တရားရင်ဆိုင်ခြင်း
Vol. 1 Ch. 6
အမိုးဖွင့်ဇိမ်ခံကားအနီလေးတစ်စင်း အိမ်ရာဝင်းအတွင်းသို့ ဝင်ရောက်လာသည်။ သို့သော် ကားပေါ်ကလူကတော့ ယိုင်တိယိုင်တိုင်။ နောက်ဆုံးမှာတော့ အိမ်ရာဝင်းထဲက လုံခြုံရေးစက်ရုပ်လေးကို ဝင်တိုက်ပစ်လိုက်တယ်။
"သတိ...သတိ... တိုက်ခိုက်ခံရပြီ... ရဲစခန်းကို အလိုအလျောက်အကြောင်းကြားမည်။"
တင်မီဟာ တက္ကသိုလ်တက်နေရပြီ။ ဒါပေမဲ့ အချိုးကတော့ နည်းနည်းလေးမှမပြောင်းဘူး။ အဒေါ့်ရည်းစားရဲ့ကားကို အမြဲခိုးပြီးမောင်းတယ်။ ပြီးရင် ဟန်းအိုဘာထဲကလိုမျိုး တစ်လောကလုံး ပတ်မွှေတော့တာပဲ။
တင်မီဘီယာပုလင်းကိုဖောက်ရင်း ကားပေါ်ကဆင်းလိုက်တယ်။ ဒီနေ့သူငွေရွှင်နေတယ်။ စူပါဟီးရိုးဇာတ်ကားတစ်ကားရိုက်ဖို့ သူစာချုပ်ချုပ်ခဲ့ရတယ်။ ပြီးတော့ သရုပ်ဆောင်ရမယ့်နေရာက အဓိကဇာတ်လိုက်ပါ။ ဇာတ်ကားနာမည်ကတော့ Silver Knightတဲ့။ Silver Knightဆိုတာက အခုခေတ်နယူးယောက်မှာ မသိသူမရှိတဲ့ လိုင်စင်မဲ့ဟီးရိုးကြီး။ C အဆင့်ဆိုပေမဲ့ Bအဆင့်တွေထက် နာမည်ကြီးတယ်။ ဒီတော့ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတွေက သူ့အကြောင်းကိုရိုက်ဖို့ သည်းသည်းလှုပ်နေကြတာ။ ဒါပေါ့၊ ဇာတ်ညွန်းကတော့ အတုကြီး။ Silver Knight ဘယ်သူလဲဆိုတာကို FBIတောင် မသိတဲ့ဥစ္စာကို။
လူငယ်လေးဟာ ယိုင်တိယိုင်တိုင်နဲ့ သူ့အိမ်ဖက်ကို လျှောက်လာတယ်။ အိမ်ရှေ့ကိုရောက်တော့ ခြံတံခါးသော့ရှာရင်း ခေါင်းရင်းအိမ်ကို လှမ်းကြည့်မိတယ်။ တင်မီဟာ သူ့ဦးလေးရဲ့ခေါင်းရင်းအိမ်ကို အလှလေးတွေဝင်လေ့ထွက်လေ့ရှိတာသိတယ်။ ပြောရရင် သူမနာလိုရလောက်အောင် ချောမောတဲ့ ဘဏ္ဍာစိုးသုံးကောင်ရယ် အမြဲတမ်း ပြောင်းလဲနေတတ်တဲ့ အိမ်ရှင်လှလှလေးတွေရယ်ကို ရင်းနှီးနေပြီးသား။ အိမ်ရာဝင်းထဲပြန့်နေတဲ့ ကောလာဟလတချို့တောင်ရှိသေးတယ်။ အဲဒီငနှဲသားသုံးကောင်က သွေးစုပ်ဖုတ်ကောင်တွေဖြစ်နေပြီး အိမ်ရှင်မိန်းကလေးတွေကို သွေးစုပ်နေတာတဲ့။
တင်မီမြင်လိုက်ရတာကတော့ ခရမ်းစလေး.... အဲလေ။ မိန်းကလေးတစ်ယောက် အနေမတတ်အထိုင်မတတ်နဲ့ ပေါင်လေးနှစ်ချောင်းကိုထောင်ပြီး ဂိမ်းဆော့နေတာ။ စကပ်ဝတ်ထားတာဆိုတော့ အောက်စလန်ပြီး အတွင်းသားလေးကိုလှမ်းမြင်နေရတာ။
"ခရမ်းဇာနက်လေးလား...." တင်မီရဲ့မျိုးရိုးဗီဇအရ ဖွန်ကြောင်လိုစိတ်က ထလာပြီ။ သူကောင်မလေးကို သေချာငေးကြည့်တယ်။ ငွေရောင်ဆံပင်၊ ငွေရောင်မျက်လုံးတွေနဲ့။ ဖြူစွတ်တဲ့ အသားအရည်ရှိတယ်။ ပြောရရင် အင်မတန်ရှားပါးတဲ့ အယ်ဘီနိုအလှလေး။
လက်ဖဝါးနုနုပေါင်တံဖြူဥဥလေးတွေက ယောက်ျားသားတွေကို အလွယ်လေးသတ်ပစ်နိုင်တယ်။ တင်မီအမူးတောင်ပြေသွားတယ်။ ပြီးတော့ အယ်ဘီနိုအလှလေးဘေးနားက ကောင်မလေး။ အညိုရောင်ဆံပင်လေးတွေရှိပြီး တော်တော်လေးငယ်သေးတဲ့အပြင် နေရောင်ထဲ မကြာခဏထွက်ထားရဟန်နဲ့ အသားနည်းနည်းညိုနေတယ်။ နောက်ပြီး တွားသွားသတ္တဝါအမြီးကလည်း နောက်မှာထွက်နေသေးတယ်။
"ဒါက... ရှားပါးအသွင်ပြောင်းမြူတန့်မိန်းကလေးလား။"
မိန်းမလှလေးနှစ်ယောက်နားကို တင်မီဘီယာပုလင်းကိုင်ပြီး လျှောက်လာပါတယ်။ အနားလူယောက်လာမှန်း သတိထားမိလိုက်တဲ့ မက်ဒါနာက ဂိမ်းကိုရပ်ထားလိုက်ပြီး မော့ကြည့်တယ်။ တင်မီကိုမြင်တော့ သူ့မျက်လုံးတွေက ငါးသေမျက်လုံးတွေလိုဖြစ်သွားတယ်။
မက်ဒါနာပုံစံနဲ့ ဆိုဖီယာဆီကိုလာတာ ဒါပထမဆုံးအကြိမ်မဟုတ်ပေမဲ့ ဒီလိုပုံစံမျိုးနဲ့ တင်မီကိုတွေ့တာတော့ ပထမဆုံးအကြိမ်ပါ။ ပြောရရင် သိပ်တော့မထူးဆန်းဘူး။ ဆိုဖီယာရဲ့ခြေရင်းအိမ်က တင်မီ့ဦးလေးအိမ်။ တစ်နေကုန်ကျောင်းလစ်ပြီး လျှောက်သွားနေတဲ့ တင်မီငမူးကောင်ဟာ တစ်မြို့လုံးက သူ့အမျိုးတွေဆီကို လျှောက်သွားတတ်တယ်။ ဒီတော့ သူ့အမျိုးအိမ်နား မကြာခဏလာနေတဲ့ မက်ဒါနာနဲ့ တစ်နေ့မဟုတ်တစ်နေ့တော့တွေ့မှာပဲ။ မြစ်ကမ်းဘေးလမ်းလျှောက်ရင် ဖိနပ်ရေစိုမှာပဲလေ။
"ဟယ်လိုအလှလေး... မင်းက ဒီအိမ်ကလား။"
"ဂီယား....." လီဆာလေးရဲ့မျက်လုံးတွေက ဒေါင်လိုက်ဖြစ်သွားပြီး တင်မီကိုဒေါသတကြီးစိုက်ကြည့်ကာ မာန်ဖီလိုက်သေးတယ်။
မက်ဒါနာကတော့ ဒီကောင်မလေးရဲ့အပြုအမူတွေက ပုတ်သင်ညိုထက် ကြောင်နဲ့ပိုတူနေတယ်လို့ ခံစားနေရတယ်။ မက်ဒါနာလည်း နေရာကနေ ထလိုက်တယ်။ ဒီတော့ စကပ်အောက်စလန်နေတာလည်း ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီ။ တင်မီကတော့ နှမြောတဲ့ပုံစံနဲ့ မက်ဒါနာလေးရဲ့ခြေထောက်ဖွေးဖွေးတွေကို စိုက်ကြည့်နေတုန်း။ ဒါပေမဲ့ ရုတ်တရက် သူ့မြင်ကွင်းကို အခြားခြေထောက်တစ်ဖက်က ဝင်ပိတ်ရပ်လိုက်တယ်။ မော့ကြည့်လိုက်တော့ မျက်သူငယ်အိမ်ဒေါင်လိုက်နဲ့မြူတန့်ကောင်မလေး။
"ဟေးလူကြီး၊ ရှင်က ဘာလို့ကျွန်မအစ်မကြီးကို ဝါးတော့ဝါးတော့မတတ် ကြည့်နေရတာလဲ။ ဒါပြစ်မှုမြောက်တယ်နော်။ ရဲတိုင်လိုက်ရမလား။"
"ချစ်စရာလေး...." တင်မီကတော့ မူးမူးနဲ့လျှောက်လုပ်နေပြန်ပြီ။ ချစ်စရာလီဆာလေးကိုတွေ့တော့ မနေနိုင်တော့ဘဲ ခေါင်းပုတ်ပေးလိုက်တယ်။ ပြဿနာက လီဆာကို အဲဒီလိုခေါင်းပုတ်ခွင့်ရှိတာ လူနှစ်ယောက်ပဲရှိတယ်။
"ဖြောင်း....." လီဆာရဲ့အမြီးက လှုပ်လျားသွားပြီ။ လီဆာက ခန္ဓာကိုယ်ကို နေရာမှာတင် တစ်ပတ်လှည့်လိုက်ပြီး တင်ပါးနောက်ကအမြီးနဲ့ တင်မီ့ခန္ဓာကိုယ်ညာဖက်ကို ရိုက်ချလိုက်တယ်။ ပြင်းလွန်းတဲ့အားကြောင့် တင်မီလည်း အခြေပျက်သွားတယ်။ ဒါပဲလားဆိုတော့...
"ဖြောင်း...." နောက်တစ်ချက်။ ဒီတစ်ခါကတော့ လေပေါ်ကိုပင့်တင်လိုက်တာ။ တင်မီလေထဲမှာ ငါးပေလောက်မြောက်သွားတယ်။ ဒါပေမဲ့ မပြီးသေးဘူး။ လီဆာလေးကပါ လိုက်ခုန်ပြီးတော့ လေထဲမှာ နောက်တစ်ချက်ပင့်ရိုက်လိုက်ပြန်တယ်။
"ဖြောင်း...." သုံးချက်မြောက်။ ပြီးတော့ လီဆာက လေထဲမှာ ဂျွန်းလှိမ့်ထိုးလိုက်ပြီး တင်မီ့အပေါ်ရောက်သွားတယ်။ အဲဒီနောက် အမြီးကိုလှည့်ပြီး စတုတ္ထမြောက်အချက်အဖြစ် မြေပေါ်ကိုပြန်ရိုက်ချလိုက်တယ်။
"ဖြောင်း....."
တင်မီဒီတစ်ခါတော့ ခြံစည်းရိုးအပြင်ဖက်က မြက်ခင်းပြင်ပေါ်ကို ဘုန်းခနဲပြုတ်ကျလာတယ်။ နာလွန်းလို့ သူ့ခြေလက်တွေကိုသူ ပြန်ဆုပ်ကိုင်ထားရပြီး အော်ဟစ်နေတယ်။ လီဆာလေးကတော့ မက်ဒါနာဘေးနား ပြန်ရောက်နေပြီ။
"ဟမ့်.. နှာဘူးကောင်။"
"သူသေတော့မသေပါဘူးနော်။" မက်ဒါနာကတော့ ပြန်ထိုင်ပြီး ဂိမ်းဆော့နေပြီ။ ဒီနေ့Abyss ထဲဆင်းနေတာမလို့ အရေးကြီးတယ်လေ။
"မသေပါဘူး၊ နံရိုးနှစ်ချောင်းကျိုးပြီး ခြေဆစ်လက်ဆစ်တွေ နေရာလွဲသွားရုံလေးပါ။"
တင်မီ: "....."
ခဏနေတော့ ရဲကားတစ်စီးက ဒီဂိုရီအိမ်ရှေ့ရောက်လာတယ်။ ဆင်းလာတာကတော့ လင်ဒါပါ။ မြက်ခင်းပြင်ပေါ်လဲကျနေတဲ့ တင်မီကိုတွေ့တာနဲ့ စပြီးပေါက်ပေါက်ဖောက်တော့တာပဲ။
"ဒီအိမ်ရာဝင်းက လုံခြုံရေးစက်ရုပ် အရေးပေါ်အချက်ပြတယ်ဆိုတာနဲ့ နင်မှန်းငါသိသားပဲ။ ငါ့အမေရဲ့ရည်းစားကားကို ပြဿနာရှာနေတာ တော်ပါတော့ဟဲ့။ အသက်ကလည်း မငယ်တော့ဘူး။ ခုထိပြဿနာပေါင်းစုံရှာနေတုန်း။"
မက်ဒါနာကတော့ ဂိမ်းဆော့နေရင်း ကိုယ်ကိုကျုံကာ ခေါင်းကိုငုံထားလိုက်တယ်။ လင်ဒါမမြင်ပါစေနဲ့လို့ ဆုတောင်းနေတဲ့ပုံပဲ။
'ဟမ်... ငါတော့လျှို့ဝှက်ချက်ကြီးတစ်ခုကို သိလိုက်ရပြီ။ ဒီတော့ လင်ဒါက တင်မီရဲ့ဝမ်းကွဲအစ်မပေါ့။ တင်မီယူမောင်းနေကျကားက လင်ဒါ့အမေရဲ့ရည်းစားရဲ့ကားပေါ့။ အသက်နှစ်ဆယ်ကျော်သမီးတစ်ယောက်ရှိတဲ့မေမေက ရည်းစားရှိတယ်။ အံ့ဩစရာကြီး။'
ခဏနေတော့ ဆိုဖီယာရဲ့ခြေရင်းအိမ်မှာနေတဲ့ ဦးလေးဒစ်ဂိုရီထွက်လာတယ်။
"တင်မီ... မင်းအိမ်ရာလုံခြုံရေးစက်ရုပ်ကို ဖျက်ဆီးပစ်လိုက်ပြန်ပြီလား။ ငါမင်းအတွက် အမြဲတမ်း လျှော်ပေးနေရမှာလား။ ဒီဂိုရီမိသားစုက မင်းဆယ်သက်စားလို့လောက်အောင် ချမ်းသာနေတာမဟုတ်ဘူးနော်။"
"ဦးငယ်လေးရယ်... ဒီကောင်ကိုကြည့်ထိန်းပါဦး၊ လတိုင်းစက်ရုပ်ကို ကားနဲ့တိုက်တဲ့အမှု၊ဒီဇယ်ကားကို မြို့ပေါ်ယူမောင်းတဲ့အမှု၊ မီးနီဖြတ်မောင်းတဲ့အမှုတွေနဲ့ သမီးလိုက်အာမခံပေးနေရတာ ပင်ပန်းလာပြီ။"
တင်မီကတော့ သူ့ဝမ်းကွဲအစ်မနဲ့ဦးလေးရဲ့စကားလုံးတွေအောက်မှာ ပိနေပြီ။ အတော်ကြာအောင် တိတ်ဆိတ်သွားပြီးမှ လီဆာလေးက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တယ်။
"မေမေ... ဒီနှာဘူးက သမီးဦးဦးလားဟင်။"
မက်ဒါနာ: "....." 'လခွမ်း၊ ငါ့ကိုမမြင်အောင် တမင်ဘာမှဝင်မပြောဘဲနေတာကို။'
လင်ဒါကတော့ လီဆာလေးနဲ့မက်ဒါနာကိုကြည့်လိုက်ပြီး မက်ဒါနာကို လက်ညိုးနဲ့ထိုးကာ အပြုံးတုကြီးကြီးပြုံးထားရင်း မေးလိုက်တယ်။
"သမီးလေးဘာလို့ဒီကိုရောက်နေတာလဲ။ ကျောင်းမသွားဘူးလား။ ပြီးတော့ ဟိုဆံပင်အဖြူနဲ့ဟာမကရော ဘယ်သူလဲ။"
လင်ဒါရဲ့မျက်နှာက မသိရင်မက်ဒါနာကို ကလေးပြန်ပေးဆွဲမှုနဲ့ ကောက်ဖမ်းတော့မယ့်အတိုင်းပဲ။ လီဆာက လင်ဒါရဲ့လက်တစ်ဖက်ကို ဝင်ဆွဲဖက်ရင်း ရှင်းပြလိုက်တယ်။
"မေမေ... အစ်မကြီးမက်ဒါနာက မကောင်းတဲ့လူမဟုတ်ပါဘူး။ ဖေဖေသူရဲကောင်းကြီးက ကျောင်းလိုက်ပို့ပေမဲ့ အပြန်လုပ်စရာရှိလို့ လာမကြိုနိုင်ဘူးလေ။ ဒီတော့ အစ်မကြီးမက်ဒါနာကို အစားလာကြိုခိုင်းလိုက်တာ။"
ဒီစကားကြောင့် လင်ဒါရဲ့မျက်နှာထားက တော်တော်လေးပျော့ပြောင်းသွားတယ်။ ပြီးတော့ ဂိမ်းကိုပဲမဲဆော့ချင်ယောင်ဆောင်နေတဲ့ မက်ဒါနာအနားလျှောက်လာပြီး ဒူးကိုညွှတ်ကာ ခါးကိုကိုင်းရင်း မေးလိုက်တယ်။
"ဪ၊ ကျွန်မသမီးလေးကို ကျောင်းလာကြိုပေးတာလား။ ဒါပေမဲ့ ဘာလို့အိမ်ကိုတန်းမပို့ဘဲ ဒီခေါ်လာရတာလဲဟင်။" မက်ဒါနာပြန်ဖြေမလို့ မော့ကြည့်လိုက်တော့ ဒေါသထွက်နေတဲ့မျက်နှာကြီးနဲ့ပြုံးထားတဲ့ လင်ဒါကိုတွေ့လိုက်ရတာပဲ။
"အဲ...အဲဒါကလေ... ကျွန်မသူငယ်ချင်းတစ်ယောက်နဲ့ တွေ့စရာရှိလို့ ခဏခေါ်လာတာပါ။ သူ...သူက အသွင်ပြောင်းမြူတန့်အထူးပြုကျွမ်းကျင်သူလေ။ ဆာSilver Knightက လီဆာလေးကို သူ့ဆီခေါ်သွားပေးဆိုတာနဲ့။"
မက်ဒါနာပြောတဲ့စကားကို လင်ဒါက ယုံတဲ့ပုံမပေါ်ဘူး။ သူကပြောလိုက်တယ်။
"ဒါပေမဲ့ကျွန်မသိသလောက် ဒီအိမ်မှာနေတာက မြူတန့်ကျွမ်းကျင်သူမဟုတ်ပါဘူး။ ဂလက်ဆီကျောက်မျက်ရောင်းဝယ်ရေးက ရှယ်ယာရှင်ပါ။"
"အာ...အဟဲဟဲ...." မက်ဒါနာလေး ဆင်ခြေအနေနဲ့အိမ်မှားသွားတယ်လို့ ပြောဖို့လုပ်နေတဲ့အချိန်မှာပဲ အိမ်နားကို လင်ကွန်း MKTမော်ဒယ်တံခါးခြောက်ပေါက်ကားတစ်စီး ထိုးရပ်လိုက်တယ်။
ကားပေါ်ကနေ ဘဏ္ဍာစိုးဝတ်စုံဝတ်ထားတဲ့ လယ်ရီနဲ့မိုးဆင်းလာပြီး ခြံတံခါးဖွင့်လိုက်တယ်။ အဲဒီနောက် အနီရောင်ကောဇောလိပ်ကြီးကို အိမ်ထဲဝင်တဲ့ တံခါးနားအထိ ဖြန့်ခင်းလိုက်တယ်။ မသိရင် လူကြီးလမ်းကြောင်းရှိသလိုလို။
ပြီးတာနဲ့ အဲဒီနှစ်ယောက်က ကားနားပြန်ရောက်လာပြီး တံခါးဖွင့်ပေးလိုက်တယ်။ ကားပေါ်ကဆင်းလာတာကတော့ အညိုရောင်ဆံပင်ထူထူကို ကျစ်ဆံမြီးထိုးထားတဲ့ အမေရိကန်အာဖကန် ဂုဏ်သရေရှိအမျိုးသမီးတစ်ယောက်ပါ။ ဒါပေမဲ့ သူ့မျက်လုံးတွေကတော့ စိမ်းစိမ်းလေးရယ်။
မက်ဒါနာတွေးမိလိုက်တာကတော့ 'ဆိုဖီယာရေ၊ ငါက နင့်ရဲ့ဂျာမန်သူကိုယ်လုံးလေးကို ရင်းနှီးရုံပဲရှိသေးတာလေ။ ထပ်သေပြီးပြောင်းသွားပြန်ပြီလား။'
တအားလှတဲ့ ဂျာမန်သူလေး တစ်ခုခုဖြစ်သွားပြီး သေသွားတဲ့အကြောင်းတွေးမိတိုင်း ဝမ်းမနည်းဘဲ မနေနိုင်ဘူး။ ဆိုဖီယာကတော့ သူခြံနားမှာ လူတွေရုတ်တရုတ်သဲသဲဖြစ်နေလို့ နားမလည်နိုင်ဟန်နဲ့ ဝင်ပြောလိုက်တယ်။
"အရာရှိကြီးရှင့်၊ ကျွန်မအိမ်နားမှာ ဘာတွေဖြစ်နေတာလဲ။"
"ဘာမှမဟုတ်ပါဘူး၊ ငမူးတစ်ကောင် ကောင်မလေးတွေကို လိုက်ကြောင်နေလို့ ပညာပေးခံလိုက်ရရုံတင်ပါ။"
ဒီအခိုက်အတန့်လေးအတွင်းမှာပဲ လီဆာက လင်ဒါကို သူ့ဦးလေးက အစ်မကြီးမက်ဒါနာကို ဖွန်ဖို့လုပ်နေလို့ ကိုယ်တိုင်ရိုက်ခဲ့တဲ့အကြောင်း ပြောပြီးသွားပြီ။
"ဒါနဲ့ရှင်က... ကျွန်မမှတ်မိသလောက်တော့ ဒီအိမ်က ကျောက်မျက်ရတနာကုန်သည် ဆိုဖီယာပိုင်တာပါ။"
"ဪ...ဟုတ်တယ်လေ၊ ဆိုဖီယာက ပြင်သစ်ကိုသွားနေလို့ ခဏလာနေပေးတာ။ ကျွန်မက မြူတန့်ဇီဝဗေဒပညာရှင် ဒေါက်တာဗိုင်အိုလာပါ။"
ကြည့်ရတာ ဆိုဖီယာက တစ်နည်းနည်းနဲ့သူအခက်တွေ့နေတဲ့အကြောင်းကို သိသွားတဲ့ပုံပဲ။
လင်ဒါလည်း သံသယဝင်မနေတော့ဘူး။ သူ့မောင်တစ်ဝမ်းကွဲကို လက်ထိပ်ခတ်ပြီးတဲ့နောက် လီဆာကိုနှုတ်ဆက်လိုက်တယ်။
"အိမ်ပြန်နောက်မကျစေနဲ့ဦးနော်၊ နောက်ဆိုအမေ့ကိုအသိမပေးဘဲ လူစိမ်းတွေနောက် လျှောက်မလိုက်နဲ့။"
လင်ဒါတစ်ယောက် သူ့ကိုလီဆာလို့ခေါ်တာကို ဘယ်ကတည်းက လက်ခံလိုက်တယ်မသိဘူး။ အခု သူ့ကိုယ်သူတောင် အမေလို့နာမ်စားသုံးနေပြီ။
"ဟီးဟီး...." လီဆာကတော့ ပြုံးရုံလေးပြုံးပြလိုက်တယ်။ အန်ကယ်ဒီဂိုရီကတော့ တတွတ်တွတ်နဲ့။
"ဒီကလေး ဘယ်တုန်းက ဒီအရွယ်သမီးလေးရသွားတာပါလိမ့်"တဲ့။
မက်ဒါနာနဲ့လီဆာတို့က ဆိုဖီယာရဲ့အမေရိကန် အာဖရိကန်ခန္ဓာကိုယ်ဖြစ်တဲ့ ဗိုင်အိုလာနောက်ကနေ လိုက်လာခဲ့တယ်။ ဗိုင်အိုလာကလည်း တော် တော်လေးလှပါတယ်။ ရှည်သွယ်တဲ့ခြေတံ၊ ပြေပြစ်တဲ့ခန္ဓာကိုယ်အချိုးအစားရှိပြီး အင်မတန်ကြည့်ကောင်းတဲ့ မျက်နှာပြည့်ပြည့်လေးရှိတယ်။ အာဖရိကန်သွေးပါပေမဲ့ ညိုရုံလေးပဲညိုတာဖြစ်ပြီး နက်မှောင်တဲ့အသားအရေမျိုးမဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလိုဖြစ်နေရင်တောင် ကြည့်ကောင်းနေဦးမှာပါ။
မက်ကတော့ ကားကိုပြန်သွားထားပြီး လယ်ရီနဲ့မိုးကတော့ လူတစ်ကိုယ်စာလောက်ရှိတဲ့ အိတ်ကြီးတစ်လုံးကို အိမ်နောက်ဖက်ဆွဲယူသွားတယ်။ မက်ဒါနာတွေးမိလိုက်တာကတော့...
