အခန်း (၅၆၃)
Vol. 41 Ch. 563
“စီနီယာအစ်မလန် ပြန်ကောင်း သွားပြီလား”
မီးခိုးရောင် ဝတ်ရုံနှင့် လူလတ်အရွယ် အမျိုးသားက ရှီဂူလန်ကို မြင်သောအခါ ချက်ချင်း ဆိုသလို တအံ့တဩ ရေရွတ်လိုက်သည်။ မိုဝူကျီ ဖော်ထုတ်ထားသော ဓားမော့ အလင်းတန်း အကြောင်းကို မေးပင် မမေးပေ။
“ချွမ်ဖုန်း ရှင် ရောက်လာပြီပဲ ...”
ရှီဂူလန်၏ မျက်ဝန်းမှ စိတ်ပျက်မှုကို ဖုံးကွယ်ထားပြီး …
“ဒါက ဆေးလုံး ဆရာမိုလေ။ လင်းဂူက ငါ့ကို ကုပေးဖို့ ဖိတ်လာတာ”
ချွမ်ဖုန်းဟု အမည်ရှိ လူလတ်အမျိုးသားက ဘေးပတ်လည်ကို တစ်ချက် ကြည့်ပြီးနောက် မေးလိုက်သည်
“အစ်မပြောတဲ့ ဆေးလုံးဆရာမိုက ထွက်သွားပြီလား”
လင်းဂူက မြန်မြန် ပြောလိုက်သည်။
“စီနီယာဦးလေးဖုန်း အစ်ကိုမိုက ဒီမှာလေ”
သူမက ပြောလိုက်ရင်း မိုဝူကျီကို ညွှန်ပြလိုက်သည်။
“မင်းက ဆရာမိုလား”
ချွမ်ဖုန်းက စီနီယာ ဟုသော စာလုံးကို အတင်းမျိုချ လိုက်ရသည်။
“မင်းက စီနီယာအစ်မလန်ကို ကုပေးတဲ့ တစ်ယောက်လား”
မိုဝူကျီ၏ အသက်အရွယ်ဖြင့် သူက စီနီယာဟု မခေါ်နိုင်ပေ။ ထိုကျင့်ကြံသူမှာ လင်းဂူထက်ပင် ငယ်သေးကြောင်း ကြည့်ရုံဖြင့် သိနိုင်သည်။ ထို့အပြင် သူ့ကျင့်ကြံဆင့်မှာလည်း လင်းဂူထက် အားနည်းပေ၏။
မိုဝူကျီက လက်နှစ်ဖက် ယှက်ကာ …
“ကျုပ်က ဆရာဆိုတဲ့ ဂုဏ်ပုဒ်နဲ့ မထိုက်တန်ပါဘူး။ ကျုပ်က မိုဝူကျီပါ။ ဒေါ်လေးလန်ရဲ့ ရောဂါကို ကုသပေးခဲ့တာပါ”
ချွမ်ဖုန်း မျက်ဝန်း၌ ပျော်ရွင်သွားသည့် အရိပ်အယောင်များ ပေါ်လာကာ မိုဝူကျီကို ချက်ချင်း ဦးညွှတ်လိုက်ပြီး ပြောလိုက်၏။
“ဆရာမို ... ကျုပ်ဆီမှာလည်း စီနီယာအစ်မလန်နဲ့ ဝေဒနာတူ ခံစားနေရတဲ့ မိတ်ဆွေ တစ်ယောက် ရှိတယ်၊ ဆရာမိုများ လိုက်ကြည့်ပေးနိုင်မလား ...”
