ကံကြမ္မာ
Vol. 72 Ch. 993
တာဝန်တစ်ခုမှနေ၍ တာဝန်နှစ်ခု ဖြစ်သွားပေပြီ။
သို့သော် ကျန်းရီသည် ဒေါသထွက်မသွားဘဲ ပဉ္စမအကြီးအကဲကို ကျေးဇူးတင်သွားလေသည်။ ပဉ္စမအကြီးအကဲက သူ့ကို ကူညီနေခြင်းဖြစ်ကြောင်း သူ ရှင်းရှင်းလင်းလင်း သဘောပေါက်ပေသည်။ မဟုတ်လျှင် သူမသည် သူ့ကို ဤမျှစကားများများ ပြောနေမည် မဟုတ်ပေ။ ကောင်းကင်လျှို့ဝှက်ဂိုဏ်းက အင်အားကြီးပြီး ကျန်းရီမဆိုထားနှင့် မည်သည်ကိုမှ မကြောက်ပေ။ ယနေ့တွင် ဤနေရာသို့ ဧကရာဇ်ကိုးပါး ရောက်လာလျှင်ပင် သူမတို့က အညံ့ခံမည် မဟုတ်ချေ။
ထို့ကြောင့် ကျန်းရီ ပြတ်ပြတ်သားသား မေးလိုက်သည်။
“တာဝန်နှစ်ခုက ဘာတွေပါလဲ။ ပဉ္စမအကြီးအကဲ... ကျွန်တော့်ကို ပြောပြပါ”
ပဉ္စမအကြီးအကဲက အနောက်တောင်ဘက်သို့ ညွှန်ပြကာ ပြောလိုက်သည်။
“အဲ့ဘက် မိုင်သုံးသောင်းအကွာမှာ တော်ဝင်တောင်တစ်လုံးရှိတယ်... အဲ့တောင်က လူပုမျိုးနွယ် နေထိုင်တဲ့တောင်ပဲ။ ပထမတာဝန်က ငါတို့ကို ကူညီပြီး လူပုတွေကို အဲ့တောင်ကနေ မောင်းထုတ်ပစ်ဖို့ပဲ။ အဲ့တာဝန်ကို အကြီးအကဲခန်းမက သတ်မှတ်ပေးထားတာ။ မင်း ဘယ်လိုနည်းပဲသုံးသုံး လူပုတွေ အဲ့တော်ဝင်တောင်က ထွက်သွားရင် မင်း ဂိုဏ်းချုပ်နဲ့ တွေ့ခွင့်ရမယ်...”
“ဗျာ...”
ကျန်းရီသည် စိတ်ပြင်ဆင်ထားသော်လည်း အံ့အားသင့်သွားပေသေးသည်။ သူသည် လူပုမျိုးနွယ်၏ အင်အားကို ရှင်းရှင်းလင်းလင်း သိပေသည်။ သူတို့က နှင်းဒေသ ထိပ်တန်းဂိုဏ်းဆယ်ဂိုဏ်းထဲတွင် နံပါတ်(၅)ချိတ်သော မျိုးနွယ်ဂိုဏ်းတစ်ခုဖြစ်ကာ ကောင်းကင်နတ်ဆိုးဂိုဏ်းထက် အတန်ငယ်သာပို၍ အင်အားနည်းပေသည်။ ထို့ပြင် သူတို့၏ ဂိုဏ်းချုပ်ကလည်း နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်ဖြစ်သည်။ သူတို့မျိုးနွယ်၏ လူဦးရေက သုံးသန်းကျော်ဖြစ်ပြီး ထိုထဲတွင် ကြယ်လေးပွင့်၊ ကြယ်ငါးပွင့် ပညာရှင်များ များစွာ ရှိပေသည်။
ပဉ္စမအကြီးအကဲက ကျန်းရီအား လူပုများကို တော်ဝင်တောင်မှာ မောင်းထုတ်ရုံသာ မောင်းထုတ်ခိုင်းခြင်းဖြစ်သော်လည်း ယင်းက လူပုမျိုးနွယ်ကို ရှင်းပစ်ရန် ခိုင်းခြင်းနှင့် မကွာပေ။ ထိုတော်ဝင်တောင်မှာ လူပုမျိုးနွယ်၏ အခြေခံအုတ်မြစ်ဖြစ်သည်။ သူတို့သည် ထိုတောင်ကို မည်သည့်အကြောင်းနှင့်မှ စွန့်ခွာမည် မဟုတ်ပေ။ ကျန်းရီအနေဖြင့် ထိုတာဝန်ကို အောင်မြင်အောင် လုပ်ဆောင်နိုင်ရန် လူပုမျိုးနွယ်မှ ပညာရှင်များအားလုံးနှင့် သူတို့၏ နတ်ဘုရားတစ်ပိုင်း ဂိုဏ်းချုပ်ကို သတ်ပစ်ရမည်ဖြစ်သည်။ မဟုတ်လျှင် သူသည် ထိုတာဝန်ကို အောင်မြင်အောင် ထမ်းဆောင်နိုင်မည် မဟုတ်ပေ။
နတ်ဘုရားတစ်ပိုင်း...