"ဆိုဖိယာ... အဲဒါရှင့်ရဲ့ဂျာမန်သူခန္ဓာကိုယ်လား..."
"ဒါပေါ့...." ဒီအစ်မကြီး အလောင်းဖျောက်တယ်ဆိုပြီး တရားစွဲခံရမှာ မကြောက်ဘူးလား။
"မပူပါနဲ့၊ ငါ့ရဲ့ဂျာမန်သူခန္ဓာကိုယ်က လုံးလုံးပျက်စီးသွားတာမဟုတ်ပါဘူး။ စမ်းသပ်ခန်းကလူတွေကို ငါ့ရုပ်ကိုမြင်သွားကြလို့ ခန္ဓာကိုယ်ပြောင်းလိုက်ရတာ။"
"စမ်းသပ်ခန်း... ရှင်ဘာအကြောင်းတွေ ပြောနေတာလား။"
"ငါ့မစ်ရှင်နဲ့ပတ်သက်တာပါ။"
မက်ဒါနာက ဆိုဖာခုံပေါ်မှာ ဒူးတစ်ချောင်းကိုထောင်ပြီးထိုင်နေတယ်။ စကပ်ဝတ်ထားတာကို မေ့နေတဲ့ပုံပဲ။ ခရမ်းဇာလေးက နောက်တစ်ခါလူမြင်ကွင်းရောက်လာတယ်။ ဆိုဖီယာကတော့ တစ်ချက်ကြည့်လိုက်ပြီး မျက်နှာလေးနီသွားပေမဲ့ အဲဒီအကြောင်းဆက်မပြောဘဲ လီဆာလေးရဲ့ပုံပြောင်းအဝတ်တွေကိုသာ ကြည့်လိုက်ပါတယ်။
"ထင်ထားတဲ့အတိုင်းပဲ... စမ်းသပ်ခန်းနဲ့ဆိုင်နေတာပဲ။"
"အစ်မကြီး၊ ရှင်အကြောင်းစုံပြောပြလို့မရဘူးလား။ ကျွန်မတော့ နားမလည်နိုင်တော့ဘူး။"
"အင်း..." ဆိုဖီယာက ခေါင်းညိတ်လိုက်ပြီး အစကနေ ရှင်းပြတယ်။
"တကယ်တော့ ငါ့မစ်ရှင်က လျှို့ဝှက်အဖွဲ့တစ်ခုရဲ့စမ်းသပ်ခန်းနဲ့ဆိုင်တယ်။ ဒီအဝတ်တွေက အဲဒီမှာလုပ်ထားတာဖြစ်နိုင်တယ်။ ငါအစက နင့်ကိုဒီကိစ္စမှာ ဝင်မပတ်သက်စေချင်ပေမဲ့ အခုတော့ပတ်သက်ပြီးနေပြီဆိုတော့ သိအောင်ပြောပြထားမှ နင်ကြိုပြင်ဆင်လို့ရမှာ။"
ဆိုဖီယာက အင်တာနက်ပေါ်က သတင်းတစ်ပုဒ်ကို ပြန်ပြလိုက်တယ်။ မြူတန့်တွေကို ကြောက်နေတဲ့ ပါမောက္ခအိုကြီးရဲ့သတင်းပါ။
"ပရော်ဖက်ဆာစမစ်လား...."
"အင်း... ပရော်ဖက်ဆာစမစ်က အပြင်ပန်းမှာသာ မြူတန့်တွေကို ကြောက်ပြနေပေမဲ့ တကယ်က မြူတန့်တွေကို မနာလိုဖြစ်နေတာ။ သူက သူ့ကိုယ်သူ မြူတန့်အဖြစ်ပြောင်းလဲနိုင်မယ့် နည်းပညာကိုရှာဖွေနေတာပဲ။"
"ဖန်တီးထားတဲ့ မြူတန့်တွေကို ပြောတာလား။"
"ဟုတ်တယ်... စမ်းသပ်ခံတစ်ယောက် လွတ်သွားတဲ့အကြောင်းကို ငါတို့သတင်းရထားတာရှိတယ်။ ပြီးတော့ အဲဒါကတစ်ခုတည်းသော အောင်မြင်တဲ့ဖန်တီးခံမြူတန့်ပဲ။"
ဆိုဖီယာရဲ့စကားကြောင့် မက်ဒါနာ တစ်ဖက်မှာဘဏ္ဍာစိုးတွေနဲ့ကစားနေတဲ့ လီဆာလေးကိုကြည့်လိုက်တယ်။
"ဒါပေမဲ့ သူငါ့ကို ဘာမှမပြောဘူး။"
"စမ်းသပ်ခန်းထဲကအကြောင်းတွေကို ဘယ်သူက ပြန်ပြောချင်မှာလဲ မက်ဒါနာ။"
မက်ဒါနာ သက်ပြင်းချလိုက်တယ်။ ဒီကောင်မလေး စမ်းသပ်ခန်းထဲမှာ ဘယ်လိုကြုံတွေ့လာရလဲဆိုတာ ဘယ်သူတွေသိမှာလဲ။ ရုတ်တရက် ဆိုဖီယာက မက်ဒါနာရဲ့အောက်စလေးကို နောက်တစ်ခါကြည့်လိုက်ပြီး ပြောလိုက်တယ်။
"မက်ဒါနာ၊ နင်က မိန်းကလေးတစ်ယောက်အနေနဲ့ တော်တော်အနေအထိုင်မတတ်တာပဲ။"
"....."
မက်ဒါနာအဲဒီနေ့က အတွေးများစွာနဲ့ အိမ်ပြန်လာခဲ့တယ်။ ညရောက်တော့ သူ့ဖုန်းထဲကို မက်ဆေ့ဝင်လာတယ်။ သတင်းထောက်ဟောင်းမာဂရပ်ဆီကပါ။ နယူးယောက်မြို့တရားရုံးက ဆာကူရာအုပ်စုကို တရားစွဲတဲ့ကိစ္စကို လက်ခံလိုက်တဲ့အကြောင်းပါ။ ကွင်းဒေသခံရဲစခန်းစခန်းမှူးဖြစ်တဲ့ လင်ဒါက ဒီကိစ္စကိုစုံစမ်းသင့်တယ်ဆိုပြီး တရားရေးကို ထောက်ခံစာရေးပေးခဲ့လို့ပါ။ မက်ဒါနာခေါင်းညိတ်လိုက်တယ်။ တရားရုံးချိန်းနေ့ကျရင် သူမာဂရပ်နဲ့မျက်မြင်သက်သေဦးလေးကြီးကို စောင့်ရှောက်ပေးရမှာပါ။
ညမအိပ်ခင် သတင်းတချို့ကိုလည်း မွှေနောက်ကြည့်ခဲ့သေးတယ်။ ဟောင်ကောင်မှာ ဥရောပဟီးရိုးအစည်းအရုံးတွေက Aအဆင့်ဟီးရိုးနှစ်ယောက် အခွင့်မရှိဘဲ အဆောက်အဦးတစ်ခုကို ဝင်စီးနင်းခဲ့တဲ့အတွက် ဟောင်ကောင်ဟီးရိုးအစည်းအရုံးက ဖြေရှင်းချက်တောင်းထားပါတယ်။ သူတို့အချုပ်အချာအာဏာကို ထိပါးတယ်ဆိုပြီးတော့ပါ။
နောက်သတင်းတစ်ပုဒ်ကတော့ စူပါဗီလိန်တစ်ယောက်ဖြစ်တဲ့ ဖရက်ကို အလက်စကာပြည်နယ်မှာ တွေ့လိုက်တဲ့လူတွေရှိတယ်ဆိုတာပါ။ အလက်စကာရဲ့မြူတန့်အန္တရာယ်နယ်မြေတစ်ခုဖြစ်တဲ့ မိုးကြိုးတွေစဥ်ဆက်မပြတ်ပစ်နေတဲ့ တောင်ကြားဒေသထဲကို ဝင်သွားတယ်ဆိုပါတယ်။ မက်ဒါနာကတော့ အမြဲအားနည်းတဲ့ ကောင်လေးဖရက်ကို ဗီလိန်လို့ အခုထိမယုံနိုင်သေးဘူး။
နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ ဂျပန်နိုင်ငံက ယာမာဂုချီမိသားစုက ဒုတိယသခင်မလေးပျောက်နေတဲ့သတင်းပါ။ အဲဒီကိစ္စကြောင့်ဟီးရိုးတွေ လှုပ်လှုပ်ရှားရှားဖြစ်နေကြပြီး ဥစာကီကိုအကျပ်ကိုင်ချင်တဲ့ ဗီလိန်တစ်ယောက်ရဲ့လက်ချက်ဖြစ်နေမှာ စိုးရိမ်နေကြပါတယ်။ ယာမာဂုချီမိသားစုက နှုတ်ဆိတ်နေပေမဲ့ မုန်တိုင်းမတိုက်ခင် လေငြိမ်နေတာမှန်း လူတိုင်းသတိထားမိကြပါတယ်။
၂။
အချိန်တွေက လျင်မြန်စွာပဲ ကုန်ဆုံးသွားတယ်။ နောက်တနင်္ဂနွေနေ့လေးကို ရောက်လာခဲ့ပြန်ပြီ။
မက်ဒါနာစွမ်းအားရပြီး ဟီးရိုးဖြစ်လာတာ သုံးပတ်ကြာသွားပါပြီ။ တစ်လပြည့်ဖို့ ရက်နည်းနည်းပဲ လိုတော့တာပါ။ အမေရိကန်ရဲ့တက္ကသိုလ်တွေမှာ ဧပြီလတိုင်း နှစ်ဆုံးစာမေးပွဲဖြေရတယ်။ နယူးယောက် နည်းပညာတက္ကသိုလ်အတွက်လည်း အချိန်စာရင်းထွက်လာပြီ။ ဒီနေ့က ၂၁ရက်နေ့ဖြစ်ပြီး ၂၈ရက်နေ့မှာ စာမေးပွဲစမှာမလို့ နောက်တစ်ပတ်တိတိပဲ လိုပါတော့တယ်။ မက်ဒါနာက လူတွေထက် သာလွန်တဲ့အိုင်ကျူရှိတယ်ဆိုပေမဲ့ နည်းနည်းလေးမှမပေါ့ရဲတာကြောင့် ကျောင်းစာတွေ ပြန်လှန်ကြည့်နေရပြီ။ အလုပ်သွားစရာမလိုတော့လို့ တော်ပါသေးတယ်။
မနေ့တုန်းက မန်နေဂျာဖလေရာဆီကနေ ဖုန်းဝင်လာတယ်။ စမ်းသပ်ထုတ်လုပ်တဲ့ဖြစ်စဥ် အပြီးသတ်သွားပြီဖြစ်လို့ စက်ရုံတွေစဆောက်တော့မှာပါ။ ဝတ်စုံတွေကို ၃လအတွင်းထုတ်လုပ်နိုင်ဖို့ မျှော်လင့်ထားပြီးတော့ နယူးယောက်ရဲတပ်ဖွဲ့တစ်ခုတည်းကတင် အစုံနှစ်ထောင်ကျော် မှာထားပါတယ်။ အမေရိကန်တစ်နိုင်ငံလုံးမှာတင် သောင်းဂဏန်းနီးပါးလောက် ရောင်းရနိုင်ပြီးတော့ အခြားမဟာမိတ်နိုင်ငံတချို့ကလည်း အဲဒီဝတ်စုံတွေကို ဝယ်ယူဖို့စိတ်ဝင်စားနေပါတယ်။ ဒါပေမဲ့ အစိုးရက ဒီဝတ်စုံတွေကို စစ်တပ်အဆင့်ချပ်ဝတ်အဖြစ် သတ်မှတ်ထားပြီးတော့ ခွင့်ပြုချက်မရှိဘဲ ရောင်းချလို့မရနိုင်ပါဘူး။ ကမ္ဘာ့ဟီးရိုးအစည်းအရုံးတစ်ခုလုံးအတွက်တောင် ချပ်ဝတ်ငါးထောင်အောက်ပဲ ရောင်းဖို့ခွင့်ပြုထားတာပါ။
ဒါပေမဲ့ ရလာမယ့်အကျိုးအမြတ်က မက်ဒါနာအတွက်ရော ပလာဒင်လုပ်ငန်းစုအတွက်ပါ လုံလောက်နေဆဲဖြစ်တယ်။
လောလောဆယ်တော့ ချပ်ဝတ်ဝတ်ထားတဲ့ မက်ဒါနာက အသီးအရွက်တွေကို ဓားနဲ့ကျွမ်းကျင်စွာလှီးဖြတ်နေတယ်။ တစ်ခါမှ ဟင်းမချက်ဖူးပေမဲ့ ဝတ်စုံရဲ့စနစ်အကူအညီနဲ့ဆိုရင်တော့ သိပ်မခက်လှဘူး။
ဟင်းချက်နည်းနဲ့ဗီဒီယိုကို ဒေါင်းလုပ်ခ်ဆွဲ။ ပြီးရင် ဝတ်စုံမှာပါတဲ့ ဉာဏ်ရည်တုစနစ်ရဲ့အလိုလျောက်သင်ယူတဲ့ပရိုဂရမ်ကို သုံးလိုက်ရုံပဲ။ အဲဒီနောက်တော့ ဝတ်စုံက သူ့ဘာသာ အလိုလိုလှုပ်ရှားသွားတော့တာ။
"လီဆာ... ဆားနည်းတာကြိုက်လား များတာကြိုက်လား။"
"ပေါ့ပေါ့လေးလုပ်ပေးဖေဖေ။"
လီဆာက ချပ်ဝတ်ထဲက မက်ဒါနာဟာ မိန်းကလေးမှန်းသိနေပေမဲ့ လင်ဒါစိတ်ဆိုးအောင်လို့ တမင်စနေတာပါ။ လင်ဒါကတော့ လီဆာလေးကို မျက်စောင်းထိုးပြီးကြည့်လိုက်တယ်။
"သမီး၊ ထူးဆန်းတဲ့ဝတ်စုံထဲက ဘယ်လိုရုပ်မျိုးရှိမှန်း မသိနိုင်တဲ့လူတစ်ယောက်ကို မယုံလေနဲ့။"
လင်ဒါနာတစ်ယောက် သူ့သမီးလေးကိုဆုံးမဖို့ အဲဒီစကားကိုပဲ ထပ်ခါထပ်ခါပြောနေခဲ့တယ်။ ခဏနေတော့ မက်ဒါနာလုပ်နေတဲ့ ဟင်းပွဲကျက်သွားပြီ။ ဂေါ်ဖီကြက်ဥကြော်နဲ့ထမင်းပူပူလေးပါ။ ငရုတ်ကောင်းနည်းနည်းပါလို့ အနံမွှေးမွှေးလေးရှိတယ်။ ရွှေရောင်ကြက်ဥမွှေကြော်နဲ့ အစိမ်းရောင်ဂေါ်ဘီလက်လက်ဆတ်ဆတ်က စားဖို့သွေးဆောင်နေသလိုပဲ။ ထမင်းပူပူလေးကလည်း စားချင်စရာလေ။ သူက အာရှသားဆိုတော့ တမင်သက်သက် လင်ဒါနဲ့လီဆာကို ထမင်းချက်ကျွေးခဲ့တာ။
ထမင်းပန်းကန်လုံးလေးနှစ်ခုထဲ ထမင်းနည်းနည်းနဲ့ ဂေါ်ဖီနည်းနည်းထည့်ပြီးတဲ့နောက် ဘယ်သူမှမမြင်ခင် မျက်နှာဖုံးကိုနည်းနည်းဟပြီး ဂေါ်ဖီကြော် မြည်းကြည့်လိုက်တယ်။
"အွန်း..." အချိုဓာတ်ကဲကဲလေး။ ဆားသိပ်မပါတော့ ပေါ့ပေါ့လေးနဲ့ စားလို့ကောင်းတယ်။ သူက စနစ်အကူအညီနဲ့ဟင်းချက်တာဆိုပေမဲ့ တအားခက်လွန်းတဲ့ဟင်းတွေကိုတော့ မလုပ်ရဲပါဘူး။ တစ်ခါတရံ စာအုပ်ကြည့်ချက်ရင်တောင်မှ အရသာက ကောင်းချင်မှ ကောင်းလာတာလေ။ ဒီနေ့လို ရှိုးထုတ်ရမယ့်နေ့မျိုးမှာ ဘယ်မျက်နှာအပျက်ခံပါ့မလဲ။
ဝတ်စုံနဲ့အကုန်လုပ်နိုင်နေတဲ့ကိစ္စကိုတွေးမိတော့ မက်ဒါနာလည်း မင်းသားကြီးဂျက်ကီချန်းရဲ့ The Tuxedo ဇာတ်ကားကိုတောင် သွားစဥ်းစားမိသွားသေးတယ်။ သေချာတွေးကြည့်ရင် Silver Knightက ဂျိန်းတွမ်ထက်တောင် ပိုမိုက်သေး။
မက်ဒါနာလေး ချပ်ဝတ်မျက်နှာဖုံးကို ပြန်စေ့လိုက်ပြီးနောက် အထဲမှာကျိတ်ပြုံးလိုက်တယ်။ ဒီလောက်ဆိုရင် သမီးလေးရဲ့မျက်နှာပေးမှုနဲ့ ရဲမေအစ်မကြီးရဲ့ယုံကြည်မှုကို ရနိုင်လောက်တယ်မဟုတ်လား။
ဟင်းပွဲတွေကို ချပေးပြီးတဲ့နောက်တော့ မက်ဒါနာက စားပွဲဝိုင်းက ခုံတစ်ခုံမှာဝင်လိုက်လိုက်တယ်။ လင်ဒါက ငွေရောင်သူရဲကောင်းရဲ့လက်ရာကို သိပ်မယုံပေမဲ့ တစ်ဇွန်းစားကြည့်ပြီးနောက်မှာ သူ့မျက်လုံးတွေက အယောင်လက်သွားတယ်။
"အွန်း... Silver Knight ရှင်က ဟင်းချက်ကောင်းမယ်လို့ ထင်မထားဘူး။"
"ဒီလောက်က အပျော့ပါ။" မက်ဒါနာက လက်မထောင်ပြလိုက်တယ်။
လီဆာလေးကတော့ ဟင်းကိုအနံခံကြည့်ရင်း အကြည့်လွှဲလိုက်တယ်။
"ဖေဖေ... ဒါက တကယ်ရောစားလို့ရလို့လား။"
"အင်း... စားလို့ရပါတယ်။"
"ဟုတ်လို့လား... အနံက တော်တော်ဆိုးတယ်နော်။" လီဆာက ဇွန်းထဲကို ထမင်းနည်းနည်းနဲ့ ဟင်းနည်းနည်းထည့်ပြီး နောက်တစ်ခါအနံခံကြည့်တယ်။
"သမီးလေး၊ ဂျီးမများရဘူးလေ။" လင်ဒါ ဝင်ပြောလိုက်တော့ လီဆာလည်း ငြင်းမနေတော့ဘဲ စားကြည့်လိုက်တယ်။
"အွန်း...ချိုချိုလေး၊ ဒီလောက်စားကောင်းမယ်မထင်ဘူး။"
မက်ဒါနာလည်း လီဆာလေး ထမင်းနဲ့ဟင်းမစားဖူးလို့ ပြောတယ်ပဲထင်ပြီး အရေးမလုပ်ဖြစ်တော့ဘူး။ လီဆာကတော့ တော်တော်လေးစားပစ်လိုက်ပါတယ်။ ထမင်းပန်းကန်လုံးလေး နှစ်လုံးတောင်ကုန်သွားပြီ။
လင်ဒါကတော့ လက်ပိုက်ထားပြီးတော့ သူ့ရှေ့က ငွေရောင်စစ်သည်တော်ကို ကြည့်လိုက်တယ်။
"ရှင်တို့ ဆာကူရာလုပ်ငန်းစုကို တရားစွဲထားတယ်ဆို၊ သတိလည်းထားဦး။ သူတို့မှာ မြေအောက်အဆက်အသွယ်ရှိတယ်။"
"အင်း... တကယ်တော့ ငါ့အပြင် တခြားမြူတန့်တစ်ယောက်ပါ ကူညီနေသေးတယ်။ သိပ်မစိုးရိမ်ပါနဲ့။" မက်ဒါနာက ကျောဆန့်လိုက်ရင်း လင်ဒါကိုပြောလိုက်တယ်။ လင်ဒါကတော့ ခေါင်းခါပြတယ်။
"အဲဒီမြူတန့်က အစွမ်းထက်လား။"
"ငါ့ထက်တော့ အားနည်းတယ်။"
"ဒါဆိုရင်တော့ ရှင်ဒီအမှုကို လက်လျှော့လိုက်တာကောင်းမယ်။ ဒီအမှုမျိုးက လိုင်စင်မဲ့ C အဆင့်လေးတွေ ကိုင်တွယ်လို့ရတာမျိုးမဟုတ်ဘူး။"
"ငါက C အဆင့်မဟုတ်ဘူးလေ။" မက်ဒါနာက လက်နှစ်ဖက်ကို ဖြန့်ပြရင်း ပြန်ဖြေလိုက်တယ်။ ဟုတ်တယ်၊ လောလောဆယ် မက်ဒါနာက B- ဖြစ်နေပြီ။ တကယ်လို့ ဝတ်စုံနည်းပညာအတွက် ငွေရပြီးရင် A အထိမြှင့်ဖို့ သိပ်မခက်ခဲလှဘူး။
"ကိစ္စမရှိပါဘူး၊ သမီးတို့ဖေဖေက တအားအစွမ်းထက်တာ။ ဆာကူရာဂိုဏ်းလောက်လေးက သမီးတောင်ဖြေရှင်းလို့ရတယ် ဟွန်း....။"
လီဆာက ယုံကြည်မှုအပြည့်နဲ့ ပြောလိုက်တယ်။ သူယုံကြည်မှုရှိနေရတာကလည်း လီဆာက ကိုယ့်စွမ်းအားကိုယ် သေချာမထိန်းနိုင်သေးတာကလွဲရင် Bအဆင့် မြူတန့်ဖြစ်နေလို့ပါ။ အနိမ့်ပိုင်း B တောင်မဟုတ်ပါဘူး။ တကယ့် B အဆင့်ပါ။
"ကျွန်မက ရှင့်ကို C အဆင့်လို့ထင်နေတာ။ မဟုတ်ရင်လည်းပြီးရော။"
အချိန်တန်တော့ မက်ဒါနာတစ်ယောက် လင်ဒါကိုနှုတ်ဆက်ပြီး လီဆာလေးကို ကျောင်းလိုက်ပို့ဖို့လုပ်တယ်။ ဒါပေမဲ့ ရဲဝတ်စုံနဲ့လင်ဒါကပါ နောက်တစ်ကောက်ကောက်လိုက်လာတယ်။
"ဟေးအရာရှိ၊ မင်းဒီနေ့ တာဝန်ချိန်မရှိဘူးလား။"
"ဒီနေ့က အားလပ်ရက်လေ။" လင်ဒါက ပြောလိုက်တယ်။ မက်ဒါနာကတော့ ခေါင်းကိုကုတ်ရင်း...
