← Chapters

အခန်း (၅၆၈)

Vol. 41 Ch. 568

အခန်း (၅၆၈)

Vol. 41 Ch. 568

အာကာပြင်ရှိ  အက်ကြောင်းထဲ ရောက်ရှိသွားသည်နှင့် မြေအောက်ကမ္ဘာ၏ အငွေ့အသက်မှာ လုံးဝ ပျောက်ကွယ် သွားသော်လည်း သူ့ကို တစစီ စုတ်ဖြဲနေသည့်အလား ပိုမို ကြမ်းတမ်းသည့် အငွေ့အသက်များက ရောက်ရှိလာသည်။ မိုဝူကျီ၏ စိတ်စွမ်းအားနှင့် အင်မော်တယ် သဘာဝ စွမ်းအားများကို ဖြန့်ကြက်ထားပြီး သူ့ခန္ဓာကိုယ်မှာ ကျောက်ရည်ပူများမှ ဆွဲထုတ် ခံလိုက်ရသည့်နှယ် သွေးများ စိုရွဲပြီး  ဒဏ်ရာအပြည့် ဖြစ်နေကာ  စုတ်ပြတ်နေလေပြီ။

ထိုစဉ် သူက သူ့အသိစိတ် ပင်လယ်အတွင်း ကြည့်ရှုဖို့ စွမ်းရည်ပင် ပျောက်ဆုံးသွားကာ ကုသဆေးလုံးများလည်း မထုတ်ယူနိုင်တော့ပေ။ သူ လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ  လော့ကျမ်းစာရွက်အတွင်း မလှုပ်မရှား ပုန်းကွယ်နေရုံ ဖြစ်၏။

သူ့ဘေးတွင် အမြဲတမ်း ချိန်စုယင်၏ ရုပ်ခန္ဓာကိုယ်  ရှိခဲ့လေသည်။

သူက ဟုန်မုန့်စွမ်းအင်ဖြင့်  ပြန်လည် အားဖြည့်စေရုံသာမက သူ့အသက်ဓာတ် လမ်းကြောင်းမှ အသက်ဓာတ်ဖြင့် သူမကို နှိုးဆွပေးခဲ့သည်။ မကြာသေးခင်  သူမ ဝိညာဉ်က မြေအောက်ကမ္ဘာ နှလုံးသား ပန်းပွင့်များစွာကို စုပ်ယူခဲ့သောကြောင့် ထိတွေ့လိုက်သည်နှင့်  ရုပ်ခန္ဓာနှင့်ဝိညာဉ်  အပြည့်အဝ ပေါင်းစပ်သွားနိုင်ခြင်း ဖြစ်၏။

အဆင့် ၉ အင်မော်တယ် ဆေးပင်နှင့် ဟုန်မုန့်စွမ်းအင်က မည်သို့မျိုး အရာဖြစ်သနည်း။

***

ချိန်စုယင်က ကျင့်ကြံဆင့်နိမ့်သည့် ကျင့်ကြံသူ တစ်ယောက်အစား  အင်မော်တယ် အစစ်အမှန် တစ်ယောက် ဖြစ်နေလျှင်ပင် မြေအောက်ကမ္ဘာ နှလုံးသားပန်းပွင့်က သူမ ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို အလွယ်လေး ပြန်ပေါင်းစပ် စေနိုင်မည် ဖြစ်၏။ နှစ်နာရီအကြာတွင် ချိန်စုယင်က မျက်လုံးဖွင့်ကာ ထိုင်လိုက်သည်။ သူမခန္ဓာကိုယ်ရှိ ဝိညာဉ်လမ်းကြောင်းများ အပြောင်းအလဲကို သိသိသာသာ ခံစားမိနေသည်။ ဝိညာဉ်လမ်းကြောင်းတိုင်းက ဝိညာဉ်စွမ်းအားများဖြင့် လောင်မြိုက်နေလေ၏။

