အနိုင်ယူခြင်း
Vol. 1 Ch. 10
မက်ဒါနာက တစ်စုံတစ်ခုကို ချုပ်နှောင်ထားပုံပေါ်သည့် နတ်သမီးထောင်ချောင်ပင်နှစ်ခုကို ဓားဖြင့်ခုတ်ချလိုက်ရာ ကျောင်းမှဆရာနှစ်ယောက် ပြုတ်ကျလာသည်။ နှစ်ယောက်လုံး၏ခန္ဓာကိုယ်များက ထိခိုက်နေပြီး ဆက်လက်တိုက်ခိုက်နိုင်တော့မည့်ပုံမပေါ်ပေ။
"လီဆာ ဘယ်မှာလဲ။" မက်ဒါနာက အချိန်ဆွဲမနေဘဲ မေးလိုက်သည်။ ဆရာအာသာကတော့ ငွေရောင်ချပ်ဝတ်နှင့် သူရဲကောင်းက သူတို့တပည့်ကို သိနေသည့်အတွက် အလွန်အံ့ဩနေပြီး ဘာမှပြန်မဖြေနိုင်လောက်အောင် ဆွံအနေ၏။
"ငါ့မှာ အချိန်မရှိဘူး။" မက်ဒါနာက ဆယ်မိနစ်တောင် မပြည့်တော့သော ဓာတ်ငွေ့ကာမျက်နှာဖုံးကြာချိန်ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
"သူကျောင်းဆောင်ထဲကို ပြေးဝင်သွားတယ်။ ငါသူ့ကို အနောက်ဖက်ဂိတ်ကနေ ထွက်သွားခိုင်းခဲ့တာ။" ဆရာအာသာ၏စကားကြောင့် မက်ဒါနာခေါင်းညိတ်လိုက်ပြီး ကျောင်းဆောင်ရှိနိုင်သည့်နေရာသို့ မျက်နှာမူလိုက်သည်။ ထို့နောက်....
"မင်းတို့ဒီကနေ အမြန်ထွက်သွားသင့်တယ်... ဓာတ်ငွေ့တွေက မင်းတို့ကို အိပ်ငွေ့ချပစ်နိုင်သလို ကယောင်ချောက်ချားလည်း ဖြစ်စေနိုင်တယ်။ အချိန်ကြာလေ အန္တရာယ်ရှိလေပဲ။"
ဆရာအာသာတို့က မက်ဒါနာကို ခေါင်းညိတ်ပြလိုက်ပြီး ချက်ချင်းပင် ဂိတ်တံခါးရှိခဲ့သောနေရာထံသို့ ပြေးသွားကြသည်။ သူတို့က မိုက်ရူးရဲဆန်ပြီး အတွင်းမှကျောင်းသားများကို ကယ်ရန်မကြိုးစားခဲ့ပေ။ ထို့အစား အပြင်ဖက်မှ အင်အားစုများကို အကူအညီတောင်းပေလိမ့်မည်။
မက်ဒါနာကတော့ ဓားကြီးကိုထမ်းလိုက်ရင်း ယခုအခါတွင် သစ်နွယ်များ လုံးဝဖုံးလွှမ်းနေပြီဖြစ်သော ပင်မကျောင်းဆောင်ကြီးကို ကြည့်လိုက်သည်။ မသိရင် နှစ်တစ်ရာလောက် စွန့်ပစ်ခံထားရသလိုလို။
ထို့အပြင် မက်ဒါနာဆရာနှစ်ယောက်ကို လွှတ်ပေးလိုက်ချိန်မှစ၍ သစ်တောတစ်ခုလုံးက ပုံမှန်ထက် တိတ်ဆိတ်သွားပြီး လုံးဝကို ပုံမှန်မဟုတ်တော့ပေ။
"အဲဒီမြူတန့်က ငါ့ကို သတိထားမိသွားပြီထင်တယ်။" မက်ဒါနာက နှာခေါင်းထဲမှ လေများကိုမှူတ်ထုတ်လိုက်ရင်း ပြောလိုက်သည်။ သိပ်မကြာလိုက်ပါ။ အနားပတ်ဝန်းကျင်တွင် ရှိနေသမျှအသားစားပန်းပွင့်များနှင့် နွယ်ပင်အများအပြားက သူ့ထံသို့ အုံ့လိုက်ကြီးပြေးဝင်လာ၏။
"စနစ်... အားကုန်သုံးပြီး ကျောင်းဆောင်ထဲဝင်မယ်။"
[တာဝန်ကို လက်ခံဆောင်ရွက်နေပါပြီ။ ချေမှုန်းရေးစနစ်ဖွင့်မယ်။ Void streamအားလုံးကို အားဖြည့်လိုက်ပါပြီ။ လက်ကျန်အား ၆၈% ထဲမှ ၂၀% ကို ချက်ချင်းအသုံးပြုရပါမယ်။]
မက်ဒါနာ၏ဝတ်စုံမှ ကြွက်သားတုများက ချက်ချင်းဖောင်းကြွလာပြီး မြန်နှုန်းနှင့်ခွန်အားတို့က ချက်ချင်းလေးဆနီးနီး တက်သွားသည်။ သူ့လက်ရှိစွမ်းအားက B+ အဆင့် မြူတန့်တစ်ယောက်ထက်ပင် အနည်းငယ်သာလွန်နေပြီဖြစ်၏။
ထို့နောက် ဓားကိုဘယ်ညာလွှဲယမ်းကာ တစ်ဟုန်ထိုး ကျောင်းဆောင်ထဲ ပြေးဝင်သွားသည်။ ရာနှင့်ချီသော အသားစားပန်းပင်များမှာ မြေပေါ်ပြုတ်ကျပြီး ကျန်နေခဲ့သည်။
....
"ချီး... အဲဒီSilver Knightကတော့...." ကျောင်းဝင်း၏အလယ်တွင် လူလေးယောက်ဖက်စာခန့်ရှိသော ဧရာမပင်စည်ကြီးတစ်ခုနှင့် ပန်းပင်တစ်ပင်ရှိနေ၏။ ပန်းပွင့်ကြီး၏ထိပ်တွင် ဧရာမအဖြူရောင်ပန်းပွင့်ကြီးရှိနေကာ မည်သည့်အမျိုးအစား ပန်းဖြစ်ကြောင်းကို ဝေခွဲ၍မရနိုင်ပေ။ ထူးခြားချက်တစ်ခုမှာ ပန်းပွင့်ချပ်များ၏အနားစွန်းတွင် လွှသွားကဲ့သို့ အဆူးများရှိနေကာ ပွင့်ချပ်ကြီးကိုယ်တိုင်က လျှာနှင့်အင်မတန်တူနေသည်။ ပန်းဝတ်ဆံများကတော့ ဧရာမတိုင်လုံးကြီးများလို ဖြစ်နေပြီး ပင့်ကူလက်များလို တယမ်းယမ်းရှိနေ၏။
အသားစားပန်းဘုရင်တစ်မျိုးဖြစ်သော အဖြူရောင်အမဲလိုက်ပန်းဖြစ်ကာ နိုင်ဂျီးရီးယားမျိုးစိတ်ဖြစ်၏။ နဂိုထက် အဆတစ်ထောင်ခန့် ပိုမိုကြီးမားနေသောကြောင့် အင်မတန်ကြောက်စရာကောင်းနေသည်။
ယင်းသစ်ပင်ကြီး၏ပင်စည်တစ်နေရာတွင်တော့ ပန်းမြူတန့်မိန်းကလေး ရှိနေပါသည်။ ထိုမိန်းကလေး၏ခြေလက်များက ပင်စည်အတွင်းနစ်မြုပ်နေပြီး လှုပ်ရှား၍ရပုံမပေါ်ပေ။ သူ့ခေါင်းပေါ်မှ ပန်းပွင့်လေးမှာမရှိတော့ဘဲ ပင်စည်အမြစ်တစ်ခုသာ အစားရှိနေပြီး ထောင်ပေါင်းများစွားသော ပင်စည်များအဖြစ်သို့ ခွဲဖြာလျှက် သစ်တောတစ်ခုလုံးသို့ ဖြန့်ကျက်ထား၏။
"အပြင်ကနေ ဟီးရိုးတစ်ယောက် ဝင်လာပြီး ဟိုအမှိုက်နှစ်ကောင်ကို ကယ်သွားတာလား။ ပြီးတော့ ဟိုကောင်မလေးကို သွားကယ်ချင်နေပုံပဲ။"
'ခွင့်မပြုနိုင်ဘူး။' မိန်းကလေးက နှုတ်ခမ်းနားရွက်ချိတ်လုမတတ် ပြုံးလိုက်ပြီး သူ၏ငါးမန်းသွားများလိုဖြစ်နေသည့် သွားအစုံကို ဖြဲရယ်လိုက်သည်။
"ဟီးဟီးဟီး...."
...
ကျောင်းဆောင်ထဲရောက်သည်နှင့် အပင်များ၏တိုက်ခိုက်မှု ပြီးသွားမည်ဟု ထင်ခဲ့သော မက်ဒါနာမှါ အန္တရာယ်ကြီးကြီးမားမားနှင့် ကြုံလိုက်ရသည်။ ပြတင်းပေါက်များထဲမှ လက်တံအနီများပါသော ယင်စားနွယ်ပင်များ အထဲသို့ ဝင်ရောက်လာတတ်ပြီး သူ့တစ်ကိုယ်လုံးကို ပတ်ကာအပြင်သို့ဆွဲထုတ်ရန် ကြိုးစားကြ၏။ ဓားသာမပါပါက သူသေနေလောက်ပြီ။
[ဝတ်စုံလက်ကျန်စွမ်းအင်- ၄၆%] [၇:၃၉]
နည်းပညာဝတ်စုံဖြစ်သည်နှင့်အညီ မက်ဒါနာ၏ဝတ်စုံတွင် စွမ်းအင်အကန့်အသတ်နှင့်သာရှိသည်။ အခြားနည်းပညာများတွင် Silver Knight ဝတ်စုံက ရှေ့ရောက်နေသော်လည်းစွမ်းအင်တွင်တော့ ပုံကြမ်းများဖြစ်သော ပလာဒင် - ၁ များကဲ့သို့ပင် archetype - 01 reactor ကိုသာတပ်ဆင်ထားပါသည်။ များပြားသည့် စွမ်းဆောင်ရည်များကြောင့် ထိုreactorက ဝန်ပိနေပြီဖြစ်၏။
"ငါအပြင်ကို ပြန်ထွက်နိုင်ရင် reactorပါ အသစ်လဲရမယ်။"
ရုတ်တရက် မက်ဒါနာက ပါးစပ်ပိတ်ထားသော နတ်သမီးထောင်ချောက်ပန်းတစ်ခုကို တွေ့လိုက်ရသဖြင့် အခန်းထဲဝင်ကာ ဓားနှင့်ဆွဲဖြတ်လိုက်သည်။
ခရမ်းရောင်နွယ်ပင်တချို့က ဝင်နှောင့်ယှက်သော်လည်း သိပ်တော့ပြဿနာမရှိခဲ့ပါ။ ပန်းပင်အတွင်းမှ သေလုဆဲဆဲ အသက်ခြောက်ဆယ်အရွယ် အမျိုးသမီးကြီးတစ်ယောက် ထွက်ပေါ်လာသည်။
"Mindful master... မင်းက ပထမမျိုးဆက် A- သူရဲကောင်းပဲ။ မင်းလိုလူက ဘာလို့ဒီလိုကျောင်းလေးတစ်ခုမှာ ကျောင်းအုပ်ဖြစ်နေရတာလဲ။"
ပထမမျိုးဆက် သူရဲကောင်း ၄၇ယောက်တွင် ၈ ယောက်က အမေရိကန်မှဖြစ်သည်။ မက်တယ်ပလာဒင်၊ ကပ္ပတိန်စတိန်မန်း၊ mindful masterတို့မှာ ထိပ်ဆုံးသုံးယောက်ဖြစ်ပြီး နာမည်အကြီးဆုံးဖြစ်ခဲ့၏။
"ငါ့ဆရာက ငါ့ကို ဒီတာဝန်ပေးခဲ့လို့လေ။" ဆံပင်များဖြူဖွေးကာ အိုမင်းမစွမ်းတော့ပြီဖြစ်သော ဟီးရိုးအဖွားအိုက ခေါင်းကိုခါယမ်းပြလိုက်သည်။
"ကောင်မလေး... ငါက သေတော့မယ်အဖွားအိုကြီးပါ၊ ငါ့ဆရာအနားယူပြီးတဲ့နောက် ငါကဒီသင်တန်းကို ထိန်းသိမ်းပေးနေရုံပါပဲ။"
'ကောင်မလေး'ဟု အခေါ်ခံလိုက်ရသောကြောင့် မက်ဒါနာရှက်သွားသည်။ တစ်ကျောင်လုံးကိုပင် အသိစိတ်ဖြန့်ကျက်နိုင်သူ၏ မျက်စိအောက်တွင် မက်ဒါနာ၏ဝတ်စုံက အစစ်အမှန်ရုပ်သွင်ကို ဖုံးကွယ်နိုင်ခြင်းမရှိပါ။
Mindful master၏စကားများကို နားလည်ရန် မခက်လှပေ။ ကပ္ပတိန်စတိတ်မန်းက သူ၏စီနီယာဖြစ်ပြီး ဟီးရိုးတစ်ယောက် သိသင့်သိထိုက်သည်များကို သင်ကြားပေးခဲ့သူဖြစ်ကာ ပထမဆုံးဟီးရိုးသင်တန်းဖြစ်သည့် နယူးယောက်အစိုးရဟီးရိုးကျောင်းကို တည်ထောင်ခဲ့သူဖြစ်၏။
သစ်နွယ်များ ထပ်မံရောက်ရှိလာသဖြင့် မက်ဒါနာက ဓားဖြင့်ဖြတ်ပစ်လိုက်သည်။ မောဟိုက်နေသည့် ဟီးရိုးအိုကြီးကတော့ လက်ဖြင့်အဆောင်တစ်ဖက်ခြမ်းကို ထိုးပြလိုက်၏။
"မင်းရှာနေတဲ့သူက အဆောင်ရဲ့အဆုံးမှာ တိုက်ခိုက်နေတယ်။ ဒါပေမဲ့ ပန်းမြူတန့်ကို အနိုင်မယူဘဲနဲ့တော့ သူ့ကိုကယ်ထုတ်သွားလို့မရဘူး။"
မက်ဒါနာလည်း ခေါင်းညိတ်လိုက်သည်။ လီဆာက ပန်းမြူတန့်၏ပစ်မှတ်ဖြစ်သဖြင့် လွယ်လွယ်နှင့် ခေါ်ထုတ်သွားနိုင်မည်မဟုတ်ပါ။
"ငါနယ်မြေတစ်ခုလုံးကို အာရုံခံကြည့်ပြီးသွားပြီး ကျောင်းဝင်းအလယ်မှာ ပန်းဘုရင်မရှိနေတယ်။ အဲဒီအပင်ကို ဖျက်ဆီးပစ်မှ နယ်မြေတစ်ခုလုံး ပျက်စီးသွားလိမ့်မယ်။"
နယ်မြေအမျိုးအစား မြူတန့်စွမ်းအားများက အားနည်းချက်မရှိသည်တော့မဟုတ်ပါ။ ဗဟိုချက်ကဲ့သို့အရာများ ရှိနေတတ်သည်။ သို့သော်လည်း ပန်းမြူတန့်၏ဗဟိုချက်က ထိုမှထင်ရှားမည်မထင်ခဲ့ပေ။
မက်ဒါနာ ခေါင်းညိတ်လိုက်သည်။ ကျောင်းအုပ်က ဘာမှဆက်မပြောတော့ပါ။ ပြောရန်အားမရှိတော့ဟန်ဖြင့် အသက်ကိုဖြည်းညှင်းစွာရှုရှိူက်ရင်း မြေပြင်ပေါ်တွင် မောဟိုက်စွာလဲလျောင်းနေသည်။ ခရမ်းနွယ်ပင်တချို့က သူ့ခြေထောက်ကို လာရောက်ရစ်ပတ်နေပြီ။
"ဒီကိစ္စပြီးသွားရင်... ဒီကျောင်းကို မင်းကာကွယ်ပေးပါ။ မင်းမှာ မက်တယ်ပလာဒင်နဲ့တူတဲ့ စရိုက်မျိုးရှိတယ်။ မင်းကို ငါမပြောရင်တောင် မင်းက ကာကွယ်ပေးနေဦးမှာပါ။"
ကျောင်းအုပ်က နောက်ဆုံးအနေဖြင့် ရယ်မောလိုက်သည်။ အစကတည်းက သူ့ကိုယ်သူ သေလူဟု ယူဆထားသည့်ပုံပင်။ နွယ်ပင်များက တဖြည်းဖြည်းနှင့် ကျောင်းအုပ်ကိုလုံးဝဖုံးအုပ်သွားသည်။
မက်ဒါနာကတော့ ပြန်လှည့်မကြည့်တော့ဘဲ လီဆာရှိရာသို့ အပြေးသွားလိုက်၏။ အချိန်မလောက်တော့ပေ။ ကျောင်းအုပ်ကို ဝင်တွေ့ခြင်းက နှစ်မိနစ်လောက်ကုန်သွားပြီး ငါးမိနစ်သာ ကျန်တော့သည်။
....
"အဟွက်....အဟွက်...." မွန်းကျပ်လွန်းသည့် အတွက် လီဆာနောက်သို့ပစ်လဲကျသွားပြီး လည်ပင်းကိုကိုင်ကာ အသက်ကိုလုရှူလိုက်သည်။ ချောင်းအနည်းငယ်ဆိုးလိုက်ပြီးနောက် ပါးစပ်မှ သွေးများစည်းကျလာ၏။ လည်ပင်းမှ အပေါက်နှစ်ပေါက်မှ သွေးများအဆက်မပြတ်စီးဆင်းနေပြီး သတိလစ်တော့မလို ခံစားနေရသည်။
လင်းနို့က မျက်လုံးသေကြီးများနှင့် သူ့ကိုစိုက်ကြည့်နေသည့် လီဆာကို လည်ပင်းမှဆုပ်ကိုင်ကာ စင်္ကြန်လမ်းပေါ်သို့ ဆွဲခေါ်သွား၏။ လီဆာ၏ခြေလက်အားလုံးရှိ အရိုးအဆစ်များမှာ တစ်ပတ်လည်နေပြီး အားလုံးကျိုးသွားကြောင်း သိသာနေသည်။
ထို့နောက် လင်းနို့မြူတန့်က ပြတင်းပေါက်မှန်ကွဲရာမှ ပြန့်ကျဲနေသော မှန်စတစ်စကို ကောက်ကိုင်လိုက်ပြီး လီဆာ၏မျက်နှာတွင် ရေးခြစ်ရန်ကြိုးစားလိုက်၏။
ရုတ်တရက် လူပါးစပ်ပုံစံရှိသည့် ပန်းတစ်ပွင့်က ရေညှိတက်နေသည့် နံရံမှကြီးထွားလာပြီး အော်ပြောလိုက်သည်။
"စလေဂါ၊ ကစားမနေနဲ့တော့.. ဟီးရိုးတစ်ယောက် အထဲရောက်နေတယ်။ နောက်လူတွေမရောက်ခင် ငါတို့တပ်ခေါက်ရအောင်။"
စလေဂါက ထိုပန်းပင်ကိုကြည့်လိုက်ပြီး အမြစ်မှဆွဲနှုတ်လိုက်၏။ "အဲဒါက တစ်ယောက်တည်းမဟုတ်လား၊ ကိစ္စမရှိပါဘူး။ ငါသွေးအဝသောက်ချင်နေတာနဲ့ အတော်ပဲ။"
သူ့လက်ထဲမှ လီဆာကတော့ သူတို့ဆီလျှောက်လာသည့် ခြေသံပြင်းပြင်းကို ကြားလိုက်ရသဖြင့် ခေါင်းကို အားတင်းက မော့ကြည့်လိုက်သည်။ ငွေရောင်ချပ်ဝတ်နှင့် စစ်သည်တော်ကို မြင်လိုက်သောအခါတွင် သူ၏ပါးစပ်က လှုပ်ရုံလေး လှုပ်သွား၏။
...