ကျန်းရီသာ အရည်ကျို နတ်ဘုရားမီးဖိုကို နှိုး၍ နိဗ္ဗာန်မီးတောက်များကို ထုတ်လွှတ်နိုင်လျှင် လူပုမျိုးနွယ်၏ နတ်ဘုရားတစ်ပိုင်း ဂိုဏ်းချုပ်ကို အလစ်တိုက်ခိုက်ကာ ရှင်းပစ်နိုင်လောက်သည်။ သို့သော် သူ့တွင် အရည်ကျို နတ်ဘုရားမီးဖိုကိုနှိုးရန် ကြယ်တာရာစွမ်းအား အလုံအလောက် မရှိတော့ပေ။
အစောတွင် ကျန်းရီသည် ကြယ်ငါးပွင့် တာအိုပုံသဏ္ဌာန် ‘မိုင်ထောင်ချီ ရေခဲလွှမ်း’ကို သိမြင်နားလည်သွားခဲ့၍ ကြယ်တာရာစွမ်းအား အနည်းငယ် ရရှိခဲ့သည်။ သို့သော် ပမာဏက အလွန်နည်းပေသည်။ ထိုကြယ်တာရာစွမ်းအားကို အကုန်သုံးလျှင်ပင် ယန်ဓာတ်ကိုးပါးမီးတောက်များကိုသာ ထုတ်နိုင်လောက်မည်ဖြစ်ကြောင်း သူသိပေသည်။ ထိုမီးတောက်များက ကောင်းကင်ဧကရာဇ်တစ်စုကို အလွယ်တကူ သတ်ပစ်နိုင်မည် ဖြစ်သော်လည်း နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်ကိုမူ မည်သို့မှ လောင်မြိုက်နိုင်မည် မဟုတ်ပေ။
“ပဉ္စမအကြီးအကဲ...”
ကျန်းရီက မျက်တောင်ပုတ်ခတ်ကာ သံသယဖြင့် မေးလိုက်သည်။
“အကြီးအကဲတို့ ကောင်းကင်လျှို့ဝှက်ဂိုဏ်းက အရမ်းအင်အားကြီးတာပဲ။ အကြီးအကဲတို့က လူပုမျိုးနွယ်ကို ရှင်းပစ်ချင်နေမှတော့ ဘာလို့ ကိုယ်တိုင်မလုပ်တာလဲ။ အကြီးအကဲတို့သာ လုပ်ချင်ရင် နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်ကိုတောင် စေလွှတ်စရာ မလိုဘူး အမိန့်တစ်ချက် ပေးလိုက်တာနဲ့ လူပုမျိုးနွယ်က ရိုရိုကျိုးကျိုးနဲ့ နှင်းဒေသက ထွက်သွားမှာ မဟုတ်ဘူးလား”
“ဟင်းဟင်း...”