"ရဲတွေမှာ အားလပ်ရက်ရှိတယ် မကြားဖူးပါဘူး။ စခန်းလူအင်အားအပေါ်မူတည်ပြီး နားခွင့်ပေးတာမျိုးပဲ ရှိတာမဟုတ်လား။"
"ကျွန်မက ကွင်းနယ်မြေရဲစခန်းမှူးလေး။ အား...ဒီနေ့ သိပ်နေမကောင်းလို့ ငါမလာတော့ဘူး၊ နင်တို့တွေပဲ ကိုင်တွယ်ထားလိုက်တော့ဆိုပြီး ဒုဗိုလ်လေးကို ညုတုတုနဲ့ ပြောလို့ရတယ်လေ။ စခန်းမှူးက ခွင့်တိုင်စရာမှမလိုတာ။ တာဝန်ချိန်ရာခိုင်နှုန်းပြည့်ရင်ပြီးရော။"
"ဟေး...အဲဒါကျင့်ဝတ်နဲ့ မညီဘူးမဟုတ်လား။ ဒါပေမဲ့ ဘာကြောင့်လဲ။" မက်ဒါနာက လင်ဒါကို မယုံနိုင်စွာနဲ့ ကြည့်လိုက်ပါတယ်။
လင်ဒါကလည်း သူ့ကိုပြန်လက်ပိုက်ပြီးကြည့်တယ်။ "ကျွန်မရှင့်ကို စိတ်မချလို့လေ။ ရှင်တရားရုံးကိုသွားတုန်း ဆာကူရာဂိုဏ်းက အမဲဝိုင်းဖြတ်လိုက်ရင် ဘယ်လိုလုပ်မလဲ။"
"အဲဒီလိုပြောကြေးဆိုရင် မင်းက ငါ့ထက်တောင် ပိုအားနည်းတယ်လေ။ မင်းစွမ်းအားက တိုက်ပွဲသုံးမဟုတ်ဘူး။ အား... မစ္စတာယာကူဇာကြီးရယ် ကျွန်မက မိန်းမလှလေးမလို့ ညှာတာပေးပါနော်လို့ ညုတုတုလေးပြောမလို့လား။"
ဒေါင်....။
မက်ဒါနာစကားဆုံးတာနဲ့ လင်ဒါရဲ့ခြေထောက်က သူ့ဂွကြားကို ကန်ပြီးသားဖြစ်သွားတော့တာပဲ။
"အောင့်...." 'သေစမ်း၊ ဝတ်စုံခံထားလို့တော်သေးတယ်။ မဟုတ်ရင် မိန်းကလေးမှန်းပေါ်ပြီ။ နောက်ဆို စကားအပြောအဆိုဆင်ခြင်မှ။' မက်ဒါနာ အထိတ်တလန့်တွေးလိုက်မိတယ်။
လင်ဒါကတော့ သံထူထူဝတ်စုံကြီးကို ခြေထောက်နဲ့ကန်လိုက်ရလို့ နာသွားပုံပဲ။ မပွင့်သေးတဲ့ ဓာတ်လှေကားနားက နံရံကိုလက်နဲ့ထောက်ရင်း သူ့ခြေထောက်သူဆုပ်ကိုင်ထားတယ်။
"ကောင်စုတ်၊ ရှင်ကျွန်မရဲ့ဖိုင်တွေကို ခိုးကြည့်ပြန်ပြီလား။"
ဒီလိုနဲ့ လီဆာလေးကို ကျောင်းပို့ပေးပြီးတဲ့နောက် သူတို့နှစ်ယောက် စီရင်စုတရားရုံးကို ရောက်လာကြပြီ။ ဒီအမှုက အမှုကြီးလွန်းတဲ့အတွက် စီရင်စုတရားရုံးက ကိုင်ရပါတယ်။ စီရင်စုတရားရုံးဟာ ပိတ်ရက်မရှိဖွင့်တဲ့တရားရုံးဖြစ်ပြီးတော့ တခြားရာဇဝတ်တရားရုံးတွေလို စနေ၊တနင်္ဂနွေနေ့တွေမှာ မပိတ်ပါဘူး။
သူတို့ရောက်သွားချိန်မှာ ဟီးရိုးဝတ်စုံဝတ်ထားတဲ့လေဒီဘတ်တာဖလိုင်းက စကျင်ကျောက်နဲ့လုပ်ထားတဲ့ တရားရုံးအဆောက်အဦးရဲ့တိုင်တစ်တိုင်မှာ မှီပြီးရပ်နေပါတယ်။
"ဟေး၊ လေဒီဘတ်တာဖလိုင်း။ မာဂရပ်မပါဘူးလား။"
"မာဂရပ်က ငါ့ကိုပဲလာဖို့အကြံပေးလိုက်တယ်။ တရားရုံးမှာ အလုပ်ပြုတ်ထားတဲ့ သတင်းသမား တစ်ယောက်ထက်စာရင် ဟီးရိုးတစ်ယောက်ရဲ့စကားက ပိုပြီးအရာရောက်နိုင်တယ်တဲ့။"
လင်ဒါကတော့ Silver Knight ဘေးကနေ ကပ်လိုက်လာပြီး လေဒီဘတ်တာဖလိုင်းကို ကြည့်လိုက်တယ်။ သူ့အကြည့်က တစ်မျိုးကြီးပဲ။
"ဟေးရဲမေလေး၊ နင်က နင့်ကောင်လေးနားကပ်နေလို့ ငါ့ကိုအန္တရာယ်အနေနဲ့ ယူဆနေတာလား။"
"ဖွီ..." လေဒီဘတ်တာဖလိုင်းရဲ့ရွတ်နောက်နောက် စကားကြောင့် လင်ဒါတစ်ယောက် တံထွေးနဲ့ထွေးမိမလိုတောင် ဖြစ်သွားလေရဲ့။
"လေဒီဘတ်တာဖလိုင်း... ဒါက ကျုပ်မိတ်ဆွေ အရာရှိလင်ဒါပါ။ လင်ဒါ... ဒါက ကျုပ်လုပ်ဖော်ကိုင်ဖက် လေဒီဘတ်တာဖလိုင်းပါ။"
မက်ဒါနာက ကျင့်ဝတ်အတိုင်းပဲ မသိတဲ့လူနှစ်ယောက်ကို နှုတ်ဆက်ပေးလိုက်တယ်။ သူတို့နှစ်ယောက်ရောက်လာချိန်မှာတော့ တခြားတစ်နေရာမှာ ဝိုင်းအုံနေတဲ့ ဂျာနယ်လစ်တွေက သူတို့ဆီပြေးလာကြတယ်။
"ဆာSilver Knight၊ ဆာကူရာကုမ္ပဏီကို တရားစွဲတဲ့အထဲမှာ ဆာလည်းပါတယ်လို့လူတွေပြောနေပါတယ်။ ဒါပေမဲ့ ဘာအမှုနဲ့လည်း၊ အဆောက်အဦးတွေ ပြိုကျတဲ့အမှုပဲလား။ အဲဒါကဆောက်လုပ်ရေးဦးစီးဌာနကပဲ တရားစွဲသင့်တာမဟုတ်လား။"
မက်ဒါနာက သူ့လက်နှစ်ဖက်ကို ဝေ့ယမ်းပြပြီး ခဏလောက်ငြိမ်ခိုင်းလိုက်တယ်။ အဲဒီနောက် သူအစောပိုင်းကတည်းက လေ့ကျင့်ထားခဲ့တဲ့အတိုင်းပဲ မေးခွန်းတွေကို ပြန်ဖြေခဲ့ပါတယ်။
"ဆာကူရာအုပ်စုကို တရားစွဲတာက အဲဒီအမှုတစ်ခုတည်းပဲမဟုတ်ပါဘူး။ သူတို့ကျူးလွန်ခဲ့တဲ့ အမှုတွေအများကြီးပါ။ သက်သေတွေကို နှုတ်ပိတ်တာ၊ သက်သေတွေကို ဖျောက်ဖျက်တာ၊ လိမ်ညာတာ၊ လာဘ်ထိုးတာနဲ့ဂိုဏ်းဖွဲ့ပြီး မြေအောက်လုပ်ငန်းတွေလုပ်နေတာတွေအတွက်ပါ ပါပါတယ်။"
"ဆာ...ဒါပေမဲ့ သက်သေရှိလို့လား။ အရင်ကလည်း ဆာကူရာအုပ်စုကို တရားစွဲဖူးတဲ့လူတွေရှိပေမဲ့ ငွေရချင်ရုံသက်သက်ပဲလေ။"
"သက်သေတွေက ရှိပါတယ်၊ တရားရုံးကို ချပြပါ့မယ်။ ကျွန်တော်တို့ ငွေကြေးတစ်စုံတစ်ရာ ယူမှာမဟုတ်ဘူး။ အပြစ်သားကို ထောင်ထဲပို့ဖို့ပဲ စိတ်ဝင်စားတယ်။"
အနောက်တိုင်းဝတ်စုံကို ကျကျနနဝတ်ထားတဲ့ အာရှသားတစ်ယောက်နဲ့ ကိုယ်ရံတော်တချို့ရောက်လာတဲ့အတွက် အင်တာဗျူးတာက ဒီလောက်နဲ့ပဲပြီးသွားတယ်။ သူတို့ဆီကို ရောက်လာတဲ့သူတွေထဲက ခေါင်းဆောင်ဖြစ်ပုံပေါ်တဲ့ အာရှလူငယ်လေးက Silver Knightကိုကြည့်လိုက်တယ်။
"ကျုပ်ကို တရားစွဲတဲ့လူဆိုလို့ မြင်ဖူးတယ်ရှိအောင်လာကြည့်တာ ဆာSilver Knightဖြစ်နေပါလား။ ခင်ဗျားနောက်ကဓားကြီးကိုကြည့်ရတာ အလှထားဖို့တော့မဖြစ်နိုင်ဘူး။ ကျုပ်တို့ယာမာဂုချီမိသားစုက ဓားဝါသနာရှင်တွေဆိုတော့ အနောက်တိုင်းနဲ့အရှေ့တိုင်းဓားပညာမှာ ဘယ်ဟာပိုကောင်းလည်း စမ်းကြည့်ချင်သေးတယ်ဗျာ။"
"မင်းသာ ဒီအမှုနဲ့ထောင်ကျမသွားရင် ငါတို့ရင်ဆိုင်ရဦးမှာပါ။"
"အိုးအိုး... ဒါကိုဟီးရိုးက သာမန်လူတစ်ယောက်ကို ခြိမ်းခြောက်တဲ့စကားလို့ ယူဆလိုက်လို့ရမလား။"
အိုင်ဇာဝါက ပမာမခံပုံစံနဲ့ ပြန်မေးခွန်းထုတ်လိုက်တယ်။ သူ့လက်ထဲမှာတော့ ပန်းရောင်ပုဝါတစ်ထည်ကို ကိုင်ထားပြီး လက်ကိုသေချာသုတ်လိုက်တယ်။ အဲဒီနောက် နောက်မှာရပ်နေတဲ့ အတွင်းရေးမှူး မိန်းမလှလေးကို ပစ်ပေးလိုက်တယ်။
"ငါလေးစားရတဲ့ ဟီးရိုးတစ်ယောက် ပြောဖူးတာရှိတယ်။ တရားနည်းလမ်းနဲ့ ဖြေရှင်းလို့မရဘူးဆိုရင် လက်သီးနဲ့ဖြေရှင်းရတယ်တဲ့။"
"မင်းပြောနေတာက Mr.justiceရဲ့စကားထင်တယ်။ ဒါပေမဲ့ သူက A အဆင့်တစ်ယောက်လေကွာ။ မင်းလိုC အဆင့်လိုင်စင်မဲ့ဟီးရိုးမှာ အခွင့်အရေးရှိမယ်ထင်နေတာလား။" အိုင်ဇာဝါက မျက်စိကိုမှေးလိုက်ပြီး အေးစက်စက်ပြောလိုက်တယ်။
"အိုးအိုး... ဒါဆိုရင် မစ္စတာအိုင်ဇာဝါက ပြစ်မှုကျူးလွန်ဖူးတယ်လို့ ကိုယ်တိုင်ဝန်ခံလိုက်တယ်လို့ ယူဆလိုက်လို့ရမလား။" မက်ဒါနာကလည်း စကားထဲက ဟာကွက်ကိုသုံးပြီး ပြန်ပြောလိုက်တယ်။
"မရဘူး၊ စကားတွေက စကားတွေပဲလေ ဟုတ်တယ်မဟုတ်လား ဆာSilver Knight" အိုင်ဇာဝါက အလွန်သဘောကျနေတဲ့ ရယ်သံနဲ့ ရယ်မောလိုက်တယ်။
မက်ဒါနာက လူငယ်လေးကို နားမလည်နိုင်စွာကြည့်လိုက်တယ်။ သူ့စနစ်ကနေ လူငယ်လေးဘယ်သူဆိုတာကို ပြနေပါတယ်။
[အိုက်ဇာဝါ ယာမာဂုချီ
အသက်- ၂၃နှစ်။
စွမ်းအား- ဓားသွားလောက၊ ချယ်ရီဓားလောက။
ပြယုဂ်(တရားဝင်)- ဆာကူရာအုပ်စု၏အမေရိကဆိုင်ရာ ဒေသမန်နေဂျာချုပ်။
ပြယုဂ်(တရားမဝင်)- ဆာကူရာဂိုဏ်းချုပ်။
ယင်းနှင့်ပတ်သက်နေသော အမှုတွဲဖိုင်များ- 79ခု။]
အိုင်ဇာဝါကိုယ်တိုင် ပါဝင်ပတ်သက်နေတဲ့ အမှုသုံးလေးမှုရှိပြီးတော့ နှစ်ခုက မိန်းကလေးတွေကို ဖျက်ဆီးပစ်တဲ့အမှုတွေပါ။ ဒါပေမဲ့ တရားမနိုင်ခဲ့ဘဲ လျော်ကြေးနဲ့သာ ကျေနပ်လိုက်ရပါတယ်။ တစ်ခုက လူသတ်မှုဖြစ်ပြီး သက်သေထွက်ဆိုသူမရှိလို့ တရားသေလွှတ်လိုက်ရပါတယ်။ သူကိုယ်တိုင်မဟုတ်ဘဲ ဆာကူရာအုပ်စုပါဝင်ပတ်သက်နေတဲ့ အမှုတွေကတော့ အများကြီးပါ။
မက်ဒါနာကတော့ ကောက်ကျစ်စွာပြုံးလိုက်တယ်။ မနေ့ညက FBIကိုဝင်မွှေပြီး အမှုတွဲတွေအကုန်လုံး ဒေါင်းထားလိုက်တာ မဆိုးပါဘူး။ သူတို့ပစ်မှုကျူးလွန်ရင် သုံးလေ့ရှိတဲ့ လက္ခဏာတွေကို ဖော်ထုတ်ပြီး အရင်အမှုတချို့နဲ့ ဆက်စပ်ပေးကာ ပိုအမှုကြီးအောင် လုပ်ပေးလို့ရပါပြီ။ ပြီးတော့ သူကိုယ်တိုင် စုံစမ်းထားတာတွေလည်း အများကြီးရှိနေပါသေးတယ်။
ခဏနေတော့ တရားရုံးရဲ့သစ်သားတံခါးချပ်ကြီးတွေ ပွင့်သွားပြီးတော့ အမှုနဲ့သက်ဆိုင်တဲ့သူတွေနဲ့ ကြားနာမယ့်သူအားလုံးကို ဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။
မက်ဒါနာက သူ့အုပ်စိုကိုဦးဆောင်ပြီး ရှေ့ကနေသွားတယ်။ သူစိတ်ကူးပေါက်လို့ နောက်ကိုလှည့်ကြည့်လိုက်တော့ လေဒီဘက်တာဖလိုင်းရဲ့လည်တိုင်မှာ ချွေးတွေနဲ့စိုရွဲနေတာကို တွေ့လိုက်ရတယ်။
"အိုင်ဇာဝါနဲ့ငါ စကားစစ်ထိုးတုန်းက သူအတော်လန့်နေခဲ့တာဖြစ်မယ်။ ဒီမိန်းကလေးကတော့လေ..."