မက်ဒါနာလည်း သူ့ရှေ့မှမြင်ကွင်းကြောင့် မျက်စိကို မှေးထားလိုက်သည်။ လီဆာ၏သွေးများပေကျံနေသော ခန္ဓာကိုယ်လေးကို ကတုံးနှင့်လူက တရွတ်တိုက်ဆွဲလာသဖြင့် ကြမ်းပြင်ပေါ်တွင် သွေးစွတ်ကြောင်းကြီးတစ်ခု ကျန်နေခဲ့၏။ ကလေးတစ်ယောက်ကို ထိုမျှအထိ နှိပ်စက်ထားသောကြောင့် မက်ဒါနာဒေါသအလိပ်လိုက်ထွက်လာပြီး ဓားကိုမြင့်မြင့်မြှောက်ထားလိုက်သည်။
ကတုံးကလည်း မက်ဒါနာကို လှည့်ကြည့်လိုက်ပြီး ရယ်မောလိုက်လေ၏။ "ဒီတော့ မင်းက ဝင်လာတဲ့ဟီးရိုးလား။ စွံမယ့်ပုံမပေါ်ပါဘူး။"
စလေဂါက လီဆာကို စာသင်ခန်းထဲ ပြန်ပစ်ထည့်လိုက်ပြီး အပြေးသမားတစ်ယောက်ကဲ့သို့ ကိုယ်ကိုကိုင်းကာ လက်နှစ်ဖက်ကိုယမ်းပြီး ပြေးလာသည်။
မက်ဒါနာကလည်း ဓားကိုအသင့်ပြင်ကာ ဟန်ချက်မှန်မှန်ဖြင့် ပြေးလာသည်။ မက်ဒါနာ၏သတ္ထုဝတ်စုံမှ တချောက်ချောက်မြည်သံနှင့် စလေဂါ၏ ခြေသံပြင်းပြင်းတို့မှအပ အခြားအရာအားလုံး တိတ်ဆိတ်သွားသလိုပင်။
လူရိပ်နှစ်ခု ပူးကပ်သွားသည်။
ရွှမ်း....။
သတ္ထုချင်း ထိခတ်မိသံနှင့်အတူ မက်ဒါနာက သူ၏ဓားကို အနေအထားပြန်ပြင်ကာ ဘေးတစ်စောင်း လွှဲကိုင်လိုက်သည်။ သွေးတချို့ ပန်းထွက်လာကာ ကြမ်းပြင်ပေါ် ဖြန်းပြီးသားဖြစ်သွား၏။
"အား....အား...."
မက်ဒါနာကို ကျော်လွန်သွားကာ ကျောပေးရပ်နေသော စလေဂါက သူ၏လက်ကိုသူ ပြန်ငုံကြည့်လိုက်ပြီး ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။ လက်ရှိလင်းနို့လက်သည်းများက ကျိုးပဲ့နေပြီး လက်ခုံမှာတစ်စောင်းအနေအထားဖြင့် လှီးဖြတ်ခံထားရကာ လက်မနှင့်လက်ညိုးတို့ ပြတ်ထွက်သွား၏။
"မင်းက လူတစ်ယောက်ကို နှိပ်စက်ပြီးမှ သတ်ရတာ ကြိုက်တယ်မဟုတ်လား။ မင်းနည်းလမ်းနဲ့ မင်းကို ပြန်သတ်ပေးရတာပေါ့။"
တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော မက်ဒါနာထံမှ စကားသံ ထွက်ပေါ်လာသည်။ ဇက်သတ္ထုရေစိမ်ထားသောဓားမှ သွေးများတစ်စက်စီ စီးကျနေသည်။ မက်ဒါနာက ဓားကိုကန့်လန့်ဖြတ် ကိုင်ထားလိုက်၏။ ဓား၏ပြောင်လက်နေသော မျက်နှာပြင်ပေါ်တွင် Silver Knight၏ဝတ်စုံခေါင်းစွပ်က ထင်ဟပ်နေသည်။
မက်ဒါနာက ယနေ့အချိန်ထိ တခြားလူတစ်ယောက်ကို သတ်ချင်စိတ် မဖြစ်ခဲ့ဖူးသေးပါ။ သို့သော် ယခုတစ်ခါတွင်တော့ သူရက်ရက်စက်စက် သတ်ပစ်ချင်လောက်သည့် လူတစ်ယောက်ကို မျက်နှာချင်းဆိုင်နေရပြီဖြစ်၏။
အမှန်တော့ ဝတ်စုံစနစ်တွင် ထိုမြူတန့်ကို တစ်ချက်တည်း သတ်နိုင်သည့်နည်းလမ်းကို ဖော်ပြထားပြီးသားဖြစ်သည်။ 'နှလုံးကို ဖျက်ဆီးရမယ်။' ဟူ၍ပင်။ သို့သော် မက်ဒါနာမလုပ်ချင်သေးပါ။ အပြစ်ကင်းစင်သည့် လီဆာကို လုပ်ခဲ့သည့်အရာများအတွက် အေးအေးဆေးဆေး သေခွင့်ပေးလိုက်ခြင်းက လုံးဝမထိုက်တန်ပေ။
ဓားက နောက်တစ်ကြိမ် လှုပ်ရှားလာပြန်သည်။ ဒီတစ်ခါတော့ စလေဂါက သတိရှိရှိနှင့် ဖြစ်နေပါပြီ။ ဓားသွားကို နောက်သို့ဆုတ်ကာ ရှောင်ရှားလိုက်ပြီး အရိပ်အဖြစ်ပြောင်းလဲကာ မက်ဒါနာ့နောက်သို့ ချက်ချင်းရောက်သွား၏။ ထို့နောက်တွင်တော့ မက်ဒါနာ၏ခေါင်းစွပ်ကို ဆွဲဖြုတ်ရန် သူ့လက်သည်းကို မြှောကိလိုက်သည်။
သို့သော် မက်ဒါနာ၏အားနေသော ညာလက်က မြောက်လာပြီး လျှပ်စစ်ရှော့တိုက်ကွင်းဖြင့် ပစ်၏။ လျှပ်စစ်ကွင်းက စလေဂါ၏လက်မောင်းကို ချိတ်မိသွားပြီး ပြင်းထန်သည့်အရှိန်ကြောင့် ကျောင်းခေါင်မိုးပေါ်သို့ တစ်ခါတည်းမြောက်ပါသွားသည်။
"အား....." ပြင်းထန်လှသော ဗို့စ်အားကြောင့် စလေဂါ၏တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေ၏။ မက်ဒါနာ၏ဓားမှာ စလေဂါ၏လေထဲတွင် မြောက်နေသည့် ခြေထောက်နှစ်ဖက်ကို ခုတ်ဖြတ်ပစ်လိုက်သည်။ သွေးများက ပိုက်ပေါက်သလိုမျိုး စီးကျလာ၏.
"မင်းမှာ လူမဆန်တဲ့ ကုသနိုင်စွမ်း ရှိနေရင်တောင် ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ပြတ်ထွက်သွားရင် ပြန်မကောင်းနိုင်ဘူးမဟုတ်လား။"
မက်ဒါနာက လျှပ်စစ်ရှော့တိုက်ကွင်းကို ပြန်ခေါ်လိုက်သည်။ ယာယီသံလိုက်နည်းပညာကြောင့် သံကွင်းက မက်ဒါနာ၏လက်မောင်းတွင် ပြန်လာချိတ်၏။ စလေဂါလည်း မြေပေါ်ပြုတ်ကျလာသည်။
"ဗ....ဗီးနပ်စ်... ငါ့ကိုကယ်ပါ...." စလေဂါက လက်ကိုမြှောက်လိုက်ပြီး ပြင်ပတွင်ရှိနေသည့် ပန်းမြူတန့်ကို အကူအညီတောင်းရန် ကြိုးစားလိုက်၏။ သို့သော် ငွေရောင်စစ်သည်၏ဓားက နောက်တစ်ကြိမ် မြောက်တက်လာပြန်ပြီ။
ဒီတစ်ခါတော့ ခေါင်းကိုဖြစ်၏။ စလေဂါ၏ခေါင်းက ခန္ဓာကိုယ်မှ ကျွတ်ထွက်သွားကာ ကြမ်းပေါ်ပြုတ်ကျသွားသည်။ ခေါင်းမရှိတော့သည့် ခန္ဓာကိုယ်ကြီးကတော့ သွေးများကို ဖောင်တိန်ထိပ်ပြတ်ထွက်သွားသကဲ့သို့ အန်ထုတ်နေ၏။ မက်ဒါနာက ခေါင်းပြတ်ကြီးနား လျှောက်သွားလိုက်ပြီး နားရွက်မှ ဆွဲမလိုက်သည်။
"မင်းက ဗန်ပိုင်းယားအစစ်မဟုတ်ပေမဲ့ ခေါင်းပြတ်တာတောင် မသေသေးဘူးပဲ။ ဒါပေမဲ့...."
မက်ဒါနာက စလေဂါ၏ခေါင်းကိုမြှောက်ကာ ကြမ်းပြင်ပေါ်မှာ လဲကျနေသည့် ခေါင်းမရှိတော့သော ခန္ဓာကိုယ်အပြတ်ကြီးကို အနီးကပ်ပြလိုက်သည်။
"နှလုံးမပျက်စီးရင် မင်းက မသေနိုင်ဘူးဆိုတော့ ခေါင်းအသစ် ပေါက်လာနိုင်သေးတယ်မဟုတ်လား။ ငါသိချင်တာက... အသစ်ပေါက်လာတဲ့ခေါင်းမှာ မင်းရဲ့အသိစိတ် ရှိနေမလား... တခြားတစ်ယောက်ဖြစ်နေမလား ဆိုတာပဲ။"
ခေါင်းပြတ်ကြီးက အော်ရန်ကြိုးစားလိုက်သော်လည်း ဘာသံမှထွက်လာ။ သူ့တွင် ပါးစပ်၊ အာသီး၊လျှာနှင့် တခြားစကားပြောနိုင်သော အင်္ဂါများ ပါသည့်တိုင်အောင် လေထုတ်ပေးမည့် အဆုတ်ကတော့ ခန္ဓာကိုယ်တွင် ကျန်နေခဲ့လေသည်။
ရွှမ်း....။
ငွေရောင်စစ်သည်၏လက်ထဲမှဓားက လင်းနို့မြူတန့်၏ဘယ်ဖက်ရင်အုံကို ထိုးစိုက်လိုက်၏။ သွေးများပန်းထွက်လာပြီးနောက် နှလုံးတစ်ခုလုံး တစ်စီပေါက်ကွဲထွက်သွားသည်။ အသက်ရှင်နေသေးသည့် ခေါင်းပြတ်ကြီးရှိ မျက်သူငယ်အိမ်မှာလည်း ဘာကိုမှ မမြင်နိုင်တော့သည့်အလား ကျယ်ပြန့်သွား၏။
စလေဂါ၊ သေသွားပြီ။
ရုတ်တရက်ဆန်လွန်းသည့် အဖြစ်အပျက်ကြောင့် မှင်သက်နေမိပြီး အပြင်မှာရှိနေသည့် ဗီးနပ်စ်မှ ဘာကိုမှ မတုံ့ပြန်နိုင်လိုက်ပါ။ အားလုံးပေါင်း တစ်မိနစ်တောင် မပြည့်လိုက်ပေ။
မက်ဒါနာက လီဆာ့အနားတွင် ဒူးထောက်ချလိုက်ပြီး လီဆာ၏လိမ်ကောက်နေသော လက်တစ်ဖက်ကို ကိုင်လိုက်သည်။ လီဆာ၏မျက်လုံးများထဲတွင် မျက်ရည်များ ပြည့်လာ၏။
"အစ်မ နောက်ဆုံးတော့ ရောက်လာပြီပေါ့....."
"ရှူး... နည်းနည်းတော့ နာလိမ့်မယ်... ငြိမ်ငြိမ်နေ။" မက်ဒါနာက နေရာလွဲနေသည့် တံတောင်ဆစ်ကို ပြန်တည့်မတ်ပေးလိုက်သည်။ နာကျင်မှုကြောင့် လီဆာလည်း အော်ဟစ်လိုက်ရ၏။
မက်ဒါနာကတော့ ပန်းမြူတန့်ကို လုံးဝဂရုမစိုက်ဘဲ လီဆာ၏အဆစ်များအားလုံးကို ပြန်တည့်ပေးခဲ့သည်။ လီဆာတွင် သူမတူသော ပြန်လည်ကောင်းမွန်နိုင်စွမ်းကြောင့် လောလောဆယ် လှုပ်နိုင်ဦးမည်မဟုတ်သော်လည်း အဆစ်များပြန်တည့်မတ်ပေးထားခြင်းဖြင့် ပြန်လည်ကောင်းမွန်နိုင်စွမ်းကို များစွာအထောက်အကူဖြစ်စေမည်ဖြစ်၏။
"အစ်မ... ပန်းမြူတန့်က အစွမ်းထက်လွန်းတယ်... အစ်မမလုပ်နိုင်လောက်ဘူး။"
မက်ဒါနာကတော့ ဘာကိုမှ ဆက်မပြောတော့ပေ။ ဘေးနားတွင်ချထားသည့်ဓားကို လက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး ထရပ်လိုက်သည်။ သူ့မျက်လုံးများကတော့ ပြတင်းပေါက်မှ လှမ်းမြင်နေရသည့် အသားစားပန်းဘုရင်မထံတွင်ဖြစ်၏။
"မင်းစောင့်နေစရာမလိုတော့ဘူး... ငါမင်းကို စိန်ခေါ်ဖို့ အသင့်ဖြစ်ပြီ။"
"ဟားဟားဟား... သတ္တိရှိတဲ့ လူငယ်လေးပဲ၊ ငါမင်းလိုလူမျိုးကိုကြိုက်တယ်...." မိန်းမတစ်ယောက်၏ရယ်သံက သေမင်းတောအုပ်နယ်မြေတစ်ခုလုံးတွင် ပြန့်နှံလာသည်။ ရုတ်တရက်ပင်မကျောင်းဆောင်ကြီးတစ်ခုလုံး လှုပ်ခါသွားပြီး မြေပြင်မှ ကြွတက်လာ၏။
အပြင်ဖက်မှကြည့်မည်ဆိုပါက ခရမ်းရောင်နွယ်ပင်များက T ပုံစံ ကျောင်းအဆောက်အဦးကြီးကို လေပေါ်ပင့်တင်သွားသည်ကို မြင်ရပေလိမ့်မည်။
မက်ဒါနာကတော့ ပြတင်းပေါက်အပြင်ဖက်မှ မြင်ကွင်းကိုသာ အေးစက်စက်ဖြင့် စောင့်ကြည့်နေသည်။ သူတို့က မြေမျက်နှာပြင်မှ တဖြည်းဖြည်းမြင့်တက်လာပြီး အသားစားပန်းဘုရင်မ၏ပန်းဖူးနှင့် တန်းတူသည်အထိ မြင့်သွားသည်။
ကျီ....ကျီ.... သံတိုင်များ ကွေးညွှတ်သွားသည့် အသံနှင့်အတူ ကျောင်းခေါင်မိုးကြီးတစ်ခုလုံး ပြုတ်ထွက်သွားကာ ကျောင်းအဆောက်အဦးတစ်ခုလုံး ဟာလာဟင်းလင်းဖြစ်သွား၏။ အဆောင်တစ်ခုလုံး လှုပ်ခါနေသောကြောင့် လီဆာပြုတ်ကျမသွားစေရန် မက်ဒါနာက ထိန်းပေးထားရသည်။
ခေါင်မိုးမရှိတော့သည့်နောက်တွင် ပန်းပွင့်ကြီးကို အနီးကပ် ရှင်းလင်းစွာ မြင်လိုက်ရ၏။ သူတို့က ပွင့်ချပ်တစ်ခုနှင့် နီးကပ်စွာရှိနေပြီး လွန်စွာလှပသည့် အမျိုးသမီးတစ်ယောက်က သူတို့ထံသို့ လျှောက်လာနေသည်။
"ဟီးရိုး... နင်ငါ့ကိုမနိုင်ရင် ဘာဖြစ်မလဲဆိုတာ သိပါတယ်နော်။ အခုနေ ကောင်မလေးကိုထားခဲ့ပြီး ပြန်ထွက်သွားမယ်ဆိုရင် နင်အသက်ရှင်လိမ့်မယ်။"
၂။
တိုက်ပွဲစသည်နှင့် မက်ဒါနာမှာ ဧရာမပန်းပွင့်ကြီး၏ ရိုက်ချမှုကြောင့် လေထဲလွင့်ထွက်သွားသည်။ မက်ဒါနာ သတိပြန်ဝင်လာပြီးနောက် သတိထားမိသည့် တစ်ခုတည်းသောအရာမှာ အဆက်မပြတ်မြည်နေသော သတိပေးသံများနှင့် ဆက်တိုက်ပြောင်းလဲနေသော မြင်ကွင်းများဖြစ်၏။
[သတိ - လေထုထဲတွင် ဇောက်ထိုးအနေအထားဖြင့် ပြုတ်ကျနေပါသည်။ ချက်ချင်းအနေအထားပြင်ပါ။]
မက်ဒါနာက လေထဲတွင် ကိုယ်ကိုကျွမ်းကျင်စွာလှည့်လိုက်ပြီး မြေပြင်ပေါ်သို့ Superhero landingပုံစံမျိုးဖြင့် ဆင်းလိုက်နိုင်သည်။ သူ့လက်စွဲတော် ဓားပြားကြီးကတော့ သူနှင့်သုံးပေလောက်အကွာသို့ ပြုတ်ကျလာပြီး ဓားဦးကမြေကြီးထဲ စိုက်ဝင်သွား၏။
မက်ဒါနာက ဖြည်းဖြည်းချင်း ပြန်ရပ်လိုက်သော်လည်း သူ၏ခြေကျင်းဝတ်မှ နာကျင်မှုကို ခံစားလိုက်ရပြီး ဟန်ချက်ပျက်တော့မလို ဖြစ်သွားသည်။ စနစ်၏သတိပေးချက်က ချက်ချင်းဝင်လာ၏။
[သတိ - ဝတ်ဆင်သူ၏ ညာဖက်ခြေကျင်းဝတ် ဆိုးဝါးစွာ ထိခိုက်ထားပါသည်။ ဟန်ချက်ထိန်းနိုင်ရန် ခက်ခဲသွားပါပြီ။]
"စနစ်၊ Void stream Modeကို ဖွင့်ပြီးတော့ ကျားကန်ပေးထားပါ။"
[သတိ - စွမ်းအင် ၄၂ ရာခိုင်နှုန်းသာ ကျန်ပါတော့သည်။ Void Stream Modeက စွမ်းအင်ကုန်ဆုံးမှုကို လျင်မြန်စေပါလိမ့်မည်။]
မက်ဒါနာက လေထုထဲတွင် ပြန့်နှံနေသော ဓာတ်ငွေ့များနှင့် သူ၏ဓာတ်ငွေ့ကာစနစ်ကို ကြည့်လိုက်သည်။ သုံးမိနစ်သာ အချိန်ရတော့သည်မဟုတ်လား။
"ဖွင့်ထုတ်လိုက်တော့။"
[တာဝန်ကို လက်ခံဆောင်ရွက်နေပါသည်။] မက်ဒါနာ၏ဝတ်စုံရှိ ကြွက်သားတုများက စတင်ကျယ်ပြန့်လာပြီး သမိုင်းထဲရှိ ထိပ်တန်းစစ်သည်တော်တစ်ဦး၏ သံချပ်ဝတ်ကဲ့သို့ ထင်ရသည်။ မက်ဒါနာကိုယ်တိုင်ကလည်း တိုးမြင့်လာသည့် စွမ်းအားများကို ခံစားမိနေ၏။
[Void Stream Mode ဖွင့်လှစ်ခြင်းပြီးစီး။ ခုခံနိုင်စွမ်း၊ မြန်နှုန်း၊ ခွန်အား တို့အားလုံး ထိပ်တန်း B+ အဆင့်သို့ ရောက်ရှိ။ ကြာချိန် - ၅ မိနစ်]
"လိမ့်လိုက်ရအောင်...." မက်ဒါနာက မြေပြင်တွင် စိုက်ဝင်နေသည့် ဓားပြားကြီးကို ဆွဲထုတ်လိုက်ရာ မြေကြီးတချို့ ဖြာထွက်လာသည်။ ထို့နောက်တွင် တော့ စပြေးရန်အတွက် ခြေကိုရှေ့သို့လှမ်းလိုက်ရာ သူခြေချထားသော ကွန်ကရစ်ကြမ်းပြင်မှာ ချက်ချင်းအက်ကွဲကြောင်းများပေါ်လာ၏။
"အားဟားဟား... နင့်နာမည်က Silver Knight မဟုတ်လား။ နင့်မှာဝှက်ဖဲတွေတော့ ရှိသားပဲ။"
ယင်ဖမ်းနွယ်ပင်အနည်းဆုံး လေးဆယ်ခန့်က မက်ဒါနာဆီသို့ ရေဘဝဲလက်တံများအနက် ပြေးထွက်လာသည်။ မက်ဒါနာက ဓားကိုလက်နှစ်ဖက်ဖြင့် သေချာဆုပ်ကိုင်လိုက်ပြီး သာမန်လူတစ်ယောက် မည်သို့မှလွှဲယမ်းနိုင်မည်မဟုတ်သည့် မြန်နှုန်းမျိုးဖြင့် ဆက်တိုက်ခုတ်ချလိုက်၏။
နွယ်ပင်များမှ ကျဆင်းလာသည့် အစိမ်းရောင်အပင်ရည်များက ဝတ်စုံတစ်ခုလုံးတွင် စိုရွဲနေပြီး ငွေရောင်စစ်သည်ဝတ်စုံက မည်သည့်ပြဿနာမှမရှိဘဲ ဆက်တက်လာနေသည်။
ပန်းပွင့်ကြီးပေါ်တွင်ရှိနေသော မိန်းမပျိုက ရယ်မောလိုက်ပြီး သူ၏လက်ညိုးကို မြောက်လိုက်သည်။ လီဆာ၏ခန္ဓာကိုယ်လေးကို နွယ်ပင်တချို့က ရစ်ပတ်ထားပြီး သူ့အနားသို့ ပို့ဆောင်ပေးလိုက်၏။
"ကောင်းပြီဟီးရိုး၊ ငါ့တာဝန်က ဒီမိန်းကလေးကို ခေါ်သွားရုံပဲ။ တခြားဟီးရိုးတွေ ရောက်မလာသေးခင်တော့ နင်နဲ့ခနလောက် ကစားလို့ရဦးမှာပါ။"
မက်ဒါနာက ထိုအမျိုးသမီးကို မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်သည်။ ထို့နောက် သူ့ဓားကိုနောက်သို့ရွယ်ကာ ကိုယ်ကိုမြားတစ်စင်းကဲ့သို့ ကိုင်းညွှတ်လိုက်၏။ ကိုယ်ကို ကိုင်းညွှတ်ခြင်းအားဖြင့် အကူကြွက်သားတုများကို ဖိအားပေးလိုက်သကဲ့သို့ ဖြစ်သွားမည်ဖြစ်ကာ ပြန်ကန်အားဖြင့် ပိုမိုမြန်ဆန်သော အမြန်နှုန်းနှင့်ခွန်အားကို ထုတ်ဖော်နိုင်သည်။
ဝုန်း....။
လေတိုးသံတစ်ချက်နှင့်အတူ ငွေရောင်အလင်းတန်းတစ်ခုက သေမင်းတောအုပ်အတွင်း ဖြတ်သန်းသွားသည်။ နတ်သမီးထောင်ချောင်ပင်များ၊ ယင်ကောင်ဖမ်းပင်များနှင့် ရေခရားပင်များမှာ လေမုန်တိုင်းဝင်တိုက်ခံရသကဲ့သို့ တစ်စစီဖြစ်သွားပြီး လေထဲပြန့်ကျဲကုန်၏။
ငွေရောင်အလင်းတန်းက မီတာငါးဆယ်အကွာတွင် ပြန်ပေါ်လာသည်။ ဓားကိုတော့ အပေါ်ပင့်ခုတ်ချက်အနေအထားဖြင့် ခုတ်ပိုင်းထားပြီးဖြစ်ကာ ဓားကိုအသင့်အနေအထားဖြစ်အောင် ပြန်ဆွဲယူလိုက်သည်။
သူတို့နှစ်ယောက်ကြားတွင် ရှိနေသည့်အကွာအဝေးကို တစ်ဖက်ပြန်သုံးသပ်ပြီးနောက်....