သူမက နှိုးထလာစဉ်  သူမ၏ ပါရမီအထုံမှာ ယခင်နှင့် မတူတော့ကြောင်း သိလိုက်သည်။ သို့သော် မိုဝူကျီကို မရှာခင် တုန်လှုပ်စရာ ကိစ္စကြီး ဖြစ်ပျက်သွားခဲ့၏။ ဝိညာဉ် လမ်းကြောင်းသစ်များ စတင် ပွင့်လာကာ  ၉၄ ခုမြောက်၊ ၉၅ ခုမြောက်မှ  ဝိညာဉ်လမ်းကြောင်း  ၁၀၂ ခုမြောက်အထိ ဆက်တိုက် ပွင့်လာသည်။

တမင် ကျင့်ကြံနေဖို့ရာပင် မလိုပေ။ ဘေးပတ်လည်မှ အင်မော်တယ် ဝိညာဉ် စွမ်းအားများက သူမဆီ အရူးအမူး ပြေးဝင်လာကြပြီး သူမ၏ ကျင့်ကြံဆင့်ကို အရူးအမူး မြင့်တက် သွားစေသည်။ အင်မော်တယ် ဝိညာဉ်စွမ်းအားများက သူမကိုယ်ထဲ ဆက်တိုက် ဝင်ရောက် လာသောကြောင့် သူမအနေဖြင့် စိတ်တည်ငြိမ်အောင် ထားပြီး ကျင့်ကြံရုံအပြင် ရွေးချယ်စရာ မရှိတော့ပေ။ သူမ၏ ကျင့်စဉ်မှာ အဆင့်နိမ့် ကျင့်စဉ်များ မယှဉ်နိုင်သည့်  မုန်တိုင်း နည်းစနစ် ဖြစ်ပေသည်။

အင်မော်တယ် ဝိညာဉ်စွမ်းအားများ စုပ်ယူနှုန်းမှာ  ပြိုင်ဘက်ကင်းလေ၏။

ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့်၊ စစ်မှန်ခြင်း နတ်ဘုရားအဆင့်၊ လောက အင်မော်တယ် အဆင့် ...

လင်းဂူက ချိန်စုယင်ကို မယုံကြည်နိုင်စွာ ငေးကြည့်နေမိသည်။ ချိန်စုယင်၏ ကျင့်ကြံဆင့်မှာ အလွန်နိမ့်နေကြောင်း သိထားသော်လည်း သူမတွင် ကောင်းကင်ဘုံ သွေဖယ်လောက်သည့် ပါရမီမျိုး ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဤနေရာတွင် ကျင့်ကြံနိုင်သည်မှာ အံ့ဩစရာတော့ မဟုတ်ပေ။ ချိန်စုယင်က မြေအောက်ကမ္ဘာ၏ အငွေ့အသက်များကို စုပ်ယူကာ  ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်အထက်၌ ကျင့်ကြံနိုင်လေသည်။

လင်းဂူကို အံ့ဩတုန်လှုပ် စေသွားသည်မှာ ချိန်စုယင်၏ ကျင့်ကြံဆင့် တိုးတက်နှုန်း ဖြစ်၏။ ဆယ်ရက်အတွင်း သူမက မြေကမ္ဘာ အင်မော်တယ် ပြီးပြည့်စုံခြင်း အဆင့်ထိ ရောက်ရှိသွားလေပြီ။  ကောင်းကင် အင်မော်တယ် အဆင့်ကို မတက်လှမ်းသရွေ့ အင်မော်တယ် လောက၌ မိုးကြိုးစမ်းသပ်ချက်ကို ခံယူစရာ မလိုပေ။

ချိန်စုယင်သာ အဆင့်ထပ် တက်မည်ဆိုလျှင်  မိုးကြိုးစမ်းသပ်ချက်က စောင့်ကြို နေသောကြောင့် …

“မမစုယင် .... အစ်ကိုမိုက ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ထဲ ရောက်သွားပြီ ...”

