← Chapters

ထိပ်တိုက်တွေ့ခြင်း

Vol. 1 Ch. 7

ထိပ်တိုက်တွေ့ခြင်း

Vol. 1 Ch. 7

ညဘက်။

အိုက်ဇာဝါမှာ King size အိပ်ရာကြီးပေါ်တွင် တစ်ကိုယ်တည်းလှဲလျောင်းနေသည်။ အချိန်လင့်နေပြီဖြစ်သော်လည်း သူအိပ်မပျော်သေးပါ။

သူ၏အနက်ရောင်မျက်လုံးများက မျက်နှာကျက်ကို စိုက်ကြည့်နေပြီး တစ်စုံတစ်ခုကို စဥ်းစားနေဟန်ရှိသည်။ ရုတ်တရက် အခန်းတွင်းရှိနေသည့် အထိုင်ဖုန်းက အသံမြည်လာ၏။

"ကလင်...ကလင်...ကလင်...ကလင်..."

အိုက်ဇာဝါက ဖုန်းကိုင်လိုက်သောအခါ တစ်ဖက်မှာ အိုမင်းနေသူတစ်ယောက်၏အသံ ထွက်ပေါ်လာသည်။

"မစ္စတာအိုက်ဇာဝါ... ငါမှာထားတဲ့ပစ္စည်းတွေ ဘယ်တော့ရောက်မှာလဲ။"

"ဟယ်လိုဒေါက်တာစမစ်၊ အခြေအနေကတော့ ခင်ဗျားသိတဲ့အတိုင်းပဲ။ ကျွန်တော်တို့ကို မျက်စိဒေါက်ထောက်ကြည့်နေတဲ့သူတွေရှိတော့ ဂရုစိုက်နေရတယ်လေ။ သွေးရည်ကြည်တွေ ထုတ်ယူဖို့ခက်နေတယ်။"

"မင်းတို့ဖွင့်ထားတဲ့ ပရဟိတမိဘမဲ့ဂေဟာက ကလေးတွေကို သုံးရုံပဲမဟုတ်လား။ ဘာကြောင့်များ ဒီလောက်ကြောက်နေရတာလဲ။ ကလေးတွေက ဖြည်းဖြည်းချင်းမှသေသွားမှာလေ။ မင်းတို့လုပ်ရပ်လို့ ထင်ဖို့ခက်ပါတယ်ကွ။"

မြူတန့်များကို စမ်းသပ်နေသည့် ဒေါက်တာစမစ်နှင့် အိုက်ဇာဝါတို့မှာ စီးပွားရေးအရ အမှန်တကယ်ပင် ဆက်သွယ်မှုရှိနေခဲ့သည်။ လူလုပ်မြူတန့်များကို စမ်းသပ်ရာတွင် အသုံးပြုဖို့လိုသည့် သွေးရည်ကြည်တစ်မျိုးမှာ အသက်ငါးနှစ်မကျော်သည့် ကလေးများထံမှ ထုတ်ယူရရှိခြင်းဖြစ်သည်။ သွေးရည်ကြည် ထုတ်ယူခံရသည့် ကလေးများကတော့ သွေးလွန်တုပ်ကွေးနှင့် အလားသဏ္ဍာန်တူတည့် လက္ခဏာများကြောင့် သေဆုံးသွားကြမည်ဖြစ်၏။

"ကောင်းပြီလေ၊ ကျုပ်တို့မနက်ဖြန် ပို့ဖို့ကြိုးစားပေးမယ်။ ကျုပ်တို့တောင်းဆိုထားတဲ့ ဆိုးကျိုးမရှိတဲ့ ဖာရာဒေးရော အောင်မြင်သွားပြီလား။"

"ရန်လိုတဲ့စိတ်ကိုဖြစ်ပေါ်စေတဲ့ ဆိုးကျိုးကို ဖျက်ဆီးပေးပြီးပေမဲ့ စွဲစေတဲ့ဆိုးကျိုးကတော့ ရှိနေတုန်းပဲ။ ပါဝင်ပစ္စည်းတွေကြောင့် ဖြစ်မယ်ထင်တယ်။"

"မြန်မြန်လုပ်တော့... ကျုပ်တို့ကို ဥရောပသမဂ္ဂနဲ့အမေရိကန်လုံခြုံရေးဌာနတွေက သတိပြုမိနေကြပြီ။"

အိုက်ဇာဝါ၏လေသံက တော်တော်လေးအေးစက်နေသည်။ တစ်ဖက်မှ အိုမင်းသောအသံက နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။

"ငါတို့အဖွဲ့က အကောင်းဆုံးကြိုးစားနေပြီးသားပါ။ မင်းလုပ်ရမယ့်ကိစ္စတွေကို ပြီးအောင်လုပ်တာ ပိုကောင်းလိမ့်မယ်။ ဒီလိုမှမဟုတ်ရင် ငါတို့က မင်းကိုကာကွယ်ပေးမှာမဟုတ်ဘူး။"

"ဟားဟား... ခင်ဗျားတို့အဖွဲ့အစည်းက ခင်ဗျားတို့ကိုယ်ကိုယ်ရော ကာကွယ်နိုင်လို့လား။"

"ငါတို့က အမေရိကန်ဟီးရိုးလောကကြီးတစ်ခုလုံးကို ဖျက်ဆီးနိုင်တယ်ကွ။"

ထို့နောက် တစ်ဖက်ခြမ်းမှ အဖိုးအိုက ဖုန်းချသွားသည်။ အိုက်ဇာဝါကတော့ ဖုန်းကိုရိုက်ခွဲပစ်လိုက်တော့သည်။

"အလကား အသုံးမကျတဲ့ဟာတွေ..." ဒေါက်တာစမစ်၏မြူတန့်သိပ္ပံအဖွဲ့အစည်းက အိုက်ဇာဝါထက် များစွာလျှို့ဝှက်ပြီး ပိုမိုအင်အားကောင်းသည်။ သူတို့၏ပြီးပြည့်စုံမှုမရှိသည့် ဖန်တီးခံမြူတန့်များ၏အင်အားကြောင့် သူတို့က Sအဆင့်ဟီးရိုးများကိုပင် ကြောက်ရွံခြင်းမရှိတော့ပေ။ တစ်ဖက်တွင်တော့ အိုက်ဇာဝါကို ကာကွယ်နိုင်သည့်သူက သူကိုယ်တိုင်သာရှိနေသည်။

ရုတ်တရက်... ပြတင်းပေါက်မှန်များ ကွဲထွက်သွားပြီး အရိပ်တစ်ရိပ်က အိပ်ခန်းထဲဝင်လာ၏။ အိုက်ဇာဝါက အိပ်ရာဘေးတွင်ထားထားသည့် ဓားရှည်ကိုလှမ်းဆွဲသော်လည်း ထိုအရိပ်က သူ့ထက်လက်ဦးသွားပြီး အိုက်ဇာဝါကို ဆွဲမကာ ကိုင်ပေါက်လိုက်၏။

"အား...." အိုက်ဇာဝါမှာ တစ်ကိုယ်လုံးနာကျင်သွားသော်လည်း ချက်ချင်းကုန်းထကာ တိုက်ခိုက်ရန်ပြင်လိုက်သည်။ သူ၏ညအိပ်ဝတ်စုံလက်ထဲမှာ ဓားတိုလေးတစ်ချောင်းထွက်လာပြီးသူ၏သွေးမှဖြစ်လာသည့်

ချယ်ရီပွင့်ဖတ်များက စတင်ပုံပေါ်လာသည်။

လူရိပ်က လက်ထဲမှပစ္စတိုသေနတ်ဖြင့် အိုက်ဇာဝါကို ပစ်ခတ်လိုက်သော်လည်း ချယ်ရီပွင့်ဖတ်ရာချီက သူ့ကိုကာကွယ်ထားပြီး အိုင်ဇာဝါကိုယ်တိုင်လည်း ရှေ့ကိုတက်လာ၏။

"သောက်ရူး... Aအဆင့်တစ်ယောက်ကို လွယ်လွယ်နဲ့နိုင်မယ်ထင်နေလား။" ချယ်ရီပွင့်ချပ်မုန်တိုင်းက အိပ်ခန်းအတွင်း စတင်တိုက်ခတ်လာသည်။ နောက်ဆုံးတွင် အိပ်ခန်းနံရံတစ်ခုလုံး ပေါက်ကွဲထွက်သွားပြီး အနက်ရောင်လူရပ်မှာ လွင့်ထွက်သွား၏။

နံရံပေါင်းများစွာကို ဖြတ်သန်းလာပြီးသည့်နောက် လူရိပ်က အိမ်အပြင်ဖက်မြက်ခင်းပေါ်သို့ရောက်သွားကာ ဒူးထောက်ကျသွား၏။ လရောင်အောက်တွင် ထိုလူ၏မျက်လုံးတစ်ဖက်က သဘာဝမကျသည့် အပြာရောင်တောက်နေပြီး ခန္ဓာကိုယ်တစ်ခြမ်းက လူသား၊ တစ်ခြမ်းက စက်ရုပ်ဖြစ်နေ၏။

ထိုလူက သူ၏စက်ရုပ်လက်ကိုမြှောက်ထားပြီး အိုက်ဇာဝါ၏ဓားကို ကန့်လန့်ခံ တားဆီးထားသည်။ အိုက်ဇာဝါကလည်း သူ့ကိုစူးစူးရဲရဲစိုက်ကြည့်နေကာ သူ၏ညာလက်တွင် ဓားရှည်ကိုကိုင်စွဲကာ ဘယ်လက်တွင် ဓားတိုကိုကိုင်ထား၏။

"သတ္တုဘူးကောင်... မင်းကိုဘယ်သူလွှတ်လိုက်တာလဲ။"

သူတို့နှစ်ယောက်က ဆက်လက်တိုက်ခိုက်ကြပြန်သည်။ ဓားနှစ်လက်နှင့်အိုက်ဇာဝါကို သွေးချယ်ရီပွင့်ချပ်များက ဝိုင်းရံထားပြီး ထိုပွင့်ချပ်တိုင်းက ဓားစကြာများသဖွယ် ထက်မြိလွန်းသည်။ အယ်လိုဟင်၏မျက်နှာနှင့်အရေပြားပေါ်တွင် ပြတ်ရှရာများ ထွက်ပေါ်လာ၏။

အယ်လိုဟင်ကလည်း အရှုံးမပေးဘဲ ဆက်တိုက်နေ၏။ သူ၏စက်ရုပ်လက်ဖြင့် ဓားများကိုရင်ဆိုင်ကာ ကျန်လက်တစ်ဖက်က သေနတ်ဖြင့်အဆက်မပြတ် ပစ်ခတ်နေ၏။

သိပ်မကြာခင် ဓားကိုင်ထားသည့် တစ္ဆေမျက်နှာဖုံးနှင့် အထူးအစောင့်များရောက်ရှိလာသည်။ ထို့ကြောင့် အယ်လိုဟင်လည်း ဆက်မတိုက်တော့ဘဲ လှည့်ပြေး၏။

"ထွက်ပြေးချင်တာလား...သေစမ်း။"

အိုက်ဇာဝါက ဓားရှည်ကိုမြှောက်လိုက်သည်။ သွေးချယ်ရီပန်းများက ဓားရှည်တွင်သွားစုစည်းပြီး ထူထဲသည့်သွေးအလွှာတစ်ခု ဖြစ်ပေါ်လာ၏။ ထို့နောက်တွင်တော့ သွေးလှံတိုတစ်ချောင်းအဖြစ် ပြောင်းလဲသွားကာ အိုက်ဇာဝါက အားဖြင့်ပစ်ခတ်လိုက်တော့သည်။

ဘုန်း....။

"အား...."

အယ်လိုဟင်၏အော်သံ ထွက်ပေါ်လာသည်။ သွေးလှံကို သူ၏စက်ရုပ်လက်ဖြင့်ဖမ်းထားလိုက်သည့်တိုင်အောင် စက်ရုပ်ခန္ဓာတစ်ခြမ်းကို ထိုးစိုက်သွားပြီး ရှော့ဖြစ်ကုန်သည်။ သူ၏အပြာရောင်မျက်လုံးတစ်ဖက်က အလင်းရောင်များကြောင့် တောက်ပနေ၏။

သို့သော် အိုက်ဇာဝါလည်း အထိအခိုက်မရှိသည်တော့မဟုတ်ပါ။ သူ၏ခန္ဓာကိုယ်ပေါ်တွင် အညိုမည်းစွဲနေသည့်နေရာများစွာ ရှိနေပြီး သွေးများစီးကျနေသည့် ခါးနေရာကိုတွေ့နိုင်သည်။ အယ်လိုဟင်၏ကျည်တစ်တောင့်က သူ၏ကျောက်ကပ်ကို ထိမှန်သွားသည့်ပုံပင်။

အယ်လိုဟင်က အံ့ကိုတင်းတင်းကြိတ်ထားပြီး လှံတိုကို ဆွဲနှုတ်ကာ အုတ်တံတိုင်းအမြင့်ကိုခုန်ကျော်ပြီး ထွက်ပြေးလွတ်မြောက်သွားသည်။ ခြံအပြင်ကို ရောက်သွားပြီးသည့်နောက် ၁၉၈၀ ခုနှစ်များက ခေတ်စားခဲ့ဖူးသည့် Yamaha VMax ဆိုင်ကယ်ပေါ်သို့တက်ကာ မောင်းပြေးသွားတော့သည်။

"ငါ့ရဲ့စက်ပစ္စည်းတွေက A အဆင့်မြူတန့်တစ်ယောက်ကို အနိုင်ယူဖို့ တော်တော်ဝေးသေးတာပဲ။"

စံအိမ်တစ်ခြမ်းလုံးကို ဖောက်ခွဲပစ်ခဲ့သည်မှာ အိုက်ဇာဝါ၏စွမ်းအားအကုန် ဟုတ်သေးပုံမပေါ်ပါ။ ရုတ်တရက် အယ်လိုဟင်၏မျက်နှာမှာ ပြောင်းလဲသွားပြီး ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်၏။ ချယ်ရီပွင့်ချပ်များနှင့် သွေးလှံဒါဇင်ပေါင်းများစွာ သူ့ကိုချိန်ရွယ်ထားသည်။

"ငါ့ကိုသေနတ်နဲ့ပစ်ပြီး လွယ်လွယ်နဲ့ထွက်ပြေးသွားလို့ရမယ်ထင်နေလား။"

အိုက်ဇာဝါ၏အေးစက်စက်လေသံက သူ၏နောက်မှ ထွက်ပေါ်လာသည်။ သွေးချယ်ရီပွင့်များကို တောင်ပံသဖွယ်အသုံးပြုကာ သူ့နောက်လိုက်လာသည့် မြူတန့်ကို မြင်ရပြီးချိန်တွင် ယာမာဂုချီမိသားစုဝင် ဓားမာစတာတစ်ယောက်၏ စွမ်းအားကို အယ်လိုဟင်စတင်ပြီး နားလည်လာ၏။

'လုံးဝကို လူမဆန်ဘူး။' ဒါက သူဦးဆုံးတွေးမိလိုက်သည့် အတွေးပင်။

၂။

ငွေရောင်စစ်သည်တော်ဝတ်စုံကို ဝတ်ဆင်ထားသည့် မက်ဒါနာမှာ ဝတ်စုံဉာဏ်ရည်တုစနစ်မှနေ၍ အွန်လိုင်းပေါ်တွင် ပြန့်နှံနေသည့် ဗီဒီယိုတစ်ပုဒ်ကိုကြည့်ရင်း သက်ပြင်းချလိုက်၏။

အဖြူရောင်ဝါဝန်လေးနှင့်ကောင်မလေးက ဖားမြူတန့်တစ်ကောင်၏ဝမ်းဗိုက်ကို ထိုးနေသည့် ဗီဒီယိုအတိုလေးဖြစ်ကာ ဖားအောက်ကိုလျှောဝင်

သွားသည့်အချိန်တွင် ဂါဝန်အနားစလေးလန်သွားပြီး ခရမ်းဇာအတွင်းခံလေး ပေါ်လာသည့်မြင်ကွင်းကို သေချာအမိအရရိုက်ယူထားသည့် မြင်ကွင်းပင်ဖြစ်သည်။

"ဒီကျောင်းသားတွေက တကယ်ကြီးဗီဒီယိုရိုက်ယူထားတာပဲ။" ထို့နေ့က မက်ဒါနာတစ်ယောက် သူ့ကိုယ်သူ ဂါဝန်ဝတ်ထားသည်ကို မေ့သွားပြီး အောက်စလွတ်သွားခြင်းပင်။ ဗီဒီယို captionနှင့် commentများကို မြင်ရပြီးသည့်အချိန်တွင်တော့ သေချင်စိတ်ပါပေါက်သွား၏။