ပဉ္စမအကြီးအကဲက ခပ်သဲ့သဲ့ပြုံးလိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။
“ကျန်းရီ... ငါတို့ ကောင်းကင်လျှို့ဝှက်ဂိုဏ်းက နှင်းဒေသက ပဋိပက္ခတွေမှာ ဘယ်တုန်းကမှ ဝင်မပါခဲ့ဘူး။ အဲ့ဒါက ဂိုဏ်းစည်းမျဉ်းပဲ။ လူပုမျိုးနွယ်က ငါတို့ကို အရင် ပေါ်ပေါ်ထင်ထင်ရန်လာစတာ မဟုတ်ဘူးဆိုရင် ဂိုဏ်းချုပ်ကိုယ်တိုင်တောင် အဲ့စည်းမျဉ်းကို ချိုးဖောက်လို့မရဘူး”
ကျန်းရီသည် လျင်မြန်စွာ တွေးတော၍ မေးလိုက်၏။
“အကြီးအကဲဆိုလိုချင်တာက... လူပုမျိုးနွယ်က အကြီးအကဲတို့ဂိုဏ်းကို ရန်လာစဖူးပေမယ့် ဘာသက်သေမှ ရှာမတွေ့လို့ သံသယအဆင့်မှာပဲ ရပ်နေရတယ်ပေါ့”
“ဉာဏ်ကောင်းတယ်...”
ပဉ္စမအကြီးအကဲက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“အရင်နှစ်တုန်းက ငါတို့ဂိုဏ်းရဲ့ သူတော်စင်သခင်မ ပျောက်သွားခဲ့တယ်။ အဲ့ကိစ္စမှာ လူပုမျိုးနွယ် ပါဝင်နေတယ်လို့ ညွှန်ပြနေတဲ့ အရာတွေ အများကြီးရှိတယ်။ လူပုမျိုးနွယ်တွေက ခန္ဓာကိုယ်ပြစ်ချက်နဲ့ မွေးဖွားလာတဲ့သူတွေဆိုတော့ အငုံ့စိတ်ရှိကြတယ်... ပြီးတော့ မောက်မာကြတယ်၊ ရိုင်းစိုင်းကြမ်းတမ်းကြတယ်၊ တဏှာကြီးကြတယ်။ ငါတို့ဂိုဏ်းရဲ့ သူတော်စင်သခင်မက လူပုမျိုးနွယ်ရဲ့ ပိုင်နက်ထဲမှာ ပျောက်သွားတာ။ သူ့ကို လူပုမျိုးနွယ်ရဲ့ အကြီးအကဲက ဖမ်းသွားတာ ဖြစ်နိုင်တယ်။ ငါတို့ဂိုဏ်းကလူတွေ အဲ့ကိစ္စကို အချိန်အကြာကြီး စုံစမ်းခဲ့ကြတယ်... ငါတို့ရဲ့ မဟာအကြီးအကဲတစ်ယောက်လည်း လူပုတောင်ဆီ ကိုယ်တိုင်သွားခဲ့တယ်။ ဒါပေမဲ့ သူကလည်း ဘာပြဿနာ၊ ဘာသက်သေမှာ ရှာမတွေ့ခဲ့ဘူး။ အဲ့ဒါကြောင့် ငါတို့ လှုပ်ရှားလို့မရ ဖြစ်နေတာပဲ...”
“ပြီးတော့ လူပုမျိုးနွယ်၊ အမွေးရှည်ဆင်မျိုးနွယ်နဲ့ မီးနဂါးမျိုးနွယ်တို့က မဟာမိတ်တွေပဲ။ သူတို့သာ လှုပ်ရှားလာရင် နှင်းဒေသက ပရမ်းပတာဖြစ်လာပြီး အင်အားမျှခြေလည်း ပျက်သွားလိမ့်မယ်။ အဲ့ဒါကြောင့် ငါတို့ကို မင်းကို ကူညီခိုင်းရတာပဲ။ မင်း ငါတို့ရဲ့ သူတော်စင်သခင်မကို ရှာမတွေ့ရင်လည်း ကိစ္စမရှိပါဘူး... လူပုမျိုးနွယ်ကို နှင်းဒေသက မောင်းထုတ်နိုင်ရင်ရပြီ။ အဲ့တာဝန်အတွက် မင်း ဘာနည်းလမ်းကိုမဆို သုံးခွင့်ရှိတယ်။ မင်းသာ လူပုမျိုးနွယ်ကို ရှင်းပစ်နိုင်ခဲ့ရင် အမွေးရှည်ဆင်မျိုးနွယ်နဲ့ မီးချီမျိုးနွယ်တို့က ဖိအားကို ငါတို့ ရှင်းပေးမယ်...”