လင်းဂူက ချိန်စုယင် ကျင့်ကြံခြင်း ရပ်တန့်လိုက်မှန်း သိလိုက်သည့်အတွက် စိတ်ထိခိုက်စွာ ပြောလိုက်သည်။ ချိန်စုယင်က လင်းဂူ၏ ကျင့်ကြံဆင့်မှာ သူမထက် များစွာ ပိုမြင့်မှန်း အာရုံခံလိုက်မိပြီး  လင်းဂူက သူမအား “မမစုယင်” ဟု ခေါ်လိုက်သည်ကို ပုံမှန်မဟုတ်ကြောင်း မတွေးမိပေ။

သူမ စိတ်ထဲရှိ တစ်ခုတည်းသော အရာမှာ မိုဝူကျီက ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ထဲ သွားသည့် အကြောင်းသာ ဖြစ်၏။  သူမက လုံးဝ အသိပြန်ကပ်လာဖို့ရာ အသက်ရှူကြိမ် အနည်းငယ်မျှ လိုအပ်ပြီး သူမနောက်မှ ဝိညာဉ်ကို မိုဝူကျီက ပိုင်းဖြတ်ခဲ့ကြောင်း  အမှတ်ရသွားသည်။

ထို့နောက် သူက လုံးဝ အထဲကျရောက်သွားခြင်း ဖြစ်၏။ ယခု မိုဝူကျီက  ထိုအရာကို မည်သို့ လုပ်ခဲ့မှန်း သေချာ မသိသော်လည်း  သူမ၏ ရုပ်ခန္ဓာကိုယ်ကို မိုဝူကျီ ယူလာပေးသည်မှာ သေချာသွားသည်။ သူမ ဝိညာဉ်ကို ရှာပေးသည့် မြေအောက်ကမ္ဘာ နှလုံးသား ပန်းပွင့်များလည်း သူ့ဆီမှသာ ဖြစ်လိမ့်မည်။ စကားတစ်ခွန်းမှ မဆိုဘဲ ချိန်စုယင်က မိုဝူကျီ အသက်သွင်းထားသော မျောလွင့်အစီအရင်မှ ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ဆီ ခုန်ချရန် ပြင်လိုက်သည်။

လင်းဂူက မျက်လုံးပြူးသွားကာ  အင်မော်တယ် သဘာဝ စွမ်းအားများဖြင့် လက်ဟန်သဏ္ဌာန် လုပ်ကာ ဆွဲထားလိုက်ရသည်။

“‌သေချင်နေတာလား ....  ဒါက မြေအောက်ကမ္ဘာနဲ့ ချိတ်ဆက်ထားတဲ့ ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ပဲ ... အထဲက ယင်စွမ်းအင်တွေက အတော်လေး ကြောက်ဖို့ ကောင်းတယ်၊ အခု ရုပ်ခန္ဓာ ရှိနေပြီဆိုတော့ ဝိညာဉ် မဟုတ်တော့ဘူးလေ။ အထဲ ဝင်လိုက်တာနဲ့ ကိုယ့်သေတွင်းကို တူးသလို ဖြစ်သွားလိမ့်မယ် ”

လင်းဂူက အပြစ်တင် လိုက်သည်။  မီးခိုးရောင် သမ်းနေသည့် ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ကို ကြည့်ကာ ချိန်စုယင်က သူမဘာသာ ရေရွတ်လိုက်၏။

“ဝူကျီက ငါ့အတွက် ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ထဲ ခုန်ချသွားတာ  ... အခု ငါ ဘယ်နေရာ သွားရမှာလဲ  ...”

လင်းဂူက ချိန်စုယင်သည် ပြင်ပတည်နေရာ အကြောင်း ဆိုလိုခြင်း မဟုတ်ကြောင်း နားလည်၏။ သူမ၏ စိတ်နှလုံးသားမှာ ဗလာကျင်းနေပြီး မည်သည့်အရာကိုမှ မျှော်ကိုးစရာ မရှိခြင်းသာ ဖြစ်၏။

“မမစုယင် ... အရင်တုန်းက အစ်ကိုမို အသက်ကိုတောင် ပဓာန မထားဘဲ မမကို ကယ်တင်ခဲ့မှန်း နားမလည်ခဲ့ဘူး။ ဒါပေမဲ့ အခု‌တော့ နားလည်သွားပြီ။  ဒါပေမဲ့  သူ့အတွက် စဉ်းစား ပေးရမယ်လေ။  သူ့အတွက် မမကို ပြန်ကယ်တင်ဖို့ ဘယ်လောက်တောင် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတယ်ဆိုတာ သိရဲ့လား ... မြေအောက်ကမ္ဘာ နှလုံးသားပန်းပွင့်ကို ရဖို့ ကောင်းကင် ဧကရာဇ်ကိုတောင်  ရန်စမိခဲ့တာ ....  ဒီနေရာကို ရောက်လာဖို့ များစွာ ပေးဆပ်ခဲ့ရတယ်။ အစ်ကိုမိုရဲ့ အားထုတ်မှုတွေကို အလကားဖြစ်စေလို့ မဖြစ်ဘူးလေနော် ...”

