဆက်လုပ်နေရတုန်းပဲ။ ဖလေရာကချောပေမဲ့ သူကကွေးမှမနေတာ။ အိန်း...ယောက်ျားလေးဘဝကနေ မိန်းကလေးဖြစ်သွားသူအတွက် မိန်းကလေးတစ်ယောက်နဲ့ရည်းစားဖြစ်လိုက်တာ ဆိုးတော့မဆိုးဘူး။ ဒါပေမဲ့ ဒီစုန်းမကြီးကတော့ လက်တွဲဖော်မဖြစ်သင့်ဆုံးလူတွေထဲမှာ ထိပ်ဆုံးကပဲ။

နေ့စဥ်ခန္ဓာကိုယ်တစ်ခုပြီးတစ်ခုပြောင်းနေတဲ့ ဟိုကြောင်တောင်တောင်ဆိုဖီယာကိုသာ ယူရင်ယူလိုက်မယ်။ ဖလေရာကတော့ သူ့စာရင်းထဲမပါဘူး။ 'နေဦး၊ အခုလိုပြောတာ ငါဆိုဖီယာကိုကြိုက်လို့မဟုတ်ဘူးနော်။'

"ညီမလေးမက်ဒါနာ၊ အစ်မကတိပေးတယ်။ အခုကနေစပြီး ညီမလေးကို အစ်မဘယ်တော့မှ အသုံးမချတော့ဘူး။"

"နောက်ကျသွားပြီ...."

"...."

"ဒါနဲ့နေပါဦး၊ ရှင်က ဘယ်ကနေဘယ်လို အဲဒီလိုကိစ္စတွေ လျှောက်တွေးနေတာလဲ။ နောက်နေတာလား၊ ဒါမှမဟုတ် ရှင့်ရဲ့နောက်အစီအစဥ်အတွက် အသုံးချဖို့ဉာဏ်ဆင်နေတာလား။"

ဉာဏ်ဆင်နေတာတော့ အဖြစ်နိုင်ဆုံးပဲ။ ဟိုသတို့သားလောင်းကောင် သူ့ကိုကွေးနေတယ်ထင်ပြီး နောက်ဆုတ်သွားအောင်လုပ်တာတို့ ဘာတို့ပေါ့။

"အဲဒီညက ငါနင့်ကိုအနမ်းပေးလိုက်တာ ငါ့ရဲ့ပထမဆုံးအနမ်းပဲ။ နင့်ရဲ့ပထမဆုံးအနမ်းကို ခိုးယူမိလို့ စိတ်မကောင်းပေမဲ့ နင်ပြန်ရတာလည်း ငါ့ရဲ့ပထမဆုံးအနမ်းပဲလေ။"

"ဟမ်... ဒီအရွယ်ထိ သူများကိုမနမ်းဖူးဘူးတဲ့လား။" 'အံ့ဩစရာကြီးကြည့်စမ်း။ ဒီအစ်မကြီးက တကယ်ကြီး ရည်းစားမရှိ အထီးကျန်အပျိုကြီးမမပဲ။ အခုလည်း ကောင်လေးမလိုချင်တာနဲ့ ငါ့ကိုကောင်မလေးတော်ဖို့လုပ်နေတာပဲ။ အကြံပက်စက်လိုက်တာ။

ဒီလိုနဲ့အိမ်ပြန်ရောက်လာတယ်။ မက်ဒါနာလေးဒီညလည်း အိပ်မပျော်ခဲ့ဘူးရယ်။ မနက်နိုးလာတော့ အရင်ရက်ကလိုပဲ ထပ်အော်ရပြန်ရော။