“ကျန်းရီ... မင်းသာ အဲ့တာဝန်ကို အောင်မြင်အောင် လုပ်နိုင်ခဲ့ရင် ငါ ဂိုဏ်းက အကြီးအကဲတွေကို ဖျောင်းဖျပေးမယ်။ မင်း ဂိုဏ်းထဲဝင်ပြီး စုလောရွှယ်ကို တွေ့ခွင့်ရနိုင်လောက်တယ်။ သူကတော့ မင်းကို မှတ်မိမှာ မဟုတ်ဘူးပေါ့.... စုလောရွှယ် မှတ်ဉာဏ်တွေ ပြန်ရလာအောင်နဲ့ သူ့ရဲ့ ဝိညာဉ်သန့်စင် ရေကန်အပေါ် စွဲလမ်းမှုကို ဖျောက်ဖို့ ဂိုဏ်းချုပ်ရဲ့ အကူအညီကို ရနိုင်ဖို့အတွက်ကတော့ မင်း ဒုတိယတာဝန်ကို ထမ်းဆောင်ရလိမ့်မယ်”
“ကျွန်တော် နားလည်ပါတယ်”
ကျန်းရီသည် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး ခေါင်းငုံ့ကာ မေးလိုက်သည်။
“ဒုတိယတာဝန်က ဘာပါလဲ”
“ဒုတိယတာဝန်က ရိုးလည်းရိုးရှင်းသလို အရမ်းလည်းခက်တယ်”
ပဉ္စမအကြီးအကဲက တောင်ဘက်သို့ ကြည့်ကာ အဝေးသို့ညွှန်ပြ၍ ပြောလိုက်သည်။
“မင်း ဆန်းကြယ်နတ်ဘုရားနန်းတော်ကို သိမှာပေါ့.. ဟုတ်တယ်မလား။ ဒုတိယတာဝန်က မင်း ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲကို ဝင်ပြီး ငါတို့ဂိုဏ်းရဲ့ အထွတ်အမြတ်ထားရာဖြစ်တဲ့ ဖန်ပြာသာဒ်ကို ပြန်ယူလာပေးဖို့ပဲ။ အတိတ်တုန်းက အဲ့မူလရတနာကို ဆန်းကြယ်ဧကရာဇ်က ယူသွားခဲ့တာ။ အဲ့ဒါက ငါတို့ ကောင်းကင်လျှို့ဝှက်ဂိုဏ်းအတွက် အရှက်ရစရာကိစ္စတစ်ခုပဲ။ ငါတို့ ကောင်းကင်လျှို့ဝှက်ဂိုဏ်းရဲ့ တပည့်မျိုးဆက်တိုင်းက အဲ့အထွတ်အမြတ်ထားရာ ရတနာကို ပြန်ယူပြီး အရှက်ရမှုကို ဖယ်ရှားချင်ခဲ့ကြတယ်။ တကယ်လို့ မင်းသာ အဲ့ရတနာကို ပြန်ယူလာပေးနိုင်မယ်ဆိုရင် ဂိုဏ်းချုပ်က သူ့ရဲ့ကျင့်ကြံခြင်းကို အဆုံးရှုံးခံပြီး စုလောရွှယ်ရဲ့ ဝိညာဉ်သန့်စင် ရေကန်အပေါ် စွဲလမ်းမှုကို ဖယ်ပေးလိမ့်မယ်။ အဲ့လို မလုပ်ချင်ဘူးဆိုရင်တော့ မင်း ကြယ်ကိုးပွင့်အဆင့်ကို မရောက်သ၍၊ ငါတို့ဂိုဏ်းကို ဖိနှိပ်နိုင်တဲ့ စွမ်းရည် မရှိသ၍ စုလောရွှယ်ကို ပြန်ရနိုင်မှာ မဟုတ်ဘူးဆိုတာကို သိထားပါ”