လင်းဂူက ချိန်စုယင်ကို ကြည့်ကာ  အလေးအနက် ပြောလိုက်သည်။ ထိုစကားလုံးများက ချိန်စုယင်ကို ခဏတာ မှင်တက် သွားစေသည်။ သူမက လင်းဂူ စကားများကို နားလည်သော်လည်း  မိုဝူကျီက သူမအသက်အတွက် သူ့အသက်ကို လဲလှယ်ခြင်းမှာ ဘာအကျိုးရှိမည်နည်း။

အစပိုင်းတွင် သူမက မိုဝူကျီအတွက် အသက်ကို စွန့်လိုသည်မှာ သူမက သူ့ကို ခင်ပွန်းအဖြစ် သတ်မှတ်ထား၍ ဖြစ်သည်။ ဆူးနစ်လေဂိတ်အတွင်း သူက  သူမ တစ်ကိုယ်လုံးကို မြင်ဖူးထားသည့် အချက်ကြောင့် သာမက  ပို၍ အရေးကြီးသည်မှာ သူက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ဖြစ်နေစဉ် သူ့အသက်ကို စတေး၍ သူမကို ကယ်တင် ပေးခဲ့သည့်အတွက်ကြောင့် ဖြစ်သည်။

သူမ မိခင်က မှာကြားခဲ့ဖူးလေသည်။ သူမအတွက် အသက်ပေးရဲသည့် လူတစ်ယောက်နှင့် ဆုံတွေ့ခဲ့လျှင်  သူ့ကို လက်ထပ်သင့်၏။

အကယ်၍ သူအန္တရာယ်ထဲ ကျရောက်နေစဉ် သူမက သူ့အတွက် အသက်ပေးရဲမည် ဆိုလျှင် ထိုအရာမှာ အချစ်စစ် ဖြစ်ပေသည်။ သူမစိတ်ထဲ၌ ခင်ပွန်းဟု သတ်မှတ်ထားသော လူကို ကယ်တင်ရန် သူမ အသက်သွေးကိုပင် နှိုးဆွခဲ့သည်။ သူမ ဝိညာဉ်အနေနှင့် ရှိနေစဉ် စိတ်ထဲ ရှင်းရှင်းလင်းလင်း ဖြစ်နေသည့် မြင်ကွင်းမှာ သူမက မိုဝူကျီကို ထိုစကားပြောခဲ့စဉ် ဖြစ်၏။

“ကျွန်မ တာအိုလက်တွဲဖော် ရှိတာ ဘယ်လိုလဲဆိုတာ သိချင်မိတယ် ...”

သူမ မိခင်က တစ်ခါပြောဖူး၏။ ထိုအရာမှာ အချစ် ဖြစ်ပေသည်။ သူမက မိုဝူကျီနှင့် နောက်တစ်ကြိမ် ပြန်လည် ဆုံတွေ့ရလိမ့်မည်ဟု မထင်ထားပေ။ သူတို့ဆုံတွေ့မှုမှာ အသက်ရှူကြိမ်မျှသာ ကြာမြင့်သည်မှာ နှမြောစရာ ကောင်းလှပေသည်။  သူမက မိုဝူကျီနှင့် မြေအောက်ကမ္ဘာသို့ လိုက်၍ အတူတူ ရှိနေမိချင်သည်။

ဘယ်အချိန်မှများ သူတို့နှစ်ယောက်လုံး အသက်ရှင်လျက်နှင့် စစ်မှန်တဲ့ တာအိုလက်တွဲဖော် ဖြစ်လာမှာလဲ။

