← Chapters

တိုက်ခိုက်ခံရခြင်း

Vol. 1 Ch. 8

တိုက်ခိုက်ခံရခြင်း

Vol. 1 Ch. 8

အိုက်ဇာဝါက သူ၏လက်တော့ကိုဖွင့်ကာ Zoom မီတင်ဖြင့် အခြားလူတစ်ယောက်နှင့် တွေ့ဆုံနေသည်။ အိုက်ဇာဝါ၏ပုံစံက နည်းနည်းလေးမှ အဆင်ပြေသည့်ပုံမပေါ်ပေ။ ခါတိုင်းလို တည်တည်ငြိမ်ငြိမ်မရှိဘဲ ခြေလက်ဂနာမငြိမ် ဖြစ်နေ၏။

"ပါမောက္ခစမစ်၊ ခင်ဗျားရဲ့မဟာမိတ်အနေနဲ့ ခင်ဗျားကို တောင်းဆိုစရာတစ်ခုရှိတယ်။ ဖရာဒေးစမ်းသပ်မှုကို နှစ်ပတ်စောပြီး လုပ်လို့ရမလား။"

ထိပ်ပြောင်ပြောင်နှင့် အသက်ခြောက်ဆယ်ကျော်ခန့်ရှိမည့် အဖိုးကြီးတစ်ယောက်၏ပုံရိပ်က ဖန်သားပြင်ပေါ်တွင် ပေါ်နေ၏။ သူ၏နံဘေးတွင်တော့ လှပသည့်မိန်းကလေးတစ်ယောက်ရှိနေပြီး

ပါမောက္ခစမစ်၏ရင်ခွင်ကို မှီလျက်မှေးစက်နေသည်။ ပါမောက္ခစမစ်ကလည်း ထိုမိန်းကလေး၏ဆံပင်များကို သူ၏လက်ဖြင့် ရွှရွှလေးထိုးဖွပေးနေသည်။

သို့သော် ထိုမိန်းကလေးက သာမန်မိန်းကလေးတစ်ယောက် မဟုတ်ပါ။ ကင်းခြေများတစ်ကောင်ကဲ့သို့ သူ၏ခေါင်းမှ အနီရောင်ဦးချိုနှစ်ခုထွက်နေပြီး ခန္ဓာကိုယ်အောက်ပိုင်းက လုံးဝကင်းခြေများတစ်ကောင်အတိုင်း ဖြစ်နေသည်။ ပါမောက္ခကြီးက ထိုမိန်းကလေး နိုးသွားမှာကို စိုးရိမ်သည့်အလား နှုတ်ခမ်းပေါ် လက်ညိုးကို ကန့်လန့်ဖြတ်တင်ကာ ရှူးခနဲအသံပြုလိုက်၏။

"ဆန်တီအိပ်နေတယ်၊ သူက အော်လားငေါက်လားပြောရင်မကြိုက်ဘူး။"

ထိုမိန်းကလေး၏နာမည်ရင်းမှာ ဆန်နီဖြစ်ပြီး ငယ်စဥ်ကတည်းက ပါမောက္ခကြီးက သူ့ကိုရုရှားနိုင်ငံ၏ဆိုက်ဘေးရီးယားဒေသမှ ခေါ်ဆောင်လာခြင်းဖြစ်သည်။ နှစ်သုံးဆယ်ကျော်လုံးလုံး အရူးသိပ္ပံပညာရှင်၏ စမ်းသပ်ခံဖြစ်လာခဲ့ပြီး ပထမဆုံးအောင်မြင်သော မပြည့်စုံသည့် အသွင်ပြောင်းမြူတန့်လည်းဖြစ်သည်။

ထိုမိန်းကလေး၏အသက်မှာ မငယ်တော့သော်လည်း ထူးခြားသည့် ဆင့်ကဲပြောင်းလဲမှုများကြောင့် အသက်နှစ်ဆယ်ပင် မပြည့်သေးသလို ထင်ရသည်။ သူ၏အသားအရေ လူသားတစ်ဦးအနေဖြင့် မဖြစ်နိုင်လောက်အောင်ကို ဖြူစွတ်နေပြီး ကင်းခြေများကဲ့သို့ အစိတ်အပိုင်းများကတော့ အနီရောင်ဖြစ်၏။

တရုတ်ခေါင်းနီ ကင်းခြေများမျိုးစိတ်ဖြစ်ပြီး အင်မတန်အဆိပ်ပြင်းသည်။ ဆင့်ကဲပြောင်းလဲမှုကြောင့် ဆန်တီမှာ တဖြည်းဖြည်းလူစိတ်နည်းလာပြီဖြစ်သော်လည်း သခင်ဖြစ်သူကို မှတ်မိနေပြီး သခင်အပေါ် အလွန်သစ္စာရှိသည်။ စွမ်းအားအနေဖြင့်လည်း အလွန်မြင့်မားပြီး အခွံမာများမှာ ၄၀မမ အမြောက်ကျည်ဖြင့်ပင် ဖောက်ခွဲ၍မရလောက်အောင် မာကျောပေသည်။ ပိုအစွမ်းထက်သည့် ဒုတိယအသွင်ပြောင်းပုံစံကိုလည်း ထုတ်ဖော်နိုင်ကာ Sအဆင့်များနှင့်ပင် ရင်ဆိုင်နိုင်လောက်သည်။

ပရော်ဖက်ဆာစမစ်က ထိတ်လန့်နေပုံရသော မအိုက်ဇာဝါကိုကြည့်ကာ ဖြည်းဖြည်းချင်းပြောလိုက်၏။

"မင်းပဲပြောခဲ့တယ်မဟုတ်လား... ဖော်စပ်နည်းက မပြည့်စုံသေးလို့ လူတွေကို စိတ်ရူးပေါက်လာနိုင်စေတယ် ဆိုတာလေ။ ငါတို့က ရေရှည်စီမံကိန်း လုပ်နေတာမဟုတ်လား။ ဖာရာဒေးကို ဘေးထွက်ဆိုးကျိုးမရှိဘဲ နဂိုစွမ်းအားကို မြှင့်ပေးရုံအပြင် အစွမ်းမရှိတဲ့လူတွေကိုပါ ယာယီစွမ်းအား ပေးစွမ်းနိုင်အောင်လုပ်ဖို့ သဘောတူထားတယ်မလား။ အစောကြီး အစိုးရနဲ့ဟီးရိုးတွေကို အသိပေးလိုက်သလို ဖြစ်မနေဘူးလား။"

အိုက်ဇာဝါက လက်နှစ်ဖြင့် စားပွဲခုံကို ထုချလိုက်သည်။ အသံကျယ်သွားသောကြောင့်လားမသိပေ ဆန်တီက မျက်လုံးဖွင့်လိုက်ပြီး လိုက်ကြည့်နေ၏။ ပရော်ဖက်ဆာစမစ်က ခေါင်းပုတ်ပေးတော့မှ မျက်လုံးကိုမှိတ်ပြီး ပြန်မှေးနေလိုက်သည်။

"ကျုပ်ဂရုမစိုက်တော့ဘူး... အာအိုရီအဖမ်းခံထားရတယ်။ Silver Knightကို ထောင်ချောက်ထဲထည့်ဖို့ ကျုပ်ခင်ဗျားအကူအညီလိုတယ်။"

"ရိုးရိုးသားသားမေးပါရစေ၊ အိုက်ဇာဝါ။ မြူတန့်ဌာနစိတ်က ဖမ်းထားတဲ့ အာအိုရီကို ပြန်လွှတ်ပေးဖို့အတွက် Silver Knightကို ခြိမ်းခြောက်တာတော့ ဟုတ်ပါပြီ။ ဘာလို့ ဖာရာဒေးက ပါလာရတာလဲ။"

"တကယ်လို့ တစ်မြို့လုံး ဖာရာဒေးကြောင့် အလုပ်ရှုပ်နေရင် Silver Knightအနေနဲ့ စစ်ကူရဖို့ မလွယ်တော့ဘူးပေါ့။ တစ်မြို့လုံးသောင်းကျန်းနေတဲ့အချိန်မှာ ကျုပ်က အာအိုရီကိုလည်း ခိုးထုတ်လို့ရမယ်၊ Silver Knightကိုလည်း အကျပ်ကိုင်နိုင်မယ်။"

ဖရော်ဖက်ဆာစမစ်က အစီအစဥ်ကို သဘောကျသွားဟန်ဖြင့် ခေါင်းကိုညိတ်လိုက်သည်။ ခဏနေတော့ ထပ်မေးပြန်၏။

"Silver Knightက ဖရာဒေးကိစ္စကို မသိဘူး။ တကယ်လို့ ဟီးရိုးတွေပြောလေ့ရှိတဲ့အတိုင်း တစ်ယောက်အတွက်အများ၊ အများအတွက်တစ်ယောက်ဆိုပြီး မင်းရဲ့ဓားစာခံကို လာမကယ်ဘဲ မြို့ကိုကူဖို့ပဲရွေးလိုက်ရင်ရော။"

အိုက်ဇာဝါက ယခုတစ်ခါတွင်တော့ အေးစက်စက်ပြုံးပြလိုက်သည်။

"Silver Knightက စဥ်းစားဉာဏ်ရှိတဲ့လူဗျ။ ဖာရာဒေးရဲ့အကျိုးသက်ရောက်မှုက ပြင်းပေမဲ့ တစ်ကြိမ်စမ်းသပ်ခံရရုံနဲ့ ကြီးကြီးမားမားဆိုးကျိုးမရှိဘူး။ နယူးယောက်ဟီးရိုးအစည်းအရုံးမှာတင် သူတို့ကိုထိန်းဖို့ လူအင်အားလုံလောက်တယ်။ သူဝင်မကူရင် အရေးကြီးနေတုန်း ရောက်မလာလို့ နာမည်ပျက်တာပဲရှိမှာ။ ဒါပေမဲ့ ဓားစာခံကိုလာမကယ်ရင်တော့ သူ့တစ်ဘဝလုံး နောင်တရနေရမှာ။"

....

နောက်တစ်နေ့မနက်။

"မမလေး.. မမလေး... ပြဿနာအကြီးကြီးတက်နေပြီ။" မှန်သေးသေးလေးကို မျက်နှာရှေ့တွင်ထောင်ကာ သွားတိုက်နေသော မက်ဒါနာကို အိမ်စေအရုပ်မက နောက်ကနေ ခါးကိုပြေးဖက်ပြီး အကျယ်ကြီးအော်နေသည်။

"ဟဲ့ဟဲ့... ပြဿနာအကြီးကြီးတက်တာနဲ့ ငါ့ကိုဖက်တာနဲ့ ဘာဆိုင်လို့လဲ။" ရုပ်ခန္ဓာရပြီးကတည်းက ဉာဏ်ရည်တုအေမီက အခွင့်အရေးရတိုင်း မက်ဒါနာ၏ခန္ဓာကိုယ်ကို အသားယူတတ်သည်။ စင်စစ် သာမန်ရိုးရိုးလူတူစက်ရုပ်ခန္ဓာကိုယ်တွင် အထိအတွေ့အာရုံဆင်ဆာများ မပါသော်လည်း အေမီက အခုလိုအလစ်ခိုးဖက်ရသည်ကို အင်မတန်သဘောတွေ့နေသည်။

မက်ဒါနာက အတင်းဖယ်မည်လုပ်ခါမှ လူကြီးအရုပ်ပုံပေါက်နေသည့် အိမ်ဖော်စက်ရုပ်လည်း ခါးပေါ်မှ သူ့လက်ကိုဖယ်လိုက်ပြီး လေးနက်စွာ ပြောလိုက်၏။

"မာဂရပ်ရဲ့အချက်ပြက နယူးယောက်အဆောက်အဦးတစ်ခုရဲ့မြေအောက် ပေနှစ်ရာအနက်ထဲ ရောက်သွားတယ်။"

"ဖူး....." မက်ဒါနာတစ်ယောက် သွားတိုက်ဆေးတွေကို ထိုအတိုင်း ထွေးထုတ်ပစ်လိုက်မိသည်။

"ဘာပြောတယ်...မာဂရပ် ပြန်ပေးဆွဲခံလိုက်တာလား။"

"အွန်း... ပြီးတော့ မာဂရပ်ရဲ့ဖုန်းကနေ သူတို့က မမလေးကို မက်ဆေ့အစားပို့ထားသေးတယ်။ 'Silver Knight မင်းမှာ မြို့ကိုကယ်မလား၊ အသုံးမဝင်တဲ့ မိန်းမတစ်ယောက်ကို ကယ်မလားဆိုပြီး ရွေးပိုင်ခွင့်ရှိတယ်။'တဲ့။"

ထိုစကားကို မက်ဒါနာကြားလိုက်သောအခါတွင် ချက်ချင်းမျက်လုံးပြူးသွားပြီး အဝတ်အစားတောင် မလဲနိုင်တော့ပေ။ မနေ့ညက ဝတ်အိပ်ထားသည့် T- Shirt အရှည်ဖြင့်ပင် ဝတ်စုံထဲဝင်လိုက်သည်။

"အေမီ၊ နင်က ဒီအိမ်ကိုစောင့်ထား။ အိမ်ကလူတွေကို အပြင်မထွက်နဲ့။"

"ဒါပေမဲ့၊ မမလေးရေ။ သူတို့က ကျွန်မကို သာမန်လူကြီးအရုပ်လို့ပဲ သိထားတာမဟုတ်လား။"

"ငါအမိန့်ပေးထားတယ်လို့ပြောလိုက်၊ Silver Knightက တစ်မြို့လုံးကို သတိပေးထားလို့လို့ပြောလိုက်။ Twit လိုက်ဦးမယ်။"

မက်ဒါနာက ဝတ်စုံဝတ်ပြီးသည်နှင့် မာဂရပ်၏အချက်ပြရှိနေသည့် နေရာသို့ပြေးသွားရင်း အင်တာနက်ပေါ်တွင် postတင်လိုက်သည်။

[ယို့... မိဘပြည်သူများခင်ဗျား။ ဒီနေ့တစ်မြို့လုံး ဒုက္ခရောက်မယ်လို့ သတင်းရထားတယ်။ တတ်နိုင်သလောက် အပြင်မထွက်ကြပါနဲ့။] ဆိုသည့်စာသားနှင့်အတူ ပြေးရင်းလွှားရင်း selfie ဆွဲထားသည့် ပုံကိုပါ တင်ပေးလိုက်သည်။ မြို့သားတွေ ယုံတာမယုံတာတော့ သူနဲ့မဆိုင်ပေ။ တစ်လက်စတည်း မက်ဒါနာက လင်ဒါကိုလှမ်းဆက်သွယ်သည်။

"အား...Silver Knight၊ ရှင်ဒီနေ့ အိပ်ရာထနောက်ကျနေတာလား။ ဒီမှာလီဆာက ရှင့်ကိုမျှော်နေပြီ။ မနေ့ကပြောထားတဲ့ မုန့်ဟင်းခါးတကယ်စားကြည့်ချင်လို့တဲ့။"

"အဟမ်း... အရာရှိလင်ဒါ၊ ကျွန်တော်အရေးကြီးမစ်ရှင်တစ်ခုရှိလို့ ပြေးနေရပြီဗျ။ ခင်ဗျားရဲ့ဖုန်းဆီကို screenshotတစ်ခုပို့ပေးထားတယ်။ အိုက်ဇာဝါဆိုတဲ့ငနှဲက သတင်းထောက်မာဂရပ်ကို ပြန်ပေးဆွဲသွားပြီး တစ်မြို့လုံးကို ခြိမ်းခြောက်ထားတယ်။ အခုအလှလေးကို သွားကယ်လိုက်ဦးမယ်။ ခင်ဗျားမြို့ကို သတိရှိရှိစောင့်ကြည့်တာ ကောင်းလိမ့်မယ်။ ပြီးတော့ သတိလေးဘာလေးထား၊ မြို့ထဲမထွက်နဲ့။ ဘိုင်....။"

.....

မြို့တွင်းပန်းခြံတစ်ခုတွင်ဖြစ်သည်။ အားကစားလုပ်ရင်း မောသွားဟန်ပေါ်သည့် သက်လတ်ပိုင်းအမျိုးသားတစ်ယောက်က အချိုရည်စက်ရှေ့တွင်ရပ်လိုက်ပြီး အကြွေစေ့ထည့်လိုက်သည်။

အားကစားသမားများ သောက်လေ့ရှိသည့် အိုင်ရွန်အားဖြည့်အချိုရည်တစ်ဘူး ကျလာပြီးနောက် အဖုံးကိုဖွင့်သောက်လိုက်၏။

"ဒီနေ့အချိုရည်က အရသာနည်းနည်း ထူးဆန်းနေသလို...." သူ့စကားမဆုံးလိုက်ပေ။ သူ၏လက်မှ မီးများထတောက်လာပြီး အချိုရည်ဘူး အရည်ပျော်ကျသွားသည်။

"ဘာဖြစ်တာလဲ... တစ်ခါမှ ငါ့မီးစွမ်းအားက...." သူ့မျက်စိရှေ့မှာတင် မီးတောက်က ပိုပိုကြီးလာပြီး လက်မောင်းရင်းနားအထိ ရောက်လာသည့်အတွက်ကြောင့် ထိုလူကြီး အံ့အားသင့်သွားသည်။ နောက်ဆုံးတွင်တော့ သူ့မျက်နှာက ကြောက်ရွံခြင်းအဖြစ်သို့ ပြောင်းလဲသွား၏။

"အား....အား....." တစ်ကိုယ်လုံးမီးလောင်နေသည့် မီးစွမ်းအားမြူတန့်က ပန်းခြံအတွင်းပတ်ပြေးနေသည်။ သူ၏စွမ်းအားက သူ့ခန္ဓာကိုယ်ပင် မခံနိုင်လောက်သည်အထိ မြင့်မားနေပြီဖြစ်၏။

"ကယ်ကြပါ...ကယ်ကြပါ...."

