အခန်း (၅၆၅)
Vol. 41 Ch. 565
နှစ်ရက်အကြာတွင် လင်းဂူအနေဖြင့် မိုဝူကျီက အာကာပြင်ထဲမှ အက်ကြောင်းများကို အာရုံခံနိုင်ကြောင်း သေချာသွားလေ၏။ သူမက သူနှင့်အတူတူ စတေးဖို့ရာ ပြင်ဆင် ထားသော်လည်း အသက်ဆက်ရှင်နိုင်လျှင် ဘာကြောင့် မနေရမည်နည်း။
မိုဝူကျီ၏ အမြန်နှုန်းမှာလည်း တိုးမြင့်လာပြီး သူက လေလွတ်မြောက်ရေး နည်းစနစ်၌ အောင်မြင်မှု အသေးလေး ရရှိလာသောကြောင့် တတိယမြောက်နေ့ရက်တွင် သူက လင်းဂူကို ခေါ်ဆောင်၍ မီးခိုးရောင် ရေကန်အပေါ်၌ ရပ်လိုက်သည်။
အပေါ်ယံ မျက်နှာပြင်၌ လှိုင်းတွန့်လေးများ ရှိနေပြီး ရေဖြင့် ပြည့်နှက် နေသည့်အလား ပေါ်နေ၏။ သို့သော် မိုဝူကျီက ထိုအရာမှာ ရေမဟုတ်ကြောင်း သေချာသိနေသည်။ ထိုအငွေ့အသက်၌ သိပ်သည်းနေသော ယင်စွမ်းအားများ စိမ့်ဝင်နေပြီး သူ လက်ဖြင့် ထိကိုင်၍ မရပေ။
ထိုအရာမှ လွဲ၍ လက်ရှိ ရှိနေသော အင်မော်တယ် ဝိညာဉ်စွမ်းအားများမှာ မယုံနိုင်လောက်စရာ သိပ်သည်းနေပြီး ဆေးလုံးတာအို အင်မော်တယ် မဟာမိတ် စူးခရာအဖွဲ့ခွဲရှိ အင်မော်တယ် လေ့ကျင့်ရေး ရေကန်ထက် ပိုမို သိပ်သည်းပေသည်။ သို့သော်လည်း ဤနေရာရှိ အင်မော်တယ် ဝိညာဉ်စွမ်းအားများမှာ သိပ်သည်းလွန်းသော ယင်စွမ်းအားများဖြင့် ပေါင်းစပ်နေပြီး ကျင့်ကြံသူများအတွက် ကျင့်ကြံရန် မသင့်တော်ပေ။
အင်မော်တယ် အဆီအနှစ် ရေကန်မှာ သိပ်သည်းလွန်းသော ယင်စွမ်းအားများဖြင့် ရောနှော နေသောကြောင့် ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်မှာ ကျင့်ကြံသူများအတွက် သူတို့ဝိညာဉ်ကို ပြန်လည် ရရှိစေနိုင်သည့် နေရာ ဖြစ်နေကြောင်း ယုံကြည်သည်။
“လင်းဂူ .... ကျုပ်တို့တွေ ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်မှာ မြေအောက်ကမ္ဘာ နှလုံးသားပန်းပွင့်ကို မသုံးခင် ခန္ဓာကိုယ်ကို အရင်ထုတ်ထားသင့်လား” မိုဝူကျီက မေးလိုက်သည်။
လင်းဂူက လေးလေးနက်နက် ပြန်ဖြေလိုက်၏
“ဒီလိုနည်းနဲ့ လုပ်မိရင် အဆုံးသတ် သွားလိမ့်မယ်။ မြေအောက်ကမ္ဘာ နှလုံးသား ပန်းပွင့်က ဝိညာဉ်အပိုင်းအစ တွေအတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာပဲ။ ကျင့်ကြံသူ အများစုက ပြန်လည် မဝင်စားလာခင် ကိုယ်ပိုင် မှတ်ဉာဏ်တွေကို သိမ်းဆည်းထား ကြတယ်။
