အနီရောင်နတ်ဘုရား
Vol. 1 Ch. 5
အာကိုင်းဂါမီအတွက် ဒီနေ့ကလည်း ပုံမှန်ရက်ကလေးပါ။
မနက်စောစောစီးစီး အလန်းနာရီသံကြားတာနဲ့ သူ့ရဲ့သတ္ထုစပ်အိပ်ရာအဖုံးကို အထဲကနေ တွန်းဖွင့်လိုက်တယ်။ အဲဒီနောက် သန်းဝေရင်း အထဲကနေထွက်ပြီး အဖုံးကြီးကို ပြန်ပိတ်လိုက်တယ်။ အိပ်ရာဆိုပေမဲ့ သူများအိပ်ရာတွေနဲ့မတူဘူး။ လူတစ်ယောက် လက်ပိုက်ပြီးတော့ အိပ်နေတဲ့ပုံစံရှိတဲ့ ဖောင်းကြွရုပ်ထုပါတဲ့ သေတ္ထာကြီးလိုမျိုးပဲ။ ပြောရရင် အာကိုင်းဂါမီနေနေတဲ့ ရှင်တိုနတ်ကွန်းလေးကိုလာတဲ့လူတွေက အဲဒီသတ္ထုသေတ္ထာကြီးကို ပူဇော်ပသပြီး ဆုတောင်းလေ့ရှိကြတယ်။
"ဝှား....." အာကိုင်းဂါမီရဲ့ဆံပင်တွေက သွေးလိုရဲရဲနီတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်သာမန်လူမှာမှ အဲဒီလိုဆံပင်မျိုးမရှိဘူး။ သူ့ရုပ်ရည်ကတော့ အသက်နှစ်ဆယ်အရွယ်လောက်ပဲရှိဦးမယ်။ ဒါပေမဲ့ နတ်ကွန်းကလူတွေပြောတာတော့ သူကအဲဒီရုပ်ထုကြီးနဲ့အတူပါလာတာတဲ့။ ရုပ်ထုကြီးက ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာခဲ့တာ။
အယ်ဒိုခေတ်နှောင်းပိုင်း၊ ဘုရင့်ဂိုဏ်းသားတွေနဲ့ ရှိုးဂန်းဘက်တော်သားတွေ တိုက်ခိုက်နေကြတဲ့ ဘိုရှင်းစစ်ပွဲကာလမှာပေါ့။ တိမ်တွေရှင်းလင်းတဲ့ ညတစ်ညမှာ ဥက္ကာပျံကြီးတစ်ခု ကမ္ဘာပေါ်ကိုကျလာတယ်။ ပြီးတော့ ဘုရင့်ဂိုဏ်းသားတွေနဲ့ရှိုးဂန်းဘတ်တော်သားတွေရဲ့ပိုင်နက်နှစ်ကြား နယ်စပ်မှာကျသွားတာပါ။
သိချင်စိတ်အပြည့်နဲ့နှစ်ဖက်အဖွဲ့တွေ ဥက္ကာပျံကျရောက်ခဲ့တဲ့ တွင်းချိုင့်ကြီးနားကို ချဥ်းကပ်သွားကြတယ်။ အဲဒီမှာ အမျိုးအမည်မသိတဲ့သတ္တုတစ်မျိုးနဲ့ပြုလုပ်ထားတဲ့ မတ်တပ်ရပ်လက်ပိုက်ထားဟန်ပါတဲ့ ဖောင်းကြွရုပ်ထုသေတ္တာကြီးကို သူတို့ရှာတွေ့သွားတယ်။ ရုပ်ထုသေတ္တာက ဖာရိုဘုရင်တွေကိုထည့်တဲ့ ခေါင်းတလားနဲ့နည်းနည်းဆင်တယ်။ ဒါပေမဲ့တစ်ခုတည်းသောပြဿနာက အင်မတန်မာကျောတာပဲ။ ဘယ်သူမှဖွင့်မရခဲ့ဘူး။
တိုကုဂါဝါတွေနဲ့ဘုရင့်ဂိုဏ်းသားတွေ အဲဒီရုပ်ထုကိုရဖို့အတွက် လူငါးရာလောက်စတေးပြီးလုခဲ့ကြတယ်။ နောက်ဆုံးတော့ မေဂျီဘုရင်ရသွားပြီး သားနားတဲ့ရုပ်ထုကြီးကိုကြည့်ရင်း ကံကြမ္မာကငါ့ဖက်မှာဆိုပြီး ကြွေးကြော်တယ်။ ပြဿနာက မေဂျီဘုရင်ဟာ ရှင်တိုဘာသာရေးကို ဒီလောက်ကြီးကိုင်းရှိုင်းတာမဟုတ်ဘူး။ ကောင်းကင်ကကျလာတဲ့ နတ်ဘုရားရုပ်ရဲ့ပိုင်ရှင်ဖြစ်လို့ နိုင်ငံအုပ်ချုပ်သူအစစ်အမှန်ဖြစ်တယ်ဆိုပြီး လူထုကိုကြွားလုံးထုတ်ချင်ရုံပဲ။ ကြွားလုံးထုတ်ပြီးတာနဲ့ တိုကျိုမြို့စွန်မှာရှိတဲ့ ရာစုယိုနတ်ကွန်းမှာ ချောင်ထိုးထားခဲ့တယ်။ စစ်ပွဲပြီးတာတောင် အီဇုမိုမှာပြောင်းထားဖို့ စိတ်မဝင်စားခဲ့ဘူး။
ရာစုယိုနတ်ကွန်းကလူတွေအတွက်တော့ ကောင်းချီးတစ်ပါးပါပဲ။ သူတို့နတ်ကွန်းမှာက သီးသန့်နတ်မရှိတာကြာပြီ။ စစ်ပွဲအတွင်းမှာ မူလနတ်ရဲ့ရုပ်ထုပျောက်သွားတယ်။ ဒီတော့ကိုးကွယ်စရာနတ်မရှိဖြစ်နေတုန်း နာမည်ကြီးနတ်ရုပ်ကြီးရောက်လာတယ်လေ။
ဒီလိုနဲ့ သူတို့က ကောင်းကင်ပေါ်က ကျဆင်းလာတဲ့ နတ်ဘုရားဆိုတဲ့ဘွဲ့ကိုပေးပြီး ကိုးကွယ်ပစ်လိုက်တယ်။ ရာစုယိုနတ်ကွန်းမှာ ရုပ်ထုကြီးရှိနေတာ နှစ်တစ်ရာကျော်နှစ်ရာနားကပ်နေပြီ။ ဒီလိုနဲ့ ဥက္ကာပျံတွေအများကြီး နောက်တစ်ကြိမ်ကျဆင်းတဲ့နေ့မှာတော့ ထူးခြားဖြစ်စဥ်တစ်ခုဖြစ်လာတယ်။
ရာစုယို ကိုရိုမီက ဘုံကျောင်းအပျိုစင်တစ်ယောက်။ အဲဒီနှစ်ကမှ အပျိုစင်အသစ်အဖြစ် တင်မြှောက်ခံထားရတာ။ စွမ်းအားကြီးတဲ့ ဥက္ကာပျံတွေသတင်းကြားတော့ သူလည်းလိုချင်သွားတယ်။ ထိုခေတ်က နာမည်ကြီးအန်နီမဲတွေထဲကလိုမျိုး စွမ်းအားတွေရချင်ဇောနဲ့ နတ်ဘုရားကိုသွားစုတောင်းတယ်။ ကောင်းကင်ကျဆင်း နတ်ရုပ်ထုကိုပေါ့။ အဲဒီနေ့တုန်းက မိုးသက်မုန်တိုင်းတွေကျပြီး မိုးကြိုးတွေနေရာတိုင်းမှာပစ်နေတယ်။ ဘုရားကျောင်းဝင်းထဲတောင် မိုးကြိုးပစ်ခံရလို့ လျှပ်စစ်ပစ္စည်းတွေ ပျက်စီးကုန်တယ်။
ရိုးရာဓလေ့အတိုင်း ရှိခိုးလို့အပြီးမှာပဲ နတ်ဘုရားရုပ်ထုကြီးက တဒုံးဒုံးအသံမြည်ပြီး ရူးသွပ်နေတဲ့အလား တုန်ခါလာတယ်။ ကိုရိုမီလည်း ကြောက်လို့သေတော့မယ်။ ဒါပေမဲ့ ငါးမိနစ်လောက်ကြာတော့ ရုပ်ထုသေတ္ထာကြီးကပွင့်လာပြီး အထဲကနေ ကိုယ်လုံးတီးနဲ့ယောက်ျားတစ်ယောက်ထွက်လာတယ်။
"အား......" ဘုရားကျောင်းအပျိုစင်ရဲ့အသံက နတ်ကွင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားတယ်။
နတ်ရုပ်ထဲကထွက်လာတဲ့အပြင် အနီရောင်ဆံပင်တွေရှိပြီး ပုံမှန်မဟုတ်တဲ့စွမ်းအားမျိုးရှိနေတဲ့အတွက်ကြောင့် လူတွေက အဲဒီယောက်ျားကို အာကိုင်းဂါမီ အနီရောင်နတ်ဘုရားဆိုပြီး နာမည်ပေးလိုက်ကြတယ်။ အဲဒီယောက်ျားက တော်တော်ထူးဆန်းတယ်။ စကားပြောတတ်ပုံမရသလို ဘာကိုမှလည်း မှတ်မိပုံမပေါ်ဘူး။ ဘုရားကျောင်းအပျိုစင်နဲ့ဘုန်းတော်ကြီးမှာ အလုပ်တစ်ခုရလာပြီ။ နတ်ရုပ်ထဲကထွက်လာတဲ့ နတ်ဘုရားကို ဂျပန်စာသင်ပေးဖို့ပါ။
လူငယ်လေးက တော်တော်ဉာဏ်ကောင်းတယ်။ ရက်အနည်းငယ်အတွင်းမှာပဲ စကားပြောတတ်သွားပြီး ပထမဆုံးပြောတဲ့စကားက...
"ရှာစရာလူတစ်ယောက်ရှိတယ်..."ဆိုတာပဲ။ ဒါပေမဲ့ စကားကတော့ လေးလုံးမကွဲသေးဘူး။ စကားအဆင်ချောအောင်ပြောဖို့ အခက်တွေ့နေသေးပုံပဲ။ "မီး...ပူတယ်..." "ရေ...သောက်မယ်။" "လမ်း.... ဟိုကိုသွားမယ်။" ဝါကျတစ်ကြောင်းမဆောက်နိုင်ဘဲ စကားနှစ်ခွန်းစီကိုပဲ တွဲပြောတတ်တယ်။
ထူးခြားချက်ကတော့ အာကိုင်းဂါမီဟာ သူ့အတွက်ပြင်ပေးထားတဲ့အိပ်ရာမှာ မအိပ်တတ်ဘူး။ သူ့ရုပ်ထုကြီးဆီ ညတိုင်းပြန်သွားပြီး အထဲဝင်အိပ်တတ်တယ်။ မနက်နိုးလာရင်တော့ နတ်ရုပ်အတွက်ပူဇော်ထားတဲ့ မုန့်တွေအကုန်ဝါးတော့တာပဲ။ လမုန့်တွေ၊မိုချီမုန့်လုံးတွေ အကုန်ပါးစပ်ထဲထိုးသွပ်တတ်တယ်။ ဘုရားကျောင်းကလူတွေ ဘယ်လိုမှပြောပြလို့မရဘူး။
ဒီလိုနဲ့ပထမမျိုးဆက်ဟီးရိုးတွေ ဟီးရိုးအစည်းအရုံးကိုတည်ထောင်ပြီးနောက် ဆယ်နှစ်ကြာတဲ့အချိန်မှာတော့ အာကိုင်းဂါမီဟာ လူရေလည်လာပြီး သာမန်လူတစ်ယောက်လို သွားလာလှုပ်ရှားတတ်နေပြီ။ ဘုရားကျောင်းအပျိုစင်ကိုရိုမီကတော့ သူ့ကို"အနီရောင်နတ်ဘုရား"လို့ပဲဆက်ခေါ်နေတုန်းပဲ။ ဒါပေမဲ့ ကြာလေလေ အံ့ဩစရာကောင်းလေပဲ။ နတ်ဘုရားဟာ ရူပဗေဒနဲ့သင်္ချာမှာအလွန်ထူးချွန်ပြီး ကိုယ်ခံပညာအရာမှာလည်းအတော်စွမ်းတယ်။ နောက်ပြီးမီးလျှံတွေကိုလည်း ထိန်းချုပ်နိုင်တယ်။ ကိုရိုမီသိသလောက် တည်ထောင်သူကြီးတွေတောင် သူ့လောက်မစွမ်းဘူး။ နောက်ပြဿနာတစ်ခုကတော့ အနီရောင်နတ်ဘုရားဟာ ဘုရားကျောင်းရဲ့အလျှူငွေသေတ္တာထဲကငွေတွေကို ယူသုံးတတ်နေပြီ။ ရေခဲမုန့်ဝယ်စားတယ်၊ မကြီးမငယ်နဲ့ ကလေးတွေနဲ့ လိုက်တမ်းပြေးတမ်းကစားတယ်။ နံရံတွေပေါ်လျှောက်ပုံဆွဲတယ်။ အဲဒီနှစ်တွေမှာတော့ ကလေးကြီးတစ်ယောက်လိုမျိုး ပြုမူနေခဲ့တယ်။ ဘုရားကျောင်းကလည်း သူတို့နတ်ဘုရားပျော်ပါစေဆိုပြီး လွှတ်ပေးထားရတယ်။
တစ်နေ့တော့ ငလျှင်လှုပ်ပြီး ဘုရားကျောင်းပျက်စီးသွားတယ်။ ရှင်တိုဘုန်းကြီးတွေလည်း လူထွက်ကုန်ပြီ။ ဟီးရိုးခေတ်စပြီး နှစ်နှစ်ဆယ်ကြာတော့ ရှင်တိုအပါအဝင် ဘာသာတရားတော်တော်များများ မှေးမှိန်ကုန်ကြပြီ။ တရားမဲ့ခေတ်ကို ရောက်လုနီးနီးပဲ။ အဲဒီဒဏ်ကို သူတို့လည်းခံခဲ့ရတယ်။ ဘုရားကျောင်းပျက်စီးတော့မယ်လို့ ကိုရိုမီထင်တဲ့အချိန်မှာပဲ သူတို့နတ်ဘုရားက ဟီးရိုးအစည်းအရုံးကိုသွားပြီး မှတ်ပုံတင်လိုက်တယ်။ နောက်တော့ ဂျပန်နိုင်ငံရဲ့ဒုတိယမြောက် Sအဆင့်ဟီးရိုးဖြစ်လာပါလေရော။ အဲဒီကရတဲ့ငွေတွေနဲ့ ဘုရားကျောင်းကို ပြန်ပြင်ပေးခဲ့တယ်။ ဒီလိုကျတော့လည်း သူတို့ရဲ့ကလေးဆိုးနတ်ဘုရားကြီးက အားကိုးရသား။ အခုဆိုရင် စကားလည်း သေချာပြောတတ်နေပြီ၊ ပျိုတိုင်းကြိုက်တဲ့ အိုက်ဒေါဟီးရိုးဖြစ်လာလို့ ဘုရားကျောင်းမှာ လာဆုတောင်းတဲ့ကောင်မလေးတွေလည်း မပြတ်ပါဘူး။ ဒါပေမဲ့ အနီရောင်နတ်ဘုရားကို လာဆုတောင်းတာလား၊ လိုက်ပြီးနှာဘူးထနေတာလားတော့ မသဲကွဲဘူး။ လာဖွင့်ပြောတဲ့ ကလေးမတွေအများကြီးရှိပေမဲ့ သူတို့နတ်ဘုရားကြီးကတော့ အကုန်လုံးကို အိမ်ပြန်လွှတ်မြဲပါ။ ပြောလိုက်တိုင်း လူတစ်ယောက်ကိုရှာစရာရှိတယ်ဆိုတာချည်းပဲ။
ဒါပေမဲ့ နှစ်အနည်းငယ်ကြာပြီးနောက် မတော်တဆမှုတစ်ခုဖြစ်လာတယ်။ တာဝန်တစ်ခုကနေအပြန်မှာ သူတို့နတ်ဘုရားဟာ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားပြီး စွမ်းအားတွေကိုဆုံးရှုံးသွားတယ်။
Sအဆင့်ရာထူးကနေ ဖြုတ်သိမ်းခံလိုက်ရပြီး ဘုရားကျောင်းကို လာလည်တဲ့လူတွေလည်း မရှိတော့ဘူး။ သူတို့နတ်ဘုရား စွန့်ပစ်ခံလိုက်ရပြီ။ အဲဒီနေ့ညကဆိုရင် သူတို့ဘုရားကျောင်းမုဒ်ဝပေါ်မှာ အနီရောင်နတ်ဘုရားဟာ ညလုံးပေါက်ထိုင်နေခဲ့တယ်။ သူစိတ်ဓာတ်ကျနေသလိုပဲ။
နှစ်တွေကြာလာပြီးတဲ့နောက် ကိုရိုမီလည်း အသက်ကြီးလာပြီ။ အိုမင်းလွန်းလို့ ဘုရားကျောင်းဝေရာဝစ္စတွေကို မလုပ်နိုင်တော့ဘူး။ ဒါပေမဲ့ သူတို့နတ်ဘုရားကတော့ နုပျိုပြီးနည်းနည်းလေးမှ ပြောင်းလဲမသွားဘူး။ ကိုရိုမီ အနီရောင်နတ်ဘုရားကိုသိလာတာ နှစ်သုံးဆယ်ကျော်ပြီ။ ဒါပေမဲ့ ငယ်ငယ်ကလို အမြဲပေါ့ပေါ့ပါးပါးနေတတ်ပြီး ကလေးဆန်တဲ့နတ်ဘုရားအစား အခုတော့အမြဲသုန်မှုန်နေတဲ့ နတ်ဘုရားကိုသာတွေ့ရတော့တယ်။
ဒီနေ့မနက်လည်း အဖွားအိုတစ်ယောက်ဖြစ်နေပြီဖြစ်တဲ့ ကိုရိုမီဟာ ပင်မဘုရားကျောင်းမကြီးထဲက ရုပ်ထုတွေကို သန့်ရှင်းရေးလုပ်နေခဲ့တယ်။ အာကိုင်းဂါမီကတော့ ခါတိုင်းလိုပဲ ရုပ်ထုသေတ္တာထဲကထွက်လာပြီး သူ့ရုပ်ထုအတွက် ပသတဲ့စင်ပေါ်က မုန့်တချို့ကိုယူရင်းကောက်ဝါးလိုက်တယ်။ ဒါပေမဲ့ နည်းနည်းပဲရှိတာကြောင့် ဗိုက်သိပ်ဝတဲ့ပုံမပေါ်ဘူး။ သူက အဖွားအိုကိုကြည့်လိုက်တယ်။
"ကြီးမြတ်တဲ့ နတ်ဘုရား၊ မနေ့က ကိုးကွယ်သူတွေသိပ်မလာတဲ့အတွက် မုန့်နည်းနည်းပဲရှိပါတယ်။"
"ကိစ္စမရှိဘူး...." တကယ်တော့ ဒီနတ်ဘုရားကြီးက အကျင့်ပါနေလို့ ဂုန်းဆင်းရုံပဲဆင်းတာပါ။ သူ့မှာခြေလက်အကောင်းကြီးမလို့ အခုအလုပ်လုပ်နေပါပြီ။ ဒါပေမဲ့ဘုံကျောင်းအပျိုစင်အဖွားအိုကတော့ အဲဒီကိစ္စကြောင့် ခုထိဝမ်းနည်းနေသလိုပဲ။ 'ငါနတ်ဘုရားကို သူဝအောင်မကျွေးနိုင်လို့ သူအလုပ်တောင်ထွက်လုပ်နေရပြီ။ ရာစုယိုမိသားစုမျက်နှာကို အိုးမည်းသုတ်မိပြီ။'ဆိုပြီးတော့ပါ။
တကယ်တော့ အာကိုင်းဂါမီ ကိုင်းတိုက အဖွားအိုကို ပြန်အားနာနေတာပါ။ ဒီနှစ်ငါးဆယ်လုံးလုံး သူက အဖွားအိုတို့မိသားစုကို အားကိုးပြီးနေခဲ့ရတယ်။ ရုပ်ထုထဲကနေ စထွက်လာချိန်တုန်းက လူ့လောကအကြောင်း သူမသိသေးတာတွေအများကြီးပါ။
တချို့လူသားတွေက သူ့ကိုရက်စက်ကြတယ်။ တချို့ကတော့ သူ့ကိုကြင်နာကြတယ်။ လွန်ခဲ့တဲ့ဆယ်နှစ်က သူကမ္ဘာကြီးကို ကယ်တင်ခဲ့ဖူးတယ်။ တခြားS rankတွေ လုပ်ဖို့မျှော်လင့်နေကြတဲ့ ကိစ္စကြီးတစ်ခုကို သူလုပ်နိုင်ခဲ့ပေမဲ့ သူ့စွမ်းအားတွေအားလုံးကို ဆုံးရှုံးခဲ့ရတယ်လေ။ သူမသိလိုက်ခင်မှာပဲ သူကိုယ်တိုင်ကာကွယ်ပေးခဲ့သူတွေက သူ့ကိုလစ်လျူရှုပြီး မေ့ပစ်လိုက်ကြပြီ။ ဒါပေမဲ့ရာစုယိုမိသားစုကတော့ သူ့ကိုနတ်ဘုရားတစ်ပါးလို အလုပ်အကျွေးပြုစုနေတုန်းပါပဲ။
ကိုင်းတိုဟာ တကယ်တော့ သူ့ကိုယ်သူလုံးဝမမှတ်မိဘူး။ သူမှတ်မိတဲ့အရာဆိုလို့ လူတစ်ယောက်ကိုရှာဖွေဖို့ဖြစ်ပြီး အဲဒီတစ်ယောက်က မိန်းကလေးဖြစ်တယ်ဆိုတာပဲ သူသိတာပါ။ သူ့ဟာ သာမန်ထက်ထူးခြားပြီး နှစ်ရာပေါင်းများစွာနေထိုင်ပြီးသူဖြစ်ပေမဲ့ နတ်ဘုရားလို့ပြောဖို့ကတော့ ချဲ့ကားရာရောက်လွန်းတယ်။ အထင်ရှားဆုံးဥပမာအနေနဲ့ လူတွေရဲ့ဆုတောင်းကို သူဖြည့်ဆည်းမပေးနိုင်ဘူး။
သူက သာမန်လူတွေထက် သက်တမ်းပိုရှည်ပြီး ပိုစွမ်းအားကြီးနေရုံပါ။ ဒါပေမဲ့ အခုတော့စွမ်းအားမကြီးတော့ဘူး။
"ငါအဝတ်လဲပြီးရင် အလုပ်သွားတော့မှာ။ ယုဆ-ချန်ရော နိုးပြီလား။ ငါသူ့ကို ကျောင်းပို့ပေးမယ်။"
"နတ်ဘုရားကြီးအဲဒီလိုလုပ်စရာမလိုပါဘူး။ မြေးမလေးကို ကိုယ်တိုင်ပဲ သွားပို့ပေးမလို့လုပ်နေတာပါ။"
အနီရောင်နတ်ဘုရားကတော့ အဖွားအိုကိုတစ်ချက်ကြည့်လိုက်တယ်။ အဖွားအိုဆက်မပြောရဲဘူး။
"ငါ့ကို နတ်ဘုရားလို့ခေါ်နေတာ ရပ်ပေးနိုင်မလား။ ငါက မင်းတို့လိုသာမန်လူပါပဲ။"
'သာမန်လူတွေက နှစ်နှစ်ရာလောက်နေပြီးတာတောင် အသက်မကြီးဘဲနေလို့လား။' အဖွားအိုအော်ပြောချင်ပေမဲ့ နတ်ဘုရားဆိုတော့ ဘယ်လိုပြောရမှန်းလဲမသိဘူး။
ယုဆ-ချန်က အဖွားကိုရိုမီရဲ့မြေးမလေးပါ။ မိဘတွေတော့ မရှိတော့ပါဘူး။ ဗီလိန်တစ်ဖွဲ့ကြောင့်ဖြစ်တဲ့ မတော်တဆမှုတစ်ခုမှာ မိဘတွေကိုဆုံးရှုံးခဲ့ရပါတယ်။ ကလေးမလေးက လွယ်အိတ်ပန်းရောင်လေးကိုလွယ်ထားပြီး ဘုရားကျောင်းရှေ့မှာစောင့်နေတယ်။ ကိုင်းတို အဝတ်လဲရေမိုးချိုးပြီး အပြင်ရောက်လာတော့ ချက်ချင်းပြေးလာတယ်။
"နတ်ဘုရားအစ်ကိုလေး... ဒီနေ့သမီးကို ကျောင်းလိုက်ပို့မှာဆို။"
"အင်း...." အမြဲတမ်းသုန်မှုန်နေတဲ့ ကောင်လေးရဲ့မျက်နှာက နည်းနည်းတော့လျော့ကျသွားတယ်။ သူက အနက်ရောင်ဆံပင်ကိုနှစ်ဖက်ခွဲစည်းထားတဲ့ ဆယ်နှစ်အရွယ်ကလေးမလေးရဲ့ခေါင်းကိုပုတ်လိုက်တယ်။
"အစ်ကိုနတ်ဘုရားက အမြန်စာဆိုင်မှာအချိန်ပိုင်းလုပ်နေတာဆို၊ ဘာလို့လဲ။ အစ်ကိုနတ်ဘုရားကို လူတွေက ဆုတောင်းပြီးပူဇော်ပသတဲ့လူတွေရှိတာပဲလေ။ မိန်းမယူဖို့ ပိုက်ဆံစုနေတာများလား။"
"ဖူး...." နတ်ကွန်းရှေ့က ရေတိုင်ကီထဲက ရေကိုသစ်သားလက်ကိုင်တပ်ခွက်နဲ့ခပ်ရင်း သောက်နေတဲ့ ကိုင်းတိုတစ်ယောက် ရေတွေအကုန်လုံးကိုထွေးထုတ်မိလိုက်တယ်။ 'သေချာတယ်၊ အမှောင့်ပယောဂတွေပျောက်အောင်ဆိုပြီး နတ်ကွန်းရေနဲ့ကိုယ်လက်သန့်စင်မယ့်သူတွေ နတ်ဘုရားတံထွေးပါ အပိုရတော့မှာ။'
"ဘယ်ကသာ... ငါကမင်းတို့မိသားစုကို တအားကြီးမှီခိုနေရတာမျိုး မဖြစ်ချင်လို့ပါဟ။"
ကိုင်းတိုက ခြေလက်အကောင်းကြီးရှိတဲ့ ယောက်ျားတစ်ယောက်လေ။ သူ့မှာမာနရှိတယ်။ နတ်ဘုရားဆိုပြီး သူ့ကိုသွေးမတော်သားမစပ်တဲ့လူတွေ ဝိုင်းကန်တော့တဲ့ပိုက်ဆံတွေနဲ့ အသက်မမွေးချင်ဘူး။ ပြီးတော့ အဲဒီလိုနည်းနဲ့ငွေတွေအများကြီးလည်းရတာမဟုတ်ဘူးရယ်။
ကလေးမလေးကတော့ တောက်တောက်ပပပြုံးရင်း ကိုင်းတိုအနားကပ်လာပြီး ကိုယ်ကိုကိုင်းလိုက်တယ်။
"နတ်ဘုရားအစ်ကိုလေး၊ သမီးဒီနေ့ရေခဲမုန့်စားချင်တယ်။"
"အင်း...အင်းရစေရမယ်။"
ကိုင်းတိုက အဖွားကိုရိုမီမမြင်အောင် သေချာလှုပ်ရှားရင်း ဘုရားကျောင်းအလျှူခံပုံးထဲကနေ ငါးယန်းတန်ဒင်္ဂါးတချို့ကို နှိုက်လိုက်တယ်။
"အဟီးဟီး၊ ပြောတော့ဘုရားကျောင်းငွေတွေ မသုံးပါဘူးဆို။"
"ဟွန့်... ဒီဘုရားကျောင်းကပိုက်ဆံတွေက ငါဆိုတဲ့ ကြီးမြတ်တဲ့နတ်ဘုရား အာကိုင်းဂါမီကို ပူဇော်ပသထားတာ။ ငါ့မာနကြောင့် အလကားဂုန်းမဆင်းချင်ပေမဲ့ ကလေးတစ်ယောက်က ရေခဲမုန့်စားချင်တယ်ဆိုပြီး ပူစာနေတာဆိုတော့ မနေနိုင်ဘဲ ထုတ်သုံးရတာပေါ့။"
"ရေး...ဒါမှတို့ကိုကိုနတ်ဘုရားကွ...."