....

နေရာတိုင်းတွင် ရဲကားသံများနှင့် ပြည့်နှက်နေသည်။ မက်ဒါနာ လမ်းပေါ်တွင်ပြေးနေသည်မှာ ၅မိနစ်ပင် မပြည့်သေးသော်လည်း တစ်မြို့လုံးအကျိုးနည်းနေပြီဖြစ်၏။ ကိုယ့်စွမ်းအားကိုယ် မထိန်းနိုင်တော့သည့် မြူတန့်အများအပြားကို တွေ့နိုင်ပြီး စွမ်းအားကြီးသူတချို့မှာ စိတ်လွတ်သွားကာ တခြားသူများကိုပါ တိုက်ခိုက်နေသည်။ ကံကောင်းသည်က လူတိုင်းတော့ စိတ်မလွတ်သွားပေ။ မဟုတ်ပါက Zombie apocalypse ဖြစ်နေသလားဟုတောင် မေးချင်စရာ။

"ဟေး၊ ရိုင်နိုမန်း... ငါက မင်းရဲ့လုပ်ဖော်ကိုင်ဖက်လေ။"

ဘွန်းထရိန်း...ဘွန်းထရိန်း....။

Cအဆင့် အသွင်ပြောင်းဟီးရိုးဖြစ်သော ရိုင်နိုမန်းမှာ သူ၏တွဲဖက်ဖြစ်သော စကားလက်လူနာနောက်မှ အတင်းပြေးလိုက်နေသည်။ စကားလက်လူနာက အနီရောင်ဝတ်စုံဝတ်ထားပြီး ကျွဲလားကြံလားမကွဲသည့် အဆင့်နိမ့်အသွင်ပြောင်းမြူတန့်လက်မှ မနည်းထွက်ပြေးနေရ၏။

နောက်ဆုံးတွင်တော့ သာမန်ခံစစ်အမျိုးအစား ဟီးရိုးဖြစ်သော စကားလက်လူနာမှာ ကြံချိုဖြင့် တင်ပါးကိုအထိုးခံလိုက်ရပြီး လေပေါ်မြောက်တက်သွားကာ အနည်းဆုံး နှစ်ထပ်တိုက်အမြင့်ထိ ရောက်သွားသည်။ နောက်ဆုံးတော့ အမှိုက်သယ်ကားပေါ် ပြုတ်ကျသွားလေ၏။

"အား...." "ဘုန်း...." လေပေါ်မြောက်တက်သွားသည့် ကင်းလှည့်ဟီးရိုးကို မြင်ပြီးသည့်နောက် မက်ဒါနာမှာ ယဥ်ယဥ်ကျေးကျေးပင် ကျိန်ဆဲလိုက်တော့သည်။

"ဟိုးလီးရှစ်...." ထို့နောက်တော့ ကြံသိုးကြိုးပြတ်ကြီး သူ့ကိုမမြင်စေရန် လမ်းကြားတစ်ခုတည်း ပြေးဝင်လိုက်၏။ Silver Knightဝတ်စုံက သန်မာသော်လည်း ရူးသွပ်နေသည့် ကြံတစ်ကောင်နှင့်တော့ မချချင်သေးပေ။

ခဏနေတော့ လင်ဒါ၏ရဲရေဒီယိုမှ အသံထွက်လာ၏။ "Silver Knightရေ၊ ရှင်ပြောတဲ့အတိုင်း ဖြစ်နေပြီနဲ့တူတယ်။ မြူတန့်တွေ အကြောင်းမရှိဘဲ သောင်းကျန်းကုန်ကြပြီ။" လင်ဒါ့လေသံက အမောတကောဖြစ်နေပြီး ခြေကုန်သုတ်ပြေးနေရပုံပင်။

"မင်းဘယ်မှာလဲ... မြူတန့်တွေ မင်းနောက်လိုက်နေတာလား... မြို့ထဲမထွက်ခဲ့နဲ့လို့ မှာထားတယ်လေ။"

"နင့်မေကြီးတော်... ရဲတစ်ယောက်က တာဝန်ချိန်အိမ်မှာနေလို့ရမလား... ပြီးတော့ ကျွန်မနောက်ကို မြူတန့်တွေလိုက်နေတာမဟုတ်ဘူး... မြူတန့်ဖြစ်တဲ့ကျွန်မကို သာမန်လူတွေပြေးလိုက်နေတာ။"

"ဘုရားသခင်... ငါနင့်ဖုန်းကိုဟက်လိုက်မယ်၊ နောက်ကိုကင်မရာနဲ့လှမ်းပြ။"

ခဏနေတော့ ရဲရေဒီယိုကိုတစ်ဖက်ကိုင်ကာ တစ်ဖက်က ဖုန်းကိုင်ထားသည့် လင်ဒါကိုမြင်လိုက်ရသည်။ နောက်ကနေ သက်ကြီးသက်ငယ်၊ ကျားမ၊ ကလေး၊ အဖိုးကြီးအဖွားကြီးမရွေး လင်ဒါကို ပြေးလိုက်နေကြ၏။ လင်ဒါ့ထံမှ ဟိုကောင်တင်မီကဲ့သို့ ချောမောမှုစွမ်းအားမျာ ဖြာထွက်နေ၏။

"ဘာ... မင်းရဲ့သာလွန်အလှမြူတန့်စွမ်းအားက အထိန်းအချုပ်ကင်းမဲ့သွားတာလား။"

"အင်း... အခုကျွန်မပြေးနေရပြီ...."

ဖုန်းကနေတစ်ဆင့် နောက်မှလူအုပ်ကြီး၏အသံကိုပင် ကြားနေရသေးသည်။

"ရဲမေမလေး မပြေးပါနဲ့၊ မင်းဖမ်းတာ ကိုယ်ခံချင်လို့ပါ။" "မမရေ၊ ဒီကမောင်လေးကို တစ်ချက်လောက် အာဘွားပေးပါဦးဗျို့။" "နောက်တစ်ရက်ပဲ အသက်ရှင်ရမယ်ဆိုရင်တောင် ကလေးမကို ဒီအဖိုးကြီး လက်ထပ်ပါရစေလား။" လင်ဒါကတော့ ထိုအဖြစ်အပျက်ကြောင့် ပါးတစ်ခုလုံးနီရဲနေသည်။

"နေပါဦး၊ အခုလိုမဖြစ်ခင်က ဘာလုပ်မိလိုက်သေးလဲ။"

"ဘာမှမလုပ်ဘူး၊ အချိုရည်လေးတစ်ဘူးပဲ ဝယ်သောက်မိတာ။"

"အချိုရည်...ခဏနေဦး..." မက်ဒါနာက အေမီကို လှမ်းဆက်သွယ်လိုက်သည်။ "အေမီ၊ မြူတန့်တွေ ထမသောင်းကျန်းခင် သူတို့ဘာလုပ်ကြလဲ CCTV တွေကနေ ကြည့်ကြည့်ပေး။"

ခဏနေတော့... "မမလေး၊ သူတို့ထဲက ဆယ်ယောက်မှာ ရှစ်ယောက်လောက်က အချိုရည်ဝယ်သောက်နေတာတွေ့တယ်။" မက်ဒါနာကလည်း လင်ဒါကို ထိုအချက်ပြောပြလိုက်သည်။

"ဘာ... အချိုရည်သောက်ရုံနဲ့ အခုလိုဖြစ်စရာလား။" လင်ဒါ၏လေသံက အတော်လေးအဆင်ပြေသွားပုံရသည်။ အသက်ဝဝရှုဖို့အချိန် ရသွားသည့်ပုံပင်။

"အင်း...ရူးနေတဲ့ သိပ္ပံပညာရှင်တစ်ယောက်က အချိုရည်ထဲ သောက်တလွဲဆေးဝါးတွေ ထည့်မထားရင်ပေါ့။" မက်ဒါနာကလည်း စဥ်းစားပြီး ပြန်ဖြေလိုက်၏။ မက်ဒါနာစကားပြောနေတုန်း သူ့ရှေ့မှာရှိနေသည့် ကုန်စုံဆိုင်မှ မှန်များအားလုံး ရုတ်တရက် ကွဲထွက်သွားလေသည်။ အတွင်းမှနေ၍ မျက်လုံးမှအဝါရောင်အလင်းများ ဖြာထွက်နေသည့်လူ ကောင်လေးတစ်ယောက် ထွက်လာသည်။

[အမည်မသိ အမြင်အာရုံစွမ်းအားမြူတန့်။ အရာရာကို ဖောက်မြင်နိုင်သည့်စွမ်းအား။ ထိန်းချုပ်မှု ကင်းမဲ့နေ။]

ထိုကောင်လေးက အသိစိတ်လွတ်နေသည့်ပုံမပေါ်ဘဲ မက်ဒါနာရှိနေသည့်နေရာကို အဝါရောင်မျက်လုံးများဖြင့် ကြည့်လိုက်ပြီး လက်ညိုးထိုးကာ ပြောလိုက်၏။

"ဝိုး... မားမား...မားမား... ဟိုမှာကြည့်၊ အဲဒီဆံပင်အဖြူရောင်နဲ့အစ်မကြီးက ပင်တီလည်းဝတ်မထားဘူး။ နှာဘူးမကြီးလားမသိဘူး။"

ခဏနေတော့ သက်လတ်ပိုင်းအရွယ် ကြည့်ကောင်းသည့် အမျိုးသမီးတစ်ဦးက ကောင်လေးမျက်စိကို လက်ဖြင့်အုပ်လိုက်ပြီး အတင်းဆွဲပြေးသွားသည်။

"သားလေး၊ ပေါက်ကတွေ မကြည့်ရဘူးလေ။ အိမ်ပြန်ရအောင်။" ထိုအမျိုးသမီးကြီးက လောကြီးနေသောကြောင့် သူ့သားဘယ်သူ့ကို ကြည့်နေလဲပင် ဂရုမစိုက်ခဲ့ပေ။ ထို့ကြောင့် ကံကောင်းပြီး မက်ဒါနာမိန်းကလေးဖြစ်နေကြောင်း ပေါ်မသွားခဲ့ပေ။

မက်ဒါနာ: ..... 'တစ်ယောက်ယောက် ငါ့ဝတ်စုံထဲက မြင်ကွင်းကို မြင်သွားတာလား။ အန္တရာယ်များလိုက်တာ။ ပြန်ရောက်ရင် X ray ကာတဲ့နည်းပညာပါထည့်ရမယ်။'

ခဏနေတော့ ရဲရေဒီယိုမှ လင်ဒါ့အသံ ထွက်လာပြန်သည်။

"Silver Knight ရှင်အခုလာလုပ်မှာလဲ။ ကျွန်မဟီးရိုးတွေကိုတော့ အဲဒီအကြောင်းပြောပြထားပြီးပြီ။ ဒါပေမဲ့ အချိန်တိုအတွင်း လိုက်ထိန်းဖို့တော့ ခက်နေတုန်းပဲ။ လုပ်အားပေးဦးမလား။" မက်ဒါနာက လင်ဒါ၏ဖက်ခြမ်းမှ ကားတံခါးကို လူအုပ်ကြီးတစ်ခုက ဝိုင်းအုံပြီး ထုနေသည့်အသံမျိုးကို ကြားနေရသည်။ မက်ဒါနာပင် The walking dead ဇာတ်ရုပ်စီးရီးကိုပင် ပြန်သတိရသွား၏။

"နိုး... ငါက မာဂရပ်ကိုကယ်ရဦးမှာ။ ကျန်တာတွေ ဂရုစိုက်ထားလိုက်။" ထို့နောက် မက်ဒါနာက ရေဒီယိုကို ချလိုက်ပြီး အမှတ်အသားပြနေသည့်နေရာသို့ ဆက်ပြေးသွားလိုက်၏။

....

အခြားတစ်ဖက်... ရဲဗန်ကားထဲရောက်နေသည့် လင်ဒါက သက်ပြင်းချလိုက်သည်။ အပြင်မှာတော့ လူတစ်ရာခန့် အနည်းဆုံးရှိမည့် အုပ်စုကြီးတစ်ခုရှိနေပြီး ရဲကားကို တဒုန်းဒုန်းထုကာ သူ့ကိုထွက်လာဖို့ သေလုမတတ်တောင်းဆိုနေသည်။

"တော်သေးတာပေါ့ကယ်ဗင်၊ နင်စောစောစီးစီးရောက်လာလို့ပဲ။ မဟုတ်ရင် ငါအမောစို့သေမှာ။"

လင်ဒါက ပြောပြောဆိုဆိုနှင့် ကားဒရိုက်ဘာခုံတွင်ရှိနေသော ကယ်ဗင်ကိုကြည့်လိုက်သည်။ သို့သော် ရုတ်တရက်မြင်လိုက်ရသည့် မြင်ကွင်းကြောင်း မျက်လုံးပြူးသွားသည်။ ကယ်ဗင်က ဒရိုက်ဘာခုံမှထလာပြီး ဗန်ကားနောက်ထဲဝင်လာ၏။ ထို့နောက် သူ့ခါးတွင်ချိတ်ထားသည့် မီးခိုးဗုံးစနတ်တံကိုဖြုတ်ကာ သံကွင်းလေးကို လင်ဒါ၏လက်ချောင်းတွင် စွပ်ပေးလိုက်၏။

"ကပ္ပတိန်... ခင်ဗျားရဲကားပေါ်တက်လာကတည်း ကျွန်တော်ခင်ဗျားကို ချစ်မိနေတာပါ။"

လင်ဒါ: "ချီးထဲမှ...."

၂။

နယူးယောက်မြို့ကြီးတစ်ခုလုံး ဝုန်းဒိုင်းကြဲနေ၏။ နေရာတိုင်းတွင် သွေးများ၊ အပျက်အစီးများနှင့် ပြည့်နှက်နေပြီး ဆေးရုံများတွင် လူတွေပြည့်လျှံလျက်ရှိသည်။

အချိုရည်ထဲပါလာသည့် မြူတန့်စွမ်းအားဆေးသည် သောက်မိသူ ဆယ်ယောက်တွင် နှစ်ယောက်ကိုသာ အသိစိတ်ကင်းမဲ့သွားစေသည်။ သို့သော် စွမ်းအားဆိုသည်က လူများကို ရူးသွပ်စေနိုင်သည်။ စွမ်းအားတိုးလာခြင်းက သူတို့ယခင်က မလုပ်နိုင်သည့်အရာများကို လုပ်နိုင်ပြီဟုအဓိပ္ပါယ်သက်ရောက်လေသည်။ ယာယီတိုးလာခြင်းသာဖြစ်သော်လည်း ထိုအချိန်လေးအတွင်း သူတို့လုပ်နိုင်သည့်အရာများ တောင်လိုပုံနေဆဲဖြစ်၏။

သာမန်အထက်တန်းကျောင်းလေးတွင်ဖြစ်သည်။ မျက်မှန်နှင့်ခပ်ဝဝကောင်လေးတစ်ယောက်က ပုဆိန်တစ်လက်ဖြင့် သူ၏အတန်းဖော်များကို နောက်မှလိုက်ခုတ်နေသည်။

"ငါက ဝတယ်ဟုတ်လား၊ ဝလို့ ချေးနံနံတယ်ပေါ့။ ငါက ချီးထုပ်ဟုတ်လား။ ဒီချီးထုပ်က ဒီနေ့ မင်းတို့အားလုံးကို သတ်ပစ်မယ်။"

စင်စစ်တွင် ကောင်လေးက ပုဆိန်ကိုကိုင်ထားခြင်းမဟုတ်ပေ။ သူ့လက်က ပုဆိန်ဖြစ်နေခြင်းပါ။ သူ့လက်ကို မြောက်ပစ်လိုက်သည့်အခါ ပုဆိန်က လေပေါ်မြောက်တက်သွားပြီး တခြာလူကောင်ကြီးကြီး ကောင်လေးတစ်ယောက်၏ပခုံးကို သွားစိုက်သည်။

"အား....." ကျန်ကျောင်းသားများလည်း လန့်ပြေးကုန်ကြ၏။ ပုဆိန်က လက်နေရာကနေ ကျွတ်ထွက်သွားပြီးနောက် ခပ်ဝဝကောင်လေး၏ လက်နေရာတွင် သွေးရည်ကြည်များ ပြန်စုစည်းလာပြီး လက်အသစ်တစ်ခု ဖြစ်လာပါသည်။

"မာဂီ... ငါ...ငါက မင်းကိုခင်လို့စမိတာပါ။" ပခုံးတွင် ပုဆိန်စိုက်နေသည့် ကောင်လေးက အော်ငိုရင်း ပြောလိုက်သည်။ သွေးများက သူ့တစ်ကိုယ်လုံး စိုရွှဲနေပြီဖြစ်၏။ ခပ်ဝဝကောင်လေးက သူ၏ရှေ့တွင်ရပ်လိုက်ပြီး သတ္ထုပုဆိန်ကို ဒဏ်ရာရနေသည့် ကျောင်းသားပခုံးမှ ဆွဲနှုတ်လိုက်သည်။

"ခင်လို့စတယ်၊ ဟုတ်လား။ ငါကလည်း မင်းကိုခင်လို့ အပိုင်းပိုင်းခုတ်ပစ်မယ်။"

ကောင်လေးက ပုဆိန်ကို မြင့်မြင့်မြှောက်လိုက်ပြီး အားဖြင့်ခုတ်ချလိုက်သည်။ ထို့နောက်တွင်တော့ သွေးများက ကျောင်းစင်္ကြန်တစ်လျှောက် ပြန့်ကျဲသွားတော့သည်။

....