မိုဝူကျီက အားနာစွာ ပြောလိုက်သည်။
“ကျုပ် အားနာပါတယ်။ အခုက အလောတကြီး သွားစရာ ရှိလို့ပါ။ ကျုပ် သွားနိုင်ရင်တောင် ကျုပ်ကိစ္စ အပြီးသတ်တဲ့အထိ စောင့်ဖို့ လိုတယ်”
ချွမ်ဖုန်းက မိုဝူကျီကို သူ့နောက် လိုက်စေချင်သော်လည်း စိုးရိမ်မှုကို ချိုးနှိမ်ကာ …
“ရပါတယ် ... ရပါတယ်။ ဆရာမိုရဲ့ ကိစ္စက အရင်ဦးစားပေး လုပ်ပါ ... ဆရာမိုရဲ့ ကိစ္စကိုများ သိခွင့်ရမလား ... ကျုပ် ချွမ်ဖုန်းက ကူညီပေးနိုင်ရင် ပေးနိုင်မှာ”
လင်းဂူက ရှင်းပြလိုက်သည်။
“စီနီယာဦးလေးဖုန်း ... အစ်ကိုမိုက ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ဆီ သွားမလို့ပါ”
ချွမ်ဖုန်းက တုန်လှုပ်သွားကာ မြန်မြန် ပြောလိုက်သည်။
“လင်းဂူ ဟိုတလောတုန်းက ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်အတွက် နေရာတစ်နေရာစာ လိုတယ်ဆိုတာက ....”
ချွမ်ဖုန်း စကားမဆုံးခင် လင်းဂူက ဦးညွှတ်ကာ ဝင်ပြောလိုက်သည်။
“ဟုတ် အဲဒါက အစ်ကိုမိုကို ကူညီပေးမယ်ဆိုပြီး ကတိပေးထားလို့ပါ”
“အဲဆို ဆရာမိုက ...”
ချွမ်ဖုန်းက မိုဝူကျီကို နေရခက်စွာ ကြည့်လိုက်ပြီးနောက် …
“ကုသပေးဖို့ အချိန်တော်တော် လိုတာလား”
မိုဝူကျီက ထိုစကားများ ကြားသည့်အခါ သူက ချွမ်ဖုန်း ဆိုလိုသည့် အဓိပ္ပာယ်ကို သဘောပေါက်လိုက်ပြီး မြန်မြန် ပြန်ဖြေလိုက်သည်၊
“မသေချာဘူး။ တစ်ခါတလေကျ အချိန်ကြာတယ်။ တစ်ခါတလေကျ လပိုင်းလောက် ဒါမှမဟုတ် အချိန်တိုလေးနဲ့ ပြီးသွားတတ်တယ်”
သူ ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်သို့ မသွားခင် လင်းဂူကို ကူညီပေးသည့် အကြောင်းအရင်းမှာ လင်းဂူအပေါ်၌ ကျေးဇူးကြွေးတင်ထား၍ ဖြစ်ပေသည်။ လင်းဂူက သူ့အား ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန် ရောက်ရန် ကူညီပေးခဲ့သူ ဖြစ်ရုံသာမက သူမက မြေအောက်ကမ္ဘာ နှလုံးသား ပန်းပွင့် ရရှိနိုင်မည့် ယွင်ရှန့်တောင်ကြား အကြောင်းကိုလည်း ပြောပြပေးခဲ့သည်။ ယခု ချွမ်ဖုန်းက သူ့အား ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ဆီ မသွားခင် အကူအညီတောင်း နေပေသည်။ မိုဝူကျီက ထိုသို့ မလုပ်နိုင်ပေ။
ချွမ်ဖုန်းက ဆက်တောင်းဆိုလိုက်သည်။