အဲဒါကြောင့် မြေအောက်ကမ္ဘာ နှလုံးသားပန်းပွင့်ကို အသက်သွင်းလိုက်တာနဲ့ ဝိညာဉ်အများအပြားကို ဆွဲဆောင်ပြီးသား ဖြစ်သွားလိမ့်မယ်။ အဆုံးသတ်ကျ အုပ်စုထဲမှာ ကိုယ်ရှာနေတဲ့ ဝိညာဉ်ကို တခြားဝိညာဉ်တွေက ဖျက်ဆီး သွားတတ်တယ်”
ထိုအရာက မိုဝူကျီကို ကြက်သီး တဖြန်းဖြန်း ထသွားစေသည်။ သူက လင်းဂူ၏ တောင်းဆိုချက်ကို လိုက်လျောမိ သည့်အတွက် ပျော်ရွင်မိနေသည်။ မဟုတ်လျှင် သူ့လေ့လာမှုမှ ပြဿနာများ ထွက်ပေါ်လာနိုင်သည်။
မိုဝူကျီက ထပ်မမေးခင် လင်းဂူက ထပ်ပြောပြလိုက်သည်။
“အစ်ကိုမို ... အရင်ဆုံး ခန္ဓာကိုယ်ကို ထုတ်ရမယ်။ ပြီးတော့ ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ထဲ မပျံ့နှံ့သွားခင် မြေအောက်ကမ္ဘာ နှလုံးသား ပန်းပွင့်ကို သန့်စင်ရမယ်။ အဲဒီနည်းလမ်းနဲ့ ခန္ဓာကိုယ်ပိုင်ရှင်ရဲ့ ဝိညာဉ်က မြေအောက်ကမ္ဘာ နှလုံးသားပန်းပွင့်ရဲ့ အငွေ့အသက်ကို အာရုံခံမိပြီးတော့ ဒီနေရာ မြန်မြန် ရောက်လာလိမ့်မယ်။ နောက်ကျ ဝိညာဉ်က မြေအောက်ကမ္ဘာ နှလုံးသား ပန်းပွင့် အကူနဲ့ ခန္ဓာကိုယ်နဲ့ ပေါင်းစပ်သွားလိမ့်မယ်”
“လင်းဂူ ... ကျုပ် ဘယ်လို လုပ်ရမလဲ”
အဆုံးမဲ့ရေကန်ကြီးကို ကြည့်ရင်း လင်းဂူက သက်ပြင်းချလိုက်သည်။
“မြေအောက်ကမ္ဘာ နှလုံးသား ပန်းပွင့်က အဖိုးတန် အင်မော်တယ်ဆေးပင် ဖြစ်ပြီးတော့ တစ်ပင် ရရှိဖို့တောင် ခက်တယ်။ တစ်ပင်ကိုတောင် အကျိုးရှိရှိ သုံးရမယ်။ ပန်းပွင့်ထဲက အငွေ့အသက်ကို နှိုးဆွပြီးသွားရင် စိတ်စွမ်းအားကို သုံးပြီးတော့ မပြန့်သွားအောင် တားဆီးထားရမယ်။ အဲဒီနည်းနဲ့ ပျောက်ဆုံး ဝိညာဉ်အတွက် သူ့ခန္ဓာကိုယ်ကို ပြန်ရှာတွေ့နိုင်ခြေကို တိုးမြင့်နိုင်လိမ့်မယ်။
အဲဒါကြောင့် မြေအောက်ကမ္ဘာ နှလုံးသားပန်းပွင့် များလေလေ ကျင့်ကြံသူရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ် ပြန်ပေါင်းစပ်ဖို့ အခွင့်အရေးများ လေလေလို့ ကျမ ပြောခဲ့တာ … ပြီးတော့ မြေအောက်ကမ္ဘာ နှလုံးသားပန်းပွင့် များလေလေ ရှာနိုင်တဲ့ နယ်ပယ်က ပိုကျယ်ပြန့်လေလေပဲ။ အဲဒါကြောင့်မလို့ မြေအောက်ကမ္ဘာထဲက ဝိညာဉ်က သူ့ခန္ဓာကိုယ်ကို ပြန်အာရုံခံနိုင်စွမ်းလည်း မြင့်လာလိမ့်မယ်။
ပန်းကို ထိန်းချုပ်နေတဲ့ သူက ကျင့်ကြံဆင့် မြင့်လေလေ အောင်မြင်နိုင်ခြေ များလေလေပဲ ... ပန်းရဲ့ အငွေ့အသက်ကို နယ်ပယ် အကျယ်ကြီးထိ ထိန်းချုပ်နိုင်လိမ့်မယ် ...”