....
"ရပါပြီခင်ဗျ။"
နောက်ဆုံးရောင်းပေးဖို့ကျန်တဲ့ ကြက်ကြော်တစ်ဘူးကို ထည့်ပေးပြီးတဲ့နောက် ကိုင်းတိုတစ်ယောက် အဝတ်လဲခန်းထဲသွားပြီး သူ့ရဲ့အချိန်ပိုင်းဝတ်စုံကို ပြန်လဲလိုက်တယ်။ သူဟီးရိုးဘဝတုန်းက ဝတ်စုံမဝတ်ဘဲ ဒီမျက်နှာနဲ့ပဲ စွန့်စားခန်းဖွင့်ခဲ့တာဆိုပေမဲ့ အနားယူပြီးဆယ်နှစ်ကျော်အကြာမှာ ဘယ်သူမှ သူ့ကိုမမှတ်မိကြတော့ဘူး။ မန်နေဂျာထည့်ပေးလိုက်တဲ့ ကြက်ကြော်တစ်တုံးပါတဲ့အိတ်ကိုဆွဲရင်း လေးပင်စွာနဲ့အလာလမ်းအတိုင်း ပြန်ခဲ့တယ်။ အရင်တုန်းက သူ့ရုပ်ပုံနဲ့နာမည်တွေ နေရာယူထားခဲ့တဲ့ တိုကျိုမြို့ နီယွန်တီဗွီကြီးတွေပေါ်မှာ တတိယမျိုးဆက် S rankဖြစ်တဲ့ ဥစာကီရဲ့ပုံတွေပဲ နေရာယူထားတယ်။ လူတွေက ဒီလိုပါပဲ။ အလွယ်တကူမေ့တတ်ကြတယ်။ တကယ်တော့ သူကိုယ်တိုင်လည်း ဒီနှစ်တွေမှာ မေ့ပစ်လိုက်တဲ့အရာတွေအများကြီး။ သူ့ကိုစာနဲ့စကားပြောတတ်ဖို့သင်ပေးခဲ့တဲ့ ကျောင်းတိုင်ဘုန်းကြီးမျက်နှာကို သူမမှတ်မိတော့ဘူး။ ဆုံးသွားတာလည်း ကြာခဲ့ပြီလေ။ သူနဲ့လုပ်ဖော်ကိုင်ဖက်ဟီးရိုးတွေကိုလည်း သူမမှတ်မိတော့ဘူး။ တချို့က မစ်ရှင်တွေမှာသေဆုံးသွားပြီး၊ တချို့ကတော့ သူ့လိုပဲအနားယူသွားကြပြီ။
ကိုင်းတိုဟာ အလွယ်တကူသံယောဇဥ်တွယ်တတ်ပေမဲ့ လူတစ်ယောက်သေဆုံးသွားတဲ့အခါ အဲဒီလူကို လျင်မြန်စွာပဲမေ့ပစ်လေ့ရှိတယ်။ သူသတိရတဲ့အချိန်တိုင်း ဝမ်းမနည်းနေချင်လို့ပါ။ သူကိုချစ်မိသွားတဲ့ လုပ်ဖော်ကိုင်ဖက်မိန်းကလေးတစ်ယောက် ရှိခဲ့ဖူးတယ်။ ဒါပေမဲ့မစ်ရှင်တစ်ခုမှာ သူ့ကိုစိုးရိမ်ပြီး နောက်ကနေလိုက်လာရင်း ဗီလိန်တွေကြိုထောင်ထားတဲ့ ရထားဗုံးပေါက်ကွဲတဲ့အထဲမှာ ပါသွားခဲ့တယ်။ ကိုင်းတို အဲဒီမိန်းကလေးသေသွားပြီးကတည်းက သူ့အနားကလူတွေထွက်သွားတိုင်း မြန်မြန်ဆန်ဆန်ပဲ မေ့ပစ်တတ်တဲ့အကျင့်ရှိလာပြီ။ တကယ်လို့ ဘုံကျောင်းအပျိုစင်အဖွားကြီး ကိုရိုမီသေသွားရင်လည်း သူလုံးဝမေ့ပစ်ပြီး ဘယ်တုန်းကမှ မရှိခဲ့သလိုမျိုး ဟန်ဆောင်နေဦးမှာပါပဲ။
ဝမ်းနည်းမှုတွေကို ပြေပျောက်အောင်လုပ်နိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းက မေ့ပျောက်ခြင်းပါ။ တစ်ခါတလေတော့ သူလည်းတွေးမိပါတယ်။ သူ့အရင်ကမှတ်ဉာဏ်တွေ ပျောက်ဆုံးသွားတာကလည်း ဝမ်းနည်းမှုကြောင့်လားပေါ့။ ဘဝကြီးတစ်ခုလုံးကို မေ့ပျောက်ပစ်ရလောက်အောင် ဘယ်လိုဝမ်းနည်းစရာကောင်းတဲ့အဖြစ်နဲ့ ကြုံခဲ့တာပါလိမ့်။ ဒါပေမဲ့ သူမမေ့သေးတဲ့ကိစ္စတော့ရှိတယ်။ အဲဒီမိန်းကလေးကိုရှာဖို့။
သူ့ရဲ့အိပ်မက်တွေထဲမှာ မိန်းကလေးတစ်ယောက်ရဲ့ရှည်လျားတဲ့ဆံပင်နဲ့ ဝေဝါးဝါးမျက်နှာကို အမြဲမက်လေ့ရှိတယ်။ ဒါပေမဲ့ မျက်နှာနဲ့ဆံပင်အရောင်ကိုတောင် သေချာမမြင်ရမှတော့ သူဘယ်လိုလုပ်လိုက်ရှာမလဲ။ သူရှာရမယ့်သူက မိန်းကလေးဆိုတာပဲ သူသိတာလေ။
"ဟိုလေ...." နောက်ကနေ သေးငယ်တဲ့စကားသံလေး ထွက်ပေါ်လာတယ်။ ငါးသေကြီးတစ်ကောင်လို မျက်လုံးတွေနဲ့လမ်းလျှောက်နေတဲ့ ကိုင်းတိုကတော့ ခဏလောက်ရပ်လိုက်ပြီးတဲ့နောက် ပြန်လှည့်မကြည့်ဘဲ ရှေ့ဆက်လျှောက်သွားတယ်။ ဒါပေမဲ့ သေးငယ်တဲ့လက်တစ်ဖက်က သူ့အင်္ကျီလက်ကိုဆွဲထားနှင့်ပြီ။
"ဟိုလေ... ရှင်က S အဆင့်ဟီးရိုးဟောင်း အာကိုင်းဂါမီမဟုတ်လား။"
"ဟင်..." မယုံနိုင်စွာနဲ့ ကိုင်းတိုလှည့်ကြည့်လိုက်တယ်။ ပိုကီမွန်ဖဲချပ်နဲ့တူတဲ့ ဟီးရိုးဖဲချပ်ကိုကိုင်ထားတဲ့ ဆယ်နှစ်အရွယ်ကလေးမလေးတစ်ယောက်က သူ့အင်္ကျီလက်ကို နောက်ကနေပြီးဆွဲထားတယ်။ ဟီးရိုးဖဲချပ်ပေါ်မှာတော့ မီးလျှံကြာပန်းကြီးရဲ့အလယ်မှာရပ်နေတဲ့ ဆံပင်နီလူငယ်လေးတစ်ယောက်ရဲ့ပုံရှိတယ်။ တိုက်စစ်အား တစ်သောင်း၊ ခုခံနိုင်စွမ်း ခြောက်ထောင်နဲ့ အရာရာကိုလောင်ကျွမ်းပစ်နိုင်တဲ့ မီးလျှံနတ်ဘုရားစကေးရှိလို့ ဖော်ပြထားတယ်။ ကောင်မလေးရဲ့ဆံပင်တွေက ရွှေအိုရောင်။ သူ့မျက်လုံးတွေကတော့ နီညိုရောင်ဖြစ်နေတယ်။ ကပြားမလေးဖြစ်ပုံပဲ။ ချစ်စရာကောင်းပြီး အပြစ်ကင်းစင်တဲ့ပုံစံရှိတယ်။ တစ်ချိန်တည်းမှာပဲ တစ်ကိုယ်လုံးတုန်ရီနေပြီး ကူရာမဲ့နေသလိုပဲ။
'ငါက ဟီးရိုးအဟောင်းဆိုတာကို တစ်ယောက်ယောက် မှတ်မိနေသေးတာလား။'
ကလေးမလေးမျက်နှာကတော့ ပြိုတော့မယ့်မိုးလိုပဲ။ သူက ချက်ချင်းပဲ ကြမ်းပြင်ပေါ်မှာဒူးထောက်လိုက်ပြီး နဖူးနဲ့ကြမ်းပြင်ကိုထိတဲ့အထိ ကိုယ်ကိုညွှတ်ထားလိုက်ပြီ။
"ကျေးဇူးပြုပြီး ကျွန်မကိုတပည့်အဖြစ် လက်ခံပေးပါ။"
"ဘာကြောင့်လဲ။" ကိုင်းတိုက ငါးသေမျက်လုံးကြီးတွေနဲ့ ပြန်မေးလိုက်တယ်။
ကလေးမလေးကတော့ ခေါင်းကိုမော့လိုက်ပြီး။ "ကျွန်မအစ်မထက်သာတဲ့ ဟီးရိုးတစ်ယောက်ဖြစ်ချင်လို့ပါ။ ကျွန်မကို လေ့ကျင့်ပေးပါ။"
ကိုင်းတိုက ဟောင်းနွမ်းနေတဲ့ ဒဏ်အိုးခွက်လေးထဲကို ဖြစ်သလိုခပ်လာတဲ့ နတ်ကွန်းရေတိုင်ကီထဲကရေနဲ့ စျေးပေါပေါအသင့်စားခေါက်ဆွဲထုပ်ကို ပစ်ထည့်လိုက်တယ်။ အဲဒီနောက် သုံးချောင်းထောက် သံမီးဖိုလေးပေါ်ကို တင်လိုက်တယ်။ နောက်တော့ အဲဒီမီးဖိုလေးကို စိတ်အားထက်သန်စွာနဲ့ သူ့အကြောင်းတွေပြောနေတဲ့ ဆံဝါကောင်မလေးရှေ့ကို ချပေးလိုက်တယ်။
"ခေါက်ဆွဲပြုတ်ပေး။"
"အဲဒီတုန်းက ဆရာက ဂျာကင်အင်္ကျီနဲ့တီရှပ်အဖြူရောင်ဝတ်ထားတာလေ။ ဘောင်းဘီအိတ်ထဲကို လက်နှိုက်ထားပြီးတော့ 'မင်းက လူဆိုးကောင်ဟီတိုဂီရီလား'ဆိုပြီးပြောတာလေ။ ဟိုက အေးလို့ဖြေတော့ ဆရာက သူ့မျက်နှာကိုခြေထောက်နဲ့အရင်စကန်တာလေ။"
ကောင်မလေးကတော့ သူ့ပတ်ဝန်းကျင်လောကကြီးတစ်ခုလုံးကို လုံးဝမေ့နေပုံပဲ။ ကိုင်းတိုရဲ့စွန့်စားခန်းတွေက ကြာလှပါပြီ။ ပြီးတော့ သူ့အတ္ထုပ္ပတ္တိတော်တော်များများက ရောင်းကောင်းအောင်ဆိုပြီး လျှောက်ရေးထားတာတွေပါ။
ဟီတိုဂီရီအရူးကောင်ကို သူအနိုင်ပိုင်းတုန်းက ဘာစကားမှပြောမနေဘဲ မျက်နှာကို ခြေထောက်နဲ့ကန်ခဲ့ရုံပါ။ အကြောင်းအရင်းက ရုပ်ဆိုးလို့လေ။ ဒါပေမဲ့ စာအုပ်တွေထဲကြတော့ အရမ်းကိုမိမိုက်နေတဲ့ စကားတွေပြောပြီးတော့ ချနေကြတာ မသိရင် ရှိုဂျိုမန်ဂါတောင်ထင်ရတယ်။ နောက်ပြီးအဲဒီနေ့က အလုပ်ချိန်တန်းလန်းကြီးသွားခဲ့တာမလို့ ကြက်ကြော်ဆိုင်ခါးစည်းကြီးနဲ့။ ဒါပေမဲ့စာအုပ်ထဲကျတော့ ဆယ်ကျော်သက်လူငယ်လေးလို မိမိုက်နေရော။
သူတို့ချတုန်းက လူသူစွန့်ပစ်ထားတဲ့ မီးတောင်ပေါ်မှာမလို့ ဘယ်သူမှမမြင်ခဲ့ဘူး။ အဖော်လိုက်လာတဲ့ ဟီးရိုးတချို့ပဲပါ။ ရေးတဲ့စာရေးဆရာက အဲဒီလူတွေဆီက ပြန်ကြားတာကို သူ့အကြံနဲ့သူပြန်ရေးထားတာ။ ကိုင်းတိုကို စာအုပ်ရောင်းပြီးရတဲ့ငွေထဲက ခံစားခွင့်တချို့တောင်မပေးခံဘူး။ အဖွားကြီးကိုရိုမီကတော့ တရားစွဲဖို့ပြောပေမဲ့ သူလည်းရုံးချိန်းမတက်ချင်လောက်အောင် ပျင်းနေတာနဲ့ မလုပ်ဖြစ်တော့တာ။
လောလောဆယ်တော့ ကိုင်းတိုဗိုက်ဆာနေပြီ။ ဘာမှလည်းစားစရာမရှိဘူး။ ကြက်ကြော်တစ်တုံးကတော့ ဘုရားကျောင်းပြန်ရောက်ပြီးကတည်းက ယုဆ-ချန်နဲ့အဖွားကိုရိုမီတို့ ဟင်းသီးဟင်းရွက်စားစိမ်ပဲစားနေတာတွေ့လို့ ပေးခဲ့တယ်။ ခုတော့ ဒီအမည်မသိလိုလီလေးနဲ့သူ့ဖို့ ယန်းငါးရာတန် မီဆိုရားမန်တစ်ထုတ်ပဲကျန်တယ်။ ဒါတောင် သူ့အိတ်ထဲက စိုက်ဝယ်ထားတာ။
ကိုင်းတိုလည်း စိတ်မရှည်တော့တာနဲ့ ကောင်မလေးခေါင်းကိုခေါက်လိုက်တယ်။ ကောင်မလေးက သူ့ခေါင်းကိုလက်နှစ်ဖက်နဲ့ဖိထားပြီး မျက်ရည်လေးတွေဝဲလာတယ်။
"နာတယ်...."
"မြန်မြန်ခေါက်ဆွဲပြုတ်ဆို။"
"လျှပ်စစ်မီးတို့ ဂတ်စ်တို့ မသုံးဘူးလားဟင်။"
"မီတာခတက်တယ်၊ ဂတ်စ်ဖိုးကုန်တယ်။"
"ထင်းရောလိုက်ကောက်ရမှာလား။"
"ဒီနေရာက ဘုရားကျောင်းရှေ့က ပန်းခြံပိစိလေး၊ ခေါက်ဆွဲပြုတ်ဖို့ ထင်းလောက်မယ်ထင်နေတာလား။ မကောက်နဲ့ မင်းစွမ်းအားနဲ့မင်းသုံး။"
"ဒါ...ဒါပေမဲ့ ကျွန်မစွမ်းအားကို ငါးမိနစ်ကြီးတောင် သုံးရမှာလား။"
ကိုင်းတို အမေးအမြန်းထူတဲ့ကောင်မလေးကို မေးငေါ့ပြလိုက်တယ်။ စကားထပ်များမှာလား အငတ်နေမှာလားဟုပင်။ ကောင်မလေးနားလည်လိုက်တာကတော့ တခြားတစ်မျိုး။
'ဆရာက ငါ့ကိုစွမ်းအားကြာကြာသုံးနိုင်အောင် လေ့ကျင့်ခိုင်းတာနေမှာ။ ငါက တော်တော်တုံးတာပဲ။' ကောင်မလေးကတော့ ဘာမှတွေးမနေတော့ဘူး။ တုံးအမှုကြောင့် ကောင်မလေး သူ့ခေါင်းသူထုလိုက်ပြီး လက်ဖဝါးလေးကိုဖြန့်ပြီး မီးတောက်ပုစိလေးတွေကို ထုတ်လိုက်တယ်။ နောက်တော့ စတီးအိုးအစုတ်လေးကို စပြီးအပူပေးတော့တာပဲ။
'အစ်မလိုသန်မာလာဖို့ ငါကြိုးစားမှဖြစ်မယ်။' ဒါကတော့ ကပြားလိုလီလေးရဲ့အတွေးပါ။
ကိုင်းတိုကတော့ ပါးစပ်ထဲ ဘယ်ကနေရလာမှန်းမသိတဲ့ ကောက်ရိုးတစ်မျှင်ကိုကိုက်ထားရင်း စဥ်းစားခန်းဝင်နေတယ်။
'ငါလည်း ဘိုင်ပြတ်နေတာအတော်ကြာပြီ။ ဒီကောင်မလေးကို ယာကူဇာတွေဆီ ရောင်းစားလိုက်ရမလား။' ခဏနေတော့ သူအခေါင်းကိုခါလိုက်တယ်။
'ဟေး၊ ငါက ဟီးရိုးလေကွာ။ စူပါ့စူပါဟီးရိုး။ ပြီးတော့ ကလေးမလေးရဲ့အိုက်ဒေါကငါ။ ငါက သူ့ကိုစောင့်ရှောက်ပေးရမှာ။' အတွေးဆိုးနဲ့အတွေးကောင်းနှစ်ခုက အချင်းချင်းစစ်ခင်းနေတယ်။ ချိုပါတဲ့ကိုင်းတိုအသေးစားလေးက ကလေးမလေးကို အသုံးချဖို့တိုက်တွန်းနေပြီး ခေါင်းပေါ်ကရွှေရောင်အကွင်းလေးနဲ့ ကိုင်းတိုချီဘီလေးကတော့ အတင်းဆန့်ကျင့်နေတယ်။ 'မင်းက ဟီးရိုးလား ဗီလိန်လား။'
ခဏနေတော့ သူဆုံးဖြတ်ချက်ချလိုက်တယ်။ 'ဒီလောက်ငယ်ငယ်ကောင်မလေးမှာ မိဘတွေမရှိတာတော့ မဖြစ်နိုင်လောက်ဘူး။ ကြည့်ရတာ သူ့အမေတွေ ရဲကိုအကြောင်းကြားတာတို့ဘာတို့ရှိမှာပဲ။ သတင်းပေးရင် ယန်းသုံးသန်းတို့ဘာတို့နဲ့ ဆုငွေတောင် ပေးလောက်သေးတယ်။ နောက်မှရဲစခန်းအပ်တာပေါ့။' နောက်ဆုံးတော့ အကြံဆိုးမကျ အကြံကောင်းမကျနဲ့ သူ့ဆုံးဖြတ်ချက်က ကြားရောက်သွားတယ်။
ခဏနေတော့ ခေါက်ဆွဲကျက်သွားတယ်။ ကိုင်းတိုက ချက်ချင်းပဲ အိုးကိုမပြီး ခေါက်ဆွဲပူပူကို ဒီအတိုင်းမော့သောက်ပစ်လိုက်တယ်။ ပါးစပ်နဲ့အိုးနှုတ်ခမ်းတောင် ထိမနေဘူး။ ဟင်းရည်တွေက လေထဲမှာစီးဆင်းပြီး ပါးစပ်ထဲတန်းရောက်သွားတာ။ 'ဒီကောင် လျှာမပူဘူးလား။' အနားမှာတစ်ယောက်ယောက်ရှိရင် အဲဒီလိုပြောမှာပဲ။ ပြဿနာက သူက နတ်ဘုရားလေ။ ပြီးတော့ မီးနတ်ဘုရားကြီး။
"ဆရာ... ကျွန်မဖို့ရော။" ကလေးမလေး ငိုတော့မယ်။
"ရော့... မင်းကျန်တာသောက်လိုက်တော့။" ကိုင်းတိုက သိပ်မပူတော့တဲ့အိုးကို ကလေးမလေးကိုပေးလိုက်တယ်။
ကလေးမလေးကတော့ နည်းနည်းပဲကျန်တော့တဲ့ ခေါက်ဆွဲကိုကြည့်ပြီး ငိုချင်စိတ်ပေါက်လာပြီ။ ငါးမိနစ်လောက် အိုးအပူပေးထားရတော့ လူကပင်ပန်းနေပြီးသား။ အခုတော့ အိုးဖင်ကပ်ခေါက်ဆွဲလေးကပဲ သူ့ကိုစောင့်နေတယ်။
"ဆရာချီးထုပ်...လူမဆန်တဲ့လူကြီး။" ကလေးမလေးက ကိုင်းတိုကို နှုတ်ခမ်းလေးစူပြီး အော်ပြောလိုက်တယ်။ ကိုင်းတိုကတော့ ဘာဖြစ်လို့ဖြစ်သွားမှန်း မသိတဲ့မျက်ခွက်နဲ့။
၂။
ညရောက်သွားပြီ။
အဖွားကိုရိုမီကတော့ ဘယ်ကမှန်းမသိတဲ့ ကလေးမလေးကို ကိုင်းတိုအိမ်ခေါ်လာတာမြင်တော့ တံမြက်စည်းနဲ့ လိုက်ရိုက်လုနီးနီးပဲ။ နောက်တော့ ကလေးမလေးက အိမ်ပေါ်က ဆင်းလာတဲ့အကြောင်းနဲ့ဆရာလိုက်ရှာနေတာလို့ ပြောလိုက်တဲ့အတွက် သိပ်စိတ်မဆိုးတော့ဘူး။ ဒါပေမဲ့ဌာနကိုအကြောင်းကြားရမယ်လုပ်နေတုန်းပဲ။ ကလေးမလေးက အိမ်မပြန်ချင်သေးလို့ ရဲအကြောင်း ကြားရင် ထပ်ထွက်ပြေးမှာလို့ ပြောတဲ့အတွက်ကြောင့် အဖွားကိုရိုမီလက်လျှော့လိုက်ရတာ။ ဒီညတော့ မြေးမလေးယုဆနဲ့အတူအိပ်ဖို့အတွက် အိပ်ရာပြင်ပေးတယ်။
ကိုင်းတိုကတော့ ညအိပ်ချိန်ရောက်ကတည်းက ရုပ်ထုကြီးဆီပြန်သွားပြီ။
"မပူပါနဲ့၊ အစ်ကိုနတ်ဘုရားက နည်းနည်းကြောင်ပေမဲ့ ကလေးချစ်တတ်ပါတယ်ဟ။ ပြီးတော့ကတိတည်တယ်။ သူတကယ်သင်ပေးမယ်ပြောရင် သင်ပေးလိမ့်မယ်။"
ယုဆ-ချန်ကတော့ အဲဒီလိုပြောပြီး တစ်ချိုးတည်းအိပ်သွားတာပဲ။ ပြဿနာက သူ့ကိုသင်ပေးပါမယ်ဆိုပြီး အားကိုင်းဂါမီ-ဆမက တစ်ခွန်းမှမဟသေးတာပဲ။ သူကသာ အတင်းလိုက်လာတာလေ။
တကယ်တော့ ကလေးမလေးနာမည်က မီရိုင်။ မီရိုင် ယာမာဂုချီ။ ဂျပန်ရဲ့ကျော်ကြားတဲ့ ယာမာဂုချီမိသားစုက။
အမေကတော့ ဥရောပက နာမည်ကျော်မိသားစုဖြစ်တဲ့ အာ့ခ်မိသားစုပါ။ ယာမာဂုချီမိသားစုက သူတို့ရထားပြီးတဲ့ စွမ်းအားတွေအပေါ်မှာ ကျေနပ်နှစ်သိမ့်မှုမရှိဘူး။ သူတို့က ပိုပြီးစွမ်းအားကြီးချင်ကြတယ်။ မြူတန့်လောကဖြစ်လာပြီး နှစ်လေးဆယ်အကြာမှာ မြူတန့်စွမ်းအားတွေဟာ မျိုးရိုးလိုက်တတ်တဲ့အကြောင်းကို သုတေသနတွေကတစ်ဆင့် သိခဲ့လာကြတယ်။ အဲဒီနောက်တော့ ယာမာဂုချီမိသားစုဟာ သူတို့သားတွေကို စွမ်းအားကြီးဟီးရိုးမိသားစုတွေနဲ့ လက်ဆက်ပေးဖို့ လုပ်တော့တာပါပဲ။