'စုန်းဖြူမလေးကြောင့် လိပ်ပြာတွေပဲ မြင်ယောင်နေပြီ။'ဟု ခေါင်းစဥ်တပ်ထားသော ငါးမိနစ်စာ ဗီဒီယိုအတိုလေးအောက်တွင် ကောမန့်ပေါင်းတစ်သောင်းကျော်နေပြီး 'ခရမ်းဇာဝတ်တဲ့ ကောင်မလေးတွေက သဘောကောင်းတယ်ကြားဖူးတယ်။' 'အား၊ သူက သိပ်မကိတ်ပေမဲ့ ချစ်စရာလေးကွ။ တစ်ယောက်ယောက်သူ့နာမည်ပြောကြပါ။' 'ဒါက အစိုးရဟီးရိုးကျောင်းမှာရိုက်ထားတာမဟုတ်လား၊ သာမန်ထောက်ပံရေးပစ္စည်းတွေနဲ့ C အဆင့်အသွင်ပြောင်းမြူတန့်ကို အနိုင်ယူနိုင်တာ တကယ်ရောဖြစ်နိုင်လို့လား။' စသည်ဖြင့် ပြည့်နှက်နေသည်။

မက်ဒါနာ၏Instagramမှ အဝတ်အစားကြော်ငြာများကို မြင်ဖူးသည့် လူတချို့ကတော့ လိုက်ပြီးlinkလင်းနေကြ၏။ 'စုန်းဖြူမလေးက ချစ်စရာအကောင်းဆုံးကွ။' 'မင်းတို့ခုမှသိတာလား။' စသည်ဖြင့် လိုက်ပြောနေကြသေးသည်။

မက်ဒါနာကတော့ ရှက်လွန်းလို့ ထိုဗီဒီယိုကိုကြည့်ပြီးနောက် လမ်းဘေးဓာတ်တိုင်တစ်တိုင်ကိုဖက်ကာ တိုင်နှင့်ခေါင်းနှင့် အကြိမ်ကြိမ်ဆောင့်လိုက်မိ၏။

'အမေရေ၊ အမေ့သားတော့ ကောင်မလေးချောချောမရဘဲ လူတကာအိပ်မက်ထဲက မိန်းမလှလေးဖြစ်နေပြီဗျ။' ရုတ်တရက်ကြီး စိတ်ထဖောက်ကာ တိုင်နှင့်ခေါင်းနှင့်ဝင်ဆောင့်နေသော ငွေရောင်သူရဲကောင်းကြီးကို လမ်းသွားလမ်းလာလူများက ဝိုင်းကြည့်နေကြ၏။ မက်ဒါနာလည်း အတော်ကြာမှ သူ့ကိုဝိုင်းကြည့်နေမှန်း သတိထားမိသွားပြီး ပိုရှက်သွား၏။

"အဟား၊ မနေ့ညက ကောင်းကောင်းမအိပ်လိုက်ရလို့ပါ။ ဟဲဟဲ..." ခပ်ချာချာဆင်ခြေတစ်ခုကို ကျပန်းပြောလိုက်ရင်း မက်ဒါနာက ကွေးသွားသည့် သတ္တုဓာတ်တိုင်ကို ပြန်မတ်ပေးရန် ကြိုးပမ်းလိုက်သော်လည်း အားများသွားပြီး ချက်ချင်းကျိုးကျသွားတော့၏။

မက်ဒါနာ: "......" 'ဒီတိုင်ကရော ဆာကူရာထုတ်ကုန်လား။'

ဝိုင်းကြည့်နေသည့်သူများ: "....." 'Silver Knight စော်ငြင်းခံလာရတာများလား။'

ဓာတ်တိုင်ချိုးလိုက်မိသည့်ကိစ္စကြောင့် ရဲစခန်းတွင် မက်ဒါနာသွားဒဏ်ကြေးဆောင်လိုက်ရသည်။ ကွင်းနယ်မြေရဲစခန်းမှူး လင်ဒါကတော့ သူ့ကို လက်ညိုးကောက်ကောက်ထိုးကာ ဆူလွှတ်လိုက်သေးသည်။

"ရှင်က ဟီးရိုးတစ်ယောက်ဖြစ်နေပြီး ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးစရာလား။" ရဲသားလေးများဖြစ်သော ကယ်ဗင်၊ ကလောက်နှင့်တခြားကောင်လေး

များကတော့ သူတို့နှစ်ယောက်ကို ပြုံးစိစိနှင့်ကြည့်နေကြ၏။ မသိရင် လင်မယားအချစ်စမ်းတာကို အားကျပြီး ကြည့်နေတဲ့ အထက်တန်းကျောင်းသား အက်ဖေတစ်သိုက်လိုလို။

စခန်းက ထွက်လာပြီးနောက်တော့ မက်ဒါနာက ဖလေရာကို ဖုန်းခေါ်လိုက်သည်။ ပြီးနောက် နဂိုလေသံဖြင့် စကားပြောလိုက်၏။

"မန်နေဂျာ... ရှေ့နေကောင်းကောင်းတစ်ယောက်လောက်သိလား။"

"အယ်...မက်ဒါနာ၊ နင်ဘာဖြစ်တာလဲ။ ကားနဲ့သူများကိုတိုက်မိလို့ တရားစွဲခံရတာလား။ ဆေးမှုလား။ ဘာအမှုလဲ။"

"ဖွီ... မပြောကောင်းမဆိုကောင်းမန်နေဂျာရယ်။ တခြားအရေးကြီးကိစ္စ လုပ်စရာရှိလို့ပါ။" မက်ဒါနာ ထိတ်လန့်သွားတယ်။ အင်း၊ ဘာပဲပြောပြော ရှေ့နေကိစ္စကို အစမရှိအဆုံးမရှိကြီး သွားပြောမိရင် ဘယ်သူမဆို အဲဒီလိုပဲထင်ကြမှာ။

"ဪ၊ ငါ့ရှေ့နေရှိတယ်လေ။ နင့်ကိုမိတ်ဆက်ပေးမယ်။ သူက လိပ်ကိုဂျပိုးဖြစ်အောင်၊ ဂျပိုးကို လိပ်ဖြစ်အောင် ပြောတဲ့နေရာမှာ ချန်ပီယံလေ။"

ဖလေရာရဲ့လေသံက တစ်မျိုးအေးအေးလေးဖြစ်နေတယ်။ ဘယ်လိုပြောရမလဲ၊ ရိုမန့်တစ်ရုပ်ရှင်တွေထဲမှာ ကောင်မလေးက ကောင်လေးကိုစကားပြောရင်သုံးတဲ့လေသံလိုပဲ။

"ဒါပေမဲ့ အမှန်တရားဖက်က ရဲရဲဝင့်ဝင့်ရပ်တည်ရဲတဲ့ ရှေ့နေတစ်ယောက်လိုချင်လို့ပါ။" ဒါပေမဲ့ မက်ဒါနာရဲ့ပြန်ဖြေစကားကိုလည်းကြားရော လေသံကချက်ချင်း ခက်ထန်သွားတယ်။

"မက်ဒါနာ... နင်အခုရောက်နေတဲ့နေရာမှာ ရပ်နေ၊ ငါလာခဲ့မယ်။ နင်အမှုအကြီးကြီးနဲ့ စွပ်စွဲခံထားရတာမလား။ မပူနဲ့ ငါရှေ့နေ့လုပ်ငန်းတစ်ခုလုံး ငှားပြီးလာခဲ့မယ်။ ဘယ်သူက ငါ့ကောင်မလေးကို မဟုတ်မဟပ်တွေ စွပ်စွဲရဲတာလဲ။"

"ဘယ်သူက နင့်ကောင်မလေးလဲ။" မက်ဒါနာစိတ်ဆိုးသွားပြီ။ ဘာလို့အဲဒီအပျိုကြီးက သူ့ကို ရည်းစားတစ်ယောက်လို ဆက်ဆံနေရတာလဲ။ အကြီးကြီးလွဲနေပြီ။

"ဒီမှာ.. ကျွန်မသေချာရှင်းပြမယ်။ ကျွန်မအတွက်လိုလို့မဟုတ်ဘူး။ ဆာSilver Knightက သူ့ရဲ့Twitterပေါ်မှာ ရှေ့နေတစ်ယောက်လိုချင်တယ်ရေးထားလို့လေ။"

"အယ်... ဟုတ်လို့လား၊ နင့်ဆာSilver Knightက ဆိုရှယ်မီဒီယာ အကောင့်မရှိဘူးဆို။"

"အခုရှိသွားပြီ၊ ရှာကြည့်လိုက်။" မက်ဒါနာပြောတဲ့အခုဆိုတာ လုံးဝမမှားဘူး။ လွန်ခဲ့တဲ့ ဆယ့်ငါးစက္ကန့်လောက်ကမှ ဆင်ခြေရှာဖို့အတွက် Techno telekinesisကိုသုံးပြီး အကောင့်တစ်ခု ကပျာကရာဖွင့်လိုက်တာ။ follower တောင် မရှိသေးဘူး။ ဒါပေမဲ့ခဏနေရင် အများကြီးရှိလာတော့မှာ။

တစ်ဖက်မှာတော့ ဖလေရာက ရုံးခန်းထဲမှာထိုင်ရင်း laptopက twitterအကောင့်ကိုဖွင့်ပြီး Silver Knightလို့ရှာလိုက်တယ်။ fanတွေဖွင့်ထားတဲ့အကောင့်အပြင် follow 4000 မကျော်ဘဲ ဘလူးမက်ကြီးတကားကားဖြစ်နေတဲ့ Silver Knight အကောင့်ကို တွေ့လိုက်ရတယ်။ ဘယ်တုန်းက Elon Muskက Follow 10Kပြည့်မှ ဘလူးမက်ပေးတဲ့ပေါ်လစီကို ပြင်လိုက်တာလဲ။

အကောင့်ပရိုဖိုင်းကလည်း တော်တော်လေးရယ်စရာကောင်းတယ်။ ကျိုးနေတဲ့ဓာတ်တိုင်ကြီးနားမှာထိုင်ပြီး လက်နှစ်ချောင်းထောင် ဆယ်ဖီဆွဲထားတဲ့ Silver Knightပုံ။

twitကလည်း တစ်ခုတည်းပဲရှိတယ်။

[ဟယ်လို၊ နယူးယောက်က မိဘပြည်သူများ။ ခင်ဗျားတို့သိကြတဲ့အတိုင်းပဲ ငလူးကောင်အိုက်ဇာဝါကို ကျွန်တော်တရားစွဲထားတယ်။ လောလောဆယ်ရုံးချိန်းကများတော့ ကင်းမလှည့်နိုင်မှာစိုးတာနဲ့ စိတ်ချရတဲ့ ရှေ့နေရှာနေပါတယ်။ ကူညီပေးကြပါ။]

တင်ထားတာကလည်း လွန်ခဲ့တဲ့ စက္ကန့်အနည်းငယ်ကမှ just now တောင်မပျောက်သေးဘူး။

"အယ်... မက်ဒါနာ၊ နင့်Silver Knightရောဂါက မသေးဘူးပဲ။ သူခုဏလေးမှ တင်ထားတာကို ချက်ချင်းကောက်ဖတ်ပြီး ငါ့ကိုဖုန်းလှမ်းဆက်တယ်။"

"အွန်း၊ see firstထားတာလေ။"

အခုတလော နယူးယောက်မှာ ရောဂါအသစ်ပြန့်နေတယ်။ Silver Knightဆိုတာနဲ့ သည်းသည်းလှုပ်နေတဲ့ ဆယ်ကျော်သက်ကောင်မလေးတွေရဲ့ရောဂါလေ။ Silver Knightတုပ်ကွေးလို့ခေါ်တယ်။

"မြန်မြန်ပြောပါ၊ ကျွန်မသူရဲကောင်းကြီးကို ကူညီချင်လွန်းလို့။"

"အေးပါ...အေးပါ၊ တစ်ယောက်တော့ရှိတယ်။ ငါလိပ်စာကပ်ပို့ပေးလိုက်မယ်။" ဖလေရာက ဖုန်းကိုချလိုက်ပြီး မက်ဒါနာဆီကို အီးမေးလ်တစ်စောင်ပို့လိုက်တယ်။.

အီးမေးလ်ရောက်တော့ မက်ဒါနာဖွင့်ဖတ်ကြည့်လိုက်တယ်။ အီးမေးလ်ထဲမှာတော့ ချီလုလုဆိုတဲ့ နာမည်တစ်ခုနဲ့အငယ်တန်းရှေ့နေ့ဆိုတာပဲပါတာ။ အကျိုးဆောင်လုပ်ငန်းတောင်မရှိတဲ့ အလွတ်တန်းရှေ့နေဖြစ်ပုံပဲ။

"အငယ်တန်းရှေ့နေတဲ့၊ တကယ်ကို အားကိုးလို့ရပါ့မလား။"

မက်ဒါနာကတော့ စိတ်တောင်ဆင်းရဲသွားပြီ။ ချိန်ပါဆင်းခါစ ရှေ့နေတစ်ယောက်ဖြစ်နေရင် အများကြီး အသုံးဝင်ဖို့မလွယ်ဘူး။ အထူးသဖြင့် တစ်ဖက်ရှေ့နေက နယူးယောက်ရဲ့ထိပ်တန်းဖြစ်နေချိန်မှာပေါ့။

တစ်ဖက်မှာတော့ အီးမေးလ်ပို့ပြီးပြီဖြစ်တဲ့ ဖလေရာက သက်ပြင်းချလိုက်တယ်။

"မက်ဒါနာလေးက သူရဲကောင်းတွေကိုမှ သဘောကျတဲ့သူများလား။ ငါလည်းငါ့အဖိုးဝတ်စုံကြီးဝတ်ပြီး ဟီးရိုးလိုင်စင်လျှောက်ရင်ကောင်မလား။" ဟုတ်ပါတယ်၊ ဖလေရာက မက်ဒါနာကိုသိမ်းပိုက်ဖို့ ပလန်တွေချနေတာပါ။

၂။

မက်ဒါနာ လိပ်စာကပ်က ဖုန်းကိုလှမ်းခေါ်တော့ တစ်ဖက်ကနေ ပျာပျာယာယာနဲ့ ပြန်ဖြေလိုက်တဲ့ မိန်းကလေးတစ်ယောက်ရဲ့အသံကို ကြားလိုက်ရတယ်။

"ဟုတ်ကဲ့ရှင့်... အမိန့်ရှိပါရှင့်... ချီလုလုပြောနေပါတယ်။ အမှုအပ်စရာ ရှိလို့လားဟင်။"

"ဟုတ်ပါတယ်..." မက်ဒါနာက Silver Knightရဲ့ ယောက်ျားဆန်တဲ့လေသံနဲ့ ပြောလိုက်တယ်။ ခဏနေတော့ တစ်ဖက်ကနေပြီး

"ဟူးရေး... နောက်ဆုံးတော့ ငါ့ကိုအမှုအပ်မယ့်သူရှိပြီကွ။ ချီလုလု၊ နင်က အသုံးမကျတဲ့သူမဟုတ်တော့ဘူး။"

"...." 'ငါဘာလို့ မဟာ့မဟာကံဆိုးမတစ်ယောက်ရဲ့ အငွေ့အသက်တွေရနေပါလိမ့်။'

"အား... တောင်းပန်ပါတယ်၊ ကျွန်မစိတ်လွတ်သွားလို့ပါ။ ခြောက်လလောက် ဘယ်သူမှ အမှုလာမအပ်ဘူးဆိုတော့ အိမ်ပြန်ပြီးအလုပ်လုပ်တော့မလား စဥ်းစားနေတာ။"

"...." 'ဒီတစ်ယောက်က တကယ်ကြီးအားကိုးရမှာပါနော်။'

မက်ဒါနာနဲ့ရှေ့နေချီလုလုက ဆိုင်တစ်ဆိုင်မှာချိန်းလိုက်ပြီး တွေ့ဖို့ဆုံးဖြတ်လိုက်ကြတယ်။ မက်ဒါနာ ချိန်းထားတဲ့နေရာကိုရောက်တော့ အဲဒီနေရာက တရုတ်တန်းက စားသောက်ဆိုင်ဖြစ်နေရော။

'အင်း... သူ့နာမည်ကြားကတည်းက တရုတ်လူမျိုးလို့တော့ ထင်သားပဲ။' "ငါရောက်ပြီ။"

မက်ဒါနာက ငွေရောင်စစ်သည်ဝတ်စုံကို ဝတ်ထားရင်း လက်ပိုက်ထားတယ်။ သူက ဆိုင်ကိုတစ်ချက်ဝေ့ကြည့်ရင်း အော်ပြောလိုက်တာပါ။ ဆိုင်ထဲမှာ လူနည်းနည်းပဲရှိတာ။ အရက်မူးနေတဲ့ တရုတ်အဖိုးကြီးတစ်ယောက် အမြည်းမှာနေတာပဲရှိတယ်။

ခဏနေတော့ နောက်ကနေပြီး အေပရွန်လေးဝတ်ထားတဲ့ မျက်မှန်ဝိုင်းဝိုင်းနဲ့ကောင်မလေးတစ်ယောက် ထွက်လာတယ်။ လက်ထဲမှာတော့ အသားလုံးကြော်တစ်ပွဲ ကိုင်ထားလေရဲ့။

"ရပါပြီ..." ကောင်မလေးက ပြောပြောဆိုဆိုနဲ့ အရက်သမားဦးလေးကြီးရဲ့စားပွဲပေါ်ကို ဟင်းပွဲတင်ပေးလိုက်တယ်။ မက်ဒါနာရဲ့စနစ်မှာလည်း နာမည်တစ်ခုပေါ်လာလေရဲ့။

[အမည်- ချီလုလု

အသက်- ၂၁

စွမ်းအား- မရှိ/ မှတ်ပုံတင်မထား

အလုပ်အကိုင်- ဂျူနီယာရှေ့နေ

ပြစ်မှုမှတ်တမ်း- မရှိ။]

"မင်းက ရှေ့နေချီလုလုလား။" မက်ဒါနာက တည်ငြိမ်တဲ့ခြေလှမ်းကိုလှမ်းရင်း ကောင်မလေးနားကပ်သွားတယ်။ စားပွဲထိုးလုပ်နေတဲ့ ချီလုလုကတော့ သူ့နာမည်အခေါ်ခံလိုက်ရတာကြောင့် မော့ကြည့်လိုက်ပြီး Silver Knightကို မြင်ရပြီးတဲ့ အခါမှာတော့ မျက်နှာတစ်ခုလုံး နီရဲသွားလေရဲ့။

"ဆာ...ဆာ...ဆာSilver Knight... ကျ...ကျွန်မကို ဘာလို့လာရှာတာလဲဟင်။ တစ်ခုခုအမှားလုပ်မိထားလို့လား။"

မက်ဒါနာကတော့ စိုးရိမ်နေတဲ့ ရှေ့နေအသစ်လေးကြောင့် လက်တစ်ဖက်ကိုမြှောက်ပြရင်း မစိုးရိမ်ဖို့ပြောလိုက်တယ်။

"မစိုးရိမ်ပါနဲ့၊ ငါက မင်းကိုအမှုအပ်မလို့လာတာပါ။"

"Silver Knightက ကျွန်မကို အမှုအပ်တယ်။" ကောင်မလေးမျက်နှာက ခုဏကထက် ပိုနီရဲသွားပြီး နားထဲကနေတောင် ရေခိုးရေငွေ့တွေ ထွက်လာပုံပဲ။ နောက်တော့ တစ်ဖက်ကိုလှည့်သွားပြီး ဟင်းပွဲထည့်သယ်တဲ့ စတီးလင်ဗန်းလေးကို ရင်ဘတ်မှာကပ်ထားရင်း တစ်ယောက်တည်းအတွေးလွန်နေတယ်။

"Silver Knightက ငါ့ကိုအမှုအပ်တယ်... Silver Knightက ငါ့ကိုအမှုအပ်တယ်... ငါ့ကိုအမှုအပ်တယ်...အမှုအပ်..အမှုအပ်...အမှုအပ်..."