မိုဝူကျီတွင် မြေအောက်ကမ္ဘာ နှလုံးသားပန်းပွင့် ၈၁ ပင် ရှိသော်လည်း အဆုံးမဲ့ ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ကို ကြည့်ရင်း လေအေးများ မှုတ်ထုတ် လိုက်မိသည်။ ဤနေရာကို အကုန်ဖုံးလွှမ်း နိုင်စေပြီး ထိန်းချုပ်နိုင်စေရန် သူ့အနေနှင့် ပန်း ၈၀၀ သုံးလျှင်ပင် လုံလောက်မည် မဟုတ်ပေ။
လင်းဂူက မိုဝူကျီ စဉ်းစားနေသည်ကို ရိပ်မိပြီး မြန်မြန် ရှင်းပြလိုက်သည်။
“အစ်ကိုမို ... ကျွန်မတို့တွေ ပန်းရဲ့ အငွေ့အသက်ကို တစ်ကန်လုံး ဖုံးလွှမ်းသွားအောင် လုပ်ဖို့ မလိုပါဘူး။ အင်မော်တယ်နယ်မြေ ခုနှစ်ခုမှာလည်း သူ့နယ်မြေနဲ့ သူ ရှိတယ်လေ။
အဲဒါကြောင့် အစ်ကိုမိုရဲ့ မိတ်ဆွေ သေဆုံးသွားတဲ့ နေရာမှာ မြေအောက်ကမ္ဘာ နှလုံးသား ပန်းပွင့်ကို သုံးရမယ်။ မဟုတ်ရင် အစ်ကိုမို ဆီမှာ ပန်းဘယ်လောက်ရှိရှိ အောင်မြင်မှာ မဟုတ်ဘူး”
တုံ့ပြန်သည့်အနေဖြင့် မိုဝူကျီက ပြန်ဖြေလိုက်လေ၏။
“ကျုပ်က ယုံရင်အင်မော်တယ် နယ်မြေကနေ ရောက်လာတာ။ ကျုပ် မိတ်ဆွေက ယုံရင်အင်မော်တယ် နယ်မြေရဲ့ ကျင့်ကြံခြင်း လောကမှာ သေဆုံးသွားတာ ...”
လင်းဂူ လက်ထဲ ကျောက်စိမ်းပြား ပေါ်လာပြီး …
“အစ်ကိုမို .... ဒါက ရေကန်ကို အင်မော်တယ် နယ်မြေတွေ ဘယ်လို ပိုင်းထားလဲဆိုတာ ပြထားတာ။ ယုံရင်အင်မော်တယ် နယ်မြေလည်း ပါတယ် မီတာ ငါးသိန်း ပတ်လည်နီးပါး ...”
မီတာ ငါးသိန်းတဲ့လား။
သူ့စိတ်စွမ်းအားဖြင့် ထိန်းချုပ်နိုင်သည့် ပမာဏအတွင်း ရှိသေး၏။
“ဒါပေမဲ့ ကျွန်မရဲ့ ကျောက်စိမ်းပြားက ရိုးရှင်းနေတာက နှမြောစရာပဲ။ တကယ်လို့ ရေကန်မှာ အသေးစိတ် ခွဲခြမ်းစိတ်ဖြာထားတဲ့ အပိုင်းတွေ ပါရင် ကျင့်ကြံခြင်း လောက က ဘယ်နားလဲဆိုတာ သိမှာ ... အဲဒါဆို အောင်မြင်နိုင်ချေ ပိုမြင့်သွားလိမ့်မယ်” လင်းဂူက သက်ပြင်းချကာ ပြောလိုက်သည်။
ထိုစဉ် မိုဝူကျီက ဘာကိုမှ ဖုံးကွယ်နေဖို့ မကြိုးစားနေတော့ပေ။
“လင်းဂူ .... ကျုပ်က မြေအောက်ကမ္ဘာ နှလုံးသား ပန်းပွင့် ၇၀ ၊ ၈၀ လောက် ရလာတာ။ အဲဒါကြောင့် မီတာ ငါးသိန်းက ကိစ္စမရှိဘူး။ ပြီးတော့ ရှာရမဲ့ နေရာ သေးလာတာလည်း အဲဒီလောက်တော့ မကောင်းဘူးလေ။ မြေအောက်ကမ္ဘာမှာ ဝိညာဉ်တွေက လှုပ်ရှား နိုင်ကြတာပဲကို ...”