"မလုံလောက်သေးဘူး...." နောက်တစ်ခါပြန်အားစုလိုက်၏။ ဧရာမပန်းပင်ကြီးထိပ်တွင်ရှိနေသည့် အမျိုးသမီးကတော့ တဖြည်းဖြည်းနီးကပ်လာနေသော ငွေရောင်စစ်သည်ကိုကြည့်ကာ မျက်နှာမကောင်းတော့ပေ။
"သေစမ်း... သူအဲဒီလိုလုပ်လိုက်တာနဲ့ B+ အမြန်နှုန်းဟီးရိုးတစ်ယောက်လို မြန်သွားတာလား...လုံးဝမမျှတဘူး။"
ဗီးနပ်စ်က အံ့ကိုတင်းတင်းကြိတ်လိုက်သည်။ သစ်ပင်များ၏ သွေးစုပ်ယူသည့်နှုန်းက သိသိသာသာ ပိုမြန်လာသည်။ သစ်ပင်အများအပြား ပေါက်ရောက်လာပြီးနောက် ငွေရောင်စစ်သည်တော်ကို အပြင်းအထန်နှောင့်ယှက်ကြ၏။
နောက်ဆုံးတွင်တော့ ငွေရောင်စစ်သည်က သူ၏တွက်ချက်နိုင်စွမ်းကို အသုံးပြုကာ နွယ်ရှင်များ၏ရိုက်ပုတ်မှုမှ အားကိုသုံးကာ ပန်းပွင့်ကြီးပေါ်သို့ ပြန်ရောက်လာသည်။
အစအဆုံး တစ်မိနစ်အထိသာ ကြာလိုက်၏။
မက်ဒါနာက အဖြူရောင်ပန်းပွင့်ကြီးပေါ် ခြေချလိုက်ပြီး ပန်းပွင့်မြူတန့်၏ခေါင်းကို ဖြတ်ချလိုက်သည်။ သို့သော် ထိုမန်းကလေး၏ခန္ဓာကိုယ်က ပန်းနွယ်ပင်များအဖြစ် ပြောင်းလဲပျောက်ကွယ်သွားပြီး နောက်ဆုံးအနေဖြင့် နားလည်ရခက်သည့် အပြုံးကိုသာ မြင်လိုက်ရ၏။
"မကောင်းတော့ဘူး။" ပန်းပင်၏ဝတ်ဆံမှ အနီရောင်နွယ်လက်တံများက လီဆာကိုဆွဲခေါ်သွားပြီး ဝတ်ဆန်တွင်းထဲသို့ ဆွဲချသွားသည်။ မက်ဒါနာက လိုက်သွားရန် ကြိုးစားသော်လည်း ရုတ်တရက် ပွင့်ချပ်ကြီးများက ပြန်စေ့သွားပြီး ပန်းဖူးအတွင်းတွင် သူပိတ်မိသွား၏။ တဖြည်းဖြည်းနှင့် ပန်းဝတ်ဆံအိမ်များအတွင်းမှ ချွဲပစ်သော အစိမ်းရောင်အရည်များ ထွက်လာပြီး ပန်းဖူးအတွင်းရှိ ရေမျက်နှာပြင်က မြင့်တက်လာသည်။
[သတိ - ပန်းဘုရင်မ၏ အစာခြေအက်စစ်များနှင့် ဝတ်စုံထိတွေ့မိနေပါသည်။ အားပြင်းအက်စစ်ဖြစ်ပြီး ဇက်သတ္ထုကိုပင် နာရီဝက်အတွင်းအရည်ဖျော်ပစ်နိုင်။]
မက်ဒါနာက ဓားကိုမြှောက်လိုက်ပြီး ဝတ်စုံ၏မောင်းနှင်စနစ်ကို ပြောလိုက်၏။
"အားကုန်သုံးပြီး ဒီပန်းပင်ကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်စမ်း...."
[သတိ - လက်ကျန်စွမ်းအင် အားလုံးနီးပါးကို အသုံးပြုရပါမယ်။]
"သုံးလိုက်...."
ဝတ်စုံ၏စွမ်းအင်က နောက်တစ်ကြိမ်မြင့်တက်လာသည်။ ဒီတစ်ခါတော့ ဝတ်စုံက များပြားသည့်စွမ်းအားများကို တောင့်မခံနိုင်တော့ဟန်ဖြင့် စွမ်းအင် Core ထည့်သွင်းထားသော ရင်ဘတ်နေရာမှာ နီရဲလာ၏။ မက်ဒါနာလည်း ဝတ်စုံတွင်း မြင့်တက်လာသည့် အပူချိန်ကို ကောင်းကောင်းခံစားမိသည်။ သူ့အရေပြားများပင် လောင်ကျွမ်းစပြုလာပြီဖြစ်၏။
"ယား...." ဓားကိုလက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီးနောက် ဝတ်ဆံအိမ်များအတွင်းသို့ ထိုးစိုက်ချလိုက်သည်။ ထို့နောက်ဓားကိုအလျားလိုက်ဆွဲကာ စက်ဝိုင်းပုံစံ ပတ်ပြေးလိုက်၏။
ပန်းပွင့်ကြီး၏ပွင့်ချပ်များအားလုံး ဖြတ်ချခံလိုက်ရသလို ဖြစ်သွားပြီးနောက် မက်ဒါနာက ရူးသွပ်နေသူတစ်ဦးအလား ဓားပြားကြီးဖြင့် ပင်စည်တစ်ခုလုံးကိုပါ ပိုင်းချလိုက်သည်။
ပင်စည်တစ်နေရာတွင် လီဆာနှင့်အတူရှိနေသည့် ဗီးနပ်စ်ကတော့ အကြီးအကျယ်ထိတ်လန့်သွားသည်။
"သူလုံးဝကို ရူးသွားပြီ..." ဗီးနပ်စ်က နာကျင်မှုကို တောင့်ခံရင်း ပင်စည်ထဲတွင် သူဖြန့်ကျက်ထားသည့် အသက်ပင်စည်အားလုံးကို ဆွဲထုတ်ပစ်လိုက် ၏။
အသားစားပန်းဘုရင်မအတွင်းသို့ သူ၏အသက်ပင်စည်အမြစ်များကို ထိုးသွင်းထားသောကြောင့် သူ၏ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုပမာဖြစ်နေပြီး မက်ဒါနာ၏ဓားချက်များကြောင့် သူ့ဦးနောက်ထဲသို့ နာကျင်မှုက အချက်ပြအဖြစ် ရောက်လာသည်။ ကြာရှည်ဆက်ထိန်းချုပ်နေပါက သူကိုယ်တိုင်ပင် နာကျင်မှုကြောင့် သေဆုံးသွားနိုင်၏။
လက်တွင် ပြန်မဝင်တော့သော အမြစ်များကို ကြည့်လိုက်ပြီးနောက် ဗီးနပ်စ်က ခေါင်းကိုခါယမ်းလိုက်သည်။
"အမြစ်တွေက ပိုပိုများလာတာပဲ။" ဒါက လူလုပ်မြူတန့်များ၏ကျိန်စာတစ်ခုဖြစ်ကာ နောက်ဆုံးတွင် ဗီးနပ်စ်သည်လည်း လူသားအဖြစ်မှ အပင်အဖြစ်ပြောင်းသွားကာ သေဆုံးသွားမည့်ဘေးမှ ပြေးမလွတ်ပေ။ ထိုဘေးမှ လွတ်ရန်အတွက် သူတို့နည်းပညာကို ပြီးပြည့်စုံအောင်လုပ်ရန်လိုပြီး တစ်ခုတည်းသော မျှော်လင့်ချက်က လီဆာဖြစ်၏။
လက်မှအမြစ်များကို နာကျင်စွာနှင့်ဆွဲနုတ်ပြီးနောက် နွယ်ကြိုးများဖြင့်တုပ်နှောင်ခံထားရသည့်လီဆာကို ဆွဲခေါ်ကာ ပန်းပင်ထဲမှ ထွက်ပြေးလိုက်သည်။
....
သတင်းဌာန ရဟတ်ယာဥ်ပေါ်မှ သတင်းထောက်များကတော့ အူမြူနေကြသည်။ သူတို့သိသည်က မက်ဒါနာတစ်ယောက် ဧရာမပန်းပင်ကြီးကို ဖျက်ဆီးပစ်လိုက်ခြင်းကိုသာမဟုတ်လား။
"သူဖျက်ဆီးလိုက်ပြီ... မြို့တော်ရဲ့သူရဲကောင်း Silver Knightက အကြီးဆုံးနွယ်ရှင်ပင်ကြီးကို ဖျက်ဆီးပစ်လိုက်ပါပြီ။ တောအုပ်ထဲက နွယ်ပင်တွေလည်း သေတော့မလိုဖြစ်နေပါပြီ။"
....
ဟုတ်ပေသည်၊ ထိန်းချုပ်သူ ထွက်ပြေးသွားပြီးနောက်တွင် သစ်တောထဲရှိ အပင်များအားလုံးက အသက်ရှူမဝတော့သည့် လူများနှယ် ဆန့်တငင်ငင်ဖြစ်ကုန်ပြီး စက္ကန့်ပိုင်းအတွင်း သေဆုံးကုန်ကြသည်။
ဗီးနပ်စ်ကတော့ လီဆာကိုဆွဲခေါ်ရင်း ကျောင်းဝင်း အပြင်ဖက်သို့ပြေးနေသည်။ ရုတ်တရက် ငွေရောင်စစ်သည်တော်က မြေပြင်ပေါ်သို့ ဆင်းသက်လာသည်။ မြေပြင်တစ်ခုလုံးအက်ကွဲသွားပြီး သူ့လက်ထဲတွင်တော့ ငွေရောင်တောက်ပြောင်နေသည့် ဓားကြီးကိုမြင်နေရ၏။
ဗီးနပ်စ်သေမတတ် လန့်သွားသည်။ ငွေရောင်စစ်သည်၏ခေါင်းစွပ်မှ အပြာရောင်စက်ရုပ်မျက်လုံးများကို မြင်ရသောအခါတွင် သူ့နှလုံးထဲ အသည်းထဲအထိ အေးစိမ့်သွားသည်။ ဝိညာဥ်နုတ်ယူတော့မည့် သေမင်းကို မြင်လိုက်ရသူလိုမျိုး။
သို့သော် ငွေရောင်တောက်ပနေသောဓားက ရုတ်တရက် အက်ကြောင်းများပေါ်လာပြီး တစ်စစီကွဲအက်ကာ ကြွေကျသွားသည်။ ငွေရောင်ဝတ်စုံမှ အပြာရောင်မျက်လုံးများကလည်း မှေးမှိန်လာ၏။
ဝတ်စုံတွင်းမှ မက်ဒါနာကတော့ အံ့ကိုတင်းတင်းကြိတ်ထားရာ သွေးစတချို့ပင် စီးကျလာသည်။
[သတိ - ဝတ်စုံစွမ်းအား ကုန်ဆုံးသွားပါပြီ။]
Void stream နည်းပညာက ထောက်ပံပေးမည့် Fusion စွမ်းအင်မရှိတော့သဖြင့် ပြန်လည်ပျော့ပြောင်းသွားပြီး ခြေကျင်းဝတ်ထိခိုက်ထားသော မက်ဒါနာမှာ မက်တပ်ပင် ဖြောင့်ဖြောင့်မရပ်နိုင်တော့ဘဲ ဒူးတစ်ဖက်ထောက်ကျသွား၏။
ဓားမှာလည်း စုတ်ပြတ်နေသော လက်ကိုင်သာ ကျန်နေခဲ့သည်။ ဇက်စတီးအစစ်မဟုတ်၍ ထိုမျှပြင်းထန်သော အသုံးပြုသည့်နည်းလမ်းကို တောင့်မခံနိုင်ခဲ့ခြင်းဖြစ်၏။ အသားစားဘုရင်မပန်းပွင့်ကြီး၏အသားက ကမ္ဘာပေါ်မှာ အမာဆုံးသစ်သားများထက်ပင် ပိုမာသည်။ ဓားရှည်တစ်လက်က သစ်ခုတ်ဖို့ ပြုလုပ်ထားခြင်းမဟုတ်ပေ။ စစ်သည်ကိုင်ဓားရှည်က ဓားမော့များနှင့်ယှဥ်လျှင် ဒဏ်ခံနိုင်မှုပိုင်း၌ တစ်ဆင့်နိမ့်ကျနေသည်။
"ဪ... ငါက နင်တကယ်ကြီး ဒီကောင်မလေးကို ငါ့လက်ထဲက ခေါ်သွားနိုင်မယ်ထင်နေခဲ့တာ၊ ကြည့်ရတာ နင်မလုပ်လိုက်နိုင်ဘူးထင်တယ်။"
အထင်သေးမှုကြောင့် ဗီးနပ်စ်၏မျက်လုံးများက မှေးစင်းသွားသည်။ မက်ဒါနာကတော့ လေးလံလွန်းတဲ့ ဝတ်စုံကြောင့် ဒူးနှစ်ဖက်လုံးအပြည့်ထောက်လိုက်ရပြီး အသက်ကိုမနည်းလုရှူနေရ၏။ Silver Knightဝတ်စုံက သာမန်အလယ်ခေတ်စစ်သည်ဝတ်စုံများထက်ပင် ပိုမိုလေးသည်။ Void Streamထောက်ပံမှုမပါပါက မက်ဒါနာအနေဖြင့် တစ်လက်မပင် ရွေ့အောင်မလုပ်နိုင်ပါ။
တခြားဟီးရိုးများ ရောက်မလာသေးသောကြောင့် ဗီးနပ်စ်က ရယ်မောလိုက်ပြီး သူ၏အခြားလက်တစ်ဖက်ကို ယင်းစားနွယ်ပင်အဖြစ် ပြောင်းလဲလိုက်ပြီး မက်ဒါနာကို ရစ်ပတ်လိုက်သည်။
"နင့်ကို အသက်ရှင်ခွင့်ပေးလို့မရဘူး။ နင်သေမှဖြစ်မယ်။" ဗီးနပ်စ်၏မျက်လုံးများက တောက်ပလာပြီး သူ၏သွားချွန်ချွန်များရှိသော ပါးစပ်ကိုဟလိုက်ရာ သွားရည်များက မေးစေ့ပေါ်အထိ စီးကျလာ၏။
"မလုပ်ရဘူး...." လီဆာက အားကုန်သုံးပြီးရုန်းကန်လိုက်သဖြင့် ဗီးနပ်စ်၏ခန္ဓာကိုယ်ယိမ်းယိုင်သွားသည်။ သို့သော်ဗီးနပ်စ်ကိုယ်တိုင်က လွန်စွာအားကြီးပေ၏။ လီဆာ၏ခန္ဓာကိုယ်ရှိ နွယ်ကြိုးများကို အားဖြည့်ရန်အတွက် သူ၏ကျန်လက်တစ်ဖက်ကိုပါ နွယ်ပင်များအဖြစ် ပြောင်းလဲလိုက်သည်။
ရုတ်တရက် လီဆာ၏ကျော၌ ဒဏ္ဍာရီလာနဂါးတစ်ကောင်၏တောင်ပံများနှင့်တူသော အတောင်တစ်စုံ ထွက်ပေါ်လာပြီး နွယ်ကြိုးများကို ပျက်စီးသွားစေသည်။
"နင်... အဆင့်တက်သွားတာလား။" ဗီးနပ်စ်က တအံ့တဩဖြင့် ကြည့်လိုက်၏။ လီဆာက ပိုကြီးလာတဲ့ အတောင်ပံကို အားကုန်ခတ်လိုက်ရင်း ဗီးနပ်စ်ကို ကိုယ်လုံးဖြင့် ဝင်တိုက်ပစ်လိုက်သည်။
ပြင်းထန်သောအားကြောင့် ဗီးနပ်စ်တစ်ကိုယ်လုံး ကြေမွသွားသလို ခံစားလိုက်ရ၏။ လီဆာကို ကိုင်တွယ်ရန်အတွက် ဗီးနပ်စ်က မက်ဒါနာကိုရစ်ပတ်ထားသည့် လက်ကိုပြန်ဖြေလိုက်ကာ လီဆာကို ဖမ်းချုပ်ထားလိုက်သည်။
ယင်စားနွယ်ပင်များက လီဆာ၏လည်ပင်းကို တင်းတင်းညှစ်ထားသောကြောင့် လီဆာမှာအသက်ပင် မရှူနိုင်တော့ပေ။
"ကောင်မလေး၊ နင်က တအားပုန်ကန်ချင်နေတာလား။ နင့်ကို ငါမသက်ရဲဘူးထင်နေတာလား။" လီဆာ၏ခန္ဓာကိုယ်တွင် စိမ်းညို့ညို့ရောင်သန်းနေသည့် အကြေးခွံတချို့ပေါ်လာပြီး မျက်လုံးအိမ်များက ဒေါင်လိုက်ဖြစ်နေပြီဖြစ်၏။ ချိုများကလည်း ပိုရှည်ထွက်လာပြီး ခန္ဓာကိုယ်အရွယ်အစားမှာလည်း ပိုမိုကြီးမားလာကာ သေးငယ်သည့်ကလေးမလေး၏ခန္ဓာကိုယ်တွင် ကြွက်သားတချို့ပင် ထွက်လာသေးသည်။
လီဆာက ဗီးနပ်စ်၏လက်မှ အပြင်းအထန်ရုန်းကန်နေသော်လည်း ဗီးနပ်စ်၏ယင်စားနွယ်သဏ္ဍာန် ပြောင်းထားသောလက်များက အလွန်ခိုင်မာလွန်း၏။ လီဆာ၏သွေးများ တဖြည်းဖြည်းနှင့် ဗီးနပ်စ်ထံရောက်သွားသည်ကိုပင် မက်ဒါနာမြင်နေရသည်။
မက်ဒါနာ၏မျက်လုံးများက ဒေါသကြောင့် နီရဲနေသည်။ သူက မရအရ လက်ကိုမြှောက်လိုက်၏။ သူ၏မျက်လုံးများအတွင်းမှ တဖြည်းဖြည်းချင်း ငွေရောင်အလင်းတန်းများ တောက်ပလာသည်။
လေထုထဲတွင်တော့ သတင်းဌာန ရဟတ်ယာဥ်က
ငွေရောင်တစ်ချက်တောက်ပသွားပြီး ယိမ်းထိုးလာ၏။ ပိုင်းလော့ဖြစ်သူက အားလုံးကို သတိပေးလိုက်သည်။
"မကောင်းတော့ဘူး... ရဟတ်ယာဥ်က ရုတ်တရက်ကြီး ထိန်းချုပ်လို့မရတော့ဘူး။ ဆင်းကြ...."
