လူလုပ်မြူတန့်
Vol. 1 Ch. 9
အယ်လိုဟင်မှာ ဖော်မြူလာအခန်း၏ တံခါးရှိ လုံခြုံရေးသော့ကို ကြည့်လိုက်ကာ သူခိုးဝှက်ယူလာသော အနျူမီလီယံအမှုန့်များအား ဖြူးချလိုက်သည်။ စကားဝှက်ကီးဘုတ်ပေါ်တွင် လက်ဗွေရာများပေါ်လာပြီး အစဥ်အတိုင်းနှိပ်ချလိုက်၏။ လုံခြုံရေးတံခါးမှာ အတားအဆီးမရှိ ပွင့်သွားတော့သည်။ အယ်လိုဟင်က အခန်းထဲသို့ ဝင်ရောက်ပြီးနောက် သူ့မျက်နှာပေါ်မှ နည်းပညာမြင့် နာနိုရုပ်ဖျက်မျက်နှာဖုံးကို ခွာပစ်လိုက်သည်။
"ကလေးကစားစရာလေးတွေပါကွာ။"
ထို့နောက် အယ်လိုဟင်က ဖာရာဒေး စမ်းသပ်နမူနာနှင့် မအောင်မြင်သေးသည့် ဘုရားသခင်၏နာမတော်အမည်ရှိ လူလုပ်မြူတန့်ဗီဇ နမူနာပုလင်းတို့ကို ယူဆောင်ကာ အခန်းတွင်းသို့ လက်ပစ်ဗုံးပစ်ထည့်လိုက်ပြီး တံခါးပိတ်လိုက်၏။
"ဘုန်း....." အခန်းတွင်းရှိ စက်ပစ္စည်းနှင့်နမူနာအားလုံး ပျက်စီးသွားကာ အရေးပေါ်မီးလင်းလာသည်။ လုံခြုံရေးအစောင့်တချို့ ပြေးလာသော်လည်း အယ်လိုဟင်အတွက် ဒီလောက်ကြီး အခက်အခဲမတွေ့ခဲ့ပေ။
သူ၏လက်ထဲမှ ပစ္စတိုတစ်လက်ဖြင့်ပင် အစောင့်လေးငါးဆယ်ကို အနိုင်ပိုင်းပစ်လိုက်၏။ သူက လဲကျနေသော လူများနှင့်သွေးအိုင်များကို ကျော်ခွရင်း လေပင်ချွန်နေလိုက်သေးသည်။
သို့သော် တစ်နေရာအရောက်တွင်တော့ သူ့မျက်နှာက အေးခဲသွားပြီး တစ်ကိုယ်လုံးတောင့်တင်းသွား၏။ ကျီးကန်းမျက်နှာဖုံးနှင့် ဓာတ်ခွဲခန်းဝတ်စုံဝတ်ထားသည့် လူတစ်ယောက်က သူ့ကိုအသင့်စောင့်နေပြီး လက်ကိုဆန့်ထုတ်ကာ သူ့ကိုတစ်စုံတစ်ခုတောင်းသည့်ဟန်ဖြင့် ဖြန့်ပြလိုက်သည်။
"အဲဒီနမူနာနှစ်ခုက ငါပိုင်တဲ့အရာတွေပါ မစ္စတာ။ မင်းယူသွားလို့မရဘူး။"
"Mad Doctor..." အယ်လိုဟင်က အေးစက်စွာဖြင့် ပြောလိုက်ရင်း သူ၏သေနတ်ဖြင့် ထိုသိပ္ပံပညာရှင်ကို ပစ်ခတ်လိုက်သည်။ သူက ထိုပစ်ချက်ဖြင့် သတ်ရန် ရည်ရွယ်ထားခြင်းမရှိပါ။ အချိန်ဆွဲရန်အတွက်သာ ဖြစ်ပါသည်။ ပစ်ပြီးသည်နှင့် သူက နောက်ကိုလှည့်ပြေး၏။
Mad Doctorကတော့ အေးစက်စက်ရယ်မောလိုက်ရင်း ကျည်ဆန်ကို သူ၏လက်ချောင်းများဖြင့် ညှပ်ဖမ်းလိုက်သည်။ လူ၏လက်များက လူလက်ဟုပင် မထင်ရဘဲ အရိုးပြိုင်းပြိုင်းကျနေကာ တစ်မျိုးတစ်ဖုံ ကြောက်စရာကောင်းနေ၏။ မအောင်မြင်သော မြူတန့်စမ်းသပ်မှုများက သူ့ကို ကြောက်စရာကောင်းသည့် သက်ရှိတစ်မျိုးအဖြစ် ပြောင်းလဲသွားစေခဲ့ပုံပင်။
အယ်လိုဟင်မှာ ထောင့်ချိုးတစ်ခုအတိုင်း ပြေးသွားလိုက်ပြီးနောက် ခြေလှမ်းအနည်းငယ်အကြာတွင် ကတိုက်ကရိုက် ရပ်လိုက်၏။ ရပ်ချင်လွန်း၍မဟုတ်ပါ။ သူ၏ရှေ့တွင် မိန်းကလေးတစ်ယောက် ရှိနေ၍ ဖြစ်ပါသည်။
ထိုမိန်းကလေး၏ဦးခေါင်းတွင် အနီရောင်ဦးချိုများရှိနေပြီး သူ၏အောက်ပိုင်းကတော့ လုံးဝကင်းခြေများတစ်ကောင်အတိုင်း ဖြစ်သည်။ အနည်းဆုံး ပေငါးဆယ်ခန့်ရှည်ပြီး အကြေးခွံတိုင်းက တင့်ကားသံချပ်ကာများပမာ ဖြစ်နေ၏။
"အယ်လိုဟင်... မင်းနဲ့မင်းရဲ့သခင်က ငါ့ကိုတားဖို့အတွက် လုံလုံလောက်လောက် မသန်မာသေးဘူး။ မင်းငါ့ကို နာနာခံခံနဲ့ပေးမလား။ ဒါမှမဟုတ် သေမလား။"
ကျီးကန်းမျက်နှာဖုံးနှင့်လူကလည်း တဖြည်းဖြည်းသူနှင့်နီးလာပြီး ခြေလှမ်းတိုင်းက ဖုတ်ကောင်တစ်ကောင် တရွေ့ရွေ့သွားနေသလို ထင်ရသည်။
အယ်လိုဟင်က နောက်ဆုံးတွင် ဆုံးဖြတ်ချက်တစ်ခုချလိုက်ပြီး ဝရန်တာကိုကျော်ကာ အထပ်ပေါ်မှာ ခုန်ချလိုက်သည်။ ထို့နောက် သူ၏စက်ရုပ်လက်ကို အပေါ်သို့ချိန်မြှောက်လိုက်၏။
စက်ရုပ်လက်က ဒုံးပျံတစ်စင်းလို ပျံထွက်သွားပြီး အယ်လိုဟင်နဲ့သူ့လက်ကို စတီးသံကြိုးတစ်ကြိုးက ချိတ်ဆက်ပေးထားပါသည်။ အယ်လိုဟင်၏လက်က နောက်နှစ်ထက်အကွာမှ ဝရန်တာကို ချိတ်မိသွားပြီး ကြိုးကိုပြန်ရုပ်လိုက်ရာ သူ့ကိုဆွဲတင်ပြီးသား ဖြစ်သွားသည်။
Mad doctorက အချက်ပြလိုက်လျှင် စင်တီက စတင်လှုပ်ရှားလာပါသည်။ နဂိုက ပေငါးဆယ်ခန့်ရှိသော ကင်းခြေများခန္ဓာတွင် အဆစ်သစ်များ ရုတ်ချည်းပင်ထွက်လာကာ ပိုမိုရှည်လျားလာပြီး မြေအောက်စမ်းသပ်ခန်းတစ်ခုလုံးအား ရစ်ပတ်ထားနိုင်သိအထိ ကြီးမားလာ၏။
အယ်လိုဟင်လည်း မျက်နှာပျက်သွားသည်။
"ဒါကြီးက S အဆင့် အသွင်ပြောင်းမြူတန့်ရဲ့ဒုတိယအသွင်ပြောင်းပုံစံလား။"
ကင်းခြေများ၏ခေါင်းနေရာမှ မှိုတစ်ပင်လို တိုးထွက်နေသည့် စင်တီက မာန်ဖီသလိုမျိုးအော်ဟစ်လိုက်သည်။ အောက်မှကင်းမြီးကောက်ခေါင်းကလည်း အလားတူအော်ဟစ်လိုက်ပြီး အပေါ်မှာရှိနေသည့် အယ်လိုဟင်ကို တိုက်ခိုက်ဖို့ ပြေးထွက်လာ၏။
"သေစမ်း...."
.....
အိုက်ဇာဝါမှာ လူကန်နှင့် ဓားကွက်လေးဆယ်ခန့် ယှဥ်ပြိုင်ပြီးသည့်နောက်တွင် ဓားကျိုးသွားပြီး ဒူးထောက်ကျသွားသည်။ သူ့ခန္ဓာကိုယ်တွင် မည်သည့်ခွန်အားမှ မရှိတော့ပါ။ အိုက်ဇာဝါ၏ တစ်ကိုယ်လုံး ဓားဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး လူကန်လည်း ဒဏ်ရာအနည်းငယ် ရခဲ့သည့်တိုင်အောင်
မွန်မြတ်ဓား Ascalon၏အစွမ်းအောက်တွင် မြင်နိုင်သောနှုန်းဖြင့် ဒဏ်ရာများ ပြန်ကောင်းလာနေသည်။
"A အဆင့်တွေက တကယ်ကိုကြမ်းလွန်းတယ်။" မက်ဒါနာမှာ သူတို့ကိုကြည့်နေရင်း အတော်အံ့ဩနေမိသည်။ သူ့စီနီယာဖြစ်သော မက်တယ်ပလာဒင်တစ်ယောက် A အဆင့်ကို ရောက်ရုံရောက်ခဲ့ခြင်းမှာ အံ့ဩစရာတော့မဟုတ်ပေ။ မြူတန့်များအဆင့်မြင့်လာလေလေ သူတို့၏ခွန်အား၊ လျင်မြန်မှု၊ ခုခံနိုင်စွမ်း စသည့်ယေဘုယျအချက်အလက်များဖြင့် သူတို့စွမ်းရည်ကို တိုင်းတာနိုင်ရန် မဖြစ်နိုင်တော့ပါ။ မြူတန့်အစွမ်း၏ထူးခြားချက်များကသာ သူတို့အစွမ်းထက်မထက်ကို ဆုံးဖြတ်ပေးသွားနိုင်သည်။
တစ်နည်းအားဖြင့် မက်ဒါနာတစ်ယောက် ကုန်ကြမ်းအကောင်းများ အသုံးပြုပြီး Silver Knightဝတ်စုံကို A အဆင့်ရှိ မြူတန့်များ၏ ယေဘုယျသန်မာမှုများဖြစ်သော ခွန်အား၊ခုခံမှု၊ လျင်မြန်မှုများကို ရအောင်လုပ်ခဲ့လျှင်ပင် အားအနည်းဆုံး A rankသာ ဖြစ်နေပါလိမ့်မည်။ လူကန်သာ သူနှင့်အဆင့်တူဖြစ်ပါက အသက်ဆယ်သက်ရှိလျှင်တောင် လူကန့်ဓားချက်များကို သူခုခံနိုင်မည်မဟုတ်ပါ။
"အနာဂတ်မှာ အသန်မာဆုံး နည်းပညာဟီးရိုးဖြစ်ချင်ရင် မြူတန့်စွမ်းအားတွေနေရာမှာ အစားထိုးနိုင်မယ့် နည်းပညာတစ်ခုခုရှိမှ ဖြစ်တော့မယ်။" မက်ဒါနာသက်ပြင်းချလိုက်မိသည်။
ရုတ်တရက် သူတို့အပေါ်မှ ကြီးမားသည့်တစ်စုံတစ်ရာ ရောက်ရှိလာပုံပေါ်သည့် အသံများကြောင့် အလိုလိုခေါင်းမော့ကြည့်လိုက်ကြသည်။ ဧရာမကင်းခြေများကြီးတစ်ကောင်က လူတစ်ယောက်ကို လိုက်လံတိုက်ခိုက်နေသည်။ ထိုလူ၏ခန္ဓာကိုယ်မှာ စက်ရုပ်တစ်ခြမ်းဖြစ်ပြီး သူ့စွမ်းအားက မက်ဒါနာနှင့် အဆင့်တူတွင်သာဖြစ်သည်။
"အိုးမိုင်ဂေါ့... ဘာကောင်ကြီးလဲ၊ ငါတို့တွေ Jurassic worldထဲ ရောက်နေတာတော့ မဟုတ်ဘူးမလား။" မြင်းပေါ်တွင် ထိုင်နေသော ဖရန့်က အော်ပြောလိုက်သည်။ မြေပေါ်တွင်ရှိနေသော လူကန်ကလည်း ထိုအကောင်ကြီးကိုမြင်သောအခါ တွင် မျက်လုံးပြူးသွားပြီး....
"Mad doctorဘေးမှာ တစ်ချိန်လုံးရှိနေတဲ့ ကင်းခြေများမြူတန့်မလား... ဒါပေမဲ့ဒီလောက်အထိ ကြီးလို့ရမယ်ထင်မထားဘူး။"
ကင်းခြေများကြီး၏အလျားက အနည်းဆုံးမီတာငါးရာခန့် ရှိနေပြီဖြစ်သည်။ လူကန်လည်း တိတ်တဆိတ်ပင် သူ၏ဓားကိုပြောင်းလိုက်သည်။ ကျန်းဓားရှည်စတိုင် ဓားအမြွှာနှစ်လက်ပေါ်လာကာ ဓားဝိညာဥ်နှစ်ခုက သူ၏နောက်တွင် လွင့်မျောနေ၏။
မက်ဒါနာကတော့ အံ့ဩပြီးရင် အံ့ဩနေသည်။ "အဲဒီပုံရိပ်တွေက ဘာတွေလဲ၊ ပရိုဂျက်တာနဲ့ ဖန်တီးထားတာတော့ မဟုတ်ဘူးမလား။" သူသိထားသော မြူတန့်လောကကြီးတစ်ခုလုံး ပြောင်းပြန်လန်သွားသလို ခံစားလိုက်ရသည်။
"အယ်လိုဟင်... အဲဒီဖော်မြူလာနှစ်ခုကို ဟီးရိုးတွေဖက် ပစ်ထုတ်လိုက်တော့။ နင်အဲဒီမြူတန့်ကို မနိုင်ဘူး။"
"ဒါပေမဲ့သခင်မလေးပဲ ဒီဖော်မြူလာတွေကို လိုတယ်လို့ ပြောခဲ့တယ်မဟုတ်လား။" အယ်လိုဟင်နှင့် ကြယ်ငါးပွင့်ဟော်တယ်တွင်တည်းနေသည့် ပန်ဒရာဂွန် မိသားစုခေါင်းဆောင်မှာ တိုက်ရိုက် ဆက်သွယ်ရေးနည်းပညာတစ်မျိုးကိုသုံးကာ ဆက်သွယ်နေကြသည်။
အယ်လိုဟင်လို B+ ဆိုက်ဘော့တစ်ကောင်အနေဖြင့် သူသည် အိုက်ဇာဝါကိုပင် ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်း မရှိခဲ့ပါ။ S အဆင့်အသွင်ပြောင်းမြူတန့်က တော်ရုံSအဆင့်များထက်တောင် သန်မာပေသည်။ Mad doctorကို ဒီနေ့ဒီချိန်အထိ မဖမ်းမိသေးခြင်းမှာ ထိုကင်းခြေများကြောင့် ဖြစ်၏။
"ငါက Mad doctorကို ဒီနည်းပညာတွေ မရစေချင်လို့ နင့်ကိုယူခိုင်းတာ။ ငါတို့မကာကွယ်နိုင်မှတော့ အခွင့်အရေးရှိတဲ့လူတွေကို ပေးလိုက်တော့။"
"နားလည်ပြီ။" အယ်လိုဟင်က သူ့ခါးတွင်ပတ်ထားသည့် အိတ်ကိုဖြုတ်လိုက်ကာ မက်ဒါနာတို့ဖက်ကို လှည့်ကြည့်လိုက်၏။
"ဟီးရိုးတွေ... ဒီကင်းခြေများက ဖော်မြူလာတွေကို လာယူတာပဲ။ မင်းတို့ကာကွယ်နိုင်မယ်လို့ မျှော်လင့်တယ်။" သူက စကားဆုံးသည်နှင့် လူသားလက်ဖြင့် ဝရန်တာကို တွဲလွဲခိုကာ စက်ရုပ်လက်ကိုသုံးပြီး အိတ်ကို ပစ်ထုတ်လိုက်သည်။ ကင်းခြေများကလည်း အိတ်ဖက်ကိုလှည့်လိုက်၏။
"ဖရန့်...."
"ငါသိတယ်။..."
အခြေအနေကို စောင့်ကြည့်နေသည့် လူကန်ကလည်း အော်ဟစ်လိုက်သည်။ ဖရန့်မှာလည်း အသင့်စောင့်နေသူမလို့ သူ၏မြင်းပျံကြီးကို ခရီးနှင်စေကာ ပြုတ်ကျလာသော အိတ်ကိုဝင်ဖမ်းလိုက်၏။
ကင်းခြေများကြီးက ဖရန့်ကိုတိုက်ခိုက်ရန် ဆင်းလာသော်လည်း မိုယဲ့နှင့်ကန်ကျောင်းတို့က နဂါးအသွင်ပြောင်းပြီး ဝင်တားဆီးလိုက်ကြသည်။
"ဒိန်း...." သားရဲသုံးကောင် အချင်းချင်းအားပြိုင်မှုမှတစ်ဆင့် မြေအောက်စမ်းသပ်ခန်းကြီးတစ်ခုလုံး ပြိုကျတော့မလို ဖြစ်နေသည်။
"ဖရန့်... အဲဒီပစ္စည်းတွေကို အပေါ်ယူသွားတော့။" စမ်းသပ်ခန်း ပြိုကျတော့မည့်အရေးကို တွေ့သောအခါ လူကန်က လှမ်းအော်ပြောလိုက်၏။ သူ့စွမ်းအားက အကန့်အသတ်ရှိသည်မလို့ နဂါးနှစ်ကောင်ကို အမြဲတမ်းထုတ်သုံးဖို့ မဖြစ်နိုင်ပါ။
မက်ဒါနာကလည်း အခြေအနေမကောင်းသည်ကိုမြင်သည်နှင့် အိုက်ဇာဝါနှင့်မာဂရပ်ကိုထမ်းပြီး ပြိုမကျခင် တစ်ထပ်မှတစ်ထပ်သို့ ခုန်ကူးသွားလိုက်သည်။
"မင်း... ငါကဗီလိန်ဆိုတာ သိတယ်မလား... မင်းဘာလို့ ငါ့ကိုကယ်တာလဲ။" သတိရှိနေသေးသည့် အိုက်ဇာဝါက အံ့ဩတကြီးဖြင့် မေးလိုက်၏။
Silver Knightနေရာမှာ တခြားတစ်ယောက်ဆိုပါက သူ၏သေခြင်းရှင်ခြင်းကို စိတ်မဝင်စားဘဲ နေရာမှာတင် ထားခဲ့မည်ဖြစ်သည်။ မက်ဒါနာကလည်း အေးအေးဆေးဆေးပင် ပြောလိုက်၏။
"မင်းက အခုထိတရားခံဖြစ်နေတုန်းပဲ၊ မင်းမရှိရင် တရားရုံးမှာ ဘယ်ကောင်က ဖြောင့်ချက်ပေးမှာလဲ။"
မက်ဒါနာက ယခုအခါတွင်း လေးထပ်မြောက်တွင် ရှိနေပြီဖြစ်သည်။ အပေါ်သို့ရောက်ရန် ခြောက်ထပ်ကျန်နေသေး၏။ ထို့အပြင် ကင်းခြေများနှင့်နဂါးတို့တိုက်ပွဲထဲ ဝင်မပါမိစေရန် ဂရုစိုက်နေရသေးသည်။ လက်ရှိသူ့ခွန်အားနှင့်ဆိုပါက ကင်းခြေများတစ်ချက်ရိုက်စာသာ ရှိ၏။
အောက်ဇာဝါက သူ့လက်ထဲမှ ဓားကျိုးကိုကြည့်ရင်း... "ငါ့မှာ အခုထိ ဓားကျိုးတစ်လက်ရှိနေသေးတယ်။ မင်းကိုသတ်လိုက်မှာ မကြောက်ဘူးလား။"
"မင်းသတ်မှာမဟုတ်ဘူး၊ အစကတည်းက မင်းငါ့ကို သတ်ဖို့မရည်ရွယ်ထားဘူး။" မက်ဒါနာက သူ၏ခေါင်းကိုငုံကာ အိုက်ဇာဝါကို ကြည့်လိုက်သည်။
"မင်းက မာဂရပ်ကိုပြန်ပေးဆွဲတာ ငါ့ကိုလာစေချင်ရုံသက်သက်ပဲ။ လမ်းမှာလည်း ငါ့ကိုအကြိမ်ကြိမ် ဖျောင်းဖျခဲ့တယ်။ တကယ်တမ်း လုပ်ရဲတဲ့ဗီလိန်တစ်ယောက်သာဆိုရင် ငါ့ကိုအပေါ်မှာတင် မင်းနဲ့မင်းဦးလေးပေါင်းပြီး သတ်ပစ်လို့ရတယ်။ မင်းမလုပ်ခဲ့ဘူး။"
"....."