“အာ” လင်းဂူက မိုဝူကျီ စကားကြောင့် ကြောင်အမ်း သွားမိသည်။
မြေအောက်ကမ္ဘာ နှလုံးသားပန်းပွင့် ၇၀ ၊ ၈၀ တဲ့လား .... ဒီလောက်တောင် ကံကောင်းလာတာလား။
ယခင် လမ်းစဉ်ခြောက်သွယ် အင်မော်တယ် နယ်မြေ၏ ကောင်းကင် ဧကရာဇ် ကိုင်အောင်း သူ့သမီးဖြစ်သူ ကိုင်ဖေးယန်ကို ရှာစဉ်က မြေအောက်ကမ္ဘာ နှလုံးသား ပန်းပွင့် နှစ်ပင်သာ သုံးနိုင်ခဲ့သည်။
မကြာခင် သူမက အသိပြန်ကပ်လာပြီး စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်လေ၏။
“အစ်ကိုမို .... တကယ်လို့ မြေအောက်ကမ္ဘာ နှလုံးသားပန်းပွင့် များများ ရှိနေတယ်ဆိုရင် မိတ်ဆွေရဲ့ ဝိညာဉ်က မပျောက်ဆုံးသွားသရွေ့ သူမကို ကယ်တင်နိုင်ဖို့ အနည်းဆုံး ၈၀ ရာခိုင်နှုန်းအထိ ရှိတယ်”
မိုဝူကျီက ခေါင်းညိတ်ပြ လိုက်သည်။ သူ့စိတ်စွမ်းအားက ယုံရင်အင်မော်တယ် နယ်မြေနှင့် သက်ဆိုင်သည့် နေရာကို ရှာတွေ့သွားရာ လင်းဂူ ပြောထားသည့်အတိုင်း မီတာ ငါးသိန်းခန့် ကျယ်ဝန်းပေသည်။
နေရာမှန် အလယ်၌ ဆင်းသက် လိုက်ပြီးနောက် မိုဝူကျီက လက်ကို မြှောက်ကာ မျောလွင့် အစီအရင် တစ်ခု ဖန်တီးလိုက်ပြီး သူ့ထာဝရ ကမ္ဘာမှ ချိန်စုယင်ကို ထုတ်ယူလိုက်ကာ အစီအရင်ပေါ် တင်လိုက်သည်။ သူမက ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန် အထက်၌ မျောလွင့် နေသောကြောင့် ယင်စွမ်းအင်များနှင့် အင်မော်တယ် ဝိညာဉ်စွမ်းအားများက သူမနှင့် အလျင်အမြန် ဆက်သွယ်မှု တစ်ခု ဖြစ်ပေါ်လာသည်။
လင်းဂူက ချိန်စုယင်ကို မြင်လိုက်သည့်အခါ တိတ်တဆိတ် တုန်လှုပ်မိ သွားသည်။
ဘယ်လောက်တောင် လှလိုက်တဲ့ မိန်းကလေးလဲ။
အရိုးသားဆုံး ပြောရလျှင် နတ်ဆိုးစန္ဒာ အင်မော်တယ် ကျောင်းတော်ရှိ ကြယ်အဆင့် ပါရမီရှင်အနေနှင့် သူမကိုယ်တိုင်က ရက်ရက်စက်စက် လှပသော အလှလေး တစ်ယောက် ဖြစ်၏။ သူမက တစ်လျှောက်လုံး အချောအလှများစွာ မြင်တွေ့ခဲ့သော်လည်း ချိန်စုယင်ကို ယှဉ်နိုင်မည့်သူကို မတွေ့ဖူးခဲ့ပေ။
ချိန်စုယင်တွင် ဝိညာဉ်မရှိတော့ သော်လည်း လင်းဂူအနေဖြင့် သူမ၌ ကျင့်ကြံဆင့် နိမ့်ကြောင်း မြင်တွေ့နိုင်သေး၏။ ဝိညာဉ်တစ်ခု မပိုင်ဆိုင် ထားသော်ငြား သူမတွင် ထူးခြားသော အင်မော်တယ် အငွေ့အသက်များ ရှိနေသေးရာ အင်မော်တယ်နယ်မြေ၌ ဤအမျိုးသမီးသာ နှိုးထလာပါက သူမ၏ သဘာဝ စွမ်းအားများမှာ အင်မော်တယ် သဘာဝ စွမ်းအားများအဖြစ် ပြောင်းလဲ သွားလိမ့်မည်။