"....." မက်ဒါနာကတော့ တစ်ယောက်တည်း လက်ပိုက်ထားပြီး ကောင်မလေးစိတ်ငြိမ်သွားတဲ့အထိ စောင့်နေလိုက်တယ်။ ခဏနေတော့ ဆိုင်နောက်ကနေ အေပရွန်ဝတ်ထားတဲ့ တရုတ်အဒေါ်ကြီးတစ်ယောက် ထွက်လာပါလေရော။

"လုလု... သူက နင့်ကိုအမှုလာအပ်တာမလား။ ဘာလို့ သူ့ကိုစောင့်ခိုင်းထားရတာလဲ။" အဒေါ်ကြီးက ချီလုလုကိုဆူပြီး မက်ဒါနာကို စားပွဲတစ်ဝိုင်းမှာ ထိုင်ခိုင်းလိုက်တယ်။

"လုလု... မြူဆွမ်စွပ်ပြုတ်တွေလာယူဦး၊ ဧည့်သည်ကို ဧည့်ခံလိုက်။"

ခဏနေတော့ မက်ဒါနာရှေ့မှာ ကြက်သားကြာဇံစွပ်ပြုတ်လေးတစ်ပွဲရှိနေပြီး ချီလုလုကတော့ ခုထိမျက်နှာတစ်ခုလုံး နီရဲနေတုန်းပဲ။ သူနဲ့မျက်နှာချင်းဆိုင်ထိုင်နေပေမဲ့ မျက်နှာကိုလွှဲထားပြီး စေ့စေ့ကြည့်ရဲဟန်မပေါ်ဘူး။

"ကျ...ကျွန်မကို အလုပ်အပ်တာ ဆာSilver Knightလို့ ထင်မထားဘူး။"

'ဒီကောင်မလေးက ရှက်တတ်တဲ့ မိန်းကလေးမျိုးလား။' မက်ဒါနာ စိတ်ထဲက အရင်ဆုံးတွေးမိတာ အဲဒါပဲ။ ချီလုလုက နည်းနည်းတော့ ခေတ်နောက် ကျတဲ့မိန်းကလေးလို ထင်ရတယ်။ မျက်မှန်အထူဝိုင်းဝိုင်းကြီးရယ် ကျစ်ဆံမြီးကျစ်ထားတဲ့ ဆံပင်နှစ်ခွရယ်ရှိပြီး ချစ်စရာကောင်းပေမဲ့ ခက်မိုက်မိုက်ပုံစံတော့ မဟုတ်ဘူးရယ်။ အနက်ရောင်ကုတ်အင်္ကျီလေးကို ဝတ်ထားပြီးတော့ ဒူးအထိဖုံးတဲ့စကပ်ရှည်ရှည်ရယ်၊ ပေါင်တစ်ဝက်ဖုံးတဲ့ ဇာခြေအိတ်ရှည်ကို ဝတ်ထားတယ်။ ပြောရရင် ရှက်တတ်ပြီး ချစ်စရာကောင်းတဲ့ ကောင်မလေးဆိုတာပဲ။

"ကျွန်မက အလုပ်သင်ဆင်းပြီးတာ မကြာသေးပေမဲ့ ကျွန်မကို ဘယ်သူမှအလုပ်မအပ်ကြဘူးလေ။ ပြီးတော့ ပထမဆုံးအလုပ်အပ်လာတဲ့သူက ဆာSilver Knightဖြစ်နေတော့ နည်းနည်းအံ့အားသင့်နေတာပါ။"

"ဖြစ်တတ်ပါတယ်၊ ဂျူနီယာရှေ့နေတွေက ရုန်းကန်ရတယ်မဟုတ်လား။ ဘာလို့များ ရှေ့နေကုမ္ပဏီတစ်ခုခုကို ရွေးဖို့မစဥ်းစားခဲ့တာလဲ။"

မက်ဒါနာက လက်ညိုးတစ်ချောင်းကိုထောင်ရင်း မေးလိုက်တယ်။ စိတ်ထဲမှာတော့ ချီလုလုရဲ့ပြည့်ဖောင်းဖောင်းရင်ဘတ်ကို မနာလိုဖြစ်နေတာ။ ချီလုလုက သင်္ဘောသီးလောက်ရှိနေတယ်လေ။ သူယောက်ျားလေးအဝတ်တွေဝတ်မိလို့ ပြစ်ဒဏ်အနေနဲ့ ကြီးလာတုန်းကတောင် အဲဒီလောက်မကြီးဘူး။ ပြီးတော့ ချီလုလုက အရပ်လေးလည်းပုသေးတယ်။ ကောင်လေးတွေအိပ်မက်ထဲက ပုကိတ်အလှလေးလိုပဲ။

"သူ...သူတို့က ကျွန်မကိုမခန့်ချင်ကြဘူးလေ။"

ချီလုလုက သူအလုပ်မရရတဲ့အကြောင်းကို ဆက်ပြောပြတယ်။ ကောင်လေးတစ်ယောက် လိင်အမြတ်ထုတ်ခံရတဲ့အမှုပါ။ အသက်နည်းနည်းကြီးတဲ့ အမျိုးသမီးက ကောင်လေးကိုလိင်ပိုင်းဆိုင်ရာ အသားယူဖို့လုပ်ခဲ့ပြီးတော့ တကယ့်အကျယ်အကျယ်ဖြစ်လာတော့ အဲဒီအမျိုးသမီးက ကောင်လေးကိုတရားစွဲခဲ့ပါတယ်။ ချီလုလုကလည်း အမျိုးသမီးဖက်က အမှုလိုက်တဲ့ ရှေ့နေနောက်ကနေ ချိန်ပါလိုက်ခဲ့ရပြီးတော့ အမိန့်ချမယ့်နေ့မှာ မနေနိုင်ဘဲ မခိုင်လုံတဲ့သက်သေတွေကို ပါးစပ်က ထောက်ပြမိခဲ့ပါတယ်။

"ယောက်ျားလေးတစ်ယောက်ကလည်း နစ်နာသူဖြစ်နိုင်တာပဲမဟုတ်လား။ ဘာပဲပြောပြော ဒီကလေးက ၁၃နှစ်ပဲရှိသေးတာလေ။ ပုံမှန်အခြေအနေမှာ အရွယ်ရောက်ပြီး အမျိုးသမီးတစ်ယောက်က အလွယ်တကူပဲ သူ့လက်ကနေ ထွက်ပြေးသွားလို့ရတယ်မဟုတ်လား။"

အဲဒီကနေ အသက်သုံးဆယ်အရွယ်အဒေါ်ကြီးက Shotaလေးတစ်ယောက်ကို အမြတ်ထုတ်ပြီး စားပြီးနားမလည်လုပ်ဖို့ကြိုးစားတဲ့ကိစ္စလည်း ဘူးပေါ်သလိုပေါ်တော့တာပဲ။

ကလေးအမေနဲ့ကောင်လေးက သူ့ကိုတစ်ဘဝလုံး ကျေးဇူးရှင်မလေးအဖြစ် သတ်မှတ်ခဲ့ပေမဲ့ ဥပဒေအကျိူးဆောင်ကုမ္ပဏီကတော့ မပျော်ခဲ့ဘူးတကယ်။ ဒါနဲ့သူ့ကို ဘယ်သူမှအလုပ်မခန့်ရဲတော့တာ။

'ချီလုလုက နောက်ကျောကိုဓားနဲ့ထိုးလိမ့်မယ်။'ဆိုပြီးတော့ပေါ့။ ဒီလိုနဲ့တရုတ်တန်းက သူ့အမေဆိုင်မှာ စားပွဲထိုးပြန်လုပ်ဖို့ ဖြစ်လာတော့တာပဲ။

မက်ဒါနာအတွက်တော့ အဲဒီကိစ္စက အရေးမကြီးဘူး။ ဘာပဲပြောပြော ချီလုလုကြောင့် shotaလေးအစားခံရတဲ့ကိစ္စ ပေါ်သွားတာလေ။ ဒါတရားမျှတတယ်။

မက်ဒါနာနဲ့ချီလုလုဟာ ညနေစောင်းတဲ့အထိ စကားပြောခဲ့ကြပါတယ်။ မက်ဒါနာက စနစ်ရဲ့ဉာဏ်ရည်တုကိုသုံးပြီး ချီလုလုရဲ့အရည်အချင်းကို စမ်းသပ်ခဲ့တယ်။

ရလဒ်အနေနဲ့ ချီလုရဲ့တရားဥပဒေနားလည်နိုင်စွမ်း၊ ဖြတ်ထိုးဉာဏ်နဲ့ တရားမျှတမှုအမြင်တွေဟာ ထိပ်တန်းရှေ့နေကြီးတွေထက် အောက်မကျဘူးဆိုတာ သိခဲ့ရတယ်။ သူလိုနေတာက အတွေ့အကြုံပဲဖြစ်ပြီး အချိန်တန်ရင် တောက်ပလာမှာပါ။

မက်ဒါနာဟာ ချီလုလုရဲ့လုပ်ရည်ကိုင်ရည်ကို သဘောကျသွားပြီး ဆာကူရာကုမ္ပဏီနဲ့ပတ်သက်တဲ့ ဖိုင်တွေကို လွှဲပေးခဲ့တယ်။ တစ်ချိန်တည်းမှာပဲ လုံခြုံရေးအရ တစ်ခုခုဖြစ်ခဲ့ရင် သူ့ကိုဆက်သွယ်ဖို့ အီးမေးလ်ကိုပါ ပေးခဲ့ပါတယ်။

တကယ်လို့ ဒီအမှုသာ အောင်မြင်သွားရင် ချီလုလုလည်း နယူးယောက်ရဲ့နာမည်ကျော် တက်သစ်စ ရှေ့နေဖြစ်လာနိုင်ပါတယ်။

"ကျ...ကျွန်မကို ယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆာSilver Knight။"

"မင်းရဲ့တရားမျှတတဲ့အမြင်ကိုသာ မပျောက်စေနဲ့။" မက်ဒါနာက လက်ပြနှုတ်ဆက်ပြီး ဆိုင်ထဲက ထွက်လာခဲ့တယ်။ အဲဒီနောက် တရုတ်တန်းထဲမှာ အချိန်အတော်ကြာ လျှောက်သွားဖြစ်ပါတယ်။ တရုတ်တန်းမှာက တကယ်ပဲလူစုံရှိပါတယ်။ ဒီနေရာမှာ လိုင်စင်ရ လက်နက်အရောင်းဆိုင်တောင် ရှိပါသေးတယ်။ မက်ဒါနာလည်း စိတ်ကူးတစ်ခုပေါ်လာတယ်။

"အဲဒီအိုက်ဇာဝါဆိုတဲ့ကောင်က A- အဆင့်မဟုတ်လား။ ငါ့စွမ်းအားက နည်းနည်းအားနည်းသေးတယ်။ သူနဲ့မရင်ဆိုင်နိုင်သေးဘူး။ လက်နက်တစ်ခုခု ဝယ်ရင်ကောင်းမလားပဲ။"

မက်ဒါနာမှာ မသုံးရသေးတဲ့ ပိုက်ဆံတစ်သန်းကျော် ကျန်ပါသေးတယ်။ အခုက မျက်နှာနှစ်ခုရှိတဲ့ စူပါဗီလိန်နဲ့ ရင်ဆိုင်နေရတာဆိုတော့ လက်နက်အပြည့်အစုံရှိသင့်တယ်လေ။

'လီမိသားစု လက်နက်အရောင်းဆိုင်'လို့ ဆိုင်းဘုတ်ချိတ်ထားတဲ့ လက်နက်အရောင်းဆိုင်ထဲကို သူဝင်လာလိုက်တယ်။ အတွင်းမှာကတော့ ကောင်တာနှစ်ခုရှိပြီးတော့ ရုပ်ရည်ချောမောပြီး ဝိတ်တာတစ်ယောက်လိုဝတ်ထားတဲ့ တရုတ်အမျိုးသားတစ်ယောက်နဲ့ သူ့လိုပဲ ရုပ်ရှည်ချောမောတဲ့ ဝိတ်တာတစ်ယောက်လိုဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက်တို့က ကောင်တာတစ်ခုစီမှာ ရှိနေကြတယ်။

အမျိုးသားက လူမည်းဦးလေးကြီးတစ်ယောက်ကို အမဲပစ်ရိုင်ဖယ် ပြပေးနေတဲ့အတွက်ကြောင့် မက်ဒါနာက အမျိုးသမီးဝန်ထမ်းဖက်ကို လှည့်သွားလိုက်တယ်။

"မင်္ဂလာပါ၊ လီမိသားစု လက်နက်အရောင်းဆိုင်ကနေ ကြိုဆိုပါတယ်။ လူကြီးမင်းက ဘယ်လိုလက်နက်မျိုး အလိုရှိပါသလဲရှင့်။"

ငွေရောင်ချပ်ဝတ်နဲ့ သူရဲကောင်းတစ်ယောက် ဒီနေရာကိုဝင်လာတာကိုတောင် ဝန်ထမ်းတွေက သိပ်အံ့ဩသွားပုံမရဘူး။ ဟီးရိုးတွေ ဒီနေရာကို ဝင်ထွက်လေ့ရှိပုံပဲ။

"တခြားဟီးရိုးတွေရော ဒီနေရာကို လာလေ့ရှိလား။"

"ဝယ်သူရှင့်၊ ကျွန်မတို့ဆိုင်က ဒီတစ်မြို့လုံးမှာ ခေတ်အမီဆုံးလက်နက်တွေကိုရောင်းပါတယ်။ ဟီးရိုးအထောက်အကူပြုပစ္စည်းတွေလည်း မျိုးစုံရှိပါတယ်။ လတိုင်းမှာ ဟီးရိုးအယောက်ငါးဆယ်လောက် လာရောက်ဝယ်ယူလေ့ရှိပါတယ်။"

"ကောင်းပြီ၊ ငါ့ကို ဝတ်စုံမှာတပ်လို့ရမယ့် အော်တိုမစ်ရှင်းဂန်းတွေ ပြပေးပါ။ ပြီးတော့ လျှပ်စစ်ကျည်စက်ရော။"

"ကျည်စက်ကရော ဝတ်စုံမှာ တပ်လို့ရတာပဲလား။"

"ဟုတ်တယ်။"

"ခဏစောင့်ပေးပါရှင့်။" မိန်းကလေးက ငွေရောင်စစ်သည်ကို ဦးညွှတ်ပြီးတော့ နောက်ကိုလှည့်ဝင်သွားတယ်။ ခဏနေတော့ လက်နက်တချို့ကိုထုတ်ယူလာပါတယ်။

"ဒါက M8 Browning suit versionပါ။ ကျည်အိမ်ကြီးပြီး တစ်မိနစ်ကို ကျည်အလုံးနှစ်ရာပစ်နိုင်ပါတယ်။ ကျည်ကာဖောက်ကျည်ဆန်တွေ သုံးနိုင်ပြီးတော့ Cအဆင့်မြူတန့်တွေရဲ့အကာအကွယ်ကို ထိုးဖောက်နိုင်ပါတယ်။"

"Bအဆင့်လက်နက်တွေ ပြပေးပါ။"