"အား....." ထပ်ကြီးလာပြန်ပြီ။ ဒီတစ်ခါတော့ အုန်းသီးလောက်ကိုဖြစ်နေပြီး တင်ပါးကလည်း တအားကိတ်နေပြီ။ ယောက်ျားလေးလိုဝတ်ရင်တောင် လုံးဝမိန်းကလေးလိုပဲပေါက်နေတော့မှာ။ ညှပ်ထားတဲ့ ဆံပင်တွေလည်း ပြန်ရှည်နေပြီ။ မိန်းကလေးဆန်တဲ့အော်ရာတွေက တစ်ခန်းလုံးဖြာထွက်နေပြီး မက်ဒါနာဟာ မြင်သူမူးမေ့ချင်စရာအလှလေး ပိုဖြစ်သွားပြီ။ ခါတိုင်းလိုပဲ အိုလီဗာတို့တွေ ပြောင်းဆန်ကုန်တယ်။ အခုဆိုရင် မက်ဒါနာရဲ့ဟာက အိုလီဗာနဲ့အတူတူလောက်ဖြစ်နေပြီ။ တကယ်အံ့ဩစရာကြီး၊ နှစ်ရက်အတွင်းလိုက်မီသွားလို့ အိုလီဗာတောင် မနာလိုဖြစ်နေတယ်။ သူ့ကိုအိမ်ရာတစ်ခုလုံးကလူတွေက တင်လုံးလုံးရင်လုံးလုံး မြူတန့်အစွမ်းရှိတယ်လို့ အကုန်ထင်နေကြပြီ။ ဘယ်လိုမှငြင်းလို့လည်းမရဘူး

အဖြေရှာမရတဲ့အဆုံးတော့ မက်ဒါနာဟာ ဆိုဖီယာကို နောက်တစ်ခါသွားတွေ့ဖို့ ဆုံးဖြတ်လိုက်တယ်။

...

"နားလည်ပြီ၊ ယောက်ျားလေးလို ဟန်ဆောင်ပြီးဝတ်တဲ့နေ့တွေမှာပဲ ပိုပိုပြီးကိတ်လာတာမဟုတ်လား။ ၄၊၅ရက်လောက် ယောက်ျားလေးလိုမဝတ်ဘဲနေလိုက်။ ပြန်သေးသွားလိမ့်မယ်။"

မျက်လုံးစိမ်းတွေနဲ့ဂျာမန်သူလေးကတော့ ဆိုဖာပေါ်မှာ ခြေချိတ်ထိုင်ရင်း ဘလက်ကော်ဖီသောက်နေတယ်။ ဒီနေ့တော့ အရင်နေ့တုန်းက ဂျာမန်သူပဲ။ ထပ်မပြောင်းသွားသေးဘူး။ ဆိုလိုတာက ခုရက်ပိုင်းအတွင်း ဆိုဖီယာထပ်မသေသေးဘူးဆိုတာပဲ။ ဒါပေမဲ့ ပြဿနာက...

"အယ်...ဒါဆိုဘွင်ဘွင်တွေကြီးလာတာက ယောက်ျားလေးလို ဟန်ဆောင်မိလို့ပေါ့။" မက်ဒါနာ ယုံကိုမယုံနိုင်တော့ဘူး။ သူ့အတွက်ချပေးထားတဲ့ ဘလက်ကော်ဖီထဲကို ယောင်ပြီးတော့ သကြားအထည့်လွန်သွားလို့ ဟိုမျက်နှာရူးဘဏ္ဍာစိုးလယ်ရီဆီကနေ ခွက်အသစ်ထပ်တောင်းရတယ်။

မက်ဒါနာက ဒီနေ့ပေါ့ပေါ့ပါးပါး အဖြူရောင်ဂါဝန်လေးဝတ်ထားတယ်။ ဖွေးဖွေးဥဥအသားအရေနဲ့

အဖြူရောင်ဆံပင်တွေရှိသူအနေနဲ့ အဖြူနဲ့အပြာအနားဂါဝန်က တကယ်ကိုလိုက်ဖက်လွန်းပါတယ်။ ဆိုဖီယာကတော့ ဂျင်းရှပ်အင်္ကျီနဲ့ဂျင်းဘောင်းဘီကိုဝတ်ထားတာ။ မသိရင် ဆိုင်ကယ်ဂိုဏ်းစတားလို့တောင်ထင်ရတယ်။ သူက မက်ဒါနာကို ရှင်းပြပါတယ်။

"ငါတို့ရဲ့မြူတန့်အစွမ်းတွေက ငါတို့ခန္ဓာကိုယ်ထဲက ဆဲလ်ပြောင်းလဲမှုကြောင့် ဖြစ်လာတာလေ။ ဒါကြောင့် သန္ဓေပြောင်းဆဲလ်တွေမှာ ငါတို့မသိနိုင်တဲ့ အားနည်းချက်နဲ့ထူးခြားဖြစ်စဥ်တွေ ရှိနေနိုင်တယ်။"