ကံကောင်းစွာဖြင့် ရဟတ်ယာဥ်က အကြောင်းမဲ့ ခတ္တနိမ့်ဆင်းသွားသောကြောင့် သူတို့ဒဏ်ရာသိပ်မရဘဲ ဆင်းလိုက်နိုင်၏။ မဟုတ်ပါက လေထီးမပွင့်နိုင်သော အမြင့်တွင်ဖြစ်သောကြောင့် သေရန်သာရှိသည်။
တစ်ချိန်တည်းမှာပင် ထူးဆန်းစွာဖြင့် လမ်းကြောင်းပြောင်းလာသော ရဟတ်ယာဥ်ကြောင့် ဗီးနပ်စ်မျက်နှာပျက်သွားကာ ငွေရောင်အလင်းတန်းများဖြင့် တောက်ပနေသော Silver Knightကို ကြည့်လိုက်၏။
"နင်... နင်လုပ်လိုက်တာလား... နင်က နည်းပညာအားကိုးနေတဲ့ သာမန်လူမဟုတ်ဘူးလား။"
"ဒါကို Techno telekinesis လို့ခေါ်တယ်။ ခွေးမရဲ့။"
မက်ဒါနာက သွားကြားထဲမှလေသံဖြင့် အော်ပြောလိုက်သည်။ အပူလွန်ကဲနေသော ဝတ်စုံမှနေ၍ ညှော်နံများပင် ထွက်နေပြီဖြစ်သော်လည်း မက်ဒါနာက နာကျင်မှုမရှိသလိုမျိုး မြူတန့်စွမ်းအားသက်သက်ဖြင့် ဗီးနပ်စ်ကိုသတ်ရန် အကောင်းဆုံးကြိုးစားနေ၏။
မက်ဒါနာ၏ထိန်းချုပ်နိုင်စွမ်းက အင်မတန်အံ့ဩဖို့ကောင်းသည်။ ရဟတ်ယာဥ်ပန်ကာက လီဆာကို မထိဘဲ ယင်စားနွယ်အဖြစ်ပြောင်းထားကာ လီဆာကို ကိုင်ထားသော ဗီးနပ်စ်၏လက်နှစ်ဖက်ကိုသာ မြက်ရိတ်သကဲ့သို့ ရိတ်ပစ်လိုက်၏။
ဗီးနပ်စ်၏ပခုံးတုံးတိလေးသာ ကျန်ခဲ့သော လက်နေရာများမှ သွေးများအစား အနီရောင်သစ်စေးများ စီးကျလာသည်။
"ပေါင်းပင်မ... နင့်ကိုမြတ်ရိတ်သလို ရိတ်ပစ်မယ်။"
ရဟတ်ယာဥ်ကြီးက မြတ်ရိတ်စက်တစ်လုံးအလား၊ ဗီးနပ်စ်၏နောက်မှ လိုက်နေ၏။ ဗီးနပ်စ်ကတော့ မာရသွန်အပြေးသမားတစ်ဦးလိုမျိုး ရှေ့မှပြေးနေသည်။ သို့သော် နည်းနည်းလေးမှ စိတ်ဓာတ်ကျပုံမရပေ။
"ဟားဟားဟား... စိတ်စွမ်းအင်အမျိုးအစားတွေက အားအင်ကုန်ခမ်းတာမြန်တယ်လို့ ကြားဖူးတယ်။ နင်ဘယ်ချိန်အထိ ဆက်သုံးနိုင်မလဲ ကြည့်ရအောင်။"
ဗီးနပ်စ်က မျှော်လင့်ချက်အတုများဖြင့် မြောက်ကြွမြောက်ကြွဖြစ်နေသဖြင့် သူကိုယ်တိုင်ကျောင်းနောက်မှ ကားပါကင်ထဲ ရောက်နေမှန်းမေ့သွားသည်။
ရုတ်တရက် သေဆုံးနေပြီးဖြစ်သော နွယ်ခြောက်များဖုံးလွှမ်းနေသည့် ကျောင်းဖယ်ရီကားတစ်စီးမှ ကားစက်နှိုးသံထွက်လာကာ ရှေ့မီးများလင်းလာ၏။ ဗီးနပ်စ်လည်း ထိုမြင်ကွင်းကြောင့် မျက်လုံးပြူးသွားလေပြီ။
"ကောင်းသေ သေနေ့လေးပါ။" မက်ဒါနာက နောက်တောက်တောက်ဖြင့် ပြောလိုက်သည်။
ကားက ဗီးနပ်စ်ကို ရှေ့မှဝင်တိုက်လိုက်ပြီးနောက် နောက်မှပါလာသော ရဟတ်ယာဥ်က ဗီးနပ်စ်ကို မြက်ရိတ်သလိုမျိုး ရိတ်ချလိုက်သည်။ အနီရောင်သစ်စေးများနှင့် ခပ်ပျော့ပျော့သစ်သားတုံးလိုလို အသားစလိုလို အစများက နေရာအနှံပြန့်ကျဲထွက်ကုန်၏။
ဝတ်စုံထဲမှ မက်ဒါနာလည်း မျက်ဖြူဆိုက်သွားပြီဖြစ်ကာ သတိမေ့သွားသည်။ လီဆာက သူ့အစ်မကြီးဘေးသို့ အပြေးလာ၏။ သူ့ဒဏ်ရာတော်တော်များများက ပြန်ကောင်းနေပြီဖြစ်ကာ လူတစ်ဝက်ပုံစံကို မပယ်ဖျက်ရသေးပေ။
သေချာကြည့်ပါက လီဆာ၏ပုံစံက နည်းနည်းလေးပြောင်းလဲနေသည်ကို တွေ့ရပေမည်။ အရပ်နှစ်လက်မလောက် ပိုထွက်လာပြီး ချိုကလည်း နည်းနည်းပိုရှည်နေသည်။
"လီဆာ... ဆာSilver Knight... အားလုံးအဆင်ပြေကြရဲ့လား။"
ဖားလေးကလည်း လူတစ်ဝက်ပုံစံဖြင့် အတင်းပြေးလာသည်။ တိုက်ပွဲပြီးသွားကြောင်း သိနေသည့် သတင်းထောက်တချို့ကလည်း ကင်မရာကြီးများကိုင်ကာ အပြေးရောက်လာကြ၏။ သူတို့စိတ်ထဲတော့ Silver Knightကို အင်တာဗျူးလို့ရမလားဟူ၍။
"လီဆာရေ... ဆာSilver Knightက ခဲပတ်ပတ်ထားတဲ့ ငါးကင်ကြီးလို တူးနံထွက်နေပြီ။ ငါတို့ဘာလုပ်ကြမလဲ။"
"ကျောင်းရှေ့က ကန်ထဲနှစ်ထားလိုက်။ ဝတ်ဝံအပူချိန်ကို လျော့အောင်လုပ်ပေးမှာဖြစ်မယ်။"
လီဆာက မျက်လုံးကိုချာလည်လှည့်လိုက်ရင်း ပြောလိုက်သည်။ သတင်းထောက်တချို့က သူ့အနားကပ်လာပြီး အင်တာဗျူးရန်ကြိုးစားနေကြသော်လည်း အတောင်များနှင့်အစွယ်များကို ဖြန့်ကာဖြဲကာ ခြောက်ပြသောကြောင့် အနားထပ်မကပ်ရဲတော့ပေ။
ဗွမ်း....။
ဖားလေးက Silver Knightကို ဧရာမလျှာကြီးဖြင့် ပတ်လိုက်ပြီး ကန်ရေထဲ ပစ်ချလိုက်သည်။ အငွေ့တချို့ထွက်လာပြီးနောက် ဝတ်စုံအအေးခံခြင်း ပြီးဆုံးသွားသည်။
"ဟေး...လီဆာရေ၊ ငါတို့တွေ လေဝင်လေထွက်ကောင်းအောင် သူ့ဝတ်စုံကို ချွတ်ပေးရင်ကောင်းမလား။ ဒဏ်ရာတွေကိုလည်း ဆေးထည့်ပေးဖို့လိုသေးတယ်လေ။"
ဖားလေး၏စကားကြောင့် လီဆာအံ့ကိုကြိတ်ကာ နှာမှုတ်လိုက်သည်။ Silver Knightဝတ်စုံကို ချွတ်လိုက်ရင် လျှို့ဝှက်ချက်တွေအကုန်ပေါ်ကုန်မှာပေါ့။ မက်ဒါနာက Silver Knightဆိုတာကို လီဆာတခြားသူတွေကို ပေးမသိချင်သေးဘူး။
'သောက်ကျိုးနည်း ဟီးရိုးအစည်းအရုံးကလည်း ပွဲပြီးတဲ့အထိကို ရောက်မလာဘူး။ သတင်းဌာနက အရူးတွေပဲရောက်နေတယ်။ စိတ်ဆင်းရဲစရာပဲ။'
လီဆာက တစ်ကိုယ်တည်းကျိန်ဆဲလိုက်ပြီးနောက် မေမေလင်ဒါဆီ ဖုန်းလှမ်းခေါ်လိုက်သည်။
"ဟယ်လို၊ မေမေလင်ဒါရေ။ ဒီမှာဦးဦးSilver Knight မူးလဲသွားလို့ လာခေါ်လို့ရမလား။"
"ဟီးရိုးအစည်းအရုံးက မရောက်သေးဘူးလား။"
"မရောက်သေးဘူး၊ ပြီးတော့ ဦးလေးSilver Knightကလည်း သူ့အကြောင်းတွေကို တခြားဟီးရိုးတွေကို မသိစေချင်လို့ သူ့ကိုဟီးရိုးအစည်းအရုံးက ပြုစုပေးတာမျိုး မလိုချင်လောက်ဘူး။"
"နားလည်ပြီ... ငါလာခဲ့မယ်...ခဏစောင့်..."
....
နယူးယောက်ဟီးရိုးအစည်းအရုံး။
ဆေးကုသခန်းထဲတွင်တော့ လူကန်နှင့်ဖရန့်တို့နှစ်ယောက်က အနားယူနေကြပြီး စကားတပြောပြောနှင့် ရှိနေကြ၏။ သူတို့က မြူတန့်စွမ်းအားကုန်သွားသောကြောင့် အနားယူနေကြဖြင်းဖြစ်သည်။
တီဗီမှာတော့ Fox NY9 ကိုပြနေပြီး Silver Knightနိုင်သွားကြောင်း ကြေငြာနေ၏။
"ငါတို့ရဲ့မိတ်ဆွေအသစ်လေးက တော်တော်မိုက်တာပဲ။ ဟုတ်ရဲ့လားမိတ်ဆွေကြီး..." ဖရန့်က သူ့ဘေးကုတင်တွင်ရှိနေသည့် တတိယမြောက်လူနာကို လှမ်းကြည့်ရင်း ပြောလိုက်သည်။
တတိယမြောက်လူနာက တစ်ကိုယ်လုံးပတ်တီးများဖြင့်ပြည့်နေပြီး သူ့စကားကို ပြန်မဖြေနိုင်သဖြင့် လက်မသာ ထောင်ပြလိုက်၏။
ထိုလူက နယူးယောက်ဟီးရိုးအစည်းအရုံး ဒုတိယဌာနမှူး ဟယ်ရီဖြစ်သည်။
အပြင်ဖက် စင်္ကြန်လမ်းပေါ်တွင်တော့ တခြားသော ဒုတခြားမှူးဖြစ်သူက သက်ပြင်းချလိုက်ပြီး အချုပ်ခန်းတစ်ခန်းထဲ ထည့်ထားရသော Sonic Speedဆိုသည့် ဟီးရိုးကိုကြည့်လိုက်သည်။ ထိုအမြန်နှုန်းဟီးရိုးက ကျည်ဆန်ရထားမြန်နှုန်းမျိုးဖြင့် ကျည်ကာဖန်လုံအခန်းထဲတွင် ပတ်ပြေးနေ၏။ ထိုဟီးရိုးက တခြားမဟုတ်ပေ။ နယူးယောက်ဟီးရိုးအစည်းအရုံး၏နံပါတ်တစ်ဟီးရိုး၊ ဌာနမှူးကြီးဖြစ်ကာ မနက်အစောပိုင်းကတည်းက အချိုရည်သောက်မိပြီး သောက်ကျိုးနည်းနေခြင်းဖြစ်၏။
ဒုဌာနမှူးက ကိုက်ခဲနေသော သူ့ခေါင်းကို ဖျစ်ညှစ်ထားလိုက်သည်။ "အရေးကြုံလာရင် အားမကိုးရဆုံး ဖြစ်နေမယ့်သူက ဌာနမှူးဖြစ်နေမယ်လို့ ငါဘာလို့ မတွေးခဲ့မိတာပါလိမ့်။"
၃။
မက်ဒါနာတို့ ထွက်သွားပြီးသည့်နောက်တွင် တပ်ကူဟီးရိုးအုပ်စုလည်း ရောက်ရှိလာပြီဖြစ်သည်။ သူတို့အလုပ်က သိပ်မရှိခဲ့ပါ။ ကျောင်းဝင်းထဲတွင် သတိလစ်နေသည့် ကျောင်းသားများကို ရှေးဦးသူနာပြုစုနည်းဖြင့် ပြုစုကာ ဆေးရုံသို့ပို့ပေးခြင်း၊ တိုက်ပွဲဖြစ်ပွားရာနယ်မြေကို ရှင်းလင်းခြင်း၊ အခင်းဖြစ်ရာ နေရာပတ်ဝန်းကျင်တွင် ရှိနေသူများအား မေးမြန်းခြင်းတို့သာဖြစ်၏။
ကယ်ဆယ်ရေးအဖွဲ့က ထိုနေရာတွင် အချိန်အကြာကြီးမနေခဲ့ပါ။ သတင်းထောက်အဖွဲ့ထံမှ Silver Knight ထွက်သွားသည့်အကြောင်းကို ကြားပြီးသည့်နောက် စာရင်းစာရွက်ပေါ်တွင် စာသားတချို့ကိုရေးကာ ပြန်ထွက်သွားကြသည်။
အစအဆုံးထိ မည်သူမှကျောင်းဝင်းအပြင်ဖက်မှ လေမတိုက်ဘဲ လှုပ်ယမ်းနေသော မြက်ပင်လေးတစ်ပင်ကို သတိမပြုမိလိုက်ကြပေ။ ညနေပိုင်း နေဝင်ခါနီး လူသူကင်းရှင်းသည့်အချိန်အရောက်တွင် ထိုမြက်ပင်လေးက တဖြည်းဖြည်းကြီးမားလာပြီး အချင်းချင်းလိမ်ယှက်ကာ လူသားတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားသည်။
ခေါင်းပေါ်တွင် နတ်သမီးထောင်ချောက်ပင်ပေါက်နေသော မိန်းကလေး အဝတ်ဗလာဖြင့်ပင် ကတ္တရာလမ်းပေါ် ထိုင်ချလိုက်၏။ သူ့ပုံစံက လွန်စွာပင်ပန်းနေပုံရပြီး အသက်ကိုလုရှူနေသည်။ အတော်ကြာပြီးသည့်နောက်မှ သူ့လက်ပေါ်တွင် တွယ်ကပ်နေသည့် အသက်အမြစ်များကို အနာခံကာ ဆွဲနှုတ်ပစ်လိုက်ပြီး ထရပ်လိုက်၏။
"Silver knightတဲ့လား... ပြိုင်ဖက်ကောင်းတစ်ယောက်ပဲ။" ဗီးနပ်စ်က နယ်မြေအမျိုးအစား စွမ်းအားရှိသော အထူးမြူတန့်တစ်ယောက်ဖြစ်သည်။ သူ့အနေဖြင့် ပန်းဝတ်မှုန်တစ်စကို အပြင်မှာချန်ထားခဲ့သမျှ ပြန်ရှင်သန်နိုင်သည်။ သူ့ထက်အဆင့်မြင့်သော မြူတန့်များသည် သူ့ကိုအနိုင်ယူနိုင်စွမ်းရှိသော်လည်း အသေသတ်နိုင်ရန် မစွမ်းသာပါ။
သို့သော် ထိုကဲ့သို့သော စွမ်းအားတစ်ခုကို ပေးဆပ်မှုမရှိဘဲ အဘယ်မှာရမည်နည်း။ ဗီးနပ်စ်၏လက်မောင်းပေါ်တွင် အစိမ်းရောင်သန်းနေသည့် အသားအရေအကွက်တချို့ရှိနေပြီး ကလိုရိုဖီးလ်က လူသားထဲစိမ့်ဝင်နေသည့် လက္ခဏာဖြစ်သည်။ သေဆုံးသွားသည့်အကြိမ်တိုင်းတွင် သူ၏လူသားဆိုသည့် ဖြစ်တည်မှုကလည်း ပိုမိုမှေးမှိန်လာလေဖြစ်ပေ၏။
....
