← Chapters

အခန်း (၅၆၇)

Vol. 41 Ch. 567

အခန်း (၅၆၇)

Vol. 41 Ch. 567

အကယ်၍ မြေအောက်ကမ္ဘာ နှလုံးသားပန်းပွင့်၏ အငွေ့အသက်က အားနည်းလွန်းနေလျှင်  နေရာထောင့်တိုင်းအထိ ပျံ့နှံ့သွားစေဖို့ရာ  မိုဝူကျီက ဆက်တိုက် လမ်းညွှန် ပေးနေရလိမ့်မည်။  သို့သော် သူက ပေါကြွယ်ဝလွန်း၍  တစ်ကြိမ်တည်းဖြင့်  မြေအောက်ကမ္ဘာ နှလုံးသားပန်းပွင့် ၄၀ ကို  သုံးလိုက်ခြင်း ဖြစ်၏။

ထို့ကြောင့် လမ်းညွှန်မှုများစွာ မပါဘဲ မြေအောက်ကမ္ဘာ နှလုံးသား ပန်းပွင့်၏ အငွေ့အသက်များမှာ နေရာတစ်ခုလုံး ပျံ့နှံ့သွားလေသည်။ ရလဒ်အနေဖြင့် မိုဝူကျီက ချိန်စုယင်၏ ရုပ်ခန္ဓာဘေးတွင် စောင့်ကြည့်နေပြီး များများစားစား  လမ်းညွှန်မှု လုပ်စရာ မလိုပေ။

တစ်လနီးပါး ရှိပြီ ဖြစ်သော်လည်း မိုဝူကျီက ချိန်စုယင် ဝိညာဉ်၏ အငွေ့အသက်ကို မခံစားမိသေးပေ။ ထို့ကြောင့် သူက ဗျာများနေရသည်။ အကယ်၍ လင်းဂူကသာ သူ့ကျင့်ကြံဆင့်ဖြင့်  ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ဆီ ဝင်ဖို့ရာ မဖြစ်နိုင်ကြောင်း မပြောထားလျှင် သူက တစ်ချက်တော့ သွားကြည့်မိ လောက်သည်။

သို့သော် သူက မလုပ်နိုင်ပေ။ မိုဝူကျီက အချိန်ထပ် စောင့်ပြီး မြေအောက်ကမ္ဘာ နှလုံးသားပန်းပွင့်များ ဆက်သုံးကာ  ရှာမည့်နယ်မြေ ထပ်ချဲ့ရန်  ကြံစည်ထားလေ၏။ သူက တွေးတောနေစဉ် ချိန်စုယင်၏ ဝိညာဉ် အငွေ့အသက်ကို ခံစားမိလိုက်သည်။

မိုဝူကျီက သူမ ခန္ဓာနှင့် အတူတူ ရှိနေသည်မှာ ကြာမြင့်လှပြီ ဖြစ်ပြီး သူမ၏ ရုပ်ခန္ဓာမှာ ထာဝရ ကမ္ဘာထဲ အမြဲတမ်း ရှိနေလေ၏။ သူတို့က လင်မယား မဟုတ်သေးသော်လည်း  ကမ္ဘာထဲတွင် မည်သူကမှ သူမအား သူ့ထက် သိမည် မဟုတ်ပေ။ သို့သော်လည်း မကြာခင် တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိလိုက်သည်။ သူ့စိတ်စွမ်းအားက ချိန်စုယင်သည် တစ်စုံတစ်ခု လက်မှ ထွက်ပြေးနေဟန် ပေါ်ကာ သူမနောက်တွင် အားကောင်းသော ဝိညာဉ်တစ်ခု လိုက်ပါလာသည်။