ယာမာဂုချီမိသားစုဟာ ရင်းမြစ်များစွာကို အသုံးပြုပြီးမှ အာ့ခ်မိသားစုရဲ့ဒုတိယသမီးကို သူတို့ရဲ့ပထမသခင်လေးနဲ့ လက်ထပ်ပေးနိုင်ခဲ့တယ်။ သူတို့ရဲ့ပထမရင်သွေး ကိုရိုမီဟာလည်း အင်မတန်စွမ်းအားကြီးတဲ့ မြူတန့်တစ်ယောက် ဖြစ်လာပါတယ်။ မိခင်ဖက်ကပါတဲ့ ဓားဝိညာဥ်စွမ်းအားနဲ့ ဖခင်ဖက်ကပါတဲ့ ဓားကမ္ဘာအမြင်စွမ်းရည်တို့ပေါင်းပြီး အစွမ်းအထက်ဆုံးဓားသမားဖြစ်လာသူပါ။
အာ့ခ်မိသားစုရဲ့ဓားဝိညာဥ်စွမ်းအားဟာ ရာဇဝင်ထဲက ဓားပေါင်းများစွာကို ဆင့်ခေါ်နိုင်စွမ်းရှိတယ်။ စွမ်းအားကြီးလေ ဆင့်ခေါ်နိုင်တဲ့ဓားများလာလေပါ။ ယာမာဂုချီတွေရဲ့ဓားကမ္ဘာအမြင်ကတော့ စင်စစ်မှာအထူးအမြင်စွမ်းအားတစ်ခုဖြစ်ပေမဲ့ ဓားပညာနားလည်သဘောပေါက်မှုကိုမြှင့်တင်ပေးပြီး တိုက်ခိုက်နေစဥ်အတွင်း မြန်ဆန်လွန်းတဲ့ အဖြစ်အပျက်တွေကို တိကျစွာမြင်နိုင်စွမ်းရှိပြီး လျင်မြန်စွာသုံးသပ်လာနိုင်စေတယ်။
ဥစာကီဟာ ဓားဝိညာဥ်တစ်ချောင်းကိုသာ ဆင့်ခေါ်နိုင်ခဲ့ပေမဲ့ ဂျပန်ဓားလောကရဲ့ပြိုင်ဖက်ကင်း ဓားငါးလက်ထဲက တစ်လက်ဖြစ်တဲ့ မိစ္ဆာသတ်ဓား ဒိုဂျီဂိရိ။ နတ်ဆိုးဘုရင်ဒိုဂျီကို သတ်ဖြတ်ခဲ့တဲ့ဓားပါ။ ဓားရဲ့သက်ရောက်နိုင်တဲ့အကွာအဝေးအတွင်းမှာဆိုရင် တခြားမြူတန့်တွေရဲ့စွမ်းအင်ကိုပါ ပိတ်ပင်ထားနိုင်တယ်။ ဒါကြောင့်လည်း အာ့ခ်မိသားစုရဲ့သခင်လေးလူကန်က သူ့ကိုမနိုင်ခဲ့တာပါ။ ဒီစွမ်းအားနှစ်ခုပေါင်းစည်းလိုက်တဲ့အခါမှာတော့ ကပ်ဆိုးကြီးတစ်ခုလိုပါပဲ။ နောက်ပြီး သူ့ပုံစံကလည်း တကယ့်ကိုဂျပန်မိန်းကလေးတစ်ယောက်နဲ့ ဆင်တူတယ်။ သူ့ခေါင်းပေါ်မှာ ရွှေရောင်ဆံပင်မွှေးတစ်ခုသာ ရှိပေမဲ့ပေါ့။ တစ်ပင်တည်းမလို့ အနီးကပ်မကြည့်ရင် မမြင်နိုင်ပါဘူး။
ဥစာကီဟာ မီရိုင်ထက် ရှစ်နှစ်ကြီးပါတယ်။ ရှစ်နှစ်ကြာပြီးနောက်မှာ မီရိုင်ကိုမွေးခဲ့တယ်။ မီရိုင်ကတော့ အစ်မဖြစ်သူနဲ့ ဆန့်ကျင်ဖက်ပါပဲ။ အမေဖက်ကိုတူလွန်းပြီး အညိုရောင်အာရှသားမျက်လုံးတွေကသာ အဖေနဲ့ဆင်တူတယ်။ အစောပိုင်းနေ့ရက်တွေမှာ ကလေးဘဝကို ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်သန်းခဲ့ရပေမဲ့ သူ့အသက်ရှစ်နှစ်အရောက်မှာတော့ အရာရာပြောင်းလဲသွားတယ်။
မီရိုင်မှတ်မိသလောက် အဲဒီနှစ်က သူ့ရဲ့စွမ်းအား နိုးထလာတာပါ။ မီးစွမ်းအား။ အမေရဲ့ဓားဝိညာဥ်၊ အဖေရဲ့ဓားလောက နှစ်ခုလုံးမဟုတ်ဘူး။ ဒါကြောင့် မိသားစုဝင်တွေရဲ့မျက်လုံးက ပြောင်းလဲသွားကြတယ်။
မိသားစုအတွင်းက ပထမသခင်ရဲ့ရာထူးနဲ့ဥစာကီရဲ့အောင်မြင်မှုတွေကို မနာလိုတဲ့သူတွေက ကောလာဟလတွေနဲ့အတင်းစကားတွေကို စဖြန့်လာတယ်။ တစ်ချိန်တည်းမှာပဲ မီရိုင်ဟာလည်း ခွဲခြားခံလာရတယ်။ 'နင်က ဘယ်သူနဲ့ရပြီး မွေးလာတဲ့သမီးလဲ။' 'ငါတို့မိသားစုကမဟုတ်ဘူး။' 'သွားစမ်း၊ အပြင်လူ။' ဒီစကားတွေက ငယ်သေးတဲ့ကလေးမလေးအတွက် ပြင်းထန်လွန်းတယ်လေ။
အဆိုးဆုံးကတော့ ဖခင်ဖြစ်တဲ့ ပထမသခင်ကိုယ်တိုင်လည်း ကလေးရဲ့DNAကိုစစ်ဖို့ သတ္တိမရှိခဲ့တာပါပဲ။ မီးစွမ်းအားဆိုတာနဲ့ ပထမသခင်တွေးမိနေတဲ့ လူတစ်ယောက်ရှိတယ်။ အဲဒီလူကို တွေးမိပြီးတာနဲ့ ပထမသခင်ဟာ သူမိန်းမသူ မယုံတော့ဘူး။ အထူးသဖြင့် စွမ်းအားအတွက်လက်ထပ်ထားတဲ့ မိန်းမတစ်ယောက်ဖြစ်နေချိန်မှာပဲ။
ယောကျ်ားဖြစ်သူရဲ့လစ်လျူရှုမှု၊ တခြားမိသားစုဝင်တွေရဲ့သံသယအကြည့်တွေ၊ ကလေးကိုထိခိုက်စေတဲ့ ပတ်ဝန်းကျင်တွေကြောင့် နောက်ဆုံးမှာတော့ ထွက်ပေါက်မရှိတော့တဲ့ မီရိုင်ရဲ့မိခင်ဟာ သတ်သေသွားခဲ့တယ်။ မီရိုင်တစ်ယောက်တည်းကျန်ခဲ့တယ်။ ဥစာကီက သူ့ညီမလေးကိုချစ်ပေမဲ့ မိသားစုရဲ့အရုပ်တစ်ရုပ်လိုမျိုး မစ်ရှင်တွေကို ဆက်တိုက်ထမ်းဆောင်နေရတာကြောင့် ညီမနဲ့နေဖို့အချိန်မရှိဘူး။
နောက်ဆုံးမှာတော့ မီရိုင်ဟာ ကောက်ရိုးတစ်မျှင်အဖြစ် အိမ်ကနေထွက်ပြေးလာတာပါပဲ။ သူ့လက်ထဲမှာတော့ အခုခေတ်ကလေးတွေ ဆော့လေ့ရှိတဲ့ ကတ်ဂိမ်းတစ်ခုဖြစ်တဲ့ ဟီးရိုးကတ်တစ်ချပ်ကိုကိုင်ထားတယ်။
မီးလျှံတွေရဲ့အရှင်သခင် အနီရောင်နတ်ဘုရား အာကိုင်းဂါမီရဲ့ကတ်ပါပဲ။ အနားယူမယ်လို့ ကြေညာပြီးကတည်းက လူတွေရဲ့ရှေ့ကို ထပ်မံပေါ်ထွက်လာခြင်းမရှိတော့တဲ့ S rank ဟီးရိုးဟောင်း။ ကမ္ဘာဖျက်အဆင့်ရှိတဲ့ အန္တရာယ်တစ်ခုကို တားဆီးခဲ့ပြီး အနစ်နာခံခဲ့သူ။ ကမ္ဘာ့အစွမ်းအထက်ဆုံး နံပါတ်တစ်ဖြစ်ခဲ့တဲ့သူပါ။ လူတိုင်းမေ့သွားကြပေမဲ့ ဒီကလေးမလေးကတော့ မမေ့ခဲ့ဘူး။ အာကိုင်းဂါမီဟာ သူ့အစ်မထက်တောင် စွမ်းအားကြီးတယ်။ ပြီးတော့ သူတို့စွမ်းအားတွေကလည်း တူညီတဲ့အတွက်ကြောင့် ဆရာအဖြစ်သတ်မှတ်ပြီး လိုက်ရှာခဲ့တာပါ။ ဒါပေမဲ့ အခုလိုမျိုးတိုက်ဆိုင်ပြီးတွေ့ခဲ့တာ အင်မတန်ကံကောင်းတယ်။ လက်ရှိတိုကျိုမြူတန့် မြေအောက်လောကက အနောက်တိုင်းမြို့ပြတွေထက် အများကြီးပိုဆိုးပါတယ်။
တိုကျိုမှာ ဟီးရိုးအစည်းအရုံးနှစ်ခုပဲရှိပြီး တိုကျိုအစည်းအရုံးနဲ့အိုဆာကာ အစည်းအရုံးပါ။ ဟော့ကိုင်းဒိုမှာတစ်ခုရှိပေမဲ့ ရုံးခွဲသာသာပါပဲ။ လက်ရှိအင်အားအရ အနားယူသွားတဲ့သူတွေကို ထည့်မတွက်ရင် S တစ်ယောက်၊ A အဆင့် ဆယ့်ငါးယောက်ရှိပါတယ်။ နိုင်ငံအလိုက်ဆိုရင်တော့ အဆင့်လေးမှာပါ။ ရုရှား၊ အမေရိကန်၊ တရုတ်၊ ဂျပန်နဲ့ ဩစတေးလျတို့က S အဆင့်လည်းရှိ မြူတန့်အများအပြားလည်း ရှိတဲ့နိုင်ငံတွေပါ။ ဒါကြောင့် တရားဥပဒေစိုးမိုးမှုက အတော်နည်းသေးတယ်။ အိန္ဒိယနဲ့ဘရာဇီးလိုမျိုး S အဆင့်မရှိသေးတဲ့ နိုင်ငံကြီးတွေဆိုရင် အများကြီးပိုဆိုးပါတယ်။ ဗီလိန်တွေ အင်မတန်ခြေရှုပ်ကြတယ်။
[Russia S- 3, A- 24
USA S2, A 18
China S2,A 14
Japan S1, A 15
Australlia S1 A12
ယခုစာရင်းမှာ ခန့်မှန်းစာရင်းသာဖြစ်ပြီး အနားယူပြီးသူများ၊ အထူးအေးဂျင့်များ၊ စစ်ဖက်ဆိုင်ရာမြူတန့်အရာရှိများ၊ ဗီလိန်များ မပါဝင်ပါ။]
ဒါကြောင့် သေးငယ်ပြီးခွန်အားမဲ့တဲ့ ကောင်မလေးတစ်ယောက် မြို့ထဲမှာ ရှာနေတဲ့သူကိုတွေ့တာ အင်မတန်ကံကောင်းတယ်။
မီရိုင်လေး အတွေးလွန်နေတုန်း ဂျပန်ရိုးရာဘေးတွန်းတံခါးက ပွင့်သွားတယ်။ ကုန်းကုန်းကွကွနဲ့ လူရိပ်တစ်ရိပ် အထဲဝင်လာလို့ မီရိုင်လေးယုဆ-ချန်ကို ဖက်ထားမိတယ်။ ခဏနေတော့ အရိပ်က အနားရောက်လာပြီး သူ့ဆရာကိုင်းတိုဖြစ်နေတယ်။ လက်ထဲမှာတော့ နတ်ကွန်းမှာနတ်ကပ်လေ့ရှိတဲ့ မိုချီမုန့်လေးနှစ်ထုပ်။
"ငါညဖက်ဗိုက်ဆာလို့ စားစရာရှာတုန်း စားပွဲပေါ်တွေ့လို့ယူလာတာ။ ယူထားလိုက်။ မင်းက ကလေးဆိုတော့ မုန့်စားချင်မှာပဲ။"
အဲဒီနောက်တော့ မကြင်နာတတ်ချင်ယောင်ဆောင်နေတဲ့ ဆရာအေးတိအေးစက်ကြီး အခန်းထဲကထွက်သွားရော။ ယုဆ-ချန်လည်းနိုးနေပြီ။ ယုဆက လေသံတိုးတိုးနဲ့ပြောလိုက်တယ်။
"ငါပြောတားပဲ၊ ငါတို့နတ်ဘုရားက Tsudereကြီးပါဆို။"
....
လူသူကျဲပါးသည့် ကျွန်းလေးတစ်ကျွန်းပေါ်တွင်ဖြစ်သည်။ လူကန်က ကျေးလက်အင်တာနက်ကဖေးလေးတွင်ထိုင်ကာ သူ၏ဟီးရိုးအစည်းအရုံးနှင့် ဆက်သွယ်နေသည်။ ဖက်တီးကောင်ဖရန့်က ဘာဘယ်တီးသောက်ရင်း လူကန်အင်တာနက်သုံးနေသည်ကို ထိုင်ကြည့်နေ၏။
"မင်းဆက်သွယ်လို့ရော ရပါဦးမလား။ ဒီမှာက You Tubeတောင် ဘန်းထားတာဆို။"
"မစိုးရိမ်နဲ့၊ ငါတို့က ဟီးရိုးအစည်းအရုံးကလုပ်ထားတဲ့ Mailလိပ်စာတွေကိုသုံးနေတာ။ မြောက် ကိုရီးယားမှာတောင် ဟီးရိုးအစည်းအရုံးwebကသုံးလို့ရတယ်။"
"တကယ်ကြီးလား ငါသူတို့မှာ စူပါဟီးရိုးမရှိဘူးထင်နေတာ။"
"ရှိတယ် A- အဆင့်။ ပြုံယမ်းအစည်းအရုံးရှိတဲ့အကြောင်း မင်းမကြားဖူးဘူးလား။"
"ငင့် UNမှာကျမပါဘဲ GSH မှာကျပါတယ်တဲ့။"
လူကန်ကတော့ ဖရန့်ပေါက်ပေါက်ဖောက်နေတာကို ဂရုတောင်မစိုက်တော့ဘဲ သူ့အလုပ်ကိုသူဆက်လုပ်နေလိုက်သည်။ ဖရန့်ကတော့ မျက်စိထောင့်မှမြင်လိုက်သည့် ဟီးရိုးအစည်းအရုံးမှသတင်းတစ်ပုဒ်ကို ထောက်ပြလိုက်ပြီး
"ဟေး...ဥစာကီ-ချန်လေးက နောက်စူပါဗီလိန်တစ်ယောက်ကို ပိုင်းပစ်လိုက်ပြန်ပြီ။"
"နေစမ်းပါကွာ... ငါအလုပ်ကို မနှောင့်ယှက်စမ်းနဲ့။"
"ဟေး...မင်းက မင်းညီမထိတော့ ငါ့ကိုမကြည်ဘူးပေါ့။"
"ငါ့အမေရဲ့ဝမ်းကွဲညီမကမွေးတဲ့ကလေးပါကွာ၊ ဝမ်းကွဲတောင် သေချာတော်တာမဟုတ်ဘူး၊ အဝေးကြီး။"
ခဏနေတော့ လူကန်မျက်နှာက တည်ကြည်သွားပြီး ပြောလိုက်သည်။
"ဟျောင့်ရေ၊ ငါတို့အလုပ်က မပြီးသေးဘူးဟ။ ဆာကူရာကော်ပိုရေးရှင်းက အဲဒီဆေးကို ဖော်ပြီးတာ နှစ်လလောက်ရှိနေပြီ။ အခုနယူးယောက်မြေအောက်ဆေးကွက်မှာ အဲဒီလက္ခဏာတွေရှိတဲ့ ဆေးတွေကို တွေ့နေရပြီတဲ့။"
"သေဟဲ့၊ ဒါဖြင့် ငါတို့နယူးယောက်သွားရဦးမှာလား။"
....
ရှေးအိမ်တော်ကြီးတစ်ခု။
ဆာကူရာပွင့်ချပ်ခုနစ်ခု၏ပုံကို နံရံတွင်ရေးဆွဲထားသည်။ ယာမာဂုချီပင်မအိမ်တော်ပင်။
ပထမသခင်က ဆာမူရိုင်းဓားကို ခါးတွင်ချိတ်ထားပြီး အပြာနုရောင်ဟာကာမာဝတ်စုံကို ဝတ်ဆင်ထားသည်။ ချောမောသည့် သတ်လတ်ပိုင်းအာရှသားဖြစ်ကာ ပြတ်သားသည့်မျက်နှာမျိုးရှိ၏။ ကီမိုနိုဝတ်ထားသည့် အစေခံတစ်ဦး အခန်းထဲဝင်လာကာ သူတို့ရိုးရာအတိုင်း ဒူးထောက်အရိုက်အသေပေးလိုက်ပြီး ပြောသည်။
"ပထမသခင်ကြီးရှင့်၊ ဒုတိယသခင်မလေးကို ရှာတွေ့ပါပြီ။ တိုကျိုရဲ့ချောင်ကျတဲ့ လမ်းလေးတစ်ခုမှာပါ။ ဟီးရိုးဟောင်းအာကိုင်းဂါမီဖြစ်ပုံပေါ်တဲ့လူက သူ့ကိုခေါ်သွားပါတယ်။"
"အာကိုင်းဂါမီ...အဲဒီအာကိုင်းဂါမီပဲ... ငါ့ဘဝကို ဘယ်အချိန်ထိ နှောင့်ယှက်နေဦးမှာလဲ။ ငါ့ညီမ၊ ငါ့မိန်းမ...အခုငါ့သမီး... မင်းက ငါ့မှာရှိသမျှအရာအားလုံးယူသွားတဲ့ကောင်ပဲ။"
၃။
Fox သတင်းဌာနရဲ့အဆောက်အဦးဟာ နယူးယောက်မှာအတော်လေးကျော်ကြားတယ်။ လေးထောင့်ပုံ အထပ်မြင့်တိုက်အမြွှာဖြစ်ပြီးတော့ အောက်ခြေကိုတော့ စမတ်ကျတဲ့ အညိုရောင်တိုင်လုံးတွေနဲ့ အလှဆင်ထားပါတယ်။
အခုတော့ မက်ဒါနာဟာ ငွေရောင်စစ်သည်ဝတ်စုံကြီးကိုဝတ်ထားပြီးတော့ အဆောက်အဦးဘေးမှာ တောင့်တောင့်ကြီးရပ်နေရတယ်။
"ငါလခွမ်း၊ ဘယ်လိုသတင်းဌာနလဲဟ။ အပြင်မှာ ထိုင်စရာနေရာတစ်ခုတောင် လုပ်မပေးထားဘူး။"
တကယ်လို့ လေဒီဘတ်တာဖလိုင်းပေးခဲ့တဲ့ လိပ်စာကတ်ထဲက ညနေခင်းသတင်းတင်ဆင်သူ မာဂရက် ဆောရာကို တွေ့ဖို့ကြောင့်သာမဟုတ်ရင် သတင်းဌာနအနားကို သူမသွားချင်ပါဘူး။ အခု Silver Kinghtက နယူးယောက်ရဲ့နာမည်ကျော် ဟီးရိုးကြီးတစ်ယောက်ပါ။ သူက B- ဖြစ်ပေမဲ့ မြို့သားတွေကတော့ C အဆင့်တစ်ယောက်အနေနဲ့ပဲ သိကြပါတယ်။ ဒါပေမဲ့ သူ့ကျော်ကြားမှုကတော့ နယူးယောက်အစည်းအရုံးက B+ ဒုဌာနမှူးတွေနဲ့တောင် နင်လားငါလားဖြစ်နေပါပြီ။
တစ်ခါတလေမှာ ဟီးရိုးတစ်ယောက်ရဲ့ကျော်ကြားမှုက ဟီးရိုးတစ်ယောက်ရဲ့စွမ်းအားနဲ့ တိုက်ရိုက်အချိုးမကျပါဘူး။ မကြာသေးခင်က ဟီးရိုးအလုပ်သင်အဖြစ်ကနေပြီး တင်းပြည့်ဟီးရိုးဖြစ်လာတဲ့ Boing Girl အဲလေ Boeing Girlဆိုရင်လည်း C အဆင့်တစ်ယောက်ဖြစ်ပေမဲ့ သူ့ရဲ့လှပတဲ့ပုံစံနဲ့ သိပ်ကိုဆက်စီဖြစ်လွန်းတဲ့ခန္ဓာကိုယ်အချိူးအစားကြောင်း ဥစာကီရဲ့သတင်းတွေကိုတောင် ဖုံးသွားခဲ့ဖူးပါတယ်။ ပြီးတော့ အဲဒီဘွင်ဘွင်ဟီးရိုးက သူနဲ့အထက်တန်းကျောင်းနေဖက် မယ်လီဆိုတာ အသိသာကြီး။ နှမ်းဖက်ရောင်ဆံပင်တွေနဲ့ ပြိုင်ဖက်ကင်းဘွင်ဘွင်တွေက အလွယ်တကူမေ့လို့ရတာမဟုတ်ဘူး။
ထားတော့ မယ်လီနဲ့သူနဲ့က ဒီလောက်ရင်းနှီးတာမှမဟုတ်တာ။ ဒီတော့ တွေးနေလည်းအပိုပါပဲ။ Silver Knight Foxသတင်းဌာနရှေ့ကို ရောက်ရှိလာခြင်းက ချက်ချင်းပဲဟိုးလေးတကျော်ကျော်ဖြစ်သွားတယ်။ သတင်းထောက်တချို့တောင် သူ့အနားကပ်လာပေမဲ့ မက်ဒါနာကတော့ သူတို့ကိုလစ်လျူရှုထားပြီး အဲလီဇဘက်ဘုရင်မကြီးရဲ့တော်ဝင်အစောင့်တွေလိုမျိုး ခပ်တည်တည်နဲ့ရပ်နေလိုက်တယ်။
အလုပ်ဆင်းချိန်ရောက်တော့ အညိုရောင်ဆံပင်ရှည်တွေနဲ့ သွပ်လက်တက်ကြွတဲ့ အမျိုးသမီးငယ်လေးတစ်ယောက် အဆောက်အဦးထဲက ထွက်လာတယ်။ ကြည့်ရတာ အသက်နှစ်ဆယ်စွန်းစွန်းပဲ ရှိဦးမယ်။ ပြောရရင် မက်ဒါနာမိန်းကလေးမပြောင်းခင် မင်းလွင်နဲ့ဆို သက်တူရွယ်တူတွေပါ။ လက်ထဲမှာတော့ ဖိုင်အဟောင်းတွေထည့်လာတဲ့ ပုံးလေးကိုင်လာလေရဲ့။ တာဝန်ခံဖြစ်ပုံပေါ်တဲ့သူတစ်ယောက်က သူ့ကိုနောက်ကနေပြီး အော်ပြောနေသေးတယ်။
"ကြိုက်တဲ့နေရာမှာ အလုပ်သွားလုပ်၊ ငါတို့ကို ပြဿနာမရှာရင်ပြီးရော။"
'အဟယ်... ဒီကောင်မလေး အလုပ်ပြုတ်လာတာလား။' ကောင်မလေးက သတင်းဌာနရှေ့ရပ်နေတဲ့ သူ့ကိုမြင်တော့ လက်ကိုဝေ့ယမ်းပြလိုက်တယ်။
"အာ...ဟိုင်း ဆာ SilverKnight... ကျွန်မကိုလာတွေ့တာလား။"
. ..