ထိုအခါ သူမက ဘယ်လောက်တောင် ညို့ယူဖမ်းစားနိုင်စွမ်း ရှိနေလိုက်မလဲ။
“အစ်ကိုမို .... သူမဆီမှာ အသက်ဓာတ် အငွေ့အသက် ရနေသလိုပဲ” လင်းဂူက ချိန်စုယင်ကို အခြားသူများနှင့် ကွဲပြားသွားစေသော အချက်ကို သတိပြုမိလိုက်သည်။
ပုံမှန်အားဖြင့် ကျင့်ကြံသူ တစ်ယောက် သေဆုံးသွားသည်နှင့် ဝိညာဉ်မပါရှိလျှင် ခန္ဓာကိုယ်မှ အသက်ဓာတ် အငွေ့အသက်တို့မှာ အချိန်ကြာလာသည်နှင့်အမျှ လျော့ပါးသွားလိမ့်မည်။ သို့သော် ချိန်စုယင်မှာ အသက်ဓာတ် အငွေ့အသက် ရှိနေရုံသာမက သိပ်သည်းနေဆဲ ဖြစ်၏။
မိုဝူကျီက ပြန်ဖြေလိုက်သည်။
“ကျုပ်က ဆေးလုံး ဆရာလေ။ သူမ ဘေးနားမှာ အသက်ဓာတ် ဆေးလုံးတွေ အများကြီး လုပ်ပေးထားတာ။ အဲဒါကြောင့် ဖြစ်လိမ့်မယ်”
ထိုစကားများက လင်းဂူကို ပေါ်တင် လိမ်ညာလိုက်ခြင်း ဖြစ်၏။ လက်တွေ့၌ သူက ချိန်စုယင်အနား၌ ခရမ်းရောင် ဘူးသီးခြောက် ထားပေးထားခြင်း ဖြစ်သည်။ ထိုသို့မျိုးအရာ အနီးအနား ရှိသောကြောင့် သူမက ဝိညာဉ်မရှိသော်လည်း အသက်ဓာတ် အငွေ့အသက်များ ပြည့်ဝနေလေ၏။
“အစ်ကိုမို .... သူမက အရမ်းလှတယ် ...”
လင်းဂူက များများ မတွေးမိတော့ပေ။ မိုဝူကျီက ဂုဏ်ထူးဆောင် အဆင့် ၅ ဆေးလုံးဘုရင်မှန်း သိထားသောကြောင့် သူ့အတွက် ထိုသို့မျိုးအရာ ပြုလုပ်ရန် ခက်ခဲမည် မဟုတ်ပေ။
သူမကို ပို၍ အာရုံစိုက်မိစေသည်က ချိန်စုယင်၏ အလှတရား ဖြစ်၏။
အစ်ကိုမိုက သူမနှင့် အခြားသော အမျိုးသမီးများ အကြောင်း ဂရုမစိုက်သည်မှာ အံ့ဩစရာတော့ မဟုတ်ပေ။ သူက သူမကို အရူးအမူး ကယ်တင်လိုနေ၏။
အစ်ကိုမိုက ဒီလို အမျိုးသမီးကို သဘောကျတာကိုး။
မိုဝူကျီ၏ အရည်အချင်းနှင့် စွမ်းရည်မျိုးဖြင့် ဤသို့သော အမျိုးသမီးသာ သူနှင့် သင့်တော်ပေသည်။
လေထဲ၌ မျောလွင့်နေသည့် ချိန်စုယင်ကို ကြည့်ကာ မိုဝူကျီ မျက်ဝန်း၌ သတိရ လွှမ်းဆွတ်မှု အရိပ်အယောင်များ ဖြတ်ပြေးသွား၏
“သူမ နာမည်က ချိန်စုယင်တဲ့။ သူမက ကျုပ်ကို ကောင်းကောင်း ဆက်ဆံပေးတဲ့ မိန်းကလေးပေါ့။ ကျုပ် သူမအပေါ် အများကြီး ကျေးဇူးကြွေးတင် နေတယ် ...”