လီဆာက မက်ဒါနာကို ဝတ်စုံဝတ်လျက်သားပင် လင်ဒါ၏အိမ်တွင်ရှိသည့် တစ်ခုတည်းသောအခန်းမှ ကုတင်ပေါ်တင်ပေးလိုက်သည်။ လင်ဒါက လက်မထပ်ရသေးသည့် မိန်းကလေးတစ်ယောက်ဖြစ်သည့်အတိုင်း သူ့တိုက်ခန်းတွင် အိပ်ရာတစ်ခုတည်းသာရှိ၏။ လီဆာရှိသော်လည်း ငယ်သေးသည်မလို့ တကယ့်သားအမိများလို အတူအိပ်ကြသည်။
လင်ဒါက မီးသွေးလိုမည်းတူးနေသော ငွေရောင်စစ်သည်၏ဝတ်စုံကြီးကိုကြည့်ကာ စိတ်ဆင်းရဲသွား၏။ အိပ်ရာအခင်းကို မနက်ကမှ ပင်မင်းဆိုင်ကနေ ပြန်သယ်လာခြင်းဖြစ်သော်လည်း အခုတော့မီးပူမီးကျွမ်းထားသလို ဖြစ်နေသည်။
"သူ့ဝတ်စုံကို ချွတ်ပြီးတော့ သန့်ရှင်းရေးလုပ်ပေးရင် မကောင်းဘူးလား။ အဲဒါကြီးက အားကုန်နေတာဆိုတော့ အသက်ရှူရခက်တာဘာညာ မရှိဘူးလား။"
လင်ဒါက ဘေးတွင်ရပ်နေသည့် လီဆာကို မေးလိုက်သည်။ လီဆာကတော့ ပြုံးစိစိဖြင့် ခေါင်းကုတ်လိုက်ပြီး
.....
"သူ့ချပ်ဝတ်တွေ ချွတ်ပစ်လိုက်တာ ကောင်းမယ်မထင်ဘူး။ သူက သမီးကိုတောင် အမှန်အတိုင်းပေးသိတာမဟုတ်ဘူးလေ။"
လီဆာလေးက မက်ဒါနာ၏လျှို့ဝှက်ချက်ကို အတတ်နိုင်ဆုံး လင်ဒါမသိအောင်ထားဖို့ ကြိုးစားနေသည်။
'Silver Knightကို ကြိတ်ကြွေနေတဲ့ မေမေလင်ဒါသာ Silver Knightက မိန်းကလေးဖြစ်နေမှန်းသိသွားရင် မိုးမီးလောင်ကုန်မှာပေါ့။' ဒါက လီဆာ့အတွေး။ တကယ်လည်း ပြဿနာတက်မည့်ကိစ္စဖြစ်ကာ သဘောကောင်းသည့် အစ်မကြီးမက်ဒါနာလည်း ကျေနပ်မည်မဟုတ်ပေ။ လီဆာအတွက်က မေမေနှင့်မေမေဖြစ်နေရတာ ကိစ္စမရှိသော်လည်း လင်ဒါအတွက်တော့ ရှော့အကြီးကြီးရှိသည်။
လီဆာ၏စိတ်ထဲတွင် နှင်းဆီပန်းခင်းကြီးထဲ၌ ရှိနေသော စုံတွဲတစ်တွဲကို မြင်ယောင်လာ၏။ လင်ဒါက နတ်သမီးပုံပြင်ထဲမှ မင်းသမီးလေးများဝတ်သော ဂါဝန်မျိုးကို ဝတ်ထားပြီး မက်ဒါနာကတော့ အလယ်ခေတ်သူရဲကောင်းချပ်ဝတ်ကို ဝတ်ထားကာ မြင်းဖြူကြီး၏ ဇက်ကြိုးကို ဆွဲထားသည်။ စစ်သည်တော်က ခေါင်းစွပ်ချွတ်လိုက်သည့်အချိန်တွင် ဆံဖြူမိန်းကလေးဖြစ်နေမှန်း မင်းသမီးလေးသိသွားပြီး မျက်ရည်များဖြင့်ပြည့်လာ၏။
"နင်....နင်က မိန်းကလေးတစ်ယောက်ဆိုတာကို ဘာလို့အစောကြီးကတည်းက မပြောခဲ့တာလဲ။ အခုတော့..... ဟင်း၊ ငါ့မှာတော့ နင့်ကိုချစ်လိုက်ရတာ။"
ဖြန်း....။ ခဏနေတော့ မင်းသမီးလေးက မင်းသားလေးဖြစ်ရမည့် စစ်သူရဲကောင်းမလေးကို ပါးရိုက်ပြီး နှင်းဆီပန်းခင်းထဲမှ ထွက်သွားသည်။ စစ်သူရဲကောင်းမလေးကတော့ ညိုးငယ်သောမျက်နှာလေးနှင့် ကျန်ခဲ့လေသည်။
'မဖြစ်ဘူး... အဲဒီလိုဖြစ်သွားလို့မရဘူးလေ။' လီဆာက တစ်ယောက်တည်းမတ်တပ်ရပ်နေရင်း ခေါင်းကိုခါယမ်းလိုက်သည်။ 'မေမေနဲ့မေမေက အဲဒီလိုကွဲသွားလို့မရဘူး။'
လင်ဒါကတော့ တစ်ယောက်တည်း ခေါင်းညိတ်ခေါင်းခါလုပ်နေသည့် လီဆာကိုကြည့်ရင်း နားမလည်နိုင်စွာဖြင့် သက်ပြင်းချလိုက်သည်။ 'ဒီကောင်မလေး၊ ဗီလိန်တွေရိုက်တာခံရပြီး စိတ်ရူးပေါက်သွားတာတော့ မဟုတ်ပါဘူးနော်။'
"အား....အင်း....." ခဏနေတော့ မက်ဒါနာဆီကနေ ညည်းညူသံထွက်လာတယ်။ ဒါပေမဲ့လှုပ်ရှားတာမျိုး မတွေ့ရဘူး။ အတော်ကြာမှ လီဆာလည်း သတိရသွားပြီး
"မေမေရေ၊ Silver Knightရဲ့ဝတ်စုံက အားကုန်နေတာ။ ဒါကြောင့် သူလှုပ်မရဖြစ်နေတာ။"
"အားကို ဘယ်ကနေသွင်းရတာလဲ။"
"ရှာကြည့်လေ အပေါက်တစ်ခုခုတော့ ရှိမှာပေါ့။" လီဆာ၏စကားကြောင့် လင်ဒါက Silver Knight၏ဝတ်စုံတစ်ခုလုံးကို အပေါက်ရှိမရှိလိုက်ရှာကြည့်သည်။ ဘာမှမတွေ့ရ။ လီဆာလေးမသိတာက ဒီဝတ်စုံက Fusion စွမ်းအင်သုံးဖြစ်ပြီး လျှပ်စစ်ဓာတ်အားသုံးဝတ်စုံမဟုတ်သဖြင့် ပလက်ပေါက်မရှိပေ။
ရုတ်တရက် လင်ဒါက မက်ဒါနာ၏ခေါင်းကိုမလိုက်ပြီး ဇက်နောက်ကို ကြည့်လိုက်သည်။ လင်ဒါချက်ချင်းပင် မျက်နှာသွေးဆုတ်သွား၏။ 'အဲဒီနေရာက အစ်မကြီး မက်ဒါနာ ဝတ်စုံချွတ်ရင် နှိပ်တဲ့နေရာမဟုတ်လား။'
ပြောပြောဆိုဆို လင်ဒါလည်း ခလုတ်ကိုတွေ့သွားပြီး "ဟယ်.. ဒီဥစ္စာက အားသွင်းတဲ့နေရာကို ဖုံးထားတဲ့ အံ့ဝှက်ဖြစ်မယ်ထင်တယ်။" ဟုပြောပြောဆိုဆိုနှင့် နှိပ်ချလိုက်သည်။
လီဆာကတော့ ဖြစ်လာတော့မည့်မြင်ကွင်းကို ကြိုသိနေဟန်ဖြင့် မျက်နှာကိုလွှဲထားလိုက်၏။ 'သွားပါပြီ၊ အစ်မကြီးမက်ဒါနာရဲ့ဧရာမလျှို့ဝှက်ချက်ကြီး ပေါ်သွားပြီ။'
ချောက်...ခလောက်...။ သတ္ထုအစိတ်အပိုင်းများ ပြုတ်သွားသည့်အသံနှင့်အတူ ခေါင်းစွပ်နှင့်ဝတ်စုံရင်ပိုင်းကို ချိတ်ဆက်ထားသည့် လည်ပင်းအစိတ်အပိုင်းရှေ့နှင့်နောက်က ကွဲထွက်လာ၏။ ထို့နောက်တွင်တော့ ဝတ်စုံက ငါးသေတ္တာသံဘူးကို ဖွင့်လိုက်သည့်အသံမျိုးထွက်လာကာ ရင်ဘတ်ပိုင်းကလည်း နှစ်ပိုင်းကွဲထွက်သွားပြီး သေတ္တာလိုမျိုး ပွင့်လာသည်။
"အ....အေးတယ်.... မှောင်...မှောင်လည်းမှောင်တယ်...အီးဟီးဟီး...."
အထဲမှာစောင့်ကြိုနေတာကတော့ ငါးသေကြီးတစ်ကောင်လိုမျိုး မလှုပ်မရှားဘဲ ဆန့်ဆန့်ကြီးလှဲနေသည့် ငွေရောင်ဆံပင်နှင့် ကောင်မလေးပါ။ လင်ဒါကတော့ သူ့လက်ထဲ ကျွတ်ပါလာသည့် ခေါင်းစွပ်ကြီးကို အလန့်တကြားလွှင့်ပစ်လိုက်ရင်း....
"အောင်မလေး...." ဟုဆိုကာ နောက်သို့ခုန်ဆုတ်လိုက်၏။
မက်ဒါနာ၏အသားအရေမှာ အစောပိုင်းက အပူရှိန်လွန်ကဲမှုကြောင့် နီရဲနေပြီး အပြုတ်ခံထားရသကဲ့သို့ ဖြစ်နေသည်။ ရေအနည်းငယ်လည်း စိုရွဲနေပြီး ဖားလေးကြောင့် ရေထဲပြုတ်ကျသွားရာမှ ဝတ်စုံ၏ရေလုံစနစ်ကို ဖြတ်ကျော်ကာ ရေတချို့ဝင်လာခဲ့ပုံပေါ်သည်။
လင်ဒါကတော့ သူ့ရှေ့ကမြင်ကွင်းကို နားမလည်နိုင်စွာဖြင့်ကြည့်ရင်း အနားသို့တဖြည်းဖြည်းတိုးတပ်သွားကာ မက်ဒါနာလေး၏နားရွက်ကို အားဖြင့်လိမ်ဆွဲလိုက်၏။
"အ...အား... နာပါတယ်ဆို...." မက်ဒါနာက သူ့နားရွက်ကိုလာကိုင်နိုင်သည့် လင်ဒါ၏လက်အား ဆွဲဖယ်လိုက်ပြီး မျက်ရည်များဝိုင်းနေသည့် မျက်နှာလေးဖြင့်ကြည့်လိုက်သည်။
လင်ဒါကတော့ အံ့ကိုတင်းတင်းကြိတ်ထားပြီး မက်ဒါနာကို ခေါင်းအစခြေအဆုံး ကြည့်လိုက်သည်။ သွေးများစိုရွဲနေသည့် ယောက်ျားဝတ်တီရှပ်အဝတ်ကလေးမှလွဲ၍ ဆံဖြူမလေးက ဘာကိုမှဝတ်မထားပေ။ ဟိုအရေးကြီးနေရာလေးပင် ပြောင်ရှင်းနေ၏။
လင်ဒါ၏မျက်နှာကြီးက မက်ဒါနာ၏မျက်နှာနှင့် တဖြည်းဖြည်းနီးကပ်လာသည်။ အခုမှ သူတို့နှစ်ယောက်၏အရွယ်က တော်တော်ကွာမှန်း နှိုင်းယှဥ်ကြည့်၍ရ၏။ လင်ဒါ၏ဖွံဖွံထွားထွား ဥရောပသူခန္ဓာကိုယ်က မက်ဒါနာ၏အာရှသူကိုယ်လုံးလေးနှင့်ယှဥ်ပါက ကလေးနှင့်လူကြီးလိုဖြစ်နေသည်။
"အဟင်း... နင်က ဟိုတစ်ခါ Silver Knightရဲ့သူငယ်ချင်းဆိုပြီး ငါ့သမီးလေးကို ခေါ်ထုတ်သွားတဲ့ ပေါ့ပျက်ပျက်ဟာမလေးမဟုတ်လား။ Silver Knightဘယ်မှာလဲ။ နင်လမ်းတစ်ဝက်မှာ သူနဲ့လူစားလဲဝင်လိုက်တာလား။"
လီဆာကတော့ သူတို့နှစ်ယောက်ကို ကြည့်တောင်မကြည့်ရဲပေ။ "ဘုရားရေ၊ မေမေလင်ဒါတော့ လက်တွေ့ဘဝကြီးကို လက်မခံနိုင်ဘဲ ပေါက်ကရဆင်ခြေတွေပေးနေပြီ။' ရဲဗန်ကားထဲ တင်ခေါ်လာတဲ့ Silver Knightနေရာကို တခြားတစ်ယောက်က ဘယ်လိုလုပ် အစားဝင်နေလို့ရမှာလဲ။ သူက သေချာပေါက် Silver Knightပဲဥစ္စာကို။
"ဟဲဟဲ... မမလင်ဒါ၊ တကယ်တော့ ကျွန်မက Silver Knightအစစ်ပါ။ ယုံချင်ယုံ မယုံချင်နေ။"
မက်ဒါနာကလည်း ပေါက်တဲ့နဖူး မထူးတော့ပြီဟုတွေးကာ အမှန်အတိုင်းဖွင့်ပြောလိုက်သည်။ လင်ဒါ့မျက်နာက ပြိုတဲ့မည့်မိုးလို မှောင်မိုက်သွားလေပြီ။
"ငါ့ကို လာနောက်နေကြတာလား။" လင်ဒါက မကျေမနပ်ဖြင့် အော်ဟစ်လိုက်ရင်း နောက်တွင်ရို့ရို့ကလေးဖြင့် အခန်းထဲမှ ထွက်ပြေးရန်ကြိုးစားနေသော လီဆာ၏ပခုံးကို ဖမ်းဆွဲလိုက်၏။ လင်ဒါ၏မျက်လုံးများက နီရဲနေပြီး လီဆာကို အခုချက်ချင်းရိုက်နှက်တော့မည့်ပုံစံပေါက်နေသည်။
"လီဆာ... နင်အစကတည်းက သိတယ်မဟုတ်လား။"
"ဟ...ဟုတ်... သမီးသိပါတယ်။" လီဆာ၏အဖြေကြောင့် လင်ဒါ၏မျက်နှာက ပိုမိုခက်ထန်လာသည်။ ထောင်ထလာသော သွေးကြောတချို့ကိုပင် မြင်နေရ၏။
"နင်ငါ့ကို အမေလို့သတ်မှတ်ထားတယ်ဆိုရင် ဘာလို့ပြောမပြရတာလဲ။" လီဆာ့ပခုံးကိုဆုပ်ကိုင်ထားသော လင်ဒါ၏လက်က ပိုမိုအားပြင်းလာသည်။ ထို့နောက်တွင်တော့ လင်ဒါက မက်ဒါနာဘက်သို့ စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်၏။
"အိ...." လင်ဒါ၏ကြောက်စရာအကြည့်ကြောင့် မက်ဒါနာလန့်သွားပြီး မိန်းကလေးဆန်သည့် အာမေဋိတ်သံပင် ထွက်လာသည်။ လင်ဒါက ချက်ချင်းပင် အိပ်ရာပေါ်တွင် တွေ့ရာစောင်လေးကို ကောက်ခြုံထားသည့် မက်ဒါနာအနား ချက်ချင်းရောက်လာ၏။
"နင်ကရော... ငါ့ကိုဘာလို့ ပြောမပြရတာလဲ။ ကလေးတစ်ယောက်က ငါ့ထက်ပိုပြီး ယုံချင်စရာကောင်းနေလို့လား။ ဒါမှမဟုတ် နင်ကငါ့ကို မယုံလို့လား။" လင်ဒါက မက်ဒါနာ၏ပခုံးကို တင်းတင်းဖျစ်ညှစ်လိုက်ပြီး ပြင်းပြင်းထန်ထန် ကိုယ်ကိုလှုပ်ခါလိုက်၏။
နဂိုကမှ အသားအပူလောင်ထားပြီး တိုက်ပွဲကြောင့်ပင်ပန်းနေပြီဖြစ်သော မက်ဒါနာလေးမှာ နာကျင်မှုကြောင့် မျက်ရည်များ ဘူးသီးလုံးလောက်ကျလာသည်။
"လင်....ဒါ.... နာတယ်ဆို....တော်...တော်ပါတော့။"
မက်ဒါနာ၏ငိုကျွေးနေသည့် မျက်နှာလေးကြောင့် လင်ဒါအသက်ရှူကျပ်သွားသည်။ 'ဒီကောင်မလေးက အနီးကပ်သေချာကြည့်မှ ချစ်စရာကောင်းသား။' သူ့စိတ်ထဲ မက်ဒါနာကိုအနီးကပ်ကြည့်ရင်း ချစ်စရာနတ်သမီးလေးနှင့်တူသည်ဟု မြင်လာသည်။ သို့သော် ချက်ချင်း ခေါင်းကိုခါယမ်းလိုက်ပြီး အခန်းထောင့်မှ စပိုက်တာမန်းနှင့်ဂွမ် ဇောက်ထိုးနမ်းနေသည့် ပိုစတာအားလှည့်ကြည့်ကာ မျက်နှာက ချက်ချင်းခက်ထန်သွား၏။
'ငါက ရုပ်ရှင်တွေထဲကလိုမျိုး မျက်နှာဖုံးကိုချွတ်ပြီးတော့ ယောက်ျားဆန်တဲ့ သူရဲကောင်းတစ်ယောက်ကို နမ်းခွင့်ရမယ့်လို့ မျှော်လင့်ထားတာလေ။ ခုတော့ ရေဆုန်ရော၊ ရေဆန်ပါမျောပြီ။' သူရဲကောင်းတစ်ယောက်ကို မချစ်မိသော မိန်းမလှလေးမျိုး အဘယ်မှာရှိမည်နည်း။ လင်ဒါတစ်ယောက် သူ့ဘဝတည်းကို ရုတ်တရက်ဝင်လာသော မက်ဒါနာအား သံယောဇဥ်တွယ်နေမိသည်မှာ ကြာပြီဖြစ်၏။ အထူးသဖြင့် Silver Knightက ကလေးချစ်တတ်သလို အားကိုးရပြီး အလွန်သည်းခံတတ်သည်ဟု လင်ဒါထင်သည်။ အခုတော့ သူချစ်ရတဲ့ နတ်သမီးပုံပြင်ထဲက မင်းသားလေးက သူအမြင်ကတ်နေတဲ့ Silver Knightရဲ့သူငယ်ချင်းဆိုသည့်ဟာမ ဖြစ်နေသည်လေ။
လင်ဒါက သက်ပြင်းတစ်ချက်ချလိုက်ပြီး မက်ဒါနာ၏ကိုယ်ပေါ်မှ ဖယ်လိုက်ကာ အခန်းထဲမှထွက်သွားသည်။ ထို့နောက် ယိမ်းယိုင်နေသော ထိုခန္ဓာကိုယ်လေးက မီးဖိုချောင်နှင့်ထမင်းစားခန်း တွဲထားသောနေရာသို့ ရောက်သွားပြီး စားပွဲတွင်ဝင်ထိုင်လိုက်ကာ ခေါင်းကိုစားပွဲပေါ် မှောက်ချလိုက်၏။ ထို့နောက် ငိုသံသဲ့သဲထွက်လာသည်။
အအေးပတ်ပြီး တစ်ခိုက်ခိုက်တုန်နေသည့် မက်ဒါနာကတော့ အခုထိကြောင်ကြောင်ကြီးကြည့်နေသည့် လီဆာနှင့်အတူ ကျန်ခဲ့၏။
"ငါ ရေချိုးခန်း ခဏဝင်လိုက်ဦးမယ်။" မက်ဒါနာက အခုလို ထူးထူးခြားခြား တိတ်ဆိတ်နေသည့် အခြေအနေမှ ထွက်ရန်အတွက် လီဆာကိုပြောလိုက်ပြီး အိမ်ရာပေါ်မှ ဆင်းလိုက်သည်။ ထို့နောက် ခြေလှမ်းတစ်လှမ်းမပြည့်ခင် ဘိုင်းခနဲချော်လဲသွား၏။
"အောင့်...." ခဏနေတော့ မက်ဒါနာက မှောက်ခုံအနေအထားမှ ပက်လက်လှန်လိုက်ပြီး လီဆာကို လှမ်းပြောလိုက်သည်။
"ငါခြေကျင်းဝတ်လည်ထားတာ မေ့နေတယ်။"
....