နယူးယောက်အထူးရဲတပ်ဖွဲ့ လှုပ်ရှားလာရန်အတွက် နာရီဝက်လောက် အချိန်ယူလိုက်ရပါသည်။ အထူးတပ်ဖွဲ့၏အရေအတွက်က နည်းပါးသည့်အတွက်ကြောင့် သူတို့က တစ်မြို့လုံးကို မဖြန့်ကျက်နိုင်ပါ။ ထို့ကြောင့် ကြီးမားသည့် အမှုအခင်းများ ဖြစ်နေသည့်နေရာများကိုသာ ရွေးချယ်၍ စစ်ဆင်းရေးလုပ်ရပါသည်။

"ရဲမှူးကြီး...." ဝါကျင့်ကျင့်ရောင်မျက်လုံးများနှင့် အညိုရောင်ဆံပင်များရှိသည့် သတ်ကြီးပိုင်းအရာရှိအား အထူးတပ်ဖွဲ့ဝင်များက အလေးပြုလိုက်ကြသည်။ သူတို့က အထက်တန်းကျောင်းတစ်ခုရှေ့တွင်ဖြစ်၏။ ဝတုတ်လေးတစ်ယောက်က ခေါင်းမရှိတော့သည့် ခန္ဓာကိုယ်များကို ပုံထားသည့် ကျောင်းဝင်းအလယ်တွင် ထိုင်နေကာ အချိုရည်တစ်ဘူးအား သောက်နေ၏။ သူ့သွေးကြောများက ဖောင်းကားနေပြီး မျက်လုံးထဲမှ မျက်ရည်များစီးကျနေသည်။ သူ့ခြေထောက်အောက်တွင်တော့ ကိုလာဘူးပေါင်းများစွာ။

ကျောင်းဝင်းတစ်ခုလုံးတွင် သွေးများအိုင်ထွန်းနေပြီး လွန်စွာကြောက်ဖို့ကောင်းနေ၏။

"ဆာဂျင်... ငါ့ကိုအခြေအနေရှင်းပြစမ်။" ရဲမှူးကြီးက ရောက်နှင့်နေပြီဖြစ်သော ဒေသခံ ရဲတပ်ကြပ်အား မေးလိုက်သည်။ ရဲတပ်ကြပ်နောက်တွင်တော့ အနည်းငယ် ဒဏ်ရာရထားသည့် ရဲသားနှစ်ဦး ရှိနေပါသည်။

"တရားခံက ဝီလီယံ ကောလင်း ဂျူနီယာဆိုတဲ့ အထက်တန်းပထမနှစ် ကျောင်းသားပါဆရာ။ တော်တော်လေးအနိုင်ကျင့်ခံထားရတဲ့ E အဆင့် မြူတန့်တစ်ယောက်ပါ။ စိတ်ဖိစီးမှုကြောင့် ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်အောင်လုပ်ဖူးတဲ့ မှတ်တမ်းတွေရှိပြီး အမည်မသိဆေးကြောင့် စွမ်းအားမြင့်လာချိန်မှာ သူ့အတန်းဖော်တွေကို လိုက်သတ်နေတာပါ။ ကျွန်တော်တို့ဌာနမှာလည်း D အဆင့်မြူတန့်တစ်ယောက်ရှိပေမဲ့ သူ့အစွမ်းက မြင်တဲ့အတိုင်း Cအဆင့်နဲ့ နီးနေပြီလေ။"

ဒေသခံရဲတွေက ခေါင်းခါလိုက်ကြတယ်။ သူတို့က ဟီးရိုးတွေမဟုတ်သလို မြူတန့်တွေကိုရင်ဆိုင်ဖို့ လေ့ကျင့်ထားသည့် အရာရှိများလည်း မဟုတ်ကြပါ။ SWAT တပ်ဖွဲ့ခွဲခေါင်းဆောင် ရဲမှူးကြီးက တပ်ကြပ်ပခုံးကို ညင်သာစွာ ပုတ်ပေးလိုက်၏။

"မပူနဲ့ငါတို့မှာ မက်တယ်ပလာဒင်က အသစ်ထုတ်ထားတဲ့ ရဲဖက်သုံးဝတ်စုံတွေပါလာတယ်။"

"ပလာဒင်- ၁ တွေလား။ အစိုးရအော်ဒါအရဆို နောက်လမှ ရမှာမဟုတ်ဘူးလား။" ရဲတပ်ကြပ်က အံ့ဩတကြီးမေးလိုက်သည်။ SWAT တပ်မှူးက ရယ်မောလိုက်ပြီး။

"ငါတို့က အထူးရဲတွေလေ၊ ငါ့သားရဲ့။"

ထို့နောက် အနက်ရောင်သတ္ထုသေတ္တာလေးများကိုင်ထားသော အထူးရဲသုံးယောက်ခန့် အထူးရဲဗန်ကား ကားပေါ်ကဆင်းလာပြီး ဝတ်စုံဝတ်လိုက်ကြသည်။ ရဲမှူးကြီးကလည်း...

"ငါ့ကောင်လေးတွေ၊ ညင်ညင်သာသာလုပ်ကြ။ တရားခံက လူတစ်ဒါဇင်လောက်သတ်ထားပေမဲ့ အသက်မပြည့်သေးဘူး။ ကလေးတစ်ယောက်ကို ဝတ်စုံနဲ့အနိုင်ကျင့်တာ ငါမမြင်ချင်ဘူး။"

"ဟုတ်ကဲ့၊ ဆာ။"

ခမ်းနားလှသည့် အနက်ရောင်ချပ်ဝတ်ဝတ်စုံကို ဝတ်ဆင်ထားသည့် SWAT တပ်ဖွဲ့ဝင်သုံးဦးက လျှပ်စစ်ရှော့တိုက်တုတ်နှင့် အထူးဒိုင်းကာတို့ကို ကိုင်ဆောင်ထားပြီး ဘေးချင်းယှဥ်လျက် ကျောင်းဝင်းထဲသို့ လျှောက်ဝင်သွားကြလေသည်။

....

"ဝိုး... မေမေရေ ကြည့်ပါဦး၊ အဲဒီလူကြီးက ဂျာကင်နှစ်ထပ်တောင်ဝတ်ထားတယ်။ ဒီလောက်ရာသီဥတုပူနေတာ မအိုက်ဘူးလားမသိဘူး။"

"မားမားရေ...မားမား... ဟိုအဒေါ်ကြီးက ပန်းရောင်ဘရာကြီးဝတ်ထားတယ်... ပြီးတော့ ပင်တီမှာ ဖော်တိန်နဲ့ရေးထားတဲ့စာလည်းပါတယ်၊ မော်လီအိတုံလေးတဲ့။"

အဝါရောင်အလင်းများ ဖြာထွက်နေသည့် ကောင်လေးက လမ်းပေါ်မှလူများကိုကြည့်ရင်း ပေါက်တတ်ကရများ ပြောနေသည်။ သူ၏ X rayအမြင်က နှာဘူးကျသည့်ကိစ္စများမှလွဲ၍ တခြားသုံးစားရန် နည်းလမ်းမရှိပေ။ ရုတ်တရက် ပန်းရောင်ဘရာနှင့်အန်တီကြီးက ခါးထောက်လိုက်သည်။

"အော်...နင်က နင့်အမေကိုပါ ချောင်းကြည့်တတ်နေပြီလား၊ သောက်ကလေး နင်သေပြီသာမှတ်။"

"အား...မလုပ်ပါနဲ့ဗျ...ကြောက်ပါပြီ။" အမေဖြစ်သူက ဒေါက်ဖိနပ်ကိုချွတ်လိုက်ပြီး လက်ဖြင့်ကိုင်ကာ X-rayကောင်လေးနောက်မှ အသည်းအသန်ပြေးလိုက်သည်။ ကောင်လေးကလည်း ကြောက်ကြောက်ဖြင့် အော်ဟစ်ရင်း ရှေ့မှပြေးနေ၏။

တဖြည်းဖြည်း သူတို့နှစ်ယောက်က ဟီးရိုးအစည်းအရုံးရှေ့ ရောက်လာကြသည်။ ပြောခွင့်ရပုဂ္ဂိုလ် လေဆာအိုင်းကို ရုပ်သံဌာနတချို့က အင်တာဗျူးနေကြသည်။

"နယူးယောက်မြို့သားများ၊ စိတ်မပူပါနဲ့။ အဲဒီရူးနေတဲ့မြူတန့်တွေကို ချက်ချင်းမျိုးဖြုတ်ပေးပါ့မယ်။" လေဆာအိုင်းက သူ့ကိုယ်သူ ရင်ဘတ်ပုတ်ပြရင်း ပြောလိုက်၏။ ဂျာနယ်လစ်များကတော့ ခါတိုင်းလိုပင် အကောင်းမမြင်ပေ။

"မျိုးဖြုတ်မယ်... ခင်ဗျားရူးနေတာလား။ အဲဒီမြူတန့်တွေကလည်း လူတွေပဲလေ။ လူလူချင်း သတ်စရာလား။"

ရုတ်တရက် ကောင်လေးတစ်ယောက်က လေဆာအိုင်းနောက်ရောက်လာပြီး လက်ညိုးထိုးကာ ပြောလိုက်သည်။

"မေမေ... ဒီလူကြီးက မရှက်ဘူးလားမသိဘူး။ ယောက်ျားတန်မဲ့ အောက်မှာကြိုးတစ်လုံးရေကူးဝတ်စုံကြီး ဝတ်ထားတယ်။"

"....ငါကြိုးတစ်လုံးဝတ်ထားတာ မင်းက ဘယ်လိုလုပ်သိတာလဲ။" လေဆာအိုင်း ကြောင်သွားပြီး ပါးစပ်မှ အဖြေပေးလိုက်မိကာ နောက်ကိုလှည့်ကြည့်လိုက်သည်။ မျက်လုံးမှ အဝါရောင်အလင်းများထွက်နေသည့် ကောင်လေးက သူ့ကိုစိုက်ကြည့်နေပြီး တခွီးခွီးရယ်နေသည်။

"ပြီးတော့ အောက်မှာဝတ်ထားတာကလည်း တြိဂံပုံ မိန်းမဝတ်အတွင်းခံအောက်မှာ ကလေးဒိုက်ပါကြီးနဲ့။ စိတ်မနှံဘူးလားမသိဘူး။" ထိုစကားကြောင့် လေဆာအိုင်းရှက်သွားပြီး သူ့ကိုယ်သူလက်ဖြင့်ဖုံးကာ လူအုပ်ကြီးကို ပြုံးပြပြီး ထွက်ပြေးသွား၏။ ဂျာနယ်လစ်တပ်ဖွဲ့ကြီးကတော့ ပြုံးစိစိဖြင့် သဘောကျပြီးရယ်နေကြ၏။

"ဟားဟားဟား...." တချို့ကတော့ လေဆာအိုင်းနောက်မှ ပြေးလိုက်ပြီး အသည်းအသန်လိုက်မေးနေကြသည်။ ဟီးရိုးတစ်ယောက်ကို သာမန်လူများ လိုက်မဖမ်းနိုင်မှန်းသိ၍ သတင်းဌာနများက အပြေးသန်သည့် မြူတန့်များကို ယနေ့ခေတ်တွင် စျေးကောင်းပေးပြီး သတင်းထောက်အဖြစ် အလုပ်ခန့်နေကြပြီဖြစ်သည်။

"လေဆာအိုင်း... ခင်ဗျားအနောက်တိုင်းဝတ်စုံအောက်မှာ အမျိုးသမီးအဝတ်အစားတွေ ဝတ်တာတကယ်လား၊ ဘယ်ကတည်းက အကျင့်ဖြစ်နေတာလဲဟင်။"

တချို့ကတော့ ကောင်လေးကို အင်တာဗျူးနေကြ၏။ "သားလေးက လေဆာအိုင်းရဲ့အတွင်းခံကို တကယ်မြင်နိုင်တာလား။ သားအစွမ်းကဘာလဲ။"

"ကျွန်တော့်အစွမ်းက X-ray eyes။ ကျွန်တော်ကြီးလာရင် ကျွန်တော်မြင်နေရတဲ့မြင်ကွင်းကို လူတိုင်းနဲ့မျှဝေဖို့ နည်းလမ်းရှာမယ့်ဗီလိန်လုပ်မှာ။"

ကောင်လေးက ခါးထောက်ရင်း ဂုဏ်ယူစွာဖြင့် သူ့အစွမ်းကို ပြောလိုက်တော့သည်။

...

တစ်ဖက်တွင်တော့ လူကန်က အရက်မူးသလိုဖြစ်နေပြီး တစ်ကိုယ်လုံးကြွက်သားအပြည့်နှင့်ဖြစ်နေသော ဖရန့်အား အတင်းဆွဲခေါ်လာရ၏။

"အဲဒါကြောင့် ငါပြောတာပေါ့ကွ၊ အဲဒီအားဖြည့်အချိုရည်တွေ စွတ်မသောက်ပါနဲ့လို့။ အခုတော့ ဖြစ်ပြီ။"

ဖရန့်ဆိုသည့်ကောင်စုတ်က တော်တော်ဆိုးဝါးပါသည်။ တစ်မြို့လုံး မြူတန့်စွမ်းအားတိုးဆေးကြောင့် တိုင်ပတ်နေချိန်တွင် မအောင့်နိုင်ဟုဆိုကာ အားဖြည့်အချိုရည်တစ်ဘူး သွားဝယ်သောက်လိုက်သည်။ သို့နှင့် သူ့စွမ်းအားဖြစ်သည့် တုနှိုင်းမဲ့ခွန်အားက အလိုလိုအသက်ဝင်နေပြီး ဗလတောင့်တောင့် လူချောလေးဖြစ်သွားလေ၏။ ခုတော့ လမ်းမှာတွေ့သမျှ ကောင်မလေးများကို ကြွက်သားများညှစ်ပြနေပြီး ထိကြည့်မလားဟုပင် ဖိတ်ခေါ်နေသေးသည်။ လူကန်ကတော့ အတော်စိတ်ညစ်နေပေပြီ။

"မင်းကလည်းကွာ၊ ခါတိုင်းဆိုရင် ဆယ်မိနစ်လောက်ပဲ ပြောင်းလို့ရတာ။ အခုလိုမိနစ်သုံးဆယ်ပြောင်းနိုင်တာရှားတယ်။" ဖရန့်က မကျေမနပ်ဖြင့် လူကန်ကို ပြန်ခံပြောသည်။

"ငလူးမ ငတုံးတောင်၊ ငါတို့ခဏနေရင် ဆာကူရာစမ်းသပ်ခန်းကို သွားဖောက်ရတော့မှာလေ။ မင်းက စွမ်းအားတွေဖြုန်းပစ်နေတာလား။ အဲဒီဆေးမှာ ဘာဆိုးကျိုးရှိလို့ရှိမှန်းလည်း သိတာမဟုတ်ဘူး။"

"ဟဲဟဲ... ဒါဆိုလည်း မိနစ်သုံးဆယ်မပြည့်ခင် ဘော့စ်စခန်းကို ဝင်စီးကြစို့။"

ရုတ်တရက် မြို့ထဲမှာ နီယွန်ဆိုင်းဘုတ်များနှင့် ကြော်ငြာတီဗီများအားလုံး ရပ်တန့်သွားသည်။ ထို့နောက် အဖြူရောင်ဆရာဝတ်ဝတ်စုံနှင့် ကျီးကန်းမျက်နှာဖုံးကို ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခုကို ပြသနေပါတော့သည်။ မြို့ကြီးတစ်ခုလုံးရှိ ကြော်ငြာတီဗီများအားလုံး ယခုလိုဟက်ခံထိသွားသောကြောင့် တစ်မြို့လုံးဆိုက်ဘာတိုက်ခိုက်မှုအတွင်း ရောက်ရှိသွားပြီမှန်း သိနိုင်ပါသည်။

ကျီးကန်းမျက်နှာဖုံးနှင့်ဆရာဝန်အား လူကန်တွေ့လိုက်သောအခါ သူ့တစ်ကိုယ်လုံး တုန်ရီသွားသည်။

"Mad Doctor... တကယ်ပဲ သူဖြစ်နေတာကိုး။"

Mad Doctor၏ဘေးတွင်တော့ သူ၏အမှတ်အသားဖြစ်သော ကင်းခြေများ မြူတန့်မိန်းကလေးကို တွေ့နိုင်ပါသည်။

"နယူးယောက်မြို့သားများအားလုံး တွေ့ရတာဝမ်းသာပါတယ်။ ကျုပ်က S အဆင့်ဗီလိန်အဖြစ် သတ်မှတ်ခံထားရတဲ့ Mad Doctorပါ။ အရူးဆရာဝန်ပေါ့။ အခုခင်ဗျားတို့ မြည်းစမ်းကြည့်နေတဲ့ မြူတန့်အားတိုးဆေးက ကျုပ်ရဲ့တီထွင်မှုပါ။ ဆယ်ယောက်မှာ နှစ်ယောက် စိတ်ရူးပေါက်ပြီး များများသောက်ရင် ပေါက်ကွဲရုံကလွဲလို့ တခြားဆိုးကျိုးမရှိပါဘူး။ ဟဲဟဲ... ခဏခဏသောက်ရင်တော့ စွဲတာလေးလည်းပါတာပေါ့။ ခင်ဗျားတို့စွမ်းအားရှိနေတဲ့ တစ်ခဏလေးမှာ ခင်ဗျားတို့မကျေနပ်ချက်တွေကို ဖောက်ခွဲပစ်လို့ရတယ်။ ဒီနေ့ကို The purge အဖြစ် ကျုပ်ကြေငြာတယ်။"

နယူးယောက်မြို့သားများအားလုံး ကြော်ငြာတီဗီများကို မော့ကြည့်နေကြပါသည်။ သူတို့၏ဖုန်းများအားလုံးသည်လည်း ယင်းမြင်ကွင်းကိုသာ ပြသနေပါတော့သည်။ နည်းပညာဟီးရိုးဖြစ်သော မက်ဒါနာသည်လည်း အေမီထံမှ အချက်ပြကို အလိုလျှောက်ရလာသည်။

"မမလေး...မမလေး... တစ်မြို့လုံးပြဿနာတက်နေပြီ။ Mad Doctorဆိုတဲ့လူကြီးက မြို့ကိုတိုက်နေတာပဲ။"

မက်ဒါနာလည်း ထိုဗီဒီယိုအတိုကို မြင်လိုက်ရချိန်တွင် ဆွံအသွားခဲ့ပါသည်။ သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။

"ငါဘယ်သူ့ကို ရွေးပြီးကယ်ရမှာလဲ....မြို့လား... မာဂရပ်ကိုလား။"

...