နှစ်ယောက်သား အင်မော်တယ် လောကမှ အသံကျယ်ကြီးကို ကြားလိုက်ရသည်။ ချိန်စုယင်က ငေးမောနေသည်ကို မြင်၍ လင်းဂူက သက်ပြင်းချကာ ပြောလိုက်သည်။

“တကယ်လို့ ဆက်ရှင်သန်မယ် ဆိုရင် ကျင့်ကြံခြင်းကို ကောင်းကောင်း ကြိုးစား ကျင့်ကြံရမယ်။ နောင်ကျ အစ်ကိုမိုကို ကယ်ဖို့ မြေအောက်ကမ္ဘာကို သွားနိုင်မှာပါ။ အခုလိုမျိုး အချိန်ဖြုန်းနေမယ် ဆိုရင် အဲဒီလို ဖြစ်လာနိုင်ခြေ လုံးဝ မရှိဘူး”

“ဒါပေမဲ့ ဝူကျီက သူ့ရုပ်ခန္ဓာတောင် မရှိတော့ဘူးလေ”

ချိန်စုယင်က ရေရွတ်လိုက်၏။ လင်းဂူလည်း စိတ်ထဲ၌  မိုဝူကျီကို ကယ်တင်နိုင်ခြေမှာ သုညနီးပါး ဖြစ်နေကြောင်း သိထား၏။ ရုပ်ခန္ဓာ မရှိဘဲ သူတို့တွင် မြေအောက်ကမ္ဘာ နှလုံးသားပန်းပွင့်  တစ်သောင်း ရှိလျှင်ပင် မိုဝူကျီအား ပြန်လည် အသက်သွင်းနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် သူမက သက်ပြင်းချကာ  နှစ်သိမ့်ပေးလိုက်ခြင်း ဖြစ်၏။ မျှော်လင့် မထားသည်က ချိန်စုဘင် တည်ငြိမ် သွားလေသည်။ သူမက ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ကို ကြည့်ကာ ပြောလိုက်သည်

“ကျွန်မကိုယ်တိုင် မြေအောက်ကမ္ဘာကို သွားပြီး ဝူကျီကို ပြန်ခေါ်နိုင်မှာပါ  ...”

သူမက မြေအောက်ကမ္ဘာ၌ ဘာမှ မရရှိခဲ့သော်လည်း အနည်းဆုံးတော့ အင်မတန် အားကောင်းသည့် သူ တစ်ယောက်က မြေအောက်ကမ္ဘာ၏ နယ်မြေအက်ကြောင်း ဖွင့်ကာ ဝိညာဉ်တစ်ခုကို ခေါ်ဆောင်သွားဖူးသည့် ကောလာဟလကို ကြားဖူး၏။  ဖြစ်နိုင်သည်က သူမလည်း ထိုသို့ အခြေအနေထိ ရောက်အောင် ကျင့်ကြံနိုင်လျှင်   မိုဝူကျီ၏ ဝိညာဉ်ကို သွားခေါ်ဆောင် နိုင်ကောင်း၏။ ချိန်စုယင်က ထိုအတွေးဖြင် တည်ငြိမ်သွားခြင်း ဖြစ်ပေသည်။

သူမက ကျင့်ကြံခြင်းအပေါ် ကောင်းကောင်း အာရုံစိုက်ထားရမည်။

“ကျွန်မကို ကယ်တင်ပေးတာ ကျေးဇူးတင်ပါတယ်။ ဒီအကြီးအကဲက ဝူကျီနဲ့ အတူတူ ရောက်လာတာလား”

ချိန်စုယင်က လင်းဂူ၏ ကျင့်ကြံဆင့်မှာ သူမထက် များစွာ မြင့်မားကြောင်း သိထားကာ  လင်းဂူက သူမအား အဘယ်ကြောင့်  “မမ” ဟု တပ်ခေါ်မှန်း မသိသော်လည်း  သူမက လင်းဂူကို မလေးမစား မလုပ်ဝံ့ပေ။

လင်းဂူက လက်ကာပြကာ  ပြန်ဖြေလိုက်၏။

“ကျွန်မ နာမည်က လင်းဂူပါ။ မိုဝူကျီနဲ့ မိတ်ဆွေတွေပါ ... ဒီက အစ်ကိုမိုရဲ့ ... ဆိုတော့  မမလို့ ခေါ်တာ ပုံမှန်ပါပဲ”