နှစ်ပတ်ကြာပြီးနောက်။
စူပါဗီလိန်များ၏တိုက်ခိုက်ခြင်းကို ခံခဲ့ရသော နယူးယောက်မြို့ကြီးမှာ အရှိန်အဟုန်ပြင်းပြင်းဖြင့် လည်ပတ်နေပြီဖြစ်သည်။ ယခုအပတ်အတွင်း မက်ဒါနာမှာ ဝတ်စုံပြန်မပြင်ရသေးသောကြောင့် ဟီးရိုးအလုပ်ကို ခဏနားထားလိုက်၏။ ဆိုရှယ်မီဒီယာပေါ်တွင်တော့ ဧရာမတိုက်ပွဲကြီးအပြီး Silver Knight ပေါ်မလာသေးသဖြင့် လူတိုင်းစိုးရိမ်ကြောင်း ပြောဆိုနေကြသည်။ မက်ဒါနာကလည်း အဆင်ပြေပြေရှိနေကြောင်း Postတင်ပြီး ပြောလိုက်၏။
နောက်ထူးခြားသော အပြောင်းအလဲတစ်ခုမှာ B+ ဟီးရိုး လေဆာအိုင်းကို ရာထူးမှဖြုတ်လိုက်ပြီး A- ဗီလိန်အိုက်ဇာဝါနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့်အပြင် တာဝန်မကျေပွန်မှုများ အလွန်များပြားနေခဲ့သောကြောင့်ဖြစ်သည်။ နယူးယောက်ဟီးရိုးအစည်းအရုံး ဌာနမှူးကြီးဖြစ်သော Sonic Speedက လူကိုယ်တိုင်ထွက်လာခဲ့ပြီး Silver Knightကို ယင်းနေရာ၌ခန့်အပ်ရန် ရာထားကြောင်း ကြေညာခဲ့သည်။
မက်ဒါနာကတော့ ခါတိုင်းလိုပင် အရင်မူဝါဒကိုသာ ကိုင်စွဲထား၏။ 'တကယ့်ဟီးရိုးက လိုင်စင်မလိုဘူး။'
နယူးယောက်အဓိကရုန်းအပြီးတွင် နယူးယောက်ဟီးရိုးအစည်းအရုံး ဒုဌာနမှူးဟယ်ရီမှာ ဆိုးဆိုးဝါးဝါးဒဏ်ရာရခဲ့ပြီး အယ်လိုဟင်ဆိုသည့် လူကောင်းမဟုတ် လူဆိုးမဟုတ်သူက လုပ်ခဲ့ခြင်းဖြစ်သည်။ ထိုလူက အစအဆုံးအထိ ဟီးရိုးဌာနယာဥ်တန်းပါ တခြားလူများကို မသတ်ခဲ့ဘဲ အိုက်ဇာဝါတစ်ယောက်ကိုသာ သတ်ခဲ့သည်။ အိုက်ဇာဝါက မသေခင် မကောင်းမှုများကို ဝန်ခံထားသည်ဆိုသည့် ခေတ်ဟောင်းအသံသွင်းတိတ်ခွေတစ်ခုကိုလည်း ကားပေါ်တွင် ချန်ထားပေးသည်။ ဌာန၏စုံစမ်းမှုများအရ အယ်လိုဟင်မှာ ယခင်ကဟီးရိုးနှင့်အစိုးရအရာရှိတချို့ အသတ်ခံရခြင်း၏ တရားခံဖြစ်သည်ဟုဆိုသည်။
'မကောင်းမှုပြုသူတွေကို ကိုယ်တိုင်ရှင်းထုတ်စီရင်မယ်'ဟူသော အယ်လိုဟင်နှင့်အခြားအန်တီဟီးရိုးများ ရှိနေသေးသည့်အကြောင်းကို မက်ဒါနာသိရသောအခါတွင် "ဒီတော့... ငါတို့ဟီးရိုးတွေနဲ့ အမြင်ချင်းမတူတဲ့လူတွေလည်း ရှိနေသေးတာလား။" ဟုသာ တုံ့ပြန်နိုင်ခဲ့သည်။
သူတို့၏တရားမျှတမှုအပေါ်အမြင်က ဟီးရိုးများနှင့်မတူသော်လည်း သူတို့၏အကြမ်းဖက်ဆန်ဆန် လုပ်ရပ်များကြောင့် အန်တီဟီးရိုးများကို ဟီးရိုးအစည်းအရုံးက ဗီလိန်တစ်မျိုးဟုပင် သတ်မှတ်ထားခဲ့သည်။ ကံကောင်းစွာဖြင့် အန်တီဟီးရိုးများတွင်လည်း မြူတန့်သိပ္ပံအဖွဲ့ကဲ့သို့ အုပ်စုကြီးများရှိနေကာ ဟီးရိုးအစည်းအရုံးလက်မှ လွတ်မြောက်အောင် နေနိုင်ကြပြီး သူတို့အမြင်များအတိုင်း ဆက်လက်လှုပ်ရှားနေကြ၏။
အခုလောလောဆယ် မက်ဒါနာက ဖုန်းကို နားကြပ်တပ်ကာ ဂျင်းဘောင်းဘီအတိုအိပ်ကပ်လေးထဲထည့်ပြီး လမ်းဘေးတွင်ကပ်ကာ ပြေးနေသည်။ လမ်းပေါ်တွင်ရှိနေသည့် လူငယ်လေးတချို့က သူ့ကိုလက်ပြကြပြီး တချို့ကတော့ ဖလိုင်းကစ်ပေးနေကြ၏။
အစပိုင်းတွင်တော့ တခြားကောင်လေးများ သူ့ကိုရိသဲ့သဲ့လုပ်သဖြင့် မသက်မသာခံစားရသော်လည်း အခုတော့ မိမိကိုယ်ကိုယ် လက်ခံနိုင်သွားပြီဖြစ်၍ လစ်လျူရှုနေနိုင်ပြီဖြစ်သည်။ ပြီးတော့ အခုပြေးနေတာကလည်း အလကားမဟုတ်ဘဲ လေ့ကျင့်နည်းတစ်မျိုးဖြစ်၏။ ဟီးရိုးများ၏တိုက်ပွဲတွင် နည်းပညာတစ်ခုတည်းက အရေးပါသည်မဟုတ်ဘဲ သက်လုံကလည်း အရေးကြီးကြောင်း အရင်တိုက်ပွဲက ပြသနေခဲ့သည်။ မက်ဒါနာက သူ၏မြူတန့်စွမ်းအားကို ခဏသာ သုံးနိုင်ခဲ့သည်မဟုတ်လား။
ပြီးတော့ ဝတ်စုံဆိုတာက အမြဲဝတ်ထားလို့ရတာမျိုး မဟုတ်ဘူး။ စပိုက်တာမန်းကားကိုပဲ ပြန်ညွန်းကြရအောင်။ ပီတာပါကာ၏သရုပ်မှန်ကို သိသွားကြသည့် ဗီလိန်များက သူ့ကိုနေ့စဥ်ဘဝမှာပင် လိုက်လံဒုက္ခပေး တိုက်ခိုက်တတ်သည်မဟုတ်လား။ ထို့ကြောင့် မက်ဒါနာက ဝတ်စုံမပါလည်း သက်လုံကောင်းကောင်းနှင့် တိုက်နိုင်အောင် လေ့ကျင့်နေခြင်းဖြစ်၏။
လမ်းပေါ်မှ ယောက်ျားသားများကတော့ ခုန်ပေါက်နေသည့် ပန်းသီးလေးနှစ်လုံးနှင့် ချွေးများစိုရွဲနေသည့် ဆံဖြူအလှလေးကြောင့် အသက်ရှူဖို့ပင် မေ့နေကြသည်။
လမ်းပေါ်မှ သတင်းစာဆိုင်လေးတစ်ဆိုင်ကို ဖြတ်သွားရင်း မက်ဒါနာက ပြေးနေတာကို ရပ်လိုက်၏။ နယူးယောက်တိုင်း သတင်းစာတွင် သူ၏ပုံပါလာ၍မဟုတ်လား။ အတိအကျပြောရရင် နှစ်ပုံဖြစ်သည်။ တစ်ပုံက ငွေရောင်ချပ်ဝတ်နှင့် Silver Knight ပုံဖြစ်ပြီး "One Man Save the whole city." ဟုရေးထား၏။
ရေးထားသည့်အကြောင်းအရာကတော့ S rank ဗီလိန်ကို တခြားA rankများနှင့်ပေါင်းတိုက်ခိုက်ခဲ့ပြီး အစိုးရဟီးရိုးကျောင်းမှ ကျောင်းသားတိုင်းကို A- ဗီလိန်လက်ထဲမှ ကယ်ဆယ်နိုင်ခဲ့သည့်အကြောင်းဖြစ်သည်။ အိုက်ဇာဝါကို လက်ရဖမ်းဆီးခဲ့သည့်အကြောင်းတချို့လည်း ပါဝင်၏။ Silver Knightမှာ B+ သို့ A- ဖြစ်နိုင်သည်ဟုပင် ဆောင်းပါးရှင်က ခန့်မှန်းထား၏။
"တော်ကြသားပဲ..." ခန့်မှန်းချက်က ကွက်တိမှန်နေသောကြောင့် မက်ဒါနာမဲ့ပြုံးပြုံးလိုက်သည်။ ကြည့်ရတာ သူ့ဝတ်စုံကြီးကို ခေတ်မီအောင် လုပ်ရဦးမည့်ပုံပင်။
နောက်တစ်ပုံအတွက်ကတော့ သူကိုယ်တိုင်ပင် အံ့အားသင့်ခဲ့ရသည်။ ပြေးနေသည့် ငွေရောင်ဆံပင်လေးနှင့် ကောင်မလေးပုံဖြစ်ကာ "ယောကျ်ားသားတိုင်းက ဆံဖြူနတ်သမီးလေးကို သိချင်နေကြသည်။"ဟူ၍ပင်။ မက်ဒါနာမှာ ထိုသတင်းစာခေါင်းစည်းကိုကြည့်ရင်း မျက်နှာလေးနီရဲလာ၏။
အင်စတာဂရမ်တွင် အပျော်တမ်းမော်ဒယ်အဖြစ် ပေါ်လာခဲ့ပြီးနောက်ပိုင်း အဖြစ်အပျက်များ၊ အစိုးရမြူတန့်ကျောင်းမှ အောက်စလွတ်သည့် အဖြစ်အပျက်များကိုပါ ဆောင်းပါးတွင် အသေးစိတ်ရေးထားပြီး ကွင်းမြို့ငယ်လေး၏လမ်းများထက်တွင် ပြေးလေ့ရှိသည့်အကြောင်းများပင် ပါနေသေးသည်။
"ဒါကြောင့် ဒီနေ့လမ်းပေါ်မှာ တဏှာရူးတွေများနေတာကိုး။" မက်ဒါနာက သတင်းစာဆရာပေါင်းစုံကို ကျိန်ဆဲလိုက်ရင်း နောက်သတင်းတစ်ပုဒ်ကို ဆက်ဖတ်လိုက်သည်။
နောက်သတင်းကတော့ သာမန်ပင်ဖြစ်ကာ ဂျပန်၏နံပါတ်တစ်သူရဲကောင်း ဥစာကီက နောက်ဗီလိန်တစ်ယောက်ကို အနိုင်ယူခဲ့သည့်အကြောင်းဖြစ်၏။ မက်ဒါနာ မပြုံးဘဲမနေနိုင်တော့ပေ။
"နောက်ဆုံးတော့ S အဆင့်ဟီးရိုးကြီးနဲ့အတူ သတင်းစာခေါင်းစည်းမှာ အတူပါလာနိုင်ပြီပဲ။.နင်က သုံးပုံတစ်ပုံ၊ ငါက သုံးပုံနှစ်ပုံဆိုတော့ ငါက ပိုသာတယ်ဟွန်းဟွန်း။"
မက်ဒါနာက တစ်ယောက်တည်းရေရွတ်လိုက်ရင်း ဆိုင်ရှင်အဖွားကြားအောင် လှမ်းအော်လိုက်သည်။
"အဖွားရေ... သတင်းစာယူမယ်။"
မက်ဒါနာတစ်ယောက် သူ့သတင်းပါသည့် သတင်းစာဝယ်စုရတာကို အကျင့်ပါနေပြီဖြစ်၏။ ဆိုင်ရှင်အဖွားထံမှ သတင်းစာကိုယူပြီးနောက် လက်ထဲကိုင်ကာ ရွရွလေး ဆက်ပြေးလိုက်သည်။ သူ့စိတ်ထဲမှာတော့ ဆုံးဖြတ်ချက်တစ်ခုက အတိုင်းသားပေါ်လာ၏။
"ငါအခု နာမည်ကြီးဟီးရိုးဖြစ်ပြီဆိုပေမဲ့ မလုံလောက်သေးဘူး၊ ဆိုဖီယာပြောခဲ့သလို ကမ္ဘာကြီးတစ်ခုလုံးကို ကယ်တင်နိုင်တဲ့ သူရဲကောင်းဖြစ်အောင်လုပ်ရမယ်။"
.....
ဆုဗာနာ။
တောင်ကုန်းတောင်တန်းများ၏ကြားတွင် တောင်ကြား လွင်ပြင်ငယ်လေးတစ်ခုရှိသည်။ လွယ်ပြင်၏အလယ်တွင် ရေကန်ကြီးတစ်ကန်ရှိကာ ယင်းရေကန်ကြီးအလယ်တွင်တော့ ငွေရောင်နန်းဆောင်ကြီးတစ်ခုရှိနေသည်။ နန်းဆောင်၏ပုံစံက မြန်မာရာဇဝင်များထဲမှ နန်းတော်ကြီးတစ်ခုအတိုင်းဖြစ်သော်လည်း နန်းတစ်ဆောင်တည်းသာဖြစ်၏။
နန်းဆောင်၏ဝင်ပေါက်ဝတွင်တော့ "ငွေလမင်းနန်းဆောင်"ဟု ရေးသားထားသည်။
ဆုဗာနာနိုင်ငံက နယ်စားနိုင်ငံလေးသာဖြစ်ကာ အင်းဝပြည်ကြီး၏ လက်အောက်ခံပြည်နယ်တစ်ခုဖြစ်ခဲ့သည်။ အုပ်ချုပ်သူမှာ နယ်စားသာဖြစ်သောကြောင့် တော်ဝင်အမှတ်အသားဖြစ်သော ရွှေရောင်ကို မသုံးရဲသဖြင့် ရွှေပိန်းမချဘဲ ငွေရောင်ကိုသာသုံးပြီး တိုင်လုံးများကို မှန်စီငွေချကာ အလှဆင်ထား၏။
ညအချိန်ဖြစ်သောကြောင့် လရောင်အောက်တွင်တဖိတ်ဖိတ်တောက်နေကာ လွန်စွာလှပပေသည်။ အသက်အတန်ကြီးပြီဖြစ်သော နယ်စားကြီးကတော့ ငယ်သားတစ်ယောက် တင်ပြလာသည့် သတင်းကိုသာ နားထောင်နေ၏။
"နယ်စားကြီးကို လျှောက်တင်ပါတယ်... ယခင်ကိုယ်ရံတော်စစ်သူကြီးဒီပ လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း ကိုယ်ရံတော်စစ်သူကြီးအိမ်တော်က တင်ပြလာပါတယ်။"
နယ်စားကြီးကတော့ လစန္ဒာ၏အမှတ်တံဆိပ် ယုန်ပါသော ကျွန်းသားပလ္လင်ကြီးပေါ်တွင်ထိုင်ကာ နားထောင်နေ၏။ ပလ္လင်၏နံဘေးတွင် ရွှေထီးများရှိမနေသလို ဘုရင်အမှတ်အသားဖြစ်သော ဒေါင်းကိုလည်းမသုံးပါ။ နေမင်းကို ဒေါင်းက ကိုယ်စားပြုသော်လည်း ဆုဗာနာနယ်စား၏အမှတ်တံဆိပ်ကတော့ လမင်းကိုကိုယ်စားပြုသော ယုန်တစ်ကောင်ဖြစ်နေသည်။ လမင်းပေါ်မှာ ဆန်ဖွတ်သည့်အဖိုးအိုနှင့် ယုန်ပုံပြင်ကိုပင် သွားသတိရစေသည်။
နယ်စားကြီးက ခေါင်းတညိတ်ညိတ်နှင့် စကားစလိုက်၏။ "အင်း... အသက်တွေက တဖြည်းဖြည်းကြီးလာပြီ၊ ငါ့မျိုးဆက်က အမတ်တွေအားလုံး မရှိကြတော့ပါလား။ ငါ့မှာလည်း သားထောက်နောက်ခံက မရှိတော့ဘူး။ ငါ့နေရာကို ဘယ်သူဆက်ခံပါ့မလဲ။" တိုင်းပြည်တစ်ခုက အုပ်ချုပ်မရှိ၍မဖြစ်ပေ။ ဥပမာအားဖြင့် စစ်ပြေငြိမ်းရန် သဘောတူညီချက် ရခါနီးမှ ပျက်ပြားသွားသည့် ဆုဗာနာအတွက်ဖြစ်သည်။
"နယ်စားကြီး... တကယ်တော့ ဆက်ခံသူရှိပါတယ်။" တုန်ချိချိနှင့် လွန်စွာအိုမင်းလှပြီဖြစ်သော အနီရောင်ဝတ်လုံဝတ် အမတ်တစ်ပါးက နယ်စားနန်းဆောင်ထဲ ဝင်ရောက်လာသည်။
"လက်ယာရံအမတ်ကြီး။" သံတော်ဆင့်က အမတ်ကြီးကို ဂါရဝပြုလိုက်၏။ နယ်စားကလည်း မေးလိုက်သည်။
"အမတ်ကြီးဆိုလိုတာက..."
"နယ်စားကြီး... နယ်စားကြီးမှာ သီတာဆိုတဲ့ သမီးတော်တစ်ယောက် ရှိသေးတယ်မဟုတ်လား။"
"ဟုတ်သားပဲ... ဒါပေမဲ့သမီးတော်က တိုင်းပြည်အုပ်ချုပ်ဖို့ စိတ်မဝင်စားဘူးလေ..."