“ဆရာမို ဖြစ်နိုင်ရင် လင်းဂူ မျက်နှာထောက် ထားပြီးတော့ ကျုပ် မိတ်ဆွေရဲ့ ရောဂါကို အရင်စစ်ဆေးပေးလို့ ရမလား။ ကျန်တာ ဘာအကူအညီလိုလို ကျုပ် ချွမ်ဖုန်းက လုပ်ပေးနိုင်တာ မှန်သမျှ လုပ်ပေးပါ့မယ်”
တခြားနေရာ ဆိုပါက ချွှမ်ဖုန်းက မိုဝူကျီက အရင် ဘယ်သွားသွား စိတ်ထဲ မထားပေ။ သို့သော်လည်း မိုဝူကျီက ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ဆီ သွားမည် ဖြစ်၍ ထိုနေရာ၌ အင်မော်တယ် ဧကရာဇ်ပင် ကံမကောင်းပါက သေသွားနိုင်လေသည်။ ထို့ကြောင့် ချွမ်ဖုန်းက မိုဝူကျီ ပြန်လာသည့်အခါမှ သူ့မိတ်ဆွေ၏ ဖျားနာမှုကို ကုသပေးရန် မည်သို့ စောင့်ဆိုင်း နေရဲမည်နည်း။
မိုဝူကျီက စွမ်းဆောင်နိုင်စွမ်း ရှိသည့် ဆရာတစ်ယောက် ဖြစ်ပြီး သူနှင့် တွေ့ဆုံရခြင်းက ဇာမဏီဌက်မွေးကဲ့သို့ ရှားပါးပေသည်။ ထို့အပြင် သူသာ မိုဝူကျီကို နောက်တစ်ဖန် ပြန်တွေ့မိလျှင် သူ ချွှမ်ဖုန်းက အင်မော်တယ် ဘုရင်အဆင့်မျှဖြင့် သူ့အား ကူညီပေးရန် မည်သို့ ဖိတ်ကြား နိုင်မည်နည်း။
မိုဝူကျီက ချွမ်ဖုန်း စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို မည်သို့ မသိဘဲ နေမည်နည်း။ မည်သိုပင် ဆိုစေကာမူ ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ဆီ သွားမည့် ခရီး ထပ်နှောင့်နှေးနေ၍ မဖြစ်ပေ။ လင်းဂူက ချွမ်ဖုန်းကြောင့် ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန် ဝင်ခွင့် ရလာသော်လည်း သူက မလုပ်နိုင်သေးပေ။
သူက လင်းဂူအား ကျေးဇူးကြွေး ပြန်ဆပ်နေခြင်းသာ ဖြစ်ပြီး လင်းဂူ တောင်းဆိုသည့် ရှီဂူလန်၏ ရောဂါကို ကုသပေးခဲ့လေပြီ။
ရှီဂူလန်က မိုဝူကျီ သဘောမကျကြောင်း သိလိုက်သည်။ မိုဝူကျီက သူ့စွမ်းရည်များကို ကောင်းကောင်း ဖုံးထားနိုင်သည့် ကျင့်ကြံသူ တစ်ဦး ဖြစ်ပေသည်။ သူက နောင်အခါ၌ အင်မော်တယ် ဧကရာဇ်ထက် မနိမ့်ကျသော ပါရမီရှင်တစ်ဦး ဖြစ်လာလိမ့်မည်။ ထိုသို့မျိုး လူမျိုးကို မိတ်ဆွေ ဖွဲ့ထားရမည် ဖြစ်ပြီး ရန်မစသင့်ပေ။
ထို့ကြောင့် သူမက ချက်ချင်း ဝင်ဖြတ်ပြောကာ …
“ချွမ်ဖုန်း ... ဆေးလုံးဆရာမိုမှာ အရေးကြီး ကိစ္စရှိနေတာ ဆိုတော့ ပြန်လာမှ ဆက်ဆွေးနွေး ကြတာပေါ့”
“ဟုတ်တယ် … ဟုတ်တယ် ကျုပ် အလောကြီးမိ သွားတယ်”