သူတို့နှစ်ယောက် ပန်းခြံထဲရောက်လာတယ်။
မက်ဒါနာကို ကောင်မလေးက လိမ္မော်ရည်တစ်ခွက်ကမ်းပေးတယ်။ ခုဏက အလုပ်ပြုတ်သွားတဲ့ကိစ္စကို နည်းနည်းလေးမှ ခေါင်းထဲထည့်တဲ့ပုံမပေါ်ဘူး။
"ဒီတော့ မင်းက သတင်းတင်ဆက်သူ မာဂရက်လား။"
"အင်း... အခုတော့ သတင်းတင်ဆက်သူပြုတ်ပေါ့။"
"ငါက မင်းကိုလာတွေ့မှန်း မင်းဘယ်လိုလုပ်သိတာလဲ။" မက်ဒါနာက သံသယအပြည့်နဲ့မေးလိုက်တယ်။ တကယ်တော့ အဲဒီကောင်မလေး သူ့ရှေ့လာကတည်းက သံသယဝင်နေပြီးသား။ လေဒီဘက်တာဖလိုင်းရဲ့ကိုယ်လုံးအချိုးအစားက သူနဲ့လုံးဝတူညီနေတယ်။ သူကိုယ်တိုင်က စိတ်ထင်တာမဟုတ်ဘဲ သူ့ရဲ့အချက်ပြစနစ်ကကို ပြန်နေတာပါ။
[အချက်အလက်- မာဂရက် ဆောရာ။
အသက်- ၂၁
သွေးအမျိုးအစား- O
အလုပ်အကိုင်- Fox သတင်းဌာန၊ အသက်အငယ်ဆုံး ညနေခင်းသတင်းကြေညာသူ။
မြူတန့်စွမ်းအား- မှတ်ပုံတင်မထား (ရှိ/မရှိ)
Warning- လေဒီဘတ်တာဖလိုင်းနှင့် ကိုယ်ခန္ဓာအချိုးအစားချင်းတူနေ။]
ပြောရရင်တော့ မက်ဒါနာဟာ အခုတလောကျန်းမာရေးသတင်းအချက်အလက်တွေ ရဲမှတ်တမ်းမှတ်ရာတွေကို ဖောက်ဝင်ပြီးကူးယူရတာကို အင်မတန်စိတ်ဝင်စားနေတယ်။ ဝါသနာလို့တောင်ပြောရမယ်။ ဒါကြောင့် ဘယ်သူ့ကိုမဆို သူ့စနစ်က တိုက်ဆိုင်စစ်ဆေးကြည့်နိုင်နေပါပြီ။
"ကျွန်မက လေဒီဘတ်တာဖလိုင်းနဲ့ အဆက်အသွယ်ရှိတယ်လေ။" မာဂရပ်က သူ့ဖုန်းအဟောင်းလေးကို ထုတ်ပြတယ်။ လေဒီဘတ်တာဖလိုင်းဆိုတဲ့ အီးမေးလ်က မာဂရပ်ရဲ့အီးမေးလ်ကို သူလာမယ့်အကြောင်း လှမ်းပို့ထားတယ်။ ဒါပေမဲ့ မက်ဒါနာက နည်းပညာအထူးပြုစွမ်းအားရှင်လေ။ အိုင်ပီလိပ်စာက တစ်ခုတည်းမှန်း ကြည့်တာနဲ့သိတာပေါ့။
'ဒီကောင်မလေး DIDဖြစ်နေတာတော့ မဟုတ်ပါဘူးနော်။ကိုယ့်ဟာကိုယ် မက်ဆေ့ပို့ထားပြီး ငါ့ကိုလာပြနေတာလား။' ဒါပေမဲ့ မက်ဒါနာဟာ လေဒီဘတ်တာဖလိုင်းနဲ့မာဂရပ်ဟာ တစ်ယောက်တည်းဆိုတဲ့ သူ့ရဲ့ယူဆချက်ကို ထုတ်မပြောတော့ပါဘူး။ ကောင်မလေးကို လွှတ်ထားပေးလိုက်တယ်။
"တကယ်တော့ လေဒီဘတ်တာဖလိုင်းနဲ့ကျွန်မက သိတာကြာပြီလေ။ အရင်ကတည်းက ကျွန်မဆီကို လူတွေမသိတဲ့သတင်းတွေပို့နေကျ။ အဲဒါကြောင့်လည်း ကျွန်မမြန်မြန်အောင်မြင်လာတာ။"
မာဂရပ်က သူနဲ့စူပါဟီးရိုးလေဒီဘတ်တာဖလိုင်းတို့ တွေ့ဆုံတဲ့အကြောင်းကို ပုံပြင်တွေ၊ဇာတ်လမ်းတွေထဲကလိုမျိုး ပြောပြတယ်။ တစ်ခုမှအမှန်မဟုတ်ပေမဲ့ နားထောင်လို့တော့ကောင်းပါတယ်။ အပေါ်ယံရွှေမှုန်ကျဲထားတဲ့ နိုင်ငံရေးလောကထဲက သတင်းတွေ၊ လုပ်ငန်းရှင်ကြီးတွေရဲ့နောက်ကွယ်က အမှောင်သတင်းတွေ။ မာဂရပ်ထုတ်ဖော်ခဲ့တာတွေက အများကြီးပါပဲ။ တီဗီအစီအစဥ်တွေကို ဖိတ်ခေါ်ပြီးတော့ မင်းသားခေါင်းဆောင်းထားတဲ့သူတွေကို ဖော်ထုတ်ခဲ့တာလည်း မနည်းပါဘူး။ သူ့ကိုအရဲရင့်ဆုံး သတင်းထောက်၊ သတင်းကြေညာသူတစ်ယောက်လို့ လူတိုင်းက သတ်မှတ်ခဲ့ကြတယ်။ ဒါပေမဲ့...
ဆာကူရာကော်ပိုရေးရှင်းအမှုဟာ လေဒီဘတ်တာဖလိုင်းကူညီနိုင်တာထက် ပိုလွန်နေခဲ့ပါတယ်။ သူ့စွမ်းအားက တကယ်ပဲမလုံလောက်ဘူး။ တခြားဟီးရိုးတွေ အကူအညီတောင်းဖို့ကျပြန်တော့လည်း အဆင်မပြေပါဘူး။ ဟီးရိုးတော်တော်များများက ငွေနောက်လိုက်နေကြပြီမလို့ မယုံကြည်ရတော့ပါ။ ဒါကြောင့် Silver Knightကို အကူအညီတောင်းဖို့ ဖြစ်လာခဲ့ပါတယ်။
"သက်သေတွေကို ခြိမ်းခြောက်တဲ့အမှုတွေ၊ သက်သေခံဖျောက်ဖျက်မှုတွေ၊ မူးယစ်ဆေးမှုတွေနဲ့ တခြားသူတို့ပြစ်မှုကျူးလွန်ထားတဲ့ အရာတွေအားလုံးအတွက် ကျွန်မတို့မှာ သက်သေတွေရှိနေပြီ။ မရှိတာက လူသက်သေပဲ။ ဘယ်သူမှ အမှန်အတိုင်းမပြောရဲကြဘူး။"
"မင်းဆိုလိုတာက ငါကလူသက်သေ လုပ်ပေးရမယ်ပေါ့။"
"ပြီးတော့ လူသက်သေတွေကို ကာကွယ်ပေးဖို့ရောပဲ။" မိန်းကလေးက လူသက်သေတွေကိစ္စကို ဆက်ပြောပြပြန်တယ်။ စွန့်ပစ်ပစ္စည်းဌာနက ဦးလေးကြီးကလည်း လူသက်သေပါပဲ။ ဆာကူရာကော်ပိုရေးရှင်းရဲ့ပြိုကျသွားတဲ့အဆောက်အအုံနားမှာ သူရှိနေခဲ့ပြီးတော့ အရည်အသွေးစစ်ဆေးရေးမှူးကို ပထမဆုံးအနေနဲ့ သေလျက်တွေ့ခဲ့တဲ့သူပါ။
တကယ်တော့ သူသာ လူသေအလောင်းကို တွေ့ခဲ့တယ်ဆိုတာထက် အများကြီးပိုပြီးတော့ သတ်တဲ့လူကိုပါ မြင်လိုက်ပါတယ်။ အသေအချာတော့မဟုတ်ပေမဲ့ပေါ့။ တစ္ဆေမျက်နှာဖုံးဝတ်ထားတဲ့ အနက်ရောင်ဆံပင်နဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပြီး မြေစွမ်းအားကို အသုံးပြုနိုင်ပြီး ကျောက်သားချွန်တွေကို အသုံးပြုပြီးသတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။
မက်ဒါနာလည်း မာဂရပ်ဆီက ဒီသတင်းရတော့ ရဲမှတ်တမ်းတွေကိုမွှေနှောက်ကြည့်လိုက်တယ်။
[အဆောက်အဦးအရည်အသွေးစစ်ဆေးရေး အရာရှိ၊ ဝီလီယံ ဗာဒံ။ ရင်ဘတ်ကို ချွန်ထက်သောအရာတစ်ခုခုဖြင့် ထိုးမိ၍ နှလုံးကိုထိခိုက်ကာသေဆုံး။]
အသက်ငါးဆယ်အရွယ် စည်ပင်အရာရှိတစ်ဦးရဲ့ရင်ဘတ်မှာ အပေါက်တစ်ပေါက်ရှိနေပြီး အဲဒီကနေသွေးတွေစီးကျနေတဲ့ ရဲမှုခင်းပုံကို မက်ဒါနာရဲ့စနစ်ကနေ မြင်လိုက်ရတယ်။ ရဲမှတ်တမ်းမှာတော့ အမြင့်ကနေ မတော်တဆပြုတ်ကျပြီး သံချောင်းရင်ဘတ်ကို စိုက်ဝင်တာဖြစ်နိုင်တယ်လို့ သုံးသပ်ထားပေမဲ့ မျက်မြင်သက်သေဦးလေးကြီးအဆိုအရတော့ လူသတ်မှုပါ။
တကယ်တော့ ဆာကူရာဂိုဏ်းဟာ မျက်မြင်သက်သေအများအပြားကို ဖယ်ထုတ်ခဲ့ပေမဲ့ သာမန်လုံခြုံရေးအစောင့်သာဖြစ်တဲ့ ဦးလေးကြီးကိုတော့ မေ့ထားခဲ့ပါတယ်။ ဦးလေးကြီးကလည်း ရဲကိုဖွင့်မပြောခဲ့ပါဘူး။ သံသယဖြစ်တတ်လွန်းတဲ့ လေဒီဘတ်တာဖလိုင်းက ကာကွယ်ပေးမယ်ပြောပြီး မေးခဲ့လို့ရလာတာပါ။ ဒါပေမဲ့ခုအင်အားနဲ့ဆိုရင် လေဒီဘတ်တာဖလိုင်းက ဦးလေးကြီးကို မကာကွယ်နိုင်ဘူး။
"နင်က ဂျာနယ်လစ်ပဲမဟုတ်လား။ နင့်သတင်းဌာနကနေ လူသိရှင်ကြားချပြလိုက်ပေါ့။"
မာဂရပ်ကလည်း အမြဲဒီလိုလုပ်နေကျမဟုတ်လား။ မာဂရပ်ကတော့ ခေါင်းခါပြတယ်။
"ဒီတစ်ခါက မတူဘူး။ ငါသူတို့မကောင်းကြောင်း သဲ့သဲ့လေးပဲပါတဲ့ ဆောင်းပါးကိုတခြားဂျာနယ်တိုက်ကနေ ကလောင်ခွဲနဲ့ရေးတင်မိတာတောင် သတင်းတင်ဆက်သူရော သတင်းထောက်အဖြစ်ကနေပါ အလုပ်ပြုတ်သွားတယ်။"
"Foxကို ဘယ်တုန်းက ဆာကူရာဂိုဏ်းပိုင်သွားတာလဲ။"
"မပိုင်ပါဘူး၊ ဒါပေမဲ့ မြေအောက်လောကနဲ့ပတ်သက်တဲ့ကိစ္စတွေက တခြားစီးပွားရေးအမြတ်ထုတ်မှုတွေနဲ့မတူဘူး။ သူတို့ကြောက်နေကြတယ်။"
မက်ဒါနာဟာ နောက်ဆုံးတော့ မျက်မြင်သက်သေဦးလေးကြီးနဲ့မာဂရပ်တို့ကို ကာကွယ်ပေးဖို့ဆုံးဖြတ်လိုက်တယ်။ ဘာပဲဖြစ်ဖြစ် ဆာကူရာဂိုဏ်းကို စုံစမ်းဖို့အတွက် သူကိုယ်တိုင်က စိတ်ဝင်စားနေပြီးသားပါ။ ခုမှသဲလွန်စရတာပါ။
"ဒါဆိုရင် ငါတို့တရားရုံးမှာ တရားစွဲဖို့လုပ်လိုက်တော့မယ်။ ဆာ Silver Knight ရှင့်ဝတ်စုံမှာ မှတ်တမ်းတင်တဲ့ဥစ္စာပါတယ်မလား။ အဲဒီနေ့က တိုက်ခိုက်တဲ့မှတ်တမ်းကိုပါ သက်သေအဖြစ်တင်ရမယ်။"
"ရတယ်.... ပြီးတော့ သိပ်ပြီးအတင့်ရဲမနေနဲ့ဦး။ ငါက နင့်ထက်အစွမ်းထက်တယ်ဆိုပေမဲ့ ပြိုင်ဖက်ကင်းမနေဘူး။" မက်ဒါနာက မာဂရပ်ရဲ့ပုခုံးကိုပုတ်ပြီး ထွက်ခွာသွားတယ်။
"အင်း..." မာဂရပ်လည်း ခေါင်းညိတ့်ပြတယ်။ ပြီးခါမှ တစ်ခုခါမှားနေမှန်းသိသွားပြီး နေရာမှာပဲ ကြောင်အအနဲ့ရပ်ကျန်နေခဲ့တယ်။ နောက်တော့ သူ့မျက်နှာလေးရဲတက်သွားရော။ 'ငါ့လျှို့ဝှက်ချက် ပေါ်သွားပြီလားဆိုတဲ့မျက်နှာမျိုး။'
"သေစမ်း၊ ငါ Silver Knightကို အထင်သေးမိတာပဲ။ နောက်ဆိုပိုသတိထားမှ။"
မက်ဒါနာကတော့ လေဒီဘတ်တာဖလိုင်းအဖြစ် လိုင်စင်မဲ့ဟီးရိုးလုပ်နေတဲ့ မာဂရပ်ကို အပြစ်မတင်မိဘူး။ သူကိုယ်တိုင်လည်း လိုင်စင်မဲ့ဟီးရိုးမလား။ စိတ်ပူမိတာဆိုလို့ မာဂရပ်ရဲ့ခွန်အားကိုပါ။ တိုက်ရည်ခိုက်ရည်မရှိတဲ့ မာဂရပ်ကိုသာ တစ်ယောက်ယောက်ရန်ပြုရင် ပြဿနာဖြစ်သွားနိုင်တယ်။ ဒါကြောင့် မာဂရပ်ရဲ့ဖုန်းမှာ သူ့ရဲ့စွမ်းအားတစ်စိတ်တစ်ပိုင်းကို ချန်ထားခဲ့တယ်။ အချိန်မရွေးစောင့်ကြည့်နိုင်အောင်ပါ။
...
မက်ဒါနာဟာ ကျောင်းလုံးဝမသွားတော့ပါ။ အဲဒီအစား ဝတ်စုံကြီးနဲ့ဟိုပြေးဒီပြေးလုပ်ရင်း မြို့ထဲကင်းလှည့်နေတယ်။ ဒါပေမဲ့ ဘွဲ့ယူဖို့တော့ စိတ်ထဲရှိတဲ့အတွက် ကားအက်ဆီးဒင့်ဖြစ်လို့ ကျန်တဲ့နှစ်ဝက်ကို အွန်လိုင်းကနေပဲတက်တော့မယ်ဆိုပြီး အဝေးသင်ပြောင်းလျှောက်လိုက်ပါတယ်။ ဆေးခွင့်ကြီးကလည်း ပါနေတာဆိုတော့ မက်ဒါနာကိုကျောင်းက ချက်ချင်းပြောင်းပေးလိုက်တယ်။ ပြီးတော့ ပိုပိုသာသာနဲ့သနားစရာလေးဖြစ်အောင်ပါ ဆရာဝန်ကို ဒေါ်လာတစ်သိန်းကျော်လာဘ်ထိုးပြီး ရေးခိုင်းထားသေးတယ်။ ဒါပေမဲ့ ဆေးစာထွက်လာတော့ မက်ဒါနာကိုယ်တိုင်တောင် မေ့လဲချင်သွားပါတယ်။
[ကျောက်ကပ်တစ်လုံးပျက်စီး၊ ပန်းသေ။ ခြေနှစ်ချောင်းလုံးကျိုး။ လမ်းပြန်လျှောက်နိုင်ဖို့မသေချာ။ ခါးရိုးကျိုးသွားလို့ စတီးချောင်းထည့်ထားရ။ အသည်းကလည်း တစ်ခြမ်းဖြတ်ထုတ်ထားရ။ အချိန်မရွေးသေသွားနိုင်။ ပုံ/ ဒေါက်တာပျောက်ကြီး။]
'လခွမ်း... အဲဒီလောက်ဒဏ်ရာရထားတဲ့သူက အသက်ရောရှင်ပါဦးမလား။'
....
ဒီလိုနဲ့ညနေစောင်းသွားတယ်။ သူ့ရဲ့မှုခင်းစောင့်ကြည့်စနစ်ကနေ Twitterပေါ်မှာ လူပြောများနေတဲ့ သတင်းတစ်ခုတက်လာပါတယ်။ ကွင်းမြို့နယ်၊ အိုဇုန်းပန်းခြံနားက ကုန်စုံဆိုင်တစ်ဆိုင် ဖောက်ထွင်းခံရတဲ့ကိစ္စပါ။ ဘယ်သူမှ ထိခိုက်သွားတာမျိုးမရှိပေမဲ့ ဖောက်ထွင်းသူက ငတ်ပြတ်နေတဲ့ မြူတန့်တစ်ယောက်ဖြစ်နေနိုင်ပြီးတော့ စွမ်းအားက C အဆင့်ဖြစ်နိုင်ပါတယ်။ မြူတန့်တွေက ပြဿနာဖြစ်စေနိုင်တာကြောင့် ရဲတပ်ဖွဲ့က အဲဒီလမ်းကိုပိတ်ထားပြီး ကုန်စုံဆိုင်ကိုဝိုင်းထားပါတယ်။ ဆူဆူညံညံအသံတွေကြောင့် လူပြောများနေပေမဲ့ ဟီးရိုးတွေရောက်မလာကြပါဘူး။ ဟီးရိုးတွေက သာမန် ဆူပူမှုတစ်ခုလို့ပဲ ယူဆထားကြပြီး လာဖို့စိတ်မဝင်စားကြပုံပဲ။
"လခွမ်း... ဒီငတုံးကောင်တွေတော့။ အဲဒီမြူတန့်က ဗီလိန်ဖြစ်နေပြီး တစ်ရပ်ကွက်လုံးသတ်သွားရင် ဘယ်လိုလုပ်မလဲဟ။"
မက်ဒါနာလည်း နယူးယောက်အစည်းအရုံးကဟီးရိုးတွေကို ကျိန်ဆဲလိုက်ပြီးတော့ အဲဒီနေရာကို ချက်ချင်းပြေးသွားတယ်။
သူရောက်သွားတော့ ရဲကားသုံးစီးနဲ့ ရဲဖက်သုံးစက်ရုပ်လေးရုပ်က ဖောက်ထွင်းခံထားရတဲ့ ကုန်စုံဆိုင်ကို ဝိုင်းထားပါတယ်။ ရဲအရာရှိဖြစ်ပုံပေါ်တဲ့ ရဲမေတစ်ယောက်က လော်စပီကာကိုကိုင်ပြီး အထဲကမြူတန့်နဲ့ စကားပြောနေတယ်။
"လက်ကိုမြှောက်ပြီးထွက်လာခဲ့၊ ရူးမိုက်တာတွေမလုပ်ပါနဲ့။"
အထဲကနေပြီး အားနည်းတဲ့မိန်းကလေးတစ်ယောက်ရဲ့အသံ ပြန်ထွက်ပေါ်လာတယ်။ "ဗိုက်ဆာလို့စားမိရုံတင်ပါ၊ မရည်ရွယ်ပါဘူး။ ကျွန်မဗိုက်ဝရင် ထွက်သွားပေးမှာပါ။"
"ဒါပေမဲ့... ကုန်စုံဆိုင်ကိုဖောက်ထွင်းတာက ရာဇဝတ်မှုလေ။"
မက်ဒါနာက သူပြေးနေတာကိုရပ်လိုက်ပြီး ဖြည်းဖြည်းချင်း ရဲတွေဆီကို လျှောက်သွားတယ်။ ရဲဖက်သုံးစက်ရုပ်တွေက သူ့ဖက်လှည့်ကြည့်လိုက်ကြတယ်။ နောက်တော့ ရဲတွေပါသတိထားမိသွားပြီး သူ့ကိုမေးလိုက်ပါပြီ။
"မင်းရဲ့အထောက်အထားကိုပြပါ ဟီးရိုး။"
လူကောင်ထွားထွားနဲ့ ထိပ်ပြောင်ပြောင်ရဲအရာရှိက ခါးကြားကသေနတ်ကိုစမ်းရင်း မေးလိုက်တယ်။ မက်ဒါနာကလည်း လက်နှစ်ဖက်ကိုမြှောက်ပြရင်း...
"ငါက Silver Knightပါ။ ဒီမှာတစ်ခုခုဖြစ်နေတယ်ကြားလို့ ရောက်လာတာ။"
"WTH... ငါတို့အကြာကြီးစောင့်နေတာ ရောက်လာတော့ လိုင်စင်မရှိတဲ့ C အဆင့်ဟီးရိုးလား။"
"တိုက်ဆန်ရာ သူရောက်လာတာပဲ ကျေးဇူးတင်ဦး။ D အဆင့်ရဲဖက်သုံးစက်ရုပ်လေးကောင်ထဲနဲ့ဆို အထဲကကောင်ကို ဘယ်လိုမှဆွဲထုတ်လို့ရမှာမဟုတ်ဘူး။"
ရွှေရောင်ဆံပင်မျက်လုံးပြာပြာနဲ့ရဲက ဝင်ပြောလိုက်တယ်။ တိုက်ဆန်ဆိုတဲ့ရဲကတော့ သိပ်ပြီး ဘဝင်ကျပုံမပေါ်ဘူး။
"အိုးကယ်ဗင်ရာ... မင်းက တော်တော်အကောင်းမြင်တတ်တာပဲ။ ဟီးရိုးတော်တော်များများက မိမိုက်နေအောင် ဟန်ဆောင်ရုံအပြင် ဘာအသုံးကျလို့လဲ။"
မက်ဒါနာကတော့ သူတို့နှစ်ယောက်ကို လစ်လျူရှုလိုက်ပြီး ရဲအရာရှိအမျိုးသမီးဆီ လျှောက်သွားတယ်။
"အရာရှိ... အထဲကအခြေအနေကို ရှင်းပြပေးလို့ရမလား။" မက်ဒါနာက လက်ပိုက်ထားရင်းမေးလိုက်တယ်။ နောက်ကျောမှာ ဓားကြီးချိတ်ထားတဲ့ ငွေရောင်စစ်သည်တော်တစ်ယောက် လက်ပိုက်ထားတဲ့ပုံစံက အတော်မိမိုက်တယ်လေ။ ရဲအရာရှိမိန်းကလေးက နောက်ကိုလှည့်ကြည့်လိုက်တယ်။
"အိုး...နောက်ဆုံးတော့ ဟီးရိုးတစ်ယောက်ရောက်လာပြီပဲ။ ဆိုင်ပိုင်ရှင်အဖွားကြီး လန့်ပြီးထွက်ပြေးသွားတာကလွဲလို့ တခြားထိခိုက်ဒဏ်ရာရတာတော့မရှိဘူး။ အထဲကလူကိုတော့ ကျွန်မတို့မသိဘူး။ မှတ်ပုံတင်မထားတဲ့ အိမ်ခြေရာမဲ့တစ်ယောက်လည်း ဖြစ်ချင်ဖြစ်နေနိုင်တာပဲ။"
အရာရှိက အသက်နှစ်ဆယ့်ငါးနှစ်လောက်ပဲ ရှိဦးမယ်ထင်တယ်။ အင်မတန်တက်ကြွပြီး တည်တန့်တဲ့ မျက်နှာထားမျိုးရှိတယ်။ နှာတံပေါ်ပေါ်၊ မီးခိုးမှောင်မျက်လုံးတွေရှိတယ်။ မျက်နှာက ရှည်မျောမျောဖြစ်ပြီးတော့ မကျဥ်းလွန်းမကျယ်လွန်းတဲ့နဖူးရှိတယ်။ နက်မှောင်နဲ့မျက်ခုံးမွှေးတွေကြောင့် သူ့ပုံစံက တကယ့်ကိုစမတ်ကျတယ်။ အညိုရောင်သန်းနေတဲ့ ဆံပင်ရှည်တွေကို မြင်းမြီးပုံစံစုစည်းထားတယ်။ အရပ်က ငါးပေရှစ်လက်မဖြစ်တာကြောင့် မိန်းကလေးတစ်ယောက်အနေနဲ့ အရပ်မြင့်တယ်လို့ ပြောနိုင်ပါတယ်။ လှပပေမဲ့ နူးနူးညံ့ညံ့မိန်းကလေးတော့ မဟုတ်ဘူးရယ်။
အထဲက ပြန်ဖြေတဲ့အသံမကြားတော့ ရဲအရာရှိက လော်နဲ့ဆက်အော်ပြန်တယ်။
"အထဲကလူ၊ ရှင်ထွက်လာမှာလား ဒါမှမဟုတ် ကျွန်မတို့ဝင်လာရမလား။"
"ကျွန်...ကျွန်မမှာ ဓားစာခံရှိတယ်နော်။ ရှင်တို့ဝင်မလာနဲ့...."
"ဓားစာခံရှိတယ်တဲ့...."
ရဲတွေအကုန်လုံး သတိအနေအထားနဲ့ဖြစ်ကုန်ကြတယ်။ အားလုံး အထဲကိုဝင်စီးဖို့ အသင့်ပြင်ထားကြပြီ။ မက်ဒါနာကတော့ ဝတ်စုံမှာထပ်ထည့်ထားတဲ့ အနီအောက်ရောင်ခြည်နဲ့ကြည့်လိုက်ရင်း....