မာဂရပ်က ရဲရင့်ချင်ယောင်ဆောင်နေတဲ့ အားနည်းတဲ့မိန်းကလေးပါ။ လေဒီဘတ်တာဖလိုင်းက ဘယ်လိုပဲမာဂရပ်နဲ့မတူအောင် ဟန်ဆောင်နေပါစေ မက်ဒါနာရဲ့ဝတ်စုံက ဉာဏ်ရည်တုစနစ်ကတော့ အတူတူပဲလို့ပြနေပါတယ်။ အမူ့အကျင့်ငယ်လေးတွေကိုက တူနေခဲ့တာပါ။ ပြီးတော့ ဘယ်အချိန်မှာပဲဖြစ်ဖြစ် သူတို့နှစ်ယောက် တစ်ပြိုင်နက်တည်းရှိနေတာမျိုးလည်း မတွေ့ရဘူးလေ။
၃။
တရားရုံးကြားနာခန်းထဲမှာ လူစုံနေပါပြီ။
ဂျူဒီလေးယောက်နဲ့ တရားသူကြီးတစ်ယောက်က အားလုံးရဲ့အပေါ်စီးမှာ ရှိနေကြပါတယ်။ ဂျူဒီတွေက အမှုရဲ့အသွားအလာကို နားထောင်ပြီးတော့ တရားသူကြီးကို ဒီအမှုမျှတတယ် မမျှတဘူး အကြံပေးတဲ့ ဂုဏ်သရေရှိပုဂ္ဂိုလ်တွေပါ။ ဆုံးဖြတ်ချက်တွေအတွက် မဲပေးပိုင်ခွင့်လည်း ရှိကြပါသေးတယ်။
တရားခံတွေရဲ့နေရာမှာတော့ အိုက်ဇာဝါဟာ စားပွဲကိုခြေတင်ပြီး ထိုင်နေပါတယ်။ သူ့ဘေးမှာတော့ ရှေ့နေဖြစ်ပုံပေါ်တဲ့ အသက်ကြီးကြီးလူကြီးတစ်ယောက် ရှိနေပါတယ်။
တရားလိုဖက်မှာတော့ မက်ဒါနာနဲ့လေဒီဘတ်တာဖလိုင်းသာ ရှိနေပြီးတော့ ရှေ့နေ့ရယ်လို့ တစ်ဦးမှရှိမနေပါဘူး။ သူတို့မငှားခဲ့တာမဟုတ်ဘဲ၊ ငှားမရခဲ့တာပါ။ ဆာကူရာအုပ်စုကို တရားစွဲမယ်ဆိုတာနဲ့ ရှေ့နေတွေအားလုံး ရှောင်ဖယ်သွားကြတာပါပဲ။ ဒီတော့ သူတို့ကိုယ်တိုင် တရားရုံးကိုအမှုလျှောက်ရမယ့်ပုံစံ ဖြစ်နေပါပြီ။
ပရိသတ်တွေအတွက် လုပ်ပေးထားတဲ့ ထိုင်ခုံမှာရှိနေတဲ့ လင်ဒါကတော့ သူတို့ကိုကြည့်လိုက်ပြီး ခေါင်းခါယမ်းလိုက်ပါတယ်။ သူက ရဲအရာရှိတစ်ယောက်ပေမဲ့ ဖက်ဒရယ်စီရင်စု တရားရုံးမှာတော့ ကူညီပေးနိုင်တာ များများစားစားမရှိပါဘူး။
ပြီးတော့ ဂျူဒီလေးယောက်ထဲက တစ်ယောက်ကလည်း မက်ဒါနာအမြင်မကြည်တဲ့ ဟိုဟီးရိုးအစည်းအရုံးပြောခွင့်ရ လေဆာအိုင်းဖြစ်နေပါသေးတယ်။
"ရုံးချိန်းစမယ်၊ ယခုအမှုမှာ ဆာကူရာ ကော်ပိုရေးရှင်း၊ အမေရိကန်နိုင်ငံဆိုင်ရာ ဒေသမန်နေဂျာချုပ်နှင့်လုပ်ငန်းအပေါ် တရားမမှုများရှိသည်ဟု ဟီးရိုးSilver kinghtနှင့် ဟီးရိုးလေဒီဘတ်တာဖလိုင်းတို့မှ တိုင်ကြားလာသော အမှုဖြစ်တယ်။ တရားလိုများဖက်က ကိုယ်တိုင်လျှောက်ထားမည်ဖြစ်ပြီး တရားခံများဖက်မှ ဂရင်းဝေါဥပဒေအကျိုးဆောင်လုပ်ငန်းမှ ရှေ့နေ မက်သရူး ဂျိုဒင်ဖြစ်တယ်။
တရားသူကြီးအဖြစ် ကျွန်ုပ် ဝေါ်ကာလ် မေဆင်က ဆောင်ရွက်မှာဖြစ်တယ်။ ဂျူဒီလူကြီးမင်းများအဖြစ် ဟီးရိုးလေဆာအိုင်း၊ ဂျင်မီ ဂျုန်း၊ အာသာ ဟန့်ခ်နဲ့ ကားလ် ဂရေဟမ်တို့က ဆောင်ရွက်မှာဖြစ်တယ်။"
လေဒီဘတ်တာဖလိုင်းက စတင်ပြီး အမှုတင်သွင်းသည်။ သူက တော်တော်လေးအတွေ့အကြုံရှိပြီးပြီဟု ဆိုနိုင်ပေသည်။ ဆာကူရာလုပ်ငန်းစုမှ တာဝန်ယူထားသည့် အဆောက်အဦးအများအပြား ပြိုကျခဲ့ပြီး အရည်အသွေးစံနှုန်းများအား လိုက်နာခြင်းရှိမရှိမှာ သံသယဖြစ်စရာကောင်းနေကြောင်းနှင့် အရည်အသွေးစစ်ဆေးမှု စာရွက်စာတမ်းများမှ မသင်္ကါစရာအချက်များကို တင်ပြသွားသည်။
"ရုံးတော်ကို လျှောက်ထားစရာ ဒါအကုန်ပဲလား။"
"လောလောဆယ်တော့ ဒီလောက်ပါပဲ တရားသူကြီးရှင့်။" လေဒီဘတ်တာဖလိုင်း ပြန်ထိုင်နေလိုက်သည်။
"တရားသူကြီးမင်းခင်ဗျား... ဒါက သံသယတွေသက်သက်ပါ။ အဆောက်အဦးတွေပြိုကျတယ်ဆိုတာက စံချိန်စံနှုန်းကိုက်ညီရင်တောင် ရာသီဥတုကြောင့်၊ မြေအနေအထားကြောင့် ကံမကောင်းအကြောင်းမလှဖြစ်ပြီး ပျက်စီးသွားနိုင်ပါသေးတယ်။ သံသယအကျိုးကို တရားခံက ခံစားရသင့်ပါတယ်။ ဒါကြောင့် လျှောက်ထားချက်ကို ပယ်ချပေးပါ။"
"ကန့်ကွက်ပါတယ်..." မက်ဒါနာက လက်ထောင်လိုက်သည်။ တရားသူကြီးက မျက်မှန်ကိုပင့်လိုက်ရင်း ငွေရောင်စစ်သည်တော်ကို ကြည့်လိုက်၏။
"ဟီးရိုး Silver Knight ဘာကြောင့်ကန့်ကွက်တာပါလဲ။"
"ဒီလျှောက်ထားချက်တွေက သံသယရှိတယ်လို့ပဲ ပြောနိုင်တဲ့အတွက် လျှောက်ထားလို့မရဘူးလို့ပြောချင်တာလား။ ဒါပေမဲ့ တစ်ဖက်ရှေ့နေ့ကြီးက မကျူးလွန်ဘူးလို့ ပြောမသွားဘူး။ သံသယအကျိုးလို့ပဲ ပြောသွားပါတယ်။ တရားခံက တကယ်ကျူးလွန်လား မကျူးလွန်လား ကျွန်တော်တို့မသိရတဲ့အတွက် သေချာစစ်ဆေးဖို့ တရားရုံးကို တောင်းဆိုပါတယ်။"
"ဒါအဓိပ္ပါယ်ရှိတယ်..." ဂျူဒီတွေနဲ့ ပရိသတ်တွေအားလုံး ဒီကိစ္စကို မငြင်းကြပါဘူး။ နောက်တော့ ဂျူဒီတွေ မဲစပေးကြတယ်။ လေဆာအိုင်းကလွဲလို့ ကျန်နှစ်ယောက်က ထောက်ခံမဲပေးပါတယ်။ တစ်ယောက်က ကြားနေမဲပါ။ တရားသူကြီးကတော့ မေးစေ့ကိုပွတ်ရင်း စေ့စေ့စပ်စပ်စဥ်းစားလိုက်တယ်။
"အင်း... ဒီကိစ္စက သာမန်လူတွေလက်ထဲမှာ အထောက်အထားရှိနိုင်တာမျိုးမဟုတ်ဘူး။ ဒီတော့ သေချာစစ်ဆေးဖို့သင့်တယ်။ ဒီကိစ္စအတွက်တော့ စုံစမ်းဖို့ဆုံးဖြတ်တယ်။"
ရှေ့နေ့မက်ဒရူးကတော့ မျက်နှာတစ်ချက်ပျက်သွားတယ်။ သူစကားပြောတာ နည်းနည်းလိုသွားပါတယ်။ သံသယအကျိုးဆိုတာမျိုးက တစ်ဖက်သူရဲ့အထောက်အထားတွေ မပြည့်စုံတဲ့အခါမှာ အလုပ်ဖြစ်တယ်ဆိုပေမဲ့ အခုက သူတို့ဖက်ကလည်း အထောက်အထားတွေ မပြည့်စုံဖြစ်နေတာပါ။ ဒီတော့ နှစ်ဖက်လုံးက မပြတ်မသားဖြစ်နေတော့ စုံစမ်းဖို့အမိန့်ချခံရတာ ပုံမှန်ပါပဲ။
အိုက်ဇာဝါကတော့ မျက်နှာမပျက်သေးဘူး။ တကယ်တော့ စုံစမ်းရေးအဖွဲ့ရောက်လာလည်း သူဂရုမစိုက်ပါဘူး။ နည်းနည်းပါးပါး ထပ်ပြီးလာဘ်ထိုးရုံပဲလိုတာပါ။
"ကောင်းပြီ... တရားလိုတွေမှာ ထပ်ပြီးစွဲချက်တင်စရာ အမှုတွေရှိနေသေးတယ်ဆိုတော့ ဆက်ပြီးကြားနာကြရအောင်။"
ဒီတစ်ခါတော့ မက်ဒါနာကိုယ်တိုင် ထလိုက်ပါတယ်။ လေဒီဘတ်တာဖလိုင်းကတော့ ကြောင်ပြီးကြည့်နေတယ်။ တကယ်တော့ မက်ဒါနာက တစ်ချိန်လုံး နိုင်ငံရဲ့ဖက်ဒရယ်ဥပဒေတွေနဲ့အွန်လိုင်းမှာရှိနေတဲ့ အမှုနမူနာတွေကို စနစ်ထဲဒေါင်းလုပ်ခ်လုပ်ပြီး စနစ်ကိုသင်ယူခိုင်းထားတာပါ။ ဒါပေမဲ့ ဘယ်လိုလုပ်ရင် ဘယ်လိုဖြစ်မယ်ဆိုတာမျိုးအထိတော့ ထွက်မလာဘူး။ အထောက်အကူပြုအနေနဲ့ ပုံစံတူအမှုတွေမှာ ဘယ်လိုလျှောက်လွှဲခဲ့ပြီး ဘယ်လိုရလဒ်တွေ ရခဲ့လည်းဆိုတာပဲ ပေါ်ပါတယ်။ ဉာဏ်ရည်တုက အားလုံးဖြေရှင်းမပေးနိုင်ခဲ့ပေမဲ့ မက်ဒါနာကိုယ်တိုင်ကလည်း တအားဉာဏ်ထက်သူပါ။
"တရားသူကြီးမင်းခင်ဗျား... ဒုတိယစွဲချက်ကတော့ လူသက်သေတွေကို ခြိမ်းခြောက်တဲ့အမှုပါ။ ပထမဆုံး ဒီဗီဒီယိုလေးကို ကြည့်ရအောင်။"
မက်ဒါနာက မျက်မြင်သက်သေ ဦးလေးကြီးကို လူမိုက်တွေ ဝိုင်းရိုက်ဖို့လုပ်နေတဲ့ ဗီဒီယိုကို ဝတ်စုံမှာပါတဲ့ ပရိုဂျက်တာအသေးလေးနဲ့ပြရင်း ရှင်းပြနေပါတယ်။
"ဗီဒီယိုမှာပါတဲ့နေ့တုန်းက ကျွန်တော်ကွင်းဆိပ်ကမ်းနားမှာ ကင်းလှည့်နေရင်း အခုလိုမျိုး မြင်တွေ့ခဲ့ရတာပါ။ ဒီလူတွေက ဆာကူရာကုမ္ပဏီပိုင်ကားကိုစီးထားကြပြီး လူတစ်ယောက်ကို အကြမ်းဖက်ဖို့ လုပ်ခဲ့ကြပါတယ်။ ဒီလူက အရင်၂နှစ်တုန်းကဖြစ်ခဲ့တဲ့ လူနေကွန်ဒိုပြိုကျမှုကို စစ်ဆေးတဲ့ အဆောက်အဦးအရည်အသွေးစစ်တာဝန်ခံ သေဆုံးမှုမှာ အရေးကြီးတဲ့သက်သေတစ်ယောက်ပါ။"
"ကန့်ကွက်ပါတယ်။" ရှေ့နေမက်ဒရူးက ကန့်ကွက်လိုက်တယ်။
"တရားသူကြီးမင်းခင်ဗျား ဆာကူရာကုမ္ပဏီကကားဖြစ်ရုံနဲ့ အဲဒီလူတွေက ဆာကူရာကလို့မှ ပြောလို့မရတာ။ ဒီအတိုင်းလူမိုက်တွေ ကားခိုးပြီးသောင်းကျန်းနေတာ ဖြစ်ချင်ဖြစ်မှာပေါ့။" အလိုက်သင့်ပဲ အိုင်ဇာဝါရဲ့လက်ထောက်မလေးက မတ်တပ်ရပ်လိုက်ပြီး စာရွက်စာတမ်းတချို့ကို ထုတ်ပြလိုက်ပါတယ်။
"အဲဒီနေ့တုန်းက ကုမ္ပဏီရုံးခန်းရှေ့မှာရပ်ထားတဲ့ ဗင်ကားတစ်စီး အခိုးခံလိုက်ရပါတယ်။ ဒါက နယ်မြေရဲစခန်းမှာ အမှုဖွင့်ထားတဲ့ဖိုင်တွေပါ။"
တရားသူကြီး ခေါင်းညိတ်လိုက်တယ်။ ဖိုင်တွေက တကယ့်အစစ်တွေပါ။ ကွင်းနယ်မြေရဲစခန်းရဲ့ဒုရဲစခန်းမှူးလက်မှတ်တောင် ပါနေပါသေးတယ်။ လူအုပ်ထဲမှာရှိနေတဲ့ အရာရှိလင်ဒါကတော့ နှုတ်ခမ်းကိုက်ထားလိုက်တယ်။
သူ့နယ်မြေမှာဖြစ်ခဲ့တဲ့ ကားခိုးမှုကို သူမသိလိုက်ရပါလား။ ဒါပေမဲ့ စာရွက်စာတမ်းတွေက အစစ်ဖြစ်နေတော့ သူဘာမှဝင်ပြောလို့မရပါဘူး။ အနည်းဆုံး ဒုရဲစခန်းမှူးလာဘ်စားနေတာဖြစ်နိုင်တယ်လို့ သံသယမေးခွန်းကို တင်ပြပေးနိုင်ရုံပဲရှိမှာပါ။
တကယ်တော့ မက်ဒါနာလည်း ဒီလိုအဖြေမျိုးကို ကြိုခန့်မှန်းမိပြီးသားပါ။ လာ့ဗီးဂက်မြို့က အုပ်စုဖွဲ့ရိုက်နှက်မှုတစ်ခုတုန်းကလည်း အလားတူလျှောက်လွှဲချက်မျိုးနဲ့ လွတ်သွားဖူးတဲ့ ဂိုဏ်းစတားခေါင်းဆောင်တွေ ရှိဖူးပါတယ်။
"တရားလိုဖက်ကရော ဘာပြောချင်သေးလဲ။" တရားသူကြီးက ငွေရောင်စစ်သည်တော်ဖက်ကို လှည့်ကြည့်လိုက်တယ်။ မက်ဒါနာက ပြောစရာရှိတယ်ဆိုတဲ့ပုံစံနဲ့ ခေါင်းညိတ်ပြပြီး ပရိုဂျက်တာနဲ့ ပါဝါပွိုင့်ဖိုင်ကို ဖွင့်လိုက်ပါတယ်။
"ဒီရဲမှတ်တမ်းလေးတွေကို ကြည့်ကြည့်ရအောင်။ အဲဒီအဖွဲ့ထဲက လေးယောက်က ဆာကူရာကုမ္ပဏီက လုံခြုံရေးအစောင့်တွေမဟုတ်လား။ မစ္စတာအိုက်ဇာဝါအနေနဲ့ ကားသူခိုးတွေကိုမှ လုံခြုံရေးအစောင့်ခန့်မိနေပြီနဲ့တူတယ်။"
ခုံပေါ်ကို ခြေထောက်တင်ရင်း မျက်လုံးမှိတ်ထားတဲ့ အိုက်ဇာဝါက မျက်လုံးဖွင့်ကြည့်လိုက်ပြီး နည်းနည်းအံ့ဩသွားဟန်နဲ့ ပါးစပ်ကိုဟပြီးရယ်လိုက်တယ်။ နောက်တော့ အလကားပါကွာဆိုပြီး ခေါင်းကိုခါယမ်းလိုက်ပါတယ်။
ရှေ့နေအင်ဒရူးက "ကန့်ကွက်ပါတယ်... ဒီမှတ်တမ်းတွေက တရားမဝင်ရထားတာလို့ ကျွန်တော်ထင်ပါတယ်။ တရားမဝင်ရထားတဲ့သက်သေတွေကို တရားရုံးကို တင်သွင်းခွင့်မရှိပါဘူး။ ပြီးတော့ မစ္စတာSilver Knightကို သတင်းအချက်အလက်ဥပဒေချိုးဖောက်မှုနဲ့ တရားစွဲလို့ရမလား။"
ဂျူဒီဖြစ်တဲ့ ဆေးဗားအိုင်းကလည်း အတော်လေးအလေးအနက်တွေးနေတဲ့ပုံ ဟန်ဆောင်ထားတဲ့မျက်နှာနဲ့ ဝင်ပြောလိုက်တယ်။
"Silver Knightက နည်းပညာအခြေပြုမြူတန့် တစ်ယောက်ပဲ။ သူ့အနေနဲ့ ရဲမှတ်တမ်းတွေကို
ဝင်ဟက်လို့ရနိုင်တဲ့ စွမ်းအားရှိတယ်။ ဒါဥပဒေနဲ့မညီညွတ်ဘူး။" လေဆာအိုင်းက Silver Knightကို ဟီးရိုးအဖြစ်မမြင်ပါဘူး။ ဒါကြောင့် အခုလိုပြောလိုက်တာပါ။
မက်ဒါနာကတော့ လက်ပိုက်လိုက်ပြီး ခေါင်းခါလိုက်တယ်။ ဒီနှစ်ယောက်က ဘယ်လိုတောင် လောလွန်းတာလဲ။ စကားကို ဖြည်းဖြည်းမပြောတတ်တော့ဘူးလား။ နောက်မှ အသံမထွက်အောင်ခိုးရယ်ရင်း ပြောလိုက်တယ်။
"မှတ်တမ်းတွေက တရားဝင်ရထားတာပါ။ လူအုပ်ထဲမှာ ကွင်းနယ်မြေရဲစခန်းမှူး အရာရှိလင်ဒါရှိနေပါတယ်။ သူ့ကို သက်သေခံခိုင်းလို့ရပါတယ်။"
လင်ဒါကတော့ ထိုင်နေရင်းမဲ့ရွဲ့သွားတယ်။ နောက်မှ မတတ်နိုင်ဘူးဆိုပြီး သက်ပြင်းချကာ လူအုပ်ကြားထဲကနေ တရားရုံးရှေ့ကိုထွက်လာပါတယ်။
"အရာရှိလင်ဒါ... ကျေးဇူးပြုပြီးကျမ်းကျိန်ပါ။"
လင်ဒါနည်းနည်းတုံ့ဆိုင်းသွားပြီး Silver Knightကိုကြည့်လိုက်တယ်။ 'ဒီမျက်နှာဖုံးအောက်မှာ ဘာမှရှိမှန်းမသိနိုင်တဲ့လူအတွက် တရားရုံးမှာ လိမ်ရမှာလား။'လင်ဒါတွေးလိုက်တယ်။ သူ့အတွေးတွေကို မသိနိုင်တဲ့ Silver Knightကတော့ လက်မထောင်ပြနေတယ်။
'ထားပါတော့၊ အမှန်တရားအတွက် တစ်ခါလောက်လိမ်တာပဲလေ။ တရားမျှတမှုနတ်သမီး ကောင်းချီးပေးမှာပါ။'
"ဟုတ်ပါတယ်..."