ကြယ်ငါးပွင့်ဟော်တယ်ကြီး၏ တော်ဝင်အဆင့်အခန်းတွင်ဖြစ်သည်။ ဗြိတိသျှလိုလီလေးက မြို့ကြီးတစ်ခုလုံးကို အပေါ်စီးမှကြည့်နေရင်း အဆင့်မြင့်လက်ဖက်ရည်ကို သောက်နေပါသည်။

"ဟင်း... အဲဒါကြောင့် ငါဘူးထဲထည့်ထားတဲ့ အချိုရည်တွေကို မုန်းတာပဲ။ ကျန်းမာရေးအတွက်လည်းမကောင်း၊ အရသာကလည်းဆိုးနဲ့။ ဘာလို့ဗြိတိသျှတွေလို ဒီခေတ်အမေရိကန်တွေက နန်းဆန်ဆန် လက်ဖက်ရည်တို့ ကော်ဖီစစ်စစ်တို့ မသောက်ကြတာလဲမသိဘူး။"

သို့သော်လည်း နန်းဆန်ကာ ခမ်းခမ်းနားနားနေတတ်သောလိုလီလေးမှာ MadDoctor၏ကြေငြာချက်ကို ကြားလိုက်ရချိန်တွင် ခုံပေါ်မှ တစ်ခါတည်းလိမ့်ကျသွားတော့သည်။

"အဲဒီသောက်ရူးကောင်တော့ လုပ်ချလိုက်ပြန်ပြီ။ ဂရန့်ရေ၊ အယ်လိုဟင်ကိုလှမ်းဆက်သွယ်။ ဟိုစမ်းသပ်ခန်းကို အမြန်သွားပြီး ဖျက်ဆီးတော့လို့။ ဒါနောက်ဆုံးအခွင့်အရေးပဲ။ ပြီးတော့ ငါ့ဒရုန်းတွေပြင်ထားပေး။ အပြစ်မဲ့တဲ့မြို့သားတွေကို ကာကွယ်ပေးရမယ်။"

....

Mad Doctorကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ ဆက်ပြီးပြောနေပါသည်။

"မင်းတို့မှာ အစွမ်းရှိပေမဲ့ သိမ်နုပ်လွန်းလို့ အနှိမ်ခံနေရတာလား။ ငါ့ဆေးတွေကို ပျော်ပျော်ကြီးသောက်လိုက်။ မင်းကို သစ္စာဖောက်သွားတဲ့လူရှိလား ငါ့ဆေးကိုသောက်ပြီး သူတို့ကိုသွားသတ်ပစ်လိုက်။ ဟီးရိုးတွေကို မင်းတို့သဘောမကျဘူးလား၊ ငါ့ဆေးကိုသောက်ပြီး သူတို့ကိုသတ်ပစ်လိုက်။ The Purgeနေ့မှာ ရုံးတွေ၊ ရဲတွေ၊ တရားဥပဒေတွေ အလုပ်မလုပ်ဘူး။ မြူတန့်သိပ္ပံအဖွဲ့အစည်းက မင်းတို့ကိုကူညီပေးမယ်။"

စကားဆုံးသည်နှင့် Mad Doctorက ဗီဒီယိုကို ဖြတ်ချလိုက်သည်။ စမ်းသပ်ခန်းတစ်ခုထဲတွင်တော့ Mad Doctorက လက်တော့ကိုပိတ်လိုက်ပြီး သူ၏ရှေ့တွင်ရှိနေသည့် မြူတန့်ငါးယောက်ကို ကြည့်လိုက်သည်။

"အဲဒီLizardရဲ့တည်နေရာကို မင်းတို့သိပြီလား၊ သူ့ကိုသွားဖမ်းကြတော့။"

"အမိန့်အတိုင်းပါ...."

....

အစိုးရ စူပါဟီးရိုးကျောင်းတွင်ဖြစ်သည်။ လီဆာက ဆေးပါသည့် အချိုရည်သောက်မိပြီး အသိမရှိတော့သည့် ကျောင်းသားတချို့ကို ကူညီပြီး ထိန်းသိမ်းပေးနေပါသည်။

"ဖားလေး... သူတို့ရဲ့ဇက်မှာ အကြောဆုံမှတ်တစ်ခုရှိတယ်။ အဲဒီနေရာကို အဓိကထားတိုက်၊ မေ့သွားရင်ရပြီ။ အားမလွန်စေနဲ့ဦး။" ဖားလေးကလည်း လီဆာနှင့်အတူ အခြားကျောင်းသားတချို့ကို ထိန်းချုပ်နေပါသည်။ သူ၏ဧရာမဖားလျှာကြီးဖြင့် မြူတန့်များစွာကို တစ်ချက်တည်းချုပ်နှောင်နိုင်ပြီး အနားသို့သွားကာ အကြောဆုံမှတ်သို့ နှိပ်ရုံသာဖြစ်သည်။

"ဒါနဲ့... ငါ့ကိုတစ်ဝက်အသွင်ပြောင်းနည်းသင်ပေးလို့ ကျေးဇူးပဲ။ ဒါက ပိုလှုပ်ရှားရအဆင်ပြေတယ်။" ဖားလေးက လီဆာကို လက်မထောင်ပြလိုက်သည်။ အခုဖားလေးက ဖားအသွင်အပြည့်ပြောင်းမထားပါ။ သူ၏လက်နှင့်ခြေများကိုသာ ပြောင်းထားပြီး လျှာကိုဖန်ရံဖန်ခါ လိုအပ်မှသာပြောင်းသည်။ ယခင်ကလို ဧရာမဖားပြုတ်ကြီးဖြစ်သွားချိန်တွင် လေးလံထိုင်းမှိုင်းသွားသည့် အားနည်းချက်မှာလည်း များစွာလျော့ကျသွားလေ၏။

"အင်း... တစ်ဝက်အသွင်ပြောင်းထားတာက စွမ်းအားမကြီးတဲ့ ရန်သူတွေကို အုပ်စုလိုက်ရင်ဆိုင်ရရင် သုံးဖို့ အကောင်းဆုံးနည်းလမ်းပဲ။"

"အကြောဆုံမှတ်ကရော... ဘယ်ကလေ့လာလာတာလဲ။"

"မမမက်ဒါနာသင်ပေးတာ။"

"ဟိုဆံပင်အဖြစ်နဲ့မိန်းကလေး... အဲ...ဆရာမလား။"

"နေစမ်းပါဦး၊ အစ်မကြီးက နင့်ကိုဘယ်တုန်းက တပည့်လက်ခံလိုက်လို့လဲ။" လီဆာက သုံးချက်ဆင့်ကန်နည်းဖြင့် ကျောင်းသားတချို့ကို လေပေါ်မြောက်အောင်လုပ်လိုက်ပြီး အောက်ကိုပြုတ်ကျလာချိန်တွင် အကြောပိတ်ပေးလိုက်သည်။

"၂၂ယောက်... နောက်၅ယောက်ကျန်သေးတယ်။"

လီဆာက ကျောင်းခန်းတစ်ခုထဲတွင် တိုက်ခိုက်နေကြသည့် မြူတန့်များကို လက်ညိုးထိုးပြပြီး ပြောလိုက်သည်။

"ကံကောင်းလို့ နင်အဲဒီအချိုရည်တွေ မသောက်မိတာပဲ။ မဟုတ်ရင် သူတို့ကို ဘယ်လိုထိန်းရမှန်းသိမှာမဟုတ်ဘူး။" ဖားလေးက လက်မထောင်ပြရင်း လီဆာကိုပြောလိုက်၏။

"မသောက်တာမဟုတ်ပါဘူး...မေမေနဲ့အစ်မက မသောက်နဲ့လို့ မှာထားတယ်လေ။ Lizardတွေအတွက် အဟာရတန်ဖိုးမရှိဘူးတဲ့။" လီဆာက လည်း နဖူးပေါ်မှ ကျနေသည့်ချွေးတချို့ကို လက်ဖြင့်ဖယ်ရှားလိုက်ရင်း ပြန်ဖြေလိုက်သည်။

"သူတို့က နင့်ကိုတော်တော်ချစ်ကြတာပဲ။" ဖားလေးက ထိုစကားကို ပြောလိုက်ချိန်တွင် မျက်နှာမှာ ညိုးငယ်သွား၏။ သူ့ကို ထိုသို့ကြင်နာပေးမည့်သူ တစ်ယောက်မှ မရှိခဲ့ဖူးပါ။

သူတို့နှစ်ယောက်အတွက် မြူတန့်ကျောင်းသားများကို ရင်ဆိုင်ရသည်မှာ မခက်လှပါ။ သူတို့အလုပ်က အေးအေးဆေးဆေး ရှေ့ဆက်နေခဲသည်။ သို့သော် ထူးဆန်းသည့် မြူတန့်တချို့ ကျောင်းသို့ရောက်မလာခင်အထိသာ ဖြစ်ပေသည်။

၃။

မက်ဒါနာဟာ မြို့စွန်က သိုလှောင်ရုံတစ်ခုဆီကို ရောက်လာပါတယ်။ သိုလှောင်ရုံနေရာဟာ ဘာဆိုဘာမှ မှားတယ်လို့ မထင်ရတဲ့နေရာတစ်ခုပါ။

အထူးသဖြင့် သာမန်အိမ်သုံးကုန်ပစ္စည်းတွေပဲရှိနေပြီး ဆာကူရာလုပ်ငန်းစုကပိုင်တဲ့ အမှတ်သင်္ကေတဆိုလို့ လုံးဝမရှိပါဘူး။ ငွေရောင်ချပ်ဝတ်နှင့်သူရဲကောင်းဟာ ကွန်တိန်နာကြီးတွေကြား လျှောက်သွားနေရင်းနဲ့ သတိရှိရှိစောင့်ကြည့်နေပါတယ်။

"အေမီ... ဒီသိုလှောင်ရုံရဲ့လိပ်စာကိုယူပြီး နောက်ကြောင်းတွေစစ်ကြည့်။"

"အာ... ရဲမှတ်တမ်းတွေနဲ့စာရင်းတွေအရဆိုရင်တော့ ဆာကူရာဂိုဏ်းနဲ့ဘာမှမသက်ဆိုင်ဘူး။ ရော့ဝဲလ်ဆိုတဲ့ သူဌေးကြီးတစ်ယောက်ပိုင်တာ။ မျိုးရိုးစဥ်ဆက်ချမ်းသာလာပြီး ဘာပြစ်မှုမှတ်တမ်းမှမရှိဘူး။"

မက်ဒါနာ သေချာပြန်စဥ်းစားလိုက်တယ်။ ခုဏက Mad Doctorပေါ်လာတာဟာ ဆာကူရာဂိုဏ်းနဲ့ ဆက်သွယ်နေပုံရတယ်။ သူ့ကိုဆာကူရာဂိုဏ်းက ခြိမ်းခြောက်တဲ့အချိန်မှာ အချိန်ကိုက်ပေါ်လာတာ တိုက်ဆိုင်မှုထက်ပိုပါတယ်။ ဆိုလိုတာက ရဲတပ်ဖွဲ့မှတ်တမ်းတွေထက်တောင် ပိုပြီးလျှို့ဝှက်ချက်မြင့်မားတဲ့ ကိစ္စတွေပါဝင်နေပြီဆိုတာပဲ။

"အာ...အေမီရေ၊ ငါ့အစား နယူးယောက်မြူတန့်ဌာနစိတ်ကို ဟက်ပေးနိုင်မလား။ ရော့ဝဲလ်၊ Mad Doctor၊ ဆာကူရာ သုံးဖွဲ့လုံးရဲ့အချက်အလက်တွေလိုချင်တယ်။"

"ဒါပေမဲ့ မြူတန့်ဌာနစိတ်လုံခြုံရေးက CIAထက်တောင် ပိုပြီးအားကောင်းတာကို။" အေမီရဲ့ညုတုတုအသံက မက်ဒါနားထဲကို ရောက်လာတယ်။

"လုပ်နိုင်လား မလုပ်နိုင်ဘူးလား။ ငါ့မှာအချိန်မရှိဘူး။" မက်ဒါနာလည်း စိတ်ပျက်ပျက်နဲ့ပြောလိုက်တယ်။ ဒီစက်ရုပ်မက တော်တော်နားညည်းတာပဲ။ 'အရင်စနစ်လေးအတိုင်းပဲ ကောင်းတယ်။'

"အင်း...ရတော့ရမှာပါ၊ ကြာတော့ကြာမယ်။"

"လုပ်ထားလိုက်၊ ငါဒီမှာ တိုက်ရခိုက်ရဦးမယ်ထင်တယ်။" မက်ဒါနာက သူ့နားဝိုင်းလာတဲ့ လူတချို့ကို ကြည့်လိုက်ပြီး ပြောလိုက်ပါတယ်။

သိုလှောင်ရုံမှာ အလုပ်သမားဝတ်စုံနဲ့ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေအားလုံးက ငွေရောင်ချပ်ဝတ်နဲ့သူ့ကိုမြင်တာနဲ့ အကုန်လုံးထွက်သွားကြပါတယ်။ သူတို့နေရာမှာ အစားဝင်လာသူတွေက ဆာကူရာဂိုဏ်းသားတွေပါ။ သူတို့ကို ခေါင်းဆောင်လာတာက အမာရွတ်နဲ့နံပါတ်တစ်ပါ။ သူ့လက်ထဲမှာတော့ ဖွင့်ထားတဲ့ လက်တော့တစ်လုံးပါတယ်။

"မစ္စတာ Silver Knight၊ ကျုပ်ဆရာက ခင်ဗျားနဲ့နောက်ဆုံးအကြိမ်အဖြစ် ဆွေးနွေးချင်နေတယ်။"

မက်ဒါနာက ရန်သူ့အင်အားကို တစ်ချက်စစ်ကြည့်လိုက်တယ်။ သူ့ရှေ့ကို ရောက်လာတာတင် တစ်ဒါဇင်လောက်ရှိနေပါပြီ။ ကုန်သေတ္တာတွေနောက်မှာ ပုန်းနေတဲ့ နောက်ထပ်တစ်ဒါဇင်ကျော်ကိုတွေ့လိုက်ပြီး သူတို့ထဲမှာ ကျွမ်းကျင်သူတချို့လည်း ပါနေပါတယ်။

ဗီဒီယိုကောလ်ထဲက အိုက်ဇာဝါက ငွေရောင်စစ်သည်ကို စိုက်ကြည့်နေပြီး လေသံအေးအေးနဲ့ ပြောလိုက်ပါတယ်။

"Silver Knight၊ မင်းနဲ့ငါ့ကြားမှာ ဘာရန်ငြိုးမှမရှိတော့ ကြင်နာတတ်တဲ့ငါက ဒီလိုကမ်းလှမ်းလိုက်မယ်။ မင်းစွပ်စွဲထားတဲ့ အမှုမှန်သမျှကို ပြန်ရုပ်သိမ်းပြီး အာအိုရီကို ပြန်လွှတ်ပေးခိုင်းလိုက်။ ငါမင်းရဲ့လက်ထောက်လေးကို ပြန်လွှတ်ပေးမယ်။"

သူ့နောက်မှာတော့ ထိုင်ခုံပေါ်မှာ လက်ထိပ်ခတ်ခံထားရတဲ့ မာဂရပ်ကိုတွေ့နိုင်ပြီးတော့ အိုက်ဇာဝါကတော့ သူသောက်ဖို့အတွက် ရေနွေးကို သူ့ဘာသာငှဲ့လိုက်တယ်။

"မင်းတွေ့တဲ့အတိုင်းပဲ အာအိုရီမရှိတော့ကတည်းက ငါ့ဖာသာ လက်ဖက်ရည်အိုးတည်ပြီး ငါ့ဘာသာပဲ ငှဲ့နေရတယ်။ အဆင်မပြေဘူးကွ။"