ချွမ်ဖုန်းက သူ့စကားများ မသင့်တော်ကြောင်း သတိပြုမိ၍ မိုဝူကျီကို တောင်းပန်လိုက်သည်။
လင်းဂူက မိုဝူကျီ၏ လက်ရှိ ရည်ရွယ်ချက်ကို ကောင်းကောင်း သိထား၍ ဦးညွှတ်ကာ မြန်မြန် ဝင်ပြောလိုက်သည်။
“စီနီယာ ဦးလေးဖုန်း ... ကျွန်မ အစ်ကိုမိုကို ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ဆီ ခေါ်သွားလိုက်ပါ့မယ်။ မေမေက အခုမှ ပြန်ကောင်းလာခါစဆိုတော့ ကျင့်ကြံဆင့်က မတည်ငြိမ်သေးဘူး။ စီနီယာဦးလေးဖုန်းက မေမေကို ကုသရေး တောင်ထိပ်ဆီ ခေါ်ပေးသွားလို့ ရမလား”
သူမက အောင်းစုန့် အကြောင်း မပြောတော့ပေ။ သူမ၏ မိခင်က သူမတို့ ထွက်သွားပြီးနောက်တွင် စီနီယာဦးလေးဖုန်းအား ပြောပြလိမ့်မည်။
“လင်းဂူ ... သမီး စိတ်ချနေပါ။ စီနီယာအစ်မလန် ပြန်ကောင်းလာဖို့ ငါ့ရဲ့ နံပါတ်တစ် ဦးစားပေးပါပဲ။ ဆရာမိုကို ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ဆီ မြန်မြန် ခေါ်သွားလိုက်တော့။ ဆရာမို ပြန်ရောက်လာမှ ကျုပ်တို့ နတ်ဆိုးစန္ဒာ အင်မော်တယ် ကျောင်းတော်ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်အနေနဲ့ ဖိတ်ပါဦးမယ်” ချွမ်ဖုန်းက ပြောလိုက်သည်။
လင်းဂူက သူမ မိခင်ကို နှုတ်ဆက် လိုက်ပြီးနောက် မိုဝူကျီနှင့် အတူတူ ထွက်သွားတော့သည်။ သူမက မိုဝူကျီ စိတ်ပူနေမှန်း သိပေသည်။ ယခုအခါ မိုဝူကျီက သူမ မိခင်ကို ကုသပေးထားသည့် အတွက် သူ့ကို ဘာမဆို ပြန်လည် ကူညီရန် ဆန္ဒရှိပေသည်။
မိုဝူကျီနှင့် လင်းဂူတို့ ထွက်သွားပြီးနောက် ချွမ်ဖုန်းက ဓားမော့ အလင်းတန်းကြောင်း သတိရလာကာ မြန်မြန် မေးလိုက်သည်။
“စီနီယာအစ်မလန် ... ဒီနေရာမှာ တိုက်ပွဲ ဖြစ်သွားတာ ဘယ်သူလဲ။ ပြီးတော့ ဒီဓားရာကြီးက ဘယ်သူ လုပ်သွားတာလဲ”
“အောင်းစုန့်က ငါ့ကို အဆိပ်ခတ်တယ် ...”
ရှီဂူလန်က တစ်ဝက်တစ်ပျက်သာ ပြောရသေးသော်လည်း ချွမ်ဖုန်းက တုံ့ပြန်ကာ တအံ့တဩ မေးလိုက်သည်
“အဲဒါဆို အောင်းစုန့်နဲ့ တိုက်တာက ဘယ်သူလဲ”
အောင်းစုန့်က မဟာယီရှန်းအဆင့် တက်လှမ်း သွားသည်မှာ မကြာသေးပေ။ တစ်ဖက်တွင် ရှီဂူလန်က ဖျားနာမှုမှ နလန်ထူလာစ ဖြစ်ကာ သူမတွင် တိုက်ရည်ခိုက်ရည် မရှိသေးကြောင်း မျက်စိပါသူတိုင်း ပြောနိုင်၏။
ဤသို့ဆိုမှတော့ မည်သူကများ အောင်းစုန့်နဲ့ ရင်ဆိုင်ပေးတာလဲ။