"မဟုတ်ဘူး... အထဲမှာသူတစ်ယောက်တည်း။ ပြီးတော့ သူ့ကိုယ်က သာမန်လူတစ်ယောက်ရဲ့အပူရှိန်ထက် အများကြီးပိုနိမ့်နေတယ်။"
"ရှင်ဘယ်လိုလုပ်သိတာလဲ။" မက်ဒါနာက အရာရှိရဲ့စကားကြောင့် သူ့ရင်ဘတ်ကိုသူ ထုပြလိုက်တယ်။ သူပြောချင်တာက ဝတ်စုံကြောင့်ဆိုပြီးတော့ပေါ့။ တကယ်တော့ သူ့ဝတ်စုံက အထဲကမြူတန့်ရဲ့အခြေအနေကို ကင်းထောက်နေတာကြာပါပြီ။ ဒါပေမဲ့ ပေါ်လာတဲ့အချက်အလက်က တကယ်ပဲ မလုံလောက်ဘူး။
[အမည်မသိ အသွင်ပြောင်းမြူတန့်။
အဆင့်- မသိရ။] အဲဒါအကုန်ပဲ။ မြင်ကွင်းမရှင်းသလို ဘာမှတ်တမ်းမှတ်ရာမှ မရှိတာကြောင့်လည်းဖြစ်ပါလိမ့်မယ်။
"ဆာ Silver Knight၊ ကျွန်မတို့ပြဿနာက အဲဒါပဲ။ အထဲကမြူတန့်က ရန်လိုဟန်မပြပေမဲ့ ရာဇဝတ်မှု ကျူးလွန်ပြီးသားဖြစ်နေတယ်။ ကျွန်မတို့က သူ့ကိုဝင်ဖမ်းချင်ပေမဲ့ သူကမြူတန့်လေ။ Dအဆင့်ဆိုရင်တောင် ကျွန်မတို့အတွက် ပြဿနာရှိနိုင်သေးတယ်။ ရှင်သူ့ကိုသွားပြီး ဖျောင်းဖျပေးနိုင်မလား။"
"အကြံကောင်းပဲ ကပ္ပတိန်။ ဒီတာဝန်ကို ကျွန်တော့်တာဝန်ထားလိုက်ပါ။ ကျွန်တော်ဝင်သွားလိုက်မယ်။"
မက်ဒါနာက ရဲအရာရှိရဲ့ပုခုံးပေါ်မှာ ကြယ်ပွင့်အရေအတွက်ကိုကြည့်ပြီးတဲ့နောက် ကပ္ပတိန်တစ်ယောက်ဖြစ်မှန်း သတိပြုမိသွားတယ်။ ဖြစ်နိုင်တာက ကွင်းမြို့နယ်ရဲ့ရဲစခန်းအရာရှိတစ်ယောက်ဖြစ်နိုင်ပါတယ်။ စခန်းမှူးလိုဟာမျိုးပေါ့။ မက်ဒါနာက ရဲသုံးယောက်နဲ့ငတုံးရဲဖက်သုံးစက်ရုပ်လေးကောင်ကို လက်ပြနှုတ်ဆက်ပြီး ဆိုင်ခန်းငယ်လေးဆီကို တန်းတန်းမတ်မတ် လျှောက်သွားလိုက်လေရဲ့။
၄။
မက်ဒါနာအထဲရောက်သွားတော့ တွေ့လိုက်တာက ကြောက်လွန်းအားကြီးလို့ ကြမ်းပြင်မှာကပ်ဝပ်နေတဲ့ ပုတ်သင်ညိုကြီးတစ်ကောင်။ တစ်ဝက်တစ်ဝက် ကိုယ်ပျောက်နေသေးတယ်။ အရောင်က ကြမ်းပြင်မှာကပ်ထားတဲ့ အဖြူရောင်ကြွေပြားရောင်အဖြစ် ပြောင်းနေပေမဲ့ စိတ်လှုပ်ရှားလွန်းလို့လားမသိဘူး နဂိုအစိမ်းရောင်အတိုင်းဖြစ်သွားလိုက် ကြွေရောင်ပြန်ပေါက်လိုက်ရယ်။
သေချာကြည့်တော့မှ ဧရာမပုတ်သင်ညိုအကြီးကြီးမဟုတ်ဘဲ အသက်ဆယ့်နှစ်နှစ် ဆယ့်သုံးနှစ်အရွယ် ကောင်မလေးတစ်ယောက်ဖြစ်နေမှန်းသိရတာ။ ကြောက်လွန်းအားကြီးလို့ သိပ်တုန်နေတယ်။ မက်ဒါနာကိုတွေ့တော့ ချက်ချင်းနေရာကနေ ထွက်ပြေးသွားပြီးတော့ အခန်းထောင့်ကိုကပ်နေလိုက်တယ်။ လက်ထဲမှာတော့ ဝက်ဝံရုပ်ကလေးကိုကိုင်ထားပြီး သူ့လက်သည်းချွန်ချွန်လေးတွေနဲ့ထောက်ထားတယ်။
ကောင်မလေးက အသွင်ပြောင်းမြူတန့်ဆိုတော့ ပုတ်သင်ညိုတစ်ပိုင်း လူတစ်ပိုင်းအသွင်ဖြစ်နေတာ။ အမြီးရှိတယ်၊ တစ်ကိုယ်လုံးကို အစိမ်းရောင်အကြေးခွံတွေက ဖုံးထားပေမဲ့ မျက်နှာကတော့ လူအတိုင်းရှိနေသေးတယ်။ အညိုနုရောင်ဆံပင်တွေရှိပြီး မျက်ဆန်ကတော့ ပုတ်သင်ညိုတစ်ကောင်လိုမျိုး ဒေါင်လိုက်ဖြစ်နေတာပါ။
"အနားကပ်မလာနဲ့နော်၊ ကျွန်မဓားစာခံကို သတ်ပစ်လိုက်မှာ။"
"....." မက်ဒါနာ အူကြောင်ကြောင်နဲ့ အကြောက်လွန်နေတဲ့ ကောင်မလေးကိုကြည့်လိုက်တယ်။ သူပြောတဲ့ဓားစာခံဆိုတာက တက်ဒီဝက်ဝံရုပ်လေးလား။
'ဒီကောင်မလေးက ချစ်စရာကောင်းလိုက်တာ။' မက်ဒါနာက သူ့လက်ကိုဆန့်ထုတ်ပြီး ပြေးစရာမြေမရှိတော့တဲ့ ကောင်မလေးခေါင်းကိုကိုင်ကာ ဆံပင်တွေကို ထိုးဖွပေးလိုက်တယ်။
"မစိုးရိမ်ပါနဲ့၊ ဒီသူရဲကောင်းက မင်းလေးကိုနာကျင်အောင်မလုပ်ပါဘူး။" ဒီစကားမျိုးကို လယ်ရီ၊မိုးနဲ့မက်တို့နဲ့အတူ တစ်ပတ်လောက်အတူနေပြီး အိုတိုမဲဂိမ်းတွေကစားပြီးနောက်မှာ ပြောတတ်လာတာပါ။ သူက ကင်းလှည့်ပြီး ကျောင်းတက်ရမယ့်အချိန်ဆိုရင် ဆိုဖီယာအိမ်ကိုသွားပြီး အလေလိုက်နေကျလေ။
ဒါကြောင့် အိုတိုမဲထဲက စစ်သူရဲတွေပြောလေ့ရှိတဲ့ စကားတွေတတ်လာတာ။
"....." ကောင်မလေးက ပုတ်သင်ညိုမျက်လုံးတွေက ခဏလောက်ပြူးကျယ်သွားပြီး တိတ်ဆိတ်သွားတယ်။ အတော်ကြာတော့မှ စကားစပြောတယ်။
"ရှင်...ရှင်က ကလေးကြိုက်နှာဘူးများလား။"
"အဟွက်... ပေါက်ကရတွေ။" ဝတ်စုံထဲမှာရှိနေတဲ့ မက်ဒါနာကတော့ ရှက်သွေးဖြာသွားပြီ။ ဒီဟာမလေး ဘာတွေလျှောက်ပြောနေတာလဲ။ ထားတော့၊ သူက စစ်သူရဲဝတ်စုံကြီးနဲ့ဆိုတော့ ဘယ်သူမဆို ယောက်ျားကြီးလို့ထင်ကြမှာပဲလေ။ ရုတ်တရက်ကြီး ကလေးမလေးတစ်ယောက်ကို ဒီစကားတွေသွားပြောရင် အဲဒီလိုအထင်ခံရမှာပဲ။
"ဒီမယ်ကောင်မလေး... ငါက စူပါဟီးရိုး Silver Knightပဲ။ မင်းကို အန္တရာယ်အဖြစ်ခံမှာမဟုတ်ဘူး။"
"Knight... ရှင်က ဘုရင်ကြီးအာသာရဲ့စားပွဲဝိုင်းသူရဲကောင်းတွေလိုလူမျိုးလား။"
"ဟုတ်တယ်၊ ငါက အဲဒီလိုတည်ကြည်ခန့်ညားတဲ့ သူရဲကောင်းကြီး။" မက်ဒါနာက ခါးထောက်ပြီး ပြောလိုက်တယ်။ ငွေရောင်တောက်တောက် စစ်သူရဲကြီး ခါးထောက်ပြီး ဘဝင်မြင့်ပြနေဟန်အတိုင်း မာန်အပြည့်ပါတယ်။
ကောင်မလေးကလည်း အစပိုင်းတုန်းကလောက် သိပ်ကြောက်တော့ပုံမပေါ်ဘူး။ မတည်ငြိမ်တဲ့ ဆက်တိုက်အရောင်ပြောင်းတဲ့ဖြစ်စဥ်လည်း ငြိမ်သက်သွားပြီ။ ကောင်မလေးက သူ့ကိုရင်းနှီးတဲ့ဟန်ပြလာပြီး ရဲရဲဝင့်ဝင့်ပဲမေးလိုက်တယ်။
"ဒါပေမဲ့ ရှင့်မှာ သူရဲကောင်းခြုံလွှာလည်း မပါဘူး။"
"အဟမ်း...အဲဒါက..."
မက်ဒါနာ ဘယ်လိုပြန်ဖြေရမှန်းမသိဘူး။ ပထမဆုံး Silver Knightကို စအဆင့်မြှင့်တုန်းက နောက်ကနေ လွှားခနဲလွှားခနဲဖြစ်နေစေမယ့် ခမ်းနားတဲ့ ကတ္တီပါခြုံလွှာကြီး ထည့်ဖို့စဥ်းစားခဲ့သေးတယ်။ ဂန္တဝင်စူပါဟီးရိုးကားတွေထဲက ဘတ်မန်းတို့စူပါမန်းတို့ ခြုံထားတဲ့ဟာမျိုးပေါ့။ ဒါပေမဲ့ သမိုင်းသင်ခန်းစာတွေက သူ့ကိုအဲဒီလိုထည့်တာဟာ ဘယ်လောက်အန္တရာယ်များကြောင်း ပြောနေသလိုပဲ။
တရုတ်သမိုင်းရဲ့သုံးပြည်ထောင်ခေတ်ကို ပြန်သွားရအောင်။ စစ်ဘုရင်ကြီးချောင်ချောင် ရှီလျန်စစ်တပ်ကိုတိုက်တုန်းက စစ်ရှုံးပြီးပြေးခဲ့ရတဲ့တစ်ခါ ရှိခဲ့ဖူးပါတယ်။ သူက ဝတ်ရုံနီသူရဲကောင်းခြုံလွှာကြီး ခြုံထားတဲ့သူမလို့ ရန်သူစစ်သူကြီးမာထုံက အဝေးကနေ လှမ်းကြည့်တာနဲ့ သူမှန်းသိသွားပြီး...
"ခြုံထည်အနီနဲ့ကောင်က ချောင်ချောင်ပဲ၊ ညီအစ်ကိုတို့ သူ့ကိုဆွမ်းကြီးဝိုင်းလောင်းကြ။"
တကယ်လို့ သူနဲ့ပါလာတဲ့စစ်သူကြီးတွေသာ လူစွမ်းကောင်းမဟုတ်ရင် ချောင်ချောင်အဲဒီမှာတင်အသက်ပျောက်ပြီး ဝေ့ပြည်ဘုရင်လည်းဖြစ်လာမှာမဟုတ်ဘူး။
အဟမ်း၊ သင်ခန်းစာက အဲဒီတစ်ခုတည်းမှာတင် ပြီးသွားတာမဟုတ်ဘူး။ သမိုင်းတစ်လျှောက်မှာ အဲဒီခြုံလွှာကြောင့် သေခဲ့ရတဲ့လူစွမ်းကောင်းတွေ အများကြီး။
သမိုင်းထဲလျှောက်မလှန်တော့ဘဲ ယနေ့ခေတ်စူပါဟီးရိုးတွေထဲ ကြည့်မယ်ဆိုရင်လည်း ဒုတိယမျိုးဆက် ဘရာဇီးဟီးရိုးတစ်ယောက်ဖြစ်တဲ့ Mizaဆိုရင် ဗီလိန်နဲ့တိုက်နေတုန်း ခြုံလွှာကိုတက်နင်းမိပြီး နောက်ပြန်လဲ နောက်စေ့ပွင့်ပြီးသေတာပါ။
နောက်ဂရိစူပါဟီးရိုးတစ်ယောက်ဖြစ်တဲ့ ပါပလိုဆိုရင်လည်း တိုက်တစ်ခုကနေတစ်ခု ခုန်ပြေးရင်း ခြုံထည်က မျက်နှာကိုလာဖုံးမိလို့ မြင်ကွင်းကွယ်ပြီး အထပ်ငါးဆယ်တိုက်ပေါ်ကနေ ချော်လဲပြုတ်ကျကာ ဘဝနေဝင်သွားခဲ့သူပါ။
အခုဆိုရင် အဲဒီခြုံလွှာမျိုးကို စူပါဟီးရိုးတွေက လက်ကီးမကောင်းတဲ့ပစ္စည်းမျိုးလို့ ယူဆထားပြီးတော့ ဝတ်ဆင်သူအနည်းငယ်သာရှိပါတယ်။ သူတို့ထဲကတစ်ယောက်ကတော့ အမေရိကန်ရဲ့Sအဆင့် စတိတ်မန်းဖြစ်ပါတယ်။ သူ့ခြုံလွှာက ကျည်ကာနိုင်စွမ်းရှိတဲ့အတွက်ကြောင့် အထောက်အကူပြုအနေနဲ့ အသုံးပြုရုံသက်သက်ပါပဲ။ ပြီးတော့သူ့ခြုံလွှာက အပြည့်မဟုတ်ဘဲ ခါးအထိပဲရောက်တာပါ။ ဒီတော့တက်နင်းမိတာတို့ မျက်နှာလာအုပ်နေတာတို့ မရှိတော့ဘူးပေါ့။
"ထားတာ့.... ဒါနဲ့ညီမလေးကရော ညဖက်ကြီး ဘာလို့တစ်ခြားတစ်ယောက်ရဲ့ဆိုင်ထဲ ဝင်ပြီးစားစရာတွေစားနေတာလဲ။ ဒါက ကောင်းတဲ့အကျင့်မဟုတ်ဘူးနော်။"
ဒီကလေးမလေးက အန္တရာယ်မရှိမှန်း မက်ဒါနာသိပြီးပါပြီ။ ဒါကြောင့် ကြမ်းကြမ်းတမ်းတမ်းဆက်ဆံမနေတော့ပါဘူး။
"ဒါ...ဒါပေမဲ့ သမီးဗိုက်ဆာပြီး မနေနိုင်လို့ပါ။"
"ဗိုက်ဆာရင် ပိုက်ဆံနဲဝယ်စားရမယ်လေ။ ဆိုင်ရှင်ဖွားဖွားကြီးကလည်း ဒီပစ္စည်းတွေကို ကြိုးစားအလုပ်လုပ်ပြီးမှ ဝယ်ထားတာလေ။"
"သ...သမီးသိပါတယ်။ ဒါပေမဲ့ သမီးမှာပိုက်ဆံမှမရှိတာ။"
မက်ဒါနာသနားသွားတယ်။ ဟိုရဲတွေပြောသလိုမျိုး ဒီကောင်မလေးက တကယ်ပဲအိမ်ခြေရာမဲ့လေးဖြစ်နေမလား။ ပြီးတော့ အသွင်ပြောင်းအမျိုးအစားမြူတန့်တွေက သာမန်လူတွေထက် စွမ်းအင်ပိုလိုပါတယ်။ ဒါကြောင့် သူတို့စားနှုန်းကလည်း ပိုကြီးကြတယ်။ ဒီတော့ ဒီကောင်မလေးတအားစာလောင်ပြီး အသိစိတ်ပျောက်လို့လုပ်မိတယ်ဆိုတာ ဖြစ်နိုင်တယ်လေ။ မက်ဒါနာကိုယ်တိုင်တောင်မှ ဦးနောက်အရမ်းသုံးရတဲ့အချိန်ဆိုရင် အချိုဓာတ်လိုပါတယ်။
"မိဘတွေရော..."
ကောင်မလေးခေါင်းခါပြတယ်။
"အိမ်ကရော...."
"မသိဘူး...သမီးနိုးလာတော့ ဆိပ်ကမ်းနားက အမှိုက်ပုံပေါ်မှာ။"
"အသိတွေဘာတွေရော မရှိဘူးလား။"
"ဟင့်အင်း...."
ကောင်မလေးက တကယ်ပဲတစ်ကောင်ကြွက်ဖြစ်ပုံပေါ်နေတယ်။ မက်ဒါနာရဲ့နှလုံးသားလေး မခံနိုင်တော့ပါဘူး။ အခုကောင်မလေးရဲ့အသွင်ပြောင်းပုံစံက လုံးလုံးပျောက်သွားပါပြီ။ မျက်လုံးတွေကလည်း ဒေါင်လိုက်ဖြစ်မနေတော့ဘဲ သဘာဝကျတဲ့ အဝါရောင်လဲ့လဲ့လေးဖြစ်နေပြီ။ နောက်မှာအမြီးရှိနေတာကလွဲလို့ သာမန်လူတစ်ယောက်အတိုင်းပဲ။
"ကောင်းပြီလေ၊ ဒါဆိုရင် ဒီသူရဲကောင်းကြီးက မိန်းကလေးကိုစောင့်ရှောက်ပေးပါမယ်။ လိုက်ခဲ့ပေတော့။"
"ဒါ...ဒါပေမဲ့ သမီးအပြင်ထွက်ရင် ရဲတွေဖမ်းမှာပေါ့။"
"မပူနဲ့၊ ဒီသူရဲကောင်းက အာမခံပေးမယ်။"
ဒီလိုနဲ့မက်ဒါနာလည်း ကောင်မလေးကို ဆိုင်ပြင်ထွက်လာနိုင်အောင် ဖျောင်းဖျပေးနိုင်ပါတယ်။ ရဲတွေကတော့ သူတို့စိုးရိမ်နေခဲ့တဲ့မြူတန့်က ငယ်ရွယ်တဲ့ကလေးတစ်ယောက်ဆိုတာ သိလိုက်ရချိန်မှာတော့ ရင်ထဲကအလုံးကြီးတွေ ကျသွားပါတော့တယ်။
"တော်သေးတာပေါ့၊ ရှင်သာရောက်မလာရင် ဒီကလေးမလေးကို ကျွန်မတို့အင်အားသုံးပြီးဖမ်းရမှာ။ ဒါဆိုရင် သူတစ်ခုခုဖြစ်သွားနိုင်တယ်။"
ရဲအရာရှိအမျိုးသမီးက သူ့ကိုလက်ဆွဲနှုတ်ဆက်လိုက်တယ်။ မက်ဒါနာကတော့ ကောင်မလေးအတွက် ပူပန်နေရတုန်းပဲ။ ဒီကောင်မလေးကို ဥပဒေအကြောင်းအရ ပြင်းပြင်းထန်ထန်အရေးယူခဲ့ရင် ဘယ်လိုလုပ်မလဲ။
"ကပ္ပတိန်၊ ဒီကလေးမလေးက သူ့ရဲ့မြူတန့်စွမ်းအားကို မထိန်းနိုင်လို့ဖြစ်သွားတာပါ။ သူ့ကိုကြီးကြီးမားမား ဒဏ်မခတ်ဖို့ ပြောပါရစေ။"
ကပ္ပတိန်က မက်ဒါနာရဲ့စကားကြောင့် ခေါင်းကိုမော့ကြည့်လိုက်တယ်။ ခဏနေတော့ ကိုယ်ကျပ်စွပ်ကျယ်နဲ့ဂျင်းဘောင်းဘီအတိုလေးဝတ်ထားတဲ့ ကောင်မလေးကိုကြည့်ပြီး ခေါင်းညိတ်ပြတယ်။ ဒီအဝတ်အစားတွေက ကောင်မလေးနဲ့အတူပါလာတာပါ။ အသွင်ပြောင်းဟီးရိုးတွေအတွက် အထူးလုပ်ပေးထားတဲ့ဝတ်စုံလိုထင်ရပြီး သူအသွင်ပြောင်းတာနဲ့ အရေပြားနဲ့ရောစပ်သွားပါတယ်။ မက်ဒါနာကိုယ်တိုင်လည်း သံသယတချို့ရှိနေပေမဲ့ အချက်အလက်မလုံလောက်သေးတော့ ကောက်ချက်မဆွဲနိုင်သေးဘူး။
"ပုံမှန်ဆိုရင်တော့ ဒါကိုလုယက်မှုနဲ့ဖွင့်ရမှာ။ ဒါပေမဲ့ နောက်ပိုင်းပြဠာန်းထားတဲ့ အသက်မပြည့် မြူတန့်ကလေးငယ်များဥပဒေအရ မြူတန့်စွမ်းအားသေချာမထိန်းနိုင်လို့ ဖြစ်တဲ့အမှုတွေအတွက် သီးခြားဥပဒေတွေရှိတယ်။ အဲဒီဥပဒေတွေအရ မိဘအုပ်ထိန်းသူတစ်ယောက်က နောက်မဖြစ်စေရဘူးလို့ အာမခံပေးရင် အပြစ်မပေးဘူး။ ဒါပေမဲ့ အစိုးရပိုင်မြူတန့်ကျောင်းမှာတော့ ပြောင်းပြီးတက်ရမယ်။"
အစိုးရပိုင်မြူတန့်ကျောင်းဆိုတာက လူငယ်ထိန်းသိမ်းရေးစခန်းလိုထင်ရပေမဲ့ တကယ်က အစိုးရကိုယ်တိုင်ဖွင့်လှစ်ထားတဲ့ ဟီးရိုးသင်တန်းကျောင်းပါ။ ပုဂ္ဂလိကဟီးရိုးကျောင်းတွေက စျေးကြီးလွန်းပြီး ဝင်ခွင့်ရဖို့လည်းခက်ခဲပါတယ်။ ဒါကြောင့် အစိုးရကိုဟီးရိုးကျောင်းတစ်ခုဖွင့်ပေးဖို့ တွန်းအားဖြစ်စေခဲ့ပြီး သင်ထောက်ကူပစ္စည်းမပြည့်စုံသလို ဆရာအလုံအလောက်လည်းမရှိပေမဲ့ သင်ရိုးညွန်းတန်းတွေကတော့ အတူတူပါပဲ။ ဒီကျောင်းကနေ ဘွဲ့ရလာသူတွေက အစိုးရစူပါစစ်သည်တက္ကသိုလ်ဆက်တပ်ပြီး နိုင်ငံတော်မြူတန့်တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နိုင်သလို တခြားသူတွေလိုပဲ ဟီးရိုးလိုင်စင်ယူပြီး ဟီးရိုးလုပ်လို့လဲရပါတယ်။ ဒါကြောင့် တကယ့်ဟီးရိုးကျောင်းတွေနဲ့သိပ်မကွာလှဘူး။
"ဒါပေမဲ့ ဒီကလေးက မိဘမဲ့လေ။" မက်ဒါနာရဲ့စကားကြောင့် ကပ္ပတိန်က သူ့ကိုယ်သူလက်ညိုးညွန်ပြလိုက်တယ်။
"ကျွန်မဒီကလေးကို အုပ်ထိန်းသူလုပ်ပေးမယ်။ ကျွန်မက အသက်ပြည့်ပြီးသူမလို့ သူ့ကိုတရားဝင်မွေးစားခွင့်ရှိတယ်။"
အမေရိကန်ရဲ့တရားဥပဒေအရဆိုရင် သူတို့မြေမှာမွေးတဲ့ကလေးဟာ ဘာလူမျိုးဖြစ်ဖြစ် ကန်နိုင်ငံသားခံခွင့်ရှိပါတယ်။ ပြီးတော့ ဒီကလေးက နိုင်ငံခြားကလာတဲ့ပုံမပေါ်ဘူး။ ဒါကြောင့်မွေးစားဖို့ အများကြီးပိုလွယ်ကူတယ်။
"ငါကရော...." မက်ဒါနာလည်း သူ့ကိုယ်သူလက်ညိုးထိုးပြလိုက်တယ်။
"ရှင်ကလား...ရှင်ကတော့ ဒီအမှုကို မတော်တဆမှုဖြစ်ကြောင်း သက်သေခံလိုက်ပေးရမယ်။ ရှင်က အခင်းဖြစ်တဲ့နေရာမှာ တစ်ယောက်တည်းရှိနေတဲ့ စူပါဟီးရိုးလေ။"
"ဟေးဟေး... သက်သေခံလိုက်ပေးတာက ကိစ္စမရှိပါဘူး။ ငါက ကလေးအတွက်စိတ်ပူလို့ပါ။ အစိုးရကျောင်းမှာအဆောင်နေရတာတို့ဘာတို့ကျတော့...."