မက်ဒါနာက အခုB- အဆင့်ဟီးရိုးတွေပါ။ C အဆင့်လက်နက်တွေက သူနဲ့မကိုက်ညီတော့ပါဘူး။ ဝန်ထမ်းမိန်းကလေးကတော့ မျက်ခုံးပင့်လိုက်ပါတယ်။

"ကျွန်မက ဆာSilver Knightကို C အဆင့်လို့ထင်နေတာ။ ဒါမှမဟုတ် B အဆင့်တွေကို ယှဥ်ပစ်နိုင်ဖို့လား။"

မက်ဒါနာကတော့ သူ့မျက်နှာရှေ့ကို လက်ညိုးနဲ့ကန့်လန့်ဖြတ် တင်လိုက်ပြီးတော့ တိတ်တိတ်နေခိုင်းလိုက်တယ်။

"တခြားသူတွေဘယ်လိုမြင်လည်းမသိပေမဲ့ ဟီးရိုးတစ်ယောက်ရဲ့ခွန်အားက လျှို့ဝှက်ထားသင့်တယ်လို့ ကျုပ်ထင်တယ်။"

ဟုတ်ပါတယ်၊ ဟီးရိုးတစ်ယောက်အတွက် လျှိုထားတဲ့ခွန်အားက အသက်ကယ်ဆေးတစ်ခုဖြစ်လာနိုင်ပါတယ်။ မိန်းကလေးကလည်း ခေါင်းညိတ်လိုက်ပြီး နောက်လက်နက်တစ်ခု သွားယူတယ်။"

"Bအဆင့်တွေအတွက် ရည်ရွယ်ပြီးထုတ်ထားတဲ့ M9S Browning suit versionပါ။ လက်ရှိ စက်သေနတ်တွေထဲမှာ အဆင့်အမြင့်ဆုံးလက်နက်လည်းဖြစ်တယ်။ B အဆင့်တွေရဲ့အကာအကွယ်ကို ဖောက်နိုင်တယ်။ ပိုကောင်းတာတွေလိုချင်ရင်တော့ ကိုယ်တိုင်လုပ်မှပဲဖြစ်လိမ့်မယ်။"

မက်ဒါနာ ခေါင်းညိတ်လိုက်တယ်။ သာမန်လူသားတွေလုပ်နိုင်တဲ့ လက်နက်အဆင့်က ဒါဂိတ်ဆုံးပါပဲ။ စစ်တပ်သုံးလက်နက်တွေက ပိုကောင်းနိုင်ပေမဲ့ နည်းပညာဟီးရိုးတွေအနေနဲ့ကတော့ အသင့်လုပ်ပြီးသားဝယ်ရင် ဒီအဆင့်ထိပဲ ဝယ်လို့ရပါတယ်။

"ဘယ်လောက်လဲ..."

"ဒေါ်လာသုံးသိန်းပါ။"

"ကောင်းပြီ၊ ယူမယ့်အထဲထည့်လိုက်။ လျှပ်စစ်ကျည်စက်ကိုပြဦး။"

ဝန်ထမ်းမိန်းကလေးက စတီးကွင်းတွေပါတဲ့ လျှပ်စစ်လက်နက်တစ်မျိုးကို ထုတ်ပြလိုက်တယ်။ ပြီးတော့ လက်ပတ်နဲ့တွဲသုံးရတာပါ။

"Thor 1 ဟီးရိုးသုံး လျှပ်စစ်သေနတ်။ သတ္ထုကွင်းတွင်ကို လက်နက်မှာတပ်ဆင်ထားပြီးတော့ ခြေတွေလက်တွေကို ပစ်ခတ်လို့ရတယ်။ သတ္ထုကွင်းတွေက ရန်သူ့ခြေလက်တွေကို ပတ်သွားပြီးတော့ ရှော့တိုက်ပြီး သတိလစ်စေတဲ့အထိ လုပ်နိုင်တယ်။ ရန်သူကို အရှင်ဖမ်းချင်ရင် အကောင်းဆုံးလက်နက်ပဲ။"

"ထည့်မယ်..."

"ဒေါ်လာလေးသိန်းခွဲပါ။"

မက်ဒါနာဟာ တစ်ထိုင်တည်းမှာပဲ ဒေါ်လာခုနစ်သိန်းကျော်ကို သုံးပစ်လိုက်ရတယ်။ နည်းပညာဟီးရိုးဖြစ်ရတာက အကုန်အကျများလွန်းတယ်လေ။ ထပ်ပြီးတော့ မက်ဒါနာက သူလိုအပ်မယ့် အခြားအထောက်အကူပစ္စည်းတွေ၊ ကျည်ဆန်တွေ ဝယ်ပြီးတဲ့နောက်တော့ ၉သိန်းနားကပ်သွားရော။

ငွေခြေခါနီးတော့ မက်ဒါနာက ဘဏ်ကတ်ကိုထုတ်ပေးလိုက်တယ်။

"ဆာ Silver Knight၊ ဒီလက်နက်တွေဝယ်ဖို့အတွက်ဆို ဟီးရိုးလိုင်စင်၊ ဒါမှမဟုတ် သေနတ်ကိုင်ဆောင်ခွင့်လိုင်စင်ပြဖို့ လိုအပ်ပါတယ်။"

"....." မက်ဒါနာ ဝန်ထမ်းကောင်မလေးကို ကြောင်ကြည့်နေတယ်။ သူ့မှာသေနတ်ကိုင်ဆောင်ခွင့်ရော ဟီးရိုးလိုင်စင်ပါမရှိဘူး။

"ဟားဟား... ငါအိမ်မှာကျန်နေခဲ့တယ်။" မက်ဒါနာက ဘဏ်ကတ်အပြင် ဝတ်စုံထဲဝှက်ယူလာတဲ့ ငွေသားဒေါ်လာလေးထောင်ကိုပါ ထုတ်ပေးလိုက်တယ်။

"ဒါကမုန့်ဖိုး... လိုင်စင်အကြွေးမှတ်ထားလိုက်။" ဝန်ထမ်းကောင်မလေးက Silver Knightကို မျက်နှာသေကြီးနဲ့စိုက်ကြည့်နေတယ်။ မသိရင် ရဲပြေးခေါ်တော့မယ့်ရုပ်နဲ့။

"ဆာ...ဆာ့ဘဏ်အကောင့်နဲ့ လက်နက်ဝယ်မယ်ဆိုရင် လိုင်စင်မရှိဘဲ လက်နက်ဝယ်တယ်ဆိုတာ ရဲတွေသိသွားလိမ့်မယ်နော်။ ကျွန်မကို လာဘ်ထိုးလည်းအပိုပဲ။"

"....." ဉာဏ်ကောင်းတဲ့ မက်ဒါနာလေး ဒါကိုတော့ တွေးမိခဲ့ပုံမပေါ်ဘူး။ ဘဏ်ကတ်တွေမှာက ငွေကိုဘယ်နေရာမှာသုံးလည်းပါ ပေါ်နေတာလေ။

"ဒါ...ဒါပေမဲ့ ငါကဟီးရိုးလေ။"

"ရှင့်ဘဏ်ကတ်နာမည်မှာက ဟီးရိုးလို့မှရေးမထားတာ။ ဟီးရိုးတွေဘာလို့ ဟီးရိုးလိုင်စင်လုပ်တာလဲ မသိဘူးလား လိုင်စင်အကုန်မဲ့ဟီးရိုးကြီးရဲ့။"

"ဟေး...နိုး...." မက်ဒါနာ ခေါင်းကိုလက်နှစ်ဖက်နဲ့ကိုင်ပြီး အကျယ်ကြီးအော်မိသွားတယ်။ ဝန်ထမ်းမလေးကတော့ တခိခိရယ်နေပြီ။ နောက်မှ...

"ထားပါထားပါ... ကျွန်မရဲ့လက်နက်ကိုင်ဆောင်ခွင့်လိုင်စင်နဲ့ ရှင့်အစားဝယ်ပေးလို့ရတယ်နော်... ဒါပေမဲ့...."

"ဒါပေမဲ့ဘာဖြစ်လဲ... ငါမင်းကို ဘယ်လောက်ပေးရမလဲ။"

ဝန်ထမ်းကောင်မလေးက နှုတ်ခမ်းနီဆိုးထားတဲ့ နှုတ်ခမ်းကို ဆွဲဆောင်မှုရှိစွာဟလိုက်ပြီး

"ကျွန်မရှင်နဲ့ ဘားမှာအတူသောက်ချင်တယ်..."

"ဒါပဲလား...."

"ဒါပဲလေ၊ ဟီးရိုးတစ်ယောက်ရဲ့အတူသောက်ရမှာ ဘယ်လောက်ကောင်းလဲ။"

"....." 'ဒီကောင်မလေးက အရက်သမားဖြစ်နေမယ်လို့ ငါမထင်ထားခဲ့ဘူး။' မက်ဒါနာတော့ ခိုးပြီးသက်ပြင်းချမိလိုက်ပြီ။

"ကောင်းပြီလေ။" မက်ဒါနာက ပြောပြောဆိုဆိုနဲ့ ကောင်မလေးရဲ့အချက်အလက်တွေကို စစ်ကြည့်လိုက်တယ်။

[အမည်- လီဖေးဖေး

အသက်- ၁၉နှစ်

စွမ်းအား- သိမ်းငှက်မျက်လုံး/ အမြင်အမျိုးအစား (B)

ရဲမှတ်တမ်းဖိုင်များ- နယူးယောက်၏အကြီးဆုံး လက်နက်ကုန်သည် လီမိသားစုခေါင်းဆောင် လီရှန်းလုံ၏အကြီးဆုံးသမီး။ လီမိသားစုကို တရားမဝင်လက်နက်မှောင်ခိုမှုများအတွက် ရဲတပ်ဖွဲ့မှ သံသယဝင်နေပြီး လျှို့ဝှက်ထောက်လှမ်းလျက်ရှိသည်။]

"ဒီကောင်မလေးက အန္တရာယ်များမယ့်ကလေးမပဲ။" မက်ဒါနာဒီလိုတွေးလိုက်တယ်။ '၁၉နှစ်နဲ့ လက်နက်ကြီးတွေပါ ဝယ်လို့ရတဲ့ လက်နက်လိုင်စင်ရှိနေတာလား။ ကြောက်စရာပဲ။'

၃။

"ယာမီ၊ ငါ့ရဲ့ခန္ဓာကိုယ်ကို ဂရုစိုက်ပေးပါဦး။"

ဂျာမန်သူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို ဝင်အပိုင်စီးထားတဲ့ ဆိုဖီယာက တခြားခန္ဓာကိုယ်တစ်ခုထဲကို ဝင်လိုက်တယ်။ လူတွေ ဗိုင်အိုလာလို့သိကြတဲ့ လူတစ်ယောက်လေ။

ပိန်ပိန်ပါးပါး ဖြူရော်ရော်အသားအရေနဲ့ လူငယ်လေးတစ်ယောက်က မလှုပ်ရှားတော့တဲ့ အန်နာစတေးရှားရဲ့ခန္ဓာကိုယ်ကို လက်နဲ့ထိလိုက်တယ်။ အသက်မဲ့အလောင်းကောင်က စတင်လှုပ်ရှားလာပြီး သူ့ဘာသာသူ အေးခဲအခန်းထဲကို လျှောက်ဝင်သွားတယ်။ ဗိုင်အိုလာခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ဆိုဖီယာလည်း လှည့်ထွက်သွားတယ်။

ဟုတ်တယ်၊ သူ့နာမည်က ယာမီ။ နာမည်အရင်းတော့မဟုတ်ဘူး။ ရှင်တိုဘာသာရေးပုံပြင်တွေထဲက မြေအောက်တမလွန်ဘုံနဲ့ အဓိပ္ပါယ်အတူတူပဲ။ ဆိုဖီယာရဲ့Hostခန္ဓာတွေကို ထိန်းသိမ်းပေးရတဲ့သူ။ မက်၊လယ်ရီနဲ့မိုးတို့ကတော့ သူ့ကိုဖုတ်ကောင်အိုကြီးလို့ ခေါ်တတ်ကြတယ်။

မြူတန့်ခေတ်မှာ မွေးဖွားလာသူဖြစ်ပြီးတော့ သူ့စွမ်းအားက တခြားသူတွေနဲ့ လုံးဝကိုကွဲပြားတယ်။ သူ့စွမ်းအားက ဆဲလ်သေတွေကို ပြန်အသက်သွင်းနိုင်တာ။ သိပ္ပံပညာရှင်တွေတောင်မှ သေဆုံးနေတဲ့ဆဲလ်တွေကို ပြန်အသက်မသွင်းနိုင်ကြဘူး။ သူကတော့ လုပ်နိုင်တယ်၊ ဒါပေမဲ့ပုံမှန်မဟုတ်တဲ့ နည်းလမ်းနဲ့ပါ။ ဆဲလ်တွေဟာ တကယ်အသက်ပြန်ရှင်မလာပေမဲ့ ဘက်တီးရီးယားတွေကြောင့်ဖြစ်လာတဲ့ ပျက်စီးပျောက်ကွယ်သွားနှုန်းကို ထိန်းထားနိုင်ပြီး သေလျက်နဲ့လှုပ်ရှားနိုင်စေတယ်။

လူတွေပြောလေ့ရှိကြတဲ့ ဇွန်ဘီဖုတ်ကောင်တွေအဖြစ် အလောင်းကောင်တွေကို လှုပ်ရှားစေနိုင်တာမျိုးပေါ့။ ဒါပေမဲ့ သူ့စွမ်းအားကြောင့် လှုပ်ရှားလာတဲ့ အလောင်းကောင်တွေက ရုပ်ရှင်တွေထဲကလိုမျိုး လူတကာကို လိုက်ကိုက်နေတာမျိုးမဟုတ်ဘူး။ သူ့စွမ်းအားက ဦးနောက်ဆဲလ်တွေကိုပါ လှုပ်ရှားလာစေတယ်။ တစ်နည်းအားဖြင့် ဉာဏ်ရှိတဲ့ ဖုတ်ကောင်တွေ။

သူ့အသက်ငါးနှစ်မှာပေါ့။ သူမွေးထားတဲ့ ကြောင်လေးတစ်ကောင် ကားတိုက်ခံရပြီး သေသွားခဲ့တယ်လေ။ ကြောင်လေးသေသွားတာကို သူလက်မခံနိုင်ခဲ့ဘူး။ ဒါကြောင့် ကြောင်လေးရဲ့ကျိုးသွားတဲ့ခါးကို ပြန်တည့်မတ်ခဲ့ပြီး ဒဏ်ရာတွေကို ပတ်တီးစည်းပေးထားခဲ့တယ်။

နောက်တော့ သူမှတ်မိတာက ကြောင်လေးရဲ့ခေါင်းကို ပုတ်ပေးပြီး ငိုကြွေးခဲ့မိတာပဲ။ အဲဒီမှာ ဆန်းကြယ်မှုတစ်ခု ဖြစ်လာခဲ့တာ။ သေဆုံးပြီးသားကြောင်လေးက မျက်လုံးဖွင့်လာပြီး တဂီးဂီးနဲ့အော်တယ်။ ကားကြိတ်ခံရပြီး အသံအိုးပျက်စီးနေတာကြောင့် ညှောင်လို့ မအော်နိုင်တော့ဘဲ အော်သံက တရှဲရှဲဖြစ်နေခဲ့တာ။

အဲဒီနေ့က သူ့စွမ်းအား နိုးထလာတဲ့နေ့ပေါ့။

ယာမီဟာ သူအသက်ပြန်သွင်းထားတဲ့ ကြောင်လေးကို လေ့လာခဲ့တယ်။ ကြောင်လေးက အသက်ရှင်ဖို့ စွမ်းအင်လိုတယ်။ ဒါပေမဲ့ တခြားကြောင်တွေလိုမျိုး အစားအစာတွေမစားတော့သလို ဇာတ်ကားထဲက ဇွန်ဘီတွေလိုမျိုးလည်း လူတွေကို လိုက်ကိုက်မနေဘူး။ ဖုတ်ကောင်ကြောင်စားတဲ့ တစ်ခုတည်းသောအရာက ခြောက်လပန်းတွေ။ အဆိပ်ရှိတဲ့ ခြောက်လပန်းတွေပေါ့။

နောက်တော့ သူ့မိဘတွေ သူ့ရဲ့အစွမ်းကို သတိပြုမိသွားတယ်။

အလန့်တကြားဖြစ်နေတဲ့ သူ့မိဘတွေက သူအသက်သွင်းထားတဲ့ ကြောင်လေးကို တစ်စစီရိုက်ချိုးပစ်ခဲ့ကြတယ်။ ဖုတ်ကောင်ဆိုတာက သက်ရှိတွေ ကြောက်ကြတဲ့အရာလေ။ သေဆုံးပြီးပေမဲ့ လှုပ်ရှားနေတဲ့အရာ၊ ဘာသာတရားတိုင်းမှာ သူတို့ကို မကောင်းတဲ့သတ္တဝါတွေအဖြစ် ဖော်ပြထားခဲ့တယ်မဟုတ်လား။