"စူပါမန်းနဲ့ခရစ်ပတွန်လိုလား။"

"အတိအကျပဲ။" ဂျာမန်သူလေးက လက်ဖျောက် တီးလိုက်ပြီး မက်ဒါနာရဲ့သံသယတွေကို အတည် ပြုပေးလိုက်တယ်။

"ဒါပေမဲ့ ငါ့စူပါဝတ်စုံဝတ်တုန်းကတော့ ကြီးမလာပါ့လား။"

"နင့်ရဲ့စူပါဝတ်စုံက စက်ပစ္စည်းတစ်ခုလေ။ အဲဒါကိုဝတ်ထားတာက နင့်ရဲ့သန္ဓေပြောင်းဆဲလ်တွေအပေါ် သက်ရောက်မှုမရှိဘူး။"

"ဟူး...." မက်ဒါနာလေး သက်ပြင်းချလိုက်တယ်။ တကယ်လို့ သူ့ဝတ်စုံကိုပါ လိုက်ပြောင်းရမယ်ဆိုရင်တော့ တကယ်တိုင်ပတ်ပြီ။ မြို့တော်ရဲ့အချစ်တော် SilverKnightက ရုတ်တရက်ကြီး SilverValkyrieအဖြစ် ပြောင်းသွားမယ်ဆိုရင် လူတွေအားလုံး တစ်မျိုးထင်ကုန်မှာ။

"ဟဲ့...နင်သိပြီးပြီလား၊ SilverKnightကြီး ကွေးသွားပြီတဲ့။" ဆိုစကားလုံးတွေ တစ်မြို့လုံးပြန့်သွားလိမ့်မယ်။ မက်ဒါနာအနေနဲ့ လူကိုသာကွေးချင်အကွေးခံမယ်၊ နာမည်တော့ အကွေးမခံနိုင်ဘူး။

မက်ဒါနာဟာ နေ့တိုင်းထက်မြက်တက်ကြွတဲ့ ကောင်မလေးတစ်ယောက်အနေနဲ့ပဲ ဝတ်စားနေထိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။ ရုံးကကိစ္စတွေပြီးပြီမလို့ အလုပ်တက်စရာမလိုတော့ပါဘူး။ ဖလေရာက သူ့ကိုမနေ့က ဒေါိလာရှစ်သန်းစရံရိုက်ခဲ့ပြီးတော့ နှစ်သန်းဖိုးရှယ်ယာခွဲပေးခဲ့တယ်။ အခုဆိုရင် မက်ဒါနာက လူငယ်မီလီယံတာမလေးဖြစ်နေပြီ။ ရက်နည်းနည်းလောက်ကြာရင် နောက်ဆယ်သန်းပေးမှာဖြစ်ပြီး ပထမအရစ်ကျငွေပေးချေတာဖြစ်ပါတယ်။ ရှယ်ယာရှင်လည်းဖြစ်နေပြီမလို့ နှစ်စဥ်အမြတ်ခွဲပေးတာကိုယူပြီး သာသာလေးနှပ်ရုံပါပဲ။

သိပ်မကြာခင်မှာ ဆိုဖီယာနဲ့အိမ်ချင်းကပ်ရပ်မှာ ဗီလာဝယ်ဖို့ စဥ်းစားထားတယ်။ ဒါမှတစ်ခုခုဆို အကူအညီသွားတောင်းလို့ရမှာ။ အိမ်မှာအမေ့ကို သက်တောင့်သက်သာထားဖို့ အိမ်စေလေးတစ်ယောက်ငှားမယ်။ ကားလေးတစ်စီးဝယ်မယ်ပေါ့။

ဒါပေမဲ့ မက်ဒါနာလေး စိတ်ကူးယဥ်နေတုန်း ကိစ္စတစ်ခုကိုတွေးမိပြီး သောက်လက်စဘလက်ကော် ဖီတွေကို ထွေးထုတ်မိရော။

"ဖူး....." ကော်ဖီတွေက မျက်နှာချင်းဆိုင်မှာရှိနေတဲ့ ဆိုဖီယာမျက်နှာကို သွားမှန်တယ်။ အခုဆိုရင် မျက်လုံးစိမ်းကြီးတွေက သူ့ကိုသတ်ပစ်တော့မတတ်ကြည့်နေပြီ။