အချိန်မရွေး သူမက ဝါးမျိုခြင်း ခံသွားရနိုင်သည်။

စိတ်ထဲမှ ဒေါသများ ထွက်ပေါ်လာကာ  တွေဝေခြင်းမရှိ မိုဝူကျီက  ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ဆီ ပြေးဝင်ကာ ချိန်စုယင်နောက်မှ ဝိညာဉ်ကို ပိုင်းဖြတ်ပစ်လိုက်သည်။ ဝိညာဉ်က ချိန်စုယင်ကို လှမ်းဆွဲတော့မည့် အချိန်တွင် မိုဝူကျီ၏ ခဲနက်ရောင် ဓားက အပေါ်မှ ဆင်းသက် လာလေ၏။ ထိုဝိညာဉ်က မည်မျှ အတင့်ရဲစေကာမူ မရှောင်ရှားဘဲ မနေနိုင်ချေ။

တစ်ချိန်တည်းတွင် ချိန်စုယင်က  မိုဝူကျီ ချည်းကပ်လာသည်ကို သတိပြုမိလိုက်သည်။ ထို့ကြောင့် သူမလည်း သူမခန္ဓာထဲ ဝင်လိုက်တော့သည်။ ချိန်စုယင်၏ ဝိညာဉ်နှင့် ရုပ်ခန္ဓာတို့မှာ အင်မော်တယ်အဆင့် မရောက်သေးသောကြောင့် အဆင့်  ၉ အင်မော်တယ် ဆေးပင် မြေအောက်ကမ္ဘာ နှလုံးသား ပန်းပွင့်၏ အကူဖြင့် သူတို့က ထိတွေ့လိုက်သည်နှင့် ပေါင်းစပ်သွားလေ၏။

ရုပ်ခန္ဓာကိုယ်ကို အပြစ်မျိုးမှဲ့မထင် ထိန်းသိမ်း ပေးထားသည့်အပြင် ဟုန်မု့န် စွမ်းအင် ပါဝင်နေသောကြောင့်  သူမ ဝိညာဉ်နှင့် ခန္ဓာ ပေါင်းစပ်သွားသည့်အခါ ဝိညာဉ်စွမ်းအားက ဖြည်းဖြည်းချင်း အားကောင်းလာသည်။

ထိုစဉ် သူမ ဝိညာဉ်က ပြန်လည် ကောင်းမွန်လာပြီး ကမ္ဘာဦး စိတ်ဝိညာဉ်လည်း အလျင်အမြန် ပြန်လည် ကြီးထွားလာသည်။ သို့သော်  လင်းဂူက ချိန်စုယင်ကို ကြည့်ဖို့ရာ အချိန်မရှိသေးပေ။  သူမက မိုဝူကျီကို တုန်လှုပ်တကြီး ကြည့်နေမိသည်။ သူမက ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ဆီ မသွားဖို့ ပြောထားသည်။ မဟုတ်လျှင် ကိုယ်သေတွင်းကို တူးသလို ဖြစ်နေလိမ့်မည်။ သို့သော် မိုဝူကျီက ခုန်ချလိုက်သည့်အတွက် သူမက မည်မျှ အော်ဟစ်နေစေကာမူ  သူမ ဘာပြောပြော အသုံးမဝင်တော့မှန်း  သိလိုက်သည်။

သူမရှေ့၌ လက်ရှိအဖြစ်အပျက်က ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၍  မိုဝူကျီက ခဏတာမျှသာ တွေဝေနေခဲ့လျှင် ချိန်စုယင်၏ ဝိညာဉ်မှာ နောက်ဝိညာဉ်၏ ဝါးမျိုခြင်းကို ခံလိုက်ရလိမ့်မည်။

“ဟားဟား ....”