မက်ဒါနာကတော့ ခေါင်းခါလိုက်တယ်။ သူတို့အမှုက မြူတန့်ဌာနစိတ်ကိုပါ ဝင်ပါခိုင်းရလောက်တဲ့အထိ ကြီးနေပြီးပါပြီ။ စွဲချက်တွေကို ပြန်ပယ်ဖျက်ရင်တောင် အစိုးရက အိုက်ဇာဝါကို ဆက်တရားစွဲဦးမှာပါ။

"မင်းနောက်ကျသွားပြီ၊ ငါတရားဆက်မစွဲရင်တောင် အစိုးရက မင်းကိုရအောင် လက်ထိပ်ခတ်ဦးမှာပဲလေ။"

"ဒါဆိုလည်း ငါတို့တွေကြားမှာ ဆွေးနွေးစရာမရှိတော့ဘူးပေါ့။" အိုက်ဇာဝါက သူ့လူတွေကို ကြည့်လိုက်ပြီး လက်ခုပ်တီးလိုက်တယ်။ ဒါဇင်နဲ့ချီတဲ့ ဂိုဏ်းသားတွေက စလှုပ်ရှားလာကြပါပြီ။

ဆာကူရာဂိုဏ်းသားတွေမှာ ပစ္စတိုတွေနဲ့ဓားတွေပဲ ရှိနေတာမဟုတ်ပါဘူး။ မောင်းပြန်ရိုင်ဖယ်တွေလည်း ရှိနေတဲ့အတွက်ကြောင့် သာမန်Cအဆင့်တစ်ယောက်ကို အသေသတ်ဖို့ လုံလောက်ပါတယ်။ မက်ဒါနာရဲ့ဝတ်စုံက ကျည်ကာဖြစ်နေရင်တောင် ဆက်တိုက်အပစ်ခံရရင် စုတ်ပြတ်ကုန်တော့မှာပါ။

ဒါပေမဲ့ ဇက်သတ္ထုရည်စိမ်ထားတဲ့ ဒီကျည်ကာတွေက တင့်ကားတစ်စီးထက်တောင် ပိုမာပါသေးတယ်။ မက်ဒါနာဟာ သူ့ကျောမှာချိတ်ထားတဲ့ စစ်သည်သုံးဓားကြီးကို ဆွဲထုတ်လိုက်ပြီး သူ့လက်က လျှပ်စစ်ရှော့တိုက်စက်ကို အသင့်ပြင်လိုက်ပါပြီ။

"မင်းတို့တော့ ဒီနေ့လူမှားရန်စမိပြီ။"

B- အဆင့်တစ်ယောက်ရဲ့ပျှမ်းပျအမြန်နှုန်းနဲ့ မက်ဒါနာဟာ ရှေ့ကိုချက်ချင်းပြေးတက်သွားပါတယ်။ သူ့အမြန်နှုန်းက သာမန်ဆိုင်ကယ်တစ်စီး စပြေးတဲ့နှုန်းနဲ့ အတူတူပါပဲ။

အမာရွတ်တို့တွေဟာ အတွေ့အကြုံရှိဂိုဏ်းသားတွေဖြစ်ပေမဲ့ အငိုက်မိသွားကြတယ်။ မက်ဒါနာရဲ့ဓားပြားကြီးက သူတို့မျက်နှာပေါ် တန်းကျလာပါတယ်။

"အား...." ဂိုဏ်းသားလေးယောက်လောက် ဓားပြားနဲ့အရိုက်ခံရပြီး ကြမ်းပေါ်ကို ပြုတ်ကျလာကြတယ်။ သူတို့က သာမန်လူတွေမလို့ မက်ဒါနာက ဓားသွားနဲ့မခုတ်တာပါ။ လူကို လွယ်လွယ်နဲ့သတ်တဲ့အထဲမှာ မက်ဒါနာမပါဘူး။

ဒါပေမဲ့ကျန်လူတွေထဲမှာ မြူတန့်တွေလည်းပါပါတယ်။ အထူးသဖြင့် အမာရွတ်က မီးအမျိုးအစားမြူတန့်ပါ။ သူ့အဆင့်က C မှာရှိနေတယ်။ အမာရွတ်ရဲ့လက်နှစ်ဖက်ကနေ မီးတွေထွက်လာပြီး မက်ဒါနာကို မီးရှို့ဖို့ကြိုးစားပေမဲ့ ဇက်သတ္ထုရဲ့အပူခံနိုင်စွမ်းက တော်တော်မြင့်ပါတယ်။ အထူးနည်းလမ်းမရှိရင် အရည်ကျိုဖို့မဖြစ်နိုင်ဘူး။

မက်ဒါနာဟာ မီးလျှံတွေထဲကနေ အေးဆေးစွာ လမ်းလျှောက်ထွက်လာတယ်။ "ဒီမီးနဲ့ဆို ဟော့ဒေါ့ပဲ ကင်စားလို့ရမယ်ဂိုဏ်းသား။"

နောက်တော့ မက်ဒါနာက အမာရွတ်ရဲ့အင်္ကျီကုတ်ကနေဆွဲပြီး လေပေါ်မြှောက်ပစ်လိုက်တယ်။ အမာရွတ်ဟာ လေထဲမှာ တစ်ခါတည်းလွင့်ထွက်သွားပြီး ကွန်တိန်နာတစ်ခုနဲ့ သွားဆောင့်မိတယ်။

"ဘုန်း...." ပြန်ပြုတ်ကျလာတော့ သူ့တစ်ကိုယ်လုံး စုတ်ပြတ်နေပါပြီ။ လက်နှစ်ဖက်လည်းကျိုးသွားတယ်။

"ခွေးသား... မင်းကိုငါတို့သတ်မယ်။" ကျန်တဲ့ဂိုဏ်းသားတွေက သေနတ်တွေနဲ့ဝိုင်းပစ်ပေမဲ့ အချည်းအနှီးပါပဲ။ တချို့ဆို ဝတ်စုံကိုမှန်ပြီး ပြန်ကန်ထွက်လာတဲ့ကျည်တွေကြောင့် ဒဏ်ရာရကုန်ကြတယ်။

မက်ဒါနာက အချိန်မဖြုန်းချင်တာကြောင့် သူတို့ကို လျှပ်စစ်ရှေ့တိုက်စက်နဲ့ရိုက်ပြီး ကုန်လှောင်ရုံထဲမှာ ဒီအတိုင်းပစ်ထားလိုက်ပါပြီ။

"ဟယ်လို... မြေအောက်စမ်းသပ်ခန်းလေး။"

မက်ဒါနာရဲ့အနီအောက်ရောင်ခြည် နည်းပညာကနေ မြေအောက်မှာ အခေါင်းပေါက်ကြီးဖြစ်နေတာကို မြင်ရပါတယ်။ ငွေရောင်စက်ရုပ်က မြေပြင်ကို အားကုန်ထိုးချလိုက်တယ်။ ကုန်လှောင်ရုံရဲ့ကွန်ကရစ်ကြမ်းပြင်ဟာ ငလျှင်အသေးစားတစ်ခု လှုပ်ခတ်သွားသလိုမျိုး နိမ့်ကျသွားတယ်။ ဒါပေမဲ့ လုံးဝကြီးတော့ ပြိုမကျသေးပါဘူး။ မက်ဒါနာ ထပ်ထုမယ်လုပ်တော့ ဆိုင်ကယ်တစ်စီးရဲ့အင်ဂျင်သံကို ကြားလိုက်ရပါပြီ။

"မကောင်းတော့ဘူး...." ဂျပန်ထုတ် ယာမာဟာပြိုင်ဘီးတစ်စီးက မက်ဒါနာကို နံဘေးကနေ ဖြတ်တိုက်လိုက်တယ်။ ငွေရောင်စစ်သည်လည်း လက်နှစ်ဖက်ကိုမြောက်ပြီး ကာလိုက်ပါတယ်။ ဒါပေမဲ့ ဆိုင်ကယ်ရဲ့အရှိန်ကြောင့် တော်တော်ဝေးဝေးကို မြောက်သွားပါတယ်။

ဆိုင်ကယ်တော့က လေထဲမှာပဲလှည့်လိုက်ပြီး မြေပေါ်ကို ကျင်လည်စွာ ပြန်ဆင်းလိုက်ပါတယ်။ ဆိုင်ကယ်ပေါ်မှာတော့ တစ်ကိုယ်လုံးယာကူဇာတက်တူးထိုးထားတဲ့ သတ်လတ်ပိုင်းလူကြီးတစ်ယောက် ရှိနေပါတယ်။ အဲဒီလူက သူဝတ်ထားတဲ့ သရေဂျာကင်ကို ချွတ်ပစ်လိုက်ပြီး ငွေရောင်စက်ရုပ်ကို ကြည့်လိုက်ပါပြီ။

"ဟေးဟေး... ငွေရောင်စစ်သည်လေး၊ မင်းက တကယ်ပဲ ငါတို့မြေအောက်ခန်းကို စိတ်ဝင်စားနေတာလား။ မင်းအရင်က တိုက်ခဲ့တဲ့ ဂိုဏ်းသားလေးတွေက ငါတို့ရဲ့အပေါ်ယံအင်အားပဲ ရှိသေးတာနော်။"

မူးဝေနေတဲ့ မက်ဒါနာက ခေါင်းကိုခါယမ်းလိုက်ပြီး သူ့ရှေ့ရောက်လာတဲ့ ဂိုဏ်းသားအသစ်ကို ကြည့်လိုက်ပါတယ်။ စနစ်ကတော့ ခွန်အားအမျိုးအစားမြူတန့်လို့ ပြနေတယ်။

"ငါ့နာမည်က ယာမ၊ ဂိုဏ်းသားတွေကတော့ ငါ့ကိုဝက်ဝံနတ်ဆိုးကြီးလို့ခေါ်ကြတယ်။ မင်းကိုသတ်တဲ့လူနာမည် မသိလိုက်ရမှာစိုးလို့ ပြောပြနေတာ။"

ယာမက သူ့ဆိုင်ကယ်နဲ့တွဲထားတဲ့ ကာတာနာဓားကြီးကို ဆွဲထုတ်လိုက်ပါတယ်။ သာမန်ကာတာနာတွေထက် အများကြီးဓားပြားပိုကြီးကာ မက်ဒါနာရဲ့ဓားနဲ့ အရွယ်တူပါပဲ။

"ဆာမူရိုင်းနဲ့မြင်းသည်တော်... အလယ်ခေတ်သူရဲကောင်းတွေနဲ့ ငါက အမြဲတမ်းဓားရေးယှဥ်ချင်ခဲ့တာ။"

ယာမက စကားတပြောပြောနဲ့ သူ့ကိုယ်သူမာန်သွင်းတဲ့အနေနဲ့ အော်ဟစ်လိုက်တယ်။ သူ့တစ်ကိုယ်လုံးက ကြွက်သားတွေအားလုံး ကြေးနီရောင်တောက်လာပြီး သတ္ထုအဖြစ်ပြောင်းသွားပါတယ်။

[အမည်- ယာမ ယာမာဂုချီ

အသက်- ၄၂နှစ်

စွမ်းအား- ကြေးနီသတ္ထုခန္ဓာ၊ ဓားလောက

အဆင့်- B+

ရဲမှတ်တမ်းအကျဥ်းချုပ်- ဆာကူရာဂိုဏ်း၏လက်ထောက်ခေါင်းဆောင်။ ဖခင်မှာ ယာမာဂုချီမိသားစုမှဖြစ်ပြီး မိခင်မှာ ဂျပန်မှကြေးသတ္ထုယာကူဇာဂိုဏ်း၏မင်းသမီးဖြစ်သည်။]

"ယာမာဂုချီမိသားစုရဲ့နာမည်ကျော် ဒုတိယမျိုးဆက်တစ်ယောက်ပဲ။" မက်ဒါနာလည်း ဒီလူကြီးကို သိပါတယ်။ သူက ဟီးရိုးတစ်ယောက် မဟုတ်ပေမဲ့ အတော်လေးအစွမ်းထက်ပြီးတော့ ယာမာဂုချီမိသားစုရဲ့ထောက်တိုင်တစ်ခုပါ။ အိုက်ဇာဝါရဲ့လေးယောက်မြောက် ဦးလေးဖြစ်ပြီးတော့ ဓားပညာမှာ ခွန်အားကိုပဲအားကိုးလို့ သာမန်လို့ပြောလို့ရပေမဲ့ ကြေးသတ္ထုခန္ဓာပါပေါင်းလိုက်တော့ ရယ်စရာမဟုတ်တော့ပါဘူး။ ခံနိုင်ရည်အရာမှာ သူက ချပ်ဝတ်ဝတ်ထားတဲ့ မက်ဒါနာနဲ့အတူတူပဲ ဖြစ်နေပါပြီ။

"ဟား...." ကြေးနီရောင်လူကြီးက ဓားကြီးကိုမြောက်ပြီး မက်ဒါနာကို မိုးခုတ်လိုက်တယ်။ မက်ဒါနာကလည်း ဓားကိုကန့်လန့်ဖြတ်မြောက်ပြီး ကာလိုက်ပါတယ်။

ထန်း....။ သတ္ထုချင်းထိသံ ထွက်လာပြီး မီးပွားတွေပွင့်ထွက်သွားတယ်။

B+ အဆင့်ခွန်အားမြူတန့်ဖြစ်တဲ့ ယာမက B- အဆင့် နည်းပညာချပ်ဝတ်ကို ဝတ်ဆင်ထားတဲ့ မက်ဒါနာထက် ခွန်အားမှာ နှစ်ဆနီးနီး ပိုသန်မာပါတယ်။ ဒါကြောင့် ဓားချင်းယှဥ်မိသွားတာနဲ့ မက်ဒါနာဟာ နောက်ကိုခြေသုံးလှမ်း ဆုတ်သွားရတယ်။

"မရဘူး... သူက ခွန်အားမှာ ပိုသာတယ်။ ငါလုပ်ရမှာက အမြန်နှုန်းနဲ့လှည့်စားမှုကို သုံးရမှာပဲ။"

မက်ဒါနာက စိတ်ဆုံးဖြတ်ပြီးတာနဲ့ သူ့ရဲ့တိုက်စစ်ကို ပုံစံပြောင်းလိုက်တယ်။ စစ်သည်ကိုင်ဓားကြီးကို လက်တစ်ဖက်တည်းနဲ့ကိုင်ပြီး တစ်ဖက်ကတော့ လျှပ်စစ်ရှော့တိုက်စစ်ကို အသင့်ပြင်ထားတယ်။

"Void stream ကြွက်သားအားဖြည့်စနစ်ကို အရှိန်မြှင့်မယ်။"

ငွေရောင်စစ်သည်ဝတ်စုံရဲ့ခြေထောက်တွေက နည်းနည်းလေးပိုပြီး ဖောင်းလာတယ်။ ကြွက်သားတွေ ပိုသန်မာလာရင် ဖြစ်တဲ့ပုံစံအတိုင်းပါပဲ။ သူ့ရဲ့လက်ရှိအမြန်နှုန်းက ပျှမ်းပျ B အဆင့်ကိုရောက်သွားပါပြီ။

ဓားနှစ်လက်ဟာ သိုလှောင်ရုံထဲမှာ အချင်းချင်းရင်ဆိုင်နေရတယ်။ ဓားချင်းထိသံတွေ သတ္ထုမီးပွားတွေနဲ့အတူ ခမ်းနားလွန်းတဲ့ မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာပါတယ်။ ယာမက ခွန်အားပိုသာပေမဲ့ မက်ဒါနာရဲ့ဓားချက်တွေက မာယာအပြည့်ပါပြီး ပိုမြန်ပါတယ်။ သူ့ရဲ့လှုပ်ရှားမှုတွေက အင်မတန် သွက်လက်ပြီး တိကျတယ်။

ငွေရောင်စစ်သည်ဟာ ယာမကို ဗဟိုထားပြီး စက်ဝိုင်းပုံစံလှည့်ပတ်သွားလာရင်း ခုတ်ပိုင်းနေပါတယ်။ ယာမဟာ အလည်မှာခုခံနေရင်းကနေ အများနဲ့တစ်ယောက် တိုက်ခိုက်နေရတယ်လို့ ခံစားမိလာတဲ့အထိပါပဲ။

"ရွံစရာကောင်းတဲ့လှည့်ကွက်တွေ... သေစမ်း။"

ယာမက သူ့ခွန်အားအားလုံးကို ခြေထောက်မှာစုစည်းလိုက်ပြီး ကြမ်းပြင်ကိုဆောင့်နင်းလိုက်တယ်။ နဂိုကတည်းက မက်ဒါနာကြောင့် အက်ကွဲနေပြီးဖြစ်တဲ့ သိုလှောင်ရုံကြမ်းပြင်ဟာ ချက်ချင်းပြိုကျသွားပါပြီ။

"သေစမ်း...." ကြမ်းပြင် ပြိုကျပြီး သူတို့အောက်မကျခင်မှာ ယာမက မက်ဒါနာရှေ့ကိုရောက်နေပြီး ဓားနဲ့ခါးကိုပိုင်းလိုက်ပါတယ်။ မက်ဒါနာကလည်း နောက်ဆုံးစက္ကန့်လေးကိုသုံးပြီး ဓားနဲ့ပြန်ပက်လိုက်တယ်။

ထန်း.....။

နောက်တော့ ကြမ်းပြင်တစ်ခုလုံး တိအိအိပြိုဆင်းသွားပြီး သူတို့နှစ်ယောက်လုံး ရေတွင်းထဲကျသွားတဲ့ ခဲတွေလိုမျိုး ပြုတ်ကျနေပါပြီ။ ဒါပေမဲ့ သူတို့က အောက်ခြေကိုမရောက်ခင် လေထဲမှာ အချင်းချင်း တိုက်ခိုက်နေကြပါသေးတယ်။