အဲဒီနောက်ပိုင်းမှာ သူ့မိဘတွေရဲ့သူ့အပေါ်ဆက်ဆံပေါ်က တစ်မျိုးပြောင်းလဲသွားတယ်။ နွေးထွေးတဲ့မိဘတွေက အေးစက်သွားကြပြီ၊ သူ့ကို မိစ္ဆာနတ်ဆိုးတစ်ကောင်လိုမျိုး မြင်လာကြတယ်။ သူ့စွမ်းအားကို လူတွေမသိစေဖို့ ထုတ်မသုံးခိုင်းသလို လူကြားထဲမပြောမိစေဖို့ပါ ကျပ်မတ်လာတယ်။ ဒါပေမဲ့ ငယ်ရွယ်တဲ့ယာမီကတော့ သေဆုံးသွားတဲ့သတ္တဝါတွေကို အသက်သွင်းတာဟာ သူတို့ကိုဆက်အသက်ရှင်ခွင့်ပေးတာဖြစ်လို့ ကုသနည်းတစ်မျိုးလို့ပဲ ယူဆခဲ့တယ်။

တစ်နေ့၊ သူအသက်သွင်းပေးထားတဲ့ အတောင်ကျိုးငှက်တစ်ကောင်နဲ့လမ်းဘေးခွေးလေးတစ်ကောင်ကို သူ့အဖေတွေ့ပြီးနောက် သူ့ကိုခါးပတ်နဲ့ရိုက်ခဲ့တယ်။ ကျောတစ်ခုလုံးကနေ သွေးတွေစိမ့်ထွက်ပြီး အသားနီတွေလန်ကုန်တဲ့အထိပေါ့။ တစ်ညလုံး သူငိုနေခဲ့ရတယ်။ နာကျင်မှုက ၇နှစ်သာရှိသေးတဲ့ ကလေးတစ်ယောက်အတွက် သိပ်ကိုပြင်းထန်လွန်းခဲ့တယ်။

သူအသက်ကြီးလာတာနဲ့အမျှ သူ့စွမ်းအားက ကြီးမားလာလေလေပဲ။ ၁၀နှစ်ပြည့်တော့ သူ့စွမ်းအားနဲ့ အသက်သွင်းထားတဲ့ ဖုတ်ကောင်တွေကို ထိန်းချုပ်နိုင်တာ သိလာခဲ့တယ်။ ပိုပြီးတော့ အသိပညာကြွယ်ဝလာပြီမလို့ သူ့စွမ်းအားက ဗီလိန်လို့ အမည်တပ်ခံရနိုင်တဲ့စွမ်းအားမှန်း သိလာခဲ့တယ်လေ။ ဒါကြောင့် သူမဆင်မခြင်မလုပ်တော့ဘူး။

ဒါပေမဲ့ တစ်နေ့ကျတော့ သူထင်မထားတဲ့အရာတစ်ခု ဖြစ်လာခဲ့တယ်လေ။ သူ့ဖခင်က အချစ်သစ်ရှာတွေ့နေပြီ။ ရည်းစားအသစ်နဲ့ အမေမသိအောင် ချိန်းတွေ့တယ်၊ အိမ်ထောင်ရေးဖောက်ပြန်မှုအထိ ဖြစ်လာပြီးတော့ အကြီးအကျယ်ပြဿနာတက်ခဲ့တာပေါ့။

ယာမီ၁၂နှစ်ပြည့်မွေးနေ့မှာ ကိတ်မုန့်အစား အလွန်ပြင်းထန်တဲ့ ရန်ပွဲကိုပဲ ကြုံခဲ့ရတယ်။ ကွဲမယ်ကွာမယ်ဖြစ်ရာကနေ လက်ပါလာပြီး ဖခင်ဖြစ်သူက မိခင်ကို သစ်သားခုံနဲ့ရိုက်ခဲ့တယ်လေ။ နောက်တော့ လက်လွန်သွားပြီး ယာမီရဲ့အမေဘယ်တော့မှ ပြန်ထမလာနိုင်တော့ဘူး။

လူသတ်မှုအထိ ဖြစ်လာပြီမလို့ ယာမီရဲ့အဖေလည်း ထိတ်လန့်သွားခဲ့တယ်။ သူ့သားရဲ့အစွမ်းကိုတွေးမိတော့ အတင်းတောင်းပန်ပြီး အသက်သွင်းခိုင်းတယ်။ ယာမီဟာ သွေးအိုင်ထဲလဲနေတဲ့ အမေနဲ့ သွေးစွန်းနေတဲ့ သူ့အဖေရဲ့လက်တွေကို ခံစားချက်မဲ့တဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်နေခဲ့တယ်။ ယာမီရဲ့အဖြေကတော့...

"အမေ့ကို ကျွန်တော်အသက်သွင်းမှာပါ၊ ဒါပေမဲ့ သစ္စာမရှိတဲ့အဖေကိုတော့ မလိုချင်တော့ဘူး...."

ယာမီအသက်သွင်းထားတဲ့ ဖုတ်ကောင်ခွေးတွေက ယာမီရဲ့အဖေကို တစ်စစီဖြစ်အောင် ဝိုင်းဆွဲဖြတ်ခဲ့ကြတယ်။

အဲဒီကိစ္စပြီးတဲ့နောက်မှာ ယာမီဟာ ရက်စက်တတ်နေပြီ။ ရက်အနည်းငယ်ကြာပြီးနောက် ယာမီရဲ့အမေက အိုဆာကာရဲစခန်းမှာ အမှုဖွင့်ခဲ့တယ်။ ယာမီရဲ့အဖေ တစ်ပတ်လုံးအိမ်ပြန်မလာလို့ လူပျောက်တိုင်တာတဲ့။

ဆိုဆာကာရဲစခန်းက စခန်းမှူးအိုကြီးလည်း အဲဒီနေ့ကို မှတ်မိနေတုန်းပဲ။ ညဖက်ကြီး မျက်နှာတစ်ခုလုံး သွေးမရှိသလို ဖြူဖပ်နေတဲ့ အမျိုးသမီးတစ်ယောက်ရောက်လာပြီး အမှုဖွင့်ခဲ့တာလေ။ အဲဒီသက်လတ်ပိုင်းမိန်းမရဲ့ခြေလက်တွေက အေးစက်နေပြီး ခြောက်လပန်းရနံသင်းသင်းက သူ့ကိုယ်ကနေ ထွက်ပေါ်နေခဲ့တာ။ နှုတ်ခမ်းတွေက ပြာနှမ်းနေပြီး လူသေကောင်နဲ့တူတယ်။ အဲဒီလူပျောက်မှုကို နှစ်ပေါင်းများစွာ အိုဆာကာရဲတွေ စုံစမ်းခဲ့ပေမဲ့ ဘာမှမထူးခဲ့ဘူး။

ယာမီရဲ့အသက် ဆယ့်ငါးနှစ်အထိ တခြားထူးထူးခြားခြားဖြစ်ရပ်မျိုး မဖြစ်ခဲ့ဘူး။ နေ့တိုင်းကျောင်းကပြန်လာပြီးရင် အမေပြင်ပေးထားတဲ့ ညစာစားတယ်။ အတူတီဗီကလာတဲ့ ရုပ်ရှင်တွေကြည့်ကြတယ်။ မွေးထားတဲ့ ခွေးလေးတွေနဲ့အတူ လမ်းလျှောက်ထွက်တယ်။ စာလုပ်တယ်။ စနေတနင်္ဂနွေဆို အချိန်ပိုင်းလုပ်တယ်။

ဆယ့်ငါးနှစ်ပြည့်ပြီးနောက် ယာမီဟာ အထက်တန်းကျောင်းဝင်ခွင့် စာမေးပွဲကို ထူးချွန်စွာအောင်မြင်ပြီး နိုင်ငံရဲ့အကောင်းဆုံး အထက်တန်းကျောင်းမှာ တက်ခွင့်ရသွားတယ်။ အဲဒီမှာ ယာမာဂုချီမိသားစုက ဒုတိယသမီးကို သူချစ်မိသွားခဲ့တယ်။ သူအမြဲတမ်း ကြိုးစားခဲ့ပေမဲ့ ဒုတိယသခင်မလေးကတော့ တခြားတစ်ယောက်ကိုပဲ စိတ်ဝင်စားနေဆဲပါ။

အာကိုင်းဂါမီ ကိုင်းတို၊ S အဆင့် သူရဲကောင်းတစ်ယောက်။ ဂျပန်နိုင်ငံရဲ့ကာကွယ်သူဖြစ်ပြီးတော့ မိန်းကလေးတွေအားလုံးရဲ့ အိုက်ဒေါတစ်ယောက်ပေါ့။ ချောမောတဲ့ရုပ်ရည်၊ ဆွဲဆောင်မှုရှိတဲ့ အနီရောင်ဆံပင်နဲ့မျက်လုံးတွေ။ ရိုးသားပြီးတုံးအပေမဲ့ အဲဒါကိုက သူ့ရဲ့ညို့ဓာတ်ဖြစ်နေတာ။

ယာမာဂုချီ တာကရဟာ ဘုရားကျောင်းမှာနေတဲ့ နိုင်ငံစောင့်ရှောက်သူဟီးရိုးကို သိပ်သဘောကျခဲ့တာ။ ကိုင်းတို သွားတဲ့နေရာတိုင်းကို လျှောက်လိုက်တယ်။ ကိုင်းတိုရဲ့စွန့်စားခန်းတိုင်းမှာ ပါချင်တဲ့အတိုင်း ဟီးရိုးတစ်ယောက်ဖြစ်လာဖို့ ဆုံးဖြတ်ခဲ့တယ်။ အစကနေအဆုံးအထိ ယာမီဟာ တာကရရဲ့မျက်လုံးထဲမှာ ရှိတောင်မရှိနေခဲ့ဘူး။

"ဟီးရိုးတွေလား... သူတို့က မောက်မာလွန်းပြီး မတရားမှုတွေကိုကာကွယ်ဖို့ အမြဲနောက်ကျပြီးမှ ရောက်လာကြတာ။"

ဒါကတော့ ယာမီရဲ့လက်ဆွဲဆောင်ပုဒ်ပါ။ သူလည်း မတရားမှုတွေကိုမုန်းတယ်။ ဒါပေမဲ့ ဟီးရိုးတစ်ယောက်တော့ မဖြစ်လာခဲ့ဘူး။ အဲဒီအစား ဗီလိန်တွေကိုသတ်တဲ့ ဗီလိန်ဖြစ်လာခဲ့တာ။ အမှောင်နတ်ဆိုးဆိုတာက သူ့ဗီလိန်နာမည်။ သူသတ်မယ့်သူတွေဆီကို အမှောင်အမိန့်စာဆိုတဲ့ အနက်ရောင်စာတစ်စောင်ကို တစ်ရက်ကြိုပို့လေ့ရှိတယ်။ စာရတဲ့သူဟာ ၂၄နာရီမပြည့်ခင်သေတာပဲ။

"အားလုံးကို အခုလိုဖိတ်လိုက်ရတာ အားနာပါတယ်။ အားလုံးသိကြတဲ့အတိုင်းပဲ ကျုပ်တို့ရဲ့ဆာဆာကီမိသားစုကို အမှောင်လိပ်စာရောက်လာခဲ့ပြီ။ ဒါကြောင့် လူသတ်သမားကို မိအောင်ဖမ်းပေးဖို့ တောင်းဆိုပါတယ်။"

ခမ်းနားတဲ့ ဗစ်တိုးရီးယားခေတ်လက်ရာပုံစံ စံအိမ်ကြီးမှာဖြစ်တယ်။ ထိပ်ပြောင်ပြောင် အဖိုးကြီးတစ်ယောက်က ဟီးရိုးတွေကိုဖိတ်ပြီး ညစာကျွေးတယ်။ အမှောင်နတ်ဆိုးဆီကနေပြီး လွတ်များလွတ်မလားဆိုပြီးတော့ပေါ့။ ဒါပေမဲ့ အသုံးမဝင်ခဲ့ပါဘူး။ ညဆယ့်နှစ်နာရီထိုးတာနဲ့ အနီရောင်ခေါင်းစွပ်ကိုဝတ်ထားတဲ့ မိန်းကလေးတစ်ယောက်နဲ့ ငွေမင်ထိုးထားတဲ့ အနက်ရောင်အနောက်တိုင်းဝတ်စုံကိုဝတ်ဆင်ထားတဲ့ အကမျက်နှာဖုံးတပ် အမျိုးသားတစ်ယောက်က ခန်းမထဲကို ဝင်လာခဲ့တယ်။

"ဘယ်သူလဲ....." ဟီးရိုးတွေ သတိထားမိသွားပြီး သူတို့ကိုဝိုင်းရံလိုက်တယ်။ ထိပ်ပြောင်ကြီးကတော့ အဲဒီမိန်းကလေးကိုမြင်တာနဲ့ လက်ထဲက ဝိုင်ခွက်တောင် ပြုတ်ကျသွားလေရဲ့။

"ကျွန်မက အဲဒီလူသတ်တာ ခံခဲ့ရတဲ့သူ။" မိန်းကလေးက ခေါင်းစွပ်ကို ချွတ်လိုက်တဲ့နောက်မှာတော့ အကုန်လုံး မျက်နှာလွှဲမိလိုက်ကြတယ်။ သူ့တစ်ကိုယ်လုံးမှာ မီးလောင်ဒဏ်ရာတွေနဲ့ပါ။ ဒီဒဏ်ရာတွေကြောင့် တော်တော်ခံစားခဲ့ရမယ့်ပုံပါပဲ။

"မင်း....မင်းကိုငါ အဲဲဒီလှေပေါ်မှာကြိုးတုပ်ပြီး မီးရှို့ခဲ့တာလေ။ မင်းဘယ်လိုလုပ်ပြီး ပြန်ရောက်လာတာလဲ။"

"ကျွန်မ ငရဲက ပြန်တက်လာခဲ့တာ။"

မိန်းကလေးက ရှေ့တစ်လှမ်းလှမ်းလိုက်တာနဲ့ သူဌေးထိပ်ပြောင်မှာ နောက်သို့အလိုလိုဆုတ်မိသွားတယ်။ ကပွဲမျက်နှာဖုံးနဲ့လူငယ်က ဟီးရိုးတွေကို တစ်ချက်ကြည့်လိုက်ပြီး သူစွမ်းအားကိုထုတ်ဖော်လိုက်တယ်။ ခရမ်းရောင်မီးတောက်တွေက လက်သည်းအဖြစ်စုစည်းသွားပြီးတော့ ဧရာမတစ္ဆေရိပ်ကြီးတစ်ခုက အားလုံးကို ခြောက်လှန့်နေသလိုပါပဲ။

"ငါက အမှောင်နတ်ဆိုးပဲ၊ မဆိုင်တဲ့သူတွေကို မသတ်ချင်ဘူး။ သူတို့ဘာသာသူတို့ ရှင်းကြပါစေ။"

သေရွာပြန်မိန်းကလေးက လက်ထဲမှာဓားမြှောင်တစ်ချောင်းကို ကိုင်ထားပြီး ထိပ်ပြောင်သူဌေးရဲ့လည်ပင်းကို လှီးချလိုက်တယ်။ အဲဒီနောက်တော့ ထိပ်ပြောင်သူဌေးလည်း ဆိတ်ကြီးတစ်ကောင် လည်လှီးခံရတဲ့အတိုင်းပဲ ဆန့်ငင်ဆန့်ငင်နဲ့အသက်ထွက်သွားတော့တယ်။

နှစ်အနည်းငယ်အတွင်းမှာပဲ အမှောင်နတ်ဆိုးရဲ့သတင်းက ဂျပန်ပြည်မှာကျော်ကြားလာပါတယ်။ ဘယ်မကောင်းသတင်းကျော်ကြားတဲ့ မီလျံတာကြီးတော့ အမှောင်နတ်ဆိုးသတ်တာခံရပြန်ပြီ၊ ဘယ်အချိုးမပြေတဲ့ဟီးရိုးကို အမှောင်နတ်ဆိုးက ရိုက်လိုက်ပြန်ပြီနဲ့ပေါ့။

Anti heroတွေဆိုတာက ဟီးရိုးအဖြစ်သတ်မှတ်မခံရဘူး။ သူတို့လုပ်နေတဲ့ တရားမျှတမှုဆိုတာတွေက လူတိုင်းလက်ခံနိုင်တဲ့ အနေအထားမျိုးမှာမရှိဘူး။ မကြာခင်မှာပဲ အစိုးရက အမှောင်နတ်ဆိုးကို သတိထားမိလာကြပြီ။ အမှောင်နတ်ဆိုးကိုဖမ်းပြီး တရားဥပဒေအရ အပြစ်ပေးမယ်ဆိုတဲ့စကားတွေ ပြောလာကြပြီ။

တစ်နေ့တော့ ယာမီနဲ့သူအမေနေတဲ့ တိုက်ခန်းလေးကို ဟီးရိုးတွေဝင်စီးကြတယ်။ သူအသက်သွင်းပေးထားတဲ့ လူသေတွေက သူ့အမေကို အစွမ်းကုန် ကာကွယ်ခဲ့ကြပေမဲ့ အကုန်လုံးပျက်စီးသွားကြတယ်။ ဒါပေါ့၊ သူ့အမေလည်းပါသွားတယ်။ သူတို့က ဖုတ်ကောင်တွေရဲ့ခေါင်းကိုဖျက်ဆီးပစ်ခဲ့တာမလို့ ယာမီဘာမှမတတ်နိုင်ခဲ့ဘူး။