ကြက်သီးထလောက်စရာ ရယ်မောသံကြီးက ထွက်ပေါ်လာသည်။ မိုဝူကျီ ပိုင်းဖြတ်ပစ်လိုက်သည့် ဝိညာဉ်မှာ ချိန်စုယင်ကို ဝါးမျိုဖို့ရာ ကျရှုံးသွားပြီး ရုတ်ခြည်းဆိုသလို  ရယ်မောသံကြီး ထွက်ပေါ်လာသည်။ ကျူးလိုင်က သူ့ဆီ ပြီးပြည့်စုံသည့် ခန္ဓာကိုယ် ပို့ဆောင် ပေးလိုက်သည့်အတွက် ကောင်းကင်ကို ကျေးဇူးတင်မိနေသည်။

မိုဝူကျီ၏ ခန္ဓာမှာ ငယ်ရွယ်လေ၏။ ရွမ်ရှန်းအဆင့်ကို ငယ်ငယ်ရွယ်ရွယ်ဖြင့် ရောက်ရှိနိုင်သဖြင့် ပါရမီရှိသည်မှာ သေချာလှသည်။

သူက မြေအောက်ကမ္ဘာကို ဘာကြောင့် ထွက်သွားချင်နေတာလဲ ... သူ့အတွက်သူ ရုပ်ခန္ဓာ ဖန်တီးဖို့ရာ မဟုတ်ပေဘူးလား။

ခန္ဓာအသစ် ဖန်တီးခြင်းက အကောင်းဆုံး ဖြစ်သော်လည်း  အလွယ်ကူဆုံး  နည်းလမ်းက ဘာဖြစ်မလဲ။

ထိုအရာမှာ ဝင်ပူးကပ်လိုက်ခြင်း ဖြစ်သည်။ နောက်တစ်ခုမှာ ရှန်းထျန်း ရတနာများကို ရှာဖွေရန် ဖြစ်၏။ အင်မော်တယ် လောက၌ ပါရမီရှင်များစွာကို မွေးထုတ် ပေးနေသောကြောင့် ရှန်းထျန်း ရတနာမျိုးကို မည်သို့ တွေ့လာနိုင်မည်နည်း။

စိတ်အချရဆုံး နည်းလမ်းမှာ တစ်ယောက်ယောက်ကို ဝင်ပူးကပ်လိုက်ရန် ဖြစ်၏။ သို့သော် ပြီးပြည့်စုံသည့် ပစ်မှတ်ကို ရှာဖွေရသည်မှာ ခက်ခဲလှသည်။ အင်မော်တယ် လောက၌  ထိပ်တန်း ပါရမီရှင်တွေ များစွာ ရှိနေသည် မဟုတ်ပါလော။

သို့သော်လည် ထိုပါရမီရှင်များက ဂိုဏ်းကြီးများ၏ ပင်မတပည့်များ ဖြစ်ကြသောကြောင့် ထိုဂိုဏ်းသားများ အပြင်ထွက်လာလျှင် အဆင့်မြင့် ကျင့်ကြံသူ သို့မဟုတ် အဆင့်မြင့် နည်းစနစ်များ အကာအကွယ် ပါရှိတတ်ကြသည်။ ပင်မတပည့်များ ကိုယ်တိုင်ပင် လွယ်ကူသည့် ပစ်မှတ်များ မဟုတ်ချေ။ ထို့အပြင် သူက ဝိညာဉ်တစ်ခုမျှသာ ဖြစ်၏။ သူက အင်မော်တယ် လောကသို့ ရောက်သည်နှင့် သူ့အင်အားမှာ အဆင့်တချို့ လျော့ကျသွား ပေဦးမည်။

ဤသို့သော အခြေအနေမျိုး၌ ဝင်ပူးဖို့ရာ ပစ်မှတ်ကောင်း ရှာဖို့ရန် အလွန်ခက်ခဲ သွားပေလိမ့်မည်။ တိုက်တိုက်ဆိုင်ဆိုင် ဝင်ပူးဖို့ရာ တစ်စုံတစ်ယောက်က သူ့တံခါးဝရှေ့အထိ ရောက်လာသည့်အပြင် ပြီးပြည့်စုံသည့် ပစ်မှတ် ဖြစ်နေသေး၏။ ဝိညာဉ်များမှာ ဝိညာဉ်များသာ ဖြစ်ပြီး  မိုဝူကျီက မည်မျှ သာမန်ကျကာ  သေမျိုးတစ်ယောက်ကဲ့သို့ ဖြစ်နေသည်ကို  အာရုံမခံမိပေ။ ထို့ကြောင့် သူက မိုဝူကျီသည် ထိပ်တန်း ပါရမီရှင် ဖြစ်လိမ့်မည်ဟု တွေးမိလိုက်ခြင်း ဖြစ်ပေသည်။ ယခု ကျူးလိုင်က ချိန်စုယင် ဝိညာဉ်ကို လက်လွတ်လိုက်ပြီး  မိုဝူကျီ၏ အသိစိတ် ပင်လယ်သို့သာ တိုက်ရိုက် ပျံသန်းလာတော့သည်။