“ဆန်းကြယ်နတ်ဘုရားနန်းတော်လား”
ကျန်းရီသည် မျက်ခုံးပင့်ကာ ခေါက်တုံ့ခေါက်ပြန် လျှောက်လိုက်၏။ ငါးနှစ်ကြာပြီးလျှင် ဆန်းကြယ်နတ်ဘုရားတောင်ရှိ အစီအရင်များက ပျက်ပြယ်သွားလိမ့်မည်ဟု အောင်းလုက ပြောခဲ့သည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲသို့ ဦးဆုံးဝင်နိုင်မှ ၎င်းကိုရယူနိုင်မည့်အခွင့်အရေး ရှိမည်ဟုလည်း ပြောခဲ့သည်။ ယခုတွင် ကောင်းကင်လျှို့ဝှက်ဂိုဏ်းက သူ့ကို ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲသို့ ဝင်၍ သူမတို့၏ အထွက်အမြတ်ထားရာ ရတနာတစ်ခုကို ပြန်ယူလာခဲ့ခိုင်းနေပေသည်။
ငါးနှစ်ဆိုသော သတ်မှတ်ကာလတွင် တစ်နှစ်ခွဲ ကုန်သွားခဲ့ပေပြီ။ ထို့ကြောင့် အချိန်သုံးနှစ်ခွဲသာ ကျန်တော့သည်။ တစ်နည်းဆိုရလျှင် သူ့တွင် တာဝန်နှစ်ခုကို ထမ်းဆောင်၍ စုလောရွှယ်ကို ပြန်ခေါ်ရန် အချိန်သုံးနှစ်ခွဲရှိပေသေးသည်။
‘သုံးနှစ်ခွဲ...’
ကျန်းရီသည် သောကဖြင့် မျက်လုံးများ မှိတ်လိုက်၏။ သူ့စိတ်ထဲတွင်မူ လှပသော မိန်းမပျိုတစ်ယောက်၏ မျက်နှာလေးတစ်ခုနှင့် ပြည့်နှက်နေပေသည်။ သူ သူမကို မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ ယခုတွင် စုလောရွှယ်၏ပုံစံက မည်သို့ဖြစ်နေကြောင်းကို သူမသိပေ။
ကျန်းရီသည် မလှုပ်မယှက်ရပ်ကာ ခေတ္တမျှ တွေဝေစွာ စိုက်ကြည့်နေပြီးနောက် သက်ပြင်းသဲ့သဲ့ချ၍ ပြောလိုက်လေသည်။
“ပဉ္စမအကြီးအကဲ... ကျွန်တော် လောရွှယ်နဲ့ တွေ့လို့ရနိုင်မလား။ သူ့ကို အဝေးကပဲ ကြည့်ရမယ်ဆိုရင်တောင် အဆင်ပြေပါတယ်။ မစိုးရိမ်ပါနဲ့... ကျွန်တော် မဆင်မခြင် လုပ်မှာ မဟုတ်ပါဘူး”
“မရဘူး...”