"တကယ်တော့ မင်းသာတကယ်တမ်း ငါ့ကိုသတ်မယ်ဆိုရင် ငါတရားစစွဲကတည်းက လုပ်လို့ရနိုင်တယ်။ တခြားဗီလိန်တစ်ယောက်ယောက်ရဲ့လက်ချက်နဲ့ သေသွားတယ်ထင်အောင် လုပ်လို့ရတယ်။ ဟီးရိုးတွေ ဗီလိန်သတ်တာခံရတာ ဒီနေ့ခေတ်မှာ သာမန်လိုပဲ။ မင်းအမှုပေါ်ကို သိပ်ပြီးသက်ရောက်မှာမဟုတ်ဘူး။ နောက်တစ်ခုက အစကနေ အဆုံးအထိ မင်းရဲ့လက်ထောက်ကို ကယ်ဖို့အတွက်ပဲ ဒီအခြေအနေတစ်ခုလုံးကို လုပ်ခဲ့တာမဟုတ်လား။"
"....."
"တကယ့်ဗီလိန်တစ်ယောက်သာဆိုရင် ကိုယ့်ကိုဒုက္ခဖြစ်စေမယ့် ငယ်သားတစ်ယောက်ကို နှုတ်ပိတ်မပစ်ရင်တောင်ကံကောင်း၊ မင်းလိုကယ်ဖို့ စဥ်းစားမှာမဟုတ်ဘူး။ မာဖီးယားတွေတောင် ဒီနည်းမျိုးသုံးကြသေးတာပဲ မင်းလိုယာကူဇာက မတွေးမိစရာအကြောင်းမရှိဘူး။ မင်းက သူ့ကိုတကယ်တန်ဖိုးထားတယ်။ အဲဒါက မင်းရဲ့အားနည်းချက်ဖြစ်လာတယ်။ တကယ်တမ်း သူအဖမ်းခံရတာက သံသယမှုသက်သက်ပဲ။ ဒီကမ္ဘာပေါ်မှာ မြေဆူးချွန်စွမ်းအားရှိတဲ့လူ ဘယ်နှစ်ယောက်ရှိတယ်ထင်လဲ။ မြေစွမ်းအားနဲ့အသတ်ခံရတိုင်း သူလို့မြူတန့်ဌာနစိတ်က မပြောနိုင်ဘူး။ မြူတန့်ဆေးပညာနဲ့တောင်မှ အရင်နှစ်ပေါင်းများစွာက သေတဲ့လူတွေကို ဘယ်သူသတ်လဲ အတိအကျဖော်ထုတ်ဖို့ မဖြစ်နိုင်ဘူး။ ငါခန့်မှန်းတာမှန်ရင် ၂၄နာရီအတွင်း သူတို့ပြန်လွတ်ပေးရမှာပဲ။ ကံဆိုးတာက အခုစမ်းသပ်ခန်းကိစ္စပေါ်သွားပြီ။ မင်းငြင်းလို့မရတော့ဘူး။ တကယ်တော့ မင်းလောကြီးလွန်းလို့ ငါ့အကြံထဲ ရောက်သွားတာ။"
အိုက်ဇာဝါမှာ မက်ဒါနာရှင်းပြသမျှကို ငြိမ်ပြီးနားထောင်နေခဲ့သည်။ နောက်ဆုံးတွင်တော့ ဓားကျိုးကို ပစ်ချလိုက်ပြီး...
"မင်းက ငါ့ထင်တာထက် ပိုထက်မြက်တာပဲ။ Mad doctorရောက်လာမယ့်ကိစ္စရော မင်းသိထားပြီးသားလား...."
"ငါမသိဘူး... ငါသာသိခဲ့ရင် ဒီကိုလာရဲမှာမဟုတ်ဘူး။ ဒီကိစ္စက ငါ့ထိန်းချုပ်မှုအောက်မှာမဟုတ်ဘူး။" ဟုတ်ပါတယ်၊ မက်ဒါနာသာ ဒီနေရာကို Mad doctorရောက်လာမယ်သာသိရင် ခါတိုင်းလိုပဲ ဆိုဖီယာကို အပူကပ်မှာပါ။ ဘာပဲပြောပြော ဆိုဖီယာက Mad doctorရဲ့အကုသိုလ်ကြီးလေ။ သူ့အနေနဲ့ အကူအညီပေးသလိုတောင် ဖြစ်နေဦးမှာ။
"တကယ်တော့ ငါလည်း ဒီလူရောက်လာမယ် ထင်မထားဘူး။ ဒီစမ်းသပ်ခန်းတစ်ခုလုံးက သူ့အကြံတွေပဲ။ တစ်လှမ်းမှားပြီးတာနဲ့ ပြန်ဆုတ်လို့မရတော့ဘူး။ အပြစ်မဲ့တဲ့အသတ်တွေကို ငါသတ်ပြီးသွားပြီ..."
အိုက်ဇာဝါက တစ်ဖန်ပြန် တိတ်ဆိတ်သွားသည်။ ကြည့်ရတာ စွမ်းအားကြီးလွန်းသော Mad doctorကို အိုက်ဇာဝါကိုယ်တိုင်ပင် ကြောက်ရွံနေခဲ့ရပုံပင်။
သူတို့ငါးထပ်မြောက် ရောက်လာသည်။ တိုက်ပဲဲဖြစ်ပွားရာနှင့် အလွန်နီးနေပြီဖြစ်သောကြောင့် လွင့်ထွက်လာသော အဆောက်အဦးမှ အကျိုးအပဲ့များကို မက်ဒါနာရှောင်ရှားနေရသည်။ လူတစ်ရပ်မြင့်သည့် ကျောက်တုံးတစ်ခုမှာ သူတို့ကိုမှန်ခါနီး ဖြစ်သွားသည့်တိုင်အောင် ချယ်ရီဓားတစ်စင်းက ထိုကျောက်တုံးကြီးကို ခွဲပစ်လိုက်၏။
"ဆက်သွား... ငါတို့ဒီမှာဆက်နေရင် အန္တရာယ်များလိမ့်မယ်။"
မက်ဒါနာက သတ္တမထပ်သို့ ခုန်ကူးရင်း ကင်းခြေများ၏အောက်မှ ဖြတ်သွားရသည်။ ဖရန့်က ကင်းခြေများ၏ခါးကို သူ၏မြင်းပျံကြီးဖြင့် ဝင်တိုက်ပစ်လိုက်၏။ ကင်းခြေများမှာ အရှိန်မထိန်းနိုင်တော့ဘဲ တစ်ဖက်ခြမ်းကို ဝင်ဆောင့်မိကာ မက်ဒါနာခြေချမည့်နေရာ ပြိုကျသွားသည်။
မက်ဒါနာ: "....." ဟေး၊ ငါအဲဒီကို သွားမလို့လေ။
သူတို့ပြုတ်ကျခါနီးအချိန်တွင် အပေါ်မှာရောက်နှင့်ပြီးဖြစ်သည့် အယ်လိုဟင်က သူ၏စက်ရုပ်လက်ဖြင့် ဖမ်းဆွဲကာ ဆွဲတင်ပေးလိုက်၏။
"ကျေးဇူးပဲ မစ္စတာအမည်မသိ၊ ခင်ဗျားကြောင့်သာ ကျုပ်တို့ပြုတ်မကျတာ။" မက်ဒါနာက ဦးလေးကြီးကို လက်မထောင်ပြလိုက်သည်။ သို့သော် သူက မက်ဒါနာတို့ကို ကြည့်မနေဘဲ ဆန့်ကျင်ဖက်တစ်နေရာသို့ ကြည့်နေပေသည်။
Mad doctorက ထိုနေရာတွင်ရှိနေပြီး သိုလှောင်ရုံအပျက်နှုတ်ခမ်းဝတွင် တင်နေသည့် ကွန်တိန်နာပေါ်တွင်ထိုင်ကာ တွင်းအောက်ခြေကို ကြည့်နေ၏။
မက်ဒါနာပင် ထိုလူကြီးထံမှ ပုံမှန်မဟုတ်သည့် စွမ်းအားများကို ခံစားမိနေသည်။
"သူက ဆိုဖီယာလို စွမ်းအားကြီးသူကိုတောင် အခေါက်ပေါင်းများစွာ သတ်နိုင်တဲ့လူလား။" ထိုအတွေးကြောင့်ပင် မက်ဒါနာ ကျောထဲစိမ့်တက်သွား၏။
ထိုလူကြီးက စိတ်ရှည်တော့ဟန်မတူပေ။ သူက ခြောက်သွေ့နေသော သူ့လက်ကြီးဖြင့် လက်ခရာမှုတ်လိုက်သည်။
"ရှီး...." ကင်းခြေများမြူတန့်ကလည်း အချက်ပြသည်ကို ကြားသည်နှင့် နေရာမှာတင် ခတ္တရပ်သွားသည်။ ထို့နောက် စင်တီ၏မျက်လုံးများက နီရဲလာပြီး ကင်းခြေများ၏အရိုးအဆစ်များကလည်း ပိုမိုနီရဲလာ၏။ ချက်ချင်းဆိုသလိုပင် စင်တီကပိုမိုအားကောင်းလာပြီး ပျံနေသည့် မြင်းပေါ်တွင်ရှိနေသည့် ဖရန့်ကို ရိုက်ချလိုက်သည်။ လူကန်၏နဂါးနှစ်ကောင်လည်း အလင်းစက်များအဖြစ် ပျောက်သွားသည်အထိ အရိုက်ခံလိုက်ရ၏။
လူကန်နှင့်ဖရန့်တို့နှစ်ယောက်လုံး ပြိုကျနေသည့် တွင်းထဲသို့ ပြုတ်ကျခါနီးတွင် ဦးလေးကြီးက သူ၏လက်ဖြင့်ပင် လှမ်းဆွဲလိုက်သည်။ လုံးဝ အားပြတ်နေသည့်လူကန်၏လက်မောင်းကို စက်ရုပ်လက်က ဖမ်းကိုင်လိုက်ပြီး လူကန်၏အပေါ်မှ ပြုတ်ကျလာသည့် ဖရန့်ကတော့ လူကန့်ခြေထောက်ကို ဖြစ်သလိုဖမ်းဆွဲလိုက်နိုင်သည်။
သူတို့နှစ်ယောက်ကို တွင်းနှုတ်ခမ်းဝပေါ်သို့ ဆယ်ပြီးသည့်နောက်တော့ တွင်းနှုတ်ခမ်းဝကြီးပါ စတင်ယိုင်နဲ့လာပြီဖြစ်၏။
"ပြေး...." အယ်လိုဟင်က တစ်ခွန်းတည်းပြောလိုက်ပြီး ရှေ့ဆုံးမှပြေးသည်။ မက်ဒါနာကလည်း အိုက်ဇာဝါနှင့်မာဂရပ်တို့ကို ထမ်းထားရင်းပြေးသည်။ ဟိုA အဆင့်နှစ်ကောင်ကလည်း ကုန်းရုန်းထရင်း ပြေးကြ၏။
နောက်ဆုံး ဘေးကင်းရာနေရာသို့ ရောက်ချိန်တွင်တော့ သုတေသနအဆောက်အအုံကြီးတစ်ခုလုံး ပြိုကျသွားခဲ့လေပြီ။ လုံခြုံရေးအစောင့်များနှင့် သုတေသန ပညာရှင်တော်တော်များများပါ မြှုပ်နှံခံလိုက်ရသည်။ အစောပိုင်းကတည်းက အခြေအနေမကောင်းမှန်းသိ၍ လစ်ပြေးလာသူတချို့ကတော့ အပေါ်ရောက်နေကြပြီဖြစ်ပြီး အကူအညီတောင်းရန် ကြိုးစားနေကြသည်။
မက်ဒါနာကတော့ စိတ်မအေးနိုင်သေးဘဲ တစ်နေရာသို့သာ စူးစိုက်ကြည့်နေသည်။ ကျီးကန်းမျက်နှာဖုံးနှင့် Mad doctorက ပုလင်းနှစ်လုံးကို လက်ထဲကိုင်ထားရင်း သူတို့ထံလျှောက်လာနေသည်။ အယ်လိုဟင်က မက်ဒါနာတို့ရှေ့တွင် ပိတ်ရပ်လိုက်၏။
"မင်းလိုချင်တာကို ရပြီးပြီပဲ... ဘာလို့ထွက်မသွားသေးတာလဲ။"
Mad doctorက အေးစက်စက်ရယ်မောလိုက်သည်။ ထို့နောက် အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်၏။ အပြေးလာနေကြသော ဟီးရိုးစစ်ကူများ၊ရဲကားများနှင့် ရဲဌာနချုပ်ရဟတ်ယာဥ်သံများကို ကြားရနေ မြင်နေရပြီဖြစ်သည်။
သူက နောက်ဆုံးအနေဖြင့် မက်ဒါနာတို့အုပ်စုကို ဝေ့ကြည့်လိုက်ပြီး
"ငါမင်းတို့မျက်နှာတွေကိုမှတ်ထားမယ်၊ ထပ်မတွေ့ကြရင် ကောင်းလိမ့်မယ်။"
ထို့နောက်တွင်တော့ သူက တွင်းထဲမှ ထွက်လာပြီးဖြစ်သော ကင်းခြေများမိန်းကလေး၏ခါးပေါ်သို့ တက်သွားလိုက်သည်။ ထို့နောက်တွင်တော့ စင်တီက မြန်နှုန်းမြင့် ရထားတစ်စင်းလိုမျိုး သူတို့ကိုထားခဲ့ကာ ဘေးကင်းရာသို့ ပြေးသွားလေတော့သည်။
၂။
"မ....မင်း...." အစိုးရဟီးရိုးသင်တန်းကျောင်း ဝတ်စုံဝတ်ထားသော ဂိတ်စောင့်ဆရာမှာ နေရာမှာတင် လဲကျသွားသည်။ သူ၏ခါးတွင်တော့ အပေါက်ကြီးတစ်ခုရှိနေပြီး ကျားသစ်တစ်ကောင်၏လက်များက ထိုးဖောက်ထားခြင်းဖြစ်သည်။
"ဟေးချီတာ... လူတွေကို ငါတို့ရှေ့မှာ စားမပစ်နေနဲ့ဟ ငါတို့မှာအချိန်မရဘူး။" လင်းနို့အတောင်ပေါက်နေသည့် ထိပ်ပြောင်ပြောင်နားရွက်ရှည်ရှည်မြူတန့်က လှမ်းအော်ပြောလိုက်၏။
သူတို့နှင့်အတူ ခေါင်းတွင် နတ်သမီးထောင်ချောက်ပန်းပွင့်ကြီးပွင့်နေသည့် ထူးထူးဆန်းဆန်း မိန်းကလေး၊ ကျွဲတစ်ကောင်လို ချိုပေါက်နေသည့် ကျွဲမြူတန့်၊ မြွေတစ်ကောင်၏မျက်နှာအတိုင်းဖြစ်နေသည့် မြွေမြူတန့်တို့ပါလာသည်။ သူတို့ပုံစံက တော်တော်ကြည့်ရဆိုးပြီး ကလေးတစ်ယောက်ဆွဲထားသည့် ပန်းချီထဲကလို ပေါက်ကရနိုင်လွန်း၏။
မြူတန့်သိပ္ပံအဖွဲ့အစည်း၏ မပြီးပြည့်စုံသည့် အသွင်ပြောင်းမြူတန့်များ ဖြစ်ပေသည်။ ပန်းပွင့်မိန်းကလေးကတော့ ထိုသို့ သွေးထွက်သံယိုပုံစံများကို မမြင်ချင်သည့်အလား မျက်နှာလွှဲထားသည်။
"ဟေးချီတာ... ငါတို့က ဟီးရိုးတွေ ဒီကျောင်းကိုရောက်မလာခင် ဟိုကောင်မလေးကို ဖမ်းရဦးမယ်လေ။"
ချီတာက မတ်တပ်ရပ်လိုက်ကာ အကြောဆန့်လိုက်သည်။ "ကောင်းပြီလေ၊ ဒါပေမဲ့ ဒီကျောင်းက ဟီးရိုးဆရာတွေက တော်တော်အားနည်းတာပဲ။"
"နာမည်ကြီး ဟီးရိုးကျောင်းတွေမှာ အရည်အချင်းမမီလို့ ဒီရောက်လာကြတာလေ။" မြွေမြူတန့်က ပြောလိုက်ပြီး သေနေသည့်ဆရာနှင့် အစောင့်များကို အထင်သေးစွာနှင့် ကြည့်လိုက်ကာ ရှေ့ဆုံးမှနေ၍ လျှောက်သွားလိုက်သည်။
ပန်းပွင့်မိန်းကလေးကတော့ ကျွဲကြီးကို တစ်ချက်ကာ သူ့နောက်လိုက်ခဲ့ရန် အချက်ပြလိုက်ပြီး ရှေ့အုပ်စုမှခွဲကာ အခြားနေရာသို့ ထွက်သွား၏။
...
မြူတန့်ငါးယောက် ရောက်ရှိလာခြင်းက နဂိုကတည်းကမှု မြူတန့်ကျောင်းသားများ သောင်းကျန်းနေသည့် ဟီးရိုးသင်တန်းကျောင်းတစ်ခုလုံးကို ပြဿနာအကြီးကြီး ဖြစ်ပွားစေခဲ့ပါသည်။
ဟီးရိုးကျောင်းသားများကို ထိန်းသိမ်းပြီးနောက် ကျောင်းဆောင်ကို ပြန်လာဖို့လုပ်နေသည့် ဖားလေးနှင့်လီဆာတို့နှစ်ယောက်လည်း သူတို့စိတ်ထဲကို ဝင်လာသည့်သတင်းကြောင့် အံ့ဩသွားသည်။
"ဗီလိန်တွေ ငါတို့ကျောင်းထဲကို ဝင်လာတယ်။ လီဆာ၊ Toadius ပင်မကျောင်းဆောင်ကို လာခဲ့။ လမ်းမှာသတိထား။ သူတို့တစ်ခုခုကိုရှာနေတယ်ထင်တယ်။ ဆရာတို့စောင့်နေမယ်။"
အစိုးရဟီးရိုးကျောင်းတော်ရှိ ဆရာများထဲတွင် စိတ်အမျိုးအစား မြူတန့်တစ်ယောက်ရှိနေပါသည်။ သူ၏စိတ်ဝိညာဉ်ကို တစ်ကျောင်းလုံးအား ဖြန့်ကျက်မြင်နိုင်သကဲ့သို့ အခြားသူများအားလည်း ဆက်သွယ်ပြောဆိုနိုင်သည်။
ကျောင်းအုပ်ကြီးရုံးခန်းထဲတွင်တော့ သတ်လတ်ပိုင်း အမျိုးသမီးကြီးတစ်ယောက်က ဆရာဝတ်စုံဝတ်ထားသည့် ဆရာသုံးယောက်ကို ကြည့်လိုက်၏။
"ငါတို့က အခုသူတို့ထက် အားနည်းနေတယ်ဆိုတာသိတယ်။ ဒါပေမဲ့ ကျောင်းသားတွေကို တပ်ကူမရောက်ခင်အထိ အကာအကွယ်ပေးဖို့လိုတယ်။ အခုသူတို့ကို သွားတားတော့။"
ဆရာသုံးယောက်လုံးက ခေါင်းညိတ်လိုက်ကြပြီး အခန်းထဲမှ ထွက်သွားကြသည်။ ကျောင်းရုံးခန်းထဲတွင်တော့ အမျိုးသမီးကြီးတစ်ယောက်သာ ကျန်ခဲ့၏။
ထိုအမျိုးသမီးက နံရံတွင်ချိတ်ထားသည့် ဟီးရိုးတစ်ယောက်၏ပုံကို ကြည့်လိုက်သည်။ ကပ္ပတိန်စတိတ်မန်း၏ပုံပင်...