သူ့အတွက် မိုဝူကျီ၏ ကျင့်ကြံဆင့်မှာ ဘုရားမခြင်း ဖြစ်၏။

မြေအောက်ကမ္ဘာ နှလုံးသားပန်းပွင့် များစွာကို အသုံးပြုနိုင်သူမှာ သေချာပေါက် ထိပ်တန်း ပါရမီရှင်သာ ဖြစ်လိမ့်မည်။ မိုဝူကျီက သာမန်ကျင့်ကြံသူ တစ်ယောက်ကဲ့သို့ ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

အစပိုင်းတွင် ချိန်စုယင် ဝိညာဉ်ကို ပြန်ခေါ်သူမှာ  အားကောင်းသည့် ပါရမီရှင် ဖြစ်နေမည်ဟု တွေးထင်ခဲ့သော်လည်း ရွမ်ရှန်းအဆင့်မျှသာ ဖြစ်နေသောကြောင့် သူ့အတွက် စိုးရိမ်စရာ မလိုတော့ပေ။  ဝိညာဉ်ကို ဝင်ပူးကပ်ခြင်းမှာ ကမ္ဘာဦး စိတ်ဝိညာဉ် ပူးကပ်ခြင်းထက် ပိုမို ရိုးရှင်းပေသည်။ အသိစိတ် ပင်လယ်အတွင်း ကိုင်တွယ် ဖြေရှင်းဖို့ရာ  ဝိညာဉ်များမှာ  ကမ္ဘာဦး စိတ်ဝိညာဉ်ထက်  ခံနိုင်ရည် ပိုရှိ၏။

ဝိညာဉ်က မိုဝူကျီ၏ အသိစိတ် ပင်လယ်အတွင်း ဝင်ရောက်သွားသည်နှင့် မိုဝူကျီက တစ်ခုခု မှားယွင်းသွားကြောင်း သိလိုက်သည်။ သို့သော် ထိုအရာက ဒုတိယအာရုံစိုက် မိသည့်အရာ ဖြစ်ကာ  အဓိက ပြဿနာကား သူ့ခန္ဓာကိုယ်၊ စိတ်စွမ်းအား၊ အင်မော်တယ် သဘာဝစွမ်းအားနှင့် တိုက်ရိုက် ထိတွေ့နေသော  ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ရှိ ယင်အငွေ့အသက်များ ဖြစ်ပေသည်။  ထို့အပြင် အားကောင်းသော ယင်စွမ်းအားက သူ့အား ရေကန် အောက်ခြေအထိ ဆွဲချနေပြီး  ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်မှ ပြန်မထွက်နိုင်ရန် တားဆီးနေသည်။

လင်းဂူက မပြောလိုက်သော်လည်း မိုဝူကျီက မြေအောက်ကမ္ဘာသို့ ကျသွားပြီးနောက် အသက်ဆက်ရှင်နိုင်ခြေ မရှိကြောင်း ကောင်းကောင်း သိထားသည်။ သူ့တွင် တစ်မူထူးသော စွမ်းအားများ ရှိနေလျှင်ပင် ရွမ်ရှန်းအဆင့် ကျင့်ကြံသူမျှဖြင့် မြေအောက်ကမ္ဘာသို့ ဝင်လိုက်ပြီးနောက် သေဆုံးဖို့ရာ သေချာလေ၏။ မိုဝူကျီက ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်သည်။