အဲဲဒီနောက်တော့ အစိုးရနဲ့ယာမီကြားမှာ ရန်ငြိုးဖွဲ့မိသွားပြီ။ "တရားဥပဒေဆိုတာက ငါတို့လူသားတွေရဲ့ကောင်းခြင်းဆိုးခြင်းကို ဆုံးဖြတ်ပေးတယ်။ ဒါပေမဲ့ အဲဒီဥပဒေကိုယ်တိုင်က ညစ်ညမ်းနေခဲ့ရင်ရော။" ယာမီမှာ ဖျက်ဆီးလိုစိတ်က ကြီးမားလာခဲ့တယ်။ ကြောင်သူတော်ဟန်ဆောင်ထားတဲ့ ဟီးရိုးတွေနဲ့ အထက်တန်းလွှာတွေကို မလွန်ဆန်နိုင်တဲ့ အစိုးရတွေကို သူစိတ်ကုန်နေတာကြာပြီ။ "ဘာတရားမျှတမှုလဲ၊ မင်းတို့ရဲ့ အထက်တန်းလွှာမိသားစုတွေကို ငါသတ်မှာကြောက်နေကြတာပဲ။"

မြူတန့်ခေတ်ကာလစတင်ပြီး ၂၀၂၅ ခုနစ်မှာ ဖုတ်ကောင်ပုန်ကန်မှုကြီး ဖြစ်လာခဲ့တယ်။ ဂျပန်အိုဆာကာမြို့ကြီးတစ်ခုလုံးကို လူသားနဲ့တိရစ္ဆာန် ဖုတ်ကောင်တွေက လွှမ်းမိုးသွားခဲ့တယ်။ ဒါပေမဲ့ သက်ရှိတွေကိုတော့ ထိခိုက်အောင်မလုပ်ခဲ့ဘူး။ ဟီးရိုးအစည်းအရုံးနဲ့ဂျပန်ညွန့်ပေါင်းအစိုးရပစ်မှတိတွေကိုသာ တိုက်ခိုက်ခဲ့ကြတာပါ။ ဒါပေမဲ့ ဂျပန်အစိုးရက ဖုတ်ကောင်ကပ်ဘေးကြီးဆိုပြီး အမည်တပ်ခဲ့တယ်လေ။ နိုင်ငံတကာကပါ ကမ္ဘာပျက်ကပ်လို့ နာမည်တပ်ပြီး သူတို့ရဲ့ဆိုင်ရာဆိုင်ရာ Sအဆင့်တွေကို စေလွှတ်ခဲ့ကြတယ်။ မြူတန့်သမိုင်းတစ်လျှောက်လုံးမှာ Sအဆင့်တွေအများဆုံး ပါဝင်ခဲ့တဲ့ စစ်ဆင်ရေးကြီးပေါ့။

အိုဆာကာ အမ်ဘရဲလား စစ်ဆင်ရေးလို့ခေါ်တယ်။

ဒါပေမဲ့ယာမီဟာ အဆင့် Sဆိုတဲ့ ကွာဟချက်ကို ချိုးဖောက်ပြီးတာကြာပြီ။ သူ့ရဲ့နောက်စွမ်းအားတစ်ခုက သူအသက်သွင်းပေးလိုက်တဲ့ သေလူတွေရဲ့မြူတန့်စွမ်းအားကို လက်ခံရရှိတာပဲ။ အမျိုးအစားတူရင် ပိုကောင်းတဲ့တစ်ခုအဖြစ် ဆင့်ကဲပြောင်းလဲသွားတယ်။ အခုဆိုရင် သူဟာမတူညီတဲ့ စွမ်းအားပေါင်း၆၀ဆို သုံးနိုင်ပြီးတော့ ကမ္ဘာ့အင်အားအကြီးဆုံးအဆင့်ဖြစ်တဲ့ Sအဆင့်ဆယ်ယောက်လောက်ကို တစ်ပြိုင်နက်တည်းရင်ဆိုင်နိုင်တယ်။ အဆင့်သတ်မှတ်တဲ့ လော့ဂျစ်အရဆို သူဟာSS အဆင့်တောင်ရောက်နေပြီ။ ဒါပေမဲ့ သူ့ကိုSအဆင့်ပါဆိုပြီး အစိုးရက လိမ်နေတုန်းပဲ။ အကြောင်းက Sအဆင့်ထက်မြင့်တဲ့ ဗီလိန်ရှိနေရင် လူတွေတုန်လှုပ်ကုန်မှာစိုးလို့။

နောက်ဆုံးတော့ ဂျပန်ရဲ့ကာကွယ်သူ Sအဆင့် အာကိုင်းဂါမီ ကိုင်းတိုထွက်လာပြီ။ ကိုင်းတိုကလည်း Sအဆင့်ဆိုပေမဲ့ အဲဒီထက်ကျော်လွန်နေတာ အသိသာကြီး။ သူ့စွမ်းအားအကန့်အသတ်ကို လူတွေမသိတာပဲရှိတာ။ အစိုးရရတဲ့တာဝန်ကို သူလက်ခံပြီး တိုကျိုကနေ အိုဆာကာဆီကို ထွက်လာခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ယာမီသိလိုက်ရတာက ကိုင်းတိုနောက်ကို အမြဲတကောက်ကောက်လိုက်နေတဲ့ တာကရဟာလည်း ကျည်ဆန်ရထားစီးပြီး လိုက်လာခဲ့တာပဲ။

နိုင်ငံလေးပုံပုံ တစ်ပုံလောက်ကို ယာမီသိမ်းပြီးနောက် တောမီးလောင် တောကြောင်လက်ခမောင်းခတ်ချင်နေတဲ့ ဗီလိန်တချို့ထကြွလာတယ်။ ယာမီဟာ ဟီးရိုးမဟုတ်လို့ သူတို့လိုဗီလိန်ပဲသတ်မှတ်ပြီး သောင်းကျန်းနေကြတာလေ။ ရထားတွေပေါ်မှာ ဓားပြတိုက်တယ်၊ ဖျက်ဆီးတယ်၊ အပျော်သက်သက် ဗုံးထောင်ပြီး ဖောက်ခွဲတယ်။ ယာမီဟာ JSDF၊ အစိုးရအေးဂျင့်တွေနဲ့ ဟီးရိုးတွေကို ရင်ဆိုင်နေကြတာကြောင့် သူတို့ကိုဂရုမစိုက်နိုင်ခဲ့ဘူး။ ဒါကြောင့် တာကရရဲ့ကံဆိုးတဲ့အဖြစ်အပျက် ဖြစ်ခဲ့တာ။ ဗီလိန်တွေအပျော်ထားတဲ့ ဗုံးကြောင့်ရထားတစ်စီးလုံး ပေါက်ကွဲသွားပြီး B- အဆင့်ဟီးရိုး တာကရဟာ ပြည်သူတွေကိုကာကွယ်ရင်း ကျဆုံးသွားတယ်။

ယာမီ သူ့ကိုယ်သူ အပြစ်တင်လို့မဆုံးခဲ့ဘူး။ သူသာ ဒီပုန်ကန်မှုကြီးကိုမလုပ်ရင် ဒီကိစ္စတွေ ဖြစ်ချင်မှဖြစ်လာမှာ။ ဒါပေမဲ့ သူပိုအပြစ်တင်မိတာက ကိုင်းတိုကိုပဲ။ ဘာလို့ သူ့နောက်တစ်ကောက်ကောက်လိုက်နေတဲ့ ဟီးရိုးတစ်ယောက်ကို နည်းနည်းလေးမှ ဂရုစိုက်တာမျိုး မရှိရတာလဲ။ တာကရသေတဲ့သတင်းကြားတော့ "ဪ..."လို့ပဲ ပြောခဲ့တာ။ သူမသိတဲ့လူတစ်ယောက် သေသွားသလိုပဲ။ တာကရက သူ့ကိုသိပ်ချစ်လွန်းလို့ ယာမီလက်လျှော့ပေးခဲ့တာ။ တာကရဟာ သူ့ကိုအမြဲကြင်နာပေးခဲ့တယ်။ အန္တရာယ်များတဲ့ စစ်ဆင်ရေးတွေမှာတောင် အကူအညီပေးခဲ့တယ်။ သူကတော့ တာကရကို ဘယ်တုန်းကမှ မရှိခဲ့သလိုမျိုး ဆက်ဆံနေခဲ့တာ။

"မင်းက... အမှောင်နတ်ဆိုးလား။"

တစ်နေ့တော့ ယာမီသိမ်းပိုက်ထားတဲ့ အိုဆာကာရဲတိုက်ကောင်းကင်ပေါ်ကို ကြာပန်းမီးတောက်ကို ခြေနင်းပြီး လေပေါ်မှာရပ်နေတဲ့ ကိုင်းတိုရောက်လာခဲ့တယ်။

ယာမီအရင်ဆုံး သူ့ကိုမေးလိုက်တာက...

"မင်း တာကရကိုသိလား..."

"ရထားဗုံးပေါက်မှုမှာ ပြည်သူတွေကို ကာကွယ်ဖို့ကြိုးစားရင်း သေသွားတဲ့တစ်ယောက်လား။"

"သူက မင်းနောက်ကို တစ်ချိန်လုံးလိုက်နေတာကွ၊ ဘာလို့ မသိတဲ့လူလို ဆက်ဆံနေတာလဲ။ သူက မင်းကိုအမြဲ အကြံဉာဏ်တွေတောင်းနေခဲ့တဲ့သူလေကွာ၊ သူ့ဝတ်စုံဒီဇိုင်းအတွက်တောင် မင်းကိုမေးခဲ့သေးတယ်။ မင်းဆီမှာ အလုပ်သင်ဖြစ်ချင်တယ်လို့လည်း ပြောခဲ့သေးတယ်။ မင်းဒါတွေမသိဘူးလား... ဘာလို့ မင်းနဲ့မတွေ့ဖူးတဲ့သူလိုမျိုး ဆက်ဆံနေရတာလဲ။"

ကိုင်းတိုက အေးစက်စက်မျက်နှာနဲ့ပဲ ပြန်ဖြေခဲ့တယ်။

"ငါ.... သူ့ကို ဘယ်တုန်းကမှ မမြင်ဖူးဘူးထင်တာပဲ။ ငါ... သူ့ကိုမမှတ်မိဘူး။"

"မင်း....." ယာမီရဲ့ကျောနောက်ကနေ အနက်ရောင်တောင်ပံတွေ ထွက်ပေါ်လာတယ်။ သူ့တစ်ကိုယ်လုံးကို ခရမ်းပြာမီးတောက်တွေဖုံးလွှမ်းထားပြီး မျက်လုံးတွေရတော့ ခရမ်းပြာရောင်တောက်ပနေတယ်။ သူအနောက်မှာတော့ အလောင်းကောင်တပ်ဖွဲ့ကြီး တစ်ခုလုံးရှိနေတယ်။

"သူလုပ်ပေးတဲ့ ထမင်းဘူးတွေကို မင်းစားကောင်းတယ်လို့တောင် ပြောခဲ့တာလေကွာ။ ခွေးကောင်... မင်းမမှတ်မိချင်ယောင် ဆောင်နေတာလား။"

"ငါ...မသိဘူး...."

အဲဒီနောက်တော့ ကမ္ဘာတစ်ခုလုံးကို တုန်ဟီးစေမယ့် တိုက်ပွဲကြီး စတင်တော့တာပဲ။ Sအဆင့်ထက် ကျော်လွန်နေတဲ့ မြူတန့်တွေရဲ့စွမ်းအားကြောင့် သမိုင်းဝင် အိုဆာကာရဲတိုက်တစ်ခုလုံး ပျက်စီးသွားခဲ့တယ်။ ပင်လယ်ရေတွေ ဆူပွက်နေခဲ့ပြီး မြို့ကြီးတစ်ခုလုံး အပျက်အစီးပုံဖြစ်သွားတယ်။ ဒါပေမဲ့...အနီရောင်နတ်ဘုရားကိုင်းတိုရဲ့စွမ်းအားက သူထင်တာထက် ပိုအားကောင်းနေပြီး ဘယ်သူမှ လိုက်မမီလောက်အောင်ပဲ။

"မင်း... မင်းကသေသွားသင့်တဲ့ကောင်ပဲ...." နောက်ဆုံးတော့ ယာမီဟာ သူ့ကိုယ်တွင်းစွမ်းအားတွေကို လက်ဖဝါးပြင်မှာစုစည်းပြီး ကိုင်းတိုရဲ့ရင်ဘတ်ကို ထိအောင်ရိုက်လိုက်နိုင်တယ်။ ကိုင်းတိုဒဏ်ရာရခဲ့ပေမဲ့ ယာမီလည်းဆိုးဆိုးဝါးဝါးထိခိုက်သွားပြီး လူသေနဲ့မခြားတော့အောင် ဖြစ်သွားခဲ့တာ။ ယာမီက သေလူကို အသက်ပြန်သွင်းနိုင်ပေမဲ့ သူကိုယ်သူကိုတော့ အသက်သွင်းဖို့မဖြစ်နိုင်ဘူးလေ။ ဒါကြောင့် ကိုင်းတိုက သူ့ကိုသေပြီထင်ပြီး ပစ်ထားခဲ့တယ်။

ဖုတ်ကောင်ပုန်ကန်မှုလည်း ပြီးသွားတယ်ဆိုပါတော့။ ကံကောင်းချင်တော့ အစိမ်းရောင်မျက်လုံးတွေနဲ့မိန်းကလေးက တိုက်ပွဲမြေပြင်မှာ လဲကျနေတဲ့သူ့ကို ခေါ်သွားခဲ့တယ်။ အဲဒီနောက် သူ့ကိုအစေခံအဖြစ် ခန့်ထားခဲ့တာပဲ။ ဒါကြောင့် ဒီနေ့လို ခန္ဓာကိုယ်ထိန်းသိမ်းသူ ဖြစ်လာခဲ့တာ။ နောက်ကြားရတဲ့သတင်းတွေကလည်း မကောင်းဘူး။

ကိုင်းတိုစွမ်းအားပျက်စီးသွားပြီး ဟီးရိုးဘဝကနေ အနားယူလိုက်ရတယ်ဆိုတဲ့ကိစ္စပဲ။ သူသိသလောက် သူလုပ်ခဲ့တဲ့ဒဏ်ရာက ကိုင်းတိုကို ခဏလောက် အနှောင့်အယှက်ဖြစ်စေရုံပဲ။ ဒုက္ခိတဖြစ်လောက်အောင်မဟုတ်ဘူး။

နောက်မှထပ်သိရတာက အစိုးရက Sအဆင့်ထပ်ပိုတဲ့ မြူတန့်တွေအန္တရာယ်ကိုကြောက်နေပြီး ကိုင်းတိုကို အပြန်လမ်းမှာ လုပ်ကြံခဲ့တယ်ဆိုတာပဲ။ ယာမာဂုချီမိသားစုရဲ့ငယ်ရွယ်သေးတဲ့ S rank ဥစာကီကို လွှတ်ပြီးလုပ်ကြံခဲ့တာ။ အဲဒီတုနိးက ဥစာကီက ဆယ့်တစ်နှစ်ပဲရှိသေးပေမဲ့ နတ်ဆိုးသတ်ဓားကိုတော့ သုံးနိုင်နေပြီ။ ဒဏ်ရာရနေတဲ့အပြင် နတ်ဆိုးသတ်ဓားကြောင့် စွမ်းအားသုံးမရဖြစ်နေတဲ့ ကိုင်းတိုဟာ ဥစာကီလက်အောက်မှာ စွမ်းအားဖျက်ဆီးခံခဲ့ရပုံပဲ။

"ဟား...." အတွေးလွန်နေတဲ့ယာမီဟာ သက်ပြင်းကိုသာချလိုက်ပြီး ပြိုင်ဖက်ဟောင်းအကြောင်းနဲ့ အရင်ကအကြောင်းတွေ တွေးနေတာကို ရပ်လိုက်တယ်။ သူ့အလုပ်သူ လုပ်ရဦးမယ်။ ဆိုဖီယာကာကွယ်ခိုင်းထားတဲ့ လူတစ်ယောက်ရှိနေသေးတယ်လေ။ လောလောဆယ်တော့ သူဟာ နှိမ့်ချတတ်တဲ့ အစေခံလေးပါ။ ဒါကြောင့် သခင့်အမိန့်ကို နာခံရမယ်။

၄။

ဆာကူရာဌာနချုပ်တွင်ဖြစ်သည်။

အိုက်ဇာဝါနှင့်ငွေရောင်စစ်သည်တော်တို့မှာ မျက်နှာချင်းဆိုင် ထိုင်နေကြပြီး လေဒီဘတ်တာဖလိုင်းကတော့ ကနာမငြိမ်ဖြစ်နေသည်။

ခမ်းနားသော ဧည့်ခန်းမကြီးအတွင်းတွင် အနောက်တိုင်းဝတ်စုံကို ကျကျနနဝတ်ထားပြီး နားထင်တွင် ဆာကူရာပွင့်ချပ်သဏ္ဍာန် တက်တူးထိုးထားသည့် လူတစ်ဒါဇင်ခန့်က နံရံတွင်ကပ်ကာ စီစီရီရီမတ်တပ်ရပ်နေကြပါသည်။