ပဉ္စမအကြီးအကဲက ခေါင်းခါကာ ပြောလိုက်သည်။
“ကျန်းရီ... ငါတို့ ကောင်းကင်လျှို့ဝှက်ဂိုဏ်းမှာက မိန်းမတွေပဲရှိတာ။ ဂိုဏ်းထဲကို ဝင်ချင်တဲ့သူတိုင်း ဝိညာဉ်သန့်စင် ရေကန်ထဲ ဆင်းရတယ်.. အဲ့ဒါကြောင့် သူတို့က အတိတ်ကို မမှတ်မိကြတော့ဘူး။ ပြီးတော့ ဂိုဏ်းက ဂိုဏ်းသူတွေကို အပြင်ကယောက်ျားတွေနဲ့ ချစ်မိသွားမှာစိုးလို့ ယောက်ျားတိုင်းက မကောင်းဘူးဆိုပြီး သင်ပေးထားတယ်။ ဒီတော့... ငါတို့ဂိုဏ်းက အကြီးအကဲတွေနဲ့ မဟာအကြီးအကဲတွေက ယောက်ျားတွေအပေါ် ရန်လိုကြတယ်။ ငါ မင်းကို အထဲကို ခေါ်သွားလိုက်လို့ မဟာအကြီးအကဲတစ်ယောက်ယောက်က ဒေါသထွက်သွားရင် သူက မင်းကို နေရာတင်ပဲ သတ်ပစ်လိုက်နိုင်တယ်”
“ယောက်ျားတိုင်းက မကောင်းဘူး ဟုတ်လား”
ကျန်းရီက ခနဲ့တဲ့တဲ့ ရယ်လိုက်သည်။ ကောင်းကင်လျှို့ဝှက်ဂိုဏ်းမှ လူများသည် လူပုမျိုးနွယ်ကို ချို့ယွင်းချက်ရှိသောမျိုးနွယ်ဟု မြင်၏။ သို့သော် သူမတို့ကရော မည်သို့ကွာခြားပါသနည်း။ သူမတို့ဂိုဏ်းတွင် မိန်းမများသာ ရှိနေပေရာ ယင်နှင့်ယန်ဓာတ် မမျှတမှု ဖြစ်လာနိုင်ပေသည်။ သူမတို့က ယောက်ျားများ၏ ချစ်ခင်ယုယမှုကို မခံဖူးသော အပျိုဟိုင်းကြီးတစ်စုသာ ဖြစ်သည်။ သူမတို့ကရော မည်သို့ ချို့ယွင်းချက်မရှိဘဲ နေပါမည်နည်း။
“ကျွန်တော် သွားတော့မယ်”
ကျန်းရီက ခေတ္တမျှ ရပ်နေပြီးနောက် ပဉ္စမအကြီးအကဲကို ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
“ကျွန်တော် လူပုမျိုးနွယ်ကို ရှင်းပစ်ပြီးရင် ပြန်လာခဲ့မယ်။ အကြီးအကဲတို့ဂိုဏ်းက စကားတည်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ မဟုတ်ရင်တော့... ကျွန်တော် ကျန်းရီ အကြီးအကဲတို့ရဲ့ ဂိုဏ်းကို ဖျက်ဆီးပစ်မယ်လို့ ကျိန်ဆိုတယ်”
ဝှစ်...
ကျန်းရီသည် ပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက် တောင်ပေါ်မှ ခုန်ချကာ အဝေးသို့ ပျံသန်းသွားလိုက်လေသည်။ သူသည် လက်နှစ်ဘက်ကို လှုပ်ယမ်း၍ ဝိညာဉ်လေများကို စုပ်ယူနေသဖြင့် ညဘက်တွင်လည်း လျင်မြန်စွာ သွားနိုင်နေပေသည်။
ပဉ္စမအကြီးအကဲက တိတ်ဆိတ်စွာ ရပ်နေပြီး ကျန်းရီ ထွက်သွားသောဘက်ကို ငေးကြည့်နေသည်။ သူမ မည်သည့်အကြောင်းများကို တွေးနေကြောင်း မသိနိုင်ပေ။ သူမသည် တောင်ကမ်းပါးတွင် တစ်နာရီကြာ ရပ်နေပြီးနောက် သက်ပြင်းသဲ့သဲ့ချကာ ရေရွတ်လိုက်လေသည်။
“ကျန်းရီ... ငါတို့ကို နှလုံးသားမရှိဘူးဆိုပြီး အပြစ်မတင်ပါနဲ့။ ဒါက မင်းရဲ့ ကံကြမ္မာပဲ။ မင်း အရှေ့ဘက် တော်ဝင်နယ်မြေထဲ ခြေချလိုက်တဲ့အခိုက်ကတည်းက မင်းရဲ့ ကံကြမ္မာကို သတ်မှတ်ပြီးသွားပြီ။ မင်း အောင်မြင်မှာလား၊ ကျရှုံးမှာလား။ အဲ့ဒါက မင်းရဲ့ကံကြမ္မာပဲ”
***