သူက မသန့်စင်ရသေးသော လော့ကျမ်းစာရွက်ကို လင်းဂူဆီ ပစ်ပေးကာ အော်ပြောလိုက်သည်။

“လင်းဂူ ... ဒီလော့ကျမ်းစာရွက်ကို မွမ်းမံပြီးတော့ ချိန်စုယင်နဲ့အတူ ထွက်သွားလိုက်တော့  ... သူမကို ကူညီ စောင့်ရှောက်ပေးပါ”

သူ့စကားအဆုံးတွင် ရေကန်အောက်ခြေမှ  ပြင်းထန်သော ယင်စွမ်းအားများက  မိုဝူကျီအား ဆွဲခေါ်သွားတော့သည်။ ထိုစဉ် သူက မြေအောက်ကမ္ဘာ သို့မဟုတ် ယင်စွမ်းအားထဲ ခေါ်သွားခံရသည်ကို စိတ်ထဲ မထားတော့ပေ။ အကြောင်းမှာ သူ့အသိစိတ် ပင်လယ်အတွင်းက ဝိညာဉ်က စတင် ပူးကပ်လာ၍ ဖြစ်သည်။  ထိုဝိညာဉ်က သူ့ရုပ်ခန္ဓာကိုယ်  မြေအောက်ကမ္ဘာ၌ ဖျက်ဆီးခံရမည်ကို မလိုချင်ကြောင်း သိသာလှသည်။

မိုဝူကျီ၏ အသိစိတ်ပင်လယ်အတွင်း နာကျင်မှု လောင်မြိုက် လာသောကြောင့် ထိုဝိညာဉ်က ကြောင်အမ်း သွားလေသည်။ သူက အသိစိတ်ပင်လယ်အတွင်း ကမ္ဘာဦး စိတ်ဝိညာဉ်ကိုပင် မမြင်မိချေ။  ကမ္ဘာဦး စိတ်ဝိညာဉ် မရှိသည့် ကျင့်ကြံသူကို ပထမဆုံးတွေ့ဖူးခြင်း ဖြစ်၏။ မိုဝူကျီ၏ အသိစိတ် ပင်လယ်အတွင်း ကြီးမားကျယ်ပြောသည့် ခရမ်းရောင် အင်မော်တယ် စွမ်းအား‌ ရေကန်သာ ရှိနေသည်။ ထို့အပြင် အသိစိတ်ပင်လယ်မှာ အင်မော်တယ် ဘုရင်အဆင့် ကျင့်ကြံသူထက်ပင်  အလွန်ကြီးမား နေသောကြောင့်  သူ့အား ယခင်ကထက် ပိုမို ပျော်ရွင်စေလေ၏။

မကြာခင် ဝိညာဉ်က မိုဝူကျီကို မည်သို့ ပူးကပ်ရမည်ကို ရှာဖွေ တွေ့ရှိသွားသည်။ မိုဝူကျီ၏ ဝိညာဉ်ကို ဝါးမျိုပြီး စိတ်နန်းကို ထိန်းချုပ်ပစ်ရမည်။ ချိန်စုယင်ကို ကယ်တင်ပြီးနောက် မိုဝူကျီက တည်ငြိမ်လာသည်။ သူ့ကျင့်ကြံဆင့်မှာ စိတ်နန်းတော်ကို လိုက်ရှာနေသည့် ဝိညာဉ်ထက် များစွာ နိမ့်ကျသော်လည်း သူ့တွင် လျို့ဝှက်ချက်  ထာဝရ ကမ္ဘာ ရှိနေသေး၏။ ထိုအတွေးဖြင့် မိုဝူကျီက ချက်ချင်းဆိုသလို ထာဝရ ကမ္ဘာကို ဖွင့်လှစ်လိုက်သည်။ ထိုအခါ ဝိညာဉ် တစ်ခုက ထိုအထဲ ပြေးဝင်လာသည်။