အိုက်ဇာဝါကတော့ ဆိုဖာခုံပေါ်တွင် ခြေချိတ်ထိုင်လျက်ရှိပြီး သူ၏ဘေးတွင်ရှိနေသော လက်ထောက်မိန်းကလေးက သေတ္တာဆယ်လုံးကို ဖွင့်ပြလိုက်သည်။ ဒေါ်လာတစ်ရာတန်များက အတွင်းတွင် အထပ်လိုက်ရှိနေလေ၏။

"မင်းတို့ အခုနေအမှုရုပ်သိမ်းမယ်ဆိုရင် ဒေါ်လာဆယ်သန်းပေးမယ်။"

ငွေရောင်စစ်သည်တော်က ခေါင်းခါပြလိုက်သည်။ သူကလည်း အိုက်ဇာဝါကို အတုယူကာ ခြေချိတ်ထိုင်လိုက်ပြီး ပေါင်နှစ်ချောင်းကို လက်ဖြင့်ပုတ်လိုက်၏။ ဆွေးနွေးပွဲမီစေရန် တစ်လမ်းလုံး ပြေးလာရသဖြင့် ခြေထောက်များ ညောင်းနေပြီဖြစ်သည်။ တကယ်တော့ မက်ဒါနာကို သူ၏အိမ်စေဉာဏ်ရည်တုမက သတိပေးနေပြီးသားဖြစ်သည်။

"မမလေး၊ ဒီလူ့နှလုံးခုန်သံက တအားမြန်နေတယ်။ မမလေးကို အသေသတ်ချင်နေပုံပဲ။ ဟိုနောက်က ယာကူဇာတွေကိုတွေ့လား။ သူတို့အင်္ကျီအောက်မှာ သေနတ်တွေနဲ့။"

မက်ဒါနာကတော့ သူ့ဉာဏ်ရည်တုကို တကယ်ကြီးစဥ်းစားဉာဏ်ရှိအောင် လုပ်ခဲ့မိသည့်အတွက် နောင်တတွေ အတောင့်လိုက်ရနေသည်။ သာလိကာမလေးလိုမျိုး တစ်နေကုန် တတွတ်တွတ်ပြောနေတော့သည်။ ပြီးတော့ သူ့ရုပ်ခန္ဓာနှင့်ပတ်သက်ပြီး အခုထိကျေနပ်သေးပုံမရဘူး။

'လူကြီးကစားတဲ့ အရုပ်မကြီးနဲ့တူတယ်၊ ရင်ဘတ်ကလည်း ဆီလီကွန်အပေါစားကြီးနဲ့။' ပရိုဂရမ်တွေ ဖျက်ပစ်မယ်ပြောမှ ထပ်မပြောတော့ခြင်းဖြစ်သည်။

"မစ္စတာအိုက်ဇာဝါ၊ ခင်ဗျားကြည့်ရတာ ကျုပ်တို့ကို အထင်လွဲနေပုံပဲ။ ကျုပ်တို့ ခင်ဗျားတို့ကိုတရားစွဲထားတာ ပိုက်ဆံလိုချင်လို့မဟုတ်ဘူး။ ကျုပ်တို့က တရားမျှတမှုပဲလိုချင်တာ။"

အိုက်ဇာဝါက စိတ်ပျက်ပျက်ဖြင့် လက်ဖျောက်တစ်ချက်တီးလိုက်သည်။ ယာကူဇာ နောက်ထပ်တစ်ဒါဇင်ခန့် ထပ်ဝင်လာပြီး ငွေသေတ္တာအလုံးလေးဆယ်ထပ်လာတင်သည်။

"သန်းငါးဆယ်ထပ်ပေးမယ်...."

လေဒီဘတ်တာဖလိုင်းကတော့ ထိုမျှများပြားသည့် ငွေသားများကို မမြင်ဖူးသဖြင့် မျက်လုံးပြူးနေပြီဖြစ်သည်။ မက်ဒါနာတစ်ယောက်သာ တည်တည်ငြိမ်ငြိမ် ရှိနေသေးသည်။

'ဟွန့်... ငါဒီဇိုင်းတစ်ခါရောင်းတာတောင် သန်းခြောက်ဆယ်ရတာ၊ နင်က နင့်အသက်ကိုဝယ်ဖို့ သန်းငါးဆယ်ပဲပေးတယ်လား။' ဒီငနှဲသား အိုက်ဇာဝါက လူသတ်မှုတွေ၊ဆေးမှုတွေ အများကြီးနဲ့ပတ်သက်နေတာပါ။ သေချာပေါက် ထောင်ဒဏ်အများကြီးကျရင်ကျ၊ မကျရင် သေဒဏ်ပါပဲ။

မက်ဒါနာကလည်း အတော်လေးကြိုးစားခဲ့ပါတယ်ဆိုတဲ့ပုံစံနဲ့ လက်ခုပ်တီးလိုက်တယ်။

"များသားပဲ၊ ဒါပေမဲ့ သေသွားတဲ့လူတွေကို အဲဒီငွေက ပြန်ရှင်အောင် လုပ်ပေးနိုင်လို့လား။"

"မင်း...." အိုက်ဇာဝါက သူ၏အင်္ကျီထဲမှ ဓားတိုလေးကို ဆွဲထုတ်ပြီး မက်ဒါနာကို ပစ်ပေါက်ရန်လုပ်သည်။ သို့သော် မက်ဒါနာ၏ညာလက်က မြောက်တက်လာပြီး လျှပ်စစ်ရှော့တိုက်ကွင်းတန်း ပစ်လိုက်သည်။

အိုက်ဇာဝါ၏လက်ကို လျှပ်စစ်ကွင်းက ချုပ်ထားလိုက်ပြီး သူ၏မြူတန့်စွမ်းအားကို တားမြစ်ပြီးသားဖြစ်သွားလေသည်။

"အိုးအိုး... မစ္စတာအိုက်ဇာဝါက အဆင့် A မြူတန့်ဆိုတာနဲ့ ငါတို့ကို ခြိမ်းခြောက်လို့ရမယ်ထင်နေတာလား။ စိတ်မကောင်းစရာက ငါကလည်းသန်မာတယ်။" မက်ဒါနာ၏ကျောနောက်မှ သူဝယ်ထားသော စက်သေနတ်ကြီးထွက်လာပြီး အိုက်ဇာဝါ၏ခေါင်းကို ချိတ်ထားလိုက်သည်။

"မင်းတို့ကောင်တွေ မင်းတို့လက်နက်တွေကို ပြန်သိမ်းထားကြ။ မင်းတို့သူဌေးခေါင်း ခွေးစာဖြစ်သွားချင်သလား။"

မက်ဒါနာ စလှုပ်ရှားကတည်းက သေနတ်ထုတ်ကာ ချိန်ထားသော ယာကူဇာများအားလုံး ထိတ်လန့်ကုန်ကြပြီး သေနတ်များကို ပြန်သိမ်းထားလိုက်သည်။

မက်ဒါနာကလည်း သေနတ်ကို ပြန်သိမ်းလိုက်၏။ အိုက်ဇာဝါကတော့ ဓာတ်လိုက်နေတုန်းပင်။

"အေမီ၊ နင်တွေ့လိုက်လား။" မက်ဒါနာ တခြားသူများမကြားအောင် စပီကာကိုပိတ်လိုက်ပြီး ဝတ်စုံထဲတွင် သူ၏ဉာဏ်ရည်တုကို လှမ်းပြောလိုက်သည်။ နည်းပညာလိုအပ်ချက်ကြောင့် သူတို့က စိတ်ချင်းဆက်မထားနိုင်သေးပါ။

"အင်း... မမလေး ဟိုလူကို သေနတ်နဲ့ပစ်မယ်လုပ်တော့ အတွင်းရေးမှူးမရဲ့လက်ထဲမှာ မြေမှုန်တွေစုစည်းသွားတယ်။ မြေကျည်ဆန်လုပ်လိုက်ပုံပဲ။ B အဆင့်စွမ်းအားမလို့ ကျွန်မတို့သံချပ်ကာကို မဖောက်နိုင်ရင်တောင် အချိုင့်ကြီးတစ်ခု ဖြစ်သွားအောင် လုပ်နိုင်လိမ့်မယ်။

"ဒါဖြင့် သူက ငါတို့ရှာနေတဲ့ လူသတ်သမားပေါ့၊ သက်သေကို လင်ဒါဆီပို့လိုက်တော့။"

"ဟုတ်ကဲ့။" တစ်ချိန်တည်းမှာပင် သူတို့ကို ရုံးချုပ်အပြင်မှ စောင့်နေသော ရဲဗန်ကားလေးထဲတွင် လင်ဒါက မက်ဆေ့တစ်ခု ရလိုက်ပါသည်။ ကယ်ဗင်နှင့်ကလောက်တို့လည်း လင်ဒါနှင့်အတူရှိနေကြသည်။

ဂျပန်မိန်းကလေးတစ်ယောက်၏ ပတ်စပို့စာရွက်စာတမ်းများနှင့် ယခင်က ကျူးလွန်ခဲ့ပုံရသည့် သံသယရှိဖွယ် ပြစ်မှုများကို ဖော်ပြထားသည့် ဖိုင်တစ်ခုဖြစ်သည်။ မြေကျည်ဆန်ကို စုစည်းလိုက်သည့် ဗီဒီယို အတိုလေးလည်းပါသည်။

"အာအိုရီ ကာမိယ၊ အသက် ၂၃ နှစ်။ ဆာကူရာဂိုဏ်း လက်ထောက်ဂိုဏ်းခေါင်းဆောင်။ တရားဝင်အထောက်အထားတွေမှာ မြူတန့်မဟုတ်ဘူးလို့ ပြောထားပေမဲ့ မြေစွမ်းအားရှိနေပြီး တရားခံမပေါ်တဲ့ လူသတ်မှု အနည်းဆုံး၁၂မှုမှာ တူညီတဲ့စွမ်းအားမျိုးကို သုံးထားတာတွေ့တယ်။ ဂျပန်မှာနေထိုင်စဥ် ငယ်စဥ်ကတည်းက မိဘမဲ့ဖြစ်ပြီး ယာမာဂုချီမိသားစုက မွေးစားခဲ့တာ။ မိသားစုက ဟီးရိုးဖြစ်လာဖို့ မျှော်လင့်ထားပေမဲ့ အိုက်ဇာဝါနောက်ကို သူ့အသက် ၁၅ နှစ်ကတည်းက လိုက်နေခဲတာ။ အနည်းဆုံး Bအဆင့် စွမ်းရည်ရှိနေတယ်။ ဂျပန်မှာလည်း သူနဲ့ပတ်သက်တဲ့ နာမည်ပျက်တချို့တွေ့ရတယ်။"

လင်ဒါက အသံထွက်ဖတ်ပြပြီးနောက် ရဲသားအသစ်လေးနှစ်ယောက်ကို လက်မထောင်ပြလိုက်သည်။

"သူ့ကို ဖမ်းဝရမ်းထုတ်ဖို့ လုပ်ရအောင်။ Silver Knightပြောတာတော့ အိုက်ဇာဝါကို လက်ထိပ်မခတ်နိုင်ခင် သူ့နားက လက်ရုံးတွေကို အရင်လက်ထိပ်ခတ်ထားရမယ်တဲ့။"

အိုက်ဇာဝါက ဂျပန်နိုင်ငံသားဖြစ်နေတဲ့အပြင် ဩဇာအာဏာကြီးမားတဲ့ မိသားစုတစ်ခုကပါ။ တရားစွဲခံထားရပေမဲ့ သံသယဖြစ်စေဆဲအခြေအနေမှာမလို့ သူ့ကိုဖမ်းထားရင်းတောင် အာမခံနဲ့ ပြန်လွတ်လာဦးမှာပါ။ ဒါပေမဲ့ သူ့တပည့်တွေဆိုရင်တော့ မတူတော့ပါဘူး။ အိုက်ဇာဝါအနေနဲ့ သူကိုယ်တိုင် ပြဿနာတက်နေချိန်မှာ သူ့တပည့်တွေကို ကူညီပေးဖို့ စွမ်းအားမရှိပါဘူး။

ဓာတ်လှေကားထဲတွင်ဖြစ်သည်။ မက်ဒါနာက နောက်ဆုံးတော့ သက်ပြင်းချလိုက်ပြီး ဓာတ်လှေကားနံရံကို လက်ဖြင့်ထောက်ထားလိုက်၏။

"အိုးဂေါ့... ငါလက်ဦးပေလို့ပဲ... မဟုတ်ရင်လက်ရှိစွမ်းအားနဲ့ အိုက်ဇာဝါကိုချရင် မာလကီးယားမှာ။"

မက်ဒါနာက သူ့ဝတ်စုံကို အဆင့်မြှင့်ထားပေမဲ့ B- အဆင့်ထက် နည်းနည်းလေး ပိုစွမ်းရုံပါပဲ။ ခုနေများ A- တစ်ယောက်ကို သွားစိန်ခေါ်မယ်ဆိုရင် ဘယ်လိုသေလို့သေသွားမှန်းတောင် သိရမှာမဟုတ်ဘူး။

လေဒီဘတ်တာဖလိုင်းကတော့ မဟန်နိုင်တော့ဘဲ ပျော့ခွေကျသွားလို့ မက်ဒါနာဖမ်းဆွဲထားလိုက်ရတယ်။

"ဆာSilver Knightရယ်၊ ရှင်သာမပါလာရင် ကျွန်မဒီနေရာကနေ ပြန်ထွက်လာဖို့မလွယ်ဘူး။ ကျွန်မ သူတို့ပြောတာကို သဘောတူလိုက်ရုံပဲတတ်နိုင်မှာ။"

လေဒီဘတ်တာဖလိုင်းက C- အဆင့်စွမ်းအားပဲ ရှိတာပါ။ ဟီးရိုးတစ်ယောက်အနေနဲ့ သူလုပ်နိုင်တာ ဘာမှမရှိဘူး။

"မာဂရပ်၊ ဒီရက်ပိုင်းအတွင်း မင်းလည်းသတိထားပါ။ သူတို့က အနုနည်းနဲ့ခြောက်မရရင် အကြမ်းနည်းသုံးမယ့်ကောင်တွေ။"

အမေရိကန် ဗဟိုမြူတန့်ဌာနစိတ်က ဆာကူရာဂိုဏ်းကို စောင့်ကြည့်နေတယ်ဆိုပေမဲ့ ၂၄နာရီတော့ မျက်စိဒေါက်ထောက် မကြည့်နိုင်ပါဘူး။ မက်ဒါနာအနေနဲ့ ဒီသတင်းထောက်ဟီးရိုးမလေးကို ကာကွယ်ပေးချင်ပေမဲ့ သူကိုယ်တိုင်တောင်မှ အန္တရာယ်ထဲမှာပါ။

"အင်း...." လေဒီဘတ်တာဖလိုင်း ခေါင်းညိတ်လိုက်တယ်။ မက်ဒါနာကတော့ လက်ပိုက်ထားပြီး အပေါ်ကိုမော့ကြည့်နေပါတယ်။ စိတ်ထဲမှာတော့...

'တုံးလိုက်တဲ့ကောင်မလေး၊ နင့်ကိုခုနက မာဂရပ်လို့ခေါ်တာကို ပြန်ထူးလိုက်တယ်မလား။ ဒီလိုပုံစံမျိုးနဲ့ ဘယ်လိုစိတ်ချရမှာလဲ။' ဒါကိုတွေးမိတော့ မက်ဒါနာလည်း လိပ်စာကတ်တစ်ခု ထုတ်ပေးလိုက်တယ်။

"တကယ်လို့ မင်းနောက်ကို တစ်ယောက်ယောက် နောက်ယောင်ခံလိုက်နေတယ်လို့ ယူဆရင် အဲဒီလိပ်စာအတိုင်းသာသွား။ အိမ်မှာလူရှိမနေရင်တောင် အတင်းကျော်ဝင်လိုက်။ အထဲမှာ အားကိုးရတဲ့လူရှိတယ်။"

သေချာပေါက် လိပ်စာကတ်ထဲကလိပ်စာက ဆိုဖီယာပါ။ မက်ဒါနာကိုယ်တိုင် ပြဿနာတက်ပြီဆိုရင် ကူညီနိုင်မယ့်သူက ဆိုဖီယာပဲရှိတာ။

"အင်း...ကျေးဇူးပါ။" လေဒီဘတ်တာဖလိုင်းက မက်ဒါနာကို နူးညံ့စွာကြည့်လိုက်တယ်။ အဲဒီနောက် ဓာတ်လှေကားရပ်သွားပြီး တံခါးက ဖြည်းဖြည်းချင်းပွင့်သွားတယ်။

နောက်ဆုံးတစ်ခေါက်အနေနဲ့ လေဒီဘတ်တာဖလိုင်းက မက်ဒါနာကိုကြည့်လိုက်ပြီး ဓာတ်လှေကားထဲကထွက်သွားတယ်။ မက်ဒါနာကတော့ အေမီနဲ့ဆက်သွယ်လိုက်ပါတယ်။

"အေမီ၊ ငါသူ့ဖုန်းကို ဟက်ထားတယ်။ သူ့အခြေအနေကို အဆက်မပြတ်စောင့်ကြည့်နေ။ တစ်ခုခုထူးခြားရင် ငါ့ကိုချက်ချင်းပြော။"

"ဟုတ်ကဲ့ရှင့်။"

....