“အဲဒါက ဆေးလုံးဆရာမိုလေ ... အခုအထိ ဆေးလုံးဆရာမိုက အောင်းစုန့်ကို အနိုင်ယူနိုင်လိုက်တယ် ဆိုတာကို ငါတော့ မယုံနိုင်သေးဘူး။ ပြီးတော့ သူက အလွယ်လေး အနိုင်ယူသွားတာ”
ရှီဂူလန် အသံ၌ တုန်လှုပ်မှုတချို့ ပါဝင်နေသေး၏။
“သူ့ ကျင့်ကြံဆင့်ကို ဖုံးကွယ်ထားတာများလား”
ချွမ်ဖုန်းက စိတ်စွမ်းအားကို ဓားရာပေါ် ပို့လွှတ်ပြီး စစ်ဆေး ကြည့်လိုက်သည်။ ထိုဓားရာ၌ သတ်ဖြတ်ငွေ့ အနည်းငယ် ကျန်ရှိနေသေးသည်။
ရှီဂူလန်က ခေါင်းခါကာ …
“သူက ဖုံးကွယ်ထားတာတော့ မဟုတ်ဘူး။ သူ့ကျင့်ကြံဆင့်က အများဆုံး ရွမ်ရှန်း အလယ်အလတ် အဆင့်လောက်ပဲ ရှိဦးမှာ။ အဲဒီစွမ်းအားနဲ့ ဆိုရင် နတ်ဆိုးစန္ဒာ အင်မော်တယ် ကျောင်းတော်ရဲ့ လုကျားတောင် သူ့နဲ့ ယှဉ်နိုင်မှာ မဟုတ်ဘူး။
နောက်ဆုံး မျိုးဆက်ထဲမှာ လော့လင်အင်မော်တယ် နယ်မြေရဲ့ မဟာဓားလမ်းစဉ်က ဖန်ရှီကျန်းပဲ သူနဲ့ ပြိုင်ဘက် ဖြစ်လိမ့်မယ်”
ချွမ်ဖုန်းက အသက်ပြင်းပြင်း ရှူရှိုက်လိုက်၏။ အချိန်အတော် ကြာသည့်အခါမှ စကားပြောနိုင်လေသည်။
“အံ့ဩဖို့ ကောင်းလိုက်တာ .... သူက ဘယ်ကများ ရောက်လာတာများလဲ”
ရှီဂူလန်က ဖြေလိုက်သည်။
“ငါလည်း မသိဘူး။ လင်းဂူက သူ့ကို ဖိတ်ဖို့ တစ်နှစ်ကျော်လောက် စောင့်လိုက်ရတယ်။ သူ ရောက်လာတော့ ငါ့ရောဂါကို ကုပေးပြီး အောင်းစုန့်ကို အဝေး မောင်းထုတ်ခဲ့တာပဲ။
ပြီးတော့ အခု လင်းဂူနဲ့ ထွက်သွားတယ်။ သူက ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ဆီ သွားဖို့ ဘယ်လောက် အလျင်လိုနေတယ် ဆိုတာ မင်းလည်း မြင်တဲ့အတိုင်းပဲ။ သူ့အတွက် အရေးပါတဲ့ ဘယ်သူ သေဆုံးသွားလို့လဲ ဆိုတာ သိချင်မိသား”
“ဒါနဲ့ ကျုပ်လာတုန်းက အောင်းစုန့် အလောတကြီး ထွက်ပြေးသွားတဲ့ပုံပဲ။ သူမကို လွှတ်ပေးလိုက်တာလား”
ထိုစဉ် ချွမ်ဖုန်းက အောင်းစုန့် ထွက်ပြေးသွားသည့် မြင်ကွင်းကို ပြန်လည် အမှတ်ရလိုက်သည်။
ရှီဂူလန်က သက်ပြင်းချကာ ပြန်မဖြေပေ။ ချွမ်ဖုန်းက ရှီဂူလန်က အောင်းစုန့် အကြောင်း ထပ်မပြောချင်မှန်း သိလိုက်သည်။