သိပ်သည်းသော ဟုန်မုန့် စွမ်းအင်က ထွက်လာသောကြောင့် ဝိညာဉ်ကို ခဏတာ ကြောင်အမ်း သွားစေသည်။ သူ့ကိုယ်တိုင် နတ်ဘုရားက ပေးသည့် အခွင့်အရေးကို ရှာတွေ့ခဲ့လေပြီ။

ရွမ်ရှန်းအဆင့် ကျင့်ကြံသူလေးက ထိုမျှ ကြွယ်ဝနေသည်မှာ အထူးအဆန်း မဟုတ်တော့ပေ။ ဤလူတွင် အသိစိတ်ပင်လယ် အနက်ရှိုင်းဆုံး နေရာ၌  ပုန်းကွယ်နေသော  ဟုန်မုန့် စွမ်းအင် ရှိနေသေး၏။ မိုဝူကျီ၏ ဝိညာဉ်က ဟုန်မုန့်စွမ်းအင် ရှိရာဆီ သွားနေသည်ကို အာရုံခံမိလိုက်၏။

ထိုဝိညာဉ်လည်း  နောက်မှ လိုက်ပါလာသည်။ သူက သတိလွှတ်သွားခြင်း မဟုတ်ပေ။ အခြားသူများက မိုဝူကျီတွင် ကိုယ်ပိုင် ကမ္ဘာ ရှိနေလိမ့်မည်ဟု တွေးမိမည် မဟုတ်ပေ။ ကိုယ်ပိုင် ကမ္ဘာနှင့် သူများမှာ ဒဏ္ဍာရီလာ လူသားများသာ ဖြစ်ပြီး  အင်မော်တယ်လောက တစ်ခုလုံး၌ ထိုသို့မျိုး တစ်ယောက်တလေမျှ မရှိပေ။ အင်အားကြီးသူများက အမျိုးမျိုးသော ဝိညာဉ်စွမ်းအား ကမ္ဘာများ ပိုင်ဆိုင်နိုင်သော်လည်း သူတို့ကိုယ်ပိုင်တော့ မဟုတ်ပေ။

ထိုကမ္ဘာများက သူတို့ပိုင်ရှင်များ ကိုယ်တိုင် မွမ်းမံသန့်စင် ထားလျှင်ပင် သူတို့ဖွင့်လိုက်သည်နှင့်  အငွေ့အသက်များက လူလုပ်အရာ ဖြစ်ကြောင်း  တန်းသိနိုင်လေသည်။ ထာဝရ ကမ္ဘာမှာ မိုဝူကျီ အပိုက် ဖြစ်ကာ မပြီးပြည့်စုံ သေးသော်လည်း  ဤကမ္ဘာကို သူ ဖန်တီးထားခြင်း ဖြစ်၏။ ဤကမ္ဘာက သူ့အသိစိတ် ပင်လယ်နှင့် ပေါင်းစပ် နေသောကြောင့် ခွဲခြားသိနိုင်မည် မဟုတ်ပေ။ ကမ္ဘာထဲ၌ သူက အရာအားလုံးကို အုပ်ချုပ်လွှမ်းမိုးမှု ရှိ၏။

အင်မတန် အားကောင်းသော ကျင့်ကြံသူက သူ့ထာဝရ ကမ္ဘာထဲ ရောက်သွားလျှင် ဖြိုဖျက်နိုင်စွမ်း ရှိနိုင်ကောင်းသော်လည်း  ဤဝိညာဉ်မှာ ထိုသို့ လုပ်နိုင်စွမ်း မရှိပေ။  မိုဝူကျီက  ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ထဲ ရှိသည့်အချက်မှာ ကိစ္စမရှိပေ။ သူ့ခန္ဓာကိုယ်က ထာဝရ ကမ္ဘာထဲ မဝင်နိုင်သော်လည်း သူ့ရှေ့မှ မပြီးပြည့်စုံသည့် ဝိညာဉ်ကို ဖယ်ရှားရန် နည်းလမ်းများစွာ ရှိပေသည်။