"ယား....." အိုက်ဇာဝါမှာ စားပွဲပေါ်တွင်ရှိနေသည့် ပိုက်ဆံသေတ္တာများအားလုံးကို လွှင့်ပစ်လိုက်ပြီး ဖန်သားဖြင့်ပြုလုပ်ထားသော ထိုင်ခုံကြီးကို ထုချပစ်လိုက်သည်။ ဖန်သားခုံကြီးမှာ တစ်စစီကျိုးကြေသွားပြီး ဖန်စတချို့ သူ့လက်တွင်လာစိုက်သည်။

"အိုက်ဇာဝါ-ဆမ..."

"အဲဒီမအေ-ိုးကောင်.... Silver Knighဆိုတဲ့ကောင်က ငါ့ငွေတွေကို မျက်လုံးထဲတောင်မထည့်ဘူးဆိုပဲ။"

သန်းငါးဆယ်ဆိုတဲ့ပမာဏက သာမန်အမေရိကန်အိမ်ထောင်စုတစ်ခုအနေနဲ့ ဆယ်ဘဝရှာတာတောင် ရဖို့မလွယ်တဲ့ပမာဏပါ။ ဒါကြောင့် တော်တော်လေးများပါတယ်။ အိုက်ဇာဝါရဲ့ကုမ္မဏီက ဘီလီယံနဲ့ချီတန်ဖိုးရှိပေမဲ့ လက်ရှိအကျပ်အတည်းအတွင်းမှာ သူတို့ပေးနိုင်တဲ့ငွေက သိပ်မများပါဘူး။ အခုပမာဏကတောင် လက်တလောအတွင်း ပေးနိုင်တဲ့ အများဆုံးပမာဏ ဖြစ်နေပါပြီ။

"အဲဒီC rankကောင်ကို ငါစိတ်ရှိလက်ရှိ သတ်လိုက်ရမှာ။"

"သခင်သာ သူ့ကိုသတ်လိုက်မယ်ဆိုရင် ကျွန်မတို့အားလုံး ဝန်ခံလိုက်သလို ဖြစ်သွားမှာပေါ့။ မြူတန့်ဌာနစိတ်က...."

အတွင်းရေးမှူးမိန်းကလေးက အိုက်ဇာဝါ၏လက်မှ ဖန်စများကို ဖယ်ရှားပြီး အဖွဲ့ဝင်တစ်ယောက် ယူလာပေးသည့် ရှေးဦးသူနာပြုသေတ္တာထဲမှာ ပတ်တီးနှင့်ဆေးများကို ထုတ်လိုက်ပါသည်။ ခဏနေတော့ အဖွဲ့သားတစ်ယောက် မျက်စိပျက်မျက်နှာပျက်နှင့် ရောက်လာ၏။

"ဆရာ... ရုံးရှေ့မှာ မြူတန့်ဌာနစိတ်ကလူတွေ ရောက်နေပါတယ်။ သူတို့မှာ ဖမ်းဝရမ်းပါလာတယ်။"

"ဘာ...."

အိုက်ဇာဝါ၏စီးကျနေသော သွေးများက ချယ်ရီပွင့်တချို့အဖြစ် ပြောင်းလဲသွားသည်။

"ဒီကောင်တွေက ငါ့ကိုဖမ်းချင်တာလား။"

အဖွဲ့ဝင်အားလုံး အသင့်ဖြစ်သွားကြသည်။ သို့သော် အတွင်းရေးမှူးမိန်းကလေးက ဝင်ဖျောင်းဖျသည်။

"အိုက်ဇာဝါ-ဆမ၊ သူတို့ကိုသတ်ဖို့လုပ်တာက လွယ်ပါတယ်။ ဒါပေမဲ့ နိုင်ငံတစ်ခုရဲ့မြူတန့်အရေးပိုင်တွေက အာဏာအရှိဆုံးအရာရှိတွေပါ။ သူတို့ကိုသတ်လိုက်ရင် သခင်လေးက ဗီလိန်ဖြစ်သွားလိမ့်မယ်။ ဒါဆိုရင် ကိစ္စတွေကို ဘယ်လိုမှရှင်းလို့ရမှာ မဟုတ်တော့ဘူး။"

"ဒါဖြင့် ငါဘာလုပ်ရမလဲ။" အိုက်ဇာဝါက မျက်မှောင်ကုတ်ထားလိုက်သည်။

"သူတို့ကို အထဲဝင်ခိုင်းပြီး အေးအေးဆေးဆေး စကားပြောလိုက်ပါ။ ဘာပဲဖြစ်လာဖြစ်လာ တည်တည်ငြိမ်ငြိမ်ရင်ဆိုင်ပါ။ တကယ်လို့နည်းလမ်းမရှိရင်တော့ ထိပ်တိုက်ရင်ဆိုင်ရမှာပဲ။"

...

မြူတန့်အရာရှိနှစ်ယောက်က အာအိုရီကို လက်ထိပ်ခတ်လိုက်ကြသည်။ သာမန်လက်ထိပ်မဟုတ်ဘဲ မြူတန့်စွမ်းအားများကို ထိန်းချုပ်နိုင်သည့် ဇီဝလက်ထိပ်ဖြစ်သည်။ S အဆင့်များသည်ပင် ထိုလက်ထိပ်အခတ်ခံထားရပါက မရုန်းနိုင်ကြပေ။

"ပူးပေါင်းဆောင်ရွက်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ တကယ်လို့ ကျွန်တော်တို့စစ်ဆေးရေးတွေက သေချာစစ်ဆေးပြီးလို့ အပြစ်မရှိဘူးဆိုရင် မစ်အာအိုရီကို ပြန်လွတ်ပေးမှာပါ။ ခွင့်ပြုပါဦး။"

အစကနေအဆုံးအထိ အိုက်ဇာဝါက ထိုအရာရှိနှစ်ယောက်ကို မျက်ထောက်နီကြီးများဖြင့် ကြည့်နေခဲ့သည်။ အမေရိကန်၏မြူတန့်အရာရှိများက အားမနည်းကြပါ။ သူတို့က အတော်တကာ့အတော်ဆုံးများဖြစ်ပြီး နယ်မြေအရာရှိများသာဖြစ်သည့် ယခုနှစ်ယောက်သည်ပင် B+ အဆင့်၌ ရှိကြသည်။ အမှန်တကယ်တိုက်ခိုက်ပါက ခေတ်မီမြူတန့်လက်နက်များ ရှိနေသည့် ထိုနှစ်ယောက်ကို Aအဆင့်ဖြစ်သော အိုက်ဇာဝါပင် ချက်ချင်းအနိုင်မယူနိုင်ပါ။ စစ်ကူများရောက်လာပါက သေဖို့ရန်သာရှိတော့သည်။

အိုက်ဇာဝါကလည်း အာအိုရီကို လွယ်လွယ်လေး အဖမ်းမခံစေချင်ပါ။ သို့သော် ထိုမိန်းကလေးက...

"ဒီနေရာက ဂျပန်မဟုတ်လို့သခင်လေးကိုယ်တိုင် အန္တရာယ်ထဲရောက်နေတာမျိုးမဟုတ်ရင် နိုင်ငံတစ်ခုကို ရန်မစမိပါစေနဲ့။ ကျွန်မအတွက်က အဖမ်းခံရတာ ကိစ္စမရှိပါဘူး။"

အမေရိကန်၏မြူတန့်ထောင်နှင့်စစ်ဆေးရေးကိစ္စများကို သူလိုလူတစ်ယောက်က မသိဘဲနေပါ့မလား။ ပြစ်မှုကျူးလွန်ထားသည့် မြူတန့်တစ်ယောက်မှာ သာမန်အပြစ်သားများကဲ့သို့ လူ့အခွင့်အရေးရှိလိမ့်မည်မဟုတ်ပေ။ အထူးသဖြင့် လူသတ်ထားသူများကို ဖြစ်သည်။

အာအိုရီလူဘယ်လောက် သတ်ထားမှန်း အိုက်ဇာဝါကိုယ်တိုင် သေချာမသိတော့ပါ။ အာအိုရီအသက်ဆယ့်ငါးနှစ်ကတည်းက သူ့လက်အောက်တွင် ကိုယ်ရံတော်အဖြစ်ရော လူယုံတော်အဖြစ်ပါတာဝန်ထမ်းဆောင်ခဲ့သည်။ အိုက်ဇာဝါခိုင်းသမျှ မညည်းမညူဘဲ လက်ညစ်ပတ်သည့် ကိစ္စများတွင်ပင် ဝင်ကူညီပေးတတ်သည်။ အိုက်ဇာဝါက အာအိုရီကို သာမန်ငယ်သားတစ်ဦးထက် ပိုသံယောဇဥ်ရှိပါသည်။

"အတင့်ရဲတယ်....." အရာရှိနှစ်ယောက် ထွက်သွားပြီးသည့်နောက်တွင် အိုက်ဇာဝါက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဒီကောင်တွေကို ဒီအတိုင်းလွှတ်ထားလိုက်ရင် နောက်ကျ မင်းတို့နဲငါ့ကိုပါ လက်ထိပ်လာခတ်လိမ့်မယ်။ နံပါတ်တစ်...."

"ဟုတ်ကဲ့၊သခင်လေး။"

အာအိုရီပြီးလျှင် အားအကိုးရဆုံးဖြစ်သည့် မျက်နှာတွင် အမာရွတ်နှင့်လူငယ်က ရှေ့ကိုထွက်လာသည်။

"ဟိုကောင် Silver Knightနဲ့ အတူပါလာတဲ့ မိန်းကလေးရဲ့သရုပ်မှန်ကို ငါတို့သိတယ်မဟုတ်လား။ သူ့ကိုပြန်ပေးဆွဲခဲ့။ Silver Knightဆိုတဲ့ကောင် သူ့ကိုလာမကယ်ဘူးဆိုတာ ငါမယုံဘူး။"

မာဂရပ်၏သရုပ်မှန်အား သူတို့သိတာကြာပြီဖြစ်သည်။ အာအိုရီက အလောတကြီးမလှုပ်ရှားသင့်ကြောင့် ပြောထား၍မဟုတ်လျှင် သူအခုလိုလွှတ်ထားမည်မဟုတ်ပါ။ အခုတော့ အာအိုရီအဖမ်းခံရပြီးဖြစ်၍ Silver Knightကို ဘယ်လိုပေးဆပ်ရပေးဆပ်ရ သူရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။ အဆုံးသတ်မှာ သူအဖမ်းခံရမယ့် အန္တရာယ်ရှိတယ်ဆိုရင်တောင် အာအိုရီကိုတော့ အထိခိုက်မခံနိုင်ပါ။

"အဲဒီခွေးမသားကို အမှုရုပ်သိမ်းခိုင်းပြီး မင်းကိုငရဲခန်းကနေ ပြန်ထုတ်ပေးမယ်။"

...

နယူးယောက်မြို့အနီး၊ ဂျွန်အက်ဖ်ကနေဒီ နိုင်ငံတကာလေဆိပ်တွင်ဖြစ်သည်။

ရွှေရောင်ဆံပင်နှင့်အပြာရောင်မျက်လုံးများပိုင်ရှင် ခပ်ချောချောလူငယ်လေးတစ်ယောက်နှင့် ခပ်ဝဝကောင်လေးတစ်ယောက်တို့ ဆိုက်ရောက်ဂိတ်မှ အထုတ်ကိုယ်စီဆွဲပြီး ထွက်လာကြသည်။

ခပ်ချောချောလူငယ်လေးဖြစ်သော လူကန် ဒီ အာ့ခ်က လက်ထဲတွင် Z သတ္ထုဓားသစ်ကို ကိုင်ထားသဖြင့် လေဆိပ်တွင် တော်တော်ဖြေရှင်းယူလိုက်ရသေးသည်။ ဂိတ်ကလူများက သူ့ကိုလူဆိုးထင်ပြီး စစ်ဆေးနေသောကြောင့် ပဲရစ်ဟီးရိုးအစည်းအရုံးအသင်းဝင်ကတ်ကို ပြလိုက်ရသေးသည်။ ဓားကို လူနှင့်ခြောက်လက်မတောင် အကွာမခံသည့် တကယ့်ဓားကိုးလက်သခင်လေး ဖြစ်ပေတော့သည်။

ဂျာမဏီမှ ဖရန့် ဗန် ဗျူရိုးကတော့ လက်ထဲတွင် လေဆိပ်မှာရောင်းသည့် ချောကလက်ပေါင်မုန့်တုံးကြီးကို ကိုင်ထားကာ အခြားတစ်ဖက်မှ ဖုန်းဖြင့်သတင်းဖတ်နေ၏။

"ဟားဟား... Silver Knightဆိုတဲ့တစ်ယောက်က စိတ်ဝင်စားစရာပဲကွ။ ဟိုငနှဲအိုက်ဇာဝါကို တရားစွဲထားပြီး နိုင်လုဆဲဆဲဖြစ်နေတယ်ဆိုပဲ။ အဲဒါလည်းကောင်းပါတယ်ကွာ။ ခုနေ ဆာကူရာစမ်းသပ်ခန်းကို ခိုးဝင်ရင် သူတို့သတိထားမိမှာမဟုတ်ဘူး။"

"ဒီအမှုက ကွင်းဆက်တော်တော်ကြီးတယ်။ ဖာရာဒေးတစ်ခုတည်း အိုက်ဇာဝါဆီမှာ ရှိနေတာမဟုတ်ဘူး။ မြူတန့်သုတေသနအဖွဲ့နဲ့ဒီကောင်ကလည်း အဆက်အသွယ်ရှိနေတယ်ဆိုလား။ ငါတို့သတိတော့ထားရမယ်။ Mad Doctor က ငါတို့လမ်းကို ဝင်ရှုပ်မရှုပ် မသိနိုင်ဘူး။"

လူကန်က အမြဲလိုလို သတိကြီးသူတစ်ဦးဖြစ်သည်။ သူက ဖရန့်ကိုသတိပေးလိုက်ပြီးနောက် လေဆိပ်အပြင်ဖက်ကို ထွက်သွားလိုက်၏။ ဖရန့်ကတော့ သူ့နောက်မှ ဧရာမခန္ဓာကိုယ်ကြီးကိုမကာ ပြေးလိုက်လာရ၏။

"ဟေ့ကောင် မြန်မြန်မလျှောက်နဲ့၊ ငါ့ကိုစောင့်ဦး။"

...

ဂျွန်အက်ခ်ကနေဒီ လေဆိပ်တွင်ပင်ဖြစ်သည်။

ရွှေရောင်ဆံပင်ရှည်ရှည်နှင့် အသက် ၁၂နှစ်အရွယ် ကောင်မလေးတစ်ယောက်က ပါးဖောင်းထားပြီး လေဆိပ်မှလူဝင်မှုကြီးကြပ်ရေး အစ်မကြီးကို ဒေါသတကြီး စိုက်ကြည့်နေသည်။

"လန်ဒန်... အင်္ဂလန်ကနေ တကယ်ပဲတစ်ယောက်တည်းလာခဲ့တာလား။ လေယာဥ်မှားပြီးပါလာတာမဟုတ်တာ သေချာပါတယ်နော်။ မိဘတွေရော မပါဘူးလား။"

"ငါက ပန်ဒရာဂွန်မိသားစုခေါင်းဆောင်ဟဲ့ ကလေးလိုဆက်ဆံနေတာတော်တော့။ တကယ်တည်းမှ၊ နင်တို့လေဆိပ်ကဟာတွေ ပြောမရဆိုမရနဲ့။"

လေဆိပ်မှ ဝန်ထမ်းအစ်မကြီးကတော့ လိုလီလေးပြောတာကို နားမထောင်ဘဲ အနားမှာဒူးထောက်ချလိုက်ပြီး ကောင်မလေးပုခုံးကိုကိုင်ကာ သေချာမေးလိုက်၏။

"အဆင်ပြေရဲ့လား... အစ်မရဲခေါ်ပေးရမလား၊ အိမ်ဖုန်းနံပါတ်ရော မှတ်မိလား။ အိမ်ကထွက်ပြေးလာတာတော့ မဟုတ်ပါဘူးနော်။"

"ငါက... ငါ့သဘောနဲ့ငါ ထွက်လာတာဟဲ့။ ငါပြောတာလည်း သေချာနားထောင်ဦး။ ငါက ပန်ဒရာဂွန်မိသားစုက ဗစ်ကောင့် ဖရာလီတာ။ နယူးယောက်ကို အလုပ်ကိစ္စနဲ့လာတာ။"

အစ်မကြီးကတော့ ကောင်မလေးကို လျှောက်ပြောနေသည်ဟု ထင်နေပုံပင်။ ချက်ချင်းပင် လေဆိပ်ဝန်ထမ်းရေဒီယိုဖြင့် အထက်အရာရှိကို လှမ်းပြောလိုက်သည်။

"အရာရှိရေ၊ လုပ်ပါဦး။ ဒီမှာထူးဆန်းတဲ့ကောင်မလေးတစ်ယောက် မိဘတွေမပါဘဲ Arrivalဂိတ်ကို ဖြတ်ဖို့လုပ်နေလို့။"

"ကြားတယ်၊ ငါလာခဲ့မယ်။"

"ဟေး.... နင်တို့လူကြီးတွေ..ဒီမှာပြောနေတာကို သေချာနားထောင်ဦးလေလို့...." ဗြိတိသျှလိုလီလေးကတော့ ဆိုးဝါးတဲ့တစ်နေ့တာကို ကြုံတွေ့နေရပြန်ပါပြီ။

All Chapters