***
လမ်းစဉ်ခြောက်သွယ် အင်မော်တယ် နယ်မြေ၌ လင်းဂူ၏ ဇာစ်မြစ်မှာ အကုန်အားလုံး ဖြတ်သန်းခွင့်ရ သဘောမျိုး ဖြစ်ကာ လင်းဂူ ကြယ်တာရာ တည်ချက် အင်မော်တယ်မြို့ ရောက်လာသည်နှင့် လင်းဂူက သူမ၏ အမှတ်အသားပြားကို ပြလိုက်သည်နှင့် သူတို့မှာ မည်သည့် အတားအဆီးနှင့်မှ မကြုံရတော့ပေ။ နှစ်ယောက်သားက လမ်းစဉ်ခြောက်သွယ် မြို့ဟောင်းသို့ သွားရန် ကူးသန်းရေး အစီအရင်၌ပင် တန်းစီစရာ မလိုလိုက်ပေ။
လမ်းစဉ်ခြောက်သွယ် မြို့ဟောင်းမှာ ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန် ရှိသည့် နေရာတစ်ခု ဖြစ်ရုံမသာက အဖိုးတန် သတ္တုတွင်းများ ပြည့်နှက်နေသည့် မိုင်းတွင်းတစ်ခုလည်း ဖြစ်ပေသည်။ ကံကောင်းသော ကျင့်ကြံသူများက ရှေးဟောင်း အင်မော်တယ် ဂူများကို တွေ့ရှိတတ်ကြသည်။
ထိုအကြောင်းအရင်းကြောင့် ကျင့်ကြံသူများစွာက ဤနေရာသို့ ရောက်ရှိလာကြခြင်း ဖြစ်၏။ ကူးသန်းရေး အစီအရင် လက်မှတ် ဝယ်ယူဖို့ရာ တန်းစီရလျှင် အနည်းဆုံး တစ်ရက်မှ နှစ်ရက် ကြာမြင့်တတ်၏။
***
လမ်းစဉ်ခြောက်သွယ်မြို့ဟောင်း …
လမ်းစဉ်ခြောက်သွယ် အင်မော်တယ် နယ်မြေ၏ ပိုင်နက်အတွင်းဟု ယူဆ၍ ရသော်လည်း တကယ်တမ်း၌ အစွန်းအဖျားမျှသာ ဖြစ်၏။ လမ်းစဉ်ခြောက်သွယ် မြို့ဟောင်းမှာ သမုဒ္ဒရာကြီး တစ်ခုနှင့် ဆင်တူပြီး ပစ္စည်းများက သမုဒ္ဒရာကြီးထဲမှ ရေခဲကျောက်ဆောင်များ အလား မျောလွင့်နေကြသည်။
လက်တွေ့တွင် မျောလွင့်နေသည့် အရာများမှာ နယ်မြေများသာ ဖြစ်၏။ တချို့နယ်မြေများမှာ ဂြိုဟ်အကြီးကြီးစာ ရှိပြီး တချို့မှာ ကြက်ဥလောက်သာ ရှိပေသည်။ ကြီးသည် ဖြစ်စေ၊ ငယ်သည် ဖြစ်စေ ထိုအထဲ၌ အဆုံးမဲ့သော ရတနာများ ရှိနေတတ်၏။ နမူနာအားဖြင့် ကြက်ဥအရွယ် ကျောက်တုံးများတွင် တစ်ဂြိုဟ်လုံးထက် ကြီးမားကျယ်ပြန့်သော ကိုယ်ပိုင် စွမ်းအား နယ်မြေလည်း ရှိနေတတ်သည်။
ထို့ကြောင့် နှစ်များစွာ ကြာသည့်အထိ မြောက်များစွာသော ကျင့်ကြံသူများက ဤနေရာသို့ ဆက်တိုက်လာကာ ရတနာ ရှာဖွေနေကြဆဲ ဖြစ်သည်။
ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်မှာ လမ်းစဉ်ခြောက်သွယ် မြို့ဟောင်း၏ အတွင်းဆုံး အပိုင်းတွင် တည်ရှိသလို အန္တရာယ်အများဆုံး နေရာဖြစ်သည့် လမ်းစဉ်ခြောက်သွယ် ဝဲကတော့အတွင်း တည်ရှိသည်။
ထိုစဉ် မိုဝူကျီ၏ လွန်းပျံယာဉ်က အရှိန်ဟုန် ပြင်းပြင်းဖြင့် ခရီးဆက်နေသည်။ ဤမီးခိုးရောင် အာကာပြင်အတွင်း သူ့လွန်းပျံယာဉ်မှာ ကြယ်ကြွေကျသကဲ့သို့ လျှပ်တစ်ပြက်အတွင်း လမ်းစဉ်ခြောက်သွယ် မြို့ဟောင်း အတွင်းပိုင်းဆီ ဝင်ရောက် သွားတော့သည်။