“အစ်ကိုမို မစိုးရိမ်ပါနဲ့ .... ရှင့်ဆီမှာ မြေအောက်ကမ္ဘာ နှလုံးသား ပန်းပွင့်တွေ အများကြီး ရှိတာပဲ။ အစ်မစုယင်ကို သေချာပေါက် ကယ်နိုင်မှာပါ” လင်းဂူက နှစ်သိမ့် ပေးလိုက်သည်။
“နှစ်သိမ့်ပေးတာ ကျေးဇူးပါ။ ချိန်စုယင်ကို ကယ်နိုင်မယ် ဆိုရင် မင်းက ကျုပ်တို့ရဲ့ အကြီးမားဆုံး ကျေးဇူးရှင်ပဲ” မိုဝူကျီက လေးလေးနက်နက် ပြန်ဖြေလိုက်သည်။
“အစ်ကိုမို .... ကျွန်မတို့တွေ အမြဲတမ်း မိတ်ဆွေ ဖြစ်နေမှာပါ။ အစ်ကိုမိုက ကျွန်မ အမေကို ကူညီသလိုမျိုး အစ်မစုယင်ကို ကျမလည်း ပြန်ကူညီပေးမှာပါ”
လင်းဂူက ပြောလိုက်ရင်း မှော်ရတနာကို ဆွဲထုတ်ကာ ဆက်ပြောလိုက်သည်။
“အစ်ကိုမိုက မြေအောက်ကမ္ဘာ နှလုံးသား ပန်းပွင့်ကို နှိုးဆွပြီးတော့ ယုံရင်အင်မော်တယ် နယ်မြေနဲ့ သက်ဆိုင်တဲ့ နေရာဆီ ဖြန့်ကြက်လိုက် ... ကျွန်မ အစ်မစုယင်ကို စောင့်ကြပ်ထား ပေးပါ့မယ်”
သူမ ကျင့်ကြံဆင့်မှာ မိုဝူကျီထက် မြင့်သော်လည်း လင်းဂူက မိုဝူကျီလောက် အားမကောင်းကြောင်း သိထားသည်။ မြေအောက်ကမ္ဘာ နှလုံးသားကို လှုံ့ဆော်နိုင်မှုမှာ သူမ လုပ်သည်ထက် မိုဝူကျီက ပိုမို ထိန်းချုပ်နိုင်လိမ့်မည်။
မိုဝူကျီက မြန်မြန် ခေါင်းညိတ်လိုက်ရင်း တစ်ခါတည်းဖြင့် မြေအောက်ကမ္ဘာ နှလုံးသားပန်းပွင့် ၃ ပင်ကို ထုတ်ယူလိုက်သည်။ ချိန်စုယင် ခန္ဓာကိုယ်မှ တစ်ဆင် သန့်စင်လိုက်ပြီး သူတို့ အငွေ့အသက်ကို ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ဆီ ပို့လွှတ်လိုက်သည်။
ထို့နောက် သူ့စိတ်စွမ်းအားဖြင့် အငွေ့အသက်ကို တည်နေရာ အတိအကျ ရောက်စေရန် ထိန်းချုပ်ပေးလိုက်သည်။ သူ့တည်နေရာက မပြောင်းမလဲ ရှိနေပြီး နောက်ထပ် လှုံ့ဆော်ဖို့ရန် မြေအောက်ကမ္ဘာ နှလုံးသား ငါးပင်ကို ထုတ်ယူလိုက်သည်။
တစ်ဖက်မှ ကြည့်နေသည့် လင်းဂူက မိုဝူကျီ မည်မျှ သုံးဖြုန်းနိုင်ကြောင်းကို ကြည့်ကာ ကြောင်အမ်း နေမိသည်။ ကောင်းကင် ဧကရာဇ် ကိုင်အောင်းပင် သူ့သမီး၏ ဝိညာဉ်ကို ပြန်ရှာဖို့ရာ မိုဝူကျီလောက် ရက်ရက်ရောရော မသုံးနိုင်ခဲ့ပေ။