အစိုးရကျောင်းဆိုတဲ့အတိုင်းပဲ ပုဂ္ဂလိကကျောင်းတွေနဲ့ယှဥ်ရင် ကျောင်းသားအပေါ်ဂရုစိုက်မှုက တော်တော်နည်းပါတယ်။ ပြီးတော့ ဒီကလေးမလေးက မိဘမဲ့လည်းဖြစ်နေတော့ အနိုင်ကျင့်ခံရတာတို့ဘာတို့ရှိနေမှာ မက်ဒါနာစိုးရိမ်နေတာပါ။
"ရှင်က ကလေးကိုစိတ်မချလို့လား။ စိတ်မပူပါနဲ့၊ ကျွန်မက ကလေးတစ်ယောက်ကိုမွေးစားပြီး ဒီအတိုင်းပစ်ထားမယ်လို့ထင်နေတာလား။ သူ့ကိုကျွန်မအိမ်မှာနေခိုင်းမှာပေါ့။"
'ဒီမိန်းကလေးက တကယ့်စံပဲဟေ့။' မက်ဒါနာကတော့ အဲဒီလိုတွေးလိုက်မိတယ်။ သူခိုးကြည့်ပြီး ဒေါင်းထားတဲ့ရဲမှတ်တမ်းစာရင်းတွေအရ ဒီကပ္ပတိန်က လက်မထပ်ရသေးမှန်းမြင်နေရပါတယ်။
[လင်ဒါ ဒီဂိုရီ။
အသက်- ၂၃
သွေး- B
မြူတန့်စွမ်းအား- ပုံမှန်မဟုတ်သော အလှအပ။ (အဆင့်နိမ့်အမျိုးအစား။)
အလုပ်အကိုင်- ရဲကပ္ပတိန်။ (ငွေရောင်ဘားတန်းနှစ်ခုအဆင့်။) ကွင်းနယ်မြေခံ ရဲစခန်းမှူး။]
အိမ်ထောင်- မရှိ။
လိပ်စာ-.... ]
'ဒီ...ဒီဂိုရီ။ ဟိုခွေးကောင်တင်မီနဲ့ အမျိုးတော်တယ်ပေါ့။' သောက်တလွဲ၊ လူပေါ်ကြော့သူဌေးသား တင်မီမှာ ဒီလိုလှပပြီး ကြင်နာတတ်တဲ့ဆွေမျိုးတစ်ယောက် ရှိနေမယ်မထင်ခဲ့ဘူး။ ဒီဂိုရီတို့ထုံးစံအတိုင်း ထူးဆန်းတဲ့ညို့ဓာတ်ကို စွမ်းအားအဖြစ်ရထားတယ်။ လင်ဒါရဲ့ညို့ဓာတ်စွမ်းအားကတော့ တင်မီလောက်မပြင်းထန်ဘူး။ တမင်အသုံးချမထားရင် သာမန်လှပတဲ့ မိန်းကလေးလိုသာထင်ရပါတယ်။
"အရာရှိလင်ဒါ၊ လက်မထပ်ရသေးတဲ့ မိန်းကလေးတစ်ယောက်က ရုတ်တရက်ကြီး ကလေးမွေးစားလိုက်တာ ခင်ဗျားမိသားစုအတွက် ပျော်စရာကိစ္စတစ်ခုဖြစ်မယ်တော့ မထင်ဘူးနော်။"
"....." လင်ဒါမျက်လုံးပြူးသွားပြီး မက်ဒါနာကိုကြည့်လိုက်တယ်။ မက်ဒါနာကတော့ နည်းနည်းလွန်သွားပြီဆိုတဲ့အသိနဲ့တော့ မျက်နှာကိုလွှဲထားလိုက်တယ်။
"ရှင်ကျွန်မ လက်မထပ်ရသေးတာ ဘယ်လိုသိတာလဲ။" နာမည်သိတာကတော့ မဆန်းပါဘူး။ ရဲတွေရဲ့ရင်ဘတ်မှာ နာမည်နံပါတ်ပြားပါပြီးသားလေ။ ဒါပေမဲ့ လက်ထပ်ထားမထားသိရအောင် Silver Knightက ဗေဒင်ဆရာမှမဟုတ်တာ။
"အဟမ်း...ယောက်ျားလေးတွေရဲ့ပင်ကိုယ်သိစိတ်ပါ။"
မက်ဒါနာရဲ့စကားကြောင့် ရဲအရာရှိလင်ဒါက ကောင်မလေးလက်ကိုဆွဲလိုက်ပြီး ငွေရောင်စစ်သည်တော်နားကနေ နောက်ကိုနည်းနည်းဆုတ်သွားတယ်။ ပြီးတော့ သူ့မျက်လုံးတွေကလည်း မသင်္ကါနဲ့ပုံစံနဲ့ ခေါင်းအစခြေအဆုံးကြည့်နေသေးတယ်။
"သေဟဲ့...." မက်ဒါနာတော့ သူ့ပါးစပ်ပုတ်ကြီးကို ကျိန်ဆဲလိုက်ပါပြီ။
"ဒီ...ဒီကလေးကို ကျွန်မနဲ့အပြိုင်မွေးစားဖို့လုပ်မယ်ဆိုရင်တော့ ခွင့်မပြုဘူးနော်။ ရှင်ကလိုင်စင်မရှိတဲ့ဟီးရိုး၊ ရှင့်ဝတ်စုံအောက်ကပုံစံက ဘယ်လိုဖြစ်နေမလဲ ဘယ်သူမှသိတာမဟုတ်ဘူး။ ကလေးရောင်းစားတဲ့လူတို့ ပုံမှန်မဟုတ်တဲ့နှာဘူးတို့ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။"
"....." မက်ဒါနာမှာ အဲဒီအတွက်အဖြေစကားမရှိဘူး။ ရင်ဘတ်ကြီးတစ်ခုလုံး ကွဲကြေသွားသလိုခံစားလိုက်ရတယ်။
"ကောင်း...ကောင်းပါပြီ။ ဒါပေမဲ့ မကြာမကြာ သူ့ကိုလာတွေ့လို့ရမလား။ ကျွန်တော့်မှာ အသိအများကြီးမရှိဘူးလေ။ အရာရှိသာခွင့်ပြုမယ်ဆိုရင်ပေါ့။"
အောက်ကကောင်မလေးကလည်း အရာရှိလင်ဒါရဲ့အင်္ကျီလက်ကိုဆွဲပြီးပြောတယ်။
"ရဲမမကြီး၊ သူရဲကောင်းကြီးက လူဆိုးမဟုတ်ပါဘူး။ ကျွန်မအာရုံကနေ ခံစားမိတယ်။"
"ကောင်းပြီလေ။" လင်ဒါသဘောတူလိုက်တယ်။ ဒီလောက်လွယ်လွယ်နဲ့ပြီးသွားမယ်လို့ မက်ဒါနာမထင်ခဲ့မိဘူး။ ရဲစခန်းလိုက်ပြီးတော့ သက်သေခံပေးဖို့ စာရွက်စာတမ်းတွေကိစ္စတော့ လုပ်ပေးခဲ့ရသေးတယ်။
ပြန်ခါနီးတော့ လင်ဒါက သူ့ကိုရဲရေဒီယိုတစ်လုံးပေးတယ်။
"ဆာSilver Knight၊ ရှင်က မှတ်ပုံတင်မထားတော့ ဟီးရိုးတွေရဲ့ကွန်ရက်ကို ဝင်လို့ရမှာမဟုတ်ဘူး။ ဒီတော့ကျွန်မတို့အကူအညီတောင်းရင် ရှင်သိအောင်လို့ ကျွန်မတို့ရဲရေဒီယိုကို ပေးထားလိုက်မယ်။ နောက်အရေးကြုံရင်လည်း ကူညီပေးပါဦး။ ရဲဌာနက ရှင်တို့လိုကူညီတတ်တဲ့ ဟီးရိုးတွေလိုအပ်နေတယ်။"
မက်ဒါနာလည်း လိုအပ်တယ်လို့ ခံစားရတဲ့အတွက် ယူထားလိုက်တယ်။ အင်တာနက်ပေါ်ကနေ ဖြစ်စဥ်တွေအကုန်လုံးကို စောင့်ကြည့်နိုင်ပြီး မြို့ကCCTVအားလုံးကို ဟက်နိုင်တယ်ဆိုပေမဲ့ မက်ဒါနာတစ်ယောက်တည်းနဲ့ တစ်မြို့လုံးကဖြစ်ရပ်တွေကို တစ်ပြိုင်နက်တည်းစောင့်ကြည့်နေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ရဲတွေနဲ့အဆက်အသွယ်ရှိဖို့လိုပါတယ်။ သူစိတ်ရှိရင် ရဲရေဒီယိုလှိုင်းတွေဖမ်းတဲ့စက် ထွင်လို့ရပေမဲ့ အခုတော့မလိုတော့ဘူးမဟုတ်လား။ ဘာလို့အချိန်ကုန်ခံပြီး ဥပဒေချိုးဖောက်နေမှာလဲ။
"ကောင်းပြီ၊ ငါကူညီနိုင်တဲ့အခြေအနေအတွင်းမှာရှိရင် လာကူညီပေးမယ်။" မက်ဒါနာက အစကနေအဆုံးအထိ သူမိန်းကလေးဖြစ်ကြောင်းပေါ်သွားစေနိုင်တဲ့ စကားလုံးတွေကို ရှောင်ရှားခဲ့ပါတယ်။
မက်ဒါနာက စကားပြောပြီးတာနဲ့ နေရာကနေလှည့်ပြေးထွက်သွားတယ်။ လမ်းမှာတွေးနေမိတာတစ်ခုကတော့။
"ဟူး... နေရာတိုင်းပြေးနေရတာ သိပ်မဟန်ဘူး။ ငါလည်း တခြားဟီးရိုးတွေလိုမျိုး စီးတော်ယာဥ်လိုနေပြီ။" စီးစရာမရှိဘဲ တစ်မြို့လုံးလျှောက်ပြေးနေရတာက နည်းပညာဟီးရိုးတစ်ယောက်အတွက် ရှိုးပဲ့ပါတယ်။ အိုင်းယွန်းမန်းလို ပျံတဲ့စနစ်မျိုး ဝတ်စုံမှာတပ်ဖို့ကလည်း လက်ရှိသူ့အတွေ့အကြုံနဲ့ မဖြစ်နိုင်သေးပါဘူး။ Techno telekinesisနဲ့Superhuman IQက သူ့ကိုအဆုံးမဲ့တဲ့ လုပ်နိုင်စွမ်းတွေပေးပေမဲ့ နဂိုအရင်းခံဗဟုသုတက လုံလောက်မှုမရှိရင် အလကားပါပဲ။ ဒီတော့အများကြီးလေ့လာပြီး သုသေသနလုပ်ဖို့လိုသေးတယ်။ ပြီးတော့ ဝတ်စုံမှာဂျက်တပ်တာက လွယ်ကူပေမဲ့ လိုက်ရောညီထွေရှိဖို့တော့ အလွန်ခက်ပါတယ်။ ဒါကြောင့်ကြိုးစားရပါဦးမယ်။
အပိုမှတ်စု-
[Liza (Lizard)
အသက်- ၁၂
သွေးအမျိုးအစား- N/A (Green)
မြူတန့်စွမ်းအား- Lizard Tranformation(lvl 1)
[အသေးစိတ်- အရောင်ပြောင်းခြင်း၊ အဆိပ်ငွေ့၊ ပြန်လည်ကုစားနိုင်စွမ်း၊ လူသာလွန်ခွန်အား၊ လူသာလွန်မြန်နှုန်း၊ အပူချိန်ကိုအာရုံခံနိုင်စွမ်း၊ အမြင့်ခုန်၊ လက်သည်းများထုတ်နိုင်၊ မာကျော၍ ကျည်ဒဏ်အနည်းငယ်ခံနိုင်သော အကြေးခွံများ <ထပ်ဆင့်ဆင့်ကဲပြောင်းလဲနိုင်။>]
မြူတန့်အဆင့်- B (ဆင့်ကဲပြောင်းလဲနိုင်။)
ပုံပန်းသဏ္ဍာန်[Human Form]- အညိုနုရောင်ဆံပင်၊ ဝါလဲ့လဲ့မျက်လုံးများ၊ အနည်းငယ်ဝိုင်းပြီး မေးစေ့ချွန်သောမျက်နှာ။ ရွယ်တူကလေးများထက် အနည်းငယ်ထွားပြီး ခြေတံရှည်များရှိသည်။ ပုတ်သင်ညိုအမြီးရှိ။
[Lizard Form] အညိုနုရောင်ဆံပင်၊ ဒေါင်လိုက်မျက်ဆန်ရှိသော ဝါလဲ့လဲ့မျက်လုံးများ၊ အစိမ်းရောင်မာကျောသောကြေးခွံ။ ချွန်ထက်သောလက်သည်းများ။
၅။
နောက်တစ်နေ့မနက်ရောက်တော့ စနစ်ကနေ ခိုးကြည့်ထားတဲ့ ရဲကပ္ပတိန်လင်ဒါရဲ့အိမ်ကို မက်ဒါနာ အစောကြီးထသွားတယ်။ လီဆာလေးနဲ့တွေ့ဖို့ပါ။ ကလေးမလေးရဲ့အသွင်ပြောင်းစွမ်းအားက ပုတ်သင်ညိုဖြစ်သလို နာမည်ကလည်းတိုက်တိုက်ဆိုင်ဆိုင် Lisaဖြစ်နေတယ်။ ဒါကြောင့် မက်ဒါနာကတော့ လီဇာလို့ချည်းခေါ်နေတော့တာ။
ဒေါက်...ဒေါက်...ဒေါက်...
ငွေရောင်ချပ်ဝတ်ဝတ်ထားတဲ့ မက်ဒါနာက တိုက်ခန်းတံခါးကိုခေါက်လိုက်တယ်။ လင်ဒါရဲ့အိမ်က ကွန်ဒိုတိုက်ခန်းဖြစ်ပြီးတော့ အထပ်သုံးဆယ်လောက်မှာပါ။ ဓာတ်လှေကားကနေ အဲဒီကိုတက်ရတာမလို့ လမ်းမှာလူတွေအများကြီးကို လက်မှတ်ထိုးပေးခဲ့ရသေးတယ်။ တချို့ဆိုရင် သူ့ပုခုံးကိုဖက်ပြီး ဆက်ဖီဆွဲနေကြတာ။ ဒါကြောင့် တော်တော်ပင်ပန်းတယ်။
"လာပြီ...ခဏစောင့်ပါ။"
ခဏနေတော့ လင်ဒါရဲ့စကားသံက တစ်ဖက်ခြမ်းကနေထွက်လာပြီး တံခါးပွင့်သွားတယ်။ လင်ဒါက ရဲဝတ်စုံဝတ်ပြီးနေပြီ။ ခဏနေရင် အလုပ်သွားတော့မယ့်ပုံပဲ။ တံခါးရဲ့ဟနေတဲ့နေရာကနေပြီး ကလေးမလေးလီဆာကို လှမ်းမြင်နေတယ်။
ထမင်းစားစားပွဲပေါ်မှာ အမြီးလေးတစ်ယမ်းယမ်းနဲ့ထိုင်ရင်း ဒီဂျစ်တယ်ပေါင်မုန့်ကင်စက်ကိုကြည့်နေတယ်။ မနက်စာက ပေါင်မုန့်မီးကင်၊ ယိုနည်းနည်းနဲ့ အသင့်စားအသားကင်တချို့။ မက်ဒါနာတွေးမိတာကတော့...
'ဟေး...အဲဒါတွေက ကျန်းမာရေးနဲ့မညီညွှတ်ဘူးနော်။ အနည်းဆုံးတော့ ကြက်သားဝယ်ပြီးကြော်ပေးပါ့လား။' မက်ဒါနာ ကလေးမလေးအတွက်သနားတောင်သွားတယ်။
လင်ဒါကတော့ ရုတ်တရက်ပေါ်လာတဲ့ ငွေရောင်စစ်သည်တော်ကြီးကိုမြင်တော့ နှုတ်ခမ်းမဲ့သွားတယ်။ အဲဒီနောက် ချက်ချင်းတံခါးကိုဆွဲပိတ်ဖို့လုပ်တာပဲ။
"ဟေး...ဟေး... ငါက လီဇာကိုလာတွေ့ရုံပါဟ။"
"ရှင်အိမ်မှားနေပြီ..." တံခါးကိုအတင်းဆွဲပိတ်ဖို့လုပ်နေတဲ့ လင်ဒါကြောင့် မက်ဒါနာက တံခါးကိုလက်နဲ့ထိုးခံပြီးတားလိုက်တယ်။
"အကြောင်းမကြောင်းဘဲ ရောက်လာတဲ့အတွက် ဝမ်းနည်းပါတယ်။"
လင်ဒါက တံခါးဆွဲမပိတ်တော့ပေမဲ့ တံခါးဘောင်ကိုမှီရပ်ရင်း ငွေရောင်စစ်သည်တော်ကို မျက်စောင်းထိုးကြည့်လိုက်တယ်။ "ဆိုပါဦး၊ ရှင်ကျွန်မလိပ်စာကို ဘယ်လိုသိတာလဲ။ နည်းပညာပဲလား၊ ကျွန်မကိုယ်ပေါ်မှာ GPSတို့ဘာတို့တပ်ပြီးတော့ နောက်ယောင်ခံလိုက်နေတာလား။"
လင်ဒါအကြီးကြီးဒေါပွနေတယ်။ နောက်ယောင်ခံလိုက်ခံရတယ်ဆိုတဲ့ ခံစားချက်က ဟာသမဟုတ်ဘူး ဘယ်သူမဆို အဲဒီလိုဖြစ်မှာပဲလေ။ မက်ဒါနာကတော့ တစ်လုံးချင်းရှင်းပြနေတယ်။
"GPSတို့၊ စပိုင်ကင်မရာတို့မတပ်ပါဘူး။ ငါက မင်းတို့ရဲမှတ်တမ်းတွေကို ဝင်ကြည့်ခဲ့ရုံပါ။"
မက်ဒါနာပြောပြီးမှ နောင်တအကြီးကြီးရသွားတယ်။ လင်ဒါကတော့ ရဲရေဒီယိုကိုဖွင့်ပြီး အော်ပြောဖို့ပြင်နေပြီ...
"ဟေး...ဒီမှာလိုင်စင်မဲ့ဟီးရိုးတစ်ယောက်..." မက်ဒါနာရေဒီယိုကို အတင်းလုပြီးသိမ်းလိုက်ရတယ်။
"ဟေး...ဒီလိုမလုပ်ပါနဲ့၊ ငါက မင်းကိုအန္တရာယ်မပေးပါဘူး။"
"ရဲအချက်အလက်တွေကို ဝင်ဟက်တဲ့ကောင်ကို ကျွန်မက ဘယ်လိုလုပ်ပြီးယုံရမှာလဲ။ ရှင့်ကိုတရားလည်းစွဲမယ်၊ ဟီးရိုးအစည်းအရုံးကိုလည်း တိုင်မယ်။"
မက်ဒါနာတော့ ခေါင်းနပမ်းကြီးနေပြီ။ တကယ်လို့ အဲဒီအမှုနဲ့သာအဖမ်းခံရရင် မြူတန့်အကျဥ်းထောင်ထဲရောက်မှာ။ အဲဒါမကောင်းဘူး။
"ဟေး နိုး... ငါက ငါ့ကလေးဆီလာလည်ရုံပဲလေ။"
"ဘယ်သူက ရှင့်ကလေးလဲ၊ အဲဒါကျွန်မကလေး။"
သူတို့ဆူညံနေလို့ ဘေးခန်းတွေကလူတွေတောင် ထွက်ကြည့်နေကြပြီ။ ဟီးရိုးတစ်ယောက်၊ ရဲဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးနဲ့ရန်ဖြစ်နေတာတွေ့တော့ အမျိုးမျိုးတွေးမိကုန်ကြတယ်။
'သူတို့နှစ်ယောက်မှာ ဇာတ်လမ်းလေးတွေ ရှိနေတာများလား။' ဒါက သူတို့အတွေးပါ။ တကယ်တော့ ကျွမ်းကျင်ဒါရိုက်တာတစ်ယောက်သာ သူတို့စကားတွေကြားခဲ့ရင် ဇာတ်လမ်းတွဲကြီးရိုက်လို့ရပြီ။ မိဘနဲ့ယောက်ျားတာဝန်မကျေခဲ့တဲ့ ရဲရင့်တဲ့ဟီးရိုးကြီး Silver Knightရဲ့ဝမ်းနည်းဖွယ်ရာ အိမ်ထောင်ရေးဇာတ်လမ်းတို့ ဘာတို့ပေါ့။
လီဇာလည်း သတိထားမိသွားပြီ သူတို့နှစ်ယောက်နားကိုရောက်လာတယ်။ လူကြီးနှစ်ယောက်ရန်ဖြစ်နေတာတွေ့တော့ လီဆာက လင်ဒါရဲ့အင်္ကျီလက်ကိုဆွဲပြီး ပြောလိုက်တယ်။
"မေမေ... သူရဲကောင်းကြီးက မကောင်းတဲ့လူမဟုတ်ပါဘူး။ သူ့ကိုမအော်ပါနဲ့။"
'မေမေ...မေမေ...မေမေ...' အဲဒီစကားသံက လင်ဒါရဲ့နှလုံးသားထဲမှာ ပဲ့တင်သံထပ်သွားတယ်။ ဒီကလေးမလေးက သူ့သမီးအရင်းမဟုတ်သလို မနေ့ကမှခေါ်မွေးစားလာတာ။ ဒါပေမဲ့ ချစ်စရာလေးဆိုတော့ မေမေလို့အခေါ်ခံရချိန်မှာ မာထန်နေတဲ့နှလုံးသားတစ်ခုလုံး နူးညံ့သွားရော။
နောက်တော့လင်ဒါက ပတ်ဝန်းကျင်ကို သတိထားမိသွားပြီး ငွေရောင်စစ်သည်ကို အထဲဝင်ခိုင်းလိုက်တယ်။ အဲဒီနောက်တော့ တံခါးကို ဂျိမ်းခနဲပိတ်လိုက်ရော။ အဲဒီကျမှ သူတို့ရန်ဖြစ်တာကို ကြည့်နေတဲ့သူတွေလည်း သူတို့သက်ဆိုင်ရာအခန်းတွေထဲကို ပြန်ဝင်သွားကြတယ်။
အထဲရောက်တော့ လင်ဒါက မလုပ်ချင်လုပ်ချင်နဲ့ မက်ဒါနာအတွက်ပါ ပေါင်မုန့်ကင်ပေးတယ်။ အဲအသားတော့မပါဘူး။ ဒါကြောင့် စတော်ဘယ်ရီယိုလေးသုတ်ပြီးစားရတယ်။ ဒါပေါ့မျက်နှာမမြင်အောင်လို့ ပေါင်မုန့်ချပ်ကြီးကို နောက်ဖေးခန်းထဲ ယူပြီး ပါးစပ်ထဲအမြန်ထိုးသွင်းပြီးစားတာ။ ပုံမှန်ဆိုရင်တော့ မက်ဒါနာက သူများကျွေးတာမစားဘူး။ ဒါပေမဲ့မနက်စာကို ပေါင်မုန့်အချောသားနဲ့စကားရတာ ဘယ်လောက်ကြာပြီမှန်းမသိဘူး။
"ဟေး... မင်းကလေးကိုတော့ အာဟာရရှိအောင် ကျွေးသင့်တယ်မလား။ အသင့်စားအသားချောင်းတွေက ကလေးအတွက်မကောင်းဘူး။ မနက်စာမတွက် ပေါင်မုန့်ကြက်ဥကျော်နဲ့နွားနို့တော့ကျွေးသင့်တယ်။"
မက်ဒါနာက လက်ပိုက်ပြီးတော့ အစာအာဟာရပညာရှင်ကြီးလိုမျိုး ပြောလိုက်ပါတယ်။ သူငယ်ငယ်တုန်းကလည်း မေမေသီတာက မနက်စာကို အဲဒီလိုလုပ်ကျွေးနေကျလေ။ တစ်ခါတလေတော့ မြန်မာ့ရိုးရာမုန့်တွေ လုပ်ကျွေးတတ်တယ်။ ဆုဗာနာရဲ့ယဥ်ကျေးမှုက မြန်မာပြည်နဲ့အတော်တူပါတယ်။ သမိုင်းအရ ဆက်စပ်မှုလည်းရှိတာကိုး။
ရှေးယခင်ခေတ်က ဘုရင့်နောင်ရဲ့တော်ဝင်တပ်ဖွဲ့တွေ အိန္ဒိယပြည်ကို လှည့်လည်သွားလာရင်း ဆုဗာနာလို့ခေါ်တဲ့ ဆန်းကြယ်တဲ့ ဘယ်တိုင်းပြည်ရဲ့အပိုင်မှမဟုတ်တဲ့ တောင်ကြားမြေပြန့်ဒေသကြီးတစ်ခုကို ရှာတွေ့ခဲ့တာပါ။ နောက်ဆုံးမှာတော့ ရှာဖွေတွေ့ရှိခဲ့တဲ့ စစ်သူကြီးကြီးကို ဘုရင့်နောင်က ဆုဗာနာနယ်စားအဖြစ်အပ်နှင်းပြီး အုပ်ချုပ်စေခဲ့ပါတယ်။ အင်းဝပျက်သုန်းပြီး ကုန်းဘောင် ခေတ်ရောက်ချိန်မှာ ဦးအောင်ဇေယျနိုင်ငံကိုပြန်တည်ထောင်တော့ ဆုဗာနာမပါခဲ့ပါဘူး။ ဆုဗာနာတောင်ကြားမြေပြန့်က အတော်လေးဝေးတာကြောင့်ရယ် တိုင်းပြည်အတွက် သိပ်အရေးမပါတာကြောင့်ရယ်ပါ။ ဒါကြောင့် ပြည်မကိုပဲဦးစားပေးစည်းရုံးခဲ့ပါတယ်။ အဲဒီကနေစပြီး ဆုဗာနာဟာ လွတ်လပ်တဲ့နယ်စားနယ်မြေဖြစ်လာပါတယ်။ ဗြိတိသျှလက်အောက်ရောက်တော့လည်း တခြားမဟာရာဂျာတွေလိုပဲ ကိုယ်ပိုင်အာဏာစက်ရှိခဲ့ပြန်တယ်။ ကိုလိုနီခေတ်ကုန်ဆုံးပြီးချိန်မှာတော့ နယ်စားနယ်မြေဟာ ပြည်မနဲ့လုံးဝကွဲထွက်သွားခဲ့ပါပြီ။ ဆုဗာနာဟာ ပြည်မလွတ်လပ်ရေးမှာ မပါဝင်ခဲ့တာကြောင့် နာမည်ကျော်ပင်လုံစာချုပ်မှာမပါဝင်ခဲ့ပြန်ဘူး။ အခုတော့ မတူညီတဲ့နိုင်ငံတွေပါ။ ကျပ်ငွေသုံးပြီး လူကြီးရေနဲ့၄၅ရာခိုင်နှုန်းက ဗမာလူမျိုးတွေဖြစ်တာကလွဲလို့ တခြားတူညီမှုက မရှိတော့ပါဘူး။
"ဟွန့်... ရှင်က ကလေးစရိတ်ပေးထားတာကျနေတာပဲ။" လင်ဒါက သူ့ကိုစာရွက်တစ်ရွက်ကမ်းပေးလိုက်တယ်။ စျေးစာရင်းစာရွက်ပါ။
"အိမ်မှာစားစရာကုန်နေလို့ ဟုတ်ပြီလား။ ဒီစာရင်းထဲကအတိုင်းဝယ်ပေးထား။ ပြီးရင် ကလေးကို ကျောင်းလိုက်ပို့လိုက်ဦး ကျွန်မကတော့ အလုပ်သွားတော့မယ်။"
"မေမေ၊ ဂရုစိုက်သွားပါ။ သမီးကတော့ ဖေဖေနဲ့ခဏနေမှ ကျောင်းသွားမယ်။"
"....."
"......"
မက်ဒါနာရောလင်ဒါပါ စကားတတ်လွန်းတဲ့ ကလေးမလေးကို လှည့်ကြည့်လိုက်တယ်။ ကောင်မလေးကတော့ သူတို့နှစ်ယောက်လုံးကို လျှာထုတ်ပြနေလေရဲ့။
လင်ဒါကတော့ ဘာမှဆက်ပြောမနေတော့ဘဲ ထွက်သွားတယ်။ တာဝန်ချိန်နီးပြီကိုး။ မက်ဒါနာကတော့ ကလေးကိုကြိုက်လိုက်မပို့ခင် ဝယ်စရာရှိတာတွေ အကုန်လိုက်ဝယ်ပေးလိုက်တယ်။ မသိရင် Silver Knightက အိမ်ရှင်ထီးကြီးလိုဖြစ်နေပြီ။ ပစ္စည်းတွေကို အိမ်ထဲပို့ပြီးတော့ ကလေးမလေးက သူ့ကိုစိုက်ကြည့်ရင်း ပြောလိုက်တယ်။
"ဘာလို့ မိန်းကလေးတစ်ယောက်က ယောက်ျားလေးလို ဟန်ဆောင်နေရတာလဲဟင်၊ မမကြီး။"
"....." မက်ဒါနာကတော့ ကလေးမလေးကို စိုက်ကြည့်လိုက်တယ်။ တကယ်တော့ ကလေးမလေးသူ့ကိုမိန်းကလေးမှန်းသိတာ အထူးအဆန်းတော့မဟုတ်ဘူး။ ဘာပဲပြောပြော အသွင်ပြောင်းမြူတန့်တွေက သာမန်လူတွေထက် အများကြီးအာရုံခံနိုင်စွမ်း ပိုကောင်းကြတယ်။
"ဒါက ငါ့ရဲ့ဟီးရိုးစတိုင်မလို့လေ။" မက်ဒါနာက ငွေရောင်စစ်သည်ဝတ်စုံကို ချွတ်ပစ်လိုက်ပါတယ်။ အမြဲတမ်းဝက်ထားရတာက သက်သောင့်သက်သာမဖြစ်ဘူးလေ။ ဝတ်စုံကို သေတ္တာအဖြစ်ပြန်ပြောင်းပြီးတဲ့နောက် ကျောင်းဝတ်စုံလဲပြီးပြီဖြစ်တဲ့ ကောင်မလေးလက်ကိုဆွဲပြီး ဓာတ်လှေကားကနေ ဆင်းလာခဲ့တယ်။
"အစ်မက သိပ်လှတာပဲ။" ကလေးမလေးက မက်ဒါနာ့လက်ကို တင်းတင်းဆုပ်ကိုင်ထားတယ်။
"လီဆာလည်း လှပါတယ်။" မက်ဒါနာက ကလေးမလေးခေါင်းကိုပုတ်ပေးရင်း ပြောလိုက်တယ်။
"အစ်မက မိန်းကလေးဆိုတာကို အစ်မကြီးလင်ဒါကို ပြောမပြဘူးလား။"
"ဟင့်အင်း၊ အချိန်မတန်သေးလို့။"
"ဒါဆိုရင် လာတိုင်းသူရဲကောင်းလိုဝတ်နေမှာလား။"
"အင်း...."