"ဆရာ... ဆရာမရှိတော့ကတည်းက ကျောင်းကြီးတစ်ခုလုံးက သေဆုံးနေသလိုပါပဲ။ အခုတော့ ဗီလိန်တွေ စော်ကားတာတောင် ခံနေရပြီ။"
ဖားလေးနှင့်လီဆာတို့ကတော့ ကျောင်းအားကစားကွင်းကို ဖြတ်သွားနေကြသည်။ ဖားလေးက မယုံနိုင်စွာဖြင့် ပြောလိုက်၏။
"ရူးနေတဲ့ ဘယ်ဗီလိန်က ဟီးရိုးကျောင်းထဲ ဝင်လာရဲတယ်လဲ။ ဆရာအာသာ သူတို့ကို နားကန်းတဲ့အထိ အော်တာခံချင်လို့တော့ မဟုတ်ပါဘူးနော်။"
အာသာက သူတို့အတွက် သီးသန့်လေ့ကျင့်ပေးနေရသည့် ဆရာဖြစ်သည်။ အသွင်ပြောင်းမြူတန့်ဖြစ်ပြီး စွမ်းအားကြီးသည့် သူတို့နှစ်ဦးအတွက်တော့ သာမန်ဟီးရိုးပညာရေးစနစ်က မလုံလောက်ပါ။ ထို့ကြောင့် တစ်ခါက B+ အစွမ်းအထက်ဆုံး ဟီးရိုးဖြစ်ခဲ့ဖူးသည့် ဆရာအာသာကို အထူးလေ့ကျင့်ရေးဆရာအဖြစ် ခန့်ထားပေးခဲ့၏။
တစ်ဖက်တွင်တော့ လီဆာက လက်များတဆတ်ဆတ်တုန်သည်အထိ ကြောက်နေသည်။ "သူတို့ ငါ့ဆီကို လာတာမဟုတ်ပါစေနဲ့လို့ ဆုတောင်းရတာပဲ။"
"ဘာ..." သေချာမကြားလိုက်သော ဖားလေးက လီဆာကို မေးလိုက်သည်။ လီဆာကတော့ သူ့ကို တိုက်ရိုက်ဖြေမယ့်ပုံမပေါ်။
"ဖားလေး... တကယ်လို့ ငါအဖမ်းခံရရင် ငါ့အစ်မကြီးကိုရှာပြီး မြူတန့်သိပ္ပံအဖွဲ့အစည်းလက်ချက်လို့ ပြောလိုက်။"
"ဘာ... မြူတန့်သိပ္ပံ... အဲဒါဟိုသောက်ကျိုးနည်းအဖွဲ့မလား။" ဟီးရိုးလောကမှာလူတိုင်း လိုလို မြူတန့်သိပ္ပံအဖွဲ့အကြောင်း သိကြသည်။ S rank ဗီလိန်တစ်ယောက် ဦးဆောင်နေသော ထိပ်သီးဗီလိန်အဖွဲ့တစ်ခု မဟုတ်ပါလား။
"မပူပါနဲ့... ငါက ငါ့ဆရာမရဲ့ညီမလေးကို အပါခံမယ့်လူမျိုးမဟုတ်ပါဘူး။"
"ငါ့အစ်မက နင့်ကို ဘယ်တုန်းက တပည့်အဖြစ် လက်ခံလို့လဲ။"
လီဆာက သဝန်တိုနေသည့် မျက်နှာကြီးနှင့် ကြည့်လာသောကြောင့် ဖားလေးပါးစပ်ပိတ်ထားလိုက်သည်။ ခဏနေတော့ သူတို့ကိုလာရှာသည့် ဆရာအာသာရောက်လာ၏။
"ဟေးကောင်လေးတွေ... လုံလုံခြုံခြုံပဲလား။" ဆရာအာသာက အသက်လေးဆယ်ကျော်ပြီဖြစ်ပြီး အရပ်တော်တော်ရှည်သည်။ သူ၏စွမ်းအားက အသံအမျိုးအစားဖြစ်ပြီး သံစဉ်သင်္ကေတများကို လေထဲတွင်ပေါ်လာအောင် ဖန်တီးနိုင်ကာ လူများလက်ခံနိုင်သည်ထက် များစွာသာလွန်သည်အသံနှုန်းအထိ အော်ဟစ်နိုင်သည်။ ဟီးရိုးနာမည်က MP-Man ဖြစ်သည်။
သို့သော် ဖားလေးကတော့ နောက်မှလာနေသည့် အန္တရာယ်ကိုမြင်လိုက်ပြီး "ဆရာ... နောက်မှာလာနေတယ်...."
"ဟမ်...." ဆရာအာသာလည်း နောက်လှည့်ကြည့်လိုက်ရာ ချီတာကြီးတစ်ကောင် သူ့ကိုခေါင်းဖြင့် ဝင်တိုက်လိုက်သည်ကိုသာ မြင်လိုက်ရ၏။
ဘုန်း.....။
ဆရာအာသာလည်း ကားတစ်စီး၏အရှိန်ဖြင့် ဝင်တိုက်ခံလိုက်ရသောကြောင့် လွင့်ထွက်သွားပြီး အားကစားကွင်းဘေးနားရှိ ပစ္စည်းသိမ်းသည့် ဂိုထောင်နံရံနှင့် တိုက်မိသွားသည်။ ဂိုထောင်နံရံကြီးလည်း ကျိုးပဲ့သွားပြီး ဂိုထောင်ထဲသို့ လူပါဝင်ပြီးသားဖြစ်သွား၏။
ဖားလေးကတော့ ခေါင်းကိုနာကျင်စွာနှင့် ပွတ်နေသော ချီတာကို ကြည့်ကာပြောလိုက်သည်။
"အိုးမိုင်ဂေါ့... အသွင်ပြောင်းမြူတန့်လား... ကမ္ဘာ့စစ်တမ်းအရ ပေတစ်သောင်းအတွင်းမှာညအသွင်ပြောင်းမြူတန့်သုံးယောက် မရှိနိုင်ဘူးဆို။"
လီဆာကတော့ စိတ်ညစ်ညစ်နှင့် ဖားလေးကို ပြောလိုက်သည်။ "လူးစီးယပ်၊ အဲဒီစစ်တမ်းက သာမန်အခြေအနေအတွက်လေ။ ရူးနေတဲ့ သိပ္ပံပညာရှင်တစ်အုပ်က ငါတို့ကိုလာတိုက်တဲ့အချိန်မျိုးကို ပြောတာမဟုတ်ဘူး။"
နောက်ထပ် မြူတန့်တစ်ကောင်လည်း ရောက်လာသည်။ ဒီတစ်ယောက်ကတော့ ခေါင်းပြောင်ပြောင်နှင့်ဖြစ်ကာ လင်းနို့အတောင်များရှိနေ၏။
"ဘုရားရေ.... ခုတော့လေးကောင်ဖြစ်သွားပြီပေါ့။"
လီဆာကတော့ သူတို့ဆီရောက်လာသော မြူတန့်နှစ်ယောက်ကို မုန်းတီးစွာနှင့် ကြည့်လိုက်သည်။ ထိုနှစ်ယောက်ကို သူရင်းရင်းနှီးနှီးသိနေသည်။ သူတို့နှစ်ယောက်လုံးက မြူတန့်သိပ္ပံအဖွဲ့အစည်း၏ ပင်မအဖွဲ့ဝင်များဖြစ်ကာ စမ်းသပ်ခံကလေးများ မဟုတ်ကြပေ။ သူတို့က သိပ္ပံပညာရှင်များဖြစ်ပြီး Mad doctorနှင့် ရည်ရွယ်ချက်တူသော လုပ်ဖော်ကိုင်ဖက်များဖြစ်သည်။
လင်းနို့က ရှေ့တက်လာပြီး လီဆာကို ပြောလိုက်၏။ "ကလေး... အိမ်ကနေ ထွက်ပြေးရတာ ပျော်စရာကောင်းတယ်ပေါ့။ အခုတော့ ပြန်လိုက်ဖို့အချိန်ရောက်ပြီ။ ကစားချိန်ပြီးသွားပြီ..."
ထိုလူကြီးက သူ၏မျောက်လက်နှင့်တူသော လက်များကိုဖြန့်ကာ လီဆာကို ကမ်းပေးလိုက်သည်။ မသိရင် ကလေးအဖေတစ်ယောက်က သူ့ကလေးကိုသူ ပြန်ခေါ်နေသလိုမျိုးဖြစ်၏။ သို့သော် လီဆာနှင့်ဖားလေး၏ရှေ့တွင်တော့ ကစားကိုသတ်စားတော့မည့် မကောင်းဆိုးဝါးကြီးနှင့်တူနေသည်။
"ခင်ဗျား ကျုပ်သူငယ်ချင်းနားကို ကပ်ဖို့လုံးဝမကြိုးစားနဲ့ အရုပ်ဆိုးတဲ့လင်းနို့မျောက်ကြီး။"
ဖားလေးက လီဆာနှင့်ထိုလူကြီး၏ကြားထဲတွင် ရပ်လိုက်ပြီး မာန်ဖီပြလိုက်သည်။ သူ့အသားအရောင်က အစိမ်းရောင်သို့ပြောင်းသွားကာ အချိန်မရွေးပုံစံအပြည့်ပြောင်းတော့မလို ထင်ရသည်။
ထိပ်ပြောင်လူ၏ လင်းနို့မျက်နှာပေါ်မှာ ကြည့်ရဆိုးသော လုပ်ပြုံးလည်း ပျောက်သွား၏။
"ရိုင်းလိုက်တာ... တခြားသူတွေ စကားပြောနေရင် ဝင်မနှောင့်ယှက်ရဘူးဆိုတာ မသိဘူးလား။" ထို့နောက် ထိုလူကြီးက အတောင်ကိုခတ်ကာ ဖားလေးဆီ ပြေးဝင်လာသည်။ ဖားလေးကလည်း အော်ဟစ်ကာ ပြန်လည်တိုက်ခိုက်ရန် ကြိုးစားလိုက်၏။
"ဥ...." သို့သော် လင်းနို့၏အင်အားက သူထင်ထားတာထက် သာလွန်နေသောကြောင့် တစ်ဝက်သာ အလွန်ပြောင်းထားသည့်ဖားလေးမှာ တစ်ခါတည်းလွင့်ထွက်သွား၏။ ထို့နောက် အားကစားကွင်းမြေကြီးပေါ် တရွတ်တိုက်ဆွဲပါသွားသည်။ သူ့ပါးစပ်မှ စေးကပ်ကပ် တံထွေးတချို့ကို ထွေးထုတ်လိုက်ရ၏။
ကံကောင်းစွာနှင့် သူ့ကိုယ်ထဲရှိ အဆီအိတ်များကြောင့် ကြီးကြီးမားမား ဒဏ်ရာမရခဲ့ပေ။ လင်းနို့ကြီးကတော့ ရယ်ကျဲကျဲဖြင့် ရှေ့ဆက်တက်လာနေဆဲဖြစ်၏။
"မအောင်မြင်တဲ့ အသွင်ပြောင်းမြူတန့်ဖြစ်ရတာ ဘယ်လောက်ဆိုးဝါးလဲသိလား။ ဒီအတောင်ပံနဲ့အစွယ်တွေကို ငါသိမ်းထားလို့မရဘူး။ ငါ့မှာဆံပင်မပေါက်တော့သလို ကြွက်လိုနားရွက်တွေလည်း ရှိနေသေးတယ်။ လူတွေကြားထဲကိုသွားရင် ငါ့ကိုလူတွေက ရွံကြတယ်ကွ။ ပထမကတော့ လင်းနို့နဲ့ ပေါင်းစပ်လိုက်ရင် ဒရယ်ကူလာလိုမျိုး မိမိုက်မယ်ထင်ခဲ့မိတာ။...."
လီဆာက ရှေ့သို့ပြေးတက်လာပြီး လေထဲသို့ခုန်လိုက်ကာ အမြီးဖြင့်ရိုက်ရန် ကြိုးစားလိုက်သည်။ သို့သော် အချည်းအနှီးသာ။ လင်းနို့က အတောင်ပံခတ်လိုက်ပြီး လွယ်လွယ်ကူကူပင် ရှောင်ရှားလိုက်၏။ ကျားသစ်ကတော့ သူပင် ဝင်ပါစရာမလိုသည့်ပုံစံဖြင့် လက်ပိုက်ကာ စောင့်ကြည့်နေသည်။
ဘေးမှ ရပ်ကြည့်နေသော ဖားလေးလည်း အကြံတစ်ခုဖော်လာ၏။ "နေဦး၊ ဒီကောင်က လင်းနို့မလား။ သူ့မှာလင်းနို့ဆိုနာရှိမှာပေါ့။"
ဖားလေး၏လျှာက ချက်ချင်းရှည်ထွက်သွားပြီး မိုးလုံလေလုံ အားကစားကွင်းဆောက်ရန်အတွက် အားကစားကွင်းဘေးတွင် ပုံထားသည့် ဟော်လိုစတီးပိုက်များကို ပတ်လိုက်ပြီး ဆွဲယူလိုက်သည်။ ထို့နောက် လက်ပိုက်ကာ ဆရာကြီးအထာဖြင့် ကြည့်နေသော ကျားသစ်ကို ရိုက်ချလိုက်၏။
'ဆရာကြီးအထာနဲ့နေတာ ဗီလိန်တွေအတွက် သေလမ်းရှာတာနဲ့ အတူတူပဲကွ။'
ဘုန်း....။ ကျားသစ်လည်း တစ်ခါတည်း လွင့်ထွက်သွား၏။ ဖားလေးက ထိုသံပိုက်ကြီးဖြင့် လင်းနို့ကောင်ကိုပါ ရိုက်ရန် ကြိုးစားလိုက်သော်လည်း လင်းနို့၏နားရွက်က လှုပ်ရှားသွားပြီး လေပေါ်ပျံတက်လိုက်သည်။
"ရိုင်းလိုက်တာ... သူများစကားပြောနေရင် မတိုက်ရဘူးဆိုတာ မင်းမသိဘူးလား။"
'ဒါလည်း မင်းတို့ဗီလိန်တွေ သေလမ်းရှာတာသက်သက်ပဲလေ။' ဖားလေးကတော့ မသိချင်ယောင်ဆောင်ကာ သံပိုက်များကို လေထဲပစ် တင်လိုက်သည်။ လင်းနို့မှာအေးအေးဆေးဆေးရှောင်ကာ လေထဲမှ ပြန်ဆင်းလာ၏။
ပါးစပ်အားသွားပြီဖြစ်သော ဖားလေးကလည်း လီဆာကို ပြောလိုက်သည်။
"အဲဒီကောင်ကို အပေါ်ပျံတက်လို့မရအောင် လုပ်နိုင်မလား။"
"ရတယ်လေ... ဘာလို့လဲ။"
"စပိုက်ဒါမန်း ၃ ကြည့်ဖူးလား။" ဖားလေးက လီဆာကို ပြုံးပြလိုက်၏။ လီဆာကလည်း သဘောပေါက်သွားဟန်ဖြင့် လက်ကိုအိုကေဆိုသည့်ပုံစံဖြင့် ထောင်ပြလိုက်သည်။ ဘေးကရပ်ကြည့်နေရသော လင်းနို့ကတော့ စိတ်ရှုပ်စွာဖြင့် မေးလိုက်သည်။
"ဟေးကောင်လေးတွေ... ငါစကားပြောနေတယ်လေကွာ၊ လစ်လျူမရှုကြနဲ့။"
လီဆာ၏အသားအရေက လုံးဝအစိမ်းရောင်ပြောင်းသွားပြီး ပုတ်သင်ညိုနှင့်ပိုတူလာသည်။ ထို့အပြင် အတောင်ပံသေးသေးလေးနှစ်ဖက် ပေါက်လာပြီး လီဆာက လေထဲခုန်တက်လိုက်၏။ လီဆာ၏ ဒုတိယမြောက်အသွင်ပြောင်းပုံစံပင်။ အတောင်သေးသေးလေးများက တကယ်ပျံလို့ရအောင် လုပ်မပေးနိုင်သေးသော်လည်း လေထဲတွင် ပဲ့အနေဖြင့် ပြုလုပ်ဖို့တော့ အဆင်ပြေပေသည်။ ဖားလေးကလည်း စတင်ပြီးအသွင်ပြောင်းနေပြီဖြစ်၏။ မကြာမီပင် ဧရာမဖားကြီးတစ်ကောင်က လင်းနို့ရှေ့တွင် ပေါ်လာသည်။
"အို...အိုး... မင်းကအဲဒီပုံစံကြီးနဲ့ ငါ့ကိုအနိုင်ယူမယ်ထင်နေတာလား။" လင်းနို့က ပြောပြောဆိုဆိုနှင့် နောက်ဆုတ်လိုက်သည်။ ရုတ်တရက် သူက တစ်ခုခုကို သတိထားမိသွားပုံပေါ်ပြီး ဘေးပတ်ပတ်လည်ကို ကြည့်လိုက်၏။ စတီးတိုင်များက သူ့ကိုပတ်ပတ်လည်ဝိုင်းထားပြီး စည်းချထားသလို ဖြစ်နေလေသည်။ ထို့နောက်တွင်တော့ ဖားပါးစပ်ကြီးက တဖြည်းဖြည်းဖောင်းပွလာ၏။
"သေစမ်း...." လင်းနို့က လေထဲပျံတက်ရန် ကြိုးစားသည်။ သို့သော် အပေါ်တွင်အသင့်စောင့်ကာ လေဟုန်စီးနေသော လီဆာက အမြီးဖြင့်ပြန်ရိုက်ချပေးလိုက်သည်။ ထို့နောက်တွင်တော့သာမန်လူများ မည်သို့မျှခံနိုင်မည်မဟုတ်သည့် ဧရာမဖားအော်သံကြီး ထွက်ပေါ်လာလေတော့သည်။
"အုံး....ဂွမ်....."
အသံကျယ်ကြီးကြောင့် လေထုတစ်ခုလုံးမှာ မုန်တိုင်းတိုက်ခိုက်သွားသလို ထင်ရပေသည်။ အားကစားကွင်းထဲမှ မြက်ပင်နှင့်မြေကြီးများအားလုံး ကြွတက်လာ၏။ စတီးသံပိုက်ချောင်းများကတော့ သူတို့၏အကန့်အသတ်မရောက်မချင်း လှုပ်ခါကာ ဖားအော်သံကြီးကို ဆက်တိုက်ပဲ့တင်သံကို ထုတ်ဖော်ပေးကြသည်။ နောက်ဆုံးတွင်တော့ အက်ကွဲကာ ထပ်ပိုင်းကျိုးထွက်ကုန်သည်။
နောက်ဆုံး အသံမုန်တိုင်းကြီး ငြိမ်ကျသွားလေပြီ။ လင်းနို့လူမှာတော့ မုန်တိုင်းကြောင့် အဝတ်များ စုတ်ဖွာနေပြီး နေရာမှာတင် မတ်တပ်ကြီးရပ်နေသည်။ ထို့နောက် တစ်ခါတည်းဒူးထောက်ကျသွားကာ မြက်ခင်းပြင်ပေါ် ပစ်လဲသွား၏။ သူ့မျက်လုံးများက မျက်ဖြူလန်နေပြီး နားထဲမှ သွေးများယိုစိမ့်ကျလာသည်။ လင်းနို့ဗီဇရှိသူအနေဖြင့် သူ၏ဆိုနာက အားသာချက်ဖြစ်သလို တစ်ချိန်တည်းတွင်လည်း အားနည်းချက်ဖြစ်နေပေသည်။ ဖားကောင်လေးက ထိုအရာကို တွေးမိခဲ့ပုံရ၏။
အသွင်ပြန်ပြောင်းပြီးသော ဖားလေးနှင့်လီဆာတို့က လက်ချင်းရိုက်လိုက်ကြသည်။
"အကြံကောင်းလေးပဲ လူးစီးယပ်။"
"ဆရာမက တိုက်ပွဲမှာအရေးကြီးတာ ခွန်အားပဲမဟုတ်ဘူးလို့ သင်ပေးခဲ့တယ်လေ။"
သို့သော် သူတို့နှစ်ယောက်မေ့သွားသည့် အချက်တစ်ချက်ရှိနေသည်။ အစောပိုင်းက စတီးပိုက်များနှင့် အရိုက်ခံလိုက်ရသည့် ချီတာမှာ ပြန်ထလာနေပြီဖြစ်ပြီး အသွင့်အပြည့်ပြောင်းကာ သူတို့ကိုခုန်အုပ်ရန် ချောင်းနေပြီဖြစ်၏။
ရုတ်တရက် အုတ်ပုံများထဲမှ ဆရာအာသာထလာကာ ပြေးထွက်လာပြီး ချီတာကိုဘေးမှဝင်တိုက်လိုက်သည်။ ချီတာက ပေါ့ပါးသည့်ခန္ဓာကိုယ်သာ ရှိသည့်အတွက် လူ့ကိုယ်ဖြင့် ရုတ်တရက် အတိုက်ခံလိုက်ရချိန်တွင် ချက်ချင်းတက်ဖိခံလိုက်ရ၏။ ထို့နောက်တွင်တော့ ဆရာအာသာက သူ့ပါးစပ်ကို အကျယ်ကြီးဟကာ အားကုန်အော်လွှတ်လိုက်သည်။
"အမဲလိုက်အက....."