"သေစမ်း... ငါမိန်းကလေးဖြစ်သွားတာကို ငါ့အမေမသိသေးဘူး။ ရှင်းမပြဘဲ သူ့ကိုခေါ်လာရင်ပြဿနာအကြီးကြီးတက်မှာပေါ့။"

ညီလေးကိုဖြုတ်ပစ်လိုက်တယ်လို့ ပြောလို့ရပေမဲ့ အမေက ယုံချင်မှယုံမှာလေ။ ပြီးတော့ ယောက်ျားလေးလို ဟန်ဆောင်နေရင်လည်း ဘွင်ဘွင်တွေက တစ်နေ့တခြားကြီးလာဦးမယ်။ ဒါကြောင့် သူ့အမေကို ဒီကိစ္စခဏလျှို့ဝှက်ထားပြီး မပြောသေး တာပိုကောင်းတယ်။ ဒါပေမဲ့...

"မက်ဒါနာ...နင်က ငါ့မျက်နှာကို ဘေစင်ထင်နေတာလား။" ဆိုဖီယာ ဒေါသထွက်နေပြီ။ မကြာပါဘူး သူ့မျက်လုံးစိမ်းတွေက အရောင်တောက်လာပြီး ဆိုဖီယာလေထဲမြှောက်တက်လာတယ်။ မက်ဒါနာတော့ ဒေါသအိုးနောက်တစ်ယောက်ကို ထပ်စမိပြန်ပြီ။

"ဒီနေ့တော့ ဒီနမော်နမဲ့မင်းသမီးလေးကို ငါဆုံးမပေးရတော့မယ်။" အခုမက်ဒါနာလည်း လေထဲလွင့်နေပြီ။ ဆိုဖီယာက မက်ဒါနာကိုဂုတ်ကနေဆွဲပြီး စိတ်စွမ်းအားနဲ့ အိမ်တံခါးကိုလှမ်းဖွင့်တယ်။

"မျက်နှာလှလှလေးကို မြက်ခင်းပြင်နဲ့ မိတ်ဆက်ပေးရအောင်။" အဲဒီနောက်တော့ မက်ဒါနာလေး အိမ်တံခါးဝကိုဖြတ်ပြီး ဆိုဖီယာအိမ်ကနေ ခေါင်းနဲ့ဆင်းသွားရလေတော့တယ်။

"အီးယား...." အပြန်လမ်းမှာတော့ မက်ဒါနာဟာ နာကျင်နေတဲ့ သူ့မျက်နှာကိုသူ ဆုပ်ကိုင်ထားမိတယ်။ တကယ့်ကိုစိတ်ဆင်းရဲစရာပဲ။ တစ်ပြိုင် နက်တည်းမှာပဲ ဝန်ပေါ့သွားသလိုခံစားရတယ်။ သူစိုးရိမ်နေတဲ့ကိစ္စတွေက ဘာမှမဟုတ်ခဲ့ဘူးပဲ။

'တီတီ...တီတီ..." ရုတ်တရက် ဖုန်းဝင်လာတယ်။ ကိုယ်တိုင်လုပ်ထားတဲ့ ဖုန်းလေးကိုထုတ်ကြည့်တော့ အမေ့နာမည်ဖြစ်နေတယ်။ မက်ဒါနာလည်း လည်ချောင်းရှင်းလိုက်ပြီးတော့ ယောက်ျားလေးအသံနဲ့တူအောင် စမ်းပြောကြည့်တယ်။ အဲဒီနောက်မှ ဖုန်းကိုကိုင်လိုက်တယ်။

"သားလေး....."

"အမေ...."