ဘုန်း....။

မက်ဒါနာဟာ အောက်ကိုရောက်တာနဲ့ ဝတ်စုံရဲ့ဟန်ချက်ထိန်းစနစ်ကိုသုံးပြီး မားမားမတ်မတ် ပြန်ရပ်လိုက်တယ်။ ယာမကတော့ ကြေးနီရုပ်ထုကြီးတစ်ခုလိုမျိုး မြေပြင်မှာ ဒူးတစ်ဖက်ထောက်ထားတယ်။ သူကတော့ လူသားခန္ဓာနဲ့ဖြစ်လို့ ပြန်ထဖို့ တော်တော်လေး အားယူလိုက်ရပါတယ်။ သူ့ကိုယ်ပေါ်မှာတော့ သတ္ထုအကြေးခွံကို ပိုင်းဖြတ်မိပြီး ဖြစ်ပေါ်လာတဲ့ ဓားချက်တွေကနေ စီးကျနေတဲ့သွေးစက်တချို့ကိုမြင်နိုင်ပါတယ်။ ဒဏ်ရာကြီးကြီးမားမား မရပေမဲ့ ပြုတ်ကျနေချိန်မှာ ဟန်ချက်ထိန်းစနစ်ရှိတဲ့ မက်ဒါနာက အသာစီးပိုရခဲ့ပါတယ်။

မက်ဒါနာကတော့ သူတို့ပြုတ်ကျလာတဲ့နေရာကိုကြည့်ပြီး ပါးစပ်အဟောင်းသားဖြစ်သွားတယ်။

"ဆာကူရာဂိုဏ်းက ဒီလောက်ကြီးတဲ့ မြေအောက်ပရောဂျက်ကြီးကို အစိုးရမသိအောင် ဘယ်လိုဆောက်လိုက်တာလဲ။"

အပေါ်ကိုမော့ကြည့်မယ်ဆိုရင် သူတို့ပြုတ်ကျလာတဲ့ သိုလှောင်ရုံနေရာကို ရေတွင်းအပေါက်ဝလေးတစ်ခုလိုသာ မြင်ရပါတယ်။ ဒီနေရာကြီးတစ်ခုလုံးက ပရီးမီးယားလိပ် ဘောလုံးကွင်းတစ်ခုစာကျယ်ပြီး အတွင်းထဲမှာ အထပ်ပေါင်းဆယ်ထပ်ထက် မနည်းတဲ့ ဒိုးနက်ကွင်းပုံစံ အထပ်တွေကိုမြင်ရပါတယ်။ သူတို့ကတော့ အလယ်မှာရှိနေတဲ့ ဟောင်းလောင်းပေါက်ကြီးအတိုင်း အတွင်းကိုပြုတ်ကျလာတာပါ။

ယာမက ဒီအချိန်မှာတော့ အသင့်ဖြစ်နေပါပြီ။ ပါးပြင်က ဓားခြစ်ရာကနေ စီးကျနေတဲ့သွေးတွေကို လက်မနဲ့ဖယ်ထုတ်လိုက်ပြီး သူ့ဓားကြီးကို ပခုံးပေါ်ထမ်းထားလိုက်တယ်။

"ငါပြောပါတယ်... အပြင်က ဆာကူရာဂိုဏ်းက ရေခဲတောင်ရဲ့ထိပ်ဖျားလေးတစ်ခုပါပဲလို့။"

ရုတ်တရက် တစ္ဆေမျက်နှာဖုံးဝတ်ထားတဲ့ ဂိုဏ်းသားငါးဆယ်လောက်က သူတို့ကိုဝိုင်းထားလိုက်တယ်။ ပိုပြီးအံ့ဩစရာကောင်းတာကတော့ သူတို့ကို C အဆင့်တွေလို့ စနစ်က ပြနေခြင်းပါ။

မက်ဒါနာရဲ့ဝတ်စုံတွင်းကမျက်နှာက အေးစက်တောင့်တင်းသွားတယ်။

"အံ့ဩသွားလား၊ သူတို့က ယာမာဂုချီမိသားစုက ရှီနိုဘီတပ်ဖွဲ့လေ။ သူတို့အကုန်လုံးက Cအဆင့်ဖြစ်ပြီး တကယ်တိုက်ခိုက်သတ်ဖြတ်ခဲ့ဖူးတဲ့ လက်ရွေးစင်တွေပဲ။"

သူတို့နဲ့သုံးထပ်မြောက်အကွာကနေ အိုက်ဇာဝါရဲ့အသံက ထွက်ပေါ်လာတယ်။ မက်ဒါနာမော့ကြည့်လိုက်တော့ တကယ်လုံးကြိုးတုပ်ခံထားရတဲ့ မာဂရပ်နဲ့ ကိုယ်ရံတော်တွေရဲ့ကာကွယ်မှုအောက်မှာရှိနေတဲ့ အိုက်ဇာဝါကို တွေ့လိုက်ရတယ်။

"မင်းက ဦးလေးယာမနဲ့ ဓားရေးချင်းယှဥ်နိုင်တယ်ဆိုတော့ B အဆင့်ရောက်နေပုံပဲ။ ဒါပေမဲ့ A အဆင့်ဖြစ်တဲ့ ငါ့ရှေ့မှာတော့ မင်းက ကိုယ့်ကိုယ်ကိုယ် သတ်သေနေသလိုပဲ။ မင်းကို သနားသောအားဖြင့် ငါ့လူတွေနဲ့ပဲ တိုက်ခိုင်းလိုက်မယ်။ တကယ်လို့ မင်းမသေခဲ့ရင်တော့ ထွက်သွားခွင့်ပေးလိုက်မယ်။"

အိုက်ဇာဝါက ခနဲ့တဲ့တဲ့ပြုံးရင်း မက်ဒါနာကိုကြည့်ကာ ပြောလိုက်ပါတယ်။ ပါးစပ်ကို အဆို့မခံထားရတဲ့ မာဂရပ်ကတော့ လှမ်းအော်ပြီး သတိပေးနေတယ်။

"Silver Knight ရှင်ရူးနေတာလား။ ရှင်က ကျွန်မထင်ထားတာထက် သန်မာပေမဲ့ သူတို့က အားလုံးထက် ပိုသန်မာတယ်။ ကျွန်မက အရေးမကြီးဘူး။ ရှင့်အသက်ကိုရှင်ပဲ တန်ဖိုးထားပါတယ်။"

ဝတ်စုံထားက မက်ဒါနာကတော့ မရယ်ချင်ရယ်ချင်နဲ့ ပြုံးလိုက်မိတယ်။

"ဘာလိုလိုနဲ့ငါလည်း ဇာတ်လမ်းတွေထဲက ဖန်တရာတေဇာတ်ကွက် 'မင်းသမီးလေးကို ကယ်ရမယ့် သူရဲကောင်းကြီး'နေရာကို ရောက်နေပါလား။ ပြဿနာက ဒီငနှဲတွေကို ငါတကယ်ရိုက်ချင်လာပြီ။"

ငွေရောင်စစ်သည်ရဲ့ကျောကနေ နေရာတစ်ခုပွင့်လာပြီး သူအသစ်ဝယ်လာတဲ့ စက်သေနတ်ကထွက်လာပါတယ်။ မက်ဒါနာက နည်းနည်းပြန်ပြင်ထားတဲ့အတွက် ပုတိုတိုနဲ့ချစ်စရာကောင်းတဲ့ စက်သေနတ်လေးဖြစ်နေတယ်။ ဒါပေမဲ့အထဲမှာထည့်ထားတဲ့ကျည်တွေက သာမန်ကျည်ဆန်တွေ မဟုတ်တော့ပါဘူး။ ပေါ့ပါးပြီး သယ်ဆောင်ရလွယ်တဲ့ ၉မီလီမီတာ ပေါက်ကွဲကျည်တွေပါ။

ဟုတ်ပါတယ်၊ ၉မီလီမီတာက ပစ္စတိုထဲထည့်တဲ့ကျည်လေ။ သူက စက်သေနတ်ထဲမှာ ပစ္စတိုကျည်ထည့်ပစ်လို့ရအောင်လုပ်ပြီး သယ်ရလွယ်တဲ့ ချစ်စရာသေနတ်လေးလုပ်ထားတာ။ ပေါက်ကွဲလွယ်တဲ့ ကျည်အပြည့်ပါတဲ့ အူဇီလေးလိုဖြစ်နေတယ်။

"ဟဲဟဲ... အများနဲ့တစ်ယောက်ဆိုတော့ သေနတ်သုံးလို့ရပြီလား။"

သူစကားဆုံးတာနဲ့ ဓားကိုင်ထားတဲ့ တစ္ဆေမျက်နှာဖုံးနဲ့ ရှီနိုဘီတပ်ဖွဲ့က မက်ဒါနာဆီကို ပြေးဝင်လာပါပြီ။ မက်ဒါနာကတော့ လက်နက်သုံးခုလုံးကို အသင့်ပြင်ထားပြီး ခုခံဖို့ပြင်ထားတယ်။ ယာမကလည်း ရပ်ကြည့်မနေပါဘူး။ မက်ဒါနာကို ပိုင်းဖို့ အရင်ဆုံးရှေ့တက်လာတာ သူပါ။

....

ပြိုကျသွားတဲ့ သိုလှောင်ရုံအပြင်ဖက်။ ကုန်သေတ္တာတချို့မှာ အောက်လည်းမရောက် အပေါ်မှာလည်းမကျန်ခဲ့ဘဲ တွဲလောင်းဖြစ်နေတယ်။ လူကန်နဲ့ဖရန့်တို့ကတော့ တွင်းဝကြီးနှုတ်ခမ်းမှာ ရပ်နေရင်း ခေါင်းကိုခါယမ်းလိုက်တယ်။

"ကြည့်ရတာ ငါတို့ထက် စောရောက်နေတဲ့သူရှိတာပဲ။" မျက်နှာသေနှင့် လူကန်က ပြောလိုက်တယ်။ ပါးစပ်ထဲ မုန့်တွေအဆက်မပြတ် ထိုးထည့်နေတဲ့ ဖရန့်ကတော့

"ဒါပေမဲ့ အဲဒီငတုံးတွေက သိုလှောင်ရုံတစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်တာလား။ ဘယ်ဖက်အစွန်က လေးခုမြောက်ကုန်သေတ္ထာထဲမှာ လျှို့ဝှက်လမ်းရှိတယ်လေ။"

လူကန်က ဖရန့်ကို လှည့်ကြည့်လိုက်ရင်း... "ဝင်သွားတဲ့ကောင်က မင်းထက်ဆိုးတဲ့ ကြွက်သားဦးနောက်နေမှာပေါ့။"

"...."

....

အိုက်ဇာဝါရှိနေတဲ့ ကိုယ်ရံတော်တွေနဲ့သုတေသနသမားတွေရဲ့အလယ်မှာ မျက်မှန်တပ်ထားတဲ့ သိပ္ပံပညာရှင်တစ်ယောက် ရှိနေပါတယ်။ ဒါပေမဲ့ သူ့မျက်နှာရဲ့ပုံစံက ထူးဆန်းနေပြီးတော့ သူ့မျက်လုံးတစ်ဖက်က သာမန်လူတွေနဲ့သိပ်မတူဘူး။

အိုက်ဇာဝါတို့ Silver Knightဆီကို အာရုံရောက်နေတုန်း အဲဒီသိပ္ပံပညာရှင်က လှည့်ထွက်သွားတယ်။ တခြားသိပ္ပံပညာရှင်တစ်ယောက်က သတိထားမိပြီး မေးလိုက်တယ်။

"ဟေးဟယ်ရီ၊ ဘယ်သွားမလို့လဲ။"

"ငါဖော်မြူလာအခန်းမှာ အအေးခံစနစ်ဖွင့်ဖို့ မေ့ခဲ့လို့လေ။" ဟယ်ရီဆိုတဲ့ သိပ္ပံပညာရှင်က ပခုံးတွန့်ပြရင်း ပြန်ဖြေလိုက်တယ်။ မေးတဲ့သိပ္ပံပညာရှင်ကတော့

"မင်းကလည်းကွာ... ပြုတ်စော်နံချင်နေပြီနဲ့တူတယ်၊ ဆိုဖီယာဆိုတဲ့ ကောင်မလေးတစ်ယောက်ဆို ဖော်မြူလာခန်းထဲက စမ်းသပ်ဆဲလ်တွေကို နေရာမှားထားမိလို့ အသတ်ခံလိုက်ရတာ မင်းလည်းအသိပဲလေ။ နည်းနည်းပါးပါး သတိထားစမ်းပါကွ။"

"ကောင်းပြီ၊ ငါသတိထားပါ့မယ်။" ဟယ်ရီက ပြောပြောဆိုဆိုနဲ့ သူ့အုပ်စုကို ကျောခိုင်းပြီး လှည့်ထွက်သွားတယ်။ ဒါပေမဲ့ သူ့ခြေထောက်တစ်ဖက်ကတော့ ခပ်တောင့်တောင့်ဖြစ်နေပြီး လမ်းလျှောက်တဲ့ပုံစံက လူသားမဆန်ဘူး။

၄။

လူတွေအများကြီး ဝိုင်းတိုက်တာ ခံရချိန်မှာတော့ မက်ဒါနာရဲ့အမြန်နှုန်းအားသာချက်က မပြောပလောက်တော့ပါ။ ယာမာဂုချီမိသားစုရဲ့ဓားလောကဟာ အင်မတန်ကြောက်ဖို့ကောင်းပါတယ်။

ဒီလက်ရွေးစင်တွေက ပင်မမိသားစုဝင်တွေမဟုတ်ပေမဲ့ Cအဆင့် မြူတန့်တွေကြားမှာ တော်တော်လေးကြောက်ဖို့ကောင်းတယ်။ တစ်ဆေမျက်နှာဖုံး ဓားသမားတွေဟာ မက်ဒါနာကိုဝိုင်းရံပြီး တစ်ကြိမ်ပြီးတစ်ကြိမ် တိုက်စစ်ဆင်နေတယ်။

မီးပွားတွေ၊ သွေးစတွေနဲ့ ဓားချင်းခတ်သံတွေဟာ မြေအောက်သုတေသနအလုပ်ရုံကြီးအတွင်းမှာ ပြည့်နှက်နေပါပြီ။

ပေါက်ကွဲကျည်ဆန်တွေက မက်ဒါနာကို အများကြီး အကူအညီပေးခဲ့တယ်။ ဓားသမားငါးဆယ်ဟာ မက်ဒါနာကို လက်လှမ်းမီတဲ့နေရာအထိရောက်လာဖို့ တော်တော်ခက်ပါတယ်။ ရောက်လာခဲ့ရင်တောင် ကျည်ဆန်တွေကို ခတ်ထုတ်၊ ရှောင်ရှားလာရတဲ့အတွက် သက်လုံအများကြီးမကျန်ပါဘူး။ ဒါကြောင့် မက်ဒါနာဟာ သူတို့ကိုသူ့ဓားပြားကြီးနဲ့ လွယ်လွယ်လေး အနိုင်ယူနိုင်ခဲ့ပါတယ်။

ပြဿနာက ခွန်အားကြီးမားလွန်းတဲ့ ယာမပါ။ အခုလည်း ယာမက သူ့ကိုဓားနဲ့မိုးခုတ်လိုက်လို့ လက်တစ်ဖက်တည်းနဲ့ ခုခံနေရတယ်။ ဓားချင်းယှဉ်မိပြီးနောက် မက်ဒါနာရဲ့ဝတ်စုံက ဆက်တောင့်မခံနိုင်တော့တဲ့အတွက် ဒူးတစ်ဖက်ထောက်ကျသွားတယ်။

"ဟားဟား Silver Knight၊ မင်းရှုံးနေပါပြီကွ။"

ကြေးရောင်ထနေတဲ့ ယာမက မက်ဒါနာကို ပြုံးပြလိုက်တယ်။ အဝါရောင််သွားတွေက တော်တော်ကြည့်ရဆိုးပါတယ်။ မက်ဒါနာကတော့ သူ့ရဲ့အားနေတဲ့လက်တစ်ဖက်နဲ့ ယာမကိုချိန်လိုက်တယ်။

"ငါ့မှာ ရှော့တိုက်စက်ရှိတာ မင်းမေ့နေတာလား။"

ဗို့အားအပြင်းဆုံးတင်ထားတဲ့ လျှပ်စစ်ကွင်းက စပရိန်ကန်အားကိုယူပြီး မက်ဒါနာရဲ့လက်ကနေ ထွက်သွားတယ်။ အဲဒီနောက် ကြေးလူသားရဲ့လည်ပင်းကို တည့်တည့်ချိတ်မိသွားပြီး ပြင်းထန်တဲ့အားကြောင့် နောက်ကိုလန်ကျသွားတယ်။

နဂိုကတည်းက ယာမဟာ သတ္ထုလူသားတစ်ယောက်ဖြစ်နေတာကြောင့် လျှပ်စစ်နဲ့တွေ့တဲ့အခါမှာ တော်တော်ခံစားလိုက်ပြီး သေလုမတတ်ခံစားသွားရတယ်။ ဒါပေမဲ့ သူ့လျှာတွေက လိမ်ခေါက်နေတဲ့အတွက် အော်သံထွက်မလာဘဲ အမြုပ်တွေသာ တစီစီထွက်လာလေရဲ့။

ဒိုင်း...ဒိုင်း...ဒိုင်း... ဆက်တိုက်ပစ်နေတဲ့ ပေါက်ကွဲကျည်တွေလည်း ရပ်တန့်သွားပါပြီ။ ကျည်ကုန်သွားလို့ပါ။ သူ့ဝတ်စုံက အခုထိ ကျည်သုံးရာပဲ သယ်လို့ရပါသေးတယ်။ ၉မီလီကျည်တွေက နေရာသိပ်မလိုပေမဲ့ ဝတ်စုံတွေရဲ့အားနည်းချက်က ကျည်အများကြီးမသယ်နိုင်တာပါ။ တိုက်ပွဲအစကနေ အဆုံးထိ ငါးမိနစ်လောက်အတွင်းမှာ အကုန်ကုန်သွားပါတယ်။

ချွင်...ချွင်..