ဂီတနှုတ်တစ်စုက အားကစားကွင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားကာ ကျားသစ်၏မျက်လုံးများပြူးကျယ်သွားပြီး နောက်ဆုံးတွင် ပါးစပ်မှ အမြှုပ်တစီစီထွက်ပြီး သေဆုံးသွား၏။
ဆရာအာသာက နေရာမှထရပ်လိုက်ပြီး တပည့်နှစ်ယောက်ကို ပြောလိုက်သည်။
"သင်ခန်းစာ နံပါတ်ငါး၊ တိုက်ပွဲပြီးရင် ရန်သူကျန်မကျန် စစ်ဆေးရမယ်။"
"ဆရာ... ကျွန်တော်က ဆရာသေသွားပြီမှတ်နေတာ။" ဖားလေးက ဝမ်းသာအားရဖြင့် ဆရာအာသာကို ပြေးကူတွဲလိုက်သည်။ အစောပိုင်းက ဂိုထောင်နှင့်ဝင်ဆောင့်မိထားသဖြင့် သူ့ခြေတစ်ဖက်မှာ ဆာနေပြီး နဖူးမှသွေးများစီးကျနေ၏။
"ဂုဏ်ယူပါတယ် လူးစီးယပ်၊ မင်းရဲ့ခုဏက အသံလှိုင်းတိုက်ကွက်က B+ အဆင့်ကိုတောင်မီတယ်။ အသံနဲ့နှောင့်ယှက်ရုံပဲမဟုတ်ဘဲ တစ်ခါတည်း အသေသတ်နိုင်တဲ့အဆင့်ပဲ။"
"ကံကောင်းသွားလို့ပါ။"
"တိုက်ခိုက်ရေးနည်းလမ်းအသစ်တွေကို ဖော်ထုတ်တာက ဟီးရိုးတွေတိုးတက်ဖို့ လမ်းစပဲ။ ဒီကိစ္စတွေပြီးသွားရင် B အဆင့်စမ်းသပ်မှုလုပ်ပေးဖို့ ကျောင်းကိုငါတောင်းဆိုရမယ်။ မင်းက Bအဆင့်ကိုရောက်နေပြီလို့ ငါထင်တယ်။"
"ဟားဟား..." ဖားလေးက ပျော်ရွှင်စွာဖြင့် ခေါင်းကိုမော့ထားလိုက်သည်။ လီဆာကတော့ သက်ပြင်းတချချနှင့်။
"ဒါက သူတို့လူကုန် ဟုတ်ဦးမယ်မထင်ဘူး။" သူ့စကားမဆုံးသေးပေမဲ့ ကျောင်း၏တစ်ဖက်ခြမ်းမှ ပေါက်ကွဲမှုတစ်ခုကြောင့် ကျောင်းဝင်းတစ်ခုလုံး လှုပ်ခါသွားသည်။ ကျောင်းအုပ်၏ တယ်ရီပတီအချက်ပြက သူတို့စိတ်ထဲ ဝင်လာ၏။
"ဆရာအာသာနဲ့အဖွဲ့ ကျောင်းဂိတ်ဝကိုလာခဲ့ပါ။ နောက်မြူတန့်နှစ်ယောက်နဲ့ ဆရာမဟဲရိုးတို့ တိုက်ခိုက်နေကြတယ်။"
.....
ဆရာမဟဲရိုးက နည်းပညာဟီးရိုးတစ်ယောက်ဖြစ်ပြီး ခရမ်းရောင်စူပါစက်ရုပ်ဝတ်စုံကို ဝတ်ဆင်ထားသည်။ ချပ်ဝတ်က ဝတ်စုံပြည့်မဟုတ်ဘဲ ခန္ဓာကိုယ်အပေါ်ပိုင်းကိုသာ ဖုံးထားခြင်းဖြစ်ပြီး အောက်ပေါင်းကတော့ လှုပ်ရှားရလွယ်စေမည့် သားရေဆွဲသားဝတ်စုံဖြစ်သည်။ သတ္တုစပ်ဓားရှည်နှစ်လက်ကို လက်ထဲမှာကိုင်ထားပြီး ခါးတွင်တော့ ပေါက်ကွဲနိုင်သည့် အရည်ဗုံးတချို့ကို တပ်ဆင်ထားသည်။
ဟဲရိုးက အသက်ခြောက်ဆယ်နားကပ်နေပြီဖြစ်ကာ ကျွဲကော်ကိုင်းမျက်မှန်နှင့် အပေါက်ဆိုးဆိုးဆရာမဖြစ်သည်။ ကျောင်းဂိတ်ဝတွင်တော့ ကျွဲချိုနှင့်မြူတန့်က ဓာတ်တိုင်ကြီးတစ်ခုကိုကိုင်ကာ လက်နက်လိုသုံးနေပြီး နတ်သမီးထောင်ချောက်ပန်းကလည်း ရှိနေသည်။ ကျောင်းဝင်းအတွင်းတွင် ထူးဆန်းသည့် နွယ်ပင်များရှိနေပြီး မြေကြီးအတွင်းမှ နတ်သမီးထောင်ချောက်အပင်များ ထိုးထွက်လာနေသည်။ အစောပိုင်းက ဆရာမဟဲရိုးမှာ ထောင်ချောက်ပန်းတစ်ခုမှလွတ်ရန် အရည်ဗုံးတစ်လုံးကို သုံးခဲ့ရခြင်းဖြစ်သည်။
"စိုးရိမ်စရာပဲ... ဒီအပင်မြူတန့်က အနည်းဆုံး A- အဆင့်မှာရှိနေတယ်။ ငါတို့ကျောင်းမှာ Aအဆင့်ဆိုလို့ ကျောင်းအုပ်ပဲရှိတာ။ ဒါပေမဲ့ သူကလည်း တိုက်ခိုက်ရေးမြူတန့်မဟုတ်ဘူး။"
ဆရာမဟဲရိုးက ပန်းပွင့်အကိုက်ထားရ၍ သွေးများစီးကျနေသော ခြေထောက်တစ်ဖက်ကို ပြန်ငုံကြည့်လိုက်ပြီး အံ့ကိုတင်းတင်းကျိတ်လိုက်သည်။ တချို့သွေးကြောများက ခရမ်းရောင်ပြောင်းနေပြီး အဆိပ်ရှိသည့်လက္ခဏာဖြစ်၏။
၃။
မက်ဒါနာမှာတော့ ရုတ်တရက်စစ်ကူရောက်လာသည့် ဟီးရိုးနှစ်ယောက်နှင့် အတော်လေးစကားကောင်းနေသည်။ တပ်ကူများမှာ ရောက်လာပြီဖြစ်သော်လည်း များများစားစား မကူညီလိုက်ရပါ။ အုပ်စုတစ်ခုက Mad doctor ထွက်သွားသည့်ဖက်သို့ လိုက်သွားပြီး တစ်စုကတော့ ကျန်နေခဲ့ကာ တွင်းနက်ကြီးကို စူးစမ်းလေ့လာနေကြ၏။ ကယ်ဆယ်ရေးဟီးရိုးများ သယ်ထုတ်လာသည့် လူအရေအတွက်မှာ ငါးဆယ်ထက်မနည်းပေ။
"ကိုယ့်လူတော့ အကြီးကြီးစွမ်းဆောင်လိုက်တာပဲ။ ဒီအတိုင်းဆိုရင် တစ်ကမ္ဘာလုံးကတောင် မင်းနာမည်ကို သိသွားနိုင်တယ်။ ကမ္ဘာ့ရာဇဝတ်ဂိုဏ်းကြီးရဲ့စမ်းသပ်ခန်းတစ်ခုကို ဖော်ထုတ်နိုင်ခဲ့လို့လေ။"
ဖရန့်က မက်ဒါနာ၏ပခုံးကို အားပြင်းပြင်းဖြင့် ပုတ်လိုက်ရင်း အားပေးနေသည်။ အထဲတွင်ရှိနေသည့် မက်ဒါနာကတော့ လည်ချောင်းထဲပျို့တက်လာသည့် သွေးတချို့ကို ပြန်မျိုချလိုက်ရင်း ခပ်လှမ်းလှမ်းတွင် သွားရပ်နေလိုက်၏။
"ဟေး... ငါက မင်းကိုအားပေးတဲ့အနေနဲ့ ပခုံးပုတ်ပေးနေတာလေ။ မင်းက ဘယ်ကိုသွားနေတာလဲ။"
"ဆောရီး၊ ငါခုဏက ဒဏ်ရာရထားတယ်လေ။ မင်းပုတ်တာ မခံနိုင်ဘူး။" မက်ဒါနာက ပွင့်ပွင့်လင်းလင်းပင် ပြန်ဖြေလိုက်သည်။
'ချီးထဲမှ၊ ဒီငနှဲက သူ့ခန္ဓာကိုယ်ကြီးမှအားမနာ ငါ့ရဲ့နုနုရွရွခန္ဓာကိုယ်လေးကို လာရိုက်နေတာပဲ။ မုန်းဖို့ကောင်းလိုက်တာ။' အစောပိုင်းက အိုက်ဇာဝါနှင့် တိုက်ခိုက်ခဲ့သဖြင့် မက်ဒါနာမှာ အတော်လေးဒဏ်ရာရထားပြီး ဖရန့်လက်ချက်ကြောင့် ဒဏ်ရာများ ပြန်ထလာခြင်းဖြစ်၏။ သူ့ခန္ဓာကိုယ်အသစ်က ယခင်ကထက် ပိုအကြမ်းခံပြီး သူကိုယ်တိုင်ကလည်း ယခုထက်ဆိုးသည့် သေလုမတတ်ဒဏ်ရာများကို ခံစားခဲ့ဖူးသောကြောင့် အခုထိတောင့်ခံနိုင်နေသေးခြင်းဖြစ်သည်။
"ဖရန့်၊ သူ့ကိုထားလိုက်စမ်းပါ။ ငါတို့တွေမှာ လုပ်စရာရှိနေသေးတယ်လေကွာ။" လူကန်က ဝင်ပြောလိုက်သည်။ လောလောဆယ် သူကနယ်ခံဟီးရိုးတချို့ကို အခြေအနေအကြောင်း ရှင်းပြနေ၏။ ဖြစ်ခဲ့သည့်တိုက်ပွဲက သေးသေးလေးမဟုတ်သဖြင့် သတင်းထောက်တချို့လည်း ရောက်လာကြသည်။
"ဆရာတို့သုံးယောက်ကို ဓာတ်ပုံရိုက်လို့ရလား။" ဓာတ်ပုံဆရာတစ်ယောက်က မက်ဒါနာတို့ရှေ့ရောက်လာ၏။ ဖရန့်က မက်ဒါနာနှင့်လူကန်ကို လှမ်းဆွဲလိုက်ပြီး ပခုံးဖက်ကာ ပြုံးပြလိုက်သည်။ သို့နှင့် သူတို့နှစ်ယောက်လုံးပါ ဓာတ်ပုံအရိုက်ခံလိုက်ရ၏။
ထို့နောက်တွင်တော့ နယ်ခံဟီးရိုးအရာရှိတစ်ယောက်ဖြစ်သော ဟယ်ရီက သူတို့ရှေ့ရောက်လာသည်။ အနက်ရောင်ဆံပင်၊ အစိမ်းရောင်မျက်လုံးများပိုင်ရှင် အသက်သုံးဆယ်ခန့်ရှိမည့် ဟီးရိုးအမျိုးသားမှာ နယူးယောက်ဟီးရိုးအစည်းအရုံး၏ ဒုတိယဌာနမှူးလည်းဖြစ်၏။ သူက အင်မတန်စည်းကမ်းသေဝပ်ပြီး တည်တံ့သောမျက်နှာမျိုးရှိသည်။ B+ အဆင့်ဟီးရိုးတစ်ယောက်အနေဖြင့် စွမ်းအားကြီးသည်ဟု ဆိုနိုင်သော်လည်း လူကန်တို့ရှေ့တွင်တော့ သူက သာမန်ဟီးရိုးတစ်ယောက်ဟုသာ ဆိုနိုင်ပေသည်။
"ဒီတော့ ဆာကူရာဂိုဏ်းက ကမ္ဘာ့ဗီလိန်အဖွဲ့ဖြစ်တဲ့ မြူတန့်သိပ္ပံအဖွဲ့အစည်းနဲ့ အဆက်အသွယ်ရှိနေပြီး တားမြစ်ဆေးပညာနှစ်ခုကို နှစ်ပေါက်တဲ့အထိ သုတေသန လုပ်နေခဲ့တာပေါ့။ မင်းတို့မရောက်ခင်မှာ Silver Knightက တစ်ဂိုဏ်းလုံးကို ဝင်သောင်းကျန်းနေခဲ့ပြီး မင်းတို့အိုက်ဇာဝါကို ဖမ်းမိတော့ Mad doctorရောက်လာပြီး ဖော်မြူလာတွေကို ယူသွားတယ်ပေါ့။"
အနောက်တိုင်းဝတ်စုံကို သေသေသပ်သပ်ဝတ်ထားသော ဟယ်ရီမှာ ဟီးရိုးတစ်ယောက်အစား ရုံးသွားတက်မည့် ဘဏ်မန်နေဂျာတစ်ယောက်နှင့်ပို၍တူနေသည်။ သူက Silver Knightကို မြင်သောအခါ နှုတ်ခမ်းကို တွန့်ရုံသာ ပြုံးလိုက်ပြီး...
"ငါက မင်းကို C အဆင့်လို့ထင်ထားတာ Silver Knight၊ သိပ်ကောင်းတယ်။ ငါအပါအဝင် ဒီမြို့မှာ B အဆင့်ဆိုလို့ ငါးယောက်ပြည့်တာမဟုတ်ဘူး။ အစိုးရဟီးရိုးသင်တန်းကို ထည့်မတွက်ရင်ပေါ့။ ဟိုကောင်လေဆာအိုင်းကတော့ သုံးမရတော့ ထည့်မတွက်တော့ဘူး။ လိုင်စင်လျှောက်လိုက်ပါလား၊ မင်းလည်း နာမည်ကြီးနေပြီပဲဥစ္စာ။"
ဟယ်ရီက အမြဲတမ်း ယခုလိုပင်ဖြစ်သည်။ သူက နယူးယောက်ဟီးရိုးအစည်းအရုံးတွင် မည်သူ့ဖက်မှ ရပ်လေ့ရှိသူမဟုတ်ဘဲ အပြောထက် အလုပ်ကိုသာ ပိုတန်ဖိုးထားပါသည်။ တခြားဒုဌာနမှူးဖြစ်သော စကားနည်းလွန်းသည့် မိုက်ကယ်နှင့် စကားများများပြောတတ်ကာ အဖြစ်မရှိသော လေဆာအိုင်းတို့နှင့်ယှဥ်လျှင် သူက ဆက်ဆံရအဆင်ပြေ၏။
"တောင်းပန်ပါတယ်ဆာ၊ ကျွန်တော်က လွတ်လပ်တာကို ပိုသဘောကျတယ်။"
"ဒါဆိုလည်း ဒီမြို့အတွက် အမှောင်ထဲကပဲ ဆက်ကာကွယ်ပေးနေပါ။" ဟယ်ရီက မက်ဒါနာကိုလက်ဆွဲနှုတ်ဆက်လိုက်သည်။ သူက ရှုတ်ချခြင်းမပြုလုပ်သလို အတင်းဆွဲဆောင်ခြင်းမျိုးလည်း မရှိခဲ့ပါ။ ခဏတော့ သူက လူကန်တို့ဖက် လှည့်လိုက်၏။
"ဒီတော့ နယူးယောက်မြူတန့်ဌာနစိတ်ကို ကျုပ်တရားခံသွားအပ်လိုက်ဦးမယ်။ သူတို့ကမှတစ်ဆင့် အပြည်ပြည်ဆိုင်ရာ မြူတန့်အကျဥ်းထောင်ကို ပို့ရလိမ့်မယ်ထင်တယ်။ သူ့ပြစ်ဒဏ်တွေအတွက်ကတော့ ဆာSilver Knightကပဲ တရားရုံးမှာဆက်လက် တရားစွဲပေးဖို့ တောင်းဆိုပါတယ်။ ဥရောပက မိတ်ဆွေနှစ်ယောက်ကရော။"
"ငါတို့က ပြင်ဆင်စရာရှိတာ ပြင်ဆင်ရဦးမယ်။ မြူတန့်သိပ္ပံအဖွဲ့အစည်းက ထင်ထားတာထက် အင်အားကြီးနေတော့ ဟီးရိုးအစည်းအရုံးတိုင်းနဲ့ ဆက်သွယ်ပြီး သူတို့ကိုသတ်မှတ်ထားတဲ့ အန္တရာယ်အဆင့်ကို ပြောင်းလဲဖို့လိုမယ်။"
"ဒါဆို ဌာနကိုအရင်သွားမှာပေါ့။" လူကန်နှင့်ဖရန့်တို့က ခေါင်းညိတ်ပြလိုက်ပြီး မက်ဒါနာကိုပါ နှုတ်ဆက်လိုက်ကြသည်။ သူတို့အတွက်တော့ မက်ဒါနာက ဖြတ်သွားဖြတ်လာ ဟီးရိုးတစ်ဦးသာဖြစ်ပါသည်။
"အား... အိမ်ပြန်ပြီး နားရင်ကောင်းမလား။" မာဂရပ် အဆင်ပြေပြေရှိနေသဖြင့် မက်ဒါနာမှာ သူ့ကို နှုတ်ဆက်လိုက်ပြီး အခင်းဖြစ်ပွားရာမှ ထွက်လာခဲ့၏။ အယ်လိုဟင်ကိုတော့ ဟီးရိုးများရောက်ရှိလာပြီး အခင်းဖြစ်ရာကို ရှင်းလင်းရေးလုပ်ကတည်းက မတွေ့ရတော့ပေ။ ကိုယ်ရေးကိုယ်တာတစ်ခုခုကြောင့် မနှုတ်ဆက်တော့ဘဲ ထွက်သွားတာလည်း ဖြစ်နိုင်သည်။
သို့သော် မက်ဒါနာ၏အိမ်ပြန်ပြီး နားနေမည့်အကြံက ရဲရေဒီယိုမှစကားသံကြောင့် ပျက်သွားရပါသည်။ "Silver Knight ရှင်ဘယ်မှာလဲ၊ အစိုးရဟီးရိုးကျောင်းကို ဗီလိန်တွေလာတိုက်နေကြတယ်။ မြန်မြန်လာခဲ့တော့။"
....