ဝိညာဉ်က သူ့ထာဝရ ကမ္ဘာထဲ ဝင်လာသည်နှင့် သူက လုံးဝ  ပိတ်ထားလိုက်၏။   ပညာရှင်နှလုံးသားကို သူ့ထာဝရ ကမ္ဘာထဲ လောင်ကျွမ်း စေလိုက်သည်။ မီးတောက် လှိုင်းလုံးများက ဝိညာဉ်ကို ဆက်တိုက် ဝါးမျိုသွားသည့်အခါမှ   ဝိညာဉ်သည် ရွမ်ရှန်းအဆင့် ကျင့်ကြံသူ ပိုင်ဆိုင်သည့် ကမ္ဘာထဲ ရောက်နေကြောင်း သတိပြုမိသွား၏။

“ထွက်ခွင့်ပေး ... ထွက်ခွင့်ပေး ... ဒီကနေ ဘယ်လိုထွက်သွားရမလဲ ဆိုတာ ပြောပြပါ့မယ်”

ဝိညာဉ်က အသည်းအသန် အော်ဟစ်နေသည်။ သူက မိုဝူကျီ လိုအပ်နေသည့် အချက်ကို သိမှသာ လှုပ်ရှားခွင့် ရလိမ့်မည်။ ယခု မိုဝူကျီက မြေအောက်ကမ္ဘာ အငွေ့အသက်များက ဆွဲချခံ နေရသောကြောင့် မြေအောက်ကမ္ဘာသို့ မရောက်ခင်  သူက အာကာပြင်ထဲရှိ အလင်းချက်များ ဒါမှမဟုတ် အက်ကြောင်းရာများကြောင့် တစ်စစီ ဖြစ်သွားနိုင်သည်။ သို့သော်လည်း မိုဝူကျီက ဤဝိညာဉ်ကို ဂရုစိုက်ရန် မည်သို့ စွမ်းအား ရှိမည်နည်း။

သူ့အင်မော်တယ် သဘာဝ စွမ်းအားများက အလျင်အမြန် ကုန်ဆုံးနေသည်ကို သတိပြုမိလိုက်ပြီး  သူ့စိတ်စွမ်းအားမှာလည်း အားနည်း လာနေသည်။ အလင်းချက် တချို့က သူ့ခန္ဓာထဲ ထိုးဖောက် သွားကြသည်။ အားနည်းလာသည့် မိုဝူကျီက  ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ကို ဖြတ်ကျော်သွားပြီ ဖြစ်ကြောင်း သိလိုက်ရသည်။ ယခု သူက ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ထဲ ဝင်လာစဉ် ကြုံတွေ့ခဲ့ရသော အလင်းတန်များကဲ့သို့  အာကာပြင်ထဲမှ အလင်းချက်များနှင့် ရင်ဆိုင်နေရသည်။

ဝဲကတော့က အက်ကြောင်းများစွာ ရှိနေသည်။ မိုဝူကျီက  စိတ်စွမ်းအားဖြင့်  လော့ကျမ်းစာရွက်ကို အတင်း ထုတ်ယူလိုက်ပြီး သူ့ကိုယ်သူ ရစ်ပတ်ထားလိုက်ကာ  အက်ကြောင်းဆီ တိုးဝင်ရန် ကြိုးစားလိုက်သည်။

ရုပ်ခန္ဓာ ပျက်စီးသွားပြီး ပြန်လည် ဝင်စားခြင်းထက် အာကာပြင်ထဲရှိ အက်ကြောင်းထဲ ဝင်ဖို့ရာ ကံတရား စမ်းသပ်ကြည့်သည်က ပို၍ ကောင်းပေသည်။ သူက လော့ကျမ်းစာရွက်ကို  ၄၀ ရာခိုင်နှုန်းလောက်အထိ မွမ်းမံသန့်စင်ပြီးပြီ ဖြစ်၍  အက်ကြောင်းထဲ၌ ရှင်သန်နိုင်ခြေ အခွင့်အရေး တချို့တော့ ရရှိစေလိမ့်မည်။

***

All Chapters