အမေ့လေသံက ခါတိုင်းထက် ဖျော့တော့နေသလိုပဲ။ "သားလေး... အမေဒီလလည်း ပိုက်ဆံပို့နိုင်မယ်မထင်ဘူး။ အမေဒီနေ့ဆေးရုံတက်နေရတယ်။ ဆရာဝန်ပြောတာတော့ အမေ့မှာကင်ဆာပထမအဆင့်ရှိနေပြီတဲ့။ ကုဖို့ကလည်း ပိုက်ဆံအများကြီးကုန်မှာ။ ဒါပေမဲ့ ဘာမှမပူနဲ့နော်သားလေး။ အမေ့ဘာသာပိုက်ဆံရှာနိုင်တယ်။ သားလေးက ကျောင်းပြီးဖို့ပဲကြိုးစား။"

"အမေ... အမေပိုက်ဆံဘယ်လောက်လိုလဲ၊ အမှန်အတိုင်းပြောပါ။ ကျွန်တော့်ကိုမလိမ်ပါနဲ့။"

"ဒေါ်လာတစ်သိန်းခွဲလောက်ကုန်မယ်လို့တော့ ဆရာဝန်ကပြောတယ်။ မပူပါနဲ့အမေ့အိမ်လေးပေါင်လိုက်ရင် အဲဒီလောက်တော့ရပါတယ်။"

မက်ဒါနာဝမ်းနည်းသွားတယ်။ အခုထိ သူ့အမေက ခက်ခက်ခဲခဲရုန်းကန်နေခဲ့တာပါ။ အခုလည်းငွေလိုနေပေမဲ့ သူ့ဆီကတောင်းမယ့်အစား ကိုယ့်ဘာသာဖြေရှင်းဖို့ ကြိုးစားနေပြန်တယ်။

"အမေ... သားအဲဒီငွေတွေလွှဲပေးလိုက်မယ်။ ကျွန်တော့်မှာရှိတယ်။"

"သား...သားဘာတွေလျှောက်ပြောနေတာလဲ။ ဒီလောက်များတဲ့ငွေတွေ သားမှာဘယ်လိုလုပ်ရှိမှာလဲ။ သားမကောင်းတာတစ်ခုခုများလုပ်နေတာလား။ အဲဒါဆိုရင်တော့ အမေခွင့်မလွှတ်ဘူးနော်။" နယူးယောက်က လူစုံတဲ့မြို့တစ်မြို့ပါ။ မကောင်းတဲ့လုပ်ငန်းတွေအကုန်ရှိတယ်။ ဒါကြောင့် သူ့အမေစိတ်ပူနေတာပါ။

"အမေ၊ ကျွန်တော်မကောင်းတာမလုပ်ပါဘူးဗျ။ တက္ကသိုလ်တက်ဖို့လုပ်တုန်းကလိုပဲ နည်းပညာတစ်ခုရောင်းလိုက်တယ်လေ။ ကျွန်တော့်သူဌေးက အဲဒီနည်းပညာကို သိပ်ကိုသဘောကျနေတာ။ ဒေါ်လာသန်းချီတန်နိုင်တယ်တဲ့။" မက်ဒါနာကလည်း သူ့အမေမယုံမှာစိုးတဲ့အတွက်ကြောင့် အကုန်လုံးတော့မပြောခဲ့ဘူး။ သူ့ရဲ့နဂိုအရည်အချင်းနဲ့ဆိုရင် သန်းရာချီတန်တဲ့နည်းပညာတစ်ခုကို ဘယ်လိုနည်းလမ်းနဲ့မှ ထွင်နိုင်စရာမရှိပါဘူး။

"ဟုတ်လားသား...ငါ့သားက သိပ်တော်တာပဲ။"

"အမေ့အကောင့်ထဲကို ကျွန်တော်စရံရထားတဲ့ငွေတွေ လှမ်းပို့ပေးလိုက်မယ်။ ကျန်းမာအောင်သာနေ။"

"သားသုံးဖို့လည်း ချန်ထားဦးနော်။"

"ဟုတ်...." သူ့အမေဖုန်းချသွားပြီးတဲ့နောက် မက်ဒါနာက သူ့အမေအကောင့်ထဲကို ဒေါ်လာတစ်သိန်းခွဲကို လွှဲပေးလိုက်တယ်။ ဒီလောက်ငွေက သူ့အတွက် သိပ်ပြီးအခက်အခဲရှိမနေတော့ပါဘူး။