"ဒါဆိုဖေဖေလို့ဆက်ခေါ်နေမှာနော်။"
"ကိစ္စမရှိဘူး...."
"....." ကလေးမလေးက မက်ဒါနာရဲ့အဖြေကြောင့် မကျေမနပ်နဲ့ မာန်ဖီလိုက်တယ်။ "ခွီး...."ဆိုတဲ့ မာန်ဖီသံက ကလေးမလေးဆီကဖြစ်နေတော့ ကြောက်စရာမကောင်းဘဲ ချစ်စရာလေးဖြစ်နေတာ။ အမြီးကလည်း မတ်မတ်ထောင် နေသေးတယ်။
"ဘာဖြစ်လို့လဲ၊ အစ်မက မိန်းကလေးဖြစ်နေတာကို သဘောမကျလို့လား။"
"မဟုတ်ပါဘူး...." ကလေးမလေးက တစ်ဖက်လှည့်သွားပြီး တစ်ကိုယ်တည်းရေရွတ်လိုက်တယ်။ "ဖေဖေနဲ့မေမေဆိုရင် ပိုလိုက်ဖက်မှာ။ ခုက မေမေနဲ့မေမေကြီး။"
'ဒီကလေးမလေးအတွေးတွေက ထူးဆန်းလိုက်တာ။' မက်ဒါနာကတော့ အဲဒီလိုတွေးလိုက်မိတယ်။
မကြာခင်မှာပဲ သူတို့အစိုးရဟီးရိုးကျောင်းကို ရောက်လာတယ်။ တက္ကစီစီးပြီးလာတာ။ ခါတိုင်းဆိုရင်တော့ မက်ဒါနာက ကပ်စေးနည်းပြီး ဘက်စ်ကား၊ ဒါမှမဟုတ် မြေအောက်ရထားပဲစီးမှာ။ အခုတော့ ငွေရွှင်နေတာရယ်၊ ကလေးမလေးရှိနေတာရယ်ကြောင့် တက္ကစီငှားလိုက်တာပါ။
အစိုးရဟီးရိုးကျောင်းရဲ့နံရံတွေကို အပြာရောင်နဲ့အနီရောင်သုတ်ထားတယ်။ နည်းနည်းဟောင်းနေပြီမလို့ သုတ်ဆေးတချို့ကွာကျနေတယ်။ ဟီးရိုးလိုဝတ်ဆင်ထားတဲ့ လူတချို့ကတော့ ကွင်းထဲမှာပတ်ပြေးနေကြတယ်။ အတွေ့အကြုံရင့်ဟီးရိုးတချို့က သူတို့ကိုလေ့ကျင့်ပေးနေကြတယ်။
သူတို့ရောက်လာတော့ ကျောင်းနည်းနည်းနောက်ကျနေပြီ။ ဒါပေမဲ့ ပထမဆုံးနေ့မလို့ အဆင်ပြေတယ်။ ဆရာတစ်ယောက်ရောက်လာပြီး သူတို့ကိုလာမေးတယ်။
"ကျောင်းပြောင်းကျောင်းသားသစ်လား...." ဒီဆရာတွေက အသွင်ပြောင်းမြူတန့်တစ်ယောက် ကျောင်းလာတက်မယ့်အကြောင်း သတင်းကြိုရထားပြီးသားပါ။ ကလေးမလေးက ရှေ့ထွက်လာပြီး ဦးညွှတ်နှုတ်ဆက်လိုက်တယ်။
"ဟုတ်.... သမီးက လီဆာပါဦးဦး။"
စူပါဟီးရိုးက နှုတ်ခမ်းမွှေးကောက်ကောက်ရှိတဲ့ သက်လတ်ပိုင်းလူချောတစ်ယောက်ပါ။ သိပ်နာမည်မကြီးပေမဲ့ မက်ဒါနာရဲ့စနစ်အရတော့ B အဆင့်လို့ပြနေတယ်။ ပြောရရင် ဟီးရိုးကျောင်းတော်တွေမှာ ဆရာလုပ်ဖို့ဆိုရင် အနည်းဆုံး Bအဆင့်ရှိမှ လက်ခံတာပါ။
"ပြီးတော့ ဒီဖက်က မိန်းကလေးကရော။" ဆရာလုပ်တဲ့လူက မက်ဒါနာကို လှည့်ကြည့်ပြီးမေးလိုက်တယ်။
"ကျွန်မက မက်ဒါနာပါ၊ ဒီကလေးရဲ့မွေးစားအစ်မလေ။"
"ဪ၊ မိသားစုဝင်လား။ ကျွန်တော် ကလေးကို သူစာသင်ရမယ့်အခန်းကို သွားပို့ပေးမှာမလို့ စိတ်မပူပါနဲ့။"
"အင်း...ဒါပေမဲ့ ကျွန်မလည်းငယ်ငယ်က ဟီးရိုးကျောင်းတင်ချင်ခဲ့တာဆိုတော့ ခဏလောက်အထဲဝင်လည်လို့ရမလား။"
"ရပါတယ်၊ လွတ်လွတ်လပ်လပ် လေ့လာနိုင်ပါတယ်။ အပြင်လူဝင်လို့မရတဲ့နေရာတွေကလွဲရင် ကျန်တဲ့နေရာတွေကို အပြင်လူလေ့လာခွင့်ရှိပါတယ်။"
ခဏနေတော့ ဂိတ်စောင့်ဆရာက လည်ဆွဲတစ်ခုကို ကင်းတဲလေးထဲကနေယူလာပြီး မက်ဒါနာကိုပေးလိုက်တယ်။ ကျောင်းဝင်းထဲဝင်ခွင့်ပြုတဲ့ ကတ်ပြားပါ။ မက်ဒါနာလည်း လက်ခံလိုက်တယ်။
"မင်္ဂလာပါရှင့်၊ ကျွန်မက လီဆာပါ။ ကျွန်မအစွမ်းကတော့ အသွင်ပြောင်းစွမ်းအားပါ။"
"ဝိုး...." ပထမနှစ်ကလေးတွေကတော့ လီဆာကိုယ့်ကိုယ်ကိုယ် နှုတ်ဆက်လိုက်တာနဲ့ တအံ့တဩကြည့်နေကြတယ်။ အစိုးရဟီးရိုးကျောင်းက ကျောင်းသားအများစုက စွမ်းအားကြီးမြူတန့်တွေမဟုတ်ပါဘူး။ အများစုက D- တွေဖြစ်ပြီး ဟီးရိုးအဖြစ်လေ့ကျင့်ဖို့ အဆင့်မီတယ်ဆိုရုံပါပဲ။ ဒါပေမဲ့ လီဆာကတော့ စွမ်းအားကြီးတဲ့အသွင်ပြောင်းအမျိုးအစားလေ။ ဒါကြောင့်အံ့ဩနေကြတာ။
"ချစ်....ချစ်စရာလေး..." အတန်းထဲက တခြားမိန်းကလေးတွေကတော့ လီဆာကိုမြင်တာနဲ့ တက်ကြွလာကြတယ်။ ချစ်စရာကောင်းတဲ့အတန်းဖော်တစ်ယောက်ရလာတာ သိပ်ကောင်းတဲ့ကိစ္စလေ။ တစ်ဖက်မှာတော့ ယောက်ျားလေးတွေကလည်း သိပ်ပျော်နေကြတယ်။ ခပ်ချောချောအတန်းဖော်မလေးကို ငေးကြည့်ရတာဝါသနာပါတဲ့ ကျောင်း သားတွေမနည်းဘူးလေ။
ခဏနေတော့ ကျောင်းသားတွေအကုန်လုံး အခန်းအပြင်ကနေ ရပ်ကြည့်နေတဲ့ မက်ဒါနာကို သတိထားမိသွားကြတယ်။
"ဘုရားရေ၊ အပြင်မှာဒီလောက်လှတဲ့ မိန်းကလေးမျိုး တကယ်ရှိတာလား။"
"သိပ်လှတာပဲ၊ နှမ်းလိုဖြူဖွေးတဲ့အသားအရေနဲ့ ချစ်စရာကောင်းတဲ့ ငွေရောင်ဆံပင်လေးတွေ။"
"သူငါတို့ကို ကြည့်နေတယ်ဟ။"
အတန်းထဲက ကောင်လေးကောင်မလေးတွေအကုန်လုံး မက်ဒါနာကိုမြင်တော့ အသက်ရှုမှားကုန်ကြတယ်။ ကောင်မလေးတစ်ယောက်က ပြောလိုက်တယ်။
"ငါသူ့ကိုမြင်ဖူးတယ်၊ ဟိုတလောက အင်စတာဂရမ်မှာ နာမည်ကြီးမော်ဒယ်တွေထက် likeအများကြီးပိုရသွားတဲ့ အပျော်တမ်းမော်ဒယ်ပဲ။"
"သူလား... စုန်းဖြူမလေးပေါ့..."
မက်ဒါနာကတော့ တခြားသူတွေရဲ့အမြင်ကို ဂရုစိုက်မနေတော့ဘူး။ လီဆာလေး အဆင်ပြေတာတွေ့တဲ့အတွက် အတန်းပိုင်ဆရာနဲ့ဂိတ်စောင့်ဆရာကို နှုတ်ဆက်ပြီးတော့ ကျောင်းကိုဆက်လေ့လာဖို့ ထွက်လာခဲ့တယ်။
သူမသိလိုက်တာကတော့ ငွေရောင်စုန်းမလေး သွားရာနေရာအနှံက ကျားမမရွေး အကုန်လုံး အရူးတစ်ပိုင်းဖြစ်ကုန်ကြတယ်ဆိုတာပါပဲ။
ကစားကွင်းထဲမှာပြေးနေတဲ့ ဟီးရိုးအလောင်းအလျာလေးများမှာ မက်ဒါနာကိုမြင်တာနဲ့ ငေးကြောင်ကြည့်နေမိကြပြီး တစ်ယောက်ကိုတစ်ယောက်ဝင်တိုက်မိကုန်တယ်။
အပေါက်ဆိုးဆိုး ဟီးရိုးအဖွားကြီး ပြည်သူ့နိတိသင်နေတဲ့ စာသင်ခန်းကို ဖြတ်သွားမိတော့ စာသင်သားတွေအကုန်လုံး စာကိုမကြည့်တော့ဘဲ မက်ဒါနာကိုပဲ ငေးကြည့်တော့တယ်။
နည်းပညာဟီးရိုးအတန်းက ဟီးရိုးအထောက်အကူပြုပစ္စည်းတွေကို လက်တွေ့စမ်းသပ်နေတဲ့ ကျောင်းသားတစ်သိုက်ဆို ပိုဆိုးတယ်။ ခဲတို့နေရင်း မက်ဒါနာကိုငေးမိလို့ သူများလက်ကိုသွားတို့မိတယ်လေ။ အခုအသားတွေလောင်ကုန်လို့ ကျောင်းဆေးခန်းပြေးနေရပြီ။
မက်ဒါနာကတော့ ဘာဆိုဘာမှမသိ။
....
အစိုးရပိုင်ဟီးရိုးကျောင်း၊ တတိယနှစ် အထူးတန်း။
"ဖားလေး၊ မင်းက ငါတို့ကျောင်းရဲ့မျှော်လင့်ချက်လေကွာ။ ကျေးဇူးပြုပြီး စာကိုနည်းနည်းလေးကြိုးစားပါဦးလား။"
အစိမ်းရောင်Hoodieဝတ်စုံကို ဝတ်ဆင်ထားသည့် ပါးဖောင်းဖောင်းဝဝကစ်ကစ် လူငယ်လေးကို ဆရာဖြစ်သူက နားချနေသည်။ ကောင်လေးကတော့ နည်းနည်းလေးမှဂရုမစိုက်။
"ကြိုးစားတော့ ဘာဖြစ်မှာလဲဗျာ။ ကျောင်းနှစ်ကုန် အစိုးရစစ်ဟီးရိုးစာမေးပွဲကျရင် တခြားကျောင်းက ကျောင်းသားတွေအနိုင်ကျင့်တာပဲ ခံရဦးမှာ။ ပြီးရင် အလုပ်သင်ဟီးရိုးအဖြစ် တစ်သက်လုံးကျွန်ခံရမယ်။ ကျွန်တော်ဟီးရိုးဖြစ်ချင်ပေမဲ့ အဲဒီလိုနုံနဲတဲ့ အနိုင်ကျင့်ခံတစ်ယောက်မဖြစ်ချင်ဘူး။ ကျွန်တော်က အားနည်းတယ် ဒီတော့ ဒီတာဝန်ကိုမလုပ်နိုင်တော့ဘူး။ ကျောင်းဟီးရိုးအဖွဲ့ခေါင်းဆောင်အနေနဲ့ တခြားတစ်ယောက်ကိုသာ သွားရှာလိုက်ပါတော့။"
ဖားလေးက အစိုးရပိုင်ဟီးရိုးကျောင်း၏နံပါတ်တစ်ကျောင်းသားဖြစ်ကာ C အဆင့်ရှိ အသွင်ပြောင်းမြူတန့်ဖြစ်သည်။ ပထမနှစ်နှင့်ဒုတိယနှစ်တို့တွင် အလွန်ကြိုးစားခဲ့သလောက် ယခင်စာမေးပွဲနှစ်ကြိမ်တွင် ပုဂ္ဂလိကကျောင်းများမှ ကျောင်းသားများ၏ရိုက်နှက်ခြင်းကိုသာ ခံခဲ့ရပြီး စိတ်ဓာတ်ပျက်ပြားသွားသည်။ တတိယနှစ်ရောက်လာသည့်အခါတွင်တော့ လုံးဝကိုကြိုးစားချင်စိတ် ကုန်ဆုံးသွားလေပြီ။
ကောင်လေးက စာသင်ခန်းထဲမှ ထွက်သွားလိုက်သည်။ သူ၏လက်ထဲတွင်တော့ Boku no hero academia mangaကိုကိုင်ထားပြီး အခန်းထဲမှာအထွက်တွင် အမှိုက်ပုံးထဲ ပစ်ထည့်လိုက်၏။
"အလကားမန်ဂါ၊ စွမ်းအားမရှိတဲ့သူတွေလည်း ဟီးရိုးဖြစ်နိုင်တယ်ဟုတ်လား။ အများဆုံးမှ မူမန်ရိုက်ဒါလို သောက်ရူးဖြစ်သွားရုံပဲရှိမယ်။"
"ကမ္ဘာပေါ်မှာအရေးအကြီးဆုံးက ပိုက်ဆံရှိဖို့နဲ့ စွမ်းအားကြီးမြူတန့်စွမ်းအားရဖို့ပဲ။ မြူတန့်စွမ်းအားက အမှိုက်ဖြစ်နေရင်တောင် ပိုက်ဆံရှိရင် အထောက်အကူပြုပစ္စည်းတွေနဲ့ ကြမ်းနိုင်သေးတယ်။ ဟားဟား... ငါကတော့ နှစ်ခုလုံးမရှိဘူး။"
ထိုနေ့က အေးစက်သည့် ပြိုင်ပွဲကွင်းကြမ်းပြင်ကို သူမှတ်မိနေဆဲဖြစ်သည်။ A- အဆင့်ဟီးရိုးတစ်ယောက်၏သား D- အဆင့်အမှိုက်ကောင်က သူ့အဖေဝယ်ပေးထားသည့် အကောင်းဆုံးအထောက်အကူပြုပစ္စည်းများကိုသုံးသာ Cအဆင့်သူ့ကို ပယ်ပယ်နယ်နယ်ရိုက်ချခဲ့သည်။ စည်းကမ်းများအရ နည်းပညာဟီးရိုးများကို အထောက်အကူပစ္စည်းသုံးခွင့်ပေးထားပြီး D- ကောင်က လေအမျိုးအစားမြူတန့်ဖြစ်သည့်တိုင် ဖအေအားကိုးဖြင့် နည်းပညာမြူတန့်ဟု လိမ်စာရင်းသွင်းထားသဖြင့် သူမည်သို့မှမတတ်နိုင်ခဲ့ပေ။ ဟီးရိုးအစည်းအရုံးသည်ပင် A- ဟီးရိုးဘက်ကသာ ဘက်လိုက်ပြီးချီးကျူးပေးလိုက်သေးသည်။
"သောက်ရေးမပါတာတွေ... " ကောင်လေး၏ဒေါသနှင့်အတူ သူ့ခန္ဓာကိုယ်ကြီးက ဖောင်းကားလာပြီး တဖြည်းဖြည်းဖားတစ်ကောင်၏ခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲသွားသည်။
၆။
မက်ဒါနာအတွက်တော့ သူ့ရှေ့ကမြင်ကွင်းက သိပ်ကိုအထူးအဆန်းဖြစ်နေတယ်။
လူတစ်ရပ်လောက်ရှိတဲ့ ဖားကြီးတစ်ကောင် ကျောင်းဝင်းထဲက အလှလုပ်ထားတဲ့ ရေကန်နားမှာ ထိုင်နေတာပါ။ ဖားပြုတ်အမျိုးအစားဖြစ်ပုံရပြီးတော့ ကျောကုန်းမှာ အဆိပ်ရှိပုံရတဲ့ ရွံစရာဘုတွေအများကြီးရှိတယ်။ ဖားပြုတ်ကြီးရဲ့ပါးစပ်က ဖောင်းလိုက်ပိန်လိုက်ဖြစ်နေပြီး
"အုံ...အုံ"နဲ့အသံထွက်နေတယ်။ ဖားကြီးက အသည်းပုံရေကန်ထဲက အနီရောင်ကြာပန်းတွေကို စိုက်ကြည့်နေတာပါ။ ဒါပေမဲ့ ဖားက စိတ်ဓာတ်ကျနေပုံပေါ်ပြီး အကြောင်းအရင်းကိုတော့ မသိရဘူး။ ကြည့်ရတာ သူ့ခန္ဓာကိုယ်ကြီးကြီးလို့ ကြာရွက်ပေါ်ထိုင်မရဖြစ်နေလို့ စိတ်ညစ်နေပုံပဲ။
"မြူ...မြူ...မြူတန့်မွန်းစတားကြီးက ဘာလို့ကျောင်းဝင်းထဲရောက်နေတာလဲ။" မက်ဒါနာစဥ်းစားမိသလောက် ဒီဖားက မြူတန့်လူသားတစ်ယောက် မဖြစ်နိုင်လောက်ဘူး။ အသွင်ပြောင်းမြူတန့်အမျိုးအစားဆိုတာက ကမ္ဘာပေါ်မှာအင်မတန်ရှားပြီး မြူတန့်တစ်ထောင်မှတစ်ယောက် တွေ့ဖို့ရှားပါတယ်။ ပြီးတော့ အသွင်ပြောင်းမြူတန့်အများစုက အသွင်ပြောင်းလိုက်ရင်တောင် လူသားနဲ့သဏ္ဍာန်တူတဲ့ ပုံစံမျိုးရှိပါတယ်။ အခုဖားကတော့ တကယ့်ဖားကြီးအတိုင်းပဲဥစ္စာ။
"ဧကန္တ... စမ်းသပ်ခန်းထဲကလွတ်လာတဲ့ ဧရာမဖားကြီးများလား... ဒါဆိုကျောင်းသားတွေအတွက် အန္တရာယ်ရှိတယ်နော်။"
မြူတန့်မွန်းစတားဆိုတာက ဥက္ကာပျံအပိုင်းအစတွေကြောင့် အသွင်ပြောင်းသွားတဲ့ သာမန်တိရစ္ဆာန်တွေကိုပြောတာပါ။ အတော်လေးရှားပေမဲ့ မရှိတာတော့မဟုတ်ဘူး။ အထူးသဖြင့်တောနက်ဒေသတွေမှာ တွေ့ရတတ်ပါတယ်။ သူတို့ဆုဗာနာမှာတောင် အဲဒီလိုအကောင်တွေရှိသေးတယ်။ မက်ဒါနာလည်း ဒီဖားကြီးကို အမေဇုန်တောထဲက ဖမ်းလာပြီး မတော်တဆလွတ်လာတဲ့ ဖားပြုတ်ကြီးလို့ယူဆလိုက်ပါပြီ။
"ကျောင်းသားတွေ အန္တရာယ်မဖြစ်အောင် ငါကူညီပေးမှဖြစ်မယ်။"
စုန်းဖြူမလေးမက်ဒါနာက ချက်ချင်းပဲ နေရာကနေ လှည့်ပြေးထွက်သွားတယ်။
ဖားလေးကတော့ မကြာခင်ကျရောက်လာမယ့် အန္တရာယ်ကိုမသိခဲ့ဘူး။ စိတ်ဓာတ်ကျကျနဲ့ ကန်ရေပြင်ထဲမှာ အရိပ်ထင်ဟပ်နေတဲ့ သူ့မျက်နှာကိုပဲသူ ငေးကြည့်နေတယ်။
တကယ်တော့ ဖားတစ်ကောင်အဖြစ် အသွင်ပြောင်းရတာကို သူသဘောမကျဘူး။ သူ့မိဘတွေလည်း သူ့ရဲ့ဖားပုံစံပြောင်းစွမ်းအားကြောင့် သူ့ကိုမိဘမဲ့ဂေဟာရဲ့ရှေ့တံခါးမှာ ခြင်းတောင်းလေးထဲထည့်ပြီး ထားခဲ့ကြတာပါ။ ကလေးက ရုပ်ဆိုးလွန်းလို့ မမွေးနိုင်ဘူးလို့တောင် စာပါသေးတယ်။ သူက ရုပ်ဆိုးလွန်းလို့ ဂေဟာက တခြားမိဘမဲ့ကလေးတွေတောင် သူ့ကိုကြောက်ကြပါတယ်။ သူ့ကိုကြောက်တဲ့အတ်က် အနိုင်မကျင့်ရဲသလို
သူ့ကိုစကားပြောရဲတဲ့သူ မရှိတာကြောင့် အတော်အထီးကျန်ခဲ့တယ်။ တစ်ခါကဆို အနိုင်ကျင့်ခံနေရတဲ့ ကောင်မလေးကို သွားကူညီဖို့လုပ်ခဲ့ပေမဲ့ သူ့ဖားပြုတ်ပုံစံကြောင့် ကလေးမလေးလန့်ပြီး ထွက်ပြေးသွားဖူးတယ်လေ။
ကျောင်းက ဖာသာတွေနဲ့စစ်စတာတွေဆိုရင်လည်း သူ့ကိုမနှစ်မြို့ကြပါဘူး။ သူနဲ့အတူတူ မိဘမဲ့ကျောင်းကိုရောက်လာတဲ့ ကလေးတော်တော်များများ မွေးစားခံခဲ့ရပေမဲ့ သူ့ကတော့ အဲဒီလိုအခွင့်အရေးမျိုးမရဘူး။ အလျှူရှင်တွေ လန့်မပြေးအောင်လို့ ဖာသာကြီးက မွေးစားမယ့်သူတွေလာတိုင်း သူ့ကိုအခန်းတစ်ခန်းထဲမှာ သော့ခတ်ထားခဲ့တာပါ။
တကယ်တော့ Boku no hero academia ကိုသာမဖတ်ဖြစ်ရင် သူ့လိုအထီးကျန်လေးက ဟီးရိုးလုပ်ဖို့ တွေးတောင်တွေးမိမှာမဟုတ်ဘူး။ ပြောရရင် သူကြုံခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ဆိုရင် ဗီလိန်ဖြစ်သွားတာကမှ ပိုယုတ္တိရှိသေးတယ်။
"ငါ့လိုပဲ ဖားဟီးရိုးတစ်ယောက် ရှိဖူးတာလား။" ဖားလေး အသက်ဆယ်နှစ်အရွယ်မှာ ဂေဟာက စာကြည့်တိုက်ချောင်ထဲရောက်နေတဲ့ အဲဒီမန်ဂါကို ရှာတွေ့ခဲ့တာလေ။ အစကတော့ စိတ်ကူးယဥ်ဝတ္ထုမှန်းမသိခဲ့ဘူး။ ဖော့ပီကို တွေ့တွေ့ချင်းမှာပဲ သူသဘောကျသွားပြီးတော့ ဖော့ပီလမ်းစဥ်ကို လိုက်ခဲ့တယ်လေ။ သူ့ရဲ့လက်ရှိစွမ်းအားအများစုက ဖော့ပီကိုကြည့်ပြီး တီထွင်ခဲ့တာပါ။
လျှာအရှည်ကြီးနဲ့ခြေထောက်ရှည်တွေကိုသုံးပြီး ဟိုခုန်တက် ဒီခုန်ကူးလုပ်နိုင်တယ်၊ အချွဲအကျိနဲ့အဆိပ်တွေကိုသုံးပြီး ရန်သူကိုတိုက်ခိုက်နိုင်တယ်။ သူက ဖော့ပိထက်တောင် ပိုသန်မာသေးတယ်။ ပါးပြုတ်တစ်ကောင်ရဲ့ခန္ဓာကိုယ်က ပိန်ပါးပါးဖားမလေးတစ်ကောင်ထက် ပိုပြီးသန်မာပါတယ်။ ကြည့်မရရင် ကိုယ်လုံးနဲ့ဝင်တိုက်ရုံပါ။
သူ့နာမည် လူးစီးယပ်နဲ့ဖားပြုတ် Toadကိုပေါင်းပြီး Toadciusလို့တောင် နာမည်ပေးထားသေးတာ။ သူ့အစွမ်းက တကယ်လည်းမဆိုးဘူး။ ပထမနှစ်မှာတင် D+ အဆင့်ကိုရောက်အောင် လေ့ကျင့်နိုင်ခဲ့ပြီးတော့ Potential အရဆိုရင် သူ့အဆင့်က A အထိတောင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားကြတာ။ ပထမနှစ်ပြိုင်ပွဲတုန်းက နိုင်ငံတော်အဆင့်စာမေးပွဲမှာ ဆီမီးဖိုင်နယ်အထိရောက်သွားပြီး ကမ္ဘာ့လူငယ်ဟီးရိုးပြိုင်ပွဲကိုတောင် ဝင်ပြိုင်နိုင်လုနီးနီးပဲ။ ဒါပေမဲ့ တော်တော်စွမ်းအားကြီးတဲ့ ရေခဲမြူတန့်တစ်ယောက်ကိုရှုံးပြီး ဗိုလ်လုပွဲတက်မသွားဘူး။
အဲဒါနဲ့ ဒုတိယနှစ်ယောက်တော့ ကြိုးစားပြီး နိုင်ငံရဲ့လူငယ်နံပါတ်တစ်ဖြစ်အောင်လုပ်မယ်ပေါ့။ ဒါပေမဲ့ အုပ်စုအဆင့်မှာတင် ဖအေအားကိုးကောင်ရိုက်တာခံလိုက်ရတယ်။ ဒဏ်ရာအကြီးအကျယ်ရသွားလို့ နောက်ပွဲတွေမှာပါ ကောင်းကောင်းမပြိုင်နိုင်ဘဲ အုပ်စုပြုတ်လာတယ်။
အစိုးရဟီးရိုးကျောင်းနဲ့ နိုင်ငံအတွင်းက ပုဂ္ဂလိကဟီးရိုးကျောင်းတွေရဲ့ကွာခြားချက်ကလည်း အတော်သိသာတယ်။ အစိုးရကျောင်းမှာက သူ့လို Cအဆင့်တွေက ထိပ်သီးကျောင်းသားတွေဖြစ်ပေမဲ့ ပုဂ္ဂလိကကျောင်းတွေမှာတော့ သာမန်ပါပဲ။ အဲဒီကျောင်းတွေက ကျောင်းအပ်လက်ခံတည်းက Potential B အနည်းဆုံးရှိတဲ့ D+ တွေကိုပဲလက်ခံပြီး ပထမနှစ်မှာ Cအဆင့်မရောက်ရင် အကုန်ထုတ်တာပါ။ အစိုးရကျောင်းကတော့ D တွေကို ရေးဖြေစာမေးပွဲအောင်နေသမျှ ဆက်သင်ပေးတယ်။ ပြောရရင် အဆင့်ကြီးတစ်ခုလုံးကွာနေတယ်။ ပထမနှစ်တုန်းက သူ့ကိုချသွားတဲ့ကောင်က C+ ဖြစ်ပြီး Bအဆင့်နဲ့ နီးကပ်နေပြီဖြစ် တဲ့သူမလို့ သူလက်ခံနိုင်သေးပေမဲ့ D- အမှိုက်ကောင်က ရိုက်သွားလို့ မကျေမချမ်းနိုင်ဖြစ်နေတာ။ (potential ဆိုတာက ရှန်းရှတွေထဲက ပါရမီလိုပါပဲ။ မြူတန့်စွမ်းအားရဲ့အမြင့်ဆုံး တိုးတက်လာနိုင်တဲ့ အလားအလာပါ။)
"ချောက်...." ရုတ်တရက် နောက်ကနေ သစ်ကိုင်းကျိုးသံ ထွက်ပေါ်လာတယ်။ သားရဲတွေဆီက ဆက်ခံထားတဲ့ အလိုလိုသိစိတ်ကြောင့် သူလှည့်ကြည့်လိုက်တော့ အဖြူရောင်ဆံပင်ရှည်တွေကို မြင်လိုက်ရတယ်။ အဲဒီနောက်တော့ သတ္ထုလက် သီးကြီးတစ်ခုက သူ့မျက်နှာကို တက်မှန်တော့တာပဲ။
"အုံ...ဂွမ်...."