နောက်ဆုံးကျန်နေခဲ့တဲ့ ဓားသမားတွေလည်း လဲကျကုန်ပြီ။ သူတို့လက်ထဲက ပြုတ်ကျလာတဲ့ ဓားတွေရဲ့အသံကို ကြားနေရတယ်။

"အေမီ၊ နင်သေနေပြီလား။ ငါသိုလှောင်ရုံကိစ္စ မေးထားတယ်လေ။" တော်တော်ကြာပြီလို့ ခံစားနေရတဲ့ မက်ဒါနာက အေမီကို လှမ်းဆက်သွယ်လိုက်တယ်။

"အာ...ခဏလေး... ကျွန်မဒီမှာ နားဒုက္ခပေးခံနေရလို့။" တစ်ဖက်ကနေ ဆိုးဆိုးဝါးဝါး သီချင်းသံတွေနဲ့ အေမီရဲ့မသည်းမကွဲစကားသံက ထွက်ပေါ်လာတယ်။

"To the left and to the right

From behind – they’re out of sight

Plunging into a newfound

Age of advanced observeillance

A worldwide, foolproof cage"

မက်ဒါနာတောင် နားအူသွားတယ်။ သီချင်းဆိုနေတဲ့လူရဲ့အသံကို တော်တော်လေး ရင်းနှီးနေသလိုပဲ။

....

နယူးယောက်မြို့စွန်ရပ်ကွက်တစ်ခုရှိ ကွန်တိန်နာအိမ်ရာ။

အေမီက သူ့အသံဖမ်းစက်ရှိတဲ့နေရာကို လူတွေနားပိတ်သလို လက်နဲ့ဖိထားပြီး မက်ဒါနာကိုစကားလှမ်းပြောနေတာပါ။ သူ့နောက်မှာတော့ ရော့ခ်ဂစ်တာကြီးလွယ်ပြီး Death Metalသီချင်းတွေဆိုနေတဲ့ ဒေါ်လေးအိုလီဗာနဲ့ ဘေးနားမှာ အသားကင်နေတဲ့ ဆရာဝန်အစ်မကြီးကို တွေ့နိုင်ပါတယ်။ ရှန်ပိန်ပုလင်းခွံတွေလည်း သူတို့နားမှာပုံလို့ရယ်။

အန်တီလေးအိုလီဗာက တမင်ဆုတ်ဖြဲထားတဲ့ အဖြူရောင်တီရှပ်ကို ဝတ်ထားပြီးတော့ သံရေတိုင်ကီကြီးပေါ် တက်ကနေတယ်။ မိုက်မလိုတဲ့ သူ့အသံကြီးရယ် သီချင်းတွေအော်ဆိုရင်းပေါ့။ တစ်ယောက်တည်း သီချင်းဆို၊ တစ်ယောက်တည်း ဂစ်တာတီးနေတာ။

ဒင်း...ဒင်း...ဒေါင်....

နားမခံနိုင်စရာ ဂစ်တာသံကြီးက မက်ဒါနာနားထဲ ဝင်လာပြန်တယ်။

အန်တီလေး အိုလီဗာက ဒီနေ့တစ်မြို့လုံး ကပ်စိုက်နေတယ်ကြားလို့ တော်တော်လေး တက်ကြွနေတာပါ။ ဒါကြောင့် ဝါသနာအတိုင်း ရှန်ပိန်သောက်ပြီး ပွဲခံနေတာလေ။ ပြောရရင် Death Metalသီချင်းတွေက မကြာခဏ သေခြင်းအကြောင်းတို့၊ အရိုးတွေကျိုးကုန်တာတို့လို စာသားတွေအများကြီး ပါတတ်တဲ့ နားမခံနိုင်စရာသီချင်းတွေပါ။ ပြီးတော့ အန်တီလေးအိုလီဗာမှာက အသံမြူတန့်စွမ်းအားကြီးနဲ့လေ။ ဒါကြောင့် အေမီမခံနိုင်တာ ပုံမှန်ပဲ။

"ကြားတဲ့အတိုင်းပဲ မမလေးရေ၊ ကျွန်မဆားကစ်တွေ အရည်ပျော်တော့မယ်။"

မက်ဒါနာကတော့ အပေါ်ကနေ သူ့ကိုငုံကြည့်နေတဲ့ အိုက်ဇာဝါကို သတိထားကြည့်နေပါတယ်။ အခုတပည့်တွေကုန်တော့ ဆရာကြီးထွက်လာရမယ့် အချိန်ရောက်ပြီမဟုတ်လား။

"မြန်မြန်ပြော... ငါဗီလိန်တစ်ကောင်နဲ့ ချဖို့ရှိနေတယ်။" မက်ဒါနာလည်း လောလောနဲ့ပြောလိုက်တယ်။ အိုက်ဇာဝါကတော့ ခေါင်းကိုခါယမ်းရင်း သူဝတ်ထားတဲ့ သားရေလက်အိတ်ကို ချွတ်လိုက်ပါပြီ။ ကိုယ်ရံတော်တစ်ယောက်က သူ့ကို သူကိုင်နေကျ ဓားလာပေးတယ်။

"မမလေး... သတင်းက တကယ့်အကြီးကြီးပဲ။ အိုက်ဇာဝါက မြူတန့်သိပ္ပံအဖွဲ့အစည်းနဲ့အလုပ်လုပ်နေတာ။ အစိုးရမြူတန့်ဌာနစိတ်က မိဘမဲ့ဂေဟာက ကလေးတွေပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး သူတို့ကို သံသယဝင်နေပေမဲ့ ဘယ်ကိုခေါ်သွားမှန်း မသိကြဘူး။ ဖြစ်နိုင်တာက သူတို့မှာသိပ်ကြီးတဲ့ လျှို့ဝှက်စခန်းရှိနေပုံပဲ။"

မက်ဒါနာလည်း အဲဒီစကားကိုကြားခါမှ သူ့ရောက်နေတဲ့အထပ်က သူနားမလည်နိုင်တဲ့ သိပ္ပံပစ္စည်းတွေကို ကြည့်လိုက်တယ်။ မက်ဒါနာက နည်းပညာအင်ဂျင်နီယာဆိုပေမဲ့ ဇီဝအင်ဂျင်နီယာပညာရပ်မှာတော့ လုံးဝဗဟုသုတ သုညပါ။ ဒါပေမဲ့ လူတစ်ရပ်လောက်မြင့်တဲ့ အပြာရောင်အရည်တွေ အပြည့်ရှိနေတဲ့ ဖန်ပေါင်းချောင်ထဲက ၃နှစ်အရွယ်လောက်ပဲရှိဦးမယ့် ကလေးရဲ့ခန္ဓာကိုယ်ကိုမြင်တော့....

"ချီးထဲမှ.. သူတို့က တကယ်ကြီး လူသားတွေကို စမ်းသပ်နေတာပဲ။"

မက်ဒါနာ ဒေါသတွေ အလိပ်လိုက်ထွက်လာတယ်။ အိုက်ဇာဝါဆိုတဲ့ကောင်က လူလို့တောင် မခေါ်ထိုက်တော့ဘူးပဲ။ သူစဥ်းစားနေတုန်း အိုက်ဇာဝါက ပြင်ဆင်လို့် ပြီးသွားပါပြီ။ ချက်ချင်းပဲ သူက အောက်ထပ်ကို ခုန်ဆင်းလာတယ်။

"Silver Knight၊ မင်းရဲ့စွမ်းအားက တော်တော်လေးကောင်းပေမဲ့။ A အဆင့်တစ်ယောက်အတွက်တော့ မင်းနဲ့ငါက မိုးနဲ့မြေလိုပဲ။ မင်းငါ့ကို မနိုင်နိုင်ဘူး။"

ကြမ်းပြင်ပေါ်ကို စတိုင်ကျကျ ဆင်းသက်လိုက်ပြီးနောက် အိုက်ဇာဝါက ဖြည်းဖြည်းချင်းရပ်လိုက်ပြီး သူ့ရဲ့ဓားနဲ့ မက်ဒါနာကို ရွယ်လိုက်ပါတယ်။

ချက်ချင်းဆိုသလိုပဲ သူ့လက်မှာ လှီးဖြတ်ထားတဲ့ သွေးစက်တွေက ချယ်ရီပွင့်တွေအဖြစ် ပြောင်းလဲသွားပြီး အောက်ထပ်တစ်ခုလုံးမှာ ဝဲပျံနေပါတယ်။

"မှတ်တမ်းတွေက မြူတန့်သိပ္ပံအဖွဲ့အစည်းက မြူတန့်စွမ်းအားတိုးဆေးအပြင် အသွင်ပြောင်းမြူတန့်တွေကို ထုတ်လုပ်ဖို့နဲ့ မြူတန့်မဟုတ်တဲ့လူတွေကို မြူတန့်အဖြစ် ပြောင်းလဲနိုင်တဲ့ နည်းလမ်းရှာဖို့အတွက် သုတေသနလုပ်နေတာတဲ့။ ကမ္ဘာအနှံမှာ သူတို့စမ်းသပ်ခန်းတွေရှိနေပြီ။"

အေမီက နောက်တစ်ခါ အသေးစိတ်ကျကျပြောလိုက်ပေမဲ့ မက်ဒါနာကတော့ ဂရုမစိုက်နိုင်တော့ပါဘူး။ အိုက်ဇာဝါ ဓားကိုစမြှောက်လိုက်ပြီဆိုတာနဲ့ သူလည်း အသင့်ပြင်ထားလိုက်တယ်။ စနစ်ကလည်း အိုက်ဇာဝါရဲ့ဓားချက်ကို ခန့်မှန်းတွက်ချက်နေပါပြီ။ ဒါပေမဲ့....

ထန်း....

ဝတ်စုံထဲမှာရှိနေတဲ့ မက်ဒါနာဟာ သွေးတွေကို အန်ထုတ်လိုက်ရတယ်။ အိုက်ဇာဝါရဲ့ဓားကို သူတားနိုင်ခဲ့ပေမဲ့ ချယ်ရီပွင့်တချို့က ပုံတူဓားအဖြစ်ပြောင်းလဲသွားပြီး သူ့ရဲ့ကျော၊ နံဘေးနဲ့ ရင်ဘတ်တို့ကို ပိုင်းခုတ်ခဲ့လို့ပါ။

ချပ်ဝတ်က ဒဏ်ရာမရအောင် ကာစီးပေးထားပေမဲ့ Aအဆင့်တစ်ယောက်ရဲ့ခွန်အားက ဟာသမဟုတ်ပါဘူး။ ဓားနဲ့ရိုက်မိတဲ့အရှိန်ကြောင့်ဖြစ်လာတဲ့ ဒဏ်ကြောင့် သူ့အတွင်းအင်္ဂါတွေ ထိခိုက်မိသွားပါပြီ။

"Silver Knight၊ ငါမင်းကို ထပ်သတိပေးလိုက်မယ်။ အခုက ဓားချင်းယှဥ်နေတာမဟုတ်ဘူး။ မြူတန့်စွမ်းအားချင်းပြိုင်နေတာ။ မင်းက နည်းပညာတစ်ခုတည်းပဲ အားကိုးတတ်တဲ့သူဆိုရင်တော့ ဒီနေရာမှာပဲ သေရတော့မှာ။"

နောက်ထပ် ချယ်ရီပန်းပွင့်ဓားပေါင်းများစွာက မက်ဒါနာကို ဝိုင်းရံထားလိုက်ပါပြီ။ သူ့ချပ်ဝတ်က ခိုင်ခံတယ်ဆိုပေမဲ့ အဆက်မပြတ်အရိုက်ခံရရင်တော့ တစ်ကိုယ်လုံးကအရိုးတွေ ကျိုးကြေကုန်တော့မှာပါ။

"မြူတန့်အစွမ်းချင်းပြိုင်မှာလား... ဒါဆိုငါက မင်းထက် ပိုစွမ်းအားကြီးတယ်။" အိုက်ဇာဝါရဲ့စကားကြောင့် မက်ဒါနာပိုပြီး တက်ကြွလာတယ်။ 'Aအဆင့်လေးက မောက်မာပြနေတာလား။ ဒီအစ်မကြီးက သလင်းကျောက်ထဲကနေ တိုက်ရိုက်စွမ်းအားရထားတာဟဲ့။'

"Technotelekinesis"

မက်ဒါနာက သူ့လက်ကို မြှောက်လိုက်တယ်။ သူ့မျက်လုံးတွေကနေ ငွေရောင်အလင်းတွေ တောက်ပလာပြီး သုတေသနအဆောက်အဦးထဲမှာရှိသမျှ စက်ပစ္စည်းအားလုံးကို သူခံစားမိသွားတယ်။

ရုတ်တရက်ဆိုသလို အောက်ဆုံးအထပ်ထောင့်မှာရှိနေတဲ့ ပစ္စည်းသယ်တဲ့ ဖောက်ကလစ်က အသက်ဝင်လာပြီး အိုက်ဇာဝါကို ဝင်ဆောင့်ပစ်လိုက်တယ်။

ဘုန်း....။

အိုက်ဇာဝါခင်ဗျာ ဖောက်ကလစ်ရန်ကြောင့် မက်ဒါနာကို ဓားနဲ့ခုတ်မလို့လုပ်နေရင်းကနေ ဘေးတိုက် ငါးမီတာလောက်အကွာအထိ လွင့်ထွက်သွားတယ်။

မက်ဒါနာတို့ ပြုတ်ကျလာတုန်းက အတူပါလာတဲ့ ကွန်တိန်နာတစ်လုံးနဲ့ အိုက်ဇာဝါဟာ ဆောင့်မိသွားပါတယ်။ မက်ဒါနာကတော့ နာကျင်နေတဲ့ သူ့ကိုယ်လေးကို အညောင်းပြေ အကြောဆန့်လိုက်ရင်း စပ်ဖြီးဖြီးရယ်လိုက်လေရဲ့။

"ငါတော့ ရန်သူတွေကို ကွန်တိန်နာသေတ္တာတွေနဲ့ရိုက်ရတာ ဝါသနာပါနေပြီလားမသိဘူး။"

ဒါပေမဲ့ မက်ဒါနာက အိုက်ဇာဝါကို ဆက်မတိုက်တော့ပါဘူး။ လျှပ်စစ်ရှော့တိုက်ကွင်းနဲ့ နှစ်ချက်ဆင့်ပစ်ပြီးတဲ့နောက် ပြေးသွားလိုက်ပြီး ပထမထပ်ရဲ့အနားစွန်းပေါ်ကို ခုန်တက်လိုက်တယ်။

အခုသူက စမ်းသပ်ခန်းနေရာကို သိနေပြီဖြစ်လို့ သူတစ်ယောက်တည်း ဝင်တိုက်နေစရာ မလိုတော့ပါဘူး။ ဟီးရိုးအစည်းအရုံးကို သတင်းပို့ရုံပါပဲ။

"အေမီ၊ သိုလှောင်ရုံနေရာနဲ့ သုတေသနဌာနရှိနေတဲ့အကြောင်းကို ဟီးရိုးအစည်းအရုံးနဲ့မြူတန့်ဌာနစိတ်ကို အကြောင်းကြားလိုက်တော့။ ငါထွက်လာတော့မယ်။"

A အဆင့်တစ်ယောက်ကို အသေခံတိုက်ရအောင် မက်ဒါနာ မရူးသေးဘူးပါဘူး။ မက်ဒါနာဟာ ချက်ချင်းဆိုသလိုပဲ တတိယထပ်ကို ရောက်သွားတယ်။ အဲဒီနောက် ကိုယ်ရံတော်တွေကို ဓားပြားကြီးစာကျွေးပြီး မာဂရပ်ကို ကြိုးတွေဖြေပေးလိုက်တယ်။

အံ့ဩနေတဲ့ မာဂရပ်ကတော့ ရှက်ပြီးနီရဲနေတဲ့ မျက်နှာလေးနဲ့ မက်ဒါနာကို မေးလိုက်ပါတယ်။ "ရှင်တကယ်ကြီး ထွက်မသွားဘဲ ကျွန်မကိုလာကယ်တာလား။"

မက်ဒါနာကလည်း ခေါင်းကိုမော့ ရင်ကိုကော့ပြီးတော့ "ငါက ဟီးရိုးတစ်ယောက်လေ၊ ဒုက္ခရောက်နေတဲ့ မိန်းကလေးတစ်ယောက်ကို ရန်သူလက်ထဲ ဘယ်လိုလုပ် ထားခဲ့နိုင်မှာလဲ။"

မက်၊ လယ်ရီ၊ မိုးတို့နဲ့ အချိန်တစ်ခုထိ အတူနေပြီးတဲ့နောက်တော့ မက်ဒါနာလည်း အိုတိုမဲတွေထဲက စကားတွေကို အလွတ်ရနေပြီ။

"Silver Knight" ခဏနေတော့ အိုက်ဇာဝါရဲ့ရင်ကွဲလုမတတ် အော်သံကြီး ထွက်ပေါ်လာပါတယ်။ ခဏနေတော့ သွေးရောင်အတောင်နှစ်ဖက်နဲ့အတူ လေပေါ်ပျံနေတဲ့ အိုက်ဇာဝါကို မက်ဒါနာမြင်လိုက်ရပြီ။ ငနှဲသားက လေပေါ်ကနေ သူ့ကိုစိုက်ကြည့်နေတယ်။ သူ့ကိုချုပ်ထားတဲ့ ရှော့တိုက်ကွင်းတွေကတော့ သူ့လက်ထဲမှာ တစ်စစီကျိုးပဲ့နေတယ်။

ဒါပေါ့၊ ရိုးရိုး လျှပ်စစ်ရှော့တိုက်လက်နက်နဲ့ A အဆင့်ကို ဘယ်လိုလုပ် အမြဲတမ်းချုပ်ထားလို့ရမှာလဲ။ အရင်တစ်ခါက အိုက်ဇာဝါ သူ့ကိုလွတ်ပေးထားတာ ဆင်ခြင်တုံတရား ရှိနေသေးလို့ပါ။ ဒီတစ်ခါတော့ မရတော့ဘူး။ အိုက်ဇာဝါရူးနေပြီ။

"ဟေး... နင်က အတောင်ပံကြီးနဲ့လေ၊ မမျှတဘူး။" မက်ဒါနာရဲ့ဝတ်စုံမှာ အဓိကအားနည်းချက်ကတော့ ပျံသန်းလို့ရတဲ့စနစ် မပါသေးတာပဲ။ မက်ဒါနာလည်း အိုက်ဇာဝါကို လက်ညိုးနဲ့ထိုးလိုက်ပြီး အော်လိုက်တယ်။

အိုက်ဇာဝါကတော့ သူ့ဓားကြီးနဲ့ ပြေးဝင်လာပြီ။

"သေစမ်း...."