"အရာရှိလင်ဒါ... ရဲအက်ဥပဒေအရ အပြင်လူတစ်ယောက်ကို ရဲသတင်းအချက်အလက်တွေ ပေါက်ကြားစေခံရင် အပြစ်ပေးခံရနိုင်တယ်ဆိုတာ သိပါတယ်နော်။"
"သိပါတယ်...ဒါပေမဲ့ ဆာSilver Knightက အပြင်လူမဟုတ်ပါဘူး။ သူက ဒီအမှုကိုလိုက်နေတဲ့ ဟီးရိုးတစ်ယောက်ဖြစ်ပြီး ဖက်ဒရယ်တရားရုံး ဟီးရိုးများအက်ဥပဒေ၂၀၂၈အရ ရဲအရာရှိတွေလိုပဲ ဥပဒေအရ ရာဇဝတ်မှုတွေကိုင်တွယ်ခွင့်ရှိတဲ့အရာရှိအဖြစ် တရားဝင်မှုရှိပါတယ်။ ပြီးတော့ ဒီအမှုအတွက် ထောက်ခံစာကိုလည်း ကျွန်မရေးပေးခဲ့တာပါ။"
"ကောင်းပြီ..." တရားသူကြီး ခေါင်းညိတ်လိုက်တယ်။ ဒီလောက်ဆိုရင် ရဲမှတ်တမ်းတွေကိစ္စက လုံလောက်သွားပါပြီ။ ဒါပေမဲ့ လူသက်သေခြိမ်းခြောက်မှုအတွက် သက်သေဖြစ်မဖြစ်ဆိုတာကတော့ တခြားမေးခွန်းတစ်ခုပါ။
ဂျူဒီဖြစ်တဲ့ လေဆာအိုင်းက လက်ထောင်လိုက်ပါတယ်။ "တရားသူကြီးမင်းခင်ဗျား... ကျွန်တော်သိသလောက်တော့ Silver Knightနဲ့ လေဒီဘတ်တာဖလိုင်းတို့နှစ်ယောက်လုံးက မှတ်ပုံတင်မထားတဲ့ မြူတန့်တွေပါ။ သူတို့က အဲဒီဥပဒေနဲ့အကျုံးဝင်ပါ့မလား။"
မက်ဒါနာကတော့ ကပ္ပတိန်စတိတ်မန်းလိုပဲ အဲဒီကောင်ကို ပါးတက်ရိုက်ချင်နေပြီ။ တရားရုံးထဲမှာ ကိုယ်ထိလက်ရောက်မှုမလုပ်အောင် တားမြစ်ထားပေလို့ပေါ့။
"လေးစားရတဲ့ ဟီးရိုးလေဆာအိုင်းမေ့နေပြီထင်တယ်။ ဟီးရိုးများအက်ဥပဒေ ၂၀၂၈အရ ဟီးရိုးအစည်းအရုံးဟာ ကမ္ဘာတစ်ခုလုံးရဲ့ဟီးရိုးတွေကို ကိုယ်စားပြုပေမဲ့ ဟီးရိုးအစည်းအရုံးအဖွဲ့ဝင်မှ တရားဝင်ဟီးရိုးဖြစ်တယ်လို့ သတ်မှတ်မထားပါဘူး။ သီးခြားလွတ်လပ်တဲ့ ဟီးရိုးတွေနဲ့ ဟီးရိုးအစည်းအရုံးတွေကိုလည်း တရားဝင်ခွင့်ပြုပေးထားပါတယ်။ ဥပဒေအပိုဒ်ခွဲ (ဃ)အရ မြူတန့်စွမ်းအားကို အလွဲသုံးစားပြုပြီး ပြစ်မှုကျူးလွန်မှုမရှိမချင်း ဟီးရိုးအဖြစ်နေထိုင်တဲ့ မြူတန့်ကို ဟီးရိုးအဖြစ် အသိအမှတ်ပြုရမယ်လို့ ပါရှိပါတယ်။ ကမ္ဘာ့ဟီးရိုးအစည်းအရုံး GSHA(Global Super Heroes Association)အပြင် တခြားဟီးရိုးအစည်းအရုံးတွေဖြစ်တဲ့ ATHS (Association of Technology Heroes)နဲ့ AMAH (Association of Martial arts Heroes)တို့ဟာလည်း ဥပမာကောင်းတစ်ရပ်ပါ။ လွတ်လပ်တဲ့ဟီးရိုးတွေအနေနဲ့ဆိုရင် မက်တယ်ပလာဒင်၊ ကပ္ပတိန်စတိတ်မန်းတို့ရှိပါတယ်။"
မက်ဒါနာရဲ့စကားကြောင့် ပရိသတ်တွေအားလုံး လက်ခုပ်တီးအားပေးလိုက်ကြတယ်။ ဒါပေမဲ့ လေဆာအိုင်းကတော့ လက်မလျှော့သေးပါဘူး။
"မင်း...မင်းတို့ရဲ့မျက်နှာဖုံးအောက်က မျက်နှာက
ဘာတွေမှန်း ဘယ်သူမှသိတာမဟုတ်ဘူးလေ။ ဟီးရိုးယောင်ဆောင်ထားတဲ့ ဗီလိန်တွေလည်း ဖြစ်ချင်ဖြစ်နေနိုင်တာပဲ။"
"ကြည့်ရတာ ကပ္ပတိန်စတိတ်မန်း ရှင့်ကိုရိုက်ထားတဲ့ဒဏ်ရာ ပျောက်သွားပြီထင်တယ်။" လေဒီဘတ်တာဖလိုင်းက လေဆာအိုင်းကိုစိုက်ကြည့်ရင်း ပြောလိုက်တယ်။
"ဘူး...ဘူး....." တရားရုံးထဲက တချို့ပရိသတ်တွေဆိုရင် လေဆာအိုင်းကို ဝိုင်းပြီး'ဘူး'မှုတ်နေကြတယ်။ နယူးယောက်ဟီးရိုးအစည်းအရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူကို လူတွေမကျေမနပ်ဖြစ်နေတာကြာပါပြီ။ ခုထိဝိုင်းရိုက်မခံရသေးတာ တော်တော်ကံကောင်းလို့ပါ။ တရားသူကြီးကတော့ သူ့တူလေးနဲ့ စားပွဲကို အကြိမ်ကြိမ်ထုနေရပြီ။ နောက်ဆုံးတော့ လေဆာအိုင်း လက်လျှော့သွားတယ်။
"ဒီနိုင်ငံရဲ့ဥပဒေတွေကို ပြင်သင့်နေပြီပဲ။" လေဆာအိုင်းက အားမတန်မာန်လျှော့လိုက်ရတဲ့ လူမှန်လူတတ်ကြီးလေသံနဲ့ ကြေကွဲနေဟန်လုပ် ပြောလိုက်တယ်။
ရှေ့နေ့အင်ဒရူးကတော့ ရှေ့ဆက်ကန့်ကွက်တယ်။ "ဒီလူတွေက ဆာကူရာကုမ္ပဏီဝန်ထမ်းတွေဆိုပေမဲ့ သူတို့ဘာသာသူတို့ ကုမ္ပဏီကားကို အလွဲသုံးစားလုပ်ပြီးတော့ အုပ်စုဖွဲ့ရန်ဖြစ်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ပြီးတော့ ဗီဒီယိုထဲကလူက စစ်ဆေးရေးမှူးသေတဲ့အမှုမှာ မျက်မြင်သက်သေဆိုပေမဲ့ အဲဒီအမှုကို မတော်တဆမှုအဖြစ်ဆုံးဖြတ်ပြီး ပိတ်လိုက်တာကြာပြီလေ။ တရားသူကြီးမင်းခင်ဗျား... ကျွန်တော်သိသလောက် အဲဒီသက်သေကလည်း လူသေအလောင်းကိုတွေ့တယ်လို့ပဲ သက်သေထွက်ဆိုခဲ့တာပါ။"
တရားသူကြီးက ခေါင်းညိတ်လိုက်ပါတယ်။ ရှေ့နေအင်ဒရူးပြောတာ အတော်အတန်သဘာဝကျတယ်။ နယူးယောက်မှာ မြေအောက်ဂိုဏ်းတွေ ရှင်သန်နေနိုင်သေးတာ သူတို့ရဲ့ခွန်အားကြောင့်ပဲလို့ သင်ထင်ပါသလား။ အဲဒါက ၅၀ ရာခိုင်နှုန်းပဲမှန်ပြီး တကယ်တော့ ဂျပိုးကိုလိပ်ဖြစ်အောင်ပြောတတ်တဲ့ အကျင့်ပျက်ရှေ့နေတွေနဲ့ခြစားနေတဲ့ ရဲဝန်ထမ်းတွေကြောင့်ပါ။ ခွန်အားကသာ အရေးကြီးတဲ့ မြူတန့်ခေတ်ကြီးထဲမှာ တရားမျှတတဲ့သူကို ရှာဖွေဖို့ဆိုတာ သိပ်ကိုခက်ခဲသွားပါပြီ။ အရာရှိလင်ဒါနဲ့မကြာသေးခင်က သေဆုံးသွားခဲ့တဲ့ အရာရှိကြီးလူးဝစ်တို့က တကယ့်ရှားပါးလူတွေပါ။
"တရားလိုဖက်က ပြောစရာရှိသေးလား။" တရားသူကြီးက မျက်မှန်ကိုပင့်တင်ရင်း မေးလိုက်ပါတယ်။ တရားရုံးချိန်းချိန်က တော်တော်ကြာနေပါပြီ။ ဒါကြောင့် အသက်ကြီးပြီဖြစ်တဲ့ တရားသူကြီးအဖို့တော့ သက်သောင့်သက်သာမဖြစ်တော့ပါဘူး။
"ဟုတ်ကဲ့... အခုအဲဒီသက်သေက တရားရုံးမှာ အမှုဟောင်းအတွက် ပြန်လည်သက်သေထွက်ဆိုချင်နေပါတယ်။"
"ကောင်းပြီ.. နောက်ရုံးချိန်းမှာ သူ့ကိုသက်သေထွက်ဆိုဖို့ ဆင့်ခေါ်လိုက်မယ်။ အချိန်လဲလင့်ပြီမလို့။ ဒီနေ့ရုံးချိန်ကို ဒီမှာတင်နားကြရအောင်။ နောက်ရုံးချိန်းကို ရှေ့အပတ် ကြာဿပတေးနေ့ မွန်းလွဲပိုင်း ၂နာရီမှာစမယ်။"
အမှုက လောလောဆယ်တော့ အရှုံးအနိုင်မပေါ်သေးဘူး။ တစ်ပတ်ဆိုတာက တခြားသူတွေအတွက်တော့ မကြာလှပေမဲ့ ဆာကူရာဂိုဏ်းလို ရာဇဝတ်ဂိုဏ်းတစ်ခုကနေ မျက်မြင်သက်သေကို ကာကွယ်ပေးထားဖို့အတွက်ဆိုရင်တော့ မက်ဒါနာနဲ့လေဒီဘတ်တာဖလိုင်းအဖို့ အတော်ခက်ခဲပါလိမ့်မယ်။
"ငါတို့ ဦးလေးကြီးကို အချိန်ပြည့်ကာကွယ်ပေးဖို့လိုနေပြီ။ ဒါပေမဲ့ ငါ့မှာငါ့အလုပ်တွေရှိနေသေးတယ်။" တရားရုံးကအထွက်မှာတော့ မက်ဒါနာက တခြားသူတွေကိုပြောလိုက်တယ်။ သူက အမှုကိုအရေးစိုက်တယ်ဆိုပေမဲ့ သူ့သရုပ်မှန်ကို ဘယ်သူ့ကိုမှ မသိစေချင်သေးပါဘူး။
"ဒါပေမဲ့... ငါ့မှာလည်း အလုပ်ရှိသေးတယ်။" လေဒီဘတ်တာဖလိုင်းက ပြောလိုက်ပါတယ်။ မာဂရပ်က လောလောလတ်လတ် အလုပ်ပြုတ်ထားတာလေ။ ဦးလေးကြီးတစ်ယောက်ကို တင်ကျွေးထားဖို့က ဖြစ်မှမဖြစ်နိုင်တာ။ အရာရှိလင်ဒါကတော့ ခေါင်းသာခါပြတယ်။ သူ့အတွက်လည်းမဖြစ်နိုင်ဘူး။ မိန်းကလေးနှစ်ယောက်ပဲရှိတဲ့အိမ်ကို သူစိမ်းယောက်ျားတစ်ယောက်ကို တင်ထားရမှာလေ။
"ငါဘာလုပ်ရမလဲ..." မက်ဒါနာခေါင်းခြောက်နေပြီ။ သူ့ပိုက်ဆံနဲ့ တိုက်ခန်းတစ်ခုဝယ်ပြီး ပေးနေရင်ကောင်းမလား။ ဒါပေမဲ့ ဦးလေးကြီးနားမှာ လူစောင့်မရှိရင် အန္တရာယ်များနေတုန်းပဲ။ တိုက်ခန်းနေရာဆိုတာက ရာဇဝတ်ဂိုဏ်းတစ်ခု အလွယ်စုံစမ်းနိုင်တဲ့နေရာပါ။
"ဟုတ်သားပဲ..." ရုတ်တရက် မက်ဒါနာအကြံရလာတယ်။
"ငါ့မှာ တအားအစွမ်းထက်တဲ့ မိတ်ဆွေတစ်ယောက်ရှိတယ်။ သူ့ဆီပို့ထားရမယ်။ ဒါပေမဲ့ နင်တို့ကို သူတွေ့ချင်မယ်မထင်ဘူး။"
"ကိစ္စမရှိဘူး၊ အဲဒီကို ဆာSilver Kinghtတစ်ယောက်ပဲ သွားလိုက်ပါ။"
...
တက္ကစီကားလေးတစ်စီးက ရင်းနှီးနေတဲ့ အိမ်ရာဝင်းလေးအတွင်းကို တဖြည်းဖြည်းဝင်လာပါတယ်။ စူပါဝတ်စုံကြီးကို အချိန်အတော်ကြာအောင် ဝတ်ထားရတဲ့အတွက် မက်ဒါနာပင်ပန်းနေပြီ။ သူနဲ့အတူ အစောင့်ဦးလေးကြီးဂရန့်ပါလာတယ်။
B- အဆင့်ကိုရောက်ခါစ အလုပ်များနေတဲ့ ဟီးရိုးတစ်ယောက်ဖို့တော့ ဦးလေးဂရန့်ကိုကာကွယ်ပေးဖို့ အတော်ခက်ခဲပါတယ်။ ဒီတော့ တိုင်းဆမရအောင် အစွမ်းထက်တဲ့ ဆိုဖီယာကိုပဲ ကူညီခိုင်းရမှာပေါ့။ ကံကောင်းစွာနဲ့ ဒီနေ့ဆိုဖီယာ အိမ်မှာရှိနေတယ်။ အစကတော့ ခြံတံခါးကိုဟက်ဖွင့်ပြီး အထဲဝင်စောင့်မလို့ပဲ။ အခုတော့မလိုတော့ဘူး။
"ဟင်း... ဆိုလိုတာက... ငါကဒီဦးလေးကြီးကို စောင့်ရှောက်ထားပေးရမယ်ပေါ့။" မက်ဒါနာစကားကိုကြားတော့ ဆိုဖီယာသက်ပြင်းချလိုက်တယ်။ မက်ဒါနာကတော့ ခေါင်းချည်းစွတ်ညိတ်ပြနေတယ်။ ဦးလေးကြီးကတော့ တန်ဖိုးကြီးပစ္စည်းတွေအပြည့်နဲ့အိမ်ထဲရောက်နေတဲ့အတွက် ကြောက်နေတဲ့ပုံပဲ။
ဒီနေ့တော့ ဆိုဖီယာက ဂျာမန်သူခန္ဓာကိုယ်နဲ့ဖြစ်ပြီး ပေါ့ပေါ့ပါးပါးချည်ဂါဝန်လေးဝတ်ထားတယ်။ မက်ဒါနာကတော့ အရုပ်မလေးနဲ့တူတဲ့ အန်နာစတေးရှားရဲ့ခန္ဓာကိုယ် ပျက်စီးမသွားလို့ကျိတ်ဝမ်းသာနေတယ်။ ဗိုင်အိုလာလည်းလှပေမဲ့ အန်နာစတေးရှားက ပိုနန်းဆန်တယ်။
ဦးလေးကြီးကို သေချာအကဲခတ်ပြီးတဲ့နောက်မှာတော့ ဆိုဖီယာပြောလိုက်တယ်။
"မကြောက်ပါနဲ့... ရှင်ကလူကောင်းမှန်း ကျွန်မသိပါတယ်။ အလကားလျှောက်စိတ်ပူမနေနဲ့။ ရှင်ကားမောင်းတတ်တယ်မဟုတ်လား။ ကားလည်းပြင်တတ်တယ်ဟုတ်... ဒီအိမ်မှာအလကားတော့မထားနိုင်ပေမဲ့ ရှင့်ကိုဒရိုက်ဘာခန့်ထားလို့တော့ရတယ်။ အိမ်ကသုံးကောင်က ကားမောင်းကြမ်းလွန်းတယ်လေ။ နေ့တိုင်းပြင်ဆိုင်ပို့နေရတာ သိပ်မဟန်လှဘူး။"
ဆိုဖီယာက စပ်ဖြီးဖြီးပြုံးပြနေတဲ့ မက်၊လယ်ရီ၊ မိုးတို့ကို ကြည့်လိုက်တယ်။ ဒီနေ့တော့ အဲဒီသုံးကောင် ဆံပင်ကေပြောင်းထားကြတယ်။ မဟုတ်ဘူး၊ နှစ်ကောင်ပဲပြောင်းတာ။ မက်ကတော့ အရင်အတိုင်းပဲ။ လယ်ရီကတော့ ဆံပင်ကိုဂျယ်များများနဲ့ ထောင်ထားပြီး မိုးကြိုးပစ်ပန့်ကေပါ။ မိုးကတော့ မရှိတဲ့ဆံပင်ကို ကျစ်ဆံမြီးကျစ်ထားပြီး ရက်ပါလိုလိုဘာလိုလိုလုပ်ထားတယ်။
ဦးလေးကြီးဂရန့် အဆင်ပြေသွားမှပဲ ဝတ်စုံဝတ်ထားတဲ့ မက်ဒါနာလည်း အိမ်ပြန်ပြီးနားခွင့်ရတော့တယ်။
...
ညအစောပိုင်း။
တရုတ်တန်းမှ လက်ဖက်ရည်ဆိုင်လေးတစ်ခုတွင်ဖြစ်သည်။ လောင်းကုတ်အရှည်ကြီးကိုဝတ်ထားပြီး maskအမဲတပ်ထားသည့် လူကြီးတစ်ယောက်က လက်ထဲမှဖုန်းမှနေ၍ သတင်းကြည့်နေသည်။
[Silver Knightမှ နာမည်ကျော်ဆာကူရာလုပ်ငန်းစုကို တရားစွဲ။] ဆိုသည့်သတင်းဖြစ်သည်။ ထိုလူက ခေါင်းကိုခါယမ်းလိုက်၏။
"ခုခေတ်လူငယ်လေးတွေက သတ္တိတော့ရှိသားပဲ။ ဒါပေမဲ့ ဒီလိုကောင်မျိုးတွေက သေနတ်နဲ့စကားပြောမှရမှာ။"
ခဏနေတော့ သူဖုန်းကြည့်နေရင်း ဖုန်းဝင်လာသည်။ သူကိုင်လိုက်တော့ တစ်ဖက်ကနေ မိန်းမငယ်လေးတစ်ယောက်၏ ဗြိတိန်ဆန်ဆန်လေသံ ထွက်ပေါ်လာ၏။
"အယ်လိုဟင်၊ ဒီည ရှင့်အတွက်မစ်ရှင်ရှိတယ်။ ပစ်မှတ်က အိုင်ဇာဝါပဲ။ သူ့ကို ဒီအတိုင်းလွှတ်ထားပေးလို့မဖြစ်တော့ဘူး။"
"ကောင်းပါပြီ သခင်မလေး..."
အမိန့်ရသည်နှင့် လူအိုကြီးက ဒေါ်လာတစ်ရွက်နှစ်ရွက်ကို ဆိုင်စားပွဲပေါ်တွင် ဖန်ခွက်နှင့်ဖိကာ တင်ပေးခဲ့ပြီး သူ၏ဂေါက်အိတ်အမည်းကြီးကို ဆွဲမကာ ပုခုံးပေါ်တင်လိုက်၏။ အိတ်က တော်တော်လေးမည့်ပုံပေါ်သည်။ ပလပ်စတစ်ထိုင်ခုံပင် ညွှတ်ကျသွား၏။ ထိုလူကြီးက စက်ရုပ်ဆန်ဆန် ထရပ်လိုက်ပြီးနောက် တစ်မျိုးကြီးတောင့်တင်းနေသော ခြေလှမ်းများဖြင့် ဆိုင်ငယ်လေးမှထွက်ခွာသွားလေတော့သည်။
၄။
စွန့်ပစ်ထားသည့် ရထားဘူတာတစ်ခုတွင်ဖြစ်သည်။
ကမ္ဘာကြီး၏တိုးတက်ပြောင်းလဲလာမှုကြောင့် ယနေ့ခေတ်တွင် သာမန်ရထားများကို မသုံးတော့တာ ကြာပြီဖြစ်သည်။ ကျည်ဆန်ရထားများ၏ ဖွံဖြိုးလာမှုကြောင့် ကုန်ပစ္စည်းသယ်ယူရာတွင်ပင် နှေးကွေးလေးလံသော သမရိုးကျရထားကြီးများကို အသုံးပြုခြင်းမရှိတော့ပေ။ ထို့ကြောင့် အချို့ရထားလမ်းများကို အဆင့်မြှင့်တင်မှုများ ပြုလုပ်ခဲ့ပြီး အချို့ကိုတော့ စွန့်ပစ်ထားခဲ့သည်။
ယခုနေရာမှာလည်း ထိုစွန့်ပစ်ခံဘူတာများထဲမှ တစ်ခုဖြစ်ပေသည်။ အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသော လူငယ်လေးတချို့က မီးပုံတစ်ခုကိုဖိုထားပြီး စုဝေးကာ စကားပြောနေကြ၏။
"ငါတို့အရင်တစ်ခါ မိစ္ဆာတစ်ကောင်ကို ဆင့်ခေါ်ဖို့လုပ်တုန်းက အလောင်းကောင်ကြီး အသက်ဝင်လာခဲ့တယ်နော်။ အဲဒါက တကယ့်နတ်ဆိုးဖြစ်နေရင် ဘယ်လိုလုပ်မလဲ။" တစ်ကိုယ်လုံးတုန်ရင်နေသည့် လူငယ်လေးဘီးက အားလုံးကိုကြည့်ကာ ပြောလိုက်သည်။
"အဲဒီဖုတ်ကောင်ရဲ့မျက်လုံးတွေက စိမ်းမြနေပြီးတော့ ကျောက်တုံးကျောက်ဆိုင်တွေအားလုံး လေထဲမြောက်တက်လာတာလေ။ သိပ်ကြောက်စရာကောင်းတာပဲ။ ငါ...ငါတော့ မင်းတို့နဲ့ဆက်မနေနိုင်တော့ဘူး။"
ဘီး၏ဖျော့တော့သောမျက်နှာက မီးရောင်အောက်တွင် အရုပ်ဆိုးနေသည်။ သူတို့က တခြားမဟုတ်ဘဲ ဆိုဖီယာနိုးထလာစဥ်က တွေ့ခဲ့ရသော နတ်ဆိုးကိုးကွယ်သူများပင်။
"ဟေးဘီးရ၊ ဖုတ်ကောင်တောင် အသက်ဝင်လာတယ်ဆိုမှတော့ နတ်ဆိုးတွေလည်း တကယ်ရှိရမှာပေါ့။ ဒီမှာ ငါတို့က နတ်ဆိုးသခင်ကြီးနောက်ကိုလိုက်ပြီး ဒီကမ္ဘာကိုသိမ်းပိုက်ချင်တာမဟုတ်လား။"
"နတ်ဆိုးရှိရှိမရှိရှိကွာ... ငါတော့ကြောက်တယ် ထွက်ပြီ။"
ခေါင်းဆောင်ဖြစ်ပုံရသည့် ရိုလန်ကတော့ ဘီးကို ဒေါသတကြီးဖြင့် ကြည့်လိုက်ပြီး
"ဘီး၊ ငါတို့အားလုံးက အခုနိုင်ငံရဲ့အလိုရှိဝရမ်းထုတ်ခံထားရတဲ့သူတွေနော်။ ငါတို့ဟီးရိုးကျောင်းမှာ လုပ်ခဲ့တဲ့ကိစ္စကို မေ့နေပြီလား။ အဲဒီ S အဆင့်ဟီးရိုးရဲ့သမီးကို ငါတို့အတူသတ်ပစ်ခဲ့တာလေ။"
"ဟုတ်တယ်၊ လူပါးဝလွန်းတဲ့ ဗီးနပ်စ်။ ငါ့ကိုရိုက်နှက်ပြီး ခြေထောက်နဲ့မျက်နှာကိုနင်းလို့ မင်းတို့အဲဒီခွေးမကို ဝိုင်းသတ်ပစ်ခဲ့တာလေ။"
တကယ်တော့ နတ်ဆိုးကိုးကွယ်သူများ အဖွဲ့ဝင်များမှာ တကယ့်နတ်ဆိုးကိုးကွယ်သူများတော့ မဟုတ်ရပါ။ သူတို့က ဒီအတိုင်းလူသတ်မိပြီး ထွက်ပြေးလာသော ကျောင်းသားတစ်သိုက်သာဖြစ်သည်။
ဘီးက အားနည်းပြီး အသက်ဆယ့်ခြောက်နှစ်သာရှိသေးသော စူပါအမေရိကဟီးရိုးကျောင်း၏ ပထမနှစ်ကျောင်းသားဖြစ်သည်။ စူပါအမေရိကကျောင်းက အမေရိကန်၏ Sအဆင့်ဟီးရိုးနှစ်ဦးအနက်မှ ဖလိမ်းဂါးဒီယန်း(သူ့လူနာမည် ထည့်ဖူးပေမဲ့ မေ့နေလို့ တစ်ယောက်ယောက်သတိရရင် ပြောကြပါ။)ဖွင့်ထားတဲ့ကျောင်းပါ။ သမီးဖြစ်သူက သူ့အဖေလိုပဲ ငွေရောင်မီးတောက်တွေကို ပိုင်ဆိုင်ထားပြီး အစွမ်းထက်ပေမဲ့ ကျောင်းမှာသူ့ကိုယ်သူ ဘုရင်မတစ်ပါးလို ဘဝင်မြင့်နေခဲ့တာပါ။
တစ်နေ့ သိပ်ကိုပိန်းပါးပြီး ကြည့်ရဆိုးလွန်းတဲ့ဘီးကိုတွေ့တော့ အရုပ်ဆိုးတယ်ဆိုတဲ့ ကိစ္စတစ်ခုတည်းနဲ့တင် ဝိုင်းအနိုင်ကျင့်ခဲ့ကြတယ်လေ။ ဒါက တစ်ခါတည်းဆိုရင်တော့ ရိုလန်တို့ခွင့်လွှတ်လို့ရပါသေးတယ်။ ဒါပေမဲ့ ကျောင်းနှစ်ဝက်တစ်ခုလုံး အနိုင်ကျင့်ခဲ့ပြီးတော့ နောက်ဆုံးတစ်နေ့မှာ ခွေးလည်ပတ်ပတ်ခိုင်းပြီး ခွေးတစ်ကောင်လိုအူပြခိုင်းပါတယ်။ နောက်တော့ သူ့မျက်နှာကို ခြေနဲ့နင်းခဲ့တယ်လေ။ ရိုလန်တို့သူငယ်ချင်းတွေလည်း မခံနိုင်တဲ့အဆုံး လူသေလောက်တဲ့အထိ တိုက်ပွဲတစ်ခုကို ဆင်နွဲခဲ့ပါတယ်။
ရိုလန်က B+ အဆင့်ရေခဲမြူတန့်ပါ။ ၂နှစ်ဆက်တိုက် ပြည်တွင်းပြိုင်ပွဲမှာ ပထမရဖူးတဲ့သူလည်းဖြစ်ပါတယ်။ သူ့ကိုယှဥ်နိုင်ခဲ့တာဆိုလို့ အစိုးရကျောင်းက ဖျက်မြင်းတစ်ကောင်ပဲရှိတာပါ။ ဗီးနပ်ကလည်း အဆင့် B+ ဆိုပေမဲ့ အတွေ့အကြုံခြားနားမှုနဲ့ တခြားသူငယ်ချင်းတွေရဲ့အားကြောင့် နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်သူသိမှာလဲ၊ မာန်တက်နေတဲ့ဗီးနပ်က သူတို့ရှေ့ကိုတအားတက်လာခဲ့တဲ့အတွက် ရိုလန်ရဲ့ရေခဲတွေက သူ့အသက်ကို နှုတ်ယူမိသွားတဲ့အထိ ဖြစ်သွားစေခဲ့ပါတယ်။ S အဆင့် ဖလိမ်းဂါးဒီးယမ်းရဲ့ဒေါသကို ခံနိုင်မှာမဟုတ်မှန်း သိတဲ့အတွက်ကြောင့် သူတို့တွေထွက်ပြေးလာပြီး လုပ်မိလုပ်ရာ လုပ်နေခဲ့တာပါ။
နောက်ဆုံးတော့ ပျက်စီးနေတဲ့ အပြစ်သားသခင်ကြီးဘုရားကျောင်းကို ရှာတွေ့ပြီးတော့ ထူးဆန်းတဲ့ စာအုပ်တစ်အုပ်ကို ရှာတွေ့ခဲ့ပါတယ်။ နှစ်ထောင်ပေါင်းများစွာကြာပေမဲ့ မပျက်စီးသေးတဲ့အရာပါ။ အဲဒီထဲက တချို့နည်းလမ်းတွေက အမှန်တကယ် သက်ရောက်မှုရှိနေပြီးတော့ သူတို့ကို ညအခါမှာ ပိုအစွမ်းထက်စေတဲ့ သက်ရောက်မှုကို ပေးခဲ့ပါတယ်။ ညဖက်မှာဆိုရင် ရိုလန်ရဲ့ရေခဲတွေက A- အဆင့် ဟီးရိုးတစ်ယောက်ကိုတောင် အေးခဲပစ်ဖို့ လုံလောက်နေပါပြီ။ ဒါကြောင့် သူတို့တွေ အခုထိဟီးရိုးတွေလက်ကနေ လွတ်နေသေးတာပါ။
တဖြည်းဖြည်းနဲ့ သူတို့သောက်တလွဲဖြစ်နေတဲ့ ဟီးရိုးလောကကြီးကို မုန်းတီးလာပြီး ဖျက်ဆီးချင်စိတ်ပေါက်လာကြတယ်လေ။ နောက်ဆုံးမှာတော့ အပြစ်သားသခင်ကြီးရဲ့ဖျက်ဆီးပြီး ပြန်တည်ဆောက်မယ့်မူဝါဒကို ကျင့်သုံးဖို့ ဆုံးဖြတ်လိုက်ကြတယ်။
ကံမကောင်းတာကတော့ မြင့်မားလွန်းတဲ့မှော်အစွမ်းတွေကို သူတို့အောင်မြင်အောင် မလုပ်နိုင်ခဲ့ကြတာပါပဲ။
"စီနီယာရိုလန်... ဒါတွေအားလုံးက ငါ့အမှားကြောင့်ပါ။ ငါတစ်ယောက်တည်း တာဝန်ရှိတာပါလို့ပြောပြီး ငါပဲသွားအဖမ်းခံလိုက်မယ်။"
သူတို့က အပြစ်ကင်းစင်တဲ့ လူငယ်လေးတွေ မဟုတ်တော့ပါဘူး။ ဗီလိန်တစ်ပိုင်းတွေပါ။ သူတို့နောက်ကိုလိုက်နေတဲ့ ဟီးရိုးတွေကို အနာတရဖြစ်အောင်လုပ်ဖူးပြီး တစ်ယောက်ကိုတော့ ယစ်ပူဇော်ဖို့အထိတောင် လုပ်မိခဲ့သူတွေပါ။
"ဘီး..." သူငယ်ချင်းငါးယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး ရိုလန်က ဘီးရဲ့ပုခုံးကို ပုတ်လိုက်တယ်။ ကျန်တဲ့သုံးယောက်ကတော့ ဘီးနဲ့ရိုလန်ကိုကြည့်ပြီး ဇာတ်လမ်းထဲကလို ရာဇဝင်စံတင်မယ့်စကားတွေ ပြောတော့မလားဆိုပြီး ကြည့်လိုက်တယ်။
ရိုလန်: "နောက်ဆုံးအနေနဲ့ ဝိညာဥ်တစ်ကောင်လောက် ဆင့်ခေါ်ကြည့်ရအောင်လေ။"
ဘီး:"....."