လူများစွာက သူ့လွန်းပျံယာဉ်ကို မြင်ကြသော်လည်း မည်သူကမှ မနှောင့်ယှက်ကြပေ။ ဤသို့မျိုး ပျံသန်းရေး ရတနာပိုင်ဆိုင်သူမှာ နှယ်နှယ်ရရ မဟုတ်နိုင်ပေ။
နှစ်လအကြာတွင် လွန်းပျံယာဉ်က လုံးဝ ရပ်တန့်သွား၏။ မိုဝူကျီနှင့် လင်းဂူတို့ ရှေ့တွင် ဧရာမ အာကာပြင် ဝဲကတော့ကြီး ရှိနေသည်။
မိုဝူကျီက ပိစိဖိတ် သမုဒ္ဒရာထဲ ရောက်နေသည့်အလား ခံစားမိလိုက်ပြီး ဧရာမ ဝဲကတော့ကြီးကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရသည်။ သို့သော်လည်း ဤဝဲကတော့မှာ ရေမှ ဖြစ်တည်လာခြင်း မဟုတ်ဘဲ အာကာပြင်မှ လာသည့် အလင်းအမျိုးမျိုးမှ ဖြစ်တည်လာခြင်း ဖြစ်၏။
မိုဝူကျီက ချွမ်ဖုန်း၏ စိုးရိမ်မှုကို နားလည်သွားသည်။ ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန် တစ်ခုတည်းကိုက အန္တရာယ်များနေပြီ ဖြစ်သော်လည်း ဤနေရာကို ဖြတ်ကျော်ရခြင်းမှာလည်း ရိုးရှင်းသည့် အလုပ်တော့ မဟုတ်ပေ။
“အစ်ကိုမို .... ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်က ဒီဝဲကတော့ နောက်မှာ ရှိတယ်။ ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်က လမ်းစဉ်ခြောက်သွယ် အင်မော်တယ်နယ်မြေနဲ့ မြေအောက်ကမ္ဘာကြားမှာ တည်ရှိတာ ...
မြေအောက်ကမ္ဘာကနေ ထွက်ပြီး ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ဆီ လာနိုင်တာက ဝိညာဉ်တွေပဲ .... ဒီဝဲကတော့က အလွန်အန္တရာယ် များတယ်။ စိတ်စွမ်းအားတောင် ထိုးဖောက်လို့ မရဘူး။ တကယ်လို့ ကံမကောင်းရင် တစ်စစီ ဖြစ်သွားနိုင်တယ်”
လင်းဂူက ဝဲကတော့ကို ညွှန်ပြရင်း ပြောလိုက်သည်။
လင်းဂူက စွမ်းရည် မဟုတ်ဘဲ ကံတရားကို ညွှန်းဆိုလိုက်သည်။ ဝဲကတော့ အထဲ၌ စုတ်ဖြဲခံရမလား ဆိုသည့် အချက်မှာ စွမ်းရည်နှင့် မသက်ဆိုင်ဘဲ ကံကောင်းမှုနှင့်သာ သက်ဆိုင်ပေသည်။
မိုဝူကျီက လင်းဂူအား ခေါင်းညိတ်ကာ …
“လင်းဂူ ... ကူညီပေးတာ ကျေးဇူးပါ … အရင် ပြန်နှင့်လိုက်ပါ။ ကျုပ် လိုက်မပို့တော့ဘူး။ ဒီလွန်းပျံယာဉ်ကို မင်းဆီ ပေးလိုက်မယ် .... မင်းရဲ့ ဆုံးရှုံးမှုအတွက် လျော်ကြေးအဖြစ် ယူလိုက်ပါ”
***