ငွေရောက်သတ္ထုလက်အိတ်ကိုဝတ်ထားတဲ့ မက်ဒါနာက ရေကန်ဘေးနားမှာထိုင်နေတဲ့ ဒီပရက်ရှင်ဖားလေးကို ထိုးထည့်လိုက်တာပါ။
"ငါဒီဖားကိုဖမ်းပြီး စမ်းသပ်ခန်းထဲ ပြန်ပို့ရမယ်။" ဒါက သူ့ရဲ့ရည်ရွယ်ချက်ပါ။ အစောပိုင်းတုန်းက ဖားလေး တွေးဖို့အချိန်ရသွားတဲ့အကြောင်းအရင်းက မက်ဒါနာကျောင်းစမ်းသပ်ခန်းကိုသွားပြီး အထူးဘောက်ဆင်လက်အိတ်ကို လုပ်နေလို့ပါ။
မက်ဒါနာက သူ့ရဲ့သတ္ထုသေတ္တာထဲက ငွေရောင်စစ်သည်ဝတ်စုံကို အသုံးပြုချင်ပေမဲ့လည်း ဟီးရိုးကျောင်းကို ရောက်နေတာမလို့ သရုပ်မှန်ပေါ်သွားအောင် လုပ်လို့မဖြစ်ပါဘူး။
ဒီတော့ ခေါင်းထဲပေါ်လာတဲ့အကြံအတိုင်း မြန်မြန်လေး ပစ္စည်းတစ်ခုထွင်လိုက်တာ။
မက်ဒါနာရဲ့ TechnoTelekinesisက တော်တော်အသုံးဝင်ပါတယ်။ ပစ္စည်းတစ်ခုထွင်တော့မယ်ဆိုတာနဲ့ စိတ်ထဲမှာ Blue printလိုမျိုး ပုံကြမ်းနဲ့အရင်ပေါ်လာတယ်။ ပြီးရင်လက်ကအလိုလိုလှုပ်ရှားသွားပြီး ပစ္စည်းတွေကိုကောက်တပ်ရုံပဲ။ နောက်ပြီး သတ္ထုတွေကို လိုချင်တဲ့ပုံစံဖြစ်အောင် အလိုလိုပုံသွင်းနိုင်သေးတယ်။ ပြောရရင် ခဲဆော်ဖို့တောင်သိပ်မလိုဘူး။ စိတ်စွမ်းအားနဲ့ ပုံတန်းသွင်းလို့ရတယ်။ metal telekinesisအသေးစားလေးနဲ့တူပေမဲ့ စက်ကိရိယာတွေ တည်ဆောက်ဖို့အတွက်ပဲ သုံးလို့ရတာပါ။ အဓိကက စက်ပစ္စည်းကိုယ်ထည်တွေကို ပုံသွင်းဖို့အတွက်။ လောလောဆယ်တော့ ကြေးနဲ့အရည်ပျော်လွယ်၊ ပုံသွင်းလွယ်တဲ့ ပစ္စည်းတွေကိုပဲ ပုံသွင်းနိုင်သေးတယ်။ အခုလက်အိတ်ကလည်း ကြေးလက်အိတ်ဖြစ်ပြီးတော့ စမ်းသပ်ခန်းထဲမှာ ကျောင်းသားတွေမြင်ဖူးအောင်ထားထားတဲ့ ဇက်စတီးသတ္ထုတုံးနဲ့ကုပ်လောင်းထားတာပါ။ အရည်အသွေးကတော့ Silver Knightရဲ့လက်တစ်ချောင်းကိုတောင် မမီဘူး။
ပုံစံက အိုင်းယွန်းမန်းလက်အိတ်နဲ့တူပြီး နည်းနည်းပိုကြီးတယ်။ မက်ဒါနာရဲ့လက်မှာစွပ်ထားရင် ဧရာမလက်ဝှေ့အိတ်ကြီးလိုပဲ။
ဖားကတော့ လက်သီးတစ်ချက်တည်းနဲ့ ကန်တစ်ဖက်ခြမ်းအထိရောက်အောင် လွင့်ထွက်သွားတယ်။ ခဏနေတော့ ဖားကြီးပြန်ထလာပါပြီ။ အခုသူ့မျက်လုံးတွေက မက်ဒါနာကို အငြိုးကြီးစွာစိုက်ကြည့်နေတယ်။
မက်ဒါနာလည်း မျက်မှောင်ကြုတ်လိုက်တယ်။
"ဪ၊ B- အဆင့်ခွန်အားကိုထုတ်နိုင်တဲ့ လက်ဝှေ့အိတ်နဲ့တောင် နင်ကဘာမှဖြစ်မသွားဘူးပဲ။ ပြိုင်ဖက်ကောင်းတစ်ယောက်ပါလား။"
ဖားလေးကလည်း သူ့စိတ်ထဲမှာ ပြောလိုက်တယ်။ "နောက်ထပ် အထောက်အကူပြုအားကိုးတဲ့ ဂေါက်ကြောင်တစ်ယောက်ပါလား။ ဘယ်ကဝယ်လာတဲ့ လက်အိတ်ကြီးနဲ့ ငါ့ကိုအလစ်ချောင်းတိုက်တာလဲ။" သူကတော့ ပါးစပ်ကပြောလိုက်ချင်ပေမဲ့ လူသံထွက်မလာပဲ ထွက်လာတဲ့အသံက ဖားအော်သံ။
"အုန်းဂွမ်..."
မက်ဒါနာကလည်း ရန်သူတိုက်ခိုက်တော့မယ်ဆိုတာနဲ့ ဆမ်ဆောင်းအမှတ်တံဆိပ် စမက်မျက်မှန်ကို တပ်လိုက်တယ်။ ဒီမျက်မှန်က စမ်းသပ်ခန်းထဲက ကျောင်းသားတစ်ယောက်ဆီကဟာကို အတင်းလုပြီး မော်တီဖိုင်းလုပ်ထားတာ။ သူ့ဝတ်စုံက Aiရဲ့လုပ်ဆောင်ချက်တချို့ကို ကူးယူထားတယ်။ ရန်သူ့တိုက်ကွက်တွေကို ခန့်မှန်းဖို့နဲ့တိုက်ကွက်အကြံပြုချက်တွေကိုထုတ်နိုင်ဖို့ တိုက်ပွဲဝင်အချက်ပြစနစ်ကို ထည့်သွင်းထားတယ်။
[!] သတိ။ မွန်းစတားက လျှာကိုအသုံးပြုပြီး တိုက်ခိုက်ပါတော့မည်။ ဘယ်ဖက်ကို ခြောက်ဆယ်ဒီဂရီကိုယ်ကိုကိုင်းရှောင်ပါ။
ပြောရရင် မက်ဒါနာရဲ့တိုက်ပွဲဝင်အချက်ပြစနစ်က ဂိမ်းကိုချက်လုပ်ပြီး ကစားနေသလိုပဲ။ ဖားလေးက သူ့လျှာကိုဆန့်ထုတ်ပြီး အကောင်းဆုံးတိုက်ခိုက်နေပေမဲ့ တစ်ချက်မှကိုမထိဘူး။ လျှာကျာပွတ်ကြီးက ရေကန်နားက သစ်ပင်တွေအကုန်လုံးကို အမြစ်ကနေ ကျွတ်ထွက်သွားအောင်လုပ်ပြီးသား ဖြစ်သွားတယ်။ မက်ဒါနာကတော့ အေရိုးပစ်ကစားသလိုကိုယ်ဟန်နဲ့ ရှောင်နေတုန်းပဲ ပြီးတော့ တဖြည်းဖြည်းအနားကပ်သွားပြီး ဖားကိုလက်အိတ်နဲ့ဆုပ်ကိုင်ပြီးမလိုက်တယ်။
"ဖားစုတ်၊ နင့်ကန်ထဲနင်ပြန်စမ်း။"
"....." ဖား။
နောက်တော့ မက်ဒါနာက ဖားလေးကို တစ်ခါတည်း အသည်းပုံရေကန်ထဲ အားနဲ့ဆောင့်ပစ်လိုက်တယ်။
"ဗွမ်း...." ကြီးမားတဲ့ခန္ဓာကိုယ်ကြီး ပြုတ်ကျလာတာကြောင့် ရေတွေက ဗုံးပေါက်သလိုမျိုး မိုးပေါ်ကိုထိုးတက်လာတယ်။ ကျောင်းက ကျောင်းသားတွေနဲ့ဆရာတွေလည်း သတိထားမိသွားပြီ။
မက်ဒါနာကတော့ အေးအေးဆေးဆေးပဲ ခါးထောက်ပြီး ရေထဲမှာယက်ကန်ယက်ကန်ဖြစ်နေတဲ့ဖားကို စောင့်ကြည့်နေတယ်။
"အားဟားဟား... နင်ကဖားဆိုပေမဲ့ ခန္ဓာကိုယ်အကြီးကြီးလေ။ ရေသေထဲမှာ မပေါ်နိုင်ဘူးမဟုတ်လား။ ခိခိခိ... ရေနစ်ပြီးသေတဲ့ ပထမဆုံးဖားမဖြစ်စေနဲ့ဦးနော်။"
"......" ရေနစ်သေတော့မယ့် ဖားလေး။
ရေထဲမှာရောက်နေတဲ့ ဖားလေးကတော့ အကြီးအကျယ်တိုင်ပတ်နေပါပြီ။ ဖားမျိုးစိတ်တွေက ကြာကြာရေငုပ်နိုင်တယ်ဆိုပေမဲ့ ရေတော့နစ်နိုင်ကြပါသေးတယ်။ ဖားတွေက အဆုတ်ထဲမှာ ရေကိုသိုလှောင်ထားရုံပဲဖြစ်လို့ အဆုတ်ထဲရေတွေပြည့်သွားရင် ရေနစ်မှာပါ။ Toadciousတော့ အကြီးကြီးတိုင်ပတ်နေပါပြီ။ သူကိုယ်က အကြီးကြီးလေ၊ ရေကန်ထဲမှာ ရေကူးလို့ပေါ်မှမပေါ်တာ။ ဖားရေတိမ်နစ်ပြီ။
ခဏနေတော့ ကျောင်းသားနဲ့ဆရာတွေလည်း ရေကန်နားကို ပြေးလာကြတယ်။ ရေနစ်နေတဲ့ဖားနဲ့ သတ္ထုလက်အိတ်ကြီးနဲ့မက်ဒါနာကိုတွေ့တော့ ဂိတ်စောင့်ဆရာမျက်လုံးပြူးသွားတယ်။
"ဟာ....လူးစီးယပ်၊ မင်းကဘယ်လိုလုပ်ဒီကိုရောက်နေရတာတုန်း။"
မက်ဒါနာကတော့ အဲဒီစကားကို နားမလည်ဘူး။ သူ့ခေါင်းကိုစောင်းလိုက်ပြီး ဂိတ်စောင့်ဆရာကို ကြည့်လိုက်တယ်။
"ဒီဖားမွန်းစတားက ရှင်တို့ကျောင်းက မွေးထားတာလား။"
"ဘာဖားမွန်းစတားလဲ၊ အဲဒါအသွင်ပြောင်းမြူတန့်ဖား။"
"....." မက်ဒါနာ အဲဒီစကားကိုလည်းကြားရော နဖူးပေါ်ကနေ ချွေးစေးတွေကျလာတယ်။
"သေစမ်း၊ ငါတော့အကြီးကြီးမှားပြန်ပြီ။"
ရေကန်နားမှာ ကျောင်းသားနဲ့ဆရာတွေစုရုံးနေပြီး ကန်ထဲရေနစ်နေတဲ့ဖားကို ကယ်တင်ဖို့အတွက် အကြံထုတ်နေကြတယ်။ ပြဿနာက ဒီဖားရဲ့အလေးချိန်က ပေါင်သုံးရာလောက်ရှိနေတာပဲ။ ခွန်အားအမျိုးအစားမြူတန့်အတွက်တောင် ကယ်ဆယ်ဖို့ တော်တော်လေးအားထုတ်ရမယ်။ ပြီးတော့ သူတို့ကျောင်းက ခွန်အားမြူတန့်ဆရာကလည်း ရေမကူးတတ်ဘူး။
ဒါပေမဲ့ ခဏနေတော့ သူတို့စိုးရိမ်နေတာ အလကားပဲဖြစ်သွားတယ်။ ဖားမြူတန့်က သူ့ဟာသူ ရေကန်ရဲ့အောက်ခြေကိုငုံသွားပြီး ခြေကိုအားပြုကာ အားကုန်ခုန်လိုက်ပြီး ပျံတက်လာတယ်။ ဧရာမဖားကြီး ရေကန်ထဲက ခုန်ထွက်လာတဲ့မြင်ကွင်းက တကယ်ခမ်းနားလွန်းတယ်။ ခဏနေတော့ အားကစားဘောင်းဘီတိုလေးနဲ့ ခပ်ဝဝကောင်လေးတစ်ယောက်အဖြစ် ပြောင်းသွားတယ်။
မက်ဒါနာ: "လခွမ်း....အဲဒါကြောင့် ဒီဖားမှာ ဘယ်လိုလုပ်ပြီး ဘောင်းဘီတိုလေးရှိနေတာလဲလို့ ငါတစ်ချိန်လုံးစဥ်းစားနေတာ။"
ကောင်လေးမှာ ဆံပင်အစိမ်းရောင်တွေရှိတယ်။ အသက်က ဆယ့်ငါးနှစ်လောက်ဆိုပေမဲ့ မက်ဒါနာထက်တောင် အရပ်ပုသေးတယ်။ ပုကစ်ကစ်လေး။ ကောင်လေးက ဒေါသတကြီးနဲ့မက်ဒါနာနားလျှောက်လာပြီး
"အထောက်အကူပြုပစ္စည်းတွေက ငါ့ကိုအနိုင်ယူနိုင်တယ်လို့ ငါလက်မခံသေးဘူး။ ခင်ဗျားစောင့်နေ ကျုပ်ခင်ဗျားကိုအနိုင်ယူပြမယ်။"
အဲဒီနောက် မက်ဒါနာကို ဘာမှမပြောတော့ဘဲ ရေစိုနေတဲ့ hoodieနဲ့ဘောင်းဘီရှည်ကို ကန်စပ်နားကနေကောက်ကာ အတန်းထဲပြန်သွားတယ်။
မက်ဒါနာလည်း ကျောင်းအုပ်ကြီးရုံးခန်းကိုခေါ်ပြီး အဆူခံလိုက်ရတယ်။ ပျက်စီးသွားတဲ့ပစ္စည်းအဖိုးအခကို ပြန်လျော်တာနဲ့တင် နည်းတာမဟုတ်ဘူး။ ကပ်စေးနည်းမက်ဒါနာလေးတော့ နှလုံးသွေးယိုနေပြီ။
ဒီလိုနဲ့ကျောင်းဆင်းသွားပြီ။ မက်ဒါနာလည်း လီဆာလေးကိုခေါ်ပြီး ကျောင်းဝင်းထဲကနေ ထွက်လာတယ်။ ဒါပေမဲ့ လီဆာလေးကို ရဲအရာရှိအိမ် တန်းခေါ်မသွားသေးဘူး။ အဲဒီအစား ဗီလာအိမ်ရာဝင်းဆီကို လျှောက်သွားလိုက်ပါတယ်။
"အစ်မက သမီးကိုဘယ်ခေါ်သွားမလို့လဲဟင်။"
"သမီးနဲ့တွေ့ပေးဖို့လိုတဲ့ အစ်မသူငယ်ချင်းတစ်ယောက်ရှိတယ်။ သူက သမီးကိုကူညီပေးနိုင်လိမ့်မယ်။"
"အင်း...." ကလေးမလေးက မငြင်းဘဲနာခံလိုက်တယ်။ ကလေးမလေးနဲ့ပတ်သက်ပြီး မက်ဒါနာစိုးရိမ်နေတဲ့ကိစ္စတွေ ရှိနေပါသေးတယ်။ အထူးသဖြင့် သာမန်နည်းနဲ့ဘယ်လိုမှမရနိုင်တဲ့ အသွင်ပြောင်းအထူးဝတ်စုံပါ။ ဆိုဖီယာသာဆိုရင် သူ့သံသယတွေကို ဖြေရှင်းပေးနိုင်လောက်တယ်။
ဒီနေ့မှာ မက်ဒါနာအပြင် ခေါင်းရှုပ်အောင်တွေးနေတဲ့ တခြားသူတစ်ယောက်ကတော့ ဖားလေးပါ။ မက်ဒါနာက ဘာမြူတန့်စွမ်းအားမှမသုံးဘဲ အထောက်အကူပစ္စည်းသက်သက်နဲ့ သူ့ကိုအနိုင်ယူသွားတာဆိုပေမဲ့ တကယ်က သူ့အနေနဲ့ မက်ဒါနာကို တစ်ချက်လေးမှ ထိအောင်မတိုက်နိုင်ခဲ့ဘူး။
"အဲဒီမိန်းမရဲ့လှုပ်ရှားတဲ့ပုံစံက တစ္ဆေလိုပဲ။ မြူတန့်စွမ်းအားမဟုတ်တာ အသေအချာကြီးဖြစ်ပေမဲ့ ငါ့ကိုအနိုင်ယူနိုင်အောင် လုပ်နိုင်သွားတယ်။"
ဟုတ်ပါတယ်၊ ဖားလေး ဉာဏ်အလင်းပွင့်သွားတာပါ။ ဒီနေ့တိုက်ပွဲမှာ သူအများကြီးသင်ယူလိုက်ရတယ်။ ကိုယ်ခံပညာက မြူတန့်တွေကို အထောက်အကူပေးနိုင်တယ်ဆိုတာနဲ့ မြူတန့်စွမ်းအားတစ်ခုတည်းကပဲ တိုက်ပွဲအနိုင်အရှုံးကို ဆုံးဖြတ်ပေးတာမဟုတ်ဘူးဆိုတာပါ။
"သူမျက်လုံးတွေက ငါနဲ့တိုက်ခိုက်နေတုန်း ငါ့လှုပ်ရှားမှုတွေကို အမြဲစလေလေ့လာနေတာ။ အစပိုင်းတုန်းက နည်းနည်းပါးပါးခန့်မှန်းတာမျိုးပဲဆိုပေမဲ့ တိုက်ပွဲတစ်ဝက်လောက်ရောက်တော့ ငါ့တိုက်စစ်ကို လုံးဝနားလည်သွားတယ်။"
"နောက်တစ်ချက်က ငါ့ခံစစ်လစ်ဟာနေတဲ့အပိုင်းတွေကိုပါ မြင်နိုင်တာပဲ။ နောက်ပြီး သဘာဝပတ်ဝန်းကျင်ကို လေ့လာပြီး အကောင်းဆုံးအသုံးချနိုင်လို့ ဖားဖြစ်ပြီးရေနစ်မလိုတောင် ဖြစ်သွားသေးတယ်။"
ဖားလေးကတော့ အမည်မသိစုန်းဖြူမလေးရဲ့တိုက်ကွက်တွေကြောင့် ကြိုးစားချင်စိတ်တွေ ပြန်လည်ဖြစ်ပေါ်လာခဲ့ပါပြီ။ တကယ်လို့ မက်ဒါနာသာ Aiအားကိုးပြီး သူ့ကိုတိုက်ခိုက်တယ်ဆိုတာကို သိသွားခဲ့မယ်ဆိုရင်တော့....
....
မက်ဒါနာကတော့ ကောင်မလေးလက်ကိုဆွဲပြီး ပုံစံတူဗီလာလေးတွေရှေ့ကို ရောက်လာပါတယ်။ ဒါပေမဲ့ ဆိုဖီယာရဲ့အိမ်တံခါးက သော့ခတ်ထားတယ်။ ဟိုဘဏ္ဍာစိုးသုံးကောင်ကိုတောင် မတွေ့ရဘူး။ ဒါကြောင့် ဆိုဖီယာရဲ့ဖုန်းနံပါတ်ကို လှမ်းဆက်လိုက်တယ်။
"ဟယ်လို... အန်နာစတေးရှားပြောနေပါတယ်။" တစ်ဖက်ကနေ ဂျာမန်လေသံဝဲဝဲထွက်လာတယ်။ အန်နာစတေးရှားက ဆိုဖီယာရဲ့ဂျာမန်ခန္ဓာကိုယ်ရဲ့နာမည်။
"အား...ဆိုဖီယာ၊ ရှင်ဒီနေ့ဘယ်သွားနေတာလဲ။ ကျွန်မအကူအညီတောင်းစရာရှိလို့။"
"အင်း...အဝေးကြီးသွားတာမဟုတ်ဘူး၊ ဟိုသုံးကောင် ဂိမ်းစီးတီးသွားချင်တယ်ဆိုလို့ လိုက်ပို့ပေးနေတာ။"
လခွမ်း၊ သခင်မက အစေခံတွေပူစာသမျှကို လိုက်လုပ်ပေးနေရတာလား။
"ဘယ်တော့ပြန်လာမှာလဲ။"
"နောက်နှစ်နာရီလောက်နေရင်။"
"အကြာကြီးစောင့်ရဦးမှာပေါ့။"
"ကောင်မစုတ်လေး၊ ငါ့အိမ်တံခါးကို မဟက်နဲ့နော်။ ဒီတစ်ခါအထဲမှာ အလိုလျောက်ပစ်တဲ့သေနတ်တွေပါဆင်ထားတယ်။ တော်ကြာစကာပေါက်ဖြစ်နေဦးမယ်။"
"အင်းပါ...အင်းပါ...."
မက်ဒါနာလေး ဖုန်းချလိုက်တယ်။ အဲဒီနောက် ဘေးမှာရှိနေတဲ့ လီဆာလေးခေါင်းကိုပုတ်ပေးလိုက်တယ်။
"အစ်မသူငယ်ချင်းက ခဏနေမှပြန်လာမှာတဲ့။ ခဏစောင့်ရဦးမယ်။"
"အွန်း...."
မက်ဒါနာက အကြာကြီးစောင့်ရဦးမှာဆိုတော့ ဂိမ်းဆော့ရင်းစောင့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ခြံတံခါးကိုမှီပြီး ဆောင့်ကြောင့်ထိုင်၊ လွယ်အိတ်ထဲက သူ့ဖုန်းလေးကိုထုတ်လိုက်တယ်။
"အစ်မက ဘာဆော့နေမှာလဲဟင်။"
"ဟိုကိုင်း အင်းပတ်။"
"သမီးကြည့်လို့ရလား..."
"အင်း...." ကလေးမလေးကလည်း မက်ဒါနာနားကိုတိုးကပ်လာလို့ နှစ်ယောက်သားအသားချင်းထိနေပြီ။ မက်ဒါနာက ယောက်ျားလေးတစ်ယောက်မလို့ အနေအထိုင်မတတ်ဘူး။ ဆောင့်ကြောင့်ထိုင်နေတာမလို့ စကပ်တိုတိုလေးက အပေါ်ကိုလိပ်တက်နေပြီး ခရမ်းစလေးပေါ်နေတာကို သူသတိမထားမိလိုက်ဘူး။