ကျန်တဲ့သူများ:"...."
...
အမှောင်ထဲမှာ အသက်နှစ်ဆယ်အရွယ် မိန်းမလှလေးတစ်ယောက် ပြေးလွှားနေပါတယ်။ အနက်ရောင်ဆံပင်၊ အနက်ရောင်မျက်လုံးတွေရှိပြီးတော့ အရှေ့အလယ်ပိုင်းသူတစ်ယောက်လို ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားပါတယ်။ သူ့ကိုယ်မှာတော့ အနက်ရောင်ကိုယ်ကျပ်ကျည်ကာအင်္ကျီကို ဝတ်ဆင်ထားပြီး တစ်ခုခုလက်ကနေ သေပြေးရှင်ပြေး ပြေးလာသူလိုပါပဲ။ ဒါပေမဲ့ သူ့ခါးမှာတော့ ပြတ်ရှဒဏ်ရာကြီးတစ်ခု ရှိနေပြီး အနက်ရောင်အစွမ်းတစ်ချောင်းက စိုက်ဝင်နေပါတယ်။
နောက်ဆုံးမှာတော့ မိန်းကလေးက ရထားတွဲအဟောင်းတစ်ခုပေါ်ကို တက်လိုက်ပါတယ်။
"ငါ ဒီစွန့်ပစ်ရထားဘူတာမှာ ပုန်းနေမယ်ဆိုရင် သူတို့ရှာမတွေ့လိုက်ဘူး။ အရင်ဆုံး ငါ့ဒဏ်ရာတွေကို ပြန်ကုသရမယ်။"
မိန်းကလေးက သာမန်မိန်းကလေးမဟုတ်ပါဘူး။ သူ့လက်သည်းတွေက သဘာဝအတိုင်း အနက်ရောင်ဖြစ်နေပြီး အရှည်ထားထားပုံပေါ်ပေမဲ့ တချို့လက်ချောင်းတွေက လက်သည်းတွေကတော့ ကျိုးပဲ့နေပါတယ်။ သူ့ကျောနောက်ကနေ ကင်းမြီးကောက်တစ်ကောင်လို အမြီးရှိနေပြီး အသွင်ပြောင်းမြူတန့် ဖြစ်ပုံပေါ်တယ်။
မိန်းကလေးရဲ့အသက်ရှူသံတွေက ပြင်းထန်လာတယ်။ နောက်တော့ အသံမထွက်မိအောင် လက်မောင်းတစ်ဖက်ကိုကိုက်ထားရင်း သူ့ခါးမှာစိုက်နေတဲ့ အစွယ်ကြီးကို အစိမ်းသက်သက် ဆွဲနှုတ်လိုက်တယ်။
"အား... အဲဒီ ဆန်တီပီ(ကင်းခြေများ)မက တကယ်လုပ်လွှတ်လိုက်တာပဲ။ စမ်းသပ်ခံ မြူတန့်အချင်းချင်း ဟိုလူ့ဖက်က ပါသေးတယ်။"
ကင်းမြီးကောက်မိန်းကလေး သွေးနက်တွေကို အန်ထုတ်လိုက်တယ်။ မြူတန့် ကင်းခြေများအဆိပ်က တော်တော်ပြင်းပါတယ်။ သူ့မှာလည်း အဆိပ်စွမ်းအားရှိနေလို့မဟုတ်ရင် သေသွားတာကြာပါပြီ။ မိန်းကလေးက မောဟိုက်စွာနဲ့ ရထားတွဲပေါ်မှာ ထိုင်ချလိုက်တယ်။ ဒဏ်ရာသွေးတိတ်သွားအောင်လို့ ဘောင်းဘီကိုဒူးတစ်ဝက်လောက်ရောက်တဲ့အထိဖြဲပြီး ပတ်တီးစည်းသလို စည်းထားလိုက်တယ်။
"အဲဒီပုတ်သင်ညိုလေးရော လွတ်သွားရဲ့လားမသိဘူး။" ကင်းမြီးကောက်မိန်းကလေးက တခြားအသွင်ပြောင်း မြူတန့်မိန်းကလေးအကြောင်းကို စဥ်းစားလိုက်တယ်။
မြူတန့်သိပ္ပံအဖွဲ့အစည်းက ဖန်တီးထားတဲ့ မြူတန့်တွေကို ထုတ်လုပ်ဖို့ကြိုးစားနေတာပါ။ သူတို့က မအောင်မြင်တဲ့ စမ်းသပ်ခံတွေသာဖြစ်ပြီးတော့ လူသားနဲ့မြူတန့်သားရဲရောစပ်ထားတဲ့ သတ္တဝါတွေသာဖြစ်ပြီး မြူတန့်ပုံစံကို ကြိုက်သလို ပြောင်းလို့မရပါဘူး။ ဥပမာ ကင်းမြီးကောက်အမြီးက လူသားအသွင်နဲ့နေချိန်မှာတောင်မှ ရှိနေတာမျိုးပါ။ ပြီးတော့ သားရဲရဲ့ဗီဇစိတ်က သူတို့အပေါ်လွှမ်းမိုးနေပြီး တဖြည်းဖြည်းလူစိတ်ပျောက်သွားတာမျိုးကိုလည်း ကြုံတွေ့ရပါတယ်။ သူပြောတဲ့ ဆန်တီပီဆိုရင် လူအသိစိတ်နည်းနည်းသာ ကျန်တော့တာပါ။
ပုတ်သင်ညိုမိန်းကလေးကတော့ အောင်မြင်တဲ့ ထုတ်ကုန်ဖြစ်ပြီးတော့ လူသားနဲ့သားရဲကြား ကြိုက်သလိုပြောင်းနိုင်ပါတယ်။ ပြီးတော့ အသွင်ကိုလည်း ကြိုက်သလိုထိန်းချုပ်လို့ရတယ်။ လူသားစစ်စစ်အသွင်၊ လူတစ်ပိုင်းအသွင်၊ လုံးဝသားရဲအသွင်၊ ပိုအစွမ်းထက်တဲ့ သားရဲအသွင် စသည်ဖြင့်ပါ။ ဆင့်ကဲပြောင်းလဲနိုင်စွမ်းလည်း ရှိနေပါသေးတယ်။ သူဆိုရင် A- ဖြစ်ပေမဲ့ လုံးဝမတိုးတက်နိုင်ပါဘူး။ လီဆာကတော့ အချိန်မရွေး အဆင့်ဆက်တက်နိုင်ပါတယ်။
"မြန်မြန်... သူတို့ရဲ့ရန်ကနေ ကာကွယ်ပေးနိုင်မယ့်သူကို ရှာဖို့လိုတယ်။"
ကင်းမြီးကောက်မိန်းကလေးက သူ့ဘဝကို တိုက်ခိုက်နေရင်း ကုန်ဆုံးမသွားချင်ပါဘူး။ သူတို့က ငယ်စဥ်ကတည်းက မိဘမဲ့တွေပါ။ အကြောင်းအမျိုးမျိုးကြောင့် ဒေါက်တာစမစ်ရဲ့စမ်းသပ်ခန်းထဲမှာ ဘဝတစ်ခုလုံးနီးပါးကို ဖြတ်သန်းခဲ့ရပါတယ်။ ဒေါက်တာစမစ်ရဲ့ပရောဂျက်တွေက မြူတန့်လောကစတင်ပြီး ဆယ်နှစ်မကြာသေးခင်မှာပဲ စတင်ခဲ့တာပါ။
ပြီးတော့ ပြီးပြည့်စုံမှုမရှိတဲ့ အသွင်ပြောင်းမြူတန့်အနေနဲ့ သူဟာ သားရဲအသွင်ပြောင်းထားလေလေ လူစိတ်ပျောက်မြန်လေပါပဲ။ စကော်ပီယိုလူသားအဖြစ် ဆက်အသက်ရှင်ချင်သေးတယ်။
သူတွေးနေတုန်း အသားကင်နံရလိုက်တယ်။ ပြီးတော့ မီးရောင်ကိုပါ မြင်လိုက်တာပါ။ လူတချို့ရဲ့ စကားသံကိုရောပေါ့။
"ရိုလန်ရာ... မင်းလုပ်နေတာ ရိုးရိုးယုန်ကင်မဟုတ်ဘူးလား။ ဘာဝိညာဥ်ဆင့်ခေါ်တာလဲ။"
"ရှူး...ဝိညာဥ်ဆင့်ခေါ်လို့မရရင်လည်း ငါတို့ယုန်ကင်စားရတာပေါ့။"
ကင်းမြီးကောက်မိန်းကလေး အဲဒီစကားသံတွေကြောင့် ရထားတွဲရဲ့ပြတင်းပေါက်ကနေ အပြင်ကိုကြည့်လိုက်တယ်။ အနက်ရောင်ဝတ်ရုံတွေခြုံထားတဲ့ လူငယ်လေးငါးယောက် ယုန်တစ်ကောင်ကို ကင်နေတာ တွေ့လိုက်ရပါပြီ။
ကင်းမြီးကောက်မိန်းကလေးက ဒယိမ်းဒယိုင်နဲ့ တစ်ဖက်ရထားတွဲတံခါးနားကို လျှောက်သွားတယ်။ သူ့ဒဏ်ရာတွေက သွေးထွက်လွန်ထားတဲ့အတွက် အစာကောင်းကောင်းစားဖို့လိုနေပါတယ်။ မြူတန့်တွေထဲမှာ အသွင်ပြောင်းမြူတန့်တွေက စွမ်းအားအလိုအပ်ဆုံးဖြစ်ပါတယ်။
"....."
သူတံခါးကိုဆွဲဖွင့်ပြီးနောက် ကောင်စုတ်လေးတွေကို တိုကိခိုက်ကာ ယုန်ကင်ကို ဆွဲလုချင်ပေမဲ့ ခွန်အားမကျန်တော့ပါဘူး။ ဟိုဝတ်ရုံနက်ငါးယောက် သူ့ကိုသတိထားမိသွားချိန်မှာပဲ အားပြတ်ပြီး လဲကျသွားပါလေရော။
ခဏကြာတော့ သူပြန်နိုးလာတယ်။ ပါးစပ်ထဲကိုတော့ ချိုမြတဲ့ ပန်းနုရောင်အရည်တချို့ စီးဝင်နေတာ သတိထားမိတယ်။ ဒါပေမဲ့ အန္တရာယ်များတဲ့အရာမဟုတ်ဘဲ သူ့ဒဏ်ရာတွေ တဖြည်းဖြည်းပြန်ကောင်းလာတာကို သတိထားမိတယ်။ သူစမ်းသပ်ခန်းမှာဆော့ဖူးတဲ့ ဗီဒီယိုဂိမ်းတွေထဲက HP ပုလင်းလိုပဲ။
ဒီဆေးပုလင်းက ရှေးဟောင်းစာအုပ်ထဲက သူတို့ရှာတွေ့လာတဲ့ အတတ်ပညာတွေထဲက သူတို့လိုက်လုပ်နိုင်တဲ့ တစ်ခုတည်းသောပစ္စည်းပါ။ ဒဏ်ရာတွေကို မြန်မြန်ဆန်ဆန် သက်သာပျောက်ကင်းစေနိုင်တယ်။
"ဟားဟား... ငါတို့ဝိညာဥ်ဆင့်ခေါ်တာ အောင်မြင်သွားပြီ၊ သူက ကင်းမြီးကောက်နတ်ဆိုးဆိုတော့ စကော်ပီယိုလို့ ခေါ်ကြတာပေါ့။" ရိုလန်က အားလုံးကိုပြောလိုက်တယ်။
"ဝေး...ဝေး... သူ့ကိုကြည့်ရတာ အသွင်ပြောင်းမြူတန့်ထင်တယ်နော် တော်ကြာဗီလိန်တွေဘာတွေဖြစ်နေဦးမယ်။" အစိမ်းရောင်ပန့်ကေဆံပင်နဲ့ ဟင်နရီဆိုတဲ့ တတိယမြောက်အဖွဲ့ဝင်ကောင်းက ဝင်ထောက်တယ်။
'ဒီပန့်ကေကောင်က နည်းနည်းတော့ဉာဏ်ရှိသား။' ငြိမ်ရင်း နားထောင်နေတဲ့ စကော်ပိယိုက စဥ်းစားလိုက်ပြီး ဆက်ပြီးစောင့်ကြည့်နေတယ်။
ချူးရီကတော့ အမေရိကန် တရုတ်ကပြားမလေးပါ။ ငါးယောက်ထဲမှာ သူတစ်ယောက်ပဲ မိန်းကလေးဖြစ်ပြီး ဖြူစွပ်တဲ့အသားအရေနဲ့နှာခေါင်းပြားကြီးကြီးရှိတယ်။ အဲဒီအပြင်ကို မျက်နှာပေါ်မှာ မဲ့ခြောက်နည်းနည်းရှိနေသေးတယ်။ မျက်မှန်ဝိုင်းထူထူကြီးကို တပ်ထားတာမလို့ ထုံပေပေနိုင်ပြိး လှတပတကောင်မလေးတော့ မဟုတ်ဘူးပေါ့။
"သူ့ကြည့်ရတာ ဗိုက်အတော်ဆာနေပုံပဲ။" စကော်ပိယို တော်တော်ရှက်သွားတယ်။ သူ့ဗိုက်က တဂွမ်ဂွမ်မြည်နေတာလေ။
ဒါကြောင့် အရှက်ပြေ ဆန်းကြယ်တဲ့ပုံစံနဲ့ ရုတ်တရက်ထထိုင်လိုက်တယ်။
"ငါ့ကိုဆင့်ခေါ်တာ ဘယ်သူတွေလဲ။" စကော်ပီယိုက စမ်းသပ်ခန်းမှာကတည်းက JRPG ဂိမ်းတွေအများကြီးဆော့ထားတဲ့ အိုတာခုပါ။ ဒီကောင်စုတ်လေးတွေက မှော်လိုလိုဘာလိုလိုတွေယုံနေတာတွေ့တော့ isekaiပြောင်းပြန်ဖြစ်သွားတဲ့ပုံစံမျိုး ဟန်ဆောင်ဖို့ဆုံးဖြတ်လိုက်တယ်။
"ငါက နတ်ဆိုးကိုးကွယ်သူတွေရဲ့ပညာရှိကြီး ရိုလန် စတုန်းပူး။ ငါက မင်းကိုဆင့်ခေါ်သူပဲ။" ရိုလန်ကတော့ စကော်ပီယိုကို သူဆင့်ခေါ်ထားတဲ့ ဝိညာဥ်ဆိုပြီးတော့ တကယ်ကြီးယုံနေတဲ့ပုံပဲ။
စတုတ္ထမြောက်ဖြစ်တဲ့ နဖူးကနေ ချိုတစ်ချောင်းထွက်နေတဲ့ အသားနီးနီကောင်လေး မားကပ်က လက်ညိုးထောင်လိုက်တယ်။
"ဝိညာဥ်တော်ကြီးတို့ကမ္ဘာမှာ မြူတန့်တွေရှိလားဟင်။ တစ်မျိုးမထင်ပါနဲ့ ဝိညာဥ်တော်ကြီးက အသွင်ပြောင်းမြူတန့်ဖြစ်နေလို့လေ။"
"ဟေး၊ နိမ့်ကျတဲ့လူသားတွေ။ မြူတန့်တွေကို ငါနဲ့လာမယှဥ်နဲ့။ ငါက ကောင်းကင်နက္ခတ်၁၂ခုထဲက ြဗီ္ဆာရာသီကြယ်နက္ခတ်ကို စောင့်ရှောက်ရတဲ့ အရှင်မစကော်ပီယိုပဲ။"
နတ်ဆိုးကိုးကွယ်သူ ငပိန်းကောင်တွေက အစကတော့ သံသယဝင်ကြသေးပေမဲ့ သူ့ရဲ့ချော်လဲရောထိုင်အကွက်ကြောင့် တကယ်ကြီးထင်ကုန်ကြပြီ။
"ငယ်ကျွန်ကြီး၊ ငါ့ကိုအဲဒီယုန်ကင် ကမ်းပေးစမ်း။" စကော်ပီယိုက ရိုလန်ဆီကို လက်ဖြန့်ပြီး ယုန်ကင်တောင်းလိုက်တာ။ ဗိုက်ဆာနေတာ အတော်ကြာပြီ။ မအောင့်နိုင်တော့ဘူးလေ။
ရိုလန်ကလည်း "နေဦး... ဆင့်ခေါ်တဲ့ငါက ဝိညာဥ်ရဲ့သခင်ဖြစ်ရမှာမဟုတ်ဘူးလား။"
စကော်ကီယိုကလည်း နည်းနည်းလေးမှမလျှော့ဘူး။ "ဘာ... ဒီမယ်၊ နင်က ငါ့ရဲ့ငယ်ကျွန်ကြီးမလို့ ဒီတစ်ခါတော့ အမိုက်အမဲလေးကို ခွင့်လွှတ်လိုက်မယ်။ ငါက နက္ခတ်စောင့်ရှောက်သူ စကော်ပီယိုဟဲ့။ သာမန်ဝိညာဥ်တွေနဲ့တူမလား။ ငါ့ကိုခစားခွင့်ရတာကိုပဲ ကျေးဇူးတင်။" အဲဒီနောက်တော့ ဘာမှဆက်မပြောတော့ဘူး ယုန်ကင်ကို ပါးစပ်ထဲထိုးသွပ်လိုက်တော့တာပဲ။ ကျန်တဲ့လူတွေဖို့တောင် တစ်ခုမှမကျန်ဘူး။
ဘီးကတော့ ငိုမယ့်မယ့်နဲ့ "ငါတို့ရဲ့ညစာလေး"ဆိုပြီး နောက်ဆုံးအနေနဲ့ ညည်းညူလိုက်လေရဲ့။
...