"ဒါပေမဲ့ အရင်ကပြောတာတော့ ကြင်ယာတော်မင်းသားနဲ့ကလေးတောင်ရနေပြီတဲ့ဆို။ ကလေးက ယောက်ျားလေးလေ။"
"ဟုတ်သားပဲ၊ အဲဒီအနောက်တိုင်းသားကောင်လေးနဲ့ရတာ။ သမီးတော်ကို ငါလည်းလစ်လျူရှုထားတာကြာတော့ ငါ့မြေးရှိသေးမှန်း မေ့နေတာပဲ။"
နယ်စားအဖိုးကြီးက သူ့ခါးကြားတွင်ထိုးထားသော အိုင်ဖုန်းကိုထုတ်လိုက်ပြီး Fb မက်ဆေ့ဂျာထဲ ဝင်လိုက်သည်။ သမီးဖြစ်သူသီတာပို့ထားသည့် မက်ဆေ့များမှာ seenပြနေသော်လည်း နယ်စားကြီးက တစ်ခွန်းမှပြန်မဖြေပေ။
"ငါလည်း သူ့ကိုစိတ်နာတာနဲ့ သူပို့တဲ့စာတောင် မဖတ်ဖြစ်ဘူး။" နယ်စားကြီးက ရယ်မောလိုက်သော်လည်း အမတ်ကြီးကတော့ ငိုမဲ့မဲ့နှင့်။
'နယ်စားကြီး...ခင်ဗျားဖုန်းမှာ seenပြနေတယ် မဟုတ်ဘူးလားလို့၊ ကျုပ်ကအိုပြီဆိုပေမဲ့ ဖုန်းမသုံးတတ်ဘူးလို့မထင်နဲ့။' ဒါပေါ့၊ ပါးစပ်က ဘယ်ထုတ်ပြောရဲမှာလဲ။ နယ်စားကြီးက နယ်စားကြီးပဲလေ။
"အဲ...တွေ့ပြီ၊ အရင်ဆယ်နှစ်လောက်က ပို့ထားတဲ့ဟာ။ 'သားလေးတအားဆိုးပြီး လမ်းမပေါ်မှာ ဘောင်းဘီမပါဘဲ ပတ်ပြေးနေလို့လေ။ သူ့ဦးလေးအတိုင်းပဲတဲ့။' ဟားဟားဟား။"
နယ်စားကြီးက လွန်ခဲ့သည့်ဆယ်နှစ်က မင်းလွင်၏ပုံကိုရှာကြည့်ရင်း အားရပါးရရယ်လေတော့သည်။ ဖုန်းထဲမှာတော့ ပေကပ်ကပ်ကောင်လေးတစ်ယောက် ဂျိုးတွဲလောင်းနှင့် လျှောက်သွားနေသည့်ပုံကို မြင်နေရသည်။
၄။
ဂျပန်၊ တိုကျိုရှိ ရှင်တိုဘုရားကျောင်းလေးတစ်ခု။
အမည်မသိသတ္ထုနဲ့ သွန်းလုပ်ထားတဲ့ နတ်ရုပ်ကြီးက သေတ္တာတစ်ခုလိုမျိုး ပွင့်လာတယ်။ အဲဒီနောက်တော့ အတွင်းထဲကနေပြီး အနီရောင်ဆံပင်နဲ့အနီရောင်မျက်လုံးတွေရှိတဲ့ လူငယ်လေးတစ်ယောက်က သူ့ရှေ့ကို လက်ဆန့်တန်းထားရင်း တစ်စုံတစ်ခုကို ဖမ်းဆုပ်ဖို့ ကြိုးစားနေပါတယ်။
"မ....မသွားနဲ့... ငါ့ကိုချန်မထားခဲ့နဲ့။"
ဒါကြောင့် သူရောက်နေတာက အပြင်လောကကြီးမှာပါ။ အိပ်မက်ထဲကအရာတွေကို ဖမ်းဆုပ်လို့မရနိုင်ဘူး။ နောက်ဆုံးတော့ သူခလုတ်တိုက်ပြီးလဲကျသွားတယ်။ မျက်လုံးလည်း ပွင့်လာပြီ။ မျက်ရည်တွေကတော့ သူ့ပါးပေါ်မှာ။
"ဒါက... အိပ်မက်သက်သက်ပဲလား။"
'ကျွီ....' သူကြမ်းပြင်ပေါ်မှာ မှောက်လျက်သွား အတွေးလွန်နေတုန်း သတ္ထုသေတ္တာကြီးက သူ့အပေါ်မှောက်ကျလာတယ်။ 'ဘုန်း...' ဆိုတဲ့အသံနဲ့အတူ သူ့ကိုယ်ပေါ်ကို ကန့်လန့်ဖြတ်ကြီး ပြုတ်ကျလာတာ။
"အား....နာ...နာတယ်ဟ..." အာကိုင်းဂါမီ ကိုင်းတိုလည်း သူ့ကိုယ်ပေါ်က သေတ္တာကြီးကို ပြန်ထောင်လိုက်ပြီး နာကျင်သွားတဲ့သူ့ခါးကို လက်နဲ့ထောက်ထားလိုက်တယ်။
နောက်တော့ သူ့အကြည့်က အနီရောင်နတ်ဘုရားကို ဆက်သထားတဲ့ သစ်သားစင်လေးပေါ်ကို ရောက်သွားလေရဲ့။ စင်ပေါ်မှာတော့ ချောကလက်မုန့်ချောင်းတချို့ ရှိနေတယ်။ ကလေးစားတဲ့မုန့်တွေမလို့ နတ်စင်ပေါ်မှာ မြင်ရတာ မလိုက်ဖက်ဘူး။
"ဆန်မုန့်မဟုတ်တော့ဘူးလား..." ကိုင်းတိုက ပြောပြောဆိုဆိုနဲ့ မုန့်တွေကို ပါးစပ်ထဲပစ်ထည့်လိုက်တယ်။ ခဏနေတော့ ကိုင်းတိုရဲ့ခါးလောက်ပဲ အရပ်ရှိတဲ့ ကလေးမလေးတစ်ယောက် ဘုရားကျောင်းခန်းထဲ ဝင်လာလေရဲ့။
"အစ်ကိုနတ်ဘုရား...အစ်ကိုနတ်ဘုရား... ကျောင်းချိန်နီးနေပြီလေ... မထသေးဘူးလား။"
"ဟုတ်သားပဲ... ယုဆ-ချန်ကို ကျောင်းလိုက်ပို့ရဦးမယ်။" ကိုင်းတိုက သူ့ခေါင်းသူလက်နဲ့ရိုက်လိုက်ရင်း ကောင်မလေးကို ကြည့်လိုက်တယ်။ ကောင်မလေးက ဘုံကျောင်းအပျိုစင် မီကိုဝတ်စုံကို ဝတ်ဆင်ထားပြီးတော့ အင်မတန်ချစ်စရာကောင်းနေတယ်။ အနက်ရောင်ဆံပင်လေးတွေကို ဆံထုံးထုံးထားပြီး သူ့ခါးစည်းမှာရှိနေတဲ့ ဆည်းလည်းလေးက လှုပ်ရှားလိုက်တိုင်းမှာ သာယာတဲ့အသံလေးကို ထုတ်လွှင့်ပေးလို့ရယ်။ ယုဆက ငယ်သေးပေမဲ့ ဒီဝတ်စုံက သူနဲ့သိပ်ကိုလိုက်ဖက်တယ်။
ရာစုယို ယုဆက ဒီဘုရားကျောင်းရဲ့နောက်ဆုံးအမွေဆက်ခံသူ၊ ရာစုယိုဆိုတဲ့ မျိုးရိုးနာမည်ကို နောက်ဆုံးရရှိတဲ့သူပါ။
ကောင်မလေးက လက်ထဲမှာ တံမြက်စည်းကိုကိုင်ထားတယ်။ ကိုင်းတိုအပြင်ကိုရောက်တော့ ဘုရားကျောင်းရင်ပြင်ထဲမှာ သေသေသပ်သပ်စုပုံထားတဲ့ သစ်ရွက်အမှိုက်တွေကို တွေ့ရတယ်။ စက်တင်ဘာလအကုန် ဆောင်းဦးရောက်ပြီမလို့ သစ်ပင်တွေအားလုံးမှာ အဝါရောင်နဲ့နီညိုရောင် သစ်ရွက်တွေကိုပဲ တွေ့ရတော့တယ်။ ဆောင်းဦးကြွေတဲ့ သစ်ရွက်တွေက ဘုရားကျောင်းရင်ပြင်တစ်ခုလုံးမှာ နေရာယူထားတော့ ရှုပ်ယှက်ခတ်နေတယ်လေ။ ဒါကြောင့် ယုဆလေးက အမှိုက်သိမ်းပေးနေခဲ့တာ။
ကိုင်းတိုလည်း ယုဆရဲ့ခေါင်းလေးကို ပွတ်ပေးလိုက်တယ်။ "လိမ္မာလိုက်တာ... ဘုရားကျောင်းကြီးကို ထိန်းသိမ်းမယ့် ဘုံကျောင်းအပျိုစင် ပီသပါပေတယ်။"
"သမီးက အစ်ကိုနတ်ဘုရားကို ခစားရမှာလေ၊ ဒါကြောင့် တာဝန်ကျေအောင် လုပ်ရမှာပေါ့။" ကောင်မလေး ပြုံးလိုက်တိုင်း သူ့ပါးဖောင်းဖောင်းလေးပေါ်မှာ ပါးချိုင့်လေးပေါ်လာတယ်။
နောက်တော့ ကိုင်းတိုက လူနေအဆောင်ထဲဝင်ပြီး အခန်းတစ်ခုရဲ့တံခါးကိုခေါက်လိုက်တယ်။ လူနေအဆောင်ထဲမှာတော့ အဖြူရောင်ခန်းစီးစတွေကို တွေ့ရပြီးတော့ ခေါင်းရင်းခန်းမှာတော့ အဖွားအိုတစ်ဦးရဲ့ပုံနဲ့ စားစရာတချို့တင်ထားတဲ့ စားပွဲကို တွေ့နိုင်ပါတယ်။
"မီရိုင်... ကျောင်းနောက်ကျတော့မယ်နော် မထသေးဘူးလား။"
'အင်း...' အထဲကနေ ပျင်းရိစွာ အကြောဆန့်တဲ့အသံ ထွက်ပေါ်လာတယ်။ ခဏနေတော့ ရွှေရောင်ဆံပင်နဲ့ ချစ်စရာကောင်းမလေးတစ်ယောက်က ဘေးတိုက်တွန်းတံခါးကိုဖွင့်လိုက်ပြီး ခေါင်းပြူကြည့်လေရဲ့။
"အစောကြီးပဲ ရှိသေးတာမဟုတ်ဘူးလား....."
ချစ်စရာကောင်းလွန်းတော့ အားကိုင်းဂါမီလည်း မနေနိုင်ဘဲ မိရိုင်လေးရဲ့နားရွက်ကို လိမ်ဆွဲလိုက်တယ်။
"အားလားလား...."
"သခင်မလေး၊ ဒီမှာက ကျောင်းကိုလမ်းလျှောက်သွားရမှာလေ။ တံခါးခြောက်ပေါက်နဲ့ မာစီးဒီးကားကြီးမရှိဘူး။"
ကိုင်းတိုရဲ့တပည့်မလေးက သာမန်လူတွေရဲ့ဘဝနေထိုင်မှုပုံစံနဲ့ နေသားမကျသေးဘူး။ ခဏနေတော့ သူတို့အားလုံး ကျောင်းသွားဖို့အတွက် အဝတ်လည်းပြီးသွားကြပြီ။ ကျောင်းဝတ်စုံဝတ်လာတဲ့ ကောင်မလေးနှစ်ယောက်က ဘုရားကျောင်းရှေ့မှာထိုင်ပြီး နတ်ရေစင်နဲ့ မျက်နှာသစ်နေတဲ့ ကိုင်းတိုဆီကို ရောက်လာကြတယ်။
"အစ်ကိုနတ်ဘုရား... သမီးတို့ကျောင်းသွားဖို့ အသင့်ဖြစ်ပြီ။"
"မနက်စာရော ပါကြပြီလား။"
"အင်း... သမီးကြက်ဥဆန်းဝှစ်လုပ်ထားတယ်။" ယုဆက ပြန်ဖြေလိုက်တယ်။ ကိုင်းတိုကတော့ စိတ်ထဲမှာ အတွေးပေါင်းမြောက်များစွာနဲ့။ 'ဒီကောင်မလေးက ငယ်သေးသလောက် အားကိုးရသားပဲ။ ကြီးလာရင် စံပြမိန်းကလေး ဖြစ်လာတော့မှာ။'
မိရိုင်ကတော့ ကိုင်းတိုရဲ့ငါးခူပြုံးမျက်နှာကြီးကြောင့် ယုဆကို မနာလိုဖြစ်သွားတယ်။ သူကျတော့ ရောက်ကတည်းက ချီးကျူးခံရတယ်ကို မရှိသေးဘူး။
"သ...သမီးလည်း ကူလုပ်ထားပါတယ်နော်။"
ယုဆကလည်း မိရိုင်ကို အံ့ကြိတ်ထားတဲ့ မျက်နှာကြီးနဲ့ တင်းတင်းကြည့်လိုက်ပြီးတော့ "နင်လုပ်တာဆိုလို့ ဥတွေကို ခွဲပစ်တာပဲမဟုတ်ဘူးလား။ အဲဒီဥတွေက အလကားရတယ်မှတ်နေလို့လား။"
ယုဆက ပြောလည်းပြော လက်လည်းပါတယ်။ လက်သေးသေးလေးက မိရိုင်ရဲ့နားထင်က ဆံပင်မွှေးတွေကို ဆောင့်ဆွဲပြီးနှင့်ပြီ။
"ယု..ယုဆ-ချန်၊ ငါနောက်နေ့ကျရင် တံမြည်စည်းကူသိမ်းပေးပါ့မယ်။ နားထင်မွှေးတော့ မဆွဲပါနဲ့။"
"ကဲ...ကျောင်းသွားရအောင်။" မျက်နှာသစ်၊ ကိုယ်လက်သန့်စင်ပြီးပြီဖြစ်တဲ့ ကလေးမလေးနှစ်ယောက်ကို ကိုင်းတိုက ပြောလိုက်တယ်။
အဲဒီနောက်တော့ သူတို့နှစ်ယောက်ကိုလက်ဆွဲပြီး ရပ်ကွက်ထဲက အလယ်တန်းကျောင်းဆီကို လိုက်ပို့ပေးခဲ့တယ်။ ကျောင်းက သိပ်မဝေးပါဘူး။ ကျောင်းဝင်ဝကိုရောက်တော့ ကိုင်းတိုကို ယုဆနဲ့မိရိုင်တို့က လက်ပြနှုတ်ဆက်ကြတယ်။ ကိုင်းတိုကလည်း သူတို့ကို တကယ့်ကလေးအဖေကြီးလိုမျိုး လက်ပြနှုတ်ဆက်လိုက်ကြတယ်။
တခြားကျောင်းလိုက်ပို့တဲ့ ကလေးမိဘတချို့ကတော့ ရုပ်ချောချောနဲ့ ဆံပင်နီလူငယ်လေး ကလေးမလေးတွေကို ကျောင်းလိုက်ပို့တာတွေ့တော့ ကြည်နူးတဲ့မျက်နှာတွေနဲ့ ကြည့်နေကြတယ်။ သက်လတ်ပိုင်း အန်တီကြီးတချို့ဆိုရင် ပိုဆိုးသေးတယ်။
'ဟိုမှာကြည့်စမ်း၊ အဲဒီချောချောကောင်လေးက အတန်းငယ်လေးတွေကို လိုက်ပို့ပေးနေတာမလား။ ကလေးတွေကလည်း ချစ်စရာကောင်း၊ အဖေကလည်း အားကိုးရတယ်။ အိမ်ကဟာကြီးနဲ့တော့ ကွာပအေ။' ကိုင်းတိုကတော့ အန်တီကြီးအုပ်စုစကားကို နားထောင်နေရင်း ကျောချမ်းလာလို့ မသိချင်ယောင်ဆောင်ပြီး ကျောင်းရှေ့ကနေ လှည့်ထွက်လာတယ်။ တော်ကြာ စံပြယောက်ျားကောင်းဆိုပြီး ဝိုင်းချီးကျူးကြလွန်းလို့ သူတို့အိမ်ကယောက်ျားတွေ မနာလိုဖြစ်ပြီး သူ့ကိုမေတ္တာပို့နေကြဦးမယ်။
ကျောင်းကပြန်တော့ ကိုင်းတိုအလုပ်ကို တန်းသွားလိုက်တယ်။ သူအလုပ်လုပ်နေတဲ့ အမြန်စာစားသောက်ဆိုင်နာမည်က MCdowell's၊ MCdonald's မဟုတ်ဘူး။ တိုကျိုတစ်မြို့လုံးမှာ အဲဒီနာမည်နဲ့ တစ်ခုတည်းရှိတဲ့ဆိုင်။ ဆိုင်နာမည်က MCdonald'sရဲ့Copyrightမမိအောင်လို့ Animeထဲမှာသုံးတဲ့ အမည်လွဲတွေနဲ့တောင် သွားဆင်သေးတယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းက MCdonald's
ဖက်က သူတို့ဆိုင်ကို တရားစွဲသေးတယ်။ မူပိုင်ခွင့်ချိုးဖောက်ပြီး နာမည်အတုနဲ့စားသုံးသူတွေကို လှည့်ဖျားလို့တဲ့။
ဆိုင်ပိုင်ရှင်ကြီးတော့ အော်ဆဲရှာပါတယ်။ 'မင်းတို့ကောင်တွေက ချိစ့်ဘာဂါ ရောင်းတာလေ။ ငါတို့က ချိ့စ်ဆန်းဝှစ်ကြော်ရောင်းတာကွ။ ဘာမှလည်းမဆိုင်ဘူး။ ငါ့နာမည်က dowellဖြစ်နေလို့ Mcdowell'sလို့ နာမည်တပ်ရုံပဲကွ။' တကယ်တော့ အဲဒီဆိုင်ပိုင်ရှင်ကြီးလည်း အရင်နှစ်က ဆုံးသွားရှာပါပြီ။ အာကိုင်းဂါမီ ဟီးရိုးဘဝက အနားယူကတည်းက အဲဒီဆိုင်မှာ အလုပ်လုပ်ခဲ့တာ။ ဆိုင်ရှင်ကြီးကို သူမမှတ်မိတော့ပေမဲ့လည်း Mcdowell ဆိုတဲ့ အူကြောင်ကြောင်ဆိုင်လေးအကြောင်းကို တိုကျိုတစ်မြို့လုံး သိကြတယ်လေ။
MCdonald'sက အသားညှပ်ချိ့စ်ဘာဂါ ရောင်းတယ်။ MCdowell'sက အသားညှပ်ဆန်းဝှစ်ရောင်းတယ်။ Mcdonald'sက မုန့်နှစ်ကြက်ကြော်ရောင်းတယ်။ Mcdowell'sက မုန့်နှစ်ငါးကြော်ရောင်းတယ်။ Mcdonald'sက အာလူးချောင်းကြော်ရောင်းတယ်။ MCdowell'sက အာလူးချပ်ပြားကြော်ရောင်းတယ်။ အဲ၊ တည်ခင်းတဲ့ အချိုရည်လည်းမတူဘူး။ Mcdonald'sက Colaဆိုရင် MCdowell'sက စပျစ်သီးဖျော်ရည်အနက်ရောင်။
နောက်ဆုံး MCdonald'sရဲ့တံဆိပ်က ရွှေရောင် 'M' အခုံးဆိုပေမဲ့ MCdowell'sကတော့ ငွေရောင်'W' အခုံးလေ။ တရုတ်ပြည်က ပေါပေါပဲပဲ Copyrightရှောင်ထားတဲ့ဆိုင်နဲ့တူပေမဲ့ MCdowell'sက သူ့မီနူးနဲ့သူ၊ သူ့ပရိသတ်နဲ့သူ ရှိနေပြီးသားပါ။ ပြောရရင် Multiverse ကနေ မျက်စိလည်လမ်းမှားပြီး ရောက်လာတဲ့ Variant ဆိုင်လိုလို။
အဖိုးကြီးသေသွားပြီးတဲ့နောက်တော့ ဘယ်ကမှန်းမသိတဲ့ မျက်လုံးနီကြောင်ကြောင်၊ ဆံပင်အနက်ရောင်ဘုတ်သိုက်နဲ့ ငနှဲတစ်ကောင်က ဆိုင်ကိုဝင်တာဝန်ယူတော့တာပဲ။ နာမည်က ဆာတန် ဒေါ်ဝဲလ်ဆိုလား။ တကယ့်အချိုးမပြေတဲ့ကောင်ပါ။
ကိုင်းတိုလည်း အလုပ်ရောက်တာနဲ့ ဆိုင်အဝတ်ကိုလဲဝတ်ပြီး ငါးကြော်တွေကို မုန့်နှစ်ထဲစိမ်ကာ အကြော်စက်ထဲ ထည့်ကြော်တယ်။ ခပ်မွှေးမွှေး ငါးကြော်နံက ဆိုင်ရှိနေတဲ့ လမ်းကြားထဲပြန့်နှံလာပြီး စားသုံးသူတွေ အလျှိအလျှို ရောက်လာကြပါပြီ။
ရုတ်တရက် မာစီးဒီးတံခါးခြောက်ပေါက်ကားနှစ်စင်းက ဆိုင်ရှေ့ထိုးရပ်ပြီး အနက်ရောင်ဝတ်စုံနဲ့လူတစ်ဒါဇင်လောက် ကားပေါ်ကဆင်းလာပြီး သပ်သပ်ရပ်ရပ်တန်းစီလိုက်သည်။ ကားတံခါးပေါ်က ချယ်ရီပန်းတံဆိပ်ကို ကိုင်းတို ရင်းနှီးနေသလိုလို။
နောက်တော့ ဝတ်စုံနက်တစ်ယောက်က နောက်ခန်းတံခါးကို ဖွင့်ပေးလိုက်တယ်။ အတွင်းထဲကနေ ဂျပန်ရိုးရာသစ်သားညှပ်ဖိနပ် စီးထားတဲ့ သက်လတ်ပိုင်းလူတစ်ယောက် ဆင်းလာပါပြီ။ ဆာမူရိုင်းဝတ် ကီမိုနိုကိုဝတ်ထားပြီး ခါးမှာတော့ ဂျပန်ဓားတိုတစ်လက်နဲ့ဓားရှည်တစ်လက်ကို ချိတ်ထားတယ်။
ကိုင်းတိုလည်း သူတို့ကို မော့ကြည့်လိုက်တယ်။ မာစီးဒီးခြောက်ပေါက်ကားနဲ့သူဌေးက သူတို့အမြန်စာဆိုင်သေးသေးလေးကို ဆင်းစားတာတော့ မဖြစ်နိုင်ဘူးမလား။
ဆိုင်ရှင်ကောင်လေး Dowell'sကလည်း အပြေးလေးရောက်လာပြီး နှုတ်ဆက်လိုက်တယ်။ "MCdowell's ကနေကြိုဆိုပါတယ်။ ဘာများသုံးဆောင်မလဲခင်ဗျ။"
အဲဒီဆာမူရိုင်းလိုလိုလူကြီးက ကောင်လေးကိုမျက်စောင်းထိုးလိုက်တယ်။ အနက်ဝတ်တစ်ယောက်က သဘောပေါက်သွားဟန်နဲ့ ကောင်လေးမျက်နှာကို ဆွဲထိုးလိုက်ရော။ Dowell'sကောင်လေးကလည်း သတိရှိနေတာကြောင့် အသာလေးရှောင်လိုက်ပါတယ်။ သူ့က မျက်စိကိုမှေးလိုက်ပြီး အေးစက်စက်လေသံနဲ့ပြောလိုက်တယ်။
"စားသုံးသူမဟုတ်တဲ့သူတွေကို ဒီဆိုင်က မကြိုဆိုဘူး။"
ကောင်လေး Dowell'sကလည်း မြူတန့်တစ်ယောက်ပါ။ ဆိုင်ထဲမှာရှိနေတဲ့ သတ္တုတွေအားလုံး သူ့စကားသံနဲ့အတူ လှုပ်ခါလာတယ်။ Dowell'sမိသားစု ဂျပန်ကိုရောက်နေတာ နှစ်ငါးဆယ်လောက်ရှိပြီ။ ဥက္ကာပျံတွေ ကျဆင်းလာကတည်းကပဲ။ သူတို့က ဥက္ကာပျံလိုက်ရှာရင်း စီးပွားပျက်ပြီး ဂျပန်မှာလာသောင်တင်နေကြတာ။ မြူတန့်ခေတ်မတိုင်ခင် အင်အားကြီးမိသားစုတစ်ခုအနေနဲ့ ဆင်ပိန်လှ ကျွဲလောက်တော့ကျန်နေသေးတယ်။ အထူးသဖြင့် ဒုတိယမျိုးဆက်တွေမှာက မြူတန့်စွမ်းအားရှိနေပြီ။
"ဒုတိယတန်းစား မျိုးနွယ်လေးကများ။" ကိုယ်ရံတော်အစောင့်ခေါင်းဆောင်က အော်လိုက်ပြီးတော့ ရှေ့တက်လာတယ်။ ဆိုင်တွင်းက အခြေအနေကလည်း တင်မာလာပြီမလို့ ရောက်နှင့်ပြီးသား စားသုံးသူတွေလည်း ဆိုင်ထဲကနေ ထွက်ပြေးသွားကြပါပြီ။
"မင်းတို့ ယာမာဂုချီမိသားစုက ငါ့ဆီကို လာတာမဟုတ်လား။ ဘာလို့မဆိုင်တဲ့လူတွေကို အနိုင်ကျင့်နေတာလဲ။"
ကိုင်းတို ဆိုင်နောက်ကနေ ထွက်လာပါတယ်။ ဒီလူတွေကို သူမှတ်မိသွားပြီ။ ဂျပန်ရဲ့နံပါတ်တစ်မျိုးနွယ်လို့ပြောရမယ့် S rankနှစ်ဦးထွက်ပေါ်ခဲ့ဖူးတဲ့ ယာမာဂုချီတွေပါ။
"အနီရောင်နတ်ဘုရား... ဒီနေ့ငါက မင်းနဲ့စာရင်းရှင်းဖို့ လာခဲ့တာ။" ယာမာဂုချီမိသားစုရဲ့ပထမဓားသခင်က သူ့ရဲ့ဓားကို ဆွဲထုတ်လိုက်တယ်။ ကိုင်းတိုကတော့ အခုထိ နားမလည်သေးဘူး။
"ဘာအတွက်လဲ...."