ကျောင်းဝင်းတစ်ခုလုံးကို အသားစားနတ်သမီးထောင်ချောက်ပင်များက ဖုံးလွှမ်းနေပြီဖြစ်သည်။ ဟဲရိုးက B အဆင့်တွင် ထိပ်သီးတစ်ယောက် ဖြစ်ခဲ့ဖူးသော်လည်း အသက်အရွယ်အရ မစွမ်းသာတော့ပေ။ အဆိပ်လည်းမိထားသောကြောင့် ရန်သူ့တိုက်ကွက်များကိုပင် ရှောင်ရန် ခက်ခဲနေပေပြီ။ ဖားလေးကတော့ ဓာတ်တိုင်ကြီးကို လွဲယမ်းနေသည့် ကျွဲကြီးနှင့် ယှဥ်တိုက်နေ၏။
"အိပ်မက်တွေက တကယ်ဖြစ်လာမယ်လို့ ထင်မထားခဲ့ဘူး။ မစ္စဟဲရိုးက ငါတို့အဖေတွေခေတ်ကဆိုရင် အလှဆုံးဟီိးရိုးမိန်းကလေးတွေထဲမှာ ထိပ်ဆုံးကပါတယ်။ ပြီးတော့ ဆရာအာသာဆိုရင်လည်း အချောဆုံးဟီးရိုးယောက်ျားလေးတွေထဲက တစ်ယောက်လေ။ ကိုယ့်မျက်လုံးကိုယ်တောင် မယုံနိုင်ဘူး။ ငါက သူတို့နဲ့ဘေးချင်းယှဥ်တိုက်နေတာကွ။"
ဖားလေးက အပျော်လွန်နေပြီး ဖားတစ်ဝက်ပုံစံဖြင့် ရန်သူ့တိုက်ကွက်များကို ရှောင်နေရင်းကနေ ပါးစပ်ထဲ လေအပြည့်ဖြည့်လိုက်ကာ နတ်သမီးထောင်ချောက်ပန်းတချို့ကို အသံလှိုင်းတိုက်ကွက် ဖြင့် တစ်စစီဖျက်ဆီးပစ်လိုက်သည်။
ပုံစံအပြည့်ပြောင်းထားတုန်းကလောက် အသံမကျယ်သော်လည်း ပန်းပွင့်လေးငါးပွင့်ကို ပျက်စီးသွားစေသည်။ ပြဿနာမှာ ပန်းပွင့်ပေါင်း ရာချီရှိနေခြင်းဖြစ်၏။
"လူးစီးယပ်၊ တိုက်ပွဲကိုသာ ဂရုစိုက်စမ်းပါကွ။ မင်းတို့ဆရာက သောက်ချောကြီးဆိုပေမဲ့ အရင်နှစ်နှစ်ဆယ်တုန်းကလေကွာ။" ဆရာအာသာကတော့ ရော့ခ်သီချင်းတစ်ပုဒ်ကိုဆိုနေရင်း ရပ်နားလိုက်ကာ ဖားလေးကို ပြန်အော်ပြောလိုက်၏။
အဆိပ်မိနေသော ဆရာမဟဲရိုးကတော့ မျက်နှာတွင်ရှက်သွေးဖြန်းသွားပြီး... "အိုး... မင်းက လွန်ခဲ့တဲ့သုံးဆယ့်ငါးနှစ်တုန်းက ငါ့ပုံစံကို မြင်ဖူးတယ်ပေါ့။" ထိုအမျိုးသမီးကြီးက ဖြစ်နိုင်ရင် ပြန်ငယ်ချင်နေပုံပေါ်သည်။
"ဟီးရိုးနေ့စဥ်သတင်းစာမှာ မြင်ဖူးတာလေ။ ဒါပေမဲ့ ဘယ်သူမှ Mr.justiceလောက်မချောဘူး။" ဖားလေးက ဓာတ်တိုင်၏ထိပ်ပေါ်သို့ ခုန်တက်လိုက်ပြီး ကျွဲခေါင်းကြီးဆီသို့ ခုန်ကူးသွားရင်း ပြောလိုက်သည်။ ထို့နောက် သူကဧရာမလျှာကြီးဖြင့် ကျွဲမြူတန့်၏လည်ပင်းကို တုပ်နှောင်ကာ လောက်လွဲဖြင့်ပစ်သလိုမျိုး ကောင်းကင်ပေါ်သို့ ပစ်တင်လိုက်၏။
အသင့်စောင့်နေသော လီဆာကလည်း ကျည်ဆန်တစ်ကောင့်ကဲ့သို့ ထိုလူကြီးနောက်မှ ပျံတက်သွားပြီး လေထဲမှရိုက်ချလိုက်သည်။
"ဘုန်း....." သနားစရာ ကျွဲလူသားမှာ ကွန်ကရစ်ကြမ်းပြင်နဲ့ ပြင်းထန်စွာ ရိုက်မိသွားပြီး ကျွဲခေါင်းမှ ချိုနှစ်ချောင်းမှာလည်း ကျိုးပဲ့သွားလေ၏။ ထို့နောက်တွင်တော့ မျက်ဖြူဆိုက်သွားလေသည်။
"ဟူးရေး... ငါတို့လုပ်နိုင်ခဲ့ပြီ။" လီဆာက ဖားလေးနားပြန်ရောက်လာပြီး လက်ချင်းရိုက်လိုက်ကြ၏။ အခုတော့ ပန်းမြူတန့်သာ ကျန်ပေတော့သည်။ ဟဲရိုးနှင့်အာသာတို့က ပန်းမြူတန့်ကို ကောင်းကောင်းထိန်းထားနိုင်ကြ၏။
"ကျောင်းသားတွေ... သိပ်တော်တယ်... အဲဒီတစ်ယောက်ကို အမြန်ဆုံးရှင်းလိုက်ကြတော့။" ကျောင်းအုပ်ကြီး၏စကားသံက နောက်တစ်ကြိမ် ထွက်ပေါ်လာ၏။
"လောကဓာတ် သဘောတရားအရဆိုရင် မီးက သစ်သားကို နိုင်တယ်မဟုတ်လား။" ဟဲရိုးက သူအသုံးပြုသည့် မီးဗုံးများစွာကို တစ်ပြိုင်နက်တည်းထုတ်ယူလိုက်ပြီး ပန်းမြူတန့်ထံသို့ ပစ်လွှတ်လိုက်၏။
"........" ဓာတ်ငွေ့ရည်ဗုံးများစွာ တစ်ပြိုင်နက်ပေါက်သွားသည့် မြင်ကွင်းက အင်မတန်လှသည်။ ပထမဆုံး လီဆာတို့၏မြင်ကွင်းတစ်ခုလုံး အပြာရောင်ပြောင်းသွားပြီး နောက်ပိုင်းတွင် အဖြူရောင်အလင်းတန်းများက နေရာတိုင်းကို အစားထိုးသွား၏။ နောက်ဆုံးတွင်တော့ ကြီးမားသည့် မီးတောက်ကြီး မြင့်တက်လာတာ မြင်ရသည်။ အားလုံးရှင်းလင်းသွားသည့်အခိုက်တွင်တော့ အပြာရောင်မီးစတချို့ တောက်လောင်နေဆဲဖြစ်သည့် ကျောင်းမြက်ခင်းပြင်နှင့် မီးလျှံများကြား တွန့်လိမ်နေသော နတ်သမီးထောင်ချောက်ပန်းပင်တချို့တို့ကိုသာ မြင်ရတော့သည်။ မြူတန့်ကိုတော့ မည်သည့်နေရာမှာမှ မတွေ့ရတော့ပေ။
"ကြည့်ရတာ ဒီဗီလိန်မြူတန့်တွေက ဒီလောက်စွမ်းအားမကြီးပါဘူး။" ဖားလေးက လက်ပိုက်ပြီးပြောလိုက်သည်။ ဟဲရိုးကတော့ နေရာမှာတင် ထိုင်ချလိုက်ပြီး ဟီးရိုးသုံးဘက်စုံအဆိပ်ဖြေဆေးကို ပေါင်တွင်ထိုးလိုက်၏။
"သူတို့အားလုံးက B+ အဆင့်တွေဆိုပေမဲ့ သူတို့စွမ်းအားတွေကို သေချာမထိန်းချုပ်နိုင်သလိုပဲ။ သူတို့နဲ့မဆိုင်တဲ့အရာတစ်ခုကို ရလာတဲ့သူတွေလို ဖြစ်နေတယ်။" ဆရာအာသာက မှတ်ချက်ချလိုက်သည်။
လီဆာကတော့ သက်ပြင်းချလိုက်ပြီး ဘာမှမပြောခဲ့ပါ။ မြူတန့်သိပ္ပံအကြောင်းက လူတိုင်းကို ထုတ်ပြောနေလို့မှမရတာ။ သူတို့က သူ့ဆရာတွေဆိုပေမဲ့ လီဆာကတော့ ကြောင်တောင်တောင်ဖား
လေးလောက်တောင် မယုံပါဘူး။
သူတို့အားလုံး အနားယူနေသည့်အခိုက်တွင် အရိပ်ထဲ၌ ပုန်းအောင်းနေသည့် လူတစ်ယောက်က ထွက်ပေါ်လာသည်။ အသားအရေက မြွေတစ်ကောင်လို ဖြူဖျော့နေပြီး မြွေတစ်ကောင်၏ဒေါင်လိုက်မျက်လုံးများရှိသည့် မြူတန့်တစ်ကောင်ပင်။
"ဟားဟားဟား... သတိပေါ့လိုက်တဲ့ ဟီးရိုးတွေ။" ထိုလူ၏လည်ပင်းက ထူးဆန်းသည့်အနေအထားများဖြင့် ရှည်ထွက်လာပြီး လီဆာထံသို့ ဆန့်ထွက်လာ၏။ ရုံးခန်းထဲတွင်ရှိနေသည့် ကျောင်းအုပ်မှာလည်း ထူးဆန်းသည့်အရာတစ်ခုကို သတိထားမိသွားပြီး...
"လီဆာ.. သတိထား။" ထူးဆန်းစွာ ရှည်ထွက်လာသည့် မြွေခေါင်းက လီဆာ၏ကုတ်ကိုကိုက်ချီကာ မြက်တောထဲလျှောဆင်းသွားသည်။ မြူတန့်က မြွေအဖြစ် အပြည့်အသွင်ပြောင်းလိုက်ချင်းဖြစ်ပြီး ကလေးမလေးလီဆာကို ချက်ချင်းသုတ်ခြေတင်ပြီးပြေးရန် ကြိုးစားနေခြင်းဖြစ်၏။
"ငါ့ရဲ့အဆိပ်ရည်က လူတစ်ယောက်ကို ချက်ချင်းသတိမေ့အောင် လုပ်ပစ်နိုင်တယ်။ ကောင်မလေး မင်းအခုဘာတတ်နိုင်သေးလဲ။" မြွေကြီးက မျက်လုံးဖွင့်လျက်သား အသိမရှိဖြစ်နေသည့် လီဆာကို ပါးစပ်မှချပေးကာ အမြီးဖြင့်ရစ်ပတ်လိုက်ပြီး အဝေးတစ်နေရာသို့ ထွက်သွားရန် ကြိုးစားလိုက်၏။ သူ၏အမြန်နှုန်းက တကယ့်ကားတစ်စီးထက် မနိမ့်ပေ။
ဟီးရိုးကျောင်းတော်မှ လူများအားလုံး သတိဝင်လာကြသည်။ ဖားလေးက အရင်ဆုံးတုံ့ပြန်လိုက်၏။
"ဒီလောက်လွယ်လွယ်လေးနဲ့ ထွက်သွားလို့ရမယ်ထင်နေလား။" သူက အမြင့်ကြီးခုန်လိုက်ပြီး ကျောင်းအပြင်ဖက် တော်တော်လှမ်းလှမ်းသို့ ရောက်နေပြီဖြစ်သည့် မြွေကြီး၏ရှေ့တွင် ဧရာမဖားပြုတ်ကြီးပုံစံဖြင့် ပိတ်ရပ်လိုက်သည်။ ဖားလေး၏မြူတန့်ပုံစံပြည့်က ကားတစ်စင်းစာနီးပါးရှိနေလေပြီ။
"ဒီမိန်းကလေးကို ခေါ်သွားချင်ရင် မင်းကိုဖြတ်နိုင်မှ ရမယ်ဆိုတဲ့သဘောလား။" မြွေကြီးကလည်း ဒေါသထွက်နေပြီဖြစ်၏။ သူကလီဆာကို ချပေးလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်က ချက်ချင်းကြီးမားလာသည်။
အသွင်ပြောင်းဒုတိယပုံစံ၊ မြွေနဂါး။
ယခုမြွေနဂါးကြီး၏အကြေးခွံများက ကြွေထည်လို အဖြူရောင်တောက်ပနေပြီး ခေါင်းသက်သက်ကိုက အိမ်စီးကားတစ်စီးစာလောက်ရှိသည်။အရှည်ကတော့ အနည်းဆုံး ပေနှစ်ရာခန့်ရှိနေကာ အင်မတန်ခြိမ်းခြောက်နိုင်စွမ်း မြင့်မားပေသည်။ ကြီးသော်လည်း ပေါ့ပါးစွာလှုပ်ရှားနိုင်သည်။ ဖားလေးမှာ ချက်ချင်းပင် ပတ်ပြေးရသည့်ဘဝသို့ ရောက်သွား၏။
"ဖားပြုတ်စုတ်၊ ဒီမြွေဖေဖေကြီးက မင်းကိုမျိုချပစ်မယ်။"
တပည့်ဖြစ်သူ အခြေအနေမဟန်သည်ကို တွေ့သည်နှင့် ဟဲရိုးနှင့်အာသာတို့လည်း ထွက်ကူဖို့လုပ်သည်။ ကံမကောင်းသည်က မီးလောင်ထားသည့် မြက်ခင်းပြင်မှ နွယ်ပင်များစွာ ရုတ်တရက်ကြီးထွားလာပြီး သူတို့ခြေထောက်များကို ရစ်ပတ်ထားခြင်း ဖြစ်ပေ၏။
"ဘာတွေလဲ... ပန်းမြူတန့်လား... သူက သေပြီးပြီလေ။" အာသာ၏စကားမဆုံးသေးပေ နွယ်ပင်များက သူတို့ရှေ့မှာတင် ချက်ချင်းစုဝေးလာပြီး မိန်းကလေးတစ်ယောက်၏ပုံစံ ဖြစ်တည်လာသည်။
"ပန်းတွေက ဝတ်မှုန်နဲ့တင် မျိုးပွားနိုင်ကြတယ်။ ဒီတော့ ပန်းမြူတန့်ဖြစ်တဲ့ ငါကလည်း ဝတ်မှုန်တစ်ခုကျန်နေသမျှကာလပတ်လုံး သေဆုံးသွားဖို့ မဖြစ်နိုင်ဘူး။"
ဟဲရိုးနှင့်အာသာတို့နှစ်ယောက်လုံး မျက်နှာပျက်သွားကြသည်။ နတ်သမီးထောင်ချောက်ပန်းများက ယခင်ကထက်ပင် ပိုမိုအားကောင်းလာကြပြီး သူတို့ကို ဝိုင်းရံထားကြ၏။
အခြားတစ်ဖက်...
တစ်ကိုယ်လုံး ကြိုးနှင့်အတုပ်ခံထားရသော လင်းနို့မြူတန့်မှာလည်း ကို့ရို့ကားယားနိုင်စွာဖြင့် ပြန်ထလာသည်။ နားစည်ပေါက်သွားသောကြောင့် တော်တော်လေးမူးဝေနေပုံရသော်လည်း သူက ကြိုးကို လင်းနို့လက်သည်းများလို ချွန်ထက်နေသည့် လက်သည်းများဖြင့် ဖြတ်လိုက်ပစ်လိုက်၏။ ထို့နောက် သူ၏အိတ်ထဲတွင် အသင့်ဆောင်ထားသော သွေးအိတ်လေးတစ်အိတ်ကို ပိုက်တပ်ကာ ဖောက်သောက်လိုက်သည်။ နားစည်က ချက်ချင်းပြန်ကောင်းသွားပြီး မူးဝေနေတာလည်း ချက်ချင်းပျောက်သွား၏။ နေရောင်စူးစူးကလည်း သူ့အတွက် စိတ်အနှောင့်အယှက်ဖြစ်ရုံသာ ရှိပေသည်။
သူက ခပ်လှမ်းလှမ်းတစ်နေရာတွင် အရိုးများကျိုးကြေကာ သေနေသော ကျားသစ်ကို ကြည့်လိုက်ပြီး
"ဟီးရိုးတွေ... လင်းနို့တစ်ကောင်ကို ဘယ်တော့မှ သတိလက်လွတ် မထားခဲ့သင့်ဘူး။"
....
အိုက်ဇာဝါကို မြူတန့်လက်ထိပ် ဝတ်ပေးပြီးမှ ဟယ်ရီသက်ပြင်းချနိုင်တော့သည်။ တရားခံမြူတန့်က သူတို့ကို သိပ်ပြီးခုခံတာမျိုး မလုပ်ခဲ့ပါ။ နာနာခံခံဖြင့် လိုက်လာပါသည်။ သူတို့၏ရဲကားတန်းလေးက အဝေးပြေးလမ်းမကြီးအတိုင်း ခရီးဆက်လာခဲ့၏။
ယနေ့ နယူးယောက်တစ်မြို့လုံး အကျိုးနည်းကပ်ဘေးဆိုက်နေသဖြင့် ကားလမ်းများပိတ်နေသည်။ မြူတန့်ကြံတစ်ကောင်ကြောင့် ဖြစ်လာသည့် အပျက်အစီးများကြောင့် နာရီဝက်လောက် လမ်းရှင်းလိုက်ရသေးသည်။
ဟယ်ရီကတော့ လက်ထဲမှ ကုန်သွားသည့် ကော်ဖီခွက်လေးကို အသာဘေးချထားလိုက်ပြီး နောက်ခန်းထဲမှ တရားခံကိုကာ ကားမှန်မှတစ်ဆင့် ကြည့်လိုက်မိသည်။
အိုက်ဇာဝါက သူ့ထက်ပိုအားကောင်းပြီး နယူးယောက်ဟီးရိုးအစည်းအရုံးခေါင်းဆောင်နှင့် အဆင့်ခြင်းတူ၏။ သူ့တာဝန်က ကြီးလေးလွန်းသဖြင့် မြန်မြန်ပြီးချင်လှပြီ။
"ဘုန်း...." ရုတ်တရက် သူတို့ကားရှေ့ဖုံးပေါ်သို့ လူတစ်ယောက် ခုန်ချလာသည်။ ကျည်ကာကားမှန်ပင် အနည်းငယ်အက်သွား၏။ ခဏကြာတော့ ထိုလူ၏လက်တစ်ဖက်က လက်မောင်းရင်းမှပြုတ်ထွက်သွားပြီး ကားဘောနပ်ကို မြဲမြဲဆွဲကိုင်လိုက်သည်။ ထို့နောက် ထိုလူ၏ခြေထောက်က မြင့်တက်လာပြီး ကျည်ကာမှန်ကို အားဖြင့်နင်းချလိုက်၏။
ခလွမ်း....။
ကျည်ကာမှန်ကွဲသွားပြီး လက်သည်တရားခံကို သူမြင်လိုက်ရ၏။ တစ်ခြမ်းကလူ၊ တစ်ခြမ်းက စက်ရုပ်ဖြစ်နေသော လူထူးဆန်း ဆိုက်ဘော့လူသား အယ်လိုဟင်။
"လူပေါင်းများစွာကို သေကျေပျက်စီးစေခဲ့တဲ့ လူတစ်ယောက်ကို မြူတန့်အကျဥ်းထောင်မှာ အေးအေးဆေးဆေး သက်သက်သာသာနေနိုင်အောင် ပို့ထားမလို့လား။ တရားမမျှတဘူး...."