သူရုတ်တရက်ကြီးချမ်းသာလာပြီးတဲ့နောက်မှာ ကျောင်းသွားစရာမလိုတော့ဘူး။ စိတ်ရှိရင် ဘီးဂိတ်လိုမျိုး ကျောင်းထွက်ပြီး ကုမ္ပဏီသီးသန့်ထောင်လို့ရပါတယ်။ ဒါပေမဲ့ မက်ဒါနာမှာအဲဒီလိုလုပ်ဖို့ အစီအစဥ်မရှိဘူး။ သူ့အမေက သူ့ကိုဘွဲ့ရစေချင်တာပါ။ အတတ်နိုင်ဆုံးကြိုးစားပြီးတော့ ကျောင်းထားပေးခဲ့တယ်။ ဒါကြောင့် သူကျောင်းဆက်တက်ရမယ်။ သူဖတ်ဖူးတဲ့ဝတ္ထုတွေထဲကလိုမျိုး ချက်ချင်းအိမ်ဦးခန်းတင်ထားမယ့်အစား အမေ့စိတ်တိုင်းကျဘဲ ဆက်နေမှာပါ။ ရုတ်တရက်ကြီး သူ့အမေကို ငွေနဲ့ကျေးဇူးဆပ်ဖို့လုပ်မယ်ဆိုရင် ဆုဗာနာသူကောင်းမျိုးအမေရဲ့မာနကို ထိပါးသွားနိုင်တယ်။ မိဘကျေးဇူးဆိုတာက ငွေနဲ့တိုင်းတာလို့မရနိုင်ဘူး။ အထူးသဖြင့် သိပ်ချစ်တတ်တဲ့အမေမျိုးဆိုရင်ပေါ့။

"ငါဟန်မပျက် ကျောင်းဆက်တက်ရမယ်၊ အိမ်အကြီးကြီးလည်း မဝယ်တော့ဘူး။ တစ်နေ့တော့ ငါ့စွမ်းအားအကြောင်းကို အမေ့ကိုပြောပြမှာပါ။ လောလောဆယ်တော့ ငါ့မှာရှိတဲ့ငွေတွေအားလုံးကို ဝတ်စုံကိုအဆင့်မြှင့်ဖို့ပဲ သုံးလိုက်တော့မယ်။"

ဒါက မက်ဒါနာရဲ့နောက်ဆုံးဆုံးဖြတ်ချက်ပါပဲ။ ဘယ်သူသိမှာလဲ။ အဲဒီဆုံးဖြတ်ချက်က သူ့အတွက် နောင်အနာဂတ်မှာ အသက်ကယ်တစ်ခုလို ဖြစ်လာခဲ့မယ်ဆိုတာကိုပေါ့။

အိမ်ရာဝင်းအတွင်းက ထွက်လာပြီးတဲ့နောက်တော့ မက်ဒါနာဟာ စူပါဟီးရိုးဝတ်စုံကို ဝတ်လိုက်တယ်။ ရင်ဘတ်ကြီးလာလို့ နည်းနည်းကျပ်နေပေမဲ့ အဆင်ပြေပါသေးတယ်။ ဒီနေ့က တနင်္ဂနွေပါ။ တနင်္လာနေ့ကျရင် မက်ဒါနာသူရထားတဲ့ လိပ်စာထဲကသတင်းကြေညာသူကို သွားတွေ့ရမှာပါ။ အခုကတော့ ကင်းလှည့်ရုံပဲ။ တစ်ချိန်တည်းမှာပဲ အဲဒီယာကူဇာတွေအကြောင်း စဥ်းစားမိသွားပြန်တယ်။

"ဆာကူရာဂိုဏ်း....ဆာကူရာကော်ပိုရေးရှင်းနဲဆက်နွယ်နေတာ အသိသာကြီးပဲမဟုတ်လား။ ယာမာဂုချီတွေက ဟီးရိုးမျိုးနွယ်တွေဆိုပေမဲ့ မှောင်ခိုလုပ်ငန်းတွေရှိတယ်လို့ ကြားဖူးတယ်။ အရည်အသွေးမမီတဲ့အဆောက်အအုံတွေ၊ နှုတ်ပိတ်ဖို့သတ်တဲ့ လူသတ်မှုတွေ။ မြေအောက်လောကရဲ့နယ်မြေလုစစ်ပွဲတွေ။ သူတို့လည်း ဗီလိန်တွေနဲ့ ဘာမှမခြားပါလား။"

All Chapters