"ငါ့ညီမလေးနဲ့၊ ငါ့မိန်းမငါ့ကို သစ္စာဖောက်အောင် မင်းဖြားယောင်းခဲ့တဲ့အတွက်။"
"မင်းဘာတွေ ပြောနေတာလဲ။"
ယာမာခုဂျီရဲ့လက်က ဓားပေါ်ကို ရောက်သွားတယ်။ နောက်တစ်ခဏမှာတော့ အက်ချည်မျှင်တစ်ခုစာသာရှိတဲ့ ငွေရောင်အလင်းတန်းတစ်ခုက ဆိုင်ထဲမှာထွက်ပေါ်လာပြီး ကိုင်းတိုဆီကိုရောက်လာတယ်။ ကိုင်းတိုကလည်း ကိုယ်ကိုနည်းနည်းလေး တိမ်းစောင်းပြီးရှောင်လိုက်လေရဲ့။
စက္ကန့်အနည်းငယ်ကြာတော့ ဆိုင်ခန်းကြီးတစ်ခုလုံးလှုပ်ခါလာပြီး ခေါင်မိုးတစ်ခုလုံး ပြိုကျသွားတယ်။ နေရောင်က ဆိုင်ခန်းငယ်လေးထဲကို ကျဆင်းလာပြီး အနီရောင်နတ်ဘုရားရဲ့ဆံပင်တွေက တကယ့်မီးတောက်လိုတောင်ပလာတယ်။
တကယ်လို့ ဆိုင်ခန်းပြိုကျသွားတဲ့နေရာမှာ သာမန်လူတွေရှိနေခဲ့မယ်ဆိုရင် ကျိန်းသေပေါက် အသက်အန္တရာယ် စိုးရိမ်ရပါတယ်။ ဒါပေမဲ့ သူတို့အားလုံးက အဆင့်မြင့်မြူတန့်တွေဖြစ်နေတယ်။
"ဟေးဟေး... မင်းတို့ယာမာဂုချီတွေက လူကြားသူကြားထဲမှာတောင် တခြားသူတွေရဲ့ပိုင်ဆိုင်မှုကို ဖျက်ဆီးပစ်နေတာလား။"
ကိုင်းတိုက ခနဲ့တဲ့တဲ့ ပြောလိုက်ပါတယ်။ ကိုင်းတိုက ယာမာဂုချီမိသားစုကို ဟိုးအရင်ကတည်းက သဘောမကျပါဘူး။ အခုလည်းသဘောမကျသလို၊ နောင်လည်း သဘောကျမှာမဟုတ်ဘူး။
"မင်းကြောင့် ငါ့ညီမသေရတာ အာကိုင်းဂါမီ၊ ပြီးတော့ မင်းကြောင့် ငါ့မိသားစု ပြိုလဲသွားရတာ။ အခုလည်း ငါအရှက်ကွဲအောင် မင်းသမီးကို ပြန်ပြန်ခေါ်တာမဟုတ်လား။"
"မင်းဘာတွေပြောနေတာလဲ၊ ငါနားမလည်ဘူး။"
"ရူးချင်ယောင် ဆောင်မနေနဲ့။"
ပထမဓားသခင်၏ဓားချက်များက နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။ ပင့်ကူမျှင်ကဲ့သို့ ပါးလွှာလွန်းသော ငွေရောင်အလင်းတန်းများက ကိုင်းတိုထံသို့ တစ်ခုပြီးတစ်ခု တိုးဝင်သွား၏။ ကိုင်းတိုကတော့ ကိုယ်ကိုတိမ်းစောင်းရုံဖြင့်သာ အေးအေးဆေးဆေး ရှောင်ရှားနိုင်နေသည်။
"ငါ့မှာစွမ်းအားတွေမရှိတော့လို့ မင်းတို့ယာမာဂုချီတွေက အနိုင်ယူလို့ရမယ်ထင်နေတာလား၊ အိခဲဒရဲ့သား။ မင်းရဲ့အဖေကိုတောင် ငါက စွမ်းအားမသုံးဘဲအနိုင်ယူဖူးတယ်။"
ကိုင်းတို ဒေါသထွက်နေပြီဖြစ်သည်။ သူမလုပ်ခဲ့သည့်အရာများအတွက် သူ့ကိုလာပြဿနာရှာနေတာလား။ 'မင်းညီမ၊ မင်းမိန်းမ။ အဲဒီလူတွေကို ငါတစ်ယောက်မှ မသိဘူး။'
ကိုင်းတိုက ပြိုကျနေသည့် မီးဖိုချောင်မှာချိတ်ထားသော မီးဖိုချောင်သုံးဓားကို ဖြုတ်ယူလိုက်သည်။ သူ၏လက်များက ကျင်လည်စွာလှုပ်ရှားသွားပြီး ပထမဓားသခင်၏ဓားချက်များကို အေးဆေးသက်သာစွာဖြင့် ခုခံလိုက်နိုင်သည်။
ရုတ်တရက် သူတို့နှစ်ယောက်တိုက်ခိုက်သည်ကို အကြာကြီးစောင့်ကြည့်နေသော Dowell'sက ကြားထဲဝင်လိုက်သည်။ သူ့တစ်ကိုယ်လုံးကို အနက်ရောင်သတ္တုများက ဖုံးလွှမ်းထားပြီး သူက A+ အဆင့် သတ္တုမြူတန့်ဖြစ်၏။ သူ့ခန္ဓာကိုယ်တွင် ဖုံးလွှမ်းနေသော သတ္တုများကို ဇက်သတ္တုဓားဖြင့်ပင် ပိုင်းဖြတ်ရန် မဖြစ်နိုင်ပါ။
"မင်းတို့နှစ်ကောင် တိုက်ခိုက်နေတာ တော်လောက်ပြီထင်တယ်။ ဒီနေရာက ငါပိုင်တဲ့နေရာပဲ။ ပြီးတော့ မင်းတို့က ငါ့ဆိုင်ကို ရစရာမရှိအောင် ဖျက်ဆီးပစ်လိုက်တာပဲ။ အလျော်ပေးရမယ်။"
Dowell's၏စကားကြောင့် ပထမဓားသခင်နှင့်ကိုင်းတိုတို့၏မျက်နှာက ခက်ထန်သွားသည်။
....
ရပ်ကွက်ကျောင်းလေးတွင်ဖြစ်သည်။ စာသင်ချိန်စနေပြီ ဖြစ်သော်လည်း ယုဆက ကျောင်းထဲမဝင်သေးဘဲ ကျောင်းဝင်းအတွင်းရှိ ခုံတန်းလေးပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ လက်နှစ်ဖက်ဖြင့် ဒူးကိုပွေ့ပိုက်ထားသည်။ မျက်ရည်များက သူ့ပါးပေါ်တွင် စီးကျနေ၏။
"သူမေ့သွားပြီ... နတ်ဘုရားကိုကိုက အဖွားကိုမေ့သွားပြီ။"
မိရိုင်လည်း သူ့ဘေးနားတွင်ရှိနေပြီး မည်သို့နှစ်သိမ့်ရမည်ကို သိသည့်ပုံမပေါ်ပေ။ ယုဆကတော့ ဆက်ငိုနေရင်း မိရိုင်ကို လှည့်ကြည့်လိုက်၏။
"ဖွားဖွားက နှစ်ငါးဆယ်လုံး အစ်ကိုနတ်ဘုရားနဲ့ ရှိနေခဲ့တာလေ။ ဒါပေမဲ့ သူမေ့သွားတယ်။ အစ်မတာကရကိုပဲ ဖြစ်ဖြစ်၊ ဦးလေးDowellကိုပဲဖြစ်ဖြစ် သေသွားတာနဲ့ သူဘယ်သူ့ကိုမှ မမှတ်မိတော့ဘူး။"
ယုဆက ကိုင်းတိုတစ်ယောက် လူတွေကို တစ်ယောက်ပြီးတစ်ယောက် မေ့ပစ်လိုက်သည်ကို လူမှန်းသိတတ်စ အရွယ်ကတည်းက သိနေခဲ့သည်။ ကိုင်းတိုက မသေနိုင်ပေ၊ သာမန်သေမျိုးများလိုမဟုတ်ဘဲ သူ့သက်တမ်းက ရေတွက်မရလောက်အောင် ရှည်လျားလွန်းသည်။ ထိုသက်တမ်းတစ်လျှောက်လုံး သူမေ့ပစ်လိုက်သည့်လူများက ရာနှင့်ချီသည်။
"တကယ်လို့... တကယ်လို့... ယုဆသေသွားရင်လည်း အစ်ကိုနတ်ဘုရားက ငါ့ကိုမေ့သွားဦးမှာပဲ။"
မိရိုင်လည်း ဘယ်လိုပြောရမှန်းမသိတော့ဘဲ တုန်ရီနေသည့် ယုဆ၏ကိုယ်ကိုသာ တင်းတင်းဖက်ထားမိ၏။ လွန်ခဲ့သော လဝက်ခန့်က အဖွားကိုရိုမီတစ်ယောက် အပြင်းဖျားပြီး လူကြီးရောဂါကြောင့် ကွယ်လွန်သွားခဲ့ပေသည်။ ထိုနေ့ညက ကိုင်းတိုအင်မတန်ဝမ်းနည်းနေခဲ့သည်မှာ သေချာသော်လည်း နောက်နေ့ရောက်တော့ ကိုရိုမီကို လုံးဝမှတ်မိတော့ပုံမပေါ်ဘဲ သူစိမ်းတစ်ယောက်ကဲ့သို့သာ သဘောထားတော့၏။
"ဆရာက... သူ့အနားက ထွက်သွားတဲ့သူတွေကို မေ့ပစ်လိုက်တာလား။ ဒါပေမဲ့ ဘာကြောင့်လဲ...."
မိရိုင်နားမလည်နိုင်ပေ။
ကျွီ... ကားဘရိတ်အုပ်သံနှင့်အတူ မာစီးဒီးခြောက်ပေါက်ကားတစ်စီးက ကျောင်းရှေ့တွင် ထိုးရပ်သွားသည်။ ထို့နောက် ကားပေါ်မှ အနက်ရောင်အနောက်တိုင်းဝတ်စုံဝတ်ဆင်ထားသည့် လူတချို့ဆင်းလာပြီး သူတို့ကို ဦးဆောင်လာသည့် အဖြူရောင်အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားသည့် ချောမောသော လူငယ်လေးတစ်ယောက်က မိရိုင်ကိုတွေ့သွားပြီး ဖြည်းဖြည်းချင်းလျှောက်လာ၏။
အနားသို့ရောက်သောအခါ ထိုလူငယ်လေးက ပြုံးလိုက်ပြီး မိရိုင်ကို အနည်းငယ် ဦးညွှတ်လိုက်သည်။
"မမလေးခင်ဗျ၊ သခင်ကြီးက မမလေးကို အိမ်ကိုပြန်ခေါ်လာခိုင်းလိုက်ပါတယ်။"
မိရိုင်က ခေါင်းကိုသွင်သွင်ခါယမ်းလိုက်ပြီး ပြတ်သားစွာ ပြောလိုက်၏။
"ငါက ဆရာနဲ့ပဲနေမှာ၊ ဟီးရိုးဖြစ်လာဖို့အတွက် ငါဆရာ့ဆီကနေ ပညာသင်တွေသင်ရမယ်။" အဖြူရောင်ကိုယ်ရံတော်ကတော့ ခေါင်းခါလိုက်၏။
"သခင်ကြီးက သခင်မလေးအတွက် မီးအမျိုးအစားမြူတန့်တစ်ယောက်ကို နည်းပြအဖြစ် ငှားထားပေးပြီးပါပြီ။"
"ဟင့်အင်း၊ ငါမလိုက်နိုင်ဘူး ဆာကီ။" မိရိုင်က ပိုပြီးခက်ထန်သော လေသံဖြင့် ပြောလိုက်သည်။ 'ဆရာက သူ့အနားက ထွက်သွားတဲ့လူတွေကို မေ့သွားတယ်။ တကယ်လို့ ငါသူ့အနားမှာမရှိတော့ရင်ရော ငါ့ကိုမေ့သွားမှာလား။' ထိုအတွေးနှင့်အတူ မိရိုင်ရင်ထဲပူလောင်လာသည်။ ထိုကိုယ်ရံတော်ခေါင်းဆောင်၏ ကမ်းလှမ်းမှုကို မရိုင်လုံးဝငြင်းလိုက်၏။
"ဟင့်အင်း၊ ငါမလိုက်နိုင်ဘူး။ ကမ္ဘာပေါ်မှာ အတော်ဆုံးဟီးရိုးဖြစ်အောင် ငါ့ကိုသင်ပေးနိုင်တဲ့သူက အနီရောင်နတ်ဘုရားပဲရှိတယ်။" မိရိုင်က ထိုင်ခုံပေါ်မှဆင်းလိုက်ပြီး ဆာကီနှင့်မျက်နှာချင်းဆိုင်ကာ ရပ်လိုက်သည်။ ယုဆလေးကတော့ ဖြစ်ပျက်နေသည်များကို သဘောမပေါက်နိုင်သေးပေ။
"ဒါဆိုရင်တော့ ကျွန်တော်တို့ကို အဆိုးမဆိုပါနဲ့။" ဆာကီဦးဆောင်သော ကိုယ်ရံတော်များက မိရုင်ကိုအတင်းခေါ်သွားဖို့ ကြိုးစားကြသည်။ မိရိုင်က သူ၏လက်ထဲတွင် မီးတောက်များကို ဖန်တီးလိုက်ရင်း ထိုကိုယ်ရံတော်များကို တိုက်ခိုက်ရန် အသင့်ပြင်လိုက်၏။
"အကျဥ်းထောင်နဲ့တူတဲ့အိမ်ကို ငါပြန်မလိုက်နိုင်ဘူး။ မိရိုင်က အသုံးမကျတဲ့လူ ဘယ်တော့မှပြန်မဖြစ်ချင်ဘူး။"
မီးတောက်များကြောင့် အေးမြမြဆောင်းဦးကာလလေထု၏ အပူချိန်မှာ တဖြည်းဖြည်းမြင့်တက်လာသည်။ မိရိုင်ကို ဗဟိုပြုကာ လေပူလေပွေတစ်ခုဖြစ်ပေါ်လာကာ ဆောင်းရွက်ကြွေတို့ လေထုထဲမြင့်တက်လာသည်။ မိရိုင်၏ဆံနွယ်များက ပြင်းထန်သော တိုက်လေကြောင့် ယိမ်းထိုးနေပြီး လက်ထဲမှမီးတောက်များက သုံးပေအထိမြင့်တက်လာလေပြီ။