"....သေစမ်း" အယ်လိုဟင်၏မျက်နှာကြီးကို မြင်သည်နှင့် ဟယ်ရီမှာ တစ်ချက်ဆဲဆိုလိုက်ပြီး အက်တမ်မြူမှုန်များကို ချက်ချင်းစုစည်းလိုက်တော့သည်။
၄။
"မင်းဘယ်သူလဲတော့ ငါမသိဘူး... ဒါပေမဲ့ လူတစ်ယောက်ရဲ့သေခြင်းရှင်ခြင်းဆိုတာ တခြားလူတစ်ယောက်က ဆုံးဖြတ်သင့်တဲ့အရာမဟုတ်ဘူး။"
ဟယ်ရီ၏ခန္ဓာကိုယ်ကို အက်တမ်မြူမှုန်များက ဂြိုဟ်ခါးပတ်ကွင်းပမာ ဗဟိုပြုလည်ပတ်နေသည်။ သူက ပျက်စီးနေသော ဌာနသုံးကားပေါ်တွင် မားမားမတ်မတ်ရပ်နေပြီး သူ့ကိုသေနတ်ဖြင့်ချိန်ထားသော အယ်လိုဟင်ကို ကြည့်ကာပြောလိုက်၏။
အယ်လိုဟင်ကလည်း သူ့လက်ထဲမှ AR57 Semi Auto ရိုင်ဖယ်ဖြင့် ဟယ်ရီကို ချိန်လိုက်ပြီးပြောလိုက်သည်။ "လောကမှာ ငါအမုန်းဆုံးက သူတို့ကိုယ်သူတို့ ဟီးရိုးလို့ခေါ်ပြီး အသုံးမကျတဲ့ ဆုံးမစကားတွေ ပြောတတ်တဲ့ကောင်တွေကိုပဲ။"
"ဒိန်း...ဒိန်း....ဒိန်း...." သေနတ်ပြောင်းမှ မီးပွင့်များနှင့်အတူ လမ်းမကြီးပေါ်တွင် သေနတ်သံများ ဆူးညံ့သွားသည်။ ဟယ်ရီအတွက်မူ သူ့လောကကြီးက နှေးကျသလိုဖြစ်သွားကာ ပြောင်းဝမှထွက်လာသည့် ကျည်ဆန်များကိုပင် အနှေးပြကွက်ဖြင့် မြင်နေရသလိုဖြစ်နေ၏။ သူ၏လက်ကို မြှောက်လိုက်သည်နှင့် အက်တမ်ဒြပ်မှုန်တချို့က မြောက်တက်လာပြီး ခဲသီးများပမာ စုဝေးလာကာ သူ့ထံလာနေသော ကျည်ဆန်တချို့ကို ခွင်းပစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူက အယ်လိုဟင်၏ ပစ်ကွင်းထဲမှာ ရှောင်ထွက်သွားလိုက်၏။
"ပြစ်မှုအားလုံးကို တရားဥပဒေအရပဲ ဆုံးဖြတ်သင့်တယ်၊ လူစိမ်း။ ငါတို့ဟီးရိုးတွေတောင်မှ ဗီလိန်တစ်ယောက်ကို ကိုယ်တိုင်အပြစ်ပေးပိုင်ခွင့်မရှိဘူး။"
သူက အယ်လိုဟင်၏ဘေးနားသို့ ချက်ချင်းရောက်သွားကာ အက်တမ်မှုန်များဖြင့် မြားခေါင်းတချို့ကို ဖန်တီးယူကာ ပစ်ခတ်လိုက်သည်။ အယ်လိုဟင်ကလည်း အားမနည်းပါ။ သူက ဘယ်ဖက်ရှိစက်ရုပ်လက်ဖြင့် မြားခေါင်းများကို ရိုက်ဖယ်လိုက်သည်။
"ဥပဒေဆိုတာ အလကားပဲ။ အရင်နှစ်တုန်းက ကောင်မလေးတစ်ယောက် သေတဲ့အထိ မုဒိန်းကျင့်ခံရတဲ့အမှု မင်းမှတ်မိသေးလား။ တရားခံက ဟီးရိုးဖြစ်နေလို့ မင်းတို့ဟီးရိုးအစည်းအရုံးကပဲ ဖြေရှင်းမယ်လို့ပြောပြီး တရားရုံးက ခေါ်သွားတာလေ။"
အယ်လိုဟင်၏လက်က ဆန့်ထွက်လာပြီး ဟယ်ရီ၏လည်ပင်းကို ဖမ်းဆွဲလိုက်သည်။ ထို့နောက်သူက ပိုအားထည့်လိုက်ကာ ဟယ်ရီကို မြေပေါ်သို့ အားဖြင့်လွှဲရိုက်လိုက်၏။
"အင့်...." ကတ္တရာခင်းထားသော ကြမ်းပြင်နှင့် ပြင်းပြင်းထန်ထန် ရိုက်မိပြီးသည့်နောက် ဟယ်ရီသွေးစတချို့ကို အန်ထုတ်လိုက်သည်။
"အဲဒီဟီးရိုးကို... မြူတန့်အကျဥ်းထောင်မှာ တစ်သက်လုံး ချုပ်ထားဖို့ ငါတို့ပြစ်ဒဏ်ချပြီးပြီ။"
အယ်လိုဟင်က ထိုစကားကြောင့် ပြုံးလိုက်ပြီး မြေပေါ်လဲကျနေသော ဟယ်ရီအနားသို့ ကပ်သွားလိုက်၏။
"မြူတန့်အကျဥ်းထောင်က ဘယ်လိုနေရာမျိုးလဲဆိုတာ မင်းသိပါတယ်။ ရာဇဝတ်သားမြူတန့်တွေကို သီးသန့်ဖယ်ထားတဲ့ မြို့လေးတစ်မြို့ပါပဲ။ ဘာပြစ်ဒဏ်မှမဟုတ်ဘူး။ သူတို့ဘာသာသူတို့ လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်း နေလို့ရမယ်။ အချိန်တန်ရင် စားစရာရမယ်၊ အားကစားလုပ်ရမယ်၊ အသုံးမကျတဲ့ ပြုပြင်ထိန်းသိမ်းရေးသင်တန်းတက်ရမယ်။ နှစ်စေ့ရင် ပြန်လွတ်လာမယ်။ မိန်းကလေးတစ်ယောက်ရဲ့အသက်က သီးခြားကျွန်းပေါ်မှာ နှစ်အနည်းငယ်နေပေးရုံလောက်ပဲ တန်ဖိုးရှိတာလား။"
အယ်လိုဟင်က မြေပေါ်တွင် လဲကျနေပြီး မထနိုင်ဖြစ်နေသည့် ဟယ်ရီကို ခြေဖြင့်နှစ်ဆင့်ကန်လိုက်ပြီး ကုတ်မှဆွဲမလိုက်သည်။ ဟယ်ရီက...
"မင်းတော့ အကြီးကြီးမှားနေပြီ...."
"မှားနေတာက မင်းတို့ကောင်တွေကွ...."
"မဟုတ်ဘူး... ငါပြောတာက မင်းငါ့ကိုမသတ်သေးဘဲ စကားများနေတာ မှားပြီလို့ပြောတာ။"
"......" ဟယ်ရီက ရူးသွပ်နေသူတစ်ဦးအလား ရယ်မောလိုက်သည်။ အယ်လိုဟင်လည်း သူ့ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ရာ လှံထိပ်ဖျားများအလား တောက်ပနေသည့် အက်တမ်မှုန်လက်နက်အများများဖြင့် ဟယ်ရီက သူ့ကိုချိန်ထားကြောင်း တွေ့လိုက်၏။
"အယ်လိုဟင်.... စကားများမနေဘဲ အိုက်ဇာဝါကိုသတ်၊ သန့်စင်စွမ်းအင်ကိုသုံးပြီး ဖောက်ထွက်လိုက်။"
အယ်လိုဟင်၏ဆက်သွယ်ရေးကိရိယာမှ မိန်းကလေးတစ်ယောက်၏ စကားသံထွက်ပေါ်လာသည်။ ဟယ်ရီလည်း သန့်စင်စွမ်းအင်ဆိုသည့် စကားကိုကြားသည်နှင့် မျက်နှာပျက်သွားလေပြီ။
အယ်လိုဟင်၏မျက်လုံးတစ်ဖက်က အပြာရောင်တောက်ပလာကာ ပြာလဲ့လဲ့လေဆာအလင်းထွက်လာသည်။ ထိုအလင်းတန်းက လှံခေါင်းအသွင်မြူမှုန်များကို ဖျက်ဆီးပစ်လိုက်ပြီး အယ်လိုဟင်က ဟယ်ရီကို လွင့်သွားအောင် လက်သီးဖြင့်ဗိုက်ကို အားပြင်းပြင်းထိုးလိုက်သည်။
"အား....." ဟယ်ရီလည်း နာကျင်မှုကြောင့် အော်ဟစ်လိုက်ရပြီး လေပေါ်မြောက်တက်သွား၏။ ထို့နောက် လမ်းဘေးတွင်ရှိသည့် မီးသတ်ရေပိုက်ခေါင်းနှင့် ဝင်ဆောင့်မိကာကျောရိုးကျိုးသွားသည့်အသံ ထွက်ပေါ်လာသည်။
နောက်ဆုံးတွင်တော့ ပြင်းထန်လှသည့် နာကျင်မှုကြောင့် ဟယ်ရီ သတိလစ်သွားလေပြီ။
အယ်လိုဟင်၏မျက်နှာပေါ်တွင် အရုပ်ဆိုးသော အပြုံးတစ်ခုပေါ်လာ၏။
"အဆင့်တူတွေထဲမှာ အစွမ်းအထက်ဆုံး B+ တဲ့လား။ မင်းက ငယ်ပါသေးတယ်။"
အယ်လိုဟင်က ထောင်ကား၏တံခါးကို ဆွဲဖြုတ်ပစ်လိုက်သည်။ အထဲတွင်တော့ စိတ်ဓာတ်ကျနေသည့်ပုံစံဖြင့် ထိုင်နေသော အိုက်ဇာဝါကို တွေ့လိုက်ရသည်။ သူက အယ်လိုဟင်ကို မော့ကြည့်လိုက်ပြီး...
"မင်းငါ့ကို သတ်မလို့လာတာမဟုတ်လား၊ ဒါပေမဲ့ ငါ့မှာတောင်းဆိုစရာရှိတယ်။"
"သုံးစက္ကန့်အတွင်းပြော...."
"ငါပြစ်မှုတွေအားလုံးကို ဝန်ခံချင်တယ်။ မင်းမှတ်တမ်းယူပေးနိုင်မလား။"
"ငါးမိနစ်..."
....
မက်ဒါနာမှာ နယူးယောက်လမ်းမကြီးပေါ်တွင် အားကုန်ပြေးလွှားရင်း အစိုးရဟီးရိုးကျောင်းနား ရောက်လာသည်။ ဒဏ်ရာတချို့ ရရှိထားသောလည်း လှုပ်ရရှားရခက်အောင် ပြုလုပ်နိုင်သော ဒဏ်များမျိုးတော့ ရှိမနေပါ။
"သေစမ်း...." မက်ဒါနာမှာ သူ့ထံသို့ပြေးလာနေသည့် ဖားလေးနှင့်ဧရာမမြွေကြီးကို တွေ့သောအခါတွင် မျက်လုံးပြူးသွားသည်။
အိမ်စီးကားတစ်စီးစာလောက် အရွယ်အစားရှိသော ခေါင်းနှင့်မြွေကြီးကို ရုတ်တရက်တွေ့ပါက မည်သူမဆို လန့်ဖြန့်ကုန်ကြမည်သာ။
"S...Silver Knight... တော်သေးတာပေါ့... ဆာSilver Knightရေ၊ ကျွန်တော့်ကိုကယ်ပါဦး။"
အကောင်ချင်းယှဥ်မရမှန်းသိနေသော ဖားလေးက ဖားအသွင်ပြောင်းတစ်ဝက်ပုံစံကို ပြန်ပြောင်းထားပြီး ဧရာမမြွေကြီးလက်မှ မနည်းထွက်ပြေးနေရသည်။ သူတို့နှစ်ယောက်က ကျောင်းဝင်းနှင့်ပင် တော်တော်လေးဝေးနေကြပြီဖြစ်၏။
မက်ဒါနာကတော့ ဘယ်တတ်နိုင်မလဲဆိုသည့်အမူအရာနှင့် လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ရင်း အရှိန်ကိုမြှင့်တင်လိုက်သည်။
လမ်းတွင်တော့ ဓာတ်တိုင်ကြီးတစ်တိုင်ကို ဆွဲနှုတ်လာသည်။ နဂိုကတည်း မည်သူလက်ကမြင်းထားမှန်းမသိဘဲ ကျောင်းလမ်းပေါ်မှ ဓာတ်တိုင်တစ်တိုင်ပျောက်နေပြီး ဓာတ်ကြိုးများ မြေပေါ်ပြုတ်ကျနေသဖြင့် နောက်တစ်တိုင်ဖြုတ်လိုက်လည်း မထူးတော့ပြီဟု မက်ဒါနာတွေးမိခဲ့သည်မဟုတ်လား။
"ကောင်လေး... အကောင်ကြီးတဲ့လူတွေရဲ့အားနည်းချက်က လာလဲသိလား.."
မက်ဒါနာက ကားတစ်စီးပေါ်တွင် ဖားတစ်ကောင်လို ဆောင့်ကြောင့်ထိုင်နေသော ဖားလေးနားရောက်သွားပြီး မေးလိုက်သည်။ ပါးဖောင်းဖောင်းနှင့်ဖားလေးက ခေါင်းခါပြလိုက်၏။
မက်ဒါနာကတော့ သူတို့ကို အူကြောင်ကြောင်နှင့်ကြည့်နေသော မြွေကြီးအား မျက်နှာမူထားရင်း...
"သူတို့တွေက နှေးတာမှ ကမ္ဘာ့လိပ်ကြီးတွေလိုပဲ။"
မက်ဒါနာက Void streamနည်းပညာကို ဖွင့်လိုက်သည်။ ခြေထောက်ရှိအကူကြွက်သားများက ဖောင်းလာပြီး ဝတ်စုံ၏အမြင့်ဆုံးအမြန်နှုန်းကို ထုတ်ဖော်ရန် အသင့်ဖြစ်နေကြ၏။
"ပြေးခုန်ပစ်အားကစားနည်းကိုသုံးပြီး မြွေနားကိုကပ်မယ်... ထင်ရှားတဲ့ပစ်မှတ် ဦးခေါင်းကို လက်နက်နဲ့ထိုးဖောက်မယ်။ ဦးတည်ရာတွက်ပါ။"
[ စနစ်မှာ တာဝန်ကို လက်ခံဆောင်ရွက်နေပါပြီ။]
ချက်ချင်းပင် မက်ဒါနာ၏ဝတ်စုံတွင်းမျက်နှာပြင်တွင် သတ်မှတ်ပေးထားသည့် လမ်းကြောင်းတစ်ခုပေါ်လာသည်။ ဖြစ်လာနိုင်သည့် ရန်သူ၏တုံ့ပြန်မှုများအတွက်ပါ တန်ပြန်ဗျူဟာများ ရေးဆွဲပြီးဖြစ်နေ၏။
"သိပ်ကောင်းတယ်...." မက်ဒါနာက ရှေ့ကိုတစ်ခါတည်း ပြေးတက်သွားလိုက်ပြီး လမ်းတွင်ခံနေသည့် အိမ်စီးအားတစ်စင်းပေါ် ခုန်တက်လိုက်သည်။ မြွေကလည်း အငြိမ်မနေပါ။ သူ၏အမြီးကို ယမ်းကာ ကားကိုရိုက်ထုတ်လိုက်သည်။ မက်ဒါနာ၏စနစ်ကလည်း ယင်းအန္တရယ်အတွက် တွက်ချက်ပြီးသားဖြစ်၏။
မက်ဒါနာက သူ့လက်ထဲမှ ကျောက်သားဓာတ်တိုင်ကြီးဖြင့် မြွေ၏အမြီးကို အားဖြင့်ဖိထိုးလိုက်သည်။ မြွေကြီးကလည်း နာကျင်လွန်းသောကြောင့် အော်ဟစ်လိုက်လေ၏။ ထိုစက္ကန့်ပိုင်းလေးမှာပင် မက်ဒါနာက ကျောက်တိုင်ကိုသုံးကာ တုတ်ထောက်ခုန်လိုက်ပြီး မြွေကြီး၏ခေါင်းထံသို့ ခုန်ချလိုက်သည်။ ထို့နောက် သူ၏ဓားကိုသုံးကာ မြွေ၏အာခေါင်အပေါ်ဖက်ကို ထိုးချလိုက်၏။
သွေးများပန်းထွက်လာသည်။ မက်ဒါနာ၏ဇက်သတ္ထုရည်စိမ်ဓားဖျားက မြွေကြီး၏နှာခေါင်းမှ ပြန်ထွက်လာ၏။ အဆိပ်ရည်တချို့ မြွေအာခေါင်ထဲ စိမ့်ကျလာသည့်အခါမှ မက်ဒါနာက ဓားကိုနောက်သို့ပြန်ဆွဲကာ ပါးစပ်တွင်းမှ ထိုးထွက်လာခဲ့သည်။ သို့သော် ထိုပြန်ဆွဲလိုက်သည့်ဒဏ်ကြောင့် မြွေ၏ပါးစပ်တွင် ပြတ်ရှဒဏ်ရာကြီးတစ်ခု ကျန်နေခဲ့ပြီဖြစ်၏။
မက်ဒါနာက မြေပေါ်ပြန်ရောက်သည်နှင့် မနားပေ။ မြေပေါ်တွင် ပြန်ပြုတ်ကျနေပြီဖြစ်သော ကျောက်တိုင်ကြီးကို ပြန်မလိုက်ကာ အောက်မှနေ၍ လှံတိုပစ်သည့်အတိုင်း ပစ်ထည့်လိုက်သည်။ သူ၏ဝတ်စုံကြောင့် ကီလို ၁၄၀ကျော်လေးသော လမ်းဘေးဓာတ်တိုင်မှာ မြားတိုတစ်စင်းအလား ပေါ့ပါးနေခဲ့ပါသည်။
"ဖောင်း...." ဓာတ်တိုင်က ဝတ်စုံ၏အားကြောင့် တကယ့်လှံတစ်စင်းလိုမျိုး ဖောက်ဝင်သွားပြီး မြွေ၏ခေါင်းကို ထုတ်ချင်းခတ်သွား၏။ သွေးနှင့်အတူ အဖြူရောင်အစတချို့ ပြန့်ကျဲထွက်သွားပြီး အသက်ကင်းမဲ့စွာ လဲကျသွားသည်။
"စနစ်... သူကအသွင်ပြောင်းမြူတန့်ဆိုတော့ ပြန်လည်ကုစားနိုင်စွမ်းကြောင့် ပြန်ကောင်းလာနိုင်သေးလား။"
မက်ဒါနာက အန်တီလေးတို့နှင့်အလုပ်ရှုပ်နေသော အေမီကို မေးမည့်အစား သူ့ဝတ်စုံမှာစနစ်ကိုသာ တိုက်ရိုက်မေးရန် ဆုံးဖြတ်လိုက်သည်။ တဖြည်းဖြည်းနှင့် အေမီက အသုံးမဝင်သည့် အိမ်ဖော်စက်ရုပ်လို့တောင် မက်ဒါနာထင်မိလာလေပြီ။
[တွက်ချက်နေပါတယ်... အဖြေ- မဖြစ်နိုင်ပါ။ အသွင်ပြောင်းမြူတန့်တွေက အသိစိတ်ရှိတဲ့ ဦးနောက်ကို ဖျက်ဆီးခံလိုက်ရရင် ဘယ်လောက်ပဲကုသနိုင်စွမ်းကောင်းကောင်း ပြန်မရှင်နိုင်ပါဘူး။ ကိုးကားချက်- ဟီးရိုးအစည်းအရုံး သုတေသနဌာန။]
ထိုအဖြေရမှသာ မက်ဒါနာသက်ပြင်းချလိုက်မိသည်။ မြွေမြူတန့်က သူရုတ်တရက်ရောက်လာသည့်အတွက် အငိုက်မိသွားသည့်အတွက် လွယ်လွယ်နှင့်နိုင်ခဲ့ခြင်းပါ။ အကယ်၍သာ နှစ်ဦးအစွမ်းကုန်တိုက်မည်ဆိုပါက နိုင်ဖို့မသေချာပေ။
"S...Silver Knightက ငါမနိုင်လို့ ထွက်ပြေးနေရတဲ့ အကောင်ကြီးကို ခဏလေးနဲ့ အမှောက်သိပ်ပစ်လိုက်တာလား။ သူ့စွမ်းအားအရဆို ငါတို့ချင်းက သိပ်မကွာဘူးလေ။ တကယ့်ပရိုတွေက ဒီလိုလား။"
ဖားလေးကတော့ တစ်ယောက်တည်း အတွေးလွန်နေပြန်ပါပြီ။ "အဆင့်တူပေမဲ့ ပိုအစွမ်းထက်တဲ့ မြူတန့်တွေရှိနေတာလား။ ဒါပေမဲ့ အဆင့်တူတယ်ဆိုရင် သူတို့စွမ်းအားတွေကလည်း အတူတူလောက်ပဲ ရှိနေတာမဟုတ်လား။"
မက်ဒါနာလည်း ဖားလေးစကားကြောင့် ဝင်ပြော လိုက်သည်။ "စွမ်းအားချင်းတူတယ်၊ အသုံးချပုံခြင်းမတူဘူး။ ကလေးတစ်ယောက် ဓားကိုင်ထားတာရင် သိပ်ပြီးများများစားစား လုပ်နိုင်မှာမဟုတ်ပေမဲ့ ဓားသမားလက်ထဲမှာဆိုရင်တော့ ကြောက်စရာကောင်းတာတွေ ဖြစ်လာနိုင်တယ်လေ။"
ဖားလေး ခေါင်းညိတ်လိုက်သည်။ ငွေရောင်စစ်သည်၏စကားက အဓိပ္ပါယ်ရှိသည်မဟုတ်လား။
....