လင်းဂူက ချိန်စုယင်နှင့် မိုဝူကျီတို့၏ ပတ်သက်မှုကို မသိသည့်အတွက် သူမဘာသာ ရေရွတ်လိုက်၏။ ချိန်စုယင်က ပြောစရာ ကျန်နေမှန်း  သိသည့်အခါ လင်းဂူက တားကာ ဆက်ပြောလိုက်သည်။

“ဝါစဉ်တွေ၊ လေးစားသမှုတွေ အကြောင်း မပြောနဲ့တော့။ လင်းဂူလို့ ခေါ်ပါ ... အဲဒီအကြီးအကဲ ဆိုတာကြီးက သူစိမ်းဆန်တယ်”

ထိုအရာကို ကြားပြီး  ချိန်စုယင်က ထပ်မပြောတော့ပေ။ သူမက ကိစ္စအများအပြား ဖြစ်ပျက်ခဲ့မှန်း သိသောကြောင့် ထိုင်ကာ မေးလိုက်သည်။

“လင်းဂူ ... အဲဆို ကျမကို ဘာတွေ  ဖြစ်ခဲ့တယ် ဆိုတာ ပြောပြပေးလို့ ရမလား”

မိုဝူကျီ၏ အတိတ်ကိစ္စရပ် များကိုတော့ လင်းဂူလည်း များများမသိပေ။ သို့သော် မိုဝူကျီ တစ်ယောက် စူးခရာ အင်မော်တယ် မြို့ဟောင်းဆီ ရောက်ရှိပြီးနောက် ကြုံတွေ့လာရသည့် အဖြစ်အပျက် များကိုတော့ အကြမ်းဖျင်း သိထားသည်။ ဘာကိုမှ မသိုမဝှက်ထားဘဲ ချိန်စုယင်ကို အားလုံး ပြန်ပြောပြလိုက်သည်။

နောက်ဆုံး၌ သူမက လော့ကျမ်းစာရွက်ကို ထုတ်ယူလိုက်သည်။ ချိန်စုယင်ကို ပေးကာ ရှင်းပြလိုက်သည်။

“အစ်ကိုမိုက သူ မသွားခင် ဒီစာရွက် ချန်ပေးသွားတယ်။ ဒါကို အရင်ဆုံး မွမ်းမံသန့်စင်လိုက် ... ပြီးရင် ဒီနေရာက ထွက်သွားပြီးတော့  အင်မော်တယ် လောကဆီ ပြန်ကြမယ် ”

လော့ကျမ်း၏ ကျော်ကြားမှုမှာ ယခင်ကတည်းက လျှမ်းလျှမ်းတောက် ဖြစ်နေခဲ့ရာ လင်းဂူက မိုဝူကျီသည် သူမကို ယုံကြည်၍ ပေးခဲ့သည့် အကြောင်းကို  တွေးမိကာ  စိတ်လှုပ်ရှားမိသည်။

လော့ကျမ်းစာရွက်ကို မလိုချင်သည့် ကျင့်ကြံသူ ရှိမည်လား။

သူမလည်း ချွင်းချက် မဟုတ်ပေ။ သို့သော် သူမက မိုဝူကျီနှင့် ဆက်ဆံရေးကို ပို၍ အလေးထားပေသည်။ ထို့အပြင်  သူမက သူ့အပေါ် ကျေးဇူးကြွေးများလည်း ခံစားနေမိသည်။

တစ်ယောက်ယောက်က သူမအသက်ကို ပေးဖို့တောင် ဆန္ဒရှိနေမှတော့ လော့ကျမ်း ဖြစ်နေတော့ရော ဘာအရေးလဲ။

မှန်ပေ၏။   လော့ကျမ်းစာရွက်က ချိန်စုယင်ကို ဝဲကတော့မှ ခေါ်ထုတ် သွားနိုင်ရန် ကူညီပေးနိုင်သည်။ ထိုအရာကို သံသယ ဝင်နေစရာ မလိုပေ။ လော့ကျမ်းစာအုပ်က မည်သို့ အရာမျိုး ဖြစ်သနည်း။

***

All Chapters