"ငါအရှင်မ အိုက်တော်မူတယ်၊ ပန်ကာဖွင့်ပေးကြစမ်း။"
ဒဏ်ရာတွေ သက်သာလာစပြုပြီဖြစ်တဲ့ စကော်ပီယိုက ပလက်စတစ်ခုံအဟောင်းလေးပေါ်မှာ ပလ္လင်လုပ်ထိုင်ရင်း အမိန့်ပေးလိုက်တယ်။ ငယ်ကျွန်ကြီးရိုလန်ကတော့ မညည်းမညူနဲ့ ပန်ကာကြိုးကို ပလက်ခုံအစုတ်မှာ ထိုးပေးပြီး ဖွင့်ပေးလိုက်တယ်။
စကော်ပီယိုရဲ့ပါးစပ်ထဲမှာတော့ အအေးပိုက်ကိုငုံထားပြီး မှန်ကြောင်မလေးချူးရီကတော့ ကိုလာပုလင်းကို မတ်တပ်ရပ်ပြီး ကိုင်ပေးထားရတယ်။ နောက်မှာတော့ ပန့်ကေကောင်ဟင်နရီနဲ့ဘီးကတော့ စကော်ပီယိုကို ဇက်ကြောဆွဲပေးနေရပါတယ်။ အသားနီနီနဲ့မားကပ်ကတော့ တီဗီလိုင်းဖမ်းဖို့အတွက် အန်တာနာတိုင်ကို ကလိနေရတယ်။
ပြောရရင် စကော်ပီယိုက ဘူတာအဟောင်းရဲ့ရုံးခန်းလေးထဲမှာ ဆပ်ရပ်မင်းစည်းစိမ်ကို ခံစားနေရတာပဲ။
'ငါပုတ်သင်ညိုလေးကို မြန်မြန်ရှာပြီးတော့ အဲဒီအဖွဲ့အစည်းကို ရင်ဆိုင်ဖို့အတွက် နည်းလမ်းရှာရမယ်။ ပင့်ကူလေး၊ နှံကောင်လေးနဲ့တခြားသူတွေ စမ်းသပ်ခန်းမှာ ကျန်နေသေးတယ်။' စကော်ပီယိုက တွေးတွေးဆဆနဲ့ နတ်ဆိုးကိုးကွယ်သူတွေကို မေးလိုက်တယ်။
"နင်တို့တွေ၊ ဒီလောကကြီးမှာ အမှန်တကယ်တရားမျှတပြီး ယုံကြည်အားကိုးထိုက်တဲ့ သူရဲကောင်း(Yuusha)တစ်ယောက်ရှိတယ်လို့ မကြားဖူးဘူးလား။" စကော်ပီယိုက ဟိုကောင်လေးတွေ သူ့ကိုဒီကမ္ဘာကမှန်းမသိအောင် တမင်သက်သက် ဟီးရိုးလို့တိုက်ရိုက်မပြောဘဲ JRPG တွေနဲ့ LN တွေမှာသုံးလေ့ရှိတဲ့ Yuushaဆိုတာကိုပဲ သုံးလိုက်တယ်။
တီဗီလိုင်းကတော့ FOX NY9 ကိုပြနေပြီးတော့ ငွေရောင်သူရဲကောင်း Silver Knightက တရားရုံးထဲဝင်သွားတဲ့ ပုံရိပ်တွေကို ပြသနေပါတယ်။
ရိုလန်က "Yuushaဆိုတာ ဘာလဲမသိပေမဲ့ တကယ်တရားမျှတပြီး ဘက်လိုက်မလိုက်တဲ့ဟီးရိုးကိုတော့သိတယ်။ အခုတီဗီမှာပြနေတဲ့ Silver Knightဆိုတဲ့သူလေ။"
၅။
မက်ဒါနာမနက်နိုးနိုးချင်း လင်ဒါ့ရဲ့အသံကို ရဲရေဒီယိုကနေ ကြားလိုက်ရတယ်။
"Silver Knight၊ ကောင်စုတ်။ နင်ငါ့သမီးလေးကို ဘာတွေကျွေးလိုက်တာလဲ။ တစ်နေကုန်မူးအန်နေပြီး အခုထိအိပ်ရာထဲလဲနေပြီ။ နင်လာရင် ငါနဲ့တွေ့မယ်။"
မက်ဒါနာကတော့ လီဆာတစ်ယောက် ဘာကြောင့်အစားမှားတဲ့လက္ခဏာတွေနဲ့ နေမကောင်းဖြစ်နေမှန်း နားကိုမလည်နိုင်ဘူး။ သူက ရိုးရိုးသာမန် ဂေါ်ဘီကြက်ဥကြော်နဲ့ထမင်းကို ကျွေးခဲ့ရုံလေးတင်ပါ။
ပိုပြီးဆိုတာက ရဲအရာရှိဟာ သူ့ကိုရဲရေဒီယိုကနေ လှမ်းအော်နေတာပါ။ ရဲရေဒီယိုဆိုတာက ဖုန်းပြောသလိုမျိုး နှစ်ယောက်ပဲကြားရတဲ့ဟာမျိုး မဟုတ်ဘူးလေ။ မြို့ထဲမှာရှိနေတဲ့ ကွင်းနယ်မြေရဲတွေအကုန်လုံး ကြားနေရမှာပါ။ အခုလောက်ဆိုရင် ရဲသားလေးတွေ သူတို့စခန်းမှူးနဲ့Silver Knightတို့ မနက်စာအတူချက်ပြီး ကလေးလေးတစ်ယောက်ကို ပျိုးထောင်ပေးနေတဲ့အကြောင်း သိသွားလောက်ပါပြီ။
မက်ဒါနာအတွက်တော့ အကြီးအကျယ်အရှက်ခွဲခံရတာပဲ။
...
လင်ဒါရဲ့ကွန်ဒိုတိုက်ခန်းကိုရောက်တော့ မျက်နှာမသာမယာဖြစ်နေတဲ့ လီဆာလေးကို ဧည့်ခန်းထဲက ဆိုဖာခုံပေါ်မှာမှီပြီး စောင်လေးခြုံလျက်သား ထိုင်နေတာတွေ့ရတယ်။
"မေမေ... ဘာလို့ကမ္ဘာကြီးက ချာချာလည်နေတာလဲဟင်။"
လီဆာရဲ့မျက်နှာလေးက အစိမ်းရောင်သန်းနေပြီ။ လင်ဒါကတော့ Silver Knightကိုမြင်တာနဲ့ ချက်ချင်းအော်ဟစ်နေတော့တာပဲ။
"ပြောစမ်းပါဦး၊ ရှင်ကလေးကို မဟုတ်တာတွေ ဘာတွေချက်ကျွေးလိုက်တာလဲ။ မနေ့က ကျောင်းမှာထိုးအန်ပြီး အထက်လန်အောက်လျှောဖြစ်နေတာ ခုထိမသက်သာသေးဘူး။ တစ်နေ့လုံးဆေးရုံမှာ ခုမှပြန်ဆင်းလာရတယ်။"
လင်ဒါပြောသလောက်ဆိုရင် လီဆာရဲ့ရောဂါက သေးတဲ့ပုံမပေါ်ဘူး။ မက်ဒါနာကတော့ သူ့ရဲ့သတ္ထုခေါင်းစွပ်ကြီးကိုကုတ်ရင်း စဥ်းစားလိုက်တယ်။
"ရိုးရိုးဂေါ်ဘီနဲ့ကြက်ဥကြော်ရယ် ထမင်းရယ်ပဲကျွေးတာပါ။ မြေပဲစေ့လို ဥရောပသားတွေ အစာအဆိပ်သင့်နိုင်တဲ့ ဟာမျိုးလည်းမပါပါဘူး။"
မြေပဲက စားနေကျမဟုတ်တဲ့ ဥရောပသားတွေအတွက် အစာအဆိပ်သင့်တာမျိုး ဖြစ်တတ်ပါတယ်။ မျိုးရိုးဗီဇအရ အာရှသားတွေနဲ့နည်းနည်းကွာခြားတာကြောင့် အစာအိမ်က ကောင်းကောင်းအစာမခြေနိုင်ဘဲ ဓာတ်မတည့်ဖြစ်တတ်တဲ့အရာတစ်ခုပါ။
"မျိုးရိုးဗီဇကြောင့် ဓာတ်မတည့်တာများဖြစ်နေမလား..."
မက်ဒါနာက ပြောပြောဆိုဆိုနဲ့ စနစ်နဲ့ချိတ်ဆက်ပြီး ရှာကြည့်လိုက်တယ်။ လင်ဒါကတော့ ရဲဝတ်စုံနဲ့ သူ့ရှေ့မှာလက်ပိုက်ပြီး အချိန်မရွေးလက်ထိပ်ခတ်တော့မယ့်ရုပ်နဲ့ စောင့်ကြည့်နေတယ်။
စနစ်ကထွက်လာတဲ့ ရလဒ်တွေကတော့...
[ပုတ်သင်ညိုမျိုးစိတ်ဝင်ဝင် သတ္တဝါများကို မကျွေးသင့်သည့် အစားအစာများ။
ဂေါ်ဘီစိမ်း- များသောအားဖြင့် ရေများသာပါပြီး ပုတ်သင်ညိုများအတွက် အာဟာရတန်ဖိုးမရှိပါ။ အများအပြားစားမိပါက ရေဓာတ်လွန်ကဲပြီး အစာအိမ်ပြည့်ကျပ်ခြင်းကို ဖြစ်စေနိုင်ပါသည်။ ထမင်း- စေးကပ်သည့် အစေ့အဆန်စားစရာမျိုးဖြစ်သော ထမင်းကို ပုတ်သင်ညိုတွေရဲ့အစာခြေစနစ်က ကောင်းစွာအစာမခြေနိုင်ပါ။ ဒါကြောင့် သင့်အိမ်မွေးတိရစ္ဆာန်လေးတွေ အစာမကြေဖြစ်ပြီး မသေစေချင်ရင် သွားမကျွေးပါနဲ့။
ငရုတ်ကောင်း- ပုတ်သင်ညိုတွေက ငရုတ်ကောင်း၊မဆလာလို အနံပြင်းတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကိုမုန်းပါတယ်။ သူတို့နဲ့ဝေးဝေးမှာထားပါ။]
'သေစမ်း...ငါတကယ်ကြီး မတည့်တာတွေ ကျွေးမိတာပဲ။'
"Silver Knight... ရှင့်ဝတ်စုံထဲက ကျွန်ပျူတာကြီးက ဘာပြောလဲပြန်ပြောစမ်းပါဦး။"
"ဟဲဟဲ.. ဂေါ်ဘီစမ်းနဲ့ထမင်းက ပုတ်သင်ညိုမကျွေးရဘူးတဲ့..."
ဒေါင်....။
အဲဒီနောက်တော့ သတ္ထုချင်းထိခတ်သံ ထွက်ပေါ်လာတော့တာပဲ။ ဘွတ်ဖိနပ်အထူကြီးဝတ်ထားတဲ့ လင်ဒါရဲ့ခြေထောက်တွေက မက်ဒါနာရဲ့ပေါင်ကြားထဲကို တည့်တည့်ကြီးဝင်ချလာတာ။
"အောင့်...." အရင်တစ်ခါကလို ရိုးရိုးသားရေဒေါက်ဖိနပ်စီးထားတာမဟုတ်တော့ မက်ဒါနာကိုကန်လို့ လင်ဒါမနာဘူး။ မက်ဒါနာကတော့ နည်းနည်းထူးဆန်းပြီး မှောင်မိုက်နေတဲ့ အတွေးတချို့ကြောင့် ကိုယ်လေးကျူံဝင်သွားပြီး တဆက်ဆက်တုန်ယင်နေတယ်။
"ဘုရားဘုရား၊ ဘာလို့ငါနဲ့သိတဲ့ မိန်းကလေးတွေက ဘာလို့ပေါင်ကြားကန်ရတာ ဝါသနာပါနေတာလဲဟင်။ ငါ့မှာသာ ညီလေးရှိခဲ့ရင် အခုလောက်ဆို ကုန်းကုန်းဖြစ်နေလောက်ပြီ။"
မက်ဒါနာခင်ဗျာ ညီလေးခရီးထွက်သွားတာကိုတောင် ကျေးဇူးတင်ရတော့မလိုလို။
ဒီနေ့လည်း ခါတိုင်းလိုပဲ လင်ဒါ လီဆာလေးကို ကျောင်းလိုက်ပို့ရသေးတယ်။ ကောင်မလေးက ကျောင်းတက်သာ သိပ်မကြာသေးပေမဲ့ သူငယ်ချင်းတချို့ရနေပုံပဲ။ ကံကောင်းစွာနဲ့ အဆာကြေဆေးတချို့ကြောင့် မြန်မြန်ဆန်ဆန် နေကောင်းလာတာ ကျေးဇူးတင်ရမယ်။ ဒါကလည်း မက်ဒါနာရဲ့အကုန်သိဝတ်စုံစနစ်ကြီးကျေးဇူးကြောင့်ပါ။ အသွင်ပြောင်းမြူတန့်တွေအတွက် ဆေးပညာအထောက်အကူပြုဝက်ဆိုက်တစ်ခုကနေ ဆေးညွန်းရှာခဲ့တာပါ။ မနက်စာလည်း ဒီနေ့ချက်ကျွေးခဲ့သေးပေမဲ့ မတည့်တဲ့အစာမဖြစ်အောင်တော့ သတိထားပေးရတယ်။
"မမမက်ဒါနာ၊ သမီးသွားတော့မယ်။" ကလေးမလေးက ဂါဝန်ဖြူလေးနဲ့ မက်ဒါနာကို နှုတ်ဆက်ပြီး အတန်းထဲပြေးဝင်သွားတယ်။ မက်ဒါနာကင်းသွားလှည့်မလို့ လုပ်တုန်းမှာပဲ ဆံပင်အစိမ်းနဲ့ကောင်လေးတစ်ယောက်က သူ့လမ်းကိုပိတ်ထားလိုက်တယ်။
"ဟေး...၊ ခင်ဗျားက အဲဒီနေ့တုန်းက တစ်ယောက်မဟုတ်လား။"
'အယ်၊ သူက ဖားမြူတန့်ကောင်လေး မဟုတ်လား။' မက်ဒါနာ အဲဒီနေ့က သူမြူတန့်သားရဲနဲ့မှားပြီး ဒီကောင်လေးကို ရေကန်ထဲပစ်ချခဲ့တဲ့ကိစ္စကို မှတ်မိနေသေးတယ်။ ကောင်လေးက ပါးဖောင်းဖောင်းခပ်ဝဝ လူငယ်လေးဆိုပေမဲ့ အမှန်တော့အဆီတွေမဟုတ်ဘူး။ လီဆာရဲ့အမြီးလိုပဲ ဖားတစ်ကောင်ရဲ့ဝိသေသဖြစ်တဲ့ အဆီအိတ်တွေကြောင့်ပါ။ အသွင်ပြောင်းမြူတန့်တစ်ကောင်က ဝိသေသတွေကို သူတို့ဖျောက်ထားချင်ရင် ဖျောက်လို့ရပေမဲ့ သိပ်တော့နေရထိုင်ရ မကောင်းပါဘူး။ ဒါကြောင့် ဒီအတိုင်းပဲထားတတ်ကြတာပါ။
"ငါ့နာမည်က လူးစီးယပ် ဝါ့ဇ်။ မင်းနာမည်က ဘယ်သူလဲ... ငွေရောင်ဆံပင်နဲ့ကောင်မလေး။"
မက်ဒါနာ အံ့ကိုကြိတ်ထားလိုက်တယ်။ သူတို့က ကျောင်းဝင်ပေါက်ဝမှာမလို့ လူတွေသတိထားမိကုန်ပြီး ဝိုင်းကြည့်နေကြပြီ။
"ဒီမယ်ကောင်စုတ်လေး၊ နင်က ဘယ်သူ့ကို ကောင်မလေးလို့ခေါ်လိုက်တာလဲ။ ဟမ်...." မက်ဒါနာက လက်ကိုပိုက်ထားပြီး ဇာတ်လမ်းထဲက ဗီလိန်ဆန်ဆန်ပုံစံမျိုးနဲ့ မျက်စောင်းထိုးကြည့်လိုက်တယ်။ လူကြည့်တော့ ဆယ့်ငါးနှစ်လောက်လေးနဲ့ သူ့လိုအသက်နှစ်ဆယ်ကျော် ယောက်ျား အဲလေ...မိန်းကလေးတစ်ယောက်ကို လာပြီးဘာလို့ကောင်မလေးလို့ လာခေါ်နေတာလဲ။
"ခင်ဗျားက ကျုပ်ထက်ငယ်လို့ ကောင်မလေးလို့ခေါ်တာ ဘာဖြစ်လဲ။"
"ဟမ်... ငါက အသက်နှစ်ဆယ်ကျော်ပြီဖြစ်တဲ့ အရွယ်ရောက်ပြီး မိန်းကလေးတစ်ယောက်ပါနော်။ အစ်မကြီးလို့ခေါ်....နောက်တစ်ခါပြန်ပြောမယ် အစ်မကြီး။"
မက်ဒါနာက လက်တစ်ဖက်ကိုခါးထောက်ထားရင်း ချစ်စဖွယ်ကိုယ်ဟန်လေးနဲ့ အနားကပ်သွားတယ်။ အဲဒီနောက် ကောင်လေးနဲ့နဖူးကို လက်နဲ့တောက်လိုက်ရော။ ကောင်လေးကတော့ စိတ်ဆိုးလွန်းလို့ ပါးတောင်ဖောင်းလာတယ်။
"ခင်ဗျားက ဘာပဲဖြစ်ဖြစ်ဗျာ၊ မနေ့က ရှုံးသွားတာ လက်မခံသေးဘူး။ ခင်ဗျားက အထောက်အပံပစ္စည်းအားကိုးနဲ့ နိုင်လာတာ။ ခင်ဗျားထက် ကျုပ်က အားပိုကောင်းတော့ ကျုပ်ပဲနိုင်သင့်တာ။"
'ဟမ်၊ ဒီကောင်လေးက ဘယ်လိုတောင်တွေးလိုက်တာလား။' မက်ဒါနာ မျက်ခုံးပင့်လိုက်တယ်။ ကြွက်သားရူးတစ်ကောင်နဲ့ လာတွေ့နေတာပဲ။ မက်ဒါနာက နည်းပညာဟီးရိုးတစ်ယောက်ပါ။ နည်းပညာပစ္စည်းတွေအားကိုးပြီး တိုက်ခိုက်တာမမှားဘူးလေ။
"ဒီပရက်ရှင်ဖားလေး၊ နင်သိလား။ ငါ့မှာ နင့်လိုမျိုး ဖားတစ်ကောင်လုပ်နိုင်သမျှ အကုန်လုပ်နိုင်တဲ့ စွမ်းအားမျိုးမရှိဘူးလေ။ နင်အသွင်မပြောင်းနဲ့၊ ငါ့ကိုလက်ချင်းလာယှဥ်လို့ ငါက ပြောရင်ရော နင်လုပ်မှာလား...."
"ဒါ...ဒါကတော့... "
"ကောင်စုတ်လေး၊ ဒီကမ္ဘာကြီးမှာ လူတွေကအမျိုးမျိုးပဲ။ ဉာဏ်ပညာကိုအသုံးပြုပြီး ကမ္ဘာကိုစိုးမိုးခြယ်လှယ်သူတွေရှိသလို ခွန်အားသက်သက်ကို အသုံးပြုသူတွေလည်း ရှိတာပဲ။ ကိုယ့်ရဲ့အားသာချက်ကို အသုံးပြုပြီး အခြားတစ်ယောက်ကို အနိုင်ယူတာက ဘာမှားလို့လဲ။"
"...." ကောင်လေးတိတ်သွားတယ်။ ဒါက တကယ့်အမှန်တွေပါ။
"နင်တစ်နေ့ဟီးရိုးဖြစ်လာပြီး နည်းပညာအခြေပြု ဗီလိန်တစ်ယောက်ကြောင့်ရှုံးသွားရင် ငါ့လိုမျိုး ရေကန်ထဲပစ်ချရုံနဲ့ ပြီးသွားမှာမဟုတ်ဘူးနော်။ ဒီကမ္ဘာကြီးမှာ ကောမစ်တွေ၊ မန်ဂါတွေ၊ဂိမ်းတွေထဲကလို Plot Armour ဆိုတာမရှိဘူး။"
"....." ကောင်လေး ဘာမှထပ်မပြောဘူး။ သူ့လက်ထဲမှာကိုင်ထားတဲ့ ဟီးရိုးကောမစ်လေးကို ကျောနောက်ထဲထည့်ဝှက်ထားလိုက်တယ်။
"ဒါပေမဲ့ အနည်းဆုံးတော့ ကျွန်တော်ခင်ဗျားကို ထပ်တိုက်ချင်သေးတယ်။ အနည်းဆုံးတော့ ကျွန်တော်အားမနည်းဘူးဆိုတာ သက်သေပြချင်တယ်။"
"ကောင်းပြီလေ။" မက်ဒါနာက ကောင်လေးရဲ့စကားကြောင့် ခေါင်းညိတ်လိုက်တယ်။ ဒီနေ့ခေတ်လူငယ်တွေက အတော်တက်ကြွကြတာပဲ။ သူ့တုန်းကလည်း ဟီးရိုးတွေအကြောင်းကို ဖတ်ရင်းကြည့်ရင်းနဲ့ ရူးခဲ့ရသူပါ။ အရွယ်ရောက်လာမှသာ တကယ့်ဟီးရိုးလောကက ထင်ထားတာထက် ပိုအစစ်အမှန်ဆန်မှန်း သိလာခဲ့တာပါ။ တကယ့်ဟီးရိုးလောကမှာ ခွန်အားကသာ အရာရာဖြစ်နေတယ်။
ဒီတစ်ခါတော့ ကျောင်းက ကျောင်းပြိုင်ပွဲကွင်းကို ယူသုံးခွင့်ပေးလိုက်တယ်။ ကျောင်းဆရာတွေလည်း ပြုံးပျော်လို့ရယ်ပါ။ နောက်ဆုံးတော့ ပျင်းရိနေတဲ့ ကျောင်းဖားလေးက ပြန်တက်ကြွလာပြီလေ။ memeတွေထဲက ဒီပရက်ရှင်ဖားလေးလိုဖြစ်နေတဲ့ Toadciusကို ဘယ်သူမှမမြင်ချင်ပါဘူး။ တကယ်ကြမ်းတဲ့ ဟီးရိုးတစ်ယောက်ဖြစ်လာတာကိုသာ လူတိုင်းမြင်ချင်ကြတာပါ။
မက်ဒါနာကတော့ အရင်နေ့ကလုပ်ထားတဲ့ အကြမ်းထည် နည်းပညာလက်အိတ်လေးကိုပဲ ဝတ်ဆင်ထားပါတယ်။ ဂါဝန်အဖြူလေးနဲ့လက်အိတ်ဝတ်ထားတဲ့ ကောင်မလေးက လှလွန်းအားကြီးလို့ တစ်ကျောင်းလုံးကို ပြုစားထားသလို ဖြစ်နေလေရဲ့။
ဖားလေးကလည်း အသွင်ပြောင်းလိုက်ပြီ။
"ဒီတစ်ခါတော့ ငါညှာတော့မှာမဟုတ်ဘူး။" ဧရာမဖားပြုတ်ကြီးက အမြန်ခုန်ပြီးတိုက်တယ်။ ဒါပေမဲ့မက်ဒါနာကတော့ အေးအေးဆေးဆေး ရှောင်ရှားနေပါတယ်။ အဆိပ်ရည်တွေ၊ အချွဲအကကျိတွေ၊ ဖားလျှာရိုက်ချက်တွေကို ရှောင်ရှားပြီး အချက်နှစ်ရာကျော်တဲ့အခါမှာတော့ ခန္ဓာကိုယ်အားအသက်သက်နဲ့ လေထဲခုန်ပျံနေခဲ့တဲ့ မက်ဒါနာက ကြမ်းပြင်ပေါ် ပြန်ခုန်ဆင်းလိုက်ပြီး ဖားလေးကို သမင်လည်ပြန်ကြည့်လိုက်တယ်။
ပြိုင်ပွဲကို စောင့်ကြည့်နေကြတဲ့ ဆရာတွေကျောင်းသားတွေလည်း အံ့ဩကုန်ကြပါပြီ။ လက်အိတ်က အဆင့်B ထောက်ပံရေးပစ္စည်းဆိုပေမဲ့ မက်ဒါနာဟာ တခြားဘာစွမ်းအားမှထုတ်သုံးတာမျိုးမရှိခဲ့ပါဘူး။ သာမန် Dအဆင့်တွေနဲ့ တန်းတူသာဖြစ်တဲ့ ခန္ဓာကိုယ်အင်အားကိုသုံးပြီး တိုက်ကွက်နှစ်ရာကျော်ကို ရှောင်ရှားနေခဲ့တာပါ။ သာမန်အားကစားလိုက်စားသူတစ်ယောက်ရဲ့ ခွန်အားမျိုးနဲ့ C အဆင့်ရှိတဲ့ တိုက်ကွက်ပေါင်းနှစ်ရာကို ရှောင်နေခဲ့တာပါ။
"နင့်အလှည့်ပြီးပြီ ငါ့အလှည့်ပဲ။" မက်ဒါနာက သာမန်အပြေးနှုန်းနဲ့ပဲ ဖားကြီးဆီကိုပြေးသွားတယ်။ ဖားကလည်း ပြေးလာပါတယ်။ အနားရောက်တော့ မက်ဒါနာက ခုန်နေတဲ့ဖားအောက်ကို လျှောဝင်သွားပြီး ဝမ်းဗိုက်ထူထူကို လက်သီးနဲ့ထိုးလိုက်တယ်။
"ဘုန်း...."