တစ်ဖက်တွင်တော့ လီဆာက အကြီးအကျယ်အခက်တွေ့နေသည်။ အနီရောင်သန်းနေသည့် နတ်သမီးထောင်ချောက်ပန်းတစ်ပွင့်က ဆရာမဟဲရိုးကို ချုပ်နှောင်မိသွားပြီး ပွင့်ချပ်က ပြန်ပိတ်သွား၏။ ထို့နောက်တွင်တော့ သွေးတို့က တတောက်တောက် စီးကျလာသည်။
"ဆရာမဟဲရိုး....." လီဆာအော်လိုက်သည်။ တခြားတစ်ဖက်တွင်ရှိနေသည့် ဆရာအာသာလည်း အခြေအနေမကောင်းပါ။ သူ့တစ်ကိုယ်လုံးကို ခရမ်းရောင်နွယ်ပင်များက ချုပ်နှောင်ထားပြီး အနီရောင်နတ်သမီးထောင်ချောက်ပွင့်ကြီးက တဖြည်းဖြည်းချင်းကပ်လာပေပြီ။
"လီဆာ... ပြေးတော့... ကျောင်းထဲကနေ လွတ်အောင်ပြေး။" ဆရာအာသာမှာ အကြီးအကျယ်စိတ်ပျက်နေမိသည်။ ဆရာတစ်ယောက်အနေဖြင့် သူ၏ကျောင်းသားများကို မကာကွယ်ပေးနိုင်ခဲ့ပါ။ အခုတော့ သူကိုယ်တိုင်ပင် သေဘေးနှင့်ကြုံနေရလေပြီ။
လီဆာလည်း သူ၏ဆရာများကို နောက်ဆုံးအနေဖြင့် ကြည့်လိုက်ပြီး ပန်းပွင့်များရှိနေသည့်နေရာနှင့် ဆန့်ကျင်ဖက်သို့ ပြေးထွက်သွားသည်။ လက်ရှိ မြွေဖြူမြူတန့်နှင့် ပန်းမြူတန့်တို့သာ တိုက်ခိုက်နိုင်သည့် အခြေအနေတွင် ရှိနေသည်မဟုတ်လား။
ကျားသစ်မြူတန့်၊ ကျွဲမြူတန့်နှင့် လင်းနို့မြူတန့်တို့ကို သူတို့အနိုင်ယူပြီးသားဖြစ်သည်။ လီဆာက ကျောင်းစင်္ကြန်လမ်းအတိုင်း ဖြတ်ပြေးလိုက်သည်။ မြေပြင်ရှိသောနေရာတွင် နတ်သမီးထောင်ချောက်ပန်းများက ပေါက်ရောက်နိုင်သည်မဟုတ်လား။
ရုတ်တရက် ကျောင်းခန်းတစ်ခု၏ ပြတင်းပေါက်မှန်များ ကွဲသွားပြီး မှန်စများမှာ စင်္ကြန်လမ်းတစ်လျှောက် ပြန့်နှက်သွားသောကြောင့် လီဆာခဏရပ်လိုက်ရသည်။ နတ်သမီးထောင်ချောက်ပန်းတစ်ပွင့် ထိုပြတင်းပေါက်ထဲမှ ထိုးထွက်လာပြီး ပန်းမြူတန့်၏အသံကို ကြားနေရ၏။ သို့သော် စကားလိုအသံဖြင့် ကြားနေရခြင်းမျိုးမဟုတ်ဘဲ စိတ်ထဲသို့ တိုက်ရိုက်ဝင်လာသည့် အသံမျိုးဖြစ်သည်။
"ကောင်မလေး... နင်ငါ့လက်ကနေ လွတ်မယ်ထင်နေတာလား။ ဒီကျောင်းဝင်းတစ်ခုလုံးကို ငါ့ဝတ်မှုန်တွေ ဖြန့်ပြီးသွားပြီ။ မကြာခင် ဒီကျောင်းကြီးတစ်ခုလုံးက သေမင်းတမန်သစ်တောကြီး ဖြစ်လာတော့မှာ။"
ထိုပန်းပွင့်က ကျောင်းခန်းထဲရှိ အလှထားပန်းအိုးအတွင်းမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ လီဆာက ထိုပန်းပင်ကို တွန်းဖယ်လိုက်ရင်း ဆက်ပြေး၏။
ပြေးနေရင်း စင်္ကြန်လမ်းအပြင်ဖက်ကို လှမ်းကြည့်မိသည်။ အစိမ်းရောင်ဝတ်မှုန့်များက လေထုထဲတွင် ပြန့်နှံနေပြီး ကျောင်းထဲရှိ မြက်ပင်များကြားတွင် မျက်စိဖြင့် မြင်နိုင်သည့်နှုန်းဖြင့် ကြီးထွားလာနေသည့် နတ်သမီးထောင်ချောက်ပင်များကို တွေ့ရပေသည်။ ထို့အပြင် ခရမ်းရောင်နွယ်ပင်တချို့ကလည်း အသက်ရှိသည့် မြွေများအလား သွားလာနေကြပြီး အဆောက်အဦးများကို တွယ်တက်နေ၏။
လီဆာမှာ လက်သီးကို တင်းတင်းဆုပ်ထားရလွန်းသောကြောင့် သွေးများပင် စီးကျနေပြီဖြစ်သည်။
"သွေးနံလေးက မွှေးသားပဲ... သေချာပေါက် အောင်မြင်တဲ့ လူလုပ်မြူတန့်ရဲ့သွေးက ချိုမှာပဲ။ ဒါပေမဲ့ ငါ့မှာနင့်သွေးကို သောက်ခွင့်ရှိမနေဘူး။"
'ဒါ A အဆင့်တစ်ယောက်ရဲ့စွမ်းအားလား။'ဆိုတာက လီဆာ တွေးမိသမျှအကုန်ဖြစ်သည်။ ပန်းမြူတန့်မှာ မြူတန့်သိပ္ပံအဖွဲ့အစည်းအတွင်းရှိ အစွမ်းအထက်ဆုံး သုံးယောက်ထဲတွင်ပင် စာရင်းမဝင်သေးပါ။
တကယ့် အစွမ်းအထက်ဆုံးအဖွဲ့ဝင်များမှာ ငါးမန်းမြူတန့်၊ ညကြောင်မြူတန့်နှင့်ကင်းခြေများတို့ ဖြစ်ပေသည်။ လီဆာ၏စွမ်းအားက သက်တူရွယ်တူများထဲတွင် အကောင်းဆုံးဖြစ်သော်လည်း မြူတန့်သိပ္ပံအဖွဲ့အစည်းရှေ့တွင်တော့ ဘာဆိုဘာမှမဟုတ်ပေ။ လီဆာက အံ့ကိုတင်းတင်းကျိတ်ထားပြီး ဆက်ပြေးနေ၏။
'အစ်မကြီးစကော်ပီယိုက ငါ့ကိုအသက်နဲ့ရင်းပြီး ကယ်ထားတာ အလကားအဖြစ်မခံနိုင်ဘူး။' လီဆာ၏စိတ်ထဲတွင် ကင်းမြီးကောက်အစ်မကြီးကို မြင်ယောင်လာသည်။ မနိုင်မှန်းသိသိနှင့် Sအဆင့် ကင်းခြေများကို တိုက်ခိုက်ရန် ကျန်နေခဲ့ပြီး သူတို့အတွက် အချိန်ဆွဲပေးခဲ့၍သာ အခုလိုလွတ်လာခြင်းဖြစ်၏။
တဖြည်းဖြည်းနှင့် ကျောင်းအနောက်ဖက်ဂိတ်နားသို့ လီဆာရောက်လာသည်။ အနောက်ဖက်ဂိတ်က ကျောင်းဖယ်ရီကားများ ထားသည့်နေရာဖြစ်၏။ ကွန်ကရစ်ခင်းထားသော မြေဖြစ်သောကြောင့် နတ်သမီးထောင်ချောက်ပင်များ မကြီးစိုးနိုင်သေးပါ။ သို့သော် မြန်မြန်သွားမှဖြစ်မည်။ မကြာခင် ခရမ်းရောင်နွယ်များ ထိုနေရာသို့ရောက်လာပြီး မြေမရှိသည့်အားနည်းချက်ကို ဖယ်ရှားပစ်နိုင်သည်။ နတ်သမီးထောင်ချောက်ပန်းများက ထိုနွယ်များပေါ်တွင် ပေါက်နိုင်ကြောင်း လီဆာတွေ့ခဲ့ရပြီးဖြစ်၏။
"ဟေး.... ကောင်မလေး၊ မင်းသူငယ်ချင်းအကွက်က တော်တော်လှတာပဲ။ ဒါပေမဲ့ ကစားချိန်က ကုန်သွားတာ ကြာပြီကွ။"
ရုတ်တရက် အနက်ရောင်အကောင်ကြီးတစ်ကောင်က ကောင်းကင်ပေါ်မှဆင်းလာပြီး လီဆာရှေ့တွင် ပိတ်ရပ်လိုက်သည်။ နေရောင်အောက်မှ ကြောက်စရာကောင်းသော အစွယ်များနှင့်လင်းနို့တောင်ပျံကို လီဆာမြင်နေရ၏။ လီဆာ၏မျက်နှာမှာလည်း ဆိုးဆိုးဝါးဝါး ပျက်ယွင်းသွားသည်။
"စလေဂါ... ရှင်သေသွားပြီမဟုတ်ဘူးလား၊ ဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ။"
လီဆာ၏စကားကြောင့် လင်းနို့မြူတန့်က အရုပ်ဆိုးစွာပြုံးလိုက်ပြီး သူ၏ဇက်ကိုချိုးလိုက်သည်။
ဂျွတ်...ဂျွတ်...
"သွေးစုပ်ဖုတ်ကောင်တွေက မသေမျိုးတွေလေ ကလေးရဲ့။ ကဲ... မင်းရဲ့သွေးကို ငါနည်းနည်းမြည်းကြည့်လို့ရမလား။"
၅။
မက်ဒါနာ ကျောင်းဝင်းထဲ ခြေချမိတာနဲ့ ခံစားလိုက်ရတဲ့အရာက သူ့တစ်ကိုယ်လုံး ဂနာမငြိမ်ဖြစ်နေပြီး နေရာကနေ ထွက်ပြေးချင်နေတဲ့ ခံစားချက်က ချက်ချင်းဝင်ရောက်လာတယ်။ လူသားတွေမှာ အန္တရာယ်ကို အလိုလျှောက်တုံ့ပြန်တဲ့ ဗီဇရှိပါတယ်။ မြူတန့်တွေမှာကတော့ သာမန်လူတွေထက် အများကြီး ပိုပြင်းထန်တယ်။
ကိုယ့်ထက် အင်မတန်စွမ်းအားကြီးပြီး ကိုယ့်ကိုသတ်နိုင်တဲ့ အန္တရာယ်မျိုးနဲ့ကြုံလာရရင် ဒီလိုမျိုးခံစားချက်မျိုး မြူတန့်တွေခံစားရတယ်။ မက်ဒါနာဟာ S အဆင့်မြူတန့်ဖြစ်တဲ့ စင်တီဘေးကနေ ဖြတ်သန်းသွားတဲ့ အချိန်ကတောင် ဒီလိုခံစားချက်မျိုး မရခဲ့ဘူး။
သူ့ရှေ့မှာပိတ်နေတဲ့ ခရမ်းရောင်နွယ်ပင်တချို့ကို ဇက်သတ္တုဓားနဲ့ဖြတ်လိုက်ရင်း အတွင်းမှာရှိနေတဲ့ နတ်သမီးထောင်ချောက်ပင်တွေကို ကြည့်လိုက်ပါတယ်။
"စနစ်... ဒီအပင်တွေက ဘာတွေလဲ။"
[တာဝန်ကို လက်ခံဆောင်ရွက်နေပါသည်။ ရလဒ်- မြောက်ကယ်ရိုလိုင်းနားမျိုးစိတ် နတ်သမီးထောင်ချောက်ပန်းပင်နဲ့ အခြားအသားစားအပင်အမျိုးအစားများ ပေါင်းစည်းထားသော အမျိုးအမည်မသိမြူတန့်အမျိုးအစား။
အကြမ်းဖျင်းသုံးသပ်ချက်- နယ်မြေအမျိုးအစား မြူတန့်စွမ်းအား။ A+ ထက်ကျော်လွန်နိုင်သော အန္တရာယ်။]
မက်ဒါနာ့မျက်နှာက ချက်ချင်းမှိုင်းညို့သွားတယ်။ 'အသားစားအပင်ပေါင်းစုံ ပေါင်းစပ်ထားတဲ့ မြူတန့်လား။ ဒီမြူတန့်က S အဆင့်မဟုတ်ရင်တောင် သူ့နယ်မြေက Sအဆင့်တစ်ယောက်ကို ကောင်းကောင်း ဒုက္ခပေးလို့ရနေပြီ။' မက်ဒါနာချက်ချင်းဆိုသလို လီဆာအတွက် ပိုစိုးရိမ်မိသွားတယ်။
ပြဿနာက သူ့စွမ်းအားက အမှန်တကယ် လုံလောက်မှုမရှိဘူး။ သာမန် A- အဆင့်ဖြစ်သော အိုက်ဇာဝါကိုတောင် သေလုမတတ် တိုက်ခိုက်ခဲ့ရသူမလို့ ပိုကြောက်ဖို့ကောင်းတဲ့ ဒီမြူတန့်ကို ရင်ဆိုင်ဖို့ ပိုခက်သွားပြီ။
"မထူးတော့ဘူး... ဘယ်တတ်နိုင်မလဲ။"
မက်ဒါနာက ဓားကိုလက်နှစ်ဖက်နဲ့ကိုင်မြှောက်လိုက်ပြီး ဧရာမသစ်နွယ်တောကြီးကို မျက်နှာချင်းဆိုင်လိုက်တယ်။
"ငါဖောက်ဝင်ပြီးကယ်မယ်.... ယား...."
တစ်ချက်မာန်သွင်းလိုက်ပြီးနောက် မက်ဒါနာက တဖြည်းဖြည်းကြီးထွားလာနေတဲ့ နွယ်ပင်တွေကို ခုတ်ချလိုက်ပြီး လူတစ်ယောက်ဝင်စာတစ်နေရာ ဖန်တီးလိုက်တယ်။
"ဖားလေး... ငါ့နောက်လိုက်မလာနဲ့ အပြင်မှာနေပြီး အကူအညီတစ်ခုခုသွားတောင်း။" မက်ဒါနာက သူ့နောက်မှာရှိနေသေးတဲ့ ကောင်လေးကိုပြောလိုက်ရင်း ချက်ချင်းတောအုပ်ထဲ ပြေးဝင်သွားတယ်။
ဖားလေးကတော့ နေရာမှာတင် ကြောင်ပြီးရပ်နေလေရဲ့။ "သူစကားပြောတဲ့ပုံစံကို ငါရင်းနှီးနေသလိုပဲ။"
သစ်တောအတွင်းပိုင်းက ငရဲတမျှဆိုးတယ်။ နတ်သမီးထောင်ချောက်ပင်တွေက မက်ဒါနာကို ဖမ်းဆီးဖို့ ကြိုးစားနေကြပြီး ခရမ်းရောင်နွယ်ပင်တွေကလည်း သူ့ခြေထောက်ကို လာတုပ်နှောင်တတ်တယ်။
ပိုဆိုးတာက ခရမ်းရောင်နွယ်ပင်တွေကို စနစ်နဲ့အကျယ်ချဲ့ကြည့်တော့ အပင်မျက်နှာပြင်ပေါ်မှာ ချွေးပေါက်နဲ့တူတဲ့ စုပ်ခွက်အသေးလေးတွေနဲ့ ဆူးချွန်ငယ်တွေပါပြီး အရေပြားနဲ့ထိတာနဲ့ တိုက်ရိုက်သွေးစုပ်နိုင်ပုံပေါ်တယ်။
မက်ဒါနာက ဓားကိုအဆက်မပြတ်ဝေ့ယမ်းရင်း သူ့ကိုလာ ရစ်ပတ်နေတဲ့ အပင်တွေကို ဖြတ်ပစ်လိုက်တယ်။ ခဏနေတော့ ရုတ်တရက်ရလာတဲ့ မသတီစရာအနံကြီးကြောင့် ခေါင်းထဲမိုက်ခနဲ မူးဝေသွားတယ်။ အနားကို ပတ်ကြည့်တော့ မြက်ခင်းပြင်ပေါ်မှာ နီညိုရောင်ပန်းပွင့်ကြီးပေါက်နေတာကို တွေ့လိုက်ရတယ်။ စနစ်ကမပြောရင်တောင် မက်ဒါနာ လူသေကောင်ပန်းမှန်း သိနေတယ်။
ကပ်ပါးပင်တစ်မျိုးဖြစ်လို့ သစ်ပင်အမြစ်မှာ တွယ်ပေါက်တတ်ပြီး အနံဆိုးလွန်းတယ်။ မက်ဒါနာ အနားရောက်သွားတော့ ထိတ်လန့်စရာမြင်ကွင်းကို တွေ့လိုက်ရတယ်။ အစိုးရဟီးရိုးဝတ်စုံဝတ်ထားတဲ့ ကျောင်းသားတချို့ ပန်းပွင့်ကြီးခြေရင်းမှာ လဲပြိုကျနေကြပြီး သူတို့ကိုယ်ကို ပန်းအမြစ်တွေက ထိုးဖောက်ထားပြီး ဖြည်းဖြည်းချင်း သွေးစုပ်ယူနေလို့ပါ။
မက်ဒါနာက ချက်ချင်းပန်းပင်အမြစ်တွေကို ဖြတ်တောက်ပြီး ကျောင်းသားတွေကို ကယ်ဖို့ကြိုးစားတယ်။ ပထမဆုံးအမြစ်ကို ဓားနဲ့ဖြတ်လိုက်ပြီးနောက် ပန်းပွင့်ကြီးဒေါသထွက်လာပုံပေါ်ပြီး အစိမ်းရောင်မြူခိုးတွေကို မှုတ်ထုတ်လိုက်တယ်။
[လေထုထဲမှ အဆိပ်ငွေ့များကို ထောက်လှမ်းမိပါသည်။ အရေးပေါ်ဓာတ်ငွေ့ကာစနစ်ဖွင့်မည်။]
မက်ဒါနာ သက်ပြင်းချလိုက်တယ်။ Silver Knightဝတ်စုံရဲ့ ခေါင်းပိုင်းက လေရှူပေါက်အားလုံးကို ဇကာအလွှာပါးလေးတစ်ခုက ဖုံးအုပ်သွားပြီး အဆိပ်ငွေ့သက်ရောက်မခံရအောင် ကာကွယ်ပေးလိုက်တယ်။
[15:00] မက်ဒါနာ တွေဝေနေသည့်အချိန်မှာပဲ ဝတ်စုံစနစ်က ဓာတ်ငွေကာစနစ်ကို အများဆုံးသုံးနိုင်မယ့်အချိန်ကို ပြသနေပါပြီ။
"ကြည့်ရတာ ငါလူတိုင်းကိုတော့ မကယ်နိုင်တော့ဘူးထင်တယ်။" မက်ဒါနာက အနန္တတန်ခိုးရှင်မဟုတ်ဘူး။ ဆယ့်ငါးမိနစ်နဲ့ လူတိုင်းကို မကယ်နိုင်ပေမဲ့ အနည်းဆုံးတော့ လီဆာကို ဒီပန်းပင်မြူတန့်လက်ထဲက ကယ်ချင်ပါသေးတယ်။
မက်ဒါနာ ဓားကိုပြန်သိမ်းလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။ သစ်တောကြီးတစ်ခုလုံးမှာ အစိမ်းရောင်မြူတွေဆိုင်းနေပြီး နေရောင်တောင် သိပ်မမြင်ရပါ။ အလင်းရောင်မှုန်မှုန်လေးသာ ရှိနေပါတယ်။
"ဒါကိုသာ ဟီးရိုးကျောင်းလို့ပြောရင် ဘယ်သူမှ ယုံမှာမဟုတ်ဘူး။"
.....