"Silver Knight... " စိုးရိမ်နေတဲ့ မာဂရပ်က မက်ဒါနာရဲ့ရှေ့ကို တက်လာပြီး ဓားချက်ကို စီးကာလိုက်တယ်။ မက်ဒါနာလည်း မျက်လုံးမှိတ်ထားမိတယ်။ အချောလေးတစ်ယောက် သူ့ရှေ့မှာသေတော့မှာလို့ တွေးမိလို့လေ။

"ချီးထဲမှ၊ ဒါဟီးရိုးဇာတ်လမ်းတွေထဲက မင်းသမီးသေတဲ့အခန်းမဟုတ်လား။" မက်ဒါနာတွေးလိုက်ပေမဲ့ တော်တော်ကြာတဲ့အထိ မာဂရပ်ရဲ့အော်သံကို မကြားရဘူး။ ဒါနဲ့ မျက်လုံးဖွင့်လိုက်တော့ မာဂရပ်က သူ့ရှေ့မှာ ဒီအတိုင်းပဲ ကာထားလျက်မတ်တပ်ရပ်နေပြီး အိုက်ဇာဝါကတော့ ဓားနဲ့ရွယ်ထားပေမဲ့ မခုတ်ဘူး။

"ဟေး... မင်းကဗီလိန်မဟုတ်လား၊ သူ့ကိုခုတ်သတ်ပြီး ငါ့ဆီဆက်လာရမှာမဟုတ်လား။" မက်ဒါနာလည်း နားမလည်နိုင်စွာနဲ့ အော်ပြောလိုက်တယ်။

"Silver Knight မင်းက ငါ့ကိုဘယ်လိုတောင် အထင်သေးရက်တာလဲ။ ငါက ရုပ်ရှင်တွေထဲက ဗီလိန်တွေလို အလကားလူလျှောက်သတ်နေတာမဟုတ်ဘူးကွ။"

"ဟေး... ဒါပေမဲ့ မင်းက လူသတ်မှုတွေ မုဒိန်းမှုတွေ ကျူးလွန်ခဲ့တယ်ဆို..."

"ဘာမုဒိန်းမှုလဲ ငါမသိဘူး၊ ငါက ငါ့ရန်သူတွေနဲ့သူလျှိုတွေကိုပဲ သတ်တာ။"

"....." မက်ဒါနာကတော့ သူ့ရှေ့က ဗီလိန်ကို မျက်လုံးပြူးကြီးနဲ့ စိုက်ကြည့်နေတယ်။ သူ့ရှေ့က ဗီလိန်က သူထင်ထားတဲ့ ဗီလိန်တွေပုံစံမဟုတ်ဘူး။

"မင်းက ဇာတ်ကားတွေထဲကလို ဗီလိန်တွေက တွေ့ကရာလူ လျှောက်သတ်နေတယ်မှတ်နေတာလား။" အိုက်ဇာဝါရဲ့အတွေးကြောင့် မက်ဒါနာခေါင်းညိတ်ပြလိုက်တယ်။ အိုက်ဇာဝါကတော့ ကိုယ့်ခေါင်းကိုယ်ထုလိုက်ပြီး...

"ချီးထဲမှ.. ဒီကောင်ကို ငါဉာဏ်ကောင်းတယ်လို့ ထင်ခဲ့မိတာ။ ဒီမှာ ငါသာ အဆင်ခြင်မဲ့လူသတ်နေမယ်ဆိုရင် မင်းတရားမစွဲခင်ကတည်းက ထောင်ကျနေတာကြာပေါ့။ ငါက မလိုအပ်ဘဲ လူမသတ်ဘူး။ ဟိုကောင်မလေး ဖယ်စမ်း။"

အိုက်ဇာဝါက မာဂရပ်ကို ခပ်ကြမ်းကြမ်း ဘေးကိုဖယ်ထုတ်လိုက်ပြီး မက်ဒါနာဆီ ဆက်လျှောက်လာတယ်။

'တွေးကြည့်မှ ဒီကောင်က မာဂရပ်ကိုပဲ ပြန်ပေးဆွဲခဲ့တာပဲ။ ချီလုလုကျတော့မပါဘူး။ ငါလာဖို့အတွက် တစ်ယောက်ကိုပဲ ပြန်ပေးဆွဲခဲ့တာ။ သူက Lလိုမျိုး တကယ်ဉာဏ်ကောင်းတဲ့ ဗီလိန်မျိုးပဲ။' ဆိုးတာက မက်ဒါနာနဲ့တွေ့သွားတာပဲ။ အွန်လိုင်းပေါ်ကနေ ဘယ်အချက်အလက်ကိုမဆို ရှာလို့ရနေတဲ့ မက်ဒါနာကြောင့် ဉာဏ်ကောင်းတဲ့အိုက်ဇာဝါလည်း လူကိုပြန်ပေးဆွဲရတဲ့အထိ ဖြစ်ကုန်တာပါ။ သူသာပေါ်မလာခဲ့ရင် အိုက်ဇာဝါခုလောက် ဒုက္ခရောက်မှာမဟုတ်ဘူး။

'ဒါပေမဲ့ ဘာလို့ဒီကောင်က မြူတန့်သိပ္ပံအဖွဲ့အစည်းနဲ့ လက်တွဲပြီးလုပ်နေရတာလဲ။ သိပ်အဓိပ္ပါယ်မရှိသလိုပဲ။' ခုဏက အပြုအမူအရ အိုက်ဇာဝါဟာ ထင်သလောက် မရက်စက်ဘူး။ သူ့ကို ဒီကိုမြှားခေါ်လာတာကလည်း သူ့လက်ထောက်ကို ကယ်ဖို့အတွက်ပါ။ ဒါပေမဲ့ ဘယ်လိုအရာမျိုးက သူ့ကိုကလေးတွေကို စမ်းသပ်ဖို့သုံးတဲ့အထိ ဖြစ်စေတာလဲ။ မက်ဒါနာ စဥ်းစားမရတော့ဘူး။

သူအတွေးလွန်နေချိန်မှာပဲ အိုက်ဇာဝါရဲ့ချယ်ရီဓားတွေက မက်ဒါနာကို အကြိမ်ကြိမ်ခုတ်ပိုင်းပြီးပါပြီ။ ဓားတွေက ဇက်သတ္ထုချပ်ဝတ်ကို တိုက်ရိုက်ဖျက်ဆီးဖို့ မဖြစ်နိုင်ပေမဲ့ ခဏခဏအပိုင်းခံရတာကြောင့် ပွန်းပဲ့ကုန်ပြီး တချို့နေရာတွေမှာ ချိုင့်ရာတွေတောင် ထင်ကုန်ပါတယ်။ သက်ရောက်အားကြောင့် မက်ဒါနာလည်း အခြေအနေမကောင်းပါဘူး။ သူမခုခံသလိုဖြစ်နေပေမဲ့ တကယ်က မခုခံတာမဟုတ်ဘဲ အိုက်ဇာဝါကို လုံးဝမယှဥ်နိုင်တာပါ။ သူဓားမြှောက်ဖို့ လုပ်နေချိန်မှာ ဟိုက လေးငါးချက်လောက် ခုတ်နှင့်ပြီးနေပြီ။

"မင်းစွဲချက်ကို မင်းပြန်ရုပ်သိမ်းပြီး ပါးစပ်ပိတ်နေမလား... ငါမင်းကို လွှတ်ပေးလို့ရတယ်။"

"နောက်ကျသွားပြီ... ငါက ဟီးရိုးအစည်းအရုံးကို အကြောင်းကြားထားပြီးပြီ။"

မက်ဒါနာရဲ့စကားကြောင့် အိုက်ဇာဝါ မျက်မှောင်ကြုတ်လိုက်တယ်။ ချယ်ရီပန်းပွင့်တွေက အရိုင်းဆန်စွာ ကခုန်လာပါပြီ။

"မင်းက ငါ့ကို လူသတ်မိအောင် လုပ်နေတာပဲ။"

"ဒါပေမဲ့ မင်းက ကလေးတွေအများကြီးကို သတ်ထားပြီးနေပြီလေ။" မက်ဒါနာက သူ့ရဲ့ဓားကြီးကို ကြမ်းပြင်မှာထောက်ကာ အားပြုရပ်ရင်း မောပန်းစွာနဲ့ အိုက်ဇာဝါကို ကြည့်လိုက်တယ်။ ဒီကောင့်အပြုအမူတွေက ပိုပိုပြီးထူးဆန်းလာသလိုပဲ။

အိုက်ဇာဝါက သူ့စွမ်းအားအကုန်ကို ဓားတစ်ချက်တည်းမှာ စုစည်းလိုက်ပြီး သူ့ကိုထိုးတော့မယ့်အချိန်မှာပဲ အပေါ်ဖက်ကနေ လူငယ်တစ်ယောက်ရဲ့အသံ ထွက်ပေါ်လာပါတယ်။

"ခေါင်းငုံလိုက်။"

မက်ဒါနာလည်း အဲဒီအသံကိုကြားတာနဲ့ ဘာမှမစဥ်းစားဘဲ ခေါင်းငုံလိုက်မိတယ်။ နောက်တော့ တောင်ပံပါတဲ့ မြင်းကြီးတစ်ကောင်က အိုက်ဇာဝါကို ဝင်ဆောင့်လိုက်တယ်။ အိုက်ဇာဝါလည်း နောက်တစ်ခါလွင့်သွားပြီး နံရံနဲ့ဝင်ဆောင့်တယ်။

ဘုန်း။

ဒီတစ်ခါတော့ အုတ်နံရံမလို့ နံရံကြီးအက်သွားပြီး အင်္ဂတေတချို့ ကွာကျလာတယ်။ အိုက်ဇာဝါလည်း နံရံပေါ်က ပြန်ပြုတ်ကျလာပြီး ဒူးထောက်လျက်သား ဖြစ်သွားတယ်။ နောက်တော့ သူ့ပါးစပ်ကနေ သွေးတချို့ကို အန်ထုတ်လိုက်ရတယ်။

"...."

ရုတ်တရက်အဖြစ်အပျက်ကြောင့် မက်ဒါနာလည်း တော်တော်အံ့ဩသွားပါတယ်။ မြင်းပျံကိုကြည့်လိုက်တော့ မြင်းပျံပေါ်မှာ ကြွက်သားအပြည့်နဲ့ လူငယ်လေးတစ်ယောက်ရှိနေပြီး သူ့လက်ထဲမှာတော့ မုန့်တစ်ထုပ်ကိုင်ကာ အဆက်မပြတ်စားနေတယ်။ လူငယ်လေးက မက်ဒါနာရဲ့အကြည့်ကို သတိထားမိသွားပြီး ပြန်လှည့်ကြည့်တယ်...

"ဟေး...အပေါ်ကအပေါက်က မင်းလက်ချက်လားဟီးရိုး။ ငါက ဘာလင်ဟီးရိုးအစည်းအရုံးက ဖရန့်။ Aအဆင့်မြူတန့်ကို Bအဆင့်ဝတ်စုံနဲ့ ခုခံနိုင်တာ အံ့ဩစရာပဲ။ မင်းနာမည်ကရော.."

"Silver Knight...."

"အိုး... ငါမင်းအကြောင်း သတင်းထဲမှာ ဖတ်လိုက်ရတယ်။ ဒီဗီလိန်ကောင်ကို တရားစွဲတာ မင်းဆို IronKnight...."

"ဟေး...ငါ့နာမည်က SilverKnight..." မက်ဒါနာက အမှန်ပြင်ပေးပေမဲ့ ဖရန့်ကတော့ စိတ်မဝင်စားဘူး။ သူက မုန့်စားနေရင်းကနေ ပြန်ဖြေလိုက်တယ်။

"အိုးဆောရီးကွာ... ငါက နည်းပညာဝတ်စုံတွေမြင်တာနဲ့ Ironmanပဲစိတ်ထဲစွဲနေတာ။ စကားမစပ် မင်းက Ironknightဆိုတဲ့နာမည်နဲ့ ပိုလိုက်တယ်။"

'ဒီငနှဲကို တစ်ချက်လောက် ထိုးလို့ရမလား။' မက်ဒါနာ လက်သီးဆုပ်ထားလိုက်တယ်။ ဒီကောင်က သူ့နာမည်ကို မမှတ်မိတာမဟုတ်ဘဲ တမင်လုပ်ပြောနေတာကိုး။

"ဆောရီးကွာ.. ဒီကောင်က အဲဒီလိုပဲလေ။ မျက်နှာရူးကောင်...." နောက်ထပ် ရွှေရောင်ဆံပင်နှင့် လူငယ်လေးတစ်ယောက်လည်း အပေါ်ကနေ ဆင်းလာပါတယ်။ သူ့လက်ထဲမှာတော့ ပုံစံနည်းနည်းဆန်းတဲ့ ဓားတစ်လက်ရှိနေပြီး သူက ဓားရဲ့အစွမ်းနဲ့ လေပေါ်မှာ ငှက်မွှေးတစ်ခုလိုမျိုး ပေါလော မျောလာတာပါ။

မက်ဒါနာက ဓားကိုစိတ်ဝင်စားနေတာတွေ့တော့ ရွှေရောင်ဆံပင်နဲ့ကောင်လေးက...

"ဒါက ကိုယ်တိုင်တိုက်ခိုက်နိုင်ပြီး သခင်ကိုပါ ပျံသန်းအောင် လုပ်ပေးနိုင်တဲ့ နော့ခ်နတ်ဘုရား Freyr ရဲ့ဓားလေ။ ငါ့နာမည်က လူကန် ဒီအာ့ခ်။

သူတော်စင်ဂျုံန်းရဲ့ဝမ်းကွဲမျိုးဆက်။ အခုလောလောဆယ်တော့ ပါရီဟီးရိုးအစည်းအရုံးမှာ ဟီးရိုးဝင်လုပ်နေတယ်။"

"ဟေး...ပြင်သစ်မြို့တော်နာမည်က ပဲရစ်မဟုတ်ဘူးလား။" မြင်းပေါ်မှ ဖရန့်ဆိုသည့် လူငယ်လေးက နောက်ကိုလှည့်ကြည့်ပြီး မေးလိုက်တယ်။

"ပါရီလို့ ပြင်သစ်တွေအသံထွက်တာကွ ငတုံးရဲ့။"

လူကန်က အေးစက်စက်ကြည့်ပြီး ပြန်ဖြေလိုက်ပါတယ်။ မက်ဒါနာကတော့ ပြန်ထလာပြီဖြစ်တဲ့ အိုက်ဇာဝါကြည့်ရင်း လက်ညိုးထိုးပြလိုက်တယ်။

"ဟေး... ဗီလိန်နဲ့ချတာ မပြီးသေးဘူးနော်။ စကားများမနေနဲ့ဦး..."

"မင်းတို့ပြင်သစ်စကားက တော်တော်အသံထွက် စောက်တလွဲဖြစ်နေတာပဲကွ။ တစ်ကမ္ဘာလုံး ခရိုးဆန့်လို့ခေါ်နေတဲ့မုန့်ကို မင်းတို့က ခွန်းဆန့်တဲ့..အာ ဆောရီး... မင်းမသေသေးဘူးလား။"

မက်ဒါနာလက်ညိုးထိုးပြတာမြင်မှ စကားဆက်များနေတဲ့ ဖရန့်လည်း အိုက်ဇာဝါကို ပြန်လှည့်ကြည့်လိုက်မိပါတယ်။ အိုက်ဇာဝါကတော့ သွေးတွေကို ချယ်ရီပန်းပွင့်ပြောင်းပြီး သူတို့ကိုဆော်ဖို့ပြင်နေပြီ။

All Chapters