မြေအောက်ကမ္ဘာ နှလုံးသားပန်းပွင့်မှာ ဘာမှ မဟုတ်သကဲ့သို့ အသုံးခံနေရသည်။
တစ်ကြိမ်တိုင်းစီ၌ မိုဝူကျီက မြေအောက်ကမ္ဘာ နှလုံးသား ပန်းပွင့် ၃ ပင်မှ ၅ ပင်အထိ ထုတ်ယူကာ ဆယ်ကြိမ်မြောက် ပန်း ၄၀ အသုံးပြုပြီးနောက် ရပ်တန့်လိုက်သည်။
ထိုစဉ် သူ့အနေနှင့် ထိန်းချုပ်ရန် မလိုတော့ပေ။ ချိန်စုယင် ရှိနေသည့် မြေအောက်ကမ္ဘာ၌ မီတာငါးသိန်း ပတ်ဝန်းကျင် ပြည့်သွားလေပြီ။
အငွေ့အသက် ပျံ့နှံ့သွားသည်နှင့် ချိန်စုယင် ဝိညာဉ် တစ်ခုတည်းကသာ အာရုံခံနိုင်လိမ့်မည်။ တခြားသော ဝိညာဉ်များက ထိုအရာနှင့် ထိတွေ့သွားလျှင်ပင် သူတို့အနေဖြင့် အတွင်းမှ ပန်းကို အာရုံခံမိမည် မဟုတ်ပေ။
ကောင်းကင် ဧကရာဇ်နှင့်အတူ တူညီသည့် ကိစ္စ ပြီးမြောက်ခဲ့သော်လည်း ကောင်းကင် ဧကရာဇ်က သူ့ကိုယ်ပိုင် စွမ်းအားကို သုံးပြီး မိုဝူကျီက ချမ်းသာကြွယ်ဝမှုကို အသုံးချခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် မိုဝူကျီ၏ မြေအောက်ကမ္ဘာ နှလုံးသားပန်းပွင့် သုံးသည့် နည်းလမ်းမှာ အလကားနီးပါး အလားဖြစ်ကာ ကောင်းကင် ဧကရာဇ် ကိုင်အောင်း လုပ်သည့်ထက် အဆများစွာ ပို၍ အားကောင်းပေသည်။ ကောင်းကင် ဧကရာဇ် အသုံးပြုသော မြေအောက်ကမ္ဘာ နှလုံးသားပန်းပွင့်မှာ မြေအောက်ကမ္ဘာ ရောက်သည့်အချိန်တွင် ယဲ့ယဲ့သာ ကျန်ရှိပေတော့သည်။ တစ်ဖက်၌ မိုဝူကျီက မြေအောက်ကမ္ဘာ နှလုံးသား ပန်းပွင့် ၄၀ ကျော်ကို အသုံးပြုထား၍ သူတို့အငွေ့အသက်များက အားကောင်းနေဆဲ ဖြစ်သည်။
မိုဝူကျီက အရေးနိမ့်နေဆဲ ဖြစ်သည်။ မြေအောက်ကမ္ဘာထဲ ရောက်ရှိသွားသည့် အချိန်ကို ပြန်တွက်ကြည့်လျှင် ချိန်စုယင်၏ ကျင့်ကြံဆင့်မှာ ကိုင်ဖေးယန်ထက် များစွာ နိမ့်ကျပေလိမ့်မည်။ ဝိညာဉ်က အားနည်းလေလေ မြေအောက်ကမ္ဘာ နှလုံးသားပန်းပွင့်ကို အာရုံခံနိုင်ဖို့ ခက်ခဲလေလေ ဖြစ်ပေသည်။
***