ဧရာမဖားကြီး လေထဲမြောက်တက်သွားပြီး လူအဖြစ်ပြန်ပြောင်းကာ ကွင်းထဲပြန်ပြုတ်ကျလာတယ်။ ဒိုင်ကလည်း ပြန်မထနိုင်တော့တဲ့ ဖားလေးကိုသွားကြည့်ပြီး မက်ဒါနာကိုအနိုင်ပေးလိုက်တယ်။
"အနိုင်ရရှိသူ...ငွေရောင်ဆံပင်နဲ့ကောင်မလေး။"
"...." ခုမှပဲ ဒီလူတွေကို သူ့နာမည်မပြောရသေးမှန်း မက်ဒါနာသတိရသွားတယ်။ ဒါပေမဲ့စိတ်ရှုပ်လို့ အမှန်ပြင်ပေးမနေတော့ဘူး။ အဲဒီအစား ဖားလေးဆီကို လျှောက်သွားလိုက်တယ်။ ဖားလေးကတော့ သူ့ဗိုက်ကို နာကျင်စွာနဲ့နှိပ်ပြီး ညည်းညူနေပါတယ်။ ပါးစပ်ကနေတောင် သွားရည်တွေစီးကျနေသေးတယ်။
"နားလည်ပြီလား.. နင့်ကိုအနိုင်ယူသွားတာ အထောက်အပံပစ္စည်းကြောင့်မဟုတ်သလို ငါ့မှာသန်မာလွန်းတဲ့ မြူတန့်စွမ်းအား ရှိနေလို့လဲမဟုတ်ဘူး။ တိုက်ပွဲဆိုတာ ရေစီးလိုပဲ။ အလိုက်သင့်စီးမျောတတ်ဖို့ပဲလိုတယ်။ နင်က ခွန်အားကြီးမားပေမဲ့ တဇွတ်ထိုးတိုက်နေပြီး ခွန်အားကိုဖြုန်းတီးနေချိန်မှာ ငါက အင်အားခြွေတာပြီး သေချာတဲ့တိုက်ကွက်ကို စောင့်နေခဲ့တယ်။ နင်က အဆိပ်ရည်တွေကို အလကားဖြန်းနေတဲ့အချိန်မှာ ငါကနင့်ရဲ့တိုက်ကွက်တွေကို လေ့လာနေခဲ့တယ်။ ဒါက ကွာခြားချက်ပဲ။"
အဲဒီနောက် မက်ဒါနာက လှည့်မကြည့်တော့ဘဲ ဖားလေးကို ကျော်ပြီးလျှောက်သွားတယ်။ ဒါပေမဲ့ ဖားလေးကတော့ နာကျင်နေတဲ့ကြားကနေ ဒူးထောက်ထိုင်လိုက်ပြီး မက်ဒါနာကိုပြောလိုက်ပါတယ်။
"ဆရာ... ကျွန်တော့်ကိုတပည့်လက်ခံပေးပါ။"
"...." မက်ဒါနာက နေရာမှာ တစ်ခဏလောက်ရပ်နေပြီး ဆက်လျှောက်သွားလိုက်တယ်။ ဖားလေးက ချစ်စရာကောင်းပေမဲ့ သူ့မှာလီဆာရှိနေပြီးသားလေး ဘာကိစ္စအလုပ်ရှုပ်ခံပြီး နောက်ကလေးတစ်ယောက်ကို ထပ်ထိန်းတော့မှာလဲ။ တပည့်မွေးရတာ အင်မတန်အလုပ်ရှုပ်တယ်။
မက်ဒါနာ ဝတ်စုံပြန်ဝတ်ပြီး မြို့ထဲကင်းလှည့်နေတုန်း လေဒီလတ်တာဖလိုင်းဆီကနေ အီးမေးလ်ဝင်လာတယ်။ အီးမေးလ်တွေက ဖုန်းလိုခြေရာခံလိုက်ဖို့မလွယ်တော့ လေဒီဘတ်တာဖလိုင်းလည်း အဲဒီနည်းနဲ့ဆက်သွယ်ပါတယ်။ မက်ဒါနာကလည်း Silverknighthouse666 @ gmail ဆိုပြီး အကောင့်သစ်တစ်ခုဖွင့်ထားလိုက်တယ်လေ။ မသိရင် အလယ်ခေတ်သူကောင်းမျိုးအိမ်တော်နာမည်လိုလို ဘာလိုလို။
[လေးစားရတဲ့ ဆာSilver Knight။ တရားရုံးတော်ဆုံးဖြတ်ချက်အရ အမှုအများစုကို စွဲချက်တင်ခွင့်ပြုပြီးထားတော့ ရှေ့ကအမှုတွေလိုပဲ ကျွန်မတို့တွေ တစ်ခုချင်းစီလိုက်ရလိမ့်မယ်။ ဒါပေမဲ့ အမှုတွေကများလွန်းတော့ ကျွန်မတို့နှစ်ယောက်တည်းနဲ့ရင်ဆိုင်ဖို့ မဖြစ်နိုင်ဘူး။ ယုံကြည် ရတဲ့ ရှေ့နေတစ်ယောက် ငှားဖို့လိုနေပြီ။]
ဘယ်နိုင်ငံရဲ့တရားဥပဒေမှာမဆို တရားခံတစ်ယောက်တည်းကို စွဲချက်အများကြီးတင်မယ်ဆိုရင် စွဲချက်တိုင်းအတွက် တစ်မှုစီရင်ဆိုင်စစ်ဆေးရမှာပါ။ လေဒီဘတ်တာဖလိုင်းနဲ့Silver Knightနှစ်ယောက် စွဲချက်တင်ထားတဲ့ အမှုတွေတင် ဒါဇင်နဲ့ချီတာကြောင့် ရုံးတော်က နေ့တိုင်းစစ်ဆေးရမယ့်ပုံစံဖြစ်နေပါတယ်။ ပြဿနာက သူတို့နှစ်ယောက်လုံး အဲဒီလောက်အချိန်မရှိတာပါပဲ။ ဒီတော့ ကိုယ်စားလှယ်ရှာဖို့လိုလာပါပြီ။
လောလောဆယ် ရုံးချိန်းတစ်ခုပဲ ချိန်းရတဲ့အကြောင်းက လူသက်သေခြိမ်းခြောက်မှုတွေကို စစ်ဆေးဖို့အတွက် သက်သေဖြစ်တဲ့ ဦးလေးကြီးကို အရင်စစ်ဆေးဖို့ကျန်နေသေးလို့ပါ။ ပြီးတာနဲ့ တစ်မှုစီခွဲစစ်ဖို့ တရားရုံးတော်က အမိန့်ချပါလိမ့်မယ်။ ဒီတော့ မက်ဒါနာတို့လည်း ပြင်ဆင်ထားဖို့ လိုအပ်နေပါပြီ။
ငွေရောင်စစ်သည်တော်က သတင်းစာဆိုင်လေးရှိတဲ့ လမ်းကြားထဲကို ခုန်ချလိုက်တယ်။ မြို့တစ်ပတ်ပတ်မိသွားပါပြီ မှုခင်းအသေးအဖွဲတွေတောင် ခုတလောသိပ်မဖြစ်တော့သလိုပါပဲ။ ဒါတွေအားလုံးက သူ့ရဲ့ကြိုးစားမှုကြောင့်ပါ။ Silver Knightက တခြားဟီးရိုးတွေလို ကိုယ်ပိုင်ပေ့ချ်ဖွင့်မထားပေမဲ့ fanတွေဖွင့်ထားတဲ့ ပေ့ချ်မှာတော့ follower တစ်သိန်းခွဲကျော်နေပါပြီ။ ဘယ် Cအဆင့်မှ ဒီလိုမျိုးfollowerမရဖူးပါဘူး။
မက်ဒါနာက သတင်းစာဆိုင်လေးထဲကို တည့်တည့်လျှောက်ဝင်သွားလိုက်တယ်။
"အဖွားရေ၊ ဒီနေ့ထုတ်သတင်းစာလေးပေးပါ။"
....
အိုက်ဇာဝါက ရုံးထဲမှာထိုင်နေရင်း စာရွက်စာတမ်းတွေကို စိုက်ကြည့်နေပါတယ်။ အဲဒီနောက် အကုန်လုံးကို အမှိုက်ပုံထဲပစ်ထည့်လိုက်တယ်။
"တောက်...အားကိုးလို့မရတဲ့ကောင်တွေ။ နည်းနည်းလေး စွဲချက်တင်ခံရရုံနဲ့ ငါတို့လုပ်ငန်းစုနဲ့ တွဲလုပ်နေတဲ့ လုပ်ငန်းအားလုံးကို ရပ်ဆိုင်းထားမယ်ဆိုပါ့လား။"
လုပ်ငန်းတစ်ခု တရားစွဲခံရတဲ့အခါမှာ တရားရုံးထက် ပိုကြီးမားတဲ့အန္တရာယ်ကတော့ စီးပွားဖက်တွေက စွန့်ခွာသွားတာပါပဲ။ ရှယ်ယာတွေထိုးကျပြီး အနာဂတ်ကလည်း သေချာတော့မှာမဟုတ်ပါဘူး။ အခုလေးတင် အမေရိကန် ဆာကူရာကော်ပိုရေးရှင်းက ရှယ်ယာလေးဆယ်ရာခိုင်နှုန်း ထိုးကျသွားပြီး ပရောဂျက်နှစ်ဆယ်ကျော်က သူတို့စာချုပ်တွေကို ဖျက်သိမ်းခဲ့ပါတယ်။
နံရံကိုကပ်ပြီးရပ်နေတဲ့ လက်ထောက်မိန်းကလေးက ရှေ့ကိုတက်လာပြီး ပြောလိုက်ပါတယ်။
"အိုက်ဇာဝါ-ဆမ ဒီတစ်ခါတရားစွဲခံရတာ လွယ်မယ်လို့ သူတို့ထင်မထားပါဘူး။ တရားစွဲတဲ့သူက နာမည်ကျော် Silver Knightဖြစ်နေတဲ့အပြင် သက်သေခံလိုက်နေတဲ့သူက ဒီဂိုရီမိသားစုက ဖြစ်နေပါတယ်။"
ဒီဂိုရီမိသားစုက ဟီးရိုးလောကမှာ သိပ်မကျော်ကြားသလို ငွေကြေးလည်း အသင့်အတင့်ပဲချမ်းသာတာပါ။ သူတို့မှာ ဘီလျံတာမရှိဘဲ အချမ်းသာဆုံးသူတောင် ဒေါ်လာ ၅၃သန်းပဲ ချမ်းသာပါတယ်။ ဒါပေမဲ့ သူတို့တွေက အနုပညာလောကမှာဆိုရင် အအောင်မြင်ဆုံးဖြစ်ပြီးတော့ ကျောထောက်နောက်ခံအနေနဲ့ Mr.justiceဆိုတဲ့ A အဆင့် ဟီးရိုးတစ်ယောက်ရှိပါတယ်။
Mr.justiceဆိုရင် ပြေးမြင်ကြတာက ခေတ်သစ်ရှားလော့ဟုမ်း ဒါမှမဟုတ် ခေတ်သစ်ရှေ့နေလင်ကွန်းဆိုတာပါပဲ။ သူက တိုက်ခိုက်ရေးဟီးရိုးမဟုတ်ပေမဲ့ အရမ်းတော်တဲ့အမှုလိုက်ဟီးရိုးပါ။ အနားယူသွားပေမဲ့ လူတွေအားလုံး အမှတ်ရနေကြဆဲပါ။ သူ့ရဲ့ချောမောမှု ဉာဏ်ထက်မြက်မှုတွေကြောင့် အမေရိကန်တရားရေးလောကရဲ့နေမင်းကြီးလို ဖြစ်ခဲ့သူပေါ့။
(note- ရှေ့နေလင်ကွန်းက ထူးဆန်းထွေလာရာဇဝတ်မှု စိတ်ကူးယဥ်ဝတ္ထုတွေထဲမှာ အတော်ဆုံးရှေ့နေ့ပါ။ ရှေ့နေမလေး မေစံရှားလိုပါပဲ။)
"Silver Knightက Mr.justiceရဲ့တပည့်ဖြစ်နိုင်တယ်လို့တောင် ပြောကြနေတယ်။"
"တခြားတစ်ယောက်ကရော။"
"သူကတော့ ဟီးရိုးမဟုတ်တာသေချာတယ်၊ သာမန်သတင်းကြေညာသူဟောင်းတစ်ယောက်ပါ။"
"ဟားဟားဟား...." အိုက်ဇာဝါက ခေါင်းကိုမော့ကြည့်ပြီး ခပ်ခြောက်ခြောက်ရယ်မောလိုက်တယ်။ လက်ထောက်မိန်းကလေးကတော့ ကြောက်လွန်းလို့ တစ်ကိုယ်လုံးတုန်ရင်သွားတယ်။
အိုက်ဇာဝါ လူသတ်ခါနီးတိုင်း ဒီလိုရယ်တတ်တယ်။
"သူ့ကိုစောင့်ကြည့်ထား၊ လွန်လွန်ကျူးကျူးတော့မလုပ်နဲ့။ ငါတို့ကို အမေရိကန် ဗဟိုအမျိုးသားလုံခြုံရေး မြူတန့်ရေးရာဌာနစိတ်က သတိထားမိနေပြီ။ အခုအချိန်မှာ လှုပ်ရှားမိရင် အကုန်သေကုန်လိမ့်မယ်။ သူဘယ်သွားတယ်၊ ဘာလုပ်တယ်ဆိုတာ သိရင်ရပြီ။"
"ဟုတ်ကဲ့ပါရှင့်။"
"Silver Knightကရော..."
"ကျွန်မတို့မသိရဘူး... သူက တစ္ဆေတစ်ကောင်လိုပဲ။"
အိုက်ဇာဝါက စားပွဲပေါ်ကို လက်တင်ပြီး မေးထောက်ထားလိုက်တယ်။ သူ့ကြည့်ရတာ တစ်ခုခုစဥ်းစားနေသလိုပဲ။
"အဲဒီငွေရောင်စစ်သည်က ဉာဏ်ကောင်းတယ်။ အဲဒီနေ့က အတော်ဆုံးရှေ့နေတစ်ယောက်ကိုတောင် ဆွံအသွားအောင် ပြန်ခံငြင်းနိုင်တယ်။ ဒီလိုလူမျိုးက သူ့ရဲ့အစစ်အမှန်ပုံရိပ်ကို သေချာဝှက်ထားနိုင်စွမ်းရှိတယ်။ ဒါနဲ့ဟိုသက်သေကရော။"
မိန်းကလေးက သူ့ဖိုင်တချို့ကို ပြန်လှန်ရှာရင်း...
"ဘာကြောင့်မှန်းမသိပေမဲ့ သိုသိပ်တဲ့ ဂလက်ဆီကျောက်မျက်လုပ်ငန်းအဓိကရှယ်ယာရှင်တစ်ယောက်ရဲ့ ဒရိုက်ဘာဖြစ်နေပါတယ်။ ကျွန်မတို့ သူ့ကို ခဏလောက်တော့ ထိလို့ရဦးမှာမဟုတ်ဘူး။"
အိုက်ဇာဝါခေါင်းညိတ်လိုက်တယ်။ ဂလက်ဆီလုပ်ငန်းစုကလည်း မြေအောက်ကမ္ဘာမှာကျော်ကြားပြီး အထူးသဖြင့် ကျောက်မျက်မှောင်ခိုလုပ်ငန်းမှာပါ။ ဒါပေမဲ့ ရှယ်ယာရှင်အသစ်တစ်ယောက် ပေါ်လာပြီးနောက်မှာတော့ လုပ်ငန်းစုက အလျင်အမြန်ကြီးထွားလာပါတယ်။ ရှယ်ယာရှင်သစ်က အင်မတန်အားကောင်းပြီး တခြားရှယ်ယာရှင်တွေကို ဖိနှိပ်ပစ်ခဲ့တယ်။ သူ့မှာလျှို့ဝှက်ကျောက်မိုင်းတွင်းတွေ ဘယ်လောက်ရှိနေမှန်း ဘယ်သူမှမသိကြဘူး။
ယာမာဂုချီတွေလောက်တော့ အင်အားမကြီးနိုင်ပေမဲ့ နိုင်ငံကစောင့်ကြည့်နေချိန်မှာ သူတို့သွားမရှုပ်ရဲပါ။ သွားရှုပ်လို့ ထင်ပေါ်သွားရင် ဂျပန်ကအဓိကမိသားစုတောင် သူတို့ကိုမကယ်နိုင်တော့ပါဘူး။
ရုတ်တရက် အလင်းရောင်တစ်ချက်အခန်းထဲမှာ လက်သွားတယ်။ လက်ထောက်မိန်းကလေးရော အိုက်ဇာဝါပါ မျက်လုံးပြူးသွားပြီး လက်ထောက်က အရင်လှုပ်ရှားလိုက်တယ်။ မြေပြင်ကို ခြေဆောင့်လိုက်တဲ့အခါ ကြမ်းပြင်ကကွန်ကရစ်တွေ မြင့်တက်လာပြီး နံရံတစ်ခုဖြစ်သွားပါတယ်။ ဒါပေမဲ့ ကျည်တစ်တောင့်က သူတို့ဆီရောက်နှင့်ပြီးပါပြီ။ အဲဒီကျည်က ကျောက်နံရံကိုဖောက်ပြီး အိုက်ဇာဝါရဲ့ပုခုံးကိုသွားမှန်တယ်။ ကျောက်နံရံက မြင်ကွင်းကိုသာ မကာထားခဲ့ရင် အိုက်ဇာဝါသေနေလောက်ပြီ။
"အိုက်ဇာဝါ-ဆမ။ နေရာမြန်မြန်ယူ။ လက်ဖြောင့်သေနတ်သမားရှိတယ်။"
...
အခြားတစ်ဖက်မှာတော့ နေပူလှတဲ့ တိုက်ခေါင်မိုးပေါ်မှာ လက်ဖြောင့်သေနတ်ကိုကိုင်ပြီး ဝပ်နေတဲ့ သက်လတ်ပိုင်းလူကြီးရှိနေပါတယ်။ သူက မျက်လုံးတစ်ဖက်ကိုမှိတ်ပြီး အပြာရောင်အလင်းတောက်ပနေတဲ့ စက်မျက်လုံးနဲ့မှန်ဘီလူးကို ကြည့်
နေပါတယ်။
"သောက်မြေမြူတန့်မ... မင်းက နောက်ဆုံးစက္ကန့်ဝက်လေးမှာတောင် လှုပ်ရှားနိုင်သေးတယ်။"
သူက အယ်လိုဟင်လို့ခေါ်တဲ့ ဆိုက်ဘော့ပါ။ သူရှိနေတဲ့တိုက်က မီတာသုံးထောင်ကျော်မှာဖြစ်ပြီးတော့ အတော်ဆုံးစနိုက်ပါသမားတွေတောင် ဒီလိုမလုပ်နိုင်ပါဘူး။ မြေပြန့်မှာတော့ မီတာသုံးထောင့်ငါးရာက ပစ်မှတ်ကိုပစ်ခဲ့တဲ့ ကနေဒီယန်းစနိုက်ပါသမားရှိဖူးပေမဲ့ အယ်လိုဟင်က မီတာလေးရာကျော်မြင့်တဲ့ တိုက်ခေါင်မိုးပေါ်ကနေ မီတာနှစ်ရာမြင့်တဲ့ တိုက်တစ်ခုပေါ်က ရုံးခန်းတစ်ခန်းကို ချိန်ပစ်နေတာပါ။ မြို့ပြဆိုတဲ့အတိုင်း ဆူညံ့သံတွေ၊ အလင်းပြန်မှုတွေကြောင့် ထင်သလောက်မြင်ကွင်းမကောင်းပါဘူး။ ဒါကိုတောင် ခေါင်းမထိဘဲ ပုခုံးထိအောင် ပစ်လိုက်နိုင်ပါသေးတယ်။
"ကြည့်ရတာ ဒီညလူကိုယ်တိုင် သူ့ကိုသွားသတ်ရမယ်ထင်တယ်။