"Fox NY9 မှ အရေးကြီးသတင်းများကို တင်ဆက်နေတာဖြစ်ပါတယ်။ နယူးယောက်မြို့ကို မြူတန့်သိပ္ပံအဖွဲ့အစည်းက ဝင်ရောက်တိုက်ခိုက်နေတာ လေးနာရီကျော်သွားပါပြီ။ ပြည်သူသုံးထောင်ကျော် ဒဏ်ရာရထားပြီး ဟီးရိုးအချို့လည်းထိခိုက်ထားပါတယ်။"
ရုပ်ရည်ချောမောသည့် သတင်းတင်ဆက်သူအမျိုးသမီးက မြန်ဆန်သောလေသံဖြင့် သတင်းကို မြန်မြန်လေးတင်ဆက်နေသည်။
မြေပြင်သတင်းများကို ပြသနေသည့် လေးထောင့်နေရာမှနေ၍ ပျက်စီးနေသော ဟီးရိုးအစည်းအရုံးကားတစ်စင်းနှင့် လဲကျနေသော ဒုဌာနမှူးဟယ်ရီတို့ကို အနီးကပ်ရိုက်ပြနေ၏။ အရေးကြီးအရာရှိတစ်ယောက်ပင် ထိခိုက်သွားသောကြောင့် နယူးယောက်အစည်းအရုံးအတွက်တော့ ကြီးစွာသော အရှက်ရမှုကြီးပင်ဖြစ်သည်။
"အကြီးဆုံး ထိခိုက်ပျက်စီးမှုတွေအနေနဲ့ကတော့ ကွင်းဆိပ်ကမ်းနယ်မြေမှာ မြေအောက်စမ်းသပ်ခန်းတစ်ခု ပေါ်ပေါက်လာပြီးတော့ S အဆင့်ဗီလိန် Mad doctorနဲ့ Aအဆင့်ဟီးရိုးတွေ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ ရင်းမြစ်တွေအရ Silver Knightလည်း ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ သုံးသပ်ချက်တွေအရ သူ့ရဲ့ဝတ်စုံက ပိုအားကောင်းလာပြီး အဆင့် B ကိုရောက်နေပါပြီ။"
ရုတ်တရက်ပင် လူတစ်ယောက်က တိုက်ရိုက်သတင်းထုတ်လွှင့်နေသည့်ကြားမှ သတင်းတင်ဆက်ရာသို့ ဝင်ရောက်လာပြီး A4 စာရွက် တစ်ဒါဇင်ခန့်ကို လာချပေးသွားသည်။ တစ်မြို့လုံးတိုက်ခိုက်ခံနေရချိန်ဖြစ်၍ သတင်းသစ်အများအပြား စဥ်ဆက်မပြတ် လက်ခံရရှိနေသောကြောင့် အခုလိုမျိုး သတင်းသစ်လာပို့သောဖြစ်စဥ်က လောလောဆယ်တွင် အထူးအဆန်းမဟုတ်တော့ပါ။
သတင်းတင်ဆက်သူက အပေါ်ဆုံးစာရွက်ကို မြင်လိုက်ရပြီးနောက် မျက်လုံးပြူးသွားသည်။ ထို့နောက် လည်ချောင်းရှင်းသည့်အနေဖြင့် ချောင်းဟန့်လိုက်ပြီး...
"အရေးကြီးသတင်းပါရှင့်... နယူးယောက်မြို့ရဲ့သမိုင်းဝင် အစိုးရဟီးရိုးသင်တန်းကျောင်းဟာ အမည်မသိဗီလိန်တချို့ရဲ့တိုက်ခိုက်တာခံနေရပြီး အရေးနိမ့်နေပုံပါပဲ။ သတင်းကို မြေပြင်မှာရှိနေတဲ့ လေကြောင်းသတင်းထောက်အဖွဲ့ကနေ တင်ပြပေးပါ့မယ်။"
... မြင်ကွင်းက တစ်ဖက်သို့ပြောင်းသွားပြီး ရဟတ်ယာဥ်စက်သံ ဆူဆူညံ့ညံ့ကို စကြားရသည်။ နေကာမျက်မှန်ဝတ်ထားသော သက်လတ်ပိုင်းသတင်းထောက်က သူ့အောက်တွင်ရှိနေသည့် အစိမ်းရောင်မြူနှင့်သစ်ပင်များ ဖုံးလွှမ်းနေသည့် အစိုးရဟီးရိုးသင်တန်းကျောင်းကို လက်ညိုးထိုးပြလိုက်၏။
"ကျွန်တော်တို့ရောက်တာ သိပ်မကြာသေးခင်မှာပဲ ကျောင်းဝင်းတစ်ခုလုံးကို အသားစားနွယ်ပင်တွေဖုံးသွားတာ၊ အထဲကကျောင်းသားတွေတော့ သေကုန်ပြီထင်တာပဲ။ ပြီးတော့ ဒါကိုကြည့်ကြဦး...."
သတင်းထောက်က လမ်းမကြီးပေါ်တွင် ဆန့်ဆန့်ကြီးသေနေသည့် မြွေကြီးကို လှမ်းပြလိုက်သည်။
"ဒီကောင်ကြီးကို Silver Knightသတ်သွားတာ။ သူက ဒီနေရာကို အရင်ဆုံးရောက်လာတဲ့ဟီးရိုးပဲ။ ကျောင်းသားလေးတစ်ယောက်ကို အဲဒီကောင်ကြီးလက်ကနေကယ်ပြီး အထဲဝင်သွားပြီ။"
သတင်းက တစ်ဖက်ခြမ်းကို ပြန်ပြောင်းပြသည်။ သတင်းတင်ဆက်သူ၏အပြုံးကြီးကြီးကို ပထမဆုံးမြင်ရပေသည်။
"ကျွန်မတို့ရဲ့အလုပ်ကြိုးစားတဲ့ Silver Knight ကတော့ နေရာတိုင်းကို အရင်ဆုံးရောက်နေတော့တာပါပဲ။ ဒါပေမဲ့ အဲဒီဗီလိန်တစ်အုပ်ကို သူအနိုင်ယူနိုင်ပါ့မလား။ ကျွမ်းကျင်သူတွေရဲ့သုံးသပ်ချက်အရတော့ A+ အဆင့် နယ်မြေအမျိုးအစားမြူတန့်တစ်ယောက်က ဒီအသားစားတောအုပ်ကို ဖန်တီးထားတာပါတဲ့။"
....
"ကောင်မစုတ်လေး... မင်းဘာတတ်နိုင်သေးလဲ။"
လင်းနို့မြူတန့်က သူ့ကိုအမြီးဖြင့်ရိုက်ရန် ကြိုးစားနေတဲ့ လီဆာ၏အမြီးကို လက်နှစ်ဖက်ဖြင့် ဖမ်းလိုက်ပြီး ပစ္စည်းတစ်ခုလို လွှဲယမ်းပစ်လိုက်သည်။ လီဆာမှာနံရံနှင့်ရိုက်မိသွားပြီး ချက်ချင်းပြုတ်ကျလာ၏။ သွေးများက သူ့နဖူးမှနေ၍စိမ့်ကျလာသည်။
"ဂါး...." သို့သော် ချက်ချင်းပင် ပြန်ထရပ်လိုက်ပြီး အစွယ်များကိုဖြဲပြကာ လင်းနို့လူကြီးဆီကို ထပ်ပြေးဝင်သွားသည်။ ဒီတစ်ခါက သူ၏သွားများဖြင့် ကိုက်ဖြတ်ရန်ဖြစ်၏။ သို့သော်လင်းနို့က သူ့ထက်အများကြီးပိုမြန်သည်။ တစ်နေရာမှတစ်နေရာသို့ အတောင်ကိုခတ်ကာ ရွေ့လျားနေပြီး လီဆာ၏ခန္ဓာကိုယ်ကို လက်သည်းများဖြင့် ကုတ်ဖြစ်နေ၏။
နောက်ဆုံးတွင်တော့ လင်းနို့ကြီးက လီဆာ၏နောင်တွင်ရပ်လိုက်ပြီး သူ၏လက်သည်းဖြင့် လီဆာ၏ကျောကို တစ်ဆုံးထိုးသွင်းလိုက်သည်။ လက်ငါးချောင်းက လီဆာ၏ဝမ်းဗိုက်မှနေ၍ ပြန်ထွက်လာသည်။ အစာအိမ်သွေးကြောမကြီး ပေါက်သွား၍ မည်းညစ်ညစ်သွေးများမှာ ကြမ်းပြင်အနှံ ပြည့်နှက်ကုန်၏။ လီဆာလဲကျသွားသည်။ လင်းနို့မြူတန့်ကတော့ အရုပ်ဆိုးစွာ ရယ်မောနေတုန်းပင်။
"မင်းမှာ ငါ့ကိုအာခံဖို့ အခွင့်အရေးမရှိဘူး။"
လင်းနို့မြူတန့်က လီဆာကို အဆုံးသတ်ရန် မလုပ်ခဲ့ပါ။ Mad doctor၏အမိန့်က ရိုးရှင်းသည်။ ကျောင်းထဲရှိ တခြားသူများ ဘာဖြစ်ဖြစ်ဂရာမစိုက်ပေ၊ လီဆာကို အသက်ရှင်လျက်ခေါ်လာရန်သာ အရေးကြီးသည်။ တစ်နည်းအားဖြင့် လီဆာမသေသ၍ ဘာပြဿနာမှမရှိ။
သာမန်မဟုတ်သော ပြန်လည်ကုသနိုင်စွမ်းကြောင့် စက္ကန့်အနည်းငယ်အကြာတွင် လီဆာ၏ဒဏ်ရာများမှာ ပြန်စေ့သွားပြီး မလျော့သောဇွဲဖြင့် ပြန်ထရပ်လိုက်သည်။ လင်းနို့ကြီးကတော့ သူ၏ခေါင်းကို ခါယမ်းလိုက်ရင်း....
"နဂါးသွေးဆက်လေး နည်းနည်းပါရုံနဲ့ မင်းရဲ့ကုသနိုင်စွမ်းက ငါ့ထက်ပိုကောင်းတာပဲ။ ဒါပေမဲ့ မင်းဘယ်နှစ်ခါ ပြန်ထရပ်နိုင်မှာလဲ။ နာကျင်ရတာကို စွဲလမ်းနေတာလား။ မင်းကိုယ်မင်း အဆုံးမဲ့ကုသနိုင်စွမ်းရှိတယ်ထင်နေလား။ မင်းဗိုက်မဆာဘူးလား။ အားနည်းလာတယ်လို့ မခံစားရဘူးလား။ ဒီအတိုင်းဆိုရင် မင်းဒဏ်ရာတွေကြောင့်မသေဘဲ အာဟာရပြတ်ပြီး သေလိမ့်မယ်။"
လောကမှာ အလားကားရတာ ဘာမှမရှိပါ။ လင်းနို့လူသား၏ပြန်လည်ကုသနိုင်စွမ်းသည်ပင် လူသွေးကို အာဟာရအဖြစ် မှီဝဲမှသာ အသုံးပြုနိုင်ခြင်းဖြစ်သည်။ လီဆာလည်း အလားတူပင်ဖြစ်ကာ အာဟာရမရှိဘဲ သူ့ဒဏ်ရာများ ပြန်မကောင်းနိုင်တော့ပါ။ လီဆာက သူ၏နံဘေးမှ ခြစ်ရာကိုစမ်းကြည့်လိုက်သည်။ သွေးတချို့က အခုထိစီးကျနေဆဲဖြစ်၏။ ခဏအကြာတွင် ဒဏ်ရာများပြန်စေ့သွားသော်လည်း ထိုလူပြောသကဲ့သို့ တစ်ကြိမ်ထက်တစ်ကြိမ် ပိုမိုအားနည်းလာပြီး နှေးကွေးလာနေသည်။
"ဘာပဲဖြစ်ဖြစ်... ကျွန်မရှင်နဲ့မလိုက်ခဲ့နိုင်ဘူး။" လီဆာက နောက်တစ်ကြိမ် မာန်သွင်းလိုက်ရင်း ရှေ့သို့ပြေးတက်ကာ ညာခြေထောက်ကိုမြှောက်ကန်သည်။ လင်းနို့ကတော့ အတောင်တစ်ချက်ခတ်ရုံဖြင့် အန္တရာယ်မှရှောင်တိမ်းနိုင်သော်လည်း သူအားမလျှော့သေးပါ။
မက်ဒါနာထံမှ သင်ယူထားသည့် လက်နက်မဲ့သိုင်းပညာများကို အသုံးပြုရင်း သူ့ကိုယ်သူ အကုန်ဆုံးခုခံနေသည်။ ရုတ်တရက် လင်းနို့ကသူ့နောက်တွင် ထပ်ပေါ်လာပြီး လီဆာ၏ပုခုံးကို လက်တစ်ဖက်ဖြင့်ဖိကာ အခြားတစ်ဖက်ဖြင့် လီဆာ၏လည်ပင်းကို ဆုပ်ကိုင်ထားလိုက်၏။
"ငြိမ်ငြိမ်နေ... ငါမင်းသွေးကို မြည်းကြည့်မလို့။" ထို့နောက် လင်းနို့မြူတန့်က လီဆာ၏လည်ပင်းကို သူ၏အစွယ်ဖွေးဖွေးသွားများနှင့် ကိုက်ချလိုက်လေသည်။
....
မက်ဒါနာကတော့ ဓားကိုမြဲမြဲကိုင်ထားရင်း သတိရှိရှိဖြင့် လျှောက်လှမ်းနေသည်။ ရုတ်တရက် ကျောင်းဆောင်တစ်ခု၏ခေါင်မိုးပေါ်မှ ရေခရားကြီးတစ်လုံးနှင့်တူသော ပန်းပင်တစ်ပင် ကျဆင်းလာပြီး မက်ဒါနာကိုဝါးမျိုရန် လုပ်လိုက်၏။ သို့သော် စနစ်မှကြိုအသိပေးထားပြီးဖြစ်၍ နောက်သို့လှည့်မကြည့်ဘဲ ဓားဖြင့်လက်ပြန်ခုတ်ချလိုက်သည်။
ဘုတ်....။
Bat pitcher မျိုးစိတ်ပန်းပင်က အရုပ်ကြိုးပြတ် မြေပေါ်ပြုတ်ကျသွားပြီး ပင်စည်နှင့်ပန်းကွဲထွက်သွားသည်။
သေမင်းသစ်တောအတွင်းပိုင်းသို့ရောက်လေ အပင်အမျိုးအစားက ပိုစုံလာလေဖြစ်ကာ ဇီဝမျိုးကွဲပြတိုက်သို့ ရောက်နေသလိုထင်ရ၏။ ကျောင်းဝင်းကလည်း ရပ်ကွက်တစ်ကွက်စာကျယ်သောကြောင့် ယခုလိုအပင်များဖုံးလွှမ်းနေသည့် နေရာအတွင်းတွင် မက်ဒါနာ၏လီဆာကိုရှာမည့် ရည်မှန်းချက်ကလည်း ပိုမိုဝေဝါးလာသည်။
လမ်းတစ်လျှောက်တွင် လူသေကောင်ပန်းများအောက်၌ အိပ်ငွေ့အချခံရကာ သွေးစုပ်ခံနေရ၍ တဖြည်းဖြည်းပိန်ချုံးလာသော ကျောင်းသားများနှင့် ပျက်စီးနေသော အဆောက်အဦးများကိုသာ တွေ့ရသည်။ လှုပ်ရှားနေသည့် သက်ရှိဟူ၍တစ်ခုမှမတွေ့ပေ။
ဟ......
ရုတ်တရက် လေတိုးသံလိုလို ကြားလိုက်ရသဖြင့် မက်ဒါနာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်သည်။ သို့သော် ဘာကိုမှမတွေ့ရပါ။ ရေတစ်စက်တစ်စက်ကတော့ ကျောင်းခေါင်မိုးပေါ်မှ ကျနေတတ်၏။ တကယ်တမ်းတွင် ထိုရေစက်များက အသားစားအပင်တစ်မျိုးဖြစ်သော ရေဘီးပင်များမှဖြစ်ကာ မူလက ရေအောက်တွင်သာ အသက်ရှင်နိုင်ပြီး သူတို့ထောင်ချောက်အရွက်များက တစ်စင်တီမီတာလောက်ကာရှည်ကာ ခြင်များ၊ ပိုးကောင်ငယ်များကိုသာ စားနိုင်သည့်တိုင် အခုနေရာတွင်တော့ သူတို့ထောင်ချောက်ရွက်များက တစ်မီတာလောက်ကြီးပြီး ခွေးတစ်ကောင်ကိုပင် မျိုချနိုင်နေ၏။
ကံကောင်းစွာဖြင့် ထိုအပင်များက သူ့ကိုရန်မမူခဲ့ပေ။ သူတို့ပိုင်နက်က ကျောင်းခေါင်မိုးပေါ်ဟု သတ်မှတ်ထားပုံပေါ်ပြီး အောက်သို့ဆင်းမလာကြ။ အစောပိုင်းက ရေခရားပင်တစ်ပင်သာ ဆင်းလာခဲ့ပြီး ရေခရားပင်များနှင့်နတ်သမီးထောင်ချောက်ပင်များက ရေဘီပင်ထက် ပိုမိုရန်လိုကြပုံပေါ်သည်။
[11:24] [11:23] အချိန်က တဖြည်းဖြည်းကုန်ဆုံးနေသည်။ သူ့တွင် ဆယ်မိနစ်ကျော်ကျော်သာ ကျန်တော့၏။
....ဟီးရိုး....
နောက်တစ်ခါ လေတိုက်သံလိုမျိုး စကားသံကို ကြားရပြန်သည်။ မက်ဒါနာ မျက်မှောင်ကြုတ်လိုက်၏။ ဒီတစ်ခါတော့ လေတိုက်သံမဟုတ်မှန်း သူသေချာသိလိုက်သည်။ တစ်စုံတစ်ယောက်က သူ့ကိုစကားပြောနေသလိုမျိုး.. သို့သော်ဝတ်စုံမှနေ၍ ပုံမှန်မဟုတ်သော အသံများဝင်လာကြောင်း မပြထားသဖြင့် ထိုသို့မဟုတ်ကြောင်း သိရသည်။ ထိုအသံက သူ့စိတ်ထဲကို တိုက်ရိုက်ဝင်လာသလိုမျိုး။
'နေဦး... ဒီကျောင်းက ကျောင်းအုပ်ကြီးက စိတ်စွမ်းအားအမျိုးအစား မြူတန့်မဟုတ်လား။' မက်ဒါနာ ရုတ်တရက် သဘောပေါက်သွားပြီး သူ၏စိတ်ကို ရှင်းအောင်ထားလိုက်သည်။ စိတ်ချင်းဆက်သွယ်သည့်နည်းလမ်းက နှစ်ဖက်လုံး စိတ်ကိုရှင်းရှင်းထားမှ ပိုချိတ်ဆက်အားကောင်းပေသည်။
'ဟီးရိုး.... ကျောင်းဝင်ပေါက်ဝက နတ်သမီးထောင်ချောက်နှစ်ပင်ထဲမှာ ဆရာတွေရှိတယ်။ သူတို့ကိုအရင်ကယ်...'
မက်ဒါနာခေါင်းညိတ်လိုက်သည်။ ကျောင်းအုပ်ဆရာမကြီး၏ စိတ်ချင်းဆက်သွယ်မှုက အားနည်းသော်လည်း သူချက်ချင်းနားလည်သွားသည်။
သူစစဝင်လာလာချင်းတုန်းက အဝင်ဂိတ်ဖက်မှဖြစ်သော်လည်း သစ်နွယ်များဖုံးနေသဖြင့် အဆင်ပြေရာမှ ဝင်လာခဲ့ခြင်းဖြစ်ကာ ဝင်ပေါက်ဂိတ်ကို မရောက်ခဲ့ပေ။
သို့သော် ကံကောင်းစွာဖြင့် သူကဝင်ပေါက်ဝနှင့် နည်းနည်းလေးသာကွာဝေးသည်။ မက်ဒါနာက ချက်ချင်းဝတ်စုံ၏မောင်းနှင်စနစ်နှင့် ဆက်သွယ်လိုက်သည်။
"စနစ်... ကျောင်းမြေပုံကိုပြ။ ငါရောက်နေတဲ့နေရာကိုပါ GPSနဲ့ပြ။"
[တာဝန်ကို လက်ခံဆောင်ရွက်နေပါ.... တစ်ခုအောင်မြင်...တစ်ခုကျရှုံး။ GPS နှင့်တည်နေရာပြသခြင်း မရနိုင်သေးပါ။ အပင်များက ဂြိုဟ်တုဆက်သွယ်ရေးကို တားဆီးထားသည်။ offline သိမ်းထားသည့် ကျောင်းမြေပုံကို ဖွင့်လိုက်ပါပြီ။]